Thursday, September 30, 2021

အနုနည်း အစွမ်းကုန်ပြီ


 ❝ အနုနည်း အစွမ်းကုန်ပြီ ❞ 


ရှေ့ဘယ်လို စခန်းသွားကြမလဲ ။


ကျွန်တော်သာမက ကျွန်တော့်ထက် နိုင်ငံရေးအမြင် ဝါရင့်ကြသော ကိုအေးငွေ ၊ ကိုထွန်းရှိန် စသော

ကျောင်းသား ခေါင်းဆောင်များလည်း အကြံအိုက်နေကြလေသည် ။ ထိုကိစ္စနှင် ့ပတ်သက်၍

ကျွန်တော်က သူတို့အားမေးတိုင်း သူတို့က တိကျပြတ်သားသော အဖြေကို မပေးနိုင်ဘဲ

အလုပ်အမှုဆောင်အဖွဲ့က အချိန်တန်တော့ လမ်းညွှန်ပါလိမ့်မယ်ဟုသာ ပြောတတ်လေသည် ။


အစာအငတ်ခံခြင်းကို ရပ်စဲလိုက်သည့် နောက်နေ့ညနေတွင် ကျွန်တော်တို့ သုံးဦးသား ဆုံမိပြီး

ကျွန်တော်က ထိုမေးခွန်းကို မေးလိုက်သည်ဆိုလျှင်ပင် ကိုအေးငွေ က သက်ပြင်းတစ်ချက်

ချလိုက်ပြီး -


“ အဲဒီကိစ္စ ခဏဘေးချိတ်ထားလိုက်ဦး ၊ ကဲ လာ ရုပ်ရှင်သွားကြည့်ရအောင် ” 


ကိုထွန်းရှိန် လည်း ကျွန်တော့်အမေးကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းမှ ထွက်ပေါက်ရသောကြောင့် အသက်ရှူချောင်သွားဟန်ရှိပြီး -


“ ကောင်းတယ် ၊ ဘုရင့်ရုံ သွားကြရအောင် ၊ အေဝမ်းက နှစ်ဆောင်ပြိုင်ဇာတ်ကား ပြနေတယ် ။

သပိတ်တပ်ပေါင်းချုပ် သတင်းကားလည်း ပါတယ် ” 


အကြံအိုက်နေသော ကျွန်တော်သည်လည်း စိတ်ပြေလက်ပျောက် ရုပ်ရှင်သွားကြည့်ရန် သဘောတူလေသည် ။ သို့သော် လက်ငင်းပြဿနာကို မေ့ရမည်ဆိုလျှင် လုံးဝ မေ့ပျောက်စေလိုသောကြောင့်


“ သည့်ပြင်ရုံ သွားကြပါစို့ဗျာ ၊ သပိတ်တပ်ပေါင်းချုပ် သတင်းကားပါနေတယ်ဆိုတော့ ကျွန်တော်တို့ဟာ စိတ်ပြေလက်ပျောက် မဖြစ်ဘဲနေမှာပေါ့ ၊ မေ့မယ့်မေ့ လုံးလုံးမေ့ကြည့်ရအောင် ” 


ကိုအေးငွေ ရော ၊ ကိုထွန်းရှိန် ပါ အသံထွက်၍ ရယ်လိုက်ကြသည် ။ ကိုထွန်းရှိန် က -


“ ဒီလို မေ့ထားလို့လည်း မရသေးဘူး ကိုယ့်လူ ၊ တောရဲတိရစာ္ဆန်တွေနဲ့ တာဇံကား သွားကြည့်တောင် ကိုယ်တို့ကိစ္စတွေ မေ့လို့ရမှာ မဟုတ်ဘူး ၊ ဂေါ့ဆေ့ဖ်သကင်း သီချင်းက မမေ့အောင်

လုပ်ပေးပါလိမ့်မယ် ၊ ဗြိတိသျှ ကုန်းတပ် ရေတပ် စစ်မ က် လက်ရုံးပြတဲ့ သတင်းကားတွေက

မမေ့အောင် လုပ်ပေးလိမ့်ဦးမယ် ၊ ကဲ - နှစ်ဆောင်ပြိုင် ဆီကိုသာ သွားကြစို့ ” 


ကျွန်တော်တို့သည် ဘုရင့်ရုံသွားလျက် သပိတ်တပ်ပေါင်းချုပ် သတင်းကားနှင့် နှစ်ဆောင်ပြိုင်

ဇာတ်ကားကို ကြည့်ကြလေသည် ။ သပိတ်ပေါင်းချုပ်ကားတွင် ရုပ်ရှင်ကြည့် ပရိသတ်က လက်ခုပ်ဩဘာ ခဏခဏ ပေးကြသောအခါ ကျွန်တော်တို့သည် စိတ်အားတက်ကြွ လာကြပေသည် ။

ပျော်ရွှင်မြူးတူး လာကြပေသည် ။


ရုပ်ရှင်ကြည့်ပြီးသောအခါ ဖရေဇာလမ်း မှာ ဖာလူဒါ ဝင်သောက်ကြပြီး ဆူးလေဘုရား ဆီသို့

လျှောက်သွားကြသည် ။ လမ်းဘေး ပလက်ဖောင်းပေါ်တွင် လန်ချား နှင့် ကူလီကုလားများသည်

အိပ်ရာခင်းကုန်ကြလေပြီ ။ တချို့မှာ ဝိုင်းဖွဲ့၍ စကားစမြည် ပြောနေကြသည် ။ တချို့ကား

အိပ်ရာမှာလှဲ၍ ဘီဒီ ကို မှိန်းနေကြ၏ ။ ဆောင်းက မကုန်တတ်သေး၍ ခပ်အေးအေး ရှိသော်လည်း

နေ၍ကောင်းရုံပင် ဖြစ်ပေသည် ၊ လဆုတ်ဖြစ်သဖြင့် လ မထွက်သေးသော်လည်း ကောင်းကင်မှာ

တိမ်ခြေမြူနှင်းကင်းစင်သဖြင့် ကြယ်များ စုံညီထွန်းတောက်နေကြသည် ။


ကိုထွန်းရှိန် -


“ လန်ချားကုလားတွေ ဘယ်တော့များ အိမ်နဲ့ရာနဲ့ နေနိုင်ကြမလဲ မသိဘူးနော် ” 


ကိုအေးငွေ -


“ သူတို့ပြည် လွတ်လပ်တော့ သူတို့လည်း အိမ်နဲ့ရာနဲ့ နေရမှာပေါ့ ”  


ကျွန်တော် -


“ ဘုံဘိုင်မြို့တစ်မြို့တည်းမှာ ခုလို အိမ်မရှိလို့ လမ်းပေါ်အမိုးမပါဘဲ အိပ်ရသူ တစ်သိန်းကျော်

ရှိသတဲ့ ” 


သူတို့က ဟင်းခနဲညည်းပြီး စုတ်သပ်လိုက်ကြသည် ။


ကျွန်တော်တို့သည် ဆူးလေဘုရားလွန်ပြီး ပန်းခြံတွင်းသို့ဝင်ကြ၏ ။ ပန်းခြံတွင် မီးခပ်ကျဲကျဲ

ထွန်းထားရာ မမှောင်လွန်း မလင်းလွန်းသဖြင့် အေးမြေကြည်လင်သော အရိပ်အာဝါသသဖွယ်

ဖြစ်နေပေသည် ။ မြင်ချင်လျှင်လည်း ဖြစ်၍ မမြင်ချင်လျှင်လည်း ဖြစ်သည် ။ အမြင်မခံချင်လျှင်လည်း ရ၍ အမြင်ခံချင်လျှင်လည်း ရသည် ။


ကျွန်တော်တို့သည် သစ်ပင်ရင်း ခုံရှည်တစ်ခုတွင် ထိုင်ကြသည် ။ အနောက်ဘက်သို့ မျက်နှာမူထားကြရာ ဆူးလေဘုရားလမ်းကြီးပေါ်ရှိ တိုက်ကြီးများကို မြင်နေကြရသည် ။ မြန်မာ့အလင်း

သတင်းစာတိုက် မှတစ်ပါး အားလုံးသော တိုက်ကြီးများမှာ မီးများပိတ်ထားသဖြင့် လည်းကောင်း ၊

တံခါးများပိတ်ထားသဖြင့် လည်းကောင်း ခပ်မည်းမည်း ခပ်မှိုင်းမှိုင်း တည်ရှိနေကြပေ၏ ။


ဘာစကားမျှမပြောဘဲ အတန်ကြာထိုင်နေကြပြီးနောက် ကိုထွန်းရှိန် က -


“ ကိုယ်တို့ မပြန်ခင် မြန်မာ့အလင်း ခဏဝင်ရအောင် ” 


ကိုအေးငွေ -


“ ဘာလုပ်ဖို့လဲ ” 


ကိုထွန်းရှိန် -


“ နောက်ဆုံးသတင်းလေး ဘာလေးလည်း ဖတ်ရတာပေါ့ ၊ ပြီးတော့ အယ်ဒီတာတွေနဲ့လည်း

တွေ့ရအောင် ” 


ကိုအေးငွေ -


“ လာ ဒါဖြင့် သွားကြစို့ ” 


ကျွန်တော် -


“ နေပါဦးဗျ ၊ ဆွေးနွေးစရာကလေးတွေ ဆွေးနွေးကြရအောင် ” 


ကိုထွန်းရှိန် နှင့် ကိုအေးငွေ တို့သည် တစ်ယောက် တစ်ယောက် ကြည့်နေကြသည် ။


ကျွန်တော် -


“ ကျွန်တော်တို့ ရှေ့ဘယ်လို ခြေလှမ်းကြမှာလဲ ဆိုတဲ့ကိစ္စဟာ မတွေးချင် ၊ မဆွေးနွေးချင်လို့ ရတဲ့

ကိစ္စမဟုတ်ဘူး ၊ အချိန်ကျတော့ အလုပ်အမှုဆောင်အဖွဲ့က လမ်းစဉ်ချပေးပါလိမ့်မယ် ဆိုရုံနဲ့လည်း

မပြီးဘူး ” 


ကိုအေးငွေ -


“ ကိုတင်ထွန်း ပြောတာလည်း မှန်တာပဲ ကိုထွန်းရှိန် ရ ၊ ခေါင်းဆောင်တွေ ခိုင်းတော့လည်း ထလုပ်တာပေါ့ ဆိုပြီး သဘောထားရုံနဲ့ မပြီးဘူးထင်တယ် ” 


ကိုထွန်းရှိန် သည် ခုံရှည်ကျောမှီပေါ်တွင် တအားမှီကာ ကျောလှန်ချပြီးနောက် ပြန်မတ်လိုက်ကာ -


“ ဟုတ်တော့ ဟုတ်တာပေါ့ ၊ သို့ပေမယ့် ခင်ဗျားတို့ ကျွန်တော်တို့ အကြံအိုက်သလို သူတို့လည်း

အကြံအိုက်နေကြတာပဲ ။ ရှေ့တိုး ထမ်းပိုး ၊ နောက်ဆုတ် လှည်းတုတ် ဆိုတာမျိုးနဲ့ ရင်ဆိုင်နေရတယ် ” 


ကျွန်တော်တို့သည် အလယ်မှထိုင်နေသော ကိုထွန်းရှိန် ဘက်သို့ ကိုယ်ကို လှည့်ထိုင်ပြီး

နားထောင်နေကြသည် ။


“ ကဲ - ခု အစာငတ်ခံပြီးပြီ ။ အစကတော့ ရပ်ဖို့တောင် ခပ်ခက်ခက်ပဲ ၊ ခုတော့ လူကြီးမိဘတွေက

ကြားဝင်တောင်းပန်လို့ တော်သွားတာ ။ အကြမ်းမဖက်ဘဲနဲ့ လုပ်ခဲ့တဲ့ နည်းတွေကဖြင့် အားလုံး

စုံသွားပြီ ။ ဒီရှေ့ဆက်လုပ်ဖို့ဆိုရင် တစ်လမ်းပဲ ရှိတော့တယ် ။ သူတို့ကအကြမ်းဖက် လက်နက်နဲ့

နှိမ်နေတာကို ကိုယ်တို့က လက်နက်နဲ့ပြန်ပြီး ခုခံချဖို့ ၊ အင်္ဂလိပ်တွေကို တစ်ခါတည်း မောင်းထုတ်ဖို့ပဲ ကျန်တော့တယ် ၊ ကဲ အဲဒါကို လုပ်နိုင်ကြပါ့မလား ” 


ကျွန်တော်သည် ကြက်သီးဖြန်းခနဲ ထသွားသည် ။ ကိုထွန်းရှိန် က ဆက်သည် ။


“ ကိုယ်တို့အားလုံး နားလည်ထားကြဖို့က ဒီနယ်ချဲ့သမားကို လက်နက်နဲ့ ပြန်မချ သမျှတော့

ကိစ္စမပြီးဘူး ဆိုတာပဲ ။ သို့သော် ခု မချနိုင်သေးဘူး ။ လက်နက်ဆိုရင် ဓားမတိုတောင်

ကောင်းကောင်း မရှိဘူး ။ လက်နက်ကို စုဆောင်းရမယ် ၊ မရ ရတဲ့နည်းနဲ့ ရှာရမယ် ၊ နိုင်ငံခြားနဲ့

အဆက်အသွယ်ယူပြီး လက်နက်ရအောင် လုပ်ရမယ် ” 


ကိုအေးငွေ -


“ အဲဒါကိုတောင် လုပ်နေကြပြီမဟုတ်လား ” 


“ ဒီ နိုင်ငံခြားနဲ့ အဆက်အသွယ်ရှာတဲ့ လုပ်ငန်း ၊ လက်နက်ရနည်းရှာတဲ့ လုပ်ငန်းကို ကိုယ်တို့

တစ်တွေက တစ်ဖက်က လုပ်နေပါတယ် ။ ဒါက အင်မတန်လျှို့ဝှက်ပြီး လုပ်ရမယ့်လုပ်ငန်း သိရဲ့လား ။ နောက်ပြီးတော့ စည်းရုံးရေးလုပ်ငန်းတွေကလည်း လိုသေးတယ် ။ အခုလို စည်းကမ်း သိပ်မကျသေးတဲ့ အစည်းအရုံးအဖွဲ့အစည်းတွေနဲ့ မဖြစ်သေးဘူး ။ အထူးသဖြင့် တို့ဗမာ လက်ရုံးတပ်တို့ ၊ ကျောင်းသားတပ်ဦးတို့ တပ်ဖွဲ့တွေ ဖွဲ့ကြရမယ် ၊ လေ့ကျင့်ရဦးမယ် ” 


ကျွန်တော် -


“ အင်း ၊ ဒါတွေ မလုပ်ဘဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဆက်သွားလို့တော့ မဖြစ်ဘူးပေါ့ဗျာ ” 


ကိုအေးငွေသိန်း


“ ဒါကြောင့်လည်း ခေါင်းဆောင်တွေက အရမ်းခြေလှမ်းကျဲလို့ မဖြစ်သေးတာပေါ့ ” 


ကိုထွန်းရှိန် -


“ ဒီတော့ အနုနည်းနဲ့လုပ်တဲ့ အလုပ်ကိုပဲ ရွေးကြရဦးမယ် ၊ ခက်တာက အနုနည်းမှာတော့ အစာအငတ်ခံတာထက် ပိုပြီး နုတာ ပိုပြီး အထက်တန်းကျတာ မရှိတော့ဘူး ။ ဒီတော့ ဘယ်နည်း

လိုက်ရမလဲဆိုတာ ရှာမတွေ့လောက်အောင် ခက်နေတာပေါ့ ။ အသေခံဖို့ဆိုတာ မလွယ်ဘူး ။

သူများကို အသေသတ်ဖို့က လွယ်တယ် ၊ ကိုယ့်ကိုယ်ကိုယ် အသေခံဖို့က မလွယ်ဘူး ။ အစာငတ်ခံတာဟာ တစိမ့်စိမ့် အသေခံရတာမို့ ပိုခက်တာပေါ့ ။ ခု ကိုယ်တို့ အစာငတ်ခံပြီးတော့ ကိုယ်တို့

အမှုဆောင်အဖွဲ့တွေက ရှေ့ခြေလှမ်းအကျဲဆုံး လှမ်းနိုင်မယ့်လူစာရင်း ပေးကြပါလို့ တိတ်တိတ်

လိုက်တောင်းတယ် မဟုတ်လား ၊ ဘယ်နှယောက် စာရင်းပေးသလဲ သိလား ” 


ကျွန်တော်တို့သည် ငေးကြည့်နေကြသည် ။ အတန်ကြာမှ ကျွန်တော်က -


“ တော်တော် စာရင်းပေးကြတယ် မဟုတ်လား ” 


ကိုထွန်းရှိန် -


“ ဘယ်များမှာလဲ ၊ ၁၅ ယောက်လောက်ပဲ စာရင်းပေးတော့တယ် ၊ အစာအငတ်ခံကြတုန်းက လူ

၂ဝဝဝ ကျော်နဲ့ စာကြည့်ပေတော့လေ ” 


ကိုအေးငွေ -


“ ရှေ့ ခြေလှမ်းကျဲကျဲလှမ်းဖို့ ဒီလူလောက်နဲ့ ဘယ်ဖြစ်မှာလဲ ။ ခက်ပါတယ် ၊ အုပ်ချုပ်ရေး

တိုက်ဖျက်ဖို့ အစီအစဉ်ဆိုတာကလည်း မလွယ်ဘူး ။ ခု ညွန့်ပေါင်းအစိုးရကတော့ ပြုတ်ကျတော့မှာပဲ ၊ သို့ပေမယ့် ကျန်အမတ်တွေက ရာထူး ဝင်မယူပါနဲ့လို့ တားလို့ မရနိုင်ဘူး ထင်တယ် ။ သူတို့

ဟာ အမတ်တွေ မဟုတ်ဘူး ၊ အားလုံး အငတ်တွေချည်းပဲ ” 


ကျွန်တော် -


“ ကိုလှရွှေ အကြံပေးသလို အမတ်တွေအကုန် သမဂ္ဂအဆောက်အအုံ ခန်းမဆောင်ထဲ ခေါ်ထည့်ထား ၊

ကျောင်းသားတွေက ပိတ်ထား ၊ တညီတညွတ်တည်း ရာထူးလက် မခံရေး လုပ်မလား မလုပ်ဘူးလား မေး ၊ မလုပ်ဘူးလို့ ကတိမရမချင်း ပြန်မလွှတ်နဲ့ ” 


ကိုထွန်းရှိန် က မလိုတမာ သရော်ပြုံး ပြုံးလိုက်ပြီး -


“ ကတိတော့ ပေးချင် ပေးသွားမှာပဲ ၊ လွှတ်တော်ခန်းမထဲလည်း ရောက်ရော ၊ ရာထူးလုကြရော ဖြစ်မှာပါပဲ ဟဲ ဟဲ ၊ ဂိန်ဂိန် နဲ့ ကိုက်သံတွေ ဆူညံနေမှာပါပဲ ” 


ကျွန်တော် -


“ ဒီလိုဆိုရင် ၉၁ ဌာန အုပ်ချုပ်ရေး တိုက်ဖျက်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ လုပ်ငန်းစဉ်ပေါ့နော် ” 


ကိုထွန်းရှိန် -


“ အမတ်တွေ အားကိုးလို့တော့ မဖြစ်နိုင်ဘူးပေါ့ ” 


ကျွန်တော် -


“ ရာထူးလက် မခံ ငြင်းပယ်ပြီး အုပ်ချုပ်ရေး တိုက်ဖျက် မယ်ဆိုတော့ ရာထူး လက် မခံဘူး ဆိုရာမှာ

အမတ်တွေက ကာယကံရှင် ဖြစ်နေတော့ သူတို့ အားမကိုးလို့ ဘယ်သူ့ အားကိုးမလဲ ၊ ဒီလိုဆိုတော့

အုပ်ချုပ်ရေး တိုက်ဖျက်ဖို့လုပ်ငန်း စွန့်လွှတ်ထားရုံပေါ့နော် ” 


ကိုထွန်းရှိန် -


“ မစွန့်လွှတ်ရပါဘူး ။ သခင်နု ၊ သခင်လှဖေ ၊ သခင်သန်းထွန်း ၊ သခင်အောင်ဆန်း နဲ့ တခြား

တို့ဗမာအစည်းအရုံး ခေါင်းဆောင်တွေက စိတ်လည်း မပျက်ကြဘူး ။ အုပ်ချုပ်ရေး တိုက်ဖျက်ဖို့ ၊

ရာထူး လက် မခံရေး ၊ ဗြိတိသျှကုန် သပိတ်မှောက်ရေး ၊ အလုပ်သမား အထွေထွေသပိတ်ကြီးတွေ

တောင်သူလယ်သမားတိုက်ပွဲတွေ ဆက်လုပ်သွားကြမယ် ” 


ကိုအေးငွေ -


“ ဆက်လုပ်တာတော့ ကောင်းပါရဲ့ ၊ ဒါပေမဲ့ ခု ညွန့်ပေါင်းပြုတ်ကျရော ဆိုပါတော့ ၊ ကျန်တဲ့

အမတ်တွေ ရာထူးမယူဖို့တော့ လုပ်လို့ အောင်မှာ မဟုတ်ပါဘူး ” 


ကျွန်တော် နှင့် ကိုထွန်းရှိန် က ထိုအတိုင်းပင် ဖြစ်မည့်အကြောင်း သဘောတူလိုက်ကြလေသည် ။


ကျွန်တော် -


“ ဒီတော့ ကျွန်တော်တို့ရဲ့ သပိတ်တွေကို ဘယ်လိုလုပ် ဖြေရှင်းမှာလဲ ၊ ဒီအတိုင်းပဲ ဆက်သွားရမှာလား ” 


ကိုထွန်းရှိန် -


“ ကျောင်းသားတွေလည်း ထာဝစဉ် ဆက်ပြီး သပိတ်မှောက်နေနိုင်တာ မဟုတ်ပါဘူး ၊ အလုပ်သမားတွေလည်း ထာဝစဉ် သပိတ်မှောက်နေနိုင်တာ မဟုတ်ပါဘူး ၊ ရေနံမြေသပိတ်တပ်ကြီးလည်း

ရန်ကုန် မှာ အမြဲနေလို့ရတာ မဟုတ်ဘူး ၊ ရေနံမြေပြန်ကြရမှာပဲ ” 


ယင်းကဲ့သို့ ပြောပြီး ကိုထွန်းရှိန် က ရပ်နေသည် ။ ကျွန်တော်သည် အားမလိုအားမရ ဖြစ်လာကာ -


“ သည်တော့ ဘယ်လိုလုပ်ကြမလဲ ” 


“ တောင်းဆိုချက်တွေ အထိုက်အလျောက် ရအောင်လုပ်ပြီး သပိတ်ပြန်လှန်ဖို့ပဲ ။ သို့ပေမယ့် ခု

ညွန့်ပေါင်းအစိုးရနဲ့တော့ စေ့စပ်လို့ မရတော့ဘူး ။ ဒါကြောင့် ညွန့်ပေါင်း ပြုတ်ကျအောင်တော့

လုပ်ရမှာပဲ ။ ပြီးတော့ နောက်တတ်တဲ့ အစိုးရနဲ့ ဆက်ပြီး စေ့စပ်ရမှာပဲ ” 


ကျွန်တော် -


“ ဒီလိုဆိုတော့ ကျုပ်တို့ဘက်က ခိုင်ခိုင်မာမာနေမယ့် လူတွေ နောက်အစိုးရအဖွဲ့ဖွဲ့ရင် ကောင်းမှာပေါ့ ” 


ကိုထွန်းရှိန် -


“ ဟုတ်တယ် ၊ ဒါပေမဲ့ကိုယ့်လူ ဒီစကားမျိုး ခု မပြောနဲ့ဦး ၊ ရာထူးလက်ခံရေး ထောက်ခံသလို

ဖြစ်နေဦးမယ် ။ မကြားဘူးလား ၊ ကိုကြီးသိန်း ဒီစကားပြောမိလို့ ချောက်ကျနေတယ် ။ တို့ဗမာအစည်းအရုံးက တချို့သခင်ကြီးတွေက တက်ဘုန်းကြီးသိန်းဖေ ဟာ ရာထူးလက်ခံရေး လုပ်နေတယ် ။ အစည်းအရုံးက ထုတ်ပစ်ရမယ်လို့ တောင်းဆိုနေကြတယ် ။ ဒီတော့ ဒီစကား ခု မပြောနဲ့ဦး ၊

နောက် မှ ပြောချင် ပြော ။ ခုပြောရမှာက တို့တောင်းဆိုချက် မရရင် ရှေ့ခြေတစ်လှမ်း တက်ဦးမယ် ၊

အိမ်ခြေ တစ်သန်းငါးသိန်း တုန်လှုပ်ချောက်ချားသွားစေရမယ် ၊ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချရမယ် ၊ နောက်ထပ် မဖွဲ့နိုင်အောင် လုပ်ရမယ် ” 


ကိုထွန်းရှိန် သည် ပြောပြောဆိုဆို ထိုင်ရာမှထသည် ။ ကျွန်တော်တို့လည်း မတ်တပ်ရပ်လိုက်ကြ၏ ။


ကျွန်တော် -


“ နေပါဦး ၊ တို့ဗမာအစည်းအရုံးက ကိုသိန်းဖေ ကို တကယ် ထုတ်ပစ်ဦးမှာလား ” 


“ မသိဘူး ၊ ထုတ်ချင် ထုတ်မှာ ။ ကိုကြီးသိန်း ကလည်း ရယ်တာပေါ့ ၊ အပျော့ပါလို့ သရော်ပြီး

သူထင်ရာ စွတ်စွတ်လုပ်နေတော့ ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးက သိပ်မုန်းနေတယ် ။

ကိုကြီးသိန်း က လူထုအစည်းအဝေး တစ်ခုမှာ သခင်ခေါင်းဆောင်တချို့ စည်းကမ်းမဲ့ပုံ ဝေဖန်ထားလေတော့ ပိုမခံရပ်နိုင် ဖြစ်နေကြတာပေါ့ ” 


ကိုအေးငွေ -


“ အစကတည်းက ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးက ဌာနချုပ် တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်မှာ သခင်နု ၊ သခင်အောင်ဆန်း တို့လိုကောလိပ်ကျောင်းထွက်တွေ ဝင်လာတာ တယ်

မကြိုက်ဘူးလို့ ပြောသံ ကြားရတယ် ၊ ဒီတော့ ကိုကြီးသိန်း လို ဘုသမားကို ပို မကြိုက် မှာပေါ့ ” 


ကိုထွန်းရှိန် -


“ ကဲ သွားကြစို့ ” 


ကိုအေးငွေ -


“ မြန်မာ့အလင်း ဝင်ဦး မလို့လား ၊ မဝင်ပါနဲ့တော့ဗျာ ညဉ့်နက်နေပြီ ” 


ကျွန်တော်ကား ဘာမျှ မပြောဘဲ စောစောက စကားများကို စိတ်ထဲမှာ စားမြုံ့ပြန်၍ လျှောက်လာသည် ။


ကိုထွန်းရှိန် -


“ မဝင်ချင် နေပါတော့လေ ၊ ရဲဘော်တင်ထွန်း ခုတလော နိုင်ငံခြားရေး သတင်းကလေးများ ဖတ်မိသေးသလား ။ အရေးကြီးတာကလေးများ ဖောက်သည်ချပါဦး ” 


ကျွန်တော်ကား စကားသိပ် မပြောလိုတော့ချေ ။ ခုနင်က ကြားထားသော စကားများကို ကျေညက်အောင် အနုလုံပဋိလုံ ဆင်ခြင်ဖို့ လိုနေသည် ။ အတော်ကြာ ဘာမျှမပြောဘဲ လျှောက်လာခဲ့ကြပြီးမှ

ကျွန်တော်က -


“ စပိန်သမ္မတအစိုးရတော့ လုံးလုံးနိုင်လို့ ဟစ်တလာ နဲ့ မူဆိုလိုနီ တို့တော့ သိပ်ဝမ်းသာနေကြတာပဲ ” 


ကိုထွန်းရှိန် -


“ ဒီအရှေ့ဘက်က သတင်းတွေကကော ” 


“ တရုတ် - ဂျပန် စစ်ပွဲနဲ့ ပတ်သက်လို့တော့ တရုတ်ဆီ ကို တရုတ် - ဗမာ လမ်းမကြီးကနေပြီး

လက်နက်ပို့နေတဲ့ သတင်းပဲ အများအပြား ရေးနေကြတယ် ။ တချို့လက်နက်တွေကို ရန်ကုန်

ဂိုဒေါင်တွေကနေပြီး ဘတ်စ်ကားနဲ့ တိုက်ရိုက် ကွန်မင်း အရောက် ပို့တယ် ၊ တချို့ကိုတော့ မီးရထား

နဲ့ လားရှိုး ထိ ပို့ပြီး တစ်ခါ ဘတ်စ်ကား နဲ့ ပို့ရတယ် ၊ ဝပ်ဆင်ကုမ္ပဏီတော့ ပွတာပဲ ” 


ကိုအေးငွေ -


“ ဘာဖြစ်လို့လဲ ” 


“ ထရပ်ကား အစီး ၅ဝ ရောင်းလိုက်ရတယ် ၊ တရုတ် - ဗမာလမ်းမကြီးပေါ်မှာ ပြေးဖို့လေ ” 


ကိုထွန်းရှိန် -


“ အင်း ၊ အင်္ဂလိပ် မှ တကယ့် ငိုစား ရယ်စားကောင်နော် ” 


ကိုအေးငွေ -


“ ဓနရှင်နယ်ချဲ့တွေ ရှိနေသမျှတော့ ကမ္ဘာကြီး ဘယ်တော့မှ အေးမှ မဟုတ်ဘူး ” 


ကျွန်တော်တို့သည် ပန်းခြံမှ ထွက်လာပြီး ဆူးလေဘုရား ကိုပင် လွန်ခဲ့လေပြီ ။ ဆူးလေဘုရားလမ်း

အတိုင်း လျှောက်ခဲ့ကြရာ ပလက်ဖောင်းပေါ်တွင် ကုလားများမှာ အိပ်လျက်နေကြလေပြီ ။


ကိုထွန်းရှိန် -


“ ဒါထက် ကိုယ်တို့ ဘယ်သွားအိပ်ကြမလဲ ” 


ကျွန်တော် -


“ မြို့မကျောင်းမှာပဲ အိပ်ကြတာပေါ့ဗျာ ” 


ကိုအေးငွေ -


“ ဘာလဲ ရဲဘော်ထွန်းရှိန် က ကုလားတွေနဲ့ အတူ ပလက်ဖောင်းပေါ်မှာပဲ ဝင်အိပ်ချင်လို့လား ” 


ကျွန်တော်တို့သည် ဖြည်းဖြည်းအေးအေးပင် လမ်းလျှောက်၍ လာခဲ့ကြသည် ။ ကျွန်တော်တို့

နောက် မှ လေတဟူးဟူး တိုက်ခတ်ပေးနေသည် ။ 


◾သိန်းဖေမြင့် 


📖 အရှေ့ကနေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.


အလောင်းဘုရား နှင့် မယ်ယွန်းစံ


 

❝ အလောင်းဘုရား နှင့် မယ်ယွန်းစံ ❞

အလောင်းဘုရား နှင့် မယ်ယွန်းစံတို့ကား မောင်နှမ တစ်ဝမ်းကွဲ ဘဝမှ “ ဆွေချင်း ထပ်လျှင် မြတ် ၊ မျိုးချင်း ခြုံလျှင် လုံ ” ဟူသော မြန်မာစကားပုံအရ အကြင်လင်မယား အဖြစ်သို့ ရောက်ကြသူများဖြစ်သည် ။

အလောင်းဘုရား ၏ မယ်တော် စောငြိမ်းဦး နှင့် မယ်ယွန်းစံ ၏ ဖခင် ဦးဖြိုးမြ တို့မှာ မောင်နှမအရင်း ဖြစ်၏ ။ ဦးဖြိုးမြ သည် မုဆိုးဘို နှင့် ၁၀ မိုင် ခန့် ဝေးသော စည်ပုတ္တရာမြို့တွင် ထောင်မှူး ဖြစ်သည် ။ သူတို့နှစ်ဦး လက်ထပ်စဉ်က သတို့သား မောင်အောင်ဇေယျ ( အလောင်းဘုရား အလောင်းလျာ ) မှာ ၁၉ နှစ် ၊ သတို့သမီး မယ်ယွန်းစံ မှာ ၁၇ နှစ် ဖြစ်၏ ။

ထို ငယ်လင် ငယ်မယား တို့မှ ပေါက်ဖွားသူတို့မှာ သားတော် ၆ ပါး သမီးတော် ၃ ပါး ဖြစ်၏ ။ အားလုံး ၉ ပါး ဖြစ်၍ နဝရတ် ၉ ပါးနှင့် နှိုင်းယှဉ်ကာ “ ရတနာမဏ္ဍိုင် ၊ ပင်ရင်းခိုင်၍ ရောင်ဆိုင်ဖြူးဖြူး ၊ လေဖြာမြူးလျက် ” စသဖြင့် စပ်ဆို ချီးကျူးခဲ့ကြသည် ။ ထိုသို့ မြင်တော်မူသော သားတော် သမီးတော်များ၏ ထူးခြားသော ကုသိုလ်အဟုန်မှာ ရွှေလက်ထက်တော်အတွင်း တစ်ဦး တစ်ယောက် မျှ ဖိတ်စဉ် ပျက်စီးခြင်း မရှိချေ ။

သားတော်များကား ( ၁ ) မောင်လောက် ခေါ် နောင်တော်ကြီး ဘုရင် ၊ ( ၂ ) မောင်ရွ ခေါ် ဆင်ဖြူရှင်ဘုရင် ၊ ( ၃ ) မောင်ပိုး ခေါ် အမြင့်မြို့စား ၊ ( ၄ ) မောင်ဝိုင်း ခေါ် ဘိုးတော်ဘုရား ၊ ( ၅ ) မောင်စိုး ခေါ် ပခန်းမြို့စား ၊ ( ၆ ) မောင်ဖိုးရှင် ခေါ် ပင်းတလဲမြို့စားတို့ ဖြစ်၍ ၊ သမီးတော် ၃ ပါးတို့ကား ( ၁ ) မယ်သာ ၊ ( ၂ ) မယ်မြတ်လှ နှင့် ( ၃ ) မယ်အိပ် တို့ ဖြစ်သည် ။

ဦးအောင်ဇေယျ ကိုယ်တိုင် ထွန်ယက်လုပ်ကိုင်သော ယာခင်းမှာ ယခု တည်ရှိသော “ ရွှေတန်းစာ ” ဘုရား ပတ်လည်တွင် ရှိ၏ ။ “ ထိုယာခင်းအနီး ဘုရားပျက်ကို ရှာဖွေပြင်ဆင်ပါက သင့်အလိုအတိုင်း ပြည့်စုံအံ့ ” ဟူသော အိပ်မ က် အရ ဦးအောင်ဇေယျ သည် ဇနီး မယ်ယွန်းစံ နှင့်အတူ ပေါက်တူးနှင့် တူးရွင်းများ ကိုင်ဆောင်ရှာဖွေကြသည်  ။ ကျယ်ဝန်းပြန့်ပြူးသော မြေအပြင်၌ တောင်ပို့တစ်ခု တွေ့၍ စည်းခြံ ကာရံထားခဲ့သည် ။ အိမ်သို့ရောက်လျှင် မယ်ယွန်းစံ က ( ဟဲ့ သား …. မောင်လောက် ၊ မောင်ရွ ၊ မောင်ပိုး ၊ မောင်ဝိုင်းရို့ ၊ ငါ့သားများ စားရဖို့သာ ပြင်ထားကြပေတော့ ။ မောင်တို့ အဖေက ဥစ္စာသိုက် တွေ့ခဲ့၍ စည်းချ ကာရံထားခဲ့သည် ” ဟု ပြက်ရယ်ပြု၏ ။

နောက်တစ်နေ့၌ ရပ်သူရွာသား ပန်းရန်သမား တို့နှင့် သွားရောက်တူးဖော်သော် ဌာပနာတိုက်နှင့် တကွ စေတီဟောင်း တို့ကို တွေ့၍ ဦးအောင်ဇေယျ က ထပ်မံ ပြုပြင်တည်ထား ကိုးကွယ်လေသည် ။ ဘုရား ပြင်ပြီး၍ မကြာမီပင် ဦးအောင်ဇေယျ ၏ လက်ရုံးမှ မီးရောင်တောက်ခြင်းများ ဖြစ်ပေါ်လာ၏ ။

ထိုနှစ် ( ၁၁၁၁ ) တွင် အင်းဝ ရွှေနန်းရှင် ဘုရင်ကိုယ်တိုင် မြင်တော်မူသော အိပ်မ က်ကား “ မြောက်အရပ်သို့ ရှုစားရာ ၊ အရှေ့အရပ်မှ နေဗိမာန်သည် ၊ ကြယ်တာရာအပေါင်း ခြံရံလျက် ၊ အနောက်အရပ်သို့ ကြွမြန်းသည် ” ဟူ၍ ဖြစ်၏ ။ အမတ်များက မြောက်အရပ်၌ မင်းလောင်းပေါ်မည့် နိမိတ်မှန်း သိသော်လည်း ဘုရင်ကို ကြောက်ရွံ့၍ “ နေမှာ အင်းဝဘုရင် ၊ ကြယ်တာရာများမှာ ပဒေသရာဇ်မင်းများ ခစားပုံ ” ဟူ၍ လျှောက်တင်၏ ။

တစ်နေ့သောအခါ ဦးအောင်ဇေယျ သည် တောသို့ ယာထွန်သွားရာ နေမြင့်သောအခါ ခေတ္တနားနေ၏ ။ သစ်ပင်ရိပ်တွင် လဲလျောင်းရင်း အိပ်ပျော်သွား၏ ။ ထိုအခိုက် အိမ်မှ ထမင်းပို့လာသော အစေခံ မငြိမ်း ရောက်လာ၏ ။ ဦးအောင်ဇေယျ ၏ လက်ယာလက်ရုံး မှ အခိုးအလျှံနှင့် မီးတောက်ထလာသည်ကို မြင်သော် အူယားဖားယား ချဉ်းကပ်ကာ မိမိ၏ တဘက်ဖြင့် မီးကို ပုတ်သတ်၏ ။

ဦးအောင်ဇေယျ အိပ်ရာမှလန့်နိုးကာ အသို့နည်းဟု မေးရာ ကျွန်မက “ အရှင့်လက် မှ မီးခိုးမီးတောက် မြင်၍ ငြိမ်းသတ်မိသည် ” ဆို၏ ။ ဦးအောင်ဇေယျ လည်း “ သည်အတိုင်း မှန်လျှင် တောစကား တောမှာ ပျောက်စေ ၊ ရွာ မရောက်စေနှင့် " ဆိုကာ နှုတ်ပိတ်စေ၏ ။ သူ့အဖို့၌ကား စကြာရတနာကို မျှော်လင့်ချိန်တွင် ရရှိသော စကြမင်းကဲ့သို့ ပြန့်ကျယ်သော ပီတိရလျက် ဣန္ဒြေမပျက် နေလေသတည်း ။

အစေခံမလည်း အိမ်သို့ပြန်လာပြီးနောက် ဆင်ခြင်သည်ကား “ ငါတို့၏ အရှင်သည် ဘုန်းပညာနှင့်ပြည့်စုံသည် ။ မြောက်ဘက် မှ မင်းလောင်းပေါ်မည် ဟူသော တဘောင်လည်း ထွက်နေသည် ။ အရှင့်ကို ရည်ညွှန်းခြင်းကြောင့် မချွတ်ပင် အရှင်သည် ဘုန်းသမ္ဘာရှင် ဖြစ်မည် ။ ထို့ကြောင့် ငါသည် ယနေ့မှစ၍ အရှင့်အား ရှင်ဘုရင်သဖွယ် ပြုစုအံ့ ” ဟု အထူးတလည် ဝတ်ပြုလေသည် ။

တစ်ညသ၌ သန်းခေါင်ကျော်လောက်တွင် ဇနီး မယ်ယွန်းစံ နိုးကြားနေခိုက် ဦးအောင်ဇေယျ ညာလက်ရုံးမှ မီးခိုးမီးလျှံများ ထရာ တစ်အိမ်လုံး ထိန်လင်းနေ၏ ။ မယ်ယွန်းစံ မြင်သော် အနီးရှိ ခြုံစောင်တို့နှင့် အုပ်ဖုံး သတ်ငြိမ်းလေ၏ ။ ဦးအောင်ဇေယျ နိုးသော် သူ့လက် မှ မီးထတောက်ကြောင်း မယ်ယွန်းစံက ပြောပြ၏ ။ “ သည်စကား သည်တွင်ပြီးစေ ၊ တစ်ပါး မရောက်စေနှင့် " ဟု တားမြစ်ပြန်လေ၏ ။

မယ်ယွန်းစံက " ကိုအောင်ဇေယျ ၊ ရှင်သည် ဘုန်းကြီးသော မင်းယောက်ျားဖြစ်သည် ။ မမေ့မလျော့သော သတိနှင့် ပြည့်စုံအောင် နေလေ ” ဟု ဆိုပြီးလျှင် ထိုနေ့မှစ၍ မင်းတို့၌ ပြုအပ်သော ဝတ္တရားအတိုင်း မယ်ယွန်းစံ က ပြုစုလေသည် ။

••••••  ••••••  ••••••

တစ်ရွာ၌ နေသော ဦးအောင်ဇေယျ ၏ သူငယ်ချင်း တစ်ယောက် အိပ်မ က် ရသည်ကား သူတို့ထံသို့ ဝတ်ဖြူစင်ကြယ်နှင့် လူတစ်ယောက် လာကာ “ နက်ဖြန် မိုးသောက်လျှင် သင့်အိမ်သို့ ရှင်ဘုရင်လင်မယား ယာဉ်ကိုစီး၍ တောင်အရပ်က လာလိမ့်မည် ။ မင်းတို့၌ ပြုအပ်သော ဝတ္တရားနှင့်အညီ ပြုစုလေ ။ သင့်အား စောင်မ ကြည့်ရှုသွားလိမ့်မည် ” ဟု မှာကြားလေသည် ။ အိပ်ရာမှ နိုးသောအခါ လူကြီးမိဘများကို ပြောပြပြီးနောက် သိကြားတို့ နှိုးဆော်ချက်အတိုင်း စားသောက်ဖွယ်ရာများ ခင်းကျင်းကာ စောင့်စားနေ၏ ။

ထိုသူငယ်ချင်းထံမှ အကြွေးငွေ ၅ဝ ကျပ် ရရန်ရှိ၍ ဦးအောင်ဇေယျ ဇနီးမောင်နှံတို့ လှည်းယဉ် နှင့် ထွက်ခဲ့ကြရာ ထိုရွာသို့ နံနက်ခင်းပင် ရောက်ကြ၏ ။ ရှင်ဘုရင် ကို စောင့်မျှော်နေသူက “ ငါ့အိပ်မ က် ၌ ရှင်ဘုရင် လင်မယား လာမည်ဆိုရာ ယခုကား အောင်ဇေယျ တို့ လင်မယား ပေါ်လာသည် ။ အောင်ဇေယျ တော့ ရှင်ဘုရင်စော် နံတဲ့လူ ” ဟု ဆီးကြိုနှုတ်ဆက်၏ ။

ဦးအောင်ဇေယျ က “ မင်းပြောသည့်အတိုင်း မှန်လျှင် နိမိတ် ကောင်းသည် ။ မင်းစကားကို ငါက ပူဇော်ထိုက်သည် ။ ထို့ကြောင့် ငါတို့ကို ပေးရန်ရှိသော အကြွေးငွေကို စာရင်းပယ်မည် ။ မပေးပါနှင့်တော့ ” ဟု ဆို၏ ။

ခင်းကျင်းထားသော စားသောက်ဖွယ်တို့ကို သုံးဆောင်ပြီးနောက် ဦးအောင်ဇေယျ က “ မင်းပြောတဲ့စကားကို မင်းအိမ်မှာပဲ ပြီးပါစေကွယ် ၊ တစ်ပါးကို မပေါက်ကြားစေလင့် ” ဟု သူငယ်ချင်းအား နှုတ်ပိတ်ပြီး ပြန်သွားလေသည် ။

မြောက်ဘက်တွင် မင်းလောင်းပေါ်မည် ဟူသော တဘောင်တို့ ခေတ်စားလာ၏ ။

မြောက်ဘက်တစ်ခို ၊ မုဆိုးဘို
မိုးခိုပါစို့ ၊ ညည်းနှင့်တို့ ၊
တိုင်းရက်သည့် ပက္ကလာ
မိုးရွာသည်နှင့် အသင့်ပဲ ။
တို့မေလေး မကျေဖျက်
မြောက်ဘက်ကယ်တဲ့ ဟိုတစ်ခို
ပြေးစို့ နှစ်ကိုယ် ။
ဆိုင်းစိုစိုက
ရန်လုံးဖြိုပါတဲ့
ပြည်ရွှေဘို ထိုမြို့မှာ
မိုးခိုစို့လေး ။

ပေါ်ပေါက်သမျှ တဘောင်တို့မှာ အများအားဖြင့် မုဆိုးဘိုသား ဦးအောင်ဇေယျ သို့သာ ဦးတည်နေကြ၏ ။ ထို့ကြောင့် သူ၏ သူငယ်ချင်းများ အိမ်သို့ အလည်သွားလျှင် “ ဟေ့ အောင်ဇေယျ ၊ မင်းလာလျှင် တယ်ပြီး ရှင်ဘုရင်စော် နံသကွာ ၊ မလာပါနှင့် ။ တို့တစ်တွေ ရာဇဝတ် သင့်ကုန်ပါမယ် ” ဟု ကျီစယ် ပြောဆိုလေ့ ရှိကြ၏ ။

ထို တဘောင် သတင်းများကို နေပြည်တော်က ကြားသိရာ စဉ့်ကိုင် တွင် အင်းဝဘုရင် ၏ နောင်တော်သဖွယ် သူကောင်းပြုထားသူ သတိုးမင်းခေါင် ခေါ် တောင်ငူရာဇာ က မောင်အောင်ဇေယျ ကို ခေါ်ယူ စစ်မေး၏ ။ “ ရှင်ဘုရင်စော်နံသည် ဆိုကြသည် ၊ ဆိုသည့်အတိုင်း မှန်သလော ” ဟူသော မေးခွန်းကို သည်ကား “ ဤစကားကို ရွှေနားတော်ကြား ပြောဆိုကျော်ကြားခြင်းမှာ မလိုသူတို့ ကုန်းချောခြင်းသာ အရင်းခံ ဖြစ်ပါသည် ” ဟူ၏ ။

တောင်ငူရာဇာ က မောင်အောင်ဇေယျ ၏ ရဲရင့်တည်ကြည်ခြင်း ၊ ရူပနိကာယ် ကောင်းခြင်းတို့ကို ထောက်ရှုကာ ယာယီယတြာများ ပြုလုပ်၏ ။ မုဆိုးဘို ကို ရွှေဘို ဟု အမည်ပြောင်းစေ၍ ထိုအရပ်ရှိ ရွှေတန်းစာ စေတီ၏ မြောက်ဘက်တွင် ကိန်း‌ေချ တဲနန်း ဆောက်စေရသည် ။

•••••  ••••••  •••••

ဦးအောင်ဇေယျ သည် မုဆိုးဘို အရပ်၌ ရိုးရိုးကုပ်ကုပ် တောင်သူလုပ်ငန်းနှင့် တင်းတိမ်နေသူ မဟုတ် ။ တိတ်နိမိတ်များကို သူကိုယ်တိုင် ယုံကြည်သည်ဖြစ်၍ အထွတ်အထိပ်သို့ ရောက်ရန် လိုအပ်သော စည်းရုံးရေး ၊ လေ့လာရေး များကို အမြဲအားထုတ်လျက် ရှိ၏ ။ အင်းဝမြို့ အရေးအခင်းများကို လူထောက်လွှတ်ခြင်း ၊ ကိုယ်တိုင်သွား၍ စုံစမ်းခြင်း ပြုလေ့ရှိသည် ။

ထိုသို့ လေ့လာရေးခရီး ထွက်ရင်း စစ်ကိုင်းမြို့တွင် မယားငယ် တစ်ယောက် ရှိလေရာ နောင်အခါ မိဖုရားငယ်တစ်ဦး ဖြစ်လာသည် ။ ဦးအောင်ဇေယျ သည် မြင်းစီး၍ စစ်ကိုင်း သို့ လာပြီးလျှင် ထိုမယားငယ် အိမ်တွင် နားနေ စားသောက်ပြီးမှ ဈေးဝယ်ကာ မုဆိုးဘို သို့ ပြန်လေ့ရှိသည်ဟု ဦးမောင်ကြီး ရေးသော စာအုပ်၌ ပါရှိသည် ။

တစ်ကြိမ်က စစ်ကိုင်း သို့ ထွက်ခွာခါနီးတွင် မယ်ယွန်းစံ က သူ့အတွက် ပိုးခါးစည်းကြိုးတစ်ချောင်း ခပ်ကောင်းကောင်း ဝယ်ခဲ့ရန် မှာကြားလိုက်၏ ။ ဦးအောင်ဇေယျ က “ ကောင်းပြီ ” ဟု ဝန်ခံခဲ့ပြီး စစ်ကိုင်းဈေးတွင် ရှာဖွေရာ မရချေ ။ အင်းဝဘက်သို့ ကူး၍ ရှာမည်ပြုရာ မယားငယ် ကလည်း ပိုးခါးစည်းကြိုး တစ်ချောင်း အပို ဝယ်ယူခဲ့ရန် မှာပြန်တော့သည် ။

အင်းဝဈေး ၌ ဦးအောင်ဇေယျ က မယား ၂ ယောက် အတွက် ပိုးခါးစည်းကြိုးများ ရှာဖွေရာ ရှားပါးခိုက်ဖြစ်၍ တစ်ချောင်းသာ ရလေသည် ။ ထို့ကြောင့် ချည်ခါးစည်းကြိုး တစ်ခု အစားထိုး ဝယ်ယူခဲ့လေသည် ။ စစ်ကိုင်း သို့ ပြန်ရောက်လျှင် မယားငယ် က ပိုးခါးစည်းကြိုးကို ဦးစွာ ယူလိုက်လေသည် ။

[ မှတ်ချက် ။  ။ အလောင်းမင်းတရားကြီး၌ မိဖုရားခေါင်ကြီး ခင်ယွန်းစံ အပြင် ကိုယ်လုပ်တော် ၆ ဦး ရှိရာ စစ်ကိုင်းမြို့တွင် ပိုးခါးစည်းကြိုးနှင့် ပတ်သက်သူမှာ ရှင်ငယ် ဖြစ်ဟန် တူ၏ ။
( ၁ ) ရှင်မင်းသူ ( သမီးတော် ပဒုမ္မဒေဝီ )
( ၂ ) ကျောက် မြောင်းကတော် ( သားတော်မင်းရဲဖျား )
( ၃ ) စိတ္တမဟေ ( သားတော် မင်းရဲညွန့် )
( ၄ ) ရှင်မင်းပြေ ( မင်းလှစည်သူ သမီး )
( ၅ ) ရှင်ရွှေခဲကြီး ( သမီးတော် မင်းရွှေမြ )
( ၆ ) ရှင်ရွှေငယ် ( သမီးတော် မင်းညိုမြ ) ]

မယားကြီး မယ်ယွန်းစံ ၏ မှာကြားချက်ကို ဦးအောင်ဇေယျ က သတိရ၏ ။ မယားငယ် ထံမှ ပိုးခါးစည်းကြိုးကို တောင်းဆိုရာ မရချေ ။ သို့သော် ဤပိုးခါးစည်းကြိုး တစ်ချောင်းအတွက် အရေးမကြီးလှ ၊ နောင်အခါ အခွင့်သင့်ဦးမည် မလွဲဟု နှလုံးပိုက်ကာ စစ်ကိုင်း မှ ပြန်ခဲ့သည် ။

မုဆိုးဘို သို့ ပြန်ရောက်သော် မယ်ယွန်းစံ သည် သူ မှာလိုက်သော ပိုးခါးစည်းကြိုး ရခဲ့၏လော ဟု မေးလေတော့သည် ။ ဦးအောင်ဇေယျက “ သည်တစ်ခေါက် အဆင်မသင့်၍ မရခဲ့သေးပါ ၊ ခေတ္တ အသုံးပြုရန် ချည်ခါးစည်းကြိုး ဝယ်ခဲ့ပါသည် ” ဆို၏ ။

မယ်ယွန်းစံ ။  ။ ကိုအောင်ဇေယျ ၊ ရှင့်ကို ကျုပ် မှာစဉ်က ပိုးကြိုးကို မှာသည် ၊ ယခု ဝယ်ခဲ့သည်ကား ချည်ကြိုး ဖြစ်နေသည် ။ ကျုပ်လို ဇနီးဟောင်းကိုပင်လျှင် ခါးစည်းကြိုး တစ်ချောင်းကိုမျှ ရှင်က မကြည်ဖြူနိုင်တကား ။

အောင် ။  ။ ယခု အချိန်မှာ ကာလဒေသ မကောင်းသည့် အခိုက်ဖြစ်၍ ကုန်ဈေးနှုန်း ကြီးမြင့်သည် ။ မိန်းမတစ်ဦး ကလည်း ပိုကြိုးကိုပင်မှာသဖြင့် သူ့ကို လက်ဆောင်ပါးခဲ့ရသည် ။ ပါရှိသော ငွေမှာလည်း မလုံလောက်ပါ ။ ပိုး နှင့် ချည် တစ်စုံသာ ဝယ်နိုင်ခဲ့သည် ။ နောင် အခွင့်သင့်က ထပ်မံ ဝယ်မည်သဘောပိုက် မိပါသည် ။

မယ်ယွန်းစံ ။  ။ ကိုအောင်ဇေယျ ၊ ရှင့်ကို ကျုပ်က နောင်အရေးမြော်၍ အရှင်သခင် အမှတ်ဖြင့် လုပ်ကျွေးခဲ့သည်ကား ကြာမြင့်ခဲ့ပြီး ယခုအချိန် သူလို ငါလို ဆင်းရဲသားဘဝ၌ပင် ရှင့်အလိုအတိုင်း ရှင် ပြုဘိ၏ ။ နောင် အထွတ်အထိပ်သို့ ရောက်သော် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း ။ ယနေ့မှစ၍ ရှင့်အရိပ်ကို ကျုပ် မခိုလှုံလိုတော့ပါ ။ ကောင်းဆိုးဟူသမျှကို နောက်နောင် တိုင်ပင် စိုင်းပြင်းခြင်း မပြုလေနှင့်တော့ ။

ဤသို့ဆိုကာ မယ်ယွန်းစံ သည် ခါးစည်းကြိုးကိုလည်း လက် မခံ ၊ ဘာကိစ္စမျှလည်း မဆက်ဆံဘဲ မိမိ၏ သမီးများနှင့် စည်ပုတ္တရာမြို့ ဆွေမျိုးများထံ သွားရောက်ကာလယ်ယာလုပ်ကိုင် စားသောက် နေထိုင်လေတော့သည် ။

••••  ••••••  ••••

ဦးအောင်ဇေယျ သည် မုဆိုးဘို ကို ရန်ကြီးအောင် ဟု ထီးနန်းများ စိုက်ထူသမုတ်ပြီးနောက် စည်ပုတ္တရာမြို့နေ မယ်ယွန်းစံ ကို ဆင် မြင်း ဝေါယာဉ် နှင့် သွားရောက် ပင့်ခေါ်စေ၏ ။ သို့သော် မယ်ယွန်းစံ က သမီးတော်များကိုသာ ထည့်လိုက်၍ သူကိုယ်တိုင်ကား မလိုက်ပါချေ ။

သာယာသော နန္ဒာကန်တော်ကြီး ရစ်ဝိုင်းရာ ပြည်ရွှေဘိုမြို့တော်ကြီးသို့ “ ချစ်၍ခေါ်ရာ ၊ လိုက်တော်မူခဲ့ ၊ မပျောင်းဖွဲ့နှင့် ” ဟူသော စိန္တကျော်သူ ရတုအတိုင်း မယ်ယွန်းစံ ကို ဦးအောင်ဇေယျ နန်းတက်ချိန်၌ ခေါ်ယူပါသော်လည်း မလိုက် မပါသောကြောင့် ရာဇပရိယာယ်ကို သုံးရလေသည် ။ ထိုနည်းကား မယ်ယွန်းစံ နေထိုင်ရာ စည်ပုတ္တရာမြို့နယ် ကို တစ်ပါးသော မြို့နယ်များထက် အခွန်ဘဏ္ဍာများ တိုးတက်ကောက်ခံစေခြင်း ဖြစ်သည် ။ အခွန် မကျေလည်သူများကို မောင်းတီး၍ လေလံပစ်စေ၏ ။ ထိုသောအခါ စည်ပုတ္တရာနယ် တွင် လူသူတို့သည် အိုးကင်း၌ လှော်အပ်သော စပါးကဲ့သို့ ဆူဆူပူပူ ရှိကြလေသည် ။

ရပ်ရွာသူကြီးများ ပေါင်းစု စည်းဝေးကာ အခွန်တော်ကြီးလေးလှကြောင်း ရွှေနားတော်ပေါက်စေရန် မယ်ယွန်းစံ ကို ချဉ်းကပ် စေလွှတ်ကြသည် ။ မယ်ယွန်းစံ လည်း ရပ်ရွာသူကြီးတို့၏ အလိုကို မပယ် မငြင်းနိုင်ရကား ၊ သူ့လင် ဦးအောင်ဇေယျ ကြိုက်တတ်သော မုန့်ဆန်းကလေးများကို သန့်စင်သော အဝတ်ဖြူတွင် ထုပ်၍ ဦးခေါင်း၌ ရွက်ပြီးလျှင် ပြည်ရွှေဘိုသို့ သွားလေ၏ ။ ရောက်သော် နံနက်ညီလာခံနှင့် ကြုံကြိုက်၍ သားတော် သမီးတော် ၊ မှူးတော်မတ်တော်တို့ အစုံရှေ့တွင် ဝင်ရောက် ခ စားလေသည် ။

မုန့်ဆန်းထုပ်ကလေးကို ရွက်လျက် ဝင်လာသော မယ်ယွန်းစံ ကို အလောင်းမင်းတရား ဦးအောင်ဇေယျ မြင်သော် နေရာထိုင်ခင်း ပေး၍ အကြောင်းကို မေး၏ ။ မယ်ယွန်းစံ က မုန့်ဆန်းထုပ်ကလေးကို ဖြေ၍ ပြ၏ ။

အောင် ။  ။ ဪ - ငါ့မိန်းမ ၊ သည်တစ်ခါ မုန့်ဆန်းကိုလက်ဆောင်ပြု၍ မြောက် နန်းမ ကို လုရန်ပင် လာသည် တမင့် ။

မယ်ယွန်းစံ ။  ။ကိုအောင်ဇေယျ ၊ ရှင့် မြောက်နန်းကို ရည်မှန်း၍ ကျုပ်လာသည် မဟုတ် ၊ ယခု စည်ပုတ္တရာ နှင့် စည်သာ တစ်ခွင်မှာ မင်းတိုင်းမင်းကြေး အခွဲအခန့် များလွန်းသည် ။ ပြည်သူ ဆင်းရဲသားတို့အလုပ်အကိုင်မှာ အခါတစ်ပါးနှင့် မတူ ။ မိုးခေါင်ရေရှားသည်က တစ်ဖက် ၊ စစ်ကြီးမ က် ကြီး အထွက်အရောက် များ၍ ဆင်းရဲသားတို့ ပြေးလွှား ရှောင်တိမ်းကြရသည်က တစ်ဖက် ၊ ခိုးသားဓားပြ စသည်တို့ကလည်း ကျွဲနွား ဆင်မြင်း တို့ကို မောင်းနှင် သိမ်းယူသွားကြသည်က တစ်ဖက် ၊ ဒီလို အပျက်အစီး ရှိနေကြသည့်အတွင်း အခွန်တော် မဆောင်နိုင်သူများကို မောင်းတီး လေလံပစ်ကာ ခြောက်လိုက် ၊ ကြိမ်းလိုက်ဖြင့် ပစ္စည်းကို သိမ်းယူသော အလုပ်ကို ရှင်က လုပ်စေသည့်အရာမှာ ပြည်ရွာတိုင်းကားကို စည်ကားဖွံ့ဖြိုးအောင် လုပ်သည် မမည် ။ ကိုယ့်ပြည် ကိုယ့်ရွာ ကိုယ်သာ ပျက်စီးသည် ဖြစ်ရာ၏ ။

ရှင့်ကို ကျုပ် အထူး သွန်သင်ရန် မလိုပါ ။ ဟံသာဝတီရောက် မင်းတရားကြီး သည် ရှေးမင်းတို့၏ ကျင့်ထုံးကို နှလုံးမမူသဖြင့် ရဟန်းရှင်လူတို့မှာ ညှိုးနွမ်း ဆင်းရဲလှသဖြင့် ဆူပူတော်လှန်ကြရာမှ ထီးနန်းကို စွန့်ရသည် အထိ ဖြစ်သည် ။ ရှင်ကလည်း မင်းကျင့်တရားများ လေ့လာခဲ့ပြီး ယခု ပြည့်ရှင်မင်း အဖြစ်သို့ ရောက် မှ ရှေးထုံးကျင့်ခန်းများကို မေ့မေ့လျော့လျော့ ရှိနေသည့် အရာမှ ကဲ့ရဲ့ဖွယ်ရာ ဖြစ်သည် ။ သို့ဖြစ်၍ ရှင့်လူများပင် ရှင် ခေါ်ယူဖျောင်းဖျ၍ ဆုံးမပါဦး ။

အောင် ။   ။ မယ်ယွန်းစံ ယခု ဤနိုင်ငံကို အုပ်ချုပ်၍ မင်းလုပ်ရသည် ဆိုငြားလည်း အလုံးစုံ ပိပြားသေဝပ် မရှိကြလေသေးပါ ။ ခိုးသားဓားပြ မအေးကြသေးသည့်အခါ ပြည်ရွာကစဉ့်ကရဲ လက်ကျဲ အုပ်ချုပ်ရချိန်တွင် ငြိမ်းချမ်းမှု မရှိနိုင်သေးပါ ။ ငါ၏ ရှေ့ရောက် မျက် မှောက် မထင် မမြင်ကွယ်ရာမှာ ဖြစ်ကြ ပျက်ကြသည့် အရာကို ငါမတတ်နိုင်ချေ ။ မြို့ဝေးပြည်ကွာ လွတ်ရာပေါက်စား တစ်ပါးအရပ်မှာ နေပြီး ထပ်ကာ ထပ်ကာ တိုင်ကြားလာလည်း အချည်းအနှီးပင် ။ မယ်ယွန်းစံ အနေဖြင့် ရွှေဘုံရွှေနန်း စံဆန်းရိပ်ငြိမ် မင်းစည်းစိမ်ကို မြန်မြန်ခံစား၍ ဤရွှေနန်းတော်ကြီးတွင်ပင် စံနေပါတော့လော ။

မယ်ယွန်းစံ ။   ။ အရှင်ဘုရင်က ချီးမြှောက်၍ ဘုန်းကျက်သရေ ရှိလေတုံလည်း အရှည်မကြာ ခဏတာကို သာယာနှစ်သက်ပြီး နောင် အမျက်ပွားရန်ကိုလည်း ကျုပ် မလို ။ ကိုယ်နှင့်အသက် မပျက်တည်ရှိစဉ် ရသလောက်နှင့် တင်းတိမ် မြိန်သလောက်သာ စားသုံး၍ စိတ်ချမ်းမြေ့ရာတွင် ကျုပ် နေပါတော့မည် ။ ကျုပ်နေရာအရပ်တွင် အခွန်ဘဏ္ဍာ အပြင်းအထန် မကောက်ခံအောင် ရှင်က အမှာစာတစ်စောင် ရေးလိုက်ပါ ။

မယ်ယွန်းစံ ကို မလွန်ဆန်နိုင်သည်နှင့် သူကြီး ၊ မြေတိုင်း အမှုထမ်းတို့အား လျှော့ပေါ့ အုပ်ချုပ်ကြစေရန် အမိန့်တော် ထုတ်ပေးသည်ဟု ရှေးမီသူတို့ အဆိုရှိသည် ။

စိတ်ကောက်နေသော မယ်ယွန်းစံ သည် စည်ပုတ္တရာ ၌ လင်သားများနှင့် ခွဲခွာလျက် ကြာကြာနေနိုင်ပုံ မရချေ ။ ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက် နေ့၌ ဦးအောင်ဇေယျ သည် အင်းဝမြို့ကို သိမ်းပိုက်ပြီးနောက် ကျောက် မြောင်း သို့ ပြန်ရောက်ချိန်တွင် “ မိဖုရားခေါင်ကြီး မယ်ယွန်းစံ နှင့် သားတော် သမီးတော်တို့ ကြိုဆို ဖူးမြော်ကြသည် ” ဟု ရာဇဝင်၌ ပါရှိ၏ ။ ထိုမှ အညာသီဟတော သို့ မိသားစုအားလုံး ဘုရားဖူးသွားတော်မူကြသည် ။

◾ ညိုမြ

📖 ကုန်းဘောင်ရှာပုံတော်

koaungnaingoo.blogspot.com

.

အင်းလျားကျွန်းဆွယ် မှ ဧည့်ခံပွဲ


 

❝  အင်းလျားကျွန်းဆွယ် မှ ဧည့်ခံပွဲ ❞

ပြီးခဲ့သောလ ၁၉၃၉ ခု  ၊ ဇန်နဝါရီလ အလယ်လောက်ကတည်းက စာရေးဆရာကြီး အိပ်ချ်ဂျီဝဲလ် ( H.G.Well ) သည် ဖေဖော်ဝါရီလ ၁ ရက် နေ့၌ ဘုံဘေမြို့မှ ရန်ကုန် သို့ ဆိုက်ရောက် မည့် အကြောင်း ၊ ဗမာစာရေးဆရာနှင့် သတင်းစာဆရာများသည် ကြိုဆိုဧည့်ခံရန် ဧည့်ခံကော်မတီဖွဲ့ရန် လိုကြောင်း ၊ တိုးတက်ရေးသတင်းစာ အယ်ဒီတာတစ်ဦးဖြစ်သော ကိုသိမ်း က စတင်ဆော်ဩခဲ့လေသည် ။

ယခု မစ္စတာ ဝဲလ်စ် ရောက်လျက်ရှိပြီး တက္ကသိုလ်ရက်ဂျစ်စတြာ ဆရာလင်းဆီ အိမ်မှာ တည်းခိုနေလေသည် ။ ဖေဖော်ဝါရီလ ၂ ရက် နေ့ ညနေ ၄ နာရီ တွင် တက္ကသိုလ်ဘုတ်ကလပ်၌ မစ္စတာ ဝဲလ်စ် အား ဂုဏ်ပြုဧည့်ခံပွဲတစ်ရပ် ကျင်းပလေသည် ။ ကမကထပြုသူများမှာ တက္ကသိုလ် စာရေးဆရာများအဖွဲ့နှင့် လူငယ်သတင်းစာဆရာများ အဖွဲ့တို့ဖြစ်လေသည် ။

ကျွန်တော်တို့သည် ကမ္ဘာကျော်သော အင်္ဂလိပ်စာရေးဆရာကြီး မစ္စတာဝဲလ် အား အထင်ကြီးကြ၏ ။ သူ့အကြောင်း ဘာမျှ မသိဘူး ထားဦးတော့ ။ သူ့ ကြီးသောနာမည်ကြောင့်ပင် သူ့အား ကြည့်မြင်ဖူးတွေ့လိုပေသည် ။ ကျွန်တော့်အဖို့ ဆိုလျှင် သူ့စာအချို့ကိုလည်း ဖတ်ဖူး၏ ။ သဘောလည်း ကျ၏ ။ နောက်နှစ် ရာပေါင်းများစွာအကြာ လာလတ္တံ့သောကာလ၌ လောကဓာတ်ပညာ မည်မျှ တိုးတက်လာပြီး ဘယ်လို နေလိမ့်မည် ၊ လူတွေက ဘယ်လို ကျင့်ကြံလိမ့်မည် ၊ စစ်တွေကို ဘယ်လို တိုက်လိမ့်မည် စသည်ဖြင့် နိမိတ်ဖတ် ရေးသားခြင်းများသည် ကျွန်တော်တို့၏ စိတ်ကူးဉာဏ်ကို လွင့်ပျံစေလေသည် ။ လွင့်ပျံရသော စိတ်ကူးဉာဏ်တွင် အရသာတွေ့လှပေ၏ ။ မျက်ကန်းတွေ လောကသို့ မျက် မြင်တစ်ယောက် ရောက်သွားပုံကို ကြံကြံဖန်ဖန် စိတ်ကူး၍ ယစ်မူးခဲ့ရပေ၏ ။ စာရေးဆရာတို့တွင် စိတ်ကူးဖြင့် ယစ်မူးအောင် လုပ်နိုင်ခြင်းသည်ပင် တစ်နည်း ပြောရသော် စိတ်ကူးဖြင့် ရူးနိုင်အောင် ဖန်တီးပေးနိုင်ခြင်းသည်ပင် ထူးချွန်သော အရည်အချင်း ဖြစ်သည်ဟု ထင်ရပေသည် ။ ထို့ကြောင့် မစ္စတာ ဝဲလ်စ် ကို ကြည်ညို၏ ။ လေးစား၏ ။ တွေ့မြင်လို၏ ။

သို့ကလို တွေ့လိုမြင်လိုနေဆဲ ထောင်မှ ထွက်လာပြီးစဖြစ်သော တက်ဘုန်းကြီး ကိုသိန်းဖေ က ကျွန်တော်လည်း ထိုဧည့်ခံပွဲကို တက်နိုင်ရန် ဖန်တီးပေးလေသည် ။ ကျွန်တော်သည် စာရေးဆရာ မဟုတ်စေကာမူ စာအတော်များများ ရေးနေရသည် ။ ကျောင်းသားလှုပ်ရှားမှု သတင်းများကို သတင်းစာများသို့ ရေးပို့ရ၏ ။ တစ်ရံတစ်ခါ သမဂ္ဂကြေညာချက် များကို ရေးသားရ၏ ။ ကိုသိန်းဖေ က ကိုလှရွှေ အား ကျောင်းသားလောကတွင် ဖြစ်ပျက်နေပုံအလုံးစုံကို မစ္စတာဝဲလ်စ် အား ပြောပြဖို့လိုကြောင်း ၊ သို့ဖြင့်တစ်ဆင့် ကမ္ဘာသိဖြစ်သွားနိုင်ကြောင်း ၊ ရဲဘော်တင်ထွန်း မှာ စာရေးဆရာ ပေါက်စကလေး ၊ သတင်းစာဆရာ ပေါက်စကလေး ဖြစ်နေသော ကျောင်းသား တစ်ဦး ဖြစ်သဖြင့် ထိုတာဝန် နှင့် သင့်လျော်ကြောင်း ပြောပြလေသောကြောင့် ကိုလှရွှေ က ကျွန်တော့်အား ကိုသိန်းဖေ နှင့်အတူ ထည့်လိုက်လေသည် ။

အတူတူသွားကြစဉ် ကျွန်တော်က မစ္စတာအိပ်ချ်ဂျီဝဲလ်စ် အား အထင်ကြီးပုံ ၊ သူ့စာများကို ကြိုက်ပုံ ပြောလေရာ -

“ တိုးတက်သော စာပေဆိုတာ ဘာလဲလို့ မင်းနားမလည်လို့ သူ့စာတွေ သဘောကျနေတာပေါ့ ”  ဟု ကိုသိန်းဖေ က ဘု ပြောလိုက်လေသည် ။ ကိုသိန်းဖေ သည် တစ်ပြိုင်နက်တည်း ကျွန်တော် အထင်ကြီးသော မစ္စတာဝဲလ်စ် အား စော်ကားခြင်း နှင့် နှံ့စပ်အောင် စာဖတ်သော ကျွန်တော့်အား စော်ကားခြင်းကို ပြုလိုက်သော ဘုကောင်ဖြစ်ပေသည် ။ ဒါကြောင့် ဒီလူကို တချို့မုန်းကြတာပဲဟု စိတ်ထဲမှာ မှတ်ချက်ချလိုက်သည် ။ ကိုသိန်းဖေ တွင် ကျွန်တော် နှစ်လိုသဘောကျသော အရည်အချင်းများ ရှိပါ၏ ။ သူ့စာများကို ကျွန်တော် လေးစားစွာဖတ်ပါ၏ ။ သို့သော် သူသည် သူ့ကိုယ်သူ အထင် အတော်ကြီးသည်ဖြစ်ရာ ထိုအချက်ကို ကျွန်တော် မကြိုက် ။ ၎င်းပြင် ဘုတောခြင်းကို တမင် လုပ်နေသည်ဟု ထင်သည် ။ သူများအား ပစ်ပစ်ခါခါ ပြောဆိုဝေဖန်ခြင်းမှာ နာမည်ကြီးလို၍ တမင် လုပ်နေသလား ဟုလည်း ထင်မိပေသည် ။

“ ဒါဖြင့် ခင်ဗျား ဆိုချင်တဲ့ တိုးတက်သော စာပေဆိုတာက ဘယ်လို ဟာလဲဗျ ”

ကျွန်တော် က ငေါ့တော့တော့ မေးလိုက်သည် ။

“ ကိုယ့်လူ ၊ ကိုယ်ရေးတဲ့ သခင်ကိုယ်တော်မှိုင်း အတ္ထုပတ္တိ ဖတ်ဖူးတယ် မဟုတ်လား ။ အဲဒီထဲမှာ ပါတဲ့ နိဒါန်းဟာ တိုးတက်သောစာပေ အကြောင်းပေါ့ကွ ”

“ ဖတ်ဖူးသားပဲ အဲဒီ့အထဲက နိဒါန်းလည်း အကြိမ်ကြိမ် ဖတ်ဖူးတယ် ။ နိဒါန်း စစချင်း ရှေးအတိတ် ဗမာစာပေဟာ ကိုယ်ပိုင်ဉာဏ်နဲ့ တီထွင်ဖန်တီးမှု ခေါင်းပါးတယ်လို့ ဝေဖန်တယ်လေ ”

“ ဟုတ်တယ်လေ ၊ ဇာတ်ကွက်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ တီထွင်ဖန်တီးမှု ခေါင်းပါးတယ် ၊ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ တီထွင်ဖန်တီးမှု ခေါင်းပါးတယ် ။ ဗုဒ္ဓဘာသာကျမ်းဂန်မှာပါတဲ့ ဇာတ်တော်ကြီးတွေ ၊ နိပါတ်တွေက ရှိပြီးဖြစ်နေတော့ ကိုယ်ပိုင်ဉာဏ်နဲ့ တီထွင်ဖန်တီးဖို့မှ မလိုဘဲဟာကိုး ။ သို့ပေမယ့် အဲဒီအပိုင်းကို ထားလိုက်ဦး ၊ နိဒါန်းအလယ်ပိုင်းနဲ့ နောက်ပိုင်းမှာ တိုးတက်သော စာပေ နဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေပါတယ် ”

ကျွန်တော်တို့သည် အင်းလျားကျောင်းဆောင်ရှေ့သို့ ရောက်လာကြသည် ။ ကျောင်းဆောင်ကြီးကား တိတ်ဆိတ်နေ၏ ။ အထဲက အမြီးကို လုပ်လဲ့လုပ်လီ ဟန်ချီပြနေသော ကြက် မများလည်း မရှိ ။ အပြင်က ကတော်ကတော် နှင့် အော်မြည်ကာ ရစ်သီရစ်သီလုပ်နေကြသော ကြက်ဖများလည်း မရှိကြ ။ ကျောင်းဆောင်ရှေ့က ကံ့ကော် နှင့် မရန်းပင် များအောက်တွင် အရွက်ခြောက် များသည်သာလျှင် လွတ်လပ်ပျော်ပါးစွာ တိုးဝှေ့ကစားနေကြလေသည် ။ ကျွန်တော် သည် မမြင့်ဦး အား ကွက်ခနဲ သတိရမိလေသည် ။ ခြောက်သွေ့နေသော အင်းလျားဆောင်ကြီးကို ကြည့်ပြီး လွမ်းဆွတ်နေမိသည် ။

ကိုသိန်းဖေ ကတော့ သူ့ တိုးတက်သောစာပေ သဘောတရားများကို သခင်တရားဟောသည့် လေဟန်ပန်တို့နှင့် ဟောပြောနေလေသည် ။

သူပြောခြင်းများသည် ဆရာလွန်း အတ္ထုပ္ပတိ္ တွင် သူရေးထားသော နိဒါန်းအောက် ဖော်ပြပါ သဘောများကို ဖြေရှင်းခြင်းဖြစ်သည် ။

“ သတင်းစာရေး ၊ ဝတ္ထုရေး ၊ ကဗျာရေး စသော စာရေးဆရာများသည် ပါတီစွဲ မရှိ ၊ အစည်းအရုံး တစ်ခုမှ မဝင်ရဟု ဆိုကြသည် ။ သည်ဝါဒကိုကား ကျွန်ုပ် မကြိုက် ။ အမြဲတမ်း ကန့်ကွက် မည် ဖြစ်လေသည် ။ ထိုသူတို့၏ အယူအဆအရ စာရေးဆရာသည် တောင်ထိပ်သို့တက်၍ မြေပြင်၌ သွားလာလှုပ်ရှားနေကြသော လူအပေါင်းကို ပြုံးပြုံးကလေး ကြည့်ကာ ဝေဖန်ရန်သာ ဖြစ်၏ ။

စာရေးဆရာတို့သည် လူ့လောက အထက်တွင် နေ၍ လူ နှင့် နတ် ပေါင်းစပ်၍ဖြစ်သော လူကပြားများ အသွင် နေစေချင်လေသည် ။

“ တို့ဗမာဆင်းရဲသားတောင်သူလယ်သမားများမှာ ထင်းကုလားတုံးကဲ့သို့ အညွန့်တုံးအောင် မွဲလျက် ရှိလေပြီ ။ အမျိုး၏ အညွန့်အဖူးဟု ဆိုအပ်သော လူငယ်များမှာလည်း အလုပ်လက် မဲ့ တေလေကြမ်းပိုးများ ဖြစ်လျက် ဗမာပြည် ဇောက်ထိုးမှောက်ခုံ နုံနုံချာချာ ဖြစ်နေသည်ကို အဘယ် စာရေးဆရာသည် ဘယ်ဘက် မှ မပါဝင်ဘဲ ပွဲကြည့်သလို ကြည့်နေချင်သေးသနည်း ”

ကိုသိန်းဖေ က ဗမာပြည်လွတ်လပ်ရေးအတွက် တကယ်တိုက်နေသော ပါတီမှာ ဝင်ပါရမည်ဟု တောင်းဆိုသည် ။ ဆရာလွန်း သည် တို့ဗမာအစည်းအရုံးတွင် ဝင်သလို ၊ စာရေးဆရာသည် ပါတီဝင်ရမည် ဘက်လိုက်ရမည်ဟု ဆိုပေသည် ။

“ ကျွန်တော် အဲဒီအချက်တွေကို သဘောတူသားပဲ ၊ သို့ပေမယ့် ခင်ဗျားပြောတဲ့ မစ္စတာဝဲလ် ရဲ့ စာပေဟာ တိုးတက်သောစာပေ မဟုတ်ဘူးဆိုတာကိုသာ သဘော မတူတာပဲ ။ ကျွန်တော် နားမလည်လို့ ဒီစကားကိုပြောတယ်လို့ ခင်ဗျား ထင်ချင် ထင်တော့ ”

ကျွန်တော်တို့သည် ဘုတ်ကလပ်ရှိသော ကျွန်းဆွယ်ဆီသို့ လျှောက်လာကြသည် ။ အင်းလျား ရေပြင်တွင် ကြည်လင်သော မိုးပြာဟပ်သဖြင့် ပတ်ဝန်းကျင် ရှုခင်းတစ်ခုလုံးသည် အပြာနု အလင်းရောင်တွင် အထူးကြည်လင်လှပနေပေသည် ။

“ အေး မင်းကြိုက်လှပါတယ်ဆိုတဲ့ အနှစ်ရာပေါင်းများစွာကြာရင် ဘယ်လို ဖြစ်မလဲဆိုတဲ့ စာအုပ်ကိုပဲ ကြည့်ပါဦး ။ လောလောဆယ် အရေးကြီးတဲ့ ပြဿနာတွေကို ကျော်ပြီး အဲဒါတွေအတွက်တော့ အဖြေမရှာ အပျင်းပြေ စိတ်ကူးယဉ်တာတွေပဲ ဖြစ်တယ် ”

“ အိုဗျာ ၊ သူက လောကဓာတ်ပညာရဲ့ တန်ခိုးကို ယုံကြည်သူမို့ လောကဓာတ်ပညာဟာ ရှေ့ ဘယ်လောက်ထိ တိုးတက်လာမယ်ဆိုတာ ကြိုတင်စိတ်ကူးနိုင်တာက တကယ့်ဉာဏ်ကြီးရှင်မို့ မဟုတ်လားဗျ ”

“ အေး အဲဒီလို ပြောရင်တော့ ပြောနိုင်တာပေါ့ ၊ သို့ပေမယ့် တကယ်ကျတော့ တို့ဟာ လူသတ္တဝါတွေ ကြီးပွားတိုးတက်စေချင်ရင် ကမ္ဘာကြီးမှာ စစ်ဆိုတာ မရှိစေချင်ရင် ဓနရှင် စနစ်ဆိုးကြီးကို တိုက်ဖျက်ပစ်ရမယ်လို့ ယုံကြည်တယ် ။ ဒါကိုလုပ်တဲ့လူဟာ တကယ် တိုးတက်တဲ့လူ ၊ လောကဓာတ်ပညာ ရှေ့တစ်ဆင့် တိုးတက်စေချင်ရင်လည်း အဲဒီ ဓနရှင်စနစ်ဆိုးကြီးကို တိုက်ဖျက် ပြစ်ရမယ် ။ ဒီအလုပ်တွေကို လုပ်အောင် လှုံ့ဆော်တဲ့စာရေးဆရာမှ တိုးတက်တဲ့ စာရေးဆရာလို့ ခေါ်နိုင်မယ် ၊ မင့်ဆရာ ဝဲလ်စ် က ဒီအလုပ်ကို မေ့စေပြီး စာဖတ်တဲ့လူကို စိတ်ကူးယဉ် တိုင်းပြည်ကိုသာ ခေါ်သွားတာဖြစ်တော့ တိုးတက်တဲ့ စာရေးဆရာလို့ မခေါ်နိုင်ဘူး ။ မင်း စဉ်းစားကြည့်ပါလား ၊ မျက် မမြင်တွေချည်း နေထိုင်တဲ့ တိုင်းပြည်ဆိုတာ ဘယ် ရှိနိုင်မလဲ ”

ကိုသိန်းဖေ ၏ ပြောစကားများ မှာ ကျွန်တော့် အတွေးအခေါ် ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေပြန်လေသည် ။ မစ္စတာဝဲလ်စ် နှင့် ပတ်သက်သော ကျွန်တော့် ခံယူချက်များကို ပြန်လည်သုံးသပ် နေမိပေသည် ။ ကျွန်တော်သည် ဓနရှင်စနစ် ကို ဖြိုဖျက်ပစ်မှ လူ့လောက ကောင်းမည်ကို ယုံကြည်နေသူ ဖြစ်၏ ။ သို့သော် ယခင်က မစ္စတာဝဲလ်စ် အား သော်လည်းကောင်း ၊ အခြား စာပေပြဿနာများကို လည်းကောင်း ၊ ဓနရှင်စနစ် ဖြိုဖျက်ရေး မှတ်ကျောက်ဖြင့် တင်မကြည့်ခဲ့မိပါ ။

ဘုတ်ကလပ်ရှေ့ မြက်ခင်းရင်ပြင်တွင် စားပွဲများ ခင်းထားသည် ။ သစ်ပင်အရိပ် အာဝါသများက ကောင်းလှသည် ။လေပြည်လေညင်းကလေးကလည်း အင်းလျားရေပြင်ပေါ်မှ ကျော်ဖြတ်ကာ ကျွန်တော်တို့ဆီသို့ တသုန်သုန် တိုက်ခတ်လာနေ၏ ။ အင်းလျားမျက်နှာပြင်တွင် လူးလွန့်နေသော လှိုင်းငယ်ကလေးများသည် ကမ်းခြေကို မထိတထိ တသွင်သွင် ရိုက်ခတ်ကစားနေကြ၏ ။ မော်တော်ကား ယာဉ်ရထားသံတွေကိုလည်း မကြား ၊ လူသူလေးပါး အော်ဟစ်ဆူညံသံတွေလည်း မကြားရ ၊ ကမ္ဘာလောကကြီးမှ သီးခြားကင်းကွာလှသော ရိပ်ငြိမ်သာယာ ကမ္ဘာကလေး ဖြစ်နေပေ၏ ။

ကျွန်တော်က ထိုနေရာ ထိုပတ်ဝန်းကျင်ကို ချစ်နေလေသည် ။ မစ္စတာဝဲလ်စ် အား ဧည့်ခံရန် ဤနေရာကို ရွေးတတ်သူအား ချီးကျူးနေမိသည် ။ ကိုသိန်းဖေ ကတော့ -

“ စိတ်ကူးယဉ် စာရေးဆရာအတွက် စိတ်ကူးယဉ် ပတ်ဝန်းကျင်နဲ့ နေရာကလေးပါပဲ ”

မလိုတမာ ပြောလိုက်လေသည် ။ စာရေးဆရာတွေ ၊ သတင်းစာဆရာတွေ တဖြည်းဖြည်း ရောက်လာကြသည် ။ သို့သော် ကျွန်တော်တို့ စားပွဲမှာတော့ ကျွန်တော်တို့ နှစ်ယောက်သာ ရှိသေးသည် ။ ကိုသိန်းဖေ ကား ပါးစပ်က ပစ်ပယ်သော စကားကို ဆိုနေစေကာမူ ဤနေရာ ဤပတ်ဝန်းကျင်တွင် ကြည်နူးချမ်းမြေ့နေသည်မှာ သူ့မျက်နှာတွင် ထင်ရှားနေ၏ ။ အတန်ကြာ ကြည်နူးနေပြီးနောက် သူက -

“ အိုင်ဆေး ရဲဘော်တင်ထွန်း ၊ မစ္စတာဝဲလ်စ် ရဲ့  ဦးနှောက်ထဲကို ကိုယ်တို့ အရေးတော်ပုံ မရောက်ရောက်အောင် သွင်းပေးရမယ် ”

“ ဟုတ်ကဲ့ ၊ ပေးဖို့ စာရွက်စာတမ်းအစုံ ယူလာခဲ့ပါတယ် ၊ ပြင်ဆင်လာခဲ့ပါတယ် ။ ဒါထက် ကိုသိန်းဖေ ဗမာပြည်မှာ ကွန်မြူနစ်ပါတီ ဆိုတာ မရှိဘူးလား ”

ကိုသိန်းဖေ သည် ကျွန်တော်မေးလိုက်သော မေးခွန်းကြောင့် အံ့ဩသွားဟန် ရှိသည် ။ တော်တော် နှင့် မဖြေသေးဘဲ ကျွန်တော့်အား စေ့စေ့ကြည့်နေသည် ။ ကျွန်တော့်ကို အကဲခတ်နေဘိသလော ။ အတန်ကြာမှ ဖြည်းဖြည်းနှင့် ခပ်အုပ်အုပ် -

“ ရှိတော့ မရှိသေးဘူး ကိုယ့်လူ ၊ ဘယ်သူ့မှလည်း မပြောနဲ့နော် ၊ ရှိအောင် ကြိုးစားနေကြတယ် ။ ကိုယ် နဲ့ သခင်လှဖေ ကလကတ္တား က အိန္ဒိယကွန်မြူနစ်ပါတီခေါင်းဆောင်ကြီး မူဇာဖာအာမ က် ကို ပြောပြီး ကွန်မြူနစ်စည်းရုံးရေးသမားတစ်ယောက် ဖိတ်လာခဲ့တယ် ။ အဲဒီ ရဲဘော် ဟာ အခု ရန်ကုန် ရောက်နေတယ် ၊ သူက ခုအတွင်း ဆွေးနွေးတုန်း သင်တန်းပေးတုန်းပဲ ရှိတယ် ။ ကဲ ဒီလောက်ပဲ ကိုယ့်လူကို အသိပေးနိုင်မယ် ၊ ဘယ်သူ့မှလည်း မပြောနဲ့နော် ”

“ စိတ်ချပါဗျာ ”

ထိုအတွင်း ကျွန်တော်တို့အဖွဲ့သို့လည်း လူအများရောက်လာလေသည် ။

မစ္စတာဝဲလ်စ် ရောက်လာသောအခါ တက္ကသိုလ် စာရေးဆရာတစ်ဦးဖြစ်သော ကိုညိုမြ က ပရိသတ်နှင့် တစ်ယောက်စီ လိုက်၍ မိတ်ဆက်ပေးလေသည် ။

မစ္စတာဝဲလ်စ် သည် ကျွန်တော်တို့ စားပွဲဆီသို့ ရောက် မလာသေးမီ ငေးမျှော်ကြည့်ရင်း ကျွန်တော်က ကိုသိန်းဖေ အား -

“ ၁၉၃၆ ခုနှစ် တုန်းကတော့ ကိုညိုမြ ဟာ သပိတ်မှောက် ခေါင်းဆောင် တစ်ယောက်နော် ၊ ခုတော့ သူ မပါ ပါကလား ”

“ အေး ဒီကောင် က ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရ ဆိုတဲ့ ကြွေးကြော်သံ အော်ပြီး ဘေးမှာ ထိုင်နေတယ် ”

“ သူက ဘိလပ်သွားပြီး သတင်းစာပညာသင်ဖို့ သင်္ဘောစောင့်နေတယ် မဟုတ်လား ”

“ အင်း ဟုတ်တယ် ”

“ ခင်ဗျားလည်း ဘိလပ်သတင်းစာ ပညာတော်သင် လျှောက်သေးတယ် မဟုတ်လား ”

“ ဟုတ်တယ် ဒီကိစ္စတွေမှာ ငါက ကိုယ့်သဘောနဲ့ မစီမံပါဘူးကွာ ။ စစီစဉ်တုန်းက ကိုယ်တောင် မသိဘူး ၊ ကိုနု သဘောပါပဲ ၊ ငါ အိန္ဒိယသွားတာလည်း ကိုနု က သွားဖို့ကောင်းတယ်ဆိုလို့ သွားတာပဲ ။ တစ်ခါ ခုတစ်ခေါက် အိန္ဒိယက ပြန်လာတော့ အမ်အေ ဘီအယ်လ် ဘွဲ့တွေ မလိုချင်ပါနဲ့တဲ့ ၊ အိန္ဒိယမှာ ၂ နှစ် နေရ တော်ရောပေါ့တဲ့ ၊ ဘိလပ်သွားရအောင် သူ ဒေါက်တာဘမော် ကို ပြောဆိုပြီးပြီတဲ့ ၊ နိုင်ငံခြားရောက်တဲ့ ဗဟုသုတ လိုရင်းပဲတဲ့ ၊ ဒါနဲ့ ငါလည်း သဘောတူပြီး သတင်းစာပညာတော်သင် လျှောက်တာပဲ ။ နောက်ကျတော့ က̶̶ု̶̶လ̶̶ာ̶̶း̶ဗမာ အဓိကရုဏ်းကိစ္စတွေ ၊ ခု အရေးတော်ပုံတွေ ပေါ်လာတော့ ကိုနု ကပဲ မင်း ဘိလပ်သွားဖို့ဟာ ဂရုစိုက် မနေနဲ့တော့တဲ့ ၊ လုပ်စရာရှိတာတွေ လုပ်ရမယ်တဲ့ ၊ ဒါလည်း မှန်တာပဲ ၊ ဒီအချိန်မှာ ညွန့်ပေါင်းအစိုးရကို မဆန့်ကျင်ရင် ငါတို့ဟာ တိုင်းပြည်သစ္စာဖောက်တာနဲ့ အတူတူပဲ ”

“ ခင်ဗျား ဒီလောက်တောင် ကိုကြီးနု စကားကို နားထောင်လျက်နဲ့ ဟိုညတုန်းကတော့ ဘာ့ကြောင့် သူ့ကို ဘုမှုတ်နေတာလဲ ”

“ အဲဒါကတော့ နိုင်ငံရေးအယူအဆ ကွဲလွဲမှုကိုးကွ ”

ထိုအတွင်း မစ္စတာ ဝဲလ်စ် ကျွန်တော်တို့ စားပွဲသို့ ရောက်လာလေသည် ။

ကိုညိုမြ က ကိုသိန်းဖေ နှင့် စ၍ မိတ်ဆက်ပေးလေသည် ။

“ သူဟာ ဗမာပြည်ရဲ့ မာတင်လူသာ ပဲ ”

ကိုသိန်းဖေ -

“ အဲဒီလောက်တော့ မကြီးကျယ်ပါဘူး ”

မစ္စတာ ဝဲလ်စ် က ကိုညိုမြ အား -

“ ဗမာပြည်က မာတင်လူသာ ခေါ်ရအောင် သူ့ဆောင်ရွက်ချက် သိပါရစေဦး ”

ကိုညိုမြ က ကိုသိန်းဖေ သည် ဗုဒ္ဓဘာသာ ကို ပြုပြင်ရန် တက်ဘုန်းကြီး ဝတ္ထု ရေးကြောင်း ၊ ဘုန်းတော်ကြီးများ ၏ သပိတ်မှောက်ခြင်း ခံရကြောင်းများကို ပြောနေလေသည် ။

ကိုသိန်းဖေ က ကျွန်တော် နှင့် မစ္စတာဝဲလ်စ် အား မိတ်ဆက်ပေးသောအခါ ကျွန်တော် အသင့်ပြင်ဆင် ယူဆောင်လာခဲ့သော ကျောင်းသားအရေးတော်ပုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပေးလိုက်လေသည် ။ ၎င်းနောက် အင်္ဂလိပ်နယ်ချဲ့သမားနှင့် ညွန့်ပေါင်းအစိုးရတို့က ကျောင်းသားများအား ဖိနှိပ်ချုပ်ချယ်နေပုံကို ပြောပြလိုက်လေသည် ။

မစ္စတာဝဲလ်စ် က “ ငါသာ ဗမာပြည်မှာနေရရင် တစ်နှစ်မှာ ၃၆၅ ရက် သပိတ်မှောက်နေမှာပဲ ”  ဟု ရယ်စရာ ပြောသွားသေးသည် ။

ကျွန်တော်တို့ စားပွဲနှင့် ကပ်ထိုင်နေသော မြမျိုးလွင် နှင့် မိတ်ဆက်ပေးသောအခါ မစ္စတာဝဲလ်စ် က “ ဝတ္ထုရေးဆရာဆိုရင် ဘယ်နှပုဒ် ရေးပြီးပြီလဲ ”  ဟု မေးသည် ။

မြမျိုးလွင် ။  ။ “ အပုဒ် ၇ဝ ကျော် ၈ဝ ထက် မနည်း ရေးပြီးပါပြီ ”

မစ္စတာဝဲလ်စ် ။  ။ “ အို အံ့ဩစရာကောင်းတဲ့ စာရေးဆရာပါကလား ၊ ကျုပ်တို့တော့ ဒီလောက် မတတ်နိုင်ဘူး ”

လွတ်လပ်ရေး အမျိုးသမီးများအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်သူ စာရေးဆရာမ ခင်မျိုးချစ် နှင့် မိတ်ဆက်ပေးသောအခါ ခင်မျိုးချစ် က ကျောင်းသား အလုပ်သမား အရေးတော်ပုံ ဓာတ်ပုံများကို မစ္စတာဝဲလ်စ် အား ပေးလိုက်လေ၏ ။

မစ္စတာပရုမ်း အမည်ခံ ဦးမောင်မောင်ပြေ က လူငယ်သတင်းစာအဖွဲ့ကိုယ်စား မစ္စတာဝဲလ်စ် အား စာတမ်းတစ်စောင် ပေးဆက်ရာ ထိုအထဲတွင် အင်္ဂလိပ် ဓနရှင် နှင့် ညွန့်ပေါင်းအစိုးရ တို့၏ ဖိနှိပ်ချုပ်ချယ်မှုများ ၊ အလုပ်သမားလယ်သမား နှင့် ကျောင်းသား စာရေးစာချီ ၊ စာရေးဆရာ ၊ သတင်းစာ ဆရာ နှင့် အခြားသောလူတန်းစား တို့၏ အခြေအနေများ ၊ လက်ရှိ နိုင်ငံရေးအခြေအနေများကို ဖော်ပြထားလေသည် ။ ကမ္ဘာလည့်နေသော မစ္စတာဝဲလ်စ် သည် ရောက်လာလေရာရာအရပ်တို့၌ ထိုအကြောင်းများကို ဖောက်သည်ချပါလေ ။ အင်္ဂလန် ပြန်ရောက်၍ စာအုပ်ရေးပါကလည်း ဤ အကြောင်းများကို ထည့်ပါလေဟု တိုက်တွန်းထားလေသည် ။

မစ္စတာဝဲလ်စ် ကား အရွယ်အားဖြင့် အတော် အိုမင်းပြီဖြစ်သော်လည်း ရုပ်ရည်အားဖြင့် အိုစနာ တုန်ချည့်ခြင်း လုံးဝ မရှိသေး ၊ အမူအရာမှာ ဖျတ်လတ်၏ ။ အပြောအဆိုမှာ ဟာသဉာဏ် ရွှင်လှ၏ ။

သူ့အား ခေါင်းပေါင်း ၊ ပုဆိုးတောင်ရှည် ၊ ပိန်းတန်းဖိနပ်စသော ဗမာအသုံးအဆောင်များကို လက်ဆောင်ပေးရာ သူသည် ချက်ချင်း ခေါင်းပေါင်းကို စွပ်လိုက်သဖြင့် အားလုံးက တပြုံးပြုံး ကြည့်နေကြရသေးသည် ။

ကိုသိန်းဖေ က ဝေဖန်လိုက်သဖြင့် မစ္စတာဝဲလ်စ် ၏ စာပေများကို ရှုထောင့်တစ်မျိုးမှနေ၍ ကြည့်မိပြီဖြစ်သော်လည်း မစ္စတာဝဲလ်စ် အား အထင်ကြီးမှု ၊ ကြည်ညိုမှုမှာ ပျောက်မသွားချေ ။ ခု လူကိုယ်တိုင် တွေ့ရသောအခါ ပိုအထင်ကြီး ပိုကြည်ညိုလာရုံ မက ရင်းနှီးချစ်ခင်စိတ်လည်း ပေါက်လာလေသည် ။

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

Wednesday, September 29, 2021

ထောင်ကျဖို့ အလှည့်ပေးပါ


 

❝  ထောင်ကျဖို့ အလှည့်ပေးပါ  ❞

ကိုလှရွှေ က ထောင်ကလွတ်လာပြီး ဖြစ်သော်လည်း ကျွန်တော်နှင့် စကားကောင်းစွာ မပြောရသေးချေ ။ ထောင်ထဲက အခြေအနေများနှင့် ထောင်ထဲမှနေ၍ သခင်နု ၊ သခင်စံထွန်းလှ ၊ ကိုသိန်းဖေ နှင့် ကိုလှရွှေ တို့ တိုင်ပင်ပြီး ဒေါက်တာဘမော် အား ထောင်သို့ ခေါ်ကာ စေ့စပ် ဆွေးနွေးကြပုံများကို ကိုလှရွှေ ထံမှ ကြားလိုသည် ။ ကျွန်တော့်စိတ်ထဲမှာ မရှင်းလင်းသည်များကို မေးမြန်းလိုသည် ။ သို့သော် ကျောင်းသားလွှတ်တော် ကျင်းပနေသည့်အတွင်း သူလည်း မအား ကျွန်တော်လည်း မအား ဖြစ်‌ေပသည် ။

ကျောင်းသားလွှတ်တော်ပြီးသည့် နောက်တစ်နေ့ ညနေတွင် မြို့မ မှ နေ၍ စကော့ဈေး နဂါးနီ သို့ လမ်းလျှောက်သွားကြသည် ။

ကိုလှရွှေ က ကျွန်တော့်အား ထောင်ထဲမှာ သူတို့တစ်တွေ နေကြထိုင်ကြပုံ ၊ အစားအသောက် စီမံချက်ပြုတ်ကြပုံ ၊ စာဖတ်ကြပုံ ၊ ထောင်အာဏာပိုင်တွေ နှင့် တိုက်ပွဲဆင်ကြပုံများကို ပြောပြလေသည် ။

“ ထောင်ထဲ ကိုယ်တို့နေတဲ့ တန်းလျားမှာ ဒန့်သလွန်ပင်တွေ ရှိတယ် ။ ရဲဘော်တွေ က ဒန့်သလွန်ရွက်ဟင်းချို သောက်ချင်တယ်ဆိုတော့ ကိုယ်က ချက်တာကိုး ။ ကိုယ်တို့ ဖျာပုံသားတွေက ငံပြာရည် ကောင်းကောင်း ၊ ပုစွန်ခြောက် ကောင်းကောင်း သုံးနေကျဆိုတော့ ငံပြာရည်ကောင်းနဲ့ ပုစွန်ခြောက်ကောင်း မရနိုင်တဲ့ ထောင်ထဲမှာ ခက်တာပေါ့ ။ ဒီတော့ ဟင်းချိုအောင် ဘယ်လို လုပ်လဲ သိသလား ”

“ ဆိုစမ်းပါဦးဗျာ ”

ကိုလှရွှေ က အားရပါးရရယ်ရင်း -

“ သကြားထည့် ချက်တာပေါ့ မောင်ရင် ရဲ့ ဟား ဟား ”

“ စာဖတ်ကြပုံကကော ”

“ ထောင်ထဲကို မာ့က်စ်ဝါဒ စာအုပ်တွေ သွင်းလာတယ် ။ ဖိုးသိန်းဖေ သွင်းတာပဲ ။ ထောင်မှူးတွေကို ဘယ်လို ဖြီးတယ်တော့ မသိဘူး ။ သူ နဲ့ ကိုယ် နဲ့ တစ်ယောက်တစ်လှည့် ဖတ်ပြရှင်းပြ လုပ်တာလည်း ရှိတယ် ၊ နောက် ဖိုးအောင်ဆန်း တို့ သခင်သန်းထွန်း တို့ ရောက်လာကြတော့ ဝိုင်းပြီး ဆွေးနွေး လေ့လာကြတာတွေလည်း ရှိတယ် ”

“ သခင်နု ကော ”

“ သူကတော့ ပုတီးစိပ်လို့ သိပ်ဇိမ်တွေ့နေတာပေါ့ ၊ ဟဲ ဟဲ စာလည်း ဖတ်ပါတယ် ”

“ ကိုလှရွှေ ဒီတစ်ခါတော့ ကျွန်တော့်ကို တစ်လှည့်ပေးပါဦး ”

ဤသို့ တောင်းပန်လိုက်သော ကျွန်တော့် အသံမှာ မူမှန်ဟန် မတူ ။ ကြေကွဲဝမ်းနည်းသော ခံစားမှုသည် အသံမှာ ဂယက်ရိုက်နေဟန် တူသည် ။ ပြုံးဖြဲဖြဲလုပ်နေသော ကိုလှရွှေ သည် မျက်နှာ တည်သွားပြီး -

“ မောင်ရင့်ကို ဘာတစ်လှည့် ပေးရမှာလဲ ”

“ ကျွန်တော် ထောင်တစ်ခါ ကျချင်တယ် ၊ ခုတော့ ကျွန်တော့်မှာ ထောင်ကျဖူးတဲ့ ဂုဏ်လည်း မရှိဘူး ၊ ထောင်ကျဖူးတဲ့ အတွေ့အကြုံ ဗဟုသုတလည်း မရဘူး ”

“ ဟား ဟား ”  ကိုလှရွှေ က ထုံးစံအတိုင်း အားရပါးရ ရယ်ပစ်လိုက်သည် ။ ပြီးတော့ မျက်နှာပိုးသတ်လိုက်ပြီး -

“ ကျုပ်က မောင်ရင့်ကို ထောင်ချနိုင်ရအောင် ဆာပေါ်ထွန်း မှ မဟုတ်ဘဲ ၊ ထောင်ဆိုတာ ချသူရှိမှ ကျတာ မောင်ရင် ”

“ ဟုတ်ပါတယ် ၊ ခင်ဗျားတို့က ထောင် မချနိုင်ပါဘူး ၊ သို့ပေမယ့် ထောင်ကျနိုင်စေမယ့် တာဝန်ကို ပေးနိုင်တယ် ။ အခုတော့ အရေးတော်ပုံ စကတည်းက ကျွန်တော့်ကို ထောင်ကျနိုင်စေမယ့် တာဝန် တမင် မပေးဘဲ ထားတယ် ၊ ဒါကြောင့် တစ်လှည့် ကျွန်တော့်ပေးပါဦး ကိုလှရွှေ ရယ် ”

“ အားလုံး ထောင်ကျကုန်ရင် ခက်မှာပေါ့ ၊ မင်းတို့လို ထောင်မကျဘဲနဲ့ နောက်က လုပ်နေတဲ့ လုပ်သားရဲဘော်တွေရှိလို့ တို့အရေးတော်ပုံကြီး ဆော်ဒါရေပုလင်း မဖြစ်တာပေါ့ ကိုယ့်လူရဲ့ ”

“ နို့ ဒီနေ့ပဲ ထောင်တွင်း တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် တစ်ခု ထုတ်တယ် မဟုတ်လား ။ သိင်္ဂုတ္တရကုန်း တွင် တပ်စွဲလျက်ရှိကြသော သပိတ်တပ်သား ၇ဝဝဝ ကျော် ရန်ကုန်ထောင်အတွင်း သို့ အားလုံး ဝင်ကြသည့်အခါကို ငါတို့ စောင့်စားမျှော်လင့်နေကြ၏ ။ တစ်ပြည်လုံးရှိ ထောင်ကြီး ၈ ထောင် ၊ ထောင်ကလေး ၂၄ ထောင် ၊ ပေါင်း ၃၂ ထောင် ကို ပြည့်လျှံအက်ကွဲထွက်သွားအောင် ငါတို့တစ်တွေ အစုလိုက်အပြုံလိုက် ထုကြီးထည်ကြီးနှင့် ဝင်ကြရမည်တဲ့ ။ ဒီတော့ ကျွန်တော်လည်း ထောင်ထဲဝင်ဖို့ တစ်လှည့်ခွင့်တောင်းတာ ဘာမှားသလဲ ကိုလှရွှေ ”

“ ဒီလို ဒီလို ၊ ခု ကြေညာချက် က လူအများအတွက် ရဲဆေး ထိုးပေးတာ ။ လူတွေဟာ အရင်ကဆိုရင် ထောင်ကျမှာ ကြောက်နေတယ် မဟုတ်လား ၊ အခုတော့ တိုင်းပြည်အတွက်ဆိုရင် ထောင်ကို ရယ်တာပေါ့ အပျော့ထင်တယ် ဆိုတာ ပြလိုက်တာပဲ ။ ထောင်ကြီးနဲ့ ခြောက်လှန့်နေတဲ့ အင်္ဂလိပ် နဲ့ ညွန့်ပေါင်းအစိုးရကို မကြောက်ဘူးကွလို့ ပြောလိုက်တာပဲ ။ အပြင်မှာ အလုပ် လုပ်မယ့်လူ မရှိရင် ဘယ် ဖြစ်မှာလဲ ။ ဒီတော့ တစ်လှည့်မှ မပေးပါရစေနဲ့ ကိုယ့်လူ ”

“ ခင်ဗျား ထွက်လာပုံ ပြောစမ်းပါဦး ”

“ အာမခံပေးပြီး ထွက်လာတာပေါ့ ။ အခု ကိုယ်တို့ကို ဖမ်းတဲ့ ရန်ကုန်အရေးပေါ် လုံခြုံရေးဥပဒေက ငွေ ၂ဝဝိ တန် အာမခံပေးရင် လွတ်နိုင်တာပဲ ။ ဒီအခွင့်အရေးကို ယူတာပေါ့ ။ ဒါမှ အပြင်မှာ လုပ်စရာ ရှိတာတွေ လုပ်ရမှာကိုး ။ ကိုသိန်းဖေ တောင် နက်ဖြန်သန်ဘက် အာမခံနဲ့ ထွက်လာပါလိမ့်မယ် ၊ သူ့ကို အာမခံဖို့ ခြေလျင်ကိုအုံးခင် နဲ့ မြန်မာ့နေ့စဉ်ကိုထွန်းစိန် တို့ကို ပြောထားတယ် ။ ကိုကြီးနု ကို လည်း အာမခံနဲ့ ထုတ်ကြမှာပဲ ၊ ဒီ့ပြင် တို့ဗမာခေါင်းဆောင်တွေကိုလည်း အာမခံနဲ့ ထုတ်ကြမှာပဲ ” 

ထောင့်အရသာကို ခံစားရဖို့ ကျွန်တော့်မှာ အလားအလာမရှိတော့ပြီ ။

“ ထောင်ထဲတုန်းက ခင်ဗျားတို့တစ်တွေ ဒေါက်တာဘမော် နဲ့ ခေါ်စေ့စပ်ကြတယ်ဆိုတာ ဘာလို့ စေ့စပ်ဖို့လိုတယ်လို့ ကျွန်တော် သဘော မပေါက်ဘူးဗျာ ”

“ တောင်းဆိုချက်ရဖို့ စေ့စပ်တာပေါ့ ။ ကိုယ်တို့စေ့စပ်တာကို ဂဠုန်မောင်စော တို့ အတိုက်အခံ ပါတီက သဘော မကျဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တို့တောင်းဆိုချက်ကို ဘမော် က မလိုက်လျောစေချင်ဘူး ၊ ဒါမှ ဘမော် ပြုတ်ကျမယ်လို့ တွက်တာကိုး ။ တို့က တို့တောင်းဆိုချက် ရတာသာ လိုရင်း ၊ ဘယ်သူက ပေးပေးပေါ့ ။ တို့က ရာထူး လုယူဖို့ ၊ ကိုယ့်ပါတီ ကြီးပွားဖို့ ဆိုတဲ့ အချောင်သမား နိုင်ငံရေးတွက်ကိန်းမျိုးနဲ့ လုပ်နေတာမှ မဟုတ်ဘဲ ။ စေ့စပ်ရေးဆိုတာက စစ်တိုက်ရင်းလည်း လုပ်ရတာပဲ ၊ ဘယ်အချက် မှာ သဘောတူသွားရမယ်ဆိုတာမှသာ ကွာတာကိုး ”

“ ဒေါက်တာဘမော် က ထောင်ထဲ လာတယ်ဆိုတော့ ခင်ဗျားတို့နေတဲ့ တန်းလျားထိ လာသလား ”

“ မလာပါဘူး ၊ သူက ထောင်ပိုင်ရုံးခန်းထဲမှာ နေတယ် ၊ ပြီးတော့ ကိုယ်တို့ကို ခေါ်တွေ့တယ် ”

“ သူက ဘာတွေ ပြောသလဲဗျ ”

“ သူပြောတာတွေ ချုံးကြည့်လိုက်ရင် အခု ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အပြည့်အဝ သူ မလိုက်လျောနိုင်တဲ့ အကြောင်း ၊ ( Law and Order ) နဲ့ ပတ်သက်ရင် ဘုရင်ခံကသာ အာဏာ ပိုင်တဲ့ အကြောင်း ၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေကို ဘုရင်ခံ သဘောမတူဘဲ မလွှတ်နိုင် ၊ ဖိနှိပ်ချုပ်ချယ်မှု ဥပဒေတွေ သူ မရုပ်သိမ်းနိုင်ဘူးဆိုတဲ့အကြောင်းတွေ သူကပြောတယ် ။ အင်္ဂလိပ်ကို သူလည်း အလို မရှိပါဘူး ၊ ၉၁ ဌာနအုပ်ချုပ်ရေးကို သူလည်း မကြိုက်ဘူးလို့ ပြောသေးတယ် ၊ ဒီတော့ ထွက်လိုက်ရင် ရှေ့လျှောက်ပြီး နိုင်ငံရေး ဣန္နြေရရ လုပ်သွားနိုင်တယ် ။ ခင်ဗျားက ရာထူး စွန့်လွှတ်နိုင်တယ်ဆိုတဲ့ သတ္တိရှိရင် ကျွန်တော်တို့ဟာ တိုင်းပြည်ဘက်က လူတွေပါလို့ တစာစာ အော်နေတဲ့ အတိုက်အခံဂိုဏ်းက အမတ်များဟာလည်း ရာထူးယူနိုင်ဖို့ သိပ်ခဲယဉ်းသွားမှာပဲ ။ ဒီနောက် အဲဒီလို အသံကုန်ဟစ်နေကြတဲ့ အမတ်များ ရာထူးမယူနိုင်အောင်လည်း ကျုပ်တို့ ဆက်ပြီး ကြိုးစားမယ်လို့ ကိုယ်တို့က ပြောကြတယ် ။ ဒါပေမဲ့ ဒေါက်တာဘမော် က သူထွက်ရင် အတိုက် အခံအမတ်တွေ တက်ယူမှာပဲလို့သာ ပြောနေတယ် ။ ပြီးတော့ သူက အင်္ဂလိပ်တွေကို ချဖို့ အချိန် မကျသေးဘူးတဲ့ ၊ စစ်ဖြစ်လာတော့မယ်တဲ့ ။ အဲဒီ့ စစ်အတွင်းကျတော့ ချက်ကောင်း ရမှာပါတဲ့ ၊ ခေါင်းအေးအေးထားပြီး အခွင့်ကောင်းကို စောင့်ကြစမ်းပါတဲ့ ။ ဒီလိုနဲ့ပဲ ကိုယ်တို့ စေ့စပ်ရေးဟာ ပြီးတာပါပဲ ။ သူကလည်း သူပြောချင်ရာ ပြော ၊ ကိုယ်တို့ကလည်း ကိုယ်တို့ပြောချင်ရာ ပြော ” 

“ ဘာမှ တောင်းဆိုချက်တွေ မရဘူးပေါ့နော် ” 

“ ကျောင်းသားတွေဟာ ဘယ်သူနဲ့ ဖြစ်ဖြစ် ကိုယ့်လိုလားချက် ရမယ်ထင်ရင် စေ့စပ်ဆွေးနွေးမယ် ၊ ဘယ်သူ့ လက်ကိုင်တုတ်မှ မဟုတ်ဘူး ဆိုတာတော့ ပြလိုက်ရတာပေါ့ ” 

ကျွန်တော်တို့ စကော့ဈေး သို့ ရောက်လာကြပြီ ။ နဂါးနီ သို့ မသွားသေးဘဲ တက္ကသိုလ် သမဝါယမ ဆိုင်သို့ ဝင်ကြလေ၏ ။ ကိုထွန်းအုန် သည် ဆိုင်ဝမှရပ်လျက် ဆီးကြိုလျက်ရှိ၏ ။ သူ့မျက်နှာမှာ အပြုံးအပြည့်နှင့် ။

ကိုထွန်းအုန် ကို ကျွန်တော်သည် ကိုထွန်းအုန် မှန်းသိသော်လည်း မသိ ကျွမ်းဖူး ၊ စကား မပြောဖူးချေ ။ ကိုထွန်းအုန် က ကိုလှရွှေ အား -

“ ဘယ့်နှယ်လဲ ထောင်ထဲမှာ တော်တော်ပျော်ရဲ့လား ” 

ကိုလှရွှေ ကလည်း အပြုံးအပြည့်မျက်နှာဖြင့် -

“ ပျော်ဆို ထောင်ထဲကတောင် ထွက် မလာချင်ဘူး ။ ဟား ဟား ၊ ခုပဲ ထောင်ထဲက ပျော်ပုံတွေ ဒီရဲဘော်ကို ပြောပြတော့ ဒီရဲဘော်က သူပါ ထောင်ထဲသွားနေချင်တယ်လို့ နားပူနားဆာ လုပ်နေတယ်ဗျ ” 

ကိုထွန်းအုန် သည် မျက်နှာအတည်ထားလျက် ကျွန်တော့်အား အကဲခတ်သလို ကြည့်လိုက်ပြီး - “ ဒီရဲဘော်ကို မြင်တော့နေတာပဲ ၊ နာမည်က ဘယ်လိုတဲ့လဲဗျ ”

ကိုလှရွှေ ကပင်

“ သခင်နီတာရဲ ရဲဘော်တင်ထွန်း တဲ့ဗျား ၊ ဟား ဟား ”

ကိုထွန်းအုန် ကား ပြုံးရောင်ကလေးသာ ပြပြီးနောက် မျက်နှာညှိုးသွားသလို ဖြစ်သည် ။

“ ကျွန်တော်လည်းဗျာ ဟော့ဒီ ဆိုင် တာဝန်ယူရတာ သည်ပြင်တာဝန်တွေ လစ်ဟင်းကုန်ပြီ ။ ထောင် ရောက်ဖို့ ဝေးရော ၊ ခင်ဗျားတို့ဆီတောင် တယ်ပြီး မရောက်နိုင်ဘူး ။ စိတ်ထဲမှာ မရိုးမရွကြီး ဖြစ်နေတယ် ။ မချင့်မရဲ မကျေမနပ် ဖြစ်နေတယ် ”

ကိုလှရွှေ သည်လည်း မပြုံးနိုင် ၊ မရယ်နိုင်တော့ဘဲ အတန်ကြာ တွေသွားသည် ။ ကိုထွန်းအုန် အတွက် ဝမ်းနည်းသွားဟန် တူသည် ။ အတန်ကြာမှ -

“ ဒီလို သဘောထားလို့ ဘယ်ဖြစ် မလဲဗျ ။ ခင်ဗျား ဒီမှာ မရှိရင် ဒီသမဝါယမကလေး ပျက်သွားမှာ ပေါ့ဗျ ။ ကျုပ်တို့ မီးတုတ်ကျောင်းသားတွေဟာ မကောင်းတာတွေ ၊ ကောင်းတာတွေ ရှိ့ရတဲ့ ကြားထဲက တည်ဆောက်ထားတဲ့ ၊ စိုက်ပျိုးထားတဲ့ အလုပ်အသီးအပင်ကလေးကို ခင်ဗျားလို ဇွဲကောင်းကောင်းနဲ့ စောင့်ရှောက်နေတဲ့ ဥယျဉ်မှူး မရှိရင် ဘယ်ဖြစ်နိုင်ပါ့မလဲ ”

ကိုထွန်းအုန် ၏ မျက်နှာတွင် အပြုံး ဝင်လာသည် ။

“ ဆေးဆရာဝန်လောင်းကြီးကလည်း ကဗျာဆန်ဆန် စကားပြောတတ်သကိုး ၊ ဟဲ ဟဲ ”

“ ကဗျာဆန်ဆိုဗျာ ၊ ဆေးတက္ကသိုလ်သာ မရောက်ရင် ကျွန်တော်လည်း မင်းသုဝဏ် တို့နဲ့ အပြိုင်အဆိုင် ဖြစ်နေမှာပေါ့ ၊ ဘယ့်နှယ့်လဲ ဆိုင်အခြေအနေ ”

“ ခင်ဗျားတို့ဘက်က တက်သလောက် ဆိုင်ကလည်း တက်နေတာပဲ ။ အင်္ဂလိပ်ကုန်တွေ သပိတ်မှောက်ရေး လုပ်ကြရင်တော့ ကျွန်တော်တို့လည်း သည့်ပြင် ကုန်တွေ တင်ဖို့ စီစဉ်ရဦးမှာပဲ ။ နေပါဦး ကိုကြီးနု တို့ ၊ ဖိုးသိန်းဖေ တို့ ၊ ဖိုးအောင်ဆန်း တို့ကော ဘယ်တော့ လွတ်ကြမှာလဲ ”

“ ကနေ့ နက်ဖြန် လွတ်လာကြပါလိမ့်မယ် ။ ဒီလိုပေါ့ဗျာ ထောင်ဆိုတာ ဝင်လိုက် ထွက်လိုက်ပေါ့ ဟဲ ဟဲ ၊ ကဲ နဂါးနီ ကို သွားလိုက်ဦးမယ် ”

“ သွား သွား ၊ ကိုထွန်းရွှေ တို့ ၊ ဆရာဟိန် တို့လည်း ခုနင်ကပဲ သွားကြတယ် ၊ တွေ့ပါလိမ့်ဦးမယ် ”

ကျွန်တော်တို့သည် နဂါးနီဘက်သို့ လာခဲ့ကြလေသည် ။

◾သိန်းဖေမြင့်

📖 အရှေ့ကနေဝန်းထွက်သည့်ပမာ

koaungnaingoo.blogspot.com

.

Tuesday, September 28, 2021

ဒါမျိုးကြီးလည်း ဖြစ်တတ်တယ် လား


 

❝ ဒါမျိုးကြီးလည်း ဖြစ်တတ်တယ် လား ❞

ဪ ..... လူ့ကံ လူ့သဘော လူ့မနော ဆန်းကြယ်ပုံများ ပြောပါတယ် အားလုံး သိတဲ့အတိုင်း ရပ်ကွက်ထဲက ဘာအရေးကိစ္စပဲ ရှိရှိ ဦးဘတိုး မပါရင် ပွဲမပြီးဘူး ။ ဦးဘတိုး ဆိုတာက အသက်အရွယ်ရ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေက များမှ များရယ် မဟုတ်လား ။ ပြီးတော့ တစ်ဖက်သား လက်ခံသဘောပေါက်အောင်လည်း ပြောတတ် ဆိုတတ်တော့ အရေးအကြောင်းရှိရင် အားလုံး ဦးဘတိုး ဆီကိုပဲ ပြေးလာကြရတာ ။ အကျိုးအကြောင်း အဆိုးအကောင်းတိုင်ပင် အကြံဉာဏ် ယူကြရတာ ။

ဟော အခုလည်းကြည့် ။ ဦးဘတိုး အိမ်ကို ရက်ကွက်ထဲက လူကြီးအချို့ ရေးကြီးသုတ်ပျာ ရောက်လာကြပြန်ပြီ ၊ အရေးကိစ္စတစ်ခုတော့ ရှိနေပြီဆိုတာ သေချာပြီ ။ ဦးဘတိုး ကို တွေ့တာနဲ့ သူတို့လည်း ဖြစ်စဉ်ကို အားကိုးတကြီး ပြောပြကြတယ် ။ သူတို့ မောကြီးပန်းကြီးပြောသမျှကို ဦးဘတိုး ခေါင်းတညိတ်ညိတ်နဲ့ အေးအေးဆေးဆေးပဲ နားထောင်တယ် ။

သူတို့ ပြောပုံအရ ဆိုရင် ။

ရက်ကွက်ထဲက ငမူး အရက်ကံစမ်းမဲပေါက်ပြီး ငွေကျပ် သိန်း ငါးဆယ် ရမယ် ဆိုပဲ ။ ဒါကြောင့် ကုမ္ပဏီက တာဝန်ရှိသူတွေက လာအကြောင်းကြားတဲ့ အချိန်မှာ ငမူး က ဘယ်ချောင် ရောက်နေမှန်း မသိဘူး ။

ငမူး နဲ့ တိုက်ရိုက် မတွေ့လိုက်တာ ငမူး အတွက် ကံကောင်းတယ် ပြောရမယ် ။ ဘာကြောင့်ဆိုတော့ ငမူး ဆိုတဲ့ ကောင်က တစ်သက်လုံး ဆင်းရဲမွဲတေလာတဲ့ကောင် ။ သူ့ဘဝမှာ ပိုက်ဆံတစ်ထောင် ပြည့်အောင် ကိုင်သုံးဖူးတာ မဟုတ်ဘူး ။ အဲသလို လူမျိုးက သူ့ဘဝမှာ ဘယ်တော့မှ အိမ်မ က်တောင် မမ က်ဘူးတဲ့ ငွေ သိန်းငါးဆယ် ပိုင်ဆိုင်ခွင့် ရပြီဆိုတာ ဗြုန်းဒိုင်းကြီး သိလိုက်ရလို့ကတော့ ရူးသွား မလား ၊ သေသွားမလား မပြောတတ်ဘူး ။ စိုးရိမ်ဖွယ် တစ်ခုခု ဖြစ်သွားမှာတော့ သေချာတယ် ။ ဒါကြောင့် ငမူး တစ်ယောက် ငွေသိန်းငါးဆယ် ကို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံရယူဖို့က သိပ်အရေးကြီးသွားပြီ ။ ဒီလိုအရေး ကိစ္စမျိုးကို ပိုင်ပိုင်နိုင်နိုင်ဖြေရှင်းဖို့ရာ ဦးဘတိုး လက်ထဲအပ်ဖို့က လွဲပြီး အခြား ဘာရှိဦးမှာလဲ ။

ဟုတ်ပေတာပေါ့ ။ သည်အရေးကိစ္စမျိုးဟာ တိမ်မယောင်နဲ့ နက် ၊ လွယ်မယောင်နဲ့ ခက်တာကိုး ။ ဦးဘတိုး တွေးတွေးဆဆ ခေါင်းညိတ် လိုက်ပါတယ် ။ ပြီးတော့ လူငယ်တစ်ယောက်ကို ငမူး ကို ရှာပြီး ခေါ်ခဲ့ချေ ဆိုပြီးတော့ လွှတ်လိုက်တယ် ။

သည်ကောင်က တစ်ရက် မှာ ( ၂၄ ) နာရီ မူးနေတတ်တဲ့ကောင်မို့ အားလုံးက ငမူး လို့ပဲခေါ်ပြီး နှုတ်ကျိုးနေကြပြီ ။ ဒါပေသိ ဘယ်သူ့ကိုမှ ပြဿနာ မရှာတတ်ဘူး ။ ဘယ်သူ့ကို ကူညီရမလဲ ဆိုတာပဲ ကြည့်နေတဲ့ ကောင် ။ ဟိုအိမ် ၊ ဒီအိမ်က ခေါ်ခိုင်းတဲ့ တောက်တိုမယ်ရ အလုပ်တွေကို ရိုရိုကျိုးကျိုး ရိုးရိုးသားသား လုပ်ကိုင်ပေးရင်း ဝမ်းစာရှာနေတဲ့ ကောင် ။ ခေါ်ခိုင်းတဲ့ သူတွေ ပေးသမျှ နည်းသည် များသည် တစ်ခါမှ မပြောဘူး ။ ပေးသလောက် ယူပြီး အရက်ဆိုင်ပြေးတက်တဲ့ ကောင် ။ ရှင်းအောင်ပြောရရင် သူများ ပေးစာကမ်းစာ နဲ့ ရှင်သန်နေရတဲ့ ကောင် ။

အခုကြည့် ။

လူ့ဘဝများ ဆန်းကြယ်ပုံပြောပါတယ် ။ မူးမူးရူးရူးနဲ့ အရက်ဆိုင်မှာတွေ့တဲ့ ကံစမ်းမဲလက် မှတ်မှာ သူ့နာမည်တွေ ဘာတွေဖြည့်ပြီး ကံစမ်းလိုက်တာ ကံကောင်းချင်တော့ ငွေကျပ်သိန်းငါးဆယ်ကြီးများတောင် ကံစမ်းမဲ ထပေါက်သွားတယ် ။ လူတွေများ လှံထမ်းလာတာမြင်တယ်။ ကံထမ်းလာတာ မမြင်ရဘူးဆိုတဲ့ စကားလုံး မှန်ပါရောလား ။

ဟော ဦးဘတိုး ရှေ့မှောက်ကို ငမွဲစာရင်းက ချက်ချင်းလွတ်ပြီး သူဌေးစာရင်း ချက်ချင်းဝင်သွားတဲ့ ငမူး ရောက်ပါပြီ ။ ဦးဘတိုး ငမူးကို မြင်ပေမယ့် သိပ်ပြီးထူးမခြားနားတဲ့ မျက်နှာအမူအရာနဲ့ တစ်ချက် လှမ်းကြည့်တယ် ။

ငမူး လည်း ဦးဘတိုး ရှေ့မှာရပ်ပြီး

“ အဘ ကျွန်တော့်ကို ရှာခိုင်းလိုက်တယ်ဆိုလို့ ဘာများခိုင်းစရာ ရှိလို့လဲလို့ပါ ”

ဆိုပြီးရိုရိုကျိုးကျိုး ပြောတယ် ။ ဦးဘတိုး ခေါင်းညိတ်ပြပြီး

“ အိမ်းကွဲ့ အိမ်နောက်ဖက် ဝန်းထဲ သန့်ရှင်းရေး လုပ်ချင်လို့ ”

ဆိုပြီး ပုံမှန်လေသံနဲ့ ပြန်ပြောတယ် ။

“ ဟုတ်ကဲ့ အဘ ... ဒါဆို ကျွန်တော် အခုပဲ လုပ်လိုက်ပါ့မယ် ”

ငမူး ပြောပြောဆိုဆို အိမ်နောက်သွားဖို့ ပြင်တယ် ။

“ နေဦးကွဲ့ ငမူး ရဲ့။ ခဏနားပြီးမှ လုပ်လည်းရပါတယ် ”

“ ကိစ္စမရှိဘူး အဘ လုပ်စရာရှိတာ မြန်မြန်လုပ်တော့ မြန်မြန်ပြီး သွားတာ ပို မကောင်းဘူးလား အဘရဲ့”

“ ကောင်းတာပေါ့ကွယ် ... ကောင်းတာပေါ့ ။ အလုပ်ကြိုးစားတဲ့ သူများဟာ ကံကောင်းတတ်ကြတယ်ကွဲ့ ။ အဘ ဝန်ထမ်းဘဝနဲ့ အညာဒေသ တစ်ခုမှာ တာဝန်ထမ်းဆောင်စဉ် မောင်မူး လိုပဲ အင်မတန် အလုပ်ကြိုးစားတဲ့ သူတစ်ယောက်တွေ့ခဲ့ဖူးတယ်ကွယ့် ”

“ ဟုတ်ကဲ့ ”

ဦးဘတိုး စကားဆက်ပြောနေတဲ့အတွက် ငမူး လည်း သန့်ရှင်းရေးသွားမလုပ်နိုင်သေးဘဲ ဦးဘတိုး စကားဆုံးတဲ့အထိ ရိုရိုကျိုးကျိုး နားထောင်နေရတယ် ။ အားလုံးလည်း ဦးဘတိုး ရဲ့ စကားပြော ကျွမ်းကျင်လိမ္မာမှုကို အထင်ကြီးလို့ မဆုံးနိုင်ဘူး ။

“ သူ့ခမျာ အဲဒီတုန်းက သိပ် ဆင်းရဲရှာတာ ။ ခေါ်ခိုင်းတဲ့အိမ်တွေအတွက် ထင်းခွဲ၊ ရေခပ် ၊ သန့်ရှင်းရေးလုပ်ပေးပြီး အ သက် မွေးဝမ်းကျောင်းရတယ် ”

“ ဟုတ်ကဲ့ အဘ ”

“ သူ့ရဲ့ ရိုးသားကြိုးစားမှုကို ပြန်အကျိုးပေးပုံများ တစ်နေ့ သူထိုးထားတဲ့ထီက သိန်းဆုကြီးပေါက်လို့ နေ့ချင်းညချင်း သူဌေးမင်းကြီး ဖြစ်သွားပါရောလား ”

“ ဟုတ်ကဲ့ အဘ ”

“ အိမ်း... အဲသလိုပဲပေါ့ မောင်မူး လည်း သူ့လို နေ့ချင်းညချင်း သူဌေးမင်း မဖြစ်ဘူးလို့ ဘယ်သူ ပြောနိုင်လဲ ”

“ အာ ... အဘ ကလည်း ကျွန်တော်မှ ထီမထိုးတတ်တာ မဖြစ်နိုင်ပါဘူး ”

“ အင်း ... ဒါမျိုးဆိုတာ ထီထိုးမှရယ် မဟုတ်ပါဘူး ။ ထီထိုးသလို ရတာမျိုးတွေ ရှိပါတယ် ။ ဥပမာပြောရရင် အင်း ... ဟုတ်ပြီ မင်းက အရက် အမြဲသောက်နေတဲ့သူဆိုတော့ အရက်ကံစမ်းမဲတွေ ဘာတွေ ပေါက်တာမျိုးရော မဖြစ်နိုင်ဘူးလားကွ ”

“ မဖြစ်နိုင်ပါဘူး အဘရာ ။ အဲဒီ ကံစမ်းမဲဆိုတာကလည်း လူတစ်သန်းမှာ တစ်ယောက်ပေါက်တာမျိုးပါ ”

“ ဪ .. ဒါကတော့ ကံပဲလေကွာ ။ ဘယ်ပြောလို့ ရမလဲ။ အဲဒီ ကံထူးတဲ့ တစ်ယောက်ဟာ မင်းဖြစ်ချင်လည်း ဖြစ်နေမှာပေါ့ကွယ် ”

“ မဖြစ်နိုင်ပါဘူး အဘရာ ”

ကြည့်စမ်း .. ဦးဘတိုး ပြောတာ ဘယ်လောက်တောင် ပညာသား ပါလိုက်သလဲ ဆိုတာ ။ အားလုံး လက်ဖျားခါကုန်ကြတယ် ။ သည်အရေးမှာ ဦးဘတိုး ကို လုံးဝယုံကြည် အားကိုးတာဟာ မမှားဘူးဆိုတာကို အခိုင်အမာ သက်သေပဲ ။

“ ကိုင်းကွာ .. မဖြစ်နိုင်တာလည်း မဖြစ်နိုင်တာ တစ်ပိုင်းပေါ့ကွာ ။ တကယ်လို့ ဖြစ်များဖြစ် လာခဲ့ရင်ပေါ့ကွာ ။ မင်းငွေ သိန်းငါးဆယ်ပေါက်ပြီ ဆိုပါတော့ ။ မင်းဘာလုပ်မယ် စိတ်ကူးလဲ ”

“ ဟာ ... အဘ ကလည်း နောက်နေပြန်ပြီ ဖြစ်မှ မဖြစ်နိုင်တာပဲ အဘရယ် ”

“ ကိုင်း .. ဖြစ်တယ်ပဲ သဘောထားလိုက်ပါတော့ကွာ ။ အဲဒီငွေ သိန်းငါးဆယ် ကို မင်းဘာလုပ်မလဲ ”

“ မဖြစ်နိုင်တဲ့ ကိစ္စပဲ အဘရယ် ။ ကျွန်တော် မပြောချင်ပါဘူး ”

“ ကဲပါကွာ ပြောကြည့်စမ်းပါ ။ မင်း ကံစမ်းမဲပေါက်တဲ့ သိန်းငါးဆယ် ကို ဘာလုပ်မလဲဆိုတာ ”

“ မဖြစ်နိုင်တာပဲ အဘရာ ”

ဦးဘတိုး က အရက်ကံစမ်း မဲပေါက်တဲ့ ငွေသိန်း ငါးဆယ်ကို ဘာလုပ်မလဲ ဆိုတာကိုပဲ ထပ်ကာထပ်ကာ မေးလေ ငမူး ကလည်း မဖြစ်နိုင်ပါဘူးဆိုတာကို ထပ်ကာ ထပ်ကာပြောနေ ။ ကြာလာတော့ ငမူး လည်း ဦးဘတိုး ကို အားနာလာလို့ပဲလား၊ ငွေသိန်းငါးဆယ် မ က် လုံးကြောင့်လား မသိဘူး ။ ဦးဘတိုး ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ် ။ ပီတိပြုံးလေး ရေးရေးပေါ်လာတယ် ။ သေချာပြီ ... ဒါဆို အခြေအနေ ကောင်းပြီ ။ ဦးဘတိုး စကားကို အော်ပြီး

“ ကိုင်း တကယ်ဖြစ်တယ်ပဲ ထားပါတော့ကွာ ။ မင်း အဲဒီငွေ သိန်းငါးဆယ်ကို ဘာလုပ်မလဲ ”

“ အဘ ပြောသလို အဲဒီ သိန်းငါးဆယ် တကယ်ပဲ ကံစမ်းမဲပေါက်လို့ ... အင်း ... ”

“ ဟုတ်ပြီ ဆက်ပြောပါဦး ”

“ သိန်းငါးဆယ် ရရင် အင်း ... ”

“ ဟုတ်ပြီ ဆက်ပြော ဘာလုပ်မှာလဲ ”

“ အဘ ကို တစ်ဝက် ပေးမယ်ဗျာ ”

“ ဘာ ... ဘာရယ် ... ဂစ် ... ဂစ် ... ဂစ် ”

ငမူး ဆီက ထင်မှတ်မထားတဲ့ စကားကို ကြားလိုက်ရတဲ့အတွက် ဦးဘတိုး တစ်ယောက် “ တဂစ်ဂစ် ” တက်ပြီး သတိလစ် လဲကျ သွားပါတော့တယ် ။

◾ မျိုးကိုမျိုး

📖 ဟာသလွင်ပြင် အမှတ် ( ၁ )

koaungnaingoo.blogspot.com

.

နင်လားဟဲ့ ဓနရှင်


 ❝  နင်လားဟဲ့  ဓနရှင် ❞


တက္ကသိုလ်သမဂ္ဂတိုက်သို့ ပြန်ရောက်သောအခါ ကိုသိန်းအောင် တို့ထံမှ သတင်းထူးတစ်ခုကို

ကြားရလေသည် ။ အထက်လွှတ်တော်အမတ် သူဌေးဦးသွင် ၊ မြို့မကျောင်းဆရာကြီး ဦးဘလွင် ၊

ဗြိတိသျှဘားမား ဦးညွန့် ၊ ပွဲစားကြီး ဦးဘိုးဗြော့ စသော မြို့မိမြို့ဖ လူကြီးများသည်

ကျောင်းသားများ၏ တောင်းဆိုချက်ကို ရအောင် ညွန့်ပေါင်းအစိုးရ နှင့် စေ့စပ်ဆွေးနွေးနေသည်

ဆိုသော သတင်းဖြစ်ပေ၏ ။


ညွန့်ပေါင်းအစိုးရသည် ကျောင်းသားများ၏ တောင်းဆိုချက်ကို လူကြီးများ၏ စေ့စပ်ချက်ကြောင့်

လိုက်လျောမည် ၊ မလိုက်လျောမည် မသိနိုင်သော်လည်း ဖိနှိပ်ချုပ်ချယ်မှုကို ပို၍လုပ်လာသည်ဟု

ဆိုရပေမည် ။ အရင်က အောက်ပိုင်းများကိုသာ ဖမ်း၏ ။ ယခု အထက်ပိုင်းကို ဖမ်းစပြုလေပြီ ။

ဇန်နဝါရီလ ၁ဝ ရက်နေ့ နိုင်ငံရေးကွန်ဖရင့်ကြီး ပြီးလျှင်ပြီးချင်း နောက်တစ်နေ့တွင် သခင်နု အား

ဖမ်းဆီးခဲ့၍ ၁၄ ရက်နေ့တွင် တက်ဘုန်းကြီးကိုသိန်းဖေ အား ဖမ်းပြီးနောက် ၂၃ ရက်နေ့ နံနက်တွင်

ကား တို့ဗမာ ထိပ်ပိုင်းခေါင်းဆောင် အားလုံးကို သိမ်းကျုံး ဖမ်းလိုက်လေသည် ။ တို့ဗမာ

အစည်းအရုံးကြီး သည် လက်နက်ကိုင် ပုန်ကန်ရန် ရွှေတိဂုံ မှာ လက်နက်တွေ စုနေကြပြီဟု သတင်း

လွှင့်ကာ ဌာနများကို လည်းကောင်း ၊ သခင်ကိုယ်တော်မှိုင်း ၏ အိမ်ကို လည်းကောင်း ၊ ပုလိပ်နှင့်

စစ်တပ်များ တက်ရောက် ရှာဖွေလေသည် ။ နံနက် ၅ နာရီတွင် ရန်ကုန်ပုလိပ်မင်းကြီး အမှူးပြုသော

စစ်ပုလိပ်တပ်ဖွဲ့သည် ဖိနပ်မချွတ်ဘဲ ရွှေတိဂုံရင်ပြင်ပေါ်သို့ တက်ကာ မော်လမြိုင်ဇရပ် ကို

ဝိုင်းလျက် သခင်သန်းထွန်း ၊ ထိပ်တင်ကိုယ်တော်ကြီး သခင်အာစရ ၊ သခင်အောင်ဆန်း ၊

သခင်လှသောင်း ( ဘတ်စ်ကားခေါင်းဆောင် ) ၊ သခင်အေးကြည် ၊ သခင်သင် ၊ သခင်လှစော

( ပေါင်းတည် ) ၊ သခင်ထွန်းစိန် နှင့် သခင်ဘသာ တို့ကို ဖမ်းလေသည် ။ တိုက်ပ်ရိုက်တာ ၊ စာရွက်

စာတမ်းနှင့် ဖိုင်တွဲများကိုလည်း သိမ်းယူသွားလေသည် ။


ဒီးဒုတ်ဦးဘချို အားလည်း သူ့နေအိမ်မှ ဖမ်းဆီးသွားလေသည် ။


သို့ဖြင့် အရေးတော်ပုံ၏ ခေါင်းဆောင်မှု တစ်ခုလုံးကို ယိမ်းပါးသွားအောင် နယ်ချဲ့သမား နှင့်

ညွန့်ပေါင်းအစိုးရ တို့က တစ်ထစ်တက်၍ ကြံစည်အားထုတ်လိုက်ပြန်ပြီ ။


သို့သော် -


တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ။


ဒုတိယဥက္ကဌ သခင်လှဘော် က ဥက္ကဌ ထိပ်တင်ကိုယ်တော်ကြီး နေရာ ။


သခင်လေးမောင် က ဒုတိယ ဥက္ကဌ နေရာ ။


သခင်တင်မောင်ကြီး က အထွေထွေအတွင်းရေးမှူး နေရာ ။


သခင်မြသိန်း ၊ သခင်ကျော်သိန်း ၊ သခင်အုန်းမြင့် ၊ သခင်ခင်မောင် စသည်တို့ကလည်း နေရာ

အသီးသီးတွင် အစားထိုးလိုက်ကြလေသည် ။


ဝိုင်အမ်ဘီအေ သခင်တင် သည် တို့ဗမာသီချင်းကို သီကုံးစပ်ဆိုကာ တို့ဗမာများ၏ နိုးကြားလာသော ' တို့ဗမာ ' အသိနှင့် ' သခင် ' စိတ်ဓာတ်ကို ထင်ဟပ်ဖော်ပြခဲ့လေသည် ။ ၁၃ဝဝ ပြည့်နှစ်

ကျွန်တော်တို့ အရေးတော်ပုံ၏ ပစ္စည်းမဲ့ လူထုအသိ ၊ ဓနရှင်နယ်ချဲ့ ဆန့်ကျင်ရေးအမြင် နှင့်

ခုခံတွန်းလှန်ရေး စိတ်ဓာတ်ကိုကား ဒဂုံဆရာတင် သို့မဟုတ် ဒဂုံသခင်တင် သည် ' နင်လားဟဲ့

ဓနရှင် ' သီချင်းဖြင့် ထင်ဟပ်ဖော်ပြလိုက်ပေသည် ။


အမျိုး ၊ တို့ဗမာကွဲ့ ၊ ကိုးရာမဲ့တွေအသွယ်သွယ် ၊ ငွေဂုဏ်ရှင်ဓနခြေဖဝါး ၊

တို့များကိုကွယ်..... ၊ နင်းထားကြတော့တယ် ၊ ( ပြည်ပိုင်မင်းဥပဒေတွေနဲ့ညှဉ်း ၊

ဓနရှင်ကိုတော့ပင်း ၊ အရင်းခံအကြောင်းရယ် ၊ အတွင်းဉာဏ်မကောင်းတယ် )၂ ။

ကုန်ရောင်းလာကြ ၊ လောဘဇောတွေခြယ်လှယ် ၊ အဆီတွေစားကာ အသားတွေ

မျိုလို့ကွယ် ၊ အကျန်တွေ အရိုးတွေဝေတယ် ၊ မသေရုံ ဟပ်ရလေပေါ့ တကယ် ။

( မညှာပေ ကြာလေဖိတယ် ) ။ ( ဒါကြောင့် သပိတ်တွေကို လက်ကိုင်ရှိကြတယ် )


( ငါးကြင်းဆီ ငါးကြင်းကြော်သည့်နှယ် ။ တို့မြေကြီးဝယ် ၊ တို့ကိုစီးကာ ရင်းနှီးသူတို့ရယ် ) ၊ နင်လားဟဲ့ ၊ နင်လားဟဲ့ ၊ ယောကျာ်းဘသား

ကုပ်သွေးစုပ်တာ တို့မခံတယ် ၊ ကမ္ဘာရန် နင့်ဉာဏ်သိပေါ့ကွယ်)


( မညှာပေ ကြာလေဖိလေတယ် ၊ ဒါကြောင့် သပိတ်တွေကို လက်ကိုင်

ရှိကြတယ် )


( ယောကျာ်းဘသား ၊ နင်လားဟဲ့ ဓနရှင်ရယ် ၊ အားစွမ်းမြင်စေမယ် ။

လူများစုနေရာမှာ စွာကျယ်ကျယ် ၊ နယ်ချဲ့သူတွေ ချိုးနှိမ်လေမှကွယ် )၂ ။

မြန်မာပြည်ဝယ် ၊ ကြံတာလီဆယ် ။ “ တို့ရဲ့ ”  မြန်မာပြည်ဝယ် ၊

ထင်တိုင်းခြယ်လှယ် ၊ ဖိနှိပ်လေတော့တယ် ၊ လိုအင်ဆန္ဒကြွယ် ။

( မညှာပေ ကြာလေဖိတယ် ၊ ဒါကြောင့် သပိတ်တွေကို လက်ကိုင်ရှိကြ တယ် ။ )


အင်္ဂလိပ်နယ်ချဲ့နှင့် လက်ပါးစေ ညွန့်ပေါင်းအစိုးရတို့က ဖိနှိပ်ကြသည် ။


ကျွန်တော်တို့ အလုပ်သမား တောင်သူလယ်သမား ကျောင်းသား နှင့် မြို့နေ လုပ်စားကိုင်စား

လူအများက ခုခံတိုက်ခိုက်ကြသည် ။ သပိတ်တွေ မှောက်ကြသည် ။ ဆန္ဒပြကြသည် ။


သူတို့က ဘွတ်ဖိနပ်ကြီးတွေ မချွတ်ဘဲ ရွှေတိဂုံကုန်းတော်ပေါ်တက်၍ တို့ဗမာအစည်းအရုံး

အလုပ်အမှုဆောင် လူကြီးများကို ဖမ်းသည် ။ တို့ဗမာအစည်းအရုံး ခေါင်းဆောင်များဖမ်းသော

အပြစ်သာမက ဘုရားပေါ် ဘွတ်ဖိနပ်စီးတက်ကာ ဘာသာကိုစော်ကားသော အပြစ်လည်း

ကျူးလွန် ပြန်လေသည် ။


တစ်ပြည်လုံးရှိ ဗမာအပေါင်းကလည်း မြိတ် ကနေ မြစ်ကြီးနား အထိ ။


“ တို့ဗမာခေါင်းဆောင်တွေကို ဖမ်းပြီး တို့ဗမာအစည်းအရုံးကို မတရားသင်းကြေညာဖို့ လုပ်ကြံနေပြီ ။ ဖော်ထုတ်ကန့်ကွက်ကြ ” ဟု လည်းကောင်း ၊


“ ဘာသာကို စော်ကားနေကြပြန်ပြီ ၊ ငုံ့ခံမနေကြနှင့် ” ဟု လည်းကောင်း တပ်လှန့်လှုံ့ဆော်ကာ

ကန့်ကွက် စည်းရုံးကြလေသည် ။


အတွင်းဝန်ကြီးများရုံး ကျောင်းသားများ ဝိုင်းစဉ် ပုလိပ်ရိုက်တုန်းက တစ်ချီ ၊ ယခု တချီ ၊ ပြည်လုံးကျွတ် ကန့်ကွက်ဆန္ဒပြပွဲများ ပေါ်လာခဲ့ပြန်လေသည် ။


ယခုတစ်ကြိမ် ညွန့်ပေါင်းအစိုးရနှင့် အင်္ဂလိပ်နယ်ချဲ့တို့က ပို၍ အကြမ်းဖက်ကာ နှိပ်ကွပ်လာသည် ။ မျက်ရည်ယိုဗုံး ၊ ပုလိပ်နံပါတ်တုတ် စသည်တို့ကိုသာမက သေနတ် နှင့် လှံစွပ် ကိုပါ

တွင်တွင်ကြီး သုံးလာလေသည် ။


သို့သော် လူထုကမူ အကြမ်းမဖက် ၊ အကြမ်းဖက်ရန် သူတို့လို လက်နက်ခဲယမ်း မရှိ ။ အနုနည်း

ရှိသမျှကိုသာ ရေလဲနှင့်သုံးပြီး ခုခံတွန်းလှန်ရလေသည် ။ လူထုအနုနည်းကား ထုထည် ပိုကြီးလာသည် ။ ပို၍ စွန့်စားလာသည် ။ ရုံးဝိုင်း ၊ ဂါတ်ဝိုင်း ၊ ထောင်ဝိုင်း ။


သန်လျင်တွင် က̶̶ု̶̶လ̶̶ာ̶̶း̶ ဗမာ အလုပ်သမား ၆ဝဝ ကျော်က ဆန္ဒပြချီတက်ရာ ပုလိပ်က ရိုက်ပြီး

လူစုခွဲသည် ။ ရန်ကုန် ၊ ပုဇွန်တောင် ဌာနကို အရပ်သူအရပ်သားတို့ ဝိုင်းရာ ပုလိပ်များက

မျက်ရည်ယိုဗုံး ဖေါက်ခွဲရုံမက တုတ်နှင့်လည်း ဝင်ရိုက်ကာ လူစုခွဲသည် ။


အာလံ တွင် သခင်ခေါင်းဆောင် နှင့် ကျောင်းသားများကို ဖမ်းသွားရာ လူထုက ဂါတ်ကိုဝိုင်းပြီး

လွှတ်ရန် တောင်းဆိုသည် ။ ပုလိပ်က မြင်းနှင့် ဝင်တိုက် ၊ နံပါတ်တုတ်နှင့် ရိုက်ခွဲ ၊ နောက်

သေနတ်နှင့်ပစ်ရာ လူ ၅ဝ ဒဏ်ရာ ရ၍ ၊ ကိုဘဖိုး ဆိုသူမှာ ကြီးမားသော သေနတ်ဒဏ်ရာဖြင့်

သေဆုံးသွားရလေသည် ။ ဝိုင်းကြသော လူထုထဲတွင် စတီးဆီစက် မှ မိန်းမ အလုပ်သမားများ ပါရာ

မြင်းခွာနှင့် အနင်းခံရသဖြင့် မေ့မြောနေကြလေသည် ။ လူစုခွဲပြီးနောက် အဖမ်းခံရသော စတီး

အလုပ်သမား ငါးယောက်အား နယ်ပိုင် ဦးဖေ သည် ပုဒ်မ ၁၄၃ အရ စစ်ဆေးပြီး ထောင် ၃ လ

ချလိုက်၏ ။ အမှုစစ်ပြီး သရက်ထောင်သို့ ပို့သည်အထိ ပေါင်းနှစ်နာရီသာ ကြာလေရာ ၂ နှစ်

ကြာအောင် စစ်လေ့ရှိသော အခြားအမှုများနှင့် ကွာလှပေ၏ ။ နယ်ချဲ့အင်္ဂလိပ်အား တိုက်ရိုက်

ထိသော အပြစ်ပေကိုး ။ တရားမင်းတို့ လက်သွက်ပေမှာပေါ့ ။


မြင်းခြံ တွင် သခင်မများက လူထု ၅ဝဝဝ ၏ ရှေ့မှနေ၍ ဂါတ်ကို ဝိုင်းလျက် ရေနံချောင်း တွင်

အခွန်ထမ်းသမား ၂ဝဝဝ ကျော် က နယ်ပိုင်ဝန်ထောက်အိမ်ကို ဝိုင်းလေသည် ။ မော်လမြိုင် တွင်

သခင်သန်း နှင့် သခင်ဗစော တို့အား ဖမ်းသွားရာ ချောင်းဆုံ ၊ မုဒုံ ၊ ရေးနှင့် မော်လမြိုင်မှ လူထု

တပ်ကြီးလေးတပ် ချီတက်ပြီး ထောင်ကို ဝိုင်းကြလေသည် ။


စစ်သား နှင့် စစ်ပုလိပ် တို့ကား စစ်ကာလ ရန်သူ နိုင်ငံတစ်နိုင်ငံ သို့ ရောက်နေဘိသကဲ့သို့ ပြုမူကြ၏ ။ စစ်သားများ လိုက်ပါသော မီးသတ်စက် ကို ခဲနှင့် ပေါက်ပါသည် ဆိုပြီး ပုဇွန်တောင်ဈေး

အနီးရှိ ပုဇွန်တောင် စတိုးဆိုင်တွင်းသို့ စစ်သားများဝင်ပြီး ဆိုင်ရှင်ကို လှံစွပ်နှင့် ထိုးလေသည် ။

သိမ်ကြီးဈေး တွင် ပုလိပ် က လူတစ်ယောက်အား ဖမ်းရာ လူထု ဝိုင်းတားကြသည် ။ စစ်တပ်က

လှံစွပ်ဖြင့် လိုက်ထိုးလေသည် ။ ညဆိုလျှင် ရန်ကုန်မြို့ပေါ်၌ စစ်တပ်များ လုံးဝမင်းမူနေကြ၏ ။

ရိပ်ခနဲမြင်လျှင် လှမ်းပစ်တတ်လေသည် ။


သူတို့ဘက်က ဤမျှ အကြမ်းဖက်နေစဉ် ကျွန်တော်တို့ ဘက်က လက်နက်ကိုင်စွဲမှု မပါသော လူထု

တိုက်ပွဲများဖြင့်သာ တုံ့ပြန်ရလေသည် ။ လက်နက်ကိုင်စွဲသော လူထုတိုက်ပွဲဆင်နွဲရန် အခြေ မရှိဟု

ယူဆထားကြပေသည် ။ ထို့ကြောင့် ကျောင်းသားခေါင်းဆောင်များ၏ ကြေညာချက်များတွင်သော်

လည်းကောင်း ၊ တို့ဗမာအစည်းအရုံး သခင်ခေါင်းဆောင်များ၏ မိန့်ခွန်းများ၌ လည်းကောင်း ၊

အကြမ်းမဖက်နှင့် ဟူသော စကားကို အမြဲလိုလို ထည့်သွင်း ဖော်ပြနေကြပေ၏ ။ သို့နှင့်လည်း

 အကြမ်းဖက်ခြင်းကို မှန်မှန်ကြီး ကျူးလွန်နေသော နယ်ချဲ့သမားနှင့် ညွန့်ပေါင်းအစိုးရသည်

အကြမ်းဖက်ရန် ကြံစည်ပါသည် ဟု လည်းကောင်း ၊ လှုံ့ဆော်ပါသည် ဟု လည်းကောင်း သူခိုးက

လူပါ ဟစ်နေလေသည် ။


အကြမ်းဖက်ပြီး အစိုးရအား ပြန်လှန့်ရန် အကြမ်းကိုင် ခြောက်လှန့်ရေးသမားတစ်စု ရှိနေပြီ

ဟုကား သိနိုင်ပေ၏ ။ ရန်ကုန်မြို့လယ်ကောင်တွင် ဒေါက်တာဘမော် ၏ မော်တော်ကားကို ပေထုပ်

နှင့် ထုခဲ့သည် ။ နယူးအိက်ဆယ်လ်စီယား ရုပ်ရှင်ရုံရှေ့နှင့် ပုလိပ်ရုံးကြီးတွင် ဗုံးဖောက်ခွဲခဲ့လေသည် ။ ထိုသူတို့ကား မည်သူများဖြစ်ကြသည်ဟု ကျွန်တော်တို့ မသိခဲ့ ။ သိလျှင်လည်း သူတို့

လုပ်ငန်း မှားကြောင်း ၊ သူတို့လုပ်ငန်းကြောင့် နယ်ချဲ့နှင့် ညွန့်ပေါင်းအား ဘာမျှအရာမထင်စေဘဲ

သူခိုးလက် ဓားရိုးကမ်းသလိုသာ ဖြစ်နေကြောင်း ပြောဆို၍ အကြမ်းကိုင် ခြောက်လှန့်ရေးဝါဒကို

တိုက်ဖျက်ကြမည် ဖြစ်လေသည် ။


လက်နက် မကိုင် ၊ အကြမ်းမဖက်သော လူထုတိုက်ပွဲများကား ဆက်လက်ပေါ်ပေါက်နေပေ၏ ။


အရေးတော်ပုံတိုက်ပွဲများတွင် မပါဝင်သေး ၊ ကြွင်းကျန်နေသေးသော လူထု အစိတ်အပိုင်းများသည်

ပွဲဝင်လာလေသည် ။


ရန်ကုန် တွင် ဝမ်းဆွဲဆရာမများက အစည်းအဝေးကျင်းပပြီး ဖိနှိပ်ချုပ်ချယ်မှုများကို ကန့်ကွက်ကြလေသည် ။


ရန်ကုန်မြို့လုံးကျွတ် အမျိုးသမီးများ အစည်းအဝေးတစ်ရပ်ကို ဒေါ်သက်စု က ဥက္ကဌ ၊ မခင်မြ

( ခင်မျိုးချစ် ) က အတွင်းရေးမှူးအဖြစ်ဖြင့် ခေါ်ဆို ကျင်းပပြီး ဖိနှိပ်ချုပ်ချယ်မှု ကန့်ကွက်ခြင်း ၊ ဗမာ့လွတ်လပ်ရေးကို တောင်းဆိုခြင်း ဆုံးဖြတ်ချက် များ ချမှတ်လေသည် ။


အစိုးရက စစ်တပ်နှင့် ပုလိပ်များသုံးစွဲရန် ဘတ်စ်ကားများ ငှားသောအခါ ဗမာပိုင် ဘတ်စ်ကားများက မလိုက်ဘဲ နေကြရာ အစိုးရက ဘတ်စ်ကားများကို အစိုးရက အလိုရှိလျှင် မငှားဘဲ မနေရ

 ဟူသော အရေးပေါ် ဥပဒေတစ်ရပ် ထုတ်လေသည် ။ ထိုအခါ ဘတ်စ်ကားပိုင်ရှင်များ ပါဝင်လာကာ

ဘတ်စ်ကားသပိတ် မှောက်ကြလေ၏ ။ ဘတ်စ်ကားသပိတ်တားရင်း ပြေးနေသောဘတ်စ်ကားရှေ့

မိမိကိုယ်ကိုယ် ပစ်လှဲသူများပင် ပေါ်လာခဲ့ပေ၏ ။


မုံရွာခရိုင် ကူတော်ရွာ ၌ ရွာပေါင်း ၃၆ ရွာမှ တောင်သူလယ်သမား ၁၅ဝဝ ကျော်တို့ စည်းဝေးပြီး

အခွန်တော် လျှော့ပေါ့ရေး ၊ ရွှေ့ဆိုင်းရေး နှင့် လျှော်ပစ်ရေး များကို တောင်းဆိုကြသည် ။ မုံရွာ သို့

အင်အားပြ ချီတက်ရန်လည်း ဆုံးဖြတ်ကြ၏ ။


မြင်းခြံခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ် ၊ စတိမ်းရွာ မှာ လူ ၂ဝဝ ကျော် စည်းဝေးပြီး အခွန်တော်

လျှော့ပေါ့ရေး ၊ ရွှေ့ဆိုင်းရေးနှင့် လျှော်ပစ်ရေးများကို တောင်းဆိုကြသည် ။ ၎င်းပြင် “ ကြွေးမြီနှင့်

ဓနရှင်တို့၏ ဘေးမှလွတ်ရန် အမတော်ကြေးငွေ တစ်ဦးလျှင် ၁ဝဝ ကျပ် ထက် မနည်း ၃ နှစ်ဆိုင်းဖြင့် ချေးရန် ” တောင်းဆိုကြသည် ။ ထိုအစည်းအဝေး၌ မကြာမီက ထောင်မှလွတ်လာသော

ရာဇဝတ်မှုအကျဉ်းသမား ကိုထွန်းဦး ဆိုသူက “ ယခု ကိုအောင်ကျော် သေခြင်း ၊ ကျောင်းသားများ

အဖမ်းခံခြင်း ၊ သခင်များ နစ်နာခံခြင်းများသည် ဆင်းရဲသားအကျိုးအတွက်သာ ဖြစ်ကြောင်း ” ဟောပြောလေသည် ။


ကြည့်ပါဦး ။ ရာဇဝတ်မှုကျူးလွန်သည်ဆိုပြီး သူ့အား ထောင်ချထားခဲ့သည် ။ ထောင်ထဲမှာ

နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ကြားခဲ့ရသည် ။ နိုင်ငံရေးတရား နာခဲ့ရသည် ။ ထောင်က

လွတ်၍ ရွာပြန်သောအခါ တောင်သူလယ်သမားတို့၏ တိုက်ပွဲများကို စည်းရုံးလေပြီ ။

အရေးတော်ပုံ လှုပ်ရှားမှုကား ဆီလိုအပေါက်ရှာ၍ တောကြိုတောင်ကြား ကျေးရွာများသို့ပင်

ရောက်ခဲ့လေပြီ ။


ဤသို့သော အခြေအနေတွင် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားလွှတ်တော်ကို

ခေါ်ခဲ့လေသည် ။


မြို့မကျောင်း ကား လွှတ်တော် ကျင်းပရာဌာန ဖြစ်ပေ၏ ။


ရန်ကုန်တက္ကသိုလ် နှင့် ရန်ကုန်မြို့ အင်္ဂလိပ်မြန်မာ နှင့် မြန်မာစာသင် ကျောင်းပေါင်းစုံမှ ကိုယ်စားလှယ်များအပြင် မြို့နယ်ပေါင်း ၁၂၄ နယ် မှ ကျောင်းသားကိုယ်စားလှယ်များ တက်ရောက်ကြလေသည် ။


တက်ရောက်ကြသော ကျောင်းသားကိုယ်စားလှယ် အားလုံးသည် သပိတ်တိုက်ပွဲများ ၊ ဆန္ဒပြချီတက်ပွဲများ ၊ ဂါတ် ၊ ထောင်ဝိုင်း၍ အကျပ်ကိုင် အရေးဆိုပွဲများမှ တက်လာခဲ့ကြသူတို့ ဖြစ်ရာ

 အရေးတော်ပုံသွေးဖြင့် တက်ကြွနေကြသည် ။ တိုက်ပွဲအရပ်ရပ် ၊ အတွေ့အကြုံ အမျိုးမျိုး  မှ

သင်ခန်းစာယူရန် စိတ်အားထက်သန်နေကြသည် ။ ဘယ်တောင်းဆိုချက်များတွင် စူးစိုက်၍ တိုက်ပွဲ

ဆင်ရမည်ကို ဆန်းစစ်ရွေးချယ်ကြမည် ။ ရှေ့လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ချမှတ်လိုက်ကြသည် ။


အစည်းအဝေးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း က ဖွင့်၏ ။ ဆရာကြီး၏ မိန့်မြွက်စကားမှာ

ရိုက်နှက်ဖိနှိပ်ခြင်း အမျိုးမျိုးကို ခံနေရသော ကျောင်းသားများအတွက် သူကိုယ်တိုင်ခံစားရသလို

နာကြည်းသော အဓိပ္ပာယ် “ နယ်ချဲ့အင်္ဂလိပ် နှင့် ရှူးတိုက်တိုင်း ကိုက်တဲ့ ခွေးမသား ညွန့်ပေါင်း

အစိုးရ ကောင် ” တွေ အပေါ် ဒေါသူပုန်ဖြစ်သော အဓိပ္ပာယ် ၊ ကျောင်းသားများအား အနိုင်မခံ

အရှုံးမပေးဘဲ ဆက်လက်တိုက်ခိုက်စေရန် အားပေးသည့်အဓိပ္ပာယ်ကို ဆောင်လေသည် ။ သို့သော်

ကျွန်တော်သည် ဆရာကြီး ထိုမိန့်ခွန်းကို ပြောနေစဉ်တစ်လျှောက်လုံး ဆရာကြီး၏ မျက်နှာသည်

တည်ငြိမ်နေသည် ။ ဆရာကြီး၏ အသံသည် အေးချိုနေသည်ကို အထူးသတိပြုလိုက်မိပေ၏ ။


ကိုလှရွှေ သည် အာမခံဖြင့် ထောင်မှ လွတ်လာသော်လည်း အစည်းအဝေးတွင် ဥက္ကဌ အဖြစ်ဖြင့်

မဆောင်ရွက် ။ မူလအစီအစဉ်အတိုင်း ကိုသိန်းအောင် က ဥက္ကဌ အဖြစ်ဖြင့် လည်းကောင်း ၊

ကိုအေးကျော် က အတွင်းရေးမှူးအဖြစ်ဖြင့် လည်းကောင်း ဆောင်ရွက်လေသည် ။


အစည်းအဝေး စလျှင်စချင်း ကိုအေးကျော် က ရန်ကုန်ထောင်တွင်း မှ ထိပ်တင်ကိုယ်တော်ကြီး ၊

ဒီးဒုတ်ဦးဘချို ၊ ကိုနု ( သခင်နု ) ၊ ကိုသိန်းဖေ ( တက်ဘုန်းကြီး သခင်သိန်းဖေ ) စသူတို့ ရေးသား

ပေးပို့သောစာကို ဖတ်ပြလေသည် ။


တန်းလျား နံပါတ် ( ၇ )

ရန်ကုန်ထောင်ကြီး

၃ဝ. ၁. ၃၉


ရဲဘော်တို့ ကျောင်းသား ၊ အလုပ်သမား နှင့်တောင်သူလယ်သမား တို့ 


သွေးစည်းကြလော့

ဟူသော ကြွေးကြော်သံဖြင့် ငါတို့သည် အရေးတော်ပုံကြီး အတွင်းသို့ ဝင်ခဲ့

ကြ၏ ။ ထိုကြွေးကြော်သံကို လိုက်နာပြီး လုပ်ဆောင်မှုကြောင့် သင်ရဲဘော်တို့သည် အရိုက်ခံရပြီ ။ ထောင်တန်း အချခံရပြီ ။ ညှဉ်းပန်းခြင်းအမျိုးမျိုး ခံရပြီ ။

သို့သော် ရဲဘော်တို့သည် ထိုကြွေးကြော်သံကို ဟစ်ကြွေး၍ နောက် မတွန့်ဘဲ

ချီတက်လျှင် ငါတို့၏ အရေးတော်ပုံ အောင်မြင်သည်ကို တွေ့လိုက်ရမည်

ဖြစ်သတည်း ။

            ထောင်တွင်းရဲဘော်များ


ဆုံးဖြတ်ချက် အမှတ် - ၁ မှာ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ဆိုင်သည် ။ ဖမ်းထားသော နိုင်ငံရေး အကျဉ်းသမားများကို လွှတ်ပစ်ရန် ၊ အရေးတော်ပုံလုပ်ငန်းများနှင့် ပတ်သက်၍ တရားစွဲထားသည်များကို

ရုပ်သိမ်းရန်နှင့် ပြည်သူ့လွတ်လပ်မှုများကို ချုပ်ချယ်သောဥပဒေများကို ရုပ်သိမ်းရန်တို့ ဖြစ်လေသည် ။


ဆုံးဖြတ်ချက် အမှတ် - ၂ မှာ ကျောင်းသားတို့အား ကျောင်းပြန်တက်သောအခါ အရေးတော်ပုံတွင်

ပါဝင်ခဲ့ခြင်းအတွက် အပြစ်ယူခြင်း မပြုရန်နှင့် စာမေးပွဲများကို ကျောင်းပြန်တက်ပြီး ၃ လ ကြာမှ

ကျင်းပရန် ဖြစ်လေသည် ။


ဤဆုံးဖြတ်ချက်ကို ကြည့်လျှင် ကျောင်းသားများသည် ထာဝစဉ် သပိတ်မှောက်ထားရန် မရွယ် ။

သင့်လျော်သောအချိန်တွင် ကျောင်းပြန်တက်ပြီး စာပေလေ့လာကြမည် ဆိုသည်ကို ပြပေသည် ။


နောက် အဆိုတစ်ရပ်မှာ အတွင်းဝန်ကြီးများရုံး ပတ်ဝန်းကျင်တွင် ကျောင်းသားများအား ပုလိပ်က

ရိုက်နှက်လူစုခွဲခြင်းနှင့် ပတ်သက်ပြီး စုံစမ်းရန် ကျောင်းသားသမဂ္ဂက သဘောတူသော ပုဂ္ဂိုလ်များပါသည့် ခုံသမာဓိအဖွဲ့ ခန့်ပေးရန် တောင်းဆိုလေသည် ။


နောက်ဆုံး ဆုံးဖြတ်ချက် မှာ ၉၁ - ဌာနအုပ်ချုပ်ရေး ( ဝါ ) ၁၉၃၅ ခုနှစ် ၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေး

ဥပဒေအရ တည်ထောင် စခန်းသွားနေသော အင်္ဂလိပ်ညွန့်ပေါင်းအုပ်ချုပ်ရေးကို တိုက်ဖျက်ရန်

အစီအစဉ်များ ချမှတ်လေသည် ။

( ၁ )  ညွန့်ပေါင်းအစိုးရ ( ဝါ ) ဒေါက်တာဘမော် ခေါင်းဆောင်သော ဝန်ကြီးအဖွဲ့ နုတ်ထွက်ရမည် ။

၎င်းနေရာတွင် ဘယ်အမတ်ကမျှ တက်ပြီး အစိုးရအဖွဲ့မဖွဲ့ရ ။

( ၂ ) အမျိုးသားစီးပွားရေးထွန်းကားပြီး ဗြိတိသျှစီးပွားရေး ပြိုပျက်စေခြင်းငှာ အမျိုးသားဆိုင်များကို

အားပေးရန် တိုင်းရင်းဖြစ် ကုန်ပစ္စည်းများကိုသာ သုံးစွဲကြရမည် ။

( ၃ ) မသုံးမဖြစ်သည့် ကုန်များမှလွဲ၍ အင်္ဂလန်ဖြစ် ကုန်ပစ္စည်းများကို သပိတ်မှောက်ရမည် ။


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့က သပိတ်မှောက်ရန်ဖြစ်သော

ဗြိတိသျှကုန်ပစ္စည်းများ စာရင်းကို ပြုလုပ်ရန် ဖြစ်ပေသည် ။


ဤသည်ကား ၉၁ ဌာန အုပ်ချုပ်ရေးကို တိုက်ဖျက်ရန် နိုင်ငံရေးနှင့် စီးပွားရေး လက်နက် များ

ဖြစ်ပေ၏ ။


ကျောင်းသားလွှတ်တော်သို့ တက်ရောက်လာကြသော အခြားကျောင်းသား ကိုယ်စားလှယ်များ

အဖို့တော့ ကျွန်တော် မပြောနိုင် ။ ကျွန်တော့် အဖို့တော့ ၉၁ ဌာန အုပ်ချုပ်ရေးဆိုသော ဗမာပြည်တွင်

အင်္ဂလိပ်တို့ မင်းမူကြီးစိုးနေသော အုပ်ချုပ်ရေး အဆောက်အအုံကို တိုက်ဖျက်ရန် ချမှတ်လိုက်သော နိုင်ငံရေးရေးနှင့် စီးပွားရေးအစီအစဉ်များတွင် ယုံကြည်မှုမပြင်းထန်လှပါ ။ ဒေါက်တာဘမော်

တို့က ရာထူးမှထွက်ပေးမည်ဟု မမျှော်လင့်နိုင် ။ သူတို့က ထွက်ပေးဦးတော့ ၊ အခြားအမတ်များက

သူ့နေရာ တက်ပြီး ရာထူး မယူပါဘူးဟု အာမမခံနိုင် ။ ဗြိတိသျှကုန်များကို သပိတ်မှောက်ရာမှာလည်း သိပ်ထိရောက်မည် မထင်ပေ ။ ဗြိတိသျှလုပ် အထည်အလိပ် ၊ စီးကရက် ၊ ဆပ်ပြာ စသည်လောက်ကို သပိတ်မှောက်ရုံဖြင့် ဗမာပြည် ကို ဗြိတိသျှ စီးပွားရေး လက်ဝါးကြီးအုပ်မှု မပျောက်ပျက်နိုင် ။ ပျက်နိုင်ပါ့မလား ၊ ဗြိတိသျှ၏ စီးပွားရေး လက်ဝါးကြီးအုပ်မှုမှာ ဤကုန်ပစ္စည်းများမှာ

မဟုတ် ။ ဆန်စပါး ၊ ကျွန်းသစ် ၊ ရေနံ ၊ သတ္ထု ၊ မီးသင်္ဘော ၊ မီးရထား ၊ ဘဏ်တိုက် စသည်တို့မှာ

ဖြစ်သည် ။


ဤသို့သော အုပ်ချုပ်ရေး တိုက်ဖျက်ရန် နိုင်ငံရေးနှင့် စီးပွားရေးလက်နက်များနှင့် ပတ်သက်၍

ကျောင်းသားလွှတ်တော် အစည်းအဝေးတွင်ကား အငြင်းမပွားကြ ။ အခြား အစည်းအဝေးများမှာလည်း အငြင်းမပွားကြ ။ အငြင်းပွား၍လည်း မဖြစ်နိုင် ။ လက်နက်ကိုင် ဆင်နွှဲနိုင်သော လူထု

တိုက်ပွဲအဆင့်သို့ မသွားနိုင် သမျှတော့ ဤလိုလုပ်ငန်းတွေသာ လုပ်စရာ ရှိတော့သည် မဟုတ်ပါလော ။


အစည်းအဝေးပြင်ပမှာကား အတော်အငြင်းပွားလေသည် ။ ကျွန်တော်တို့ အချင်းချင်းသာမက

သခင်နု နှင့်တကွသော တို့ဗမာအစည်းအရုံးခေါင်းဆောင် သခင်အချို့က တစ်ဖက် ၊ ကိုသိန်းဖေ ၊

သခင်လှဖေ စသူတို့ကတစ်ဖက် အပြင်းအထန် ငြင်းခုံကြလေသည် ။ သခင်နု နှင့် သခင်ခေါင်းဆောင် အချို့ကား အိန္ဒိယကွန်ဂရက် နှင့် ဂန္ဒီဝါဒကို နမူနာထားကြကြောင်း ၊ ကလကတ္တားပြန်များ

ဖြစ်သော ကိုသိန်းဖေ နှင့် သခင်လှဖေ တို့က အိန္ဒိယပြည် ကွန်မြူနစ်ပါတီ၏ ဝါဒလမ်းစဉ်များကို

နမူနာ ရှေ့ဆောင်လမ်းပြထားကြောင်း ထိုငြင်းခုံပွဲများမှ ကျွန်တော်တို့ ကြားသိရိပ်မိရလေသည် ။

တစ်ခါက တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတိုက် မှာ အခန်းပိတ်အစည်းအဝေး တစ်ခုရှိရာ

ကျောင်းသားများအပြင် သခင်နု ၊ သခင်လှဖေ နှင့် ကိုသိန်းဖေ တို့ တက်ရောက်ကြလေသည် ။

၉၁ ဌာန အုပ်ချုပ်ရေး ပျက်အောင် ဘယ်နည်းနဲ့ တိုက်မလဲဆိုသော ပြဿနာပေါ်လာရင်း အငြင်းပွားကြရာ သခင်နု က ဗြိတိသျှကုန်ပစ္စည်း သပိတ်မှောက်ရေး ၊ အမတ်များ ရာထူးမယူရေး များကို

ထောက်ခံပြောဆို၍ ကိုသိန်းဖေ က ထိုလက်နက်များသည် မထိရောက်ကြောင်း ပြောဆိုလေရာ

သခင်နု က “ ဒါဖြင့် မင်းတို့က ဘာလုပ်မလဲ ” ဟု ငေါက်ဆတ်ဆတ်ဖြင့် ကိုသိန်းဖေ အား မေးလိုက်လေသည် ။ ကိုသိန်းဖေက “ ကျွန်တော်တို့ ဗမာပြည်မှာ ခုဘာလုပ်ကြမလဲ ဆိုတာကတော့ အခု

ဆွေးနွေးနေကြတာပဲ ၊ အိန္ဒိယကွန်မြူနစ်ပါတီကတော့ ” ဟု အစချီပြီး ၉၁ ဌာနအုပ်ချုပ်ရေး နှင့်

 အိန္ဒိယ အား ပြိုင်တူပေးလိုက်သော အိန္ဒိယအုပ်ချုပ်ရေး ( ၁၉၃၅ ) ဥပဒေ ကို တိုက်ဖျက်ရန် ချမှတ်ထားသော အိန္ဒိယကွန်မြူနစ်ပါတီ ၏ ဝါဒလုပ်ငန်းစဉ်များကို ရှင်းလင်းပြောနေလေသည် ။


သူ့ရှင်းလင်းချက် များတွင် ပြည်နယ်များတွင် အမတ်အများစုရထားသော အိန္ဒိယ အမျိုးသား

ကွန်ဂရက်သည် ပြည်နယ်အစိုးများဖွဲ့ပြီး လယ်သမား ၊ အလုပ်သမား တို့အား လောလောဆယ်

သက်သာချောင်ချိရေး ၊ အခွန်အတုတ်များ လျှော့ပေါ့ရေး သီးစားခ လျှော့ပေါ့ရေးများ လုပ်ပေးရမည် ။ အလုပ်သမား ၊ လယ်သမားတို့၏ မြေပိုင်ဆန့်ကျင်ရေး ၊ အင်္ဂလိပ်ဓနရှင် ဆန့်ကျင်ရေး

တိုက်ပွဲများနှင့် အလုပ်သမား ၊ လယ်သမား စည်းရုံးရေးများ လွယ်ကူစေရန် ပြည်သူ့ အခွင့်အရေးများ ပေးရမည် စသည်များပါလေရာ သခင်နု သည် အတန်ကြာငေးပြီး နားထောင်နေရာက

ကိုသိန်းဖေ အား မျက်ခွက်စေ့စေ့ကြည့်ပြီး -


“ ဟေ့ ဟေ့ ကွန်ဂရက် က ပြည်နယ်အစိုးရအဖွဲ့ တွေ ဖွဲ့ရမယ်ဟုတ်လား ” 


“ ဟုတ်တယ် ဖွဲ့ရမယ် ” 


“ ဒါဖြင့် ရာထူး လက်ခံခိုင်းတာပေါ့လေ ၊ ဖြစ်ရလေကွာ လောကမှာ ကွန်မြူနစ်တွေက အုပ်ချုပ်ရေး

သပိတ်မှောက်ရာမှာ ရှေ့ဆုံးက ပါရမယ့်အစား ပြည်နယ်အစိုးရတွေ အဖွဲ့ခိုင်းနေတယ် ၊ ရာထူးလက်ခံဘို့ တိုက်တွန်းနေတယ် ” 


ကိုသိန်းဖေ က အိန္ဒိယကွန်မြူနစ်တွေ က ရာထူးလက်ခံခိုင်းသည်မှာ ညွန့်ပေါင်းအစိုးရ ရာထူးလက်ခံနည်းမျိုး မဟုတ်ကြောင်း ၊ လူထုတိုက်ပွဲတွေ ကြီးထွားစေအောင် လုပ်ရန်သာဖြစ်ကြောင်း

ရှင်းနေသေး၏ ။ သခင်နု က ကြာကြာ နားမထောင်ဘဲ -


“ တော်ကွာ တော် ၊ ဒီပုဆိုးဝတ် ဒီချေးပါမှာပဲ ၊ ငါအထင်ကြီးတဲ့ မင်း ကွန်မြူနစ်တွေက ရာထူးလက်ခံခွင့်ပြုတာ ငါအံ့ဩတယ် ” 


သခင်နု သည် အတော်ပင် ဒေါဖောင်းနေဟန် ရှိသည် ။ ကုလားထိုင်ကို စားပွဲကျောပေးပြီး ပြန်ခင်းလျက် အစည်းအဝေးအား ကျောပေးထိုင်ကာ -


“ ဟေ့ တို့ကတော့ ရာထူး သပိတ်မှောက်ရေးပဲကွ ၊ ဗြိတိသျှကုန် သပိတ်မှောက်ရေး ၊ တိုင်းရင်းဖြစ်

ကုန် အားပေးရေးပဲကွ ၊ နောက်ထပ် ရှုပ်မနေနဲ့ တော်ပြီ ” 


သခင်နု သည် နောက်ထပ် စကား မပြောတော့ချေ ။ သူများပြောတာ နားထောင် မထောင်တော့ မသိ ။

ကိုသိန်းဖေ ကမူ အေးအေးပင် ၊ သူပြောလိုရာ ဆက်ပြောနေလေသည် ။ ထိုနေ့ညက ဆွေးနွေးပွဲ

သာဖြစ်၏ ။ တစ်စုံတစ်ရာ ယတိပြတ် မဆုံးဖြတ်ပေ ။ ကိုသိန်းဖေ ပြောပြီးသောအခါ အခြားလူများ

ပြောကြသည် ။ သခင်နု ကား အစည်းအဝေးပြီးသည့်အထိ ဘာမျှ မပြောဘဲ ကျောပေး၍သာ ထိုင်သည် ။ အစည်းအဝေး ပြီးသောအခါ၌မူကား ငုံ့စာရေးနေသော ကိုသိန်းဖေ ၏ ပခုံးကိုပုတ်လျက် -


“ လာဟေ့ ပြန်ကြစို့ ငါအိပ်ချင်ပြီ ” ဟု ခေါ်လေသည် ။ ကိုသိန်းဖေ ကလည်း ကပျာကယာ ထ၍

သူ့နောက်က လိုက်သွားသည် ။ သခင်လှဖေ က သူတို့နှစ်ယောက်အား အပေါက်ဝမှ ကြိုပြီး

လိုက်သွားသည် ။ သူတို့သုံးဦးသည် အတူတူ နေကြသူတွေ ဖြစ်လေသည် ။ ဤအဖြစ်အပျက်ကား

သူတို့ ထောင်မကျမီကလေးမှ ဖြစ်၏ ။


◾သိန်းဖေမြင့် 


◾အရှေ့ကနေဝန်းထွက်သည့်ပမာ


koaungnaingoo.blogspot.com


.


ကျွန်ုပ် နှင့် ရည်းစားစာ


 ❝  ကျွန်ုပ် နှင့် ရည်းစားစာ ❞


ကျွန်တော်တို့ လူဆိုးတန်းဟာ အရင်တုန်းကလို မဟုတ်တော့ဘဲ စာဆိုသံ ၊ စာဖြေသံတွေနဲ့ ညံနေတယ် ။


ဆရာ အဝင်အထွက်တွေမှာ အရင်တုန်းကလို ဝရုန်းသုန်းကား လုပ်တာတွေ ဘာတွေလည်း သိပ် မရှိတော့ဘူး ။ အဲဒီ အပြောင်းအလဲ ဖြစ်သွားတာ ကျောင်းသူတစ်ယောက် နဲ့ ဆရာတစ်ယောက် ကြောင့်ပါ ။


ကောင်မလေး အကြောင်းကို အရင် ပြောမယ်ဗျာ ။ ၆ လပတ် စာမေးပွဲကို တစ်တန်းလုံး ကျ ပြလိုက်တဲ့ ကျွန်တော်တို့ အတန်းကို ဆရာတွေ တော်တော် လက်လန်သွားတာ အမှန်ပဲ ။ ကျွန်တော်တို့ အတန်းမှာ အဆင့် ( ၁ ) ရတဲ့ သက်ချိုဦး ဆိုတဲ့ကောင် က ၁ ဘာသာ ကျတယ် ဆိုတော့ သဘောပေါက်ရောပေါ့ ။ ကျွန်တော်တို့ ပြိုင်နေတာက အကျ ပြိုင်နေကြတာပါ ။ ဘာသာနည်းနည်းပဲ ကျတဲ့ကောင်က လူလိမ္မာ ၊ သိပ် မမိုက်တဲ့ ကောင်ပေါ့ ။ ကျွန်တော်တို့ အမြင်မှာ ဒီကောင်ဟာ ဖော်လံဖား အလကားကောင် ။ ကျွန်တော်တို့ ဘက်တော်သား မဟုတ်ဘူးပေါ့ ။


ဘာသာစုံ ကျပြီး သုညတွေ ဘာတွေ ၂ ဘာသာ လောက် ပါတဲ့ ကောင်မှ တကယ့် ဆရာကြီး ၊ ကျွန်တော်တို့ လူ ... Hero ။ ကျွန်တော်က မြန်မာစာ က လွဲပြီး ကျန်တဲ့ဘာသာတွေ အကုန်ကျတယ် ။ သုညတွေ ဘာတွေ မရပေမယ့် ကျွန်တော့် အဆင့်ကလည်း မဆိုးဘူးပေါ့ ။ ဆရာကြီး မဖြစ်တာတောင် သာဝက ထဲ မှာတော့ ပါတယ် ။ အဆင့်  ( ၁ ) ရတဲ့ သက်ချိုဦး ဆို မျက်နှာငယ်ရသလား မမေးနဲ့ ။ ကျွန်တော်တို့ ထေ့သမျှ ရိသမျှ ဒီကောင် ခံရတယ် ။


အဲဒီအချိန်မှာတော့ ကျွန်တော်တို့အတန်းဟာ အကောင်း နဲ့ အဆိုး ချိန်ခွင်လျှာက ပြောင်းပြန်ပဲ ။ လူငယ်ဆိုတဲ့ သတ္တိကို တလွဲ အသုံးချနေကြတဲ့ အချိန်ပေါ့ ။ အဲဒီအချိန်မှာ ကျွန်တော်တို့ အတန်းထဲကို ကောင်မလေး တစ်ယောက် ပြောင်းလာတယ် ။


နာမည်က ' မြမြတ်မိုလ်မျိုး ' တဲ့ ။


တော်တော် လှတယ်ဗျာ ... ။ လှတာမှ ကျွန်တော်တို့ တစ်ကျောင်းလုံးမှာရော ၊ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ ပတ်ဝန်းကျင် အသီးသီးမှာရော သူ့လောက် လှတာ ၊ သူ့လို လှတာ တစ်ယောက် မှ မတွေ့ဖူးတဲ့ အလှမျိုး ။ ကိုယ်လုံးကိုယ်ပေါက်က '  ရှယ် '  ခင်ဗျ ။ သူ ကော်ရစ်တာမှာ လျှောက်သွားရင် ကျောင်းသား တော်တော်များများ စကားပြောတာ ရပ်ပြီး ကြည့်ကြတယ် ။ ကျော်သွားရင် လှည့်ငေးရတယ် ။ သူ လမ်းလျှောကတဲ့ Style က မမြန် မနှေး ပြေပြေကလေးရယ် ။ မျက်လုံးဝိုင်းကြီး တွေထဲမှာ မျက်သားအဖြူက ဆွတ်ဆွတ်ဖြူနေတာပဲ ။မျက်ဆံနက်ကတော့ မည်းနက်နေတာ ။ ကျွန်တော်ကတော့ သူ့ မျက်ဝန်းကို ခိုးကြည့်ဖို့ မလွယ်တဲ့ မျက်ဝန်းမျိုးလို့ မှတ်ချက်ချတယ် ။ ဟုတ်တယ်လေ ဒီလောက် မျက်ဝန်းအိမ် ကြီးပြီး မျက်ဆံနက် ထင်းလွန်းနေတော့ ခိုးကြည့်တဲ့ ကျွန်တော်တို့ ကောင်တွေ ရင်တုန်တာပေါ့ ။ နှုတ်ခမ်းနီ ပြေပြေဆိုးထားတဲ့ နှုတ်ခမ်း က ဖူးနေတာပဲ ။ အသားအရေက သိပ်လှတဲ့ ကြက်ဥအကာရောင် ဝါဖျော့မှုန်ညက် ... အဝေးကြီး ကတည်းက လင်းလက်နေတဲ့ အသားအရေ ။ လက်သည်းကလေးတွေဆို ကော့လို့ ၊ သူက လက်သည်းကို အစိမ်းရောင်ဆိုးတယ် ။ မြင့်မြင့်ရီလေး ကို မေးတော့ ကျောင်းစိမ်း နဲ့ လိုက်အောင် ဆိုးတာပါတဲ့ ။


သူလို သိပ်လှတဲ့ ကောင်မလေးက ဘာဖြစ်လို့ ကျွန်တော်တို့ နှစ်ကျတန်း ကိုမှ ပြောင်းလာရသလဲ ဆိုတော့ သူကလည်း မနှစ်က ၁ဝ တန်း ကျတာကိုး ။ ပျားတုပ် ဆို တောက် တခေါက်ခေါက် နဲ့ ၊ ဒီလောက် လှတဲ့ ကောင်မလေး ၁ဝ တန်း ကျရသလားပေါ့လေ ။ ဘာဆိုင်လို့တုံး ။ တော်တော် ဟားရတဲ့ ကောင် ။ ကျွန်တော်တို့လည်း တစ်ခုတော့ သိသွားပါတယ် ။ ၁ဝ တန်း အောင် မအောင်ဆိုတာ ချောတာ လှတာနဲ့ မဆိုင်ဘူးလို့ ။ ဒါပေမယ့် ဖြစ်နိုင်ရင် ကျွန်တော်လည်း သူ့ ကို ၁ဝ တန်း အောင်စေချင်ပါတယ် ။


မြင့်မိုလ်မျိုး က အခုမှ ကျွန်တော်တို့ အတန်းကို ပြောင်းလာတာ ဆိုတော့ ကျွန်တော်တို့ အတန်းရဲ့ အထာကို သူ ဘယ်သိမလဲ ။ ဒီအတန်းဟာ နှစ်ကျတွေ ကို စုထားတဲ့ အတန်းဆိုတာလောက်ပဲ သိတာ ။ ဒီတော့ သူက ရောက်ကတည်းက စာကိုပဲ ဖိကြိုးစားတာ ၊ ဆရာ စာမေးရင် ဘယ်တော့မှ မဖြေတတ်တဲ့ ကျွန်တော်တို့ အတန်းမှာ သူကတော့ ထဖြေတာပဲ ။ အရင်တုန်းက စာထဖြေတဲ့ ကျောင်းသားဆို နှိပ်ကွပ်တတ်တဲ့ ကျွန်တော်တို့ အုပ်စုလည်း မြင့်မိုလ်မျိုး ကို ကျတော့ မနှိပ်ကွပ်ရဲဘူး ဖြစ် နေတယ် ။ သူက ကျောင်းသူ အသစ်မို့ ဆိုတာထက် သူက သိပ်လှတဲ့ မိန်းကလေး တစ်ယောက် မို့ပါ ။


တစ်နေ့မှာ ဓာတုဗေဒ ဆရာမ ဒေါ်ဌေးအောင် က  Equation တစ်ခုကို မေးတယ် ။ ထုံးစံအတိုင်း မြတ်မိုလ် ပဲ ထဖြေတာပေါ့ ။ ဖြေတာလည်း မှန်တယ်ခင်ဗျ ။ ဒါနဲ့ ဆရာမက ကျန်တဲ့ Equation ကို သူ့ကိုပဲအတန်းထဲက တစ်ယောက်ယောက်ကို မေးဖို့ခိုင်းတယ် ။ သူက ကျွန်တော်တို့ ယောက်ျားလေးတွေကို လှည့်ပြီးမေးတာ ။ မေးပုံကလည်း ကြည့်ဦး ။ ဒီဘက် အတန်းသားတွေထဲက ရတဲ့လူ ထဖြေပါတဲ့ ။ ထလိုက်ကြတာဗျာ ။အပြိုင်အဆိုင်ပဲ ။ ကျွန်တော့် နားက ပျားတုပ် ရော ၊ ပေါက်စီ ရော ၊ ဘယ်သန် ရောပဲ ။ ကျွန်တော်တော့ တွေဝေနေတာနဲ့မထဖြစ်လိုက်ဘူး ။


မုန့်စားဆင်းလို့ အဲဒီကိစ္စကို ပြောကြတော့ ထရပ်တဲ့ ကောင်တွေ အားလုံးက မိန်းကလေးတစ်ယောက် က မေးတာကို မခံချင်လို့ ငါတို့လည်း သိတယ်ဆိုတဲ့ စိတ်နဲ့ ဖြေတာလို့ တစ်လေသံတည်း ထွက်ကြတယ် ။ တော်တော် ဟားရတယ်ဗျာ ။ သူတို့ ဘာကြောင့် ထရပ်တယ်ဆိုတာ ကျွန်တော် သိနေတာပဲ ၊ အားလုံးလည်း သိကြပါတယ် ။ အလှအပကို ဘယ်သူ လွန်ဆန်နိုင်လို့လဲ ။ ကျွန်တော်တို့ နှလုံးသားတွေက အဖြူဦးစ ရင်ခုန်လွယ်စ ဆိုတော့ ပိုဆိုးတာပေါ့ ။


ဘယ်သံ နဲ့ မြင့်မြင့်ရီကလေး လည်း ပြဿနာတွေ ဘာတွေ တက်ကြတယ် ။ ထရပ်ရပါ့မလား ပေါ့လေ ။ အဲဒီ နေ့ကတည်းက ကျွန်တော်တို့ရဲ့ ' နက် 'ကို သိသွားတဲ့ ဆရာတွေ ၊ ဆရာမတွေက မြတ်မိုလ်မျိုး နဲ့ ကျွန်တော်တို့ကို ကိုင်တော့တာပဲ ။


ကျွန်တော်တို့ ထက် ပညာရော အသက်အရွယ်ရော ပြည့်စုံကြီးရင့်ပြီး ကျွန်တော်တို့ကို စင်ပေါ်က ထိုင်ကြည့်နေရတဲ့ ဆရာ ၊ ဆရာမတွေ က ကျွန်တော်တို့ ဘာဖြစ်နေတယ် ဆိုတာကို မသိဘဲ နေပါ့မလား ။ ဒါနဲ့ပဲ ကျွန်တာ်တို့ အတန်းဟာ သူ့ကို မခံချင်လို့ဆိုတဲ့ ခေါင်းစဉ်န့ စာတွေ ဘာတွေ ပြန်လုပ်လာတယ် ။ ဆရာတစ်ယောက် ဆိုတာကတော့ ဆရာ ဦးကိုကို ပေါ့ ။


ဆရာက တည်သလား မမေးနဲ့ ။ ကျွန်တော်တို့ ၈ တန်း တုန်းက သင်္ချာသင်တဲ့ ဆရာ ။ ဆရာက စာအသင်ပြလည်း ကောင်းသလား မမေးနဲ့ ။ စာသင်ရင် ဆရာ့အသံက တစ်ခန်းလုံး ဟိန်းနေတာ ။ ဆရာက ခြိမ်းခြောက်တတ် ၊ သတိပေးတတ်တဲ့ ဆရာမျိုး မဟုတ်ဘူး ။ လုပ်ပြီဟေ့ဆို အပြတ်ဘဲ ။ ဆရာ့ရဲ့ စူးရှတဲ့ မျက်လုံးကို ဘယ်ကျောင်းသားမှရင်ဆိုင်ပြီး မကြည့်ရဲဘူး ။ ဆရာက ကြိမ်လုံး မကိုင်ပါဘူး ။ သူ့လက်ဝါး ၊ မြေဖြူခဲ ၊  Duster နဲ့တင် ကျွန်တော်တို့ ကြောက်နေရတာ ၊ ၈ တန်း သင်တဲ့ ဆရာဆိုပြီး ကျွန်တော်တို့ ဆရာ့ကို ပြက်ရယ် မပြုရဲဘူး ။ အဲဒီ ၈ တန်း ကတည်းက ကြောက်ခဲ့ရတာ ဖိန့်ဖိန်တုန် မဟုတ်လား ၊ ကျောင်းတစ်ကျောင်းလုံးမှာ ကျောင်းသားတိုင်း ကျောင်းအုပ်ဆရာကြီး ထက် ဆရာ့ကို ပိုကြောက်ကြတာ အမှန်ပဲ ။


ဆရာ ကျွန်တော်တို့ အတန်းကို ဝင်ခါစက ကျွန်တော်တို့ ကြောင်သွားတာ ။ ဖြစ်ချင်တိုင်း ဖြစ်ပြီး ဆူညံနေတဲ့ ကျွန်တော်တို့ အတန်းထဲကို ဆရာက ခပ်တည်တည် ဝင်လာရင်း ခုံမှာ ဝင်ထိုင်တယ် ။ ဆရာလည်း ထိုင်ပြီးရော ကျွန်တော်တို့ တစ်တန်းလုံး ငြိမ်သွားတာပဲ ။


“ ကဲ...ဒီနေ့ကစပြီး မင်းတို့အတန်းကို ငါ ကိုင်တယ်ကွာ ... ဘယ်သူ ဘာပြောချင်တာ ရှိလဲ ” 


ဘယ်သူ က ဘာပြောရမှာလဲ ။ ကျွန်တော်တို့ အားလုံး ၈ တန်း တုံးက ဆရာ့တပည့် ဖြစ်ခဲ့ဖူးတဲ့သူ ချည်းပဲ ။ ဆရာ့ လက်သံ ဆရာ့လွှမ်းမိုးမှုကို ခံခဲ့ရတဲ့ လူချည်းပဲ ။


“ ကဲ .. မင်းတို့ ပြောစရာ မရှိရင် ငါ ပြောတာ နားထောင် ... ငါတော့ ပြောစရာရှိတယ် ... မင်းတို့ အဆင့်တွေ မင်းတို့ မှတ်မိကြလား ” 


ဆရာ့စကားကို ဘယ်သူမှ ဘာပြန်ဖြေရမှန်း မသိဘူး ။ တစ်တန်းလုံးဟာ ကြောင်ပြီး တိတ်နေတယ် ။ ဆရာက ပြုံးတယ် ။ ဆရာ ပြုံးတာကို ကျောင်းသားတိုင်း ကြောက်ကြပါတယ် ။


“ ဟေ့ကောင်တွေ ...၆ လပတ် တုန်းက မင်းတို့ ရခဲ့တဲ့ အဆင့်ကို ပြောတာ မှတ်မိလား ” 


“ မှတ်မိပါတယ် ” 


ကျွန်တော်တို့ အတန်းရဲ့ ပထမဦးဆုံး သံပြိုင်အော်တဲ အသံပါ ။


“ ဟုတ်ပြီ ... မှတ်မိရင် အဆင့် ( ၁ ) ထစမ်း ” 


ဆရာ့စကား ဆုံးတော့ သက်ချိုဦး ဘေးနား ပို့လိုက်တယ် ။ မမြင့်ဌေး လည်း ဆရာ့ကို ကြောက်တော့ လာရတာပေါ့ ။ ဆရာက နေရာပြောင်းပြီးသည် အထိ ကြည့်နေတယ် ။ ကျွန်တော်တို့လည်း ဘာလုပ်တယ် ဆိုတာကို လုံးဝ မသိဘူး ။ ယောက်ျားကလေး တစ်တန်း မိန်းကလေး တစ်တန်း သပ်သပ် ထိုင်ရတဲ့ ကျောင်းမှာ ဆရာက ဘာဖြစ်လို့ မိန်းကလေး ကို သက်ချိုဦး အနား ပို့ရတာလဲ ။


“ သက်ချိုဦး မင်းဟာ အဆင့် ( ၁ ) ရတဲ့အတွက် ဒီအတန်းထဲမှာအတော်ဆုံးလို့ အဓိပ္ပာယ်ရတယ် ... မမြင့်ဌေး က နောက်ဆုံးအဆင့်ရတဲ့အတွက် အညံ့ဆုံးလို့ အဓိပ္ပာယ်ရတယ် ... ဒီတော့ ဒီနေ့ကစပြီးမင်း ဟာ မမြင့်ဌေး ရဲ့ ဒုတိယ ဆရာပဲ ... မမြင့်ဌေး ကို စာသင်ပေး ပြပေး ၊နားမလည်တာ ရှင်းပေးပါ ... မမြင့်ဌေး  စာမေးပွဲကျရင်လည်း မင်းအရိုက်ခံရမယ် ... ကြားလား ” 


ကျွန်တော်တို့ တစ်တန်းလုံး တော်တော် အံ့အားသင့်သွားကြတာပေါ့ ။ ဒီလိုမျိုး တစ်ခါမှ မကြားခဲ့ဖူးဘူး မဟုတ်လား ။


“ ကဲ ... အဆင့် ( ၂ ) ထ ... အဆင့် ( ၅၉ ) ထ ” 


အဲဒီလိုနဲ့ ဆရာက အဆင့်ရှေ့နောက် တွဲစီပေးလိုက်တာ ယောက်ျားလေး နဲ့ မိန်းကလေးတွေ တစ်ခန်းလုံး ရှုပ်ပွသွားတာပဲ ။ ကျွန်တော်ဆို မိန်းကလေးတွေ ၃ ယောက် ရှိတဲ့ အတန်းကို ရောက်သွားတယ် ။ ကျွန်တော်ရတဲ့ ကောင်မလေးက နွယ်နီ တဲ့ ။ ကောင်မလေးက ဝဝ နှေးနှေး လေးလေးထဲက ။ အဲဒီနေ့ကတော့ ဟိုပြောင်းဒီရွှေ့ ၊ရယ်ကြမောကြနဲ့ တစ်တန်းလုံးကို ဆူညံနေတာပဲ ။ ပျော်စရာကြီးကိုဖြစ်လို့ ၊ နေရာတွေ နေသားတကျ ဖြစ်တော့ ဆရာက ဘယ်ဆရာ ဝင်ဝင် ဒီအတိုင်းပဲ ထိုင်ရမယ်လို့ ပြောတယ် ။


မြတ်မိုလ် ကတော့ ခင်သက်ကြူ ဆိုတဲ့ ကောင်မလေးနဲ့ တွဲရတယ် ။ သူက ၆ လပတ် မဖြေရလို့ အဆင့်သတ်မှတ်ချက် မရှိပေမယ့် ဆရာက တွဲပေးတာပါ ။ မြမိုလ် တို့ အတန်းမှာ ဘေးက ဇော်ဝင်း ၊ ပြီး မြင့်မောင် ။ အဲဒီနေ့က ဆရာက သီအိုရမ် ၂ဝ ကို သင်တယ် ။


“ ကဲ ... မနက်ဖြန်ကို ဒီသီအိုရမ် ကို ကြိုက်တဲ့လူ ဘောမှာ ထွက် တွက်ခိုင်းမယ် ... ငါ ထွက်ခိုင်းတဲ့ လူက တပည့်ဖြစ်နေပြီး တွက်လို့ မရရရင် သူ့တွဲဖက် ဆရာပါ အရိုက်ခံရမယ် ... တွဲဖက်ဆရာ ဆိုရင်တော့ သူ တစ်ယောက်ပဲ အရိုက်ခံရမယ် ” 


ဒုက္ခက အဒီတော့မှ စတာပါ ။ ကိုယ့်ကိုယ်ကိုက ကိစ္စမရှိဘူး ။ တွဲဖက်က မရရင် ကိုယ်က အချောင် အတီးခံရမှာ ။ ကိုယ်က ကျေညက်အောင် အရင်လုပ် ။ ပြီးရင် ကိုယ့်တွဲဖက်ကို မေး ။ သူ မရရင် ရအောင် ရှင်းပြ ၊ သူ့ကို စိတ်မချလို့ အကြိမ်ကြိမ် လေ့ကျင့်ပေးရနဲ့ ဖတ်ဖတ်ကို မောရောဗျာ ။


နောက်နေ့ကျတော့ ဆရာက ၄ ယောက်ကို ထွက်တွက်ခိုင်းပါတယ် ။ အားလုံး တွဲဖက်တွေ ချည်းပဲ ။ တွဲဖက်တွေအားလုံး မှန်အောင် တွက်နိုင်တော့ ဆရာက တွဲဖက်ဆရာတွေကိုပါ ထည့် ချီးကျူးပါတယ် ။နောက် ၃ ရက် ကြာတော့ အောင်ချို ဆိုတဲ့ကောင် ခရီးသွားပုစ္ဆာ ထွက် တွက်ခိုင်းတာ မှားလို့ သူ့တွဲဖက်ဆရာ ခင်အေးဟန် ပါ အတီးခံရတယ် ။ အောင်ချို က ၂ ချက် ၊ ခင်အေးဟန် က တစ်ချက်ပိုတယ် ၃ ချက် ။


ခင်အေးဟန် က သူရကြောင်း သူ့ကို မရိုက်ဖို့ အကြောက်အကန် တောင်းဆိုပေမယ့် ဆရာက ခွင့် မပြုဘူး ။ တပည့် မကောင်းတာ ဆရာညံ့လို့ပဲ ဆိုပြီး တီးတာပဲ ။


“ မင်းကို ဘာဖြစ်လို့ တစ်ချက် ပိုရိုက်တာလဲ သိလား ... မင်းဟာ အောင်ချို ကို နားလည်အောင် မသင်နိုင်တဲ့ တွဲဖက် ဆရာမို့ ဆရာတာဝန် မကျေလို့ပဲ ” 


ဆရာ ဟာ ကျွန်တော်တို့ကို တမင် ပညာပေးနေတာပါ ။ ဆရာတွေကို ကန့်လန့်လုပ်နေတဲ့ ကျွန်တော်တို့ကို ဆရာ လုပ်ရတာ ဘယ်လောက် တာဝန်ယူရတယ် ၊ ဘယ်လောက် ခက်တယ် ၊ ဆရာ့ သိက္ခာဆိုတာ တပည့်မှာရှိတယ်ဆိုတာကို လှလှပပ ပညာပေးနေတာပါ ။ ပြီးတော့ စာမလုပ်ချင်တဲ့ ကျွန်တော်တို့ကို စာလုပ်ဖြစ်အောင် အချင်းချင်း ပြန်ခိုင်းသွားတာပါ ။ တော်တော်ကလေးလှတဲ့ Idea တစ်ခု အဖြစ် ကျွန်တော် အခုထိ မှတ်မိနေပါတယ် ။


ကျွန်တော်တို့ အုပ်စုဟာ ဆရာဦးကိုကို ရယ် ၊ မြတ်မိုလ် ရယ် ၊ ကိုယ့်တွဲဖက် တပည့်ရယ်ကြောင့် စာမလုပ်လို့ မရ ဖြစ်လာပါတယ် ။ ပထမအစမ်းမှာ 1 to 30 ထဲ ပါဖို့ အားလုံးကြိုးစားရပါတယ် ။ အဆင့် 30 နောက် ရောက်သွားရင် ကိုယ်က တွဲဖက်တပည့်ဖြစ်တော့မှာကိုး .... ။


ဒါ ကျွန်တော်တို့ အတန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲချက်ပါ ။


စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲချက်ကတော့ ကျွန်တော်တို့ အားလုံးအတွက် မြတ်မိုလ် ပါပဲ ။


ကျွန်တော့်စိတ်ထင်ကတော့ မြတ်မိုလ် ကို တစ်ကျောင်းလုံးက ဝိုင်းကြိုက်နေတယ် ထင်တာပဲ ။ ကျွန်တော်လည်း ဒီတစ်ခါတော့ ကြိုက်ပါတယ် ။ ကြိုက်တာမှ လူငယ်တစ်ယောက် ဘဝ အရူးအမူးကို ကြိုက်တယ် ။ ပေါက်စီ နဲ့ ပျားတုပ် လည်း ကြိုက်နေကြတာပါပဲ ။ ဒါပေမယ့် ဒီကောင်တွေက ဒိုင်လျှို သမားတွေ ။


ကျွန်တော်ကတော့ မရဘူး ။ ချစ်နေတာကြီး တစ်ခုကို ရင်ထဲမှာ ထားပြီး ဟန်ဆောင်နေရတယ် ဆိုတာ တော်တော် ပင်ပန်းတယ်ဗျာ ။ ဒီတော့ ကျွန်တော် မြတ်မိုလ် ကို ခင်အောင် ပေါင်းတယ် ။ သူနဲ့ စာအကြောင်း ပေအကြောင်းတွေ ဆွေးနွေးတယ် ။ ကျွန်တော့် တွဲဖက် နွယ်နီ့ ကို ဘယ်လို သင်ပေးသင့်သလဲ စသည်ဖြင့် အကြံ ဉာဏ်တွေဘာတွေ တောင်းတယ် ။ သူ့တွဲဖက် ခင်သက်ကြူ နဲ့လည်း ရင်းနှီးအောင် ပေါင်းတယ် ။ မြတ်မိုလ် ရဲ့တွဲဖက် ခင်သက်ကြူ က ရုပ်အဆိုးကြီးတော့ မဟုတ်ပါဘူး ။ အသားဖြူဖြူ နဲ့ ကြည့်ကောင်းပါတယ် ။


ဒါပေမယ့် မျက်လုံးက နည်းနည်း စောင်းနေတယ် ။


“ နွယ်နီ အတွက် စိတ်ညစ်တယ် မြတ်မိုလ် ရာ ... သူက မကြိုးစားတာ ဝီရိယ မရှိတာ ၊ မထက် မြက်တာ မဟုတ်ဘူး ... ဉာဏ်ကို ထိုင်းတယ် ... လက္ခဏာ တူချင်း မြှောက်ရင် အပေါင်း ၊ လက္ခဏာ မတူတာ မြှောက်ရင် အနုတ် ရတယ်ဆိုတာကို ခုထိ တွက်ရင် ဘယ်တော့မှ မမှန်ဘူး ... ကျွန်တော် ပြောတာ အကြိမ်တစ်သန်းလောက် ရှိတော့မယ် ” 


“ ဥပမာလေးတွေနဲ့ ပြောပြပေါ့ ” 


“ ဘယ်လို ဥပမာပေးရမလဲ ”  


“ ဒီလိုလေ ယောက်ျားလေးတစ်ယောက် နဲ့ ယောက်ျားလေး တစ်ယောက်တွေ့ရင် သူငယ်ချင်း ... မိန်းကလေးနဲ့ မိန်းကလေး တွေ့ရင် သူငယ်ချင်း .... ယောက်ျားလေး နဲ့ မိန်းကလေး တွေ့ရင် သမီးရည်းစား ဖြစ်ရော .. အဲဒါ အနုတ် လက္ခဏာပဲလို့ ” 


ကျွန်တော့်ကို သွယ်ဝိုက်သောနည်းနဲ့ သတိပေးတာလား ဘာလားတော့ မသိဘူး ။ ကျွန်တော်ကတော့ ဒီ ဥပမာကို တော်တော်လေးကို သဘောကျတယ်ဗျာ ။ အဲဒီလို ဖြတ်ထိုးဉာဏ် ကောင်းတာ ကိုလည်း မြတ်ဗိုလ် ကို အမှတ်ပေးနေမိတယ် ။


တစ်နေ့ အခန်းထဲမှာ English Essay တစ်ပုဒ် ရေးတင်ရတယ် ။


ခေါင်းစဉ်က  My Best Fruit တဲ့ ။


ကျွန်တော်က အကြိုက်ဆုံးအသီး ကို သရက်သီး အကြောင်း ရေးတာပါ ။


“ ကျွန်တော့် အိမ်ရှေ့မှာ သရက်ပင် ၃ ပင်ရှိပါသည် ။ သရက်သီးသည် ဈေးပေါသည် ။ လူတိုင်းကြိုက်သည် ။ ကျွန်တော် အရမ်းကြိုက်သည် ... ” 


ဘာညာပေါ့ဗျာ ။ အဲဒီမှာ သရက်သီး မှည့်တာကို ရေးခါနီးမှာ မှည့်တဲ့ စကားလုံးကို ကျွန်တော်မေ့နေတာ ripe ပါ ။ ကျွန်တော် စဉ်းစားတာ ဘယ်လိုမှ စဉ်းစားလို့ မရဘူး ။ ဒါနဲ့ပဲ ကျွန်တော်လည်းမထူးဘူးဆိုပြီး - The fall is comedown to the earth . The mangoes are green to yellow  ... ဆိုပြီး ရေးလိုက်တယ် ။


နောက်နေ့ကျတော့ အင်္ဂလိပ်ဆရာကြီး ဦးသန်းဝေ က ကျွန်တော့် တစ်ယောက်တည်းကို ချီးကျူးတယ် ။ ဝေါဟာရ ကြွယ်ရမယ် ၊ လွယ်လွယ်လေးနဲ့ လှအောင် ရေးတတ်ရမယ် ၊ အက်ဆေး ဆိုတာ ရေးတတ်ရင် လွယ်တယ် ဘာညာဗျာ စုံနေတာပဲ ။ ကျွန်တော်လည်း နည်းနည်းတော့ စိတ်ထဲမှာ ရှက်တာပေါ့ ။ ကိုယ်ကမေ့နေလို့ ရအောင်ရေးတာပဲ ရှိတာကိုး ။


မုန့်စားဆင်းတော့ ကျွန်တော့်ကို မြတ်မိုလ် က ကွန်ကရက်ကျူလေးရှင်း လာလုပ်တယ် ။ တော်တယ်ပေါ့ဗျာ ။ ကျွန်တော် သူ့ကိုတော့ အမှန်အတိုင်း ရှင်းပြပါတယ် ။


“ ဒီလိုရေးနိုင်တာပဲ လွယ်လို့လား ” 


“ ငါက အမှန်အတိုင်း ပြောပြတာပါ ” 


“ ဘာပဲဖြစ်ဖြစ် ငါကတော့ နင့်ကို သဘောကျတယ် ။ နင်နဲ့ ငါနဲ့ အင်္ဂလိပ်စာ ဆွေးနွေးမယ်ဟာ ။ ငါက အက်ဆေးနည်းနည်း ညံ့တယ်ဟ ” 


မြတ်မိုလ် နဲ့ ကျွန်တော့် ဆက်ဆံရေးက နင် / ငါ ဖြစ်သွားပါပြီ ။ မြတ်မိုလ် ပြောတာနဲ့ ကျွန်တော်လည်း အင်္ဂလိပ်စာကို အသေအလဲ လုပ်ရတာပေါ့ ။  He die in action while fighting a battle ...  အစရှိတဲ့ မဟာဗန္ဓုလ အကြောင်းတွေ ဘာတွေဆို အလွတ်ကို ကျက်ပစ်လိုက်တာ... ။ Text Book ထဲက မဟာဗန္ဓုလအကြောင်း တစ်ပုဒ်လုံး အလွတ်ရတဲ့ ကျွန်တော့် ကို မြတ်မိုလ် က အထင်တွေ ဘာတွေကြီးလို့... ။


အဲဒီမှာပဲ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်တယ် ။ မြတ်မိုလ် ကို စာပေးတော့မယ်လို့ ... ။


ဘောဒါတွေ အားလုံးက ဝိုင်းကန့်ကွက်ကြပါတယ် ။ မဖြစ်နိုင်ဘူးပေါ့လေ ။ အခင်မင်ပျက်တာပဲ အဖတ်တင်မယ်ပေါ့ ။ ကျွန်တော်ကတော့ ကျွန်တော့်ကိုယ် ကျွန်တော် ယုံတယ် ။ မိန်းကလေး ဆိုတာက တစ်ခါတစ်လေ ရုပ်ရည်ထက် အရည်အချင်း ဆိုတာထက် အထင်ကြီးတာကို ပိုသဘောကျတတ်တယ် မဟုတ်လား ။ ဘယ်မိန်းကလေး မှအထင်မကြီးတဲ့ လူကို မချစ်ဘူး ။


ဒီတော့ ကျွန်တော် ရည်းစားစာ ရေးတယ် ။


ရည်းစားစာရေးရတာ ၁ဝ တန်း ဖြေရတာထက်တောင် ခက်သေးတယ်ဗျာ ။ တစ်ပတ်လောက် ကြာတယ် ။ ပြင်ဆင် ၊ ဖြုတ် ၊ ဖြတ် ၊ ထပ်ဖြည့် ၊ ပြန်ဖြုတ် တွေနဲ့ စုံနေတာပဲ ။ နောက်ဆုံး လျှောက်လွှာ စာရွက်လေးနဲ့ လေးရွက်ရတယ် ။


“ မင်းတို့ လိုက်ခဲ့ကွာ ငါက ဒီလိုပဲ စကားပြောရင်း အသာ ကပ်ထည့်မှာပါ ” 


ကျွန်တော် တောင်းပန်ပြီးခေါ်ပေမယ့် ဘယ်ကောင်မှ မလိုက်ဘူး ။ သူတို့ကလည်း ကြိုက်နေတာကိုး ... သူတို့လဲ စာမပေးရဲဘူး ။ စာပေးမယ့် ကျွန်တော့်ကိုလည်း အားမပေးဘူးပေါ့ဗျာ ။


နောက်ဆုံး ဘယ်သန် တစ်ယောက်ပဲ ရတယ် ။ သူကတော့ မြင့်မြင့်ရီလေး ရှိနေတာကိုး ။


ဒါနဲ့ ကျောင်းဆင်းတော့ ကျွန်တော်ရယ် ဘယ်သန် ရယ် မြမိုလ် နဲ့ ခင်သက်ကြူ နောက်ကို လိုက်လာကြတယ် ။ အရင်ကလည်း မြတ်မိုလ် နဲ့ ကျွန်တော် ကျောင်းဆင်းရင် ဒီလိုပဲ စကားပြောပြီး ဘီအိုစီ အထိတော့ ပြန်နေကျပါ ။ ဒီနေ့တော့ ကျွန်တော် ရင်နည်းနည်း တုန်နေတာ အမှန်ပဲ ။ ဒါပေမဲ့ ကျွန်တော် ရင်နည်းနည်း တုန်နေတာအမှန်ပဲ ။ ဒါပေမဲ့ စကားကို ထိန်းပြီးပြောပါတယ် ။


“ ပထမအစမ်းပြီးရင် ဆရာက လူပြန်ခွဲဦးမှာလား ရဲဝင်း ” 


“ အင်း ... ခွဲမယ်တဲ့ ၊ ဒါပေမယ့် ကိုယ့်တွဲဖက်နဲ့ ကိုယ်အဆင်ပြေလို့ မခွဲချင်လည်း ရတယ်တဲ့ ” 


“ ဟာ ... မြတ်မိုလ် ကတော့ ခင်သက်ကြူ နဲ့ အရမ်းရင်းနှီးနေပြီ ၊ တွဲဖက်တွေ ဘာတွေလည်း မရှိတော့ပါဘူး ။ တကယ်တော့ သူငယ်ချင်းလို ညီအစ်မလို ဖြစ်နေပြီ ၊ နော် ကြူ နင် ရော ... နွယ်နီ နဲ့ အဆင်ပြေရဲ့လား ” 


“ သူကတော့ ထုံးစံအတိုင်းပဲ ထုံဆဲ ညံ့ဆဲပဲ ။ ဒါပေမဲ့ဟာ နောက်တစ်ယောက် ဆိုတာတော့ ငါလည်း မပြောင်းချင်တော့ဘူး ” 


“ အဲဒါ သံယောဇဉ်ပေါ့ဟ ” 


“ ဒါပေါ့ ... ” 


သံယောဇဉ်လို့ စကားပြောပြီး ပြန်အလှည့်မှာ ကျွန်တော် စာကို မြတ်မိုလ် လွယ်အိတ်ထဲ ထည့်လိုက်တယ် ။ ဘယ်သန် လည်း မြင်တယ် ။ ကျွန်တော် ရင်တွေတုန်လို့ ... လက်ဖျားတွေ ချွေးစေးတွေ ရွှဲပြီး အေးစက်နေတာပဲ ။


 xxxxx   xxxxx   xxxxx


နောက်နေ့ ကျောင်းရောက်တော့ ကျွန်တော် မြတ်မိုလ် ကို မကြည့်ရဲဘူး ။


မနက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့် စွန့်စားခန်းကို ဘယ်သန် က ပြောပြလို့ ... ဟိုကောင်တွေ ကျွန်တော့်ကို ကျိတ်မနာလို ဖြစ်နေကြတာ ... ။ ကျွန်တော် သိသားပဲ ။ ဒါပေမယ့် မြတ်မိုလ် ကိုတော့ မကြည့်ရဲဘူးဗျာ ။ မုန့်စားကျောင်းဆင်းတော့ မြတ်မိုလ် က ဂါဒီယမ်း ( အင်္ဂလိပ်စာ လေ့ကျင့်ရေးစာစောင် ) ကလေးကိုင်ပြီးမြတ်မိုလ် က ကျွန်တော့်ခုံကို ရောက်လာတယ် ။


ရင်တွေ တုန်လိုက်တာဗျာ ။ ဟိုကောင် တွေလည်း ကျွန်တော့် ကို တအံ့တဩကို ဖြစ်လို့ ။ မြတ်မိုလ် က ပြုံးလို့ရယ်လို့ ကိုးဗျ ။


“ ရဲဝင်းရေ  Verb Form ကတော့ ငါအဆင်ပြေသွားပြီ ။  Word Form တွေ ပြဟာ .. ငါ ဖြေကြည့်တာ သိပ်မရဘူးဟ...ဒီနံပါတ် ( d ) ရဲ့ အစက T တဲ့ ။ အဲဒါ  Teacher  လား Technique  လား ” 


ကျွန်တော် ရင်တုန်ပန်းတုန်နဲ့ ဖတ်ရတယ် ။


“ ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်တာဆိုတော့ ဆရာ ဘယ်ဟုတ်ပါ့မလဲ ၊ Technique ပေါ့ဟ ”  


မုန့်စားကျောင်း ဘယ်လို တက်သွားမှန်းတောင် ကျွန်တော် မသိလိုက်ဘူး ။


နောက်နေ့တွေမှာလည်း မြတ်မိုလ် က ဒီလိုပဲဗျာ ။ အရင်နေ့တွေက အတိုင်းပဲ ။ စိတ်ဆိုးတာ ၊ ကျွန်တော့်ကို ခပ်တန်းတန်း ဖြစ်သွားတာမျိုး လုံးဝမရှိဘူး ။ ပေါက်စီ ၊ ပျားတုတ် နဲ့ သခေါ တောင် ကျွန်တော့်ကိုလန့်နေကြတယ် ။ ကျွန်တော်က စာထဲမှာ တစ်ပတ်ပြည့်ရင် အဖြေပေးပါလို့ ရေးထားတာကိုး ။


တစ်ပတ်ပြည့်တဲ့ မနက်ကျတော့ ကျွန်တော့် ဘော်ဒါတွေ နဲ့ ကျောင်းထိပ်မှာ ရပ်နေကြတယ် ။ ကျွန်တော် ရင်တွေတုန်ပုံများ မပြောပါနဲ့တော့ ။ ကျန်တဲ့ကောင်တွေလည်း ကျွန်တော်နဲ့ ရောပြီး ရင်တွေ တုန်နေကြတယ် ။ ရ နာရီ ထိုးခါနီး ၁ဝ မိနစ်လောက် မှာ မြတ်မိုလ် နဲ့ ခင်သက်ကြူ ရောက်လာကြတယ် ။ မြမိုလ် က ကျွန်တော့်ကို  ပြုံးပြပြီးအဆောင်နောက် ကို လာခဲ့နော်လို့ ပြောသွားတယ် ။


ပျော်လိုက်တာဗျာ ။ ကျွန်တော့် တစ်ကိုယ်လုံးကို လေတွေ တဟူးဟူး တိုက်နေသလိုပဲ ။ ကျွန်တော် နဲ့ ဘယ်သန် ရောက်သွားတော့ မြတ်မိုလ် တစ်ယောက်တည်း စာအိတ်ကလေးကိုင်လို့ စောင့်နေတာ ခင်ဗျာ ။ အသက်ရှူမတတ် ဖြစ်နေတဲ့ ကျွန်တော့်ကို မြတ်မိုလ် က စာအိတ်လှမ်းပေးရင်း ပြုံးပြီး ပြောတယ် ။


“ သစ္စာရှိရှိ ချစ်ရမယ်နော် ... ရဲဝင်း ” 


မတ်တတ်က ငြိမ်သက် အိပ်မ က် ထဲ နစ်မြုပ်နေသူလို ကျွန်တော် ကျန်ခဲ့တယ် ။ ဘယ်သန် ပြောတော့ ကျွန်တော် ၂ မိနစ်နီးပါးလောက် အဲဒီလို ဖြစ်နေတာတဲ့ ။ ဘယ်သန် ရဲ့ ဖတ်လေကွာ ဖတ်လေကွာ ဆိုတဲ့ အသံကိုသာ မကြားရင် ကျွန်တော် ဘယ်လောက် ဆက်ပြီး အဲဒီလိုကြီး နေဦးမလဲ မသိဘူး ။ စာအိတ်ကို ဖောက်တော့ ကျွန်တော့်လက်တွေ အရမ်းတုန်နေတယ် ။

 

ရဲဝင်း ...

နင့်အချစ်ကို ငါ လက်ခံပါတယ် ။

အချစ်အတွက်ကြောင့် ပညာရေး မထိခိုက်စေချင်တာ ဆန္ဒအမှန်ပါ ။

နင်လည်း စာကြိုးစားနော် ... ။ ငါ့ကို သစ္စာရှိရှိ ချစ်ပါ ။

           ခင်သက်ကြူ


“ ဟာ ... မဟုတ်ဘူး ။ မဟုတ်ဘူး ... ခင်သက်ကြူ မဟုတ်ဘူး ” 


ကျွန်တော် သွေးရူးသွေးတမ်း နဲ့ အော်ပေမယ့် မြတ်မိုလ် က မရှိတော့ပါဘူး ။ ဘယ်သန် က စာကို အတင်းလုဖတ်ပြီး ဘယ်လို ဖြစ်တာလဲလို့ မေးတယ် ။ ကျွန်တော်လည်း ဘယ်သိမှာလဲ ။ ဘာတွေဖြစ် ကုန်တယ်ဆိုတာ ကျွန်တော် လုံးဝ မသိနိုင်တော့ဘူး ။


အတန်းထဲရောက်တော့ မြတ်မိုလ် က ပုံမှန်ပါပဲ ။ ခင်သက်ကြူ ကလည်း ပုံမှန်ပါပဲ ။ ကျွန်တော်ချက်ချင်း သွားရှင်းချင်ပေမယ့် အတန်းသားတွေနဲ့မို့ မုန့်စားဆင်း တဲ့အထိ စောင့်ရတယ် ။ မုန့်စားဆင်း တော့ကျွန်တော်တောင် သွားစရာ မလိုပါဘူး ။ မြတ်မိုလ် က ဂါးဒီးယန်း သတင်းစာကလေးနဲ့ ရောက်လာတယ် ။


“ မြတ်မိုလ် ... နင်မှားနေပြီ မြတ်မိုလ် ” 


“ ငါ မှားနေပြီ ... ဘာလဲ ... ဪ သိပြီ ခင်သက်ကြူ ကိုပါ မခေါ်ခဲ့လို့လား ဟေ့ ခင်သက် ... ” 


“ မဟုတ်ဘူး ... မဟုတ်ဘူး ...ငါ စာပေးတာ ခင်သက်ကြူ ကို မဟုတ်ဘူး ” 


“ ဟင် . ဒါဆို စာက ဘယ်လိုလုပ်ပြီး ခင်သက်ကြူ လွယ်အိတ်ထဲ ရောက်နေတာလဲ .. ခင်သက်ကြူ က ပြီးခဲ့တဲ့ ၃ ရက် လောက်ကမှ ငါ့ ကို တိုင်ပင်လို့ ငါ က သဘောတူတယ် ဆိုပြီး သူ့ကို တိုက်တွန်းပေးရတာ ” 


“ ငါက သူ့ကို ပေးတာ မဟုတ်ဘူးဆို... ” 


“ သူ့ကို မပေးရင် စာက ဘယ်လိုလုပ် သူ့ လွယ်အိတ်ထဲ ရောက်နေလဲ ” 


ကျွန်တော်လည်း မရှင်းတတ်တော့ဘူး ။ နင့်ကို ပေးတာ မြတ်မိုလ် လို့ ကျွန်တော် မပြောရဲတာလည်း အမှန်ပဲ ။ ကျွန်တော့်အကြောင်း သိသွားတော့ ပျားတုပ် တို့ကတော့ တဟားဟား ပေါ့ဗျာ ။ ကျွန်တော် မြတ်မိုလ် လွယ်အတ်ထဲကို သေသေချာချာ ထည့်တာပါ ။ ဒါပေမယ့် အဲဒီတုန်းက ရင်ခုန်နေတော့ ကျွန်တော်ပဲ မှားထည့်မိသလား ။ ဘာမှ တွေးလို့ မရတော့ဘူး ။ ဘယ်သန် ကတော့ ကျွန်တော် စာထည့်တာ မြတ်မိုလ် လွယ်အိတ်လို့ပဲ ပြောတယ် ။


သေချာတာကတော့ ခင်သက်ကြူ က အဖြေပေးနေပြီ ။ ရတာ မလို လိုတာ မရ ဆိုတဲ့ စကားပုံက ကျွန်တော်နဲ့ ကွက်တိကို မှန်နေတာ ပေါ့ဗျာ ။ ကျွန်တော့် အမှားက မြတ်မိုလ် ကို ပေးတဲ့စာမှာ နာမည် ထည့်မရေးဘဲ မင်း နဲ့ ကိုယ် နဲ့ ရေးထားတာပါပဲ ။ နောက်ဆုံး Sign ထိုးတော့မှ ကျွန်တော့်နာမည်ကို ထိုးလိုက်တာကိုး ။


ပျားတုပ် ကတော့ ...


“ အလကားနေရင်း ရည်းစားတစ်ယောက် ရတာပဲကွာ ... ယူလိုက်ပေါ့ကွာ ” တဲ့ ။ ကျွန်တော်မှ ခင်သက်ကြူ ကို မကြိုက်တာ ။ ဘယ်လို လုပ်ရမလဲ ။ ခင်သက်ကြူ ကို အမှန်အတိုင်း ဖွင့် ပြောမယ် လုပ်တော့ သူငယ်ချင်းတွေက “ သူက မင်းကို အဖြေ ပေးထားတာ ...မင်းက ဒီလို သွားပြောရင် ခင်သက်ကြူ အရမ်း ရှက်သွားမှာပေါ့ ”  တဲ့ ။


ဒါလည်း ဟုတ်တာပဲ ။ မိန်းကလေးတစ်ယောက် ကို မချစ်တာ မချစ်လို့ ရတယ် ။ သူ့ ဂုဏ်သိက္ခာကိုတော့ စော်ကားခွင့် မရှိဘူးဆိုတာ ကျွန်တော် သိတယ် ။ ကျွန်တော့်မှာ ဘာလုပ်ရမှန်းကို မသိပါဘူးဗျာ ။ တကယ့် အရူးမီးဝိုင်းပါပဲ ။ မြတ်မိုလ် ကိုလည်း ရှက် ။ ခင်သက်ကြူ ကို လည်း မျက်နှာပူ နဲ့ နောက်ဆုံးတော့ မြတ်မိုလ် ကိုပဲ အကူအညီတောင်းရတယ် ။


“ ဒါဆိုရင်လည်း ပြီးရောလေ ... ငါ ခင်သက်ကြူ ကို နားလည်အောင် ပြောပေးပါ့မယ် ” 


“ တကယ်ပါဟာ ... ဒီစာကို ငါပေးတာမဟုတ်ပါဘူး ... တစ်ယောက်ယောက်က နောက်ပြီး ထည့်တာပဲ နေမှာပါ ဘယ်လို လုပ်မလဲ ” 


“ ခင်သက်ကြူ အဖြေပေးတဲ့ စာသာ ငါ့ကို ပြန်ပေးပါ  ငါ မပေး ပေးဘူးလို့ ပြောလိုက်ရင် ပြီးရောပေါ့ ... ဒီ အကြောင်း နင် ဘယ်သူ့ကိုမှတော့ မပြောရဘူးနော် ” 


“ စိတ်ချပါဟာ ” 


မြတ်မိုလ် ဘာတွေ လုပ်လိုက်သလဲတော့ မသိဘူး ။ ကျွန်တော် ကသာ မျက်နှာပူနေတာ ခင်သက်ကြူ တော့ အေးအေးဆေးဆေး ခေါ်ခေါ်ပြောပြော ပါပဲ ။ မြတ်မိုလ် ကို ထပ်လိုက်တဲ့ လူတွေ ရှိပေမယ့် တစ်ယောက် မှ မရကြပါဘူး ။ ဒီလိုနဲ့ စာမေးပွဲ ဖြေကြရတယ် ။


ကျွန်တော် စာမေးပွဲ အောင်ပါတယ် ။


ခွာကောင်းပေမယ့် မြင်းလိပ်ပြီး  D တွေ ဘာတွေတော့ မပါဘူး ။ မြတ်မိုလ် ကတော့ D နှစ်လုံး ပါပြီး စိုက်ပျိုးရေးတက္ကသိုလ် ရသွားတယ် ။ အမှတ်စာရင်းတွေ သွားထုတ်ပြီး တက္ကသိုလ်ဝင်ခွင့်တွေ တင်ပြီးတဲ့နောက် တက္ကသိုလ်ရောက် မှ ကျွန်တော် နဲ့ ဗိုလ်တထောင်တက္ကသိုလ် အတူတူ တက်ခဲ့ရတဲ့ ခင်သက်ကြူ က ပြောပြတယ် ။


“ အဲဒီတုန်းက နင်စာထည့်တာ သူ့လွယ်အိတ်ထဲကိုပါပဲ ... သူက နင့်ကို မကြိုက်ဘူး ဟ ... ခင်တာတော့ အရမ် းခင်တယ် ... အဲဒါကြောင့်မို့ ငါ နဲ့ ပေါင်းပြီး ကြံတာ ... နင့် ဖြစ်ပုံကို ကြည့်ပြီး ငါတို့မှာ ရယ်ရခက် ငိုရအခက် သိလား ” 


ကျွန်တော် အချိန်တော်တော်ကြာအောင် မကျေမနပ်ဖြစ်နေတဲ့ စိတ်ဒုက္ခက လွတ်သွားပါတယ် ။ ကျွန်တော် ပျဉ်းမနား တက္ကသိုလ်မှာ တက်နေတဲ့ မြတ်မိုလ် ကိုလည်း စိတ်မဆိုးတော့ပါဘူး ။


အခုအချိန်မှာ ကျွန်တော်ချစ်တာကလည်း မြတ်မိုလ် မဟုတ် တော့ဘူးလေ ။ တစ်ခုတော့ သင်ခန်းစာ ရလိုက်ပါတယ် ။ ရည်းစားစာ ပေးရင် ကိုယ်ကပေးမှန်း သိအောင် ပေးရတယ်ဆိုတာ လေးပါ ။


◾နီကိုရဲ


📖 လွယ်အိတ်ထဲက အလွဲများ


koaungnaingoo.blogspot.com


.