Thursday, February 13, 2025

မှတ်သားလောက်ပါပေတယ်ဗျာ



 

❝ မှတ်သားလောက်ပါပေတယ်ဗျာ ❞

“ ယခု အလှူခံနေစဉ် အတွင်း မှာပဲ ချမ်းသာကြီး ဆီစက်ပိုင်ရှင် ဦးကံကောင်း ဒေါ်မယ်ချစ် တို့ က ဆယ့်တစ်မီး ငြိမ်းရန် အလှူတော်ငွေ ဆယ့်တစ်သိန်းတိတိ ကို သဒ္ဒါ ပေါက်၍ လာရောက် လှူဒါန်းသွား ပြန်ပါတယ်ခင်ဗျား ”

“ ကျောင်းတော်ကြီး ဖြစ် မြောက်ရန် ယခု ကဲ့သို့ ..... ”

ကပ္ပိယ ကာရက အဖွဲ့က အ လှူခံသည် နှင့် တစ်ချိန်တည်း မှာပဲ ပန်းရန်ဆရာ နဲ့ အဖွဲ့ ကလည်း ကွန်ကရစ် ဖျော်စက်က တဂျုံးဂျုံး လည်ပတ်နေပြီး ကျောက်လောင်းသူ တို့ က လောင်းနေတယ် ခင်ဗျာ ။

ဖောင်ဒေးရှင်း က ချပြီး နေပြီ ။ ကွန်ကရစ်တိုင်တွေ ထူ နေပါပြီ ။ ကျောင်းပုံစံ အကြမ်းဖျင်း ပေါ်လာနေပြီ ။ တကယ် ဆောက်နေပြီ ။ အကောင်အထည် ပေါ်စ ပြုလာနေပြီ ဆိုတော့လည်း အလှူရှင်တွေ အသီးသီး ပေါ်လာကြတယ် ခင်ဗျာ့ ။

ဇာတ်လမ်း အစလေး က သည်လိုပါ ခင်ဗျာ ။

“ အရှင်ဘုရား က ဆရာတော် ဦးဥတ္တမပါလားဘုရား ”

“ အေး ဟုတ်တယ် ၊ မင်း က ဘယ်သူလဲဟ ”

“ တပည့်တော် က ဆရာတော်ဘုရား ရဲ့ တူအရင်း မောင်မှတ်ကြီး ပါ ဘုရား မော်လမြိုင် မှာ နေတဲ့ ဒေါ်နှင်းမေ ရဲ့ သား မှတ်ကြီးပါ ဘုရား ”

မှတ်ကြီး က ညာဘက် လက်ဖမိုး ပေါ် က ဆီမီးခွက် လောက် ရှိ သော အမှတ်ကြီး ကို ဆရာတော် မြင်အောင် ပြ ။

“ အိမ်း ဟုတ်ပြီ ၊ မှတ်ကြီး မှတ်ကြီး မင်း ဟာ ဘုန်းကြီးနှမ မိနှင်းမေ ရဲ့ သား မှတ်ကြီး ၊ ဟို သင်္ဘော လိုက် နေတဲ့ ကောင်ပေါ့နော် ”

“ မှန်ပါ့ ဘုရား ၊ အခု မော်လမြိုင် ပြန်ပြီး ခဏ နားနေပါတယ် ဘုရား ၊ အဲဒါ အမေ က ဆရာတော့် ဆီ ကို သွား ၊ သူ ကတော့ ကျန်းမာရေး သိပ်မကောင်းလို့ မလိုက်နိုင်သေးဘူး ၊ ဆရာတော် အတွက် တိုက်ကျောင်း တစ်ဆောင် သုံးလ အတွင်း အပြီး ဆောက် ၊ သီတင်းကျွတ် မှာ ရေစက်ချမယ် ဆိုပြီး တာဝန်ပေး စေလွှတ်လိုက်ပါတယ် ဘုရား ”

“ အင်း ငါ့ နှမ တော်ပေသားပဲ ”

“ အဲဒါ အခု သိန်းနှစ်ဆယ် ပါလာပါတယ် ဘုရား ”

ကျောင်းဝင်း ထဲ မောင်း ဝင် လာတာက ပါဂျဲရိုးကား ၊ လက်မှာ လည်း ဟန်းချိန်းကြီး နဲ့ လည်ပင်း မှာလည်း ရွှေဆွဲကြိုး တုတ်တုတ်ကြီး ၊ ဘယ်ဘက် လက်သူကြွယ် မှာ လည်း စိန်လက်စွပ်ကြီး က တလက်လက် ။

“ ဒီ သိန်းနှစ်ဆယ် ကို အရှင် ဘုရား ကို အပ်ထားပါရစေဘုရား ”

“ ဟာ မဖြစ်ဘူးကွဲ့ ငါ့တူ ရဲ့ ဘုန်းကြီး နဲ့ ငွေ နဲ့ မအပ်စပ်ဘူး ” 

“ ဒါဖြင့် အရှင်ဘုရား မှာ ကပ္ပိ ယကာရကအဖွဲ့ ရှိမှာပေါ့ဘုရား ”

“ အေး ဒကာအုန်း တို့ အဖွဲ့တော့ ရှိသကွဲ့ ”

ဤသို့ဖြင့် ဒကာအုန်း တို့ အဖွဲ့ က ငွေ ကို လက်ခံ ယူ ၊ အုတ် မှာ ၊ ကျောက် မှာ ၊ ဘိလပ်မြေ ၊ ထုံး ၊ သဲ ၊ သံချောင်း စသည် မှာ ။

“ ငွေ ကတော့ မင်း ကိုယ်တိုင် ရှင်းကွယ် ၊ တို့က လူကြီးတွေ လည်လည်ဝယ်ဝယ် သိပ်ရှိတာ မဟုတ်ဘူး ၊ ပြီးတော့ ငွေကိုင် ရင် ငွေပေ တတ်လွန်းလို့ ရှုပ်ရှုပ်ရှက်ရှက်တွေ မဖြစ်ချင်ဘူးကွယ် ”

“ ဟုတ်ကဲ့ ဦးလေးအုန်း တို့ အ ဖွဲ့ က ငွေ ကို ထိန်းသိမ်းထားပါ ။ ကျွန်တော် က စာရင်း ဖွင့်ပြီး ငွေထုတ်ယူပြီး ပစ္စည်းဖိုးတွေ ချေမယ် ၊ ငွေ ထုတ်တဲ့အခါ လက်မှတ်ထိုး ယူမယ် ”

“ အေးကွယ် ကောင်းပါလေ့ ” 

မှတ်ကြီး က သိန်းနှစ်ဆယ် မတည်ပြီး ကျောင်းဆောက်လုပ်ရေး စတင်လိုက်သောအခါ ဆရာတော် ၏ ဒကာရင်းများ ၊ မြို့ပေါ် မှ စေတနာရှင်များ ၊ တောရွာများ မှ ဆွေမျိုးများ စေတနာရှင်များ က ဝိုင်းဝန်း ပံ့ပိုးကြလေ၏ ။

မှတ်ကြီး က လည်း မော်လမြိုင် ပြန် သွားပြီး နောက်တစ်ကြိမ် သိန်းနှစ်ဆယ် ယူလာပြီး လှူပြန်လေ၏ ။ ထိုအခါ သည်ဘက် က စေတနာရှင်များ ကလည်း ထပ်ဆင့် တိုး၍ လှူကြ ပြန်လေ၏ ။

“ ဟလို ဟလို တက်စတင်း တက်စတင်း ”

အလှူခံ အသံချဲ့စက်အသံ က နေ့ည သိပ်မစဲချင်ဘူးခင်ဗျာ့ ။

ကျောင်း ကို အုတ်နံရံ ခတ်ဖို့ အတွက် တစ်ကန့်စီ တစ်ကန့်စီ တာဝန်ယူကြသူများ ၊ ဝင်းတံခါး ၊ သံတံခါး အတွက် တာဝန်ယူသူများ ၊ ဘုရားခန်း အတွက် တာဝန်ယူသူများ ၊ ကုဋီ အတွက် တာဝန်ယူသူများ အသီးသီး ပေါ်လာကာ ငွေ များ အထပ်လိုက် ၊ အထုပ်လိုက် ရောက်လာကြလေ၏ ။

ကပ္ပိယအဖွဲ့ က ငွေ ကို ထိန်း ၊ မှတ်ကြီး က ငွေ ကို ထုတ်ယူပြီး ပစ္စည်းဖိုးတွေ ရှင်းပေး ။ ဆောက်လုပ်ရေး ပစ္စည်းတွေ ကားအစီးလိုက် အစီးလိုက် ရောက်လာ ။

ပစ္စည်း လာ သွင်းသူ ၊ ဆောက်လုပ် နေတဲ့ ပန်းရန်အဖွဲ့ ၊ လာရောက်လှူဒါန်းကြတဲ့ စေတနာရှင် များ နဲ့ ပွဲတော်ကြီး တမျှ စည်ကားလျက် နေလေ၏ ။
တစ်နေ့ ။

“ အရှင်ဘုရား တပည့်တော် အမေ့ ဆီ ခဏ ပြန်ဦးမယ် ဘုရား ၊ ဟိုနေ့က အမေ့ ဆီ ဖုန်းဆက် တော့ မူးလဲကျ သွားလို့ ဆေးရုံ တင်လိုက်ရတယ် ပြောတယ် ဘုရား ”

“ အေး အေး မင်း အမေ ကျန်းမာလာရင် တော့ အမြန် ပြန်ခဲ့နော် ၊ ဒီမှာ အလုပ် တွေ က တန်းလန်းကြီး ”

“ စိတ်ချပါ ဘုရား ၊ အလွန်ဆုံး ကြာလှ တစ်ပတ် ဆယ်ရက် ပါ ဘုရား ”

ဆယ်ရက် ပေါ် မလာပါ ။

တစ်လ ပေါ် မလာပါ ။

မှတ်ကြီး က ပေါ် မလာသော် လည်း ဆောက်လုပ်ရေးပစ္စည်း အကြွေး ရောင်းထားသူများ က ပေါ်လာကြလေပြီ ။

စာရင်း စစ် ကြည့်လိုက်တော့ ။

စစ်ကြည့်လိုက်တော့ ။

ပစ္စည်းဖိုး ပေးရန် ဆိုပြီး မှတ်ကြီး လက်မှတ်ထိုး ထုတ်ယူသွား သော ငွေ ဟာ သိန်း သုံးရာ ကျော်နေပါရောလား ။

▣ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
      ၄ နိုဝင်ဘာလ ၂၀၀၅

No comments:

Post a Comment