❝ အန်တီခင် ❞
( တက္ကသိုလ်နေဝင်း )
ဘုရားကိုးဆူပွဲ ပြီးသွားသည့်နောက် နွေရာသီ ကျောင်းပိတ်ရက် တစ်ချိန်လုံးတွင် ကျွန်တော်တို့ နှစ်ယောက် သားမှာ နေ့တိုင်းလိုပင် ဆရာဦးအေးမောင်တို့ အိမ်သို့ ညနေဘက် တွင် ရောက်တတ်ကာ ဆိုလိုက်တီးလိုက် ၊ စားလိုက်သောက်လိုက် နှင့် တကယ့် ဆွေမျိုးရင်းချာလို ရင်းနှီး သွားပါတော့သည် ။ သိန်းထွန်း၏ ဖခင် ဦးဘတင်၏ မိတ်ဆွေ ဆရာဦးအေးမောင် မှာ ယခုသော် ကျွန်တော်တို့ အဖို့ အန်ကယ်ဦးအေးမောင် ဖြစ်လာပြီး ဒေါ်ခင်ခင် မှာလည်း အန်တီခင် ဖြစ်လာပါပြီ ။ သည်လို ခင်မင်ရင်းနှီးလာတော့မှ အန်ကယ်နှင့် အန်တီတို့ ချစ်မောင်နှံ အကြောင်း ပို၍ နီးကပ်စွာ လေ့လာခွင့် ရပါသည် ။ တစ်ဦးနှင့် တစ်ဦး စကားပြောရာ၌ ဘယ်အခါမှ ရင့်သီးသော အသုံးအနှုန်းမျိုး သုံးသည် မရှိ ဘဲ အန်ကယ်က သူ့ ချစ်ဇနီးအား ‘ ခင် ’ ဟု တစ်လုံးတည်း အဖျားဆွတ် ခေါ်သကဲ့သို့ အန်တီခင် ကလည်း လင်ဖြစ်သူ အား ‘ မောင် ’ ဟု မြတ်နိုးစွာ ခေါ်ကာ တစ်ခင်တည်း ခင် ၊ တစ်မောင်တည်း မောင် ဖြစ်နေကြသော သူတို့ မောင်နှံ၏ “ ချစ်သူ့ခေါ်သံ ” တွေမှာ တစ်အိမ်ထောင်လုံး တွင် ဂီတဆန် ဆန် သာယာနာပျော်ဖွယ် ကောင်းနေပါတော့သည် ။ အန်တီခင် အလွန် သဘောကျပြီး ခဏခဏ ဆိုလေ့ရှိသော လေ ဘာတီမြရင် ၏ ( ချစ်တာပဓာန ) သီချင်းထဲမှ
“ တူနှစ်ကိုယ် ... တဲအိုပျက်မှာနေရ ... ရွှေဘုံပေါ်မှာ စံရချစ်တာ ချစ်တာပဓာန တစ်ယောက်မျက်နှာတစ်ယောက် မြင်ရင် မတင်းတိမ်သေးတယ် ... ထမင်းမြိန်ဆေးသဖွယ် ” စသော အပုဒ်များ ... ။
နောက်ပြီး လေဘာတီ ပင်ဆိုခဲ့သော ( နှစ်ယောက် တည်း ) သီချင်းမှ
“ မောင်ရယ် ... နှစ်ယောက်တည်း ဆိုရင်ကြင်မယ် ၊ ဧဝရက်တောင်ထိပ်ဝယ် ... နေချင်ရင် အခုသွား ၊ ရေရှားတဲ့ သဲကန္တာရ ဆာဟာရ မရှောင်တယ် ၊ နေမမြင် ... ရေပြင်ခဲတဲ့ မြောက်ဝင်ရိုးစွန်းကိုပဲခေါ်ခေါ် တူပျော်ပါမယ် ... သဲသဲမဲမဲ ဇွဲနဲ့ နှစ်ယောက်တည်း နေချင်တယ် ”
စသော အပုဒ်များကို အန်ကယ်ဦးအေးမောင်တို့ ဇနီးမောင်နှံသည် မကြာခဏ မူဟန်ပါပါ နှင့် ဆိုတတ်တီးတတ် သဖြင့် ကျွန်တော်နှင့် သိန်းထွန်း မှာ သူတို့အိမ်သို့ ရောက်တိုင်း ထို သီချင်းများကို အနည်းဆုံး နှစ်ခေါက်စီ လောက်တီးပြီး သူတို့ ချစ်မောင်နှံ ကြည်နူးစွာ သီဆိုသည် ကို နားထောင်ပြီး သဘောကျလေ့ ရှိပါသည် ။ နောက်တစ် ချက်ကတော့ အန်တီခင်တွင် သားသမီး မထွန်းကားသဖြင့် ( နှစ်ယောက်တည်း ) သီချင်းထဲကလို လွတ်လွတ်လပ်လပ် “ သဲသဲမဲမဲ ဇွဲနဲ့ နှစ်ယောက်တည်း ချစ် ” နိုင်ကြသဖြင့် ဆိုလိုက် တီးလိုက်နှင့်ပင် အချိန်ကုန်လေ့ရှိပါသည် ။ ကုန်ကုန်ပြောရ လျှင် ထိုခေတ်က မအူပင် တစ်မြို့လုံး တွင် ပညာဝန်ထောက် ဦးအေးမောင်တို့ စုံတွဲလောက် တစ်ယောက် ကို တစ်ယောက် ချစ်ပြီး ရှေ့သွားနောက်လိုက် ညီသော လင်မယား မရှိပါဟူ၍ အားလုံးက ဝန်ခံရလောက်အောင် နေနှင့် လ ၊ ရွှေနှင့်မြ မောင်နှံ ဖြစ်နေပါတော့သည် ။ အန်တီခင် တို့ စုံတွဲကို ကြည့်ပြီး အားကျမိသော ကျွန်တော်ပင်လျှင် မကြာ ခဏ “ ဟေ့ ဖိုးသိန်းထွန်း ... လင်မယား ဆိုတာ အဲသလိုမှ ပေါ့ကွ ။ မင်းတို့ ငါတို့ ရည်မှန်းရမယ့် အိမ်ထောင်သည်ဘဝ ( Family Life )ဟာလည်း သူတို့စုံတွဲလို ဖြစ်ရမှာ ” ဟူ၍ ကျွန်တော့် သူငယ်ချင်းအား ပြောမိပါသေးသည် ။
ထိုနှစ် ကျောင်းပိတ်ရက် ကုန်၍ ကျောင်းဖွင့်ချိန်တွင် ကျွန်တော်တို့ ရန်ကုန် ပြန်လာပြီးနောက် အန်ကယ်ဦးအေးမောင် တို့နှင့် မတွေ့ ရတော့သော်လည်း ကျွန်တော် က စာရေးပြီး ဆက်သွယ်သောကြောင့် တစ်ဦးနှင့် တစ်ဦး ခင်မင် ရင်းနှီးမှု မပျက်ခဲ့ပါ ။ နောက် ၁၉၄၀ ခု နှစ်ဆန်း တွင် ဦးအေးမောင် ရန်ကုန်သို့ ပြောင်းလာရသော အခါ၌ကား ကျွန်တော့်အဖို့ အချိန်မရွေး တံခါးဖွင့် ထားသော စားအိမ် သောက်အိမ် တစ်အိမ် အလိုအလျောက် ရပါသည် ။ ကျွန်တော်နှင့် ဆိုလျှင် တူရိယာ ၊ ဂီတနှင့် စာပေဝါသနာပါသူချင်း ဖြစ်သည့်ပြင် မိဘမဲ့ တစ်ကောင်ကြွက် ကျွန်တော့် အား သားသမီး မရှိသော သူတို့ မောင်နှံက ပိုပြီး ခင်မင်ရင်းနှီးကာ တကယ့် သားရင်း တစ်ယောက် ကဲ့သို့ သံယောဇဉ် တွယ်နေ ပါတော့သည် ။
တဖြည်းဖြည်း လူချင်း ရင်းနှီးလာသောအခါမှပဲ သူတို့ ဇနီးမောင်နှံနှင့် ပတ်သက်၍ ကျွန်တော် အလွန်သိချင် နေသော အကြောင်းများ စုံစမ်း ခွင့်ရခဲ့သည် ။ ကျွန်တော် သိချင်သည် ဆိုသော အကြောင်းကား အခြား မဟုတ်ပါ ။ သည်လောက်တောင် အဆင်ပြေပြီး ချစ်မဏ္ဍိုင် ခိုင်မြဲလှ သည့် သူတို့ မောင်နှံသည် ဘယ်ပုံဘယ်နည်း တွေ့ဆုံခဲ့လို့ ဘယ်လို ချစ်ကြိုးသွယ်မိကြသည်ဟူသော ဇာတ်လမ်းပင် ဖြစ်ပါသည် ။ ပထမတော့ တော်ရုံနှင့် မေးလို့မရပါ ။ “ အန်ကယ်တို့ ရဲ့ အချစ်ဇာတ်လမ်းကလေး မသိရဘူးလား ” ဟု ကျွန်တော် က မေးသည့် အခါ ဆရာဦးအေးမောင် က “ ဘာလဲ မင်းက အားကျပြီး ဝတ္ထုများ ရေးဦးမလို့လားကွ ၊ ဟား ၊ ဟား ” ဟု ရယ်သွမ်းသွေးရင်း စကားကို လှီးလွှဲပြောတတ် ပါသည် ။ သို့သော် ကျွန်တော် ကတော့ မနေပါ ။ အန်တီခင် ကို ကပ်ပြီး ဇွတ်အတင်း မရမက မေးတော့ တစ်နေ့ သူတို့၏ စိတ်ဝင်စားဖွယ် “ ချစ်ကြောင်းကုန်စင် ” ကို သိရပါတော့ သည် ။
••••• ••••• •••••
ညောင်လေးပင်မြို့ ကျောင်းဆရာကြီး ဦးအောင်ဘွင့် နှင့် ဒေါ်သန်းခင် တို့တွင် သားသမီး ဆို၍ ရှားရှားပါးပါး ခင်ခင် ဟူသော သမီးကလေး တစ်ဦးသာ ထွန်းကားခဲ့လေ ရာ သားသမီး ရှားပါးသူ မိဘတို့၏ ထုံးစံအတိုင်း သမီးဖြစ်သူအား အသက်ပေးပြီး ချစ်ကြလျက် ယခု ခင်ခင် ၁၉ နှစ်ရွယ် အပျိုကြီးဖားဖား ဖြစ်သည့် တိုင်အောင် မျက်စိ အောက်က အပျောက် မခံဘဲ ကလေးငယ်ပမာ အရိပ်တကြည့်ကြည့်နှင့် ချစ်နေကြဆဲပင် ဖြစ်လေ၏ ။ ခင်ခင် မှာ ဖခင်ဦးအောင်ဘွင့် ၏ ခန့်ညားပြီး အဆင်ပြေသော အချော နှင့် ဒေါ်သန်းခင် ၏ မျက်လုံး ၊ နှာတံ အလှအပတွေ ပေါင်း ကာ အကောင်းတွေချည့် စုထားသည်တွင် ဝါဝင်းကြည်လင်သော အသားအရေ ၊ ကျန်းမာသန်စွမ်းပြီး အချိုးအစား ကျသော ကိုယ်လုံးကလေးကလည်း ရှိပြန်သောကြောင့် ဘယ်လို ကြည့်ကြည့် ကျက်သရေ ဖြင့် ရွှန်းရွှန်းမြသော အလှဘုရင်မကလေး ဖြစ်နေလေသည် ။
ရုပ်ဆင်းရူပကာ လှပတင့်တယ်သည့် အပေါ်တွင် စကား ပြောရာ၌လည်း သွက်လက်ချက်ချာလှပြီး သူမ ၏ နီထွေးထွေး နှုတ်ခမ်းပါးကလေးမှ ချက်ကျကျ ထွက်ပေါ် လာသော အသံမှာလည်း ဂီတဆန်အောင်ပင် သာယာနေ ပြန်သဖြင့် ဆရာကြီး ဦးအောင်ဘွင့် ၏ သမီးကလေး ခင်ခင် ဟူသော ဂုဏ်သတင်းမှာ ညောင်လေးပင်မြို့ကလေးကို ကျော်လွန်ကာ ပြွန်တန်ဆာ ၊ ဒိုက်ဦး ၊ မဒေါက် ၊ ရွှေကျင် ၊ တော်ဝိစသော အနီးအနားရှိ မြို့များနှင့် ရွာနီးချုပ်စပ် သို့ပင် ပျံ့နှံ့ကာ ကြိုင်သင်း နေပါတော့သည် ။
သည်လောက် ရနံ့သင်းပြီး လှပတင့်တယ်သော “ ပန်းပွင့်ကလေးကို အရ ချိုင်လိုကြသည့် ပျားပိတုန်း ၊ လိပ်ပြာကောင်တွေ ဝိုင်းရံရစ်ဝဲနေမည် ဆိုတာတော့ အထူး ပြောဖွယ် မရှိပါ ။ ညောင်လေးပင် တစ်မြို့လုံး နှင့်တကွ ပြွန်တန်ဆာ ၊ ဒိုက်ဦး ထိအောင် ဂေါ်ငနဲ ယောက်ျားတွေ အားလုံး ဝိုင်း ပြီး အစွမ်းကုန် ဂေါ်ခဲ့ကြသော်လည်း မည်သူတစ်ဦးတစ် ယောက်မျှ မစွဲခဲ့ပါ ။ အကင်းပါးပြီး လျင်လှသော ဆရာကြီး ဦးအောင်ဘွင့် ကလည်း သမီးချောအား မျက်ခြည်ပြတ် မခံ ဘဲ မဉ္ဇူသကနတ်ပန်းပမာ ကျပ်တည်းစွာ စောင့်ကြပ်ထား ခဲ့လေ၏ ။ သမီး ဖြစ်သူက ငယ်ရွယ်သူတို့ ဘာဝ ဂီတဘက် ၌ ဝါသနာထုံပြီး သီချင်းဆိုချင် ၊ စန္ဒရားအတီး သင်ချင် ရှာသည်ကိုပင် ခွင့်မပြုဘဲ ဓမ္မစကြာတရား ကို ချည့် အရ ကျက်ခိုင်းခဲ့လေသည် ။ ခင်ခင်ကလေး မှာ ပညာထူးချွန်ပြီး ၁၇ နှစ် အရွယ်က ၁ဝ တန်း အောင်ခဲ့သော်လည်း မိန်းကလေးတွေ လွတ်လပ်လွန်းသည် ဟု ဦးအောင်ဘွင့် က ထင် သော ကောလိပ်ကျောင်းသို့ သမီးငယ် အား မပို့ခဲ့သဖြင့် သူမ ခမျာ ပညာကို ဆက်လက်သင်ကြားချင်လျက်နှင့် မသင်ကြားခဲ့ရှာပေ ။
ဤသို့လျှင် ယက္ခ ၊ ကုမ္ဘာဏ် ဝန်းရံစောင့်ကြပ်သည့် နတ်ပန်းမဉ္ဇူကလေး ခင်ခင် ကို ဘယ် ယင်ဖို ၊ ဘယ် ဂေါ်ငနဲမှ မစွံနိုင်အောင် လက်မှိုင်ချနေသည့် အချိန်၌ပင် ဆရာဖြစ်သင် ကောလိပ် မှ အောင်ခါစ လူပျိုကြီး ကိုအေးမောင် သည် အထက်တန်းပြ ကျောင်းဆရာ အဖြစ် ညောင်လေးပင် သို့ ပြောင်းလာလေသည် ။
ဆရာကိုအေးမောင် မှာ မြန်မာစာပေကဗျာ ၊ လင်္ကာ ဘက်၌ အထူးဝါသနာပါ လိုက်စားလျက် ရှေးဟောင်း မြန်မာစာပေ အဆီအနှစ်များ ကို သုတေသနပြုကာ ရှာဖွေ ဖော်ထုတ်လျက်ရှိသောကြောင့် ရန်ကုန်တက္ကသိုလ် ၌ နေစဉ် ကပင် ထင်ရှားသော စာပေသမား တစ်ယောက် ဖြစ်ရာ ယခု သူ ညောင်လေးပင်သို့ အထက်တန်းပြဆရာ အဖြစ် ပြောင်း လာလာချင်းပင် စာပေသမားများ ကို လေးစားသော ဆရာ ကြီးဦးအောင်ဘွင့် က ညစာထမင်း ဖိတ်ခေါ်ကျွေးမွေးရင်း မိတ်ဆက်လေသည် ။ ဆရာကိုအေးမောင် ကတော့ ဘီအေ အောင်ပြီး နောက် ဘီအီးဒီဘွဲ့ ဆွတ်ခူးမိသောအခါ အသက် ၃၀ ကျော်ပြီ ဖြစ်ရာ အိမ်ထောင်ပြုရန် စိတ်ကူး မထည့်သေး သော လူပျိုကြီးဖြစ်နေလေသည် ။
ညစာထမင်းကျွေးသော ညက ဆရာကိုအေးမောင် ကို ပထမအကြိမ်တွေ့ ဖူးသော ဆရာကြီး ဦးအောင်ဘွင့် နှင့် ဇနီးဒေါ်သန်းခင် တို့သည် ဧည့်သည်၏ ရည်မွန်သော အင်္ဂါ ရုပ် ကို မြင်မြင်ချင်းပင် ခင်မင် လေးစားမိကြတော့သည် ။ ကိုအေးမောင်မှာ မျက်လုံးပြူးပြူး ၊ နှာတံပေါ်ပေါ် ရယ်လိုက် လျှင် ဖြူဖွေးညီညာသော သွားနှင့် ပေါ်လွင် ထင်ရှားပြီး ခန့် ချောချောသော အင်္ဂါရုပ် ရှိသည့်ပြင် ကျောင်းနေစဉ် ဘောလုံး ၊ တင်းနစ် ၊ လှေလှော်ခြင်းစသော ကစားခုန်စားများ လိုက်စားခဲ့ဖူးသော ကာယဗလ ကိုယ်လုံးကိုယ်ဖန် က လည်းရှိလေရာ ရုတ်တရက် ကြည့် လိုက်လျှင် အသက်အစိတ် ခန့်သာ ရှိမည်ဟု ခန့်မှန်းရလေ၏ ။ ကိုအေးမောင် ၏ မျက်နှာပေါက် ၊ ကိုယ်နေကိုယ်ထား ၊ စကားပြောသည့်ဟန် အစရှိသည်တို့ကို အထူး သဘောကျမိသူထဲတွင် ဆရာကြီး ဦးအောင်ဘွင့် နှင့် ဇနီး သာမက သူတို့၏ သမီးချော ခင်ခင် လည်း ပါဝင်လေသည် ။ ထမင်းပွဲ၌ ဖခင်ဖြစ်သူ အနီးမှ ကပ် ၍ ဟင်းလျာများ လိုက် ထည့်ပေးရင်း သူမ သည် ဆရာကိုအေးမောင် အား မသိမသာ ခိုးကြည့်မိလေသည် ။ တိတ်တဆိတ်ထည့်ရုံသာ မဟုတ်သေး ။ ကိုအေးမောင် နှင့် သူမ၏ ဖခင် ဦးအောင်ဘွင့်တို့ စာပေအကြောင်း ဆွေးနွေးစကား ပြောသည့် အထဲ ကိုအေးမောင် ၏ ရှင်းလင်းပြတ်သားစွာ ပြောပြသည် ကိုလည်း အသာ နားစွင့် ထောင်မိသေးသည် ။ ဒီ လူကြီးက ရုပ်ရေ ခန့်သလောက် စကားပြောတာလည်း နားထောင် ကောင်းလှတယ် ဟူ၍ သူမ စိတ်ဝယ် မဆီမဆိုင် မှတ်ချက်ချ နေမိလေ၏ ။ ခင်ခင် တစ်ယောက်တည်း သာ ဤသို့ ဖြစ်နေသည်မဟုတ် ။ လူပျိုကြီးကိုအေးမောင် မှာ လည်း ( ခါတိုင်း ဆိုလျှင် မိန်းကလေးများကို ဂရုစိုက်လေ့ မရှိသော်လည်း ) ဖက်ဖူးရောင် မန္တလေး ပိုးအင်္ကျီအဖြူနှင့် အစိမ်းပွင့်ရိုက် ၊ တိုဗရယ်လ်ကိုလုံချည်တို့ဝတ်ကာ သနပ်ခါးရေကျဲ ကလေးလိမ်းပြီး ခေါင်းတွင် စံပယ်ပွင့်ကလေး တွေ ထိုးစိုက်ထားသော လုံမပျိုအား သတိထား မကြည့်ဘဲ မနေနိုင်သဖြင့် မိမိကိုယ်ကိုပင် ရှက်မိလေ၏ ။ သို့သော် သူ မြင်ဖူးခဲ့သမျှ မိန်းမပျိုပေါင်း မြောက်မြားစွာ အနက် ယခု ထမင်းပွဲတွင် ဟင်းလျာများ လိုက်နေသော ကလေးမ မှာ ထူးထူးခြားခြား လှပသော ကျက်သရေကို ဆောင်ပါ သည်ဟူ၍ကား စိတ်ထဲတွင် ကျိတ်၍ ဝန်ခံထားပြီးလေပြီ ။
အမှန်အတိုင်း ကတော့ တစ်ဦး ကို တစ်ဦး ပထမဆုံး အကြိမ် တွေ့ဆုံကြသော ထို ထမင်းစားပွဲ ညက ကိုအေးမောင် နှင့် ခင်ခင် နှစ်ယောက်စလုံး၏ စိတ်ထဲဝယ် ထူးခြား သောစိတ်လှုပ်ရှားမှုများကို ခံစားလိုက်ကြရလေသတည်း ။
ခင်ခင့် အဖို့ ပိုပြီး စိတ်လှုပ်ရှားစေသည့်အကြောင်းတစ် ခုသည် ၎င်းထမင်းစားပွဲ ညနှင့် ရက်သတ္တတစ်ပတ် လောက် ခြားပြီး ဖြစ်ပေါ်လာပြန်၏ ။ ဆရာကြီးဦးအောင်ဘွင့် ၏ အိမ် နှင့် ကပ်၍နေသော တရားသူကြီး ဦးစံညွန့် မှာ တူရိယာဂီတ ဘက် အထူးဝါသနာပါသူ ဖြစ်လျက် စနေနေ့ညတိုင်း သူ့ အိမ်တွင် အပျော်တမ်း တီးမှုတ်သီဆိုတတ်သူများကို ဖိတ် ခေါ်ပြီး ညစာထမင်း ကျွေးမွေး၍ ညဉ့်နက်သန်းခေါင်တိုင် အောင် ဗမာသီချင်းကြီး သီချင်းခံ့များကို တီးမှုတ်သီဆိုစေ တတ်ပါသည် ။ စစ်မဖြစ်မီ ခေတ်က ရန်ကုန်တွင် ဆရာဦး ဘချို ( ဒီးဒုတ် ) တို့ အိမ်၌ စုရုံးလေ့ရှိသော ဂီတသုတေသန အဖွဲ့အစည်းဝေးမျိုးပင်တည်း ။ ထိုညက ဦးစံညွန့် အိမ်တွင် ညောင်လေးပင်နယ် ၌ နာမည်ကြီးသော ပတ္တလား ဆရာမောင် ၊ မန္တလေးမှ အပြန် ညောင်လေးပင် သို့ ခေတ္တဝင် နားနေသော စောင်း ကိုဘသန်း နှင့် မောင်ကြည်တို့ ဆရာ တပည့် နှစ်ယောက် အပြင် မြို့သို့ရောက်ခါစ လူသစ်ဖြစ် သော ဆရာကိုအေးမောင် ပါ ရောက်နေ သဖြင့် အိမ်နီးပါးချင်းများ ကပါ အံ့အားသင့် နေကြလေသည် ။ အကြောင်းမူ ကား ဆရာကိုအေးမောင် ညောင်လေးပင် ရောက်နေကြောင်း သိသိချင်း စောင်းကောက်ကိုဘသန်း က အတင်း ဆွဲခေါ် လာပြီးတော့မှ သည် ကျောင်းဆရာက တူရိယာဂီတသမား လည်း ဖြစ်ကြောင်းကို အားလုံးက သိကြရသောကြောင့် ပင်တည်း ။ ကိုအေးမောင် နှင့် ဆရာဘသန်း တို့ကတော့ ရန်ကုန် မှာရှိစဉ်ကပင် ဆရာ ဦးဘချို ၊ ဦးသိုက် တို့နှင့် ပတ်သက် ပြီး ခင်မင်ရင်းနှီးပြီးသား မိတ်ဆွေများ ဖြစ်လျက် ကိုအေးမောင် ဆရာဖြစ်သင်ကောလိပ်၌ရှိစဉ်ကပင် ကျွန်းတော ကွက်သစ် မြောင်းမြလမ်းထိပ်ရှိ ကိုဘသန်းတို့ အိမ်သို့ မ ကြာခဏ ရောက်ကာ သီချင်းများ ဆွေးနွေးတက်ယူလေ့ရှိ ခဲ့သည် ။
ယခုည အဖို့ နာမည်ကျော် တူရိယာသမားတွေ စုံလှ သဖြင့် ငြိမ့်ညောင်း သာယာသော ဂီတသံကို နားဆင်ရအံ့ ဟု အားခဲလာကြသော ပရိသတ်မှာ ဦးစံညွန့်တို့ အိမ်တွင် အတော် စည်ကားလျက် ရှိလေသည် ။ ထိုအခါ တစ်ဖက် အိမ်မှ ခင်ခင် မှာလည်း သူမ အလွန်ဝါသနာ ပါသော တူရိ ယာကို နီးကပ်စွာ နားထောင်လို၍ တစ်ကြောင်း ၊ သူမ ဘာ ကြောင့်မှန်းမသိ အလိုလို နေရင်း စိတ်ဝင်စားမိသော ကိုအေးမောင် ဆိုသည့် ကျောင်းဆရာလူပျိုကြီးက စန္ဒရား တီးနှင့် သီချင်းဆို ကောင်းသည်ဟု သတင်း ကြားထားရ သည်တစ်ကြောင်း တစ်ဖက် အိမ်သို့ ကူးသွားချင်လှတော့ သည် ။ အဆုံး၌ “ မေမေ ခင် လည်း တင်တင်ဦး တို့အိမ် ခဏသွားပြီး သီချင်း နားထောင်ပါရစေလား မေမေ ” ဟု မိခင်ဖြစ်သူထံ အရဲစွန့် ခွင့်ပန်လေသည် ။
တင်တင်ဦး ကတော့ ( ခင်ခင် နှင့် ကျောင်းနေဖက် ) တရားသူကြီး ဦးစံညွန့် ၏ သမီးပျိုကလေး ဖြစ်လေသည် ။
ကံအားလျော်စွာ ဖခင်ဦးအောင်ဘွင့် မှာ ရန်ကုန် ပညာမင်းကြီးရုံးသို့ ကိစ္စတစ်ခုနှင့် သွားနေရင်း စနေနေ့ည အမီပြန်ရောက်ရန် ရှိသော်လည်း အကြောင်း မညီညွတ်ဘဲ မရောက်နိုင်သဖြင့် ထိုညက အိမ်တွင် မရှိခိုက်ဖြစ်ရာ ဒေါ်သန်းခင် မှာလည်း ချစ်သမီးကလေး ထာဝစဉ်ကျပ်တည်း စွာ နေခဲ့ရရှာသည်မှ စိတ်ပြေလက်ပျောက် ရှိစေတော့ဟု မိခင်တို့၏ ချစ်ခင်အလိုက်လိုက်ခြင်းဖြင့် လွယ်လင့်တကူပင် ခွင့်ပေးလိုက်သောကြောင့် ခင်ခင်မရွှေချော သည် ငါးမိနစ်အ တွင်း တင်တင်ဦး တို့ အိမ်ဘက်ဆီသို့ ရောက်သွားလေသည် ။
ထိုညက ဦးစံညွန့်တို့ အိမ်မှ ထွက်ပေါ်လာသော တူရိယာဂီတသံမှာ အနုပညာဝါသနာပါသူများ အဖို့ တကယ်ပင် အဖိုးတန်လှပေမည် ။ ခါတိုင်းဆိုလျှင် ညောင် လေးပင်မြို့တွင် ကြားရခဲသော မဟာဂီတဝင်သီချင်းကြီး များကို ကျကျနန တီးကြဆိုကြသည်မှာ နားထောင်၍ မငြီး နိုင်အောင် ရှိသဖြင့် အိမ်ရှင်ဖြစ်သော ဦးစံညွန့် တွင်လည်း ပီတိဖြစ်၍ မဆုံးနိုင်အောင်ပင် ရှိလေ၏ ။ သို့သော် ကျွန် တော်တို့၏ ဇာတ်လိုက်မင်းသမီး ခင်ခင် အဖို့ကား ဆရာကို ဘသန်း ၏ စောင်းကောက်သံ ၊ ဆရာမောင် ၏ ဝါးပတ္တလားသံ ၊ ကိုကြည်၏ တယောထိုးသံတွေ ထက် ထိုညက သီချင်း တစ်ပုဒ်တည်း ဆိုသော ဆရာကိုအေးမောင် ၏ အသံ ကိုသာ နားထဲ၌ စွဲနေပါတော့သည် ။ ဆရာကိုအေးမောင် ဆိုသော သီချင်းမှာ ( ဇမ္ဗူကျွန်းလုံး ) သီချင်းခံ့ကြီး ပင် ဖြစ် လေရာ ပင်ကို သီချင်းကိုက ပြောစရာ မရှိအောင် ကောင်း ပြီးသားအပေါ်တွင် သူ၏ ခန့်ညားအောင်မြင်သော အသံ ဝါနှင့် နည်းစနစ် ကျနသောဟန် ၊ မှင်တို့ဖြင့် ပိုင်ပိုင်ကြီး ဆို တတ်လေရာ ကာယကံရှင်အား စိတ်ဝင်စားနေသူ ခင်ခင် မဆိုထားနှင့် ကျန်ပရိသတ် အားလုံးပင် ငြိမ်ချက်သား ကောင်းကာ နားစွင့် နေကြရလေသည် ။ ဆရာကိုအေးမောင် မှာ တက္ကသိုလ်ကျောင်း မှ ဆရာဦးဘညွန့် ( မဟာဝိဇ္ဇာ ) နှင့်ကွယ်လွန်သူ မင်းသားခင်မောင်ရင် ( ကိုအောင်ဒင် ) တို့၏ ဆရာ ဖြစ်သော မန္တလေး ဆရာကိုအံ့ကြီး ထံ၌ ပညာသင် ကြားခဲ့ဖူးကြောင်း နောက်မှပဲ ကျွန်တော် သိရပါသည် ။
( ဇမ္ဗူကျွန်းလုံး ) ကား သီချင်းကြီး ထဲတွင် အတော် ရှည်လျားသော သီချင်းတစ်ပုဒ် ဖြစ်ကြောင်းကို ဂီတဝါ သနာပါသူများတော့ သိပေလိမ့်မည် ။ ဆရာကိုအေးမောင် က သီချင်းကို တစ်ပိုဒ် ပြီး တစ်ပိုဒ် သံနေသံထားဖြင့် သီဆို သွားစဉ် ခပ်လှမ်းလှမ်း ရှိ မိန်းကလေးသိုက် ထဲမှနေ၍ ကျုံ့ ကျုံ့ကလေး ထိုင် နားထောင်နေသောခင်ခင်မှာ ဘာကြောင့် ရင်ထဲမှာ အလိုလို ဖိုနေမိသည်ကို သူမ ကိုယ်တိုင် ကောင်းကောင်း မသိပါ ။ အမှန်ကတော့ စောင်းကောက် ၊ ပတ္တလား နှင့် တယောသံနှင့် အဆို ပိုင်လှသော သီချင်းသံလှိုင်းဂ ယက်များ အကြားဝယ် ခင်ခင် မှာ သာယာကြည်နူးလှသဖြင့် သူမ ကိုယ်တိုင်ပင် သတိ မထားမိဘဲ စိတ်ကူးယဉ်ရေ ယဉ်ကြော၌ ကူးခတ်နေမိခြင်း ဖြစ်လေသည် ။ ဘယ် လောက်ထိအောင် စိတ်ကူးယဉ်မိပါသနည်းဆိုသော် “ ဟောဒီ လူကြီးရဲ့ သီချင်းနဲ့ ဂီတသံကို အနားကပ်ပြီး အသက်ထက်ဆုံး နားထောင်နေရရင် ကောင်းမှာပဲ ” ဟု စိတ် ကူးတောင့်တမိသည် အထိပင်ဖြစ်ပါသည် ။
ကျွန်တော်တို့ ဇာတ်လိုက်မင်းသား လူပျိုကြီး ကိုအေးမောင် ကိုလည်း ကြည့်လိုက်ပါဦး ။ သူလည်း လူပျိုကြီး လူရိုးလူအ ဆိုသော်လည်း ‘ လျင် ’ သလောက် ‘ လျင် ’ ပါသေးသည် ။ သူ စန္ဒရားနှင့် ပတ္တလားတီးနေရင်း ၊ နောက် သီချင်းဆိုရင်း ဦးစံညွန့်သမီး တင်တင်ဦး အနား ကပ်ပြီး ထိုင်နေသော ဆရာကြီး ဦးအောင်ဘွင့်အိမ်မှ မဉ္ဇူ သကနတ်ပန်းပွင့်ကလေးကို ခပ်စောစောကပင် မြင်မိ ၊ သတိထားမိလေပြီ ။ ဒါကြောင့်ပဲလားမသိ “ ဟိုညက ဇမ္ဗူ ကျွန်းလုံးသီချင်း ဆိုရတာ သိပ်ပြီးတော့ စိတ်ပါလက်ပါ ရှိ တာပဲဗျာ ” ဟူ၍ ဆရာကိုအေးမောင်သည် နောက်တော့ စကားစပ်မိတိုင်း ပြောလေ့ရှိပါသည် ။
ဒါတွင်မကသေးပါ ။ ကိုအေးမောင် လူပျိုကြီး၏ စိတ် ဒုက္ခကို ပိုပြီး ဒုက္ခပေးလာပြန်ပုံကား စောင်းဦးဘသန်း နှင့် ဦးစံညွန့် တို့၏ ဇွတ်အတင်း တိုက်တွန်းမှုကြောင့် တင်တင်ဦး က စန္ဒရားတီးပြီး ခင်ခင် က သီချင်းတစ်ပုဒ် ထဆိုပြရ လေတော့သည် ။ အမြဲထာဝစဉ် ပျော်ပျော်နေတတ်သော ညောင်လေးပင် ရွာမသား လူပျိုခေါင်းကိုလှမောင် က ထတဲ့ ၍ “ ယခု ဦးစံညွန့်သမီး တင်တင်ဦး က စန္ဒရားတီးပြီး ၊ ဆရာကြီးဦးအောင်ဘွင့်သမီး ခင်ခင် က ( နန်းကြာညိုကြော့ ) ပတ်ပျိုးကလေးကို ဆိုပြပါတော့မယ် ခင်ဗျား ” ဟု ကြေညာ လိုက်သောအခါ စန္ဒရား အနီးတွင်ပင် ရှိသော ဆရာကိုအေးမောင်တွင် ရှက်သလိုလို ၊ မျက်နှာပူသလိုလိုနှင့် အူ ကြောင်ကြောင် ဖြစ်နေရှာလေသည် ။ နောက်မှ “ ဟယ် ငါနဲ့ ဘာဆိုင်လို့လဲ ” ဟု မိမိ ကိုယ်ကို ပြန်ပြီး သတိပေးရလေ သည် ။
တင်တင်ဦး မှာ ရန်ကုန်ကျောင်းမှာ နေရင်း ဆရာကို ဘသန်းနှင့် မတင်အုန်း တို့ထံ စန္ဒရားအတီး သင်လျက်ရှိရာ သင်ရိုးကုန်လျက် လက်အတော်အတန် မြောက်နေလေ ပြီ ။ မြန်မာသံ ကာလပေါ် သီချင်းများကိုလည်း သွက်သွက် ကြီးတီးနိုင်ပေပြီ ။ ခင်ခင် မှာသာ ဝါသနာပါလွန်းပြီး ကျောင်း သွားရင်း သီချင်းအဆို ကျင့်ခဲ့သော်လည်း တူရိယာအတီး နှင့် တစ်ခါမှ ကျကျနန မဆိုဘူးသဖြင့် စည်းဝါး မှ မှန်ပါ့မ လားဟု မိမိကိုယ်ကို ပြန် သံသယဖြစ်ရင်း သူ့ခမျာ ဆိုရရှာ လေသည် ။ သို့သော် သူကလေးမှာ ဝါသနာကြီးသ လောက် ပညာပါရမီကလည်း ရှိသင့်သလောက်ရှိပြန်သ ဖြင့် ( နန်းကြာညိုကြော့ ) ကို ပိုင်ပိုင်ကြီး ဆိုပြနိုင်ပါသည် ။ ခင်ခင်၏ အသံနှင့် ဆိုပုံမှာ ယခုခေတ် နှုတ်ခမ်းနီပါးနီ နိုင်လွန်မကလေးတွေ လိုက်တုပြီးဆိုကြသော မေရှင် နှင့် ဒေါ်ရာသန်းအေး တို့ အသံမျိုး မဟုတ်ဘဲ ကြည်လင်အေး မြသော မအေးမိ တို့လို အသံအေးဖြစ်ရာ စန္ဒရား အနားမှာ ငိုင်နေသော လူပျိုကြီးကိုအေးမောင် အဖို့ ဆွေမျိုးမေ့လောက် အောင် နားထောင်၍ ကောင်းနေပါတော့သည် ။
“ ရွှေမာပင် နန်း ... သာသည် မယ်မောင်
ပန်းယဉ်ပျော့တောင် ... ခေါ်သယောင်ယောင်
သံရင့်လေး .. စိမ်းညိုလဲ့ကျေး ...
လေပြည်ဆော်သွေး ... လှစုံမြိုင် ...
ပန်းစုံက .. ကြိုင် .. ”
ဓာတ်ပြားထဲ၌ မကြည်အောင် ဆိုထားသော ( နန်း ကြာညိုကြော့ ) သီချင်းမှာ စင်စစ် မြဝတီဝန်ကြီးရေး ( အထူးထူးငယ်နှင့် ) တောလားပတ်ပျိုးကြီး မှ ထုတ်နုတ်ချက်ပင် ဖြစ်လေရာ ရှေးသီချင်းကြီး လိုက်စားသူ အားလုံးအဖို့ နား ထောင်၍ အရသာ ရှိမည်မှာ ယုံမှားဖွယ်မရှိပေ ။ သို့သော် လူပျိုကြီးကိုအေးမောင် အဖို့ တခြားလူတွေ ဆိုတာ ထက် ယခု ခင်ခင် မည်သော ကလေးမ ဆိုတာက ထူးချွန်ပြီး ကောင်းသည်ဟု ထင်ရလေသည် ။ “ ရွှေမာပင်နန်း ” ချီအပိုဒ် ကို အသံအေးကလေးဖြင့် ဆွဲကာငင်ကာ သီဆိုပုံ မှာ မူလ ဓာတ်ပြားသီချင်း ကို ဆိုသော မကြည်အောင် ထက် အဆ ပေါင်းများစွာ ပို၍ သာယာနာပျော်ဖွယ် ရှိသည်ဟု သူ့စိတ် ဝယ် တစ်ထစ်ချမှတ်ချက်ချမိလေသည် ။
“ ... သာမျိုးငယ်ထူး ... တစ်ပင် .. ပျံကူး ကျေးဖိုမမြူး ” အပိုဒ်ဆီသို့ ရောက်သောအခါ ဆရာကိုအေးမောင် မှာ သောတအာရုံတွင် ပီတိတွေဖြာနေရုံသာမက သူ၏ စိတ်ထဲမှ “ အင်း ...ဒီလို ရုပ်ရေ လှပကျော့ရှင်း သလောက် အသံလည်း သာလှတဲ့ ကလေးမ ကို သက်ဆုံးတိုင် အနား မှာထားပြီး သီချင်း ဆိုခိုင်းနေရရင် တယ် နေရာကျမှာပဲ ” ဟူ၍ ပင် စိတ် ကူးယဉ်မိလေသည် ။
အဓိပ္ပာယ်ကတော့ ခင်ခင် ရော ၊ ကိုအေးမောင် ပါ နှစ် ယောက်စလုံးအဖို့ ဦးအောင်ဘွင့် အိမ် ထမင်းစားပွဲညက ဖြစ်ပေါ်ခဲ့သော စိတ်လှုပ်ရှားမှုများ ကို ယခုညတွင် ပို၍ပြင်း ထန်စွာ ထိခိုက် ခံစားကြရလေသတည်း ။
အထူးသဖြင့် လူ့လောကနှင့် အချစ်ကြောင်း အတွေ့အကြုံ လုံးဝ မရှိသော ခင်ခင်ကလေး မှာ ပိုပြီး ရင်ထဲ၌ ဖိုလှိုက် ကာ ထိုညက တော်ရုံနှင့် အိပ်လို့ မပျော်နိုင်အောင် ရှိခဲ့လေ သတည်း ။
••••• ••••• •••••
ရှေ့သို့ဆက်၍ အကျယ် မချဲ့တော့ဘဲ အတိုချုံး၍ ဖြတ်ပြောရမည် ဆိုလျှင် နောက်သုံးလခန့် အတွင်း ဆရာကိုအေးမောင် နှင့် မခင်ခင်တို့ တစ်ဦး နှင့်တစ်ဦး စာပေးစာယူ ဖြင့် ဆက်သွယ်ရာမှ ချစ်ကြိုးနှောင်မိကြလေသည် ။ ရွှေဖူး စာဆုံရအောင် ဖန်တီးပေးသူ ချစ်ကျိုးတော်ဆောင်ကတော့ အခြားမဟုတ် ၊ ဦးစံညွန့်၏သမီး တင်တင်ဦး ပင် ဖြစ်ပါ သည် ။ တင်တင်ဦး မှာ သည်လို သမီးရည်းစား အောင်သွယ် လုပ်ခြင်းကို ဝါသနာမပါ ၊ သို့သော် သူမ မျက်မှောက်တွင် ယခု မြင်နေရသော ခင်ခင် နှင့် ဆရာကိုအေးမောင် တို့နှစ်ယောက်သားကို ကြည့်ရသည်မှာ ကိန္နရီမောင်နှံကဲ့သို့ တင့် တယ်ပြီး အဆင်ပြေလှသည် ဟု ထင်မြင်မိသဖြင့် သူတို့ မောင်နှံ မြန်မြန်ကြီး နေရာကျအောင် တင်တင်ဦး မှာ ကူညီ လိုက်ခြင်း ဖြစ်ပါသည် ။ ( သည်အကြောင်းကို နောက်တော့ ကျွန်တော့် အား ဇာတ်ကြောင်း ပြန်ပြသည့် အန်တီခင် က ဟိုစဉ်က တင်တင်ဦး အကျိုးဆောင်ခဲ့ပုံတွေကို ကျေးဇူးတင် ၍ မဆုံးနိုင်ကြောင်း ပြောပြပါသည် ။ )
မည်သို့ပင်ဖြစ်စေ ဆရာကိုအေးမောင် နှင့် ခင်ခင်တို့ မှာ စာပေးစာယူဖြင့် တစ်ဦး နှင့် တစ်ဦး ချစ်ကြိုးသွယ်ကြပြီး သက်ဆုံးတိုင် ခိုင်မြဲမည့် ချစ်မဏ္ဍိုင်ကြီးကို ကြိုးစားစိုက်ထူ နေပါပြီ ။ ကိုအေးမောင် ၏ စိတ်ထဲတွင် သူနှင့် ရာသက်ပန် အိမ်ထောင်ဖက် အဖြစ် ခင်ခင် ထက် ပိုပြီးသင့်လျော်မည့် မိန်းကလေး တွေ့နိုင်တော့မည် မဟုတ်ဟု ယူဆမိသကဲ့သို့ ခင်ခင် မှာလည်း မိမိထက် အသက် ၁ဝ နှစ် ကျော်ကျော် ကြီးသည် မှ အပ ဆရာကိုအေးမောင် လို စိတ်ကောင်း သဘောကောင်း နှင့် သူမ အား အသက်ထက်ဆုံး ယုယနှစ် သိမ့်မှုပေးမည့် ချစ်သူမျိုးရဖို့ရာ ခဲယဉ်းလှပေတော့မည်ဟု တွေးမိလေရာ ယခု သူတို့နှစ်ဦးသား စတင် စိုက်ထူနေသော ချစ်မဏ္ဍိုင်ကြီးမှာ အောက်ခြေအုတ်မြစ် က စ၍ ခိုင်ခံ့စိတ်ချ ရသည်ဟု ဆိုရပါမည် ။
သူတို့နှစ်ဦး သမီးရည်းစား ပေးစာများမှာ ယနေ့ သာ ကျွန်တော်တို့ ဖတ်ရမည် ဆိုလျှင် ဂန္ထဝင်မြောက် မြန်မာ စာပေစုတစ်ခု ဖြစ်နိုင်သည်ဟု အန်ကယ်ဦးအေးမောင် က တစ်နေ့ ကျွန်တော့် အား ပြောပြဖူးပါသည် ။ အသည်းထဲ အူထဲမှ လှိုက်လှိုက်လှဲလှဲ ချစ်တင်းဆိုအပ်သော စကားလုံး တွေကို စကားပြေ ၊ ကဗျာ ၊ တေးထပ်တို့ဖြင့် လှပစွာ ကုံးခြင်းကို စာပေသမား ဆရာကိုအေးမောင်အဖို့ တွင်တွင်ကြီး ရေးသားနိုင် သကဲ့သို့ စာပေကဗျာကို ချစ်မြတ်နိုးသော ခင်ခင် သည်လည်း သူမ ချစ်သူ၏ ရှေ့ဆောင်ညွှန်ပြပေး ခြင်း ခံရသောကြောင့် အဆင့်အတန်းမီ စာညွန့်ကလေး များပင် ရေးလာနိုင်ပေပြီ ။ အထူးသဖြင့် ဆရာကိုအေးမောင် အလွန် နှစ်သက်သော နတ်သျှင်နောင်ဆို ရတုများ ထဲမှ ကောက်နုတ်ချက်များ ကို ချစ်သူ ထံ ရည်မှန်းလျက် ထည့် သွင်းရေးသားပြီးနောက် စကားပြေဖြင့် ပြန်လည် အဓိပ္ပာယ် ရှင်းပြပုံများမှာ ခင်ခင့်အဖို့ ဆတက်ထမ်းပိုး အချစ်တွေ တိုးစေသည့် ပီယဆေးများပင်ဖြစ်လေ၏ ။
သူတို့နှစ်ယောက်သား အပြန်အလှန်ရေးကြသော စာတွေကို အမြတ်တနိုး သိမ်းဆည်းထားခဲ့ကြသော်လည်း စစ်ကြီးဖြစ်စက ပြေးရင်းလွှားရင်း ပျောက်ဆုံးသွားသည်ကို ဆရာကိုအေးမောင် နှမြောတသ၍ မဆုံးနိုင်ချေ ။
ဤသို့လျှင် ချစ်သူနှစ်ဦးသည် သစ်လွင်တောက်ပ သော နောင်ရေးထဲမှ လာအံ့ဆဲဆဲ ချစ်ဗိမာန်ကြီးကို စိတ်တူ သဘောတူ တည်ဆောက်လျက် ရှိစဉ်တွင်ပင် သူတို့၏ အချစ်လမ်းခရီးကို နှောင့်ယှက်မည့် အကြောင်းတစ်ခု သည် ပေါ်ပေါက်လာလေ၏ ။
ခင်ခင် ၏ ဖခင် ဆရာကြီးဦးအောင်ဘွင့် မှာ ပင်ကို စိတ်ရင်းက ဖြောင့်စင်းသလောက် ဒေါသကြီး ၊ တယူသန် ဇွတ်သမားတစ်ယောက်လည်းဖြစ်ပေသည် ။ တစ်နေ့သ၌ ခင်ခင့် စားပွဲမှ ဆရာကိုအေးမောင် ၏ မေတ္တာစာတစ်စောင် ကို မိသည်မှ အစပြု၍ သူ ကျပ်တည်းစွာ စောင့်ရှောက်ထားခဲ့သော သမီးကလေး ၏ ခြေလှမ်းကျဲလာပုံ ကို သိသွားတော့လေရာ အကြီးအကျယ် ဒေါသယမ်းအိုး ပေါက်ကွဲပါ တော့သည် ။ ဆရာကိုအေးမောင် ကို ညောင်လေးပင် ရောက် ခါစက စာပေသုတေသနသမားအဖြစ် လေးစားမိခဲ့သော် လည်း စာပေတွင်သာမက တူရိယာဂီတဘက်၌လည်း ဝါ သနာထုံသူမှန်း သိရသည့် အချိန်မှစ၍ ဆရာကိုအေးမောင် ကို အဘိုးကြီးက လုံးဝ ကြည့်မရတော့ချေ ။ သူ ဤမျှအထင်သေးသော ‘ ဖက်ခွက်စား ’ ယောင်ယောင် လူပေါ့လူ လေ တစ်ယောက်က သူ အသက်ပေး ချစ်ခဲ့ရသော သမီး လိမ္မာကလေး၏ အချစ်ပန်းခိုင်ကို အရချိုင်ရန် လက်လှမ်း နေပြီ ဖြစ်ကြောင်း သိရသောအခါ၌ကား ဆရာကြီးဦးအောင်ဘွင့်မှာ စိတ်မရှည်တော့ပါ ။ အရေးထဲ သမီးဖြစ်သူကပါ တစ်ဖက်သို့ ယိုင်နေပြီဖြစ်၍ သည်အတိုင်း ထားလျှင် မဖြစ် နိုင်တော့ကြောင်း ကောင်းကောင်းကြီးသိရှိသွားလေရာ သူ နှင့်ဒေါ်သန်းခင် နဂိုက စီမံရည်မှန်းထားသည့်အတိုင်း ဦး အောင်ဘွင့် ၏ ငယ်သူငယ်ချင်း ရွှေကျင်မြို့မှ မြေပိုင်ရှင် သူဌေးဦးလူဝ ၏ သားနှင့် ခင်ခင် ကို နေရာချထားရန် အားချင်း အမြန် စီမံလေတော့သည် ။
ဆရာကိုအေးမောင် မှာလည်း ငယ်ထိပ် မြွေပေါက်ခံ ရသကဲ့သို့ ခြေမကိုင်မိ ၊ လက်မကိုင်မိအောင် ဗျာများရင်း ကြံရာမရ ဖြစ်နေလေ၏ ။ အဘိုးကြီး ကတော့ ဇွတ်သမား ကြီးမို့ လုပ်မည်ဆိုလျှင် ဇွတ်တရွတ်ပင် လုပ်ချေတော့မည် ။ ဒီအတိုင်း ဆိုလျှင် ခင်ခင် ခမျာ ရွှေကျင် က သူဌေးသား နှင့် လက်ထပ်ရပေတော့မည် ။ နောက်ဆုံးတွင် ချစ်သူနှစ်ဦး သည် ဘယ်လိုမှ မကြံတတ်နိုင်အောင် ရှိနေသဖြင့် မထူး တော့ပါဘူးဟု သဘောပေါက်ကာ အကျိုးဆောင် တင်တင်ဦး ကပင် အကြံပေးသည့် အတိုင်း လိုက်နာကြရလေ တော့သည် ။
လမိုက်သော ညတစ်ညတွင် ခင်ခင် သည် အရဲစွန့် ကာ အိမ်နောက်ဖေးမှ တိတ်တဆိတ် ဆင်းထွက်လာပြီး အောက်မှ အသင့်စောင့်နေသော ကိုအေးမောင် ၏ ရင်ခွင်သို့ ပြေးဝင်မိသည်နှင့်တစ်ပြိုင်နက် သူတို့၏ အချစ်နှောင်ကြိုး သည် တကယ် လက်တွေ့ ချည်နှောင်မိကြပါတော့သည် ။
သီတင်းကျွတ်ကျောင်းပိတ်ရက်နှင့် ကြုံသည့်အတိုင်း ဆရာကိုအေးမောင် သည် ထိုညတွင်းချင်းပင် နံပါတ် ၃ အဆန်စာပို့မီးရထား နှင့် မန္တလေးသို့ ချစ်သူအား သုတ်ပြေးလေတော့သည် ။ မန္တလေး ကျမှ အရေးပိုင်ရုံး တွင် လက်မှတ်ရေးထိုး ထိမ်းမြားကြပြီး ကိုအေးမောင် ၏ ကြံဆောင်မှု ကြောင့် ကျောင်းဖွင့်ချိန်၌ မန္တလေးကျောင်း မှာပင် ဆရာအလုပ် ခန့်အပ်ခြင်း ခံရလေသည် ။
ဆရာကြီး ဦးအောင်ဘွင့် ကား သမီးဖြစ်သူအား ချက်ချင်းပင် သတင်းစာမှ အမွေဖြတ် ကြေညာလိုက်လေ သည် ။ သို့သော် ချစ်စခင်စ ကြင်နာစ မောင်နှံနှစ်ဦးကား လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ ချစ်ပင်လယ်ရေယာဉ်ကြောဝယ် အတားအဆီးမရှိ မျောချင်တိုင်းမျောကာ အပျော်ကြီးပျော် နေကြပါပြီ ။ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး သစ္စာတိုင် သီချင်းတွေလည်း အားရပါးရကြီး သီဆိုနိုင်ကြလေပြီ ။
••••• ••••• •••••
အမှန်ဆိုတော့ သူတို့ ချစ်မောင်နှံနှစ်ဦးသည် အသက်ထက်ဆုံး ပျော်ရွှင်စွာပေါင်းကြလေတော့သတည်း ဟူ၍ ဇာတ်လမ်းကို အဆုံးသတ်လိုက်သင့်ပြီ ။ ဝတ္ထု ကိုလည်း နိဂုံးချုပ်လိုက်ရုံ ရှိပါတော့သည် ။ သို့သော် ဇာတ်လမ်းမှာ တကယ်တော့ မဆုံးသေးပါ ။ ကျွန်တော် အထူးသဖြင့် ပြောပြလိုသော အန်ကယ်ဦးအေးမောင် ၊ အန်တီခင် တို့၏ ဘဝလမ်းခရီး၏ ဇာတ်လမ်း မှာ ယခုမှ စသည် ဟု ဆိုရပါမည် ။
ဝတ္ထု အစ၌ ဖော်ပြခဲ့သော သူတို့မောင်နှံနှင့် ကျွန်တော် တို့ မအူပင်မြို့၌ စတင် သိကျွမ်းခဲ့သည့်အချိန်၏ နောက်ပိုင်းသာလျှင် စိတ်ဝင်စားဖွယ် အကောင်းဆုံး အဖြစ်အပျက် များ ဖြစ်ပါသည် ။
ဦးအေးမောင် ရန်ကုန်သို့ ၁၉၄၀ ခုနှစ် က ပြောင်းလာ ခဲ့ပြီးနောက်လည်း ကျွန်တော်မှာ သူတို့နှင့် ပိုပြီးခင်မင်ရင်း နှီးလာခဲ့ရာ သူတို့ နှစ်ဦးလုံးက ကျွန်တော့် ကို သားသမီးအ ရင်းကဲ့သို့ပင် မှတ်ယူလျက် အန်တီခင် က ဆိုလျှင် သား သားနှင့် ကျွန်တော့်အား မိခင်ပမာ ယုယ အလိုလိုက်ခဲ့ပါ သည် ။
မကြာခဏ ကျွန်တော်က အန်တီခင် အား “ အန်ကယ့် ကို ဘယ်လောက် ချစ်တယ်ဆိုတာ ပြောပြစမ်းပါလား အန်တီ ” ဟု စလိုက်သည်နှင့် တစ်ပြိုင်နက် အန်တီခင်သည် ( ချစ်သမျှကို ) သစ္စာတိုင်ပတ်ပျိုး ကို ကောက်ဆိုပြပါတော့
သည် ။ ထိုအခါ အန်ကယ်ဦးအေးမောင် ကလည်း ပီတိတွေ ဖြာနေလျက် သီချင်းကို စန္ဒရား တီး၍ လိုက်ပါတော့သည် ။
ဦးအေးမောင် မှာ သူ အစဉ်သဖြင့် မျှော်မှန်းရည်ရွယ် ခဲ့သော ချစ်သူ ကို ရခဲ့သဖြင့် ငါလိုလူ ဇမ္ဗူ ရှိသေးလား ဟူ၍ ပင် လက်ခမောင်း ထခတ်လောက်အောင်ပင် ဝမ်းမြောက်နေ ရှာလေ၏ ။ သူ ဝါသနာပါသော ဂီတအနုပညာ ကို လိုက် စားရာဝယ် ပါရမီဖြည့်မည့် ခင်ခင်တည်း ဟူသော အဆိုတော် ကိုလည်း အပိုင် ရထားလေပြီ ။ ဇနီး ဖြစ်သူက သီချင်း ဆိုပြီး သူက စန္ဒရား လိုက်တီးရသည့် စည်းစိမ်တို့လည်း အတိုင်းမသိ ကြည်နူးသာယာမိပါသည် ။
ထို့ကြောင့် ဝတ္ထုအစ၌ ဖော်ပြခဲ့သည့်အတိုင်း သူတို့ မောင်နှံကို ဘေးက ကြည့်သူများကပင် ကျက်သရေရှိပြီး အဆင်ပြေလှသည် ဟု ပြောစမှတ်ပြုကြရပါသည် ။
သီချင်းကြီးသီချင်းခံ့ ထဲမှ သူတို့တီးမှုတ်သီဆိုလေ့ရှိ သော ပတ်ပျိုး ထဲကဆိုလျှင်“ ဟေဝန်စုံမြိုင် ... သင်းကြိုင်ငယ်ညှာလန်း .. ပူပုံပွေ ... ထွေဆန်းလှလေ ... မြပန်းကိုဋ်ရုံ ခိုးရီမှုံ .. တိမ်ပုံဆင်စ .. မြောက်ပြန်သွင်းလေချီ ... ဘီလာလေရိုက်ပါလို့ ပုံတိုက်ကယ်ကွဲ.... ”
ချီ ကိန္နရာ ချောင်းခြားကြီး ကို အန်ကယ်ဦးအေးမောင် က တီးပုံနှင့် အန်တီခင်က ဆိုပုံတို့မှာ နားထောင်၍ အကောင်းဆုံးဟု ထင်မိပါသည် ။ အန်တီခင် က စိတ်ပါ လက်ပါ ဆိုသလောက် စန္ဒရားဆရာ ကလည်း တေးကဗျာ သီသလို လက်ပေါက်များ ကို လှပစွာသီကုံးတီးတတ် လေရာ မည်သူမျှ မချီးမွမ်းဘဲ မနေနိုင်ပါ ။
ဤသို့လျှင် သူတို့ မောင်နှံနှစ်ဦး၏ အိမ်ထောင်ရေး ဗိမာန်ကြီးမှာ စိတ်ညစ်စရာ ဆို၍ တစ်ကွက်မှ မရှိ ၊ ဆူးညှောင့်ခလုတ်တွေ လုံးဝကင်းရှင်းလျက် ပကတိ ဖြောင့်ဖြူး သာယာ နေစဉ်ပင် ဒုတိယကမ္ဘာစစ်ကြီး ၏ မီးတောက်မီးလျှံ များသည် မြန်မာနိုင်ငံသို့ ကူးစက် လာတော့သည် ။
ကျွန်တော်တို့ တက္ကသိုလ်သမဂ္ဂခေါင်းဆောင်ပိုင်းဝင် ကျောင်းသားများ သည် ထိုအချိန်က ဗြိတိသျှကို တော်လှန် တိုက်ခိုက်ရာ၌ လျှို့ဝှက်စွာစည်းရုံးပါဝင်ခဲ့သည်ကို အထူး ဖော်ပြစရာ လိုမည်မထင်ပါ ။ ဂျပန်က အင်္ဂလိပ်ကို စစ်ကြေ ညာလိုက်ပြီးနောက် ကျွန်တော်သည် ရဲဘော်သုံးကျိပ် ထဲ မှ ရှေးဦးစွာ မြန်မာပြည်ထဲသို့ တိတ်တဆိတ် ဝင်လာသော ကိုလှမောင် ( ဗိုလ်ဇေယျ ) တို့နှင့် တနင်္သာရီနယ် တစ်နေရာတွင် အဆက်အသွယ် ရပြီး အလုပ်တွေ မအားမလပ်နိုင် အောင်ရှိခဲ့ရာ အန်တီခင် တို့နှင့်လည်း လုံးဝ အဆက်ပြတ် သွားပါတော့သည် ။ ၁၉၄၁ ခုနှစ် ၊ ဒီဇင်ဘာလ ၆ ရက်နေ့ ( စစ်ကြေညာသောနေ့ ) ဆိုလျှင် လမ်း ၅ဝ ရှိ သူတို့ အိမ် သို့ ရောက်သွားပါသေးသည် ။ အန်တီခင် က “ ဟဲ့ ကောင် လေး .. မင်းမှာ မိဘဆွေမျိုးသားချင်း ဆိုလို့ အားထားစရာ လည်းမရှိနဲ့ စစ်ကြီးဖြစ်လို့ ငါတို့ လွတ်ရာကျွတ်ရာကို တိမ်းရှောင်တဲ့ဆီ လိုက်ပါလား သားရယ် ” ဟု မိခင်တို့၏ ချစ်ခြင်းဖြင့် ခေါ်ပါသေးသည် ။ သို့သော် ကျွန်တော်ကပင် “ ဟာ .. ကိစ္စမရှိပါဘူး အန်တီ ။ ကျွန်တော် ရန်ကုန် ကျောင်းမှာပဲ ခဏခိုနေ ဦးမလို့ ။ အန်တီတို့ သာ လွတ်မယ် ထင်တဲ့ဆီ သွားကြပါ ။ ကျွန်တော့် အတွက်မပူပါနဲ့ ” ဟု လှည့်ဖြား ပြောဆိုပြီး မော်လမြိုင် ဘက် လစ်ပြေးခဲ့ရပါသည် ။
နောက်မှ ကျွန်တော် သိရသည်ကား သူတို့နှစ်ဦး သည် ဦးအေးမောင် ၏ ဆွေမျိုးများ ရှိရာ အုတ်ဖို ( သာယာ ဝတီခရိုင် ) မြို့ သို့ ရွှေ့ပြောင်းရှောင်တိမ်းနေခဲ့ကြကြောင်း ။ မြန်မာပြည် ထဲ ဂျပန်စစ်တပ်တွေ ဝင်လာပြီး ဒေါက်တာ ဘမော်အစိုးရ ဖွဲ့စည်းလိုက်တော့မှပဲ ရန်ကုန်သို့ ပြန်လာခဲ့ကြလေသည် ။
ကျွန်တော့်မှာ ဂျပန်ခေတ် တစ်ခေတ်လုံး လိုလိုပင် အထက်မြန်မာပြည် စစ်မျက်နှာများ၌ အမှုထမ်းရင်း အချိန် ကုန်ခဲ့လေရာ အန်တီခင် တို့နှင့် ( စစ်အတွင်း စာပို့တိုက်ဌာန အခြေအနေကြောင့် ) စာပေးစာယူဖြင့်ပင် အဆက်အသွယ် မလုပ်နိုင်ခဲ့ပါ ။
၁၉၄၃ ခုနှစ် ဩဂုတ်လ ( ဂျပန်က မြန်မာကို ‘ လွတ်လပ်ရေး ’ ပေးသောလ ) က ကျွန်တော်သည် အလုပ် ဝတ္တရားဖြင့် ရန်ကုန်စစ်ဦးစီးဌာနချုပ်သို့ ခေတ္တလာ ရောက်ခဲ့ရရာ စစ်တဖြစ်လုံး ၎င်းအကြိမ် တစ်ကြိမ်သာ အန်တီခင် တို့နှင့် တွေ့ ခဲ့ရပါသည် ။ ထိုအချိန်က အန်ကယ် ဦးအေးမောင် မှာ အစိုးရ ပြန်ကြားရေးဌာန၌ အထူးအရာရှိ အဖြစ် ဖြင့် ဆောင်ရွက် နေရာက မကျန်းမာသဖြင့် ခွင့် တစ်လ ယူပြီး နားနေခိုက် နှင့် ကြုံနေပါသည် ။
ကျွန်တော် လည်း စစ်ဌာနချုပ် မှ တယ်လီဖုန်းဖြင့် ပြန်ကြားရေးရုံး သို့ စုံစမ်းပြီးပြီးချင်းပင် ရွှေဂုံတိုင်လမ်းရှိ အန်တီခင်တို့ အိမ်သို့ ပြေးပါတော့သည် ။ ကျွန်တော့် ကို မြင်မြင်ချင်း ပင် သူတို့နှစ်ဦးလုံးသည် ဝမ်းသာအားရ ဖက်ယမ်းကာ နှုတ်ဆက်ကြပါသည် ။ အန်ကယ်ဦးအေးမောင် “ ဟေး ငါ့ သားကြီး လာပဟေ့ ” ဟု ဆိုကာ ကျောသပ်ရင်သပ် စေ့စပ် စွာအကဲခတ်ရင်း ယခင် ကောလိပ်ကျောင်းက တယောသမား လူနု တစ်ယောက်နှင့် မတူဘဲ စစ်ယူနီဖောင်းဖြင့် လူကြမ်းကြီး ဖြစ်လာသော ကျွန်တော့် အား ကြည့်ပြီး သဘော ကျနေပါသည် ။ အန်တီခင် ကတော့ “ မင်း သိပ်ပြီးတော့ စိမ်းကားတာပဲ မောင်နေဝင်း ရယ် ” မျက်ရည်ဝဲကာ ကျွန်တော့် အား စိတ်နာစကား ဆိုလေသည် ။
ကျွန်တော် ကတော့ ဆူပူကြိမ်းမောင်းတာတွေ ဖယ် ထားကာ ( ချစ်သမျှကို )ပတ်ပျိုးနှင့်( နှစ်ယောက်တည်း ) ကာလပေါ် သီချင်း ကို ဇွတ်အတင်း ဆိုပြ ခိုင်းရန်သာ စိတ် ကူးနေပါတော့သည် ။ သို့သော် .... သည်တစ်ခါ အန်တီခင် တို့အိမ်သို့ ကျွန်တော် လာပြီး တည်းခိုရသည်မှာ ပျင်းစရာ ကောင်းသလိုလို ခြောက်ကပ်ကပ်ကြီးဖြစ်နေပါသည် ။ မအူပင် မှာတုန်းက ကျွန်တော်တို့ ကျက်စားနေခဲ့သည့် သူတို့ အိမ်မျိုးနှင့် မတူပါ ။ မတူတော့သည် ဆိုရာ၌ အန်တီခင်နှင့် အန်ကယ်ဦးအေးမောင် တို့ တစ်ဦးနှင့် တစ်ဦး ခေါ်ပြောဆက် ဆံပုံမှာ အနည်းငယ် ပြောင်းလဲလာသည် ဟု ထင်မိပါ သည် ။ ကျွန်တော့် ရှေ့တွင်တော့ ယခင်က လိုပဲ “ ခင် ” “ မောင် ” စသဖြင့် တစ်ခင်တည်း ခင် ၊ တစ်မောင်တည်း မောင် နေကြသော်လည်း မအူပင် မှာ တုန်းက ကျွန်တော် မြင် ခဲ့သော ယမုန်နာမြစ်ကမ်းရှိ ကျွန်းငွေသောင်ဝယ် ရွှေလည် တွဲကာ ပျော်မြူးသည့် ကိန္နရီမောင်နှံ နှင့် မတူတော့ဘဲ ပြ ဇာတ်ခုံ ပေါ်တက်ပြီး ပွဲကြည့် ပရိသတ်ရှေ့ ချစ်ခင်ယုယဟန် ကပြနေသော မင်းသမီးမင်းသား နှင့် တူသလို ထင်ရသဖြင့် ကျွန်တော့် မှာ ရုတ်တရက် အံ့အားသင့်မိပါသေးသည် ။ သို့ရာတွင် အန်ကယ်ဦးအေးမောင် နာမကျန်း ဖြစ်၍လည်း ကောင်း ၊ စစ်အတွင်း အစစအရာရာ စိတ်ညစ်ညူးစရာတွေ တွေ့ကြုံနေရ၍လည်းကောင်း သူတို့၏ ချစ်ရိပ်မြုံကြီးဝယ် တစ်ချက်တစ်ချက် မပြောပလောက်သော အနှောင့်အယှက် ကလေးများ ပေါ်လာတာသာ ဖြစ်မှာပဲ ဟူ၍ တွေးမိပါ သည် ။
ကျွန်တော် လည်း ရန်ကုန် မှာ ၄ ရက်သာ ကြာပြီး အထက်မြန်မာပြည်သို့ ပြန်ပြီး ထွက်ခွာ လာရပါသည် ။ အလုပ်ဝတ္တရားတွေ က များလှသဖြင့် အန်တီခင် တို့ အကြောင်း ကို နောက်ထပ် မစဉ်းစားအား နိုင်အောင် ရှိပါတော့သည် ။
၎င်းနောက် သူတို့နှင့် အဆက် ပြတ်သွားပြန်သည် မှာ ၁၉၄၅ ခု မတ်လ ဖက်ဆစ်တော်လှန်ရေးကြီး ပြီးဆုံး သွားသည့် အချိန်အထိပင် ဖြစ်ပါသည် ။ ထိုနှစ် ဇူလိုင်လ အတွင်းက ကျွန်တော် အမှုထမ်း နေသော ဗမာ့တပ်မတော် တိုင်းအမှတ် ၇ ။ တိုင်းစစ်ဌာနမှူး ဗိုလ်မှူးအောင် နှင့် အတူ နတ်တလင်းစခန်းမှ ရန်ကုန်ဌာနချုပ်သို့ ခေတ္တ လာခဲ့ရပါ သည် ။ ကျွန်တော် က ဂျစ်ကား ကိုမောင်းပြီး ဗိုလ်မှူးအောင် က ကျွန်တော်၏ လက်ယာတွင် ထိုင်လျက် ပြည်လမ်း မှ လက်ဝဲဘက် ဘောင်ဒရီလမ်းသို့ ချိုးကာ လောင်းဝစ္စလမ်း ဌာနချုပ် ရှိရာသို့ အသွားတွင် ဗိုလ်မှူးအောင် က “ ဟေ့ ဟိုမှာကြည့်စမ်း ဒီစုံတွဲက တယ်စမတ်ကျပါလားကွ ” ဟု ပြောလိုက်ပါသည် ။ ဗိုလ်မှူးအောင် မှာ ဘုန်းကြီးလူထွက် လူရိုး လူပျိုကြီး ဟု ရဲဘော်တွေ အားလုံး ကပင် သိကြလေ ရာ သူက စမတ်ကျသည် ဟု မှတ်ချက်ချလျှင် တော်တော် ပဲ အားကျစရာ ကောင်းမည့် စုံတွဲပင် ဖြစ်ရမည်ဟု တွေးဆ မိပြီး ကျွန်တော်လည်း ဗိုလ်မှူး ညွှန်ပြရာဘက်သို့ လှမ်း ကြည့်လိုက်မိပါသည် ။
ကျွန်တော်တို့ ဂျစ်ကားမှာ ဘောင်ဒရီလမ်း နှင့် လင့်ခ်လမ်းတို့ ဆုံရာသို့ ရောက်နေပြီ ဖြစ်ရာ ရွှေဂုံတိုင်လမ်း ဘက်မှ လင့်ခ်လမ်းအတိုင်း မောင်းလာသော နက်ပြာရောင် အော် စတင်ကားကလေးတစ်စီးကို မြင်ရပါသည် ။
အော်စတင်ကား ကို အသက် ၄ဝ ကျော် ၅ဝ တွင်း အသားဖြူဖြူ ခပ်ဝဝခံ့ခံ့ ၊ ရွှေကိုင်းမျက်မှန်တပ် လူတစ်ယောက် မောင်းလျက် ကားမောင်းသူ ၏ လက်ဝဲဘက်တွင် အစွမ်းကုန် အလှတွေ ပြင်ဆင် မွမ်းမံထားသော အသက် ၄ဝ ခန့် အမျိုးသမီးချောချော တစ်ယောက် ကပ်လျက် ထိုင် နေပါသည် ။
ထိုအမျိုးသမီး ကား အခြား ဟုတ်ပါရိုးလား...? အန်တီခင် ။
အန်တီခင် မှ အန်တီခင် အစစ် ။ သူမ ကတော့ ကျွန်တော်တို့ ကို မြင်ဟန် မတူပါ ။ ကားမောင်းသူ လူကြီးနှင့် ပြုံး ကာရယ်ကာ ဟန်ပါပါနှင့် ရောရောဝင်ဝင် ရင်းနှီးစွာ စကားပြောရင်း ပါသွားလေရာ ကျွန်တော့် မှာ ရုတ်တရက် စကား မပြောနိုင်လောက်အောင်ပင် အံ့အားသင့်နေမိပါသည် ။ နောက်မှ ဗိုလ်မှူးအောင် အား ရှင်းပြလိုက်ရပါသည် ။
“ ဟာ ... အဲဒါ ကျွန်တော် သိတယ်ဗိုလ်မှူး ။ ပြန်ကြားရေးဌာန က ဆရာဦးအေးမောင် ရဲ့ မိန်းမ အန်တီခင်ပါ ။ အခု ကားမောင်းသွားတာကတော့ ကျွန်တော် မသိတဲ့ တခြားလူ တစ်ယောက်ပဲ ။ အန်ကယ်ဦးအေးမောင် မဟုတ်ဘူး ”
“ ဟင် ... မင်းဟာ ဟုတ်ကဲ့လားကွာ ။ တွဲသွားလိုက် ကြတာ တကယ့် လင်မယားကျနေတာပဲ ”
ဗိုလ်မှူးအောင် ကတော့ အန်တီခင် လို လင်ရှိမိန်းမ တစ်ဦး သူစိမ်းတစ်ရံဆံ ယောက်ျား နဲ့ ရောရောဝင်ဝင် သွားလားလာလား လုပ်သည် ကို နည်းနည်းမှ သဘောမကျနိုင် သဖြင့် ဝေဖန်လိုက်ပါသည် ။
ကျွန်တော် က ဘာမှ ပြန်မပြောရသေးမီ ကျွန်တော် တို့ ဂျစ်ကားမှာ လောင်းဝစ္စလမ်းဌာနချုပ် အနားသို့ ရောက် လာသဖြင့် စကားပြတ် သွားပါတော့သည် ။
အလုပ်ကိစ္စတွေ ပြီး၍ ညနေစောင်းတွင် ဗိုလ်မှူးအောင် အား သူ တည်းခိုရာ ကြည့်မြင်တိုင် အိမ် သို့ ပို့ပြီး နောက် ကျွန်တော်သည် ရွှေဂုံတိုင်လမ်း အန်တီခင်တို့ အိမ် သို့ ဂျစ်ကား နှင့် သုတ်ပြေးပါတော့သည် ။
ကျွန်တော် ရောက်သွားသော အချိန်၌ အန်တီခင် မှာ ဖြီးလိမ်းဝတ်စားထားလျက်ပင် ရှိသေးရာ အပြင်ဘက် မှ အိမ်ပြန်ရောက်ခါစနှင့် တူပါသည် ။ ကျွန်တော့် ကို မြင်မြင် ချင်း အန်တီခင် မှာ အလွန်အားရဝမ်းမြောက်ဟန်နှင့် “ ဟယ် မောင်နေဝင်း ပါလား ၊ ကြည့်စမ်း ပျောက်ချက်သား ကောင်းနေလိုက်တာ ။ မင့် ကြည့်ရတာကတော့ ဝလို့ပါပဲ လား ။ ဪ ... မောင် ဟောဒီမှာ မောင့်သား စစ်ဗိုလ်ကြီး ကို ကြည့်လှည့်ပါဦး ” ဟု အိမ်ဘက်သို့ လှည့်ပြီး ပြောပြော ဆိုဆိုပင် ကျွန်တော့် ကို ဆွဲခေါ်သွားရာ အိမ်ခန်း ထဲတွင် ပက်လက်ကုလားထိုင် တစ်လုံး နှင့် ထိုင်နေသော အန်ကယ် ဦးအေးမောင် ကို မြင်ရသောအခါ ကျွန်တော့်မှာ အထူးပင် စိတ်မကောင်း ဖြစ်မိပါတော့သည် ။
အန်ကယ်ဦးအေးမောင် မှာ ကျွန်တော် လွန်ခဲ့သော ၂ နှစ် က တွေ့ ခဲ့ရပုံနှင့် လုံးဝ မတူတော့ဘဲ အသားအရေ ဖြူဖတ်ဖြူရော် ဖြစ်လျက် လူတစ်ကိုယ်လုံး မှာလည်း အရိုးပေါ် အရေတင်အောင် ကြုံလှီပိန်ချုံးနေပါတော့သည် ။
“ ဘယ်လို ဖြစ်ရတာလဲ အန်ကယ် ”
“ ၁၉၄၃ ခုနှစ်က မင်း ခဏ ရန်ကုန် လာတုန်း အန်ကယ် ခွင့်ယူထားရတယ် မဟုတ်လား ။ အဲဒီအချိန် ကစပြီး တီဘီရောဂါ ရှိတယ် ထင်လို့ ဆရာဝန်တွေ စမ်းသပ်ခိုင်း တော့ တကယ်ပဲ တီဘီ ဖြစ်နေမှန်း သိရတယ် ။ ဒါပေမဲ့ ဂျပန် ခေတ်မို့ ဆေးဝါးကောင်း ရှာမရတာမို့ လူလည်း တဖြည်း ဖြည်း အားနည်းပြီး ချုံးကျ သွားလိုက်တာ အခု မင်းမြင်တဲ့ အတိုင်း မောင်နေဝင်း ရယ် ။ ခုတော့ အန်ကယ့် အဖို့ လမ်း လျှောက်ရင်တောင် မောနေပြီ ”
အန်ကယ်ဦးအေးမောင် က သူ့ ရောဂါ ဖြစ်ပုံကို ပြော ပြသောအခါ ကျွန်တော့်မှာ ဖခင် အရင်း လို ချစ်ခင်သူ တစ်ဦး အဖြစ် အလွန် စိတ်မကောင်းဖြစ်ရပါသည် ။
ထိုညက ကျွန်တော် သူတို့ အိမ်မှာပဲ အိပ်ပါသည် ။ ထမင်းစားသောက်ပြီးနောက် ကျွန်တော်က သူတို့ မောင်နှံ နှစ်ဦး အကြားတွင် ထိုင်ကာ စစ်အတွင်းက အထက်မြန်မာ နှင့် စစ်မျက်နှာအနှံ့အပြား ကျွန်တော် ရောက်ခဲ့ပုံများ ၊ တော် လှန်ရေးအတွင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းတစ် လျှောက်၌ ကျွန်တော်တို့တပ်တွေ တွေ့ကြုံဖြစ်ပျက်ခဲ့ပုံများ ကို စီကာပတ်ကုံး ပြောပြသောအခါ သူတို့ နှစ်ဦးလုံးမှာ စိတ်ဝင်စားကြလျက် အထူးသဖြင့် အန်ကယ်ဦးအေးမောင် မှာ စိတ်ပျော်လာသလို ၊ ရောဂါပဲ သက်သာလာသလို ရွှင်ပျ လာပါသည် ။ အမှန်တော့လည်း ဦးအေးမောင် အဖို့ ကျွန်တော့် ကို ကြည့်ရင်း “ ဒီလို အရွယ် အားကိုးရမယ့် သားရင်း တစ်ယောက် လောက် အနားမှာ ရှိရင် တယ်ကောင်းမှာပဲ ” ဟု အားကျတောင့်တနေမိခြင်း ဖြစ်ပါသည် ။
ညအတော် ညဉ့်နက်၍ အန်ကယ်ဦးအေးမောင် အိပ်ပျော်သွားသောအခါ အန်တီခင် နှင့် ကျွန်တော်တို့ သည် အိမ် ရှေ့ခန်း၌ ကော်ဖီ ထိုင်သောက်နေကြပါသည် ။ ကျွန်တော် တစ်ညနေလုံး မေးချင်လှသော မေးခွန်း ကို အခုမှပဲ မေးရပါ တော့မည် ။
“ ဒါထက် အန်တီ နေ့ခင်း က အော်စတင်ကားက လေးနဲ့ အန်တီ ကို မြင်လိုက်ပါတယ် ။ အန်တီနဲ့ တွဲသွား တာ ဘယ်သူလဲဟင် ”
ကျွန်တော်က ဖြုန်းခနဲ မေးချလိုက်ရာ အန်တီခင် တွင် ရုတ်တရက် မျက်နှာ ပျက်သွားပါသည် ။
“ ဪ မင်း မြင်လိုက်သလား ။ ဒါနဲ့များ ဒီကောင်ကလေး ငါ့ တောင်လှမ်းမခေါ်ဘူး ။ ဒီလိုကွဲ့ ငါ့ သားကို အကျိုးအကြောင်း ရေလည်အောင် ပြောပြရဦးမယ် ။ မင်းသိ တဲ့အတိုင်း မင်း အန်ကယ် အလုပ် မလုပ်နိုင်တာ ၂ နှစ် တောင် ရှိသွား ပြီ ။ ပထမ လေးလလောက်သာ အလုပ်က လခရပြီး နောက်တော့ မရတော့တာနဲ့ အန်တီတို့ လည်း ရှိတာလေးတွေ တဖြည်းဖြည်း ထုခွဲရောင်းချ စားသောက် နေရတာပေါ့ ။ အန်တီတို့ မှာလည်း ရရစားစားမို့ စုဆောင်း ပြီးသားဆိုလို့ ဘာမှ ထူးထူးထွေထွေ မရှိတာတော့ မင်း အသိပဲ ။ ဒါနဲ့ လွန်ခဲ့တဲ့ နှစ်ကစပြီး မင့် အန်ကယ် ဆေးဖိုးဝါးခ နဲ့ ဓာတ်စာကလေးများ ဝယ်စားနိုင်ပါစေတော့ဆိုပြီး အန်တီ ကိုယ်တိုင်ပဲ အရောင်းအဝယ် ဟိုစပ်စပ် ဒီစပ်စပ် ထွက် ပြီးလုပ်ရတယ် ။ အညာကုန် ၊ အောက်ကုန် ဖလှယ် ရောင်းဝယ်တဲ့ နေရာမှာလည်း ပွဲစား လုပ်တယ် ။ အဲဒါက တော် တော်လေး ရသားကွဲ့ ။ တို့နှစ်ယောက် အဖို့ မနည်း ချောင် သွားတာပေါ့ ။ အန်တီ အဲသလို အရောင်းအဝယ်လုပ်ရင်း အနောက်ပိုင်းက ပွဲစားကြီးဦးတင့် နဲ့ တွေ့ကြုံသိကျွမ်းပြီး ရင်းနှီးကြတယ် ။ မင်း နေ့ခင်း က တွေ့တယ် ဆိုတာ ဦးတင့် ပေါ့ ။ သူ့ခမျာ သံယောဇဉ် အတွယ်အတာဆိုလို့ အိမ် ထောင်လည်း မရှိတဲ့ လူပျိုကြီး ဖြစ်ပြီး အန်တီတို့ ကို အင်မတန်ပဲ ခင်မင်ရှာတယ် ။ အန်တီ အရောင်းအဝယ် ကိစ္စတွေ မှန်သမျှမှာ ကျွမ်းကျင်ပြီးသား သူ့လို ပုဂ္ဂိုလ် တစ်ဦးရဲ့ အကူ အညီ ရှိလို့ ဒါလောက် ဟန်နေတာပေါ့ ။ ဟော အခု အင်္ဂလိပ် ပြန်ဝင်လာတော့လည်း တတ်နိုင်သလောက် ကြိုးစား ရှာဖွေ နေကြရတဲ့အခါ အန်တီ မှာ မိန်းမသားမို့ သွားလာဖို့ ရာ ခက်ခဲလေတော့ နေ့တိုင်းပဲ ဦးတင့် က သူ့ ကားနဲ့ ကိုယ် တိုင်လာကြိုပြီး သွားလိုရာ လိုက်ပို့ရှာလို့ မောင်မင်းကြီး သား ကျေးဇူးကြီးလှပါတယ်ကွယ် ။ သူ့ခမျာ တကယ်ပဲ ရိုးရိုးသားသား ခင်ရှာတာပါ ”
ကျွန်တော် ၏ မျက်နှာ အမူအရာမှာ ခပ်တင်းတင်း ဖြစ်ပြီး နေ့ခင်းက သူတို့ကို မော်တော်ကား နှင့် မြင်လိုက် သည်ကို မကျေနပ်သည့် အရိပ်အယောင်များရှိကြောင်း အန်တီခင် ကိုယ်တိုင်က ရိပ်မိသဖြင့် သည်လောက်တောင် အကျယ်တဝင့် ရှင်းလင်း ပြောပြနေခြင်း ဖြစ်ပါသည် ။
“ လူပျိုကြီး ဖြစ်တိုင်း ရိုးရောလား ”
ကျွန်တော် က ဆက်ပြီး ဘုပြောလိုက်ပါသည် ။
“ ဟဲ့ကောင်လေး ဘာတွေ ပြောနေတာလဲ ၊ ရိုးလို့ ရိုး တယ် ပြောတာပေါ့ကွဲ့ ။ ဒါကြောင့်လည်း မင်း အန်ကယ် က အန်တို့ကို စိတ်ချနေတာပေါ့ ”
“ အင်း တကယ်ပဲ ရိုးရင်တော့ ကောင်းပါ့ဗျာ ”
ကျွန်တော်ကတော့ အန်တီခင် ၏ အဖြေကို မကျေနပ်နိုင်ပါ ။
“ ဘာလဲကွဲ့ မင်းက အန်တီ့ ကို စိတ်မချလို့လား ။ ကိုယ့် အမေ သူများ နောက်ပါသွားမှာ စိုးလို့လား ” ဟု အန်တီခင် က အရွှတ် ပြောသလိုနှင့် စကားကို လျှောချလိုက် သော်လည်း ထိုည က ကျွန်တော့်မှာ အိပ်ရာဝင်သည် အထိ အန်တီ ၏ အပေါ်တွင် မကျေနပ်ဘဲ ယခင် ကနဲ့ မတူအောင် အပြုအမူ ဟန်အမူအရာတွေလည်း ပြောင်းလဲလာသည်ဟု ထင်မိပါသည် ။
နောက်တစ်နေ့ ညဘက်တွင် ကျွန်တော့် မှာ ဗိုလ်မှူးအောင် နှင့်အတူ နတ်တလင်းမြို့ သို့ ပြန်ခဲ့ရပါသည် ။ ရန်ကုန်မှ မထွက်ခွာမီတော့ ကျွန်တော်နှင့် ကျောင်းနေဖက် အိန္ဒိယပြည်မှ စစ်တပ်နှင့် ပါလာသော မိတ်ဆွေ ဆရာဝန် တစ်ဦးကို ဆေးရုံကြီး၌ ရှာဖွေတွေ့ ဆုံပြီး အန်ကယ်ဦးအေးမောင် ၏ ရောဂါကို နောက်ဆုံးပေါ် ခေတ်မီဆေးဝါးများနှင့် ကုသဖို့ရာ အတွက် စီမံပေးခဲ့ပါသည် ။
••••• ••••• •••••
ကျွန်တော် လည်း နောက်ထပ် ရန်ကုန်သို့ မရောက် တော့ဘဲ နတ်တလင်း မှာပင် တပ်မတော်တွေ ဖျက်သိမ်းရန် ကိစ္စတွေနှင့် အလုပ်များ နေခဲ့ပါသည် ။ နောက်သုံးလခန့် ကြာသောအခါ ကျွန်တော် ၏ မိတ်ဆွေဆရာဝန် ၏ အထူး ကြိုးစား ကုသပေးမှုကြောင့် အန်ကယ်ဦးအေးမောင်၏ ရောဂါမှာ အတော်ပင် သက်သာလာလျက် သူကိုယ်တိုင် အစိုးရပြည်သူ့ဆက်ဆံရေးဌာနတွင် သတင်းဖြန့်ချိရေး အရာရှိ အဖြစ် အလုပ် ဝင်လုပ်နေကြောင်း သတင်းကောင်း ကြားရပါသည် ။
ထို့နောက် ကျွန်တော်တို့ စစ်တပ်တွေ ဖျက်သိမ်းခြင်း ၊ လောင်းဝစ္စလမ်းမှာပင် ပြည်သူ့ရဲဘော်တပ်တွေဖွဲ့စည်းခြင်း ၊ ကျွန်တော့် ကိုလည်း စစ်တပ်မှ ထွက်ကာ ဖဆပလအမျိုးသားတပ်ဦးကြီး ကို ပဲ့ကိုင် ဦးစီးနေသော ဗိုလ်ချုပ် အိမ်သို့ အချိန်ပြည့် အမှုထမ်းရန် တာဝန်ပေးခံရခြင်း တို့ကြောင့် စစ်ပြီးခေတ်၏ နောက်ပိုင်းတွင် အန်တီခင် တို့၏ အဖြစ်အပျက် အကြောင်းစုံကို နောက်တော့ အန်ကယ် ဦးအေးမောင် ပြောပြသည့် အတိုင်း အောက်တွင် ဖော်ပြလိုက် ရပါသတည်း ။
••••• ••••• •••••
စစ်ပြီးခေတ် တွင် ဂျစ်ကား တဝီဝီ လျှောက်စီးနေသော အန်တီခင် ကား ယခင်က ကျွန်တော် သိသော အန်တီခင် မဟုတ်တော့ပါ ။ သူမ ၏ ကိုယ်ကို အလှပြင်ပုံ က အစ ယခင်က မလုပ်စဖူး နှုတ်ခမ်းနီ ဆိုးလာခြင်း ၊ ပါးလွှာပြီး တင်းကျပ်တစ် နေသော အင်္ကျီအဝတ်အစားများ ဝတ်လာခြင်း ၊ ခေါင်းမှာပင် အမောက်ကလေး ထောင်ကာ ခေတ်အဆန်ဆုံး ဝတ်စားဆင်ယင်တတ်လာခြင်းတို့ကြောင့် သက် ၄ဝ ကျော်ပြီ ဖြစ်လင့်ကစား အပျိုဘဝတုန်းကလှပပြီး အချိုးအစား ကျသော ကိုယ်လုံးကလည်း ပြေပြစ်လှပ လျက်ပင် ရှိလေရာ သူမ အား မသိသူတို့က အသက် ၂၅ နှစ်နှင့် ၃၀ ကြားပဲ ရှိလိမ့်မည် ဟူ၍ ခန့်မှန်းရ လောက်အောင် ပင် အရွယ်တင်ပါသည် ။
အမှန် ဆိုရလျှင် အန်တီခ င်မှာ ယောက်ျားတကာတို့ ၏ စိတ်ကို ယိုဖိတ် စေလောက်အောင် စွမ်းဆောင်နိုင်သော ရုပ်ဆင်းရူပကာ ရှိပါသေးသည် ။
ဂျပန်ခေတ်က ကုန်သည်ပွဲစား စတင် လုပ်ကိုင်ခဲ့ သောကြောင့်ပဲလားမသိ ။ အန်တီခင် မှာ အပေါင်းအသင်း မိတ်ဆွေသင်္ဂဟ အတိုင်းထက် အလွန် ပေါများနေပါတော့ သည် ။ နဂိုကပင် လူတကာနှင့် ရည်ငံအောင် သွက်လက် ချက်ချာစွာ စကားပြော တတ်သော ပီယဝါစာတန်ခိုး ကြောင့် သူမ အား လူတိုင်းကပင် ခင်မင်ကြပါသည် ။
( စိုစိုက်ရီတီ ) ခေါ် အထက်တန်းစား လူမှုဆက်ဆံရေးလောက အလယ်သို့ တဖြည်းဖြည်း ရောက်လာသော အန်တီခင် မှာ ရန်ကုန်မြို့ မျက်နှာကြီး ပရိသတ်အလယ်သို့ ဝင်ဆံ့စ ပြုလာပါပြီ ။ စစ်ပြီးခေတ် ဒေါ်ခင်ခင်ကြီး ခေါင်း ဆောင်သော မြန်မာပြည်အမျိုးသမီး လွတ်လပ်ရေးအဖွဲ့ချုပ်တွင်လည်း တာဝန်ခံ အမှုဆောင်တစ်ဦး အဖြစ် ဝင် ရောက်ဆောင်ရွက်ကာ အစည်းအဝေးတွေ တက်လိုက် ၊ စင်မြင့်ပေါ် တက် တရားဟောလိုက်နှင့် လူလည်လုပ်လာ ပါပြီ ။
အန်တီခင် အား နေရာတကာ သို့ မော်တော်ကား ဖြင့် စေတနာကောင်းစွာ လိုက်ပြီးမောင်း ပို့နေသူကား ပွဲစားကြီး ဦးတင့် ပင် ဖြစ်ပေ၏ ။ ဦးတင့်နှင့် ပတ်သက်၍ လည်း အန် တီခင်မှာ မြန်မာကုန်သည်လောကမှ နာမည်ကြီး မျက်နှာကြီး ပရိသတ်အလယ်တွင် အတော်ပင် ဝင်ဆံ့ လာပါသည် ။ စကော့ဈေးမျက်နှာစာတန်းနှင့် သိမ်ကြီးဈေးမှ ထိပ်သီး အထည်ကုန်သည်ကြီးတွေထဲကဆိုလျှင်လည်း အန်တီခင် နှင့် မသိသလောက် မရှိပါ ။ ဆရာဦးအေးမောင် မှာ နဂို ကပင် ရန်ကုန်မြို့ အထက်တန်းစား ဆိုသည့် ပရိသတ်အလယ်တွင် လူပေါင်းဆန့်သူဖြစ်ရာ ဦးအေးမောင်ဇနီး ဟူ သော ဂုဏ်ပုဒ်ကြောင့်လည်း အန်တီခင် မှာ မျက်နှာပွင့်လန်း လျက် ရှိပါသည် ။
ဤသို့ အန်တီခင် မှာ ကိုယ်တိုင် ထွက်၍ စီးပွားရှာဖွေ ရေး၌ စိတ်ဝင်စားပြီး သွားလာ လုပ်ကိုင်လျက်ရှိစဉ် စိတ်မ ချမ်းမြေ့ဖွယ်ရာ သတင်းတစ်ခု ထွက်ပေါ်လာလေ၏ ။ သတင်းကတော့ “ ဦးအေးမောင် မိန်းမ ဒေါ်ခင်ခင် နဲ့ ပွဲစားဦး တင့် နဲ့ တိတ်တိတ်ပုန်း ညားနေကြပြီ ” ဟူသော ကောလာဟလ သတင်းဆိုးပင် ဖြစ်ပါသည် ။ ထို သတင်း မှန်မမှန် အပ ထား၍ အတင်းအဖျင်း ပြော အလွန် ဝါသနာပါသော ရန်ကုန် ( စိုစိုက်ရီတီ ) လူထုကတော့ အန်တီခင် ကွယ်ရာမှာ တွင်တွင်ကြီး ပြောနေကြပါပြီ ။ ထိုအတောအတွင်း အန်ကယ် ဦးအေးမောင် ၏ အဆုတ်ရောဂါ မှာ ပြန်၍ ဆိုးလာပြီး သူ့ခမျာ အလုပ် ဆက်မလုပ်နိုင်တော့ဘဲ ခွင့်ရက်ရှည် ယူထားရပါသည် ။ ယင်းသို့ လင်ယောက်ျား မှာ အားအင် ချည့်နဲ့သော လူမမာ ဖြစ်နေ၍ လည်းကောင်း ၊ အန်တီခင် ကိုယ်တိုင်က ပွဲစား ဦးတင့် နှင့် အမြဲလိုလို ရဲတင်းရင်းနှီးစွာ တွဲပြီး သွားလာနေသောကြောင့်လည်းကောင်း ၊ ပတ်ဝန်း ကျင် ပရိသတ်က သမုတ်ကြခြင်း ဖြစ်ပါသည် ။ စင်စစ် ဤသို့ ပြောသော ပရိသတ် ကိုလည်း အပြစ် မဆိုသာပါ ။ သည်လို သမုတ်ချင်စရာကောင်းလောက်အောင် ပဲ အန်တီခင် တို့ နေပုံထိုင်ပုံသွား လာပုံမှာ မျက်စိ နောက်စရာ ကောင်းလှပါသည် ။
တစ်ခါတစ်ရံ အန်တီခင်တို့ ကဲလိုက်ပုံများမှာ စစ်ဘက်မှ အထည်အုပ်တွေ ဈေးချောင်ချောင်နှင့် ရမည် ဆို၍ သွားရပါသည် ဟု အကြောင်းပြကာ အိမ်သို့ ည ၈ နာရီခွဲ ၉ နာရီ လောက်မှ ပြန်လာတတ် ပါသည် ။ ဒါတွေကြောင့် ဘေးပရိသတ် က ပြောစရာ ဖြစ်လာတတ် ပါသည် ။ အန်တီခင် ကို သည်လို ပြောကြသူတွေ ထဲမှာ ဦးအေးမောင် တော့ မပါပါ ။ အန်တီခင် အိမ်ပြန်နောက်ကျလျှင်လည်း “ ဟော ခင် ပြန်လာပလား ၊ ကြည့်စမ်းပါဦး ၊ ချွေးတွေသန်တွေနဲ့ ငါ့ မိန်းမ မောလှရော့မယ် ၊ ကဲ ကဲ နားချည်ပါဦးကွယ် နားချည် ပါဦး ” ဟူ၍ ချစ်ကရုဏာနှင့် ပြောတတ်ပါသည် ။ သူ့ စိတ် ထဲဝယ် သူ နာမကျန်း ဖြစ်လို့သာ ဇနီး ဖြစ်သူမှာ မိန်းမသား တန်မဲ့နဲ့ ပင်ပန်းကြီးစွာ လုပ်ကိုင်ရှာဖွေ နေရသည်ဟူ၍ မိမိ ကိုယ်ကိုသာ ပြန်ကြည့်ပြီး ယူကျုံးမရ ဖြစ်ရှာပါသည် ။
ဇာတ်မြုပ် နေသော အန်တီခင် ၏ မိဘများ အကြောင်း ပြောပြဖို့ ကျန်ပါသေးသည် ။ ဂျပန်ဝင်စက ဆရာ ကြီးဦးအောင်ဘွင့် တို့မှာ ရွှေကျင် ဘက် အပြေး ဓားပြတိုက်ခံ ရပြီး ရှိစုမဲ့စုကလေး ပြောင်သွားပြီး နောက် စစ်အတွင်း က အမရပူရ ရှိ ဒေါ်သန်းခင် ၏ ဆွေမျိုးများ ထံ၌ သွားရောက် ခိုကပ် နေကြရာက နဂိုက စိတ်စက် မကောင်းသော ဦးအောင်ဘွင့် မှာ နှလုံးရောဂါ နှင့် ၁၉၄၄ ခုနှစ် က အနိစ္စ ရောက်သွားပါသည် ။ အကုသိုလ် ဖိစီးလာပြီ ဆိုမှဖြင့် ဆက်တိုက် ဆိုးတတ်သော ဓမ္မတာ အတိုင်း ၁၉၄၅ ခုနှစ်ဦး အင်္ဂလိပ်တပ်တွေ ပြန်ဝင်ခါနီး တောင်မြို့ကို တရကြမ်း ဗုံးကြဲ ရာတွင် ဒေါ်သန်းခင် တို့ တည်းခို နေသော တိုက်ကို တည့်တည့်ကြီး ဗုံးမှန်လေရာ အမယ်ကြီး မှာ လည်း ချစ်သမီးက လေး၏ မျက်နှာကို မှ မမြင်လိုက်ရတော့ဘဲ ဦးအောင်ဘွင့် နောက်သို့ လိုက်ပါသွားရရှာပါတော့သည် ။
ထို့ကြောင့် အန်တီခင် တို့မှာ စစ်ပြီးခေတ် ကျတော့ အားကိုးစရာမဲ့ကာ ဝမ်းရေးပြဿနာ ကို ဖြေရှင်းရန် အတွက် ကိုယ်တိုင် ထွက်ကျဲနေရသော ဘဝသို့ ဆိုက်နေရခြင်း ဖြစ်ပါသည် ။
တစ်နေကုန်အောင် ပင်ပင်ပန်းပန်း သွားလာပြီး စီးပွားရှာရသည်ကို အန်တီခင် ၏ စိတ်ထဲတွင် မောသည်ဟု အလျှင်း မထင်မိပါ ။ သွားလိုက်လာလိုက် နှင့် လူပရိသတ် အများ၏ အကြားဝယ် လူးလာခတ်ကာ ကျက်စားရင်း စီး ပွားရှာရသည်ကိုပင် တစ်မျိုး ပျော်စရာကောင်းသည် ဟု သူမ ၏ စိတ်ဝယ် ထင်မြင်မိလာပါသည် ။ နံနက် မိုးလင်း၍ ၇ နာရီ ထိုးလျှင် အန်တီခင် မှာ ကြော့နေအောင် ဝတ်စားပြင် ဆင်ပြီးနေပါပြီ ။ သူမ က သည်လို အဆင်သင့် ဖြစ်နေ၍ လည်း အိမ်ရှေ့ တွင် ဦးတင့် ၏ အော်စတင်ကားကလေး ထိုးဆိုက်ပြီး ဟွန်းတစ်ချက် ပေးလိုက်သည် နှင့် “ ဟော ... ကားလာပြီ ။ ခင် သွားလိုက်ဦးမယ်နော် မောင် ” ဟု လင်ဖြစ်သူ အား တစ်ခွန်း နှုတ်ဆက်ပြီး ကားရှိရာသို့ ပြေးဆင်းသွား တတ်ပုံမှာ အစိုးရရုံး တစ်ရုံးမှာ အလုပ်ဝင်ကာစ စာရေးမ အပျိုကလေး တစ်ယောက် နှင့် တူအောင်ပင် ဖျတ်လတ် သွက်လက် နေပါတော့သည် ။
သို့သော် သတင်း ဆိုသည်ကား တောမီးလောင် သကဲ့သို့ လျင်မြန်လှသောအဟုန်ဖြင့် ပျံ့နှံ့တတ်လေရာ အန် တီခင် နှင့် ပွဲစားဦးတင့် တို့၏ သွားပုပ်လေလွင့် သတင်းမှာ များမကြာမီ ဦးအေးမောင် ၏ နားသို့ ပေါက်လာပါသည် ။ ဆရာဦးအေးမောင် ကိုယ်တိုင်က သူ၏ ချစ်ဇနီးတွင် ဟန်အမူအရာ ဝတ်ပုံစားပုံမှ စ၍ ယခင် က နှင့်မတူဘဲ ထူးခြားလာသည်ဟု ထင်မြင်မိနေဆဲတွင် ယခုလို သတင်းမျိုး ကြားရ သောအခါ နဂိုက မိမိ၏ စိတ်ထဲတွင် သူ၏ ချစ်ဇနီးနှင့်ပတ် သက်၍ ထားရှိတွေးထင်ချက်များ မှန်လေပြီတကားဟု ယူ ဆရတော့မည့်ပုံ ဖြစ်နေလေရာ သူ၏ စိတ်ဝယ် အထူးထိ ခိုက်သွားပါသည် ။ သို့ဖြစ်လင့်ကစား သူ အသက်ပေး၍ မြတ်နိုးသော ချစ်ဇနီးသည် အပေါ် ထားရှိသည့် ချစ်မေတ္တာ အဟုန်ကြောင့် လည်းကောင်း ၊ သူ နာမကျန်း ရှိသည်ကို တခြား မိန်းမတွေ ကဲ့သို့ လက်မှိုင်ချကာ ညည်းတွားခြင်း မရှိ ဘဲ မိန်းမသားတန်မဲ့နှင့် စွမ်းစွမ်းတမံ ထပြီး အလုပ် လုပ်နေ သော အန်တီခင် ၏ စိတ်ဓာတ်ကို ငဲ့ကွက်၍ လည်းကောင်း ၊ ဦးအေးမောင် မှာ သူ၏ အသည်းနှလုံးကို ဆွဲငင်လှုပ်ကိုင် ကာ ကျီစယ်ကစားလျက် ရှိသော ဇနီးသည် အား ရက်ရက် စက်စက်ပြောရန် ပါးစပ်ကမထွက်နိုင်အောင် ရှိပါတော့ သည် ။
တကယ်ဆိုတော့ အန်တီခင် အိမ်ပြန်မိုးချုပ်တိုင်း လင်သည် လူမမာအတွက် သစ်တော်သီး ၊ ပန်းသီး ဓာတ်စာများ ၊ ဟောလစ် ၊ အိုဗာတင်း ၊ ဘီစကွတ် စားဖွယ် သောက်ဖွယ်များ တစ်ပွေ့ တစ်ပိုက်ကြီး ယူကာ ပြန်လာ တတ်ခြင်းမှာ တကယ့် စေတနာထက် သူမ၏ အပြစ်ကို ဖုံးကွယ်သော “ ပျားရည်နှင့်ဝမ်းချ ” ခြင်းများသာ ဖြစ်သည် ဟု အန်ကယ် ဦးအေးမောင် ၏ စိတ်ထဲတွင် ကောင်း ကောင်းကြီး သိပါသည် ။ သို့သော် သဘောထား ကြီးလှသော ယောက်ျား တစ်ဦး ဖြစ်သောကြောင့် အန်တီခင် အား ရုတ်တရက် ဟန့်တား ပြောဆိုရန် ဝန်လေးလျက် ရှိပါသည် ။ တဖြည်းဖြည်း အဆုတ်အားနည်းလာသော သူ ၏ ရောဂါ မှာလည်း ကျိတ်ပြီး စိတ်ထိခိုက်မှုကြောင့် ပို၍ အခြေအနေ ဆိုးလာပြန်ပါသည် ။ ချောင်းဆိုးလျှင် သွေးစများပင် ပါလာပါပြီ ။
အချိန်မှာ တဖြည်းဖြည်း ကုန်လာခဲ့ရာ တစ်နေ့တွင် ဆရာဦးအေးမောင် ၏ သည်းခံမှု စံချိန်မှာ ကျိုးပေါက်သွား ပါသည် ။ အန်တီခင် ကတော့ တဖြည်းဖြည်း ကဲလာလျက် တစ်ည ဦးတင့် နှင့် နှစ်ယောက်သား ရုပ်ရှင်ကြည့်သည် ဆို ပြီး ၁ဝ နာရီထိုး မှ အိမ်ပြန်လာသောအခါ အန်ကယ် က “ ခင် အဝတ်အစား လဲပြီးတော့ မောင့်အနားလာပါဦး ကွယ် ” ဟုခေါ်ကာ လေအေးလေပျော့ နှင့် ချစ်ဇနီးအား ဆုံးမစကား ဆိုပါတော့သည် ။ ဦးအေးမောင် ပြောပုံက တော့ ဒိန်းတလိန်းနတ် ဖမ်းစားသူတို့ ထုံးစံကဲ့သို့ ရှူးရှူးရှဲရှဲ ဖြစ်ခြင်း မဟုတ်ဘဲ အန်တီခင် ယခုတလော နေထိုင်သွား လာပုံတွေမှာ သူ့အဖို့ ဘာမှ ကိစ္စမရှိသည်ပဲထား ။ နံဘေး ပတ်ဝန်းကျင် ပရိသတ် က ကဲ့ရဲ့သင်္ဂြိဟ် နေကြသည့်အ ကြောင်း ၊ သူတို့ မောင်နှံ အလွန်ဝင်ဆံ့ ပေါ်ပြူလာဖြစ်သော အထက်တန်းစား လူကုံထံပိုင်း က ဆိုလျှင် အန်တီခင် ကို ဦးတင့် နှင့် သမုတ်နေကြသည့် အကြောင်း ထို့ကြောင့် မှား လျှင် အစဉ် ပြင်လျှင် ခဏ ဆိုသလို အန်တီခင် က ကြိုးစားပြီး ဆင်ခြင်စေလိုကြောင်း စသဖြင့် ပညာရှိ ပီပီ စိမ်ပြေနပြေ ပြောဆိုဆုံးမခြင်း ဖြစ်ပါသည် ။
ရုတ်တရက်တော့ အန်တီခင် က “ အမယ်လေး ခင့် ကို အထင်လွဲလေခြင်းမောင်ရဲ့ ” ဟု ငိုချင်းချကာ လေပြည် ထိုးပါသေးသည် ။ သို့သော် လင်ဖြစ်သူက ပကတိတည် ငြိမ်အေးဆေးသော အသံ နှင့် စိတ်ရှည်လက်ရှည် အကျိုးသင့် အကြောင်းသင့် ပြောဆို ဆုံးမသောအခါ သူမမှာ နောက်ဆုံး ဝန်ချတောင်းပန်ကာ နောင်ကို ဆင်ခြင်ပါမည် ဟု ကတိ ပေးပါတော့သည် ။
ထိုနေ့မှ စ၍ အန်တီခင် ကို ပွဲစားဦးတင့်၏ ကားပေါ် တွင် မမြင်ကြရတော့ပါ ။ ဦးအေးမောင် တို့ အိမ်ရှေ့ သို့ နက်ပြာရောင် အော်စတင်ကားကလေးလည်း နံနက်စောစော တိုင်း လာ မဆိုက်တော့ပါ ။ ဒါပေမဲ့ အန်တီခင် သည် ဦးတင့် နှင့် တိတ်တဆိတ် ချိန်းပြီးတွေ့လျက် ရှိသေးကြောင်းကို ဓာတ်သိများက စွပ်စွဲကြပြန်ပါသည် ။ ဆရာဦးအေးမောင် ကတော့ နောက်ထပ် မပြောတော့ပါ ။
ဦးအေးမောင် ၏ ရောဂါမှာ အိန္ဒိယပြည် မဒရပ်မြို့သို့ သွားရောက်ကုသလျှင် ပျောက်ကင်းနိုင်မည်ဟု အသိမိတ်ဆွေများက ဝိုင်း ပြောကြသော်လည်း ရန်ကုန်ဆေးရုံကြီး မှ ကျွမ်းကျင်သော ဆရာဝန် တစ်ဦးက အဆုတ်တစ်ခြမ်း မှာ ဆန်ကာပေါက်တွေ ဖြစ်လောက်အောင်ပင် ရောဂါ ရင့်နေပြီ ဖြစ်သဖြင့် မဒရပ် သို့ သွားသည့် တိုင်အောင် မျှော်လင့်ချက် တယ်ပြီး မရှိကြောင်း ရိုးသားစွာ ဖွင့်ပြောဖူးပါသည် ။ အန်တီခင် က ငွေကြေး လုံလောက်အောင် ရှာဖွေစုဆောင်းပြီး လင်မယား နှစ်ယောက်စလုံး ကုလားပြည် သို့ သွားရန် အကြံပေး သည်ကို အန်ကယ် က “ မထူးတော့ပါဘူး ခင်ရယ် ။ ငွေကုန် လူပန်း ဖြစ်ပြီး မတော်တဆ သူများ တိုင်းပြည်မှာ သေနေမှာ ကို လည်း မောင် စိုးရိမ်လှပါတယ် ။ ဒီမှာပဲ အေးအေးဆေး ဆေး နေပါရစေတော့ အချစ်ရယ် ” ဟု ဇွတ်ငြင်းနေသဖြင့် အန်တီခင် လည်း လက်လျှော့ လိုက်ရပါတော့သည် ။
••••• ••••• •••••
စစ်ပြီးခေတ် မြန်မာပြည် နိုင်ငံရေးဇာတ်ခုံပေါ် တွင်ကား အဖြစ်အပျက်များသည် ပြဇာတ်ကောင်း တစ်ခု ကဲ့သို့ လျင်မြန်စွာ တစ်ခုပြီး တစ်ခု ဖြစ်ပျက်သွားပါ တော့သည် ။
၁၉၄၆ ခု ဖဆပလ ရွှေတိဂုံညီလာခံကြီး ၊ ပြည်လုံးကျွတ် အထွေထွေသပိတ်ကြီးနှင့် ဆာပေါ်ထွန်း အစိုးရ ပြုတ်ကျပြီး ဗိုလ်ချုပ်အောင်ဆန်း တို့ ဖဆပလ အစိုးရတက် ဖွဲ့ခြင်း ၊ နောက် ဖဆပလ နှင့် ကွန်မြူနစ်ကွဲ ၊ နောက် ၁၉၄၇ ခု ဇူလိုင်လ လုပ်ကြံမှုကြီး နှင့် ဗိုလ်ချုပ်တို့ ကျဆုံးပြီး နောက် မြန်မာပြည်နိုင်ငံရေး စင်မြင့်ပေါ်သို့ လူတကာ တက်ပြီး ထင်ရာစိုင်းရင်း ၁၉၄၈ ခု နှစ်ဦးတွင် “ လွတ်လပ်သော ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီး ” ဟူ၍ ရန်ကုန်မြို့ရှိ နိုင်ငံရေး ပရောဟိတ် ဟူးရားဖြူ ဟူးရားညို တို့က ကင်ပွန်းတပ် လိုက်ကြပါတော့သည် ။
လွတ်လပ်သော ပြည်ထောင်စုခေတ် တွင် အရေးကြီးဆုံး ခေတ်အစားဆုံး ၊ လူတွေ စိတ်အဝင်စားဆုံးကတော့ အခြား မဟုတ် ။
“ အင်ပို့လိုင်စင် ”ခေါ် သွင်းကုန်လိုင်စင်ပင် မဟုတ်ပါ လော ။ အင်ပို့လိုင်စင်သည် လူတိုင်း၏ ပါးစပ်ဖျားတွင် ရစ်ဝဲကာ လူတိုင်းလို နေ့ရောညပါ ဦးနှောက် ရှုပ်စေသည် ဆိုက မှားမည် မဟုတ်ပါ ။ လူများ ကို နေ့ချင်းညချင်း ကြီး ပွားချမ်းသာသော ဧရာမ ကုန်သည်သူဌေးကြီးများ အဖြစ်သို့ ရောက်စေနိုင် သကဲ့သို့ သက်ဆိုင်ရာ အဆက်ကောင်း စက်ခလုတ် ကို မနှိပ်တတ်သူများ အဖို့ အမျိုးမျိုး စိတ်ဒုက္ခ ပေးနိုင်သော အစွမ်းတွေ အင်ပို့လိုင်စင် မှာ ရှိပါသည် ။
သည်လို ထူးခြားသော တန်ခိုးဣဒ္ဓိပါဒ်တွေ ပြည့်စုံ ပြီး မက်စရာ ကောင်းလှသော အင်ပို့လိုင်စင် ကို ကျွန်တော် တို့ရဲ့ အန်တီခင် သည် လည်း လိုချင်တောင့်တမည်မှာ ယုံမှားဖွယ် မရှိပါ ။ ရန်ကုန်မြို့ ကုန်သည်လောက တွင် ကာလ အတော်ကြာအောင် ကျက်စားခဲ့ပြီး သဖြင့် ချက်ဆို နားခွက်က မီးတောက်ပြီးသား အန်တီခင် သည် ၁၉၄၈ ခု ၊ မိုးဦးကျ အချိန် လောက်တွင် ဒါလဟိုဇီလမ်း တစ်နေရာ၌ ( ခင့်မေတ္တာကုမ္ပဏီ ) ဟူသော ဆိုင်းဘုတ်ကို ချိတ်ကာ ဝင်ကုန်ထွက်ကုန် နှင့် အထွေထွေ ကုန်သည်ကြီး တစ်ဦး လုပ်ပြီး သား ဖြစ်နေပါတော့သည် ။
ကူးသန်းရောင်းဝယ်ရေးသမားများအဖို့ အကောင်းဆုံး ချက်ပိုင် နေရာဖြစ်သော ဆူးလေဘုရားနှင့် သိမ်ကြီး ဈေးအကြား ဒါလဟိုဇီလမ်းမကြီး ပေါ်တွင် ဆိုင်ခန်းတစ်နေ ရာရဖို့ရာမှာ မလွယ်ကူလှကြောင်းကို ကုန်သည်ပိုင်း မှ လူ များ ကောင်းစွာ သိပါလိမ့်မည် ။ ရပြန်လျှင်လည်း အဆမ တန် များလှသော အပျောက်ငွေ ( ဆလာမီ ) ပေးရလေ့ရှိ သည် ။ ၎င်း ဒါလဟိုဇီလမ်း အကောင်းဆုံး နေရာတွင် အန်တီခင် ၏ ( ခင့်မေတ္တာကုမ္ပဏီ ) မှာ ခံ့ညားသပ်ရပ်စွာ တည် နေပါသည် ။
ငွေပင်ငွေရင်း ဟူ၍ ဘာမှ ပြောပလောက်အောင် မရှိ သေးသော အန်တီခင်အဖို့ ယခုလို ကုမ္ပဏီတစ်ခု ဟန်ကျပန်ကျ တည်ထောင်နိုင်ခြင်း မှာ ဘေးက ထောက်ပံ့ ကူညီပေး မည့်သူမရှိဘဲ ဖြစ်နိုင်မည်မဟုတ်ပါ ။ ( ခင့်မေတ္တာကုမ္ပဏီ ) ကို ဖန်တီးအသက်သွင်းရာ၌ စွမ်းစွမ်းတမံ ကူညီသူကား မည်သူများနည်း ။ ပွဲစားကြီးဦးတင့်များလား? မဟုတ်ပါ ။ ဦးတင့် မှာ လမ်းမတော် ပွဲစားဝိုင်း တွင်သာ နှံ့စပ်ပြီး ပြည်တွင်းကုန်စည်များ ရောင်းဝယ်ရာ၌မှတစ်ပါး ထွက်ကုန်ဝင်ကုန် ( ဝါ ) အင်ပို့လိုင်စင်လောက တွင် မစွံပါ ။ အန်တီခင် ကို တကယ်ပဲ ထိရောက်စွာ ကူညီသူများကတော့ ခေတ်ပညာတတ် ကုန်သည်လူလည် ဦးမြသိန်း နှင့် သူ၏ မိတ်ဆွေ ကုန်ဈေးတန်း မှ မစ္စတာ ယူနွတ် တို့ ဖြစ်ပါသည် ။
ဦးမြသိန်း မှာ စစ်မဖြစ်မီ တို့ဗမာအစည်းအရုံးခေတ် က သခင်မြသိန်း အဖြစ် နိုင်ငံရေးနယ်၌ ဟိုစပ်စပ် သည်စပ်စပ် လက်တည့်စမ်းခဲ့ဖူးသောကြောင့် ယခုလွတ်လပ်ရေး ခေတ်တွင်လည်း သခင်ဟောင်း ဆိုရှယ်လစ်ကြီးကြီး ၊ မာစတာအချို့ နှင့် ပလဲနံပသင့်လျက်ရှိသောကြောင့် အတော်ပင် ‘ စွံ ’ နေသည်ဟု ဆိုရပါမည် ။ သူ၏ ( မြသိန်းကော်မာရှယ် ကုမ္ပဏီ ) မှာလည်း အင်ပို့လိုင်စင်တွေ ရောင်းစား၍ မကုန် နိုင်အောင်ပင် တစ်ခုပြီး တစ်ခု ကျနေပါသည် ။ ရောင်းစား လို့ မကုန် ဟု ဆိုရာ၌ တစ်ခါတစ်ရံ ကျလာသောလိုင်စင် များမှာ ကုန် အခြေအနေ မကောင်းသဖြင့် လိုင်စင် အဆုံးခံရ တတ်ပါသည် ။ ဥပမာ အုန်းဆီဈေး အဆမတန် ကျနေချိန် တွင် အုန်းဆီလိုင်စင် ကျလာလျှင် လိုင်စင် ဝယ်မည့် တရုတ် ၊ ကုလားကလည်း ဈေးမပေး ၊ ကိုယ့်ဟာ ကိုယ် မှာပြန်လျှင် လည်း ရောင်းဈေး ကျလွန်းသဖြင့် ချေးငှားပြီး လုပ်ရသော ငွေရင်း၏ အတိုးပါ ရှုံးမည့်ကိန်းမျိုးလည်း ဆိုက်တတ်ပါ သေးသည် ။
သည်မျှလောက် အင်ပို့လိုင်စင် လောကတွင် ‘ စွံ ’ လှ သော ကုန်သည်ကြီးဦးမြသိန်း နှင့် ခင်မင်ရသည်မှာ ကုသိုလ်ကံ ထူးလို့ပဲဟု အန်တီခင် ၏ စိတ်ဝယ် ထင်မှတ် လျက်ရှိပါသည် ။ ဦးမြသိန်း ၏ ကျေးဇူးကြောင့် သူများ ထက်ပိုပြီး ဟန်နေသည် မဟုတ်ပါလော ။ ဦးမြသိန်း ၏ အပေါင်းအသင်း ဩဇာကြောင့် အန်တီခင် ကိုယ်တိုင်ပဲ မြန်မာ ကုန်သည်ကြီးအသင်း ၏ အမှုဆောင်ကော်မတီလူကြီး တစ်ဦး ဖြစ်လာခဲ့သည် မဟုတ်ပါလော ။
ခင့်မေတ္တာကုမ္ပဏီ ၏ တစ်ဦးတည်း ပိုင်ရှင်မှာ အန်တီခင် ဖြစ်သော်လည်း ကုမ္ပဏီ အမည်ကို မှတ်ပုံတင်ခြင်း က အစ အင်ပို့လိုင်စင် လျှောက်လွှာ ရေးပြီး အတွင်းဝန်ရုံးသို့ အရောက် ပို့ပေးသည်အထိ အစအဆုံး စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးသူကား ဦးမြသိန်းပင် ဖြစ်ပါသည် ။ ခင့် မေတ္တာကုမ္ပဏီ အတွက် အမြတ်တော်ခွန်စာရင်းပြင်ဆင်ခြင်း ၊ ရောင်းဝယ်ခွန်ဌာန အကောက်ဌာနတို့နှင့် ဆက်သွယ် ခြင်းများကို ကျွမ်းကျင်နားလည်သော စာရေး တစ်ယောက် ကိုလည်း ဦးမြသိန်း ကပင် ပေးထားပါသည် ။
သည်ထိအောင် စိတ်ကောင်းသဘောကောင်း နှင့် ကူညီဖော်ရသော ဦးမြသိန်း ကို အန်တီခင်က ကျေးဇူး မတင် ဘဲ မနေနိုင်ပါ ။ အန်တီခင် က ဦးမြသိန်း ကို အစ်ကိုကြီး အစ်ကိုကြီး ဟု ခေါ်လျက် ဦးမြသိန်း ကလည်း အန်တီခင် ကို ‘ ခင် ’ ဟု ခေါ်သည် အထိ ခင်မင်ရင်းနှီးလာပါတော့သည် ။ အန်တီခင် ကိုယ်တိုင် က လူတိုင်းနှင့် စကားပြောရာ တွင် ‘ ခင် ’ ကလေ ဘယ်ကဲ့သို့ ဘယ်ချမ်းသာ စသဖြင့် ပြောလေ့ ရှိသောကြောင့် သက်တူရွယ်တူ ရင်းနှီးသူများ က ‘ ခင် ’ ဟု သူမ အား ခေါ်လေ့ ရှိပါသည် ။
အန်တီခင် က ထိုကဲ့သို့ အင်ပို့လိုင်စင်စက်ဝိုင်းကြီး ထဲ တွင် မျက်စိ နောက်လောက်အောင် ချာချာလည်လျက် ရှိစဉ် ရွှေဂုံတိုင်လမ်း သူတို့ အိမ်တွင် ပက်လက်ကုလားထိုင် တစ်လုံးနှင့် ထိုင်နေရှာသော တီဘီသမား ဦးအေးမောင်ကား မိမိ၏ ရောဂါက မသက်သာရသည့် အပေါ်တွင် ဇနီးသည် ၏ နောက်ဆုံးပေါ်စတန့် ဖြစ်သော အင်ပို့လိုင်စင်လုပ်ငန်း ကို သူ့ စိတ်ထဲမှ မကျေမနပ် ဖြစ်နေမိလေ၏ ။ တစ်နေ့တွင် အန်တီခင် နှင့် ဦးအေးမော င်တို့ အင်ပို့လိုင်စင်ပြဿနာ ကို အချေအတင် ဆွေးနွေးကြပါသည် ။
“ မဟုတ်ပါဘူး မောင် က ဒီ လိုင်စင်လုပ်ငန်းကို ကောင်းကောင်း နားမလည်သေးလို့ပါ ။ ခင် ပြောပြပါဦးမယ် ။ အရင်တုန်းက ဆိုရင် ဒီ ဝင်ကုန်လုပ်ငန်းကို မြန်မာထဲ က လုပ်နိုင်တဲ့လူ မရှိသလောက်ဘဲ ။ ဟော ... အခုတော့ နိုင်ငံတော်အစိုးရ ရဲ့ စီမံချက်ကြောင့် လူမျိုးခြား ထက် မြန်မာတွေကို ပိုပြီး လိုင်စင် ချပေးတယ် ။ လိုင်စင် ရတဲ့အခါ ပထမတော့ လူမျိုးကွဲရဲ့ ငွေပင်ငွေရင်း အကူအညီကို ယူရ တာပေါ့ ။ နောက် တဖြည်းဖြည်း ငွေအင်အား ကောင်းရင် ကောင်းလာသလို ကုန်ပစ္စည်းတွေ ကိုယ်တိုင် မှာပြီး ရောင်း နိုင်တာပေါ့မောင်ရဲ့ ”
“ ဟင် ခင်တို့ဟာက ခုလောလောဆယ်တော့ လူမျိုး ခြားရဲ့ငွေနဲ့ မြန်မာကုမ္ပဏီကလိုင်စင်နဲ့ မှာမယ်ဆိုတော့ လိုင်စင်ကို ရောင်းစားသလို ကျနေတာပေါ့ ”
“ အင်းလေ ရောင်းတော့ ရောင်းတာပေါ့မောင် ၊ ဒါပေမဲ့ အစိုးရက လိုင်စင် ရောင်းတာကို ခွင့်မပြုတဲ့ အတွက် ဗြောင်ရောင်းတယ်လို့ ဘယ်ဟုတ်မလဲ ။ တစ်ဦးနဲ့တစ်ဦး နားလည်မှုနဲ့ ရောင်းရတယ် ဆိုပါတော့ ”
“ ဟာ ဒီလိုဖြင့် ဘယ်ကောင်းပါ့မလဲကွယ် ။ မြန်မာ ကုမ္ပဏီရဲ့ လိုင်စင်ကို ကုလား ၊ တရုတ်က ဝယ် ။ နောက် ကုန်တဲ့အခါ ကျတော့ ကုန်ပစ္စည်းဖိုးရော ၊ လိုင်စင် ဝယ်တဲ့ အဖိုး ငွေရော သူတို့ သဘောကျတဲ့ အမြတ်အစွန်း ရော တင် ရောင်းတဲ့အခါကျတော့ ကုန်ပစ္စည်း ဝယ်သူ မြန်မာဆင်းရဲ သားတွေပဲ နာတော့မပေါ့ခင်ရယ် ”
“ ဒါတော့ ဘယ် တတ်နိုင်မလဲ ။ ကိုယ်မှာ မှ ငွေရင်း မရှိတာ ။ ဘယ့်နှယ်လုပ် မှာနိုင်မလဲ ။ နောက်ပြီး လိုင်စင် ရောင်းတယ် ဆိုတာလည်း ခင်တို့လိုကုမ္ပဏီပေါက်စက လေးတွေ မဆိုထားနဲ့ ဧရာမကုန်သည်ပဂေးကြီးတွေရော ၊ ဝန်ကြီးကတော်တွေ ထောင်တဲ့ ကုမ္ပဏီတွေ တောင်မှ လိုင်စင် ရောင်းစားနေကြတော့ ဘာထူးမှာလဲ ”
ဆရာဦးအေးမောင် မှာ ဘာမှပြန်မပြောနိုင်တော့ပါ ။ သူ့ဇနီး မြိန်ရေရှက်ရေ ပြောပြနေသော နိုင်လွန်တစ်ကိုက် ၅ ကျပ်တန် ကို ၄၅ ကျပ် ရောင်းလို့ရပုံ ၊ အထည်လိုင်စင် တစ်သိန်းဖိုး ရလျှင် ( ဆင့်ပါဆင့် ) ရာနှုန်းပြည့် ဈေးဖြင့်ရောင်းကာ ဘာမှ မလုပ်ဘဲ အချောင် ငွေတစ်သိန်း ရနိုင်ပုံတွေ ကို ဦးအေးမောင်မှာ အားမကျနိုင်ဘဲ ထို မူမမှန် ဖောက်ပြန်သော အရင်းရှင်စီးပွားရေးစနစ်ဆိုးကြီးကို ရွံမုန်းမိလေ၏ ။
••••• ••••• •••••
လွန်ခဲ့သော ၁၉၄၅ - ၄၆ ခုနှစ်များ က ပွဲစားဦးတင့် ၏ အော်စတင် ကားကလေး ပေါ်တွင် အမြဲလိုလိုမြင်ခဲ့ရ သော အန်တီခင် ကို ယခုအခါ ကုန်သည်ကြီး ဦးမြသိန်း၏ ရှားရောင် ‘ ပက်ကပ် ’ ကားသစ်ကြီးပေါ်တွင် မြင်ရပြန်လေ ပြီ ။ ဟိုတုန်းက ဦးတင့် နဲ့ တွဲခဲ့သော အန်တီခ င်မှာ ယခုတော့ ဦးမြသိန်း နှင့် အတိုင်းမသိ ခင်မင် ရင်းနှီးကာ လုံးထွေးနေ ပြန်ပါပြီ ။ ကုန်သည်ကြီးအသင်း ကိစ္စ ၊ ဖဆပလရန်ပုံငွေကိစ္စ ၊ ဝန်ကြီးဦးတင် ( မြန်မာ့အလင်း ) ဦးကျော်မြင့်ကလေးတို့ နှင့် တွေ့ဖို့ကိစ္စ စသည်ဖြင့် ကိစ္စပေါင်း သောင်းခြောက်ထောင် ကို အကြောင်းပြကာ အန်တီခင် သည် ကြောင်သူတော်သူဌေး ဦးမြသိန်း နှင့် တစ်နေ့လုံး စုံတွဲခုတ်နေပါတော့သည် ။
ကြောင်သူတော် ဦးမြသိန်း ဟု ဆိုလိုက်ခြင်းကတော့ သူ့ တွင် သားကြီးမယားကြီး ရှိလင့်ကစား တိတ်တိတ်ပုန်း မယားငယ်တွေ ယူ ၊ စာရေးမကလေးတွေ ငွေနှင့် ပေါက် ဖျက်ဆီးတတ် သလောက် တနင်္ဂနွေနေ့ ဆိုလျှင် ရွှေတိဂုံ ကုန်းတော် ပေါ် သို့မဟုတ် ကုက္ကိုင်း သာသနာ့ရိပ်သာသို့ သွားပြီး ပုတီးစိပ် ၊ ဝိပဿနာတရားတွေ ပွားများတတ် သော ဧရာမသူတော်သူမြတ်ဖြစ်သောကြောင့်ပင် ဖြစ်ပါ သည် ။ တိတ်တိတ်ပုန်း သောင်းကျန်းပုံကတော့ သူ့အိမ် တွင် ခိုင်းစေသော ကလေးမကလေးများပင် ချမ်းသာမပေး ဟု သူ့ ပစ်ကပ်ကား မောင်းသော ဒရိုင်ဘာလှမောင် က တစ်ခါ ပြောပြဖူးပါသည် ။
ဦးမြသိန်း အား ဓာတ်သိ ပရိသတ် က ထို့ကြောင့် အန်တီခင် အကြောင်း သားပုပ်လေလွင့် စကားများ ပြော လာကြပြန်ပါပြီ ။
ဦးအေးမောင် မိန်းမ ခင်ခင် နဲ့ ဦးမြသိန်း နဲ့ ဘာလိုလို ။
ရန်ကုန် ပရိသတ်ကတော့ ဒီလို သူတစ်ပါးအကြောင်း ပြောရမည်ဆိုလျှင် အင်မတန်မှ ဝါသနာ ကြီးပါသည် ။ အန်တီခင် နှင့် ဦးမြသိန်း နှစ်ယောက်တည်း ဘယ်မှာ တွေ့တယ် ၊ ဘာညာနှင့် ပြောကြသော သတင်းစကားတွေ ကလည်း လျှံ နေပါပြီ ။ နောက်ဆုံး ၁၉၅၀ ခုနှစ် က ( အိုဂျီအယ်လ် ) လိုင်စင်မဲ့ တင်သွင်းခွင့်ပြုလိုက်သော အထည်တွေ ရဖို့ရာ အတွက် မြန်မာကုန်သည်တွေ အိန္ဒိယပြည်ဘုံဘေမြို့သို့ အပြေးအလွှား သွားကြရာ၌ အန်တီခင် နှင့် ဦးမြသိန်းတို့နှစ်ယောက် သား ဘုံဘေသို့ လေယာဉ်ပျံဖြင့် သွားကြပါသည် ။ ကာလကတ္တား ဂရင်းဟိုတယ် ၌ တည်းခိုရာတွင် အန်တီ နှင့် ဦးမြသိန်း ကို တစ်ခန်းတည်း တွင် နှစ်ယောက် အတူ နေကြကြောင်း သတင်းမှာ ရန်ကုန် သို့ တစ်မုဟုတ်ချင်း ပျံ့နှံ့လာပါတော့သည် ။
ဆရာဦးအေးမောင် ၏ စိတ်တွင်း၌ကား မည်မျှ ထိ ခိုက်ကြေကွဲနေပြီ ကို အထူး ဖော်ပြနေစရာ မလိုတော့ပါ ။
••••• ••••• •••••
ကုန်ဈေးတန်း ( ခက်သစ်ထရေဒင်ကုမ္ပဏီ ) ပိုင်ရှင် မစ္စတာယူနွတ် ကား မြန်မာပြည်ပေါက် ကုလားလူရည်သန့် တစ်ဦး ဖြစ်ပြီး အပေါင်းအသင်း လည်း ဆန့်သော လူရည် လည် တစ်ယောက် ဖြစ်လေသည် ။ မြန်မာစကား ကိုလည်း ကမ္မဝါ ဖတ်နိုင်လုမတတ် မွှတ်နေအောင်ပြောတတ်ပြီး ရန်ကုန်မြို့ရှိ အထက်တန်းစား ဟုဆိုကြသော လူကုံထံ လောက တွင် တော်တော်ပဲ လူပေါင်းဆန့်သည်သာမက မြန်မာ ပြည်၏ ကံကြမ္မာကို ဖန်တီးနေကြသည် ဆိုသော နိုင်ငံရေး ခေါင်းဆောင်ကြီးများ အိမ်သို့ပင် အချိန်မရွေး ဝင်ထွက်သွား လာနိုင်အောင် ပေါက်ရောက် တွင်ကျယ်နေသူ တစ်ဦးလည်း ဖြစ်ပါသည် ။
ယူနွတ် ၏ မိဘများ လက်ထက်ကပင် မြန်မာပြည်သို့ လာရောက် အခြေစိုက်ပြီး အထည်အလိပ် လက်ကားလုပ်ငန်းကို လုပ်ခြင်းဖြင့် အကြီးအကျယ် စီးပွား ဖြစ်ထွန်းလာခဲ့ပေရာ ယခု သူ၏ လက်ထက်တွင် ငွေပင်ငွေရင်း တောင့်တင်းပြီးသား အထည်လုပ်ငန်းမှာလည်း အခြေခိုင်မြဲပြီး သား ဖြစ်နေပါသည် ။ ယူနွတ် အဖို့တော့ လူကုံထံဓနရှင် တစ်ယောက်ပီပီ လောကကြီး၏ ကောင်းပေ့ ဆိုသမျှ သာ ယာမှုစည်းစိမ်တွေကို မပူမပင် ခံစားသွားရုံမှ တစ်ပါး အခြား အလုပ်မရှိပါ ။ သူနှင့် ရွယ်တူ တန်းတူ မြန်မာလူကုံထံအချို့ နှင့် အတူ အရက်သောက် ၊ မြင်းလောင်း ၊ ကလပ်တက် ၊ မိန်းမလိုက် စသော လူကြီးလူကောင်းကြမ်းပိုးထိုးနည်းမျိုးစုံ ကိုလည်း တစ်ဖက်ကမ်းခတ်အောင် တတ်ကျွမ်းနေပါပြီ ။
ကုန်သည်ကြီး ဦးမြသိန်း မိတ်ဆက် ပေး၍ တွေ့ဆုံ သိကျွမ်းရသော ခင်ခင်ခေါ် မစ္စက်အေးမောင် ဆိုသူ ရုပ်ချော စတိုင်ဖြောင့် အမျိုးသမီးတစ်ဦး ကို ယူနွတ်ဘိုင် က မြင်မြင် ချင်းပဲ မျက်စိကျမိပါပြီ ။ ထို့ကြောင့်ပင် ( ခင်မေတ္တာကုမ္ပဏီ ) အတွက် ဆိုင်ခန်းနေရာ ကို ဒါလဟိုဇီလမ်း တွင် ရအောင် သူ ကိုယ်တိုင် ကြံဆောင်ပေးသည်သာမက ဆလာမီ တစ်ဝက် ကိုပင် သူကပဲ ရက်ရောစွာ စိုက်ပြီး ပေးလိုက်ပါသည် ။
သည်လို စေကနာဗရပွ နှင့် ပြည့်စုံသော ယူနွတ်ဘိုင် ကို ကျွန်တော်တို့ရဲ့ အန်တီခင် က အတိုင်းထက် အလွန် ကျေးဇူးတင်မိမည်မှာ ယုံမှားဖွယ်မရှိပါ ။ “ ယူနွတ်ဘိုင် က တခြားကုလားတွေနဲ့ မတူဘူး ၊ သိပ် သဘောကောင်းတာ ရှင့် ” ဟု ကောင်းချီးသြဘာ ပေးသံ ကိုလည်း အန်တီခင် ၏ ပါးစပ်ဖျား မှ ခဏခဏ ကြားရပါသည် ။ အန်တီခင် တို့ အဖို့ တော့ ယူနွတ်ဘိုင် မှာ တကယ်ပဲ ကျေးဇူးတင်စရာကောင်း လှပါသည် ။ ကုန်သည် ဘာဝ မိတ်ဆက်လက်ဆောင် ဟု ဆိုကာ အဖိုးတန် ( ဆာရီ ) လုံချည်များ ၊ နိုင်လွန်စများ ကမ်းခဲ့သည်မှာလည်း အတော်ပဲ များပါသည် ။ စားနေကျ ကြောင်ပါး ဖြစ်သော မစ္စတာယူနွတ် ကတော့ အလစ် ကို သာ ချောင်းနေကြောင်းကို အန်တီခင် မှာ မသိပါ ။
တစ်နေ့သော် ပြည်လမ်း ၆ မိုင် ရှိ ကုလားသူဌေး တစ်ဦး အိမ်တွင် မြန်မာကုန်သည်အ ချို့ကို မိတ်ဆက်နေ့လယ်စာ စားပွဲ ကျွေးသဖြင့် ၎င်းသူဌေးကိုယ်စား ယူနွတ် ကိုယ်တိုင်ကပဲ အန်တီခင် ကို ဖိတ်ခေါ်ပြီး နှစ်ယောက်သား ယူနွတ်ဘိုင် ကိုယ်တိုင် မောင်းသော သူ၏ ဟဒ်ဆင်ကားကြီး နှင့် သွားကြပါသည် ။ အန်တီခင် အဖို့တော့ ယောက်ျားတစ်ဦး နှင့် တွဲပြီး ကားစီးခြင်း မှာ ရိုးနေပြီ မဟုတ်ပါလော ။
ဟဒ်ဆင်ကား သည် ကမာရွတ်ဂါတ် လွန်သည် နှင့် တစ်ပြိုင်နက် ယူနွတ်ဘိုင် က နေ့လယ်စာ စားပွဲ ရှိသည်မှာ မဟုတ်ကြောင်း ၊ အန်တီခင် နှင့် လွတ်လပ်စွာ စကားပြောလို ၍ ခေါ်လာခဲ့ရပြီး သူ့ ကို စိတ်မဆိုးဖို့ အကြောင်းများ ကို မြန်မာရည် ဝနေသော ကုလားသည် ဆီမန်း မန်းသလို ပြောပါတော့သည် ။
ထိုနေ့ညနေ ၃ နာရီအချိန် လောက်က ဟဒ်ဆင်ကားကြီး ရန်ကုန် ထဲ ပြန် မောင်းလာသော အခါ အန်တီခင် အား နီးကပ်စွာ ကြည့်ခွင့်ရမည် ဆိုပါက သူမ၏ နိုင်လွန်အင်္ကျီ မှာ ကျေမနေ သော်လည်း သူမ၏ ပါး မှ ပေါင်ဒါ ၊ မိတ်ကပ် နှင့် သူမ၏ နှုတ်ခမ်းက နှုတ်ခမ်းဆိုးဆေး မှာ အရောင် မတောက်တော့ဘဲ ခပ်မှုန်မှုန်သာ ကျန်ရစ်ကြောင်း မြင်ရမည် ဖြစ်ပေသတည်း ။
••••• ••••• •••••
အန်တီခင် ဆိုတဲ့ အန်တီခင် ကတော့ တော်တော်ပဲ ခက်ပါသည် ။ အပေါင်းအသင်း ပရိသတ် ရှေ့တွင် ပြုံးပြုံး ရွှင်ရွှင်နှင့် ခေါ်ခေါ်ပြောပြော ရှိသလောက် သူမ ကွယ်ရာ တွင် သားပုပ်လေလွင့် အတင်းစကားတွေ နင်းကန်ပြော သည် ကိုလည်း အန်တီခင် က မသိဘဲ သူမ ကိုယ် သူမ အတော် ဟုတ်လှပြီဟု ထင်မိပါသည် ။ သူမ အကြောင်း မကောင်းသတင်းတွေ အားလုံး အိမ်ရှိ လင်တော်မောင် ဦးအေးမောင် နားသို့ ရောက်သည် ကိုလည်း မသိဘဲ ကုလား ယူနွတ် ကိုပင် အိမ်သို့ ဗြောင် ခေါ်လာပြီး “ မောင် ... ဟောဒါ ခင် စီးနေတဲ့ ဟဒ်ဆင်ကားကြီး ပိုင်ရှင် ယူနွတ်ဘိုင် ပေါ့ ၊ အခု ခင်တို့ ကုမ္ပဏီ အတွက် ပစ္စည်းတွေ မှာပေးတဲ့ နေရာမှာ အားလုံး ကူညီပေးရှာတယ် ။ အိုဂျီအယ်လ် နဲ့ ခင် မှာလိုက်တဲ့ အထည်တွေ ရောက်ပြီး ဈေးတရဟော ကျလို့ ဒုက္ခဖြစ်မယ့် ဆဲဆဲမှာ ကယ်လိုက်တာ လည်း ဟောဒီ ယူနွတ်ဘိုင်ပဲ မောင် ရဲ့ ” ဟု မျက်နှာပြောင် လာ တိုက်သောအခါ ဆရာဦးအေးမောင် ၏ အသည်း ကို အပ်ဖျားကလေး နှင့် လာဆွပေး သကဲ့သို့ နာကျင်စေပါသည် ။
ဒါပေမဲ့ ဇနီးသည် အပေါ် အချစ်ကြီးလှ သဖြင့် ဖွင့်ပြီး မပြောရက်ပါ ။
သို့နှင့်ပင် သူတို့ နှစ်ဦးကံကြမ္မာ ကို နောက်ဆုံး ဖန်တီးမည့် အချိန်သို့ ရောက်လာပါတော့သည် ။ ရာသီဥတု ကောင်းသော နေ့ တစ်နေ့တွင် ဦးအေးမောင် မှာ အနည်းငယ် နေသာထိုင်သာ ရှိသဖြင့် ဆရာအတတ်သင်သိပ္ပံကျောင်း ရှိ စောင်းဦးဘသန်း တို့ အိမ်သို့ တစ်နေကုန် အချိန်ဖြုန်း ရန် ထွက်လာပါသည် ။ ဆရာဦးဘသန်း နှင့် တွဲပြီး မတီးရမဆိုရ သည် မှာ ကြာပြီ ဖြစ်သဖြင့် သူ အင် မတန်ချစ်သော ဂီတရေယဉ်လှိုင်းများ ကိုလည်း စီးချင် သည့် ဆန္ဒများ ပေါ်လာဟန် ရှိပါသည် ။
နံနက်စာ စားသောက်ပြီး တစ်နာရီခန့် ဆိုကြတီးကြ ပြီးသော် ဆရာဘသန်း နှင့်ဇနီး တင်မကြီး တို့က လေညင်းခံ ပျော်ပွဲစား ထွက်ကြမည် ဟု ဆိုကာ ဂီတာ ၊ တယော ၊ စောင်း တို့ပါ ယူလျက် ဦးဘသန်း တပည့် မောင်ကြည်လေး နှင့် အတူ အင်းလျားကန် ဆီသို့ ထွက်လာကြပါသည် ။
စနေ ၊ တနင်္ဂနွေနေ့များ မဟုတ်သဖြင့် အင်းလျား အလယ်ကျွန်းတွင် လူပြတ်လျက် အေးဆေး ငြိမ်သက်လျက်ရှိ ရာ ဆရာဦးဘသန်း တို့လူစုမှာ စားသောက်ရေချိုးပြီး ကောင်းကောင်းဆိုကြတီးကြအံ့ ဟု တဲအိမ်တစ်အိမ် ခေတ္တ ငှားပြီး စတဲချ ကြပါသည် ။
ဆရာဦးအေးမောင် သည် အင်းလျားကန်ရေပြင်ပေါ် မှ ဖြတ်သန်းပြီး တိုက်လာသော လေကောင်းလေသန့် ကို ရှူရသည်မှာ အလွန် အရသာရှိသည် ဟု ထင်ရပါသည် ။
အိမ်ဝရန်တာပြင်ဘက်မှ နေပြီး ဘေးပတ်ဝန်းကျင် ကို လျှောက်ကြည့်နေရင်း တစ်ဖက်ခြံရှိ အိမ်ကလေး ပြတင်း ပေါက်တွင် မြင်လိုက်ရသော အခြင်းအရာ ကို ဆရာဦးအေးမောင်သည် မိမိ ၏ မျက်စိပင် မှားလေသလော ဟု မယုံနိုင် အောင် ဖြစ်သွားပါသည် ။
တစ်ဖက်အိမ် မှ ဖွင့်ထားသော ပြတင်းပေါက် နား ဆီ တွင် ယူနွတ်ဘိုင် ခေါ်သည့် ကုန်ဈေးတန်း မှ ကုလားက တင်းကျပ်စွာပွေ့ဖက်ထားသော လက်မောင်း ကြားတွင် မြန်မာမိန်းမ တစ်ယောက်သည် ကော့ကော့ကလေး နေ လျက် ကုလားက ထိုမိန်းမ ကို အားရပါးရ နမ်းနေပါ သည် ။
ထိုမိန်းမ ကတော့ ... အန်တီခင် ။
ဦးအေးမောင် တွင် ခေါင်းထဲ၌ မိုက်ခနဲ ဖြစ်သွားပြီး ချာခနဲ လှည့်ကာ ဦးဘသန်း အား မိမိ ကို လေစိမ်းတိုက် မခံ နိုင်သဖြင့် အိမ်သို့ အမြန် ပြန်ပို့ပေးစမ်းပါဟု တောင်းပန်ကာ ချက်ချင်း ပြန်ပြေးခဲ့ရလေသည် ။
လိုရင်းကို တိုတိုပဲ ပြောပြရလျှင်တော့ ထိုနေ့ ညနေ အန်တီခင် အိမ်ပြန် ရောက်ရောက်ချင်း လူအေးကိုအေးမောင် သည် ပထမဆုံးအကြိမ် အနာပေါ် တုတ်ကျသလို ဆတ်ဆတ်ခါခါ နာကြည်းခြင်းဖြင့် ပေါက်ကွဲသော ဒေါသ သံဖြင့် ဇနီးဖြစ်သူအား စွပ်စွဲကာ ကြိမ်းမောင်း ပါတော့သည် ။ အင်းလျား က အဖြစ်အပျက်ကို ဦးအေးမောင် မမြင်ဘူး အထင်နှင့် အန်တီခင် က ( မဟုတ်ပါဘူး မောင်ရဲ့ ) ဟု မုန်လာဥ လုပ်လာသော အခါ၌ကား ဆရာဦးအေးမောင် သည် ဒေါသကို မချုပ်တည်း နိုင်တော့ဘဲ စားပွဲပေါ်ရှိ ရှမ်းပြည်နယ်မှ လက်ဆောင် ရထားသော ဆင်စွယ်ဓားမြှောင်ကလေးကို ကောက်ယူကာ အန်တီခင် ၏ ရင်ဝကို တအား ထိုးစိုက်လိုက်သည် နှင့်တစ်ပြိုင်နက် နီရဲသော သွေးတွေ ဖြာထွက်ကာ အန်တီခင် လဲကျ သွားသည်နှင့် မရှေးမနှောင်းပင် ဦးအေးမောင် မှာ လည်း ပြင်းစွာ စိတ်လှုပ်ရှားမှ အရှိန်ကြောင့် မူးမေ့ သွားပါတော့သတည်း ။
အန်တီခင် မှာ ထို ဓားဒဏ်ရာချက် နှင့်ပင် ဆေးရုံကြီး သို့ရောက်ပြီး နာရီဝက် အတွင်း သေဆုံးသွားပါတော့ သည် ။
••••• ••••• •••••
“ ကိုင်း ... အဲဒါ မင်းပဲ စဉ်းစား ကြည့်တော့ မောင်နေဝင်း ရာ ။ ဒီ ကိစ္စမှာ အန်ကယ့် အပြစ်လား ၊ မင်း အန်တီ အပြစ်လား ဆိုတာ ။ သူ့ရဲ့ ကိုယ်ကျင့်တရား နဲ့ စရိုက် ( Character ) ဖြစ်ပုံကို ဆန်းစစ်ကြည့်မယ် ဆိုရင် ငါ ကိုယ်တိုင် တီဘီရောဂါ ဖြစ်ပြီး ၊ အားအင်ချည့်နဲ့လို့ သူ့ ခမျာ ကျိတ်ခံနေ ရတဲ့ လိင်ပြဿနာ ( Sex Perversion ) ကြောင့်ပဲလား ၊ ဒါမှမဟုတ်လည်း စက်ဆုပ်ဖွယ် အရင်းရှင်စီးပွားရေး စနစ်ဆိုးနဲ့ ခင်ခင် လို အမျိုးသမီး တစ်ယောက်ကို ပျက်စီးစေ လောက်အောင် ဖောက်ပြန်တဲ့ လက်ရှိ လူ့အဖွဲ့အစည်း ( Society ) ကြောင့်ပဲလား ဆိုတာ တွေ တော့ တွေးစရာပေါ့ ။ အန်ကယ့် အဖို့တော့ လမ်းဆုံး နေပြီ ။ ရုံးက ထောင်ချရင် လည်း ချ ၊ ကြိုးပေးချင် လည်း ပေး ၊ ဘာမှ မထူးတော့ပါဘူး ။ အန်ကယ့် ရောဂါ ကို က ရှေ့လျှောက် နေရ အလွန်ဆုံး တစ်နှစ် ပေါ့ သားရယ် ”
ဟု ပုဒ်မ ၃ဝ၂ လူသတ်မှု ဖြင့် ဖမ်းဆီးချုပ်နှောင် ထားခြင်းခံရပြီး ရန်ကုန်ထောင်ကြီး ထဲတွင် ကျွန်တော် နှင့် ကံအားလျော်စွာ ဆုံဖြစ် အောင် ဆုံတတ်သော အန်ကယ်ဦးအေးမောင် က သူ ၏ ကြေကွဲဖွယ် ဖြစ်ကြောင်းကုန်စင် ကို ပြောပြသမျှ တစ်ဆင့် ဖောက်သည် ချလိုက်ရပါတော့သတည်း ။
▢ တက္ကသိုလ်နေဝင်း
📖 ရှုမဝမဂ္ဂဇင်း
အတွဲ - ၅ ၊ အမှတ် - ၅၁
၁၉၅၀ ၊ သြဂုတ်
No comments:
Post a Comment