Showing posts with label မိုးချိုသင်း. Show all posts
Showing posts with label မိုးချိုသင်း. Show all posts

Wednesday, February 11, 2026

မမြင့်၏ ပတ်ဝန်းကျင်များ


 

❝ မမြင့်၏ ပတ်ဝန်းကျင်များ ❞
         ( မိုးချိုသင်း )

သည်နေ့သည် စုစုတို့ သက်သာမည့်နေ့ ဖြစ်၏ ။ သွက်လက်ပေါ့ပါးသလို ဖြစ်နေကာ လှေကားအတိုင်း အမြန်ပြေးဆင်းလာမိသည် ။ စုစု၏ အခန်းထဲသို့ ဝင်ရင်း မီးဖိုချောင်ဘက်သို့ မျက်လုံးတစ်ချက် ဝေ့ကြည့်ကာ အမေ့ဘေး ခုတင်ပေါ်သို့ ခပ်မြန်မြန် ပစ်ထိုင်လိုက်သည် ။

“ အမေ ၊ နာမည် ဘယ်သူတဲ့လဲ ”

“ မမြင့်တဲ့ ”

“ သမီးတို့က သူ့ကို ဘယ်လိုခေါ်ရမှာလဲ ၊ အဒေါ်လို့ ခေါ်ရမှာလား ”

“ အစ်မလို့ပဲ ခေါ်ရမှာပေါ့ ။ အသက်က ၃၀ ကျော်ကျော်ပဲ ရှိသေးတာ ”

“ ဟုတ်လား ဘယ်လို နေလဲဟင် ”

“ မဆိုးပါဘူး ၊ သမီး သွားကြည့်လေ ”

စုစု ဟက်ခနဲ တစ်ချက်ရယ်မိသည် ။ သွားအကဲခတ်ရဦးမည် ။ စုတို့ အိမ်သို့ ယနေ့ညနေမှ စရောက်လာသော အိမ်ကို ကူညီလုပ်ကိုင်ပေးမည့် အဖော်ကလေးအား စု က သွားအကဲခတ်ရပေဦးမည် ။ သူမ ဘယ်လို နေမည်နည်း ။ ဘယ်လို ပုံပန်းသဏ္ဌာန် ရှိမည်နည်း ။ သဘောကောင်းမည်လား ၊ ခပ်တည်တည်ကြီး နေမည်လား ။ စုစု ရင်ထဲမှာ တစ်မျိုး လှုပ်ရှားနေ၏ ။ သူမသည် စုတို့ တစ်အိမ်လုံး မျှော်လင့်နေသောသူ ဖြစ်၏ ။

စုစုတို့ တစ်အိမ်လုံး မနက်မှ မိုးချုပ်အထိ အသီးသီး အလုပ်ကိုယ်စီ ၊ ဌာနကိုယ်စီ ၊ ကျောင်းကိုယ်စီ သွားကြသော အခါ အိမ်၌ စိတ်ချယုံကြည်ရသော အိမ်ဖော်ကောင်း တစ်ယောက် အလွန် လိုအပ်လေသည် ။ ယခင်လက အိမ်တွင် အလုပ်လုပ်နေသော အိမ်ဖော်ကောင်မလေး ရွာကို လွမ်း၍ ပြန်သွားသောအခါ စုအစ်မများ များစွာ ပင်ပန်းရ၏ ။

ရုံးမှ ပြန်လာပြီး စီမံခန့်ခွဲရ ၊ ပန်းကန်ဆေးရ ၊ မီးပူတိုက်ရနှင့် အားလပ်သော ညညတွင်ပင် ကောင်းစွာ မနားရ ။ စုစု ကိုတော့ အငယ် ဖြစ်နေ၍ ညှာတာကာ အလုပ်များ သိပ်မခိုင်းပေ ။ ထို့ကြောင့် အဖော်သည် ပို၍ပို၍ လိုလာသည် ။ ယခုမူ သူမ အိမ်ပေါ်သို့ ရောက်လာသည့်နေ့သည် စုအစ်မများ သက်သာသောနေ့ ဖြစ်၏ ။

••••• ••••• •••••

သူမကို မြင်စက ဘီးခပ်ညစ်ညစ်ဖြင့် ဘီးဆံပတ်ထုံး ထားသော နောက်ကျောကို အလျင် မြင်ရ၏ ။ ကိုယ်ခန္ဓာသည် ခပ်တုတ်တုတ် အမျိုးအစားထဲမှ ဖြစ်သည် ။ စုစုဘက်သို့ လှည့်လိုက်သောအခါ အကြည့်ချင်း သွားဆုံသည် ။ သူမအား စုစုအစ်မက “ ဒါက ညီမအငယ်လေ ” ဟု စုနှင့်မိတ် ဆက်ပေးသည် ။ ပြုံးသည်ဆိုရုံ တစ်ချက်ပြုံးသည် ။ သူမ၏ မျက်နှာသည် ခပ်ချွန်ချွန်၏ ။ မည်းနက်သော အသားအရည်ရှိ၏ ၊ မျက်လုံးမှာ ခပ်ကျဉ်းကျဉ်းဖြစ်ပြီး သေးမွှားလှ၏ ။ နှာခေါင်းမှာ ချွန်သလိုလို ၊ ကောက်သလိုလို ။

နဖူးမှာ ပြောင်တင်းနေပြီး ဆံမြိတ်စတစ်စနှစ်စ ရှေ့သို့ကျနေဟန်ရှိ၏ ။ မေးရိုးမှာမူ ခပ်ကားကား ။ စု စိတ်ထဲတွင် ငယ်ငယ်က ဖတ်ဖူးပြီးစွဲခဲ့သော ဦးစံရှားဝတ္ထုတွေထဲမှ ဘင်္ဂါလီကု,လားမတစ်ယောက်နှင့် တူသလိုလိုပါ ။

မိသားစု ထမင်းစားပြီး လရောင်အောက်တွင် ခြံထဲ ထွက်ထိုင်ကာ စကားစမြည် ပြောကြ၏ ။ သူမလည်း ထောင့်တစ်ထောင့်တွင် ဝင်ထိုင်နေသည် ။ စု ကတော့ သူမကို ငေးစိုက်ပြီး ကြည့်နေမိ၏ ။ အမေတို့ ၊ အစ်မတို့ကား သူမအား ခင်မင်ရင်းနှီးစွာ စကားပြောဆို နေကြပေပြီ ။ ထိုအချိန်တွင် စုအစ်မလတ်က လက်တို့ပြီး ပြုံးစစနှင့် “ မောင်နှမ ဘယ်နှစ်ယောက် ရှိလဲလို့ မေးကြည့်စမ်း ” ဟု စုအား ပြောလာသည် ။

“ အစ်မ ၊ အစ်မမှာ မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ ”

“ ပြည့်လို့ ”

“ ဟင် .. ဘယ်လို အစ်မ ” 

“ ပြည့်လို့ဆို ”

ထိုအခါမှ စုအစ်မက ဝင်ရှင်းပြသည် ။ မောင်နှမတွေက များတော့ အိမ်မှာ ပြည့်နေတာသာ သိတယ် ။ မရေတွက်ဘူးပေါ့ဟာတဲ့ ။ စု တစ်ယောက် ထိုစကားနှင့်ပင် သဘော အကျကြီး ကျသွားရလေသည် ။ ပိုင်လိုက်သည့်စကား ။ ထိုခဏမှာပင် ရင်းနှီးသလို စိတ်ထဲမှ ဖြစ်ပေါ်လာသည် ။

“ ကဲ ကဲ ရေကြည့်ရအောင် အစ်မရယ် ၊ စုတို့ ရေပေးပါ့မယ် ၊ လူကိုသာ ပြောပေါ့ ”

“ စစ်ထဲ ဝင်သွားတာတင် သုံးယောက် ၊ ပြီးတော့ ... ”

ဟိုတစ်ယောက် ဒီတစ်ယောက် ရေတွက်ကြည့်လိုက်ရာ ကိုးယောက်ရှိသည် ။

“ ဒါဆို ကိုးယောက်ပေါ့ အစ်မရဲ့ ”

“ အင်း .. အဲဒီလောက်ရှိမယ် ”

စုတို့ တစ်အိမ်လုံး လွတ်လပ်စွာ ရယ်မောဖြစ်ကြသည် ။ သူမသည် ရိုးသားသည် ။ ပွင့်လင်း၏ ။ ဟောဟောဒိုင်းဒိုင်း ပြောချတတ်ပုံရ၏ ။ ထို့နောက် သူမအကြောင်းများကို ဆက်၍ မေးမြန်းမိပြန်သည် ။ သူမသည် ယောက်ျားနှင့် ကွဲကွာနေသူတစ်ဦး ဖြစ်နေပြန်၏ ။ ခြောက်နှစ်အရွယ် ကလေး တစ်ယောက်ရှိသည် ။ ထိုကလေးကို သူမ၏ အမေနှင့်အတူ ထားခဲ့သည် ။ ကလေး ရှိသောကြောင့် စုတို့ အိမ်မှာ ကြာကြာမှ နေပါ့မလားဟု တွေးပူမိ၏ ။ သို့သော် အဖြေသည် နောက်တစ်နေ့၌ ပေါ်လေပြီ ။

“ အစ်မ စုတို့ အိမ်မှာ ဘယ်လောက်နေမှာလဲ ”

“ အကြာကြီး ”

“ ဟင် တကယ်လားအစ်မ ၊ ဒါပဲနော် ၊ အစ်မစကား တည်ရမှာနော် ”

“ အို ... နေမှာလို့ ပြောပြီးပြီပဲဟာ ”

စု ရင်ထဲ၌ များစွာ ကျေနပ်သွား၏ ။ စိတ်အေးရပြီ ။ လူပင်ပန်းရုံမက စိတ်ပင်ပန်းဖို့ပါ မလိုတော့ ။ များစွာသော ထိုမိန်းကလေးတို့သည် အိမ်ကိုအမြဲ လွမ်းနေတတ်၏ ။ ရွာ ကို ပြန်ချင်နေတတ်ကြ၏ ။ အမေကို သတိတရရဖြစ်နေတတ်ကြ၏ ။ ထိုအခါ သူတို့ကို နေ့ရှိသရွေ့ ချော့မော့နေကြရ၏ ။ ဖျောင်းဖျပြောဆို နေကြရသည် ။ သူတို့သည် စုတို့ အိမ်မှာ မပျော်၍ မဟုတ်ကြပါ ။ စုတို့သည် ခင်မင်တတ်ကြပါသည် ။ အဆင့်အတန်းလည်း မခွဲတတ်ပါ ။ စုတို့ မိဘများသည် သူတို့က နည်းနည်း အလိုက်သိလျှင် ကိုယ့်ဘက်က များများ သိတတ်ကြသူများ ဖြစ်၏ ။ သို့သော် စုတို့အိမ်သို့ မလွမ်းပိုများသာ ရောက်လာတတ်ကြ၏ ။ ထို့ကြောင့် သည်လိုအားရပါးရ “ အကြာကြီးနေမယ် ” ဆိုသော သူဟာ ရှားဘိခြင်း ၊ ယခုတော့ စိတ်အေးရပေပြီ ။

တစ်ခါက စုနှင့် ရွယ်တူလောက် ၊ စုထက် ၂ နှစ် လောက် ကြီးမည့် မဝေဆိုသူ လာနေဖူးသည် ။ သူသည် အချိန်ပြည့် အိမ်ပြန်မယ်ချည်း ပြောနေသည် ။ သူကား အစိမ်းသက်သက် ။ တစ်ခါမှ မခွဲဖူး ။ ပို၍ သတိရတတ်၏ ။ ပို၍ အောက်မေ့ ၊ ပို၍ လွမ်းတတ်၏ ။ စုစုက သူ့ကို ဖျောင်းဖျနေရသည် ။

“ မဝေရယ် ၊ မဝေအမေ ဆေးဖိုးလေး ရအောင်တော့ စုတို့ အိမ်မှာ နေပေးပါဦး ၊ နောက်လူ ရှာမရလို့ပါ ”

မရ ။ ဘယ်လိုမှ ပြောမရ ။ သည်အိမ်မှာ ပျော်ပါသည် ။ သို့သော် အမေ့ကို လွမ်းပါသည် ။ ရွာမှာပဲ ရေထမ်းရင်း ၊ ကောက်စိုက်လိုက်ရင်းမှာပဲ အမေ့ကို ရှာကျွေးတော့မည် ။ နောက်ဆုံး မဝေ ပြောသောစကားမှာ စုနှင့် စုအမေ နေထိုင် ချစ်ခင်ပုံကို တွေ့လျှင် သူ့အမေကို ပိုသတိရသည်တဲ့ ။ စုရင်မှာ နင့်ခနဲ ဖြစ်သွား၏ ။ လှိုက်ခနဲ ဖြစ်သွား၏ ။ စု မဖျောင်းဖျ ရက်တော့ပေ ။ စု အရှုံးပေးလိုက်လေပြီ ။

တချို့မှာတော့ အကျင့်စာရိတ္တ မကောင်းသူများ ဖြစ် ၏ ။ ခိုးဝှက်တတ်၏ ။ လိမ်လည်တတ်၏ ။ စုစုတို့မှာ တစ်အိမ်လုံး အပ်ပြီး သွားနေကြသူများဖြစ်ရာ အဖော်သည် ရိုးသားမှဖြစ်ပေမည် ။ တစ်ခါက ဓာတ်သိထဲက မဟုတ်သော အမျိုးသမီးတစ်ယောက် ခေါ်တင်ထားမိရာ စုတို့ အဝတ်များစွာ ပါကုန်လေသည် ။ စု နှမြော မဆုံးချေ ။ သူလည်း အလုပ်မလာတော့ချေ ။

သည်တစ်ခါတော့ မမြင့်သည် ရိုးသားပုံလည်း ရပါသည် ။ သွက်လက်ချက်ချာသူလည်း ဖြစ်သည် ။ ပြောထား လျှင်လည်း ပြောထားသည့် အတိုင်း တစ်သဝေမတိမ်း ဆောင်ရွက်ပေးသည် ။ ဒါဆို ကျေနပ်စရာပေါ့ ။ သို့ပေမယ့် သူမ၏ အားနည်းချက်ကို စုတို့ သိပ်မကြာခင်မှာပဲ သိလိုက် ရသည် ။ သူမသည် အလွန်စူးစမ်းသူတစ်ဦး ဖြစ်၏ ။ အလုပ်အားလျှင် ခြံအပြင်ကို ပဲ စိတ်ဝင်စားနေသည် ။ ခြံစည်းရိုးကို ကိုင်ကာ ခြံပြင်ကို ခြေဖျားထောက် ကြည့်နေတတ်သည် ။ ထူးဆန်းသည် ထင်လျှင် အိမ်ထဲ ပြေးဝင်လာကာ အမောတကော ပြောတတ်သည် ။

“ ဟိုကောင်မ ဝတ်သွားပုံကို ကြည့်ပါဦး ၊ စကပ်ကြီးနဲ့ ။ နောက်ကလည်း အကွဲကြီး ။ ငါတို့ရွာမှာဆို ခွေးတစီစီ နေမှာ ”

“ အင်း အဲဒါ ဘာဖြစ်လဲ ၊ ဒါတွေ ရိုးနေပြီ အစ်မရဲ့ ။ နောက်ထပ် ဒီ့ထက်ဆန်းတာတွေ အစ်မ မြင်ရဦးမယ် ”

“ ဟွန်း ကြည့်မရပေါင်တော် ”

“ ဒါ ရန်ကုန်ပဲ အစ်မရဲ့ ။ နောက်ဆို အစ်မ မျက်စိယဉ်သွားမှာပါ ”

တစ်ညနေက စု အခန်းထဲ ရေချိုးနေတုန်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ မမြင့်ကို ခြံစည်းရိုးထောင့်ရှိ မာလကာပင်ပေါ် တက်ကာ အပြင်ကို ကြည့်နေသည်ကို ဗြုန်းခနဲ သွားတွေ့ရလေသည် ။ ဒါတော့ လွန်လွန်းပြီထင်၏ ။ သူများကို စပ်စုလွန်းပြီ ။ ဘယ့်နှယ် အပင်ပေါ်ကို တက်ပြီး ကြည့်ရသည်လို့ ။

“ မမြင့် ဘာလုပ်နေတာလဲ ”

“ ဟိုဘက်ခြံက အလုပ်သမားလင်မယား ရန်ဖြစ်နေလို့ ”

“ အစ်မရယ် သွားမကြည့်ပါနဲ့ ၊ အားနာစရာ ကောင်းပါတယ် ”

“ နေ့လယ်ကတည်းက ရန်ဖြစ်နေတာအေ့ ”

“ အဲဒါဘာဖြစ်လဲ ၊ သူများ စိတ်ဆင်းရဲနေချိန်မှာ သွားစပ်စုမနေသင့်ဘူး ”

သူမသည် စုစု စကားကို အမှုမထားပါ ။

“ ကိုယ်ဝန် ရှိလို့တဲ့အေ ၊ ရိုက်နေတာ ”

ထိုအခါ စုလည်း စိတ်ဝင်စားသွားပေပြီ ။

“ ဘယ်လို အစ်မ ”

“ ကိုယ်ဝန်ရှိလို့ ၊ အဲဒါကို သူ့ယောက်ျားက ကန်နေတာအေ့ ၊ နေ့လယ်တုန်းက ”

“ ဟင် ရက်စက်လှချည့်လား ၊ သူနဲ့ ရတာ မဟုတ်ဘူးလားလို့ ”

“ ဟုတ်တယ် ဒါပေမဲ့ မလိုချင်လို့ နေမှာပေါ့ ”

“ အို မလိုချင်ရင် မရအောင်နေပေါ့ ။ ဒါတော့ အရုပ်ဆိုးလွန်းပါတယ် ”

“ ဪ .. ဒါတော့ ပန်းရံသမားတွေပဲ ။ စီးပွားရေး ချောင်လည်တယ် ဘယ်ရှိမလဲ ။ ခုဆို စားပေါက်တစ်ပေါက် တိုးလာပြီ ။ သနားစရာ ကောင်းတယ်နော် ”

သူမသည် စုစုထက် တော်သွားပေပြီ ။ စုထက် ဘဝကို ပိုနားလည်ပေပြီ ။ သူမသည် စုအား တွေးစရာဇာတ်လမ်းတစ်ပုဒ် ပေးခဲ့၏ ။ စု မြင်ဖူးခဲ့သည်ကတော့ ရုပ်ရှင်တွေ ထဲမှာ မိန်းမက ယောက်ျားနားကို ကပ်ပြီး တိုးတိုးလေး ပြော လိုက်ရင်ပဲ ‘ သားသားလား ၊ မီးမီးလား  ’  ဆိုပြီး ထခုန်မြူး ပျော်တာပဲ တွေ့ဖူးသည် ။ ယခုလို အဖြစ်မျိုး မကြုံဖူးခဲ့ ။ ခုတော့ ကိုယ်ဝန်ရှိနေတာပဲ ထရိုက်နေရပေသည် ။ ကလေးကို မချစ်လို့တော့ ဟုတ်မည်မထင်ပေ ။ စုစု ခေါင်းထဲသို့ မေးခွန်းပေါင်း များစွာ ပြုံဝင်လာ၏ ။ စုစု အတွေးစကို အမြန် ဖြတ်ပစ်ရလေသည် ။

“ မိန်းမကအေ ရိုက်တာကို အော်ရုံအော်နေတာ ။ ပြန် မလုပ်ဘူး ။ ငါသာဆို ဘယ်ရမလဲ ။ ဟောသလို ဟောသလို ” ဟု ဆိုကာ လက်မောင်းကို ပင့်၍ အမူအရာတွေ လုပ်ပြ၏ ။ ထို့နောက် သတိရပြီး ပြန်ငြိမ်သွားကာ ...

“ ငါ့ယောက်ျားလည်း ဒီလိုပဲ ၊ ရိုက်တာမှ မပြောနဲ့တော့ ”

ထိုအခါ ကျွန်မကလည်း အားကျမခံ

“ အဲဒီတော့ အစ်မက ဟောသလို ပြန်မရိုက်ဘူးလား ” ဟု သူ့အမူအရာအတိုင်း ပြန်လုပ်ပြလိုက်သည် ။ သူမက ရှက်ရယ် တစ်ချက်ရယ်ပြီး ...

“ ငါက ပြန်မလုပ်ဘူးအေ့ ၊ ကလေးဆွဲပြီး အမေ့အိမ် ဆင်းလာခဲ့တာ ” ဟု ပြောသည် ။ ထို့နောက် ...

“ ယောက်ျားတွေက ကောင်းတဲ့ ကောင်တွေ မဟုတ်ဘူး ” ဟု သံဝေဂရသံနှင့် ဆိုသည် ။

“ ကဲ တော်ပါပြီ အစ်မရယ် ။ အစ်မလည်း အိမ်ထဲဝင်ပါတော့ ။ မိုးလည်းချုပ်ပါပြီ ။ သွားလည်း ကြည့်မနေပါ နဲ့တော့ ” ဟု ဆိုကာ အိမ်ထဲ အတင်းဆွဲသွင်းခဲ့ရသည် ။

••••• ••••• •••••

“ အစ်မ ဟိုနားမှာ ပစ္စည်းတစ်ခု သွားဝယ်ချင်လို့ စုနဲ့ အဖော်လိုက်ခဲ့ပေးပါ ” ဟု ခေါ်လိုက်သော အချိန်က သူမ မျက်နှာသည် အလွန်အမင်း ပြုံးရွှင်သွားသည် ။ ဟီ .. ဟိ ဟု တစ်ချက် ရယ်လိုက်ပြီး ထဘီကို အမြန်လဲလိုက်သည် ။ စု ကတော့ အစ်မလိုပင် ရင်းနှီးနေပြီမို့ “ အပြင်ထွက်ရမှာမို့ စိတ်ညစ်နေပြီ ထင်တယ် ” ဟု ခပ်တိုးတိုး စလိုက်သည် ။ ထိုအချိန်မှ စ၍ စိတ်ညစ်စရာနှင့် စတင် ကြုံရလေပြီ ။

တချို့သော ယောက်ျားလေးများသည် မိန်းကလေး မြင်ပါက အားရှိတိုင်း ပါးစပ်မှ တကျွိကျွိ မြည်နေတတ်၏ ။ ယခုလည်း ထိုသို့ဖြစ်ရာ မမြင့်ကလှည့်ကြည့်၏ ။ ဟိုက လျှာထုတ် ပြလိုက်သည် ထင်ပါ၏ ။ မျက်လုံးပြူးကာ -

“ အမလေးတော် ၊ ငါ့ကို လျှာထုတ်ပြတယ် ” ဟု စု အား လာပြောတော့သည် ။ စုစု အကြီးအကျယ် စိတ်ဆိုး သွားရပြီ ။

“ အစ်မက ဘာလို့ ပြန်ကြည့်တာလဲ ”

“ မသိဘူးလေ ငါ့ကို ခေါ်တယ်မှတ်လို့ ”

“ အစ်မ ဘယ်တော့မှ ပြန်မကြည့်ရဘူး မှတ်ထား ၊ အဲဒီ လူမျိုးတွေက မိန်းကလေး မြင်ရင် စချင်ပြီး အရှက်သိက္ခာ မရှိတဲ့ လူတွေ ၊ ဒါကို အစ်မက ပြန်ကြည့်နေစရာ မလိုဘူး ”

ဟု စုစုက ပစ်ပစ်ခါခါ ခပ်ငေါက်ငေါက် ပြောပစ်ရသည် ။ ဒါမှလည်း ငြိမ်မည် မဟုတ်လား ။ ထိုအခါ သူမက -

“ ဟုတ်လား ”

“ အင်း ဟုတ်တယ် ။ ( စုက ဘေးမှ လျှောက်သွားသော လူတစ်ယောက်အား ညွှန်ပြလိုက်ပြီး ) သူ စုစုတို့ကို ခုနကလို စလား ”

“ ဟင့်အင်း မစဘူး ”

“ ဘယ်စမလဲ ကိုယ့်သိက္ခာကို ယ်ထိန်းတဲ့သူတွေဟာ ဒီအလုပ်မျိုး ဘယ်လုပ်မလဲ ။ တော်ပြီ အစ်မနဲ့ သွားရတာ သိပ်စိတ်ညစ်ဖို့ ကောင်းတာပဲ ”

သူမ ငြိမ်ပြီး နောက်မှ လိုက်လာသည် ။ အသက် ၁၉ နှစ် အရွယ်က အသက် ၃၀ ကျော်ကို ပြန်ထိန်းရသလို ဖြစ်နေပေပြီ ။ စုစု လည်း တော်တော် ပြောလိုက်ပြီးမှ သနားသွားသည် ။ သူမသည် ဘာမှ နားမလည် ပါတကား ။ အတော့်ကို လူအကြောင်း နားလည်အောင် သင်ပြရပေဦးမည် ။ ဒါဟာ သူမရဲ့ နားလည်မသိတတ်မှုလေး တစ်ခုပဲဟု ကြိုးစားပြီး ဖျောက်ပစ်မိတော့သည် ။

••••• ••••• •••••

“ ဟာ အစ်မ ထဘီပြောင်းပြန်ကြီး ဖြစ်နေတယ် ။ ပြန်ပြင်ဝတ်လိုက်ဦး ”

“ ဝတ်ပါဘူး ၊ ဒီအတိုင်း ဝတ်နေကျပဲဟာကို ”

“ ဘယ်ဟုတ်မလဲ အစ်မရဲ့ ။ ပြန်ဝတ်ပါ ။ ထဘီ ပြောင်းပြန်ကြီး မဝတ်ကောင်းပါဘူး ၊ ပြင်ဝတ်ပါ အစ်မရဲ့ ”

“ ဝတ်နိုင်ပါဘူးအေ ၊ ရွာမှာ ဒီလို ဝတ်နေကျပဲ ။ တစ်ဖက်ဝတ်ပြီးရင် နောက်တစ်ဖက် လှန်ဝတ်လိုက်တာပဲ ”

“ အို စိတ်ညစ်စရာ အစ်မရယ် ”

စုစု တစ်ခါမျှ မကြုံဖူးပါ ။ စိတ်ထဲတွင်လည်း အလွန် ထိခိုက်သွားလေသည် ။ စုတို့ ဘယ်လို လူမျိုးနဲ့ လာတွေ့ နေပြီလဲ ။

“ အစ်မမှာ ထဘီ မရှိလို့လားဟင် ၊ စုတို့ ပေးမှာပေါ့ ။ ဒီလိုတော့ မဝတ်ပါနဲ့နော် အစ်မနော် ”

သူမသည် ပြုံးကာ လက်နှစ်ချောင်း ထောင်ပြသည် ။ နှစ်ပဲ ရှိတယ်ပေါ့ ။ စုစု အပြေးအလွှား ထဘီ ၊ အင်္ကျီတွေ သွားထုတ်ရသည် ။ စုစု အစ်မများကလည်း လုံချည်ရော ၊ အင်္ကျီပါ ရက်ရောစွာ ပေးပစ်ကြသည် ။ သူ့အကျင့် ပြင်ပါစေလေ ။

မပြင်ပါ ။ နောက်တစ်နေ့လည်း ထဘီပြောင်းပြန်ကြီးပဲ ဝတ်ပါသည် ။ စုစု လည်း ပြောမရပါ ။ ထိုပုံစံ မြင်တိုင်း စုစု စိတ်ထိခိုက်ရသည် ။ မဝတ်ကောင်းဘူးဟုသာ စိတ်ထဲမှာ စွဲထင်နေ၏ ။ ထဘီပြောင်းပြန်ဝတ်သူကြီး စုတို့ အိမ်မှာ ရှိနေပါကလားဟု စိတ်မချမ်းမသာ ဖြစ်ရ၏ ။ တစ်နေ့တော့ သူမသည် ထဘီပြောင်းပြန်ကြီး ပြန်ဝတ်ကာ အကြော်ကြော်ပေးနေသည် ။ စုစုလည်း နောက်မှ ကြည့်ရင်း စိတ်ထဲ ရွံ့သလိုဖြစ်လာကာ -

“ အစ်မက ကြောက်စရာကြီး ”

“ ဘာဖြစ်လို့လဲ ”

“ ထဘီပြောင်းပြန်ကြီး ဝတ်လို့ ”

သူမလည်း ရှိန်းသွားပုံရ၏ ။ မျက်နှာပျက်သွားကာ စုစုအား လှည့်မကြည့်တော့ပေ ။ စုစုလည်း သူမ ဘေးမှ အသာ ထထွက်လာခဲ့သည် ။ နောက်ပိုင်း ထဘီပြောင်းပြန် ဝတ်တာ သိပ်မတွေ့ရတော့ပေ ။

တော်ပါသေးရဲ့ ။

••••• ••••• •••••

“ ဒီကောင်မကလည်း ချူပ်ချူချာ နိုင်လိုက်တာ ”

သည်စကားသည် မမြင့်က စုအစ်မကို ပြောလိုက်သော စကားဖြစ်၏ ။ သူမကတော့ ရင်းနှီးစွာ ပြောလိုက်ခြင်း ဖြစ်သည် ။ အစ်မကလည်း သဘောကျကာ တဟားဟား ရယ်နေသည် ။

“ အစ်မ ကိုတော့ ယဉ်ကျေးအောင် သင်ရဦးမယ် ။ ဒီလို မပြောရဘူး အစ်မရဲ့ ။ စုတို့မို့လို့ ခံတာ ၊ တခြားသူဆို ဘယ်ရမလဲ ”

ထိုအခါ သူမက ပြုံးစိစိ လုပ်နေ၏ ။ တစ်မျိုးပါလား သင်ရဦးမည် ။ အတော်ကလေးကို စုံအောင် သင်ရဦးမည် ။ သူမသည် အလုပ်ကို မခိုမကပ် လုပ်တတ်သူ ဖြစ်၏ ။ အစစ အရာရာလည်း စိတ်ချရသူ ဖြစ်၏ ။ ရောက်တဲ့ အရပ်မှာလည်း ပျော်အောင်နေတတ်သူ ဖြစ်၏ ။ အင်း တစ်ခုပါပဲ ။ အနေအထိုင် အပြောအဆို မတတ်တာ တစ်ခုပါပဲ ။ ဒါကိုတော့ စုတို့က နားလည်ခွင့်လွှတ်ရပေမည် ။

“ အစ်မ အစ်မသားလေး မလွမ်းဘူးလား ”

အဖြစ်ကတော့ ဒီလိုတောင် မေးယူရတဲ့ အဖြစ်ပါပဲ ။ သူကတော့ သူ့အလုပ် ၊ သူ့အကျင့်နှင့် ပျော်နေ၏ ။ ရွာကို အကုန် မေ့နေပြီ ထင်ရ၏ ။ ဒါပေမဲ့ -

“ ရော့ကြည့်စမ်း ၊ ငါ ဒါလေးပဲ ကြည့်ပြီး အလွမ်းဖြေနေရတာ ”

စုစု လှမ်းယူပြီး ကြည့်လိုက်ရာ အမျိုးသမီးတစ်ယောက်နှင့် ၆ နှစ်အရွယ်ကလေးတစ်ယောက် ယှဉ်ပြီး မတ်တတ်ရပ်နေသည် ။

“ ဒါက ငါ့ညီမအေ့ ၊ ဒါက ငါ့သားပေါ့ ။ ဘုန်းကြီးကျောင်းမှာ နေတာ ။ ကျောင်းမထားနိုင်ပါဘူး ။ ဘုန်းကြီးက သေစာရှင်စာတော့ သင်ပေးလိမ့်မပေါ့ ။ ငါ့သားက အတတ်သားဟဲ့ သိလား ။ ငါ ဒီကိုလာခါနီး ၊ အမေ ဘယ်သွားမလို့လဲတဲ့ ၊ အကြာကြီး မနေနဲ့တဲ့ ”

စုစု တော်တော် အံ့သြမိသည် ။ သူမကို ကြည့်ရသည်မှာ မလွမ်း သလိုလို ၊ သတိမရ သလိုလို ။ တကယ်တော့ သူမ၏ စိတ်ထဲမှာ အမှတ်တရရ ဖြစ်နေလိမ့်မည် ။ တမ်းတမ်းတတ ဖြစ်နေလိမ့်မည် ။ ဒါပေမဲ့ တစ်ခွန်းမျှ မပြောပါ ။ ခုလို မေးမှပဲ သိရတော့သည် ။ သူမသည် ခံစားမှုကို ဖုံးဖိနိုင်စွမ်း ရှိသူပါတကား ။ သူမကို စုစု သနားသွားမိသည် ။ လေးစားသွားမိသည် ။ ပိုရင်းနှီးသွားမိ၏ ။

••••• ••••• •••••

မမြင့်သည် စာတတ်သူ မဟုတ်ချေ ။ သေစာရှင်စာပင် မဖတ်တတ်ချေ ။ တစ်နေ့ စု စကားစပ်မိရင်း -

“ အစ်မ စာတတ်သလား ”

“ ဟင့်အင်း မတတ်ဘူး ”

“ ကျောင်းနေဖူးလား ”

“ နေဖူးသားပဲ ၊ သုံးခါတောင် ”

“ ဟာ ဒါဆို နည်းနည်းတော့ တတ်မှာပေါ့ ၊ ကကြီး ခခွေးရော ”

ခေါင်းကို သွက်သွက်ခါအောင် ခါပြသည် ။

“ ဒီလိုဆို စု သင်ပေးမယ်လေ ”

“ အမလေး တတ်ဖို့ကံ မပါလို့ မတတ်တာ ။ ဘယ်လိုမှ သင်မရဘူး ”

“ ဒါဆို အစ်မနာမည်ရော ရေးတတ်လား ”

“ ရေးတတ်တယ် ‘ အ ’ သုံးလုံးသင်တန်းတုန်းက တတ်သွားတာ ။ ဒီတစ်လုံးပဲ ရတယ် ”

မဝိုင်းတဝိုင်း လက်ရေးနှင့် ‘ မမြင့် ’ ဟု ရေးပြသည် ။

“ ဘယ်ဆိုးလို့လဲ အစ်မရဲ့ ။ အစ်မ စာတတ်နိုင်ပါတယ် ။ သင်စမ်းပါ ”

သို့သော် သူမသည် လုံးဝစာသင်ချင် စိတ်မရှိပါ ။

“ မရပါဘူးအေ ” ဟုသာ ခပ်ညည်းညည်း ပြော၏ ။ သူမ ရှေ့ စုစု စာသွားရေးမိလျှင်လည်း “ ညည်းမလဲ စာတွေပဲ တကုပ်ကုပ် ရေးနေ ။ ဘာတွေ မှန်းလည်း မသိဘူး ၊ အလကားပါအေ ရှုပ်ပါတယ် ”

စုစု ပြန်ရှင်းပြမနေတော့ပါ ။

“ ဘာတွေမှန်း သိချင်ရင် အစ်မ စာသင်ပေါ့ ” ဟု တစ်ခွန်းတည်း ပြန်ချေပခဲ့သည် ။ ထိုအခါမှသာ မမြင့် အသံ တိတ်တော့၏ ။

••••• ••••• •••••

တစ်နေ့

ထိုနေ့က မမြင့် ငိုသည် ။ စုအစ်မ လာပြောစက စုစု ယုံတောင် မယုံချင်ပေ ။ ဒီလောက် ပျော်ပျော်နေတတ်သည့် အမျိုးသမီး ။ တစ်ချိန်လုံး ပြောင်စပ်စပ်နှင့် ရွှင်ပျလွန်းသော အမျိုးသမီး မမြင့် နှင့် ငိုခြင်းသည် မအပ်စပ်ချေ ။ ထို့ကြောင့် စုစု အံ့သြမိခြင်းဖြစ်သည် ။

“ အစ်မ ဘာဖြစ်လို့လဲ ၊ ဘာလို့ ငိုရတာလဲ ”

“ ဓာတ်လိုက်လို့အေ့ ” ငိုရင်း ပြောပါသည် ။

“ အစ်မက ရေစိုလက်နဲ့ သွားကိုင်တယ်ထင်တယ် ။ လျှပ်စစ်ကို ဂရုစိုက်ရတယ် အစ်မရဲ့ ။ စုတို့ ပြောသားပဲ မဟုတ်လား ”

“ မဟုတ်ဘူးအေရဲ့ ၊ အဲဒါ ငါ့အမေက ငါ့ကို ရိုက်တာ ”

စုစုလည်း မေးမယ့်သာ မေးနေရသည် ၊ စကတည်းက ခပ်ရယ်ချင်ချင် ။ စုစုရဲ့ ဇာတ်လိုက်မသည် စု ရှေ့မှာ ငိုကြီးချက်မ ဖြစ်နေပေပြီ ။ ခုလည်း ပြောပြန်ပြီ ပေါက်တတ်ကရ ။ စုလည်း မနေနိုင်တော့ဘဲ ရယ်မောပစ်လိုက်ကာ -

“ ကဲ ပြောစမ်းပါဦး ၊ ရွာကနေ ဘယ်လို လာရိုက်သတဲ့လဲ ”

“ ငါက အိမ်မှာ သိပ်ဆိုးတာအေ့ ။ အမေနဲ့ ဖြောင့်ဖြောင့် စကားမပြောဖူးဘူး ။ ဘုနဲ့ဘောက်ပဲ ။ တစ်ချိန်လုံး ရန်ဖြစ်နေတာ ။ ခု ဒီအလာလည်း တစ်ညလုံး ရန်ဖြစ်ကြတာ ။ ဒီလာတာလည်း အမေ့ကို အသိမပေးခဲ့ဘူးအေ့ ။ ခုတော့ အမေက ငါ့ကို ရိုက်ပြီ ။ ငါ အမေ့ကို သတိရတယ် ”

စုစုလည်း ဘာမှ ပြန်မပြောမိတော့ပေ ။ မမြင့် ငိုနေပုံကိုသာ ထိုင်ကြည့်မိတော့သည် ။ မမြင့်သည် သူတစ်ပါး အပေါ်တွင်မတော့ အလွန်ကောင်းပါကလား ။ ခိုင်းလိုက်လျှင်များ တစ်ခါမျှ ညည်းဖူး ၊ ငြူစူဖူးသည်မရှိချေ ။ “ အေး အေး လုပ်ပေးမယ်နော် ” ဟု ‘ အေး ’ ချင်းထပ်အောင် သ ဘောကောင်းလေသည် ။ အလုပ်ကိုလည်း ခိုင်းသည့်အတိုင်း တစ်သဝေမတိမ်း လုပ်တတ်၏ ။ ကျိုးနွံသော အလုပ်သမားတစ်ယောက်ပင် ဖြစ်၏ ။

သို့သော် မမြင့်သည် အိမ်မှာတော့ အလွန်ဆိုးသူတစ်ယောက်အဖြစ် ပါဝင်ခဲ့ရ၏ ။ မိဘ၏ ဆုံးမမှုကို မနာခံသော သမီးဆိုးတစ်ယောက် အနေနှင့် ဇာတ်ကို ကခဲ့ရ၏ ။ ပတ်ဝန်းကျင်ကို အရွဲ့တိုက်သော မိန်းကလေး အဖြစ်နှင့် ခံယူခဲ့ရ၏ ။ ဒါသည်ပဲ သူ့ကံတရား ၊ လောကဓံတရားတို့က သည်နေရာမှာ သည်လိုနေ ၊ ဟိုနေရာမှာ ဟိုလိုနေဟု ညွှန်ပြထားလေရော့သလား ။ ယခု မမြင့် တစ်ယောက် သူ့အမှားကို ပြန်သတိပြုမိစပြုပြီ ။ မိဘကို ချစ်ခင်ကြင်နာသော စိတ်နှင့် ကြည့်တတ်ပေပြီ ။ ပတ်ဝန်းကျင်ကိုလည်း ကြည်လင်သော စိတ်နှင့် မြင်တတ်ပေပြီ ။

အကယ်၍ မမြင့် ရွာသို့ ပြန်မည် ဆိုလျှင်လည်း စုစု အပြစ်တင်ဖြစ်တော့မည် မဟုတ်ပါ ။

သို့သော် စုစု စိတ်မညစ်မိအောင်ကိုမူ အတော်ကို ကြိုးစားယူရလိမ့်ဦးမည် ထင်သည် ။

▢  မိုးချိုသင်း
📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
      ၁၉၉၀ ၊ မေ

Thursday, December 8, 2022

ဘောလုံး နဲ့ အချစ်ဆုံး


 ❝ ဘောလုံး နဲ့ အချစ်ဆုံး ❞


ကျွန်မ မှန် ထဲ မှာ ကိုယ့် ပုံ ကိုယ် ကြည့်ပြီး စိတ်ညစ်ရ မလို၊ ရယ်ပစ်ရ မလို ဖြစ်နေတယ်။ ကြည့်စမ်း၊ ကျွန်မ ပုံ က ဘောလုံး နဲ့ တူသတဲ့။ ဒါဆို ကျွန်မတို့ ရဲ့ ဖူးစာရေးနတ် က ဘောလုံးကြီး ပေါ့။ သူ ပြောပုံအရ ဆိုရင်လေ။


သူ နဲ့ ကျွန်မ အိမ်ထောင်သက် သုံးနှစ် ကျော်ပြီ။ ရည်းစား ဘဝ က သူ့ ပါးစပ် က ကျွန်မ ကို ချစ်ကြောင်း၊ ကြိုက်ကြောင်း၊ လွမ်းကြောင်း ပဲ ထွက်တယ်။ တစ်ခါမှ ဘောလုံး ဆိုတာ မကြားဖူးပါဘူး။ ကျွန်မတို့ နဲ့ ဘောလုံး က အဝေးကြီး ... အဲဒီ လို ထင်ခဲ့ မိတာ။ အဲဒါ တက်တက်စင် လွဲ တာပဲ။ မှားတယ် ဆိုတာ တောင် သူ့ လောက် အမှား မကြီးဘူး။


ဘောလုံးအကြောင်း ကို ကျွန်မ နဲ့ သူ နဲ့ ရပြီး မင်္ဂလာဦး ည မှာ စ ကြားရတာ ။ ဒီလိုပါပဲ တစ်ယောက် နဲ့ တစ်ယောက် ရောက်တတ် ရာရာ ပြော ကြတာပဲ။ အိမ် အကြောင်း၊ သူငယ်ချင်း တွေ အကြောင်း၊ ကိုယ့် အလုပ် အကြောင်း အစုံပဲပေါ့။ အဲဒီ မှာ စကား က စပ်မိသွားရော။ ဖြစ်ချင်တာ ပြောပါတယ်။ သူ နဲ့ ကျွန်မ က အထက် တန်းကျောင်းမှာ တစ်ကျောင်း တည်း အတူ နေခဲ့ကြတာ။ ဒါပေမဲ့ တစ်ယောက် နဲ့ တစ်ယောက် သိဖူး၊ မြင်ဖူး တာ မဟုတ်ဘူး။ သူ က ကျွန်မ ထက် လေးနှစ် နီးပါး ကြီး တော့ လူကြီး ပေါ့။ သူ က လည်း ကျွန်မ လို ချာတိတ် ကို ခေါင်း ထဲ မထည့်။ တခြား ရွယ်တူ ကောင်မလေး တွေ လှတာ လောက် ပဲ သိ နေ၊ ကျွန်မ က လည်း ကိုယ့် စိတ်ဝင်စားမှု နဲ့ ကိုယ် ပေါ့။ အနေသာကြီး။


ဒါပေမဲ့ ဘယ်နေရာ မှာ စကား က သွား ဆုံသလဲ ဆိုတော့ သူ က ကျောင်း မှာ လက်ရွေးစင် ဘောလုံးသမား ပါ တဲ့။ အဲဒီ တော့ မှ ကျွန်မ က အံ့ဩ တော့တာ။ သူ က ကျွန်မ မြင်ဖူးနေတဲ့ ဘောလုံးသမားတွေ လို တုတ်တုတ်ခိုင်ခိုင် ထွားထွားကြိုင်းကြိုင်း မှ မဟုတ်ဘဲ။ ရုပ် က အနုပညာသမား ရုပ်မျိုး။ နုနုဖတ်ဖတ် ရယ်။ ကျွန်မ က လည်း ကျောင်း က ဘောလုံးသမား တွေ ကို ပန်းစည်း ဆက်ဖို့ ဆရာမတွေ က တာဝန် ပေးတဲ့ လှပျိုဖြူတွေ ထဲ မှာ ပါသပေါ့ လေ။ ဒါပေမဲ့ ဖူးစာ က အချိန် မကျသေး လေ တော့ ကျွန်မ ပန်းစည်း ဆက် ရတဲ့ ဘောလုံးသမား က စိတ်ကူး ယဉ်စရာ မကောင်း လောက် အောင် ကုလားကြီးပဲ ဖြစ် နေ၊ သူ ပန်းစည်း လက်ခံ ရတဲ့ သူ က လည်း မျက်နှာမှာ ပေါင်ဒါ အဖွေးသား နဲ့ ချောကလက် မှိုတက် ပဲ ဖြစ်နေ ပါသတဲ့။ အဲဒီ တော့ မှ စ သိရတာ။ သူ ဘောလုံး ဝါသနာ ပါတာ ကိုး။ သူ က သူ့ အကြောင်း ကို မျိုး နဲ့ ရိုး နဲ့ ချီပြီး ဇနီး ဖြစ်သူ ကို ပြောပြရှာတာပါ။ သူ့ အဖေ ရဲ့အဖေ၊ သူ့ အဘိုး ကတည်း က ဘောလုံး ကို အသေအလဲ ဝါသနာ ကြီးတာ တဲ့။ အသက် ၆ဝ ကျော်၊ ၇၀ ကျော်ထိ ရောက်တာ တောင် ရပ်ကွက် ဘောလုံးပွဲ က အစ သူ့ ကို လက်ဆွဲပြီး ရှေ့ဆုံး က သွားအားပေးတုန်းပါ တဲ့။ တစ်ခါ ဘောလုံးပွဲ မှာ ' ညစ် ' ကြလို့ အချင်းချင်း ချကြတော့ သူ့ အဘိုး ကို မထိခိုက်အောင် လူအုပ် ကြား ထဲ က ကာကွယ်ပြီး ခေါ် ခဲ့ရတယ် ဆိုလားပဲ။ ကျွန်မ လည်း ပြုံးပြီး ငေး နားထောင် နေလိုက်တယ်။ ဒါက အင်ထရို ပေါ့ နော်။


ပြီးတော့ သူ့ အဖေ ဘောလုံး ကို စိတ်ဝင်စား ပုံ၊ သူ့ဦးလေး က ဘောလုံး အသဲအမဲ ဖြစ် ပုံ တွေကို စုံနေအောင် ပြောပြ နေတာပါ။ ဒါမှ သူ ဘောလုံး စိတ်ဝင်စား တာ ဟာ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာ တစ်ခု လို။ ဥပမာ နေ က အရှေ့ က ထွက် ပြီး အနောက် ကို ပြန် ဝင် သွား သလိုမျိုး။ ကမ္ဘာ က နေ ကို ပတ် နေ တဲ့ ကိစ္စ လို မျိုး ကျွန်မ က သတ်မှတ်ရတော့ မလိုပါ။ မျိုး နဲ့ ရိုး နဲ့ ချီနေတာ ဆိုတော့လေ။


အဲဒီ ဘောလုံး အကြောင်း ဆက် မပြောခင် ကျွန်မ တို့ နှစ်ယောက် အကြောင်း နည်းနည်း ပြောပါရစေဦး။


ကျွန်မ နဲ့ သူ နဲ့ က ရုပ်သွင်ပြင် လက္ခဏာ က စ လို့ အကြိုက်ချင်း က အရှေ့ နဲ့ အနောက်၊ တောင် နဲ့မြောက် ပဲ။ သူ က ပိန်ပိန်ဖြူဖြူ၊ ကျွန်မ က ညိုညိုဝ၀။ သူ့ အကြိုက်ဆုံး အစားအစာ တညင်းသီး နဲ့ ကန်စွန်းရွက်ချဉ်ရည် ဖြစ်ပြီး ကျွန်မ ခံတွင်း တွေ့ တာ က ပုစွန်တုပ် နဲ့ ဝက်သား တို့ မှ ပါ။ ဒီတော့လည်း ဆိုဒ်ချင်း က မတူ ပါ လေ ဆိုတဲ့ အထဲ က ပေါ့။ ဒါပေမဲ့ နှစ်ယောက် စလုံး က ဟာသတွေ နှစ်သက်သူ မို့ ကျွန်မတို့ နှစ်ယောက် ကို တွေ့ ရင် ကြံဖန် ရယ်ပြုံး နေတတ်ပြီး တချို့ သူငယ်ချင်းတွေ က စိတ် ချမ်းသာလို့ ဒီ စုံတွဲ ကို အမြဲ မြင်ချင်ပါသတဲ့။


အစာ စား ရင် သူ က အသား သိပ် မကြိုက် ဘဲ အရွက် ပဲ စားတာ များပြီး ကျွန်မ က တော့ အသား ပဲ ရွေးစားပြီး အရွက်စိမ်းစိမ်း မြင် တာ နဲ့ သူ့ ပန်းကန် ထဲ ထည့် လိုက် တော့တာပါ။ အဲဒါကို ကြည့်ပြီး ကျွန်မ အဒေါ် လို ချစ် ရတဲ့ ကြီးကြီး တစ်ယောက် က ' နင်တို့ လင်မယား က ဟန်ကျလိုက်တာဟယ်၊ အစားအသောက် ဆို ဘာ မှ မပစ်ရဘူး။ တစ်ယောက် က အသား ကြိုက်၊ တစ်ယောက် က အရွက် ကြိုက် ' တဲ့။ ကြီးကြီး ပြောတာ မှန်ပါတယ်။ အကြိုက်ချင်း တူ ရင် လု စားနေရဦးမှာ။ ခုတော့ ဒုက္ခ အေးတာပေါ့။


ကျွန်မ နဲ့ ချစ်တော့ သူ က မေး တယ်။ ရှေ့ရေး ကို တွက်ချက်ပြီး ကြိုတင် ပြင်ဆင်ထားချင်လို့ပါ တဲ့။ ကျွန်မ ကြိုက်တဲ့ အသုံးအဆောင်၊ အနေအထိုင်၊ အစား အသောက်တွေ အင်တာဗျူး ပါ လေရော။ တစ်နှစ် ကို ဖိနပ် ဘယ်နှရံ ကုန်သလဲ တဲ့။ ( ကျွန်မ လည်း ကိုယ် စီးတာတောင် မရေတွက် ထားမိပါဘူး။)အင်း ... သုံးလေး ရံ တော့ ရှိမှာပေါ့ ဆိုတော့ သက်ပြင်း ချရှာတယ်။ ဖိနပ် ကို ရှပ်တိုက် မစီးပါနဲ့ တဲ့။ ပါးကုန်မှာ စိုး လို့ ဖွဖွ နင်းပါ ဆိုလားပဲ။ ကျွန်မ တော့ ငတက်ပြား လျှောက်နည်း ခြေဖျား ထောက် လျှောက် ရမယ့် ပုံ။ အင်္ကျီ က တစ်လ ဘယ်နှထည် ဝယ် သလဲတဲ့။ ပုံမှန် မရှိပါဘူး ဆိုတော့ ဖျင်ကြမ်းကြီး ဆို ခိုင်ခံ့သတဲ့။ ကျွန်မ တော့ ဖျင်ကြမ်း ထူလပျစ်ကြီးပဲ မချွတ်တမ်း ' ဒါဝတ် ' လုပ်ရမယ့် ပုံ။ ' အအေး ' က ရော တဲ့။ ဘာ ' အအေး ' ကြိုက်သလဲ တဲ့။ ကျွန်မ က သွက်လက်စွာ ထောပတ်သီးဖျော်ရည် လို့ ပြောတော့ သူ က ဟိုး အဝေးကြီး ကို  ဆွေးဆွေးမြည့်မြည့် ငေး နေသေးတယ်။ ပြီးတော့မှ တွေးတွေးဆဆ ပြောတယ်။ တစ်လ တစ်ခွက် လောက် တော့ သောက်ပေါ့ တဲ့။ မှားမိပါတယ် နော်။ ဟင်း ရောတဲ့။ ( အသံ က သိပ် တိုး နေပြီ။ ) ကျွန်မ က တကယ်လည်း အကြိုက် ဆုံးဖြစ်ပြီး သူ့ ကို သနားတာ လည်း ပါ တာမို့ ' ကြက်ဥ ကို ပြုတ်ပြုတ်၊ ကြော်ကြော် အကုန် ကြိုက်တာပဲ ' လို့ ဖြေလိုက် တော့ သူ က အားရပါးရ ပြုံးပြီး ' ဒါတော့ မဆိုး ဘူး ' တဲ့။ ကျွန်မတို့ ချစ်တဲ့ အချိန် က ကြက်ဥဈေး က တစ်လုံး သုံးကျပ်ခွဲ ပဲ ရှိသေး တယ်လေ။ ကျွန်မတို့ ရဲ့ အိမ်ထောင် မပြုခင် ကြိုတင် ဆွဲတဲ့ အဲဒီ အသုံးစရိတ် ဇယားလေး ဟာ ရန်ကုန်တက္ကသိုလ် က ဦးယမ်းဘီလူးဆိုင် သွား တဲ့ ကော်ရစ်ဒါ နံရံလေး မှာ ဆေး အသစ် သာ မသုတ်သေး ရင် ခုထိ ရှိ ဦးမှာပါ။ ကျွန်မ တကယ်ပဲ လွမ်း မိပါတယ်။


အဲဒီလို စကားမျိုးတွေ .. ချစ် ကြောင်းလွမ်းကြောင်းတွေ ပဲ အပ်ကြောင်း ထပ် ခဲ့တဲ့ ကျွန်မတို့ ချစ်ခရီး ဟာ အိမ်ထောင် ပြု အပြီး မှာ တော့ ကျွန်မ သူ့ ကို သူ့ လို အင်တာဗျူး ဘာလို့များ မလုပ်ခဲ့မိပါလိမ့် လို့ နောင်တ ရမိပါတော့တယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်မ သာ သူ့ ကို မေး ဖြစ်ခဲ့ရင် ဘာမေးမေး၊ ဘာ ဗျူးဗျူး သူ့ ပါးစပ် က ဘောလုံး၊ ဘောလုံး ဆိုတာချည်း ပဲ ကြားရ မှာ ကို အသေအချာ သိ နေလို့ပါပဲ။


ကျွန်မ ဘောလုံး ကို မမုန်းပါဘူး။ သူ နဲ့ ရ မှ ဘောလုံးပွဲ ကို ပွဲကြည့်စင် မှာ ကျွန်မ ထိုင် ကြည့်ဖူးတဲ့ သူ ပါ။ ကြည့်ခဲ့တဲ့ အကြိမ်ပေါင်း လည်း မနည်းလှ ပါဘူး။ သူ ကြည့်ချင် တဲ့ ပွဲဆိုရင် မိုး ရွာရွာ၊ နေ ပူပူ သူ နဲ့ အတူ မခွဲမခွာ တကယ့် ကို စိတ် ပါဝင်စားစွာ လိုက် အားပေး ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ က ကစား နေတဲ့ ဘောလုံးပွဲ ထက် ဘောလုံးပွဲ ကြည့် ပရိသတ် ကို ပို စိတ်ဝင်စား နေမိတာတော့ ဝန်ခံရမှာပဲ။ ပရိသတ်ကြီး စိတ်အားထက်သန် တာ၊ ပျော်ရွှင် တာ၊ အားမလို အားမရ ဖြစ် တာ၊ စိတ် ပျက်လက်ပျက် ဖြစ် တာ တွေ ဟာ ကျွန်မ ရင် ထဲ ကို လှိုင်းတွေ လို တစ်ချိန်လုံး ဝင်ရိုက်ခတ်နေခဲ့တာ။ ကျွန်မ လူအုပ် နဲ့ အတူ အားပေး မိတယ်။ သီချင်းတွေ သံပြိုင် ဆို မိတယ်။ ကြွေးကြော် အော်ဟစ်ခဲ့တယ်။ သူ့ လက် ကို မြဲမြဲ ဆုပ်ကိုင်ရင်း ပေါ့။


ဒါ့အပြင် တီဗီ မှာ လည်း ဘောလုံးပွဲ တွေ အမြဲ လာနေသေးတယ်။ တိုက်ရိုက် ထုတ်လွှင့်မှု ဆိုရင် ညဘက် မှာ လာ တတ်တာမို့ အင်မတန် အိပ်ရေး ပျက်ပါ တယ်။ အဲဒါဆိုရင်တော့ အပြင် မှာ လည်း ဘောလုံး၊ အိမ် မှာ လည်း  ဘောလုံး ဆို တော့ ကျွန်မ လည်း ငြီးငွေ့ပြီ။ ညလယ်စာ ဘောလုံးပွဲ ကြည့် ရင်း စားဖို့ ခေါက်ဆွဲ ပြုတ် ဖြစ်ဖြစ် လုပ်ပေးပြီး ကျွန်မ အိပ် တော့တာပဲ။ တစ်ခါတလေ ကျွန်မ အိပ်မောကျ နေတုန်း ကျွန်မ ကို  လာနှိုးပြီး ' ဟိုမှာ အာဆင်နယ် က ဂိုးသွင်းတော့မယ်၊ မြန် မြန်လာ ' တဲ့။ သူ ကြည့်နေရာ က  ကောင်းတဲ့ အကွက်လေး လွတ် သွားမှာ စိုးလို့ တကူးတက ခေါ်ရှာပါတယ်။ ကျွန်မ သာ ပြန် အိပ်လို့ လည်း မပျော် ဘဲ မူးတူး ကြောင်တောင် ဖြစ် ကျန်ခဲ့ ရတယ်လေ။


တစ်ခါတစ်ခါ ကျွန်မ လည်း

ဘောလုံးပွဲ ကြည့်တဲ့ သူ့ ဘေးမှာ ထိုင် ပြီး ' အဲဒါ မိုက်ကယ်အိုဝင် မဟုတ်လား ' လို့ မေး လိုက် မိရင် ကျွန်မ ပါ စိတ်ဝင်စား လာပြီ ထင်ပြီး ဝမ်းသာ အားရ ရှင်း ပါလိမ့်မယ် တသီကြီး။

အင်အားဂျာနယ်၊ တက်လမ်း

ဂျာနယ် စတဲ့ အားကစားဂျာနယ်တွေ ရဲ့ အမာခံပရိသတ်ဟာ သူ မှ အစစ်ပေါ့။ တစ်ခါက သူ ချောတယ် ဆိုတဲ့ ဘောလုံးသမားတွေ ပြလို့ ကြည့် လိုက်တော့ အား လုံး ခေါင်းတုံးတွေ ချည်း။ ပုံစံအမျိုးမျိုး နဲ့ ပို့စ် ပေး နေကြတာပါ။ အားပေးတဲ့ လူတွေ ရှိတော့ လည်း လုပ်ကြပေါ့လေ လို့ ပဲ စိတ် လျှော့ရပါသေးတယ်။ ကမ္ဘာ့ ဘောလုံးဝိဇ္ဇာတွေ တော် ပုံ၊ အားကြိုးမာန်တက် ကြိုးစားခဲ့ရ ပုံ၊ အခု တစ်လ မှာ ဝင်ငွေ က ဘယ်လောက် တောင် မြင့်သွားပြီ၊ အသင်း ပြောင်း ကြေး က ဘယ်နှသန်း တောင် ပေးရ တာ ဆိုတာတွေကို အင်မတန် စိတ်ရှည် သဘောကောင်း တဲ့ ဆရာ တစ်ယောက် လို နူးညံ့စွာ ရှင်းပြ တတ် ပါတယ်။ ကျွန်မ က တော့ သူတို့ အကြောင်း ထက် သူတို့ ဝင်ငွေတွေ ကို ပဲ အားကျ နေမိပါတော့တယ်။ အဲဒီ တော့ မခက်လား။


ကမ္ဘာ့ဖလား ပွဲတု န်း က တော့

အဆိုးဆုံး ပါ ပဲ။ ပွဲစဉ်ဇယားတွေ ကို စနစ် တကျ မင်နီ၊ မင်ဝါ၊ မင်စိမ်း တွေ တား ပြီး Hight Light လုပ်ကာ အိပ်ရာ ခေါင်းရင်း မှာ ကပ် ထားပါ

တယ်။ ဒါ့အပြင် အနိုင်ရတဲ့၊ အမှတ်များ တဲ့ ဟို အသင်း နဲ့ ဒီအသင်း တွေ့ကြတာ မို့ မြားတွေ ရှုပ်ယှက်ခတ်ပြီး ဟိုထိုး ဒီထိုး နဲ့ ပြ ထား သေးတယ်။ ပြီးရင် ဒေးဗစ်ဘက်ခမ်း က ဘယ်လို ကန်တင် ပေးလိုက်တာ၊ ဇီဒန်း က ဘယ်လို ဂိုး သွင်းပြီး၊ ရော်နယ်ဒို က လိမ်ခေါက်ပြီး ဘောလုံး ဆွဲပြေးသွားတာ က အစ မာလ်ဒီနီ ဘောလုံး ဖျက်ထုတ် လိုက်တာ အဆုံးပါပဲ။ ကျွန်မ လည်း သူ ပြောတဲ့ နာမည်တွေ များလွန်းတော့ ဒီဘက် နား က ဝင်ပြီး ဟိုဘက် နား က ထွက် သွားတော့တာပဲလေ။


ကမ္ဘာ့ဖလား ပွဲ ပြီးတုန်း က တော့ ကျွန်မ လည်း ဝဋ် ကျွတ်ပြီကွ ဆိုပြီး အားရဝမ်းသာ

လက်သီးလက်မောင်း တန်း ရုံ ရှိသေး၊ ဥရောပခြေစစ်ပွဲ တွေ လာတော့ မယ် ဆိုလား၊ လာနေပြီ ဆိုလား၊ ဟို ကောင်တွေ အပြတ် ကျင့် ကုန်ကြပြီ ဆိုလား ပြောလို့ စိတ်ဓာတ်များ တောင် ကျ ရ ပါသေးတယ်။


ဒီလို ပြောလို့ သူ က အလုပ် မေ့၊

မယား မေ့ တဲ့ သူတော့ မဟုတ်သေးပါဘူး။ သူ က ကျွန်မ ကို အင်မတန် ဂရု စိုက် တတ်သူ တစ်ဦး ပါ။ သူ့ အကြောင်း စဉ်းစား ရင် ကျွန်မ စိတ် ကျေနပ်ခဲ့ရ၊ သူ့ ရဲ့ အလိုက်သိမှု ကို အံ့သြရ၊ သူ့ ရဲ့ ဣန္ဒြေရတဲ့ မြတ်နိုးမှု ကို ကြည်နူးခဲ့ရ တဲ့ အကြိမ်ပေါင်း မရေမတွက်နိုင် လောက်အောင် များပြား လွန်းလှပါတယ်။ ဒီလိုပဲ ကျွန်မ ကိစ္စ၊ ကျွန်မ ဆန္ဒ၊ ကျွန်မ လိုအပ်ချက်၊ ကျွန်မ စိတ်ဝင်စားမှု တွေ မှန်သမျှ သူ့ခေါင်း ထဲ မှာ အမြဲ ထည့် ထားသလို ကျွန်မ ခေါင်း ထဲ မှာ

လည်း သူ ပြောတဲ့ အနီကတ်၊ အဝါကတ်၊ ရှေ့တန်းတိုက်စစ်မှူး၊ နောက်တန်း ညာအစွန်လူ၊ ခံစစ်နည်းဗျူဟာ၊ ခြေစစ်ပွဲ၊ အုပ်စုပတ်လည်ပွဲ၊ .တစ်ဂိုးစီ၊ သရေပွဲ နဲ့ တစ်မှတ်စီ ခွဲ ယူ လိုက်ရတယ်တို့ အစုံ ရောက် နေတာပေါ့ ရှင်။


ကမ္ဘာ့ဖလား၊ ဥရောပအဖွဲ့ချုပ် ဖလား၊ အမေရိကန်ဖလား၊ အရှေ့တောင် အာရှဖလား စတဲ့ ဖလား တွေ လည်း ဒီလောက် ပေါများ မှန်း ခုမှ သိ ရပါတော့ တယ်။ ကျွန်မ က ရေဖလား လောက် သာ သိသူ မဟုတ်လား။


တစ်ခါတလေတော့ လည်း ငါတို့ အကြိုက်ချင်း၊ ဝါသနာချင်း တူ ရင် အကောင်းသား လို့ စိတ် အားငယ် မိပါရဲ့။ ဘောလုံး ကို သဝန်တိုကာ ကျွန်မ နဲ့ ဘောလုံး ဘယ်သူ့ ပို ချစ်သလဲ လို့ မေး ရအောင်လည်း ဘောလုံး က သက်ရှိ ဆို ဟုတ်တုတ် တုတ်။ သူ ချစ် တဲ့ ဘောလုံး မှာ ကန်နေတဲ့ သူတွေ တောင်  မိန်းမ ပါရှာတာ မဟုတ်ပါဘူးလေ လို့ ရူးရူးပေါက်ပေါက် လျှောက် တွေးမိတဲ့ အထိပါပဲနော်။


တစ်နေ့ က တော့ သူ က ကျွန်မကို ချစ်စဖွယ် စေ့စေ့ကြည့် ပြီး ပြုံး နေ တော့ ကျွန်မ က ' ဘာပြုံးတာလဲ ' လို့ မေး ကြည့် မိတယ်။ အဲဒီ တော့ သူ က ဘာပြန် ပြောသလဲ သိလား။ ကျွန်မ က ဝပြီး လုံး နေတော့ ဘောလုံးလေး နဲ့ တူ နေတယ်တဲ့။ ဒါကြောင့် သူ ပို ချစ်မိ သွားတာ ဖြစ်မယ်တဲ့ ... ကဲ။


ဒီလိုများဖြင့် လေ အင်မတန် လှကြပါတဲ့ အခု ခေတ် မော်ဒယ်လ်တွေ လို ပိန်ဖို့ ဆိုတာ ဒီ ဘဝ မှာ ရှိပါစေတော့။


◾မိုးချိုသင်း


📖ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း

      အမှတ် ၁၂၂၊ 

       ဇန်နဝါရီလ၊ ၂ဝဝဝ ပြည့်နှစ်


#ကိုအောင်နိုင်ဦး


.

Wednesday, September 22, 2021

ခင်မောင်ရင် ကို မီရဲ့လား


 

❝ ခင်မောင်ရင်ကို မီရဲ့လား ❞

တစ်နေ့က အဖေ ကက်ဆက်ခွေတွေ ငှားလာသည် ။ အမှတ်တမဲ့ ကြည့်မိတော့ ခင်မောင်ရင် ၏ သီချင်းများ ။ အမှန်ပြောရလျှင် သိပ်စိတ်မဝင်စားမိပါ ။ ဖွင့်ပြီး နားမထောင်မိပါ ။ အဖေ နားထောင်ဖို့ ငှားလာတာပဲလို့ ထင်မိပါသည် ။ မနေ့ကတော့ ကျွန်မ ဇော်ဝင်းထွဋ် သီချင်းများ နားထောင်နေတုန်း ကျွန်မအနား အဖေ ရောက်လာသည် ။ “ ခင်မောင်ရင်သီချင်းတွေ နားထောင်ကြည့်ရအောင် ” ဆို၍ ဖွင့်လက်စကို ပိတ်ကာ ခင်မောင်ရင် ကို ဖွင့်ပေးလိုက်ရ၏ ။

မောင်မောင်ကြီး၏ ဆိုသံက ပျံ့လွင့်လာသည် ။ “ အင်းကို ဟင်္သာ ဆင်းမည် ၊ ဆင်းရင် လေးနဲ့ ခွင်းမည် ၊ ထိုမုဆိုးကို ထီးရိုးရိုက် မည် ၊ ထီးရိုးကို မိုးကြိုးပစ်မတဲ့ စာရှိပါသည် ၊ ၁၃၀၀ ပြည့်မှစ၍ မြန်မာပြည်သည် လိုတာ ရနိုင်မည် ” တဲ့ ‘ စကြာသိုက်သီချင်း ’ ၊ ကျွန်မက ထိုအပိုဒ်လေးကို စိတ်ထဲမှာ ကြားဖူးသလိုပဲဟု ထင်မိ၏ ။ အဓိပ္ပာယ်ကို နားမလည်၍ အဖေ့ကို ရှင်းပြခိုင်းတော့ အဖေက အသေအချာ ရှင်းပြသည် ။ ဒီသီချင်းသည် အင်္ဂလိပ်လက်ထက်က အင်္ဂလိပ်အာဏာပိုင်တွေ အကြီးအကျယ် စိတ်ဆိုးပြီး ပိတ်ပစ်ခဲ့ရသည့် သီချင်းပါလား ။ အဖေ ရှင်းပြမှ သီချင်းအရသာ ပိုပီပြင်လာသည် ။ အဖေက စည်းချက်လိုက်တော့ ကျွန်မက တိုးတိုးလေး လိုက်ဆိုမိ၏ ။ နှစ်ယောက်စလုံး သဘောကျကာ ထပ်ခါတလဲလဲ ဖွင့်နေမိ၏ ။ အဖေကတော့ သီချင်းသံကြားမှ ကျွန်မအား “ သမီးက ဇော်ဝင်းထွဋ် နားထောင်တယ် ၊ အဖေက ဇော်ဝင်းထွဋ်ရဲ့ အဘိုး ရွှေတိုင်ညွန့် ရေးတဲ့ သီချင်းတွေ နားထောင်တယ် ” ဟု လှမ်းပြောနေသေး၏ ။ ခေတ်ဆိုတာ သိပ်မြန်တာပဲဟု ကျွန်မ တွေးနေမိ၏ ။ ခင်မောင်ရင် ကိုတော့ ဗိုလ်အောင်ဒင် ကြည့်ပြီးကတည်းက သူ့အပြော ၊ သူ့အရယ်တွေကို သဘောကျနေခဲ့တာပဲ ဖြစ်သည် ။ သူ့သီချင်းကိုတော့ အမြဲတစေ နားမထောင်ဖူးခဲ့ပါ ။ ကွက်ကျားကွက်ကျားတော့ နားထောင်ဖူးသည် ။ ငယ်ငယ်က အဖေနဲ့ တက္ကသိုလ်အနုပညာအသင်း အဆို အက အတီးပြိုင်ပွဲ လိုက်သွားစဉ်က လူရွှင်တော် တောသားကြီး ကို ကျွန်မ အလွန်ပဲ သဘောကျမိပါသည် ။ နောက် မြန်မာ့ရုပ်မြင်သံကြားမှာ ‘ သူဇာ ’ ဇာတ်ကား လာတော့ ‘ နတ်သမီးလေးတွေ တစ်ဖက် လေး ငါးရာ ’ နှင့် တခြားသီချင်းများ နားထောင်ဖူးပါသည် ။ သည်လို နားထောင်ပြီးတိုင်း ခင်မောင်ရင် က အဆိုရော ၊ အမူအရာပါ အလွန်ပိုင်တဲ့ မင်းသားကောင်း တစ်လက်ပဲဟု စိတ်ထဲ မှတ်ချက်ချမိ၏ ။

နောက်တစ်ခါ အဖေ အမြဲဆိုနေတတ်တဲ့ ဘိုးဘိုးအောင် သီချင်းတို့ ၊ ကျော်ကြားလှတဲ့ နဂါးနီ တို့ကတော့ ကျွန်မကိုယ်တိုင်ပဲ လိုက်ဆိုတတ်နေပါပြီ ။ နဂါးနီ သီချင်းဆို နေရာအနှံ့အပြားမှာ ကြားရတတ်၏ ။ ဒီသီချင်းသည် ကျွန်မတို့အတွက် စိမ်းမနေပါ ။ ထီဆိုင်တွေမှာလည်း ဖွင့်ကြသည် ။ ကျွန်မကတော့ ထိုသီချင်းသံ ကြားတိုင်း အမျိုးအမည် မသိတဲ့ စိတ်လှုပ်ရှားမှုမျိုး အမြဲဖြစ်တတ်၏ ။ တစ်ခါလည်း မဟုတ် ၊ နှစ်ခါလည်း မဟုတ် ။ ဒါပေမဲ့ ခင်မောင်ရင် ကို ကျွန်မ သိတာ ဒီလောက်ပဲ ဖြစ်ပါသည် ။ ဒီလောက်နဲ့တင်ပဲ ခင်မောင်ရင် ကို ကျွန်မ စွဲငြိလှပြီ ။ ကျွန်မစိတ်ထဲမှာ ခမ်းနားလှပြီ ။

အမေ ကတော့ ကျွန်မကို ခင်မောင်ရင် နှင့် ပတ်သက်သော ဇာတ်လမ်း တစ်ပုဒ် ပြောပြဖူး၏ ။ ပုံပြင် မဟုတ်ပါ ။ တကယ့် အဖြစ်အပျက် ဖြစ်၏ ။ ဒါပေမဲ့ ကိုယ်တွေ့ မဟုတ်ပါ ။ တစ်ဆင့် ပြောသော ဇာတ်လမ်း ဖြစ်၏ ။

ဟိုးအရင်က ရွာတစ်ရွာမှာ ခင်မောင်ရင် ကို အလွန်စွဲသော လူကြီးတစ်ယောက် ရှိသည်တဲ့ ။ စွဲလိုက်သမှ ခင်မောင်ရင် မှ ခင်မောင်ရင် ၊ ခင်မောင်ရင် ဆိုသည့် သီချင်းမှန်သမျှ သူ ရသည် ။ ခင်မောင်ရင် နှင့် တူအောင်လည်း အတော့်ကို ပင်ပန်းတကြီး ကြိုးစားကျင့်ယူသည်တဲ့ ။ တစ်ခါ တစ်ခါ မာဖလာလေး လည်ပင်း ပတ်ပြီးလည်း နေတတ်သည် ။ အုန်းဆီကို ရွှဲနေအောင် လိမ်းပြီး ဆံပင်ကို ပြောင်နေအောင် လှန်ဖြီးကာ မျက်နှာခပ်မော့မော့နှင့် ခင်မောင်ရင် စတိုင်လည်း ဖမ်းတတ်သေး၏ ။ သူက ခင်မောင်ရင် အသည်းစွဲလေ ။ သူများတွေက ခင်မောင်ရင် ခေတ်ပြီးလို့ တွံတေးသိန်းတန် တို့ ၊ ဇော်ဝမ်း တို့ ခေတ်တွေ ရောက်ကုန်ပြီ ။ သူ မမှုပါ ။ သူ နားမလည် သဘော မပေါက်ပါ ။ အမြဲတစေ ခင်မောင်ရင် ခေတ်လို့ပဲ ထင်နေရှာသည် ။ အစွဲအလမ်းကလည်း ခပ်ကြီးကြီး မဟုတ်လား ။

သူ့ကို တစ်ရွာလုံးက ခင်မောင်ရင်နှင့် ပတ်သက်၍ စိတ်ကုန်ကြ၏ ။ စိတ်ပျက်ကြ၏ ။ သူနှင့် ဝေးဝေး ရှောင်ကြရ၏ ။ သူနှင့် စကားတစ်ဝိုင်းထဲမှာ ထိုင်ပြီး ဘယ်သူမှ မငြင်းရဲပေ ။ မငြင်းချင်ပေ ။ သူများတွေက -

“ တွံတေးသိန်းတန် သိပ်ကောင်းတာပဲဗျာ ၊ ဘယ်လို အဆိုပိုင်တာ ” လို့ သူ့ရှေ့မှာ ပြောမိရင် သူက …

“ ဟုတ်ပါပြီ ၊ မင်းတို့ တွံတေးသိန်းတန် ကောင်းတာ လက်ခံပါပြီ ၊ ဒါပေမဲ့ ငါ မေးပါရစေ ၊ ဦးခင်မောင်ရင် ကို မီရဲ့လား ” ဟု အမြဲမေးတတ်၏ ။

ဒါဆို သူနဲ့ ပြိုင်မငြင်းချင်သူတွေက သူ့အကြောင်း သိနေသူတွေက …

“ မမီပါဘူးဗျာ … မမီပါဘူး ” ဟု ပြန်ပြောမှ ကျေနပ်သဘောကျ နေတတ်သည် တဲ့ ။

တစ်ခါကလည်း ( ထိုခေတ်က ဇော်ဝမ်း ရေပန်းစားနေချိန် ဖြစ်သည် ) လူတစ်ယောက်က သူ့ရှေ့မှာ -

“ ဇော်ဝမ်းတို့များ ဆိုတတ်လိုက်တာ ” ဟု သွားပြောမိရာ -

“ ဆိုတတ်တာကတော့ ဟုတ်ပါပြီ ၊ ဒါပေမဲ့ ငါမေးလိုက်ရဦးမယ် ၊ ခင်မောင်ရင်ကို မီရဲ့လား ” ဟု မေးတော့သည် ။

မခံချင်စိတ် ရှိသူက …
“ သူ့ခေတ်နဲ့ သူပေါ့ဗျာ ” ဟု ပြောကြည့်ပါလား ။

သူနှင့် ငြင်းမဆုံးနိုင်တော့ ။ စကားစ မပြတ်နိုင်တော့ ။ “ ခင်မောင်ရင်ကို မီရဲ့လား ” ဟူသော စကားသံသည်သာ ထိုစကားဝိုင်းတွင် ပေါက်ကွဲလျက် ရှိတော့သည် ။ ကျယ်လောင်လျက် ကျန်ရစ်တော့သည် ။ ထိုအခါ အထွန့်တက်သူ ဂြိုဟ်ဆိုး ဝင်တော့၏ ။ မီးခိုးကြွက်လျှောက် တသီတတန်းကြီး ဒုက္ခရောက်တော့၏ ။ နောက်ဆုံးမှာတော့ ကိုယ်ကပင် မှန်နေစေဦးတော့ အရှုံးပေးရကာ -

“ ခင်ဗျား ခင်မောင်ရင် ကိုတော့ ဘယ်မီမလဲ ” ဟု ပြောမှ စကားဝိုင်း သိမ်း၏ ။ ငြင်းခန်း ရပ်၏ ။ ထိုအခါမှသာ ငြိမ်းချမ်းရေး ရတော့၏ ။

သူ့ကိုတော့ တစ်ရွာလုံးက ကျိတ်ရယ်ကြ၏ ။ “ ခင်မောင်ရင် နဲ့ ပတ်သက်လို့တော့ တစ်ခွန်းမှ သွားမဟလေနဲ့ ” ဟု တိတ်တိတ် ကျိတ် သတိပေးကြ၏ ။ စကားစပ်မိလို့ ခင်မောင်ရင် အကြောင်း ရောက်သွားပါကလည်း အချင်းချင်း လက်တို့ကာ စကားဝိုင်းမှ မသိမသာ ခွာကြ၏ ။ အကြောင်းအမျိုးမျိုး ပြ၍ သုတ်ခြေတင်ကြ၏ ။

သူသည် ခေတ်ကိုလည်း မမြင်တော့ပေ ။ ခေတ်ရေစီးကြောင်း၏ အားမာန်ကို လျစ်လျူရှုကာ နောက်ကျနေပြီ ဖြစ်တဲ့ ၊ ခေတ်မမီတော့ပြီ ဖြစ်တဲ့ သံသရာထဲမှာ ကုတ်ကပ်တွယ်ရစ်လျက် ကျန်ရစ်ခဲ့လေ၏ ။ ဘယ်လို အကြောင်းပြချက်ကိုမှ လက် မခံတော့ဘဲ စိတ်၏ အစွဲအလမ်းနောက်ကို တကောက်ကောက် လိုက်ပါနေကာ ဘယ်အရာမဆို ခင်မောင်ရင် ပေတံနှင့်ချည်း တိုင်းထွာနေတော့၏ ။ ရယ်လည်း ရယ်ရ ၊ အတော်လည်း ကသိကအောက် နိုင်လှသော ကိစ္စပင် ဖြစ်သည် ။

ကျွန်မလည်း ထိုလူကြီးအကြောင်း တွေးရင်း အခုလို တိုးတက်ခေတ်မီလှသော ဟဲဗီးရော့ခ် တို့ ၊ ရော့အင်ရိုး တို့ ခေတ်စားနေသော ခေတ်ကြီးထဲတွင် “ ခင်မောင်ရင် ကို မီရဲ့လား ” ဟု ထိုလူကြီး လာမေးနေမှာ စိုးကြောက် မိပါတော့၏ ။

လူကြီးမင်းများ ရှင် … မိမိ သဘောကျ နှစ်ခြိုက်သူများကို တိုးတိုးတိတ်တိတ်သာ ကောင်းချီးပေးကြရန် ကျွန်မ မေတ္တာရပ်ခံပါရစေ ။

◾မိုးချိုသင်း

📖 ပေဖူးလွှာမဂ္ဂဇင်း
      ၁၉၉၀ ၊ အောက်တိုဘာလ

koaungnaingoo.blogspot.com

.