❝ ခက်ခက်ခဲခဲ တိပိဋက ❞
ဘင်္ဂလားပင်လယ် ထဲ က မကျည်းကျွန်း မှာ ဖွားမြင်ခဲ့တဲ့ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ ဟာ ၁၆ နှစ် အရွယ် ကိုရင် ဝတ် နဲ့ ပညာ သင်ယူဖို့ အတွက် ရခိုင်ပြည်နယ် က နေ ရိုးမတောင်ကြီး ကို ကျော်ဖြတ်ပြီး ပြည်မ ကို ထွက်ခဲ့တယ် ။
ပဲခူး မင်းကျောင်း ၊ မြောင်းမြ ပဇ္ဇောတာရုံတိုက်သစ် တို့မှာ ပရိယတ္တိစာပေ သင်ယူပြီး ဓမ္မာစရိယ ဘွဲ့ရတယ် ။ ၁၃၄၅ ခုနှစ် မှာ မင်းကွန်း မိုးမိတ်ကုန်းမြေ မှာ ရှိတဲ့ တိပိဋက နိကာယကျောင်း ကို တိပိဋကဓရ စာပေးပွဲ ဖြေဆိုဖို့ စာပေလေ့လာ ကျက်မှတ်မယ့် ရည်ရွယ်ချက် နဲ့ ရောက်လာပါတယ် ။
မင်းကွန်း ရောက်ချိန်က အရှင်ဣန္ဒပါလ လက်ထဲ မှာ စာအုပ် က တစ်အုပ် တည်း သာ ပါလာတယ် ။ ဝိနည်းပိဋကတ် မှာ ပထမစာအုပ် ဖြစ်တဲ့ ပါရာဇိကံ ပါဠိတော် စာအုပ် ပဲ ပါတာ ။
တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ ကြိုးစား လေ့လာ ကျက်မှတ်ခဲ့ရပုံတွေ ကို ဆရာတော် က ယခုလို မိန့်ကြားပါတယ် ။
••••• ••••• •••••
တိပိဋက ကို ဓမ္မာစရိယတန်း အရည်အချင်း ပြည့်ပြည့် အောင်လာပြီးတဲ့ ပုဂ္ဂိုလ် တွေ ဆက် လုပ်ကြတာ ။ မင်းကွန်းဆရာတော်ကြီး စီစဉ်ထားပုံက တိပိဋက ဆက်လုပ်သူတွေ ဟာ အခြေခံကို သိနားလည် ပြီးသားမို့ ကိုယ့် ဟာ ကိုယ် ပဲ စာ ကျက်ရတာ ။ စာတက် ပေး နေရမယ် ဆိုရင် အချိန် ကုန်ပြီး သိပ် ထိရောက်မှာ မဟုတ်ဘူး ။ မသိ နားမလည်တဲ့ စာ ရှိမှ ကိုယ့် ထက် မြင့်တဲ့ ပုဂ္ဂိုလ်တွေ သွား မေး ရတာ ။ ဓမ္မာစရိယ အောင်ပြီး သား ပုဂ္ဂိုလ်တွေ မို့ အထက် စာတွေ ဆက် လုပ်ဖို့ ကိုယ့် ဟာ ကိုယ် လေ့လာဖို့ အခက်အခဲ မရှိဘူးလို့ ဆရာတော်ကြီး က အမိန့်ရှိ တယ် ။
ပါရာဇိကံ ပါဠိတော် ကို စ ကျက်တော့ ညနေ မှာ စာ ၁၂ မျက်နှာ ကုန်သွားတယ် ။ သိပ် မဆိုးဘူးပေါ့ ။ အဲသည်လိုနဲ့ ဆက် ကျက်သွား လိုက်တာ တရစပ် ကျက် လိုက်တော့ ခန္ဓာကိုယ် က ဒဏ် မခံနိုင်ဘူး ။ စာ ကျက်လိုက် ၊ ဖျား လိုက် ၊ ဆေးရုံ သွား ဆေး ထိုးလိုက် ၊ စာ ဆက် ကျက်လိုက်နဲ့ ။
အဲသည်တုန်းက အသည်းရောင် အသားဝါ ရောဂါတွေ ဖြစ်ကြတယ် ။ ဦးပဉ္စင်း က သည် ရောဂါ မဖြစ်ပါစေနဲ့ ဆုတောင်း နေတာ ။ တစ်လခွဲ လောက် ကျက်လိုက်တော့ စာမျက်နှာ ၃၀၀ ကျော်တဲ့ ပါရာဇိကံ တစ်အုပ် ကုန် သွားရော ။ ဒါနဲ့ မန္တလေး ဈေးချို သွားပြီး နောက်ထပ် စာအုပ် တစ်အုပ် ဝယ်တယ် ။ ပါစိတ် ။ ပါစိတ်စာအုပ် က စာမျက်နှာ ၄၇၀ ကျော် ရှိတယ် ။
ဦးပဉ္ဇင်း စာကျက်ပုံ က သည်နေ့ ကျက်တဲ့ စာ ညနေကျ ပြန် ၊ နောက်နေ့ ကျက် ပြီးတော့ ပထမနေ့ စာ ရော ဒုတိယနေ့ စာ ရော ပါ ပြန် ။ သည်လိုနဲ့ ဆက်ကာ ဆက်ကာ ကျက်ပြီး ပြန်တာပေါ့ ။ သီတင်းကျွတ်လဆန်း ၆ ရက်နေ့ မှာ စာ အားလုံး ကုန်တယ် ။
ပါရာဇိကံစာအုပ် ကို အစ အဆုံး စံချိန်မီအောင် ပြန်တာ ညနေ ၆း၀၀ နာရီ ဆိုပြီးတယ် ။ ပါစိတ် ကို ဆက် ပြန်တယ် ။ စာ တစ်အုပ် ကို တစ်ရက် နဲ့ အပြီး ပြန်တယ် ။ အဲသည်လို လုပ်ရင်း ကျန်းမာရေး က ဖောက် တော့ ဆေးရုံ တက်ရတယ် ။ ရန်ကုန် ကို စာမေးပွဲ သွား ဖြေဖို့ က နှစ်ရက် ၊ သုံးရက် ပဲ ကျန်တော့တယ် ။ ဦးပဉ္ဇင်း ဇွတ်ထ လိုက် သွားတာ ။ ရထား စီးပြီး သွားတာ ။ အား က မရှိတော့ မူးလိုက်တာ ။
ရန်ကုန် ရောက်တော့ တိပိဋက ရဲ့ ပေါင်းကူးတံတား ဖြစ်တဲ့ နိကာယ် စာမေးပွဲ သွား ဖြေရတယ် ။ အမျိုးသားနေ့ မှာ စ ဖြေရတာ ။ တစ်ကျမ်း ကို နှစ်ရက် နဲ့ လေးရက် ဖြေပြီးတာနဲ့ လဲတော့တာပဲ ။
တိပိဋက စာ ပြန်ဖို့ ပထမအသုတ် မှာ ယူထားတာ ။ ဦးပဉ္ဇင်း က နေ မကောင်းဘူး ။ စာကျက် ပျက်တာလည်း တစ်ပတ် နှစ်ပတ် မကတော့ဘူး ။ ဒါနဲ့ တတိယအသုတ် ကို ပြောင်း လိုက်တယ် ။ စာ ပြန်တော့ ကောင်းကောင်းမွန်မွန် ပြန် နိုင်တယ် ။ တိပိဋက ဩဝါဒစရိယ ပျော်ဘွယ် ဆရာတော်ကြီး ဆိုတာ ရှိတယ် ။ ဆရာတော်ကြီး က ဦးပဉ္ဇင်း စာ ပြန်တာ နားထောင်ပြီး ဝိသိဋ္ဌဂုဏ်ထူး ပေးရအောင် ပြောတယ် ။ ကျန်တဲ့ ပုဂ္ဂိုလ်တွေ က မပေးဘူး ။ ၁၃၄၅ ခုနှစ် ၃၆ ကြိမ်မြောက် တိပိဋက ရွေးချယ်ရေး စာမေးပွဲ မှာ ဝိနည်းပထမပိုင်း အာဂုံ အောင်တယ် ။
ဒုတိယနှစ် မှာ စာမျက်နှာပေါင်း ၅ဝဝ ကျော်တွေ ဖြစ်တဲ့ မဟာဝါ ၊ စူဠဝါ ၊ စာမျက်နှာ ၃၈ဝ ကျော် ရှိတဲ့ ပရိဝါစာ တွေ က များ လည်း များ ခက် လည်း ခက်တယ် ။ ဝိနည်း ပထမပိုင်း ဖြေ ပြီးရင် နောက်နှစ် မှာ ဒုတိယပိုင်း ဆက် မဖြေဘဲ တစ်နှစ် နားလေ့ ရှိကြတယ် ။ ဦးပဉ္ဇင်း က တော့ မနားဘူး ။ စာ ဆက် ကျက်တယ် ။ ကျန်းမာရေး က တော့ ဖောက်မြဲ ဖောက်တာပဲ ။ ရာသီဥတု က လည်း ကြမ်းတော့ စာ တရစပ် ကျက်တဲ့ ဒဏ် ခန္ဓာကိုယ် က မခံနိုင်ဘူး ။ ဒါနဲ့ တစ်ရက် မှ စာ ဆယ်မျက်နှာ ပဲ ကျက်ရတော့တယ် ။ အဲသည် နှစ် မှာလည်း အောင် သွားတယ် ။
ပျော်ဘွယ် ဆရာတော်ကြီး က လည်း စာပြန်တာ နားထောင်ပြီး ဝိသိဋ္ဌ ဂုဏ်ထူး ပေးဖို့ အမိန့် ရှိတယ် ။ ကျန်တဲ့ ဆရာတော်တွေ က ပထမပိုင်း တုန်း က ဝိသိဋ္ဌဂုဏ်ထူး မပေးခဲ့ဘူး ။ ယခု ပေးလည်း မထူးဘူးလို့ ငြင်းပယ်ကြ ပြန်တယ် ။ ဝိနည်း ကို နှစ်နှစ် ဆက်တိုက် အာဂုံ ဆောင်ပြီး ဖြေလို့ အောင်တာ ဦးပဉ္ဇင်း ပထမဆုံး ပါ ပဲ ။
မင်းကွန်းဆရာတော်ကြီး က ဦးပဉ္စင်း တို့ ရဲ့ တိပိဋကနိကာယ ကျောင်းတိုက် ကို မကြာခဏ ကြွလာတယ် ။ နွေရာသီ နေပူပူ ကျက်ကျက်ကြီး လည်း ကြွလာ တာပဲ ။ ဦးပဉ္စင်း တို့ ပူသလား တဲ့ ၊ ပူပါတယ် ဘုရား ဆိုတော့ စိတ် ထဲမှာ ပူတယ်လို့ မမှတ်နဲ့ ပဒုမ္မာ ကြာအိုင်ကြီး ထဲ မှာ နေ နေသလို စိတ် ကို မှတ်ထားလိုက် တဲ့ ။ စိတ် က သာ အအေး ကြိုက်တာ ၊ ခန္ဓာကိုယ် က အပူ ကို ကြိုက်တယ် ။ တကယ် ကျတော့ ခန္ဓာကိုယ် က အေးတာ မခံနိုင်ဘူး ။ ချွေးကလေး ထွက် နေမှ ကျန်းမာရေး ကောင်းတာ တဲ့ ။
ဝိနည်းအာဂုံ အောင်ပြီး ရေးဖြေ ဖြေတော့ ကျတော့တာပဲ ။ စာတွေ က လည်း တအား များတာ ၊ ကြည့် လို့ လည်း မဆုံးနိုင်ဘူး ။ အောင်မှတ် ယူတာ က လည်း ၁ဝဝ မှာ ၇၅ မှတ် ရ မှ အောင်တာ ။
ဒုတိယနှစ် မှာ ဝိနည်း ရေးဖြေ ဖြေဖို့ ဆက် လုပ်တယ် ။ အောင် ကို အောင်ရမယ် ဆိုပြီး အချိန်ပိုတွေ လုပ်လိုက်တာ ။ ည ၁၂ နာရီ တစ်ချက် ထိုးသွားတယ် ။ စာဖြေခန်း ထဲ ရောက်တော့ ကိုယ် ရထားတဲ့ စာတွေ တောင် မဖြေနိုင်တော့ဘူး ။ ခေါင်း က မူးနေတာကိုး ။ စာတွေ ရထားရဲ့သားနဲ့ အချိန်ပို သွား လုပ်လိုက်တော့ အိပ်ရေး ပျက်ပြီး မဖြေနိုင်တော့တာ ။ သံဝေဂ ရတယ် ။
တတိယနှစ် ရောက်တော့ စာ သိပ် မလုပ်တော့ဘူး ။ အရင် က လုပ်ခဲ့တဲ့ အခံနဲ့ပဲ ဝင် ဖြေတော့ အောင် သွားတယ် ။
ဝိနည်း ဒုတိယပိုင်း သဘောရေးဖြေ ကို ဆက် လုပ်တယ် ။ အဲသည်အချိန် မှာ သီတင်းသုံးဖော် တစ်ပါး မန္တလေးဆေးရုံ ကို ရက်ရှည် တက်ရတော့ လူနာ စောင့် လိုက် လုပ်ပေးတယ် ။ သွားလိုက် ၊ ပြန်လိုက် ညအိပ်လိုက် ၊ ပြုစုလိုက် နဲ့ နှစ်လ သုံးလ ကြာတယ် ။ သမာဓိ ပျက်ပြီပေါ့ ။ အဲသည် နှစ် က ဖြေတာ ၊ မအောင် ပါဘူး ။ နောက်နှစ် မှ အောင်တယ် ။ ဝိနည်းအာဂုံ ပြန်တာ နှစ်နှစ် ပဲ ကြာတယ် ။ ရေးဖြေ မှာ ငါးနှစ် ကြာသွားတယ် ။ ပိဋကတ် တစ်ပုံ အောင်သွားပြီ ဆိုတော့ တော်တော် အမောပြေ သွားတာပေါ့ ။
ပိဋကတ် တစ်ပုံ အောင်ရင် ရန်ကုန် မှာ ရှိတဲ့ တိပိဋက နိကာယကျောင်း ကို ပြန်ပြီး နေခွင့် ရှိတယ် ။ တိပိဋက လုပ်နေတဲ့ ဦးပဉ္စင်း အများစု က ချို့တဲ့ကြပါတယ် ။ ဦးပဉ္စင်း ရန်ကုန် ရောက်တော့ နိကာယ်စာမေးပွဲတွေ ကို လိုက် ဖြေတယ် ။ မန္တလေး နိကာယ် ၊ ရန်ကုန်နိကာယ် ၊ စာမေးပွဲတွေ လိုက် ဖြေတယ် ။ ပြည် တိပိဋကဓရ ဆရာတော်ဆု ၊ ခြောက်ထပ်ကြီး ဆရာတော်ဆု ၊ မစိုးရိမ်ဆရာတော်ဆု စတဲ့ ထူးချွန်ဆုတွေ လည်း ရတယ် ။ စာမေးပွဲ က ရတဲ့ ဆုငွေတွေ ကို ပဲ ဦးပဉ္ဇင်း သုံးစွဲပါတယ် ။ ( သုံး လည်း သုံးလောက်ပါတယ် ) ။ ဒါအတွက် ပီတိ လည်း ဖြစ်ပါတယ် ။ ကိုယ့် အစွမ်းအစ နဲ့ ရတာကိုး ။
၁၃၅၃ ခုနှစ် မှာ ဒီဃနိကာယ် သုံးကျမ်း အာဂုံ ပြန်ရာ မှာ ဂုဏ်ထူး နဲ့ အောင်ပြီး ဝိသိဋ္ဌ ဒီဃဘာဏက ဘွဲ့ ရတယ် ။ ၁၃၅၄ ခုနှစ် မှာ သဘောရေးဖြေ အောင်ပြီး ဒီဃနိကာယကောဝိဒဘွဲ့ ရတယ် ။ တိပိဋက နှစ်ပုံ အောင် သွားတယ် ။
စာမေးပွဲ ဖြေဖို့ သွားတော့ ရွှေတိဂုံဘုရားကြီး ကို လှမ်း ဖူးမြင်ရတယ် ။ ဦးပဉ္စင်း နဲ့ အတူ နှစ်ပုံ ဖြေတဲ့ ပုလောက ဦးဝံသ က ပြောတယ် ။ အောင် ရင် ရွှေတိဂုံဘုရားကြီး ကို ရွှေခုနစ်ကျပ်သား လှူပါ့မယ်လို့ ဆုပန် ထားတာတဲ့ ။ ဦးပဉ္ဇင်း လည်း အဲဒါကို သတိရ ပြီး သည်နှစ် စာမေးပွဲ အောင်ရင် ရွှေခုနစ်ကျပ်သား လှူပါ့မယ် လို့ လက်အုပ် ချီပြီး ဆုပန်လိုက်တယ် ။
စာမေးပွဲ အောင်ပေမယ့် ကိုယ့် မှာ ပိုက်ဆံ မရှိတော့ ရွှေခုနစ်ကျပ်သား ဘယ်မှာ သွား လှူနိုင်ပါ့မလဲ ။ ရွှေသင်္ကန်း ပဲ ငွေကျပ် ၂ဝဝ ဖိုး သွား လှူ လိုက်တယ် ။ အမှန်တော့ နှုတ်ကြွေး တင်နေတာပေါ့ ။ ပိဋကတ်သုံးပုံ အာဂုံဆောင်တဲ့ နှစ် မှ မော်လမြိုင် ဆင်ဖြူကျောင်းတိုက် ဆရာတော် က ပင့်တဲ့ ဓမ္မာရုံကြီး ဖွင့်ပွဲ ကို တရား သွား ဟောတော့ သီလရှင် တစ်ပါး က ရွှေလှူတယ် ။ တစ်ကျပ်သား ပိုပို လောက် ရှိမှာပေါ့ ။
မှတ်မိသေးတယ် ။ စာမေးပွဲ ဖြေတော့ မေးခွန်း မှာ ပညာ နဲ့ သီလ ဆေးကြောပုံ ရေးပါတဲ့ ။ စာမေးပွဲ ဖြေရတာ ဖျားလျက် နဲ့ ဖြေရတာ ။ ဖျားလိုက် ဆေးခန်း သွားလိုက် ၊ စာကျက်လိုက် ဖြေလိုက် ။ စာဖတ် ထားတာ က ယောင်ဝါးရယ် ။ ပညာ နဲ့ သီလ ကို ဆေးကြောတယ် ဆိုတော့ အဲသည် ပုဂ္ဂိုလ် သည် သီလ မရှိ ၊ သို့သော် ဘုရားအရိယာ သူတော်ကောင်း တို့ နှင့် တွေ့သည် အခါ တရား နာရ၍ တရားထူး ကို ထိုးထွင်း သိ သွားပြီးလျှင် ပညာ နှင့် သီလ ဆေးကြော၏ ။ အရှင် အင်္ဂုလိမာလ ကဲ့သို့တည်း ဆိုပြီး ရေးဖြေ လိုက်တာပေါ့ ။ စာမေးပွဲ ဖြေ ပြီးလို့ စာအုပ် လှန် ကြည့်တဲ့ အခါ သဘော တော့ သက်ရောက်တယ် ။ တည့် တော့ မဟုတ်ဘူး ။ စာအုပ် ထဲ မှာ သန္တတိ အမတ်ကြီး နဲ့ ဥပမာ ပေးထားတယ် ။ စာစစ် တဲ့ ဆရာတော် က အရည်အချင်း ရှိလို့ပဲ ။ စာအုပ် မှာ ပါတဲ့ အတိုင်း ဖြေ မှ အမှတ် ရမယ် ဆိုရင် ဘယ်နှယ့်လုပ် အောင်မှာလဲ ။ သန္တတိအမတ် နဲ့ အရှင်အင်္ဂုလိမာလ နဲ့ သဘောသွားချင်း တော့ တူတာပေါ့ ။
နောက်ပိုင်း အဘိဓမ္မာ အာဂုံ ဖြေတော့ ဂုဏ်ထူး ပေးတယ် ။ ဝိသိဋ္ဌ နှစ်ကြိမ် ရတာပေါ့ ။ ပဋ္ဌာန်းတွေ ဘာတွေ ရောက်တော့ အတော် ခက်သွားပြီ ။ စာအုပ်ကြီး တွေ က အများကြီးပဲ ။ တစ်ခေါက် တစ်ခေါက် ကျက်တာ လ နဲ့ ချီ ကြာတာ ။ ငါ သည် တောင် ကို ဘယ့်နှယ့်လုပ် ကျော်နိုင်ပါ့မလဲ တွေးမိတယ် ။ စာပြန် ပြီး ရင် ပြောမိတယ် ။ ယမိုက်ပဋ္ဌာန်း တစ်ခေါက် ပြန်ရတာ က လည်း ကမ္ဘာ ကို စက်ဘီး နဲ့ ပတ်ရ သလိုပါပဲလားလို့ ။
စာမေးပွဲ နီးရင် ကျန်းမာရေး က ဖောက်ဖောက် လာတယ် ။ အလုပ် တစ်ခု လုပ်ရင် အနှောင့်အယှက် က ဝင်ဝင် လာတယ် ။ အောင် တော့ အောင်မြင်တယ် ။ ဘယ်သူ မပြု မိမိ မှု ဆိုသလိုပဲ ။ ကိုယ် လုပ်ခဲ့တဲ့ အကုသိုလ် ကြောင့် နေမှာပေါ့ ။ ၁၃၆၂ ခုနှစ် မှာ ပိဋကတ်သုံးပုံ အာဂုံဆောင်ပြီး တိပိဋကဓရဘွဲ့ ရတယ် ။ တိပိဋက စ ဖြေတာ အနှစ် ၂ဝ ကြာ တဲ့ ၁၃၆၅ ခုနှစ် ရောက် မှ သဘောရေးဖြေ အောင်ပြီး တိပိဋကကောဝိဒ ဘွဲ့ ရတယ် ။
တောင်ပေါ် တက်တဲ့ လူ လိုပဲ ၊ တောင် ပေါ် ရောက်တော့ လည်း အမော ပြေ သွားတာပေါ့ ။
▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment