Showing posts with label နုနုရီ ( အင်းဝ ). Show all posts
Showing posts with label နုနုရီ ( အင်းဝ ). Show all posts

Saturday, January 29, 2022

ထမီကလေး တစ်ထည်


 

❝ ထမီကလေး တစ်ထည် ❞

နံနက်ခင်း လေပြည် သည် အေးမြညင်သာစွာ တိုက်ခိုက်နေသည် ။ မီးဖိုမှ မီးညွန့် များ သည် ရဲရဲနီကာ ဟုန်းဟုန်းတောက်လျက် ရှိ၏ ။ မိဒိုး သည် ထမင်းအိုး ကို မနိုင်တနိုင့် မ ကာ မီးဖိုပေါ် တင်လိုက်၏ ။ ကျပ်ခိုးမှိုင်း များဖြင့် ညစ်ပေနေသော အိုးဖုံး ကို ဆန်ဆေးရည်ဖြင့် ဆေးပြီး ဖုံးလိုက်သည် ။ ညနေ အတွက် ချန်ထားသော ဆန် ကို ပုဆိုး နှင့် ပြန် ထုပ်၏ ။ ရေအိုးနား မှ မန်ကျည်းရွက်ထုပ် ကို သွားယူကာ ကြမ်းပေါ် ဖင်ချ အထိုင်လိုက် ဗြိ ခနဲ မြည်ကာ ထဘီ ပြဲသွားပြီ ကို မိဒိုး သိလိုက်၏ ။ ကပျာကယာ ထကာ ထဘီ ကို လှည့် ကြည့်လိုက်တော့ တစ်ထွာခန့် သာသာရှိ အစုတ်ကြီး ။

သွားပါပြီ ၊ ကုန်ပါပြီ ။

သည် ထဘီ က အမေ ထားခဲ့သော ထဘီ သုံးထည် အနက်က နောက်ဆုံး ထဘီ ။ မိဒိုး ထဘီ ကို အသာ လှည့်ဝတ်ကာ ဖြည်းညင်းစွာ ထိုင်ချပြီးမှ မန်ကျည်းရွက် သင် ၏ ။ နောက်နေ့ မှ အရီးလေးတို့ အိမ် က အပ် နှင့် အပ်ချည် ငှားပြီး သီ ရမည် ။

မန်ကျည်းရွက် တွေ က တမြန်နေ့ ကတည်း က ခူးထားသည်မို့ နည်းနည်း နွမ်းနေကြပြီ ။ မနက်ဖြန် အတွက် မန်ကျည်းရွက် ကို ပြန် ထုပ်ထားလိုက်၏ ။ အိမ်ရှေ့တွင် ကစားနေကြသော မိဒိုး ၏ အောက် အငယ်မ သုံးယောက် က မီးဖိုချောင် ဆီသို့ တကြည့် တည်း ကြည့် နေကြသည် ။ မန်ကျည်းရွက် အိုး ထဲ သို့ ငါးပိထုပ် ထဲ မှ လက်ကျန် ငါးပိ နည်းနည်း ကို ပစ် ထည့်လိုက်၏ ။ ဆီပုလင်း ကို လောင်းချသော် လည်း ကျ လာသည် မှာ တစ်စက် နှစ်စက် ။ မိဒိုး က ပုလင်း ဖင် ကို လက် နှင့် ရိုက်ချ၏ ။ ဒီနေ့ညနေ အဖေ့ ဆီ က ပိုက်ဆံ ရ မှ မနက်ဖြန် အတွက် အားလုံး ဝယ်ရမည် ။

မန်ကျည်းရွက် ဟင်းအိုး တပွက်ပွက် ဆူချိန်တွင် အိမ် ရှေ့မှ ဆွမ်းတော်ဗျို့ ဟူသော အသံ ကို ကြားရ၏ ။ ထုံးစံ အတိုင်း မိဒိုး က ကန်တော့ ဆွမ်း ဟု သွက်လက် စွာ အော်လိုက်သည် ။ ဘုန်းကြီးကျောင်းသား အေးမောင် က ဆွမ်းဗျပ် ကို ရွက်ထားရင်းက မိဒိုး ကို မျက်စောင်း ထိုးလေသည် ။

  "  ထမင်း စားမယ် လာကြဟေ့  " 

မိဒိုး ခေါ်သံ အဆုံးတွင် အငယ် သုံးယောက် အပြေး အလွှား လာကြသည် ။

ထမင်းရည် နီရဲရဲ တစ်ဇလုံ နှင့် မန်ကျုည်းရွက်ဟင်း ကို အလယ် ထားလျက် ခေါင်း မဖော် အောင် စားကြ၏ ။ ဆံပင်နီနီ နှင့် ခေါင်းလေးလုံး သည် မြစ်ဆိပ်တွင် ရေငုပ် ကြ လွန်းသဖြင့် ဆီ နှင့် မတွေ့ရသော ဆံပင်များ မှာ နီရဲ နေကြသည် ။

  "  သမီး ရော့ ဟေ့ ပိုက်ဆံ  " 

အဖေ က ပခုံးပေါ်မှ တက်နှစ်ချောင်း ကို တဲ ခေါင်းပန်း တွင် ထောင်ပြီးသည် နှင့် မိဒိုး ကို ပိုက်ဆံ ပေး၏ ။ ကျပ်တန် ငါးရွက် ။ အဖေ့ မျက်နှာမှ ချွေးသီးချွေးပေါက်များ ကို မိဒိုး ငေးကြည့်နေရင်း  " အဖေ ငှင်ငှားခ သုံးကျပ် ပေးပြီးပြီနော်  "   ဟု အလောသုံး ဆယ်မေးလိုက်၏ ။ အဖေ က မိဒိုး ကို ကြည့်၍ ပြုံး၏ ။

  "  ပေးပြီးပါပြီ သမီးရဲ့ ၊ ဟူး ဒီနေ့ မစားသာဘူးဟေ့ ရေနီ ကျပြီး ရေ သိပ် စီးနေတယ်  " 

မိဒိုး က အဖေ ပြောသမျှကိုသာ ခေါင်းညိတ်နေရင်း ငွေငါးကျပ် နှင့် ဈေးဝယ်ရန် တွက် ဆန်တစ်ပြည် က လေးကျပ် ။ ဒါနဲ့ကိုပဲ လေးကျပ် ရှိနေပြီ ။ အသင်းဘုတ်အုပ် နဲ့ ထုတ်ရင် နှစ်ကျပ် ဆယ်ပြား ပဲ ကျတာ ။ အမေ ဆုံးတုန်း က ငါးဆယ် နှင့် ပေါင်ထား သော အသင်းဘုတ်အုပ် ကို ခုထိ မရွေးနိုင်သေးတာ နာတာပဲ ။ ထားပါလေ ။ ဆီ နှစ်ကျပ်ခွဲသား က ပြားရှစ်ဆယ် ။ ပြားနှစ်ဆယ် ပဲ ကျန်တော့သည် ။ မန်ကျည်းရွက် ချက်ဖို့် ငါးပိ က မဝယ်လို့ မဖြစ် ။ တစ်မတ်ဖိုး ကိုတောင်မှ ရွာလယ် ဈေးသည် ဒေါ် ကြီးမှင် က သိပ် ရောင်းချင် တာ မဟုတ် ။ ပြားနှစ်ဆယ်ဖိုး ရောင်းပါ့မလား ဟု မိဒိုး ပူပန်မိ၏ ။

  "  ဟဲ့ မိဒိုး ... မီးဖိုပေါ် က အိုး ဝေကျနေပြီ ၊ ဘာ အိုး လဲ  " 

  "  ရပါတယ် အဖေ ရဲ့ ၊ အဝေရာရွက် ပြုတ်ထားတာပါ ၊ ဒီနေ့ည အဝေရာ သုပ် နဲ့ မန်ကျည်းရွက် ဟင်း  " 

မီးဖိုပေါ် က အိုး ကို မိဒိုး သွား ဖွင့်လိုက်သည် ။ စိမ်းဝါဝါ အရည်များက ပွက်ပွက် ဆူနေကြသည် ။ အဝေရာရွက် တစ်ခက် ကို ဆတ် ခနဲ ဆိတ် ကြည့်လိုက် ၏ ။ မနူးသေးပေ ။ မီးဆွပေးလိုက်ပြီး ပိုက်ဆံ ကို ထည့်သိမ်း လိုက်၏ ။

  "  ဟေ့ ... ငါ က ခြောက်ဆင့် ရောက်ပြီနော် ၊ ခြောက်ဆင့် ခုန်ရမှာ  " 

ဖန်ခုန်တမ်း ကစားနေသော နေရာမှ အလတ်မ ၏ အသံစူးစူး က ဝမ်းသာအားရ ထွက်ပေါ်လာသည် ။

သူ့ ညီမ သုံးယောက် ဖန်ခုန်တမ်း ကစားနေသည်ကို ကြည့် ရင်း မိဒိုး ရုတ်တရက် ကစားချင် စိတ် ပေါ်လာသည် ။ မိဒိုး မကစားရတာ ကြာလှပြီ ။ အမေ ရှိတုန်းက ဆို ရွာလယ်ပိုင်း ထိတောင် သွား ကစားရ၏ ။ မြစ်ဆိပ်သောင်ပြင် ပေါ်တွင်လည်း သူငယ်ချင်းများ နှင့် ဘိုအိမ် မဆောက်ရသည်မှာလည်း ကြာပြီ ။

မိဒိုး သည် ထဘီ ကို ခပ်တင်းတင်း ပြင်ဝတ်ပြီး တဲရှေ့သို့ ပြေးသွားလျက် အလတ်မ ခုန်မည် ပြုနေသော ခြောက်ဆင့် ကို လွှားခနဲ ခုန်ကျော်လိုက်၏ ။ ပါးစပ် ကလည်း ငါ ခုန်တာ တွေ့လားဟေ့ ဟု ဝမ်းသာအားရ အော်၏ ။ အလတ်မ နှုတ်ခမ်း စူ၏ ။

  "  ငါ ခုန်နေတာ ဘာလုပ် နင် ဝင်ခုန်တာလဲ ၊ သွားမပါဘူး  " 

  "  အိုး ... ပါမှာပေါ့ ၊ နင် မခုန်နိုင်တိုင်း ..... နင် က အီးဘောသော  " 

မိဒိုး က သူ့ ညီမ ကို စ၏ ။

အလတ်မ ပိုပြီး စိတ်ဆိုးလာ၏ ။

  "  နင် နော် နင် ၊ အပျို က အပျို လို နေပါလား ၊ အပျို  ဆိုတာ ကလေးတွေ ထဲ မပါရဘူး သွား  " 

  "  ဘာ ... ကြည့်စမ်း ၊ ဘာ အပျို လဲ ... ငါ လဲ ကလေးပဲ   " 

ကလေးစိတ် တစ်ဝက် နှင့် မိဒိုး ပြန် အော်၏ ။

  "   အမယ် ... နင် ကလေး ဆိုရင် နင် ဘာပြုလို့ ရေချိုးတုန်း က အဖေ့ ရေလဲ နဲ့ ချိုးလဲ ၊ ငါတို့ လို ချိုး ပါလား ကဲ   " 

မိဒိုး ရှက်သွား၏ ။ အဖေ့ ဆီ ကို မလုံမလဲ လှမ်းကြည့်ရင်း ရှက်ရှက် နှင့် အလတ်မ ခေါင်းကို   "  ဒေါက်  "   ခနဲ နေအောင် ခေါက် ပစ်လိုက်လေသည် ။

ooooo   ooooo   ooooo

မန်ကျည်းရွက် ခူးတိုင်း မိဒိုး ကောက်လာသော မန်ကျည်းကိုင်းများ နှင့် ဆူးစည်း လုပ်နေသော အဖေ့ ဘေး တွင် မိဒိုး တို့ ညီမတစ်တွေ ဝိုင်းနေကြလေသည် ။ အဖေ က အကိုင်းအခက် ရှုပ်သော မန်ကျည်းကိုင်းများ ကို စု၍ အရင်း မှ ကြိုးဖြင့် တင်းနေအောင် ချည်သည် ။

  "  ပြီးပြီလား အဖေ ၊ မြစ်ထဲကို အခု သွား ချရအောင်နော် အဖေ  " 

အငယ်ဆုံးမ က စိတ်အားထက်သန်စွာ ပြောသည် ။ မိဒိုး တို့ တစ်ရွာလုံး လိုလို ဆူးစည်း ချလေ့ရှိ၏ ။ မန်ကျည်းကိုင်း နှင့် လုပ်သော ဆူးစည်း မှာ ငါး သိပ် မပါသော် လည်း နှစ်ရက် တစ်ခါ ၊ သုံးရက် တစ်ခါ ဖော်လျှင် တစ်ချက်စာ လောက်တော့ ရတတ်လေသည် ။ ဆူးစည်း ကို ရေတိမ် တိမ် တွင်ချရ၏ ။ ရေတိမ်တွင် သွားနေ တတ်သော ငါးသေးလေးများ မှာ မန်ကျည်းကိုင်း ရှုပ်ရှုပ်တွင်ဝင် တိုးမိပြီး မထွက်နိုင် ကြတော့ပေ ။ တချို့ နည်းနည်း တတ် နိုင်သူများက ကြိုးတန်း အရှည်ကြီးဖြင့် မျှားတန်း တန်းကြလေသည် ။

ဆူးစည်း ကို ထမ်းလျက် သွားသော အဖေ့ နောက်မှ မိဒိုး တို့ ခုန်ပေါက် လိုက်လာကြ ၏ ။ အဖေ က ရေတိမ် တိမ် တွင် ဆူးစည်း ကို မြုပ်အောင် ချပြီး စိုက်ထားသော ဝါးလုံးတိုင် ချည်နေ၏ ။ အငယ် သုံးယောက်လုံး ရေထဲတွင် တဝုန်းဝုန်း ကူးနေ ကြပြီ ။ အလတ်မ က သဲကြမ်းများ နှင့် ချေး တွန်းရင်း မိဒိုး ကို လှမ်း ပြောင်ပြနေ၏ ။ ညီမ က အငယ်နှစ်ယောက် က ရေထဲတွင် ငုပ်လိုက် ဖော်လိုက် နှင့် ကူးခတ်နေကြ၏ ။ မိဒိုး သည် လက်မောင်း ပိန်ပိန်လေး ပေါ်သို့ မကြာခဏ လျှောကျနေသော ရှင်မီးအင်္ကျီ ပေါ် ဆွဲဆွဲ တင်ရင်း ဟိုတုန်းကလို အဝတ်အစား များကို အမြန် ချွတ်ကာ ရေထဲ ပြေးဆင်းချင်စိတ် ပေါ်လာသည် ။ အဖေ က ဝါးလုံးတိုင် မြဲအောင် အုတ်ခဲကျိုး နှင့် ထုနေရင်း လှမ်းပြောသည် ။

" ဟဲ့ ... မိဒိုး ၊ ရေချိုး မှာ ချိုးလေ ၊ ဘာ လုပ်နေတာလဲ "

မိဒိုး သည် အဖေ ဝတ်ထားသော ရေလဲပုဆိုး ကို မသိမသာ ကြည့်ရင်း ခပ်တိုးတိုး ပြန်ပြောလိုက်သည် ။

" တော်ပြီ အဖေ ... ဒီနေ့ ရေ မချိုးတော့ဘူး "

ooooo   ooooo   ooooo

အေးစိမ့်စွာ တိုက်ခတ်လာသော လေ၏ အထိအတွေ့ကြောင့် မိဒိုး ဖျတ်ခနဲ လန့်နိုးလာခဲ့သည် ။ မိဒိုး ကိုယ်ပေါ် တွင် စောင် မရှိတော့ပေ ။ အငယ်သုံးယောက် သည် စောင် ကို သူတို့ ဘက် ဆွဲယူသွားပြီး ပူးကပ် ခြုံကာ အိပ်ပျော် နေကြသည် ။ မိုး လင်းတော့မည် ။ အလင်းရောင် မှုန်ပျပျကို မြင် နေရပြီ ၊ မိဒိုး က ထဘီကို အသာ ဆွဲခြုံကာ မျက်လုံးများကို ပြန် မှိတ်လိုက်သည် ။ ဗိုက်ထဲတွင် ဟာနေသည် ။ ဗိုက်ဆာ သည် ဆိုကာမှ သည်နေ့ မနက် ဟင်းချက်စရာ မရှိ ။ မန်ကျည်းရွက် ဖြစ်ဖြစ် ၊ အဝေရာရွက် ဖြစ်ဖြစ် သွားခူး ရလိမ့်မည် ။

ငါးပိ နည်းနည်း ရှိသေးသည် ။ ငါးပိ နည်းနည်း ကို သည်နေ့ အတွက် ခွဲ ချန်လိုက်သဖြင့် မနေ့ ညက မန်ကျည်းရွက်ဟင်း မှာ ချဉ်လိုက်သည်မှ စုတ်စုတ်လန် နေသည် ။ အငယ်ဆုံးမက မျက်နှာ ရှုံ့မဲ့မဲ့ နှင့် " အဖေ ဆူးစည်း သွားမဖော်သေးဘူးလား " ဟု ထမင်းစား မပြီးမချင်း တတွတ်တွတ် မေးလေသည် ။ မိဒိုး သည် အိပ်ရာ မှ ကပျာကယာ ခုန်ထလိုက်သည် ။ ဟုတ်သားပဲ ။ ဆူးစည်း ချထားတာ ဒီနေ့ဆို နှစ်ရက် တောင် ရှိသွားပြီ ။ မိဒိုး သည် တဲအောက် ကို ခုန် ဆင်းလိုက်၏ ။ အဖေ့ ကို ကြည့်တော့ အိပ်မောကျနေ တုန်းပင် ။

မိဒိုး သည် မြစ်ဆိပ် သို့ ခပ်သွက်သွက် လျှောက်ခဲ့၏ ။ မြစ်ပြင် ကို ဖြတ်တိုက်လာသော အရုဏ်ဦး လေက အေးမြလှသည် ။ မိဒိုး ထဘီ ကို ဆွဲ ခြုံလိုက်သည် ။ မြစ်ဆိပ် တွင် မည်သူမျှ မရှိသေးပေ ။ မိဒိုး တို့ ဆူးစည်း မှာ တခြား ဆူးစည်းများ နှင့် အတော်လေး လှမ်းလေသည် ။ သို့သော် မိဒိုး သည် ဆူးစည်း ဖော်ဖို့ကိုသာ စိတ်စော နေသဖြင့် ကြောက်ရကောင်းမှန်း မသိပေ ။ ထဘီ ကို ခပ်တိုတို ပြင်ဝတ်ပြီး မိဒိုး ရေထဲသို့ ဆင်းလိုက်သည် ။ ဆူးစည်း ကို အသာ မပြီး ကုန်းပေါ်သို့ ချသည် ။ ကျလာပါစေ ငါးတွေ အများကြီး အများကြီ ။ မိဒိုး သည် စိတ်အား ထက်သန်စွာ ဆူးစည်း ကို လှုပ်ခါလိုက်၏ ။ မိဒိုး မျက်နှာ ရှုံ့မဲ့သွား၏ ။ ငါး က တစ်ကောင်တစ်မြီး မှ ကျ မလာပေ ။ ဘာလို့ပါလိမ့် ။ ရေနီ ကျနေလို့လား ။ မိဒိုး  စိတ်ပျက်လက်ပျက် ဖြင့် ဆူးစည်း ကို ရေထဲ ပြန်ချပြီး နီရဲသော မြစ်ပြင် ကို လှမ်း ကြည့်လိုက်၏ ။ အလို ။ မိဒိုး မျက်လုံးများ ဝင်းလက်သွား၏ ။ ရေနက်ပိုင်းတွင် တန်းထားသော မျှားတန်း တစ်နေရာသည် လှုပ်ရှား ယိမ်းထိုးနေ ပေသည် ။

ထောင်ထားသော ငါးအရှင် က သေလောက်ပြီ ။  ရှင် နေလျှင်လည်း ဒါလောက် မလှုပ်ယမ်းနိုင် ။ ဟုတ်ပြီ ။ ငါးကြီးတစ်ကောင် မိနေတာပဲ ဖြစ်ရမည် ။ မိဒိုး ဘာကိုမှ စဉ်းစား မနေတော့ ။ ရေထဲသို့ အမြန် ဆင်းရင်း မျှားတန်းဆီသို့ ကူး သွားလိုက်သည် ။ မိဒိုး သည် လှုပ်နေသော နေရာတွင် ကိုယ် ကို အသာ ဖော့ထားရင်း ကြိုး ကို မ ကြည့်လိုက်သည် ။ မိဒိုး ထင်သည့် အတိုင်းပင် ၊ ငါးပတ်ကြီး ။ နည်းတဲ့ အကောင်ကြီး မဟုတ် ။ ဝမ်းသာ လိုက်သည် မှာ ပြောစရာ မရှိ ။ မည်သူ့ မျှားတန်းပဲ ဖြစ်ဖြစ် ဖြုတ်မည် ။

မိဒိုး သည် ခြေထောက် နှစ်ချောင်း ကို အားပြုကာ ရေ ကို ယက်၍ ယက်၍ ကိုယ် ဖော့ရင်း လက် နှစ်ဖက်လုံးဖြင့် ငါး ကို ဖြုတ်လေ သည် ။ ငါးပတ်ကြီး ကား တဖြန်းဖြန်း ရုန်းကန်နေပေသည် ။ ဖြုတ် ရသည်မှာ မိဒိုး ထင်သလောက် မလွယ် ။ အမှန်မှာ မျှားတန်း ဖော်လျှင် လှေပေါ်မှ နေ၍ အေးအေးဆေးဆေး ဖော်လေ့ ရှိကြသည် ။

ရေစီး သည် မိဒိုး အောက်ပိုင်း ကို အရှိန်ဖြင့် တွန်းထိုးနေပေသည် ။ ရေစီးထဲတွင် ပါသွား မလို ဖြစ်နေသည် ။ ခြေထောက်နှစ်ဖက် ကိုသာ အဆက်မပြတ် ကူးယက်ရင်း ငါး ကိုသာ မဲ ဖြုတ်သည် ။ ခုနေများ မျှားတန်း ဖော်တဲ့ လူ ရောက်လာမှဖြင့် ဟူသော အတွေးဖြင့် ဇောချွေးများပင် ပြန်လာသည် ။ အားစိုက် ကာ မိဒိုး ဆက်ဖြုတ် ပြန်သည် ။ ငါးပတ်ကြီး မော၍ နည်းနည်း အငြိမ်တွင် တအား ဆောင့်ဆွဲပစ်လိုက် သည် ။ ရပြီ ။ ငါးပတ်ကြီး ကို မလွတ်စေရန် လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ရင်း ကမ်းစပ်သို့ ခြေထောက်ဖြင့်သာ အမြန် ကူးသည် ။ ဝမ်းသာလိုက်သည် မှာ မိဒိုး တုန်ယင်၍တောင် နေသည် ။ မိဒိုး ကုန်းပေါ်သို့ အမြန် ပြေးတက်လိုက်သည် ။

" အို ... အမယ်လေး "

မိဒိုး အလန့်တကြား အော်ရင်း မြေကြီးပေါ်တွင် ထိုင်ချလိုက်မိ၏ ။ မိဒိုး ကိုယ်ပေါ်မှ ထဘီလေး မရှိတော့ ပြီ ။ ရေစီးနှင့် အတူ မျောပါသွားခဲ့ပြီ ။ ဇောနှင့် ငါး ကိုသာ မဲ ဖြုတ်နေသည် မို့ မိဒိုး ထဘီ ကျွတ်ကျသွားမှန်း ကိုပင် မသိနိုင်တော့ ။ မိဒိုး တစ်ကိုယ်လုံး ရှက်စိတ်ဖြင့် တုန်ယင်လာ၏ ။ သွားပြီ ။ အမေ ထားခဲ့သော မိဒိုး ၏ တစ်ထည် တည်းသော ထဘီလေး ။ မျက်ရည်တွေ ဝဲလာ၏ ။ အိမ် ကို မည်သို့ ပြန်ရမည်နည်း ။ မိုးလင်း စ ပြု နေပြီ ။ လူတွေ နိုးနေကြပြီ ။

ရွာလယ် လမ်းမကြီး ကို မိဒိုး ဘယ်လို ဖြတ် ပြန်ရပါမလဲ ။ မြေကြီးပေါ်တွင် ငါးပတ်ကြီးသည် ပါးဟက်ကြီး ကို ဟလျက် အသက် ရှူနေ၏ ။ မြစ်ညာဆီ မှ ငှက် အချို့ စုန်ဆင်းလာကြ ပြီ ။ မကြာမီ လူတွေ လာကြတော့မည် ။ ဘာ လုပ်ရမလဲ ။ ဘာလုပ်ရမလဲ ။ အိမ် ကို ဘယ်လို ပြန်ရပါ့မလဲ ဟု တွေးရင်း ရုတ်တရက် ဗိုက်ထဲက ဆာလောင်လာပြန်သည် ။ မိဒိုး သည် ငါးပတ်ကြီး ကို ဆတ်ခနဲ ကောက်ယူလိုက်၏ ။ အံကို တင်းတင်းကြိတ်ကာ မျက်စိ ကို စုံမှိတ်ပြီး တအားကုန် ပြေးလေသည် ။ ရွာလယ်လမ်းမသို့ ရောက်တော့မည် ။ ဘုရားရေ ။ လူတွေ ထွက်လာ နေကြပြီ ။ ရှက်စရာ ကောင်းလိုက် တဲ့ ဖြစ်ခြင်း ။ မိဒိုး တအား ပြေးရင်း မျက်ရည်များ စီးကျလာ၏ ။

" အို ... ဟဲ့ ... မိဒိုး "

" ဟဲ့ ကောင်မလေး ဘာဖြစ်လာ ..."

လူတွေ ၏ အံ့ဩကြီးစွာ အော်လိုက်သော အသံများ ကို မိဒိုး မကြားပေ ။ အံကို တင်းတင်းကြိတ်ထား သော မိဒိုး သည် မျက်ရည်များ စီးကျလျက် ငါးပတ်ကြီး ကို တင်းကျပ်စွာ ဆုပ်ရင်း အိမ် ဆီ သို့ တအား ပြေးနေ ပေသည် ။

◾  နုနုရည် ( အင်းဝ )

📖  ပေဖူးလွှာ မဂ္ဂဇင်း
       ၁၉၈၄ ခု ၊ မတ်လ

www.facebook.com/aung.naingoo.3726613

.

Wednesday, November 10, 2021

နှင်းပြောင်းတဲ့ နွေငယ်မှာလေ


 ❝ နှင်းပြောင်းတဲ့ နွေငယ်မှာလေ ❞


မယ်ဇယ်ပင် တန်းပေါ်က ငှက်ကလေးတွေ၏ အိပ်တန်း ထသံနှင့်အတူ မြဖူး လန့်နိုးလာသည် ။ အိပ်မက်ထဲက အမောကြောင့် ရင်တွေ တဆတ်ဆတ် တုန်နေမိသော်လည်း သည်အချိန် မြဖူး မျက်လုံး ပွင့်သည်နှင့် ငှက်ကလေးတွေ အသံနှင့်အတူ ရောပြီး ကြားနေကျ ဂန္ဓာရုံကျောင်း လေးနာရီ တုံးခေါက်သံကို မကြားရတော့ မိုးများ လင်းနေရော့လား ဆိုတဲ့ အပူက ရင်ထဲ တိုးဝင်ကာ ကပျာကယာ ထထိုင် မိသည် ။ အကျင့် ပါနေသော တံတောင်နှင့်လည်း ဘေးက တခေါခေါ အသံပေးနေသည့် လင်တော်မောင့်ကို တွက်လိုက် ရသေးသည် ။ ဒါပေမယ့် ကိုရွှေပိုက်ထွေး တို့ကတော့ အဟောက်တောင် မပျက် ။


ကိုယ်ပေါ်က စောင် တစ်ဝက်ကို ပိုက်ထွေးဘက် ဖယ်ချရင်း ကွပ်ပျစ် ခြေရင်းမှာ ညက တင်ထားသည့် ထဘီနှင့် အင်္ကျီကို မြဖူး လျှောက်စမ်းသည် ။ ဪ ဒုက္ခပါပဲ ။ ညက သေချာ တင်ထားတာကို မတွေ့တော့ဘူး ။ ဘေးဘီတွေကိုပါ စမ်းကြည့်လို့ မရတော့ ကွပ်ပျစ်အောက်များ ကျသွားလာဆိုပြီး မြဖူး ကုန်းစမ်းဖို့ လိုက်သည်နှင့် ဗိုက်ထဲက တစ်မျိုးကြီး ဖြစ်သွားသည် ။ ဘုရား ဘုရား တော်ပါသေးရဲ့ ။ ငါ့ နှယ် ဈေးရောင်းသွားချင်တဲ့ လောဘဇောနဲ့ ခုနှစ်လ ဗိုက် ကို သတိ မရနိုင်တော့ဘူး ။


“ ကိုပိုက်ထွေး .. ကိုပိုက်ထွေး .. "


ပိုက်ထွေး ကတော့ တုတ်တုတ်တောင် မလှုပ် ။ ငှက်ကလေးတွေ အသံ ပို ဆူညံလာတာ နှင့် အမျှ မြဖူး ပူပင်လာကာ တစ်သက်လုံး မှောင်ခဲ့မြဲ သူ့ပတ်ဝန်းကျင် အမှောင်တိုက်ထဲကို ယောင်ယမ်းလို့တောင် ကြည့်မိသည် ။ ဟင်းနော် .. ဒီ မမြင်ရတဲ့ မျက်လုံးကြောင်တွေက မိုးလင်းမလင်း ဘယ်လိုလုပ် သိနိုင် မှာတဲ့လဲ ။ ပိန်းပိတ်စွာ မှောင်မဲဖြစ်သော အမှောင်ကို မြဖူး ကြည့်ရင်း ပိုက်ထွေး ကို လှုပ်နှိုးဖို့ စမ်းနေ မိဆဲမှာ လေးနာရီ တုံးခေါက်သံတွေ အဆက်မပြတ် ဆူညံလာသည် ။ အမယ်လေး တော်ပါသေးရဲ့ ၊ ကိုယ့်ဘာသာ ကိုယ့်အိပ်မက်ကြောင့် အစောကြီး လန့်နိုးလာပြီးတော့ ပူလိုက်ရတာ ။ ခုမှပဲ အိပ်မက် အမောကြောင့် တုန်နေသော ရင်ကို သတိပြန်ရပြီး အိပ်ရာပေါ် ပြန်လှဲလိုက်ရသည် ။ တုံးခေါက်သံတွေနှင့် အတူ သံစုံကျူးရင့်သော ဂန္ဓာရုံ နာရီစင်က နာရီထိုးသံကို မျက်စိမှိတ် နားထောင်ရင်း မြဖူး အိပ်မက်ကို သတိရလာသည် ။ ဟောဒီလိုပါပဲ ။ အိပ်မက်ထဲမှာ နာရီထိုးသံနဲ့ တုံးခေါက်သံတွေက ဆူညံနားကွဲ မတတ် ။ ဘယ်နှစ်ချက် ထိုးမှန်း မသိ ၊ ဘယ်နှစ်နာရီမှန်းလည်း မသိဘဲ ပွတ်လော ရိုက်နေသော အသံတွေ ကြားမှာ ပိုက်ထွေးကြီးတော် နှင့် မြဖူး တို့ တအားအော်ပြီး ရန်ဖြစ်ကြရသည် ။


ပိုက်ထွေးကြီးတော် က နေ့လယ်က လာသွားသည့် မျက်နှာကြီးအတိုင်း ပြောတာတွေလည်း အများကြီး ။ ဒါပေမယ့် အိပ်မက်ထဲမှာတော့ စကားတွေက မပီဝိုးတဝါး ဖြစ်နေသော မြဖူး ကို ဒေါသ ဖြစ်စေသော စကားတစ်ခွန်းပဲ ပီလေသည် ။ “ ဟဲ့ ကောင်မ ရဲ့ ၊ မျက်မမြင်မ ရဲ့ ၊ နင့်ကြောင့်မို့ ငါ့ တူဟာ ကျောင်းထမင်း ကျောင်းဟင်းစားရမယ့် ဘဝ ရောက်ရတော့မှာ ။ ငါတို့က ဆင်းရဲပေမယ့် နင်တို့လို ဂန္ဓာရုံ ထမင်းဟင်းစား ကြီးတာ မဟုတ်ဘူး ဟေ့ ” ဆိုတဲ့ စကားကို မြဖူး နားထဲက မထွက် ။ နေ့လယ်တုန်းကလည်း ဒီစကားတွေနဲ့ မြဖူး မျက်ရည် တောက်တောက် ကျခဲ့ရသည် ။ ကိုယ့်ကို လာပြီး ဆွဲလွဲ လုပ်လိုက်ရင် ဗိုက်ထဲက ကလေး ဒုက္ခလေ ဆိုပြီး အောင့်ခံသမှုတွေကို အိပ်မက်ထဲမှာ ကျမှ မြဖူး ကလည်း တအား အော်အော် ပြောပစ်လိုက်တာ ။ အသံတွေကို ပြာ လို့ ။ နိုးလာတော့ လူလည်း မောလို့ ။


တုံးခေါက်သံတွေ တဖြေးဖြေး စဲသွားပေမယ့် ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ် နေတုန်းပင် ။ ငှက်ကလေးတွေ အသံကသာ ပိုပြီး ညံစာလာသည် ။ အင်း .. မနက်ကိုးနာရီ ခေါက်တဲ့ တုံးသာဆို ဒီလို ဘယ်ငြိမ် နေလဲ ။ တုံးခေါက်ပြီးတာနဲ့ ချိုင့်သံ ၊ ပလုံးသံတွေနဲ့ လူတွေ ခပ်သုတ်သုတ် လာနေတဲ့အသံ ။ ငါးဆယ် ၊ ခြောက်ဆယ် ထက် မနည်းရှိတဲ့ ခွေးအုပ်ကြီး ပြေးလာတဲ့ အသံတွေနဲ့ ဆူညံ လှုပ်ရှားနေမှာ ။ သံဃာအပါး ထောင်ချီ ရှိတဲ့ ဂန္ဓာရုံ ကျောင်းကြီးရဲ့ အမြဲတမ်းပေါများ ပိုလျှံနေတဲ့ ဆွမ်းတွေ ၊ ဆွမ်းဟင်းတွေ ၊ ထမင်းရည်တွေက လူတွေက အိမ်ယူကြဖို့ ၊ ခွေးတွေက နေရာတွင် စားကြဖို့ ၊ ဂန္ဓာရုံကျောင်းကြီး ရဲ့ စွန့်နေကျ နေရာမှာ လူတွေ နဲ့ ခွေးတွေ ရောထွေး ဆူညံပြီး အသက်ဝင်နေမှာ ။


တကယ်တော့ ကိုးနာရီ တုံးခေါက်သံဟာ မြဖူး အဖို့ မမေနိုင်တဲ့ အသံ ။ မြဖူး အဒေါ် ၊ မြဖူး ရဲ့ တစ်ဝမ်းကွဲမောင် ၊ ညီမလေးတွေ နဲ့ ရွာနီးချုပ်စပ်က တချို့ လူတွေ များစွာသော ခွေးလေခွေးလွင့်တွေကို ညှို့ငင် ခေါ်ယူတဲ့အသံ ။ ပြီးတော့ အနံ့နှင့် လျှာကိုသာ အားကိုးရသော မြဖူး အဖို့ လောဘကြီးပြီး မြဖူး အပေါ်မှာ အမြဲ စွာတတ်တဲ့ ညီမဝမ်းကွဲ မိပုတ် ရလာတတ်သည့် ဟင်းမျိုးစုံ ပေါင်းထားသော ဟင်းပေါင်းနံ့ ၊ စွန်တာနီ ပဲပြုတ်နံ့ ၊ ဘိုစားပဲပြုတ်နံ့ ၊ ပဲထောပတ်ပြုတ်နံ့ ၊ ခရမ်းချဉ်သီး ငါးပိချက်နံ့ ၊ ဝက်သားဟင်းလေး အနှစ်နံ့တို့ကို ဘယ်တော့မှ မမေ့နိုင်ပါ ။


တဖြေးဖြေး ကျပ်တည်းပြီးရင်း ကျပ်တည်းလာသော မြဖူး တို့လို ဆင်းရဲသား လက်လုပ်လက်စား အတော်များကို ထမင်းနပ်မှန်အောင် အထောက်အပံ့ပေးသော ကျောင်းတော်ကြီး ၏ ကျေးဇူးကိုလည်း မြဖူး ကျေးဇူး မကန်းနိုင်ပါ ။


ဒါပေမယ့် ဘာလို့မှန်း မသိ ။ ဘေးပတ်ဝန်းကျင်က ကျောင်းထမင်း ကျောင်းဟင်းစားတွေ ဆိုပြီး မေ့ငေါ့ ခံရမှာ ၊ ဝိုင်းပယ် ခံရမှာကိုတော့ မြဖူး ရှက်သည် ။ ကြောက်သည် ။ အဒေါ်မုဆိုးမ နှင့် ကလေး လေးယောက် ။ လူပို မြဖူး နဲ့ ဆို ခြောက်ယောက် ရှိသော မိသာစုအဖို့ ညီမတစ်ယောက် ရက်ကန်းခတ်သည့် ဝင်ငွေ နှင့် ဘယ်လိုမှ မစား လောက်လို့သာ ။ နို့မို့များဖြင့် ဘယ်သူ လုပ်ချင် ပါ့မလဲကွယ် ။ အင်း .. မြဖူး ကိုတော့ ရှေးအတိတ် ကုသိုလ်ကံကြောင့် တွေ့ခဲ့ရတဲ့ လင်တော်မောင် ကိုပိုက်ထွေး က ကျောင်းထမင်း ကျောင်းဟင်း ကို မြဖူး ဘယ်တော့မှ မစားစေရ တဲ့ ။ ဆီနဲ့ဆားနဲ့ စားရ စားရ ။ သူ ရှာကျွေးမတဲ့ ။ ပြောတော့သာ လွယ်တာ ။ ဆီ နဲ့ ဆားဖိုး ရှာဖို့ကိုက ဘယ်လောက် ခက်ခဲလဲဆိုတာ မြဖူး သိပါသည် ။ ခုပဲကြည့် ။ သူ ပင်ပန်းပြီး တအား အိပ်ပျော်နေတာ ။ သူ့ ကြီးတော် ကလည်း ပြောသွားသေးတယ် မဟုတ်လား ။ သူ့ တူမှာ အလုပ်စုံ လုပ်ရတာ လူရုပ်တောင် မပီ တော့ဘူးတဲ့ ။ ဒါပေမယ့် အဲ့ဒါ ညည်းကြောင့် ၊ မြဖူး ကြောင့် ဆိုတာကတော့ ဘာဆိုင်လို့လဲ ။ သူ့ တူ ဘာသာ မျက်မမြင်မ ကို ချစ်လှချည်ရဲ့ ဆိုပြီး အတင်းယူတာ ။ သူ့တူကို ယူပါရှင်လို့ ဘယ်သူကမှ ...


“ မြဖူး .. မြဖူး ။ ထတော့ ဟ ”


ပိုက်ထွေး က ထုံးစံအတိုင်း ကမူးရှူးထိုး နှင့် ထလိုက်သည် ။


“ အမယ်လေး ၊ ကျွန်မ က ရှင့်ကြီးတော်ကောင်းမှုနဲ့ ကြာလှပြီ နိုးနေတာ ”


အိပ်မက် အရှိန်နဲ့ အငေါ် တူးသော မြဖူး ကို ပိုက်ထွေး က ခပ်ကြောင်ကြောင် ကြည့်ရင်း တဟဲဟဲ ရယ်ကာ ....


“ ဘာတွေပြောနေတာလဲ ဟ ။ ထ - ထ မျက်နှာ သစ်ရအောင် ။ အဲ - စမ်းမနေနဲ့ဗျ ။ နင့် အင်္ကျီ နဲ့ ထဘီ ကို ငါ ညက ကြွက်ရန်ကြောက်လို့ သေတ္တာထဲ ထည့်ထားတာ ။ ပြီးတော့ ထုတ်ပေးမယ် ။ လာဟာ ။ မြန်မြန်လုပ် ။ နင့် သနပ်ခါးလည်း သွေးပေးရဦးမှာ ။ ဒီမှာ ဖိနပ်က ”


စကားသံ တတွတ်တွတ်နှင့် အတူ မြဖူး လက်တွေကို ကြင်နာစွာ ဆွဲငင် ခေါ်ယူတော့လည်း မဆီမဆိုင် စူထားမိသော မြဖူးနှုတ်ခမ်းတွေ အလိုလို ပြေလျော့ကာ သူ့ကြီးတော် အိပ်မက်သည်လည်း လွင့်စဉ် ပျောက်ပျက်ရပြန်သည် ။


°°°°°   °°°°°   °°°°°


" x ထည့်ကာ x  ထည့်ကာ x ယကွင်းရယ် x ထမင်းတွေပုံ x ဟင်းတွေပုံ x ထည့်ကာ ထည့်ကာ ယကွင်းရယ် နဲ့ ထမင်းတွေပုံ x ဟင်းတွေပုံ - "


မယ်ဇယ်ပင် ရွက်ခတ်သံတွေ ကြားမှာ ၊ နှင်းစက်ဖြောက်ဖြောက် သံလေးတွေကြားမှာ အချိုး မပြေသော ပိုက်ထွေး သီချင်းအော်ဆိုသော အသံ ပျံ့လွင့်နေသည် ။ မြဖူး က ပိုက်ထွေး လက်တစ်ဖက်ကို ဆုပ်ကိုင်ထားပြီး လက်တစ်ဖက်က စမ်းလျှောက်သည့် တုတ်ကို ကိုင်ထားသည် ။ လက်တစ်ဖက် က မြဖူး ကို ဆွဲ ၊ တစ်ဖက်က အကြော် ကြော်တဲ့ ပစ္စည်း ပစ္စယတွေနှင့် လေးလှသော တောင်းကို ထိန်းပြီး ထမ်းထားရသည့် ကြားထဲက ပိုက်တွေး သီချင်း ဆိုနိုင်သေးသည် ။ နေ့စဉ် နေ့တိုင်း အကြော်တဲသွားရာ လမ်းတစ်လျှောက်လုံး ထပ်တလဲလဲ ဆိုတတ်သော သည်သီချင်း ပိုဒ်လေးကို မြဖူး မှာ မရိုးနိုင်သလို သည်းခံ နားထောင်ရမြဲ ။


" ထည့်ကာ x ထည့်ကာ x ယကွင်းရယ် နဲ့ ထမင်းတွေပုံ ”


" သီချင်းကလည်း ဒီက မတက်တော့ဘူး ။ ရှင့်ဥစ္စာ က "


“ ဟဲ - ဟဲ ။ သီချင်းအော်ဆိုတာ အချမ်းပြေတယ်ဟ "


ဟုတ်သားပဲလေ ။ သူ့ မှာမှ အနွေးထည် မရှိဘဲ ။ ဗိုက်နှင့် မြဖူး က သူ့ လူပျိုဘဝက အနွေးထည်ကို ယူဝတ်ရတာ အကြော်ဖိုကျ မီး နဲ့ နွေးသွားတာပဲဆိုပြီး သူ နေ နေတာ ။ နှုတ်ဆိတ်ငြိမ်သက်သွားသော မြဖူး ကို ပိုက်ထွေး က စောင်းကြည့်ရင်း ...


" မြဖူး .. နင့် ဗိုက်ထဲက ဟာလေး လှုပ်သေးလား "


" လှုပ်တာပေါ့ ။ ကျွန်မ ဘယ်တော့လောက်မှ မွေးမှာလဲ မသိဘူးနော် ။ ဆောင်းကုန်မှ မွေးပါစေ ။ ကိုယ့်မှာက စောင်တွေ ဘာတွေ လုံလောက်တာ မဟုတ်ဖူး ”


“ ဟာ .. နင်ကလဲ ဘယ်တော့ မွေးနေ  ။ စောင် မရှိ ဝယ်ရမှာပေါ့ဟ "


“ ပါးစပ်ဝယ်ကတော့ လွယ်တာပေါ့ ကိုပိုက်ထွေး ရယ် ။ ရှင့် မှာ ပိုက်ဆံ ရှာရတာ လွယ်တာ မဟုတ် ။ မနက် အကြော် ရောင်းတော့လည်း ရှင် ။ ထမင်းချက်တော့လည်း ရှင် ။ နေ့ခင်း အလုပ်ကလည်း တစ်မျိုး ။ နေဦး - နေဦး ၊ နေ့ခင်း အလုပ်ဆိုလို့ ရှင် - နေ့လယ် နေ့လယ်မှာ ပလတ်စတစ်တွေ လိုက်ကောက်နေတယ် ဆို ။ အိမ်ကြို အိမ်ကြားတွေမှာတဲ့ ၊ ရှက်စရာကြီး တဲ့ "


“ ဘယ်သူကတုံး ”


" ကိုပိုက်ထွေး ကြီးတော် ကပေါ့ ။ ဟိုတလောကတော့ ရှင် ရက်ကန်းသွား ခတ်တယ်ဆိုပြီး ခုကျ ဘာဖြစ်လို့လဲ "


" ကြီးတော်ပြောတာတွေ စိတ်ထဲ မထားစမ်းနဲ့ ဟာ ။ အလကား ။ နင် ဘာမှ မပူနဲ့ ။ ငါ့ အလုပ် ကို ငါ သိတယ် "


“ ကိုပိုက်ထွေး သိတာက ကိစ္စ မရှိဘူး ။ အပြော ခံရတော့ ကျွန်မ ခေါင်းချည်းပဲ ။ ကိုပိုက်ထွေး ကြီးတော် က သူ့ တူ က မိဘ မရှိပေမယ့် ဆင်းရဲပေမယ့် လူပျိုတုန်းက ဒီလို မစုတ်ပြတ်ဘူးတဲ့ ။ နာရီ နဲ့ ဘာနဲ့ တဲ့ ။ ခုကျမှ ကျွန်မ ကြောင့် .... ”


မြဖူး ငိုသံ ပါစပြုလာသည် ။


" မြဖူး ကလဲဟာ ။ စောစောစီးစီး ဟိုမှာ တောင်လေးလုံးက ဦးဇင်းဌေး ဆွမ်းခံထွက်လာပြီနော် ။ ငါ တိုင်လိုက်ရမလား ”


" တိုင်ပါလား ။ ကျွန်မ ကလည်း ပြန်တိုင်ပြစ်မှာပေါ့ဟင်း ဘာဖြစ်ဖြစ် မိမြဖူး ကြောင့်ချည်းပဲ ။ မျက်မမြင်ဘာသာ မျက်မမြင် နေတာကို ဘယ်သူ က အတင်းယူတာလဲ "


ပိုက်ထွေး က ချော့မော့သံနှင့် တဟဲဟဲရယ်သည် ။


" အတင်း ယူမှာပေါ့ဟ .. နင်က လှတာကိုးနော် မြဖူး ငါ့ မှာ မြင်ကတည်းက တစ်ခါတည်း ကြိုက်ပြီး လိုက်လာရတာလေ ။ အမယ်လေး ... အဲ့ဒီတုန်းက ငါ့ မှာလေ ပွဲ မကြည့်နိုင်ဘူး ။ ပွဲခင်းထဲက နင့် ဆီပဲ လှမ်းလှမ်း ကြည့်ရတာအမော ။ နင်ကလဲ ဘေးက မိန်းမ ကို လက်တို့တို့ပြီး မေးလိုက်တာ ။ အားလပ်ချိန်က နင်တစ်ယောက်တည်း ဖျာပေါ် ကျန်ရစ်တော့ ဟန်ပြီဟ ဆိုပြီး နင့် နောက် လာထိုင်မှပဲ ငါ့ မယ် သနားလိုက်ရတာ ။ ဖျာပေါ် လက်ကလေးနဲ့ ဟိုစမ်း သည်စမ်းနဲ့ ကျွန်မ တဘက်လေး ဘယ်ရောက် သွားပါလိမ့် တဲ့ ” ကျုပ်မယ် ဖျားစွန်းက တဘက်လေး လက်ထဲ ထည့်ပေးရင်း သနားပြီး တစ်ခါတည်း ယူမယ်ဟလို့ .. ဟားဟား ၊ နော် .. မြဖူး ။ အဲ ... မှတ်မှတ်ရရ ... ဒီသီချင်း ၊ ငါ ... အဲ့ဒီ ပွဲက ရတာဗျ ”


မျက်ရည်ဝိုင်းသော မျက်လုံးကြောင်လေးကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း မသိမသာ ပျော့ပျောင်း လာသော မျက်နှာလေးကို ကြည့်ကာ ပိုက်ထွေး သက်ပြင်းချသည် ။ သူကလေး တစ်ခါဖူးမျှ မမြင်တွေ့ဖူးတဲ့ အပြင်လောကကြီးရဲ့ ခါးသီးနေတဲ့ ဘဝအခက်အခဲတွေ အကြောင်းကို မသိပါစေနဲ့တော့ ။ ဒီ အကြောင်းလေးကို ပြောရင် မြဖူး စိတ်ပြေ သဘောကျတတ်သလို ကိုယ်ကိုယ်တိုင်လည်း ပွဲခင်း မြင်ရရင် ကြည်နူး တတ်ခဲ့ပေမယ့် ခုချိန်မှာတော့ ဗလာပွဲ တွေ့ရင် ထမင်းဖြစ်စေမယ့် ၊ ပိုက်ဆံ ဖြစ်စေမယ့် ငွေစက္ကူ စုပ်လေးတွေ ၊ ပလတ်စတစ် အိပ်လေးတွေကိုပဲ စိတ်ဝင်စားတော့တာကို မြဖူး မသိပါစေနဲ့တော့ ။


°°°°°   °°°°°   °°°°°


“ တိတ်ပါတော့ မြဖူး ရာ ၊ ငါ တောင်းပန်ပါတယ် ”


“မတိတ်ဘူး ၊ မတိတ်ဘူး ။ ဒီကတော့ ဒီကတော့ တစ်နေ့လယ်လုံး တစ်ညနေလုံး ပြောချင်လွန်းလို့ စောင့်လိုက်ရတာ ပြီးတော့ ပြီးတော့ ”


မြဖူး က ထိန်းမရ သိမ်းမရ ငိုပြန်သည် ။ ပိုက်ထွေး က ခေါင်းကိုသာ တဗျင်းဗျင်း ဆွဲကုတ်လိုက်မိသည် ။


" ကဲ ဝမ်းသာပါတယ်လို့ နင့် ကို ငါ မပြောဘူးလား ဟာ နင် ကလဲ ၊ ဟုတ်ပါ့မလားလို့တော့ စဉ်းစား ရတာပေါ့ဟ ။ မွေး ကတည်း က ဖြစ်တဲ့ မျက်စိ ပြန်မြင်နိုင်တယ် ဆိုတော့ ”


" ဦးဇင်းဌေး ကိုယ်တိုင်က လာပြောတဲ့ ဥစ္စာကို ရှင် မယုံရင် သွားမေးပါလား ။ ဆရာတော် ဦးပညာ ကိုယ်တိုင် သွားမေးခဲ့တာပါ ဆိုနေမှ ။ နာမည်ကျော် မျက်စိကုဆရာဝန်ကြီး တဲ့ ။ ဦးမောင်မောင်အေး တဲ့ ၊ မည်းမည်းပုပု သဘောကောင်း တဲ့ ။ ကျွန်မ မျက်စိက သုံးနှစ်သမီး ၊ အမေ ဆုံးပြီးမှ ကွယ်တာဥစ္စာ ရတယ်တဲ့ ။ အားနည်းပြီး ဂရုမစိုက်နိုင်လို့ တဖြည်းဖြည်း ဖြစ်သွားတာတဲ့ ။ ဆေးရုံ တက် ခွဲလိုက်ရင် ”


" တော်ပါတော့ မြဖူး ရာ ငါ ဘယ်နှစ်ခါ နားထောင် ပြီးပြီလဲ ။ စိတ်ချ နက်ဖြန်ကျ ဦးဇင်း သေချာ သွားမေးပါ့မယ် ။ ငါ ခု ထမင်းသိပ်ဆာနေပြီ လာဟာ "


“ မလာဘူး ”


မြဖူး မပြေနိုင် ။ ဒီကတော့ မျှော်လိုက်ရတာ ။ ဒီ စကားကို ပြောချင်လွန်းလို့ စောင့်လိုက်ရတာကို ၊ သူ ကတော့ မလှုပ်တလှုပ် ၊ မပွင့်တပွင့်နဲ့ ။


" မြဖူး လာဟာ ငါ ဆာလှပြီ ”


" လာလို့ဆို ”


မြဖူး လက်မောင်းတွေကို ပိုက်ထွေး လာဆွဲ ခေါ်ပြန်သည် ။ “ မစားဘူး ” လို့ အော်ရင်း ဒီတစ်ခါ မြဖူး တွန့်လိမ် လိုက်ချိန်မှာတော့ ထမင်းဆာနေသည့် ပိုက်ထွေး ဒေါသတွေ ပေါက်ကွဲသွားသည် ။ “ နေဟာ ” ဆိုပြီး ပိုက်ထွေး ဆောင့်တွန်းလိုက်သော အရှိန်နှင့် ကွပ်ပျစ်ပေါ်မှာ မြဖူး ခွေခွေလေး ။


“ ကိုပိုက်ထွေး ”


စူးစူးဝါးဝါး အော်ရင်း ၊ ရှိုက်ငိုရင်း ၊ ဒေါသနှင့် ပိုက်ထွေး ကို ရန်ဖြစ် သတ်ပုတ်ချင်သလို လိုက်လံ စမ်းရှာနေသော သူကလေးကို မြင်ရပြန်တော့ ပိုက်ထွေး သနား ကျင်နာရပြန်သည် ။ အို ... သူ့မှာ မွေးခါနီး ၊ ဖွားခါနီးလေး ။ မြဖူး နားသို့ ပိုက်ထွေး ပြန်ကပ်ရင်း မြဖူး လက်တွေကို အသာ ဆွဲယူလိုက်သည် ။


" မြဖူး... မြဖူး.. ငါ မှားသွားတယ်ဟာနော် ။ ငါ ဆာနေလို့ပါဟာ ၊ သိလား ။ နင် ငါ့ကို ပြန်ရိုက်ချင်တယ် မဟုတ်လား ။ရိုက်လေ မြဖူး ရိုက် …. " 


" ဒီမှာလေ ငါ့ ပါး ... "


မြဖူး လက်တွေကို ပါးပေါ်သို့ တင်ပေးနေသော သူ့အသံ တုန်တုန်ရယ် ။ သူ့ ပါးရိုး ငေါငေါ တွေရယ် ။ ပြီးတော့ .. ပြီးတော့ .. သူ ပြင်ထားတဲ့ ထမင်းပွဲ က ( သူက မပြောပေမယ့် ) အနံ့ယဉ်နေတဲ့ မြဖူး သိပ်သိတဲ့ ဂန္ဓာရုံ ဟင်းနံ့တွေရယ်က မြဖူး ရဲ့ ဒေါသလက်တွေကို အလိုလို ပြေလျော့စေကာ တစ်စုံတစ်ရာကို နားလည် နေသလို မြဖူး မျက်ရည်တွေ လိမ့်ကျရပြန်သည် ။


မှိုင်းပျပျ မြူမှုန်တွေက မီးခိုး ငွေ့ငွေအူသော ပိုက်ထွေး တို့ အကြော်တဲလေးကို လွှမ်းခြုံစ ပြုလာပြီ ။ ဖိနပ် မပါသော ပိုက်ထွေး ခြေထောက်တွေမှာ ဖုန်တွေနှင့် ဖွေးနေသည် ။ အကြော်ဗန်း နောက်က တဲတိုင်ကို မှီထိုင်သော မြဖူး ရဲ့ မျက်လုံးကြောင်လေးများက တဲတဲဝင်လာသော ပိုက်ထွေး ကို မျှော်လင့်တကြီး စောင့်ကြိုကြတယ် ။


" ဦးဇင်းနဲ့ တွေ့ခဲ့လားဟင် ”


" အေး … တွေ့တယ်... ။ ပြောပါတယ် ။ ဦးဇင်းက နင်ပြောသလိုပဲ ကုလို့ ရတယ်တဲ့ ”


သည်မှာတင် စကားရပ်သွားသော ပိုက်ထွေးကို မြဖူး က စိတ်လှုပ်ရှားစွာ ခဏစောင့်နေပြီးမှ


" ဦးဇင်းကိုလား ”


မြဖူး ရဲ့ မျက်လုံးကြောင်လေးတွေကို ကြည့်ပြီး ပိုက်ထွေး ခဏ တွေဝေနေမိသေးတယ် ။


" မကုတော့ဘူး ဘုရား လို့ ငါ ပြောခဲ့တယ်လေဟာ ”


တမင်ပေါ့ပါး ထားရတဲ့ ကိုယ့် အသံကို ငြိမ်သက် ညှိုးကျ သွားရှာသူလေး သိသွားမှာ ပိုက်ထွေး ကြောက်လှသည် ။ ရန်မထောင် စိတ်မဆိုးရှာဘဲ မျက်ရည်လေးတွေသာ ဝဲတတ်လာသော သူကလေးကိုပင် မုန်းတီးဖို့ကောင်းသော ခပ်ရွှင်ရွှင်လေသံနှင့်ဆက်ပြီး -


" ဘာပြုလို့ဆိုတာ မြဖူး သိလား ”


မြဖူး က မဖြေဘဲ ပိုက်ထွေး ပခုံးကို ဆုပ်ကိုင်ကာ


" ကျွန်မကို ကုမပေးချင်လို့တော့ မဟုတ်ဘူး မဟုတ်လားဟင် ”


မြဖူး ရယ် ။ ပိုက်ထွေး ရင်ထဲမှာ စူးနင့်သွားသည် ။


“ ဟင် လို့ ကိုပိုက်ထွေး ၊ ကုမပေးချင်လို့ မဟုတ်ဘူးနော် ”


“ မဟုတ်ပါဘူး မြဖူး ရာ ”


ပိုက်ထွေး ပခုံးကို ဆုပ်ကိုင်ထားသော မြဖူးလက်တွေ ပိုပြီး တင်းကျပ်လာသည် ။


“ ဟို ... ဟို ပိုက်ဆံကြောင့် မဟုတ်လား ဟင် ”


အို … နှုတ်ခမ်းတွေကိုပဲ ပိုက်ထွေး ကိုက်ထားမိသည် ။ သိပ် ကုချင်တာပေါ့ ဦးဇင်းရယ် ။ သူ တစ်ခါမှ မမြင်ဖူးတဲ့ ယောက်ျားကို မြင်ချင်ရှာမှာ ။


မွေးလာမဲ့ သူ့ ကလေးကို သူ မြင်ချင်ရှာမှာ ။ တပည့်တော် သိတာပေါ့ဘုရား ….. ဒါပေမယ့် ဦးဇင်း ရယ် ၊ ကျရာ အလုပ် လုပ်ရတဲ့ တပည့်တော် ဝင်ငွေနဲ့က ။ ခုလေ သူ မစားချင်တဲ့ ၊ သူ ရှက်တတ်တဲ့ ဂန္ဓာရုံ ထမင်းဟင်းတွေကို သူ မသိအောင် တပည့်တော် ညာ ကျွေးနေရပြီ ။ အို ....ဆေးရုံတက်ဖို့ ငွေရှာဖို့ ဆိုတာက ၊ မြဖူး ရယ် ဦးဇင်း ရှေ့မှာ ရင်ဖွင့် ငိုပစ်ခဲ့တဲ့ ခါးသီးနာကြည်း စရာတွေကို မင်း ဘယ်တော့မှ မသိစေရပါဘူး ။


" ဟင် လို့ ကိုပိုက်ထွေး ပိုက်ဆံကြောင့် မဟုတ်လား "


ပိုက်ထွေး သက်ပြင်းကို ရိုက်ရပြန်သည် ။ ပြီးတော့ အသံအက်အက်နှင့် ရယ်လိုက် ရသေးသည် ။


" ပိုက်ဆံကြောင့် မဟုတ်ဘူးဟ သိရဲ့လား ။ ငါ က အရုပ် ဆိုးတယ် ။ နင် က လှတယ် ။ နင် မျက်စိ မြင်သွားရင် ငါ့ ကို ပစ်သွားမှာစိုးလို့ သိပြီးလား ”


“ အို ”


ပျော့ပျောင်း သွားရှာတဲ့ မျက်နှာ ပြုံးမဲ့မဲ့လေးကို ပိုက်ထွေး မကြည့်ရက်ပါ ။ ပခုံးပေါ်က လက်ကလေးတွေကို အသာ ဖယ်ချရင်း ...


" ပြန်စို့နော် ... မြဖူး နေတောင် မြင့်နေပြီ "


" နေဦးလေ ”


" ဘာဖြစ်လို့ ”


ပိုက်ထွေး အမေး မဆုံးခင်မှာပင် နီးကပ်စွာ ကြားလိုက်ရတာ တုံးခေါက်သံ ။ ကိုးနာရီ တုံးခေါက်သံ ။ ပြီးတော့ ….. တစ်ဟုန်ထိုး ပြေးလာကြတဲ့ခွေးတွေ ။ ပိုက်ထွေး ရင်တွေ တဒိတ်ဒိတ် ခုန်လာဆဲ မြဖူး က ဆတ်ခနဲ မတ်တပ်ထရပ်လိုက်သည် ။


“ ကဲ ... မကြားဘူးလား ဒါကြောင့် ကျွန်မပြောတာ ၊ တုံးခေါက်နေပြီလေ ကိုပိုက်ထွေးရဲ့ ၊ ထမင်းဟင်း ယူပြီးမှ တစ်ခါတည်း ပြန်မယ်လေ ”


“ မြဖူး ”


အထိတ်တလန့် ခေါ်တဲ့ ပိုက်ထွေး ကို မြဖူးကတော့ ဂရုမစိုက်ပါ ။ သူ့ လက်တွေ နှင့် ပိုက်ထွေး ကို စမ်းရင်း ။


“ တွဲလေ ကိုပိုက်ထွေး ရဲ့ ၊ မြန်မြန် သွားကြရအောင် ။ အမယ် နောက်ကျရင် ပဲပြုတ် ပဲ ရတာနော် ဘာမှတ်လဲ "


မြဖူး လက်တွေကို တွဲခေါ်သော ပိုက်ထွေး လက်တွေက အေးစက် တုန်ယင်နေသည် ။ သူ့ လက်တွေကို မြဖူး တင်းနေအောင် ဆုပ်ထားရင်း တရွေ့ရွေ့ စလျှောက်သည် ။


ဟော ... လူတွေ လာနေတဲ့ အသံ ။ ခွေးတွေ မာန်ဖီသံ ။ နေပူခံဘုရား က ဆည်းလည်းသံ ။ ဒီကြားထဲမှာ အဆက်မပြတ် ပေါ်ထွက်နေသော တုံးခေါက်သံ ၊ နာရီသံတွေကလည်း တောင်သမန် တစ်ခွင်လုံး ပွက်ပွက်ညံအောင် ဆူပဲ ဆူနိုင်လွန်းပါသည် ။


◾ နုနုရည် ( အင်းဝ )


📖 ပေဖူးလွှာမဂ္ဂဇင်း


       ၁၉၈၆ ခုနှစ်


koaungnaingoo.blogspot.com


.

Thursday, September 2, 2021

ဆံပင် မဖြီးမသင် မုတ်ဆိတ်မှင် သူမရိတ် ဆေးလိပ်တို တဖွာဖွာပေါ့


 

❝  ဆံပင် မဖြီးမသင် မုတ်ဆိတ်မှင် သူမရိတ် ဆေးလိပ်တို တဖွာဖွာပေါ့ ❞

“  ဟေ့ကလေးမ ကြည့်စမ်း ၊ ဝါဆိုဝါခေါင် တောင်သမန်ရဲ့အလှ ။ ရေပြည့်လျှံစ တမျှော်တခေါ် ၊ အင်းရေ ပြင်ကြီးက စိမ်းလို့ ၊ ကြည်လို့ ၊ အေးလို့ ။ လထွက်ခါနီးဆိုတော့ အင်းရေပြင်မှာပေါ်မှာ မလင်းတလင်း ။ လေစိမ်းတွေကလည်း ကြမ်းကြမ်းရမ်းရမ်း တိုက်နေလိုက်တာ ”

“ ဒီမှာကလေးမ ၊ လေစိမ်းဆိုတာ ဒီလို လေမျိုးကို ခေါ်တာရယ် ”

“ ညည်း သိရဲ့လား ။ အေး ... ပြီးတော့ နားထောင်ကြည့်စမ်း ။ အင်းလှိုင်းလုံးတွေ တို့လျှောက်နေတဲ့ တံတားအောက်ခြေကို လာပြီးတော့ ရိုက်နေတဲ့အသံ ”

“ ဝုန်းခနဲ ဝုန်းခနဲ ”

“ ဘယ်လောက် ယစ်မူးစရာကောင်းတဲ့ အရိုင်း ဂီတသံလဲ ။ သေသေချာချာ နားထောင်ကြည့်နော် ”

“ ကလေးမရေ ညည်းတို့ ရန်ကုန်မှာ ဒီလို အရသာမျိုး ဘယ်ခံစားရမလဲအေ ။ ဟုတ်တယ် မဟုတ်လား ။ မခံစားရပါဘူး ။ အေး ဒါကြောင့် ညည်းတို့ ဇနီးမောင်နှံ တောင်သမန် လထွက်ချိန်အလှကို ခံစားရအောင်လို့ ငါရယ် ၊ ဟောဒီက ဆရာတော် ကိုပညာရယ် ၊ ညည်း လေးလေးကြီးရယ် တို့က တမင်တကာ အချိန်ရွေးပြီး ခေါ်လာခဲ့တာ ”

“ ဟော ကြည့် ။ ဟိုမှာ လထွက်တော့မယ် ။ အရှေ့ဘက်ကောင်းကင် နီဝါရောင် မလင်းတလင်းကနေ တဖြည်းဖြည်း ၀ါဝါပြီး လင်းလာပြီ ”

“ ဘယ်နှယ့်လဲ မလှဘူးလား ။ အ၀ါရောင်ကလေး လင်းလင်းလာတာကို ကြည့်ရင်း ၊ ကြည့်ရင်း ကြည့်ရင်း ။ ဟော လ၀န်းရဲ့ အစွန်းလေး ရိပ်ခနဲ အင်းရေပြင်အစပ်မှာ ပေါ်လာတာဟာ ကဗျာမဆန်လိုက်ဘူးလားအေ ဟင် ”

“ ရွှန်းမြမြ လရောင်ဆိုတာ ဒါကို ခေါ်တာရယ် ။ မပြုံးနဲ့ ကလေးမ ဟုတ်တယ်ရယ် ။ ဒါ ရွှန်းမြမြ လရောင် ။ ကြည့်စမ်း အင်းရေပြင်ကြီးတခုလုံး လရောင်နဲ့ တလက်လက်တောက်လို့ ။ ဟောဟိုက လှမ်းမြင်နေရတဲ့ လရောင် အောက်က စေတီဖြူဖြူလေးဟာ ဟောဒီ ဦးပိန်တံတားကြီး အဆုံးမှာရှိတဲ့ တောင်သမန်ရွာလေးရဲ့ ရွာဦးစေတီလေး ပေါ့ ”

“ ပြီးတော့ ဟေ့ကလေးမ ဟိုမှာရော ကြည့်လိုက်စမ်းပါဦး ။ အင်းလှိုင်းခေါင်းဖြူတွေ ရိုက်ခတ်ဦးညွတ် ရှိခိုး ပူဇော်နေတဲ့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အမှတ်တရအထိမ်းအမှတ် ဗိမာန်တော်လေ ။ ဆရာတော်ဘုရားကြီးဟာ ညည်းတို့ငါတို့လို စာရေးဆရာ ၊ ကဗျာဆရာတွေ အတုယူ စံထားလောက်တဲ့ ကြည်ညိုလေးစားဖွယ် စာရေးဆရာကြီးလည်း ဖြစ်တာရယ် ။ ဟုတ်တယ် ၊ ဆရာတော်ဘုရားကြီး ရေးသားပြုစုတဲ့ ကျမ်းစာအုပ်တွေဟာ နည်းတာမှတ်လို့ ”

“ အင်း ... ၊ ကလေးမ ညည်း ဆရာတော်ဘုရားကြီး စာဘယ်လိုရေးတာရော ညည်း သိရဲ့လား ။ ဆရာတော်ဘုရားကြီးဟာ စာရေးရင် အင်းရေပြင်ကို မျက်နှာမူနေတဲ့ ကျောင်းစင်္ကြန်မှာ စာပွဲခုံမြင့်နဲ့ မတ်တတ်ရေးတာ ။ အင်းရေပြင်ကို လှမ်းမျှော်ကြည့်လိုက် ၊ စာရေးလိုက် နေမှာပေါ့ ။ တို့ စာရေးဆရာတွေမှာ အကျင့်လေးတွေ တမျိုးစီလေ ။ စာပွဲခုံမြင့်နဲ့ ရေးတတ်တဲ့သူ ၊ စားပွဲခုံနိမ့်နဲ့ ရေးတတ်တဲ့သူ ။ ကဲ စာရေးဆရာမကြီး ညည်းကော ဘယ်လိုရေးလဲ ။ အင်း လူတကိုယ် အကျင့်တစ်မျိုးစီရယ်နော် ”

“ ဒါပေမယ့် တို့ဆရာတော်ဘုရားကြီးနဲ့ ရေးပုံရေးနည်းချင်း သွားတူနေတဲ့ စာရေးဆရာတယောက်ရှိတယ် ။ ဘယ်သူလဲဆိုတော့ ကလေးမ ညည်းသိမှာပါ ။ ကမ္ဘာကျော် စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး ။ သိတယ်နော် ။ အေး ၊ စာရေးဆရာကြီး ဟဲမင်းဝေးကလည်း ပင်လယ်ပြင်ပေါ်က သူပိုင်သင်္ဘောရဲ့ ဟိုးအပေါ်ဆုံးထပ်ရဲ့ အမြင့်မှာ ပင်လယ်ပြင်ကို ကြည့်ပြီး မတ်တတ်ရပ် ရေးတာရယ် ။ ထူးခြားတဲ့ တိုက်ဆိုင်မှုလေးနော် ကလေးမ ”

“ ဘယ့်နှယ်လဲ ၊ တောင်သမန်လထွက်ချိန်ဟာ ညည်းကို ဖမ်းစားထားပြီ မဟုတ်လား ။ ခံစားစမ်း ။ ညည်းတို့ မောင်နှမ အပြည့်အ၀ ခံစားစမ်း ။ အဲ ၊ ဟေ့ ကလေးမ တို့တတွေ တောင်သမန် လထွက်ချိန်ကို မခံစားတတ်ခင် အရင်ခံစားနေတဲ့သူ ၊ ခုလည်း ညတိုင်းခံစားနေတဲ့သူ တယောက်ရှိတယ်အေ့ ။ သိလား ။ ဘယ်သူမှတ်လဲ ။ ဟော ဟောဒီက ဆရာတော် ကိုပညာ ။ အင်မတန် နှလုံးသား နူးညံ့သိမ်မွေ့တော်မူတဲ့ ကိုပညာ ( အမရပူရ ) ဆိုတဲ့ စာရေးဆရာကြီးပေါ့ ။ ဟုတ်တယ်နော် ဆရာတော် ”

“ ဒီမယ်အေ့ ကလေးမရဲ့ ။ ကိုပညာဆရာတော်ကို ငါ သိပ်ချစ်တယ် ။ ညီအစ်ကိုရင်းလိုကို ချစ်တာ ။ သူကလည်း စာရေးဆရာ ၊ ကဗျာဆရာ ။ အို....  ၊ အနုပညာသမားဆို အားလုံးကို ချစ်နေတာပဲနော် ။ တောင်သမန်အခြေက တောင်လေးလုံးကျောင်းတိုက်ဆိုတာ အနုပညာသမားတို့ရဲ့ ဝိဟာရလေးရယ် ။ နော် ကလေးမ ။ ညည်းတို့လည်း ဆရာတော်ကို ချစ်တာပဲ ။ ဟုတ်တယ်မဟုတ်လား ။ ဟား ဟုတ်တာပေါ့ ။ ဆရာတော်က ညည်း အစ်ကိုတော်ပဲ ။ ဒီမယ် ကလေးမ ဆရာတော်ရဲ့ နှမအငယ်ဆုံးလေးက ညည်းနဲ့ အရွယ်ချင်းမတိမ်းမယိမ်းရယ် ။ ဆရာတော်က သူ့နှမလေး ရုတ်တရက် ဆုံးရှာတော့ သိပ်စိတ်ထိခိုက်ရှာတာ ။ အဲဒါ ညည်းနဲ့ သိကျွမ်းခင်မင်တော့ ၀မ်းသာအားရ ပြောရှာတယ် ။ ကျုပ်နှမလေး အစားပြန်ရသလိုပဲတဲ့ဗျာ ။ ညည်းက စာရေးဆရာဆိုတော့ သူ့မှာ သံယောဇဉ်တွေကို ပိုကြီးလို့ ။ သူ့နှမအငယ်ဆုံး စာရေးဆရာမလေးပေါ့ ”

“ ဟား ဟား ဘာတဲ့ ၊ ညည်းယောက်ျားကတော့ ဘုန်းကြီးယောက်ဖတဲ့ ။ ဟုတ်လား ဆရာတော် ။ ဟား ဟား ပြုံးပြီး ကျေနပ်နေတယ် ဟုတ်လား ။ အင်း ပျော်တယ်နော် ။ ဟေ့ ကလေးမ ညည်းတို့လည်း ပျော်တယ်နော် ။ ဆရာတော် တပည့်တော်တို့ ဟောဒီ တံတားအဆုံးအထိ လျှောက်ကြမယ်နော် ။ လရောင်အောက် မှာ စကားတွေ ပြောပြီးတော့ ။ ဟေ့ ကလေးမ ညည်းလျှောက်နိုင်တယ် မဟုတ်လား ဟင် ။ အေး မလျှောက်နိုင်လည်း ညည်းမောင်တော် ထမ်းခိုင်း အေ ။ ဘယ့်နှယ်လဲ ကလေးမ ။ ထမ်းခိုင်းရဲပါ့မလား ။ ဟင် ၊ ဟုတ်လား ။ ထမ်းခိုင်းရဲသလား ။ ဪ ....  ၊ ညည်းကလည်း ငါ့ကို နောက်နေပြန်ပြီအေ ။ ကလေးမ ၊ ဒီမှာကလေးမ ၊ ဦးပြောမယ် ။ ဟော ညည်းရယ်ပြန်ပြီ ”

“ ဘာလဲ ။ ဪ ... ညည်းက ကလေးမဆိုတာကို ရယ်နေတာကိုး ။ မရယ်နဲ့ ညည်း ။ နားထောင် ကလေးမ ။ ငါ မိန်းကလေးတိုင်းကို ခေါ်တာမဟုတ်ဘူး ။ အဲ ငါ အင်မတန် ရင်းနှီးချစ်ခင်ပြီး သွေးရင်း သားရင်း ၊ တူမရင်း ၊ ညီမရင်းလို မိန်းကလေးမျိုးကိုမှ ငါ ခေါ်တာ ။ ကြားလား ကလေးမ ”

“ ညည်းကို တို့က ကိုယ့်တူမလေးလို ၊ ရဲဘော်ရဲဘက်လို ၊ မိတ်ဆွေသူငယ်ချင်းလို သဘောထားပြီး ငါတို့က သိပ်ချစ်တာ ။ အေး ဒါပေမယ့် ညည်း စိတ်ကောက်ချင်ကောက် ။ ဟောဒီလူ ညည်းမောင်တော်ကိုတော့ ငါက ညည်းထက် ပိုချစ်တယ်ဗျ သိလား ။ ဟေ့လူ ဒီမယ် ကျုပ်က ကိန်းကြီးခန်းကြီး နိုင်တဲ့သူဆို သိပ်စိတ်ပျက်တာဗျ သိလား ။ ခင်ဗျားကို ကျုပ်က သိပ်ခင်တာ ”

“ ဒါပေမယ့် ဟေ့လူ ကျုပ်တခုတော့ပြောမယ် ။ ခင်ဗျား ကြင်ယာတော်ကြီးတော့ မဖြစ်စေနဲ့နော် ။ ဘုရင်မရဲ့ ကြင်ယာတော်ကြီး ဘယ်တော့မှ မဖြစ်စေနဲ့ ကိုယ့်လူ ။ ကျုပ်က ခင်လို့ပြောတာ ။ ပြီးတော့ ဟေ့လူ ဒီကောင်မလေးကို ခင်ဗျား အလိုမလိုက်နဲ့နော် ။ ဘေးကနေ ကောင်းကောင်းထိန်းပေး ကြားလား ။ ကလေးမက စတက်ဘွန်းလေးဗျ ။ ခေါင်းမာတယ် ။ မှန်တယ်ထင်ရင် ကြက်ခေါင်းဆိတ် မခံတကတဲ ။ ဟဲ ဟဲ သူ့ကိုကျုပ်တို့က သူ့ကွယ်ရာမှာ နာမည်ပေးထားတယ်ဗျ ။ တိုက်ကြက် မတဲ့ ။ အရွယ်ရောက်ပြီး ခွပ်လက်ခွပ်သွေးစုံနေတဲ့ တိုက်ကြက်မလေးတွေကို ခင်ဗျား မြင်ဖူးတယ် မဟုတ်လား ”

“ ခေါင်းကလေးမော့မော့ ၊ ရင်အုပ်ကလေးတချီချီ ၊ မျက်လုံးကလေးတွေက နီရဲပြီး တောင်ပံတဖျန်းဖျန်း ခတ်လို့ သူ တိုက်ပွဲအတွက် အဆင်သင့်ပြင် ၊ ဖျတ်လတ်တက်ကြွနေတဲ့ တိုက်ကြက်မကလေးတွေ လေ ။ ဟေ့ ကလေးမ ညည်း အဲဒီနာမည်ကို သဘောကျရဲ့လား ။ တကယ်ပါအေ ကလေးမ ဟောဒီလူကို ငါ တကယ်ခင်တာ ။ ညည်း လင်ကောင်းသားကောင်း ရတယ်နော ၊ ကလေးမ သိလား ။ ညည်းက မရယ်ပါနဲ့အေ့ ။ ဘာလဲ ညည်းနဲ့ ညည်းလေးလေးကြီးနဲ့ နှစ်ယောက်ပေါင်းပြီး ငါ့ကို ရယ်နေကြတာပေါ့ ဟုတ်လား ။ ဒီမှာ ကလေးမ ငါ့ကို မူးနေတယ်လို့ ညည်း ထင်မနေနဲ့နော် ။ ငါသောက်တာ နည်းနည်းလေး ။ နှစ်ပိုင့်ထဲရယ် ။ ညည်းလေးလေးကြီး သိတယ် ။ အလကား ၊ ညည်းလေးလေး ကဗျာဆရာကြီးက တခါမှ လျှာပေါ်မှာ အရက်ကို တစက်တောင် တင်ဖူးတာ မဟုတ်ဘူး ။ ဟေ့ သူငယ်ချင်း ဒီမှာ ယောက်ျားဆိုတာ ယောက်ျားအလုပ် အစုံ လုပ်တတ်ရတယ်ကွ ။ ဒါမှ ယောက်ျားပီသတာ ။ ယောက်ျားပီသခြင်းဆိုတာ .... ”

“ အေးပါကွာ အေးပါကွာ ။ မင်း ယောက်ျားပီသတော် မူပါတယ်ကွာ ။ မင်းမိန့်ခွန်းကို မင်းဘာသာ ဆက်ခြွေတော်မူပါ ။ ကဲ ကလေးမရေ နားထောင်လိုက် ။ ကြင်ယာတော်ကြီးရေ လာဟေ့ သီချင်းဆိုရအောင်”

“ လုပ်လိုက်လေ ။ ဘာလဲ ဟိုဟာလေးလား ။ မမလေးကိုနော်ဗျာ မောင်ကခိုးမယ်လို့”

“ ဟုတ်ပါ့မောင်ရာ ဟုတ်ပါ့ ။ လာပြီ လူလေးရေ”

“ ..... မမလေးကိုနော်ဗျာ ... မောင်က ခိုးမယ်လို့ ... လူဆိုးတွေနဲ့ မောင်တိုင်ပင် .. မြို့အ၀င် ... ညောင်ပင်ကြီးမှာ .... မြင်းကိုယ်စီပြင် ။ လထွက်ကလေးရယ်တဲ့ .... မြင်းပေါ်တင် ... လ၀င်ရင် မန်းတောင်ရောက် အောင် ... လလေး ၀င်ရင်နော်ဗျာ မန်းတောင်ရောက်အောင် ... မြင်းငေါက်လို့နှင် ”

“ ကောင်းတယ်ဟေ့ ကောင်းတယ် ”

“ ဪ ဆရာတော်ကလည်း သဘောကျ ၊ ကောင်းတယ်တဲ့ ။ အင်း “ လထွက်ကလေးရယ်တဲ့ မြင်းပေါ်တင် ၊ လထွက်ကလေးရယ်တဲ့ မြင်းပေါ်တင် ” ဘယ်လောက် လိုက်ဖက် လှပတဲ့ စကားလေးလဲ ။ ဟင်ကလေးမ ညည်းရော သဘော မကျဘူးလား ။ ဒီမှာ ဆရာတော် ၊ တပည့်တော်လည်း မမလေး တယောက်လောက်ကို ဟောဒီလို လထွက်ကလေးမှာ မြင်းပေါ်တင်ပြီး ခိုးပြေးကြည့်ချင်တယ် ။ ဒါပေမယ့် တပည့်တော်မှာ မမလေး မရှိဘူးဘုရား ။ တယောက်ဆို တယောက် မှ မရှိဘူး ဘုရား ။ ဆရာတော်ဘုရား တပည့်တော်ကို မသနားတော့ဘူး လားဟင် ”

“ အိုး မရှိတော့ ဘာဖြစ်တုံး ။ အသက်ကြီးပြီ ဆံပင်ဖြူပြီ ။ ကိုယ့်ဟာကိုယ် ကဗျာပဲရေး”

“ ရက်စက်လိုက်တာ ဆရာတော်ဘုရားရယ် ။ သွားပါပြီ ၊ သွားပါပြီ ။ တပည့်တော် အသက်ကြီးတာ မဟုတ်ဘူးဘုရား သိရဲ့လား ။ အသက်နဲ့ မမျှအောင် ရင့်ရော်ခြင်း ဒဏ်ကို ခံရတာ ။ ဒဏ်ရာဒဏ်ချက်တွေရဲ့ ရိုက်ပုတ် ထုထောင်းမှုကြောင့် တပည့်တော် ဒီလို ဖြစ်ရတာ ။ တပည့်တော် အသက် မကြီးသေးဘူး ။ ကလေးမ ညည်း လေးလေး အသက် မကြီးသေးပါဘူးအေ့ ”

“ ဟုတ်တယ်ဟေ့ တိုက်ကြက် မ ။ ငါ့သူငယ်ချင်း အသက်မကြီးသေးဘူး ။ အသက် မကြီးသေးပေါင် မောင် ရယ် ထန်းရွက်ပုတီးလေး ဆွဲဖို့ ရွှေစာရံကို အရောက်သွားမယ် ”

“ ... ဟေ့ ... အဖော်တွေ ... ပျော်ပျော်ပါးပါး ... မော်တော်ကားနဲ့ရယ် .... လိုက်ခဲ့တော့ အကုန်လုံး ဖုန်တွေ မွှန်ရင်ကွယ် .... လက်ကိုင်ပုဝါ .. ခေါင်းစည်းလေးနဲ့ တမျိုးလှလို့ ခန့်ညားတယ် .....”

“ အသက် မကြီးသေးပေါင် မောင်ရယ် ၊ ဘာတဲ့ ၊ ဟေ့လူ ကျုပ်ဆိုချင်တယ် ။ အင်း ထန်းရွက်ပုတီးလေး ဆွဲဖို့ ၊ ထန်းရွက်ပုတီးလေး ဆွဲဖို့ ၊ သိပ်ချစ်စရာကောင်းတဲ့ ထန်းရွက်ပုတီးလေးတွေ ၊ ကလေးမ ညည်းငယ်ငယ်တုန်းက ဆွဲဖူးတယ် မဟုတ်လား ။ ရောင်စုံလေးတွေလေ ။ အဲဒါလေးတွေဆွဲဖို့ တို့တူဝရီးတတွေ ၊ ဟေ့လူ ဘာ ၊ ရွှေစာရံကို အရောက်သွားမယ် ။ ပြီးတော့ ကျန်သေးလားဟ ။ ဟေ့ လူတွေရ လုပ်ပါဦး ၊ ဆိုစမ်းပါဦး ”

“ အို လာစမ်းကွာ ။ ကဲ အစ်ကိုရေ ပွဲတောင်းနေပြီ ။ ဟေ့ လုံမငယ် ဖော်တသင်း ရေချိုး ရေခပ်ဆင်းကြတယ် ။ ကျွဲနဖားတောင်အောက် ဒုဌ၀တီရစ်ခွေပတ်လည် ဟေ့ ဟိုမှာကွ ကျွဲနဖားတောင်က လရောင်အောက် မှာ ”

“ ကြည့်စမ်း ဘယ်လောက်လှသလဲ ။ ကလေးမ ကြည့် ဟိုမှာ ။ ဟုတ်တယ်နော် ဆရာတော် ၊ အဲဒီ ကျွဲနဖားတောင်ကို ဒုဌ၀တီမြစ်ကြီးက ရစ်ခွေပတ်လည် စီးဆင်းနေသတဲ့ ။ သိတ်ကောင်းတဲ့ သီချင်း ။ ပီးတော့ ဘာတဲ့ လုပ်ပါဟ ဆိုစမ်းပါဦး ”

“ ဟင်း စကားလုံးမလှ လိုက်တာနော် ။ ဟေ့ကောင် ငြိမ်ငြိမ် နားထောင်ကွာ ။ ဘာသာမပြန်နဲ့ ။ ကဲ အတောလေး လုပ်စမ်းပါဦး ကိုကိုရယ် ။ xxx ဒုဌ၀တီရစ်ခွေပတ်လည် xxx အင်း xx မြစ်ကမ်းသာဝယ် ရွှင်လန်းဖြာတယ် အဲဒီအတက် ဈေးနားဝယ် ထန်းရွက်ပုတီလေး xx ဆေးအလှ xxx ရောင်စုံခြယ် xxx အိမ်အပြန် လက်ဆောင်ပေးပါရစေ xxx ကလေးနှမရယ်တဲ့ အမြတ်တနိုး ဆင်မယ် xx မောင်ရယ် ကျွန်မ အသက်ငယ်သေးတယ် ”

“ အေး ဟုတ်တယ် ။ ဆရာတော်ရယ် ၊ တပည့်တော် အသက်ငယ်သေးတယ် ။ နုပျိုသစ်လွင် တက်ကြွတဲ့ ကဗျာများစွာကို စပ်ဦးမယ် ။ ဟား ဟား စပ်မယ်နော် ဆရာတော် ။ ပျော်တယ်နော် ဆရာတော် ။ ဟေ့ ကလေးမ ပျော်တယ်မဟုတ်လား ။ အေး ပျော်တယ် ဟုတ်ပြီ ။ ဟေ့လူ ခင်ဗျားရော ပျော်တယ်နော် ။ သူငယ်ချင်း မင်းရော ပျော်တယ်နော် ။ အေး ငါ့ သူငယ်ချင်းကြီးက အမြဲတမ်း ပျော်နေတာဟ ကလေးမရ ။ အဲဗားဂျော်လီ နဲဗားဆောရီး ”

“ ဟေ့ ကလေးမ ညည်းတခု စဉ်းစားစမ်း ။ တို့ ဒီလထွက် ညလေးဟာ ပျော်စရာ ၊ ကြည်နူးစရာ ၊ ချမ်းမြေ့စရာ ကောင်းသလို ၊ လွမ်းစရာလည်း ကောင်းမနေဘူးလားဟင် ။ ကောင်းတယ်နော ညည်းတို့တော့ မသိဘူး ။ ငါတော့ ခံစားနေရတယ် ။ တကယ် ခံစားနေရတယ် ”

“ ခံစားတတ်တဲ့ နှလုံးသားဆိုတာ လူတိုင်းမှာ မရှိဘူးနော ။ အင်း အနုပညာသမားကို နားလည်နိုင်တဲ့ နှလုံးသားပိုင်ရှင်ဆိုတာလည်း သိပ်ကိုရှားတယ် ကလေးမရေ ။ ကဗျာကို နားလည်နိုင်တဲ့ ၊ ကဗျာကို နားလည်နိုင်တဲ့ ၊ ကဗျာကို ချစ်တတ်တဲ့ နှလုံးသားပိုင်ရှင်မျိုးလေးဟာ ဘယ်လိုဟာမျိုးလေးပါလိမ့်ဆိုတာ ငါသိပ်သိချင်တာပဲ ။ ဟေ့ ကလေးမ စွန့်ပယ်ခြင်းရဲ့ဒဏ် ၊ အထီးကျန်မှုရဲ့ဒဏ် ၊ ငြင်းပယ်ခြင်းရဲ့ဒဏ် အဲဒါတွေရဲ့ ခါးသီးမှုဒဏ်ကို ညည်းခံစားဖူးသလား ဟင် ။ သိပ် နာကြည်း ကြေကွဲဖို့ ကောင်းတာရယ် ။ ကလေးမ ၊ တကယ် ညည်း ကြားဖူးမှာပါ ။ ပန်းချီဆရာကြီး ဗန်ဂိုး ”

“ ကနေ့ ဗန်ဂိုးရဲ့ပန်းချီကား တကားကို ပိုင်တဲ့လူဟာ သန်းကြွယ်သူဌေးလို့ ပြောခံရတဲ့အချိန် ။ အေး ဗန်ဂိုး သက်ရှိထင်ရှားရှိစဉ်တုန်းကတော့ ဗန်ဂိုးဟာ ပန်းချီကားကလေး တကားကိုတောင် အနိုင်နိုင် ရောင်းခဲ့ရပြီး ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်နဲ့ လူတွေရဲ့ စွန့်ပယ်မှု ၊ ငြင်းပယ်မှုဒဏ်တွေကို အများကြီး ခံခဲ့ရရှာတာ ။ ဘယ်လောက် များခံခဲ့ရသတုန်းဆိုရင် ဗန်ဂိုးရဲ့မေတ္တာကို မိန်းမပျက်ကလေးကတောင်မှ မတုံ့ပြန်နိုင်ရုံမက ဖိုးတာအိုကြီးရယ် ရှင့်ရဲ့ ကြီးမားလှတဲ့ နားရွက်ကြီးတွေကို ဖြတ်တောက်ပြီး လက်ဆောင်ပေးပါလားလို့ နောက်ပြောင်ပြောလိုက်တာကို အထီးကျန်မှုဒဏ် မခံနိုင်လွန်းတဲ့ ဗန်ဂိုးဟာ အဟုတ်ကြီးမှတ်ပြီး ချစ်သူမိန်းမပျက် လေးဆီ သူ့နားရွက်ကို ဖြတ်ပြီး ပို့ခဲ့ရှာတယ် ။ ဘယ်လောက်ရင်နင့်စရာကောင်းလဲဟင် ကလေးမ ။ ညည်းခံစားလို့ ရမှာပါ ”

“ ကလေးမရေ ဟောဒီက လရောင်နဲ့ တလက်လက်တောက်ပနေတဲ့ အင်းရေပြင်ကြီးကို ကြည့်ပြီး သတိရသေးတော့တယ် ။ ဗန်ဂိုးလောက် မဟုတ်ပေမယ့် ဟောဒီလို ရေပြင်ကြီးကို ကြည့်ရင်း အထီးကျန်မှုဒဏ်ကို ဆယ်နှစ်တော်တော်များ ငါ ခံစားရဖူးတယ်အေ့ သိလား ။ ပြီးတော့ စွန့်ပယ်မှုရဲ့ ဒဏ် ၊ ငြင်းပယ်မှုရဲ့ ဒဏ် ၊ ကလေးမရေ အဲဒီ ဒဏ်ရာဒဏ်ချက်တွေများစွာထဲမှာ မိန်းကလေးယောက်ရဲ့ ငြင်းပယ်မှုဒဏ်ကိုလည်း ငါအလူးအလဲ ခံစားဖူးတယ်နော ။ ညည်း မရယ်နဲ့ ။ အလူးအလဲ ဆိုလို့လည်း ညည်း ငါ့ကို အထင်မသေးနဲ့ဦး ။ ငါ အလူးအလဲဖြစ်လောက်အောင်လည်း ငါ့အဖြစ်က ထူးခြားတယ်ရယ် ။ ကလေးမ ညည်း ၀တ္ထုဖြစ်လောက်တယ်နော ။ တကယ် ပြောတာရယ် ”

“ ငါးဆယ့်ခုနှစ် ၊ ငါးဆယ်ရှစ် ။ ရေဇလာ ရွှေကြာ ဝေဆာ မွှေးသပ ။ ရွှေညာကျေးက မန်းတက္ကသိုလ်ကို တက္ကသိုလ် ကျောင်းတော်သားကြီးတယောက် အနေနဲ့ ငါ စရောက်တဲ့ နှစ်ပေါ့အေ ။ နေဦး ကလေးမ ငါးဆယ်ခုနှစ်နှစ်ဟာ ညည်းမွေးတဲ့နှစ်နော် ။ အင်း ကလေးမရေ နောင် ဆယ့်ခြောက်နှစ် ၊ ဆယ်ခုနှစ်နှစ် ရှိမှ ညည်းတွေ့ရမယ့် မန်းတက္ကသိုလ်ဟာ အဲဒီတုန်းကတည်းက သိပ်ကို လှတာ ။ တမာ စိမ်းဝါဝါ ၊ လယ်ကွင်း စိမ်းဝါဝါ ၊ နီလွင်တဲ့ ရေအလျဉ် တသွင်သွင်စီးဆင်းနေတဲ့ ရေနီမြောင်း ညည်းလည်းသိပါတယ် ”

“ တချို့က မန်းတက္ကသိုလ်ဟာ ခြောက်သွေ့သတဲ့ ။ ခြောက်သွေ့တဲ့အလှကို သူတို့ မခံစားတတ်လို့ပါ ။ ငါ့အဖို့ကတော့ ရှမ်းရိုးမတောင်ရိပ်ပြာပြာအောက်က မန်းတက္ကသိုလ်ရဲ့ ခြောက်သွေ့တဲ့ အလှတွေဟာ အင်မတန် ဖမ်းစားတာပဲ ။ အင်မတန် ရင်ခုန်စေတာပဲ ။ ငါ ကဗျာတွေ အများကြီး ရေးဖြစ်ခဲ့တာပေါ့ အေ ”

“ အဲဒီလိုပဲ မန်းတက္ကသိုလ်ရဲ့ တမာပွင့်ဝါဝါလေးတွေလိုပဲ နွဲ့တဲ့ ၊ လှတဲ့ ၊ ရင်ခုန်စရာကောင်းတဲ့ ကောင်မလေးတယောက်ကို ငါ သွားတွေ့တယ်အေ့ ကလေးမ သိလား ။ အင်း အသားလေး ညိုစိမ့်စိမ့်ဆိုတော့ ခြောက်သွေ့တဲ့ အလှလို့လဲ ပြောမယ်ဆိုရင် ပြောနိုင်တာပေါ့လေ ။ ဒါပေမယ့် ခြောက်သွေ့တဲ့အလှဟာ အင်မတန် ရင်ခုန်စေတာလား ။ သူ့နာမည်က နှင်း တဲ့ ။ မခင်နှင်း တဲ့ ။ သူက နေ့ကျောင်းသူ ။ မန္တလေးမြို့ထဲကနေ တက်တာ ။ မှတ်မှတ်ရရ သူတို့အိမ်ရှေ့မှာ ဗာဒံပင်ပုပု ဝိုင်းဝိုင်း လေးနှစ်ပင် ရှိတယ် ”

“ ငါက အဆောင်နေတဲ့သူဆိုတော့ ညနေ ၊ ညနေဘက်ကျရင် စက်ဘီးတစီးနဲ့ သူတို့အိမ်ရှေ့ကို သွားသွားပြီး ကြည့်တယ် ။ သူငယ်ချင်းတယောက်က ငါ့ကို စက်ဘီးနဲ့ ရှေ့ကတင်နင်း ။ ငါက နဂါးဆေးလိပ်လေး တဖွာဖွာနဲ့ ။ သူတို့ အိမ်နားရောက်တာနဲ့ သူ့ကို မမြင်ရသေးဘူး ။ ဗါဒံပင်လေးနှစ်ပင် မြင်တာနဲ့ ရင်တွေခုန်ပြီး ကတုန်ကရင်ဖြစ်လာတာပဲ ။ နဂါးဆေးပေါ့လိပ်ကို ခဲပြီး တအားဖွာပစ်မိ တော့တာပဲ ။ အဲဒီမှာ ငါ့ကို စက်ဘီးတင်နင်းရတဲ့ ငါ့သူငယ်ချင်းက ဘယ်လို စ,သလဲဆိုတော့ ဟေ့ကောင် လက်စသတ်တော့ မင်း ဟိုကဗျာက စက်ဘီးကို မြင်းမှတ် ၊ နဂါးဆေးပေါ့လိပ်ကို ဓားမှတ်ပြီး စပ်တာကိုးကွတဲ့ ။ ဒီလိုအေ့ ကလေးမရဲ့ ။ ငါစပ်ထားတဲ့ ကဗျာလေး တပုဒ်ရှိတယ် ။ ရှေးယခင်က မန္တလေးနန်းမြို့တော်သူလေးကို နောက်ပိုးသွားတဲ့ လုလင်ပျိုဟာ မြင်းကြီး စီးပြီး လက်ထဲမှာလည်း ဓားတ၀င့်ဝင့်နဲ့ နေမှာပေါ့လို့ဆိုပြီး စပ်ထားတဲ့ ကဗျာက ရှိတာကိုး ။ ဪ လွမ်းမိပါတယ်အေ ။ အဲဒီသူငယ်ချင်း ဆုံးသွားရှာပြီ ။ ကဗျာစပ်လည်း တော်တယ် ။ ယုံကြည်ချက်ကလည်း သိပ်ပြင်းထန်တဲ့ သူငယ်ချင်း ”

“ ကဲ ထားပါလေ ။ ကလေးမ ငါ့ဇာတ်လမ်းလေးကို ပြန်ဆက်ကြစို့ ။ ငါက မခင်နှင်း ကို လိုက်သာ ကြည့်ပြီးတော့သာ သဘောကျနေတာ ။ တနှစ်သာကျော်ရော စကားလည်း တခါမှ လိုက် မပြောဖူးဘူး ။ စာလည်းတစောင်မှ မပေးဖူးဘူးရယ် ။ ဒါပေမယ့် သူကတော့ ငါ့ကို သိတာပေါ့ ။ ငါ သူ့ကို သဘောကျ နေမိတယ် ။ ချစ်နေမိတယ် ။ ငါသူ့ကို သဘောကျနေမိတယ် ၊ ချစ်နေမိတယ် ။ သူ့နောက်လိုက်ကြည့်နေတယ် ဆိုတာကိုတော့ သူသိတာပေါ့  ”

“ ဘာတဲ့ မိန်းကလေးတို့ရဲ့ အလိုလို သိစိတ်နဲ့ပေါ့အေ ။ ညည်း နားလည်တယ် မဟုတ်လား ”

“ ငါက သူ့ကို စာမပေးချင်ဘူးအေ့ ကလေးမ သိလား ။ ကဗျာပေးချင်တာ ။ ရည်းစားစာ မပေးချင်ဘူး ။ ကဗျာစာအုပ် ပေးချင်တာ ။ ငါ့ရဲ့အချစ်ကို ကဗျာတွေကနေတဆင့် သူ နားလည်စေချင်တာ ။ ငါ အစိုးရိမ် အပူပန်ဆုံးက သူ ကဗျာကို ချစ်တတ်ရဲ့လား ၊ ကဗျာကို မြတ်နိုးတဲ့ စိတ်ကလေး ရှိရဲ့လားဆိုတာကိုပဲ ။ ကဗျာဆရာရဲ့ ချစ်သူဟာ ကဗျာကို ချစ်မှ ။ ကဗျာကို မြတ်နိုးမှ ကဗျာဆရာကို နားလည်မှာရယ် ။ ဒါ အရေးကြီးဆုံးပဲ ။ ဟုတ်တယ်နော် ။ ကလေးမ ဟုတ်တယ် မဟုတ်လား ။ အေး ဒီတော့ကာ သူ့ကို ငါ ရည်းစားစာမပေးဘူး ။ ရည်းစားစကား လိုက် မပြောဘူး ”

“ ဒီလိုနဲ့ ထောင့်ကိုးရာနဲ့ ခြောက်ဆယ် ခုနှစ်မှာ ( ညည်း သုံးနှစ်သမီးပေါ့နော် ) ငါ့ရဲ့ ပထမဦးဆုံး ကဗျာစာအုပ်လေးထုတ်တယ် ။ ကိုယ့်ရဲ့ ကဗျာလေးတွေကို တစုတစည်းတည်း ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခွင့် ရတဲ့ စာအုပ်လေးပေါ့အေ ။ ကဗျာစာအုပ်လေးကို တစိမ့်စိမ့်ကြည့်ပြီးရင်း ကြည့် ။ ကြည့်လို့ကို မ၀ဘူး ။ ဘယ့်နှယ်လဲ ညည်းခံစားဖူးမှာပေါ့နော် ။ ညည်း ပထမဆုံးလုံးချင်း ၀တ္ထုလေးတုန်းကလည်း ဒီလိုပဲ မဟုတ်လား ။ အဲဒီ အရသာက တမျိုးရယ် ၊ နော ကလေးမ ။ ခံစားဖူးမှ သိတာရယ် ။ အင်း အဲဒီတင် ကဗျာစာအုပ်လေးကို ကြည့်ပြီး ငါ ဘာအကြံပေါက်လာသလဲ ဆိုတော့ ၊ ဟာ ဟုတ်ပြီ ၊ ငါ စာအုပ်ကို သူ့ သွားပေးမယ် ။ မခင်နှင်းလက်ထဲ ငါ့လက်နဲ့ ကိုယ်တိုင်ပေးမယ် ”

“ စာအုပ်ရဲ့ ပထမစာမျက်နှာမှာ ချစ်တဲ့မခင်နှင်းသို့ ဆိုတာလေးပဲ ရေးထည့်လိုက်ပြီး ငါ့လက် မှတ် ထိုးလိုက် မယ်ပေါ့ ။ တကယ်ပဲ သိပ်ပျော်သွားတယ်အေ ကလေးမသိလား ။ တကတဲ ဘာပြောကောင်းမလဲ ။ ကဗျာစာအုပ်တွေထဲက အသပ်ရပ်ဆုံး ၊ အပြန့်ပြူးဆုံး ၊ အကောင်းဆုံးလို့ ထင်ရတဲ့ စာအုပ်လေးကို သေချာရွေး ၊ စာလုံးအကျအပေါက်တွေ ပါမှာစိုးလို့ တညလုံးပဲ လိုက်စစ်ဆေးကြည့်ရသေးတယ် ။ စိတ်တိုင်းကျပြီ ဆိုတော့မှ စာရေး ၊ ဆိုင်းထိုးပြီး မခင်နှင်း ကျောင်းအပြန်မှာ ငါလိုက်ပေးတယ် ။ ပေးတဲ့နေရာက ဘယ်နေရာလဲ သိလား ကလေးမ ။ တို့ ကျောင်းဝင်းထဲက မြို့ထဲပြေးတဲ့ ဘတ်စ်ကားဂိတ် ကုက္ကိုပင်ကြီးအောက်က ထိုင်ခုံလေးမှာ ။ စက်ဘီးပြင်ဆိုင်လေးလည်း ရှိတယ် ။ သိတယ်မဟုတ်လား ။ အေး သိပါတယ် ။ အဲဒီနေရာလေးဟာ မန်းတက္ကသိုလ်က ချစ်သူပေါင်း မြောက် မြားစွာရဲ့ ဇာတ်လမ်းအစ နဲ့ အဆုံးများစွာတို့ ဖြစ်ပျက်ခဲ့တဲ့ နေရာလေးပဲ အေ ။ ဘယ့်နှယ့်လဲ ညည်းတို့ရော အဲဒီနေရာလေးမှာ အမှတ်တရလေးတွေ ရှိသေးလား ။ ဟား ဟား သိပ်ရှိတာပေါ့ ဟုတ်လား ။ ရှိရမှာပေါ့ ကလေးမရယ် ရှိရမှာပေါ့ ”

“ အေး နေဦး ပြောဦးမယ် ။ အဲဒီနေ့က မခင်နှင်း ဝတ်ထားတာ အပြာရောင်အေ့ ကလေးမ ။ ငါ ကောင်းကောင်းမှတ်မိတယ် ။ အပြာနုနုလေး ။ မျက်စိအေးတဲ့ အရောင် ။ ကြည်နူးစရာကောင်းတဲ့ အရောင်လေးပေါ့ ။ အဖော်တယောက်လည်း သူနဲ့ ပါတယ် ။ သူတို့က စက်ဘီးပြင်ဆိုင်လေးနားက ထိုင်ခုံလေးမှာ ထိုင်ပြီး ဘတ်စ်ကား စောင့်နေကြတယ် ။ ငါ အဲဒီနေ့က ဘယ်သူ့မှ အဖော် မခေါ်ဘူး ။ ငါတယောက်တည်း ကဗျာစာအုပ်လေးကိုင်ပြီး သူ့နားကပ်သွားတော့ မခင်နှင်း က မျက်လုံးလေးတွေပြူးပြီး ငါ့ကို လှမ်းကြည့်တယ် ။ ငါလည်း စိတ်သာတင်းထား ရတာ ။ တကယ်တော့ သူ့နားကို အဲလောက်နီးနီး တခါမှ မနေဖူးဘူးရယ် ”

“ ဒီမှာ မခင်နှင်း အတွက် ကျွန်တော့်ရဲ့ ပထမဆုံး ကဗျာစာအုပ်လေးဆိုပြီး ငါ သူ့ကို လှမ်းပေးလိုက်တယ် ။ ရှင် တဲ့ ။ သူ့မျက်နှာတပြင်လုံး ရှက်သွေးဖြန်းသွားလိုက်ပုံများ အေ သနားစရာ ၊ အားနာစရာတောင် ကောင်းသေးတော့ ။ အင်း ချစ်စရာလည်း ကောင်းတယ်အေ့ သိလား ”

“ ကလေးမ သူကလေ ရှက်သွေးဖြန်းနေတဲ့ မျက်နှာလေးနဲ့ပဲ ငါ့ကဗျာစာအုပ်လေးကို ယူတယ်သိလား ။ ပြီးတော့ စာအုပ်လေးကို ကြည့်တယ် ။ ဟာ ငါဝမ်းသာလိုက်ပုံများအေ ရင်ထဲမှာ ကြည်နူးပြီး သူ့နားကနေ ငါ ပြန်လှည့်လာခဲ့တယ် ။ ဟင့်အင်း ငါ ဘာအပိုတွေမှ မပြောခဲ့တော့ဘူး ။ ပြောစရာမလိုတော့ဘူးလို့ ငါထင်တယ်လေ ။ သေချာပါတယ် သူကလေးဟာ မုချ ကဗျာကို ချစ်တတ် ၊ မြတ်နိုးတတ်တဲ့ မိန်းကလေးပါပဲလို့ ငါ စွဲမှတ်လိုက်တော့ တယ် ။ အဲဒီည ငါ ကဗျာတွေ အများကြီး ရေးပစ်လိုက် မိတယ် ။ စိတ်ကူးယဉ်လို့လဲ ဘယ်မဆုံးပေါ့အေ ”

“ ဒါပေမယ့် ကလေးမရေ မုန်တိုင်းမလာခင် တိုက်ခတ်နေတဲ့ လေပြေလေညှင်း ၊ လေနုအေးကလေး တိုက်ခတ်ချိန်က အင်မတန် တိုတောင်းပေတာပဲ ။ ငါ ကျောင်းက ထွက်ရတယ် ။ ငါချစ်တဲ့ အမိတက္ကသိုလ်က ငါ့ကို စွန်ပစ်လိုက်ပြီ ။ စွန့်ပယ်လိုက်ပြီ ။ ငါ့ကို စွဲလန်းဖမ်းစားတဲ့ ၊ ငါ့ကို ရင်ခုန်စေတဲ့ ရှမ်းရိုးမပြာပြာ ၊ လယ်ကွင်း စိမ်းဝါဝါ ၊ တမာစိမ်းဝါဝါ ၊ ရေနီမြောင်း ၊ ပြီးတော့ မခင်နှင်း ။ သူတို့ အားလုံးကို ငါ နှုတ်ကလေးတချက်တောင် မဆက်ခဲ့ရဘူး ။ ကလေးမရေ အဲဒီကစပြီး တကိုယ်တော်ခရီးကြမ်းကို စတင်ရတော့တာပဲပေါ့ ။ ငါ့လွယ်အိတ်ထဲမှာ အ၀တ်အစားတစုံရယ် ၊ ငါ့ကဗျာစာအုပ်လေးရယ် ၊ အမေ့ရဲ့ ပင်နီအင်္ကျီအဟောင်းလေးရယ် ၊ ဒါပဲပါတယ် ။ ဒီလွယ်အိတ်လေး တလုံးလွယ်ပြီး မြို့ပြပတ်၀န်းကျင် ၊ ပညာတတ် အသိုက်အ၀န်း ၊ တက္ကသိုလ်အသိုက်အ၀န်း ၊ ကဗျာအသိုက်အ၀န်း ၊ စာအသိုက်အ၀န်းတွေနဲ့ စွန့်ခွါပြီး အထီးကျန်မှု ဝေဒနာကို ခံစားပြီးနေရတာ နည်းတဲ့နှစ်တွေလား ကလေးမရယ် ။ ဆယ်နှစ်ကျော်တယ်ရယ် ။ ဟိုးအထက် မြစ်ညာ ဝေးလံသီခေါင်လှတဲ့ တံငါရွာလေးတရွာမှာ တံငါသည်တပိုင်းဘ၀နဲ့ ငါ နေခဲ့ရတယ် ။ ကလေးမ ဘာလဲ ညည်းအံ့ဩ သွားလား ။ အင်း ဟောဒီလို ရေပြင်ကြီးပေါ်မှာ လှေကလေးတစင်းနဲ့ ငါကျင်လည်ခဲ့ဖူးတာပေါ့ ။ ဒါပေမယ့် ဟေ့ ကလေးမရေ ၊ အဲဒီတုန်းက ကဗျာဆရာဟာ လရောင်ကို မုန်းတယ်အေ့ ၊ သိရဲ့လား ။ ဟောဒီလို ရေပြင်မှာ လရောင်ဖြာနေရင် တံငါကဗျာဆရာ သိပ်ကိုမုန်း ။ ခုချိန်မှာ တို့တတွေကသာ လရောင်နဲ့ ရေပြင်ရဲ့ အရသာကို တရှိုက် မ က် မ က် ခံစားနေကြတာ ။ တံငါရွာက လူတွေကတော့ စိတ်ပျက်နေကြရှာရော့မယ် ။ ကလေးမ ညည်း သိရဲ့လား ။ လသာညဟာ ငါးမရတဲ့ ညလေ ။ လရောင်ဖြာရင် ငါးတွေက မလာဘူးရယ် ။ လရောင်လန့်နိုး ၊ ငါးမတိုးလို့ ၊ စိတ်ဆိုးမာန်ဆိုး ၊ သူ ငြင်ငြိုကာ ၊ လကိုမော့ကြည့် ၊ ကျိန်ဆဲမိ ။ ကဗျာဆရာ ၊ တံငါရွာတွင် ၊ ကာလညည့်နက် ၊ ၀မ်းစာခက်တော့ ၊ ပိုက်ကွက်တဖောင် ၊ လှေဦးထောင်နဲ့ ၊ လရောင်မုန်းသူဖြစ်နေပေါ့တဲ့ ။ ငါ ကဗျာလေး စပ်ခဲ့တယ် ။ ညမှာ မီးခွက်ကလေး တခွက်နဲ့ ငါ ကဗျာရေးတယ် ။ နေ့မှာ တံငါအလုပ်ကို ဝိုင်းကူ လုပ်ပေးပေါ့ ။ အဲဒီမှာ ကလေးမ နားထောင် ၊ သူတို့တွေနဲ့ ရောနှောနေထိုင် လုပ်ကိုင်ပြီး ငါ ဘာတွေ သိလာရသလဲဆိုတော့ သူတို့ရဲ့ နေပုံ ၊ ထိုင်ပုံ ၊ ပြောပုံ ဆိုပုံစရိုက်တွေ ၊ လူနေမှုဘ၀တွေ ၊ သူတို့ရဲ့ စကားလုံး ၊ ဝေါဟာရ ၊ သုံးပုံသုံးနည်းတွေ ။ အဲဒါတွေဟာ သိပ်ကို အဖိုးတန်တာရယ် ။ လူ့အလွှာတခု အကြောင်းကို ရေးတော့မယ်ဆိုရင် အဲဒီအလွှာထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်ဆင်းသက်နိုင်လေ ကောင်းလေပဲနော် ကလေးမ ။ ညည်း ၀တ္ထုဟာ ပိုပြီးတော့ ပီပြင်မယ် ။ ပိုပြီးတော့ သဘာဝကျမယ် ။ အဲဒါ ညည်းအတွက် စကားလက်ဆောင်ပေါ့နော် ။ ငါ့ အကြောင်းကို ဆက်ကြဦးစို့ ဆိုရင် .... ”

“ အဲဒီ တံငါရွာလေးမှာ အထီးကျန်မှုဒဏ်ကို ခံစားနေရချိန်မှာ ငါ မခင်နှင်း ကို သိပ်သတိရတယ် ။ အမေ့ကိုလည်း သိပ်လွမ်းတယ် ။ အမေ့ကိုလွမ်းရင် ငါ့ ခေါင်းအုံးအောက်က အမေ့ပင်နီအင်္ကျီဟောင်းလေးကို အလွမ်းပြေ နမ်းရှိုက်ရတယ် ။ မခင်နှင်း ကို သတိရရင်တော့ ကဗျာစာအုပ်လေးကို ထုတ်ထုတ်ပြီး ကြည့်ရတယ် ။ ဪ သူ အခုအချိန်ဆိုရင် ငါ့ကဗျာလေးတွေကို ဖတ်ကြည့်ပြီး ပျောက်ချင်းမလှ ပျောက်သွားတဲ့ ကဗျာဆရာကို ဒေါကလေးများ ပွနေမလား ။ ဒါမှမဟုတ် ပူပင်သောကများ ပွါးနေမလားပေါ့ ”

“ ကလေးမလေးရေ ကိုယ်လိုရာ ကိုယ်ဆွဲပြီး ကြည်နူးတဲ့အခါ ကြည်နူးရပေမယ့် သေချာစဉ်းစားမိပြန်တော့လည်း ၀မ်းနည်းရပြန်ရော သိလား ။ ငါ နဲ့ ကွဲကွာနေရတဲ့ အချိန်ကာလဟာ သိပ်ကို ကြာခဲ့ပြီလေ ။ ခုချိန်ဆို သူက ကျောင်းပြီးသွားလို့ ကြင်သူသက်ထားတွေ့ခဲ့ရင် ကလေးတွေ ဘာတွေတောင် ကြီးလောက်ရောပေါ့ဆိုတဲ့ အတွေးကို တွေးမိပြန်တော့ ၀မ်းနည်းတယ်အေ့ သိလား ။ ဒါပေမယ့် ငါသူ့ကို ခွင့်လွှတ်ရမှာပေါ့လို့ ။ ငါ့အပြစ်ပဲ ။ သူ့အပြစ်မှ မဟုတ်တာလေလို့ စိတ်ကို ဖြေတွေးပေမယ့် ဘာတဲ့ ဟေ့လူ ။ ခင်ဗျားတို့ ဆိုက်ကိုမှာခေါ်တဲ့ မသိစိတ် ၊ အဲ မသိစိတ်က မျှော်လင့်နေသေးတယ် ။ သူ ကလေးဟာ ခုချိန်ထိ ကဗျာစာအုပ်လေးတအုပ်နဲ့ ငါပြန်လာမယ့် အချိန်ကို စောင့်နေရှာရော့လေသလား ။ အင်း ဒါမှမဟုတ် အိမ်ထောင်ရက်သားများ ကျနေခဲ့လို့ ရှိလျှင်လည်း ကဗျာစာအုပ်လေးကို ထုတ်ပြီး သူ့ကလေးတွေကိုများ ဖတ်ပြနေလေမလား ။ ကဗျာစာအုပ်ကလေး ကို ခဏခဏ ထုတ်ကြည့်တတ်တဲ့ သူ့ကို သူ့အိမ်သားကများ မနာလို ဝန်တိုဒေါသ နဲ့ ဆူပူတာ ခံနေရလေမလား ။ တမြည့်မြည့်နဲ့ပေါ့ ။ ဒါပေမယ့် ကလေးမရေ ဒီဒဏ်လောက်ကိုတော့ ငါ ခံနိုင်ရမှာပေါ့ ။ ကဗျာနဲ့ ယုံကြည်ချက် အတွက်ဆို ငါ အားလုံးကို စွန့်လွှတ်နိုင်ပါတယ် ။ အဆိုးဆုံး အခြေအနေတွေအတွက် ငါ အမြဲတမ်း အဆင်သင့် ပြင်ထားပါတယ် ”

“ ပြီးတော့ ဟေ့ ကလေးမ ငါ ပြောပြရဦးမယ် ။ အထီးကျန်မှုဝေဒနာကို ကြိတ်မှိတ်ခံစာရင်း တံငါရွာလေး မှာ ငါ ၀မ်းနည်းပက်လက် ခံစားခဲ့ရတာလေး ရှိသေးတယ် ။ အဲဒီမှာတုန်းက တလတခါလောက် ငါက တံငါရွာလေးနဲ့ အနီးဆုံးမြို့ကလေးကို သွားသွားပြီး ဖတ်ချင်တဲ့ စာအုပ်လေးတွေ ၀ယ်တယ် ။ စာအုပ်ဆိုင်တွေက ငါ့ကို မသိကြပါဘူး ။ ခေါင်းပေါင်းကြီးနဲ့ ၊ ပုဆိုးတိုတိုနဲ့ ၊ နေလောင်ထားတဲ့ အသားအရေ မွဲကြမ်းကြမ်းနဲ့ တံငါသည်ကြီးဟာ စာဖတ်ပါလား ၊ အင်္ဂလိပ်စာ တတ်ပါလားဆိုတဲ့ အံ့ဩမှု မျက်လုံးတွေနဲ့ အထူးအဆန်း ကြည့်ခံရတာပဲ ရှိတယ် ။ အဲဒီမှာ တနေ့ ငါမြို့ပေါ်ကို စာအုပ်ဝယ်ဖို့အသွား ညဦးပိုင်းလေးပေါ့ ။ တို့ရွာနဲ့ မြို့ကလေးနဲ့က အနီးဆုံးဆိုတာတောင် နေ့ချင်းပြန်လို့ မရဘူး ။ တညအိပ်ရတယ် ။ အဲ အဲဒီညပိုင်းလေးမှာ မြို့ပေါ်ကလူတွေ လှုပ်လှုပ်ရှားရှား ၊ စည်စည်ကားကား သွားလာနေကြတာ တွေ့ရတယ် ။ ဘာလို့ဆိုတော့ ပွဲရှိတယ်တဲ့ ။ ပွဲ .... ။ ပွဲက မြန်မာပြည်တပြည်လုံး အဲဒီအချိန်မှာ ဟိုးဟိုးကျော် နာမည်ကြီးနေတဲ့ ဇာတ်ပွဲ ။ ရေလမ်းပဲရှိတဲ့ ဒီမြို့လေးမှာ အင်မတန် လာခဲတဲ့ ပွဲ ။ ကြည့်ရခဲတဲ့ ပွဲကိုး ”

“ ငါ ပွဲကြည့်လေ့ ကြည့်ထ မရှိပါဘူး ။ ဒါပေမယ့် တံငါရွာလေးမှာ နှစ်ပေါင်းတော်တော်ကြာကြာ သီချင်း ၊ ဂီတ ၊ အဆိုအက ဆိုတဲ့ ဖျော်ဖြေမှုတွေနဲ့ ဝေးနေခဲ့ရတော့ ငါ အဲဒီညမှာ ပွဲသွားကြည့်တယ် ။ ငါသွားတော့ ပွဲထွက်နေပါပြီ ။ လူတွေရဲ့ ဟိုး နောက်ဆုံးကနေ ငါ ကုပ်ကုပ်လေးဝင်ပြီး ကြည့်လိုက်တော့ ဇာတ်က အော်ပရာကနေတယ် ။ ဘာအော်ပရာလဲသိလားကလေးမ ။ ငါ့ရဲ့ ကဗျာတပုဒ်ကို အော်ပရာအဖြစ် တင်ဆက်ပြနေ တာလေ ။ ငါ့ရဲ့ နှလုံးသားထဲက ဇာတ်ကောင်လေးတွေ ဇာတ်ခုံပေါ်မှာ သက်ဝင်လှုပ်ရှားနေတာကို ကြည့်ပြီး ငါ့မယ် ပီတိဖြစ်လိုက်ရတာလေ ။ ပရိသတ်တွေ သဘောကျနေတာ ကြည့်ပြီးတော့လည်း ရင်ထဲမှာ တလှပ်လှပ်နေအောင် ခံစားရတယ် ။ အော်ပရာပြီးတော့ ငါ့နာမည်ကို ကြေညာသံ ကြားရတယ် ။ ငါ့ ကဗျာကို ကျေညာသံ ကြားရတယ် ။ ပရိသတ်တွေ ချီးမွမ်းသံကို ကြားရတယ် ။ ပွဲခင်းရဲ့ ဟိုးနောက်ဆုံးမှာ ခေါင်းပေါင်းကြီး ပေါင်းပြီး ပြောင်းဖူးဖက် ဆေးလိပ်ကြီးနဲ့ ထိုင်နေတဲ့ တံငါသည်ကြီးတယောက်ကိုတော့ ဘယ်သူမှ သတိမပြုမိကြပါဘူး ”

“ ငါလေ ငါ့မိတ်ဆွေ အော်ပရာပြဇာတ် နာမည်ကျော် ဒါရိုက်တာကြီးကိုလည်း သွားတွေ့ နှုတ်ဆက်ချင် လိုက်တာ ။ စကားတွေ ပြောချင်လိုက်တာ ။ ငါ့ကဗျာရဲ့ ဇာတ်ကောင်တွေကိုလည်း သွားပြီးချီးမွမ်းကျေးဇူး တင်စကား ပြောချင်လိုက်တာ ။ ဒါပေမယ့် ငါ လုပ်လို့မရဘူးလေ အေ ကလေးမရဲ့ ။ ၀မ်းနည်းပက်လက်နဲ့ပဲ တံငါရွာလေးကို ငါ ပြန်ခဲ့ရတယ် ။ ကလေးမရေ ဒီအထီးကျန်ဘ၀ကနေ အမေရှိရာ ၊ မခင်နှင်းရှိရာ ၊ သူငယ်ချင်းတွေရှိရာ ၊ စာတွေ ကဗျာတွေရှိရာ ငါ့ပတ်ဝန်းကျင်ကို ပြန်ရောက်တော့ ညည်း တက္ကသိုလ်ရောက်လို့ ရည်းစားတွေ ဘာတွေတောင် ထားချင်ထားနေတော့မယ် ဟုတ်လား ”

“ ငါဟာလေ တောသားတံငါသည်ကြီး မြို့တက်လာသလိုပဲ ။ သိလား ကလေးမ ။ အရာရာဟာ ငါ့အတွက် အထူးအဆန်းတွေဖြစ်ပြီး လူတွေကို ငါကြောက်နေသလိုပဲ ။ အဲဒီတော့ ငါ ဘာဖြစ်သလဲဆိုတော့ လူတွေကို ငါ ရှောင်တယ် ။ ဒီတော့ ငါ့မှာ လူတောထဲမတိုးသလို ၊ လူရာမ၀င်သလို ၊ လူမှုရေးနားမလည်တဲ့ လူ့အပြင်ဘက်က လူလို့ သတ်မှတ်ခံရတယ် ။ ဒါ ငါ့ အပြစ်လားအေ့ ကလေးမ ဟင် ”

“ ကလေးမရေ သူငယ်ချင်းတွေဆီကနေ ငါ မခင်နှင်းသတင်းကို ကြားခဲ့ရပါတယ် ။ သူ အိမ်ထောင်ကျနေ ပြီတဲ့ ။ ချမ်းချမ်းသာသာဖြစ်နေတယ်တဲ့ ။ မသိစိတ်ရဲ့ မျှော်လင့်ချက်ကြောင့် ရင်ထဲမှာတော့ ဟာကနဲ ဖြစ်တာပေါ့ အေ ။ ဒါပေမယ့် တွေးပြီးသားပဲ ။ သူ့အပြစ်မဟုတ်ပါဘူး ။ ငါ့ အပြစ်နဲ့ငါ ဘာတတ်နိုင်မှာလဲ ၊ မဟုတ်ဘူးလား ”

“ ဟေ့ ကလေးမ နေဦး ။ ညည်း ငါ့ကို မေးခွန်းတွေထုတ်ဖို့ ပါးစပ်ပြင် မနေနဲ့ဦး ။ ငါ့ဇာတ်လမ်းက မပြီးသေးပါဘူး ။ ညည်း နားထောင်ပါဦး ”

“ တနေ့ ၊ ငါ ပြန်ရောက်ပြီးမှ လူတွေ သူတွေထဲကို ပထမဆုံးသွားတဲ့နေ့ ။ စစ်ကိုင်းတောင် ၊ အနုရုဒ္ဓါချောင်က စာသမား ၊ ကဗျာသမားတွေ ဆုံကြတဲ့ ကထိန်ပွဲကို ငါသွားခဲ့တယ် ။ သွားတော့ အဲဒီမှာ သစ်ပင်ရိပ်ကလေး တရိပ်အောက် မှာ အပေါင်းအသင်းတွေနဲ့ စကားဝိုင်းဖွဲ့နေကြတုန်း လူငယ်လေးတယောက် ငါ့ဘေးနားကို ဖြတ်ဆို ရောက်လာတယ် ။ ဆရာ ကျွန်တော် ကဗျာရေးပါတယ်တဲ့ ။ ဆရာ့ကဗျာတွေကို အင်မတန်ကြိုက်တဲ့သူပါတဲ့ ။ သူ့နာမည်လေးလည်း ပြောတယ် ။ ငါက ခင်ခင်မင်မင် နှုတ်ဆက်စကား ပြန်ပြောတာပေါ့လေ ။ လူငယ်လေးက ခေါင်းကလေး တညိတ်ညိတ် နားထောင်နေရာက ရုတ်တရက် သူ့လွယ်အိတ်ထဲက စာအုပ်လေးတအုပ် ထုတ်လိုက်ပြီး ငါ့ကို ပြတယ် ။ ဆရာ ဒီစာအုပ်ကလေးကို မှတ်မိသလား ဆရာတဲ့ ။ ငါ့ရဲ့ ပထမဆုံးကဗျာစာအုပ်လေးကို ငါ မမှတ်မိဘဲ ရှိပါ့မလား ။ ဒါပေမယ့် သူငယ်လေးက စာအုပ်မျက်နှာဖုံးလေးကို လှန်ပြီး ပထမစာမျက်နှာလေး ကိုလည်း ဒီမှာ ကြည့်ပါဦးဆရာ လို့လည်း ပြလိုက်ရော ကလေးမရေ ငါ့တကိုယ်လုံး တုန်သွားတယ် ။ ငါ့ လက်ရေးနဲ့ ရေးခဲ့တဲ့ ချစ်ရတဲ့ မခင်နှင်း ဆိုတဲ့ မှုန်ဝါးဝါး စာကြောင်းလေးက ငါ့ကို လှောင်ပြောင်နေသလိုပဲ ”

“ သူငယ်လေးကို ပြုံးကြည့်နေရင်း ဒီသူငယ်လေးက မခင်နှင်းနဲ့ ဘယ်လိုများ တော်စပ်ပါလိမ့်မလဲ ။ ငါ ရှိရာအရပ်ကို ဒီသူငယ်လေးနဲ့ ဒီစာအုပ်လေးကို အရောက်ပို့လိုက် ရှာတာလားဆိုတဲ့ မတွေးသာ အတွေးတွေနဲ့ ငါ ရင်တခုလုံး ဗြောင်းဆန်နေတာပဲ ။ ဒီစာအုပ်လေးကို ကျွန်တော့်အဖေဆီက ရတာဆရာဆိုတဲ့ မမျှော်လင့်တဲ့စကား ကိုလည်း ငါ ကြားလိုက်ရရောဟာ သိပ်လန့်သွားတာပဲ ။ ငါ ဘယ်လို ထင်လိုက်တယ်မှတ်လဲ ကလေးမ ။ မခင်နှင်း တယောက် လူ့လောကကြီးမှာ မရှိရှာတော့ဘူး ။ ဒီသူငယ်လေးဟာ မဟုတ်မှလွဲရော ဆိုပြီး ငါ သိပ်တုန်လှုပ်သွားတယ် ”

“ ဒါပေမယ့် ကလေးမရေ ငါ ထင်သမျှ အားလုံး လွဲခဲ့ရပါတယ် ။ သူငယ်လေးက တုန်လှုပ်နေတဲ့ ငါ့ကို ဘာထပ်ပြောလိုက်တယ် ထင်သလဲ ။ ဆရာ ကျွန်တော့်အဖေက အရင်တုန်းက မန္တလေးတက္ကသိုလ် ဘတ်စ်ကားဂိတ်နားက စက်ဘီးပြင်သမားကြီးပါ ဆရာတဲ့ ။ ကလေးမရေ စကားတွေ တတွတ်တွတ် ဆက်ပြော နေတဲ့ သူငယ်လေးကို ငါ ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး ။ အင်း ကလေးမ ညည်း ရှင်းသွားအောင် ငါပြောရမယ်ဆိုလို့ရှိရင် ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က မန်းတက္ကသိုလ် ဘတ်စ်ကားဂိတ်အနီးမှာ စက်ဘီးပြင်သမားကြီး တယောက်ရှိတယ် ။ တနေ့မှာ သူ့ စက်ဘီးပြင်ဆိုင်နားက ထိုင်ခုံကလေးမှာ ထိုင်နေတဲ့ ကျောင်းသူ မိန်းကလေး တယောက်ကို ကျောင်းသားလေးတယောက်က မဝံ့မရဲနဲ့ စာအုပ်လေးတအုပ်ပေးတာကို သူ မြင်လိုက်ရတယ် ။ ကျောင်းသားလေးက ကသုတ်ကရက်နဲ့ ပြန်ထွက်သွားတာကိုလည်း သူ ကြည့်နေမိတယ်တဲ့ ။ အဲဒီအချိန်မှာဘဲ မြို့ထဲသွားမယ့် ဘတ်စ်ကားက ထိုးဆိုက်လာတယ် ။ စာအုပ်လေးကို ကိုင်ထားတဲ့ ကျောင်းသူမိန်းကလေးဆီက ဘာတွေမှန်းလည်း မသိဘူးဆိုတဲ့ လှောင်သံလေးနဲ့အတူ စာအုပ်ကလေးက စက်ဘီးပြင်သမားကြီးရှေ့ မြေကြီးပေါ်ကို ဘုတ်ခနဲ ကျလာတယ် ။ မိန်းကလေးက စာအုပ်လေးကို လွှင့်ပစ်ခဲ့ပြီး သူ့အဖော်လက်ဆွဲလို့ ဘတ်စ်ကားပေါ်ကို အပြေးလေးတက်သွားခဲ့ပြီ ။ အဲဒီအခါမှာ စက်ဘီးပြင်သမားကြီးက သူမသိတဲ့ ကျောင်းသားလေးကို သနားတဲ့စိတ်နဲ့ စာအုပ်လေးကို ကောက်ယူပြီး သိမ်းထားလိုက်တယ် ။ ကဗျာစာအုပ်လေးမှန်း သိပေမယ့် သူက ဝါသနာမပါတော့ ဖတ်လည်း မကြည့်ဖြစ်ဘူး ။ လှန်လည်း မကြည့်မိဘူး ။ ဒီအတိုင်းပဲ သိမ်းထားခဲ့သတဲ့ ။ အဲဒီလိုနဲ့ သူ့သားလေး အရွယ်ရောက်လာတဲ့အခါမှာ ကဗျာဝါသနာပါပြီး ကဗျာဆရာဖြစ်ချင်နေတဲ့ သူ့သားလေးကို အဲဒီ စာအုပ်လေးထုတ်ပေးသတဲ့ ။ အဲဒီအခါမှာ သူ့သားလေးက ၀မ်းသာအားရဖြစ်ပြီး ဟိုတချိန်က သူသနားခဲ့ဖူးတဲ့ ကျောင်းသားလေးဟာ အခု သူ့သားလေး သိပ်ကြည်ညို လေးစားတဲ့ ကဗျာဆရာ ကြီးဖြစ်နေတာ ကိုတွေ့ရသတဲ့ ။ ကဲ ကလေးမရေ မိန်းကလေးတယောက်ရဲ့ ငြင်းပယ်မှုဒဏ်ကို အလူး အလဲ ခံစားဖူးပါတယ်လို့ ငါ ဆိုလောက်ပါတယ်နော် ။ ဟင် ဆရာတော် ဘယ့်နှယ်လဲ ၊ တပည့်တော် သူ့အပေါ် ကဗျာကို ချစ်သူ ၊ ကဗျာသမားကို ချစ်သူ သစ္စာရှင်အဖြစ်နဲ့ အထင်ကြီး ၊ လေးစား ၊ မြတ်နှိုး တွယ်တာခဲ့တာဟာ ထုနဲ့ထည်နဲ့ ၊ ကျောက်သားကျောက်ဆိုင်မှာ အမြစ်တွယ်နေသလို ခိုင်မာနေ ခဲ့ရတာရယ် ။ အနှစ်နှစ်ဆယ် ၊ အနှစ်နှစ်ဆယ်ကျော်တောင် စွဲမြဲခိုင်မာသမျှတွေ တခဏအတွင်း ကြေမွပျောက်လွင့်ခဲ့ရတာဟာ ဘယ်လောက်ခံစားရတယ်မှတ်လဲ ။ ဆရာတော် မချိပြုံးပြုံးရင်း တပည့်တော် တခွန်းပဲ ဆိုနိုင်တယ် ။ ဪ သူက ကဗျာ မုန်းသူကိုးလို့ ”

“ ဟေ့ ကလေးမ ညည်း ကိုယ်ချင်းစာလို့ ရပါတယ်နော် ။ ဘာ ဘာရယ်ကလေးမ ။ လေးလေး တော်တော် ပြန်ပြီး တည်ဆောက်ရမှာပေါ့ ဟုတ်လား ။ ဟား ဟား ဒီလောက် မဟုတ်ပါဘူးအေ ။ ညည်း ငါ့ကို အထင်မသေးပါနဲ့ ။ တက်ကြွပြတ်သားတဲ့ စကားလုံးကာရန်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကဗျာလေးတွေက ကဗျာဆရာကို အမြဲတမ်း အသက်ရှင်စေပါတယ် ။ ကလေးမရေ ကဗျာမုန်းသူ ၊ စာမုန်းသူတွေ နားမလည်လို့ပါ ။ မင်းတုန်းဘုရင်ရဲ့ ရာဇ၀င်ဆိုတာ ဦးပုညရဲ့ ကဗျာတပုဒ် ၊ စာတပုဒ် နောက်ကွယ်မှာ မှေးမှိန်ပျောက်ကွယ်ရတာပါ ။ ဟုတ်တယ်မဟုတ်လား ။ နော် ဆရာတော် ။ ဟေ့ သူငယ်ချင်း ဟုတ်တယ် မဟုတ်လားကွ ။ ဘာရယ် ဆရာတော် လေသိပ်ကြမ်းလာပြီ ။ အင်း ဟုတ်တယ် ၊ လေသိပ်ကြမ်းလာပြီ ။ ဪ တံငါတွေ မုန်းတဲ့ လရောင်ကတော့ လှလိုက်ပါတဲ့အမျိုး ။ ကလေးမ ညည်း ချမ်းနေပြီထင်တယ် ၊ ဟုတ်လား ”

“ ကဲ ပြန်ကြတာပေါ့အေ ။ ဟေ့ ကလေးမရေ ဟိုးအရှေ့ဆီကို လှမ်းကြည့်လိုက်စမ်း ။ အဲဒီမှာ မန္တလေး ရှိတယ် ။ အင်း အဲဒီမန္တလေးရဲ့ တနေရာမှာ ကဗျာဆရာချစ်တဲ့ ကဗျာမုန်းသူတယောက် ရှိတယ် ။ ဟုတ်တယ် ၊ ကဗျာဆရာ မမေ့နိုင်သေးတဲ့ ကဗျာမုန်းသူတယောက် ရှိတယ် ”

◾ နုနုရည် ( အင်းဝ )

📖  ရွှေအမြုတေ မဂ္ဂဇင်း
       အမှတ် ၂၃၆ ၊ ၂၀၀၉ ဇူလိုင်
      
       koaungnaingoo.blogspot.com
      
       .

Monday, July 19, 2021

ဆန်ပြုတ် ပွဲတော် ( နုနုရီ - အင်းဝ )


 

❝ ဆန်ပြုတ် ပွဲတော် ❞

ညနေ သုံးနာရီမှ ထိုးမယ်မကြံသေးဘူး .... ၊ ဖိုးတရုပ်တို့ မောင်နှမနှစ်ယောက် ဂဏာမငြိမ် ဖြစ်စပြုပြီ ။

အိမ်ရှေ့ထွက်လိုက် ၊ နောက်ဖေးဝင်လိုက် ၊ အိမ်အထက်ဆင့်ခါးပန်းကို ခေါင်းအုံးငေးမော နေတဲ့ အမေ့ကို လှမ်းကြည့်လိုက်လုပ်ရင်း ၊ ဖိုးတရုပ် မျက်လုံးတွေက ပန်းကန်စင်ပေါ် မှောက် ထားတဲ့ ကြွေရည်သုပ်ဇလုံလေး ဆီ ခဏ ခဏ ဝဲနေတယ် ။ သူ့ထက် ပိုပြီးအကင်းပါးတဲ့ မိငယ်ကလဲ ဖိုးတရုပ် အိမ်ရှေ့ထွက် ... ထွက်ချင်း ၊ နောက်ဖေးဝင် .... ဝင်ချင်း ။ ပြီးတော့ ဖိုးတရုပ် တရစ်ဝဲဝဲကြည့်နေတဲ့ ပန်းကန်စင်ပေါ်က ကြွေရည်သုတ် ဇလုံလေးကို သူလဲဘဲ မျက်ခြည်မပြတ် ။ တခါတခါ ဖိုးတရုပ် လှမ်းကြည့်ရင်း မျက်စောင်းခဲပြီး သတိပေးလိုက်သေး တယ် ။

" အဲဒါငါ့ ဇလုံနော် .... ဒါဘဲ ..." လို့ ။

ဖိုးတရုပ် အိမ်ရှေ့တခေါက် ထွက်ပြန်တယ် ။ လမ်းထိပ်က ထွက်လာနေတဲ့ မီးခိုးငွေ့ငွေ့ လေးတွေကို လှမ်းမျှော်ကြည့်ရင်း နှာခေါင်းလေးကို ရှုံ့ပြီး အနံ့ခံ ကြည့်မိတယ် ။ တရုပ်နံနံပင် အနံ့ ၊ ကြက်သွန်မိတ်နံ့ ၊ ငံပြာရည်နံ့ သင်းပျံ့တဲ့ ဆံပြုတ်မွှေးမွှေးရဲ့ အနံ့အသက်တွေများ ပါလာလေမလား ။ ဖိုးတရုပ် ဗိုက်ဆာလှပြီ ။ မနက်ထဲက မုံ့ပျားသလက်ငါးမူးတန် အဖြူအနီ နှစ်ယှက်ပဲရှိတဲ့ ဖိုးတရုပ်ဗိုက်ထဲမှာ မီးရထားတွဲကြီးတွေ တဂျုတ်ဂျုတ် အော်ဟစ်ခုတ် မောင်းနေကြပြီ ။

အိမ်နောက်ဖေး နောက်တခေါက် ပြန်ဝင်လာတဲ့ ဖိုးတရုပ်ကို သူ့အမေက မျက်စိနောက် လာသလို လှမ်းကြည့် လိုက်တုန်းမှာပဲ ...

" ဖိုးတရုပ်ရေ ... မိငယ်ရေ ...သွားစို့ဟေ့ ... "

အိမ်ရှေ့က အော်ခေါ်သံတွေ ၊ ဇလုံတီးသံ ၊ ဂျိုင့်ခေါက်သံတွေကို ကြားလိုက်တာနဲ့ ဖိုးတရုပ်က လေကဲ့သို့ လျင်မြန်ခြင်းမျိုးနဲ့ ပန်းကန်စင်ပေါ်က ကြွေဇလုံကို ပြေးယူတယ် ။ ဘယ်ရမလဲ ။ မိငယ်ကလဲ အားကျမခံ ကြွေဇလုံကို ဇွတ်ဆွဲလုတယ် ။

" ပေး ... မယူရဘူး ... ၊ ဒီဇလုံ .... ငါယူမှာ"

" ပေးဘူး .... ဒါ .... ငါ့ဇလုံ "

"ဟုတ်ဘူး .... ၊ ဟိုမှာ .... ကိုတရုပ် ဇလုံက ဒန်ဇလုံ "

မိငယ်က ကြွေဇလုံကို မလွှတ်ဘဲ ဆွဲထားရင်း ပန်းကန်စင်ပေါ်ကို မေးငေါ့ပြတယ် ။ စင်ပေါ်မှာ ဒန်ဇလုံရယ် ၊ ချိုင့်တခုရယ် ကျန်နေသေးတယ် ။ စင်တခုလုံးမှာ ဇလုံနှစ်လုံးရယ် ၊ ချိုင့် တခုရယ် ၊ ဇွန်းသုံးချောင်းရယ်ပဲ ရှိတယ် ။ ( တခြား ထမင်းပန်းကန်ပြားတွေနဲ့ ဟင်းပန်းကန်တွေ ကို ထမင်းချက် မစားနိုင်တဲ့နေ့ကစပြီး အမေသိမ်းလိုက်ပြီ ။ ) ဆန်ပြုတ် သောက်ဖို့ထားတာ ။ သုံး ယောက်တွက် ။ အဖေ့အတွက်တော့မပါဘူး ။ အဖေအိမ်ပြန် မလာတာရှစ်ရက် ၊ ဆယ်ရက် လောက်တောင် ရှိနေပြီ ။ ဟင်း မိငယ်ဆိုတဲ့ ကောင်မစုတ်က အလည်လေး ။ လာသေး တယ် ။ ဒန်ဇလုံက ဆန်ပြုတ်ထည့် ကိုင်ရင် တအားကြီးပူတာကို ။ ဘာလို့ ယူရမှာလဲ ။ ကြွေ ဇလုံကမှ မပူတာ ။

" ဖိုးတရုပ် ... ဟေ့ .... ၊ သွားမယ်ဟေး "

အိမ်ရှေ့ကကောင်တွေကို “ လာပြီဟေး ” လို့ပြန်အော်ရင်း ဖိုးတရုပ် မိငယ်လက်ထဲက ကြွေဇလုံကို ဆောင့်ဆွဲယူပစ်လိုက်ပြီး အိမ်ရှေ့ တအားပြေးထွက်ခဲ့တယ် ။ မိငယ် အာခေါင်ခြစ်ပြီး အော်ငိုတဲ့အသံက ဗြဲကနဲထွက်လာတယ် ။

" ဟဲ့ .... ဟဲ့ကောင်လေး .... လာခဲ့စမ်း ၊ နင်တော့ ၊ ဖိုးတရုပ် .... နေအုံး ၊ ညီမလေးကိုပေးလိုက်စမ်း ... ဇလုံကို .... ၊ ဟဲ့ ...ဖိုးတရုပ် ..."

အမေခေါ်တဲ့ အသံက ဖိုးတရုပ်တို့ ဇလုံတီးသံ ၊ ဂျိုင့်ခေါက်သံတွေကြားမှာ ပျောက်သွား တယ် ။ ဖိုးတရုပ်တို့ ၊ ဇလုံတွေ ၊ ချိုင့်တွေတီးရင်း ၊ ခေါက်ရင်း လမ်းထိပ်ကို တအားပြေးကြတယ် ။ ပြေးရင်းလွှားရင်း ဖိုးတရုပ်သူငယ်ချင်း သူ့လိုပဲ နှစ်တန်းကျောင်းသား အမွှေးအမှင်လေးတွေ ရှည်ရှည်နဲ့ မျက်နှာက ဝက်ဝံလေးနဲ့တူလို့ “ ဘဲယား ” လို့ခေါ်တဲ့ ကျော်မင်းဦးက သူ့ဇလုံကို တဒေါင်ဒေါင်တီးပြီး

" ဆန်ပြုတ် ... ဆန်ပြုတ် ၊ ဆုတ်ပြန် .... ဆုတ်ပြန် " လို့အော်တယ် ။ ဖိုးတရုပ်တို့ ကျန်တဲ့ အကောင်တွေက

" ဆုတ်ပြန် ၊ ဆုတ်ပြန် .... ဆန်ပြုတ် ၊ ဆန် ပြုတ် " လို့ပြန်အော်တယ် ။

" ဆန်ပြုတ် ဆန်ပြုတ် ၊ သောက်လို့ ကောင်းတယ် " လို့ အော်တဲ့ကောင်က အော် တယ် ။

ဘာတွေမှန်းလဲ မသိဘူး ။ အော်ရတာ ပျော်တာပဲ သိတယ် ။ ထမင်းမစားရတဲ့ ဖိုးတရုပ် တို့တတွေ ဆန်ပြုတ်သောက်ရတော့မယ်လေ ။ ဆန်ပြုတ်ပွဲတော်ကြီး နဲ့ တွေ့ရတော့မယ် ။

ဒီပွဲတော်ကြီးကို ဘယ်လူကြီးတွေ စလိုက် တယ်တော့မသိဘူး ။ စ, လိုက်တဲ့ လူကြီးတွေ အရမ်းချစ်ဖို့ကောင်းတာပဲ ။ ဒီဆန်ပြုတ်ပွဲတော်ကြီး ပေါ်လာတာ ဖိုးတရုပ်တို့မောင်နှမ အဖေ နဲ့အမေရင်ခွင်ထဲကိုကြောက်လန့်တကြား တိုးဝင်နားပိတ်ပြီး အိပ်ရတဲ့ညပြီးတဲ့ နောက်လေးငါး ရက်အကြာမှာပဲ ။ ဖိုးတရုပ်တို့အဖေ အိမ်ကထွက် သွားတာ ဟောဒီဆန်ပြုတ်ပွဲ တော်ကြီးနဲ့ အမျှပဲ ။ ဒါပေမယ့် အဖေ့ကို တခါတလေပဲ သတိရတယ် ။ ပျော်နေရတာကိုး ။ ဖိုးတရုပ်တို့ ကျောင်းပိတ်က တည်းက ဘာပွဲလမ်းမှမရှိတော့ ဒီလို ခလေးတွေ တစုတဝေးစုပြီး မပျော်ရတာ ကြာပြီ ။

" ဟေ့ရောင်တွေ .... ဒီနေ့ ဆန်ပြုတ်နေရာ သုံးခုတောင် ရှိတယ်ကွ"

" ဟေး ... ပျော်တယ်ဟေ့ ...."

ဖိုးတရုပ်တို့ထဲက အလည်ဆုံး ၊ အကြီးဆုံး ကောင် ... " ဘဲယားကျော်မင်းဦး ” သတင်းပေးသံ ကြောင့် အားလုံး ခုန်ပေါက်အော်ဟစ်ကြတယ် ။ ပျော်စရာကြီး ..... ။ တဖြေးဖြေးနဲ့ ဆန်ပြုတ် တိုက်ပွဲတွေများလာပြီ ။ ဟိုလမ်းထောင့် ၊ သည်လမ်း ထောင့် ၊ ဟိုအိမ် ၊ သည်အိမ် ။ သူဌေးတွေ နေ့တိုင်း ၊ နေ့တိုင်း တိုက်နိုင်ပါစေ ။ သည့်ထက်ပို ဌေးပါစေဗျာ ..... ။

" ဟေ့ ..... မြန်မြန်နေရာဦးဟေ့ ၊ လူတွေ အများကြီးကွ "

ဟာ ဟုတ်သားဘဲ ။ ဆန်ပြုတ်တိုက်တဲ့ ဆေးလိပ်ခုံအိမ်ရှေ့မှာ ခွက်တွေ ၊ ပလုံးတွေနဲ့ ခလေးတွေရော ၊ လူကြီးတွေရော အများကြီး ရောက်နေကြတယ် ။ ဆန်ပြုတ်အိုး ..... ၊ မိုးဗြဲဒယ် ကြီးတွေကအငွေ့တလူလူ ၊ အနံ့တွေ တမွှေး မွှေးနဲ့ ။ လူကြီးတွေက မွှေကြ ၊ မြည်းကြတုန်း ။ ဆန်ပြုတ်ကဖြင့် မဝေသေးဘူး ။ လူတွေကတော့ အပြင်မှာကြိတ်ကြိတ်တိုးနေပြီ ။ မိန်းမယောက်ျား တချို့က ဒန်အိုးအလွတ်နဲ့ ၊ ချိုင့်ပလုံး အကြီးကြီးတွေနဲ့ သိပ်လောဘကြီးတာပဲ ။ ဖိုးတရုပ်တို့ ကလေးတွေကတော့ သံဇလုံ ၊ ကြွေဇလုံ ၊ ဒန်ဇလုံလေးတွေကိုယ်စီနဲ့ ။ ချိုင့်ပလုံး အသေးလေးတွေကိုယ်စီနဲ့ ။

သူတို့လူကြီးတွေက လောဘသာကြီးတာ ၊ ရှက်တော့ ရှက်တတ် တယ် ။ ကုပ်ကုပ် ... ကုပ်ကုပ်နဲ့ ၊ သစ်ပင်ကွယ် ၊ ဓါတ်တိုင်ကွယ်လေးတွေနားမှာ မယောင်မလည် ရပ်နေကြတာ ။ ကောင်းတယ် ၊ ဒါမှ တန်းစီခိုင်းရင် ဖိုးတရုပ်တို့ ခလေးတွေ ရှေ့ကအရင်ရောက်မှာ ။

" ဟေ့ ... ဘဲယား ၊ နောက်တခုက ဘယ်နေရာမှာလဲကွ .... ဝေးလား "

" ဝေးဘူးကွ ၊ ဟို အထက်တက်လိုက်ရုံဘဲ ။ ဓမ္မာရုံကွ ။ မနှစ်က ငါတို့ ဘုရားပွဲသွားတဲ့ ဆီ လေကွာ "

"ဒီနှစ်ကျ .... ဘုရားပွဲလဲမဖြစ်ဘူး "

" ဘယ်ဖြစ်မလဲကွ .... "

ဘဲယားနဲ့ ဖိုးတရုပ် စကားပြောနေတုန်း ဆေးလိပ်ခုံထဲက လူကြီးတယောက် ဇွန်း အကြီးကြီးနဲ့ ထွက်လာပြီး

" ကဲ .... ကဲ ..... တန်းစီကြဗျို့ .... တန်းစီကြ ၊ ချိုင့်လေးတွေ ၊ ဇလုံလေးတွေ အဆင်သင့် ပြင်ထားမယ် "

ဆေးလိပ်ခုံရှေ့က ဆန်ပြုတ်စောင့်သူများ လှုပ်လှုပ်ရှားရှား ဝရုန်းသုန်းကားနဲ့ ၊ အလုအ ယက် တန်းဝင်စီကြတယ် ။ ဖိုးတရုပ်တို့ ခလေးတွေက အကဲဆုံးပေါ့ ။ ရှေ့ရောက်ဖို့ အတင်းတိုး ရတာပျော်စရာကောင်းတယ် ။ တအားတိုးတာတောင် ဖိုးတရုပ်တို့အုပ်စု ရှေ့မရောက်ဘူး ။ အလယ်နားပဲ ရတယ် ။ အရေးထဲ ရှေ့က ကောင်မလေးတယောက်က အားကြီးအဆဲကြမ်းတာ ပဲ ။ လက်ထဲမှာ ဇလုံနှစ်လုံးနဲ့ ။ သူ့ကို နောက်က တွန်းရင် ဇလုံနဲ့ ခုတ်မယ်တဲ့ ။

" ဖိုးတရုပ် .... ဟိုမှာ .... ၊ မင်းအမေနဲ့ မိငယ် လာပြီကွ ၊ ခေါ်လိုက် "

ဘဲယားက ဖိုးတရုပ်ကို လှမ်းပြတယ် ။ မိငယ်က နှုတ်ခမ်းစူစူနဲ့ .... ။ ဒန်ဇလုံလေးကိုင် လို့ ။ အမေကတော့ ချိုင့်ဆင့် တဆင့်နဲ့ ၊ ရှက်ရွံရွံ့ပုံ ။

"အမေ ... အမေ ... ဒီကို .... လာ "

ဒါပေမယ့် အမေနဲ့မိငယ် ... ဖိုးတရုပ်တို့ ကြားထဲဝင်တော့ ဓါတ်ရှင်ရုံကျနေတာပဲ ၊ နောက်က ဝိုင်းအော်ကြတယ် ။

" ဟေ့ ... ဟေ့ ... ကြားဖြတ်မဝင်နဲ့ကွ နောက် မှာသွားတန်းဟေ့ "

ဖိုးတရုပ်တို့ အုပ်စု နောက်ကိုလှည့်ပြီး လက်သီးဆုပ်ပြ ၊ အံကြိတ်ပြကြတယ် ။ အမေက တော့ ရှက်ရွံရွံ့နဲ့ အပြင်ဘက်ထွက်ရပ်ပြီး သူ့လို ရပ်နေတဲ့ မိန်းမတယောက်ကို

" ဆန်တပြည် နှစ်ဆယ်နဲ့ ဘယ်လိုမှ မတတ်နိုင်လွန်းလို့သာ ... ၊ ရှက်စရာကြီး ရှင် ... ခလေးတွေကြားထဲမှာ " တဲ့ ။ ဟိုမိန်းမကြီးက ခေါင်းခပ်ငုံ့ငုံ့နဲ့လက်ထဲကတော့ ချိုင့်ကိုပွတ်သပ်နေရင်း တိုးတိုးလေး " သူတောင်းစားတွေ ကျနေတာပဲ " တဲ့ ။

" ဖြည်းဖြည်းဗျို့... ဖြည်းဖြည်း ....  ၊ အားလုံး ရမယ် ။ မပူနဲ .... ဟောဒီမှာ အများကြီးရှိသေးတယ် ....  ။ ကဲ ... လာပြီ နောက်တဇွန်း ...."

ဆန်ပြုတ်ထည့်ပေးတဲ့ လူကြီးရဲ့မျက်နှာမှာ ချွေးတွေကို သီးနေတာပဲ ။ ဒါပေမယ့် သူက တဟားဟားနဲ့ ပျော်နေတယ် ။ ဆေးလိပ်ခုံဘေး တိုက်ပေါ်ကနေကြည့်နေတဲ့ ဆန်ပြုတ်ပိုင်ရှင် အဒေါ်ကြီးတွေရဲ့ မျက်နှာကလဲ ပြုံးပြုံး ၊ ပြုံးပြုံးနဲ့ ။ ဖိုးတရုပ် ငေးကြည့်နေမိတယ် ။ သူတို့ရော ဒီဆန်ပြုတ်တွေ သောက်သလားမသိဘူးနော် ။

" ဟေ့ကောင် ဖိုးတရုပ် ငေးမနေနဲ့ ၊ မြန် မြန်ခံ "

ဖိုးတရုပ်နောက်က ဘိုဖြူဆိုတဲ့ကောင်က ဇလုံနဲ့တွန်းထိုးပြီး သတိပေးတယ် ။ ဟုတ်သားပဲ .....  ။ ဖိုးတရုပ်ရှေ့ကဘဲယား ။ ဘဲယားပြီးတော့ ဖိုးတရုပ် ။

ဖိုးတရုပ်တို့ အငွေ့တထောင်းထောင်းထနေတဲ့ ဆန်ပြုတ် ဇလုံလေးတွေကိုယ်စီနဲ့ ပလက်ဖောင်းဘေး မန်းကျည်းပင်ရိပ်အောက်မှာ တဖူးဖူးမှုတ်ပြီး ဇလုံစောင်း မော့သောက် လိုက်ကျတယ် ။ လျှာပူပူ အာပူပူနဲ့ ဆန်ပြုတ်ကလဲ ချိုမှ ချိုပဲ ။

" မြန်မြန်သောက်ဟေ့  ၊ တော်ကြာ ဓမ္မာရုံ မမီပဲနေမယ် "

" အေးဟေ့ .... သောက်ကြဟေ့ "

တယောက်နဲ့တယောက် လောဆော်ပြီး သောက်ပြီးတာနဲ့ ဓမ္မာရုံဆီ ဇလုံလေးတွေကိုင်ပြီး ပြေးကြတယ် ။ အိုး ဓမ္မာရုံမှာလဲ နည်းတဲ့ လူတွေမှုတ်ဘူး ။ ဓမ္မာရုံက ရပ်ကွက်လူကြီးတွေ ပိုက်ဆံစုပြီး တိုက်တာတဲ့ ။ ဘောကြီးမှာ အလှူရှင်စာရင်းတွေ ရေးထားတယ် ။ တန်းစီ ရွေ့ရှားရာနောက် တဖြေးဖြေးလိုက်ရင်း စာဖတ်တတ်ခါ စ ဖိုးတရုပ် .... ဘောကြီးပေါ်ကစာတွေကို ဖတ်တယ် ။ ဦးအောင်ခင် - ဒေါ်မြမြ .... ငါးကျပ် ။ ဒေါ်ခင်ခင်တင့် သုံးကျပ် ။ ဖိုးတရုပ်လိုပဲ နှစ်တန်းကျောင်းသားတွေဖြစ်တဲ့ ဘဲယားတို့ ၊ ဘိုဖြူတို့ လဲ လိုက်ဖတ်ကြတယ် ။

" ဟေ့ရောင် ... ဟိုအောက်က စာလုံးကြီး နဲ့ရေးထားတာ ဖတ်ရအောင် ... ဘာတဲ့ကွ "

" သုံးရက်နှင့် အပြတ်ထိုင်မည် "

" ဟားဟားဟား ၊ စာလဲမဖတ်တတ်ပဲ နဲ့ဟေ့ "

ဘဲယားဖတ်တာမှားတော့ ဖိုးတရုပ်တို့ ၊ ဘိုဖြူတို့နဲ့ တခြားကောင်တွေက ဝိုင်းပြောင်ကြတယ် ။ ဘဲယားက မျက် မှောင်ကြုတ်ပြီး

" ဘာမှားလို့လဲကွ .... ကဲ "

" မှားတာပေါ့ကွ ၊ မင်းက ကျောင်းမ လိုက်ရတာနဲ့ စာတွေ မေ့သွားပလား "

" ငါဖတ်ပြမယ် ... ကြည့် ၊ သုံးရက်နှင့် အပြတ်တိုက်မည် ၊ ပြစ်ရဲရင် ပြစ် ကြည့် ၊ ရေရော ပစ်လိုက်မည် ၊ ပုံ ဆန်ပြုတ် တဲ့ "

" ဟားဟားဟား ၊ ရီရတယ်ဟေ့ " ဖိုးတရုပ်တို့အုပ်စု စာဖတ်ပြီးတအားသဘောကျ ဝိုင်းရီကြတယ် ။

“ ဘဲယား ... နောက်တနေရာ သွားဦးမှာ လားကွ .... ဘယ်နားမှာလဲ ”

ဓမ္မာရုံက ဆန်ပြုတ်တဇလုံစီကို မော့ သောက်ကြပြီး ... ရှေ့ဆက်ဖို့ တာစူကြတော့ ၊ ဘဲယားက လက်ဟန်ခြေဟန်နဲ့

" နီးနီးလေးပဲ ။ လာ ငါသိတယ် ၊ နေ့လည်က ငါ့လေးလေးနဲ့ လိုက်သွားရင်း အိုးကြီးတွေတည်နေတာ ငါမြင်ခဲ့တယ် "

ဘဲယားခေါင်းဆောင်တဲ့နောက်ကို ဖိုးတရုပ်တို့အုပ်စု ပြေးရူးပြေးရူးနဲ့ လိုက်ကြတယ် ။ ဗိုက်ချောင်အောင်ဆိုပြီး ခုန်ပေါက်ကြရင်း ဇလုံတွေ ၊ ဂျိုင့်တွေကို တီးလိုက်ကြသေးတယ် ။ ဆန်ပြုတ်က ဗိုက်ပြည့်လွယ်သလို ၊ ချောင်လွယ် သလားလဲမမေးနဲ့ ။ ခဏလေးဆို ပြန်ပြန်ဆာ တယ် ။ ညနေမှာဘယ်လောက် သောက်သွား သွား ၊ ညကျရင် ဗိုက်က ပြန်ဆာလာတာပဲ ။ ထမင်းလိုလဲ မဟုတ်ဖူး ။

" ဟေ့ ဟိုတိုက်ကြီးမှာ မြင်လား ၊ မကုန်သေးဘူး ...  ။ လာ တန်းဝင်စီမယ် "

ဖိုးတရုပ်တို့တတွေ ချွေးသံတရွှဲရွှဲနဲ့ အမောတကော တန်းဝင်စီလိုက်ကြတယ် ။ ဟာ အိုးကြီးတွေကတော့ အများကြီးပဲ ။ တော်တော် ဌေးတဲ့အိမ်နဲ့ တူတယ် ။ အသားဖတ်တွေလဲ ဆန်ပြုတ်ထဲမှာ အများကြီးမြင်ရတယ် ။ ဒီဇလုံကိုတော့ အိမ်ထိ သယ်သွားပြီး ည ဆာမှသောက် ရင်ကောင်းမယ် ။
ဆန်ပြုတ်အိုးကြီးတွေထဲကို ဖိုးတရုပ် အာသာငန်းငန်းနဲ့ ကြည့်နေတုန်း ဘိုဖြူက လက်လာတို့တယ် ။

" ဖိုးတရုပ် . ဟိုမယ် ငါတို့အတန်းထဲက ကောင်မလေး "

ဖိုးတရုပ်နဲ့ဘဲယား ကြည့်လိုက်တော့ သူ တို့အတန်းထဲမှာ မကြာခဏ ရန်ဖြစ်ကြတဲ့ ကောင်မလေးက ဆန်ပြုတ်တန်းစီတိုးသူများရဲ့ ဆန်ပြုတ်ပွဲတော်ကြီးကို ဘေးကနေလာရောက် ကြည့်တဲ့ ပွဲတော်ကြည့်ပရိသတ်ထဲမှာ ။ သူ့ အဖေလား ။ လေးလေးလားရဲ့ ဆိုင်ကယ်နောက်မှာ အိုက်စကရင် တပျပ်ပျပ်စားရင်းထိုင်လို့ ။ ဖိုးတရုပ်တို့ကို မချိုမချဉ်ကြည့်လို့ ။ ဒါ တင်မကသေးဘူး သူက လက်ညှိုးလေးကို ကွေး လို့ ကရော်ကရော်လုပ်ရင်း ဖိုးတရုပ်ဆီကို

" ဟေ့ ဟေ့ ရှက်ပါတယ် ၊ သူတောင်းစား တွေကျနေတာပဲ ရှက်ပါတယ် "

အောင်မာ ဘုတ်အီးမကကွာ ဟင်း ။ ဖိုးတရုပ်တို့ ရှက်သွားတယ် ။ ရှက်ဒေါသ ဖြစ်ဖြစ် နဲ့ လူကြီးမမြင်အောင် ဘုတ်အီးမကို ဘဲယားက လက်သီးဆုပ်ပြရင်း ရှေ့ကို တရွေ့ရွေ့တိုးနေရတုန်း အမေ့ဘေးက ဟိုမိန်းမပြောတဲ့ သူတောင်းစားတွေကျနေတာပဲ စကားကို သတိရတဲ့ ဖိုးတရုပ်က စိတ်တင်းသံလေးနဲ့ သူငယ်ချင်းတွေကို မလုံမလဲ

" ငါတို့မှ ဆုတောင်းစားတွေမှ မဟုတ်တာ နော့ကွာ "

" အေးလေ ငါတို့မှ မဟုတ်တာ . . အလကား "

ဘဲယားက ရှေ့ကိုဖိတိုးတယ် ။ ဖိုးတရုပ်တို့လည်း နောက်ကလိုက်တိုးတယ် ။ ဟော အလှည့်ရောက်ပြီ ။ ဖိုးတရုပ်တို့ ဇလုံလေးတွေ ထိုးခံ လိုက်ကြတယ် ။ ကရော် ကရော် ရှက်ပါတယ် ဟေ့ ။ ဘုတ်အီးမဘက်ကို ဘယ်သူမှ လှည့်မ ကြည့်ကြဘူး ။ ဟေ ဟေ့ ရှက်ပါတယ် ။ ဖိုးတရုပ် တို့ရှေ့မှာ ဆန်ပြုတ်အိုးကြီးက အနံ့တွေ တထောင်းထောင်း  ။

◾ နုနုရည် ( အင်းဝ )

📖 သာရမဂ္ဂဇင်း ။ ၁၉၈၈ ဒီဇင်ဘာ

၁၉၈၈ ခုနှစ် ၊ စက်တင်ဘာ အာဏာသိမ်းပြီးခါစ ... ဗမာတပြည်လုံး မြို့ရွာအနှံ့မှာ မြင်နိုင်တဲ့ မြင်ကွင်း လေးတခုကို ခံစားရေးဖွဲ့ပါတယ် ။

koaungnaingoo.blogspot.com

.