Tuesday, February 18, 2025

အဖေ့သား


 

❝ အဖေ့သား ❞
( ဘိုးရာဇာ - ထီလာ )

“ ပြောရက်တယ် ရှင် ပြောရက်တယ် ၊ ရှင် မို့ ယောက်ျား မဟုတ် သလိုပဲ ပြော ရက်တယ် ၊ အံ့သြပါရဲ့ ရှင် ။ ဒီလောက်တောင် ရက်စက်ရအောင် ဟာ အစက ဒီလောက် ရက်စက်မယ် ထင်ရင် ... ကျွန်မ လေ မပြောချင်ပါဘူး ”

ဟု ခင်ရီ မှာ မျက်ရည်ကလေးတွေ ကျဆင်းလျက် မိမိ ရှေ့ရှိ ရေနံဆီ မီးခွက်ကလေး ကို စိုက်၍ ကြည့်ရှုပြီး အခဲ မကျေနိုင်ဘဲ စိတ်ရော မာန်ပါ ပြော ဆို၍ နေလေ၏ ။ ၎င်း ၏ ပါးလွှာသော နှုတ်ခမ်းကလေး မှာ ကိုက်၍ ထားသော် လည်း တလှုပ်လှုပ် နှင့် ရန်တွေ့ လိုသေးဟန် ရှိပေ၏ ။ အချိန် မှာ တိတ်ဆိတ်သော အချိန် ဖြစ်လေ၏ ။ မြောက်အရပ် မှ ဖြည်းညင်းစွာ တိုက်ခတ် လာသော လေအေးကလေး သည် ၊ ဆွေးလျက်ရှိသော ခင်ရီ ၏ နှလုံးသား ကို မုန်းထား သည့်အလား ပိုမို၍ အေးစေ၏ ။ ရေနံဆီမီးခွက်ကလေး ၏ မှေးမှိန်သော အလင်းရောင်ကလေး တွင် ခင်ရီ ၏ မို့မောက်သော ရင်သားကလေး မှာ လှိုင်း ဂယက် ထနေဘိအလား အငြိမ် မနေရှာချေ ။ ၎င်း ၏ ညစ်နွမ်းသော အင်္ကျီသည် လည်းကောင်း ၊ အရောင်အဆင်း မရှိသော ထဘီသည် လည်းကောင်း ၊ ကပိုကရို နှင့် ဆီ မရှိသော ဆံပင်သည် လည်းကောင်း မခင်ရီ အား မကျန်းမမာ သော အခြေအနေ ကို ပိုမို၍ ဆိုးဝါးစေ၏ ။ ခင်ရီ မှာ မိမိ ၏ အေးချမ်းသော ကိုယ်ကာယကလေး ကို ဂွမ်းစောင်ဟောင်းကလေး တစ်ထည် မှ တစ်ပါး နွေး အောင် လုပ်နိုင်သည့် အရာမှာ အနီး ရှိ ခေါင်းငုံ့၍ နက်နဲစွာ စဉ်းစားဟန် ရှိသော မောင်လွင် ပင် ဖြစ်၏ ။ မောင်လွင် သည် ခင်ရီ  ပြောသော စကားကို တွေးတော ဟန်ရှိ၏ ။ သို့သော် ၎င်း ၏ အမူအရာမှာ အလွန် ပြောင်းလဲခြင်း မရှိလှပေ ။ ဆိတ်ငြိမ်ခြင်း သည် လွှမ်းမိုးလျက် ရှိသေး၏ ။

ခင်ရီ မှာ သက်ပြင်း ချလိုက်ပြီး စွန့်စားတော့မည့် လက္ခဏာ ပေါ်ပေါက် လာလေ၏ ။

“ ကိုင်း ... ကိုလွင် ရှင့် ကို ဒီတစ်ခါ ကျွန်မ နောက်ဆုံး တောင်းပန်ခြင်း ပဲ ၊ အဲဒါ သုံးရက် အတွင်း ရှင် ကျွန်မ စိတ်အေးအောင် လုပ်ရင် ကျွန်မ အသက် ရှင်မှာပဲ ၊ နို့မဟုတ်လျှင် ဒီတစ်သက် မှာ ရက်ကြာကြာ မထားဘဲ ကျွန်မ ကိုယ် ကို ကျွန်မ  အဆုံးစီ,ရင်တော့မယ် ကိုလွင် ၊ ပြန် ပြန် ကိုလွင် ကြာရင် ကိုလွင့် အမေ ဆူနေဦးမယ် ”

ယခု ခင်ရီ ၏ ပါးစပ် မှ ထွက်သော စကား မှာ ယခု အသံ နှင့် မတူ အသည်း နှလုံးနှင့် ကျောက်ကပ် ကြား မှ ထွက်ပေါ် လာသော အသံ ဖြစ်ပေ၏ ။

“ စိတ်ချပါ မခင်ရီ ရယ် ၊ ကိုလွင် ဖြစ်အောင် ကြံပါ့မယ် ၊ အခုလည်း လူ သိပ် သိကြသေးတာ မဟုတ်ပါဘူး ”

ဟူသော စကားမှ ပိုမို၍ မပြောနိုင်ပေ ၊ မောင်လွင် မှာ မုဆိုးမသား ဖြစ်၏ ။ မောင်လွင် သည် မိခင် စိတ်ဆင်းရဲမည် ထင်သော အရာ ကို မိမိ တစ်သက်တွင် တစ်ခါမျှ မလုပ်ဘူးချေ ။ ခင်ရီ မှာ အမျိုးကောင်း၏ ။ သို့သော် ဆင်းရဲသောကြောင့် လူဘော် မဝင် ရှာသော သူငယ်မ အား မောင်လွင် သည် ချစ်မိရှာလေပြီ ။ ၎င်းတွင်မက ကျူးလွန်မိပြီ ၊ မိခင် နှင့် ရည်းစား ( မေတ္တာ ) အချိန် တိုက် လိုက်ရာ မိခင် ဘက် သို့ စိုက်စိုက်ပါသော အချိန် တန် ကြောင့် စိန် တွင် သံပရာ နှောပြီး သောက်လိုက်ချင်သောစိတ် ပေါ်ပေါက်လာလေ၏ ။ သို့သော် မောင်လွင် မှာ မိမိ မိခင် အား စိတ် မဆင်းရဲစေလို ၊ ဖြစ်လိုရာ ဖြစ်စေ တော့ဟု ဆုံးဖြတ်ပြီး ခင်ရီ အား ၎င်း ည လာရောက် အပြောတွင် မခင်ရီ  မဆင်းရဲအောင် ရန်ပုံခွင်းဆေးတိုက် က နှစ်ပါးကြည် ပဲ အသုံးပြုလိုက်ပါ တော့ ဟု ကစားသလိုလို နှင့် ပြောလိုက်ရာ ခင်ရီ ၏ ပါးစပ် မှ ဤ ဝတ္ထု ၏ အစ မှ ပါသော စကား ထွက်လာခြင်း ဖြစ်ပေ၏ ။ မောင်လွင် မှာ ခင်ရီ ထံမှ ပေးသော ခွင့်သုံးရက် ကို ဦးနှောက်၌ ကောင်းစွာ မှတ်သား၍ ခင်ရီ ၏ အိမ်မှ ထွက်ခဲ့လေ၏ ။

ထိုအခြင်းအရာ ဖြစ်ပျက်ပြီး နောက် တစ်ည ၌ မောင်လွင် သည် နာရီ ပြန် ၂ ချက်ခန့် ရှိ မှ အိမ် သို့ ပြန် ရောက်လေ၏ ။ ၎င်းသည် ထိုအချိန် တိုင်အောင် မိမိ မိခင် မအိပ်သေးဘဲ စောင့် နေသည်ကို တွေ့ ရကား များစွာ အံ့အားသင့်၍ နေလေ၏ ။

“ မေမေ ဘာကြောင့် မအိပ်သေးသလဲ ”

“ မင်း ကို စောင့်နေတယ် ”
(ပိုမို အံ့အားသင့် သွားလေ၏ )

“ ဘာလဲ မေမေ ကျွန်တော် အိမ်ရောက် နောက်ကျ လို့လား ”

ဟု ဣန္ဒြေရသော မိခင် မျက်နှာ ကို ကြောက်ရွံ့ စွာ ကြည့်၍လေ၏ ။

“ မဟုတ်ပါဘူး ၊ အဝတ်အစား လဲပြီးပြီလား ၊ ထိုင်ပါဦး ၊ မင်း ကိုယ် မင်း ဘယ်လို ဖြစ်နေတယ် ဆိုတာ သိရဲ့လား ”
( မောင်လွင် မှာ မတွေးတတ် )

“ မေမေ ကျွန်တော် ဘာလုပ်လို့လ် ၊ မေမေ မကြိုက်တာ ရှိရင်ပြောပါ ၊ ကျွန်တော် ပြင်ပါ့မယ် ”

“ ဒီလို စကား ကြားရတာ မေမေ ဝမ်းသာလှပါပြီ သားရယ် ၊ သို့သော် မပြောမပြီး မတီးမမြည် ဆိုတာလို မင်း ကမ်းနား က ခင်ရီ နဲ့ ဘာဖြစ်ကြသလဲ ”

မောင်လွင် ၏ ဖြူဖွေးသော မျက်နှာ ပျက်၍ သွားခြင်း ကို ၎င်း၏ မိခင် မြင်ရုံမျှ နှင့် အဖြေ ကို သိနှင့်လေ၏ ။

“ ကောင်းပြီ ကောင်းပြီ ၊ မင်း ဒီလို သူ့ အပေါ် မှာ ပြုကျင့် လျှင် ယောက်ျား မပီသရာ ရောက်တော့ မပေါ့ ။ မယ်ရီ က ဆင်းရဲပေတယ်လို့ သူ့ မေတ္တာ ဟာ ဘယ်လောက် မင့် အပေါ် မှာ ကြီးတယ် ဆိုတာ သိရဲ့လား ၊ တော်တော် ညနေ စောင်းတုန်း က လာပြီး ဒေါ်ဒေါ် ရယ် ကျွန်မ  အရှက် ကို ငဲ့ပြီး ပြောပြရမှာ ၊ နား နဲ့ မနာ ဖဝါး နဲ့ နာပါ ၊ ဒီလို ဒီလို ဖြစ်ကုန်ကြပြီ တဲ့ ၊ ကျွန်မ  သေရမှာ မကြောက်ပါဘူးတဲ့ ၊ သူ့ ကို ကျွန်မ  အခွင့် သုံးရက် ပေးထား ပြီးပြီ ၊ အဲဒီ သုံးရက် ကျော် လို့မှ သူ စကား မပြန်လျှင် ဤ မိတ္ထီလာမြို့ ရှိ သျှိသျှားကန်ကြီး ဟာ ကျွန်မ သင်္ချိုင်း ပဲ ၊ ခု ကျွန်မ မသေခင် အကြောင်းမျိုးစုံ သိရအောင် ဒေါ်ဒေါ် ကို လာ ပြောတာပဲ ဆိုပြီး ချက်ချင်း ထွက်သွား ရှာတယ် ၊ စဉ်းစားပါကွယ် ၊ မင်း သူများ သားသမီး ကို ဖျက်ဆီး ရင် အပါယ် လား တတ်တယ် ၊ မင်း အဖေ လည်း ငါ့ ကို ယူမယ် လုပ်တော့ ဒီလိုပဲ ၊ ငါ့ မှာ မင်း ကို ကိုယ်ဝန် လွယ်ထားရင်း မယူ ပါရစေနဲ့ဦး ဘာညာ နဲ့ လွှဲ နေတော့ ၊ ရှင် လူ မသိခင် လက်မထပ် ရင်တော့ ကျွန်မ ရေထဲ ဆင်းပြီး သေမယ် ဆိုလို့ ငါ့ ကို ယူတာ မောင် ရဲ့ ၊ မင်း လည်း မင်း အဖေ သား ပဲလေ ။ ကဲ ကဲ မင်း ယူမယ် မဟုတ်လား ”

ဟု မောင်လွင် ၏ မိခင် သည် ခေါင်းငုံ့ ရာမှ မောင်လွင် မျက်နှာ သို့ မော့်ကြည့် လိုက်ရာ မောင်လွင် မှာ အိမ်ပေါ် တွင် မရှိတော့ဘဲ လှေကား မှ ပြေးဆင်း သွားသော ခြေသံကို သာ ကြားလိုက်ရ တော့သတည်း ။

ထို့နောက် -

အချိန်မှာ ၃ နာရီခန့် ရှိပြီ ဖြစ်သတည်း ။ သောကြာကြယ်ကြီး သည် လမင်း ၏ ကိုယ်စားလှယ် သဏ္ဌာန် မှေးမှိန်သော အလင်းရောင် ကို ပေးလျက် ရှိလေ၏ ။ မောင်လွင် သည် တံတားကြီး ပေါ် မှ ဖြတ်၍ ခင်ရီ အိမ်ကုတ်ကလေး ရှိရာ သို့ အတင်း သုတ်ချေတင် လေ၏ ။ သျှိသျှားကန်ကြီး ၏ နှစ်ဖက် မှ တိုက် လာသော လေ တို့သည် မောင်လွင် ၏ စွပ်ကြယ် တစ်တန် ၊ ရှပ်အင်္ကျီ တစ်တန် ၊ ဆွယ်တာ တစ်တန် ၊ ဆပ် ( ချ ) သက္ကလပ်အင်္ကျီ တစ်တန် ဖုံးလွှမ်းလျက် ရှိသော ရင်အုံ ကို အေးမြခြင်းတည်း ဟူသော လက်နက်ဖြင့် တိုက်ကြကုန်၏ ။ ယမန်နေ့ ည က ခင်ရီ  အိမ် မှ ပြန်လာရာ၌ ၁ နာရီခန့် စဉ်းစားရင်း လမ်း လျှောက် လာသော်လည်း ယခုအခါ မယားလောင်း အတွက် ဖြစ်၍ ငါးမိနစ်ခန့် စဉ်းစားရင်း ခင်ရီ အိမ် သို့ ဝင်၍ တိုးလေ၏ ။

“ မခင်ရီ  မခင်ရီ  ... မခင်ရီ .. အို မခင်ရီ ... ရီ ရီ ရီ ... ”

မောင်လွင် မှာ လက် နှင့် တံခါး ကို ပုတ်၍ နှိုးလေ၏ ။ မခင်ရီ မှာ အိပ်မော ကျခါ ဖြစ်၍ နိုးရန် မလွယ်ကူချေ ။ မောင်လွင် ၏ စိတ်မှာ မြင်းမိုရ်တောင် ဖိခြင်း ခံရဘိ သကဲ့သို့ ရှိလေ၏ ။ ခင်ရီ သည် မိမိ ကိုယ်ကို အဆုံးစီ,ရင်ပြီး လေပြီ လား ဟူသော စဉ်းစားချက်သည် မောင်လွင် ၏ စိတ် ကို အတင်း တအား ဝင်၍ ဖက်လေ၏ ။ မောင်လွင် သည် ဆယ့်ငါးခွန်း လောက်မျှ နောက်ထပ် ခေါ် မှ အထဲ က ချောက်ခနဲ အသံ ကြားသဖြင့် မောင်လွင် ၏ လည်ချောင်း မှ အလုံးကြီး သည် လည်း ချောက်ခနဲ ကျသွား လေ၏ ။ ခင်ရီ သည် ဂွမ်းစောင်ကလေး ကို ဖိုသီဖတ်သီ ခြုံပြီး မောင်လွင် ၏ မျက်နှာ ကို စဉ်းစားသော မျက်လုံးဖြင့် ကြည့်၍ နေလေ၏ ။ ၎င်းသည် မောင်လွင် ၏ ပြုံးရွှင်သော မျက်နှာ ကို မြင်ရခြင်း အားဖြင့် ဝမ်းသာမိ၏ ။ မောင်လွင် မှာ ဘာကိုမျှ မပြောနိုင်ဘဲ ( ခင်ရီ အား ပွေ့၍ ၎င်း ၏ သနပ်ခါး မတင်သော ပါးပြင်ကလေး ကို နီရဲလာအောင် နမ်းရှုပ် လိုက်လေ၏ ။ “ မခင်ရီ ရယ် ကျုပ်တို့ မကြာခင် နှစ်ပါးကြည်ရပါတော့မယ် ” ဟု ပြောရင်း ခင်ရီ ကိုယ်ကာယကလေး ကို ထွေးပွေ့လိုက်လေ၏ ။ )

⎕ ဘိုးရာဇာ - ထီလာ

📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ

No comments:

Post a Comment