❝ ငွေကြယ်ပွင့်သစ် ❞
သူ သည် များစွာသော ဂီတပညာသည် တို့ လိုပင် သေးသေးသွယ်သွယ် လူဖလံ ကလေး ဖြစ်သည် ။
သူ့ စိတ်ဝိညာဉ် သည် ဤလောက မှာ တွယ်တာခြင်း မရှိလှဘဲ တိမ်တိုက်ကောင်းကင် ၌ လည်းကောင်း ၊ ပန်းမန်လိပ်ပြာ တို့ ၌ လည်းကောင်း ၊ ပြိုးပြက်လျှပ်နွယ် နှင့် ကြယ်စကြဝဠာ ၌ လည်းကောင်း လေလွင့် ကျက်စားဟန်ကို တစ်ခါ ကြည့်ရုံမြင်ရုံ နှင့် ရိပ်မိရသည် ။
သူ့ ဆံပင် မှာ အဖြူအကြောင် ရောထွေး ကာ ပွယောင်းယောင်း ထုံးရုံပင် ။ အရောင် ပြယ်ပြီး ရေစီးကြောင်း တွယ်ပြီ ဖြစ်သော ပဝါ ကို ဖိုသီဖပ်သီ ပတ်ရစ်ကာ ခေါင်းပေါင်းစ ကို ဂရုစိုက်၍ မရချေ ။
သူ့ ရှပ်အင်္ကျီ ဖြူစင် သော်လည်း လည်ကုပ် အနား ဖွာ စမြဲပင် ။
ယောလုံချည် နွမ်းနွမ်း ကို အိမ်တွင်း အိမ်ပြင် မရွေး နှစ်ခြိုက်ဝမ်းသာ ဝတ်လေ့ ရှိသည် ။
သူ သည် လေးလံ ထိုင်းမှိုင်းဟန် ရှိသော လူပျင်းလူလေ ရယ်လို့ ထင်ချင်စဖွယ် ရှိ သော အသက်အရွယ် ဘယ်မျှ အိုပြီ သို့မဟုတ် ပျိုရွယ်သေးသည်ရယ် လို့ မှန်းဆရ ခက် သော လူကလေး ဖြစ်သည် ။
သို့သော် သူ့ အဖို့ သူ သည် လောက မှာ အကြီးကျယ်ဆုံးသော သူ ဖြစ်လေသည် ။ အကြောင်းမူကား တိုတောင်းလှသည့် လူ့ ဘဝ ၌ ပျော်ရွှင်ခြင်း ဆိုတာ ကို တကယ် ပိုင်ဆိုင် သောကြောင့်ပင်တည်း ။
ဖွင့်ပြောရမည် ဆိုလျှင် သူ သည် နစ္စဂီတ ကို အပြစ် ဆိုသည့် ဘုရားနှင့် သင့်မြတ်လှသည် မဟုတ်ချေ ။
ဘဝ ၌ စိတ်ချမ်းသာခြင်း ၏ အရင်းအမြစ် တစ်ပင် ကို ဘာကြောင့် ငရဲစာရယ် လို့ ဆိုရက်ပါသနည်း ။
သူ့ အဖို့မူကား တေးပဉ္စင် ၌ ဈာန်သမာပတ် ဝင်သလို ဘဝင်ကျဆဲ မှာ သာ ချုပ်ငြိမ်းဖို့ရာ ဆုတောင်းမြဲ ဖြစ်သည် ။
ထိုတဒင်္ဂ၌ ဇာတိ ကို မတွယ်တာ ၊ တဏှာ ပြတ်သည်ပင် ။
ကိုယ် ၏ ဒုက္ခသုခ ငြိမ်းချမ်း၍ စိတ်ဝိညာဉ် သာ ကောင်းမွန် ချမ်းသာရာသို့ လားလျက် ရှိသည် ။
ထို တဒင်္ဂ၌ ဓားနှင့်ခုတ် ၊ တုတ်နှင့်ရိုက်သည် ကိုပင် သိမြင်ရမည်လား ဟု သံသယ ရှိသည် ။
ထို့ကြောင့်ပင် ကမ္မဋ္ဌာန်းဆရာတော် က
“ ဒကာရွှေလူ ၊ ဒကာ သည် ဂီတပါရမီ သည့်ထက် ရင့်၍ အဆုံးဘဝ ၌ ရဟန္တာ သော် လည်းကောင်း ဖြစ်လိမ့်မည် ၊ အရိမေတ္တယျဘုရားရှင် ပင် ချွတ် မနိုင်သည့် မိစ္ဆာဒိဌိ သော် လည်းကောင်း ဖြစ်လိမ့် မည် ” သို့ ဗျာဒိတ် ပေးသည် ။
ဒါကို လက်ဦး က ပင် သိပါသည် ဆရာတော် ။
သူ သည် စိတ်နှလုံး ညှိုးငယ်ခြင်း မဖြစ်ဘဲ ပတ္တလား ကို တီးခေါက်သည် ။ စန္ဒရား ကို တို့ထိ၏ ။ တယော ကို ချော့ကစားသည် ။ စောင်းကြိုးတစဉ် ၌ လက်ချောင်းတို့ လိပ်ပြာ လို ပျံသည် ။
တူရိယာ များစွာကို အသက်ဝင် လှုပ်ရှားစေပြီး ပတ္တလား ဖြင့် အသက်ရှင် နေထိုင်၏ ။
မိုးသီးမိုးပေါက်သံ ကို လည်း ဖြစ်စေ၏ ။ လျှပ်ပန်းလျှပ်နွယ် တို့ ညှိုးညင်းသံပြု၏ ။
လင်းအရုဏ်၌ စံပယ်ပွင့်များ နေ့ ကို ဖူးမြော်ကန်တော့သော တေး ကို တီးခေါက်သည် ။
သူ သည် ကဝေဆရာ နှင့် တူ၍ ပတ္တလား စသော တူရိယာများ မှာ ခေါစာ စလောင်း ပစ်ကျွေး၍ မွေးသော တစ္ဆေသရဲများ ဖြစ်လေသည် ။
ဆရာတပည့်များ ပေါင်း လိုက်သော် ထူးဆန်းသော ပဉ္စလက် အတတ် ပမာ တေး ပဉ္စင်လှိုင်း နှိုးကြွလာကာ ကခုန် ပျံလွင့်၏ ။
ယခုတော့ ကိုရွှေလူ သည် ဝမ်းကိုက်သည်ရယ်လို့ အိပ်ရာ ထဲ မလှဲစဖူး သုံးရက် မျှ ဆက် လှဲပြီးနောက် တစ်ဖက်သို့ စောင်းကာ အသာကလေး အသက်ထွက် သွားသည် ။ သူ့ ကို ဘယ်သူကမျှ သေခြင်းတရား နှင့် ဆက်ပြီး တွေးတောမိခြင်း မရှိ ။ သူ သည် အသက်ရှင် နေထိုင် ပျော်ရွှင်ခြင်း ၏ ရုပ်ပုံဖြစ်သည် ။
သူ သည် အမြဲပင် သီဆိုတီးမှုတ် နေသည် ဖြစ်ကာ သူ့ မျက်နှာ ဝင်းပမြဲပင် ။ မျက်လုံးများ ပြိုးပြက် ရွှင်မြူးသည် ။ ထို့နောက် သူ သည် သည်ကမ္ဘာ ၌ မရှိတော့ဘဲ လူသူကင်းဝေးရာ လွင်တီးခေါင် မှာ လိုလို လေနှင့် အတူ မြူးထူးသည် ။
နဂို ကတည်း က သည်မှာ တွယ်ငြိလှသည် မဟုတ် သဖြင့် သည်မှာ တွယ်ငြိခြင်း၏ သက်သေ အဖြစ် ရောဂါဖိစီး သေဆုံး လိုက်သော် အံ့ဩစဖွယ် ဖြစ်နေတာလည်း ဖြစ်ပါလိမ့်မည် ။
သူ သည် ဥဩ ၏ ရင်၌ နွေဦးသီချင်း ဖြစ်ကာပဲ ဝင်နေပြီလား ၊ စိန်ပန်းရွက် တို့ကို နှိပ်စက်ကစားသော လေ၏ မမြင်သာသည့် လက်ချောင်းဖျား ၌ ပဲ စောင့်နေသလား ၊ သည်လို တော့ ပြန်လာလိမ့်မည် မဟုတ်ပြီ ။
အကြောင်းမူကား ကိုရွှေလူ ကို အဖန်တလဲလဲ မွေးလွယ်သည် မဟုတ်သောကြောင့်ပေတည်း ။
••••• ••••• •••••
သည်လိုပင် ကျွေးမွေး ပညာသင် ပေးခဲ့သူ ဆရာ ကို အံ့သြခြင်း အသိဖြင့် မောင်သန့်စင် သတိရသည် ။
ဆရာ နှင့် ငယ်ရွယ်လှသေးစဉ် က နေထိုင်ခဲ့ရ၏ ။ ဆရာ က သူ့ ကို လမ်းပေါ် က ပမာပဲ ကောက်၍ ရခဲ့သည် ။
ထို့နောက် ဆရာကတော် သည် မီးဖိုချောင် ၌ နေဆဲ ဆရာတပည့် နှစ်ယောက် သာ ပါရမီဖြည့်ဖက် ကံစဉ်ဆက် ဆုတောင်းဖက် ဖြစ်လာရသည် ။ ဆရာကတော် သည် ဆရာ့ ကို ချစ်လိမ့်မည် ဖြစ်သော် လည်း ဆရာ ချစ်သလို မချစ်တတ် ။
မောင်သန့်စင် သည် ဆရာ ကို လည်း ချစ်သည် ။ ဆရာ ချစ်သည် ကိုလည်း ချစ်သည် ။
ဆရာ သည် တီးမှုတ်သီဆို နေဆဲ တန်ခိုးအင်အား ကြီးကျယ်စွာ ထွက်လာသည် ဆိုတာကို ဘယ်သူ မြင်သေးသည်လဲ ။
ဆရာ သည် နစ်မြော သွားသလို အသက် ရှူထုတ်သည် ကို မျှ မသိမြင်တော့ဘဲ ရှိစဉ်မှာ အေးမြ၍ အဓိပ္ပာယ် ပြန်ရ ခက်သော မျက်ရည် ကို ဘယ်သူ ကျတတ်သေးသည်လဲ ။
မောင်သန့်စင် သည် ဆရာ နှင့် အနီးကပ်ဆုံး လူ ဖြစ်သည် ။ အကြောင်းမူကား ဆရာ နှင့် ဂီတ တို့ ခွဲစိတ် မရနိုင်ဆဲ ကို ကြားဝင်၍ ရောထွေး နိုင်သည့် အတတ် ရှိသောကြောင့်ပင် ။ ထို့ကြောင့် တစ်ယောက် ယောက် ကို ကျေးဇူး တင်ချင်မိသည် ။
မောင်သန့်စင် က အများအားဖြင့် သီဆိုသည် ။ ဆရာ က မောင်သန့်စင် ကို အသံ သာ သဖြင့် ချစ်သည် ထင်သည် ။
ဆရာ့ မျက်စိ၌ အခြား ချစ်စရာ ရှိမည် မထင် ။ မောင်သန့်စင် ၏ ကြီးကောင် မဝင် သေးသော အသံ ကို အားရလေ့ ရှိသည် ။
ထို့နောက် ဆရာ့ ပါရမီ ကို အသက် ထောင်နှင့်ချီ ရှည်လျားသော သီချင်းကြီး
သီချင်းခန့် တို့ ဖြင့်ရောကာ မောင်သန့်စင် အသံဖြင့် မြက်ရိုင်းတော သို့လည်း ဝင်စေသည် ။
မြေပြန့် သို့လည်း လှိုင်စေသည် ။ မနုဿလောက အဖို့ သာ ဆိုလျှင် ကျဉ်းမြောင်း လှသည်တကား ။
တေးပဉ္စင် သည် လိပ်ပြာ၏ အလှကို ပန်းအလှ ကို ကြီးကျယ်ကာ အံ့ချီးပင် မကုန်နိုင်ဖြစ်ကာ လောကသုံးပါး ၌ အကျုံးဝင်လေသည် ။
ဆရာ သည် ဟိုဘက်စွန်း နှင့် သည်ဘက်စွန်း သို့ အစွမ်းကုန် ရောက်ချင်သည် လို့ လည်း မောင်သန့်စင် စွပ်စွဲချင်တတ်သည် ။
“ အသံ ကို တက် လိုက်ပါဦးကွယ့် သားရဲ့ ၊ တက်လိုက်ပါဦး ၊ တက်လိုက်ပါဦး ” စသဖြင့် ထပ်တလဲလဲ ပင် ဆိုတတ်သည် ။
သူ့ အသံသည် ဆရာ့ အပါး ၌ တက်လို့ပဲ ဆုံးလိမ့်မည် မဟုတ်လို့ ထင်ရအောင် အသံ ကို တစ်လုံး မှ နောက်တစ်လုံး သို့ သူ တက်သည် ။
တဖြည်းဖြည်း စမ်းသပ် တက်ရာက အသားကျအောင် လောက ၌ အသံစဉ်ရှိသမျှ ကို သူ နိုင်နင်းပြီ လို့ ထင်လာရသည် ။
သို့လျှင် ဆန်းကြယ်သော တစ်သံ ကို လေးပြန် အထိ တက်နိုင်ခြင်းမျိုး စတင် လာလေ၏ ။
“ ဟဲ့ ဒါမှ အမေ မမွေး ဖေဖေ မွေးတဲ့ သား ” ဟု ဆရာ က ဆိုသော် မောင်သန့်စင် သည် ရှိုက်ကြီးတငင် ငိုချလိုက်ရလေသေး၏ ။
ဆရာကတော် သည် ဆရာ သေသော် အလောင်း ကို ရှုလို့ မဝ ရှိသည် ကို နားလည်လို့ မရချေ ။
ဆရာ့ ရုပ်ကို ချစ်တာဟာ ဆရာ့ ကို ချစ်တာလား ။ ကိုယ် တော့ မသိ ၊ ဒါမှမဟုတ် ဆရာ့ ကို မချစ်သူ မှာ မောင်သန့်စင် သာ ဖြစ်ပေလိမ့်မည် ။
ဆရာ ဖျားနာသည် ကို သူ သနားကြင်နာ လုံးဝ မဖြစ် ၊ ဆရာ အခင်းကြီး အခင်းလေး စွန့်ပေးဖို့ ကို သူ အနား မကပ်နိုင်အောင် ရွံရှာသည် ။
သို့သော် ဆရာ့ လက်ချောင်းများ ကို သူ နှမြောနှမိ ရှိလှသည် ။
လှိုက်လှဲတတ်သော ဆရာ့ ဘဝင် ကို ခုံမင်၏ ။ ဆရာ့ ပါရမီ နေထိုင်မည် ထင်ရ သော ဆံပင်ဖြူကြောင် ရောထွေးသည့် သျှောင်ထုံး ပွရရွ ထုံးသော ခေါင်း ကို နှစ်လို၏ ။
ဆရာ သေဆုံး သွားမည်လား လို့လည်း မပူပင် ၊ ဆရာ ခုလို သူတကာ လို အိပ်ရာ ၌ နာမကျန်း ဖြစ်သည် ကို စက်ဆုပ်ကာ ဆရာ သည် ခေါင်းရင်း ၌ ခါတိုင်းလို ထိုင်ကာ ပတ္တလား ကို အသံ သည့်ထက် သည် မလုံနိုင်တော့အောင် တီးခေါက်၍ ပဒုမ္မာကြာများ တစ်ပြိုင်တည်း ပွင့်အာ လာသည်ကို မြင်သော အသံ ကို ပြုကာ ဗျိုင်းဖြူများ ရေ မှ ထပျံကြသည့် အသံ ကို ဖြစ်စေ ဘာသာမြင်လို၏ ။
သို့သော် ဆရာ သည် ပြန်လည် မထတော့ဘဲ မလှုပ်မယှက်သာ ကျန်လေပြီ ။
“ အမယ်လေး တော်ကြီး လုပ်ပုံ ကောင်းပါပေရဲ့လား ” ဟု ဆရာကတော် က အပြစ် တင်သံ နှင့် ငိုသည် ။
ဘာကို ဆိုလိုသည်တော့ မသိ ။ အသက် ရှင်စဉ် က သူများ နည်းတူ ကောင်းမွန် ချမ်းသာအောင် မထားခဲ့လို့ပေလား ။
ရွှေလက်ကောက် တံတောင်ဆစ် ပြည့်အောင် မဆင်ခဲ့လို့ပေလား ၊ မောင်သန့်စင် သည် ဆရာ့ ကို ထောက်ထား သဖြင့် ဆရာကတော် ကိုပဲ ကျွေးမွေး ထောက်ပံ့ဖို့ ကြိုးစားရမည်လား ။
သို့ရာတွင် စားသောက် နေထိုင်ဖို့ ပိုက်ဆံ ရအောင် ရှာရန်မှာ သူ့ အလုပ် ရယ်လို့ ထင်လို့လည်း မရ ။
သူ လုပ်ချင်သည် မှာ ဆရာ့ လို ပတ္တလား နှင့် အသံ စမ်းပေးရင်း ...
“ အသံ တစ်လုံး တက် လိုက်ပါဦးကွယ့် သားရဲ့ ” ဟု ဇွတ်အဓမ္မ ခိုင်းမည့်သူ ကို ရှာခြင်းပင် ဖြစ်၏ ။
သူ သီချင်း ဆိုသည်ကို ရပ်လိုက်ရမှာ ကြောက်တာသာ ရှိလေသည် ။
“ ကိုဘခက် နဲ့ သီချင်း တက်ပေါ့ ” ဆရာကတော် က ဆိုသည် ။
“ မင့် ဆရာ က ပြောရှာတယ် ၊ တဖွဖွ ငါ သေတောင် ဒီကောင်လေး ပညာ မလစ်ဟင်း ပါစေနဲ့ လို့ ပြောရှာတယ် ၊ ပါရမီ အင်မတန် ထူးတဲ့ သူငယ်မို့ ဘခက် လက်ထဲ အပ်ပါတဲ့ ။ ဘခက် လည်း တီးနိုင်တာပဲ ၊ ဆရာ့ တီးကွက်တွေ အကုန် ရထားတာပဲ သားရယ် ၊ အားမငယ် ပါနဲ့ ” လို့ ဆရာကတော် က အားရကြည်ညိုစရာ ပြောလေသည် ။
မောင်သန့်စင် သည် ဆရာ့ ပတ္တလား ကိုလည်း ရလိုက်သည် ။ ကိုဘခက် လက်သံ နှင့် ဆိုရပြန်သည် ။
သူ့ အသံတစဉ် ကို လေးပြန် တက်လို့ ရသော အသံဖြင့် ဆရာ သင် တုန်းက တစ် သဝေမတိမ်း သင်သလို ဆိုနိုင်သလို ကိုဘခက် သင်သည် ကို လည်း ဆိုနိုင်ပြန် ။ သို့သော် သူ့ ၌ ဘာကို မှန်း မသိ မကျေနပ်သော စိတ် တိုးပွားလာသည် ။
ဆရာ ကိုရွှေလူ နှင့် တုန်း ကလို အတိုင်း မသိ ပျော်ရွှင်ခြင်း လျော့ပါး သွားသည် ။
သူ သည် ကိုဘခက် ပတ္တလား တီးဟန် ကို မကျေနပ်ဘူး လိုလို ပြောချင်ပြန်လည်း သူ က တစ်လုံးမျှ မတီးခေါက် နိုင်တော့ ပြောရခက်သည် ။
သို့သော် သူ့ လက်ဖျားများ သည် လှုပ်ရှားယားကျိပြီး ဆရာ့ ပတ္တလား ကို တယု တယသိမ်းရာ က ထုတ်ကာ တို့မိခေါက်မိကာ စိတ်ပျက် တစ်ဝက် ၊ အားတက် တစ်ချက် ဖြင့် ထံတျာတေရှင် စတင် မိလေသည် ။
သို့သော် အသက် ကို တစ်ဝ ရှူကာ အသံ ကို တက်ချင် သလောက် တက်၍ အံ့အား သင့်နေသော ပရိသတ် ရှေ့မှာ သီချင်း ဆိုလိုက် တာသာ ကျေနပ်ဖွယ် အကောင်းဆုံး ဖြစ်လေ သည် ။
••••• ••••• •••••
ကိုဘခက် နှင့် တွဲဖက်ရသည်၏ ရလာသော အဖြေ တစ်ရပ် မှာ သူ ၌ မာန်မာန တက် လာခြင်း ဖြစ်၏ ။
သူ သည် ဆရာကိုရွှေလူ နှင့် တုန်းကလို ယုန်ပမာ ကျုံ့၍ ဆိုတုံ့မဝံ့ စောင်မာန် သည် မရှိတော့ ။
“ ကျွန်တော် ဒီလို အသံ ကို မြှင့်ပြီး ဆွဲတုန်းမှ အကွက်များများစေ့စေ့ နဲ့ ကစားပစ် လိုက်ရင် မကောင်းလား ၊ ပြီးတော့ ကျွန်တော် သိပ်ပြီး လှည့်ပတ်ဆိုနေတုန်း အသံတက် ထားတာကို အပင်ပန်းခံ ထိန်းနေတုန်း ပတ္တလား ကို အလုံးများများ တီးတော့ ကျွန်တော့် မှာ ဆိုရကျိုး မနပ်ဘူး ဦးလေး ရ ၊ အဲဒီ အချိန်တုန်းမှာ ပတ္တလား ကို လုံးလုံး မတီးဘဲ ခဏနား လိုက်ရင်တောင် ကြိုက်တယ် ”
ကိုဘခက် သည် စိတ်နှလုံး သေးသိမ်သူ ထင်သည် ။
သည်လို ပြောသည် ကို နားထောင်လိုခြင်း မရှိ ။
မျက်နှာပျက်ပျက် နှင့် ပြုံးဖို့ ကြိုးစားသည် ။
သူ သည် ဆရာကိုလူရွှေ အကြောင်း ပြောသည် ကို ပင် ဝမ်းသာအားရ နားထောင် လိုသူ မဟုတ် ။
“ မောင်သန့်စင်ရေ မင်း အသံ ဟာ ဒီအတိုင်း မနေပါဘူးကွ ၊ မင်း အသက် ၁၇ နှစ် ကျော် လာပြီ ။ သီချင်း ဆိုလို့ ရနေတာ ကျေးဇူး တင်ရဦးမယ် မောင် ၊ တော်ကြာ ကြီးကောင်ဝင် လာတော့ သံမှန် နဲ့ ဆိုတာတောင် အိုးကွဲကြီး လှိမ့်သလို နေဦးမှာ ”
ကိုဘခက် က ရယ်မောဆဲပဲ မောင်သန့်စင် သည် ထိတ်လန့်ခြင်းကြီးစွာ ဖြစ်လေသည် ။
ခု အသံကို ထင်သလို လှည့်ကာ သူတကာ နှင့် မတူအောင် တစ်သက် မှာ တစ်ခါ ကြုံ သည့် လေးပြန် အသံ ထက် ဆိုနိုင်ခြင်း မျိုးဟာ မသေခင် ပျောက်ပျက်ဦးမယ် ဆိုတာ ဟုတ်နိုင် ပါ့မလား ။ အဖေကိုလူရွှေ ကတော့ ဒီ အသံမျိုး ကို ကမ္ဘာလောက မှာ ရံဖန်ရံခါ ကြားရသည် လို့ ဆိုသည် ။
အကြင် ရတနာသည် တစ်ခဏ မျှသာ တည်တော့မည်လားကွယ် ။
တစ်မွန်းတည့် မျှ မခံတော့ပြီလား ။ မောင်သန့်စင် သည် တစ်နေရာ သို့ ပြေးသွား ငိုယိုချ င်လှ၏ ။
“ အသံ ပြောင်း သွားတော့ကော ပြောင်းတဲ့ အသံ နဲ့ ဆိုလို့ မရတော့ဘူးလား ” ဟု မေးလျှင်
“ ရသင့် သလောက်တော့ ရမှာပေါ့ကွ ” ဟူသော အေးစက်စက် အဖြေ ကို ရလေသည် ။
မောင်သန့်စင် သည် ကိုဘခက် ကို သည်းခံ၍ ပေါင်းသင်းလျက် ရှိလေသည် ။ ဆရာ ကိုလူရွှေ နှင့် တုန်းက ထက် သူ သိတတ်လာရသည် ။
လောက၌ စုံမက်အပ်သည် ဟူသမျှ ကို အဖိုး အနည်းငယ် နှင့် မရနိုင်ဘူး ဟု ယူဆလေ၏ ။
တစ်ခါတစ်ရံ အားမလို အားမရဖြင့် သူ့ ရင်ဘတ် ကို သူ ကုတ်ခြစ် ဆွဲဖဲ့ချင်၏ ။
သူ့ အသံ ကိုတော့ နိုင်နင်းတုန်းပင် ရှိသေး၏ ။
သို့သော် ပတ္တလား ကို တစ်နေကုန် ထိုင် တီးလျက် ရှိလေသည် ။ ကိုယ့် ဘာသာ တီး ကိုယ့် ဘာသာ ဆို သည် ကို လည်း လေ့ကျင့်ရ၏ ။
ပတ္တလား တီးလို့ လည်း ကောင်းလာ၏ ။
ကိုဘခက် တီးနိုင်သည် လောက် ကို လိုချင်သည် တော့ မဟုတ် ။
တီးကွက် အားလုံးကို ရသည်ရယ် လို့ ကိုဘခက် တီး လည်း ကိုရွှေလူ တီးသည် မဟုတ် ၊ ကိုရွှေလူ လက်သံ မဟုတ် ။
မောင်သန့်စင် သည် ပရိသတ် ကို တဖြည်းဖြည်း ရှောင်သည် ။
အမှန်စင်စစ် အင်မတန် ကြောက်ရွံ့နေခြင်းသာပင် ။
အသံ လွှင့်ပြန်လည်း ဓာတ်ပြား သွင်း ပြီး မှ ပြန် ဖွင့်စေသည် ။
ထိုအချိန်မှာ အပြင်၌ မောင်သန့်စင် သီချင်း မဆိုနိုင်တော့ ။ အသံ ပြောင်းသွားပြီ ဟူ၍ သတင်းပင် ဖြစ်သည် ။
ဓာတ်ပြားများ ကိုလည်း ယခင် ဆိုနိုင်စဉ်က သွင်းထားသည် လို့ပဲ ယုံကြည်ကြသည် ။
ထို့ကြောင့် ပရိသတ် ရှေ့မှာ သူ ဆိုနိုင်သေးတာ အမှန်ပဲ ဆိုတာ ပြဖို့ လိုလာသည် ။
“ မင်း သိပ် ကြောက် နေတာကိုး ၊ ဆိုနိုင်သေးတာပဲ ၊ ဆိုပြလိုက်ပေါ့ကွ ၊ ဒီ နွေရာသီ မှာ ပွဲတကာ ဝင်ပြီး သာ ဆိုလိုက်ပါကွ ၊ နောက် နွေမှာ မင်း အသံ မင်း တောင် ကြားရပါ တော့မလား ”
ဘခက် က သည်လို အပြောမျိုးနှင့် တိုက်တွန်းသည် ၊ မောင်သန့်စင် သည် ပို၍ ပင် ကြောက်ရွံ့ သွားသေး၏ ။ ဆရာကိုရွှေလူ သာ ရှိလျှင် ...
သို့သော် သူ သည် ဆရာကိုရွှေလူ ကို ကောင်းစွာ သတိ မရပြီ ။
ဆရာ ပတ္တလား တီးသည့် အခါသာ သူ့ လက်သံကို ကြားယောင်နေ၏ ။ ထူးဆန်း သည် မှာ ဆရာ့ တီးကွက်နှင့် လက်သံဟန်ပန် ကို သူ စိုးစိမကျန် မှတ်မိခြင်းပင် ။ ဒီ နေရာ မှာ ဆရာ က ကြောင်လေ့ ရှိသည် ။ သူ က လည်း လိုက်၍ ကြောင် ဆိုခဲ့တတ်သည် ။
သူ တို့ ဆရာတပည့် နှစ်ယောက် သည် ဘာမှ မပြောဘဲ တစ်ယောက် နှင့် တစ်ယောက် နားလည်ကာ မျက်လုံးချင်း ဆုံ၍ ပြုံးခဲ့မြဲပင် ။
ဒီနေရာ မှာ ဆရာ က “ ကြောင် ” လေ့ ရှိသည် ။
ကိုဘခက် က မကြောင်ဘဲ တီးသည် ။ ဒါ ကွာတာပဲ ။
ဆရာ က ဒီနေရာ မှာတော့ လုံးပြည့် မတီးဘဲ တစ်ဝက် သာသာကလေး သာ ရအောင် လက် ကို ဆပြီး တီးခေါက်သည် ။
ကိုဘခက် က အပြည့် ရအောင် တီးသည် ။
မောင်သန့်စင် သည် ကိုယ်တိုင် တီးမှုတ်မှ ဆံတစ်မျှင် မျှ ခြားနားပုံကလေးတွေ ကို မြင်သိလေသည် ။
လူ ရှေ့မှာ သီချင်း ဆိုဖို့ကို ရက်ရွှေ့ ရွှေ့လာဆဲ ။ ပတ္တလား တီးနေမိ၏ ။
ဆရာကိုရွှေလူ လက် သည် သူ့ လက် ဖြစ်လာပြီး ဆရာ ဒီလို တီးတာပဲလို့ စဉ်းစား မနေတော့ဘဲ သူ့ ဘာသာ စိတ်ကူး ရ၍သာ တီးမိ သလို ရှိလေသည် ။
ဘယ်လိုပင် ရှောင်လည်း မရ ၊ သူ သည် တစ်ကြိမ် တစ်ခါမျှ ဖြစ်စေ လူ ရှေ့မှာ သီချင်း ဆို လိုက်မှ သူ့ ဂုဏ်သရေ ဆယ်မိမည် ။
ခုတော့ သူ့ ကို လူညာပဲရယ် လို့ ထင်ကြလေပြီ ။
ကာလပေါ် တစ်ပုဒ်ကို ဆိုလိုက်လျှင် တော့ ဖြစ်ပါသည် ။ သို့သော် ကာလပေါ် သီချင်း အားဖြင့် သူ့ ဂုဏ် ကို ဆယ်ရမည် မှာ ရာဇဝင် ရိုင်းလှသည် ထင်၏ ။
ယခုခေတ် သီချင်းရေး ဆရာများ ကို တစ်ယောက် မှ အထင်ကြီးလှသည် မဟုတ် ။ သူတို့ ၏ သီချင်း ကို ဆိုရမှာ သူ့ အသံနှင့် မတန်ဘူး ထင်သည်မှာ အမှန်ပဲ ။ သူ့ အသံ နှင့် ဆိုနိုင်ခြင်း ကို ပြလိုက်ခြင်း အားဖြင့်တော့ ကာလပေါ် တစ်ပုဒ် ကို ဆိုလို့ မဖြစ် ။ သည်တော့ ဘုံပျံနေနန်း ကို ဆိုလိုက်ချင်သည် ။
ပထမ သံမှန် နှင့် ဆိုပြီး နှစ်ပြန်သံ တက် ဆိုကာ နောက်ဆုံးမှာ လေးပြန်သံတက် နှင့် ဆိုမည် ။
သည်တော့ ယခင် က လို တစ်ဆင့် စီ တက်၍ ဆို မနေလည်း သူ ဆိုပြနိုင်သေး သည် ဆိုတာကို သိကြမည်ဖြစ်၏ ။
နားထောင်သူ တစ်ပုဒ် တည်း ဖန်တလဲလဲ နားထောင်ရအောင် ရှည်သည့် သီချင်း ကို ရွေး ၍ ပိုဒ်ဖြတ် ဆိုရမည် ။ ဘုံပျံနေနန်း က ချီလာပြီး
“ သန်းယိမ်းလွန်လဲ ပျော်လို ၊
သက်ကယ်ဖိုဖို ၊
ငိုခင်းပြောင်း ... ”
ဟု တစ်ခဏ အချတွင် အသံ ကို လည်း နှစ်ပြန် တက်၍ ပြောင်းရမည်ပင် ။ သည် မှ မြမြမောင်းမောင်း ကို ဆိုမည် ။
“ လဲ့ ” နေရာ မှာ အားရပါးရ အသံ ၏ အောင်ခြင်း ကို ပြရမည် ။ “ လဲ့ ” ပြီးသော် “ ရွှေလရောင်ခြည် ၊ ဘရဂုဏီနှင့် ၊
စုံညီထွန်းလှာ ပြန်တော့မယ် ” ဟု တစ်ဖန် ခဏ ချရလျှင်တော့ အပင်ပန်းဆုံးသော လေးပြန့်သံတက် ဖြင့် စုံသာမြိုင်လယ် ကို ချီရတော့မည်တည်း ။
သူ့ အပါး၌ ကိုဘခက် သည် ပတ္တလား နှင့် အသင့် ရှိသည် ။ သူတို့ ထိုင်သော သင်ဖြူးကလေး မှာ ချောမှုန်ကာ ကတ္တီပါစိမ်းကွပ် အသစ်စက်စက်လေး မို့ မွှေးကြိုင် နေလေမည်လား လို့ မဆီမဆိုင် တွေး၏ ။
ပရိသတ် ကို ဟိုအဝေး ထိ မှုန်ဝါးသွားသည် ကို မြင်ရ၏ ။ နိုင်ငံခြား သံရုံးများ မှ လည်း လာကြမည်ပေါ့ ။ သူ့ ကို ကမ္ဘာ အနှံ့အပြား သို့ ခေါ်ဆောင်သွားမည် လို့ သတင်း သန့်သန့် ကြားဖူး၏ ။
သို့သော် သူ သည် ကြီးပြင်းလာခြင်း ကို ငြင်းဆန်တန့် နေလို့ မရသည်ကို ဝမ်း နည်းရလေတော့သည် ။
နိုင်လွန်ကတ္တီပါစိမ်း ကန့်လန့်ကာ ကို လျင်မြန်စွာ ဖွင့်လိုက်လျှင် ပရိသတ် ချက်ချင်း ငြိမ်သွားသည် ကို သိလိုက်ရ၏ ။
အားလုံး တိတ်ဆိတ်လျက် ရှိလေသည် ။ မိုက်ကရိုဖုန်း မလိုပါဘူး ဟု တွေးသေး ၏ ။ သို့သော် တစ်ဖက်ခန်း ၌ သူ့ သီချင်း ကို ဓာတ်ပြား သွင်းမည့်သူများ လည်း ရှိသေးသည် ။
သို့လျှင် လူ့ ဘဝ၌ ပျော်ရွှင်ဖွယ်ရာများ ကို မြင်ရပေ၏ ။
သက်တံကြီး ကွေးညွတ် ကာ မိုးပေါ် က ကျလာသည် ကို တွေ့ ၏ ။ သူ့ ကို သိုင်းခြုံ ကာ ပြိုးပြိုးပြက်ပြက် ထိန်ဝင်းယှက်သန်း သွားသည့် နေမင်း ၏ အလင်းရောင် ခုနစ်မျှင်တန်း ကြားမှ သူ့ နှလုံးသည် ပူနွေး သွေးကြွလျက် ရှိသည် ။
သက်တံ ကျ မလာလည်း ကြယ်နဂါးငွေ့တန်း သည် ငွေရည်ဖြင့် စေးချွဲနွဲ့ယှက် ကာ တွဲရရဲ ဆွဲလာသည် ကို သူ လက်လှမ်းမီရာ မှာ တွေ့ ရမည်တည်း ။
သူ သည် အလှအပ ချမ်းသာသုခ ဆိုသည်ကို ထူးဆန်းစွာ အကောင်အထည် အဆင်အကွက် ဖော် နေသည့် ကြား၌ မရပ်မနား ပြေးလွှားလျက် အချိန်နာရီ ဆိုသည် ကို မသိမြင်ဘဲ ရှိစဉ် လက်အုပ် ချီမိလေ၏ ။
အများ ကိုးကွယ်သော ဘုရား အစား မြဝတီမင်းကြီးဦးစ ကို ဦးထိပ်ဖျား ၌တွေ့ကာ ဗလာဟင်းလင်း ဝတ္ထုပစ္စည်း မဲ့သော လက်ချည်းသက်သက် ဖြင့် ကန်တော့ခန်း သာ ဆင်ရ၏ ။
သို့သော် သူ့ အသံ သည် ဘဝင် ကို ပင် လွှမ်းသည် လို့ ထင်ရလေ၏ ။ ဒါသာ ကန်တော့ပန်း အဖိုးတန် ဖြစ်၏ ။ ထို့နောက် သူ့ မျက်လုံးမှ ဝေမှိုင်းငွေ့များသည် အရည် ပျော်ကာ ကျပြီး ခေါင်းငိုက်စိုက် နှင့် ငိုရှိုက်လျက်သာ ကျန်ဆဲ ။ ကိုဘခက် သည် ပတ္တလား အသံ ကို ချ ၊ လူသူလေးပါးသံ ၊ လက်ခုပ်တီးသံ တို့ကို ကြားလာရလေ၏ ။
ထိုနောက်တော့ သူ သည် အသက်ရှင် နေရခြင်း တစ်ခု အတွက်ပင် ကံကြမ္မာ ကို ကျေးဇူးတင် မဆုံးရှိသည် ။ သူ သည် ကိုရွှေလူ လို သေသေးသည် မဟုတ် ။
မသေသေး လျှင် သူ သည် အံ့ဩဖွယ်ကို မြင်၍ အံသြဖွယ် ကို ကိုယ်တိုင် လည်း ပြုနိုင်မည် ဖြစ်လေ၏ ။
အမော အနည်းငယ် ပြေသော် သူ့ နှုတ်ခမ်းစွန်း မှ သွေးစ ကို လက်ကိုင်ပဝါ မှ မြင်သည် ။
လည်ချောင်း အနည်းငယ် ကွဲ သွားတာပဲ ဖြစ်ပါလိမ့်မည် ။
သည်လို တစ်ခါ နှစ်ခါ ဖြစ်ဖူးသည် ။ ပြီးတော့ လည်ချောင်း ၌ တစ်နေ့ ထက် တစ်နေ့ ရင့်ရော် လာသော အရိုးနုများ ဖြစ်အင်ကို ငြူစူမိ၏ ။
ဆရာဝန် ကတော့ ခွဲစိတ်ကုသ လျှင် ရသည်လို့ ပြောဖူးသည် ။ သည်တစ်ခါ အားရအောင် ဆိုပြ ပြီးပြီ မို့ တခြား ကိစ္စတွေ လုပ်မည်လေ ။
ပရိသတ် က ထပ် ဆိုခိုင်း ပြန်သေး၏ ။
သည်တော့ ခပ်တိုတိုပင် ဆိုရမည်ထင်သည် ။
ကိုဘခက် က အသံ စမ်းကာ နေဆဲ မောင်သန့်စင် သည် ချွေးသီးချွေးပေါက်များ ထွက်လာလေ၏ ။
သူ့ အသံ ကို ထုတ်လို့ မရချေ ။ အော်ဖို့ ပြင် ကြည့် လျှင် ခုနကလို မဟုတ်တော့ဘဲ ချက်ချင်း ဆို့ယောင် လာသလို ရှိသည် ကို လည်ချောင်း ၌ ခံစားရကာ လက် နှင့် ယောင်ယမ်း စမ်းမိသည် ။
သေဆုံးခါနီးလူ ကြောက်လန့်တာမျိုး ဖြစ်လာသည် ။ ဘုံနန်းမြင့် က ကျလာသည့် နတ်သမီး ကို သတိရ၏ ။
“ ဦးလေး ဆိုလို့ မရတော့ဘူးဗျ ” ဟု အထိတ်တလန့် ပြောမိ၏ ။ စကားပြော တာပင် အသံ ကောင်းစွာ မထွက်ဘဲ အက်ကွဲ နေ၏ ။
“ ချက်ချင်း ဘယ်လို ဖြစ်တာလဲ ၊ ဒုက္ခပါပဲ ” ဟု ဆိုဆဲ ။
မောင်သန့်စင် သည် ဘာမျှ ပြော မနေတော့ဘဲ ကိုဘခက် ကို ညင်ညင်သာသာ တွန်း လိုက်၏ ။ ပြီးတော့ ပတ္တလား ဝင်၍ တီးသည် ။
ပတ္တလား ၌ သူ ၏ ဒုက္ခ ဝေဒနာတို့ ကို ဖြန့်ချ လိုက်၏ ။ ဝမ်းနည်းခြင်း ၊ ယူကျုံးမရခြင်း ၊ ဆုံးရှုံးရသည် ကို နာကြည်းခြင်း တို့ သည် ချစ်သူ့ မျက်ရည်လို လေးတွဲ့ ကျလာကာ ပတ္တလားရွက်များ ပေါ် မှာ လူးလွန့် နေတယ် ထင်ရလေ၏ ။
သူ့ လက်များ တုန်နေ သော်လည်း တေးသံသည် ပိုလို့ ဆွေးမြေ့ဖွယ်သာ ဖြစ်စေ၏ ။
ပတ္တလား တီးလို့ ကောင်းလာ၏ ။ သီချင်း ဆိုလို့ ကောင်း သလိုပင် ကောင်းလာ၏ ။ ဒါ ပထမဆုံး အကြိမ် ခံစားရခြင်း ဖြစ်၏ ။
ထိုခဏ၌ စိမ့်စမ်းအင်းအိုင် နှင့် ရေညှိနွယ် တွယ်ကပ်သော ကျောက်စခန်း ဆီ သူ ရောက်သွားကာ ဘဝ ကို မေ့မြောနစ်ခြင်း ဖြစ်ပြန်လေသည် ။
ပျော်ရွှင်ခြင်း သည် ပြန် လာကာ သူ သည် မရပ်မနား ပြေးလွှားလေလွင့် နေသော ဝိညာဉ် သာ ဖြစ်နေ ပြန်လေ၏ ။
သည်တော့ ဆရာကိုရွှေလူ အသက်ရှိခဲ့ဖူးသည် ဆိုတာ ကို လည်းကောင်း ၊ သေဆုံး သွားသည် ဆိုတာ ကို လည်းကောင်း ၊ သူ ကြီးကောင် ဝင်၍ အသံ ပြောင်း သွားသည် ကို လည်းကောင်း ၊ ကိုဘခက် ပတ္တလား တီးတတ်သည် ဆိုသည် ကို လည်းကောင်း ၊ မေ့လျော့ပစ်ရတော့မည် ဖြစ်လေ၏ ။
အကြောင်းမူကား သူ သိမြင်လေပြီ ။
▢ ကြည်အေး
📖 ရှုမဝ မဂ္ဂဇင်း
အမှတ် ၁၃၆
စက်တင်ဘာ ၊ ၁၉၅၈
No comments:
Post a Comment