❝ သ မ က် လောင်း ❞
“ ရတနတ္တယံ အဟံ ဝန္ဒာမိ သဗ္ဗဒါ ”
ကျေးဇူးရှင် ပွဲစားကြီးဦးမင်းမောင် အနိစ္စရောက်ရှိပြီးကတည်းက ပွဲကတော်ကြီးဒေါ်မြမေသည် နောက်ထပ် အိမ်ရာထောင်ရန် စိတ်မကူးဘဲ ဦးမင်းမောင် စုဆောင်းရှာဖွေထားရစ်ခဲ့သော အိမ်ရာခြံမြေ ၊ ရွှေငွေ ၊ ပစ္စည်းများကို မကွဲမပျက်စေရအောင် ချွေချွေတာတာ သုံးစွဲလျက် ဦးမင်းမောင်၏ လက်ငုတ်လက်ရင်းဖြစ်သော အလုပ်ကို တတ်နိုင်သမျှ ဆက်လက်လုပ်ကိုင်လာကာ သမီးဖြစ်သူ လှရီ ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်မှာ ဆယ်နှစ် ကျော်ခဲ့ပြီ ဖြစ်ပေ၏ ။
ဦးမင်းမောင် မျက်စိနှစ်လုံး မှိတ်၍သွားစဉ်က လှရီမှာ ဆယ့်တစ်နှစ် အရွယ်တွင် ကျန်ရစ်ခဲ့ရာ ယခုအခါတွင် လှရီမှာ အပျိုကြီးလုံးလုံး ဖြစ်နေလျက် အချိန်တန် အရွယ်ရောက်၍ လာပြီဖြစ်နေသဖြင့် ဒေါ်မြမေမှာ သမီးအတွက် စိတ်အေးရလျှင် အလုပ်ဆက်လက်၍ မလုပ်တော့ဘဲ တရားအားထုတ်၍ လယ်ထောက်ခ ရသမျှကလေးနှင့်ပင် တင်းတိမ်ရောင့်ရဲ နေပါတော့မည်ဟု နှလုံးပိုက် မိသည့်အတိုင်း လှရီ အား မြန်မြန် နေရာကျနိုင်စေရန် ဆုတောင်းလျက် ထိုက်တန်မည့် သားမ က်လောင်းကို ရှာဖွေကြည့်ရှုခဲ့လေ၏ ။
လှရီ သည်လည်း အချိန်တန် အရွယ်ရောက်လာ၍ ချစ်ရ ၊ ကြိုက်ရမှန်း သိကတည်းက မိမိ၏ မိခင်ဖြစ်သူ၏ စိတ်၌ သားမ က်လောင်း အလိုရှိနေသည် ၊ မရှိသည်ကို မသိဘဲ မိမိစိတ်အလိုအလျောက် မိခင်အတွက် သားမ က်လောင်းကို ရှာခဲ့လေ၏ ။ ထိုသို့ သမီးရော ၊ မအေပါ သားမ က်လောင်း ရှာကြရာတွင် နှစ်ဦးလုံး သားမ က်လောင်း တွေ့ရှိ ကြလေ၏ ။ သို့ရာတွင် တစ်ယောက်နှင့် တစ်ယောက် အကြိုက်ချင်း မတူကြသဖြင့် သားမ က်လောင်းမှာ တစ်ယောက် တည်း မဟုတ်ဘဲ နှစ်ယောက်ဖြစ်၍ နေလေတော့၏ ။
ဒေါ်မြမေသည် အခြားတစ်မြို့တစ်ရွာရှိ မိမိ မိတ်ဟောင်းဆွေဟောင်းဖြစ်သူ စက်ပိုင်ရှင်တစ်ဦး၏ သား ၊ အောက်လွှတ်တော် အမတ်ပေါက်စ တစ်ဦးကို သဘောကျမိလေ၏ ။ ဒေါ်မြမေ သဘောကျသူ ဘသိန်းမှာ ရန်ကုန် တက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ကိုခံယူပြီးနောက် ထိုဝိဇ္ဇာဘွဲ့နှင့် အလုပ်အကိုင် လွယ်လင့်တကူ ရှာဖွေ မရနိုင်သည်ကို သိ၍ ဝိဇ္ဇာဘွဲ့ရလျက် အလုပ်အကိုင် မရှိသည်ကို လူများတွေ့မြင်ကြားသိရလျှင် ရှက်စရာကောင်းတော့မည်ဟု ယူဆလျက် အိမ်တွင်အလုပ်အကိုင်မရှိဘဲ ထိုင်၍ ဝိဇ္ဇာဘွဲ့ကို မှိုတက်ခံနေခြင်းထက် တက္ကသိုလ်တွင်ဆက်လက်၍ ဥပဒေပညာကို သင်ကြားနေရလျှင် နှစ်နှစ်လောက်တော့ဖြင့် ဣန္ဒြေမပျက်ဘဲ နေရမှာပဲဟု နှလုံးပိုက်ကာ ဘီအယ်လ်ဘွဲ့ကို ရရှိခဲ့ပြီးနောက် ဦးဘသိန်း ၊ အထက်တန်းရှေ့နေ ဟူသော ဆိုင်းဘုတ်ကို တပ်ခဲ့သည့်နေ့မှစ၍ နှစ်ဆယ့်ငါးကျပ်ထက် ပို၍ရသော အမှုတစ်မှုမျှ မလိုက်ခဲ့ရသေးသော်လည်း ဘီအယ်လ်ဘွဲ့ကို မသိ နားမလည်သူတို့က ဝတ်လုံဟူ၍ ခေါ်ဝေါ်နေကြခြင်းဖြင့် ကျေနပ်နေခဲ့ရသူ တစ်ယောက်ဖြစ်ပေ၏ ။ ထိုသို့ ဝတ်လုံ အခေါ်ခံရခြင်းကို ပိုမိုကျေနပ်ရပြန် သည့်အချက်တစ်ချက် မှာ အုပ်ချုပ်ရေးအသစ်အရ ရွေးကောက်ပွဲကျင်းပရာတွင် အမတ်ဖြစ်လျှင် တစ်လနှစ်ရာ ၊ နှစ်ရာ့ငါးဆယ် ၊ မှန်မှန်ကြီးစားရမည်ဖြစ်၍ ယခု ရှေ့နေလိုက်နေရသည့် အလုပ်ထက် နေ့တွက် စီဦးမည်ဟူသော မျှော်လင့်ချက်ဖြင့် ဖခင်၏ ငွေသုံးထောင်ခန့်ကို အရင်းအနှီးပြုလုပ်ကာ အမတ်အရွေးခံရာတွင် ဝတ်လုံဟူသော အမည်ဖြင့် အထင်ကြီး ၊ အမြင်ကြီးဖြစ်၍ မဲဆန္ဒပေးကြသည့်အတွက် အမတ် ဖြစ်လာခဲ့ရခြင်းပင် ဖြစ်ပေ၏ ။
သို့ရာတွင် လှရီ ၏အကြိုက် မှာ အင်္ဂလိပ်စာဆယ်တန်းမျှသာ အောင်မြင်သဖြင့် အလုပ်အကိုင် ကြီးကြီးကျယ်ကျယ် မရနိုင်သဖြင့် အစိုးရအား ကုသိုလ်ဖြင့် အလုပ်လုပ်ကိုင်ပေးနေရရှာသည့် အကူစာရေးကလေး တစ်ယောက် မျှသာ ဖြစ်ပေ၏ ။ လှရီ သည် ခင်မောင် ကို သဘောကျခြင်း၌ အကူစာရေးကလေးဖြစ်သဖြင့် သနား၍လည်း မဟုတ် ၊ မိခင်ဖြစ်သူ သဘောကျလောက်သည့် လိမ္မာရေးခြား ၊ မိသားဖသားပီသ၍ သဘောသကာယကောင်းသူ တစ်ယောက် ဟု သိရှိရသည့်အတွက်ကြောင့်လည်း မဟုတ်ဘဲ ချစ်သူကို တောင့်တရှာဖွေနေဆဲတွင် ရည်းစားစာ ပေးရဲသည့် အစွမ်းသတ္တိကြောင့် လူပျို ၊ အပျိုတို့ ချစ်ကြိုက်မြဲ ဓမ္မတာအတိုင်း ချစ်ကြိုက် မိခြင်း ဖြစ်ပေ၏ ။
ထိုသို့ လှရီ၌ ချစ်ကြိုက်သူရှိနေပြီဖြစ်သည့်အတွက် မိခင်ဒေါ်မြမေက အမတ်ပေါက်စ ဘသိန်း ၏ ဂုဏ်ပုဒ်တို့ကို လေထုတ်၍ ပြောသော်လည်း လှရီ၏နားထဲ၌ မဝင် ၊ ဘသိန်း နှင့် ပေးစားချင်သည့် သဘောကို ပြောသော်လည်း လှရီက အင်းမလှုပ် အဲမလှုပ် ဖြစ်နေသည့်အတွက် ဒေါ်မြမေမှာ အကြံရခက်နေရာက လှရီ သဘောမကျနိုင်သည့် အကြောင်းရင်းကို ရှာရာတွင် ခင်မောင် ကြောင့်ဖြစ်သည်ကို သိရသောကြောင့် ထိုသို့ သိရသည့်နေ့မှစ၍ ခင်မောင် အား အိမ်သို့အဝင်အထွက် မရှိစေရဟု ပိတ်ပင်ရေးဥပဒေဖြင့် နှိပ်ကွပ်ထားပြီးလျှင် လှရီ အားလည်း ခင်မောင် လမ်းလျှောက်လာသည့်အခါ ထွက် မကြည့်ရ ၊ ခင်မောင်ထံ စာမပေးရ စသဖြင့် ပညတ်တော် ဆယ်ပါးဖြင့် တားမြစ် ထားလိုက်လေ၏ ။
သို့ရာတွင် လှရီ မှာ ခင်မောင် အား တစ်နေ့ မတွေ့ရလျှင် မနေနိုင်သလောက် ခင်မောင်ကလည်း မမြင်ရမနေနိုင်သည့် အတွက် နှစ်ဦးစလုံးကပင် တစ်နည်းနှင့် မတွေ့ရလျှင် တစ်နည်းနှင့် တွေ့ရအောင် အမျိုးမျိုး ကြံဖန်နေကြသည့် အတိုင်း တစ်နေ့တွင် ဒေါ်မြမေသည် မိမိ၏ ကျေးဇူးရှင်လင်ယောက်ျား ဦးမင်းမောင်အား အိပ်မ က် မ က်သည်ကို အကြောင်းပြု၍ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ သွေးဆေးကန်ဘက်ရှိ ဇရပ်တစ်ခုတွင် ကွယ်လွန်သူ လင်ယောက်ျားအား ရည်စူး၍ ဆွမ်းအလှူပြုကြရန် သွားရောက်လေရာ လှရီ သည် ထိုနေ့တွင်တွေ့နိုင်ရန် အချက်ကောင်း ဖြစ်သည်ကို သိရှိကာ ခင်မောင် အား အကြောင်းကြားထားသည့်အလျောက် ခင်မောင်သည် ထိုဇရပ်နှင့် ခပ်လှမ်းလှမ်းရှိ အသိတစ်ယောက် ဇရပ်မှနေ၍ လှရီ လာသည့်တိုင်အောင် တမျှော်မျှော်နှင့် စောင့်၍ နေလေ၏ ။
လှရီ သည် နက်ဖြန်နံနက်တွင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား အရုဏ်ဆွမ်းကပ်လှူ၍ သံဃာတော်မြတ်များ အားလည်း ဆွမ်းလောင်းရန်အတွက် ကူညီချက်ပြုတ်လုပ်ကိုင်ပေးနေသဖြင့် တော်တော်နှင့် ခင်မောင်အား မတွေ့နိုင်သေးဘဲရှိပြီးလျှင် ချက်ပြုတ်ခြင်းကိစ္စ ပြီးငြိမ်းသွားသည့်အခါ၌လည်း မိခင်ကြီး၏ အလစ်နှင့် မကြုံကြိုက် သေးသည့်အတွက် အားမလို အားမရ ဖြစ်လျက်နှင့်ပင် အလစ်ကို စောင့်နေရလေ၏ ။
ကံအားလျော်စွာ မကြာမီပင် လှရီ ၏ အလိုကို ပြည့်ဝစေရန် ဖူးစာရေးနတ်တို့ ဖန်တီးလိုက်လေရော့သလား မသိ ၊ အနီးရှိ ဇရပ်တစ်ခုတွင် ဒေါ်မြမေ၏အသိ ဇရပ်အစ်မတစ်ဦးနှင့် ထိုဇရပ်တွင် လာရောက်ဥပုသ်စောင့်နေသည် ဆိုသော သင်္ဂြိုဟ်ဆရာတစ်ယောက်သည် အလည် ရောက်ရှိလာကြလေ၏ ။
ဇရပ်အစ်မနှင့် ဒေါ်မြမေတို့သည် ရှေးဟောင်းနှောင်းဖြစ်တို့ကို ဇာတ်လှန်နေကြရာမှ ဒေါ်မြမေသည် ကွယ်လွန်သူ ကျေးဇူးရှင်ကြီးကို သတိရစရာတွေ တစ်ခုပြီး တစ်ခုပွားများလာသဖြင့် ပဝါစကလေးနှင့် မျက်ရည်တို့ကို တို့၍ တို့၍နေရာမှ သင်္ဂြိုဟ်ဆရာကြီးက ဆရာဂုဏ်ပြလိုသည့်အတွက် တရားဟော၍ နားချလေရာ ဒေါ်မြမေမှာ သမီးကလေးအတွက် စိတ်အေးရလျှင် တရားနှင့်ပင် ပျော်တော့မည်ဟု နှလုံးပြု၍ထားသူ တစ်ယောက်ဖြစ်သဖြင့် ထိုသို့ တရားသံများကို ကြားရသည်တွင် ရွှင်ကြည်သောသဒ္ဓါထက်ပွားကာ ထိုသင်္ဂြိုဟ်ဆရာကြီးပေါ်တွင် အတော်ပင် ကြည်ညိုမိလေ၏ ။
“ ဆရာနဲ့တွေ့ရတာ ကျွန်မမှာ ရေငတ်တုန်း ရေတွင်းထဲကျသလိုပဲ ဝမ်းသာလို့ မဆုံးနိုင်ဘူးဆရာရဲ့ ၊ ကျွန်မမှာ အလုပ်တွေ ၊ အကိုင်တွေ ၊ သမီးအတွက် သံယောဇဉ်တွေ ရှုပ်ပွေနေတဲ့အတွက် တရားဘက် မှာ လုံးလုံး မေ့နေတော့တာပဲ ၊ ဒါထက် ဆရာအမည် တစ်ဆိတ်လောက် အမိန့်ရှိပါဦး ”
“ ကျုပ်နာမည်လား ဆရာဖေတဲ့ ”
ဒေါ်မြမေသည် သင်္ဂြိုဟ်ဆရာ၏အမည်ကို ကြားပြီးနောက် ဇရပ်အစ်မဘက်သို့လှည့်ကာ “ ဒီ ကကျောင်းအစ်မကြီးနဲ့ ဘယ်လို သိကြတာတုန်း ” ဟု မေးလိုက်လေ၏ ။
“ အရင်တလော ကျိုက်ထီးရိုးသွားကြတုန်းက ရထားပေါ်မှာတွေ့ခဲ့ကြတာပဲ ၊ ကျိုက်ထီးရိုးမှာ ဥပုသ်လေးဆယ့် ကိုးရက် စောင့်ပြီး အပြန်တွင် ရွှေတိဂုံမှာ တရားအားထုတ်ချင်တယ်ဆိုတာနဲ့ ဒီကဇရပ်မှာပဲ နေထိုင်ဖို့ ဆရာကြီး သဘောရှိ ခွင့်ပြုထားတာပဲ ”
“ သာဓုပါရှင် . . သာဓု . . သာဓု ” ဟု အူထဲအသည်းထဲက လှိုက်လှဲသောစေတနာဖြင့်ပြောလိုက်သည့် မိခင်ဖြစ်သူ ဒေါ်မြမေကို ဇရပ်နောက်ဘေးချောင်ဆီမှ အကဲခတ်နေသော လှရီသည် မိမိ၏မိခင်ဖြစ်သူသည် ဆရာဖေအား အာရုံစိုက်၍နေပြီကိုသိရသဖြင့် ဤတွင် လစ်ပြီဟု နှလုံးပြုကာ ခင်မောင်ထံသို့ ပြေးလာခဲ့လေ၏ ။
“ အမယ်လေး မျှော်လိုက်ရတာ ရီရီရယ် ၊ အခုမှပဲ ပေါ်လာတော့တယ် ”
“ မျှော်တာ ၊ ပေါ်တာတွေ ဖယ်ထားလိုက်စမ်းပါဦး ၊ အခုတွေ့ရတာပဲ တော်လှပြီ ၊ ရှေ့ဆိုရင် ဒီထက်ကြပ်တော့မယ် ၊ အခုတောင် အလစ်မနည်းစောင့်ပြီး ပြေးခဲ့ရတယ် ”
“ ပြောစမ်းပါဦး ၊ ဘာပြုလို့ ရှေ့ကိုပိုပြီး ကြပ်တော့မှာလဲ ”
“ ကိုကို မသိသေးဘူးလား ”
“ ဪ . . မသိလို့ မေးနေတာပေါ့ ”
“ မသိရင်သာ နေရမယ် ၊ မေမေက ရီရီ ကို ကိုဘသိန်းနဲ့ ပေးစားတော့မလို့ ”
“ အလိုလေး . . ဘုရားရေ . . ဘယ့်နှယ်ဖြစ်ရတာတုန်း ”
“ ရီရီ က ဖြစ်ရတာ မဟုတ်ပါဘူး ၊ မေမေ က ဖြစ်နေတာ ”
“ ယောက်ျား ပေးစားတော့မယ်တဲ့လား ”
“ ဟုတ်တယ် ”
“ ဘယ်သူနဲ့တဲ့လဲ ”
“ ကိုဘသိန်းနဲ့ ”
“ ဪ . . ကိုဘသိန်းနဲ့လား ”
“ ဟုတ်တယ် ”
“ ဘယ်က ကိုဘသိန်းတဲ့လဲ ”
“ ခက် များ ခက်ရချည်တော့နော် ၊ ဪ . . ကိုဘသိန်းနဲ့လား ဆိုတော့ သူပဲ သိနေသလိုလို ” ဟု လှရီကပြောပြီး ဆက်လက်၍
“ ကိုဘသိန်းဆိုတာ အခု အောက်လွှတ်တော် အမတ် ၊ ရန်ကုန်က မဟုတ်ဘူး ၊ တစ်မြို့က ၊ ကောလိပ်မှာ ဘီအေအောင်ပြီးနောက် ဘီအယ်လ်ကို ဝင်ဖြေပြီးတော့ ရှေ့နေလုပ်နေတယ် ၊ ကောလိပ်တုန်းက သမဂ္ဂအသင်းတွေ ၊ ဘာတွေထဲမှာလဲ ဥက္ကဋ္ဌလား ၊ ဘာလားမသိဘူး လုပ်ခဲ့တယ် ၊ တချို့ကလဲ ဒီလူဟာ ကောလိပ်မှာ နိုင်ငံရေး လိုက်စားကတည်းက ရူးတူးတူး ၊ ပေါတောတော ဖြစ်နေတယ်လို့ ပြောတာပဲ ၊ ရူးတာက ကိစ္စမရှိဘူး ၊ အခုဘတ်ဂျက် အစည်းအဝေးမှာ ရန်ကုန်လာရင် ရီရီတို့အိမ်မှာ တည်းမလို့တဲ့ ၊ အဲဒါ ဘယ့်နှယ် လုပ်ရမလဲ မသိဘူး ”
“ အို . . မခက်ပါဘူး ၊ ထိုသူအိမ်လာပြီး ရိသဲ့သဲ့စကားပြောရင် မျက်နှာကို လက်ဝါးနဲ့သာပစ်ပြီး အုပ်လိုက်ရင် ပြီးတာပဲ ”
“ ဒီလိုလုပ်တိုင်းသာ ဖြစ်ရမယ်ဆိုရင်တော့ ပူပါ့မလား ကိုကိုရာ ၊ မေမေဟာ ဒီတစ်ခုကို သူသဘောကျတယ်ဆိုရင် သူ့အလိုအတိုင်း မလုပ် မနေရဘူး ၊ သူအခု ပေးစားချင်တယ်ဆိုတာလဲ အတင်း ပေးစားတော့တာပဲ ”
“ ဒီလိုဆိုရင် အခုတစ်ခါတည်း ကိုကို့နောက် လိုက်ခဲ့ပါတော့လား ”
“ ဟင့်အင်း . . ဟင့်အင်း . . ရီရီ ခိုးရာတော့ ဘယ်တော့မှ မလိုက်ချင်ဘူး ၊ မေမေ သဘောတူမှ ယူချင်တယ် ”
“ ဒီလိုဆိုရင် မေမေသဘောတူနေတာက တစ်ယောက်ဖြစ်နေတော့ ကိုကို မျှော်လင့်ချက် မရှိတော့ဘူးပေါ့ ”
“ မပြောနိုင်သေးဘူး ၊ တစ်နေ့ကျရင် မေမေ ကိုဘသိန်းအပေါ်မှာ သဘောမကျဘဲ ဖြစ်ချင်လဲ ဖြစ်သွားမှာပဲ ၊ မေမေဟာ ဒီလိုပဲ လူတစ်ယောက်ကို သဘောကျမိရင်လဲ ချက်ချင်းပဲ ၊ မုန်းချင်ရင်လဲ ချက်ချင်းပဲ ”
ခင်မောင်မှာ မိမိပေါ်တွင် မြင်မြင်ချင်း အမုန်းခံခဲ့ရသည်ကို စဉ်းစားမိကာ “ အင်း . . ဟုတ်တယ် ” ဟု ပြောလေ၏ ။
“ ဟုတ်မနေနဲ့ဦး ၊ ကြံလဲ ကြံစမ်းပါဦး ”
“ အခုပုံတော့ ဘာမှ မကြံနိုင်ဘူး ၊ နောင်ခါလာနောင်ခါဈေး ဆိုသလို ပျော်ပျော်ပဲ နေရုံပေါ့ ”
“ ကိုကိုသာ ပျော်နေ ၊ ရီရီတော့ သိပ်စိတ်ညစ်တာပဲ ” ဟု ဆိုကာ လှရီသည် လက်ပတ်နာရီကလေးကို လှမ်း၍ကြည့်ပြီးလျှင်
“ သွားမယ်ကိုကို ၊ မေမေက ကြာတယ်ဆိုပြီး ဆူနေဦးမယ် ” ဟု ပြောပြောဆိုဆို ထွက်လာခဲ့လေ၏ ။
လှရီသည် ဇရပ်သို့ ပြန်လည်ရောက်ရှိလာသည့်အခါ မိခင်ဒေါ်မြမေနှင့် သင်္ဂြိုဟ်ဆရာ ဆရာဖေတို့မှာ အလွန်ပင် အလွမ်းသင့်နေကြသည်ကို တွေ့ရရုံမျှမက မိခင်က “ ဒီလိုဆိုရင် ဆရာ ကျွန်မတို့ အိမ်မှာ လာပြီး တစ်လလေးသီတင်း ဆိုသလို တရားအားထုတ်နေပါလား ၊ ဒီမှာဆိုတော့ တရားအားထုတ်ရပေမယ့် စားရေး ၊ သောက်ရေးအတွက် ခက်သေးတယ် ၊ ကျွန်မတို့အိမ်မှာဆိုရင် ဘာမှ ပူစရာ မရှိဘူး ၊ အားနာစရာလည်း မရှိပါဘူး ” ဟု ပြောသံကို ကြားလိုက်ရလေ၏ ။ ထိုသို့ ပြောလိုက်သည့်အတိုင်းပင် နောက်တစ်နေ့တွင် လှရီတို့အိမ်သို့ ဆရာဖေ ရောက်ရှိလာလေ၏ ။
ဒေါ်မြမေသည် ဆရာဖေအား အိမ်ဦးခန်းတွင်ထား၍ ဝတ်ကြီးဝတ်ငယ် ပြုစုကျွေးမွေးထားလေရာ လှရီ မှာ ဆရာဖေရောက်သည့်နေ့ကစ၍ ဆရာဖေ စားရေး ၊ သောက်ရေး ၊ နေရေး ၊ ထိုင်ရေးအတွက် တစ်နေ့မျှ မအားရအောင် ပြုလုပ်ရရှာလေ၏ ။ ဆရာဖေကလည်း ယခုကဲ့သို့ ပူပင်ကြောင့်ကြမရှိ နေထိုင်ရသည့်အတွက် ထိုအိမ်ကပင် မသွားချင်တော့သလောက်ဖြစ်မိကာ ဒီကျောင်းအစ်မကြီး ငါ ယူရရင်ဖြင့် တစ်သက်ပန် အေးအေးချမ်းချမ်း နေရတော့မှာပဲဟု တစ်ခါတစ်ခါ တွေးမိလေ၏ ။
ဆရာဖေ ရောက်ရှိ၍ ရက်သတ္တနှစ်ပတ်မျှ မကြာရှိမီပင် ဘသိန်းသည် လွှတ်တော်အစည်းအဝေး တက်ရောက်ရန် ရောက်ရှိ၍လာကာ လှရီ တို့ထံ၌ တည်းခိုလေ၏ ။ ဘသိန်းသည် ဒေါ်မြမေ၏ အိမ်ရှေ့တွင် လူပိုတစ်ယောက် ရောက်ရှိနေသည်ကိုတွေ့ရသဖြင့် ထိုသူကို ဒေါ်မြမေ က ယူ၍များ ထားလေရော့သလား ၊ သို့တည်းမဟုတ် ဒေါ်မြမေ လိုလိုနှင့် လှရီ အား ချိန်နေသည့် ကြောင်သူတော်များလားဟု မသင်္ကာဖြစ်မိကာ ဆရာဖေ ၏ အနေအထိုင် ၊ အသွားအလာ ၊ အပြောအဆိုတို့ကို မကြာခဏ ချောင်းမြောင်း စူးစမ်း ကြည့်ရှုလေ့ရှိပေ၏ ။
ထိုသို့ ဘသိန်း၏ တိတ်တဆိတ် ချောင်းမြောင်းခြင်းကို ဆရာဖေလည်း အကဲခတ်မိလေရာ တစ်ရက်ထက်တစ်ရက် ကြာ၍လာရာတွင် ဆရာဖေသည်ဘသိန်းပေါ်တွင် မနှစ်သက်သောစိတ်များ ပွားများပေါ်ပေါက်လာကာ ဘသိန်းနှင့် မျက်နှာကြောမတည့်ဘဲ ရှိလာလေ၏ ။ ဘသိန်းကလည်း မိမိအပေါ်တွက် ဆရာဖေ မနှစ်မြို့ခြင်းမှာ ဆရာဖေသည် ဒေါ်မြမေ ကို ကြံစည်နေသည့်အတွက် ၎င်း၏ အကြံ ပျက်ပြားမည်စိုး၍ မိမိပေါ်တွင် မလိုခြင်း ဖြစ်ပေလိမ့်မည်ဟု တွေးမိသောကြောင့် အကယ်၍ ဒေါ်မြမေ နှင့် ဆရာဖေ တို့ ပေါင်းသင်းကြလျှင် မိမိမှာ ဆရာဖေအား ယောက္ခမ တော်ရမည် ဖြစ်သည့်အတွက် ဘသိန်းမှာ နဂိုက ဆရာဖေ အပေါ်တွင် စေတနာကောင်း မရှိရသည့်အထဲတွင် သင်္ဂြိုဟ်ဆရာတစ်ယောက်ကို အောက်လွှတ်တော်အမတ်တစ်ယောက်က ယောက္ခမတော်ရမည်မှာ ရှက်စရာကောင်း သကဲ့သို့ သဘောပိုက် မိလျက် ဆရာဖေ အပေါ်တွင် မလိုမုန်းတီးသော စိတ်များ ဖြစ်ပေါ်မိလေ၏ ။
သို့အားဖြင့် တစ်ယောက်ကိုတစ်ယောက် မနှစ်မြို့ဘဲ ရှိနေကြသည့်အလျောက် တစ်နေ့သောညတွင် ညစာ စားပြီးကြ၍ပြီးသည့်နောက် လှရီသည် ဘသိန်း နှင့် ထိုင်၍ စကားပြော မနေလိုသောကြောင့် တိတ်တဆိတ် ရှောင်လွှဲ၍ ထွက်ခဲ့ပြီး အိမ်ဘေးပတ်လည်ရှိ ခြံထဲတွင် ရှောင်၍ နေလေ၏ ။ သို့ရာတွင် ဘသိန်း မှာ လှရီ ကို အလွတ် မခံလိုသည့်အလျောက် လှရီ နောက်သို့ လိုက်လံရှာဖွေလေ၏ ။ ဒေါ်မြမေ ကား အိမ်ပေါ်တွင် ကျမ်းစာအုပ်တစ်အုပ်ကို ဖတ်ရင်း ကျန်ရစ်၍ ဆရာဖေမှာမူ အိမ်နောက်ဘေးရှိ ရေမြောင်းနံဘေး၏ အငူစွန်းကလေးတစ်ခုပေါ်တွင် ထိုင်ရင်း ပုတီးစိတ်၍နေလေ၏ ။
ဆရာဖေ သည် ပုတီးစိတ်၍ ကိုးပတ်ခန့်မျှ ရရှိသောအချိန်တွင် မိမိ၏နောက်ဘက်ရှိ စံပယ်ချုံဆီမှ တချွတ်ချွတ် မည်သောအသံများကိုကြားရသဖြင့် ရုတ်တရက် ပုတီးစိတ် ရပ်၍ သွားလေ၏ ။ ထိုနောက် မှ မိမိတရားအားထုတ် နေခြင်းကို ပျက်ပြားစေရန် မကောင်းဆိုးဝါးများ လာရောက် နှောင့်ယှက်နေပြီဟု ယူဆကာ အသံမထွက်ဘဲ တဖွဖွရွတ်ဆိုကာ မေတ္တာပို့လေ၏ ။ သို့ရာတွင် တချွတ်ချွတ် မြည်သောအသံများမှာ ပပျောက်၍ မသွားသည့်ပြင် ပို၍ပင် ကျယ်လောင်လာသကဲ့သို့ ကြားရသဖြင့် မိမိ၏ မေတ္တာပို့ ၊ ပရိတ်ရွတ်ခြင်းကိုပင် မကြောက်ရွံ့ဘဲ ပိုမို၍ ကဲနေခြင်းကိုထောက်သော် ဘုန်းကြီးတစ္ဆေ ဖြစ်တန်ရာသည်ဟု အောက် မေ့လျက် ပုတီးစိတ်ခြင်းကို ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ စံပယ်ချုံဆီမှ ခပ်မည်းမည်းသဏ္ဍာန်များကို တွေ့ရသောကြောင့် ပိုမို၍ ထင်ထင်ရှားရှားသိမြင်လိုသောစိတ်ဖြင့် ခြေဖျားထောက်လျက် အနားသို့ တိုးသွားလေ၏ ။ သို့ရာတွင် မည်းမည်း သဏ္ဍာန်များကို ကွဲပြားစွာ မမြင်ရသေးသော်လည်း “ ချစ်လွန်းလို့ပါ ရီရီရယ် ၊ ရီရီ့အပေါ်မှာ တကယ့်မေတ္တာ ထားတဲ့အတွက် ” စသဖြင့် ကြားလိုက်ရသောကြောင့် မိမိသာလျှင် မေတ္တာပို့နေသည်မဟုတ် ၊ ထိုမည်းမည်း သဏ္ဍာန်တို့လည်း မေတ္တာပို့နေကြပါကလားဟု တွေးမိလျက် တိုးသည်ထက် တိုး၍ သွားသည်တွင် လှရီအား ဘသိန်းက ချစ်ကြိုက်စကားပြောနေခြင်းဖြစ်သည်ကို တွေ့ရသည်အတွက် မိမိအား မြင်၍ မသွားစေရန် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားရာတွင် သတိလစ်၍ လျှောက်ခဲ့မိခြင်းကြောင့် ကျောက်ခဲတစ်လုံးကို နင်းမိကာ ခြေခေါက် အားလွန်၍သွားပြီး ရေမြောင်းထဲ ဝုန်းခနဲကျသွားလေ၏ ။
ဘသိန်းမှာ ဝုန်းခနဲမြည်သောအသံကြောင့် မိမိ၏ နှစ်ပါးသွား သစ္စာထားကို ဆက်လက်၍ စခန်းသွားရန် အာရုံပြတ် သွားပြီး “ ဟေ့ . . ဟိုမှာ ဘယ်သူလဲ ၊ ဘယ်သူလဲ ” ဟု ပျာပျာသလဲ မေးလိုက်လေ၏ ။
သို့ရာတွင် အမှောင်ထဲမှ အဖြေ ထွက်ပေါ်၍ မလာဘဲ ရေထဲတွင် ကူးခတ်နေသည့် အသံကိုသာ ကြားရသောကြောင့် ရေမြောင်းနံဘေးသို့ ပြေးသွားကာ ရပ်၍ကြည့်ရင်း “ ဟေ့ . . ဘယ်သူလဲ ၊ ဘယ်မှာလဲ ” ဟု မေးလေ၏ ။ လှရီ လည်း ၎င်း၏ နောက် မှ လိုက်သွားကာ ရေထဲသို့ ဟိုဟိုဒီဒီ ကြည့်ပြီးနောက် “ ဟော . . ဟိုမှာ ၊ ညာဘက် မှာ ၊ ညာဘက် မှာ ” ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဘသိန်းမှာ စိတ်မြန် ၊ လူမြန်တစ်ယောက်ဖြစ်သည့် အလျောက် ဒိုင်ဗင်ထိုး၍ ဆင်းသကဲ့သို့ ရေမြောင်းထဲသို့ ခုန်ဆင်းကာ ရေထဲ၌ ကူးခတ်သံပေါ်လာရာ အနားဆီသို့ ကူးသွားလေ၏ ။
ဘသိန်းမှာ ဆရာဖေ၏ အနီးသို့ ရောက်သောအခါ မှောင်မည်းနေသဖြင့် ဆွဲမိဆွဲရာ အတင်းဆွဲလိုက်ရာ ဆရာဖေ ၏ သျှောင်ကို ဆွဲမိသည့်အတွက် စောစောက ပုတီးစိပ်ခဲ့သည့် သိက္ခာတို့ကို မေ့လျော့ပြီး “ ဟဲ့ မအေ . . ၊ ဟဲ့ ၊ ခွေးမသား ” နှင့် ရေရွတ်ရင်း မိမိအား ကယ်ဆယ်ရန်လာသူကို ပြန်၍ တွန်းထိုးလိုက်ရာ ဘသိန်းသည် ကျောင်းတွင် နေစဉ်က ဖတ်ခဲ့ဘူးသော ရေကူးနည်းစာအုပ်ထဲ၌ ရေနစ်သူကို ကယ်ဆယ်လျှင် ရေနစ်သူက ရုန်းကန် နေက တစ်ချက်တည်း မေးရိုးကို လက်သီးနှင့် ထိုးပြီး မေ့သွားသည့်အခါမှ ကယ်ဆယ်ရမည် ၊ သို့မဟုတ်လျှင် နှစ်ယောက်စလုံး ရေနစ်တတ်သည် ဟူသော အချက်ကို သတိရ၍ ဆရာဖေ၏ မေးရိုးကို ချိန်၍ထိုးလိုက်ရာ မေးရိုးကို မထိဘဲ မျက်ခွက်ကိုထိုးမိသဖြင့် ” အောင်မယ်လေးဗျ ” ဟု အော်ကာ နောက်သို့လန်၍ ရေထဲတွင် မြုပ်သွား ပြန်လေ၏ ။
ထိုအခိုက်တွင် လှရီသည် ရေထဲမှလူများ တက်နိုင်ဖို့ရန်အလို့ငှာ ခြံခေါင်းရင်း၌ရှိသော ဝါးလုံးရှည်တစ်ချောင်းကို ဆွဲယူကာ ထွေးလုံးနေသော သူများဘက်သို့ လှမ်းပေးလိုက်ရာတွင် “ ရေနစ်သူ ဝါးကူ၍ထိုး ” ဆိုသည့်အလား ဘသိန်း ၏ ဗိုက်ကို ထိုးမိသည့်အတွက် ဘသိန်းမှာ အင့်ခနဲ တစ်ချက် မျှအော်နိုင်ပြီး ရေထဲ၌ ဖင်ထိုင်ကျကာ မြုပ်၍ သွားလေ၏ ။
ဘသိန်း မြုပ်၍အသွားတွင် ဆရာဖေ ပေါ်လာပြီး ဝါးလုံးကိုမြင်သဖြင့် လှမ်း၍ဆွဲကာ ကုန်းပေါ်သို့ တက်လာပြီး လှရီ ကိုပင် မကြည့်တော့ဘဲ ခေါင်းငိုက်စိုက်ကြီး ချလျက် အိမ်ဘက်ဆီသို့ ပြေးလေ၏ ။ လှရီသည် ရေထဲ၌ဘသိန်း တစ်ယောက်တည်းသာ ကျန်တော့သည်ကိုသိသောကြောင့် သူ့ထိုက်နှင့် သူ့ကံ ၊ တက်ချင်သလို တက်ပါစေဟု သဘောထားကာ ဝါးလုံးကို ဘသိန်း လှမ်း၍ ဆွဲမည်အပြု ၊ ကုန်းပေါ်သို့ ဆွဲတင်လိုက်ပြီး မှောင်ထဲတွင် ပျောက်၍ သွားလေ၏ ။
သို့ရာတွင် လှရီမှာ အိမ်သို့ ပြန်၍မသွားဘဲ မိမိ၏ ရည်းစား ညအချိန်လာ၍ တွေ့နေကျနေရာသို့ ရောက်ရှိသွားကာ အသင့်စောင့်နေသော ခင်မောင် ကို တွေ့ရလေ၏ ။
“ ရီရီတို့ အိမ်နောက်ဘေးမှာ စောစောက ဘာဖြစ်တာတုန်း ”
လှရီသည် စကားမပြောရမီကပင် အူနှိပ်၍ရယ်ပြီးနောက် ဖြစ်ပျက်ပုံများကိုပြောပြရာ ခင်မောင်မှာလည်း ရော၍ရယ်မိလေ၏ ။
ထိုနောက် ခင်မောင်က တစ်စုံတစ်ရာတွေးမိ၍ “ ဟာ . . ဒါဖြင့် နေရာကျတာပဲ ” ဟု အရင်းမရှိ အဖျားမရှိ ပြောလိုက်လေရာ လှရီက “ ဘာနေရာကျတာလဲ ” ဟု မေးလေ၏ ။
“ ဒီလိုလုပ်ပါလား ” ဟုဆိုကာ ခင်မောင်သည် လှရီအား တစ်စုံတစ်ရာ ပြုလုပ်ရန် သွန်သင်အကြံပေးလိုက်ရာ လှရီမှာ များစွာ သဘောကျသွားကာ “ ဒါဖြင့် ပြောနေကြာတယ် အချိန်မရှိဘူး ၊ မြန်မြန်သွားမှပဲ ” ဟု ဆိုကာ ခင်မောင်ထံမှ ခွဲခွာ၍ လာခဲ့လေ၏ ။
လှရီ သည် အိမ်ထဲသို့ရောက်ရှိသည့်အခါတွင် အဝတ်အစား လဲပြီးခါစဖြစ်သော ဘသိန်း ကို သူ၏အခန်း အပြင်ဘက်တွင် တွေ့ရလေ၏ ။
ဘသိန်းသည် စကားအချီး စ၍မနေဘဲ “ ဒီလူကြီးဟာ ရူးနေတယ် ထင်တယ် ” ဟု ပြောပြီးနောက် လှရီ ၏ ထင်မြင်ချက်ကိုလည်းကောင်း ၊ ငြင်းဆိုချက်ကိုလည်းကောင်း မစောင့်စားဘဲ “ ဟုတ်ပါတယ် ၊ ရူးနေတာ အစစ်ပါပဲ ၊ ရေထဲခုန်ချတာ ကြည့်ပါလား ၊ မရူးရင် ခုန်ချပါ့မလား ” ဟု မိမိပြောခဲ့သော စကားကို မိမိကိုယ်တိုင် ထောက်ခံချက်ပေးလိုက်လေ၏ ။
လှရီသည် ဘသိန်း၏ စကားကို ကြားလိုက်ရလျှင် တစ်စုံတစ်ရာ ကြည်နူးဖွယ်ရာတွေးမိသကဲ့သို့ မျက်လုံးများ ကြည်လင်တောက်ပြောင်လာကာ “ ဆရာဖေ အကြောင်း ရှင်မသိသေးဘူးလား ” ဟု မေးလိုက်လေ၏ ။
“ အင်း . . ဟင့်အင်း ”
“ ဆရာဖေက ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ္တဇရောဂါ ရှိနေတယ် ၊ ရူးနေတယ်ပဲ ဆိုပါတော့လေ အဲ . . ဒါ ကိုယ့်ကိုယ်ကိုမှ မသတ်ရရင် သူများကို လိုက်ပြီး သတ်တတ်တယ် ”
ဘသိန်းမှာ ထိုစကားကိုကြားရလျှင် အသက်မရှူနိုင်ဘဲ မျက်လုံး ပြူး၍သွားလေ၏ ။
“ သူရူးသွားတာ သိပ်မကြာသေးဘူး ၊ ရူးမယ်ဆိုလဲ ရူးစရာပဲ ၊ ရှင်တွေးကြည့်စမ်း ၊ အိမ်အပြန် သားရော ၊ မယားရော ထမင်းစားပွဲမှာ အဆိပ်မိပြီး သေနေတာတွေ့ရရင် ရှင်ဘယ်လိုဖြစ်သွားမလဲ ၊ အဲ . . သူလဲ ဒီလို ဖြစ်သွားတာပဲ ၊ ဒါနဲ့ သူ့ကို စိတ်ငြိမ်ပါစေလို့ ဘုရားတရား အားထုတ်ခိုင်းပြီး စိပ်ပုတီး ပေးထားတာ ၊ ဒါပေမယ့်လဲ တစ်ခါတစ်ခါ သူ့အရူးဟာ ကြမ်းချင်ရင် သိပ်ကြမ်းတာပဲ ၊ အခု တပေါင်းလဆုတ် မဟုတ်လား ၊ အဲ . . အခုလို အချိန်ဆိုရင် ကြမ်းတတ်တယ် ၊ ဒါကြောင့် ဒီလိုဖြစ်နေတာ ”
“ ဒါဖြင့် ခုနက သူ့ကိုယ်သူ သတ်သေရအောင် ကြံတာပေါ့ ”
“ ဟုတ်တယ် ”
“ သူမသေတော့ ၊ ဘယ့်နှယ် လုပ်ဦးမှာလဲ ”
“ သူများ လိုက်သတ်မှာပေါ့ ”
“ ဟိုက် ” ဟု ဘသိန်း၏ ပါးစပ်မှ အသံထွက်သွားပြီး မိမိအား ရန်ငြိုးထားကာ လာ၍များ သတ်နေဦးမလား ဟု စိုးရိမ်ပြီးနောက် “ ဒီလိုဆိုရင် တစ်ခုခုလုပ်မှ ဖြစ်တော့မပေါ့ ” ဟု ဆိုလေ၏ ။
“ ဘယ်နှယ့်လုပ်ပြီး ဖြစ်ပါ့မလဲ ၊ ရူးတယ်ဆိုတာကို လူမသိအောင် လုပ်ထားတာ ၊ မေမေ နဲ့ မောင်နှစ်မ နှစ်ဝမ်းတည်း ကွဲတယ် ၊ ဒါပေမယ့် ဘာမှ မတော်ဘူးလို့ ပြောထားတယ် ၊ သူ့မောင်ထိရင် အင်မတန် စိတ်ဆိုးတယ် ၊ အခုနေ ရှင်သူ့ကို သွားပြီးပြောလို့ ၊ သူထွက်ပြေးရင် မေမေ တစ်ခါတည်း ဒေါပွမှာပဲ ”
“ ဒါဖြင့် သူ့ကို အရိပ်အကဲကြည့်ပြီး ရှောင်ရမှာပဲ ”
“ ဟုတ်တယ် ၊ ဒီနည်းပဲရှိတာပဲ ” ဟု ပြောပြောဆိုဆို လှရီသည် အိမ်ပေါ်ထပ်သို့တက်သွားရာ “ သမီးရေ ” ဟု ခေါ်သံကြားလိုက်ရသဖြင့် “ မေမေ ” ဟု ပြန်၍ထူးကာ ဒေါ်မြမေ ရှိရာသို့ လျှောက်သွားလေ၏ ။
“ ဘာဖြစ်နေကြတာလဲ ၊ စောစောက ဆရာကြီးတစ်ကိုယ်လုံး ရေတွေရွှဲလို့ အိမ်ထဲဝင်ပြေးတာ မြင်လိုက်ရတယ် ”
“ နောက်ဘေးမြောင်းထဲမှာ သတ်နေကြတယ် မေမေရဲ့ ”
“ သတ်နေကြတယ် ၊ ဟုတ်လား ”
“ ဟုတ်တယ် မေမေရဲ့ ၊ ဆရာကြီးက ကိုဘသိန်း ရန်ကိုကြောက်လို့ ထွက်ပြေးပြီး ရေထဲကိုခုန်ချတာ ၊ ကိုဘသိန်းက ရေထဲ ဆင်းလိုက်ပြီး ဆရာကြီး လည်မျိုကို ညှစ်ပြီးတော့ ရေထဲ အတင်းနှစ်တယ် မေမေရဲ့ ၊ သူတို့ စောစောက ရန်စရှိလို့လား မသိဘူး ”
“ ဟုတ်နိုင်ပါ့မလား သမီးရယ် ၊ ဒီအသက် ၊ ဒီအရွယ်ကြီးတွေ ရှိမှပဲ ”
“ ဟုတ်လို့သာ ကျွန်မမြင်တာပေါ့ မေမေရဲ့ ” ဟု ဆိုကာ လှရီသည် ၎င်း၏မိခင်ထံမှ ထွက်ခွာသွားပြီး ဆရာဖေရှိရာ အခန်းသို့ တမင် သွားရောက်ကာ တံခါးခေါက်၍ခေါ်လေ၏ ။
ဆရာဖေသည် အိပ်တော့မယ်ဟု ပိတ်ဖြူလုံချည် ၊ စွပ်ကျယ်အင်္ကျီ ၊ ဝတ်ထားကာ တံခါးဖွင့်၍ ထွက်လာလေ၏ ။
“ ဆရာကြီး ကုသိုလ် သိပ်ကောင်းတာပဲ ၊ ဘုရားသိကြားမလို့ အသက်ချမ်းသာရာ ရတာပဲ ”
ဆရာဖေသည် လှရီ၏ ကရုဏာသံဖြင့် ပြောသည့်စကားကိုနားထောင်ကာ လှရီအား ခင်မင်ကြင်နာသော အမူအရာ များကိုပြလေ၏ ။
“ ဆရာကြီးကို ရေထဲ အတင်းဆွဲနှစ်တုန်းက ကျွန်မသာ မရှိရင် ”
“ ဘာပြောတယ် ၊ ကျုပ်ကို သူရေ ထဲဆွဲနှစ်တာလား ၊ ဟုတ်လား ” ဟု မျက်လုံးပြူးမျက်ဆန်ပြူးလျက် မေးလေ၏ ။
“ ဟင် . . သူ့အကြောင်း ဆရာကြီး မသိသေးဘူးလား ၊ ဘယ်သူမှ သတိ မပေးထားဘူးလား ” ဟု မေးသည်တွင် ဆရာဖေ ခေါင်းခါ၍ပြသောကြောင့်
“ ကိုဘသိန်းတို့ တစ်မျိုးလုံးဟာ အရူးမျိုးတွေ ဆရာကြီးရဲ့ ” ဟု ပြောပြလေ၏ ။
ဆရာဖေသည် အတန်ကြာတွေဝေနေပြီး “ ဒီအရူးဟာ ကြမ်းသလား ” ဟု မေးလေ၏ ။ “ တစ်ခါတစ်ခါ သိပ်ကြမ်းတယ်တဲ့ ၊ လူသတ်ချင်စိတ်တွေ ပေါ်ပေါ်ပြီး လာတတ်တယ်တဲ့ ”
“ ဒါပေမယ့် ဆရာကြီးကတော့ သူ့ကို ဘာမှ မလုပ်ဖူးလို့ ၊ သူဆရာကြီးကို သတ်ချင်ဖြတ်ချင်မယ် မထင်ပါဘူး ၊ မပြောနိုင်ဘူး ဆရာရဲ့ ၊ ဆရာကြီး သူ့ရှေ့မှာ သမ်းဖူးသလား ”
“ အင်း ”
“ ဒါဖြင့် ပြီးပါလေရော ပြီးပါလေရော ၊ ညအိပ်ရင် ဆရာကြီး အခန်းတံခါးကို အလုံပိတ်ပြီးအိပ်ပေတော့ ”
“ ဒီလိုဆိုရင် ဒီအရူးကို ဘာပြုလို့လွှတ်ထားကြတာလဲ ”
“ အခုထက်ထိတော့ ဘာမှမလုပ်သေးလို့ ကြည့်နေရတာပေါ့ ၊ တကယ်လို့ ဒီည ဆရာကြီးကို သတ်ရင် နက်ဖြန် အရူးထောင် ပို့မှာပါ ”
“ ကျောင်းအစ်မကြီး မသိသေးဘူးလား ၊ ဒီအကြောင်းတွေ ”
လှရီသည် မိမိပါးစပ်တွင် လက်ညှိုးဖြင့်ပိတ်လျက် “ အို ဒီစကားတွေ မေမေ့ကိုတစ်ခွန်းမှ ပြောမပြနဲ့နော် ၊ မေမေက လူသိမှာ သိပ်စိုးတာ ၊ ဆရာကြီးသာ ဂုဏ်တော်တစ်ထောင်ပုတီးစိပ်ပြီး ဘုရားတရားအောက် မေ့ပြီး အိပ်ပေတော့ ” ဟု ပြော၍ ထွက်လာလေ၏ ။
မကြာမီ လှရီသည် ဘသိန်း၏ အခန်းသို့ ရောက်သွားပြီး တံခါးခေါက်၍ ခေါ်ကာ “ ကိုဘသိန်း ဆရာကြီးအခန်းထဲမှာ သင်တုန်းဓား တစ်ချောင်း ရှိတယ် ၊ အဲ . . ဒါကို ရအောင်ယူပေတော့ ၊ သူဟာ ဓားကိုမြင်လျှင် သတ်ဖို့ဖြတ်ဖို့ သတိရပြီး ဒီည အခန်းပြင်ထွက်ပြီး လိုက်သတ်နေမယ် ” ဟု ပြောပြကာ မိမိ၏ အခန်းသို့ အိပ်ဖို့ ပြန်သွားလေ၏ ။
ဘသိန်းမှာ သင်တုန်းဓားဟူသော စကားကိုကြားလျှင် မိမိ၏ လည်ပင်းကို စမ်း၍ ကြည့်မိလေ၏ ။ ထိုသို့စမ်း ကြည့်ရင်း မိမိ၏လက်ချောင်းများ လည်ပင်းကိုထိသည်နှင့် တစ်ပြိုင်နက် တစ်ကျောလုံး စိမ့်၍သွားကာ မိမိ လက်ချောင်းများကို ဓားသွားအမှတ်ဖြင့် ယောင်ယမ်း၍ အော်လိုက် မည်ကဲ့သို့ ပြုမိပြီးမှ ပြန်၍ သတိရလေ၏ ။
ဘသိန်း သည် ဓားကို သတိရနေသဖြင့် ထိုင်၍မရ ၊ ထ၍မရ ၊ အိပ်၍လည်း စိတ်မချဘဲ ရှိရာက ဆရာဖေ၏ ဓားကို ရအောင်ယူမှပဲဟု စိတ်ကို ပိုင်းဖြတ်လိုက်ပြီး ဆရာဖေ၏ အခန်းသို့ သွားရောက်ကာ တံခါး ခေါက်လိုက်လေ၏ ။
“ ဘယ်သူလဲ ” ဟု အခန်းထဲမှ ဆရာဖေ၏ အသံ ထွက်လာလေ၏ ။
ဘသိန်းမှာ ဆရာဖေ မအိပ်သေးဟု သိရ၍ စိတ်သက်သာသွားကာ “ ကျွန်တော် ဝင်ခဲ့ရမလား ” ဟု မေးလိုက်လေ၏ ။
“ ဘယ်သူလဲ ”
“ ကျွန်တော်ပါ ဘသိန်းလေ ”
“ ဘာလုပ် မလို့လဲ ”
“ ဓား လိုချင်လို့ပါ ၊ ဓား . . သင်တုန်းဓား . . ”
“ ဘာ ”
“ ဓားလေ . . သင်တုန်းဓား ” ဟု ဘသိန်းက ဖြေလိုက်သည်တွင် နောက်ထပ် ဘာသံမျှမကြားရတော့ဘဲ အခန်းထဲ၌ တိတ်၍နေလေ၏ ။ ဘသိန်းသည် ထပ်၍ ခေါက်လေ၏ ။ အခန်းထဲ၌ အနည်းငယ်မျှ လှုပ်ရှားသံ ကြားရလေ၏ ။ နောက်ထပ် ခေါက်လိုက်ပြန်လေ၏ ။ အခန်းထဲ၌ ခပ်ညံညံ ကြားလိုက်ရပြီးနောက် အခန်းတံခါးကို စားပွဲ ကုလားထိုင်များနှင့် အတွင်းဘက် မှနေ၍ ကာရံ ပိတ်ဆို့ထားသည်ကို သိရလေ၏ ။
ထိုအခါ ဘသိန်းသည် စိတ်လျှော့လိုက်ပြီးနောက် မည်သို့ လုပ်ရပါမည်နည်းဟု အကြံထုတ်ရာက ဆရာဖေ၏ အခန်းအပြင်ဘက် ဝရန်တာနှင့် ကပ်လျက်ရှိသည့် ပြတင်းပေါက်မှနေ၍ ဆရာဖေအိပ်ပျော်စဉ် ဝင်ရောက်၍ ယူရန် အကြံရပြီး မိမိလက်ပတ်နာရီကို ကြည့်လိုက်ရာ ဆယ့်တစ်နာရီ ကျော်ကျော်မျှသာ ရှိသေးသည်ကို တွေ့ရသဖြင့် ညဉ့် နှစ်ချက်ထိုးလောက် မှ ဝင်ရောက်ရန် စိတ်ကူးလျက် မိမိအခန်းသို့ ပြန်လာခဲ့လေ၏ ။
ဘသိန်း၏ခြေသံများပျောက်ကွယ်သွားပြီကိုသိမှ အခန်းတွင်းရှိ ဆရာဖေမှာ စိတ်သက်သာရာ ရသွားလေ၏ ။ သို့သော်လည်း လှရီ ပြောသည့် စကားများနှင့် ဘသိန်း ဓားလာ၍တောင်းခြင်းကို ဆက်စပ်ပြီး တွေးလိုက် မိသည့်အခါ ကြက်သီးမွေးညင်းထသွားပြီး စိပ်ပုတီးကိုကောက်ကိုင်ကာ အိပ်ရာထဲတွင်လှဲရင်း ဖုဋ္ဌဿလောကဓမ္မေဟိ ၊ စိတ္တံယဿ ၊ နကမ္ပတိ ၊ ဟု အထပ်ထပ်ရွတ်ဆိုကာ ရဲဆေးတင်လေ၏ ။ သို့ရာတွင် ဖုဋ္ဌဿ အခါတစ်ရာပြည့်သည်တိုင်အောင် ကြောက်စိတ် မကုန်သေးဘဲ နည်းနည်းမှ မအိပ်ချင်သေးဘဲ ရှိလေ၏ ။
ဖုဋ္ဌဿ တစ်ရာ့ငါးဆယ်ခန့်ရှိလာသောအခါ အနည်းငယ် မျက်လုံးများ ဖန်၍လာလေ၏ ။ ဖုဋ္ဌဿ နှစ်ရာတစ်ဆယ့် ခုနှစ်ကြိမ်မြောက်ပြီးနောက် နှစ်ရာတစ်ဆယ့်ရှစ်ကြိမ်ဘက် အကူးတွင် ဖုဋ္ဌဿ လောကဓမ္မေ ရောက်ရုံနှင့်ပင် အိပ်ပျော်လေတော့၏ ။
မကြာမီ အောက်ထပ်ဧည့်ခန်းရှိ တိုင်ကပ်နာရီကြီးမှ နှစ်ချက်တီးခေါက်သံပေါ်လာလေ၏ ။ ထိုအသံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘသိန်းသည် ချွတ်ခနဲနင်းကာ ထွက်ပေါ်လာကာ ဆရာဖေအိပ်သော အခန်းအပြင်ဘက်ရှိ ဝရန်တာမှနေ၍ ပြတင်းပေါက်ကို ကျော်၍ဝင်ရန် ကြိုးစားတက်လေ၏ ။
ဘသိန်းမှာ အသံမကြားရအောင် ပြတင်းပေါက်ပေါင်ပေါ်သို့ လှမ်းတက်ရောက်ရှိသွားပြီးနောက် အခန်းတွင်းသို့ အသံမကြားရအောင် ဆင်းဖို့ အကြံထုတ်ရပြန်လေ၏ ။ ထိုသို့ဆင်းရာတွင် ခုန်၍ချလိုက်က အသံ မြည်၍သွားမည် ဖြစ်သည့်အတွက် လျှော၍ ဆင်းမှပဲဟု နှလုံးပြုကာ တဖြည်းဖြည်း လျှော၍ဆင်းရင်း တစ်စုံတစ်ရာကို ခြေဖျားထောက် မိသည့်အခါမှ ကြမ်းပေါ်တွင်ခြေတင်မိပြီဟု စိတ်ချကာ တစ်ကိုယ်လုံးဖိ၍နင်းလိုက်ရာ မိမိ ခြေဖျားအောက်တွင် ရှိသည့်အရာမှာ ကြမ်းပြင်မဟုတ်ဘဲ ထွေးခံဖြစ်သည့်အတွက် ခြေချော်၍ကျသွားပြီး ထွေးခံနှင့်သူ တစ်ပတ်စီ လိမ့်၍သွားလေ၏ ။
ဆရာဖေသည် အခန်းထဲမှဆူညံသံကြားရ၍ ဓာတ်မီးခလုတ်ကို ဖွင့်လိုက်ရာ ကြမ်းပေါ်တွင် အလျားလိုက် မှောက်လဲ နေရာက ရှေ့လက်နှစ်ချောင်းထောက်၍ ထကာ ဇာတ်ထဲက ကျားလုပ်သူ၏ သဏ္ဍာန်ကဲ့သို့နေသော ဘသိန်း နှင့် မျက်နှာချင်းဆိုင်ကြည့်နေမိပြီး ဆရာဖေမှာ ကလေးကို အရုပ်ပြ၍ အခြောက်ခံရသကဲ့သို့ ခုတင်ခေါင်းရင်းတိုင် ဘက်သို့ ဖင်ရွှေ့သွားကာ ကြောက်ဆုတ်ဆုတ် လုပ်နေလေ၏ ။
ဘသိန်း သည် အလျားမှောက် လက်ထောက်နေရာက မထသေးဘဲ ဆရာဖေအား တောင်းပန်သည့်ဟန်ဖြင့် ကြည့်ကာ ” ဆရာဟို . . အင်း ” ဟု ပြောရင်း စကားမထွက်ဘဲ ရှိလေ၏ ။
ဆရာဖေကလည်း တစ်စုံတစ်ရာ ပြန်၍ပြောလိုက်သော်လည်း ကြောက်ရွံ့ခြင်းဖြင့် အသံကပ်၍ နေသောကြောင့် လည်ချောင်းထဲတွင် ငါးရိုးစူးနေသည့်ကြောင်အော်သံကဲ့သို့ မြည်လေ၏ ။
“ ကျွန် . . ကျွန်တော် . . ဟို . . ဟိုဒင်း လိုချင်လို့ ” ဟု ပြောရာက ဘသိန်းသည် အဝတ်ထည့်သော မှန်တင်ခုံပေါ်ရှိ သင်တုန်းဓားကိုမြင်ကာ “ ဟော . . ဟိုမှာ ” ဟု အသံထွက်လေ၏ ။ ဆရာဖေလည်း ဘသိန်း ကြည့်ရာဘက်သို့ လိုက်ကြည့်ရာ သင်တုန်းဓားကို တွေ့ရ၍ မျက်စိမျက်နှာ ပျက်သွားပြီး နှစ်ယောက်စလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ၊ သင်တုန်းဓားကို ကြည့်လိုက်နှင့် ရှိကြကာ မည်သူမျှ မျက်နှာတွင် သွေးမရှိတော့ဘဲ ဖြစ်နေကြလေ၏ ။
ထို့နောက် နှစ်ယောက်စလုံး သင်တုန်းဓားကို ဦးအောင် လုကြမည် အလုပ်တွင် အထွက်ချင်းတူနေသဖြင့် နှစ်ယောက်စလုံး ပြန်၍ဆုတ်သွားကာ အပြေးပြိုင်ရန် တာစူ၍ နေကြပြန်လေ၏ ။ ထိုသို့ တာစူနေကြရာက ဘသိန်းသည် ငယ်ရွယ်သူဖြစ်သဖြင့် ပို၍ လျင်မြန်ဖျတ်လတ်သည့်အလျောက် ဆရာဖေ သတိအလစ်တွင် အတင်းပြေး၍ ဓားကို ဆွဲလိုက်လေရာ ဘသိန်း၏ လက်ထဲသို့ ဓားရောက်သွားသည်ကိုတွေ့ရသည်နှင့် တစ်ပြိုင်နက် ဆရာဖေသည် ခုတင်အောက်သို့ အတင်းပြေး၍ ဝင်လေ၏ ။
ဘသိန်းမှာလည်း ဓားရသည်နှင့်တစ်ပြိုင်နက် ဆရာဖေ ခုတင်အောက်က ထွက်၍ တစ်စုံတစ်ရာ လုပ်မည်လောဟု တွေးတောကြောက်ရွံ့ကာ အခန်းထဲက မည်သို့မည်ပုံ မိမိထွက်လာခဲ့ရသည်ကိုပင် မမှတ်မိနိုင်အောင် ပြတင်းပေါက်ဆီသို့ အတင်းပြေး၍ ခုန်ဆင်းထွက်ခဲ့ရလေ၏ ။ ဘသိန်း ထွက်သွားသည့်အခါမှ ဆရာဖေ မှာ ခုတင်အောက်က ထွက်လာရဲပြီးလျှင် ပြတင်းပေါက်ကိုအလုံပိတ်ကာ အိပ်ရာပေါ်တွင် လှဲပြီး “ ဖုဋ္ဌဿ လောကဓမ္မေဟိ ” ဖြင့် မိမိကိုယ်ကို မိမိပြန်၍ သိပ်ရလေ၏ ။
ထိုညက အဖြစ်အပျက်ကို လှရီ မှာ ဘာမှ မသိသေးဘဲ နောက်နေ့ နံနက်တွင် ထမင်းစားခန်း၌ လက်ဖက်ရည် သောက်ရန်ပြင်ဆင်ရင်း သတင်းစာဖတ်နေရာက ပထဦးဆုံးဝင်လာသူ ဆရာဖေ ကို တွေ့လိုက်ရ၍ ၎င်းမျက်နှာမှာ မကြည်သာသည်ကိုမြင်ရမှ ညက တစ်စုံတစ်ရာဖြစ်ပြီကို ရိပ်မိပြီး မရယ်မိအောင် စိတ်ကို မနည်းနှိမ်နင်း ထားရလေ၏ ။
“ ဆရာကြီး ညက ကောင်းကောင်း အိပ်ရရဲ့လား ”
“ မအိပ်ရဘူး တူမရဲ့ ၊ အသည်း တထိတ်ထိတ်နဲ့ နေရတာပဲ ” ဟု အစချီပြီး ဖြစ်ပျက်ပုံကို ပြောပြလေရာ လှရီမှာ မနည်းဣန္ဒြေဆည်ကာ ဟန်လုပ်၍ နေလိုက်ရလေ၏ ။
“ အခုပုံဆိုရင် ဆရာကြီးကို သူမလိုဘူး ထင်တယ် ”
“ ဟုတ်တယ် တူမရဲ့ ”
“ ဒီလိုဆိုရင် ဆရာကြီး မြန်မြန်ထွက်ပြေးမှပဲ အသက်ချမ်းသာလိမ့်မယ် ၊ ဘယ်သူမှ မပြောဘဲ ထွက်ပြေးမှ ဖြစ်မယ် ၊ သူသိသွားရင် လိုက်ပြီး ရန်ရှာမှာ စိုးရတယ် ၊ ဒါပေမယ့် မေမေ့ကို စာတစ်စောင် ရေးထားခဲ့မှဖြစ်မယ် ”
“ အင်း . . ဟုတ်တယ် ”
“ နို့ပေတဲ့ စာထဲမှာ သူရူးနေတဲ့အကြောင်း ထည့် မရေးနဲ့တော့ ၊ မေမေလဲ အသိသားပဲ ၊ ဆရာကြီးကို ရေထဲ နှစ် သတ်မယ်ကြံတာ ၊ အခန်းထဲ ဝင်ပြီး ပြူးတူးပြဲတဲ လုပ်ပြတာ ရေးပြရင် မေမေသိတယ် ”
“ အေး . . ကောင်းသားပဲ ” ဟု ဆရာဖေကပြောစဉ် လှရီက မိမိပါးစပ်ကို လက်ညှိုးနှင့်ပိတ်ကာ “ တိုး . . တိုး . . တိုး ” ဟု ပြောသဖြင့် ဆရာကြီးသည် ငြိမ်၍သွားပြီးလှည့်ကြည့်လိုက်ရာ ဘသိန်းကိုမြင်ရသဖြင့် မျက်လုံးပြာ၍သွားလေ၏ ။
ဆရာဖေ၏ ပြူးသွားသော မျက်လုံးသည် ဘသိန်း၏ စိတ်ထဲ၌ မိမိအား ဒေါသဖြင့် မျက်လုံးပြူးပြသည်ဟု ထင်မှတ်ကာ လန့်ဖျတ်ပြီး ပြန်၍ လှည့်သွားမည့်အပြု လှရီက “ လာလေ ကိုဘသိန်း ” ဟု ခေါ်လိုက်သည့်အတွက် လက်ဖက်ရည်စားပွဲတွင် ဝင်၍ ထိုင်လေ၏ ။
ဘသိန်းနှင့် ဆရာဖေတို့သည် တစ်ယောက်ကို တစ်ယောက် မကြည့်ဘဲ ပဲပြုတ်နှင့်နံပြားကို စားနေကြရာက လှရီသည် သတင်းစာကိုဖတ်ရာ အသံကျယ်လောင်စွာဖြင့် ... ယမန်နေ့ည ဆယ့်တစ်နာရီအချိန်တွင် ကြည့်မြင်တိုင် ထီးတန်းစက် မြေအတွင်း၌ နေထိုင်သူ အသက်လေးဆယ့်နှစ်နှစ်ရှိ ကိုထွန်းရွှေ ဆိုသူအား လည်ပင်းတွင် သင်တုန်းဓားနှင့် လှီးဖြတ်ထား၍ သွေးအိုင်ထဲတွင် လဲနေသည်ကို ၎င်း၏ မိန်းမကတွေ့ရှိရသဖြင့် “ လာကြပါဦးတော့ . . လာကြပါဦး ” ဟု ဟစ်အော်ရာ .....
ဖတ်ပြလိုက်ရာ ဘသိန်းနှင့်ဆရာဖေတို့မှာ လက်လှမ်း၍နှိုက်နေသော ပဲပြုတ် နှင့် နံပြားများ လွတ်ကျကြကာ တစ်ယောက်ကိုတစ်ယောက် မျက်လုံးပြူး၍ ကြည့်နေကြလေ၏ ။ ထိုသို့ကြည့်နေရာက တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့သောအမူအရာကို ပြကြကာ ထိုင်နေသော ကုလားထိုင်များကို နောက်သို့ ဆုတ်ကြလေ၏ ။
ဘသိန်းသည် ညက မိမိယူထားသော ဓားကို သတိရ၍ ရှိ မရှိ အိတ်ထဲမှ ထုတ်ကြည့်လေ၏ ။ ဘသိန်း ဓားထုတ်သည်ကိုမြင်လျှင် ဆရာဖေသည် ကြောက်လန့်ပြီး ဆွဲမိဆွဲရာ အနီးရှိ နံပြားညှပ်သော ကတ်ကြေးကို လှမ်း၍ ဆွဲလိုက်လေ၏ ။ ဆရာဖေ လက်နက်ဆွဲသည်ကို တွေ့ရလျှင် ဘသိန်းသည် ယမန်နေ့ညက လှရီ မှ မိမိအား ဆရာဖေက ဓားကိုမြင်လျှင် သတ်ချင်ဖြတ်ချင်စိတ် ပေါက်သည်ဟုဆိုခြင်းကို သတိရကာ ထိုင်ရာမှ ဆတ်ခနဲ ထလေ၏ ။
ဘသိန်း ထသည်နှင့်တစ်ပြိုင်နက် ဆရာဖေလည်း လန့်ဖျတ်၍ ထကာ ဘသိန်း ကို ရှောင်ရန် စားပွဲတစ်ဘက်သို့ ရွှေ့သွားလေ၏ ။ ဆရာဖေ ရွှေ့ခြင်းကို ဘသိန်း၏စိတ်ထဲ၌ နောက်သို့လှည့်၍ လိုက်ခြင်းဖြစ်သည်ဟု ထင်မှတ် စေသောကြောင့် ဘသိန်းကလည်း ရှေ့သို့ ခပ်မြန်မြန်တိုးလိုက်ရာ ဆရာဖေ လည်း မိမိ၏နောက်သို့ လိုက်သည်ဟု အယူရှိပြီး စားပွဲကို လှည့်ပတ်၍ ပြေးသဖြင့် ဘသိန်းလည်း လှည့်ပတ်၍ ပြေးနေရလေ၏ ။
ဘသိန်းသည် မိမိကိုင်ထားသော သင်တုန်းဓားမှာ အကယ်၍ ဆရာဖေ ရန်မူက ခုခံထိုးခုတ်ရန် လွယ်ကူသော လက်နက် မဟုတ်ဟု ယူဆကာ စားပွဲကို လှည့်ပြေးရင်း စားပွဲပေါ်ရှိ ငရုတ်ကောင်းပုလင်းကို လက်နက်အဖြစ် အသုံးပြုရန် ပြေး၍ အဆွဲတွင် ဆရာဖေ လည်း စွတ်မိစွတ်ရာ ထွက်ပြေးလေ၏ ။ ဘသိန်းမှာလည်း ဆရာဖေ လစ်ပြီဟု အောက် မေ့ကာ နောက်ထပ် ပြန်လာလျှင် မတွေ့နိုင်ရန် အခြားတစ်ဘက် မှ ထွက်၍ ပြေးလေတော့၏ ။
လှရီ မှာ ကြည့်ကောင်းကောင်းနှင့် ကြည့်နေပြီး နှစ်ယောက်သား ထွက်ပြေး၍ သွားကြမှ အားရပါးရ ရယ်နေစဉ် အိမ်ပေါ်မှ ဆင်းလာသော ဒေါ်မြမေ ၏ ခြေသံကို ကြားရသဖြင့် ဟန်လုပ် နေရလေ၏ ။
“ သမီး . . ဆရာကြီး ဆင်းလာပြီလား ”
“ ဟုတ်ကဲ့ ”
“ လက်ဖက်ရည်ကော သောက်ပြီးပလား ”
“ မပြောတတ်ဘူး ”
“ ညည်း မမြင်ဘူးလား ”
“ လက်ဖက်ရည်သောက်တာတော့ မမြင်ဘူး ၊ ပြတင်းပေါက်က ခုန်ဆင်းပြီး ထွက်ပြေးတာတော့ မြင်လိုက်ရတယ် ”
“ ဘာပြောတယ် ”
“ ကိုဘသိန်းက ဓားနဲ့လိုက်လို့ လွတ်ရာအပေါက်က ပြေးရတာပဲ ”
“ မောင်ဘသိန်းကော ”
“ သူလဲ ပြတင်းပေါက်က ခုန်ပြီး လိုက်သွားတယ် ”
“ ညည်း ဘာတွေပြောနေတာလဲ ”
“ ကိုဘသိန်း စိတ်နောက်နေပြီး မေမေရဲ့ ၊ မနေ့ကလဲ ဆရာကြီးကို ရေထဲဆွဲနှစ်တယ် ၊ ညကလဲ အခန်းထဲဝင်ပြီး အရူးလို လုပ်ပြသတဲ့ ၊ နံနက်က ဆရာကြီး ပြောလို့ သိရတာပဲ ၊ အခုနံနက်ကတော့ ဆရာကြီး လက်ဖက်ရည်သောက်လို့ လည်ချောင်းထဲမှ မကျသေးဘူး ၊ တစ်ခါတည်း အရူးလိုအော်ပြီး အတင်းလိုက်တာ မြင်လိုက်ရတာပဲ ”
ဒေါ်မြမေသည် စိတ်မောလူမောဖြစ်ဟန်ဖြင့် ကုလားထိုင်တစ်လုံးတွင် ပစ်၍ထိုင်လိုက်ပြီး
“ ရှိရှိသမျှလူတွေ အားလုံး ရူးနေကြရော့လား ”
“ ကိုဘသိန်းတော့ ရူးတာ အမှန်ပဲနဲ့တူတယ် ၊ တက္ကသိုလ်မှာ ပညာတွေ သိပ်ကြိုးစား ၊ နိုင်ငံရေးလိုက်တဲ့သူတွေ ဦးနှောက်ပျက်တတ်တာပဲ ၊ သတင်းစာထဲတောင် တလောတုန်းက အမေရိကန်ပြည်မှာ သိပ်ထူးချွန်တဲ့ကျောင်းသား တစ်ယောက် ၊ သူ့ကို တစ်ကျောင်းလုံးက အထင်ကြီးနေတုန်း သူ့အဒေါ် ခြေသလုံးကို ကုန်းကိုက်သတဲ့ ”
“ ဆရာကြီးကော ”
“ တစ်ခါတည်း ပြေးပြီ မေမေရဲ့ ”
“ ဟင် . . ဟုတ်ကဲ့လား ”
“ သူ ကျွန်မကို ပြောသွားတယ် ၊ ကိုဘသိန်းဒဏ် မခံနိုင်ဘူးတဲ့ ” ဟု ပြောလိုက် မှ ဒေါ်မြမေလည်း သက်ပြင်းကြီး ချကာ အကြံအိုက်သည့် အမူအရာကို ပြလေ၏ ။
“ မေမေ . . ကျွန်မ ပြောစရာတစ်ခုရှိတယ် ၊ ညတုန်းက ကျွန်မကို ကိုဘသိန်းက ချစ်ဖို့ ၊ ကြိုက်ဖို့ပြောတော မေမေရဲ့ ၊ ကျွန်မလဲ အင်းမလှုပ် ၊ အဲမလှုပ်နေတုန်း ဆရာကြီးကို သူမြင်တာနဲ့ စကားပြတ်သွားပြီး ရေထဲ ဆွဲနှစ်တယ် ၊ ဒီလိုလူမျိုးကိုတော့ ကျွန်မ မယူပါရစေနဲ့ မေမေရယ် ”
ဒေါ်မြမေသည် ဒေါသထွက်သော အမူအရာဖြင့် “ အို . . ဒါမျိုးနဲ့တော့ တစ်သက်လုံး မပေးစားဘူး ၊ စိတ်ချ ” ဟု ပြောလိုက်ရာတွင် လှရီမှာ ရွှင်ပြုံး၍ သွားလေ၏ ။
“ နောက်ပြီး မေမေ တရားအားထုတ်ချင်တယ်ဆို ”
“ အေး . . အဲဒါ ဘာလုပ်မလို့လဲ ”
“ မေမေ ကျွန်မကို နေရာချမယ်မဟုတ်လား ”
“ နေရာချချင်လို့ ဘသိန်း နဲ့ စီမံတာပေါ့ ”
“ အခုတော့ သူနဲ့နေရာ မကျတော့ဘဲဟာ ၊ ကျွန်မမေတ္တာရှိတာနဲ့ သဘောတူပါတော့ မေမေရယ် ”
ခါတိုင်း၌ ဒေါ်မြမေသည် ထိုစကားကို ငြင်းပယ်ခဲ့မိလေ၏ ။ သို့ရာတွင် ယခုအခါ ဆရာဖေကို မျက်စိထဲတွင် ပြေး၍မြင်ပြီး လှရီ ၏စကားကို မဖြေသေးဘဲ “ ဆရာကြီး ဘယ်သွားမယ် ပြောသလဲ ” ဟု မေးလိုက်လေ၏ ။
“ အရင်တုန်းကတော့ ဒီကပြန်ရင် စစ်ကိုင်းချောင်သွားမယ်လို့ ပြောတာပဲ ”
“ ဒီလိုဆိုရင် မေမေလဲ ဆရာကြီးနောက်လိုက်ပြီး တရားအားထုတ်မယ်လို့ စိတ်ကူးတာပဲ ၊ သမီးကိုလဲ ၊ နေရာချထားခဲ့ချင်တယ် ၊ ဒီတော့ ညည်းတို့အချစ်ကိုလဲ မခွဲတော့ပါဘူး ၊ ငါစိတ်ချရရင် အေးတာပဲ ” ဟု ပြောလိုက်သည်တွင် လှရီမှာ ဝမ်းသာလုံးဆို့သွားကာ ....
“ မေမေ . . လက်ဖက်ရည်သောက်လိုက်ဦးလေ ၊ အေးကုန်မယ် ၊ ပေါင်မုန့်ထောပတ် သုတ်လိုက်ရဦးမလား ” ဟု ပျာပျာသလဲ အရေးစိုက်၍ နေလေတော့၏ ။ ။
◾ ဇဝန
📖 ဒဂုန်မဂ္ဂဇင်း
ဧပြီ ၊ ၁၉၃၈ ။
koaungnaingoo.blogspot.com
.
No comments:
Post a Comment