Showing posts with label ရဲမြတ်တင်. Show all posts
Showing posts with label ရဲမြတ်တင်. Show all posts

Saturday, June 10, 2023

နားရွက်ကလေး နဲ့ ယုန်


 ❝ နားရွက်ကလေး နဲ့  ယုန် ❞ 


သူတို့ လုပ်ကွက် ထဲ မှာ သည် အကြောင်း နှင့် ပတ်သက်ပြီး ပြောနေ ဆိုနေ ကြတာကတော့ တော်တော် ကြာခဲ့ပါပြီ ။ ကြာဆို သည် လုပ်ကွက် ထဲ မှာ ရွှေမျှော လုပ်ငန်းတွေ ရွှေအ ထွက် ကောင်းပြီး စတင် စည်ကား လာ ကတည်း က ပင် ဖြစ်သည် ။


ကနေ့ တွင် လည်း လုပ်ငန်း အကြောင်း ၊ ဟိုအကြောင်း ၊ သည်အကြောင်း တွေ ပြောဆို နေကြရင်း စကားဦး က သည် ကိစ္စ ဆီသို့ ပင် လှည့် သွား မိပြန်သည် ။


သူတို့ စကားဝိုင်း တွင် ဖိုးအောင်မောင်း အသံ က အိမ်ရှင် ပီပီ အစွာဆုံး နှင့် အကျယ်ဆုံး ဖြစ်နေသည် ။


“ မင်းတို့ တော့ မသိဘူး ဟေ့ ၊ ငါ့ သား ကတော့ ငါ့ ကို ပြောတာပဲ ၊ ဒီနေ့ အိမ်ရှေ့ ကို ရောက်လာတဲ့ အလှူခံ က သူ သေသေချာချာ ရေ ထားတာ ၁၅ ယောက် တောင် ရှိသတဲ့ ။ ဟား ... ဟား ... 

အလှူခံ ပုဂ္ဂိုလ်တွေ က တစ်နေ့ ထက် တစ်နေ့ ပိုတောင် များ လာနေပါရောလား ” 


မျက်လုံး ခပ်မှေးမှေး နှင့် မို့ မျက်မှေးသက်ပွေး ဟု ရွာ ထဲ က ခေါ် နေကြသော ဦးသက်ပွေး က လည်း ဝင် ပြောသည် ။


“ ဟုတ်လိမ့်မယ်ကွ ၊ ငါ တော့ ရေ မထားလို့ သေသေချာချာ မသိဘူး ၊ ဒါပေမဲ့ ဒီနေ့ တစ်နေ့လုံး အလှူခံ တွေ ၊ ပလူပျံ နေတာတော့ သတိထား မိတယ် ၊ လူကြီးတွေ ရော ၊ လူငယ်တွေ ရော ၊ ကလေးတွေ ရော ၊ ဘုန်းကြီး ၊ မယ်သီလ နဲ့ သူတောင်းစား ပါ မကျန် လာ လိုက်ကြ တဲ့ အလှူခံ ၊ ရှေ့ တစ်ယောက် ကို အလှူခံ ထည့် ပြီးလို့ အလုပ်ကလေး ထ လုပ်မယ် ကြံပါတယ် ၊ နောက်တစ်ယောက် က ရောက် လာ ပြန်ပီ ၊ သူတို့ ကိစ္စနဲ့ ပဲ ကိုယ့် အလုပ် ကိုယ် မလုပ်ရတော့ ဘူး ” 


ငယ်နာမည် ကြက်ဆင် ဖြစ်၍ ကြက်ဆင် ဟု ပင် အမည် တွင် နေသော လူငယ် တစ်ယောက် က လည်း -


“ ကျွန်တော်တော့ ဒီ လူတွေ ကို တော်တော့် ကို မျက်မုန်း ကျိုးနေမိပြီ ၊ ဘယ်ဗျာ ၊ တချို့က တစ်ပတ် ကို သုံးခါ လောက် လာ အလှူခံ နေကြတဲ့ ဟာ ၊ မြင်ပါ များတော့ မျက်နှာတွေ ကို မှတ်မိ နေ ပြီပေါ့ ၊ ဒါဟာ အလှူခံ ကို ခုတုံး လုပ်ပြီး ကျွန်တော်တို့ သဒ္ဓါတရား ကို လာဖျက်ဆီး နေတာ နဲ့ တောင် တူနေပြီ ။ ဟို တစ်နေ့ က ဆို ကျွန်တော့် တဲ မှာ ဝင် အလှူခံ သွားတဲ့ လူ သုံးယောက် ပေါ့ ၊ ပျက်စီး နေတဲ့ ဘုရားတန်ဆောင်း ပြန်လည် ပြုပြင် ရေး အတွက် အလှူခံပါတယ် လို့ ပြော သွားတဲ့ လူတွေ ၊ အလှူ ခံတယ် ၊ ပြီးတော့ ခဏ နားပါရစေဦး ဆိုပြီး ကျွန်တော့် တဲ မှာ ထိုင် သွားသေး တော့ ကျွန်တော် ကောင်းကောင်း မှတ်မိနေတာပေါ့ ၊ အဲဒီ လူတွေ ကို ညနေပိုင်းလောက် ရောက်တော့ လုပ်ကွက် အပြင်ဘက် လမ်းဆုံနား က စားသောက်ဆိုင် တစ်ဆိုင် မှာ အရက်တွေ သောက်စားပြီး

ဆူညံ အော်ဟစ် နေတာကို တွေ့ခဲ့ ရတယ် ၊ ကဲ - ကျွန်တော်တို့ က ဘယ်ဟာ ကို ယုံရမှာတဲ့လဲဗျာ ” 


ကြက်ဆင် စကား ကို ဝင်ရောက် ထောက်ခံလိုက်သူက ဘပဲ ခေါ်  ဦးပဲ ပဲ ။


“ အေး - ငါလဲ  ဖိုးကြက်ဆင် နဲ့ တစ်သဘောတည်း ပဲ ၊ တချို့က အတော် မျက်နှာပြောင် တာ ပဲ ကွ ၊ ပေါ် လာ လိုက်ရင် ဒီ မျက်နှာတွေ ချည်းပဲ ၊ ဘာမှ အားနာရမှန်း ၊ ရှက်ရမှန်း လည်း သိတဲ့ သူတွေ မဟုတ်ဘူး ၊ ဘာ ခွင့်ပြုချက်မှလည်း မရှိဘူး ။ တချို့က ဖြတ်ပိုင်း စာအုပ်ကလေးတွေ တော့ ကိုင် လာ တတ် ပါရဲ့ ၊ ဒါတွေ က လည်း ကိုယ့် ဘာသာ လုပ် ထားတဲ့ အကြံအဖန် ဖြတ်ပိုင်း စာအုပ်တွေ ၊ စစ်မယ့်ဆေးမယ့်သူ ၊ တားမယ့် ဆီးမယ့်သူ ရယ်လို့ ဘာမှ မရှိတော့ သူတို့က အတင့် ရဲ သထက် ရဲ လာကြတာပေါ့ ” 


ထို စကား အဆုံးတွင် ဦးမိုးလုံး က ခပ်သွက်သွက် ဝင်ပြော လိုက်သည် ။


“ နေဦး ၊ ဒီလိုတော့ ခင်ဗျား အကုန်လုံး သိမ်းပြီး မပြောနဲ့ ၊ ခင်ဗျား ပြောတာ မှန်သင့်သလောက် မှန်ပါတယ် ၊ ဒါပေမဲ့ တချို့ က တကယ် အခက်အခဲ ရှိလို့ လာ အလှူခံတာတွေ ရှိတယ် ၊ ကိုယ့် မှာ ရှိတဲ့ အား နဲ့ တကယ် ကို မတတ်နိုင်လို့ အလှူ ခံ ရတာတွေ ရှိတယ် ၊ သူတို့ ကျတော့ ဝိုင်းဝန်း ပြီး တတ်နိုင် သလောက် ကူပင့် ထောက်ပံ့ ပေးရမှာ ပေါ့ ၊ အလှူငွေ ထည့် ပေးရမှာပေါ့ ၊ ဒါပေမဲ့ ခင်ဗျားတို့ ပြောသလို ဒီ အလှူခံ အယောင်ဆောင်တွေ ပို ဆိုး လာတာလည်း အမှန်ပဲ ၊ သက်ဆိုင်ရာ ဓမ္မစက် တွေ ၊ အာဏာစက် တွေ နဲ့ အရေးယူ  သန့်စင်ပေးဖို့ လိုတာလည်း အမှန်ပဲ ၊ နို့မဟုတ်ရင် အတုယောင်တွေ ကြောင့်  အစစ်အမှန်သမားတွေ နစ်နာပြီး နောက်ဆုံး ကျုပ်တို့ ပါ ဒါန အလေ့အကျင့် တွေ ခေါင်းပါး ပြီး ကိုယ်ကျိုး နည်း ရတဲ့ အဖြစ်မျိုး ကို ရောက်သွားရလမိမ့်ယ် ” 


နောက်ဆုံး အနေနှင့် ဒေါ်ဝိုင်းစိန် က အားလုံး သို့ တရား ချ လိုက် ပုံ က -


“ ဒါကြောင့်လည်း တချို့ အိမ်တွေ ၊ ဝင်းတွေ မှာ အလှူခံခြင်း သည်းခံပါ တို့ ဆိုတဲ့ စာတွေ ကပ် ထား ကြတာပေါ့ ၊ အရင်တုန်း ကတော့ ဒီလို စာမျိုး သူတို့ မို့လို့ ကပ်ဝံ့တယ် လို့ ကျွန်မတို့ လည်း

ထင်ခဲ့ မိတာပါပဲ ၊ ခုတော့မှ သူတို့ ခံစားချက် ကို နည်းနည်းပါးပါး သဘော ပေါက်လာတယ် ၊  အခု ကျွန်မတို့ လုပ်ကွက်ထဲမှာ အလှူခံတွေ ခြေချင်း လိမ် နေတာ ဟာ လည်း ပဲ ငွေ ရွှင်တဲ့ နေရာ ၊ ရလွယ် တဲ့ နေရာ ဆိုတော့ ခုနက ဦးမိုးလုံး ပြော သလို အတုအယောင်တွေ ပါ ရော ပါ လာတဲ့ သဘောပဲ ၊ ဘာပဲ ဖြစ်ဖြစ်ပေါ့ ၊ ကိုယ် က လည်း အတု နဲ့ အစစ် ကို ရွေးတတ်တာမဟုတ်တော့ ကိုယ့် ဒါနမျိုးစေ့လေး ကြီးထွားပါစေ ဆိုပြီး ကျွန်မတို့ လည်း တတ်နိုင် သလောက် ထည့် ပြု လိုက်ရတာပါပဲ ” 


ဟူ၍ ပင် ဖြစ်လေသည် ။ သူတို့ အားလုံးက တောင်တလေး ကျေးရွာသားများ ဖြစ်ကြသည် ။ ရွှေ အထွက် ကောင်းသည့် မှော် တစ်ခု က တောင်တလေး ကျေးရွာ နှင့် ခပ်လှမ်းလှမ်း မျာပင် ပေါ်ထွန်း လာရာ ရွာသားအများစု က ထို လုပ်ကွက် တွင် ဝင်ရောက် လုပ်ကိုင် နေကြခြင်း ဖြစ်သည် ။ သူတို့ က ဝင်ငွေ ကောင်းသော လုပ်ငန်း ကို လုပ်ကိုင် မိကြသည် နှင့် မိရိုးဖလာ လယ်ယာ လုပ်ငန်း ဆီ သို့ ဦး ပြန် မလှည့်ကြတော့ပေ ။ ယခု အလုပ် နားချိန်အတွင်း ၌ အချင်းချင်း စုဝေး မိ ကြကာ လတ်တလော မျက်စိ နောက် လောက်အောင် သောင်းကျန်း နေသည့် အလှူခံများ အကြောင်း ကို ပြောဆို နေမိခြင်းပင် ဖြစ်သည် ။


   •••••   •••••   •••••


တစ်နေ့တွင် သူတို့ လူသိုက် ဆီ သို့ ယခင် တွေ့နေကျ အလှူခံ အဖွဲ့ ထက် အဆပေါင်း များစွာ ကြီးမားသော အလှူခံ အဖွဲ့ တစ်ဖွဲ့ က  ဆိုက်ရောက် လာသည် ။ ထို အဖွဲ့ က အခြားသူများ တော့ မဟုတ်ပါ ။ သူတို့ ကျေးရွာ မှ အုပ်ချုပ်ရေးမှူး ဖြစ်သူ ကိုသောင်းဖေ ကိုယ်တိုင် ဦးဆောင် လာသည့် တောင်တလေး အလှူခံ အဖွဲ့ ပင် ဖြစ်သည် ။ ကိုသောင်းဖေ တို့ က ဖိုးအောင်မောင်း တဲ သို့ ပင် ဦးတည်ပြီး ဝင် လာသည် ။ ထို့နောက် တောင်တလေး ရွာသားများ ကို ဖိုးအောင်မောင်း တဲ တွင် လာရောက် စုဝေးကြရန် ဆင့်ဆို လိုက်သည် ။ မကြာမီ လူစုံ သည် နှင့် ကိုသောင်းဖေ က လာရင်းကိစ္စ အကြောင်း ကို ထုတ်ဖော် ပြောဆို လိုက်သည် ။


“ ကဲ ... ကဲ တောင်တလေး ရွာသား အားလုံး နားထောင်ကြပါ ၊ ကျွန်တော်တို့ ဒီကို ရောက် လာရတဲ့ ကိစ္စ က တော့ အလှူခံ ကိစ္စ ပဲ ၊ ခင်ဗျားတို့ သိကြတဲ့ အတိုင်း နှစ် ကြာနေပြီ ဖြစ်တဲ့ ကျေးရွာ ဓမ္မာရုံ ပြီးစီး နိုင်ရေး အတွက် ဆရာတော် နဲ့ တိုင်ပင်ပြီး အလှူခံ ထွက်ဖို့ စီစဉ် လိုက်ရတာပဲ ၊ ဒီတော့ ကျွန်တော်တို့ က အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း အလှူခံ ထွက်မယ် ၊ ခင်ဗျားတို့ က လုပ်ကွက် ထဲ မှာ ရှိတဲ့ မိမိရဲ့  အိမ်နီးနားချင်းတွေ ၊ မိတ်ဆွေ အပေါင်းအသင်းတွေ ကို တတ်နိုင် သလောက် နှိုးဆော် စည်းရုံးပေးထားကြဦး ပေါ့ ၊ အမှန်တကယ် ဓမ္မာရုံ ဆောက်မှာ ဖြစ်ကြောင်း ၊ စစ်မှန်တဲ့ ဒါန ဖြစ်ကြောင်း စသည်ဖြင့် အများ သဒ္ဓါပေါက်အောင် ပြောပေးထားကြဦးပေါ့ဗျာ ။


နောက် တစ်ခု က ခင်ဗျား တို့ အတွက် ခွဲတမ်းတွေ ပါတယ် ၊ ဒီ တစ်ခါတော့ ခင်ဗျားတို့ အတွက် ခွဲတမ်းတွေ ပါတယ် ။ ဒီတစ်ခါတော့ ဓမ္မာရုံ ကို မပြီး ပြီးအောင် ဆောက်တော့ မှာ မို့ တစ်ရွာလုံး ကို ခွဲတမ်း ချပေးထားတယ် ။ ခင်ဗျား တို့ အနေနဲ့ ခုလို ဝင်ငွေ ကောင်းနေဆဲ အချိန်မျိုး မှာ မိမိ ခွဲတမ်း ကို ကျေကျေနပ်နပ် ယူကြပါ ။ သတ်မှတ်ထားတဲ့ ကာလ အတွင်း ထည့်သွင်းကြပါလို့ ကျွန်တော် ပြောချင်တယ် ။ တကယ်တော့ ဒီ ကိစ္စ နဲ့ ပတ်သက်ပြီး ဟိုတုန်းကတည်း က ရွာလုံးကျွတ် အစည်းအဝေးတွေ ဘာတွေ လုပ်ပြုပြီးသား ပါ ၊ အစည်းအဝေး သာ

လုပ်ပြီး အခြေအနေ အရ လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး ။ ခုတော့ ကျွန်တော်တို့ ကော်မတီဝင်တွေ ချည်း ပဲ မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်ချက် တွေ ချလိုက်ကြတာပဲ ။ ကျွန်တော် ကိုယ်တိုင် ဒီ အထိ လိုက် လာရတာ က ရွာပြင် ရောက်နေတဲ့ ခင်ဗျား တို့ ကို လည်း ဒီကိစ္စ ကိုယ်တိုင် ကိုယ်ကြပ် ပြောပြရင်း ၊ အလှူခံ အဖွဲ့ ကို လည်း ခင်ဗျား တို့ လုပ်ကွက် နဲ့ မိတ်ဆက် ပေးရင်း ကျွန်တော် လိုက် လာတာပဲ ။ နောက်အပတ်တွေ မှာ အလှူခံအဖွဲ့ က ပုံမှန် ဝင်လာ လိမ့်မယ် ။ ခင်ဗျားတို့ က ရွာခံတွေ ပီပီ အလှူခံ အဖွဲ့ ကို တတ်နိုင် သလောက် ပူးပေါင်း ကူညီပေးကြပါလို့ ပြောလိုပါတယ် ။  ကိုင်း ခုချိန်က စပြီး ခင်ဗျားတို့ ရဲ့ ခွဲတမ်း စာရင်း ကို ကျွန်တော် ကြေညာပေးပါ့မယ် ” 


ပြောပြီး ကိုသောင်းဖေ က စာရွက်တစ်ရွက် ကို ကိုင်ကာ ခွဲတမ်း စာရင်း ကို ဖတ် ပြသည် ။ ခွဲတမ်း ကို နားထောင်း ရင်း ဖိုးအောင်မောင်း တို့ ၊ ဦးသက်ပွေး တို့ ၊ ဦးမိုးလုံး တို့ တစ်တွေ က မသိမသာ မျက်နှာများ ပျက် သွား ကြသည် ။ အကြောင်းမှာ သူတို့ အတွက် ခွဲတမ်း က အနည်းဆုံး ထည့် ရမည့် သူ ပင် ကျပ် ငါးသိန်း အောက် မရောက်သောကြောင့် ဖြစ်သည် ။ အလှူခံတွေ အပေါ်  ငြိုငြင် စိတ် ဝင် နေကြရဆဲ ကိုယ့် ရွာ အလှူခံ က သူများတွေ ထက် တောင် ကဲ နေပါပေါ့လား ။ ဆန်ရင်း တော့ နာနာ ဖွပ်ခံရပြီ စသည် ဖြင့် အတွေးများ ပါ ဝင်မိကြရသည် ။


သို့သော် ဇာတ်လမ်း က မသိမ်းသေး ပေ ။ ကိုသောင်းဖေ က ခွဲတမ်းစာရင်း ဖတ်ပြပြီးသည် နှင့် နောက်ဆက်တွဲ စကား ကို စ လိုက်သည် ။


“ လိုရင်းကိစ္စ ကို ပြောပြီးပြီ ဆိုတော့ ခင်ဗျားတို့ အတွက် အံ့ဩစရာ ၊ ဝမ်းသာစရာ သတင်းထူး တစ်ခု ကို ကျွန်တော် ဆက် ပြောပါမယ် ။ လွန်ခဲ့တဲ့ ၄ ရက် က ကျွန်တော် တို့ ရွာ ကို ပုဂ္ဂိုလ်ထူး တစ်ယောက် ရောက် လာပါတယ် ။ ပုဂ္ဂိုလ်ထူး ဆိုတာ ဟိုဟာ ဒီဟာ တွေကို ပြောတာ

မဟုတ်ဘူး ။ လူ တစ်ယောက် ဟာ ရွာ ကို မမျှော်လင့် ဘဲ ရောက်လာ ပြီး ဓမ္မာရုံ ဆောက်ဖို့ အတွက် ငွေသိန်း ၁ဝဝ တိတိ ကို ဆရာတော် နဲ့ ကျွန်တော့် ရှေ့မှာ လက်တွေ့ ချ လှူ လိုက်တာ ကို ပြောတာ ” 


ကိုသောင်းဖေ က စကား ကို ခေတ္တ ဖြတ်ထားသည် ။ အထက်ပါ စကား က ဖိုးအောင်မောင်း တို့ တစ်တွေ ကို ဟာခနဲ ဖြစ် သွားစေသည် ။ မျက်လုံး ကျယ်ပြီး လှုပ်လှုပ်ရွရွ ဖြစ်သွား စေသည် ။ ကိုသောင်းဖေ ဆက် ပြောမည့် စကား ကို ပါးစပ် အဟောင်းသား နှင့် ငံ့လင့် နေမိကြသည် ။ ကိုသောင်းဖေ က -


“ သူ့ နာမည် က ကိုမောင်မောင်ဇင် တဲ့ ။ ရန်ကုန် က လာတာ ။ သူ က ကျွန်တော်တို့ ရွာ ကို ရန်ကုန် က ဆရာတော် တစ်ပါး ရဲ့ အဆက်အသွယ် နဲ့ လာတာ ၊ အဲဒီ ရန်ကုန် ဆရာတော် က ကျွန်တော်တို့ ရွာ ကျောင်းထိုင် ဆရာတော် ရဲ့ မိတ်ဆွေ ဖြစ်ပြီး မနှစ်က ရွာ ကို အလည် လာခဲ့ ဖူးတယ် ၊ အဲဒီလို အလည် လာ ရင်း ကျေးရွာ ဓမ္မာရုံ တစ်ပိုင်း တစ်စ နဲ့ မပြီးစီးနိုင်သေး ပုံ ကို သိ သွားတယ် ။


ဒါနဲ့ ရန်ကုန် ပြန် ရောက်တော့ သူ့ ဒကာ ဒကာမ ၊ တပည့်တပန်းတွေ နဲ့ စကားစမြည် ပြောဆိုရင်း ကျွန်တော် တို့ ရွာ ရဲ့ အကြောင်း ကို ပါ ပြောဆို ဖြစ် သွားတယ် ၊ ကျွန်တော်တို့ ရွာ ရဲ့ သာယာပုံ ၊ ရွာသူရွာသားတွေ သဒ္ဓါတရား ထက်သန်ကြပုံ ၊ ဒါပေမယ့် အခက်အခဲ အမျိုးမျိုး ကြောင့် ကျေးရွာ ဓမ္မာရုံ က မပြီးနိုင် ၊ မစီးနိုင် ဖြစ်နေရပုံတွေ ကို ပြော ပြလိုက် မိတယ် ဆိုပါတော့ ။ တိုတို ပြော ရရင် ကိုမောင်မောင်ဇင် က သူ့ ဆရာတော် ပြောတာ ကို ကြားပြီး သဒ္ဓါတရား လည်း ဖြစ် ၊ သာသနာ ပြုလို တဲ့ ဆန္ဒ လည်း ပေါ်ပေါက် လာတယ် ။ ဒါနဲ့ သူ့ ဆရာတော် ကို လည်း ခွင့်တောင်း ၊ ဆရာတော့် ဆီ က မိတ်ဆက်စာ တွေ ပါ ယူ လာပြီး ရွာ ကို ရောက် လာတာပဲ ။


ကျွန်တော် တို့ အားလုံးလည်း အံဩ ကြတယ် ။ ဝမ်းသာ ကြတယ် ။ ပြီးတော့ ပြင်ပ ဒါနရှင် တစ်ယောက် က တောင် ဒီလောက် ငွေတွေ မတည် ပြီး ကူညီ လာ မှတော့ ကျွန်တော်တို့ က ဝီရိယ မစိုက်လို့ မဖြစ်ဘူး ဆိုပြီး အားချင်း ဆိုသလို ဒီ စီမံကိန်း ကို စတင် လိုက်ကြတာပဲ ။

ကိုမောင်မောင်ဇင် က နယ်တကာ လှည့်ပြီး ဘုရားပျက် ၊ ကျောင်းပျက် ပြုပြင်တာမျိုး က အစ သာသနာ ပြုခဲ့ပေါင်း များ ပြီတဲ့ ၊ သူ ကိုယ်တိုင် လည်း အင်ဂျင်နီယာ ကျောင်းထွက် တစ်ယောက် ဖြစ်ပါတယ် တဲ့ ။ ဒါကြောင့် ကျေးရွာဓမ္မာရုံ ကို သူ ကိုယ်တိုင် တိုင်းထွာ မှတ်သားပြီး ဦးဆောင် ဆောက်လုပ်ပေးသွား မှာ ဖြစ်တယ် ၊ အဲဒါ ကျွန်တော်တို့ က အား ရှိ သလောက် သူ့ ကို ဝိုင်းရံ ပေးဖို့ လိုပါတယ် ဆိုတာ ထပ်ဆင့်ပြီး ပြောလို ပါတယ် ” 


ကိုသောင်းဖေ က စကား ကို အဆုံးသတ်လိုက်သည် ။ ဖိုးအောင်မောင်း တို့ တစ်တွေ မှာ ဖြစ်ကြောင်း ကုန်စင် ကြားသိ လိုက်ရ ပြီး နောက် စောစော က မိမိတို့ စိတ် ထဲ တွင် တွန့်ဆုတ် သလိုလို ၊ ငြိုငြင် သလိုလို ဖြစ်မိခဲ့ရခြင်း အတွက် ရှက်ရွံ့ သယောင်ယောင် ပင် ဖြစ်သွား မိကြရသည် ။ သို့နှင့်ပင် ကိုသောင်းဖေ တို့ အဖွဲ့ ပြန်သွားပြီး နောက် သူတို့ တစ်တွေ က လူစု မခွဲနိုင်သေးဘဲ ဆက်လက်၍ နှီးနှော ပြောဆို နေ မိကြသေးသည် ။ သူတို့ စိတ်ထဲတွင် ကိုမောင်မောင်ဇင် ဆိုသူကို အထူး လေးစား ကြည်ညိုခြင်း ဖြစ်မိကြ သလို သူတစိမ်း က ပင် လာရောက် အကျိုးဆောင် နေ မှတော့ မိမိတို့ က တက်ကြွစွာ ပါဝင်ရပေမည်ပေါ့ ဟု လည်း ထက်သန် ရွှင်လန်းသော သဒ္ဓါစိတ် နှင့် အတူ သန္နိဋ္ဌာန်စိတ် ကို ပါ ဒုန်းဒုန်း ချလိုက် မိကြလေသည် ။


   •••••   •••••   •••••


နောင် နှစ်ပတ်မျှ အကြာ တွင် တောင်တလေး ၌ စုပေါင်း ရှင်ပြုပွဲကြီး ကို ကျင်းပ ပြုလုပ်သည် ။ ထို အလှူပွဲ သို့ လုပ်ကွက် ရှိ တောင်တလေး ရွာသူရွာသား အားလုံး နီးပါး သွားရောက် ကြသည် ။ သူတို့ က ခြိမ့်ခြိမ့်သဲမျှ စည်ကားလှသော ကျေးရွာ အလှူပွဲ အတွက် ဝမ်းမြောက် ပျော်ရွှင်ကြ ရ သလို အလွန့်အလွန် တိုးတက်လျက် ရှိသည့် ဓမ္မာရုံကြီး ၏ အခြေအနေ ကြောင့်လည်း အားတက် ကြည်နူး မိ ကြရသည် ။ ကိုမောင်မောင်ဇင် မှာ ကျေးရွာအတွင်း ၌ အလွန်မှ ရေပန်းစားလျက် ရှိသည် ။ ကျေးရွာ မှ လုပ်အားပေး များ ကို ဦးဆောင် ကာ ဓမ္မာရုံ ကို သူ ကိုယ်တိုင် ကြီးကြပ် ဆောက်လုပ် နေခြင်း ဖြစ်သည် ။ သူ့ အပါး တွင် ကျေးရွာလူငယ် ယောက်ျားလေး ၊ မိန်းကလေးအတော်များများ က အမြဲတစေ ဝိုင်းရံ လျက် ရှိသည် ။ ဖိုးအောင်မောင်း တို့ ကိုယ်တိုင် ချောမောသော ဥပဓိရုပ် နှင့် တည်ကြည် သည့် အမူအရာ ရှိသူ ကိုမောင်မောင်ဇင် ကို အလွန် အထင်တကြီး ဖြစ်နေကြသည် ။


ကျောင်းထိုင် ဆရာတော် ၊ ကိုမောင်မောင်ဇင် နှင့် ကိုသောင်းဖေ တို့ က မကြာမကြာ ပင် ခေါင်းချင်း ဆိုင် နေကြသည် ။ လုပ်ငန်းကိစ္စ ကို တိုင်ပင် နေကြသည် ။ သိရသလောက် တော့ အားလုံး က ကိုမောင်မောင်ဇင် ကို သာ လွှဲအပ်ထားကြ ၊ ပုံအပ်ထားကြ သည် ။ ကိုမောင်မောင်ဇင် က သူ ကိုယ်တိုင် မတည် ထားသော ငွေသိန်း ၁ဝဝ ကို အခြား ကောက်ခံ ရရှိငွေများ နှင့် ပူးပေါင်း ကာ လိုအပ်သလို စီမံခန့်ခွဲသည် ၊ သုံးစွဲသမှု ပြုသည် ။ ဓမ္မာရုံကြီး က လည်း မူလ စီမံချက်ထက် နှစ်ဆ မျှ ပိုမို ကြီးမားသော ပန္နက် ကို ပြင်ဆင် ချမှတ် ထားသည် ။ တဖြည်းဖြည်း အလုံးအထည် ပေါ်လာ နေသော ဓမ္မာရုံကြီး ကို ကြည့် ကာ ရွာသားတွေ က အလွန် အားရ နေကြလေသည် ။


သို့နှင့် အလှူ ပြီးသော အခါ ဖိုးအောင်မောင်း တို့ လူသိုက် က ရွှေမှော် သို့ ပြန်လာ ခဲ့ ကြသည် ။ အားလုံး လိုလိုပင် လုပ်ငန်းခွင် သို့ ပြန် ဝင်ရန် ရွှင်လန်းတက်ကြွ နေကြသည် ။


   •••••   •••••   •••••


အတိအကျ ပြောရလျှင် ဖိုးအောင်မောင်း တို့ ရွာ အလှူ မှ ပြန်လာပြီး တစ်လ တိတိ ပြည့်မြောက်သော နေ့ တွင် ဖြစ်သည် ။ ထိုနေ့ မှာပင် တောင်တလေး ၌ မီးလောင် နေသော သတင်း ကို သူတို့ တစ်တွေ အလန့်တကြား ကြားသိ လိုက်ကြရခြင်း ဖြစ်သည် ။


မီး က အရာဝတ္ထု မှန်သမျှကို လောင်ကျွမ်း စေတတ်သည့် ' တေဇော ' မီး ကို ဆိုလိုသည် မဟုတ်ပါ ။ တကယ့် မီး မှာ ကျေးရွာဆရာတော် နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး မှ အစ ကျန် ရွာသူရွာသား

အားလုံး တို့ ၏ သည်းအူနှလုံး ကို ပြင်းထန်စွာ လောင်မြိုက်စေသော သောက အပူ မီးကြီး ကို ပင် ဆိုလိုခြင်း ဖြစ်တော့သည် ။


ထိုနေ့ က မနက် စောစော တွင် ဦးမိုးလုံး ရွာ သို့ ပြန် သွားသည် ။ အကြောင်း က အိမ် သို့ ပိုက်ဆံ သွား ပို့ခြင်း ဖြစ်သည် ။ ဦးမိုးလုံး က နံနက်ပိုင်း မှာ ပင် လုပ်ကွက် သို့ ပြန် ရောက် လာရာ ဧရာမ သတင်းထူးကြီး တစ်ခု က ဦးမိုးလုံး နှင့် အတူ ပါရှိ လာခြင်း ပင် ဖြစ်သည် ။ ဦးမိုးလုံး က ထုံးစံ အတိုင်း ဖိုးအောင်မောင်း တဲ သို့ ပင် ဦးတည် ပြီး ဝင်လာသည် ။ သူ့ ပုံ က ပျာယီးပျာယာ နှင့် အရေးတကြီး လည်း ဖြစ် နေသည် ။ သူ က ရောက်ရောက်ချင်း ပင် ဖိုးအောင်မောင်း ကို -


“ ဟကောင်ရ ...  တို့ ရွာ က လူတွေ ကို မြန်မြန် ခေါ်ချေပါဟ ၊ ငါ သတင်းထူး ပြောစရာ ရှိ လို့ ” 


ဟု လောဆော် သည် ။ ဖိုးအောင်မောင်း လည်း ထိတ်ခနဲ ဖြစ် သွားပြီး သူ့ ကလေးများ ကို လုပ်ကွက် ထဲ စေလွှတ် လိုက်သည် ။ မကြာမီပင် ဖိုးအောင်မောင်း တဲ ၌ လူ စုံ သွားသည် ။ အခေါ်ထူး ပုံ ကြောင့် အားလုံး က လုပ်ငန်းခွင် မှ အမြန် ထ လိုက်လာခဲ့ကြခြင်း ဖြစ်သည် ။


မျှော်လင့် ထားသည့် အတိုင်း စိတ် လှုပ်ရှားစရာ သတင်း ကို ဦးမိုးလုံး ထံ မှ ကြား လိုက်ကြရသည် ။


“ ဒုက္ခတော့ များပြီကွ ၊ ရွာ မှာ ဆရာတော်ရော ၊ ဖိုးသောင်းဖေ တို့ အဖွဲ့တွေ ရော ၊ တခြား ရွာသား တွေ ပါ အရူး မီးဝိုင်း သလို ဖြစ် ကုန်ကြပြီ ၊ ဟို ကိုမောင်မောင်ဇင် ဆိုတဲ့ လူ က အကုန်လုံး လိမ်ပြီး ထွက် ပြေးသွားပြီ ဆိုပါလား ” 


“ ဟာ ... သောက်ကျိုးတော့ နည်းကုန်ပြီ ၊ ဘယ်လို ဖြစ်ကြတာတဲ့ လဲ ” 


ဦးသက်ပွေး က အလန့်တကြား ထ ရေရွတ် သည် ။ ကျန် လူများ က ပါ အံ့ဩပြီး လှုပ်လှုပ်ရွရွ တွေ ဖြစ် ကုန်ကြသည် ။


“ ငါ လည်း မင်းတို့ ကို ပြန် ပြောနိုင်အောင် သေသေချာချာ နားထောင် ခဲ့ တာပဲ ၊ အဲဒီ မောင်မောင်ဇင် က လွန်ခဲ့တဲ့ တစ်ပတ် လောက် ကတည်း က သူ့ အမေ အသည်းအသန် ဖြစ်လို့ ဆိုပြီး ရန်ကုန် ကို ပြန် သွား တယ် တဲ့ ။ ဖိုးသောင်းဖေ တို့ က ဒါကို တကယ် ထင်ပြီး သူ ပြန် အလာ ကို မျှော်နေကြတာ တဲ့ ။ လာမယ့် လာတော့ မောင်မောင်ဇင် က မလာဘဲ ကြွေးရှင်တွေ က သာ ရွာ ကို ရောက်လာတယ်တဲ့ ၊ ကြွေးရှင် ဆိုတာ က သစ် တို့ ၊ သံ တို့ ၊ ဘိလပ်မြေ တို့ ရောင်းတဲ့ မြို့ ထဲက  ဆိုင်ရှင်တွေ ကို ပြောတာ ။ သူတို့ က ကိုယ်စီ ကိုယ်င ဘောက်ချာတွေ တစ်ထပ်ကြီး ကိုင်လာပြီး ဆရာ‌တော် နဲ့ ဖိုးသောင်းဖေ ဆီ မှာ ငွေ လာရှင်း ခိုင်းကြတာ ။ ဒါနဲ့ ဖိုးသောင်းဖေ က လည်း အံ့ဩပြီး ဒီကိစ္စ မှာ ငွေတွေပါ ပုံအပ်ပြီး ကိုမောင်မောင်ဇင် ကို လွှဲထားတာပဲ လို့ ပြန် ပြောတယ် ။ အဲဒီတော့ ဟို လူတွေ က ပစ္စည်းမျိုးစုံ ကို မောင်မောင်ဇင် က သူတို့ ဆိုင်တွေ မျာ လာလာ ယူတဲ့ အကြောင်း ၊ ပစ္စည်းတွေ ကို သာ တစ်ပုံကြီး လိုသလောက် ယူ ယူ သွားပြီး ငွေ ကျတော့ ကိစ္စ ပြီးရင် ကျေးရွာ က လာ ရှင်းပါလိမ့်မယ် လို့ သာ ပြောသွားတဲ့ အကြောင်း ၊ မနေ့က တော့ မောင်မောင်ဇင် နဲ့ သူ တို့ ဖုန်း ပြောဖြစ်ကြတဲ့ အကြောင်း ၊ ဖုန်း ထဲ မှာ ဓမ္မာရုံ က အားလုံး ပြီးသွား ပြီ ။ ငွေစာရင်း ကို ရွာမှာ သွား ရှင်းလိုက်ပါ လို့ မောင်မောင်ဇင် က ပြောတဲ့ အကြောင်း ။ ဒါကြောင့် သူတို့ အဖွဲ့က ခုလို ကြွေးရှင်း ဖို့ လာခဲ့တာပါ လို့ ပြန်ပြောကြတယ် တဲ့ ” 


“ ဟိုက် ၊ သဘောပေါက်ပြီ ၊ ဒါ အပိုင် လုပ်သွားတာ ၊ ကိုသောင်းဖေ က လည်း ဒီလောက် တောင် အ ရ သလား ဗျ ” 


ကြက်ဆင် က ထ ပြောသည် ။ ဦးမိုးလုံး က -


“ သူတို့ က ယုံတာကိုး ကွ ၊ ယုံ ဆို ဟို ကလည်း သိန်း ၁ဝဝ ကြီး များ တောင် ပုံ လှူပြ ထားတဲ့သူ ကိုး ၊ ပြီးတော့ မြို့ ထဲ က အဲဒီ ဆိုင်ရှင် တွေ ကလည်း တို့ ဆရာတော် ရဲ့ ဒကာရင်းတွေ တဲ့ ၊ ဆရာတော် နဲ့ ဖိုးသောင်းဖေ က မောင်မောင်ဇင် ကို အဲဒီ ဆိုင်တွေဆီ ခေါ်သွားတယ် ။ ခေါ်သွားပြီး ဆိုင်ပိုင်ရှင်တွေ နဲ့ မောင်မောင်ဇင် ကို မိတ်ဆက် ပေးတယ် ။ ပြီးတော့ မောင်မောင်ဇင် က ဓမ္မာရုံ လုပ်ငန်း မှာ အဓိက တာဝန်ခံ ဖြစ်ကြောင်း နဲ့ သူ လိုအပ်သမျှ ပစ္စည်းတွေ ကို ပိုက်ဆံ မလွယ်သေးလို့ လက်ငင်း မချေနိုင်သေးရင် တောင် စိတ်ချလက်ချ ပြေစာ ဖြတ်ပေးလိုက်ပါ ဆိုတဲ့ အကြောင်းတွေ တစ်ခါတည်း မှာ ပေး ထားခဲ့သေးတယ်တဲ့ ” 


“ အဲဒါမှ ကောင်း ရော ၊ ကျားလက် နွားကျောင်း ခိုင်းတယ် ဆိုတာ အဲဒါပဲ ၊ သူ့ ကို စားလို့ ဝါးလို့ ကောင်းအောင် လုပ် ပေး လိုက်တာနဲ့ အတူတူပဲ ပေါ့ ဗျာ ” 


ဖိုးအောင်မောင်း ၏ ကြားဖြတ် စကား ဖြစ်သည် ။ ဦးမိုးလုံး က ဆက် ပြောသည် ။


“ ဒီတော့ အဲဒီ ဆိုင်တွေ က လည်း မောင်မောင်ဇင် ကို လိုချင်တာ ကြိုက်သလောက် ယူ ဆိုပြီး ဖွင့် ထား ပေးလိုက်ကြတော့တာပေါ့ ။ ဖိုးသောင်းဖေ က စုမိတဲ့ ငွေ ကို စုမိသလောက် မောင်မောင်ဇင် လက် ထဲ ထိုး အပ်တာပဲ ၊ မောင်မောင်ဇင် က ဆိုင်ပေါင်းစုံ က နေ ပစ္စည်းတွေ ကို ပြေစာ နဲ့ ဘေ ဖွင့်တယ် ၊ လုံးဝ ငွေ မချေဘူး ၊ ဒါကို ဖိုးသောင်းဖေ တို့ က လည်း တစ်ခွန်း တစ်လေ တောင် မေးရမြန်းရ မှန်း မသိ သလို ဆိုင်ရှင်တွေ က လည်း နည်းနည်းပါးပါး မသင်္ကာစိတ် နဲ့ စစ်ရ ဆေးရ မှန်းတောင် မသိကြဘူး ။ ခုတော့ သွားပြီ ၊ အားလုံး မ သွားပြီ ၊ မင်းတို့ ငါတို့ ရွာသားတွေ ပဲ ပိုက်ဘောကြီး မိ သွားပြီ ” 


အားလုံးပင် အသက် ရှူရမှန်း မသိအောင် ဖြစ်သွား ကြရသည် ။ သို့သော် မေး သင့်သော မေးခွန်း တစ်ခု ကို တော့ ဒေါ်ဝိုင်းစိန် က ဝင် မေး လိုက်သေးသည် ။


“ သူ က ကျုပ်တို့ ရွာ ကို လာပြီး ခုလို အကြံအဖန် လုပ်ဖို့ အတွက် ဘယ်ကများ စိတ်ကူး ရသွားလည်း မသိဘူး နော် ” 


“ အေး ၊ ဒါလည်း ဖိုးသောင်းဖေ က ရန်ကုန် က ဆရာတော် ကို ဖုန်းဆက် မေး လို့ အကြောင်းစုံ သိပြီးပြီး ၊ ဒီ မောင်မောင်ဇင် ဆိုတဲ့ သူ ကို ရန်ကုန် ဆရာတော် က လုံးလုံး မသိဘူးတဲ့ ။ သူ့ ဒကာတွေ ထဲ မှာ လည်း ဒီ နာမည်မျိုး မရှိဘူး တဲ့ ၊ ဒီတော့ ဖိုးသောင်းဖေ တို့ စဉ်းစား ကြတာ က ဒီ လူ ဟာ ကြားလူ တစ်ယောက် ဖြစ်ရမယ် ၊ ရန်ကုန် ဆရာတော် ရဲ့ ကျောင်း ကို တခြား ဒကာ တစ်ယောက် နဲ့ အတူ လိုက်ပါ လာရင်း ဆရာတော့် ပြော စကား တွေ ထဲ ကနေ တို့ ရွာ ဓမ္မာရုံ အကြောင်း ကို တစ်စွန်း တစ်စ သိခွင့် ရသွားတာ ဖြစ်လိမ့်မယ် ။ အဲဒီကနေ ဒီမှာ လာပြီး အချဉ် ဖမ်းဖို့ အကြံ ရ သွားလိမ့်မယ် ။ ဒီနောက် ဆရာတော့် ဆီ က မိတ်ဆက်စာ တို့ ၊ ထောက်ခံစာ တို့ ကို တံဆိပ်တုံး အတုတွေ သုံးပြီး ယုတ္တိ ရှိရှိ လုပ် ယူ လာမယ် ၊ ဒီကျတော့ မှ သိန်း ၁ဝဝ ပုံ လှူပြီး ရိုက်စား လုပ်သွားတာ ။ အဲဒီလို ကောက်ချက် ချ ကြတယ် ” 


ဒေါ်ဝိုင်းစိန် က ဆက်ပြော သည် ။


“ ဒီ လူ တို့ ရွာ ကို ရောက် လာလာချင်း တို့ ဆရာတော် က ရန်ကုန် ဆရာတော် ကို နည်းနည်းပါးပါး လှမ်း မေး တာတို့ ဘာတို့ လုပ် ခဲ့ရင် လည်း ဒီလို ဖြစ်ရမှာ မဟုတ်ဘူး နော် ” 


“ အဲဒါ ပြောတာပေါ့ ၊ လူတိုင်း က အဲဒါ ထောက်ပြပြီး နောင်တ ရ နေကြတယ် ၊ အဲဒီ တုန်း က တော့ ဆရာတော် က လည်း မေ့ နေ ၊ အားလုံး က လည်း ဘယ်သူမှ သတိ မရကြဘူးပေါ့ ၊ သိတဲ့ အတိုင်း ဟို သိန်း ၁ဝဝ ငွေပုံကြီး ကြောင့် ပေါ့ ” 


အရေးကြီး ဆုံး မေးခွန်း ကိုတော့ နောက်ဆုံး အနေ နှင့် ကြက်ဆင် ကပင် ဝင် မေးလိုက်သည် ။


“ အဲဒါတွေ ထားပါ ၊ အခု ကျွန်တော် တို့ ရွာ က ဘယ်လောက် တောင် အလိမ် ခံ လိုက်ရသတဲ့ လဲ ။ အဲဒီ လူ နောက် ကို ဘယ်လောက် တောင် ပါသွား သတဲ့လဲ ” 


ဦးမိုးလုံး က ခေတ္တမျှ ခပ်တွေတွေ ဖြစ်နေသည် ။ ပြီးတော့ မှ ထို မေးခွန်း ကို ပြန်ဖြေလိုက်သည် ။


“ ဖိုးသောင်းဖေ ပြော တာတော့ စုစုပေါင်း သိန်း ၅ဝဝ လောက် တောင် ပါ သွားတယ်လို့ ဆို တာပဲ ” 


“ ဒါဆို သိန်း ၁ဝဝ လောက် အရှုံး ခံပြီး သိန်း ၄ဝဝ လောက် ပြန် ဖန် သွားတဲ့ သဘောပဲ ” 


“ ဘယ်က ဟုတ်ရမှာ လဲ ။ သူ က တစ်ပြား မှ မရှုံးဘူး ။ သူ လှူ ထားတဲ့ သိန်း ၁၀၀ အပြင် ရွာသားတွေ ဆီက ငွေ မှန်သမျှ ကို သူ့ လက် ထဲ ပဲ ပြန် အပ်လိုက်တဲ့ ဥစ္စာ ၊ သူ့ ပိုက်ဆံ သူ ပြန် ရ သွားတဲ့ အပြင် တို့ ရွာ က နေ သိန်း ၄ဝဝ ဖြတ် အုပ်သွားတဲ့ သဘောပေါ့ကွာ ” 


ထို စကား က နောက်ဆုံး စကား ပင် ဖြစ်သည် ။ သည့် နောက် တွင် အားလုံး တိတ်ဆိတ် သွားသည် ။ သို့သော် လူ က သာ ငြိမ်သက် နေမိကြ သော်လည်း ကိုယ်စီ စိတ် တွင်းမှာတော့ အတွေး နယ် ချဲ့နေမိကြသည် ။ ရှိသမျှ ငွေ ကို မောင်မောင်ဇင် က အပျောက် ရိုက် သွားလေပြီ ။ ဓမ္မာရုံ အတွက် ကုန်ဖိုးငွေ ကို ကျေးရွာ က သာ စိုက် ရှင်း ပေး ရတော့မည် ။ သည့် အတွက် ခွဲတန်း က လာလိမ့် ဦးမည် ။ ပထမ အကြိမ် အထုပ် ကြီးကြီး နှင့် ထည့်ဝင်ခဲ့ရသည့် အလှူငွေ က အလိမ်ခံလိုက်ရပြီ ။ ခု တစ်ကြိမ် အထုပ်ကြီးကြီး နှင့် ပင် အလှူငွေ ထည့်ဝင်ကြပေဦးမည် ။ ဪ ...  အလှူခံ ၊ အလှူခံ ။ လုပ်ကွက် ထဲ က အလှူခံတွေ အပေါ် ဝေဖန် ခဲ့ လေ သမျှ ကျေးရွာ ကို ရောက် လာခဲ့သည့် အလှူခံကြီး က မှ တကယ့် ဧရာမ အလှူခံ အတုကြီး ဖြစ်နေပါ ပေါ့ လား ။ လောက မှာ မည်သူ့ ကို ယုံရတော့မည် နည်း ။ ယုံရ ခက်လှသည် ။ အကယ် တန္တု ယုံပါ ယုံပါ ဟု အကြိမ်ကြိမ် ဆိုလာသူ ရှိသည့်တိုင် ထို သူ ကို ပင် ‘ ဘာ ယုံ ပါလဲ ၊ ခင်ဗျား က နားရွက်ကလေး နဲ့ ယုန်လား ’ ဟူ၍ ပြန် မေးစရာ ကောင်းလှပေတော့သည် ။ စသည်ဖြင့် အတွေး ကွန့် နေမိကြရင်း သူတို့ အားလုံး လေးလံ ထိုင်းမှိုင်း နေ မိကြသည် ။


တိုက်တိုက်ဆိုင်ဆိုင် ပင် ထို ခဏ ၌ တဲပေါက်ဝ မှ “ အလှူခံ ခင်ဗျ ... အလှူခံ ”  ဟူသော ညောင်နာနာ အသံလေး တစ်ခု ကို ကြားလိုက်ကြ ရ သဖြင့် ပြိုင်တူလိုလို ခေါင်း ထောင်ပြီး ကြည့် လိုက် မိကြသည် ။ ထိုအခါ ဖိုးသူတော် လိုလို ပိတ်ဖြူ ဝတ် ထားသည့် လူ တစ်ယောက် က အပေါက်ဝ ၌ ရပ် လျက် ရှိသည် ကို တွေ့လိုက်ကြရသည် ။


အားလုံး မျက်နှာ လွှဲ သူ လွှဲ ၊ ခေါင်း ငုံ့ သူ ငုံ့ ဖြစ်သွား ကြသည် ။ တဲရှင် ဖိုးအောင်မောင်း က လည်း သက်ပြင်းကြီး တစ်ချက် ကို မသက်မသာ ချ လိုက် မိသည် ။ သို့သော် သူ့ သား တစ်ယောက် ကို တော့ ခေါင်းဆတ် ပြကာ အချက် ပေး လိုက်သည် ။ ထိုအခါ သား ဖြစ်သူ က တဲပေါက်ဝ သို့ သွား ရောက်ပြီး ၁ဝဝ တန် ငွေ စက္ကူ တစ်ရွက် ကို အလှူခံ ပုဂ္ဂိုလ် သို့ ပေးအပ်လိုက်တော့သည် ။


◾ ရဲမြတ်တင် 


📖 ကျွန်တော့် ဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး 


.

Sunday, August 7, 2022

ခြမ်းပဲ့ ပန်းသီး


 

❝ ခြမ်းပဲ့ ပန်းသီး ❞

ညနေ ဘက် ကား သိမ်းချိန် ရောက်သည် နှင့် ကျော်မိုးလွင် က အုံနာ အိမ် သို့ ကား ပြန် အပ်ရန် ပြင်သည် ။ ကား ကို အုံနာ အိမ် သို့ မောင်း လာခဲ့သည် ။ အိမ်ရှေ့ ရောက်သော် ဟွန်းသံ ပေးလိုက်သည် ။ ဝင်းတံခါး ပွင့် လာသောအခါ အတွင်း သို့ မောင်း ဝင်လိုက်သည် ။ ကား ကို ဂိုဒေါင် အောက် သို့ တစ်ခါတည်း မောင်း သွားကာ ထိုးရပ်လိုက်သည် ။

ထို့နောက် ထုံးစံ အတိုင်း ကားပြန် မအပ်မီ ပြုမြဲကိစ္စ တို့ ကို ဆောင်ရွက်သည် ။ ဦးစွာ ကား ၏ ရှေ့နောက် ဘေးဘယ်ညာ တို့ ကို နှံ့စပ်အောင် လျှောက် ကြည့်သည် ။ ငုံ့ကြည့်သည် ၊ ကုန်းကြည့်သည် ၊ မော့ကြည့်သည် ။ မည်သည့် ထိခိုက်ပွန်းရှမှု ကို မျှ မတွေ့ရသည် နှင့် ကျေနပ်သွားသည် ။

ဆက်လက်၍ ကားအတွင်း ပိုင်း သို့ စစ်ဆေးရန် ပြင်သည် ။ ကား အတွင်း မှာ က ခရီးသည်များ စွန့်ပစ်ထားခဲ့သည့် တစ်ရှူးစတွေ ၊ နေကြာစေ့ခွံတွေ ၊ ပလတ်စတစ်အိတ် တစ်အိတ် ကို လှမ်း မြင်လိုက်သည် ။ ခရီးသည် တစ်ယောက် ယောက် ထိုး ညှပ်ခဲ့သော လေလွင့် ပစ္စည်း ပင် ဖြစ်မည်ဟု သူ့ စိတ်  က တွေး ပြီး ထို အစ ကို လှမ်း ဆွဲထုတ်လိုက်သည် ။

ဤတွင် လက် ၏ အထိအတွေ့ မှ တစ်ဆင့် ထို အရာက ပလတ်စတစ်အိတ်ခွံ သက်သက်မျှ မဟုတ်ကြောင်း သိရှိ လိုက်ရသည် ။ လက်ဆွဲကွင်း နှင့် တကွ ဖြစ်သော ထို ပလတ်စတစ် အိတ် ကို သူ သေသေချာချာ ဆွဲ ထုတ်လိုက်သည် ။ ထို အိတ် က လက် ထဲ မှာတင် အလေးချိန် တော်တော် စီး နေမှန်း လည်း သိ လိုက်ရသည် ။

သူ ထိုင်ချလိုက်ပြီး ထို အိတ် ကို ဂရုတစိုက် ဖွင့် ကြည့်လိုက်မိသည် ။ အတွင်း၌ အဖြူရောင် စက္ကူအိတ် တစ်ခု ကို ထပ်မံ တွေ့ရသည်မို့ ထိုစက္ကူအိတ် ကို ပင် အပြင်သို့ ဆွဲထုတ်လိုက်သည် ။ စက္ကူအိတ် အတွင်း မှ အမျိုးအမည် မသိ ပစ္စည်းများ က မာလည်းမာပြီး လေးလည်း လေးလံလျက် ရှိသည်ကို တွေ့နေရသည် ။ ဤမှာပင် တစ်စုံတစ်ခု ထူးခြားတော့မည် ဟူသော အတွေး နှင့် အတူ သူ့ စိတ်က လှုပ်ရှား စ ပြုလာသည် ။

ထို့နောက် လက်တွင်းမှ စက္ကူအိတ် ကို ဖျတ်ခနဲ ဆွဲဖွင့်ကာ အတွင်း သို့ ငုံ့ ကြည့်လိုက်သည် တွင် ...

       •••   •••   •••   •••

နောက်တစ်နေ့ မနက် ရောက်တော့ ကျော်မိုးလွင် က အုံနာ အိမ် သို့ ဖုန်း လှမ်းဆက်လိုက်သည် ။ ယနေ့ ကျန်းမာရေး သိပ် မကောင်းသောကြောင့် အလုပ် နားမည့်အကြောင်း ၊ ကား ကို လည်း လာ မယူဖြစ်တော့ကြောင်း ။

အုံနာ ကို သာမက အိမ် မှ ချိုနွယ်ဦး ကို ပါ ထိုနည်းအတိုင်း အကြောင်း ပြလိုက်သည် ။ ပြီးတော့ သူ က တစ်ယောက်တည်း ကျိတ်၍ အကြံ ထုတ်နေမိသည် ။ ထိုသို့ အကြံ ထုတ်ရင်း သူ့ စိတ်တွေ က ချီတုံချတုံ ဖြစ်ကာ အိမ်ရှေ့ က လက်ဖက်ရည်ဆိုင် ကို သွား ထိုင် လိုက် ၊ တော်ကြာ အိမ်ထဲ ပြန် ဝင်လာလိုက် နှင့် ဂနာမငြိမ် ဘဲ ဖြစ်နေသည် ။ သည်လိုနှင့် ပင် တစ်နေ့ တာ ကုန်ဆုံး သွားသည် ။

နောက်နေ့ မနက် ရောက်ပြန်တော့ အုံနာ ထံ သို့ ရှေးနည်း အတိုင်းပင် အကြောင်း ပြကာ အလုပ် မသွားဘဲ နေ လိုက်ပြန်သည် ။ ချိုနွယ်ဦး ကိုလည်း ထိုနည်းလည်းကောင်းပင် ။

       •••   •••   •••   •••

သို့သော် ထိုနေ့ မနက် ၁ဝ နာရီ လောက်ရောက်တော့ ချိုနွယ်ဦး က အိမ်သို့ ရုတ်တရက် ပြန်ရောက်လာသည် ။ ချိုနွယ်ဦး က အိမ် နှင့် ခပ်လှမ်းလှမ်း တွင် ရှိသော ဈေး အတွင်း ၌ အလှကုန် နှင့် အခြား တိုလီမိုလီ ရောင်းသော ဆိုင်သေးသေးကလေး ဖွင့်ထားသည် ။ ယခု ထို ဆိုင် ကို အငှားကောင်မလေး နှင့် လွှဲ ထားခဲ့ကာ အိမ် သို့ ပြန်လာ ခဲ့ခြင်းဖြစ်သည် ။

ပုံမှန်အတိုင်း ဆိုလျှင် ဆိုင်သို့ မနက် ကတည်း က ထမင်းချိုင့် ပါ တစ်ပါတည်း ယူ သွားပြီး ညနေ ဆိုင်သိမ်းချိန် ရောက်မှ အိမ်သို့ ပြန်မြဲ ဖြစ်သည် ။ ယခု အိမ် ပြန်လာရသည် က ချိုနွယ်ဦး ၌ အကြောင်း ရှိသည် ။ ထိုအကြောင်း အား အိမ် ရောက်ရောက်ချင်း ဆိုသလို ကျော်မိုးလွင် အား ပြော ချလိုက်လေပြီ ။

“ နေပါဦး ကိုကျော်မိုးလွင် ၊ ရှင် ဘာတွေ ဖြစ်နေတာလဲ ၊ ရှင့် ကြည့် ရတာ နည်းနည်း မှ ဂနာ မငြိမ်ဘူး ၊ ရှင် တစ်ခုခု ဖြစ်နေသလား ”

“ အေး ၊ ဟုတ်တယ် ၊ ဖြစ်နေတယ် ၊ ဖြစ်တာမှ သေးသေး မဟုတ်ဘူး ၊ အကြီးကြီး ”

ကျော်မိုးလွင် ကလည်း တည့်တည့် မေးလာ သူ ကို တည့်တည့်ပင် ပြန် ဖြေလိုက်သည် ။ ပြီး သူ က လေပူတစ်ချက် ကို ဟူးခနဲ မှုတ် ထုတ်လိုက်သည် ။ ကုလားထိုင် ပေါ် သို့လည်း ခြေပစ်လက် ပစ်ထိုင်ချလိုက်သည် ။

“ ရှင် မူ ပျက်နေတာ ကို ကျွန်မ မနေ့ ကတည်း က သိတယ် ၊ နေမကောင်းဘူး ပြောပေမယ့် ရှင့် ရုပ်က ဘာမှ ပြောင်းလဲတာမှ မဟုတ်ဘဲ ၊ ကိုယ့် မှာ ဖြစ်ပျက်နေတာ ကို ကိုယ့် မိန်းမ ကိုတောင် ထုတ် မပြောချင်တော့ဘူးလား ၊ ဒီ သံသယ ကို ဘယ်လိုမှ အောင့် မထားနိုင်တော့လို့ ကျွန်မ အိမ် ပြန်လာတာပဲ ၊ ကဲပြော ၊ ရှင် ဘာဖြစ်နေတာလဲ ”

“ အေး ၊ ပြောမယ် ၊ ပြောချိန် ရောက်ပြီ လို့ လည်း ငါ ဆုံးဖြတ်လိုက်ပြီ ၊ အခု မင်း ပြန် ရောက်လာတာ နဲ့ အတော်ပဲ ၊ ငါ ဘာကြောင့် စိတ်မငြိမ် လူမငြိမ် ဖြစ်နေရသလဲ ဆိုတော့“

ထိုင်ရာ မှ ထ ရပ်လိုက်သည် ။ ပြီးနောက် ခေါင်းရင်းဘက် သို့ လျှောက် သွားလိုက်သည် ။ တီဗွီရှေ့ ရောက်သည်နှင့် တီဗွီ စင် အောက် မှ အံဆွဲ ကို ဆွဲ ဖွင့်လိုက်သည် ။ အတွင်းသို့ လက်ဖြင့် ထိုးနှိုက်ကာ တစ်စုံတစ်ခု ကို ပါ ဆွဲ ယူလိုက်သည် ။ ထို တစ်စုံတစ်ခု ဆိုသည် က အနက်ရောင် လက်ကိုင်ကွင်း နှင့် ပလတ်စတစ် အိတ် ။

“ ရော့ ကြည့် ၊ အထဲ မှာ ဘာတွေ ပါသလဲ ဆိုတာ ”

       •••   •••   •••   •••

ချိုနွယ်ဦး ၏ အသံက သိသာစွာ တုန်ရင်နေသည် ။ လက်တွေ ကပါ တဆတ်ဆတ် တုန်လှုပ်နေသည် ။

“ ပစ္စည်းတွေ က နည်းနည်းနောနော မှ မဟုတ်ဘဲ ”

“ အေးပေါ့ ၊ ငါလည်း ဒါကြောင့် ဒါတွေ မြင် လိုက်ရ ကတည်း က စိတ် ချောက်ချား နေတာပေါ့ ၊ အားလုံး တစ်ပိဿာ နဲ့ တစ်ဆယ်သား တောင် ရှိတယ် ”

“ ပစ္စည်းရှင် ဖြစ်နိုင်တဲ့ သူ ကို ရှင် က အကြမ်းဖျင်း လောက် တောင်မှ မမှတ်မိလိုက်ဘူးလား ”

“ ဘယ်ကလာ ၊ တစ်နေ့လုံး ငါ့ ကားပေါ် တက် စီးသွားတဲ့ ခရီးသည်က နည်း မှ မနည်းဘဲ ဟာ ”

“ ပစ္စည်းရှင် ကလည်း အရေးကြီးတဲ့ ဒီ အိတ် ကို ဘာကြောင့် သတိ မထားတာတဲ့လဲ ”

“ သတိတော့ ထားမယ်ကွ ၊ ထားရက်ကနေ မေ့ကျန်ခဲ့တာ ဖြစ်မယ် ၊ ဖြစ်နိုင်တာက ဒီ အိတ် အပြင် တခြား အိတ် တစ်လုံးပါ သူ့ မှာ ပါလာလိမ့်မယ် ၊ ဒီ ပစ္စည်းတွေ ကို တခြား လူ တစ်ယောက် ယောက်ဆီ လွှဲပေးဖို့ ဒီ ပလတ်စတစ် အိတ် ထဲ အသင့် ခွဲ ထည့်လာဟန် တူတယ် ၊ အဲဒါ ဟိုတွေး ဒီတွေး တွေးရင်း ကား ရပ်တာနဲ့ လက်ထဲ က အိတ် ကိုသာ ယူသွားမိပြီး ကားတံခါးကြား မှာ ထိုး ညှပ်ထားတဲ့ ဒီအိတ် ကို တော့ မေ့ကျန်ထားခဲ့တဲ့ သဘောပဲ ၊ ဒါမျိုးက ဖြစ် တတ်ပါတယ် ၊ နိုင်ငံခြား သတင်းတွေ ထဲ မှာ ဒေါ်လာတစ်သိန်းနှစ်သိန်း ကားထဲ မေ့ကျန်ခဲ့တယ် ဆိုတာမျိုး မင်း မကြားဖူးဘူးလား ”

“ ဒါနဲ့များ ရှင် က ခုမှ ကျွန်မ ကို ထုတ် ပြောတယ်နော် ၊ ပြီးတော့ ကျွန်မ ကို ဖွင့် ပြောဖို့ ခုမှပဲ ဆုံးဖြတ်လိုက်တာ ဆိုတာကရော ဘာ သဘောလဲ ”

“ အေး ၊ အကြောင်းနှစ်ခု ကြောင့်ပဲ ၊ တစ်ခုက တကယ်လို့ ငါ က မင်းကို ဖွင့် ပြောလိုက်ရင် မင်း က ဒီပစ္စည်းတွေ ကို သူ့ ပိုင်ရှင်ဆီ ပြန်များ ပေးခိုင်း နေမလား ဆိုတဲ့ အတွေး ကြောင့်ပဲ ”

ပြောပြီး ကျော်မိုးလွင် က ထို အိတ် အတွင်း ၌ တစ်ပါတည်း ပါရှိလာသော ရွှေဘောက်ချာများ ကို ဖြန့် ကြည့်နေမိသည် ။ ဘောက်ချာ ထဲ မှာ က ရွှေ ဝယ်သူ ၏ အမည် အပြင် နေရပ်လိပ်စာပါ အပြည့်အစုံ ပါနေသည် ။

“ ဒါဖြင့် ရှင် က ဒါတွေ ကို အကုန်လုံး ယူ ထားလိုက်ဖို့ ဆုံးဖြတ်ပြီးပြီပေါ့ ၊ ဟုတ်လား ”

“ ဒီလိုကြီးလဲ လုံးလုံးတော့ မဆုံးဖြတ်ရသေးပါဘူး ၊ ဒီကိစ္စ မှာလည်း နှစ်ပိုင်း ရှိ ပြန်တယ်ကွ ၊ ဒီပစ္စည်း ပိုင်ရှင် ဟာ ရိုးသားတဲ့ သူ ၊ ရိုးသားတဲ့ ငွေနဲ့ပဲ ဒီ ရွှေတွေ ကို ဝယ် ထားတာ ဆိုရင် ငါ့ ဘက်ကလည်း ပြန် ရိုးသားဖို့ ဝန် မလေးပါဘူး ၊ ပြန် ပေးဖို့ ဝန် မလေးပါဘူး ၊ အေး - ဒါပေမဲ့ ဒီ လူ ဟာ လူလိမ် လူကောက် ၊ လူယုတ်မာ တစ်ယောက် ဖြစ်နေခဲ့မယ် ဆိုရင် ၊ ဥပမာကွာ - သစ်မှောင်ခို ၊ ဘိန်းမှောင်ခို အလုပ်မျိုး ကနေ မသမာတဲ့ နည်းနဲ့ ငွေတွေ ရလာပြီး အဲဒီ ငွေမည်းတွေ နဲ့ ဒီ ပစ္စည်း တွေ ကို ဝယ်ထားတာမျိုး ဖြစ် နေရင်တော့ ငါ က လုံးဝ ပြန် မပေးဘူးလို့ ဆုံးဖြတ်ထားတယ် ။ ပြောရရင် သူခိုး ပေါ် ၊ သူဝှက် လု တဲ့ သဘောမျိုးမို့ ထူးထူးထွေထွေလည်း အပြစ် ကြီးစရာ မရှိဘူးလေ ၊ ငါ ထိုက်လို့ ငါ ရတာ ဆိုတဲ့ သဘောမျိုး နဲ့ သုံး ပစ်လိုက်ရမှာပဲ ”

အကင်းပါးသော ချိုနွယ်ဦး က ဂရုတစိုက် နားထောင်ရင်း ကျော်မိုးလွင် စကား ကို ရှေ့နောက် ချိတ်ဆက် မိအောင် ဝင် ထောက်ပေးလိုက်သည် ။

“ ဟုတ်ပါပြီ ၊ ကျွန်မ က ပိုင်ရှင် ဆီ ကို အတင်း ပြန် ပေးခိုင်းမှာ ကြောက်လို့ ရှင် လျှို့ဝှက်ထားတယ် ဆိုတာ ကို သဘော ပေါက်ပါပြီ ၊ ဒါက ပထမ တစ်ချက် ပေါ့ ၊ နောက် တစ်ချက် ကရော ဘာကြောင့်လဲ ”

“ အေး ၊ အဲဒီ နောက်တစ်ချက် က ပြောရရင် တခြားတော့ မဟုတ်ဘူး ၊ အဲဒါက ဘာလဲ ဆိုတော့ မင်း က ဒီ ပစ္စည်းတွေ ကို မြင် လိုက်တာ နဲ့ ငမ်းငမ်းတက် မက်မောသွားပြီး ဝှက်ထား လိုက် ဖို့ ၊ ယူထား လိုက် ဖို့ ငါ့ ကို အတင်း သွေးဆောင် နေမှာ ကြောက် လို့ပဲဟေ့ ၊ သိပြီလား ”

“ ဟင် ၊ ဒါဖြင့် ရှင့် ဟာ က ဘာ ထူးလဲ ၊ ပထမ အချက်က ပိုင်ရှင် ဆီ ကျွန်မ ပြန်ပေးခိုင်း မှာ ကို ကြောက်တယ် ၊ ဒုတိယ အချက်ကျ တော့ ကျွန်မ က ပြန် မပေးခိုင်းမှာ ကို ကြောက်ပြန်တယ် ၊ ရှင့် စကား က ဘာကြီးလဲ ”

“ အေးပါ ၊ ငါ ရှင်းပြပါမယ် ၊ ငါ ဆိုလိုတာ က မင်းတို့ မိန်းမတွေ ရဲ့ သဘော သဘာဝ က ခံစား လွယ်တယ် ၊ ထိခိုက် လွယ်တယ် ၊ ပြီးတော့ တို့ ကလည်း စီးပွားရေး ကျပ်တည်းနေတဲ့ အချိန်မှာ ငါ က ဒီပစ္စည်းတွေ ကို ကား ပေါ် က ကောက်ရ လာပြန်တယ် ၊ ငါ က ဒီအကြောင်း မင်း ကို ဖွင့် ပြောလိုက်တာ နဲ့ မင်းက ဘာမှ စဉ်းစားမနေဘဲ ဖြောင် ပစ်လိုက်ဖို့ ငါ့ ကို တိုက်တွန်းမယ် ၊ ငါ ကလည်း မင်း စကား ကို နားထောင်လိုက်မိမယ် ၊ အဲဒီအခါ ပစ္စည်းရှင် က ရုတ်တရက် ပေါ်လာပြီး တိုင်တာ တောတာတွေ ၊ တရားစွဲတာတွေ လုပ်မယ် ၊ ငါတို့ က ဥပဒေ နဲ့ ရင်ဆိုင်ရမယ် ၊ နောက်ဆုံး ငါ က ထောင်နန်း စံရမယ် ၊ ဒီအခါ မိသားစုလည်း ပြိုကွဲရမယ် ၊ ဒုက္ခတွေ လည်း ပိုလို့ တောင် ရောက် ရဦးမယ် ၊ ဒါကြောင့် ဒုတိယ အချက် ဖြစ်တဲ့ မင်း က ပြန် မပေးခိုင်းမှာ ကို လည်း ကြောက်ပြန် တယ်လို့ ငါပြောခဲ့တာပေါ့ ။ နောက်ဆုံးတော့ ကွာ ၊ အဲဒီလို ဟိုတွေး ဒီတွေး လျှောက် တွေး မိရာက မင်း ကို ချက်ချင်း ဖွင့် မပြောဖြစ်တဲ့ အဆင့် ကို ရောက် သွားတာပဲ ၊ ရှင်းပြီလား ”

သူ့ စကား အဆုံး ချိုနွယ်ဦး ထံ မှ အရေးကြီးဆုံး မေးခွန်း တစ်ခု က ဖြတ်ပြီး ဝင်ရောက်လာသည် ။

“ ခုတော့ ရှင် က တစ်ခုခု ဆုံးဖြတ်ပြီးပြီပေါ့ ၊ ဆုံးဖြတ် ပြီးလို့လည်း ကျွန်မ ကို ဖွင့် တိုင်ပင်တဲ့ သဘောပေါ့ ၊ ဟုတ်လား ”

“ လုံးဝပဲ ၊ လုံးဝ မဟုတ်ဘူး ၊ ငါ တစ်ယောက်တည်း အကုန်လုံး လျှောက် စဉ်းစားကြည့် ပြီးပြီ ၊ ဘယ်လိုမှ အဖြေ မပေါ်လို့ မင်း ဆီ က အကြံ ယူဖို့ ဆုံးဖြတ်လိုက်ရတာ ”

“ ဟောတော့် ”

       •••   •••   •••   •••

သည့်နောက်တော့ သူတို့ လင်မယား ၏ အကြိတ်အနယ် ဆွေးနွေးခန်း က စတင်ခဲ့လေပြီ ။ ဆွေးနွေးခန်း ဆိုသည်ထက် ငြင်းခုန်ပွဲ ဟု လည်း ဆိုလိုက ဆို နိုင်သည် ။ နှစ်ဦးတည်း သာ ရှိသော သူတို့ စကားဝိုင်း တွင် တစ်ယောက် က အဆို တင်လိုက် ၊ တစ်ယောက် က ကန့်ကွက်လိုက် ၊ တစ်ယောက် က နောက်ထပ် အဆို တစ်မျိုး ပြောင်း တင်လိုက် ၊ တစ်ယောက် က ထို အဆို ကို ပြန် ချေဖျက်လိုက် နှင့် ဖြစ် နေကြသည် ။ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက် ကို ကား မချနိုင်ကြ ။

သို့သော် နောက်ဆုံးတွင် ဘက်စုံထောင့်စုံ က အမျိုးမျိုး ဝေဖန်သုံးသပ်ကြပြီး နောက် ရွှေထုပ် ကို ပိုင်ရှင် ထံ ပြန် ပေးရေး မပေးရေး ကိစ္စ တွင် ပြန် ပေးရေး ဘက် က ပို၍ အလေး သာ သွားသည် ။ ထို ဆုံးဖြတ်ချက် ကို ပင် ကြိုးစား၍ ချမှတ် လိုက်ကြသည် ။

ကျော်မိုးလွင် က အတော် စိတ်မောလူမော ဖြစ် သွားသည် ။ ထိုပုံစံ နှင့် ပင် မိန်းမ ဖြစ်သူ ကို လှမ်း ပြောလိုက်သည် ။

“ ဟူး ... ဒီ အတိုင်းပဲ ကောင်းပါတယ် မိန်းမရာ ၊ ဒီ အထုပ် ကို တို့ ပြန်ပေး လိုက်ကြတာပေါ့ ၊ ဘာပဲပြောပြော တို့ ရိုးသား လိုက်တာက ပို ကောင်းပါတယ်ကွာ ၊ ရိုးဂုဏ် ဆိုတာက တစ်သက်လုံး စားလို့ မကုန်ပါဘူး ၊ ပြီးတော့ ဒီလို လုပ် လိုက်တဲ့အတွက် ငါတို့ မျိုးရိုး ရဲ့ အစဉ်အလာ ကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်သွားတာပေါ့ ၊ တို့ အဖေ ဟာ ငယ်ငယ် က လက်ဖက်ရည်ဆိုင် မှာ စားပွဲထိုး လုပ်ရင်း ငွေ တစ်သိန်း လောက် ပါတဲ့ ငွေထုပ်ကြီး တစ်ထုပ် ကို ကောက် ရခဲ့ဖူးတယ် တဲ့ ၊ အဲဒါ ဆိုင်ရှင် က တစ်ဆင့် ငွေထုပ် ပိုင်ရှင် ကို ပြန် ပေးခဲ့တဲ့ အတွက် အရေးပိုင် ရဲ့ ဂုဏ်ပြု လက်မှတ် တောင် ရခဲ့ဖူးသတဲ့ ၊ အဲဒီတုန်းက ရွှေတစ်ကျပ်သား ကို မှ ငါးရာလောက် ပဲ ရှိတဲ့ခေတ် ဆိုတော့ မင်း စဉ်းစားကြည့်ပေါ့ ၊ ဒါကြောင့်လည်း တို့ အဖေ က တို့မောင်နှမတွေ ကို အမြဲတမ်း ရိုးရိုးသားသား ကျင့်ကြံနေထိုင်ကြဖို့ တစ်လျှောက်လုံး ဆုံးမ လာခဲ့တာပေါ့ ”

အမှန်မှာ ဤ လမ်း ကို ရွေးချယ် လိုက်ရသည် က လွယ်လွယ်တော့ မဟုတ်ပေ ။ ကျော်မိုးလွင် အနေနှင့် သူ စောစောက ပြောထားသည့် အခြေခံမူ နှစ်ချက် အတိုင်း ရေရေလည်လည်ကြီး စဉ်းစားခဲ့သေးသည် ။ အထူးသဖြင့် ဤ ရွှေထုပ်ပိုင်ရှင် က လူ့မသမာ တစ်ဦး ဖြစ် နေပါလျှင် ပြန် မပေးဘဲ ထားလိုက်ဖို့ကို သူ စဉ်းစားကြည့်ခဲ့သေးသည် ။ သို့သော် လက်တွေ့ တွင် ထိုသို့ လုပ်လိုက်ဖို့ က သိပ် မလွယ် ။ ထိုသူ က လူကောင်း ဖြစ်ဖြစ် ၊ လူဆိုး ဖြစ်ဖြစ် ပိုင်ရှင် က ပိုင်ရှင် သာ ဖြစ်သည် ။ ပိုင်ရှင် ဖြစ်ကြောင်း ကို ရွှေဘောက်ချာတွေ က သက်သေ ပြ နေသည် ။

သူတို့ လင်မယား အနေနှင့် ဤ ရွှေများ ကို လမ်းစ ပျောက်အောင် ဖျောက်ဖျက်နိုင်ဖို့ ဆိုသည်က သိပ် မလွယ်လှ ။ ရွှေတွေ ကို ပြန်ရောင်း ထုတ်ချိန်၌ ရွှေဆိုင် မှ တစ်ဆင့် ပြန် မိသွားနိုင်သည် ။ ရွှေ တွေ ရောင်းပြီး သူတို့ ငွေတွေ အသုံး ကြမ်းနေခြင်းကို ပတ်ဝန်းကျင် က ရိပ်မိသွားခြင်း မှ တစ်ဆင့်လည်း အမှု က ပြန်ပေါ်သွားနိုင်သည် ။ ဤ ရွှေငွေတွေ နှင့် ရှေ့ဆက် ရမည့် အနာဂတ် က ဘယ်လို မှ မဖြောင့်ဖြူးနိုင် ။ ကျော်မိုးလွင် မျက်စိ ထဲ တွင် ရဲတွေ ၊ လက်ထိပ်တွေ ၊ အချုပ်ခန်းတွေ ကို ချည်း မြင်ယောင်နေသည် ။ သို့နှင့်ပင် ပိုင်ရှင် က မည်သူမည်ဝါ ဖြစ်ဖြစ် ပြန် ပေးလိုက်ခြင်းသာ အကောင်းဆုံးဟု ဒုန်းဒုန်းချ လိုက်မိခြင်း ဖြစ်သည် ။

ဤ အစီအစဉ် ကို ချိုနွယ်ဦး ကလည်း သဘောတူသည် ။ ချိုနွယ်ဦး မှာ ကျပ်တည်းမှု အပေါင်းနှင့် ရင်ဆိုင်နေရသော်လည်း အချောင် ရမည့် ကိစ္စမျိုး ကို ငမ်းငမ်းတက် မဖြစ်တတ်ခြင်း အပေါ် ကျော်မိုးလွင် က ကျိတ်၍ ပင် ချီးကျူးရသေးသည် ။

“ ကျွန်မကတော့ ကိုယ့်ရှိတာလေးနဲ့ နောက်ကြောင်း ကင်းကင်း ၊ အေးအေးလူလူ နေရတာကိုပဲ ပိုကြိုက်တယ် ၊ တိုက်ခန်းကြီးနဲ့တော့ နေရပါရဲ့ ၊ ကောင်းကောင်းလည်း ဝတ်ရစားရပါရဲ့ ၊ ဒါပေမဲ့ လူ က နေ့ တထိတ်ထိတ် ၊ ည တထိတ်ထိတ် နေရတာမျိုးတော့ ဆောရီးပဲ ၊ တစ်ခုတော့ ရှိတယ် ရှင့် ၊ ရှင် ခုလို ပြန် ပေးလိုက်တဲ့ အတွက် ပိုင်ရှင် ကလည်း ဒီအတိုင်း တော့ နေမှာ မဟုတ်ပါဘူး ၊ ဘောက်ဆူးတွေ ဘာတွေ ချမှာပဲ ၊ အဲဒါကိုတော့ ကျွန်မတို့ က လိပ်ပြာသန့်သန့် နဲ့ မျှော်လင့် ခွင့် ရှိပါတယ် ”

“ ဟုတ်တယ် ၊ ငါလည်း အဲဒါကိုတော့ အဓိကမျှော်လင့်မိတယ် ၊ ပစ္စည်းတွေ က တန်ဖိုး နည်းမှ မနည်းတာ ၊ ဘောက်ဆူး က မြက်မြက်ကလေး ရမှာတော့ ကျိန်းသေပဲ ၊ ကိုင်း - ဒီကိစ္စ တော်ပြီကွာ ၊ ငါ လည်း စိတ် မောလှပြီ ၊ ငါတို့ စိတ် မပြောင်းခင် ၊ စိတ် မဖောက်ခင် ဒီ ကိစ္စ ကို မြန်မြန် ရှင်းထုတ်ပစ်လိုက်ကြရအောင် ”

       •••   •••   •••   •••

နောက်တစ်နေ့ မနက်တွင် ကျော်မိုးလွင် က အုံနာ အိမ် မှ ကား ကို ဝင်ယူသည် ။ ထို့နောက် စိတ်လှုပ်ရှားစွာ နှင့် ပင် ကား ကို မောင်းထွက် လာခဲ့သည် ။

ဘောက်ချာ ထဲ မှ လိပ်စာ အတိုင်း နွယ်သဇင် ( ၂ ) လမ်း ၊ အိမ်အမှတ် ( ၃၁၄ ) ရှေ့ ကို ရောက်တော့ သူ့ ရင်တွေက ပို လို့ပင် အခုန် မြန်လာသည် ။ ကား ကို ရပ် ၊ အောက် ဆင်းကာ ဝင်းတံခါးသံတိုင် တွေ ကြား မှ အတွင်းသို့ တစ်ချက် လှမ်းကြည့်လိုက်သည် ။ လှပသစ်လွင်သော တိုက် ၊ စိမ်းလန်းဝေဆာသော ပန်းခြံနှင့် ပန်းခြံရှေ့ က လမ်းကလေးပေါ်တွင် အေးအေးလူလူ စင်္ကြံန် လျှောက်နေသော လူကြီးတစ်ယောက် ကို သူ တစ်ပြိုင်တည်း တွေ့လိုက်ရသည် ။

“ ဒီ ... ဒီမှာ ခင်ဗျ ”

သူ့ အသံကြောင့် လူကြီး က တစ်ချက် လှမ်းကြည့်သည် ။ ထို့နောက် ဝင်းတံခါး ဆီသို့ လျှောက် လာသည် ။ ရောက်လျှင် အတွင်း မှ နေ၍ ကျော်မိုးလွင် ကို စူးစမ်းသော အကြည့် ဖြင့် ကြည့်သည် ။

“ ဘာကိစ္စ ရှိသလဲဟေ့ ”

“ ဟုတ်ကဲ့ခင်ဗျ ၊ ဒီ ... ဒီလိုပါ ၊ ဒီ အိမ် က ဦးဘခိုင် ရဲ့ အိမ် ဟုတ်ပါသလား ခင်ဗျ ”

လူကြီး က မျက်မှောင် ကြုတ်သည် ။ စူးရဲသော မျက်လုံးဖြင့် လည်း ကျော်မိုးလွင်ကို တစ်လှည့် ၊ သူ့ ကားကိုတစ်လှည့် ကြည့်နေသည် ။ မကြာပါ ။ လူကြီးမျက်နှာက ဝင်းခနဲ ဖြစ်သွားသည် ။ အံ့ဩ လှိုက်လှဲသော အသံ ကပါ လွှတ်ခနဲ ထွက် သွားသည် ။

“ အေး ... အေး ၊ ဟုတ်ပြီဟေ့ ၊ ဟုတ်ပြီ ၊ မင်း ကား နဲ့ မင်း မျက်နှာ ကို ငါ က အကြိမ်ကြိမ် ပုံ ဖော် ကြည့်နေတာ ၊ ခုမှပဲ အလုံးအထည် ပေါ်တော့တယ် ၊ လာဟေ့ လာ  ”

ဝင်းတံခါး က လျင်မြန်စွာ ပွင့်သွားသည် ။ ကျော်မိုးလွင် က အတွင်းသို့ ဝင် လိုက်သည် ။ ထို့နောက် ချက်ချင်း ဆိုသလို လက်တွင်း မှ အိတ် ကို ပါ လူကြီး ထံ ရိုရိုသေသေ ကမ်း ပေးလိုက်သည် ။

“ ကျွန်တော် ကတော့ ဦး မျက်နှာ ကို ဘယ်လိုမှ မမှတ်မိဘူး ခင်ဗျ ၊ ဒီပစ္စည်းတွေ တွေ့ ရတာကလည်း ကား သိမ်းချိန် ရောက် မှ ခင်ဗျ ၊ တွေ့တွေ့ချင်း ဦး ကို ဆက်သွယ်ပြီး ပြန် မပေးမိတဲ့ အတွက်တော့ ကျွန်တော့် ကို ခွင့်လွှတ်ပါ ဦး ”

“ ရပါတယ် ကွာ ၊ ရပါတယ် ၊ ဒီလိုပဲပေါ့ ၊ ခုလို တာဝန်သိသိ ၊ သစ္စာရှိရှိ နဲ့ ပြန် အပ်တယ် ဆိုရင်ပဲ လုံလောက်ပါပြီ ကွ ၊ ငါ ကလည်း အဲဒီ နေ့က တော်တော် အလုပ် များသွားတယ်ကွ ၊ မင်း ကားပေါ် ကနေ ကတိုက်ကရိုက် ဆင်းခဲ့ပြီး ရုံး ထဲ ရောက်တော့မှပဲ ဒီ အိတ် ကျန်နေခဲ့ပြီ ဆိုတာ သတိ ရတော့တယ် ၊ အပြင် ကို ပျာယီးပျာယာ နဲ့ ပြန်ထွက်ပြီး ဟိုဟိုဒီဒီ လျှောက် ကြည့်သေးပေမယ့် မင်း ကား ကို ဘယ် တွေ့ရပါတော့မလဲ ၊ လာကွာ ၊ အိမ် ထဲ လိုက်ခဲ့ဦး ”

ဦးဘခိုင် က ပြုံးချိုသော မျက်နှာ ဖြင့် ကျော်မိုးလွင် ကို ဖိတ်ခေါ်သည် ။ သူ ကပင် ဦးဆောင်၍ အိမ်ဘက်သို့ လျှောက်သွားသည် ။ ကျော်မိုးလွင် က အသာ ကပ် လိုက်သွားလိုက်သည် ။ သို့သော် ပန်းခြံထောင့်နား ကိုရောက်တော့ ဖုန်းခေါ်သံ တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည် ။ ဦးဘခိုင် က ရပ်လိုက်ပြီး ဖုန်း ကို ထုတ်၍ နားထောင် လိုက်သည် ။ ထို့နောက် တစ်ဖက် မှ ဖုန်းခေါ်သူ နှင့် အပြန်အလှန် စကား ပြောနေသည် ။

ဖုန်း ပြောနေခြင်း က အတော်ပင် ကြာသည် ။ တော်တော့် ကို ကြာသည် ။ ဟို က ပြောလိုက် ၊ ဦးဘခိုင် က ပြန် ပြောလိုက် နှင့် စကား က အမျှင် မပြတ်နိုင်အောင် ဖြစ်နေသည် ။ ဘေး မှ ရပ်နေသူ ကျော်မိုးလွင် ခြေ အတော် ညောင်းလောက်ပြီ ဆိုတော့မှ ဦးဘခိုင် က ဖုန်း ကို ပိတ် လိုက်ကာ -

“ ကိုင်း - ငါ့တူ ၊ အားတော့ နာတယ်ကွာ ၊ အလုပ် က ပေါ်ပြန်ပြီကွာ ၊ အသင်းရုံး ကို ဦး ခုပဲ သွား ရလိမ့်မယ် ”

စကား ကို ရပ်ကာ တစ်စုံတစ်ရာ စဉ်းစားနေသည် ။ ထို့နောက် -

“ ဒီလိုလုပ်ကွာ ၊ မင်း လိပ်စာလေး ဦး ပေးခဲ့ ၊ ဦး က မင်း ကို တောင် ဧည့် မခံနိုင်တော့ဘူး ၊ အရေးပေါ် ကိစ္စ ဖြစ်နေတယ်ကွ ”

ဦးဘခိုင် စကားဆုံးသည် နှင့် ကျော်မိုးလွင် က သူ့ လိပ်စာကတ် ကလေး ကို ဦးဘခိုင် သို့ အသာ လှမ်းပေးလိုက်သည် ။

“ ပစ္စည်းတွေ ကို ပြန် စစ်ကြည့်ပါဦးလား ဦး ”

“ ရပါတယ်ကွ ၊ ခုလိုတောင် ရိုးရိုးသားသား ပြန် လာအပ်နေမှပဲ ၊ ဘာ ပြန် စစ် ကြည့်နေဖို့ လိုသလဲ ၊ ကျေးဇူးတင်တယ် ကွာ ၊ သိလား ၊ သိပ် ကျေးဇူးတင်တယ်“

ပြောပြီး ဦးဘခိုင် က အိတ်ကပ် ထဲ သို့ လက် ဖြင့် နှိုက်လိုက်သည် ။ ကျော်မိုးလွင် က ထိတ်ခနဲ ဖြစ် သွားသည် ။ ပြော ရလျှင် သည် အချိန် က သူ မျှော်လင့်နေသည့် အချိန် မဟုတ်လား ။ သို့သော် ဦးဘခိုင် သူ့ အိတ်ကပ် ထဲ မှ လက် ကို ပြန် ထုတ်လိုက်ချိန်မှာတော့ ကျော်မိုးလွင် တစ်ယောက် ရုတ်ခြည်းပင် ခံစားချက် ပြောင်းသွားရလေပြီ ။ သူ့ ရင် ထဲ ကပါ ဟာခနဲ ဖြစ်သွားရသည် ။ နင့်ခနဲ ဖြစ်သွားရသည် ။ အံ့ဩဝမ်းနည်းစိတ် နှင့် အတူ မျက်လုံးတွေ က ပါ ပြာခနဲ ဖြစ်သွားရသည် ။

အကြောင်းမှာ ' ရော့ ၊ ဒါ မင်း သုံးပေါ့ကွာ ' ဟု ပြောကာ လှမ်း ပေးလိုက်သော ဦးဘခိုင် ၏ လက် ထဲ မှာ က တစ်သောင်းကျပ်တန် ငွေစက္ကူကလေး သုံးရွက် မျှသာ ။

       •••   •••   •••   •••

“ တောက် ... တော်တော် လူ မဆန် တဲ့ အဖိုးကြီး ကွာ ၊ တော်တော် မိုက်ရိုင်းတဲ့ အဖိုးကြီး ၊ အသက် ကြီးသလောက် အချိန် မစီးဘူးဆိုတာ ဒါပဲ ”

ကျော်မိုးလွင် က တဖျစ်တောက်တောက် ဖြစ်နေသည် ။ သူ့ နှုတ် မှ ထိန်းချုပ် မရနိုင်လောက်အောင် တရစပ် ရေရွတ်နေသည် ။ မျက်နှာ က လည်း ခံပြင်းသော ၊ ဒေါသ ထွက်သော အရိပ်အယောင် များဖြင့် တင်းမာနီရဲနေသည် ။ ချိုနွယ်ဦး ကမူ ငေး၍ သာနေသည် ။ သို့သော် သူမ သည် လည်း မျှော်လင့်ထားသမျှ ရေစုန် မျောခဲ့ရခြင်း အပေါ် အလွန်အမင်း စိတ်ပျက်အားလျှော့ သွားသည့် အသွင် သဏ္ဌာန်တို့ ကမူ မျက်နှာ ၌ အထင်းသား ထင်ပေါ် နေသည် ။

“ တောက် ၊ ဒီလိုမှန်း သိရင် ဒီ ရွှေတုံးတွေ ကို ပြန် မပေးဘဲ ထား လိုက်ပါတယ်ကွာ ၊ အလကား လူတွေ ၊ နှလုံးသား မရှိတဲ့ လူတွေ ”

ကျော်မိုးလွင် အသံ က ပို၍ ကျယ်လာသည် ။ ပို၍လည်း ခက်ထန်လာသည် ။ ပြီးတော့ စိတ် ထိခိုက်လွန်းသောကြောင့် သူ့ အသံ က တုန်ရင်နေကာ ငိုသံ ပါသည့် ဘက် သို့ပင် ရောက် သယောင်ယောင် ဖြစ်နေသည် ။ ချိုနွယ်ဦး ကမူ ကိုယ် ကို ခပ်နွဲ့နွဲ့ ပြု၍ ငြိမ် နေဆဲ ။

“ မေတ္တာ စေတနာ ဆိုတာ လူတိုင်း နဲ့ မထိုက်တန်ဘူး ဆိုတဲ့ စကား က ဒါကြောင့် ဖြစ်လာတာပဲ ၊ မရိုးသားတဲ့ သူ အပေါ် ရိုးသား လိုက် မိတာ ကို က ငါတို့ အမှားပဲ ”

“ ကဲ - တော်ပါတော့ ကိုကျော်မိုးလွင် ၊ ရှင့် စကားတွေ ကလည်း တဖြည်းဖြည်း နဲ့ အမှားတွေ ပါလာကုန်ပြီ ”

ချိုနွယ်ဦး က စ ပြောလိုက်သည် ။ ကျော်မိုးလွင် က ပြန်ငြိမ် သွားသည် ။ သို့သော် အသက် ကို တော့ ပြင်းပြင်း ရှူနေသည် ။

“ စေတနာ ဟာ လူတိုင်း နဲ့ မထိုက်တန်ဘူး ဆိုတဲ့ စကား ဟာ မမှန်ဘူး ရှင့် ၊ ပြီးတော့ ကိုယ် ပေးဆပ်လိုက်တဲ့ ရိုးသားမှု အပေါ် မှားသွားပြီ လို့ ထင် လိုက်တာဟာလည်း နောက်ထပ် လွဲချော်မှု တစ်ခုပဲ ”

ကျော်မိုးလွင် က ချိုနွယ်ဦး ကို ဖျတ်ခနဲ ကြည့်သည် ။ ချိုနွယ်ဦး က ထိုင် ရာမှ ထ လာပြီး ကျော်မိုးလွင် ဘေး က ကုလားထိုင် တွင် ဝင် ထိုင်လိုက်သည် ။ ပို၍ ကြည်လင်လာသော မျက်နှာ ၊ ပို၍ ပျော့ပျောင်းလာသော အသံ ဖြင့်လည်း ကျော်မိုးလွင် ကို ပြော လိုက်သည် ။

“ ပစ္စည်းပိုင်ရှင် က ကိုယ့် ကို တော့ ဘောက်ဆူး ကောင်းကောင်း ပေးတော့မှာပဲ လို့ ကျွန်မ လည်း မျှော်လင့်မိခဲ့တာပေါ့ ၊ ဒါပေမဲ့ အခု သူ က မပေးဘူး ၊ မပေးတော့ ဘာ တတ်နိုင်သလဲ ၊ ဘာမှ မတတ်နိုင်ဘူး ၊ ဒါကို ကိုယ် က အကုသိုလ် ပွားနေရင် ကိုယ် ပဲ ထပ်ပြီး သောက ရောက် နေရမှာ ”

လက်ကလေး တစ်ဖက် ဖြင့် ကျော်မိုးလွင် ၏ လက်မောင်း အား လှမ်း ကိုင်လိုက်သည် ။ ထို လက် က ယောက်ျား ဖြစ်သူ ကို ဖျောင်းဖျလိုသော ၊ နှစ်သိမ့်လိုသော သူမ ရည်ရွယ်ချက် ၏ ကိုယ်စားလှယ် ဖြစ်ဟန် တူပါသည် ။

“ စိတ် လျှော့လိုက်ပါ ကိုကျော်မိုးလွင် ရယ် ၊ ဒါ မရတော့ရော ဘာ ဖြစ်သလဲ ၊ ကျွန်မတို့ မှာ ကလေး တစ်ယောက် နဲ့ ကျပ်တည်းတယ် ဆိုပေမယ့် ဒုက္ခ ရောက်နေကြတာ မှ မဟုတ်တာ ၊ ရှင့် ဝင်ငွေ ၊ ကျွန်မ ဝင်ငွေ နဲ့ ဖြစ်သလိုလေးတော့ ရပ်တည် နိုင်သေးတာပဲ ဟာ ၊ အရေးကြီးတာ က ကိုယ် ပြုပြီးတဲ့ ကောင်းမှုကုသိုလ်လေး ကို ပြန်ပြီး ပျက်ယွင်း မသွားစေဖို့ပဲ ၊ ရှင် ပြောတယ်မဟုတ်လား ၊ ရိုးသားမှု ဆိုတာ တစ်သက်လုံးစားလို့ မကုန်ပါဘူးဆို ”

ကျော်မိုးလွင် က ပို၍ ငြိမ်လာသည် ။ တရှူးရှူး ဖြစ်နေသော အသက်ရှူသံ ကို ပါ မကြားရတော့ ။

“ ရှင့် အဖေ က ကောက်ရတဲ့ ငွေထုပ်ကြီး ကို ပြန် ပေးခဲ့သလို ရှင် ကလည်း ကိုယ့် အဖေ ခြေရာ နင်းပြီး ဒီ ပစ္စည်းထုပ် ကို ပြန် ပေးခဲ့တယ် ၊ တကယ်ဆိုရင် ရှင် က ရှင့် အဖေ ထက်တောင် ပို တော်သေးတယ်လို့ ဆိုရမယ် ၊ ဘာကြောင့်ဆို သူတစ်ပါး အပေါ် ပြစ်မှား ကျူးလွန်ချင်တဲ့ သူတွေ များ လာတဲ့ ဒီ ခေတ်ကြီး ထဲ မှာ ရှင့် လုပ်ရပ်က တကယ့် ရှား မှ ရှား ပဲလေ ၊ ပြောရရင် ဒီ လုပ်ရပ်ဟာ ကိုယ့် အသက် ရှိသရွေ့ ပြန် တွေးမိတဲ့ အခါတိုင်း တစိမ့်စိမ့် ပီတိ ဖြစ်နေရမယ့် လုပ်ရပ်ပဲ ၊ ဒီ ကောင်းမှုလေး ကို ဘောက်ဆူး မရတာလေး တစ်ခု နဲ့ ပျက်စီးသွားအောင် ၊ ပွန်းပဲ့အောင် မလုပ်လိုက်ပါနဲ့ ၊ ဖြူပြီးသားလေး ကို ဆက်ပြီးတော့သာ ဖြူ ပါစေတော့ ရှင် ”

ချိုနွယ်ဦး စကား အဆုံးတွင် ကျော်မိုးလွင် က တစ်ကိုယ် လုံး ပျော့ကျ သွားသည် ။ ချိုနွယ်ဦး စကား က ချက်ကောင်း ကို တန်းခနဲ ဝင် သွားသည်မို့ လည်း ကျော်မိုးလွင် အတွက် ချေပစရာ စကား မရှိဘဲ ဖြစ် သွားသည် ။ ထို့ပြင် အမှန်တရား တစ်ခု ကို သိမြင်လိုက်မိခြင်း နှင့် အတူ စောစော က ဆူပွက်နေသော ခံစားချက်တွေ မှန်သမျှ ရုတ်ခြည်း လွင့်ပါး ကင်းစင်သွားတော့သည် ။

သို့သော် သူ့ စိတ် က ချက်ချင်း ပုံမှန် သို့ ပြန် ရောက်သွားပြီ ဟု မဆိုသာ ။ အလုံးအရင်း နှင့် ဝင်ရောက် ရိုက်ခတ်ခြင်းကို ခံခဲ့ရသည် နှင့်အညီ တော်တော် နှင့် အရှိန်မပျယ်နိုင်သေးဘဲ ဖြစ်နေသေးသည် ။

ညပိုင်း အိပ်ရာဝင်ချိန်လောက် ရောက်တော့မှ သူ့ စိတ် က အရာရာ ကို အောင်နိုင် သွားတော့သည် ။ ပေါ့ပါးခြင်း ၊ ကြည်လင်ခြင်း ၊ အေးမြခြင်း ၊ ငြိမ်သက်ခြင်း တည်း ဟူသော ကိုယ်စိတ် အခြေအနေများ က အပိတ်အဆို့ မရှိ လွှမ်းမိုး လာနိုင်တော့သည် ။

ချိုနွယ်ဦး ကို ပြောမိသော သူ့ စကားသံ က ပင် နေ့ခင်းတုန်းက နှင့် မတူကွဲပြားလျက် ရှိသည် ။

“ အေးပါကွာ ၊ မင်း ပြောတာ မှန်ပါတယ် ၊ ကိုယ် က ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး မှ တော့ ဘာများ သံယောဇဉ် အမျှင်တန်း နေစရာ လိုသေးလဲ ၊ ပိုင်ရှင် အပေါ် ငြူစူတဲ့ စိတ်နဲ့ ပြောမိဆိုမိ တာတောင် ငါ နောင်တ ရမိတယ်ကွာ ”

        •••   •••   •••   ••• 

နောက်တစ်နေ့ ကူး သည် နှင့် ပို၍ နောင်တရစေမည့် အကြောင်း တစ်ခု က ကျော်မိုးလွင် ကို ဆီးကြိုနေသည် ။ အုံနာအိမ် သို့ သွားခါနီးလောက်မှာပင် ဖုန်း ခေါ်သံ က မြည် လာသည် ။ ဖုန်း ကို နားထောင်လိုက်သည်နှင့် အောက်ပါအတိုင်း ကြား ရတော့သည် ။

“ မောင်ကျော်မိုးလွင် လား ဟေ့ ၊ အေး - မင်း ခုချက်ချင်း ဦး အိမ် ကို လာခဲ့စေချင်တယ် ၊ မနေ့က မင်း ကို ဦး ကောင်းကောင်း ဧည့်ခံ စကား မပြောလိုက်နိုင်တဲ့ အတွက် ဦး ကို ခွင့်လွှတ်ပါကွာ ၊ ဒီလိုကွ ၊ မင်း ကို ဦး နည်းနည်း ရှင်းပြမယ် ၊ တကယ်တော့ မင်း ကားပေါ် မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေ က ဘုရားထီးတော် မှာ ရွှေခေါင်းလောင်း အဖြစ် နဲ့ ချိတ်ဆွဲပြီး လှူဖို့ စီစဉ်ထားတဲ့ ပစ္စည်းတွေကွ ၊ ပန်းထိမ်ဆရာ လက် ထဲ ကို အပ်ဖို့ အသွား ၊ အသင်းရုံး မှာ အလုပ် တစ်ခု ပေါ်လာလို့ ခဏ ဝင် မိရာက မင်း ကားပေါ် မေ့ ကျန်ထားခဲ့မိတာပဲ ၊ ဦး က ဝေပုလ္လဆန်လှူ အသင်း မှာ ဥက္ကဋ္ဌ လုပ်တယ် ၊ နောက် နှစ် ထဲမှာ ဦး က အလုပ် အားလုံး ကနေ အနား ယူတော့မယ် ၊ ရဟန်းဘောင် ကို လည်း တက်တော့မယ် ။ ဒါကြောင့် ခုချိန်မှာ ဦး လည်း စွန့် စရာရှိတာ စွန့် ၊ လှူ စရာရှိတာ လှူ လုပ်နေတဲ့ အချိန် ဆို ပါတော့ကွာ ။ မနေ့က ဦး လည်း တော်တော် အလုပ် များသွားတယ် ကွ ၊ ညရောက်တော့မှ ဦး က မင်း အကြောင်း ကောင်းကောင်း ပြန် စဉ်းစားချိန် ရတော့တယ် ၊ လိုရင်း ပြောရရင် ဦး မင်း ကို သဘောကျ တယ်ကွာ ၊ မင်း ရဲ့ ရိုးသားမှု အတွက် တစ်ခုခု ပြန် ဆုချဖို့လည်း ဆုံးဖြတ် လိုက်တယ် ၊ ဒီတော့ ဦး က ဒီလို စီစဉ်ထားတယ် ၊ ဦး မှာ ဗင်ကား တစ်စီး ရှိတယ် ၊ အရင်တုန်းကတော့ ဦး ကိုယ်တိုင် မောင်းတယ် ၊ ခုတော့ ဦး မျက်စိ ကို သိပ် စိတ်မချတာ နဲ့ မမောင်းရဲတော့ဘူး ၊ ဒရိုင်ဘာ လည်း မငှားတော့ဘဲ ဒီအတိုင်း ထိုး ထားလိုက်တယ် ၊ အဲဒါ အဲဒီ ကား ကို ဦး မင်း လက် ထဲ အပ်မယ်ကွာ ၊ မင်း က ဦး သွားစရာရှိတဲ့ အခါ မောင်း ပို့ပေး ပေါ့ ၊ ကျန်တဲ့ အချိန်မှာတော့ မင်း ဘာသာ တက္ကစီ ဆွဲကွာ ၊ အုံနာခတွေ ဘာတွေ ပေးစရာ မလိုဘူး ၊ ရသလောက် မင်းယူ ၊ ပြီးတော့ နောက် နှစ် မှာ ဦး က ရဟန်းဘောင် တက်တော့ မှာ ဆိုတော့ အဲဒီ အချိန် ရောက်ရင် ဒီ ကား ကို ဦး က မင်း ကို အပိုင်တောင် လွှဲပေး ဦးမယ်ကွာ ၊ ဘယ့်နှယ်လဲ ၊ မင်း သဘော ကျရဲ့ မဟုတ်လား ၊ ဒါဖြင့် စီစဉ်စရာ ရှိတာ စီစဉ်ရအောင် မင်း ခုချက်ချင်း ဦး ဆီလာခဲ့ ၊ ဟုတ်ပြီ လားဟေ့ ”

အမှန် ပြောရလျှင် ဖုန်း ပြောခြင်း ကိစ္စ ပြီးလျှင် ပြီးချင်း ဝမ်းသာ စိတ် က ကျော်မိုးလွင် ရင်ထဲ ဟုန်းခနဲ ထကြွသွားမိသည် က အမှန် ။ သို့သော် မနေ့ က ဦးဘခိုင် အပေါ် ပြောမိ ၊ ဆိုမိ ၊ ပြစ်မှားမိသည်များ ကို သူ ချက်ချင်းပြန် သတိရသွားသည် ။ ထိုအခါ မိမိ ၏ စိတ် မခိုင်မှု ၊ စိတ်ထား မမှန်ခဲ့မှု အပေါ် ပြန်လည် ရှက်နိုးမိခြင်း နှင့် အတူ ထို ဝမ်းသာ စိတ်များ က ရုတ်ခြည်းပင် ငုတ်လျှိုး သွားသည် ။ ထိုမျှမက ပို၍ နောင်တ ရမိခြင်း ၊ တနုံ့နုံ့ဖြစ်ရခြင်းများ ကိုပါ မျက်ရည် လည်ရင်း ပူးတွဲ ခံစားလိုက်ရသည် ။

ခုနေ ဈေး ထဲ မှာ ချိုနွယ်ဦး ကို ဤ သတင်း ပြောပြလိုက်ပါက ဝမ်းသာသွားမည် မှာ မုချ ။ သို့သော် ယခု အချိန် ၌ စိတ် မကောင်းခြင်း ကသာ သူ့ အား ကြီးစိုးနေတော့ရာ ချိုနွယ်ဦး ကို အူယားဖားယား သွား ပြောပြချင်လောက်အောင် တက်ကြွ မနေတော့ပေ ။

တစ်ခုတော့ သူ ကောင်းကောင်း သိ လိုက်မိသည် ။ အခြား မဟုတ် ။ စစ်မှန်သော ရိုးသားမှု ကသာ အလုံးစုံသော စိတ် ချမ်းသာမှု ကို ပေးစွမ်း နိုင်သည် ။ နည်းနည်း ရိုးသား က နည်းနည်း ချမ်းသာ မည် ။ များများ ရိုးသား က များများ ချမ်းသာရမည် ။ ပြည့်ဝသော သီလဖြူစင်မှု ကသာ ပြည့်ဝသော ကောင်းကျိုးအထွေထွေ ကို ပေးစွမ်းနိုင်မည် ။ ကျားငစဉ်းလဲ ၏ ဥပုသ် စောင့် နည်းမျိုး ကဲ့သို့ အကျိုး ၊ အပေါက် ၊ အပြောက် ၊ အကြားတွေ နှင့် ပြည့်နှက်နေသော သီလ စောင့်ထိန်းနည်းမျိုး ကတော့ ရှက်ဖွယ်ရာ ၊ ကဲ့ရဲ့ဖွယ်ရာသာ ဖြစ်သည် ။ သို့ကြောင့် ယနေ့ မှ စ၍ စစ်မှန်ပြည့်ဝသော သီလ ကို သာ သူ ကြိုးစားပြီး ဆောက်တည်တော့မည် ၊ မည်သည့်အကြောင်း ကြောင့်ဖြစ်စေ မည်သည့် အခါမျှ ယိမ်းယိုင်သွေဖည်ခြင်း မရှိရ အောင်လည်း သူ ထိန်းသိမ်းသွားတော့မည် စသည် ဖြင့် ခိုင်မာသည့် သန္နိဋ္ဌာန် တစ်ရပ် ကိုပါ ပူးတွဲ၍ ချမှတ်လိုက်မိခြင်း ဖြစ်သည် ။

◾ရဲမြတ်တင်

📖 ကျွန်တော့်ဝတ္ထုတိုများ

aung naing oo

.

Sunday, February 6, 2022

မှော်ဂျင် မောင်ကြာ


 ❝  မှော်ဂျင် မောင်ကြာ ❞


မောင်ကြာ ဟု ဆိုလျှင် မှော်ရိုး တစ်လျှောက်လုံး မသိသူ မရှိ သလောက်ပါ ။ အားလုံး မဟုတ်သော်မှ အတော်များများသော အရေအတွက် က တစ်နည်းမဟုတ် တစ်နည်း မောင်ကြာ နှင့်ဆက်စပ် ပတ်သက်ဖူးကြသည် မို့ မောင်ကြာ က လူသိများသူ တစ်ဦးပါ ။ ထို့ထက် ပို၍ ဆိုရလျှင် မှော်လောက အကျော်ဇေယျတွေ ထဲမှာ မောင်ကြာ က တစ်ယောက် အပါအဝင်ပါ ။


မောင်ကြာ ဟု ဆိုသော်လည်း အသက်က ငယ်ငယ်တော့ မဟုတ် ။ လေးဆယ့်ငါး ဝန်းကျင်လောက်တော့ ရှိပေမည် ။ လူပုံ က အသားဖြူဖြူ ပုပုဝဝ ၊ ဗိုက်ရွှဲရွှဲ ။ အမြဲတစေ စပို့ရှပ် လက်တို နှင့်လျှာထိုးဦးထုပ် ကို ဝတ်တတ် ဆောင်းတတ်ပြီး ပုဆိုး ကို သူ့ ဗိုက်ပူကြီး အောက်မှ ချက်ပြုတ် ဝတ်တတ်ခြင်း က သူ ၏ အမှတ်သင်္ကေတ တစ်ခုပင် ဖြစ်သည် ။ သူ့ ကို ရုတ်တရက် ကြည့် လိုက်လျှင် နှေးကွေးလေးလံသူ  ဟု ထင်စရာ ကောင်းလှသော်ငြား ထိုသို့ လားလားမှ မဟုတ် ။ အလွန်မြန် ၊ အလွန်သွက် ၊ အလွန်လည်သော သူ ။ မျက်စိရော ၊ နားရော ၊ ပါးစပ်ရော ၊ ခြေရော ၊ လက်ရော ဘာတစ်ခုမျှမဖျတ်လတ် မနိုးကြားတာ မရှိ ။ ပြောရလျှင် လူ နှင့် အလုပ် အလွန် ဟပ်မိသည့် သူ ။ အများက သူ့ ကို ခေါ်တာပင် ကြည့်ပါ ။ ဂျင်ကြာ တဲ့ ။


မှော်ထဲ ကို လာပြီဆိုသည်နှင့် မောင်ကြာ့ စက်ကွင်း က လွတ်သူ ဟူ၍ ခပ်ရှားရှား ပင် ။ သည်လို ဖြစ်ရအောင် ကို မောင်ကြာ့ အလုပ် ၊ မောင်ကြာ့ ခွင် ၊ မောင်ကြာ့ ကွန်ရက် က သေးသေးမှ မဟုတ်တာ ။ သူ့ ကို ပွဲစား လို့ပဲ ခေါ်ခေါ် ၊ ရိုက်စား လို့ပဲ ပြောပြော သူ ကိုင်ထားသည့် ကဏ္ဍတွေက တကယ့်ကို များမှ များကိုး ။ ကြည့်လိုက်ပါ ၊ မှော် ထဲ လာတာ ဈေးရောင်းဖို့လား ၊ ကျင်းတူးဖို့လား ၊ ကျင်း က အသစ် တူးမှာလား ၊ အဟောင်း ဝယ်မှာလား ။ ကျင်းချင်းပဲ အလဲအထပ် လုပ်ချင်တာလား ။ အင်ဂျင်တွေ ၊ ကလပ်ခုံတွေ ၊ ထောင်းပိုက်တွေ ဝယ်ချင်သလား ။ ရောင်းချင်သလား ။ ရောင်းမှာ ဝယ်မှာ တွေ က အသစ်လား ၊ အဟောင်းလား ။ အလုပ်သမား ခေါ်ချင်သေးသလား ။ ခေါ်မယ့် အလုပ်သမား က နေ့စားလား ၊ တောင်စားလား ၊ ကျင်းပြတ်သမားလား ။ ဆီ ကို ဝယ်ချင်တာလား ၊ ရောင်းချင်တာလား ။ ဒါဆိုရင် ဂါလံလိုက်လား ၊ ပုံးချင့်လား ၊ ပီပါပြတ်လား ။ အို ၊ တကယ့်ကို စုံ မှ စုံ ။ မောင်ကြာ ပါမှ ပြီးရမည့် အလုပ်များ ကို စာရင်းချ ကြည့်ပါက ဆုံးနိုင်အံ့ မထင် ။


ရေနံ လောကထဲ ကို ဝင်လာသူ မှန်သမျှ အားလုံးလိုလို အဆင်ပြေ အိုကေ သွားကြသည်တော့ မဟုတ် ။ လုပ်ငန်းကိုင်ငန်းကလေး ခွင်တည့်ပြီး ပွပေါက် တိုးသွားသူတွေလည်း မရှားသလို ဘယ်လောက်ပဲလုပ်လုပ် အစစအရာရာ အလုပ် မဖြစ် အကျိုးမပေးဘဲ ကုန်းကောက်စရာ မရှိအောင် မွဲသွားသူတွေလည်း အများအပြား ။ ဟိုဘက် သည်ဘက် အရှုံးအမြတ် မပေါ်ဘဲ သရေရလဒ် နှင့် ကျေနပ်လိုက်ရသူတွေလည်း ဒု နှင့် ဒေး ။ အမှန်ဆိုလျှင် သေသေချာချာ စစ်တမ်း ကောက်ကြည့်ပါက မှော် လောက မှာ ရင်ကော့ ၊ ခေါင်းမော့ လက်မ,ထောင်သွားနိုင်သူတွေ ထက်  မျက်နှာ ရှုံ့မဲ့ပြီး လက်ခါပြသွားသူ တွေက ပိုများလိမ့်မည်ဟူ၍ပင် ပြောနိုင်သည် ။ မှော် ဆိုသည်မှာ လောဘ ၏ ရှေ့ဆောင်မှုကြောင့် ရချင်၍ ဝင်လုပ်ကြသည် မှန်သော်ငြား လုပ်လေတိုင်း မှန်းချက်နှင့် နှမ်းထွက် ကိုက်တတ်သော အလုပ်မျိုး မဟုတ် ။ ခိုင်ခိုင်မာမာရေရေရာရာ ရှိလှသော အလုပ်မျိုး မဟုတ် ။ သို့သော် မောင်ကြာ တို့လို မှော်ဂျင်တွေ အတွက်ကျတော့ သည်လို မဟုတ်ပြန် ။ သေချာပေါက် ပြောနိုင်တာရှိသည် ။ သူတို့ အလုပ်က လူတချို့ကဲ့သို့ ချက်ချင်းလက်ငင်းဘဝပြောင်းကာ တိုက်ဆောက် ကားစီးသွားနိုင်သည့် အလုပ်မျိုးတော့ မဟုတ် ။ ထို့အတူ ရှုံးသွားပြီ ၊ ကုန်သွားပြီ ၊ ပြာကျသွားပြီဆိုသည့် အဖြစ်မျိုးလည်း ဘယ်တော့မှ မရောက်နိုင် ။ မရောက်ဆို သူတကာ့ဆီက ဖြည်းဖြည်းနှင့် မှန်မှန် ပါးပါး တစ်လှည့် ၊ ထူထူ တစ်လှည့် လှီးစား နေရသည့် အလုပ်မျိုး လုပ်နေမှတော့ ရှုံးသည် ဟူ၍ ဘယ်မှာ ရှိပါဦး မည်နည်း ။ အရင်းအနှီး ဟူ၍ ခြူး တစ်ပြားမျှ ကုန်စရာ မလိုဘဲ လူအား ပါးစပ်အား လောက်သာ စိုက်ထုတ်ရသည့် အလုပ်မျိုး လုပ်နေမှတော့ ပြုတ်သွားပြီ ၊ ကုန်သွားပြီ ဟူ၍ ဘယ်မှာ ရှိပါဦးမည်နည်း ။


မောင်ကြာ ကို ဖျံကျ တတ်သည် ၊ အညွန့်ခူး တတ်သည် ၊ ခေါင်းပုံဖြတ်တတ်သည် ဟူ၍ သိထားပြီး သကာလ သူ နှင့် မဆက်ဆံလိုဘဲ ဝေးဝေးက ရှောင်လိုက ရှောင် နိုင်သည် ။ သို့တည်း မဟုတ် ၊ သူ့ အကြောင်းကိုလည်း သိ ၊ သူ နှင့် လည်း မပတ်သက်၍ မဖြစ် ဟု ဆိုလျှင်တော့ သူ နှင့် အလုပ် လုပ်မည့် လုပ်ငန်းအကြောင်း ကို သူ့ ထက် ပိုပြီး နားလည်အောင် ၊ သူ့လောက်နီးနီး ကျေညက်အောင် ကျွမ်းထား သိထားဖို့ လိုသည် ။ ဥပမာ အင်ဂျင်တစ်လုံး ကို ဝယ်ချင်ပြီ ဆိုပါစို့ ။ အင်ဂျင်အကြောင်း ကို တကယ် နားလည်ပါမှ ၊ တကယ် ကျွမ်းကျင်ပါမှ မောင်ကြာ နှင့် ဆက်ဆံပါလေ ။ သို့မဟုတ်လျှင်တော့ မောင်ကြာ့ ခါးပိုက်ထဲ ရောက်ရဖို့သာ ပြင်ထား ။


မှော် ထဲမှာ က ပြောကြစို့ဆိုလျှင် ဖုတ်ပူမီးတိုက်သမားတွေ သာ များသည် ။ အခု ဝယ်ချင် ဝယ်ချင် အခု ရောင်းချင် ရောင်းချင် ဆိုသူတွေသာ များသည် ။ သည်လို ဖြစ်ရသည်မှာ ရေနံမှော် ၏ သဘော သဘာဝ ကိုက အပြောင်းအလဲ ဖြစ်ချင်ပြီဆိုမှဖြင့် ချက်ချင်း မှ ချက်ချင်း ကိုး ။ သည်လို အခါမျိုးတွင်တော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလို မောင်ကြာ တို့ ခွင်ချည်းပဲသာ မှတ်လိုက်ပေတော့ ။ အဲ ၊ သူ အကြိုက်တကာ့ အကြိုက်ဆုံး ကတော့ မှော် လောကထဲ ကို မလည်မဝယ် နှင့် အခုမှ စပြီး ဝင်လာမည့် သူ ၊ အခုမှ စပြီး အလုပ် လုပ်မည့် သူ မျိုးပင် ဖြစ်သည် ။ ထိုသူမျိုး ကိုတော့ မောင်ကြာ တို့က လာပါ လာပါ ဟုပင် လက်ယပ် ခေါ်ပေလိမ့်ဦးမည် ။ ထိုသူမျိုးနှင့် တွေ့ဆုံရခြင်းက သိုက်တစ်ခု တူးရသလို သူ့ အတွက် အကျိုး ရှိလွန်းသောကြောင့်ပင် ဖြစ်သည် ။


မှော် ထဲမှာ မောင်ကြာ ကြောင့် အဆင်ချောသွား သူ ၊ မောင်ကြာ ကြောင့် ပြေလည်သွား သူ တွေရော မရှိတော့ဘူးလားဟု မေးစရာ ရှိပါသည် ။ အများကြီးပါ ။ မောင်ကြာ နှင့် ချိတ်ဆက်မိပြီးမှ ထူထူထောင်ထောင် ဖြစ်သွားရသူတွေ အများကြီးပါ ။ သို့လင့်ကစား ကောင်းသတင်း ထက် မကောင်းသတင်း က ပို၍ ကျော်တတ်သော လောကထုံးစံအတိုင်း မောင်ကြာ မွှေးသည့်အကြောင်းထက် မောင်ကြာပုပ်သည့် အကြောင်းကသာ မှော် ထဲမှာ ပို၍ လူ့သတင်း လူချင်းဆောင်ကာ နေလေ၏ ။ မောင်ကြာ ချတာ ၊ မောင်ကြာ ဆော်တာ ကို ခံရဖူးသူတွေ ဘက်က ကြည့်ပြန်တော့လည်း မောင်ကြာ က အလွန် ချဉ်စရာ ၊ အလွန် ခါးစရာ ဖြစ်နေသည်မှာ သဘာဝ ကျနေပြန်သည် ။ မောင်ကြာ့ ကို အော့ကြောလန်သူတွေက အရပ် ရှစ်မျက်နှာ မှာ လက်ညှိုးထိုး မလွဲအောင်ပင် ရှိကြသည် ။ ထိုသူများ အနက်မှ ကိုတင်သောင်း ဆိုသူက ဤသို့ ရေရွတ်ကြုံးဝါးခဲ့သည် ။


“ တောက် ၊ ဖြစ်နိုင်ရင် မောင်ကြာ ဆိုတဲ့ ကောင် ကို ဓား နဲ့သာနုပ်နုပ် စဉ်းပစ်ချင်တယ် ။ ဒီကောင့် မျက်နှာ ကို တစ်ခါ မြင်ရတိုင်းတစ်ခါ ငရဲ ကျသလိုပဲဟေ့ ” 


xxx   xxx   xxx


သည်တုန်းက ကိုတင်သောင်း က မှော် ထဲ ကို ရောက်ခါစ ။


“ ကိုမောင်ကြာ ရေ ၊ ကျင်း ကောင်းကောင်းလေး တစ်ကျင်းလောက် ရှာပေးစမ်းပါဦး ဗျာ ။ ကျင်းသစ် တူးတာ နဲ့ စာရင် ကျင်းဟောင်း ပြန်ဝယ်ပြီး ပုံမှန် ဆီ ခပ်စားနေရတဲ့ အလုပ် က ပို ကိုက်မလားလို့ ” 


“ သိပ် ဟုတ်တာပေါ့ဗျာ ။ ဉာဏ်ရှိတဲ့သူ မှန်ရင် ဒီလို တွက်တာပဲ ။ ကျင်း က ဘယ်လို ကျင်းမျိုး လိုချင်သလဲ ။ အမြင့်ကျင်းလား ၊ အောက်ကျင်းလား ” 


“ သင့်တော်မယ့် ကျင်းမျိုးပေါ့ဗျာ ။ ခင်ဗျား ကိုပဲ အားကိုးပါတယ် ” 


“ ဒါဆိုရင် အမြင့်ကျင်းထဲကပဲ ယူ ။ အောက်ကျင်းတွေက မှားတတ်တယ် ။ ဆီထွက်နှုန်း ကောင်းပြီး ဈေးနှုန်းကလည်း ခပ်သင့်သင့် ဆိုတဲ့ ကျင်းမျိုး ကျွန်တော့်မှာ ရှိတယ်“ 


“ ကောင်းပါလေ့ဗျာ ။ ကြည့်လုပ်ပါဦး ” 


သည်လိုနှင့် ကျင်း အရောင်းအဝယ်ကိစ္စ ကို လုပ်ဖြစ်ကြသည် ။ ပထမ မောင်ကြာ က ကိုတင်သောင်း ကို ကျင်းရောင်းမည့် သူတွေ နှင့် တွေ့ ပေးသည် ။ ကျင်းတန်ဖိုးကိစ္စ ကိုလည်း သူတို့ ဘာသာ စကားပြောစေသည် ။ ဈေးနှုန်း နှင့် ပတ်သက်ပြီး ရောင်းသူဝယ်သူ နှစ်ဦး ညှိနှိုင်းကြသည် ။ ထို့နောက် ကိုတင်သောင်း အား ကျင်း အခြေအနေ ကို မျက်မြင်အတိုင်း လေ့လာခိုင်းသည် ။


ဤတွင် ကျင်း အနေအထားကို စူးစမ်းနေသည့် ကိုတင်သောင်း အပါးသို့ ကပ်ကာ မောင်ကြာ က တိုးတိုး ပြောသည် ။


“  ဒီကျင်း အကြောင်းကို ကျွန်တော် ကောင်းကောင်း သိတယ်ဗျ ။ ဒီကောင် နှစ်ရက်ကို တစ်ပီပါနှုန်း နဲ့ ဆီထွက် မှန်နေတာ နှစ်ပတ် တောင် လည်တော့မယ် ။ သူတို့က ဒီကျင်း ကို သိပ် ရောင်းချင်တာ မဟုတ်ဘူး ။ဟိုတုန်းကတည်းက ဒီကျင်း ကို မျက်စိကျပြီး လာတောင်းဝယ်သူတွေရှိတယ် ။ အခုမှ သူတို့ အစုစပ် အချင်းချင်း ရန်တွေဖြစ် ၊ သဘောထားတွေ ကွဲလွဲပြီး ကျင်းကို ပြန်ရောင်းမယ် ဖြစ်လာတာ ။ ဒီ ကျင်းမျိုးကိုဒီဈေးမျိုးနဲ့ ရတာ ခင်ဗျား တစ်ယောက် ပဲ ရှိသေးတယ် ” 


အမှန်တော့ ကိုတင်သောင်း ကလည်း ရေနံ နှင့် ပတ်သက်၍ စိမ်းလှသူတော့ မဟုတ်ပါ ။ အထိုက်အလျောက် အတွေ့အကြုံ ရှိသူ ၊ နားလည်သူသာ ဖြစ်ပါသည် ။ ထို့ကြောင့် ဤ ကျင်းကို တကယ် ဆီထွက် မှန်သော ကျင်း ဟုတ် မဟုတ် တစ်ပတ်ခန့် စောင့် ကြည့်ပြီးမှ ဝယ်ဖို့ ဆုံးဖြတ်သည် ။ သည် အတောအတွင်း တစ်ရက် ကို သုံးကြိမ် ဆီခပ်ချိန် ရောက်တိုင်း စေ့စေ့စပ်စပ် လာကြည့်သည် ။ သို့သော် သားတော်မောင် လုပ်သူက တစ်ရက်နှစ်ရက် မျှ လေ့လာပြီးသည် နှင့် ကျင်းကို သဘော အတွေ့ကြီး တွေ့သွားသည် ။ ကျင်း ကို နောက် တစ်ယောက် လက်ထဲ ရောက်မသွားမီ အမြန် ယူလိုက်ဖို့ချည်း လောဆော်နေတော့သည် ။ သည်တော့ သူ ကိုယ်တိုင်ပင် ဟုတ်နိုးနိုး စိတ်ထဲ ထင်မိရာက သုံးရက်မြောက်သော နေ့တွင် ကျင်း ကို အပြီး ငွေချေလိုက်သည့် အဆင့်သို့ ရောက်သွားသည် ။


အဲ ... ကျင်း ဝယ်ပြီး၍ နှစ်ရက် ပင် မကြာပါ ။ အဖြေ က ဘွားဘွားကြီး ပေါ်လာသည် ။ ပထမ တစ်ရက် လောက်သာ ဆီ က မှန်မှန် ခပ်၍ ရသည် ။ နောက်နေ့ ကျတော့ ပုံမှန် မဟုတ်တော့ပြီ ။ မရ တစ်ချက် ရ တစ်ချက် ဖြစ်လာသည် ။ စိတ်ထဲမှာ စပြီး ထင့်ခနဲ ဖြစ်ရပြီ ။


ချက်ချင်းပင် မောင်ကြာ ကို ပြန်ရှာ ရသည် ။ သူ့ အလုပ်တွေနှင့် သူ ပျာယာခတ် နေသော မောင်ကြာ ကို မနည်း လိုက်ရှာယူရသည် ။ ကျင်း အကြောင်းကို ပြောပြတော့ မောင်ကြာ က . .


“ အာ ... ဒါက သဘာဝပဲ ။ ကျင်း က ဆီ ခပ်လာတာ ကြာပြီ ဆိုတော့ ဆီ ထွက် က နည်းနည်း ထိုင်း သွားတတ်တယ် ။ ကျင်း ကို အစာလေး ဘာလေး ပြန်ကောက်ပေးလိုက် ။ ပုံမှန် အတိုင်း ဖြစ်လာလိမ့်မယ် ” 


ခပ်ပေါ့ပေါ့ ပြောပြီး ထွက်သွားသည် ။ သို့နှင့် ကျင်း ကို သူပြောသည့်အတိုင်း အစာ ပြန်ကောက် ကြည့်သည် ။ သို့သော် ထောင်းရတာသာ အဖတ်တင်သည် ။ ဘာမှ ထူးမလာ ။ ကျင်း က ပို နက်သွားသော်လည်း ဆီ ထွက် က ယခင် အတိုင်းသာ ။ နှစ်ရက် တစ်ပီပါ ဆိုသည့် ကျင်း က တစ်ပတ် ဆယ်ရက် ခပ်တာတောင် တစ်ပီပါမပြည့်ချင် ။


သိလိုက်ပြီ ။ အပတ် ခံလိုက်ရပြီဆိုသည် ကို ကိုတင်သောင်း ကောင်းကောင်းကြီး သိလိုက်ပြီ ။ ထိုအခါ ဒေါသ က စိတ်ထဲမှာ တဖျဉ်းဖျဉ်း ထွက်ပေါ်လာသည် ။ တဖန် ထို ဒေါသ ကို ပွားသည်ထက် ပွားအောင်မီးထိုးပေးမည့်သူက အချိန်ကိုက် ဆိုသလို ဆိုက်ရောက်လာပြန်သည် ။


တစ်နေ့ညနေတွင် ကောင်လေး တစ်ယောက် က ကိုတင်သောင်း တဲ ထဲ ဝင်လာသည် ။ ထို ကောင်လေး က ယခင် ဤ ကျင်းကို ရောင်းလိုက်သူများ ထံမှ ဆီခပ်သမား အဖြစ် အလုပ် လုပ်ခဲ့သူဖြစ်သည် ။ကောင်လေး ရင်ဖွင့်ပုံ က ...


“ ဦးလေး ကို ကိုမောင်ကြာ နဲ့ ကျင်းပိုင်တွေ ပေါင်းပြီး ရိတ်လိုက်တာဗျ ၊ ကျွန်တော် က သူတို့ ခိုင်းတဲ့ အတိုင်း အပြင်က ဆီတွေ ကို ကျင်းထဲ လောင်းပြီး ဖြည့် ဖြည့်ထားရတာ ။ ဦးလေး လာကြည့်တော့မှ ကျင်း ထဲက ထွက်တဲ့ ဆီတွေ ဖြစ်လေဟန် ခပ် , ခပ် ပြရတာပေါ့ ။ ကျင်း လည်း ရောင်းပြီးရော သူတို့ တစ်ဖွဲ့လုံး ညတွင်းချင်း ပြောင်းပြေးကြတာ ကြည့်ပါလား ” 


ကောင်လေး စကားကြောင့် မောင်ကြာ့ ကို သတ်ချင်စိတ်တွေက တဖွားဖွား ဖြစ်ပေါ်လာသည် ။ မောင်ကြာ နှင့် ထပ်ရှင်းဖို့ကိုလည်း မောင်းတင်ထား လိုက်သည် ။ သို့သော် သေသေချာချာ စဉ်းစား ကြည့်ပြန်တော့ သည် ကိစ္စက ထင်သလောက် မလွယ်နိုင်တော့ချေ ။ သုံးဦး သုံးဖလှယ် ဆုံပြီး ရှင်းရမည့်အ‌ရေးတွင် မောင်ကြာ ကို ခေါ်၍ ရသည်ထားဦး ၊ ဟို ကျင်းရောင်းပြေးတွေ က ဘယ်လိုက် ခေါ်ရမှန်း မသိ ။ ဘယ် အရပ်သားတွေမှန်းလည်း မသိ ။ ကျင်း အရောင်းအဝယ်စာချုပ် ထဲမှာ နာမည် တွေတော့ ပါ ပါရဲ့ ။ သို့သော် အစုစပ် လုပ်ကြသော ကျင်းမို့ မည်သူက အဓိက တာဝန်ခံ ဆိုတာလည်း မသိနိုင်ပြန် ။ သည်လိုနှင့်ပင် ပြီးခဲ့ရတော့သည် ။ ရှင်းနေ၍လည်း ဘာမှ ထူးမလာတော့မည့် အတူတူ အရှုံး နှင့်သာ နေလိုက်ရတော့သည် ။ ကိုတင်သောင်း က တက် တခေါက်ခေါက် လုပ်ရုံမှ တစ်ပါး ဘာမျှ မတတ်နိုင်ခဲ့ ။


မောင်ကြာ ကိုတော့ ဟိုနား ရိပ်ခနဲ သည်နား ရိပ်ခနဲ ဆိုသလို မကြာခဏ တွေ့နေရသည် ။ မှော် တကာအနှံ့ လျှောက်လည်နေသည့် ဂျင် ဆိုတော့ တွေ့ရပေမည်ပေါ့ ။ သို့သော် သည်ကောင် က လူပါး ။ကိုတင်သောင်း နှင့် မျက်နှာချင်း ဆိုင်မိသည့် အဖြစ်သို့ ဘယ်တော့မှ အရောက် မခံ ။ ဝေးဝေးကပင် ရှောင်,ရှောင်သွားသည် ။ ကိုယ့်မှာသာ သည်ကောင့် ကို တွေ့ရသည့် အခါတိုင်း တီ ကို ဆား နှင့် တို့ လိုက်သလိုတွန့်ခနဲ တွန့်ခနဲ ဖြစ်,ဖြစ်သွားရသည် ။


တဲနီးချင်း ကိုမြင့်အောင် ဆိုသူက ခရီးလွန်ပြီးမှ ဝင်ပြောဖော်ရတော့သည် ။


“ ဒီ မောင်ကြာ ဆိုတဲ့ လူက လူတကာ့ ချဉ်ဖတ်ဗျာ့ ။ တစ်ခါဆက်ဆံ ဆယ်ခါလန် ဆိုတဲ့ လူစားမျိုး ။ ဘယ့်နှယ်ဗျာ ၊ ကျွန်တော် အခု ဆီခပ်နေတဲ့ ကျင်းကလေး စ ဖောက်တုန်းက ၊ ကျင်းပြတ်ငှား တူးမယ်ဆိုပြီး သူ နဲ့ ဆက်သွယ်လိုက်ပါတယ် ။ တစ်ခါတည်းကို တာတေလံ ရော ။ အတောင်တစ်ရာ ကို နှစ်သိန်းခွဲ နဲ့ အပြတ် ဆိုလို့ ငှား တူးလိုက်တာ ။ အတောင်သုံးရာ ပြည့်လို့ ငွေလည်း ရှင်းပေးရော အလုပ်သမား လေးယောက် အတွက် စားစရိတ် တစ်ဝက် ခံရဦးမယ် ဖြစ်လာတော့တာပဲ ။ ကိုမောင်ကြာ ... ကျွန်တော်တို့ စ စကားပြောတုန်းက ဒါ မပါ ပါဘူးဆိုတော့ ၊ မဟုတ်ဘူး ၊ ဒါ ထုံးစံပဲ ဆိုပြီး အတင်းတောင်းနေလို့ ပြဿနာ မဖြစ်ချင်တာနဲ့ ပေးလိုက်ရပါရောလား ဗျာ ” 


ကိုအုန်းရွှေ ဆိုသူကလည်း ....


“  ကျွန်တော့် တုန်းကလည်း ဒီလိုပဲဗျ ။ သူ့ ဆီက အလုပ်သမား ခေါ်ပြီး လုပ်လိုက်တာ ။ အလုပ်သမား ကောင်လေးတွေ က ကျင်း ပြီးသွားပေမဲ့ မောင်ကြာ ဆီ က ပိုက်ဆံ မရသေးလို့ မပြန်နိုင်ကြဘဲတဝဲလည်လည် နဲ့ ဖြစ်နေကြရှာတယ် ။ တချို့က ကိုယ့်ရွာ ကထိန် ကို မီအောင် ပြန်ချင်နေကြပြီ ။ ဒါနဲ့ကျွန်တော် က ကောင်လေးတွေ ကို အကျိုးအကြောင်း မေးကြည့်တော့ ကျွန်တော့် ဆီက ငွေ အကုန်မရသေးလို့ သူတို့ ကို ငွေရှင်း မပေးနိုင်သေးဘူးလို့ မောင်ကြာ က ပြောတယ် ဆိုကိုး ။ ဟာ ... ငါ က မင်း တို့ ပွဲစား ကို ငွေ ရှင်းပေးပြီးတာ ကြာလှပေါ့လို့ ပြောလိုက်တော့ မှ ကောင်လေးတွေ က သူ့ ဆီ ဝိုင်းပြီးတောင်းကြတော့တာ ။ ဒီတော့မှ ဒီလူ က ဒိပြင် နေရာမှာ ငွေလွန် နေလို့ပါ ၊ ဘာညာ နဲ့ စကားရော ဖောရော လုပ်ပြီး ကောင်လေးတွေ ကို ငွေရှင်းပေးတယ် ။ အမှန်တော့ မဟုတ်ဘူး ။ ဒီလူ သက်သက် ဂျင်ဂလယ် ရိုက်ပြီး တခြား နေရာမှာ ငွေကို လှည့်သုံးထားတာ ” 


နောက်ဆုံးတော့လည်း ပြီးတာတွေ ပြီးပါစေတော့ ဆိုပြီး ထုံးစံအတိုင်း ဗမာ့နည်း ဗမာ့ဟန်နှင့် သင်ပုန်း ချေလိုက်ရတော့ တာပါပဲ ။ အလုပ် မဖြစ်သော ထိုကျင်း အပြင် နောက်ထပ် ကျင်းသစ်တစ်ကျင်းပါ ကိုတင်သောင်း ထပ် ဝယ်လိုက်ရသည် ။ ထို ကျင်းကလေးက မျှော်လင့်ထား သလို အကျိုးပေးနေသည်မို့ တော်ပါသေးသည် ။


xxx   xxx   xxx


နောက် တစ်လကျော်ကျော်လောက် အကြာတွင် ကိုတင်သောင်း တို့ ဇနီးမောင်နှံ မှော် ထဲမှ မြို့ပေါ် သို့ တက်လာခဲ့ကြသည် ။ မြို့ဈေးသို့ ရောက်လျှင် ဝယ်ခြမ်းစရာ ရှိသည်များကို ဝယ်ခြမ်းကြသည် ။ဘော်ဒါ ပို့ထားသည့် ကျောင်းသား အတွက်လည်း ငွေလွှဲ ရသည် ။ ထို့နောက် မှော်ပြန် ကားဖြင့် ပြန်လည် လိုက်ပါလာခဲ့ကြသည် ။


ရာသီက မိုးဦးရာသီ သို့ ရောက်ခဲ့လေပြီ ။ သည်နှစ်က မိုးဦး ကောင်းသော နှစ် ဟု ဆိုနိုင်သည် ။ ယခုတလော ရက်ဆက် ဆိုသလိုပင် မိုးတွေ တအုန်းအုန်း ရွာချနေသည် ။ မိုးတွင်း ရောက်ပြီဆိုလျှင် မှော် ထဲမှာက တစ်မျိုး ကောင်းပြီး တစ်မျိုးက မကောင်း ။ မှော်ထဲမှာ ရေ က အဖိုးတန်လှသည် ။ ဈေးကြီးပေး ဝယ်သုံးကြရသည် ။ ခုလို မိုးက သဲသဲမဲမဲ ရွာချပေးလိုက်တော့ သောက်ရေ ၊ သုံးရေ ၊ ချိုးရေမှ အစ ရေကို ပေါပေါပဲပဲ ရသွားသည်မို့ အားလုံးအတွက် အဆင်ပြေသည် ။ တစ်ခု မကောင်းတာက မိုးတွင်း ရောက်ပြီဆိုလျှင် ကျန်းမာရေး အတွက်က စိတ် မချရ ။ စည်းကမ်းမဲ့ နေထိုင်သူများကြောင့် ဝမ်းရောဂါ ကဲ့သို့ ရောဂါဆိုးကြီးများ ပေါက်ပွားလာမှာ စိုးရိမ်ရသည် ။ နောက်ပြီး သွားရေးလာရေး နှင့် ပတ်သက်၍လည်း ဒုက္ခ ရောက်ကြရသည် ။ သိကြသည့် အတိုင်း မှော်သွားလမ်း များက မိုးတွင်း ရောက်ပြီ ဆိုမှဖြင့် ဗွက်တွေ ၊ ကျင်းတွေ ၊ ချိုင့်တွေ နှင့် ဖြောင့်ဖြူးခြင်း လုံးဝ မရှိတော့ပေ ။


ယခု ကိုတင်သောင်း တို့ စီးလာသော မှော်ပြန်ကား ကလည်း မိုးတွေ တသဲသဲ ရွာချနေသည့်ကြားမှပင် ဖြည်းဖြည်းချင်း မောင်းလာခဲ့သည် ။ လမ်းတွေက မှော် ရောက်ခါနီးလေ ပိုဆိုးလေ ။ ကားဆရာ က ခက်ခက်ခဲခဲပင် ကြိုးစားပမ်းစား မောင်းနေရသည် ။ မှော် ဝင်ခါနီး စရွေးချောင်း ကို ရောက်တော့ ကား က ဘယ်လိုမှ ရှေ့ဆက် သွား၍ မရတော့ပေ ။ ဒလဟော ကျလာနေသော တောင်ကျ ရေ က ချောင်း ၏ ကမ်းနှစ်ဖက်စလုံး ပြည့်လျှံ၍ နေသည် ။ အချိန်က လည်း နေဝင်သွားခဲ့ပြီမို့ မကြာခင် မိုးချုပ်တော့မည် ။ ဤတွင် ကားဆရာ က သည်ည သည်စခန်းမှာပင် စတည်းချဖို့ ဆုံးဖြတ်လိုက်သည် ။ ခရီးသည်များ ကိုလည်း ကိုယ့် အစီအစဉ် နှင့် ကိုယ် သင့်တော်ရာတွင် တည်းခိုကြဖို့ ပြောလိုက်သည် ။ သို့သော် ရေ စောစော ကျသွားပါက ညတွင်းချင်းပင် ကားဆက် ထွက်မည့်အကြောင်းကို ခရီးသည်များအား ဆော်ဩထားလေသည် ။


သို့နှင့် ကိုတင်သောင်း တို့ သည်စခန်းမှာပင် ညအိပ်ဖို့ ပြင်ကြရသည် ။ ဤ စခန်းမှာ သူတို့ နေထိုင်ရာ သဖန်းဆိပ် မှော်ကြီး ၏ စခန်းထောက် တစ်ခု ဟု ပြောနိုင်သည် ။ ဆီခြံများ ၊ ကုမ္ပဏီ အဆောက်အအုံများ ၊ စားသောက်ဆိုင်များဖြင့် စည်ကားနေသည် ။ အထူးသဖြင့် ဆီ အရောင်းအဝယ် ပြုလုပ်ရာ ၊ ဆီပွဲစားများ ကျင်လည်ရာ နေရာဖြစ်သည့်အတွက် ငွေရွှင်သော နေရာဌာန တို့၏ ထုံးစံအတိုင်း ဒုစရိုက်ပေါများသော နေရာတစ်ခုဟုလည်း ဆိုနိုင်သည် ။ လောင်းကစား ပြုလုပ်နိုင်သော တဲများ ၊ ဘိလိယက်ခုံများ ၊ မိန်းကလေးများ ဖြင့် ပိုက်ဆံ ရှာသော ဆိုင်များကို မီးရောင် တဝင်းဝင်းဖြင့် အထင်အရှားပင် တွေ့နေရလေသည် ။


ကိုတင်သောင်း တို့က တည်းခိုနေကျ ထမင်းဆိုင် မှာပင် စတည်းချလိုက်ကြသည် ။ ခရီးပန်းလာကြသည်မို့ ထမင်းစားသောက် ပြီးသည်နှင့် စောစော အိပ်ရာဝင်လိုက်ကြသည် ။


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ရာမှ ညနာရီပြန် တစ်ချက်လောက် ရောက်တော့ တစ်ဖက် ဆိုင်ခန်းမှ ထွက်ပေါ်လာသော ဆူဆူညံညံ အသံများကြောင့် ကိုတင်သောင်း လန့်နိုးလာခဲ့သည် ။ တစ်ဖက်ဆိုင်နှင့်က တံစက်မြိတ်ချင်း ထိစပ်နေသည်မို့ ထိုဆိုင်မှ ဝရုန်းသုန်းကား ဖြစ်နေသံများကို သဲသဲကွဲကွဲပင် ကြားနေရသည် ။ ယောက်ျား မိန်းမ ငြင်းခုံ ပြောဆိုနေသံ ၊ လုံးထွေးသတ်ပုတ်နေသံများကို အတိုင်းသားပင် ကြားနေရသည် ။ အထိတ်တလန့် ဖြစ်တတ်သော မှော် ၏ သဘာဝ ကို သိထားသူမို့ အိပ်ရာမှ ချက်ချင်း ထကာ ဆိုင် အပြင် သို့ ထွက်လာခဲ့သည် ။ ဆိုင် အပြင် ဘက် တွင် မီချောင်းရောင်ဖြင့် လင်းလင်းကျင်းကျင်း ဖြစ်နေသည် ။ ထို အချိန်မှာပင် ပြဿနာ ဖြစ်နေသော ထို ဆိုင်ထဲ မှ မိန်းကလေးတစ်ယောက် က ကပိုကရိုဖြင့် ပြေးထွက် လာသည်ကို တွေ့ရသည် ။ ကိုတင်သောင်း ကို တွေ့သည်နှင့် ထို မိန်းကလေး က တန်းတန်းမတ်မတ် ပြေးလာကာ ကိုတင်သောင်း လက်မောင်းတစ်ဖက် ကို အားကိုးတကြီး နှင့် ဆွဲကိုင်ပြီး ဗလုံးဗထွေး နှင့် ပြောလေသည် ။


“ ဦးလေးရယ် ။ ကျွန်မ ကို ကယ်ပါဦး ရှင် ။ ကယ်ပါဦး ။ ဟိုမှာ ကျွန်မ ကို စော်ကားဖို့ လုပ်နေကြတယ် ” 


ကောင်မလေး စကားမဆုံးမီ ဘောင်းဘီရှည်နှင့် ကောင်လေးနှစ်ယောက် က ဆိုင်ထဲမှ ထွက်လာသည် ။ ကိုတင်သောင်း ကို တွေ့သည်နှင့် ကောင်လေးတစ်ယောက် က ပြီတီတီ မျက်နှာ ဖြင့် ပြောသည် ။


“ ကျွန်တော်တို့ ကိစ္စပါ ဦးလေး ရာ ။ သူ က သက်သက် ဂျီကျနေတာ ၊ ကျွန်တော်တို့ က ပိုက်ဆံလည်း ပေးပြီးသားပါ ”  


ပြောပြောဆိုဆို သူတို့ က ရှေ့တိုးလာလေသည် ။ ကောင်မလေး ကိုလည်း ဝင်ဆွဲရန် ပြင်သည် ။ ကောင်မလေး က ကြောက်အားလန့်အား နှင့် ကိုတင်သောင်း ကျောဘက်တွင် ကွယ်ရပ်လိုက်ပြီးတုန်တုန်ရီရီဖြင့် လှမ်းပြောလိုက်သည် ။


“ မဟုတ်ဘူး ရှင့် ။ မဟုတ်ဘူး ။ ကျွန်မ မိန်းမကောင်း ပါ ။ ကျွန်မ ပြောတာယုံပါ ဦးလေး ရယ် ။ မှော် ထဲလည်း မရောက်ဖူးလို့ ကျွန်မ အဖေ နောက်ကို လိုက်လာတာပါ ။ အဲဒါ သူတို့ ကျွန်မ အိပ်နေတဲ့ အခန်းထဲ အတင်း ဝင်လာပြီးတော့ ” 


ကောင်မလေး ကို သနားသွားသည် ။ ကောင်မလေး စကားကိုလည်း ယုံကြည်လိုက်သည် ။ ဟို ကောင်လေး နှစ်ယောက် က အချင်းချင်း တစ်စုံတစ်ခု ပြောနေကြသည် ။ သူတို့ ထံမှ ချဉ်စုတ်စုတ် အရက် နံ့ ကပျံ့လွင့်လာသည် ။


ကိုတင်သောင်း က အခြေအနေကို တွက်ဆလိုက်မိပြီမို့ အနီးရှိ သစ်သားတုတ် တစ်ချောင်း ကို ကောက်ကိုင်လိုက်ကာ -


“ ဟေ့ကောင်တွေ နောက်ဆုတ် ။ ဒီမှာ တွေ့လား တုတ် ။ သူများ သားသမီးကို နှမချင်း မစာနာဘဲ မဖျက်ဆီးချင်နဲ့ ။ ကောင်မလေး က မဟုတ်ဘဲနဲ့ ပြောမှာ မဟုတ်ဘူး ” 


“ ဟာ ၊ ရှုပ်ကုန်ပြီဗျာ ၊ ရှုပ်ကုန်ပြီ ” 


ကောင်လေး တစ်ယောက် က ခေါင်းကို ကုတ်ရင်း ပြောသည် ။ ကိုတင်သောင်း လက်ထဲ က တုတ် ကို ကြည့်၍လည်း ရှေ့ မတိုးရဲကြ ။ ထိုအချိန်မှာပင် ထိုဆိုင် ၏ ပိုင်ရှင်ဖြစ်ဟန် တူသူ ဆံပင်တိုတို ၊ ခပ်ဝဝ ၊မိတ်ကပ်ပေါင်ဒါ အဖွေးသား နှင့် မိန်းမ တစ်ယောက် က အိပ်မှုန်စုံမွှားဖြင့် ဆိုင်တွင်းမှ ထွက်လာသည် ။ ကောင်လေးတွေ က ထို မိန်းမ နှင့် မျက်နှာချင်းဆိုင်ကာ တွတ်ထိုးနေကြသည် ။


“ နင်တို့ မှားတာ ၊ နင်တို့ မှားတာ ။ ငါ ပြောတာက သူ့ ကို မဟုတ်ဘူး ဟဲ့ ၊ သူ့ကို မဟုတ်ဘူး ” 


ထို မိန်းမ က ညည်းသလို ပြောလိုက်ပြီး ကိုတင်သောင်း နောက်က ကောင်မလေး ကို တစ်ချက် လှမ်းကြည့်လိုက်သည် ။ တောင်းပန်လိုဟန် မျက်နှာပေးဖြင့်လည်း တစ်ချက် လှမ်း ပြုံးပြလိုက်တာ တွေ့ရသည် ။ မကြာမီ ကိုတင်သောင်း တို့ တည်းခိုသော ထမင်းဆိုင် မှ ဆိုင်ရှင် အမျိုးသမီး နှင့် ကိုတင်သောင်း ၏ ဇနီး တို့ပါ အိပ်ရာမှ နိုးလာကြလေသည် ။


ကိုတင်သောင်း က ခပ်သွက်သွက် ပြောလိုက်သည် ။


“ ကလေးမ ။ သွား ... သွား ။ မင်း ပစ္စည်းတွေ သိမ်းပြီး ဦး တို့ ဆိုင်ဘက် ပြောင်းလာခဲ့ ” 


ကောင်မလေး က သူ့ ကျောပိုးအိတ်ကလေး ကို ကပျာကယာ ပြေးယူပြီး ကိုတင်သောင်း တို့ ဆိုင်ဘက် ကူးလာသည် ။ အခြေအနေက ပြန်ငြိမ်သွားလေပြီ ။ ကိုတင်သောင်း မိန်းမ က ကောင်မလေး ကိုပြောလိုက်သည် ။


“ တော်သေးလို့ပေါ့ သမီးရယ် ။ အဲဒီမှာမှ သွား တည်းရသလားကွယ် ” 


“ ကျွန်မ လည်း မရောက်ဖူးတော့ ဘာမှ မသိဘူး ရှင့် ၊ အဲဒီ မိန်းမကြီး က စိတ်ချလက်ချ တည်းလို့ ရတယ် ၊ ဘာမှ အားမနာနဲ့ ဆိုပြီး အပြောကောင်းကောင်း နဲ့ ခေါ်လို့ သွား တည်းလိုက်မိတာ ရှင့် ” 


ကောင်မလေး က ရှင်းပြရှာသည် ။ ဆိုင်ရှင် အမျိုးသမီး ကပါ ဝင်ပြောသည် ။


“ ဒီ မိန်းမ က ဒီလိုပဲ ။ သိရင် တစ်မျိုး ၊ မသိရင် တစ်မျိုး လုပ်စားနေတာ ကြာလှပြီ ။ တချို့ကောင်မလေး တွေဆို ပြောရမှာ ရှက်လို့ ခေါင်းငုံ့ ပြန်သွားကြတာတွေ မနည်းတော့ဘူး ။ သိပ် ကြောက်စရာ ကောင်းတဲ့ မိန်းမ ။ ဟို တလောက ရဲ က နှင်လိုက်လို့ ပြေးရပြီးပြီ ။ ခု တစ်ကျော့ ပြန်ဝင်လာတာ ” 


သူတို့ အားလုံး ပြန် မအိပ်ဖြစ်ကြတော့ဘဲ ရောက်တတ်ရာရာများကို ပြောဆိုနေကြရင်း အချိန်ကုန်အောင် စောင့်နေလိုက်ကြသည် ။ လင်းအားကြီး အချိန်ရောက်သော် ရေကျသွားပြီ ဖြစ်သဖြင့်ခရီး ဆက် ထွက်ရန် ပြင်သည် ။ ကားသမားများက ခရီးသည်များကို လိုက်ခေါ်နေလေသည် ။


လူစုံသည်နှင့် ကား က ထွက်ခွာခဲ့သည် ။ စရွေးချောင်း ကိုကျော်ပြီးချိန်တွင် တစ်စုံတစ်ခု ကို သတိရပြီး ကိုတင်သောင်း က ကောင်မလေး ကို မေးလိုက်မိသည် ။


“ ဒါနဲ့ ၊ ဟို ရောက်တော့ကော မင်း အဖေ ကို ရှာတွေ့ပါ့မလား ။ မင်း အဖေ နာမည် ဘယ်သူတဲ့ လဲ ” 


“ အဖေ က ကားဂိတ် က လာ စောင့်မယ်လို့ ပြောပါတယ် ။ ကျွန်မ အဖေ ကို ဦးလေးတို့များ သိမလား မသိဘူး ။ ဦးမောင်ကြာ တဲ့ ” 


“  ဟင် . . . ” 


ကား က ကုန်း အတက်မို့ အသံကုန် ညှစ်၍ ရုန်းနေရလေသည် ။ ကိုတင်သောင်း ရေရွတ်လိုက်သည့် “ ဟင် ”  အသံ က ကားစက်သံ ကို ဖုံးလွှမ်းသွား မတတ် သူ့ နားထဲ၌ မြည်ဟိန်းသွားလေသည် ။


xxx    xxx   xxx


ဂိတ်ဆုံးရောက်သော် မောင်ကြာ က သူ့ သမီး ကို လာ ကြိုနေတာ တွေ့ရပါသည် ။ ကောင်မလေး က ကိုတင်သောင်း တို့ လင်မယားကို လက်ညှိုးထိုး ပြကာ သူ့ အဖေ အား တစ်စုံတစ်ခု ပြောပြနေတာ တွေ့ရသည် ။ ညတုန်းက အဖြစ်အပျက် အလုံးစုံကို ပြောပြနေဟန်တူသည် ။မောင်ကြာ က ကိုတင်သောင်း တို့ကို တစ်ချက်မျှသာ လှမ်းကြည့်ပြီး မျက်နှာကို ပြန် လွှဲသွားသည် ။ ကိုတင်သောင်း တို့ လင်မယားနှစ်ယောက် ကတော့ ဘာသိဘာသာပင် ကိုယ့် တဲရှိရာ သို့ ပြန်လာခဲ့ကြသည် ။ ညနေ နာရီပြန် နှစ်ချက်လောက် ရောက်တော့ မောင်ကြာ့ သား အကြီးကောင် က ကိုတင်သောင်း တဲသို့ ရောက်လာသည် ။


“ ဦးလေး ။ ဟိုတစ်လောက ဝယ်ထားတဲ့ ကျင်း ကို ပြန် ထုတ်ချင်ရင် ဝယ်မယ့် သူ ရှိတယ်လို့ အဖေ က ပြောလိုက်တယ် ။ ဈေး ကတော့ အရင် ဈေးနှုန်း ရဲ့ တစ်ဝက် ပဲ ရနိုင်မယ် တဲ့ ။ အဲဒါ ဦးလေးသဘော တူရင် တစ်ခါတည်း ငွေချေခဲ့ဖို့ပါ မှာလိုက်တယ် ” 


“ အေး ... အေး ။ ကောင်းတာပေါ့ကွာ ” 


ကိုတင်သောင်း က အလိုက်အထိုက်ပင် ပြန်ပြောလိုက်သည် ။ မောင်ကြာ့ သား က ကျင်းဖိုးငွေ ကို ပေးပြီး ကျင်း စာချုပ် ကို ပြန်ယူသွားလေသည် ။ ညတုန်းက သူ့ သမီးလေး အပေါ် ခရီးသွား ဟန်လွှဲအမှတ်တမဲ့ ကူညီပေးခဲ့မှု အတွက် မောင်ကြာ ၏ တုံ့ပြန်မှုပင်ဖြစ်မည် ။


ဧကန္တ သူ ကိုယ်တိုင် လာရမှာ မျက်နှာ ပူသည့် အတွက် သား ဖြစ်သူ ကို လွှတ်လိုက်ဟန် တူသည် ။ ဘာပဲ ပြောပြော ၊ ဆုံးပြီးသား ငွေ ထဲက တစ်ဝက်မျှ ပြန်ရသည် ဆိုလျှင်ပင် ကျေနပ်စရာကောင်းလှပါပြီ ။ သည် အသုံးမကျသော ကျင်း ကို သူ ကိုယ်တိုင်ကပဲ ငွေပြန်အမ်းပြီး ပြန်ရွေးသည်လား ။ သို့မဟုတ် အခြား မအူမလည် တစ်ယောက် ကိုပင် ဖျံကျပြီး ပြန်ရောင်းဦးမည်လား ။ ဒါတော့ သူ မသိပြီ ။


တစ်ခုတော့ မောင်ကြာ သိလိုက်ဖို့ ကောင်းပြီ ။ ကံကောင်း၍ ရေတိမ် မနစ်ခဲ့ရလေသော သမီးငယ် ၏ အဖြစ်ကို နမူနာ ယူကာ သူများကို အကုသိုလ် ပေးသူ အတွက် တစ်ချိန်မှာ ထို အကုသိုလ် ကိုပင် ပြန်ယူရတတ်မြဲဆိုတာ မောင်ကြာ တစ်ယောက် များများကြီး သိလိုက်ဖို့ကောင်းပြီ ။  


◾ရဲမြတ်တင် 


📖 ဆီမုဆိုး နှင့် အခြားဝတ္ထုတိုများ


www.facebook.com/aung.naingoo.3726613


.

Friday, November 5, 2021

မှော်ကြာ မောင်ကြိုင်


 ❝မှော်ကြာ မောင်ကြိုင် ❞


ကားဆရာ က ထိုင်ခုံတွင်နေရာယူပြီးနောက် စက်ကိုနှိုးလိုက်

လေ၏ ။ ဝူးခနဲ စက်နှိုးသံနှင့်အတူ မီးခိုးမည်းမည်းတွေက အိပ်ဇော

ပိုက်မှ တထောင်းထောင်း ထွက်ပေါ်လာလေသည် ။ မကြာခင် ကား

ထွက်တော့မည်မို့ စက်သံမှန် မမှန်ကို ကားဆရာ က အတန်ကြာအောင်

စမ်းသပ်၍ နေလေသည် ။


ကိုမောင်ကြိုင် က ကားပေါ်ကို မော့ကြည့်လိုက်မိသည် ။

ကားပေါ်တွင် လူက သိပ်မများလှပါ ။ ပစ္စည်းပစ္စယများဖြင့်သာ

မောက်လျှံလျက် ရှိလေသည် ။ အင်ဂျင်တွေ  ၊ ကလပ်ခုံတွေ ၊ မျှောတွေ ၊

ပိုက်တွေ ၊ ကြိုးခွေတွေအပြင် တိုင်ကီတွေ ၊ မိုးကာလိပ်တွေ ၊ ခြင်းတွေ ၊

ပလုံးတွေနှင့် ရှုပ်ယှက်ခတ်နေသည် ။ ကားဘော်ဒီ တစ်ဖက်တစ်ချက်တွင် ဆီထည့်သော ပလတ်စတစ်ပုံးတွေကို အစီအရီ ချိတ်ဆွဲထားပြီး စားပွဲကုလားထိုင်များ ၊ ပန်းကန်စင်များကိုတော့ ကားနောက်မြီး၌ ကြိုးဖြင့်ဆိုင်းကာ ချည်နှောင်ထားလေ၏ ။


ကိုထွန်းမြင့် က ကားပေါ်မှ သူ့ လူများကို သေသေချာချာ

ထိုင်စီးကြဖို့ လှမ်းအော်ပြောနေသည် ။ ထို့နောက် ကိုမောင်ကြိုင်

ရှိရာသို့ လျှောက်လာလေသည် ။ ကိုမောင်ကြိုင် က ဆီးကြိုကာ

ကိုထွန်းမြင့် လက်ကို ဖမ်းဆွဲပြီး ဖျစ်ညှစ်လိုက်သည် ။


“ ငါ့လူကြီး ဒီတစ်ခါတော့ တကယ် ပြန်တော့မယ်ပေါ့ ” 


“ နှုတ်ဆက်တယ် ကိုမောင်ကြိုင် ။ ကျွန်တော် ပေးထားတဲ့

လိပ်စာအတိုင်း ကြုံတဲ့အခါ ဝင်ခဲ့နော် ” 


“ တကယ် ခွဲရတော့မယ်ဆိုတော့လဲ ဝမ်းနည်းစရာကြီးပေါ့

ကိုထွန်းမြင့်ရာ ” 


“ ဒီလိုပေါ့ဗျာ ။ ဆန်ဆုံစား ၊ ကံကုန်သွားလို့ ဆိုသမို့လား ။

ပြီးတော့ ကျွန်တော်က ခင်ဗျားလို မှ မှော်ကြာကြီး မလုပ်နိုင်ပဲဟာ ။

ဟဲ ... ဟဲ ”  


“ နို့ ၊ ဟိုရောက်ရင်တော့ ခင်ဗျား လက်ဖက်ရည်ဆိုင်ပဲ ပြန်

ဖွင့်တော့မယ်ပေါ့ ” 


“ ဟုတ်တယ် ။ ဒုံရင်းပဲ ပြန်လုပ်တော့မယ် ။ ရေနံတော့ စိတ်

ကုန်ပါပြီဗျာ ။ ဒါ နောက်ဆုံးပဲ ။ ကိုင်း ... သွားပြီဗျာ ” 


ကိုထွန်းမြင့် က ကားခေါင်းတွင် တက်ထိုင်လိုက်လေ၏ ။ ကား

ဆရာ က ဂီယာသွင်းကာ မောင်းထွက်လိုက်သည် ။ ကားဘီး စလိမ့်သည်နှင့် ကိုထွန်းမြင့် က လက်တစ်ဖက်ကို ထုတ်၍ ဝှေ့ယမ်းပြီး

“ လစ်ပြီဗျို့ ၊ မှော်ကြာကြီး ” ဟု ပြုံးဖြဲဖြဲမျက်နှာဖြင့် အော်ဟစ်

နှုတ်ဆက်လိုက်လေသည် ။


ကိုမောင်ကြိုင် က လက်ကို ပြန်မြှောက်ပြလိုက်သည် ။ ထို့နောက်

တအိအိ ထွက်ခွာသွားသော ကားကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည် ။ ကားက တဖြည်းဖြည်း ဝေးသွားခဲ့ပြီးနောက် တလိပ်လိပ်

တက်လာသော ဖုန်လုံးများကြားတွင် ပျောက်ကွယ်သွားလေသည် ။


ကိုမောင်ကြိုင် က အနီးရှိ ဒဟတ်ပင် အောက်မှ ခုံတန်းပေါ်သို့

ဝင်ထိုင်လိုက်သည် ။ လေရူးတစ်ချက်က သူ့ကို ဝေ့ကာဝိုက်ကာနှင့်

တိုက်ခတ်သွားသည် ။ လေနှင့်အတူ လိုက်ပါလာသော ရေနံစိမ်းနံ့ က

သူ့ နှာဝကို ပုတ်ခတ်ကျီစယ်သွားလေသည် ။


အခုလို အတူနေ မိတ်ဆွေ တစ်ယောက်က အပြီးအပိုင် ခွဲခွာ

သွားပြန်တော့ စိတ်ထဲမှာ ကြေကွဲသလိုလိုတော့ ဖြစ်မိသား ။ ကိုထွန်းမြင့် က သည်ရေနံမှော်မှာ သူ နှင့် တဲနီးချင်း အဖြစ် တစ်နှစ်ကျော်ကျော်လောက် အတူ နေသွားခဲ့သူ ။ တကယ့် သဘောဖြူ ၊ မနောဖြူ မိတ်ဆွေကောင်းကြီး တစ်ယောက် ။ ကိုယ်လိုတာ သူက ကူညီ ၊ သူလိုတာ

ကိုယ်က ပြန်ကူညီဖြင့် အလွန်အားကိုးခဲ့ရသူတစ်ယောက် ။


ကိုထွန်းမြင့် သည်မှော်ကို ရေနံတူးဖို့ စရောက်လာကတည်းက ကိုမောင်ကြိုင် နှင့် ရေစက်ဆုံခဲ့သည် ။ လူသစ်ဖြစ်သော ကိုထွန်းမြင့်

အား စီနီယာကိုမောင်ကြိုင် က အကြံပေး ၊ ဉာဏ်ပေး ၊ နည်းပေးလမ်းပြ

ပြုခဲ့ရသည် ။ ကိုမောင်ကြိုင် ၏ ကူညီမှုဖြင့် ကိုထွန်းမြင့် လုပ်ငန်းများ

အဆင်ပြေ ခွင်တည့်သွားသည်မှ အစပြုကာ သူတို့နှစ်ဦး တကယ့်

 ငယ်ပေါင်းကြီးဖော်တွေ လို ချစ်ခင်ရင်းနှီးသွားခဲ့ကြသည် ။ တစ်ဦး

နှင့် တစ်ဦး ပြောမနာ ဆိုမနာ ၊ တိုင်ပင်ဖော် တိုင်ပင်ဖက်တွေ ဖြစ်ခဲ့ကြသလို သူ့အဖွဲ့နှင့် ကိုယ့်အဖွဲ့ကလည်း ဟိုဘက်သည်ဘက် ၊ ဝင်ထွက်သွားလာ ၊ ကူးလူးယှက်သွယ် ၊ မိသားစုများသဖွယ် အတူနေထိုင်ခဲ့ကြသူတွေ ။


ယနေ့တော့ ကိုထွန်းမြင့် တစ်ယောက် အားလုံးကို နှုတ်ဆက်ကာ ကျောခိုင်းထွက်ခွာ သွားပါလေပြီ ။ မိရိုးဖလာ လက်ဖက်ရည်ဆိုင်ကလေး ပြန်ဖွင့်ရန် ဟူ၍ ရေနံလောက ကို သံယောဇဉ်ဖြတ်သွားပါလေပြီ ။ သူနှင့် အတူ ရေနံမှော် က ပေးလိုက်သည့် ဘဝသင်ခန်းစာ

အမျိုးမျိုး ( သို့တည်းမဟုတ် ) မြည်းစမ်းခဲ့ရသော ဘဝအရသာ

အမျိုးမျိုးက မမေ့နိုင်စရာ ထက်ကြပ်မကွာ လိုက်ပါသွားပေလိမ့်မည် ။


ကိုမောင်ကြိုင် က သက်ပြင်းတစ်ချက် ချလိုက်သည် ။ နောက်ဆုံးတော့ ရင်းနှီးသူများက ဘွဲ့မည်ပေးထားကြသလို “ မှော်ကြာကြီး ” အဖြစ်နှင့် မိမိသာလျှင် မှော်ထဲ မှာ တဝဲလည်လည် ကျန်ရစ်ခဲ့ရပါ

ပကောလား ဟုလည်း အတွေးဆက်လိုက်မိလေသည် ။ ထိုသို့ တွေးမိပြန်တော့ မချိသည့်စိတ်က ရင်ထဲမှာ အလိုလို ဖြစ်ပေါ်လာသည် ။


မှော်ကြာကြီး တဲ့ ။ ခေါ်ကြပါစေ ။ သည်လို ခေါ်သည့်အတွက်

သူ စိတ်မဆိုးပါ ။ အမှန်တကယ်လည်း မိမိအဖြစ်က ရက်ကို လစား ၊

လကို နှစ်စား ဆိုသလို မှော်ထဲမှာ အကြာကြီး ကြာခဲ့သူ မဟုတ်လား ။

မပြန်ဖြစ်ခဲ့သော ကိုယ့်ဇာတိ ကိုယ့်ရပ်ရွာနှင့် အဝေးကြီး ဝေးပြီး

အစိမ်းကြီး စိမ်းခဲ့လေသူ မဟုတ်လား ။


ဪ ၊ အများတကာတွေ ကိုယ့်ရွာ ကိုယ်ပြန်ကြတာ မြင်ရသည့် အခါတိုင်း ကိုမောင်ကြိုင့် စိတ်ထဲမှာလည်း ရွာကို လွမ်းသော

စိတ် ၊ ရွာကို ပြန်ချင်သောစိတ်က အများနည်းတူ ဖြစ်ပေါ်လာသား

ကပဲ ။ သို့ငြား ...


လေရူးတစ်ချက်က ဖြတ်အတိုက် ၊ ဒဟတ်ကိုင်းခြောက်ကလေး

တစ်ခုက သူ့ပေါင်ပေါ်ကြွေအကျ ၊ အံကိုက်ဆိုသလို ကိုမောင်ကြိုင့်

အတွေးစများက အဝေးတစ်နေရာသို့ ဖျတ်ခနဲ ခုန်ရောက်သွားလေ၏ ။


 xxx   xxx   xxx 


“ မောင်ကြိုင်ရယ် နင် မသွားပါနဲ့လား ဟာ ။ ဒီမှာလဲ အလုပ်အကိုင်တွေက ရှိနေတာပဲဥစ္စာ ” 


“ ရှိပေမဲ့ ဒီက အလုပ်တွေက ဘဝမပြောင်းနိုင်ဘူးဟ ထားနွယ် ရ ။

ငါ အခုသွားလုပ်မယ့် အလုပ်ကမှ တစ်ချက်တည်းနဲ့ လူတစ်လုံး

သူတစ်လုံး ဖြစ်သွားနိုင်တာ ။ ဒါမှ နင့်ကို သူများထက် သာအောင်

ထားနိုင်မှာ ” 


“ အို ၊ ဒါတွေမလိုပါဘူး ။ ငါက ပကာသနကို မက်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူးဆိုတာ နင်သိတာပဲ ” 


“ သိပါတယ်ဟာ ။ ဒါပေမဲ့ သူများတွေ ပြောတာ ဆိုတာကို

ငါ မခံချင်ဘူး ထားနွယ် ၊ ငါ မခံချင်ဘူး ။ ငါ့ စိတ်ကို နင် သိပါတယ် ” 


ချစ်သူ့မျက်နှာ ညှိုးတာကို မြင်ရပြန်တော့ မောင်ကြိုင်

စိတ်မကောင်း ။ သို့ပေမဲ့ ဆုံးဖြတ်ပြီးသားကိုတော့ ဘယ်လိုမှပြန်ပြင်လို့ မဖြစ် ။ ထားနွယ် နားလည်အောင်သာ အတတ်နိုင်ဆုံး ရှင်းပြ

နေရသည် ။


“ ဒါနဲ့ နင် အခုသွားမယ့် ရေနံမှော် ဆိုတာက တို့ရွာကနေဆို

အဝေးကြီး သွားရမှာပေါ့နော် ” 


“ ဟုတ်တယ် ထားနွယ် ။ မင်းဘူး ဘက်မှာ ။ ဒါပေမဲ့ အခုခေတ်မှာ

လမ်းတွေက ကောင်းနေပါပြီ ။ အလွန်ဆုံးသွားရလှ နှစ်ညအိပ်ပေါ့ ။

သွားရလာရတာ ဘာမှ မခက်ခဲဘူးတဲ့ ။ အနောက်ရွာက ထောပြီး

ပြန်လာတဲ့ ကိုကျော်ဆန်းကြီး ကို ငါ အကုန်လုံးမေးထားပြီးပြီ ” 


“ အင်းလေ ၊ တားမရတော့ဘူးဆိုလဲ သွားပေါ့ဟာ ။ ကျန်းမာရေးကိုသာ နင်ဂရုစိုက်ပါ ။ ပြီးတော့ ငါ့ဆီလဲ စာမှန်မှန်ရေးပေါ့“ 


“ စိတ်ချ ထားနွယ် ။ ငါ့အတွက် ဘာမှမပူနဲ့ ။ ငါ အလွန်ဆုံးနေလှရင် လေး ငါးလပေါ့ ။ ဒီအလုပ်မျိုးက အကြာကြီး လုပ်နေရတာမျိုး

မဟုတ်ဘူး ။ ခွင်တည့်ချင်ရင် ခဏကလေးပဲ ။ ငါ အောင်မြင်ပြီး

ပြန်လာမယ့်နေ့ကိုသာ နင် ဆက်ဆက် မျှော်နေစမ်းပါဟာ ။ နော် ” 


သည်စကားက နောက်ဆုံးပိတ်အနေဖြင့် ပြောခဲ့ရသည့်

စကား ။ မဟာမျှော်လင့်ချက်ခရီးအတွက် နောက်ဆုံးနှုတ်ဆက်ခဲ့ရသည့် စကား ။


ရာသီက ဆောင်းနှောင်းကာလ ။ နေရာက ပုသိမ် - ရန်ကုန်

ကားလမ်းမကြီးဘေး တစ်နေရာ ။ ခြောက်ဆူအမည်ရှိ သူတို့ရွာကြီး၏ သာလာယံဇရပ်ကလေးအနီးမှ လက်ပံပင်ကြီး အောက်မှာ ။


လက်ပံပွင့်ကလေးက ရဲခနဲ ဝဲခနဲလွင့်အကြွေ ၊ ထားနွယ်က

သူ့ လက်ကလေးကို မြှောက်အပြ ။ ဝူးခနဲ ဆောင့်ထွက်လိုက်သော

ကားပေါ်မှာ အံကိုကြိတ်၍ စိတ်ကိုတင်းကာ သူလိုက်ပါခဲ့ရသည် ။


xxx   xxx   xxx


တကယ်တော့ ထားနွယ် ကို သူ ချစ်ပါသည် ။ ဖြစ်နိုင်လျှင်

ထားနွယ် အပါးမှာ တစ်ဖဝါးမှ မခွာဘဲ အတူနေချင်ပါသည် ။ တစ်သက်မှာ တစ်ခါသာချစ်ခဲ့ဖူးသော သူ့ နှလုံးသားကို ထားနွယ် နှင့် တစ်လက်မမျှ ဝေးကွာမသွားစေလိုပါ ။


“ ထားနွယ် ကို တို့ အထင်ကြီးထားတာ ။ မောင်ကြိုင် လို ကောင်မျိုးကို ရွေးလိုက်တာ အံ့ပါ့တော် ။ ဥတစ်လုံး တစ်ကောင်ကြွက် ၊

ဆွေမရှိ မျိုးမရှိ ကို ။ သူမို့လို့ ကြိုက်စရာရှားပါ့ ” 


“ မောင်ကြိုင် က ရုပ်ကလေးတော့ အရှိသား ။ အဲဒီ ရုပ်ကလေး

မက်လိုက်တာ နေမှာပေါ့ ” 


“ အို အေ ။ ရုပ်က ပြုတ်စားလို့ရတာ မှတ်လို့ ။ တကယ်ဆို

ပွဲစားကြီး ဦးထွန်းသာ ရဲ့ သား ကျော်မောင် ကလဲ သူ့ကို ပိုးနေတာပဲ ။

အခြအမြစ်ရှိတဲ့ သူကိုဖြင့် မရွေးဘဲနဲ့ ” 


“ တစ်မိပေါက် တစ်ယောက်ထွန်းဆိုတာ ဒါကိုပြောတာ နေမှာ ။ သူ့ အစ်မတွေ အားလုံး တူတူတန်တန်တွေနဲ့ချည်း ရကုန်တာ ။

သူကတော့ မွဲချင်တဲ့ခွေးမို့လို့ ပြာပုံတိုးတာ နေမှာပေါ့ ။ ဟီ ဟိ ” 


“ အင်း ၊ မောင်ကြိုင် ကိုသာ ယူလို့ကတော့ ဒီကောင်မ ကောက်စိုက်သမ ဖြစ်ဖို့သာ ပြင်ထား ။ သူ့အမေ ဒေါ်အုံး ကလဲ တစ်ခါတည်း

ပြောထားပြီးသား ။ မောင်ကြိုင် နဲ့သာဆိုရင် သေခန်းပြတ်ပဲတဲ့ ” 


သူ့ ရင်ကိုနာကျင်စေသော စကားများဖြစ်ပါသည် ။ သည်လို

ရုပ်ဝတ္ထုအခြေခံ ပကာသနပေတံတွေနဲ့ အတိုင်းခံရလေသည့်

အခါတိုင်း သူ့မှာ မခံချိမခံသာ ဖြစ်ခဲ့ရမြဲ ။ အနည်းနှင့် အများဆို

သလို အားငယ်စိတ် ၊ သိမ်ငယ်စိတ်တွေ ဝင်ခဲ့ရမြဲ ။


သည်ရွာမှာ သူတို့ ချစ်ခြင်းကို လိုလိုလားလား နှစ်သက်

ထောက်ခံသူဆို၍ ထားနွယ် ၏ ညီအစ်မ တစ်ဝမ်းကွဲ မြစိန် တစ်ယောက်သာ ရှိလိမ့်မည်ဟု ထင်သည် ။


“ ဘာမှ အားမငယ်နဲ့ မောင်ကြိုင် ။ ဆင်းရဲတယ် ဆိုတာ အပင်စိုက်ထားတာမှ မဟုတ်ဘဲ ။ ကြိုးစားရင် တစ်နေ့ ချမ်းသာလာနိုင်တာပဲ ။ လူ့လောကမှာ အဓိက အရေးကြီးတာက ရိုးဂုဏ် ရှိဖို့ပဲဟေ့ ။

နင်တို့ နှစ်ယောက်အတွက် ငါ ဘာမဆို ကူညီမယ် ” 


မြစိန် ၏ အားပေး စကား ။ အမှောင်ထဲက အလင်းတစ်ပွင့် ၊

တမာအိုး ထဲက သကာရည် တစ်စက် သဖွယ် သူ့ကို အားတက်စေသော စကားများ ဖြစ်ပါသည် ။ လက်တွေ့တွင်လည်း မြစိန် က အစစ

အရာရာ သူ့တို့နှစ်ဦး ဘက်မှ ရပ်တည်ခဲ့လေသည် ။


မကြာပါ ။ မောင်ကြိုင့် အတွက် မျှော်လင့်ချက် လမင်းကြီး

အဖြစ် ဘဝ၏ အလင်းရောင်များကို ဖြန့်ဖြူးပေးဦးမည့်သူ တစ်ဦးက

ထပ်မံ၍ ရောက်ရှိလာပြန်ပါသည် ။ သူကား တစ်ခဏအတွင်းမှာပင်

အရေခွံလဲလိုက်သလို ဘဝပြောင်းကာ ကြီးပွားတိုးတက်သွားလေသူ

အနောက်ဘက်ရွာက ကိုကျော်ဆန်းကြီး ။


“ မောင်ကြိုင်ရာ ။ တကယ့် ဝမ်းသာစရာကြီးပါကွာ ။ မင်းတို့

ငါတို့ အောက်ပြည်အောက်ရွာမှာသာ ဘာမှ မသိကြတာ ။ အညာ

တစ်ခွင်မှာ လူတွေက တရုန်းရုန်းနဲ့ ရေနံတူးနေလိုက်ကြတာကွာ ။

တချို့ဆို နေ့ချင်းညချင်း ချမ်းသာသွားလိုက်ကြတာများ ယုံနိုင်စရာတောင် မရှိဘူး ။ ငါတောင် အရောက်နောက်ကျလို့ ဒီလောက်ပဲ

ရခဲ့တာ ။ နို့မဟုတ်ရင် ဒီထက် ဘယ်ကလိမ့်မလဲကွာ ” 


သို့ဖြင့် .... ။


xxx   xxx   xxx


ရေနံမှော် ကို တကယ်နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့ ကိုကျော်ဆန်းကြီး ပြောတာ နည်းတောင်နည်းသေးသည် ဟု မောင်ကြိုင်

ထင်မိသည် ။ ထိုဒေသ၌ လူတိုင်းလိုလို ရေနံမှရေနံ ဖြစ်နေကြသည် ။

ချမ်းသာသူလည်း ရေနံတူးကြသည် ။ ဆင်းရဲသူလည်း ရေနံတူးကြသည် ။ ယာသမား ၊ ချောင်းသမား ၊ လက်လုပ်လက်စားတွေပါ

မကျန် ရေနံသာ တူးကြသည် ။ ဟိုလူ့ပါးစပ်ဖျားမှာလည်း ရေနံ

အကြောင်း ၊ သည်လူ့ပါးစပ်ဖျားမှာလည်း ရေနံအကြောင်းသာ ပြောနေ ဆိုနေကြသည် ။ တောရောမြို့ပါမကျန် လူတွေ တလှုပ်လှုပ်

တရွရွနှင့် ရေနံအတွက်သာ လုံးပန်းနေကြသည် ။


ရေနံမှော်တွေက ဟိုနားကပေါ် ၊ သည်နားကပေါ် ။ ပေါ်လာသမျှ ရေနံမှော်တိုင်းလိုလို မိုးကာတဲ နီနီပြာပြာတွေ ၊ ရေနံတူးစင်

ထိုးထိုးထောင်ထောင်တွေက အလျှိုအလျှိုပေါ်လာသည် ။ တတိန်တိန်

တခွမ်ခွမ်နှင့် ထုသံနှက်သံတွေ ၊ တအောအော တသောသောနှင့်

လူသံသူသံတွေက မှော်ရိုးတစ်လျှောက် ပွက်ပွက်ညံနေသည် ။ ကျင်း

ထောင်းသူက ထောင်း ၊ ပီပါလှိမ့်သူက လှိမ့် ၊ ပီပါတွေကို ကားပေါ်

တင်သူက တင်ဖြင့် ရှုပ်ယှက်ခတ်နေသည် ။


ရေနံမှော်ကို အမှီပြုကာ ဈေးတန်းကြီးတွေပါ တစ်ခဲနက် ဖြစ်ပေါ်လာသည် ။ ဈေးတန်းရှေ့က လမ်းတွေပေါ်မှာ ရေနံညိုညို

မည်းမည်း ပေကျံနေသူတွေရော ၊ တောက်တောက်ပြောင်ပြောင်

ဝတ်စားထားသူတွေပါ လုံးထွေးပြီး သွားလာနေကြသည် ။ လုပ်ငန်း

အကြောင်း ပြောဆိုနေကြသူတွေ ၊ ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကား

သူတွေ ၊ ငွေစက္ကူ ရေတွက်နေသူတွေကို နေရာတိုင်းမှာလိုလို တွေ့

နေရသည် ။ ကားတွေ ဆိုင်ကယ်တွေကလည်း တပေါ်ပေါ်တတီတီနှင့်

ဟွန်းသံတွေပေးကာ ဝင်လိုက်ထွက်လိုက်နှင့် ပျားပန်းခပ်မျှ စည်

ကားနေသည် ။ ဘယ်နေရာကို ကြည့်လိုက် ကြည့်လိုက် ဟိုနားမှာ

လည်း တရုန်းရုန်း ၊ သည်နားမှာလည်း တရုန်းရုန်း ။


xxx   xxx   xxx


ပေါလိုက်တဲ့ ငွေတွေ ၊ ငွေတွေ ။ မောင်ကြိုင့်တစ်သက် တစ်ခါမျှ မမြင်ဖူးသော ငွေတွေကို သည်ကျမှ မြင်ဖူးတော့သည် ။ ငွေ

တွေကို မြင်ရပြန်တော့ သူ့မှာ ဝမ်းသာလိုက်ရသည့်ဖြစ်ခြင်း ။ ခုနေများ

သည်ငွေတွေရပြီး ရွာပြန်ကာ ထားနွယ် နှင့် မင်္ဂလာဆောင်လိုက်ရရင်

ဟူ၍ စိတ်ကူးတောင် ယဉ်လိုက်မိသေးသည် ။


သို့သော် လက်တွေ့ကျတော့ မိမိ ဘဝက တကယ့်ကို တစ် က

စရသူ ။ သူများ ရေနံကျင်းမှာ ကျင်းသားအဖြစ်နှင့် စပြီး အလုပ်ဝင်ခဲ့ရသူ ။ သည်လိုနှင့် အလုပ်ကို လုပ်လည်း လုပ် ၊ သင်လည်း သင်ရင်း

တစ်စတစ်စ ရေနံမှော်သား ဖြစ်မှန်းမသိ ဖြစ်ခဲ့ရသည် ။ မည်သို့

ဆိုစေ ၊ ရွာမှာနှင့် စာလျှင် သည်မှာက အများကြီး သာသည် ။ သည်မှော်

ထဲမှာ အဖျင်းဆုံးဆိုသည့် အလုပ်ကိုလုပ်ရသည် ဆိုစေဦး ၊ ရွာမှာ

တစ်နှစ်ပတ်လုံး လုပ်မှ ရသည့် ဝင်ငွေမျိုးကို သည်မှာ တစ်လ နှစ်လ

လောက် လုပ်ရုံနှင့် ရသွားနိုင်သည်ပဲ ။ သည်တော့ မောင်ကြိုင်

မှော်ကို သဘောကျသည် ။ မှော်ကို ခင်သည် ။ မှော်ကို အထင်ကြီးသည် ။

ကြိုးစားလုပ် ၊ ကြိတ်ပြီးစုရင်း မကြာမီ မောင်ကြိုင် ငွေအတော်အတန်

ကိုင်မိလာသည် ။ ထို့ကြောင့် ကျင်းသားဘဝမှ တစ်ဆင့်တက်ရန်

ပြင်သည် ။ ကိုယ်ပိုင်ကျင်း တူးရန် ပြင်သည် ။ ဘဝတူ နှစ်ဦး သုံးဦး

နှင့်အတူ အစုစပ်ကာ လုပ်ငန်းစ,ဖြစ်ကြသည် ။


ကိုယ်ပိုင်ကျင်း တူးမိကာမှ တကယ် မလွယ်ကူသော အလုပ်

ဖြစ်မှန်း သိလာရသည် ။ အခက်အခဲတွေနှင့် တစ်ခုပြီးတစ်ခု ကြုံရသည် ။ အဆင်ပြေသည့်အခါက နည်းပြီး အဆင်မပြေသည့်အခါက များနေသည် ။


လုပ်ငန်းသဘော လုပ်ငန်းအထာကိုတော့ သူတော်တော်

ကျေညက်လာပါပြီ ။ သို့သော် သည်လုပ်ငန်းမျိုးက လုပ်ငန်းကျွမ်းကျင်ရုံနှင့် မပြီးသေး ။ ကံတည့်ဖို့ကလည်း လိုသေးသည် ။ ခု သူတို့

ဖြစ်နေသည်က လုပ်ငန်းကလေး ရှောရှောရှူရှူ ဖြစ်နေပြန်တော့

ကံ က သိပ်မလိုက်ချင် ။ ဆီ က ထင်သလို မရချင် ။ တစ်ခါ ဆီကြောကလေး ကောင်းကောင်း ထောက်မိတော့မယ် ကြံကာရှိသေး ၊ လုပ်ငန်း

က အဖုအထစ်တွေနှင့် ကြုံရကာ ရပ်နေရပြန်ပြီ ။ နားနေရပြန်ပြီ ။

သည်လိုနှင့် လုံးလည်ချာလည် လိုက်နေသည် ။


သို့သော် ရည်မှန်းချက်ကြီးမားသူ မောင်ကြိုင့်အတွက် ဇွဲ လျှော့

လို့ မဖြစ်သေး ။ ခုလို ကျားအမြီးဆွဲမိနေမှတော့ ဘယ်နည်းနှင့်မှ

နောက်ဆုတ်လို့ မဖြစ် ။ ကြိုးစားပြီးရင်း ကြိုးစား ၊ ဆက်ကာ ဆက်ကာ

ကြိုးစားဖို့သာ ရှိတော့သည် ။


သည်လိုနှင့် တစ်ကျင်းမကောင်း တစ်ကျင်းပြောင်း ၊ တစ်မှော်မကောင်း တစ်မှော်ပြောင်းရင်း အချိန်တွေက ကုန်မှန်းမသိ

ကုန်လာသည် ။ ကုန်ပါလေ့စေ ။ သည်အချိန်တွေကို မောင်ကြိုင်

စောင့်ကြည့် မနေအား ။ သဲကြီးမဲကြီးဇွဲခတ်ပြီး လုပ်မိနေသော လုပ်ငန်းအပေါ်မှာသာ အာရုံစူးစိုက်နေမိသည် ။ လောဘ၏ ခေါ်ရာ

နောက်ကိုသာ တစိုက်မတ်မတ် လိုက်ပါနေမိသည် ။


ဟော ၊ နောက်ဆုံးကျတော့ တစ်နေ့တစ်လံ ပုဂံဘယ်ပြေး

မလဲ ဆိုသည့်စကားက မောင်ကြိုင့်အတွက် ဖြစ်လာရပြီ မဟုတ်လား ။

မှော်အားဖြင့် သုံးမှော်မြောက် ၊ ကျင်းအားဖြင့် တစ်ဆယ့်ငါးကျင်း တိတိ

ပြည့်မြောက်ချိန်မှာ မောင်ကြိုင် တစ်ယောက် လက်ခမောင်းခတ်နိုင်ခဲ့လေပြီ ။


ကြည့်စမ်း ။ မထင်ဘူးဆိုပြီး ပစ်ထားခဲ့သည့် နေရာကို ရမ်းသမ်းပြီး တူးကြည့်ကာမှ တကယ့်အကြောကို ထောက်မိပြီး ရလိုက်သည့် ဆီတွေ ဆီတွေ ။ ရချင်ပြန်တော့လည်း ဘယ်နှရက်မှ မလုပ်လိုက်ရ ။ အောင်ပြီ ၊ အောင်ပြီ ၊ မောင်ကြိုင် တို့ ပျော်ရပြီ ။


သည်တော့ သူရချင်သည့်ငွေတွေကို ရပြီဆိုသည်နှင့် သူ့ခေါင်းထဲသို့ ပထမဆုံး ဝင်လာသည့်အသိက မည်သည့်အကြောင်းအရာ

ဖြစ်သည်ကို မေးစရာ လိုပါသေး သလော ။ ထို့အတူ မောင်ကြိုင် ပထမဆုံး လုပ်ဖြစ်သည့်အလုပ်က မည်သည့်အလုပ် ဖြစ်သည်ကိုရော

မေးစရာလိုပါဦးမည်လော ။


တိုက်တိုက်ဆိုင်ဆိုင်ပင် ၊ လက်ပံပွင့်တွေကြွေသည့်အချိန်မှာပဲ

သူ ရွာကို ပြန်ရောက်ဖြစ်သည် ။ သူ့ကို ထားနွယ် လိုက်ပို့ခဲ့သည့် ဇရပ်

ကလေးဘေးက လမ်းအတိုင်းပင် ရွာထဲသို့ သူ ဝင်လာခဲ့သည် ။ အပျော်စိတ်ကြောင့် သူ့ခြေလှမ်းတွေက သွက်မှန်း မသိ သွက်နေသည် ။ ရွာထဲ

ကို ခြေချမိပြီဆိုတော့ သူ့ရင်တွေက အလိုလို အခုန်မြန်လာကြလေပြီ ။


မြစိန် တို့ အိမ်ရှေ့ ရောက်တော့ ဝင်နှုတ်ဆက်ဦးမည်ဟု သူ

လှမ်းဝင်လိုက်သည် ။ ခြေတံရှည် အိမ်အောက်က သစ်သားခုံတန်းပေါ်မှာ ထိုင်နေသော မြစိန် ကို အခန့်သင့်ပင် တွေ့ရသည် ။


“ ဟေ့ ၊ မြစိန် ၊ မြစိန် ” 


အော်ပြီး ဝင်လာသော သူ့ကို ပထမတော့ မြစိန် က မမှတ်မိ ။

အသားတွေ နီညိုပြီး ရေနံရောင် ပေါက်နေသော သူ့ကို ကြောင်ပြီး

ငေးကြည့်နေသေးသည် ။ အနီးသို့ ရောက်မှ ....


“ ဟယ် ၊ နင် ၊ မောင် . . မောင်ကြိုင် နော် ” 


“ အေးလေဟာ ၊ ငါ့ ကိုတောင် နင်က မမှတ်မိတော့ဘူးလားဟ ။

မြစိန်ရ ” 


သည်တော့မှ အံ့ဩသောမျက်နှာတွင် အပြုံးရိပ်များက ယှက်သန်းလာသည် ။ မြစိန် လက်ထဲမှာ လသားအရွယ် ကလေးတစ်ယောက် ကို ပွေ့ချီထားသည် ။ မောင်ကြိုင် က မြစိန် နှင့် ကလေးကို

တစ်လှည့်စီကြည့်ကာ ပြောလိုက်သည် ။


“ အံမယ် ။ နင်တောင် အိမ်ထောင်တွေ ဘာတွေကျပြီး ကလေးတောင် ရနေပြီပေါ့ ။ ဟုတ်လား မြစိန် ” 


“ အို ၊ မဟုတ်ပါဘူး ” 


ရှက်သောမျက်နှာ ကို မြစိန် က တစ်ဖက်သို့ လှည့်လိုက်သည် ။

မောင်ကြိုင် က တဟဲဟဲနှင့် ရယ်နေသည် ။ သို့သော် ကြာကြာတော့

မရယ်လိုက်ရပါ ။ သူ့ဘက်ကို ပြန်လှည့်လာသော မြစိန် ၏ မျက်နှာက

တည်ကြည်လျက် ရှိသလို အံကိုပါ တစ်ချက်ကြိတ်လိုက်လေသည် ။


“ ဒါ ဘယ်သူ့ ကလေး လို့ ထင်သလဲဟင် မောင်ကြိုင် ” 


“ သိဘူးလေဟာ ၊ ငါက အခုမှ ပြန်လာတာပဲ ” 


“ ဒါ . . ဒါ ၊ ထားနွယ် ရဲ့ ကလေး ” 


“ ဘာရယ် ... ” 


မိုးကြိုးပစ်သံ တစ်ချက်ကို သူ ကြားလိုက်ရသည် ။ ထို့နောက်

သူ့တစ်ကိုယ်လုံး ရုတ်ချည်းပင် ကျောက်ရုပ် ဖြစ်သွားသည် ။ မြစိန် က

အသံတွေ တုန်နေသည် ။


“  နင် . . နင် တော်တော် နေနိုင်တယ် မောင်ကြိုင် ။ သုံးလေးလ ဆိုပြီး ထွက်သွားလိုက်တာ ၊ ခု သုံးနှစ် ကျော်ခဲ့ပြီ ၊ သိလား ၊ ထားနွယ်

ကိုလည်း နင် ဘာမှ အဆက်အသွယ် မလုပ်ဘူး ” 


မြစိန် ၏ စကားတို့ကို ကြားရ တစ်ချက် ၊ မကြားရ တစ်ချက် ။


“ ထားနွယ်က နင့်ကို အကြာကြီး စောင့်နေသေးတယ် ။ တချို့

ကလဲ မှော်ထဲ မှာ နင် သေပြီလိုလို ဘာလိုလို ပြောကြတယ် ။ မနှစ်ကမှ

သူ ကျော်မောင် နဲ့ ယူလိုက်တာ ။ စောစောကပဲ ကလေး ကို ငါ နဲ့

ထားခဲ့ပြီး စပါးသယ်ဖို့ သူတို့ ကားနဲ့ ထွက်သွားကြတာ ” 


သူ မျက်စိကို စုံမှိတ်လိုက်သည် ။ သူ့ ခေါင်းထဲမှာ မိုက်ခနဲ

မိုက်ခနဲ ဖြစ်လာသည် ။ သူ့ တစ်ကိုယ်လုံး လဲပြိုမသွားအောင် မနည်းကြီး ထိန်းထားရသည် ။ မြစိန် ကို ပြန်မေးလိုက်သော သူ့အသံ

ကလည်း ငိုသံပါကြီး ။


“  ဒီ . . ဒီ အကြောင်းတွေဟာ တကယ်ပဲလား ဟင် ၊ မြစိန် ” 


“ တကယ်ပေါ့ မောင်ကြိုင် ။ ငါ နင့်ကို ဘာကြောင့် မဟုတ်တာ

ပြောရမှာလဲ ” 


“ ရက်စက်လိုက်တာ ထားနွယ် ရယ် ” 


မချိတင်ကဲ ရေရွတ်မိခဲ့သော နောက်ဆုံး စကားစုရယ်ပါ ။

သည်နောက်တော့ မြစိန် ရှေ့မှ ချာခနဲ လှည့်ထွက်လာခဲ့သည် ။


မြစိန် က သူ့ကို လှမ်းခေါ်လိုက်သေး သလား ၊ မခေါ် ဘူးလား ဆိုတာ

သူ ဘာမျှ မသိတော့ပြီ ။


xxx   xxx   xxx


သူ ရွာမှာ တစ်ညမှ မအိပ်ဖြစ်ခဲ့ပါ ။ ရွာ မှ ချက်ချင်းပြန်ထွက်လာခဲ့ပြီး ကြုံရာကားကို စီးကာ မှော်ထဲ သို့ ပြန်လာခဲ့သည် ။


တစ်ခုတော့ သူ မှတ်မိသည် ။ ရွာအပြင် သုဿန်ကို ရောက်တော့ သူ့အမေ မြေပုံ ကို ထိုင်ကန်တော့ရင်း ရှိုက်ကြီးတငင် ငိုမိခဲ့သည် ။ အမေ့ အတွက် ငိုရသည်လား ၊ ထားနွယ် အတွက် ငိုရသည်လား ၊ သို့တည်းမဟုတ် နှစ်ခုစလုံး အတွက်ပဲလား ။


သည်လိုနှင့် မှော်ထဲ မှာပင် နေမှန်း မသိ နေလာလိုက်တာ

အများကသူ့ကို “ မှော်ကြာကြီး ”  လို့ ခေါ်ယူရတဲ့ထိအောင်ပါပဲ ။


ကြာဆို မောင်ကြိုင် အဖြစ်ကနေ ကိုမောင်ကြိုင် အဖြစ်သို့ပင်

ပြောင်းလဲခဲ့ရပြီ ။ နောက်ထပ် ဦးမောင်ကြိုင် ဖြစ်သည်အထိ သူ

မှော်ထဲမှာပဲ ဆက်နေဖြစ်ဦးမှာလား ။ ဒါတော့ သူ မသိပြီ ။


နှလုံးသား ဒဏ်ရာကြောင့်ဟု ဆိုပါလျှင်လည်း ထိုဒဏ်ရာက

ဘယ်တော့မှ ကျက်ပါမည်လဲ ။ ဒါလဲ သူ မသိနိုင်ပြီ ။  ။


◾ ရဲမြတ်တင် 


📖 ဆီမုဆိုးနှင့် အခြားဝတ္ထုတိုများ


koaungnaingoo.blogspot.com


.