Saturday, February 15, 2025

တိုက်ကျွဲ


 

❝ တိုက်ကျွဲ ❞
⚀ စာကလေး  ၊ မော်ကျွန်း  ၊

အခန်း - ၁

ကျွန်တော်တို့ ထူးတောရွာ တစ်ရွာလုံးက ယောက်ျား ၊ မိန်းမ ၊ ကလေး ပါ မကျန် အပြိုင်အဆိုင် အလောင်းအစား အလုပ် ကို တော်တော်လေး ကို ဝါသနာ ကြီးကြတယ်ဗျ ။ ဒါ ကျွန်တော်တို့ ထူးတောရွာ ရဲ့ တစ်မူထူးခြားတဲ့ ဓလေ့ တစ်ခု လို့ ပြောရမလားပဲ ။ တခြား ရွာတွေ မှာလည်း ဒီလို ဓလေ့စရိုက်တွေ ရှိချင် ရှိလိမ့်မယ် ။ ဒါပေမဲ့ ဒီ ရွာ ကိုတော့ မီမယ် မထင်ဘူးဗျ ။ ကျွန်တော် ပြောရင် ပိုတယ် ထင်လိမ့်မယ် ။ ထူးတောသားတွေ က တစ်ခု မဟုတ် တစ်ခု အလောင်းအစားလေး မှ မလုပ်ရရင် စားမဝင် အိပ်မပျော်တတ်သူတွေ ။ နောက်ဆုံး ကုန်အော ပြောရရင် ဘယ်သူနဲ့ မှ အလောင်းအစား မလုပ်ရရင် လင်မယားချင်း တောင် ပြန်ပြီး လောင်းကြေး ထပ်တဲ့ ရွာ ။

ပြီးတော့လည်း ဘာလေးပဲ ပြိုင်ပြိုင် ၊ ဘာပဲ အလောင်းအစား လုပ်လုပ် အဲဒီ အရှုံးအနိုင် ပေါ်မှာ ထပ်ထားတဲ့ လောင်းကြေး ကို လင်မယားချင်း တောင်မှ မဖြစ်မနေ ပေးရတဲ့ ရွာ ။ အဲဒါ ထူးတောရွာ အလောင်းအစား နဲ့ ပတ်သက်တဲ့ ထူးခြားချက်ပဲ ။

မယုံ မရှိနဲ့ဗျ ။ အဲဒီလို အလုပ် ကောင်းလို့ ကိုသာဝ တို့ လင်မယား ဆို ပထမ သားဦးကလေး မွေးတုန်းက လင်မယားချင်း ပြန်ပြီး လောင်းကြေး ထပ်တာပါဆို ။ အဲသလောက် အထိ ဝါသနာ ကြီးတဲ့ ရွာ ။

ဖြစ်ပုံက ဒီလိုဗျ ။ ကိုသာဝ က သားယောက်ျားလေး လိုချင်နေတဲ့သူ ဆိုတော့ သူ့ မိန်းမ ကိုယ်ဝန် ကို သူ လိုတဲ့ ဘက် ဆွဲတွေးပြီး ယောက်ျားလေး ပဲ မွေးရမယ်ပေါ့ဗျာ ။ ဒီမှာတင်ပဲ ဘယ် ရမလဲ နဂို ကတည်းက အလောင်းအစား ဝါသနာ ကြီးတဲ့ မကု,လားမ ကလည်း “ ရှင် က ယောက်ျားလေး ဆိုရင် ကျွန်မ က မိန်းကလေး တော် ။ ဘာကြေး လောင်းမလဲသာပြော ” ဆိုပြီး တစ်အိမ်တည်း နေတဲ့ လင်မယားချင်း ကိုယ် မွေးမယ့်ကလေး ကို ကိုယ်တိုင် ပြန်ပြီး လောင်းကြေး ထပ်ကြတော့တာပဲ ။ ဒါပေမဲ့ အဲဒီ ပွဲမှာ ကိုသာဝကြီး ရှုံးသွားတယ်ဗျ ။ မွေးလာတဲ့ ကလေး က မိန်းကလေး ဆိုတော့ ရှုံးတာပေါ့ ။ သူ့ ခမျာ ဖွတ်မရ ၊ ဓားမဆုံး ဆိုတာလို သားယောက်ျားလေး မရတဲ့ အပြင် မီးဖွားစရိတ် ပါ မကဘဲ လောင်းကြေး အနေနဲ့ မကု,လားမ လိုချင်နေတဲ့ အပေါ်စက် ၊ အောက်စက်တွေ ဝယ်ပေး လိုက်ရပါရောလားဗျာ ။

အဲဒီ ကလေးမလေး ကို တစ်ရွာလုံး က ဝိုင်းပြီး နာမည်ပေးလိုက်ကြတာ အဖေ နဲ့ အမေ လောင်းတဲ့ ပွဲမှာ အမေ က နိုင် လို့ “ မေနိုင် ” တဲ့ ။ တစ်ခါတည်း ကို တွင်ရောပဲ ။ အခုဆို ကျောင်း တောင် တက် နေပြီလေ ။

ပြောရရင် အလောင်းအစား နဲ့ ပတ်သက်ရင် အဲဒီလို ဝါသနာအိုးတွေ ၊ ရဲရင့်သူတွေ ပေါတဲ့ ရွာ ဆိုတော့ ဒီ ရွာ မှာ အရှုံးအနိုင် ရဲ့ နောက်က အလျော်အစား ဆိုတာကတော့ အပျော်အပါး ပေါ့ဗျာ ။ ဘယ်ကြေး နဲ့ပဲ လောင်းလောင်း ရှုံးရင် ပေးဖို့သာ ပြင် ၊ နိုင်ရင် ယူသွားပဲ ။ ကလိမ်ကကျစ် မကျကြပါဘူး ။

ဒီတော့ ဆယ့်နှစ်ရာသီ ဆိုသလို လောင်းကစားပွဲတွေ ဖြစ်တတ်ပေမဲ့ ဘာ ပြဿနာ မှ မရှိပါဘူး ။ ဘာ ရာဇဝတ်မှု မှ လည်း မရှိခဲ့ပါဘူး ။ ဒါကလည်း ပြောရရင် ရိုးသားကြလို့ ၊ အရှုံးအနိုင် ပေါ် မှာ နားလည်မှု ရှိကြလို့ ၊ ပြီးတော့လည်း ဘာပဲ ပြိုင်ပြိုင် ၊ ဘာပဲ လောင်းလောင်း အဲဒီ အပေါ် မှာ ချမှတ်ထားတဲ့ စည်းကမ်းတွေ ကို လည်း လိုက်နာကြတယ် ဆိုတော့ ငွေကြေး အရှုံးအနိုင် က လွဲလို့ တခြား လောင်းကစားတွေ မှာ ဖြစ်လေ့ဖြစ်ထ , ရှိတတ်တဲ့ လောင်းကြေး မပေးတာတို့ ၊ အရှုံးအနိုင် ငြင်းတာတို့ ၊ ခိုက်ရန် ဖြစ်ပွားတာတို့ ဆိုတာကတော့ ကျွန်တော်တို့ ထူးတောရွာ မှာ မရှိသလောက်ကို ရှားပါတယ် ။

•••••   •••••   •••••

အခန်း - ၂

တစ်ရွာလုံး က လူ အများစု ကတော့ လယ်ယာ စိုက်ပျိုးရေး ကိုပဲ အဓိကထား လုပ်ကိုင်ကြတာ ဆိုတော့ အသီးအနှံ ပေါ်ချိန် ငွေစကြေးစလေး တွေ ရွှင်ချိန်မျိုး မှာတော့ ဒီလို လောင်းကစားပွဲတွေ က ပိုပြီး ဖြစ်လေ့ ရှိတတ်တယ် ။
တခြား အချိန်တွေမှာတော့ စားကြေး ၊ သောက်ကြေး လောက်သာ အပျော်သဘောမျိုး လုပ်တတ်ကြပေမဲ့ ငွေရွှင်လာတဲ့ ဒီလို အချိန်မျိုးမှာတော့ သိန်းနဲ့ ချီပြီး လောင်းကြေး ပေါက်တဲ့ စီးပွားရေးဆန်ဆန် ပွဲကြီးပွဲကောင်းတွေ ကလည်း နှစ်တိုင်းလိုလို ရှိနေကျပါပဲ ။

ဒီနေရာမှာ ကျွန်တော်တို့ ရွာ ရဲ့ လောင်းကစားပြိုင်ပွဲတွေ နဲ့ ပတ်သက်ပြီး နည်းနည်း လောက်တော့ ရှင်းပြဦးမှ ဖြစ်လိမ့်မယ် ထင်တယ်ဗျ ။ ကျွန်တော်တို့ ထူးတောရွာ မှာ ပွဲ က အများသား ။ ကြက်ပွဲ ၊ ကျွဲပွဲ ၊ လှေပြိုင်ပွဲ ၊ စက်တပ် လှေပြိုင်ပွဲ ၊ လော်စပီကာ ( အသံချဲ့စက် ) ပြိုင်ပွဲ အစုံပါပဲ ။

ထားပါတော့ဗျာ ။ ဒါတွေကို တစ်ခုချင်း ရှင်းပြနေရင် အချိန် ကြာသွားမှာ စိုးလို့ အကုန်တော့ ရှင်း မပြောတော့ ဘူး ။ ဒီ အထဲက လောင်းကြေး လည်း အများဆုံး ထွက် တဲ့ ၊ လူ စိတ်အဝင်စားဆုံး ဖြစ် တဲ့ ကျွဲပွဲ အကြောင်းပဲ ပြောပါ တော့မယ်ဗျာ ။ ကျွန်တော်တို့ ဆီက ကျွဲပွဲ ဆိုတာက ဝါး နဲ့ လုပ်ထားတဲ့ ကျွဲရုပ်ကြီးတွေ ထဲ ကို လူ ဝင် က,တဲ့ ပွဲမျိုး မဟုတ်ဘူးဗျ ။ တကယ့် သက်ရှိ ကျွဲပေါက်ကြီး နှစ်ကောင် ကို လယ်ကွင်းပြ င်မှာ သူနိုင် ကိုယ်နိုင် ခတ်ခိုင်းတဲ့ ပွဲ ။

ပွဲ မလုပ်ခင် ကတည်း က ပွဲလုပ်မယ့် လယ်ကွင်း တစ်နေရာ မှာ ပွဲကြည့်ဖို့ အတွက် ဝါး နဲ့ လင့်စင်တွေ ထိုးကြရ တယ် ။ ဒါကလည်း ကျွဲပွဲ မှာ ကျွဲနှစ်ကောင် ခတ်တဲ့အခါ ရှုံး ကျွဲ က ပြေးလို့ ရှိရင် အားကိုး တဲ့ အနေနဲ့ လူတွေရှိတဲ့ ဘက်ကို ပြေးတတ်တယ် ။ ဒီ အချိန်မှာ နိုင်ကျွဲ က နောက်က အတင်း လိုက် ခတ်တတ်တော့ ကျွဲပွဲ ကြည့်တဲ့ သူတွေ အဖို့ အန္တရာယ် ရှိတတ်တဲ့ အတွက် ကျွဲပွဲ ဆိုရင် ဝါးစင် နဲ့ ပဲ ကြည့်ကြတာပါ ။

ပြောရရင်တော့ ကြက်ပွဲ တိုက်သလိုမျိုး ကျွဲပွဲ က လည်း တကယ့် ပီဘိ ကျွဲ ပေါက်ကြီးတွေ ကို လောင်းကြေးတွေ ထပ်ပြီး အရှုံးအနိုင် တိုက်တဲ့ ပွဲပေါ့ဗျာ ။

နှစ်ကောင် ယှဉ်ခတ်တဲ့ အချိန်မှာ ရှုံးကွဲ က ထွက်ပြေး လို့ နိုင်ကျွဲ က နောက်က လိုက် ပြီ ဆိုရင် ဒိုင်ပွဲရပ် အရှုံးအနိုင် ပေါ်ပြီပဲ ။ ဒီအချိန်မှာ ကျွဲထိန်း တဲ့ သူတွေ က ကိုယ့် ကျွဲ ကိုယ် ပြန် သိမ်းပြီး ပေါက်တဲ့ လောင်းကြေး ကို ရှုံးကျွဲသမားဘက် က ပေးရတယ် ။

တချို့ ပွဲတွေ မှာ ကျွဲရှင် အချင်းချင်း ကြေးရင်း က သုံးလေးသိန်းလောက် ပေါက် ပေမဲ့ ဘေးက လူတွေရဲ့ ပိုး ကြေးတွေ ၊ ထပ် ကြေးတွေနဲ့ ဆို ကျွဲပွဲ တစ်ပွဲရဲ့ လောင်း ကြေးက သိန်း ကို ဆယ်ဂဏန်း လောက် ရှိ တတ်တယ် ။ ပြောရရင်တော့ ရွာ မှာ လုပ်တဲ့ လောင်းကစားတွေ ထဲ မှာတော့ ဒီ ကျွဲပွဲက လူ စိတ်အဝင်စားဆုံးပါပဲ ။

တချို့ နှစ်တွေဆို တခြား နယ်က ပြိုင်ပွဲဝင် နာမည်ကြီး ကျွဲတွေ ပါ ရောက်လာတတ် သေးတယ်ဗျ ။ ဒါပေမဲ့ ဘယ် က ကျွဲ ပဲ ရောက်လာလာ ကွန်
တော်တို့ ရွာခံ ကျွဲတွေ ဖြစ်တဲ့ ဆိုးပေ တို့ ၊ နက်ကျော် တို့ ၊ ပေသီး တို့ ဆိုတဲ့ တိုက်ကျွဲပေါက်တွေ ကို အနိုင် ခတ်ပြီး ဗိုလ်စွဲနိုင်တဲ့ ကျွဲ တော့ ပေါ်မလာသေးပါဘူး ။ ဒီ အထဲ ကမှ ကိုညိုမောင် ရဲ့ ကျွဲ ပေသီးက ဒီ ရွာနီးချုပ်စပ် မှာ လက်ရှိ ချိန်ပီယံ ပေါ့ဗျာ ။ ကိုညိုမောင် ကလည်း သူ့ ကျွဲ ကို ဖူးဖူးမှုတ် ထားတာလေ ။ ထားမှာပေါ့ ဗျာ ၊ ပေသီး ရှာပေးတဲ့ ငွေ က ကိုညိုမောင် ကို အရောင် ပြောင်းသွားစေတာပဲဟာ ။ ကိုညိုမောင် လယ် ဆယ်ဧက ကို သုံးနှစ်လောက် လုပ်တောင် မမီဘူးဗျ ။ စဉ်းစားကြည့်လေ သိန်း ဆယ်နဲ့ ချီတဲ့ ပွဲကြီးတွေ မှာ ပေသီး က သုံးလေးနှစ် ဆက်တိုက် နိုင်ခဲ့တာကိုးဗျ ။

ဟိုး တမြန်နှစ်ကများ ဆို ပေသီး က သူ့ ပြိုင်ဘက် ကျွဲ တစ်ကောင် ကို လယ်ကွင်းထဲ မှာတင် အသေခတ်ပြီး ဒိုင်ပွဲ ရပ် နိုင်ခဲ့တာလေ ။ အဲဒီက
စလို့ ဒီနယ် တစ်ဝိုက်က ကျွဲသမားတွေ က ပေသီး ဆိုရင် လက်ဖျားခါသွားကြတာ အခုဆို ပြိုင်ဘက်ကင်း သလို ဖြစ်နေတာဗျ ။

ကိုညိုမောင့် အဖို့တော့ ပြိုင်ဘက်ကင်း ကျွဲတစ်ကောင်ရဲ့ ပိုင်ရှင် ဆိုပေမဲ့ တစ် ဖက်က ပြန်ကြည့်ရင် ဒီကိစ္စ က သူ့ ရဲ့ ဝါသနာနဲ့ စီးပွားရေး ကို ပါ တုတ်နဲ့ ထိုးခံနေရသလိုပဲ ။ သူ့ ကျွဲ ပေသီး ကို အသေပွဲ တစ်ပွဲ ခတ်ပြီး ကတည်း က ကြေး လာစပ်တဲ့ သူ မရှိတော့တာ အခု အထိပဲ ။ ဒီတော့ ကိုညိုမောင် လည်း တခြား ကျွဲတွေ ပွဲ ဖြစ်ရင် ပိုးကြေး ထပ်ကြေး ဝင် လောင်းတာ က လွဲလို့ အလုပ် သိပ် မဖြစ်ဘူးပေါ့ ။

တစ်ခါတလေများ ပေသီး ကို အစာကျွေး ၊ ရေတိုက် လုပ် နေရင်း က ကြေးကြီးကြီး တစ်ပွဲ လောက် လာ စပ်မယ့်သူ ကို မျှော်မိတာ ခဏခဏ ပါပဲ ။

•••••   •••••   •••••

အခန်း - ၃

“ အဓိ က ကတော့ ပွဲ ဖြစ်ဖို့ပါပဲ ၊ ကိုယ့်လူတို့ ဘက်က ကြိုက်ကျွဲ ကို ခေါ်လာခဲ့ ပါ ၊ အရေးကြီးတာ က ကျုပ် ကျွဲနဲ့ ပြိုင်မယ့် ကျွဲ ဟာ ကျွဲအထီး တစ်ကောင် ဖြစ်နေဖို့ပါပဲ ။ ဘယ်လို ကျွဲမျိုး လာလာ ကျုပ် ဘက်က ပြောစရာ မရှိပါဘူး ”

ကိုညိုမောင် တစ်ယောက် အဲဒီလိုပဲ ဝမ်းသာ အားရနဲ့ မဆင်မခြင် ပြောလိုက်
တယ် ။

သူ့ စိတ်ထဲမှာ ပွဲ မဖြစ်တာ လည်း နည်းနည်း ကြာသွားတော့ သူ့ ကျွဲ ကလည်း နာမည်ကြီး ဆိုတော့ ပွဲပျက်သွားမှာလည်း စိုးရိမ်နေမိ တယ် ထင်ပါရဲ့ ။

ဒါကို တစ်ဖက် က ကျွဲပွဲ လာစပ်တဲ့ လူ ကလည်း လူလည် ဆိုတော့ ရိပ်မိပုံရတယ် ။

“ ကျွန်တော်တို့ ဘက် ကလည်း နာမည်ကြီး ကျွဲတစ်ကောင် နဲ့ ယှဉ်ရမှာ ဆိုတော့ အတတ်နိုင်ဆုံး ယှဉ်နိုင်မယ့် ကျွဲမျိုး ကိုတော့ ရွေးလာရမှာ ဆိုတော့ နောင်ကြီးတို့ ဘက်က ဘယ်လို စည်းကမ်းသတ်မှတ်ချက်တွေများ ရှိသေးလဲဗျ ” ဆိုပြီး ကိုညိုမောင် ဘက်က စကားကို သေချာအောင် ထပ်ပြီး နှိုက်ထုတ်လိုက်တယ် ။ ဒါကို မရိပ်မိတဲ့ ကိုညိုမောင် ကတော့ ပွဲဖြစ်ချင်စိတ် တစ်ခု တည်း နဲ့ ပွဲ ပျက်မှာ စိုးတာရယ် ၊ သူ့ ကျွဲ ပေသီး အပေါ်မှာ ယုံကြည်မှုပိုလွန်းတာရယ် ပေါင်းပြီး -

“ ကျုပ် ပြောပြီးပါပကောဗျာ ။ ကျွဲအထီး ဆိုရင် ကြိုက်တဲ့ ကျွဲ ခေါ်လာခဲ့ ” ဆို ပြီး ပြောလိုက်တယ် ။

ဒီတော့ ဟိုဘက် က လူ က -

“ ဟုတ်ပါပြီဗျာ ၊ နောင်ကြီး ကျွဲ က လည်း ပြိုင်ဘက်ကင်း ဆိုတော့ ပြောအား ရှိပေမပေါ့ ”

“ အဓိက ပြောချင်တာ ကတော့ ကျုပ်တို့ ဘက်က ပြိုင်ပွဲဝင်မယ့် ကျွဲဟာ နောင်ကြီး ပြောသလို ကျွဲအထီး တစ်ကောင် ဖြစ်နေဖို့တော့ ရဲရဲကြီး အာမခံပါတယ် ။ ဒါပေမဲ့ ကျုပ်တို့ စိတ်ကြိုက် ရွေးချယ်ထားတဲ့ ကျွဲအထီး တစ်ကောင် တော့ ဖြစ်ကောင်းဖြစ်ပါလိမ့် မယ် ”

အဲဒီလို ပြောလိုက်တော့ -

“ ဟုတ်ပြီ ကိုယ့်လူ ၊ ဒီလောက်ဆို ရပြီ ။ ကျွန်တော် ကတော့ ကျွဲပွဲ တစ်ခု ရဲ့ ထုံးစံအတိုင်း ကျုပ် ကျွဲ ပြေးရင် ကျုပ် အရှုံးပဲ ၊ ခင်ဗျား ကျွဲ ပြေးရင် ခင်ဗျားတို့ အရှုံး ၊ ခတ်ရင်းသား နဲ့ သေခဲ့ရင်လည်း ကိုယ့် အမဲ ကိုယ် ထမ်းပြန်ကြ ပေါ့ ။ အဓိက က တော့ လောင်းကြေးများများထွက်ဖို့ပဲ ”

အဲဒီလို လည်း ပြော လိုက်ရော ။ ကျွဲပွဲ လာ စပ်တဲ့ သူ ကလည်း ဒီနေ့ က နေ နောက် လာမယ့် ခုနစ်ရက် မြောက်တဲ့ နေ့မှာ သူတို့ ဘက်က ကျွဲ တစ်ကောင် ခေါ်လာပြီး ကျွဲပွဲလုပ်မယ့် အကြောင်း ရက်ချိန်း အတိအကျ ပေးပြီး ပြန်သွားတယ် ။

အဲဒီ နောက်မှာတော့ ကျွန်တော်တို့ ထူးတော တစ်ရွာလုံး က ဝါသနာအိုးတွေ လည်း နာမည်ကြီး ပေသီး နဲ့ တခြား နယ် က ကျွဲ ယှဉ်ပြိုင်ခတ်ကြ မယ့် ပွဲကို မျှော်လင့်စောင့်စား နေကြတာပေါ့ဗျာ ။

•••••   •••••   •••••

အခန်း - ၄

ဒီနေ့ ကျွဲပွဲ စ,မယ့်နေ့ ။

ပေသီး ရဲ့ ကျွဲထိန်း ကိုဖိုးနီ က ထုံးတမ်းအစဉ်အလာ အရ ကြက်ကြော်တစ်ပွဲ ၊ ဆေးလိပ် တစ်လိပ် ၊ အရက် တစ်လုံး နဲ့ ကိုအောင်နိုင်နတ် ကို ပင့်ဖိတ်ပြီး ကျွဲ အပ်လိုက်တယ် ။ ခဏကြာတော့ မှ မြှောက်ထားတဲ့ အရက်ပုလင်း ကို စွန့်ပြီး တိုက်ကျွဲ ပေသီး ရဲ့ ငယ်ထိပ်ပေါ် ကို နည်းနည်း လောင်းချလိုက် တယ် ။ ပြီးတော့ ရှာပန်းနီ တစ်စ ကို ပေသီး ရဲ့ ချိုဖျား မှာ စည်းပြီး အရက်ပုလင်း ထဲ က အရက် နှစ်ငုံ ၊ သုံးငုံ လောက် ကို သောက်လိုက်ကာ အရက်ပုလင်း ကို ခါးကြား ထိုးပြီး ကျွဲပွဲ လုပ်မယ့် လယ်ကွင်း ဆီ ပေသီး ကို ခေါ်လာခဲ့တော့
တယ် ။

အဲဒီ အချိန်မှာပဲ တခြား ရွာ က ပေသီး နဲ့ တိုက်မယ့်ကျွဲ ကို မြစ်ဆိပ် မှာ ကပ်ထားတဲ့ မော်တော်ကြီး တစ်စင်း ထဲက နေ ကုန်းပေါင်ပြားတွေ ခင်းပြီး အပေါ် ကို တင်လာကြတယ် ။ ဒါပေမဲ့ အဲဒီ တိုက်ကျွဲ ကို ဖြူ သလား ၊ မည်းသလား ၊ ချိုနေ ချိုထား ၊ ကိုယ်နေဟန်ထား ကျွန်တော်တို့ ရွာသား ဘယ်သူ မှ မြင်ခွင့် မရကြဘူးဗျ ။

ဘာကြောင့်လဲ ဆိုတော့ သူတို့ ကျွဲကို ပြိုင်ပွဲ လုပ်မယ့် လယ်ကွင်း ဆီ မရောက်မချင်း ကျွဲ တစ်ကောင်လုံး မမြင်ရလောက်အောင် ပိတ်ဖြူစတွေ နဲ့ ဝိုင်းပတ် ကာပြီး ခေါ်လာကြတာလေ ။

ဒါကလည်း ကျွဲပွဲ တစ်ခု ရဲ့ ထုံးစံစည်းမျဉ်း အရ ပွဲ မစခင်မှာ ကျွဲ တစ်ကောင် နဲ့ တစ်ကောင် အမြင် မခံစေချင်ဘူး ဆိုတဲ့ သဘောလည်း ပါတယ်လေ ။ ဒီတော့ အကုန်လုံး ကလည်း ကျွဲနှစ်ကောင် စ,ခတ်မယ့် အချိန်ကိုပဲ မျှော်
လင့်နေကြတာပေါ့ ။ ဒီအချိန်မှာတော့ တစ်ဖက် က ကျွဲ ကို မြင်ရတော့မှာ မဟုတ်လားဗျ ။

သိပ် မကြာလိုက်ပါ ဘူး ။ နှစ်ဦးနှစ်ဖက် ကျွဲရှင် တွေ လောင်းကြေးထပ်ကြ တယ် ။ ကိုယ့် ရွာက ကျွဲ အကြောင်း သိပြီးသား ဆို တော့ တစ်ရွာလုံး က လည်း ပေသီး ဘက် ကနေ တတ်နိုင်သလောက် ထည့် လောင်းကြတာနဲ့ ဆို လောင်းကြေး က သိန်းဆယ်ဂဏန်း ကျော်သွားတယ် ။

အဲဒီလို လောင်းကြေး ထပ်ပြီးတဲ့ အချိန် မှာ တော့ ကျွဲထိန်း ကိုဖိုးနီ က တိုက်ကျွဲနှစ်ကောင် ရဲ့ ကြား မှာ ခြားကာ ထားတဲ့ ကန့်လန့်ကာစ,ကို ဖြုတ်လို့ နေပါပြီ ။ မကြာခင်မှာ ပဲ ကျွဲနှစ်ကောင် ရဲ့ သူနိုင် ကိုယ်နိုင် အပြိုင် ခတ်တော့မှာ ကို ရင်သပ်ရှုမော မြင်ရတော့ မှာမို့ ပွဲကြည့်ပရိသတ်တွေ အကုန်လုံး ရဲ့ မျက်လုံးတွေ က ကိုဖိုးနီ ဆီ မှာ ရောက်နေကြလေရဲ့ ။

•••••   •••••   •••••

အခန်း - ၅

ဒါပေမဲ့ အဲဒီ ပွဲမှာ ကျွန်တော်တို့ နယ် တစ်ဝိုက်က နာမည်ကြီး တိုက်ကျွဲကြီး
ပေသီး ဟာ ပွဲ စပြီး မိနစ်ပိုင်း မှာပဲ အမြီးထောင် ပြီး ထွက်ပြေး သွားတဲ့ အတွက် ဒိုင်ပွဲရပ် ပြီး အရှုံးပေး လိုက်ရပါတယ် ။

ဒါတင် မကဘဲ အဲဒီ နေ့ က ကျွဲပွဲ ဟာ ဟိုးအရင် ကျွဲပွဲ တွေ တုန်းကလို သည်းထိတ်ရင်ဖို ရှုစားရမယ့် အစား တဝါးဝါး တဟားဟား နဲ့ ရယ်မောသံတွေ ရဲ့ ကြားမှာပဲ ဟာသမြောက်စွာ နဲ့ ပေသီး တစ်ကောင် ရှုံးကျွဲ ဘဝ ကို ရောက်ခဲ့ရတယ် ဆိုပါတော့ဗျာ ။

ဖြစ်ပုံကို လည်း ကြည့်ဦး ။

ကျွဲနှစ်ကောင် ရဲ့ ကြား က ကန့်လန့်ကာစ ကို ဖြုတ်လိုက်တဲ့ အချိန်မှာပဲ လုံးဝ ထင်မှတ် မထားတဲ့ မြင်ကွင်း တစ်ခုကြောင့် ကျွဲပွဲ လာသူ အကုန်လုံး ရဲ့ နှုတ်ဖျား က ဟာခနဲ ၊ ဟင်ခနဲ ဆိုတဲ့ အာမေဍိတ်သံတွေ ထွက်ကုန်ကြတော့တယ် ။

ဒီအချိန် မှာပဲ တစ်ဖက်
က တစ်နှစ်သား လောက် ရှိမယ် ထင်ရတဲ့ ကျွဲပေါက်စနလေး က သူ့ရဲ့ ရှေ့မှာ ဘွားခနဲ မြင်လိုက်ရတဲ့ တိုက်ကျွဲကြီး ပေသီး ဆီ ကို သူ့ အမေ ကျွဲမကြီး အထင်နဲ့ အတင်း ပြေး တဲ့ပြီး ပေါင် ကြား ထဲ ခေါင်းဝင် တိုးကာ အဝှာ နေရာ ကို ပါးစပ် နဲ့ ကိုက် ၊ နို့ အမှတ် နဲ့ အတင်း ခေါင်း နဲ့ တိုက်ပြီး စို့ တော့တာပေါ့ဗျ ။

မြန်လွန်းတဲ့ အဖြစ် ဆိုတော့ ပေသီး လည်း အလစ် ခံ လိုက်ရတာပေါ့  ။

အဲဒီမှာ ရှုံးတော့တာပဲ ။ ပေသီး လည်း ကျွဲ ဆိုပေမဲ့ ဘာသားနဲ့ ထုထားတာ မှတ်လို့ ။ သွေး နဲ့ ကိုယ် ၊ သား နဲ့ ကိုယ် ပဲ ဘယ်လာ ခံနိုင်ပါ့မလဲ ။ ပြီး တော့ သူ က ကျွဲပေါက်ကြီး လေ ။ နို့တိုက်ဖူးတဲ့ သားသယ်မအေ ကျွဲမ မှ မဟုတ်တာ ။ ကျွဲလေး က ပေါင်ကြား ထဲ ခေါင်းတိုး နေလို့ ယားရတဲ့ အထဲ သူ့ ရဲ့ အဝှာ နေရာ ကိုပါ နို့ အမှတ် နဲ့ ဖိ ကိုက် ထားတော့ ဘယ် ကြာကြာ တောင့် ခံနိုင်ပါ့
မလဲဗျာ ။

ဒါပေမဲ့ ခဏလောက်တော့ ကျွဲလေး ကို လှည့် ခတ် ဖို့ ကြိုးစားပါသေးတယ် ။

သူ က လှည့်ပြီး ချို နဲ့ ကလော်မယ် ပြင်လိုက် ၊ ကျွဲလေး ကလည်း သူ့ အထာ ကို သိနေ သလိုမျိုး တစ်ဖက်ဘေး ကို ကပ် ရှောင်လိုက် လုပ်နေတော့တာကိုး ။ ဒီကြားထဲ ကျွဲလေး က အဝှာ ကို မလွတ်တမ်း ဖိကိုက်ထားသေးတာ ဆိုတော့ မခံစားနိုင်တော့တဲ့ ပေသီး တစ်ခါတည်း အမြီး ထောင်ပြီး ပြေးရတော့တာပဲဗျ ။

အဲဒီနေ့ က ကျွဲပွဲ လာသူ အကုန်လုံး ပေသီး ရဲ့ အဖြစ်ကို ကြည့်ပြီး မပြုံးဘဲ နဲ့ ဝါးလုံးကွဲ ရယ်ကြရတဲ့ အဖြစ်ပေါ့ဗျာ ။ ဒီ အထဲ မရယ်နိုင်တာ ဆိုလို့ ကျွဲရှင် ကိုညိုမောင် တစ်ယောက် ပဲ ။ အဲဒီနေ့ က သူ့ မျက်နှာကြီး က ပြိုတော့မယ့် မိုး လို ညိုလို့ ဗျ ။ တစ်ခုခု ကို ပြောချင်ပုံရ ပေမဲ့ သူ့ ပါးစပ် က ဘာစကား မှ ထွက်မလာခဲ့ဘူး ။

အရပ်စကား နဲ့ ပြောရရင်တော့ ထူးတော တစ်ရွာလုံး ဒီ ပွဲ မှာ မီးခိုးတိတ်တယ် လို့ ပြောရမှာပဲ ။ ဟုတ်တယ်လေဗျာ ။ ပေသီး ကို ကျိန်းသေ တွက်ပြီး တစ်ရွာလုံး ရှိသမျှ လေးတွေ ပုံအော လိုက်ကြတာ အခု ပေသီး က ပြေးပြီ ဆိုတော့ ကျွန်တော်တို့ လည်း မီးခိုးတိတ် ပြီပေါ့ ။ တကယ်တော့ ကိုညိုမောင် မစဉ်းစားဘဲ ပြောမိလို့ အခုလို ဖြစ်ရတာလေ ။

အခုလည်း သူ တစ်ယောက်တည်း မရယ်နိုင်တာ ဒါကြောင့် ပဲ ဖြစ်ရမယ် ။
တကယ်တော့ ကျွဲပွဲ လာ စပ်တဲ့ နေ့ က သူ ပြောလိုက်မိတဲ့ စကား ကို ဟို တစ်ဖက်က လူတွေ က အပိုင် နင်းပြီး လုပ်ချ လိုက်တာကိုးဗျ ။ အခုမှတော့ ဘာ သွားပြောလို့ ရမတုံးဗျာ ။

အခု သူတို့ ခေါ်လာတဲ့ တိုက်ကျွဲ ဆိုတာလေး ကလည်း ပွဲစပ်တုန်း က ပြောခဲ့သလို ကျွဲ အထီးလေးပါပဲ ။ ဒါပေမဲ့ နို့တောင် မပျက်သေးတဲ့ ပေါက်စနလေးလေဗျာ ။

ဒီ ကျွဲလေး ကို မှ သူ့ အမေ ကျွဲမကြီး နဲ့ ခွဲသိပ်ပြီး လေး
ငါးရက် လောက် နို့မတိုက်ဘဲ ခေါ်လာခဲ့တာ ဆိုပဲ ။

▢ စာကလေး  ၊ မော်ကျွန်း  ၊

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇွန်လ ၊ ၂၀၁၇

No comments:

Post a Comment