Showing posts with label မိုးထက်စံ ( IR ). Show all posts
Showing posts with label မိုးထက်စံ ( IR ). Show all posts

Monday, September 21, 2026

ဇာတိမြေက ပုရစ်ကလေး


❝ ဇာတိမြေက ပုရစ်ကလေး ❞
▢ မိုးထက်စံ ( IR )

သူငယ်ချင်းတွေကို လက်ပြနှုတ်ဆက်ပြီးချိန် ရောက်တော့ ညနေလေးနာရီ ထိုးလုနေပြီ။

“မင်း တကယ် မလုပ်တော့ဘူးပေါ့”

“အေး... ဟုတ်တယ်၊ ငါ့ဆုံးဖြတ်ချက် မပြင်တော့ဘူး”

“မင်းအမေကဆို သိပ်ဖြစ်စေချင်တာဆို”

“သူမှ မရှိတော့ဘဲ”

“ဒါဆိုလည်း သွားတော့ကွာ၊ တော်ကြာ ရွာအဝင် မိုးချုပ်နေလိမ့်မယ်”

“သွားပြီ သူငယ်ချင်းတို့”

••••• ••••• •••••

ကျွန်တော် ရွာကို ပြန်ရင် ဘယ်တော့မှ ကျောက္ကာလမ်းအတိုင်း မပြန်ဘူး။ ကျောက္ကာ အရာတော်လမ်းက နည်းနည်း ခြောက်သွေ့သလိုပဲ။

မုံရွာ သာစည်လမ်းကပဲ ရွေးပြန်လေ့ရှိတယ်။ အဲဒီဘက်မှာက တမာတန်းတွေနဲ့ စိုက်ခင်းတွေနဲ့။

အဲဒီညနေက မိုးကောင်းကင်မှာ တိမ်တွေက နိမ့်နိမ့်ကလေး ရွေ့လို့ပေါ့။

ကျွန်တော် တိမ်တွေကို ချစ်တယ်။

အထူးသဖြင့် မိုးရွာတော့မယ့် တိမ်တွေကို ပိုချစ်တယ်။

ကျွန်တော် အသက်ခပ်ငယ်ငယ်၊ ပထမနှစ်ကျောင်းသားအရွယ်လောက်တုန်းကတော့ အခုလို ရွာပြန်ချိန် ညနေခင်းတွေမှာ တိမ်ထူလာရင် မိုးရွာမှာ သိပ်ကြောက်တယ်။ ဆိုင်ကယ် ဗွက်နစ်မှာ စိုးလို့။

နောက်တော့ တဖြည်းဖြည်း ရင့်ကျက်လာတယ် ဆိုရမလားပဲ။ မိုးကို မကြောက်တော့ဘူး။ ချစ်တတ်လာတယ်။

မိုးကြောင့် စိမ်းလာတဲ့ သစ်ပင်။

မိုးတွေ ဒလဟော သဲကြီးမဲကြီး သွန်ပစ်သလို ရွာချလိုက်လို့ ပြောင်ပြောင်ကလေး ဖြစ်သွားတတ်တဲ့ တောလမ်းကလေး။

မိုးရေထဲမှာ ပျံ့ပါလာတတ်တဲ့ ချောင်းရိုးထဲက သရက်သမုံပွင့် အနံ့တွေ။ နေစောင်းရင် တတစ်တစ် မြည်လာတတ်တဲ့ တောပုရစ်သေးသေးတွေရဲ့ အသံ ညံစီစီလေးတွေ။ အားလုံးပါပဲ။ ကျွန်တော့် ငယ်ချစ်တွေ၊ ငယ်ကျွမ်းဆွေတွေ ဖြစ်ကုန်ကြတယ်။

••••• ••••• •••••

အက်တော သာစည် ဘက်က ကြက်သွန်ခင်းတွေ၊ ပြောင်းဖူးခင်းတွေ လွန်တော့ ကျောက်ကြမ်းလမ်းကနေ မြေသားလမ်း ပြောင်းသွားတော့တာပဲ။

ကျွန်တော် ကျောင်းတက်နေတဲ့ ကာလတုန်းက အဲဒီဘက်မှာ ရွေ့လျားတတ်တဲ့ ကျောက်ပုံကြီးတွေ ရှိတယ်။

“ငါတို့ ရွာပြန်တဲ့လမ်းမှာ ခြေထောက်ပေါက်နေတဲ့ ကျောက်ပုံကြီးတွေ ရှိတယ်ကွ”

သူငယ်ချင်းတွေက မယုံကြဘူး။

“မယုံ ငါနဲ့ လိုက်ခဲ့ကြ” ဆိုပြီး သူငယ်ချင်းတွေကို လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ အစီလိုက်အစဉ်လိုက် ရှိနေကြတဲ့ ကျောက်ပုံကြီးတွေကို လက်ညှိုးထိုးပြလိုက်တယ်။

“အဲဒီကျောက်ပုံကြီးတွေပေါ့ လူကြီးလာမယ်ဆို ရောက်ရောက်လာရော။ လူကြီးလည်း တို့ဒေသက ပြန်ရော သူတို့လည်း ပြန်သွားရော”

ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ဘဝရဲ့ အမှတ်တရလေးတွေဆိုတာ မှုန်ပျပျ လင်းနေတဲ့ ကြယ်တွေလို၊ တသင်းသင်း တိုက်ခတ်နေတဲ့ လေပြည်တွေလို ထာဝရရှိနေတတ်တယ် မဟုတ်ပါလား။

••••• ••••• •••••

အမှတ်ရစရာ တစ်ခုပေါ့လေ။

သာစည်ဆိုတဲ့ ရွာကြီးကို ကျော်တော့ သာယာစု ဆိုတဲ့ ရွာလေး ရှိတယ်။ အဲဒီရွာ မရောက်ခင် ထန်းပင်လေးပင် နဲ့ ယာတောလေး ဘေးမှာပေါ့။ ရှားပင်အရွယ်လတ်လေးရဲ့ ကိုင်းဖျားမှာ အသိုက်ကလေး တစ်ခု ရှိခဲ့ဖူးတယ်။

သောကြာ တစ်ရက် ကျွန်တော် ရွာကိုအပြန် အဲဒီ အပင်အောက် ခဏဝင်နားခိုက်။

“ဖရီး” ဆို ငှက်ကလေး တစ်ကောင် အသိုက်ထဲကနေ လန့်ထွက်ပြေးတယ်။ ကျွန်တော်လည်း အသိုက်ရှိတဲ့ ကိုင်းကလေးကို ခြေဖျားထောက် အသာဆွဲ ကြည့်လိုက်တော့ အသိုက်ထဲမှာ ပန်းနုရောင် ဥကလေး သုံးလုံး။

ဘာရယ်တော့ မဟုတ်ဘူးပေါ့လေ။

သောကြာနေ့ ညနေ မုံရွာက ပြန်တိုင်း တစ်ခါ၊ တနင်္လာမနက် မုံရွာကို ထွက်လာတိုင်း တစ်ခါ အသိုက်ကလေးနား ရောက်ရင် ဝင်ဝင် ကြည့်မိတယ်။

နောက်တော့ ငှက်ပေါက်ကလေး သုံးကောင် ဖြစ်လာခဲ့တယ် ဆိုပါတော့။

နီနီရဲရဲလေးတွေ။

ကျီးချီသွားမှာ စိုးလို့ မှန်ကွဲသေးသေးလေးကို ကြိုးနဲ့ ဆွဲပြီး အသိုက်ကလေးဘေးမှာ ချည်ပစ်ထားခဲ့တယ်။

နောက်တစ်ခေါက် ရွာကို ပြန်တော့ အဲဒီသုံးကောင် အမွေးလေးတွေ တော်တော် ပေါက်နေကြပြီ။

ကျွန်တော်လည်း အမေ့ဖို့ ဝယ်လာတဲ့ ငါးအူတောင့်တွေထဲက တစ်ချောင်းကို တစ်စစီဖဲ့ပြီး သစ်ခေါက်ကလေးတွေ၊ သစ်ကိုင်းကလေးတွေကြား တင်ထားပစ်ခဲ့တယ်။ သူတို့အမေ တွေ့ရင် ခွံ့ကျွေးလိမ့်မပေါ့ ။

နောက်တစ်ခါ အဲဒီအသိုက်လေးနား ရောက်တော့ ငတိလေးတွေ အတောင်စုံနေကြပြီ။

“ကျိ”

အကောင်လေးတစ်ကောင်က သစ်ကိုင်းအလှုပ်မှာ သူတို့အမေ လာတယ် မှတ်ပြီး ထ,အော်တယ်။

သူတို့ကို မြင်လို့လားတော့ မသိဘူး။ တစ်ခါတစ် ခါကျတော့ ငှက်ကလေး ဖြစ်ချင်တယ်။

ချစ်သောသူ တစ်ယောက် မမြင်ကွယ်ရာမှာ ဘာတွေများ လုပ်နေမလဲ။ ဘယ်သူနဲ့များ ရှိနေမလဲ။ ဘယ်ရင်ခွင်မှာ အိပ်စက်မလဲ ××× (ဟော...မျိုးကျော့ မြိုင်သီချင်း ဖြစ်သွားပြီ)။ ငှက်ကလေး ဆိုတော့ သူကလည်း ရိပ်မိမှာ မဟုတ်။ ငယ် ငယ်က စိတ်ကူးယဉ်ခဲ့တာလေး။

စကားတွေလည်း ဘယ်ရောက်ကုန်ပြီလဲ မသိ။

နောက်တစ်ခါ အသိုက်ကလေးကို ရောက်တော့ ငတိ လေးတွေ မရှိကြတော့ဘူး။ အတောင်စုံသွားပြီ ထင်ပါရဲ့။ အဲသလို ဆိုတော့လည်း လွမ်းသလိုလိုကြီး။

ဘဝအသစ်လေးတွေ အခက်အခဲမရှိ ကမ္ဘာမြေပေါ် ပျံသန်းသွားတာ မြင်တော့ ပြန်တွေးရင်း ကြည်နူးရပါတယ်လေ။ ကိုယ့်ဘဝလည်း သူတို့လို အကွေ့အကောက် သိပ်မရှိတဲ့ဘဝနဲ့ ကမ္ဘာမြေပေါ် ပျံသန်းချင်မိတယ်။

ဘဝဆိုတာ ပုံသေကားကျတစ်ခု မဟုတ်တော့ အခက်သား။ ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့လေ။ အသိုက်ကလေးကို အသာဖြုတ်ပြီး လွယ်အိတ်ထဲထည့် ယူလာခဲ့တော့တယ်။ အဲဒီ ညနေကလည်း ကောင်းကင်မှာ တိမ်တွေက မည်းလို့။

••••• ••••• •••••

“အမေ”

“ဟေ”

“ယာထဲက မန်ကျည်းပင်ကြီးပေါ်မှာ ဗျိုင်းအောက်တွေ ရှိသေးလား”

“ရှိပါ့”

အမေ့ပုံပြင်တွေထဲက ပုံပြင်မဟုတ်တဲ့ ဗျိုင်းအောက် ဇာတ်ကြောင်းကိုတော့ အကြိုက်ဆုံးပဲ။

ရွာအရှေ့ယွန်းယွန်းဆီမှာ ရှိတဲ့ အမေတို့ ယာခင်းထဲက မန်ကျည်းပင်မြင့်ကြီးတွေပေါ်မှာ ဗျိုင်းအောက်မိသားစုတွေ ရှိတယ်။

အဖေကတော့ “အဲဒါ ဗျိုင်းအောက် မဟုတ်ပါဘူးကွ။ လင်းဝက်တွေပါ” တဲ့။ ဘာပဲဖြစ်ဖြစ်ပါလေ။

ပြောရရင် ရွာရဲ့ အနောက်ယွန်းယွန်း ဆယ်မိုင်သာသာလောက်မှာကျတော့ တစ်နှစ်လုံး ရေမပြတ်တဲ့ ဘုရားကုန်းကန်လို့ ခေါ်တဲ့ ရေကန်ကြီး ရှိတယ်။

“ဗျိုင်းအောက်များ သနားစရာပါကွယ်။ ငါးကလေး၊ ဖားကလေး ရဖို့ အရေး ဆယ်မိုင်လောက်ခရီးကို ညတိုင်း ကူးရရှာတယ်။ တစ်ခေါက်လည်း မက၊ နှစ်ခေါက်လည်း မက။ တစ်ညလည်း မဟုတ်၊ နှစ်ညလည်းမဟုတ်။ မိဘမေတ္တာပေါ့ကွယ်။ ဟော...ကြားလားအသံ။ တစ်ကောင်လာနေပြီ”

“ဘယ်မလဲ အမေ”

“ဟောဟို ညောင်ပင်ရဲ့ ဘယ်ဘက်နား၊ တွေ့လား”

ဟုတ်တယ်၊ လရောင် နဲ့ဆိုတော့ မည်းမည်းလေး တလှုပ်လှုပ် ရွေ့လာတာပဲ မြင်လိုက်တယ်။

“ဝက်”

“ဝက်” အော်သံလည်းကြားတယ်။

“အဲဒါ ဗျိုင်းအောက်ပေါ့နော် အမေ”

“အေးပေါ့ ငါ့သားရဲ့”

တစ်မိုးကုန် တစ်ဆောင်းဝင်လို့ အမေတို့ လုပ်ငန်းသိမ်းပြီဆို အိမ်ရှေ့မှာ မြေပဲပုံ၊ နှမ်းပုံကြီးက အကြီးကြီး။ ဆီကြိတ်တန်ကြိတ်၊ ရောင်းတန်ရောင်း၊ မျိုးချန်တဲ့ဟာချန်။

“ငါ့သား ကျောင်းစာအုပ်ပုံကြီး” တဲ့။ အမေက ပြောတတ်တယ်။

“မင်းသား ရည်းစား လက်ဆောင်ပုံကြီးတော့ ဟုတ်ဘူး မဟုတ်လား”

အဖေက နောက်တတ်တယ်။

“ဘာပုံဖြစ်ဖြစ် ကိစ္စမရှိ။ ကျုပ်သား ပညာတတ်ဖြစ် ပြီးရော”

အမေက ကျွန်တော့်ကို ကျူတာ ဖြစ်စေချင်သတဲ့။

မုံရွာ တက္ကသိုလ်ဝင်းထဲ ဆိုင်ကယ်လေး စီးလို့၊ ဖိုင်ကလေး ရှေ့မှာညှပ်၊ သန့်သန့်ပြန့်ပြန့်၊ ခံ့ခံ့ကလေး ကျောင်းထဲ ဝင်သွားတဲ့ သားကျူတာ ပေါက်စလေးအဖြစ် မြင်ချင်သတဲ့။

“အမေရယ် ကျူတာလုပ်ရင် မစားလောက်ဘူး”

အဲဒီတုန်းက ကျူတာလစာ တစ်လ ခြောက်သောင်းခွဲ။

“မစားလောက် အမေက ပို့မှာပေါ့”

ကျူတာ တော်တော် များများကတော့ စားလောက်ကြပါတယ်။ တချို့ ကထိက တွေလည်း ပိုပိုလျှံလျှံပါပဲ။ အဲဒီတုန်းက (ကျူရှင် မသင်ရအမိန့်ထုတ်ထားတာတောင်) ကျူရှင်တွေ မှောင်ခိုပြကြ။ ကျောင်းသားတွေ ကန်တော့တဲ့ ပါတိတ်တွေ၊ ပုဆိုးတွေလည်း မနည်း။ တချို့ ဆိုင်ပြန်သွင်းရဆိုလားပဲ။

ကျူတာပေါက်စလေးတွေ အတော်များများကတော့ မပြေလည်ကြရှာဘူး။ အလုပ် ဝင်သွားတာတောင် မိဘဆီ လက်ဖြန့် တောင်းနေရဆဲ။

တချို့လည်း ကျူရှင်ရဖို့အရေး၊ ကျူရှင်က တပည့်လေးတွေကို ထင်ကြေးပေးနိုင်ဖို့အရေး ကထိကကို ဆိုလား၊ ပါမောက္ခကို ဆိုလား ရာခိုင်နှုန်းနဲ့ ပြန်ပေးကြရသတဲ့။ ဟုတ်တယ်လို့ ဖြေတဲ့ သူလည်း ရှိ၊ မဟုတ်ပါဘူးကွာလို့ ဖြေတဲ့သူလည်း ရှိ။

ဘာပဲဖြစ်ဖြစ် အဲဒီလို သံသရာကြီးထဲလည်း ကျွန်တော်က မကျင်လည်ချင်။

မိဘက တစ်သက်လုံး ထောက်ပံ့ထားလို့ အေးအေးလူလူ ကျူတာများလည်း ရှိ သပေါ့လေ။ ဒါပေမဲ့ ကိုယ့်ဘဝကျ အဲသလောက်လည်း အခြေမခိုင်။

“အမေက တစ်သက်လုံး ထောက်ပံ့နိုင်မှာမို့လား”

ဆိုတော့ အမေက ခေါင်းကိုမော့ပြီး အပေါ်ကို လက်ညှိုးထိုးပြတယ်။

“ငါ့သားရယ်၊ ဟောဟို ဗျိုင်းအောက်ကိုသာကြည့်” တဲ့။ “ငါ့သား အကြီးက စံနမူနာ” တဲ့။

ကျွန်တော်က ဗျိုင်းအောက်ကို မမြင်ဘူး။ စာကျက်နေတဲ့ အငယ် နှစ်ကောင်ကို မြင်တယ်။

••••• ••••• •••••

ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ။

ဘုရားအိုးမှာ ထိုးထားတဲ့ ခိုင်လှပါချေရဲ့ ဆိုတဲ့ ပလတ်စတစ်ပန်းခြောက်တောင် တစ်နေ့ နွမ်းရသေးတာ မဟုတ်လား။

အမေလည်း ရောဂါတွေ တစ်ခုပြီး တစ်ခု ဝင်လာခဲ့တယ်။

“ငါ့သားရယ် သောကြာနေ့ဆို ပြန်ဖြစ်အောင် ပြန်လာနော်။ ဝေးတာမှတ်လို့။ တစ်ပတ်တစ်ခါတော့ အမေချက်တာ ပြန်လာစား။ အရင်လိုပဲ တနင်္လာမနက်မှ ပြန်။ ဟုတ်ပလား။ အမေက မျှော်နေမှာ”

မုံရွာ၊ အက်တော၊ ကျောက်ဆစ်ပုံ၊ သာစည်၊ သာယာစု၊ သစ်ကျင်းကြီး။ နောက် ကျွန်တော် နေထိုင် ကြီးပြင်းခဲ့တဲ့ ရွာကလေး။ ကျွန်တော့်ရဲ့ အိမ်အပြန်ခရီးတွေဟာ တိတ်ဆိတ်ချင်လာတယ်။

ကျွန်တော် ဆိုင်ကယ်ရွှံ့ ချူရင်း တစ်ထောက် တစ်ထောက် ဝင်ဝင်နားနေကျ သာစည်ဘုရားကြီးနားက ရေချမ်းစင်၊ သာယာစု အလွန် ထနောင်းပင်ကြီး အောက်က ရေချမ်းစင်၊ သစ်ကျင်းကြီး ရွာအဝင်က အခိုင်အခံ့ ဆောက်ထားတဲ့ ဇရပ်ကြီး။ အားလုံးက အေးမြနေဆဲ။

အမေကတော့ ဆေးကုရင်း ပိန်ပိန်လာခဲ့တယ်။

“ငါ့သားရယ်၊ စာကြိုးစားနော်ကွယ့်”

တစ်ခါပြန်တိုင်း မုန့်ဖိုးတွေ လွယ်အိတ်ထဲ ထိုးထည့်ပေးတတ်တုန်း။ နှစ်ဆင့်ချိုင့်လေးထဲ ပဲလှော်ကြော်က တစ်ထပ်၊ အမဲခြောက်ကြော်က တစ်ထပ် တစ်ပတ်စာ ပြင်ဆင်ပေးတတ်တုန်း။

“အပြန်ကျ အမေ့ဖို့ လိမ္မော်သီးလေး ဝယ်ခဲ့”

တစ်ထောင်တန်လေးတွေက သတ်သတ်။ ဘေးအိတ်ကပ်ထဲမှာ။

ကျွန်တော် မဟာတန်း တက်နေတဲ့ နောက်ဆုံးလတွေမှာ အမေ မန္တလေးကို အခေါက်ပေါင်းများစွာ ဆေးကုသွားရတယ်။ ကျွန်တော် နောက်ဆုံးနှစ် စာမေးပွဲဖြေပြန်လာတော့ -

“တော်ပါသေးရဲ့ ငါ့သားရယ်၊ အမေက ဆေးကုရ၊ ဒီနှစ်ထဲ ရာသီဥတုက မမှန်ဆိုတော့ အမေ့ရွှေလေးတွေ ငါ့သားကျောင်းပြီးတဲ့ အထိ ခံပါ့မလားလို့ စိတ်ပူနေတာ” တဲ့။

အမေ ရွှေမရှိတော့ဘူး။

ကျွန်တော် ငိုမိတယ်။

အိမ်မှာ မွေးထားတဲ့ ကျွန်တော့်အချစ်တော် ဂျွန်စော ဆိုတဲ့ ခွေးလေး၊ ဝိုင်းအုံချစ် ဆိုတဲ့ ခွေးပေါက်လေး၊ မိကျား ဆိုတဲ့ ကြောင်မလေးတို့ ဆိုရင်တော့ လောကကြီး အကြောင်း ဘယ်သိပါ့မလဲနော်။

အတိုချုပ်ရရင်တော့ ဟောသလို မိုးအခါကြီးမှာပဲပေါ့၊ ဝါခေါင်လကြီး။ ရွာမြောက်ဘက်က ချောင်းပြတ်ကြီးထဲမှာ ချောင်းရေတွေ မလာစဖူး အလာထူးတဲ့ ညမှာပဲ...၊ အမေလည်း ကျွန်တော်တို့ကို စွန့်ခွာပြီး အခြား တစ်ဖက်ကို သံသရာတစ်ပတ်လည်ဖို့ ထွက်ခွာသွားတော့တယ်။

“အမေရေ နှုတ်ဆက်ပါတယ်”

••••• ••••• •••••

ဒီလိုနဲ့ မိသားစုမှာ ကျွန်တော်က အကြီးဆိုတဲ့ ရာထူးကို လက်တွေ့ကွင်းဆင်း လေ့လာဖြစ်ခဲ့တယ် ဆိုပါတော့။

ကျွန်တော့် ညီမလေးမှာ နားကပ်က လွဲလို့ ဘာမှ မရှိ တော့ဘူး။ အဖေ့ နွားခုနစ်ကောင်၊ လေးကောင် မရှိတော့ဘူး။ ခေါင်မိုးသွပ်လေးတွေက ဆွေးချင်ပြီ။

အဲဒီတော့ ကျွန်တော်ကလည်း “လာစမ်းပါလေ့ လောကဓံ” လုပ်ရတော့တာပေါ့။ ကျွန်တော် လောကဓံကြီးကို မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ရတယ်။

••••• ••••• •••••

ဘဝက လောကဓံနဲ့ တွေ့တဲ့အခါ အနည်းငယတော့ တိတ်ဆိတ်သွားတတ်ပါတယ်။

ကျွန်တော် စိတ်တွေညစ်ခဲ့တယ်။

စိတ်ဓာတ်တွေ ကျခဲ့တယ်။

ထွက်ပေါက်တွေ ပျောက်ခဲ့တယ်။

ဖြစ်နိုင်ရင် အမေ့ကိုပြေးတွေ့ပြီး စကားလေးတစ်ခွန်း လောက် ပြောပြချင်တယ်။

“ကျွန်တော် အတောင်မစုံသေးဘူး အမေ”

ကျွန်တော် စိတ်ဓာတ် ကျတဲ့အခါမျိုးမှာ အိမ်အနောက်ဘက် ရွာအဝင်လမ်းဘေးက တောင်ကုန်းပေါ် ညနေဆို ရောက်ရောက်သွားတတ်တယ်။

အဲဒီနားမှာ နွားကျောင်းသားလေးတွေ ရှိတယ်။ ဆိတ်ကျောင်းသားလေးတွေလည်း ရှိတယ်။ မနက်မိုးလင်းတော့ ဆိတ်အုပ်ကြီး နောက်ကနေ တုတ်ကောက် တစ်ချောင်းနဲ့ အော်ရင်း ငေါက်ရင်း သီချင်းဆိုရင်း ဆိတ်ကျောင်းထွက်ကြရော။

ညနေ ငါးနာရီလောက်ကျ သီချင်းတကြော်ကြော်နဲ့ ပြန်လာကြပြန်ရော။ ဘဝက တကယ့်ကို ပုံသေကားကျ တစ်ချပ်လို။

“မင်းတို့ နေ့တိုင်း ဆိတ်ကျောင်း ထွက်ရတာ မပျင်းဘူးလား” ဆိုတော့ “မပျင်းပါဘူးဗျ၊ ပျော်တောင်ပျော်သေး” တဲ့။

သီချင်းအညည်း မပျက်။

“တစ်ရက် ဆိတ်ကျောင်းခ ဘယ်လောက်ရ”

“ခြောက်ရာ”

“ရတဲ့ ပိုက်ဆံ ဘယ်လောက်စုမိပြီလဲကွ”

“အိမ်ပြန်ရောက်တော့ အမေ့အပ်လိုက်တာပေါ့ဗျာ”

“မင်းမှာ မောင်နှမ ဘယ်နှယောက်ရှိ” 

“ခြောက်ယောက်”

“မင်းက အကြီးလား”

“အကြီး”

ကောင်လေးက စိတ်တိုလာပုံပဲ။

ဆိတ်တွေက တော်တော်လှမ်းနေပြီ။

“နေပါဦးကွ၊ ငါ တစ်ခုမေးပါရစေဦး”

“မေးဗျာ”

ကောင်လေး စိတ်တိုနေပြီ။

“မင်းဘဝမှာ ဘယ်အချိန် အပျော်ဆုံးလဲ”

ကောင်လေးက ပြောတယ်။ ပေါ့ပြက်ပြက် ပြောသွားတာလား၊ အတည်ပေါက် ပြောသွားတာလားတော့ မသိ။

“ညကျ ဗီဒီယိုရုံမှာ နေထူးနိုင်ကား ကြည့်နေတဲ့ အချိန် အပျော်ဆုံးပဲဗျာ ကိုင်း....” တဲ့။

ကျွန်တော် တစ်ခု သိလိုက်တာက ကောင်လေး ပြောတဲ့ ဘဝမှာ အပျော်ဆုံး အချိန်ဆိုတာ တကယ်တော့ ရုပ်ဝတ္ထု တစ်ခုအပေါ်မှာ သာယာနေတဲ့အချိန် မဟုတ်ဘူးဗျ။ ဘဝပေးတာဝန်တစ်ခု ကျေပွန်စွာ ထမ်းဆောင်ပြီးလို့ လွတ်လပ်သွားတဲ့ စိတ်က အနှောင်အဖွဲ့ကင်းစွာ ဗီဒီယို ရုံထဲမှာ ကွန့်မြူးသွားတာပါ။

ဟုတ်တယ်မလား။ ကောင်လေး နေ့တွက်ခ သူ့အမေကို မအပ်နိုင်ရင် ဗီဒီယိုရုံထဲမှာ သူ ဘယ်ပျော်နေနိုင်ပါ့မလဲ။

ကျွန်တော်လည်း ဘဝမှာ သာယာနေပျော်ဖို့၊ အနှောင်အဖွဲ့ကင်းမဲ့စွာ ပျံသန်းနိုင်ဖို့၊ ဘဝပေးတာဝန် ကျေပွန်ဖို့ အဖြေတစ်ခု ကောင်လေးဆီက ရခဲ့တယ်။

လွန်ခဲ့သော နှစ်များဆီက...။

••••• ••••• •••••

နေတောင် မစောင်းသေးဘူး။

တွင်းဝမှာ ပြူတစ်ပြူတစ် လုပ်နေပြီ။

လက်ကလေးနဲ့ တို့လိုက်တော့ တန်းခနဲ တွင်းထဲကို ပြန်ဝင်ပြေးတယ်။ မကြာဘူး။ အလင်းမကျတကျ တွင်းဝမှာ ပြူစိပြူစိ သူ ပြန်လုပ်နေတယ်။

သူ စိတ်မရှည်တော့ဘူး ဆိုတာ ကိုယ် သိနေတယ်။ ကိုယ့်ကို ထွက်သွားစေချင်နေပြီ။

ကိုယ် ရှိနေရင် သူ့ အတွက် မလွတ်လပ်ဘူး။ ဒါ ဘဝကပေးထားတဲ့ အန္တရာယ် အငွေ့အသက်။ အသိ၊ သတိ။

သူ အော်ချင်နေပြီ။

သူ အော်တာ သီချင်းများလား။ ဘာသီချင်း ဖြစ်မလဲ။

အချစ်သီချင်း ဖြစ်မလား၊ ဘဝသီချင်း ဖြစ်မလား။

ကိုယ် ခပ်လှမ်းလှမ်းကို ထွက်သွားပေးလိုက်တော့ သူ တွင်းထဲကို ခဏ ပြန်ဝင်တယ်။

ပြီးတော့ တွင်းဝမှာ ပြောင်းပြန် အနေအထားနဲ့ ပြန်ပေါ်လာပြီး အကျယ်လောင်ဆုံး ရော့ခ်သီချင်းတစ်ပုဒ်ကို အတောင်ပံတွေ ခတ်ပြီး လွှင့်ထုတ်လိုက်တယ်။

ဘဝဟာ နေပျော်သွားရော။

ညက မက်တဲ့ အိပ်မက်ထဲမှာ ကိုယ်ဟာ ပုရစ်တစ်ကောင် ဖြစ်နေခဲ့တယ်။

ကိုယ် ပြန်ချင်နေပြီ။

••••• ••••• •••••

အသေအချာ ပြန်တွက်ကြည့်တော့ ကိုယ် ဒီကို ရောက်တာ ခုနစ်နှစ်ကျော်လို့ ရှစ်နှစ်ထဲတောင် ဝင်လာခဲ့ပြီ။ ရည်မှန်းချက်တစ်ခု အတွက်နဲ့။

ဘေးအခန်းက မြင်းခြံသား Blue Tooth စပီကာလေးနဲ့ တွဲဖွင့်ထားတဲ့ သီချင်းထဲက ဆောင်းဦးလှိုင်ကလည်း ကိုယ့်ကို ပြန်စေချင်နေပြီ။

“အိမ်ကိုပြန်ဖို့ အိပ်မက် မက်တဲ့ ကျွန်တော် ××× အဆင်ပြေတာနဲ့ အမေ့ရဲ့အနားကို ပြန်ခဲ့မှာပေါ့ ××× အမေ မျှော်နေတဲ့ အမေ့ရဲ့သား ကျွန်တော် ××× ဘဝအဆက်တိုင်းမှာပေါ့ ××× မွေးရပ်မြေနဲ့ ခွဲရသူ ××× ဘယ်တော့မှ မဖြစ်ချင်ဘူး ×××”

“ကိုယ့်ရပ် ကိုယ့်ရွာကို ခွဲပြီး သူများနိုင်ငံသွား ဘယ်သူ ကျွန်ခံချင်ပါ့မလဲကွာ။ လူတိုင်းဟာ ကိုယ့်အကြောင်းနဲ့ ကိုယ် ကိုယ်စီ ရှိကြတာပဲ။ စုကြဆောင်းကြ၊ စုမိဆောင်းမိပြန်ကြ။ အချိန်ရှိတုန်း အသက်မွေးပညာလေး တတ်အောင်သင်၊ စုထားတဲ့ ပိုက်ဆံနဲ့ အလုပ်တစ်ခုကို ဇောက်ချလုပ် ဟုတ်ပလား”

အခန်းဖော် အစ်ကိုကြီး စိတ်ရှိတိုင်း ပြောနေကျစကား။

ဇာတိမြေ ပြန်ရောက်သွားတဲ့ အခန်းဖော်တစ်ယောက်က ပြောဖူးတယ်။

“ငါ ငယ်ငယ်တုန်းက သရဲ တအားကြောက်တာကွ။ ရွာအဝင် သနပ်ခါးခြံကြီးထဲကနေ လမ်းဘက်ကို ကိုင်းထွက်နေတဲ့ သရက်ပင်ကြီးအောက် ဘယ်သူကောင်းသားမှ နေဝင်ကျော် တစ်ယောက်တည်း မဖြတ်ရဲဘူး မောင်”

“မထင်ရင် ဟိုက သဲနဲ့ ပက်တာ ကြက်သီးဖြန်းဖြန်း ထ ဆိုပဲ။ အတွေးနဲ့တင် ကြောက်။ ဒါပေမဲ့ ကိုယ့်ရပ်ကိုယ့်ရွာနဲ့ ခွဲပြီး တိုင်းတစ်ပါး အလုပ်လုပ်။ အနေကြာမှ ရွာကို ပြန်ရောက်တော့ ငါ့ကွာ...”

“ရွာအဝင် သရက်ပင် မည်းမည်းအုပ်အုပ်ကြီးလည်း မြင်ရော... ဝမ်းသာလွန်းလို့ မျက်ရည်များတောင် လည်မိ။ အပင်ကြီးအောက် ခဏ ရပ်ပြီး မော့တောင် ကြည့်မိသေးတယ်ကွာ”

“ဇာတိမြေကို လွမ်းပြီ ဆိုမှတော့ ရွာမှာ ကျန်ခဲ့တဲ့ သရဲကအစ လွမ်းတာ မောင်”

▢  မိုးထက်စံ ( I.R )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၂၀