Tuesday, February 25, 2025

ကျူးကျော်ရပ်ကွက် အမှတ် ( ... )


 

❝ ကျူးကျော်ရပ်ကွက် အမှတ် ( ... ) ❞ 
        ( မြတ်လွန်း )

( ၁ )

သူ သည် နွားတဲကြီး အနောက်ရှိ ကျဉ်းမြောင်းသော လူသွားလမ်းကလေး အတိုင်း ခပ်ပျာပျာ လျှောက်လာနေမိ၏ ။ နွားတင်းကုပ်ကြီး မှ မပြတ် ယိုစီးကျလာနေသော နွားချေးတို့သည် အိုင်ကြီး ထဲတွင် ပုပ်ဟောင် နံစော်လျက်ရှိ၏ ။ အိုင်မှာ နွားချေးတို့ ပြည့်မောက်နေသည့် အပြင် လမ်းဘေး အနိမ့်ပိုင်း ဘက်သို့ လျှံ၍ ကျနေပြန်သည် ။ လူသွားလမ်းကလေး မှာ နွားချေးများ အိုင်ထွန်းကာ သွားလာ၍ မရနိုင် အောင်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့၏ ။ ဘထွန်း သည် လမ်း ပျက်စီးနေသည် ကိုပင် မကြည့်အား ၊ အရေး မလုပ်အား ၊ နွားချေးကြောင်းများ ကို ဘာမှ မဖြစ်သလို ကျော်ကာလွှားကာ မပြေးရုံ တစ်မည် လျှောက်လာနေမိ ၏ ။ ဆိုးဝါးလှသည့် နောက်ချေးနံ့များ နှာခေါင်း ထဲသို့ လုံးဝင် လာနေသည်ကိုင် ဂရုမပြုနိုင် ၊ ညပ်ပိတ် နေသော တဲအိမ်များ ၊ ဆောက်ချင်ရာ တွင် ဆောက်ထားကြသော အိမ်သာများ ၊ မျက်နှာစာများ ၊ လမ်းဘေးများ နှင့် နေရာတကာ ရှိချင်ရာတွင် ရှိနေတတ်သည့် နွားချေးအိုင်များ စသည် တို့ကား သည် ဆင်းရဲသားရပ်ကွက်ကလေး ၏ သရုပ်သကန် အမှတ်အသားပင် ဖြစ်တော့သည် ။

“ ဆေးရုံ မီမှ မီပါ့မလား ၊ မနေ့က ဆေးရုံမသွားဖြစ် တာ သူ့ခမျာ အားငယ် နေရှာမှာပဲ ၊ ဧည့်ချိန်ကျရင် မျှော်နေမှာပဲ ”

အတွေးသည် သူ့ ရင်ကို ထိုးဆွ လျက်ရှိ၏ ။ ဆေးရုံ ခုတင် ထက်တွင် မျက်လုံးကလေး ကလယ်ကလယ် နှင့် ကြောင်စီစီ ၊ ငေးတေးတေး ဖြစ်နေသော ဇနီးသည်၏ ဖြူလျော်လျော် မျက်ခွက်ကလေး ကို မြင်ယောင်ကာ အမည် မဖော်ပြတတ်သော ဝေဒနာ တစ်ခုကို တမြည့်မြည့် ခံစားလာ ရ၏ ။ လောက၏ ခါးသီးသော အတွေ့အကြုံများ ၊ ဘဝ ၏ ထုထောင်း ရိုက်ပုတ်မှုများ နှင့် လူမှုဒုက္ခ မှန်သမျှ ကို ခါးစည်း ခံလာခဲ့သော သူမ သည် ဗိုက်ခွဲ ထားရသည့် လူနာ အနေ နှင့် ဆေးရုံခုတင် ထက် တွင်ကား စိတ်အား ငယ်လျက် ရှိနေပြန် သည် ။ မီးရဲရဲတွင် အထည့် အရှို့ ခံနေရသည့် သံချောင်း သည် ပေတွင်တင်၍ အထုအနှက် ခံရသောအခါ သံမဏိ လို မာကျော နေရမည် မဟုတ်ပါလား ။ သို့သော် သူတို့ ဘဝ ကား ဤသို့ မဟုတ်လေပြီ ။

“ ဗိုက်ခွဲမယ့် နေ့ က လည်း ဘာမှ မကျွေးဘူး ၊ ရေ တောင် မသောက်ရဘူး ၊ ဗိုက်ခွဲပြီးတော့လည်း ဆန်ပြုတ် တောင် မသောက်ရဘူး ၊ အင်းလေ ... ဆန်ပြုတ်ကလေး လောက်တော့ အိမ်က လာပို့မယ် အောက်မေ့ မှာပေါ့ ”

ဇနီးသည် က မျက်စိမျက်နှာ ငေးရီညှိုးလျစွာနှင့် ပြော ပြနေခဲ့၏ ။ သည်တုန်းက သူ ဝယ်သွားသော တစ်လုံးငါး ပြားတန် သံပရာသီးသေးသေးနုနုကလေးများသည် အခြား သူများ ဝယ်ထားသည့် အလုံးမှည့်မှည့် ၊ အရည်ရွှမ်း ရွှမ်း သံပရာသီးဝါဝါကြီးများ ရှေ့တွင် မျက်နှာငယ် နေကြ ဟန်ရှိ၏ ။ ခုတင် နှစ်လုံး ကြားရှိ လူနာပစ္စည်းများ တင်ရန် ထားသော စင်ကလေး ပေါ်တွင် တစ်ဖက် လူနာ ၏ ပစ္စည်း များဖြင့် ပြည့် နေတော့၏ ။ နို့ဆီ ၊ သကြားဘူး ၊ ဓာတ်ဘူး ၊ ရွှေရောင် ထနေသော လိမ္မော်သီးပွပွလှလှကြီးများ ၊ ရှားပါး၍
ဈေးနှုန်းကြီးသော ဂိုးဒင်းဘတ်သံဘူးကြီး ၊ ကွေကာအုတ် နှင့် ပုလင်းတွေ ၊ ဖန်ခွက်တွေ ၊ ဇွန်း ၊ ခက်ရင်းတွေသည် ဆင့် ကလေးများပေါ်၌ အခန့်သား ဝင့်ကြွားစွာ နေရာယူ ထားကြလေပြီ ။ လူနာ နှစ်ဦး အတွက် အသုံးပြုရန် ထားသော စင်ကလေးသည် လူနာ တစ်ယောက်တည်း ပိုင်ဆိုင် နေသကဲ့သို့ ရှိနေ၏ ။ ဘထွန်း ဇနီး အကြည်လေး ခမျာ မျက်နှာကလေး အညှိုးသားနှင့် ယောက်ျား ကို အားကိုးစွာ ငေးမော ကြည့် နေရှာ၏ ။ သူမ ၏ နှုတ်ခမ်းအစုံမှာ တုန်ရီလာတော့ မလိုလို ၊ တစ်စုံတစ်ရာ ပွင့်အန် လာတော့ မလိုလို ထင်ရသော် လည်း အာစေးမိထားသူ ကဲ့သို့ ဘာမှ ပြောမထွက်ခဲ့ချေ ။ ဗိုက်ခွဲပြီး ကတည်း က တအောင့်တည်း အောင့် နေသော လေ သည် ငြိမ်နေရာ မှ ထလာပြန်၏ ။ အကြည်လေး သည် လူး ကာလှိမ့်ကာ အမေ ကို တရင်း အံကို တင်းတင်းကြိတ် ထား လျက်ရှိ၏ ။ သူ့ မျက်လုံးအိမ် တွင် မျက်ရည်စများ ရစ်ဝဲလာ နေသည် ။ ဝေဒနာ ခံစား နေရရှာပါတကား ။

“ ညကလည်း တစ်ညလုံး လေအောင့် နေရှာတာ ။ ဆန်ပြုတ် သောက်မလား မေးပြီး ဆန်ပြုတ်ပေး တော့လည်း မသောက်ဘူး ။ သူ ဆာဆာနဲ့ သံပရာရည်တွေ ဖိသောက် တော့ လေနာတော့တာပေါ့ ။ ညီမလေး ကို ဂရုစိုက်ပါရှင် ”

“ ဂရုမစိုက်ချင်ဘဲ ရှိပါ့မလားဗျာ ၊ ဒါပေမဲ့ ”

သူ့ စကားလုံးများက လည်ချောင်းဝ တွင် တစ်နေ၍ ထွက်မလာ ။

အကြည်လေး အခန်းမှ လူနာမိန်းမ တစ်ယောက်က ဘထွန်း ကို ပြောပြခြင်း ဖြစ်ရာ သူ အဘယ်မျှ စိတ်ထိခိုက် ရသည်ကို ရင်ကို ခွဲကြည့်ကြမှသာ သိကြပေတော့မည် ။

“ ကျွန်တော့် မိန်းမ ကို စောင့်ရှောက် ပေးကြပါဗျာ ”

ကျေးဇူးတင် မဆုံးသော အမူအရာနှင့် အလောတကြီး ပြောပြ တောင်းပန်နေမိ၏ ။ အခြားလူနာရှင်များ ကဲ့သို့ လိုအပ်သော အစာအာဟာရများ ၊ ဖွယ်ဖွယ်ရာရာ ဝယ်ခြမ်း ပေးချင်သော စိတ် တို့မှာ တဖွားဖွား ပေါ်လာ နေသော်လည်း ဘယ်လိုမှ မတတ်နိုင်ခဲ့သည့် အတွက် ကိုယ့် ကိုယ် ကို ဒေါသ ဖြစ်၍နေ၏ ။ အောက်တန်းကျရခြင်း ၊ လူချင်းမတူ နိုင်ခြင်း ၊ အခြေအနေ ကွာခြင်း စသော ဖြစ်ရပ်တို့ကြောင့် တစ်ကိုယ်လုံး တုန်ရီသလို ရှိလာကာ နောက်ဆုံး ဝမ်းနည်း အားပျက်ခြင်း ဖြင့်သာ အဆုံးသတ် သွားရတော့သည် ။ သို့သော် ဇနီးသည် ရိပ်မိမည် စိုး၍ ဘာမှ မဖြစ်သလို ဟန်ဆောင် နေဖို့ သတိရ နေ၏ ။ ရင်ထဲ မှာ ကား မကောင်း ။

နွားတစ်ကောင် ကြိုးလွတ် လာ သဖြင့် အော်သံများ ကြားလိုက်ရသဖြင့် အတွေးစ ပြတ်သွား၏ ။ ဆိတ်သိုး နှင့် ဘဲလူး တို့သည် နွားကို အတင်း လိုက်ဖမ်းနေကြ၏ ။ မိသွား သောအခါ အတင်း ဆွဲခေါ် သွားပြီး သံငုတ်တစ်ငုတ် မှာ ချည်လိုက်၏ ။

“ ဒီကလေးတွေ တော့ ဘယ်နေ့ မှာ နွားနင်းလို့ အူ ထွက်နေမလဲ မသိဘူး ။ နွားမွေးတဲ့ ကောင်တွေကလည်း တော် ရပ်ကွက် ထဲမှာ ကလေးတွေ နဲ့ ၊ ဗိုက်ကြီးသည်တွေ နဲ့ နည်းနည်းပါးပါးများ ဂရုစိုက်မယ် မရှိဘူး ။ ဒီတစ်ခါ လွတ် လာကြည့် ရဲစခန်း ကို သွားတိုင်မယ် ”

အရပ်ထဲတွင် ကလေးတွေ တပြွတ်ပြွတ် မွေး သလောက် အာကြမ်းလျှာကြမ်း နိုင်သော ဒေါ်ပုမ က ကလေးငယ် တစ်ယောက် ကို ခါးထစ်ခွင် ချီရင်း အော် ပြောနေ၏ ။ နွားပိုင်ရှင် က မကြားချင်ယောင် ပြုကာ တဲတန်းလျားကြီး ထဲ ဝင် သွားတော့သည် ။ ဘထွန်း က သက်ပြင်း တစ်ချက် ရှိုက် လိုက်မိ၏ ။ ကျွဲတွေ ၊ နွားတွေ ကလည်း သောင်းကျန်း ၊ အစဉ်အဆက် က ကျွဲနွား မွေးလာသူ တို့ ကလည်း ခေါင်းမာ ၊ အိမ်က မျောက်တွေ နဲ့တော့ ဒုက္ခလှလှကြီး တွေ့တောမှာပဲ ဟု စိတ်ပူပန်လိုက်မိသေးသည် ။ အမေ က ဆေးရုံတက် ၊ ဖအေ က အလုပ်သွား ၊ ဆေးရုံသွား ၊ သူတို့ချည်း ပစ်ထား ခဲ့ရ ။ ကလေးတွေ က လမ်းထွက် ဆော့ ၊ အဖေအမေ မျှော် ၊ တစ်ခါတစ်ရံ ခွေးရူး - ခွေးရူး နှင့် တစ်ရပ်ကွက်လုံး အထိတ် တလန့် ။ အော်သံ ၊ ဟစ်သံ ၊ ပြေးသံ ၊ လိုက်သံတို့ လည်း ကြားရ ။ ပူပင်မည် ဆိုလျှင် အဖက်ဖက် က မဆုံး ။ သောက မီးလျှံတို့ ကို ငြိမ်း၍ ရနိုင်ဖွယ် မမြင် ။ သူ သည် လမ်းကြား ၊ လမ်းသွယ် နှင့် ကု,လားခြံတို့ ကို ဖြတ်သန်း လာပြီးသောအ ခါ မြေနီလမ်းမကြီး ပေါ်သို့ ရောက်ရှိ လာတော့၏ ။ မြေနီလမ်းမကြီး သည် ရပ်ကွက်အစွန် လယ်ကွင်းများ အနီးရှိ စက်ရုံကြီး တစ်ရုံသို့ နေ့စဉ် ဝင်ထွက် သွားလာနေသော အာတီဘီ ကားကြီးများ ကြောင့် ကျင်းများ ၊ ချိုင့်များ ဖြစ်ကာ လမ်း ပျက်စ ပြုနေပြီ ။ လမ်းမကြီး တစ်ဖက်တစ်ချက် တွင် ပြည်သူ့ဆိုင် ၊ ရလကရုံးခန်း ၊ ဆံသဆိုင် ၊ ကု,လားကုန်စုံဆိုင် ၊ ကွမ်းယာဆိုင်များ နှင့် အသံချဲ့စက် ငှားရာဌာနတို့ ရှိနေ၏ ။ မနီးမဝေးတွင် ကျယ်ဝန်းသော ကု,လားသူဌေးခြံကြီး နှင့် မျက်စောင်းထိုး ကွက်လပ် တွင် ယိုင်နေသော မသင် မနေရ မူလတန်းကျောင်း တို့ကို တွေ့နိုင်သည် ။

“ ဆေးရုံ လား ကိုဘထွန်း ”

ပျာယီးပျာယာ လျှောက် လာနေသည့် ကိုဘထွန်း ကို နှုတ်ဆက်မေးမြန်းလိုက်ခြင်းဖြစ်၏ ။ သူ က အပြေးအလွှား ပြုံးပြ လိုက်မိ၏ ။ ခြေလှမ်းတို့ လည်း တုံ့ခနဲ ဖြစ်သွား၏ ။ သူ့ မိတ်ဆွေ စာပြင်ဆရာ ကိုတင်ထွဋ် ဖြစ်နေသည် ။

“ နက်ဖြန် ညနေကျရင် ကျွန်တော် သတင်းလိုက် မေး ဦးမယ်ဗျာ ၊ ကဲ အချိန်မီ ပြေးပေဦး ”

မိတ်ဆွေ ကိုတင်ထွဋ် က နားလည်သော အပြုံးဖြင့် ပြုံးကြည့်ရင်း ကျန်ခဲ့သည် ။ ဘထွန်း သည် ဘတ်စ်ကား မှတ်တိုင် သို့ ပြေးရန် ခြေလှမ်း ကို ပြန်စပြုလိုက်၏ ။ သူ့ မျက်လုံးတို့ သည် မကြာသေးမီက အခိုင်အခန့် လာတင်ထား သော ရပ်ကွက် ထိပ်ရှိ ဆိုင်းဘုတ် ဆီ သို့ ဖျတ်ခနဲ ရောက် သွားလေသည် ။

“ ကျူးကျော်ရပ်ကွက် ၊ အမှတ် ( ... ) ”

သူ သည် ဘာမှ မထူးသလို သူ့ ခရီးကို သူ အမြန် ရောက်ရန် ဦးတည်လိုက်၏ ။ ကျူးကျော်ရပ်ကွက် ဆိုင်းဘုတ် သည် သူ့ နောက်တွင် ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့လေပြီ ။

( ၂ )

ကိုယ်ပိုင် ဇိမ်ခံကားကလေးများ သည် မြို့လယ်လမ်းမကြီး ပေါ်၌ ငြိမ့်ငြိမ့်ညင်ညင် ပြေးလွှားနေကြ၏ ။ ခရီးသည် တင် ဟီးနိုးကားကြီး ကမူ ပြည့်ကျပ်နေသော လူများ ကို သယ်ပိုးထားရင်က ဘေးပေါက် ၌ ခိုသူ ၊ တွယ်သူများလွန်း သဖြင့် မြင်မကောင်းအောင်ပင် တစ်ဘက်သို့ အိစောင်း နေ လေသည် ။ ရုံးဆင်းချိန် ဖြစ်သဖြင့် ဆေးရုံ သို့ စိတ်စောနေ သည့် ဘထွန်း မှာ အတင်းတွယ်ကပ် လိုက်ပါလာရ၏ ။ ကား ချိုးကွေ့ လိုက်တိုင်း တိမ်းမှောက် သွားတော့မည့် အလား ကားဘီးများ ကြွတက်မည် ကဲ့သို့ရှိရာ ခရီးသည်များ ရင်တအေးအေး ၊ အသည်းတယားယား ဖြစ်ကြရတော့၏ ။ ဆေးရုံမှတ်တိုင် ရောက်သည် နှင့် အလျင်အမြန် ပြေးကူး ဝင်ရောက်လာရသည် ။ ဆေးရုံဝင်း ထဲ ရောက်မှ ဆေးရုံဝ ရှိ မုန့်ဆိုင်များ ဆီသို့ ပြန်သွားကာ ကြက်ဥပြုတ် သုံးလုံး ဝယ်ခဲ့ရသေးသည် ။ သူ့ စိတ် သည် ဧည့်ချိန် အလာ မျှော်နေမည့် ဇနီးသည် ဆီသို့ ရောက်နေ၏ ။ အချိန် အနည်းငယ် နောက်ကျပြီး ရောက်လာရ သဖြင့် စိတ်မကောင်း ဖြစ်ရပြန်သည် ။ သူ ထင်သည့် အတိုင်းပင် မျက်နှာငယ်လေး နှင့် အခန်းဝ တွင် ထွက် မျှော်နေသည့် အကြည်လေး ကို တွေ့ လိုက်ရသောအခါ ရင်ထဲ၌ ဆို့လာမိ၏ ။ အကြည် က တွေ တွေငေးငေးလေး လှမ်းကြည့်နေရှာသည် ။

“ အကြည် ... နေကောင်းတယ်နော် ၊ လေအောင့်သေးလားဟင် ”

သူ က အမောတကော မေးမိသည် ။ ဇနီးသည် ရှေ့ တွင် ပြုံးနိုင်အောင် ကြိုးစားသော်လည်း အထမမြောက် ချေ ။ အကြည် ၏ မျက်ဝန်းများ တွင် မျက်ရည်စများ ရစ်သန်းပြည့်လျှံလာတော့၏ ။ ချုပ်ထိန်းထားရသော စိတ်များ ပွင့်ကွဲသွားပြီ ထင်ရသည် ။

“ အို .. ဘာဖြစ်လို့များ ငိုနေရပြန်တာလဲကွယ် ၊ ကျန်းမာအောင် ဂရုစိုက်မှပေါ့ ”

အကြည်လေး က ခေါင်းကို ငိုက်ချလိုက်ပြီး ကျိတ်၍ ရှိုက်လိုက်၏ ။ ဇနီးသည် ၏ ရှိုက်သံသည် သူ့ နှလုံးသား ထဲသို့ စူးနစ် ဝင်ရောက်လာသည် ။ ထဘီနီဆရာမ တစ်ဦးက သူတို့ နှစ်ယောက် ကို တစ်ချက်မျှ စောင်းငဲ့သည် ဆိုရုံ ကြည့် သွား၏ ။ အခြား ဧည့်သည်များ ကတော့ သိသိသာသာ ကြည့်သွားကြသည် ။ သူတို့ နှစ်ယောက် ကတော့ ဘာကိုမှ ဂရုမပြုနိုင် ။ အကြည်လေး ၏ သေးသွယ်သော လက်ကလေး ကို ခပ်ဖွဖွ ဆုပ်ထားနေမိ၏ ။

“ အိမ်မှာ ကွယ် ကလေး လေးယောက် တာဝန် ၊ အလုပ် ဆင်းရတာ တစ်ဖက် ၊ ကိုယ်ခွဲ က မရှိ ”

သူ့ အသံက ရင်ဝတွင် ဆို့ကျပ်ပြီး ရပ်တန့်သွား၏ ။ ကလေးငယ် တစ်ဦး နေထိုင် မကောင်းခြင်း ၊ အိမ်မှာ ဆန် လုံးဝ မရှိ၍ မရမက ဆန် ရှာပြီး ဆန်ပြုတ်သောက် နေရခြင်း ၊ ဆေးရုံ သို့ သွားရန် လမ်းစရိတ် မရှိခြင်း စသော ပြဿနာများ ကိုမူ မပြောမိအောင် သတိထား နေရ၏ ။ အို ..... စိတ်မ ကောင်းစရာတွေ သူ ဘာမှ မသိစေရ ။

“ ဟဲ့ ဒီကလေးမ လမ်းမလျှောက်နိုင်ဘဲနဲ့များ တော် ကြာ ချော်လဲကျပြီး ချုပ်ရိုး ကွဲထွက် သွားဦးမယ် ”

ထဘီပြာဆရာမ က ပြုံးပြုံးရယ်ရယ် ဖြင့် လှမ်းပြော သွားသဖြင့် မျက်ရည်စ ကို လက်ဖမိုး နှင့် သုတ်လိုက်ရ၏ ။ သူမ နှင့် တစ်ချိန်တည်း ဗိုက်ခွဲရန် ဆေးရုံတက်လာ သော် လည်း ယခုအထိ မခွဲစိတ်ရသေးသော မိန်းမတစ်ယောက် က အကြည်လေး ပခုံး ကို လာဖက်လိုက်၏ ။

“ အံမာ အကြည်လေး ရယ် ၊ ကိုယ့် ကိုယ် ကိုများ ဝါဝါဝင်းရွှေ အောက်မေ့ နေသလား ၊ ဘာမှမဟုတ်ဘူး အစ်ကို ရဲ့ ၊ အစ်ကို့ ကို တွေ့လို့ ချွဲနေတာ ။ အချော့ ခံချင်လို့ တာနေတာ သိရဲ့လားရှင့် ”

အကြည်လေး မရယ်ဘဲ မနေနိုင်တော့ပေ ။ ခါးကလေး ခပ်ကုန်းကုန်း ဖြစ်နေရာ က ရှက်ရယ် ရယ်နေမိတော့ ၏ ။ ဘထွန်း ကလည်း အပြုံးသားကြီး ဖြစ်သွားရတော့ ၏ ။ အကြည်လေး က ချက်ချင်း ပြန်ပက်လိုက်၏ ။

“ အင်းပါ အပျိုကြီးတွေ လင်ရတော့မှ အခုလို မချွဲပါနဲ့ ”

အပျိုကြီး ဆိုသူ က ကိုယ်ကလေး ခပ်လှုပ်လှုပ် ဖြစ်အောင် ရယ်ရင်း ပြန်လှည့် ထွက်သွားတော့၏ ။ အပျိုကြီး ဆိုသူ မှာ သားအိမ်တွင် သွေးလုံးလေလုံး တည်နေ သဖြင့် ခွဲစိပ်ရန် ရောက်ရှိလာသူ ဖြစ်ကြောင်း အကြည်လေး ပြော ပြဖူးလေသည် ။ အသားညိုညို ၊ ကိုယ်လုံးပြည့်ပြည့် ၊ ဖော်ရွေသော အပြုံးနှင့် မိန်းကလေး ။

“ မျှော်နေမယ် ဆိုတာ သိပါတယ်ကွယ် ၊ ကိုယ် ဘယ်လိုမှ မလာနိုင်လို့ ”

အကြည်လေး က မျက်စောင်းလေး ခဲ၍ ချစ်ဖွယ် ပြုံးယောင်ပြု၏ ။

“ တော်ပါ သူများကတော့ လည်ပင်း ကို ရှည်နေတာ ပဲ ။ ဝမ်းနည်းတာနဲ့ အပျိုကြီးတို့ အခန်း သွားပြီး ငိုပလိုက် ရတယ် သိလား ”

“ ဟောဗျ ”

ဘထွန်း က သူမ ၏ ပခုံးလေး ကို တွဲ၍ ခုတင် ဆီ သို့ မှေးခေါ်လာ၏ ။

“ အကြည်လေး လမ်းတွေ သိပ် လျှောက်နေတယ် ၊ တော်ကြာကွယ် ”

“ လေအောင့်တုန်း က ဗိုက်ကို နှိပ်ပြီး ဆရာမ ဆီ ဆေး သွားတောင်းတာ တစ်ခါ လဲကျသေးတယ် ။ သေသွားရင် လည်း ကောင်းမှာပဲလေ ”

မျက်နှာနွမ်းယဲ့ယဲ့ကလေး တစ်ဖန် ဖြစ်သွားပြန်ကာ လေသံယဲ့ယဲ့ ပြောလိုက်ခြင်း ဖြစ်၏ ။ ခံစား နေရသော အခြေအနေ မှန် ကို သတိရ သွားပြန်သည် ထင်ပါ၏ ။

“ ဆရာမတွေ သွားလာ နေတာပဲ ၊ လှမ်း မှာလို့ မရဘူးလား ။ မတော်တဆ တစ်ခုခု ဖြစ်သွားရင် ဘယ့်နှယ်လုပ်မလဲ ”

အကြည်က မျက်နှာကလေး တင်းခနဲ ဖြစ်သွားကာ ဆတ်ခနဲ မော့ကြည့်လိုက်၏ ။ သူမ ၏ နှုတ်ဖျားမှ ဒေါသသံ ကလေးများ ပွင့်ထွက် လာ၏ ။

“ ရှင် ကိုယ်တိုင် ကျွန်မ နေရာမှာ နေမှ သိမယ် ကိုဘထွန်း ။ လူချင်း လဲပြီး ဆေးရုံ တက်ကြည့် ခိုင်းလိုက်ချင် တယ် ။ အခန်းထဲ မှာရှိတဲ့ လူနာအားလုံး လိုလိုဟာ ဘာမှ လိုလေသေး မရှိတဲ့သူတွေ ၊ ဘာမဆို ပြည့်စုံနေတဲ့ သူတွေ ၊ နေ့နှစ်ဆယ် ၊ ညအစိတ် တစ်နေ့လေးဆယ့်ငါးကျပ် နဲ့ ဆရာမ ငှားထားနိုင်တဲ့ သူတွေချည်းပဲ ။ ကိုယ်ဖိရင်ဖိ အနား က အရိပ် ကြည့်ပြီး ပြုစုမယ့် ဆရာမတွေ နဲ့ ချည်းပဲ ။ ကျွန်မ လေအောင့် လို့ လူးလှိမ့် နေဦး ၊ ကဲ ဘယ်သူ ဆေးလာ တိုက် မလဲ ။ ဘယ်သူ့ဆီ ဆေးတောင်းရမှာလဲ ။ အလှည့်ကျ ဆရာမတွေ က သူ့ အချိန်နဲ့ သူ လာတာ ။ ရောဂါ က ဖြစ်ချင် တဲ့ အချိန် ဖြစ်နေတာ ”

အမှန်မှာ အကြည်လေး သည် ဒေါသ ဖြစ်နေသည် ထက် ဝမ်းနည်း အားငယ်ရိပ် က ပိုနေပေသည် ။ သူ့ အဖြစ် ကို သူ မချိတင်ကဲ ရင်ဖွင့်ပြနေသည် နှင့် တူသည် ။ အခြား ခုတင် မှ လူအချို့ စောင်းငဲ့ ကြည့်ကြသည် ။ နောက်တော့ သူတို့ နှစ်ယောက် ကို ဖုတ်လေသည့် ငါးပိ ရှိသည်ပင် သဘော မထားကြတော့ ။ ပြောကာ ဆိုကာ ရယ်မောကာ ရှိနေကြပြန်သည် ။ ဘထွန်း သည် ဇနီး ကို ဘယ်လို အားပေး ရမှန်းပင် မသိ ။ ဘာမှ လည်း ပြောမထွက် ။ ခုတင် နှစ်လုံး ကြားရှိ စင်ကလေး ပေါ်၌ အပြည့် ရှိနေသည့် ပစ္စည်းများ ကို အဓိပ္ပာယ် မရှိ တွေကြည့် နေမိတော့၏ ။ ဟောလစ်ဘူးကြီး သည် သူ့ ကို ပြောင်ပြနေ၏ ။ ဖြူရာမင်းဘီစီပုလင်းကြီး သူ့ ကို သရော်ပြနေ၏ ။ တက်ထရက်ဆိုက်ကလင်း ၊ ဘားပလက် ၊ စီဗစ် နှင့် အခြား ဆေးပုလင်း တို့သည် လည်း သူ့ကို ပြုံးစေ့စေ့ ကြည့် နေကြသည် ထင်လာ၏ ။ အရည်ရွှန်း မည့် အလုံးလှလှထွားထွား ရှောက်ချိုသီးများ နှင့် ကြက်ဥ တို့သည်ပင် ခပ်တည်တည် လှောင်သလိုလို ဖြစ်နေကြ၏ ။

“ သောက်လို့ ကောင်းရဲ့လား နွယ် ၊ အားရှိအောင် အရှင်ကို မောင် ကိုယ်တိုင် ကိုင်လာတာ ”

တိုက်ပုံ နှင့် လူက ခုတင် ပေါ်တွင် တင်ပါးလွှဲ ထိုင်ရင်း ကြက်သား မြူစွမ်ပြုတ်ကို ဇွန်း နှင့် ခပ်ပေးနေ၏ ။ အခြား ဧည့်သည်များ က ရယ်ကြသည် ။ လူနာ မိန်းမ သည် အသားဖြူ ဥဥ ၊ မျက်နှာပြည့်ပြည့်လှလှ ။ ကိုယ်လုံး အချိုးအဆက် ကောင်းကောင်း ၊ ရယ်လိုက်ပြုံးလိုက်လျှင် နှုတ်ခမ်းပါးပါး ကလေး တစ်ဖက်မှ သွားတက်ကလေး ပေါ်၍ ပေါ်၍ တက် လာ၏ ။ လင်သား နှင့် ဆွေမျိုးအသိုင်းအဝိုင်းများ ဝိုင်းဝန်း ပြုစုကြသဖြင့် ပီတိရိပ် သည် မျက်နှာ တွင် ရွှန်းမြဖိတ်လက် နေ၏ ။ ဘထွန်း က အမှတ်မထင် လှမ်းကြည့်ရင်း ငိုင်သွား မိရာ က မျက်နှာ ကို လွှဲပစ်လိုက်မိ၏ ။ ရင်ထဲ တွင် ဆို့နစ် လာ၏ ။ ဪ ... သူတို့ လို ပြုစုချင် လိုက်စမ်းပါဘိ ။

ခုတင် ခေါင်းရင်းဘက် တွင် စက္ကူအိတ်ကလေး နှင့် ထည့်ထားသော ကြက်ဥပြုတ်သုံးလုံး ကို အဘယ်သို့ ထုတ်ယူ ကျွေးမွေးရပါမည်နည်း ။ တောက်ပြောင်သော အဝတ်အစားများ ၊ ကြည်လင်ချိုမြသည့် မျက်နှာများ ၊ ရယ်သံပြောသံ ၊ ဆူညံနေခြင်းများ ကို မကြားချင် ၊ မမြင်ချင် ။ လူတွေ သည် ဆေးရုံ ပေါ်တွင် လာရောက် ပျော်ရွှင်အောင်ပွဲ တွေ ဆင် နေကြပါတကား ။ သူတို့ နှစ်ဦး သည် ညှိုးငယ်နွမ်း လျသော မျက်နှာကလေးများ နှင့် တစ်ယောက် ကို တစ်ယောက် ကြည့် နေမိရာက အသက်မဲ့သော အရုပ်များလို ငိုင်တွေ ငြိမ်သက် နေမိကြပြန်သည် ။

( ၃ )

အကြည်လေး ဆေးရုံ က ဆင်းလာသည် ။ ဆေးရုံ ခြောက်ပတ်မြောက် တွင် လာပြရမည် ဟု ဆိုပါသည် ။ ဆေးဝယ်ရန် ဆေးလက်မှတ် သုံးစောင် ကို လည်း ပေးလိုက် သေးသည် ။ သို့သော် ချုပ်ရိုး တွင် သုတ်လိမ်း ပေးရန် အရေးတကြီး လိုအပ်နေသော အရက်ပြန် ကို လည်းကောင်း ၊ ဖျူရာမင်းဘီစီ ကို လည်းကောင်း ဝယ်ယူ၍ မရပေ ။ ရန်ကုန်မြို့ နှင့် ဆင်ခြေဖုံးရပ်ကွက်များရှိ မည်သည့် ဆေးဆိုင်များ တွင်မှ ဝယ်ယူ၍ မရ ။ တစ်ဆိုင် မေးလိုက် ခေါင်းခါ ပြလိုက် ၊ တစ်ဆိုင် ပြေးလိုက် မရှိလိုက် နှင့် အချိန်ကုန် လူပန်း ဖြစ်ရ တော့၏ ။ သည်နေရာ တွင် ကိုတင်ထွဋ် ကို ကျေးဇူး တင်ရပေမည် ။ ကိုတင်ထွဋ် သည် သူ့ အသိ ဆေးရုံ က ဆရာမ ထံ မှ ဖြူရာမင်း အနည်းငယ် တောင်းပေး၍ လည်းကောင်း ၊ အပေါင်းအသင်း တစ်ယောက် ရှိရာ အိမ်ထောင်ပရိဘောဂ ဆိုင် သို့ သွား၍ ပေါလစ် ( စ် ) နှင့် စပ်သုံးသော အရက်ပြန် ကို ပုလင်းလေး နှင့် တောင်းယူ ပေးသောကြောင့် လည်းကောင်း အကြည်လေး အတွက် အထောက်အကူ ရတော့သည် ။

ရပ်ကွက် ထဲ မှ ငရုတ်သီးညှော်နံ့ သည် ပျံ့၍ စူး၍ ထွက်ပေါ် လာပေသည် ။ ချက်ချိန်ပြုတ်ချိန် သာ မက အချိန် ရှိသမျှ အချိန် မရွေးပင် စည်းမရှိ ကမ်းမရှိ အညှော် လုပ်တတ်ကြ ။ အညှော် လုပ်လျှင် ဘယ်တော့မှ မအော် ။ သည်တော့ အညှော် မိပြီးမှ အပြေးအလွှား ရှောင်ရှား ရသည် ။ မည်းညစ် သော ခြင်ထောင်ကြီး ထဲသို့ ဒရောသောပါး ပြေးဝင် ရသည် ။ သူမ ၏ ချုပ်ရိုး သည် မကျက်သေးသည့် အပြင် အညှော်မိ လွန်း သဖြင့် ယောင်၍ပင် လာတော့၏ ။ ချုပ်ရိုးတွင် ပြည် တည်သည်လား မသိ ။ ဗိုက်ခွဲသော အနာ က တဖြည်းဖြည်း အောင့် လာသည် ။

“ အညှော် လုပ်ရင်လည်း အော်အက်ပြီး လုပ်ကြပါ ဟေ့ ၊ ရပ်ကွက် ထဲမှာ နေမကောင်းတဲ့ လူနဲ့ ၊ ကလေးတွေ နဲ့ အမြဲတမ်း စည်းမရှိ ကမ်းမရှိ အညှော်တိုက် တိုက်နေတာ ငါ့ ပါးစပ်နဲ့တွေ့သွားမယ် ။ မပြောချင်လို့ သည်းခံ နေတာဟဲ့ ”

အကြည်လေး သည် ခြင်ထောင်အမည်း ထဲမှ အနာ ကို လက်နှင့် အသာ အုပ်ကာ ခါးကလေး ကုန်းကာ ကျုံး အော်ဟစ် နေသည် ။ ဘထွန်း ကတော့ မနက်မိုးလင်း အသိ အိမ် မှ ရေပုံးငှား ၊ ရေခပ် ၊ ထမင်းဟင်းချက် ၊ မနက်စာ အပြေးအလွှား စား ၊ အလုပ်သွား ။ အိမ်တွင် ကလေးများ နှင့် အကြည်လေး သာ ကျန်ရစ်ခဲ့ရ၏ ။ အကြည်လေး သည် နေ့စဉ်လို အညှော်နံ့ ရနေသောအခါ စိတ်ပျက် လာသည် ။ အနာ ရင်းလာသည် ။ ကိုက်ခဲ လာ ၊ အောင့်လာ ဖြစ်လာရ သည် ။ အိမ်ရှေ့မျက်နှာစာ နွားချေးအိုင် မှ နွားချေးနံ့ က လည်း ဆိုးဝါးလှသည် ။ ညနေ လင်သား ပြန်လာ လျှင် အိမ် ရောင်း၍ အခြား ရပ်ကွက် ပြောင်းရန် ပြောပြဦးမည် ဟု တွေး ထားလေသည် ။ သည် ရပ်ကွက် ထဲ ၌ နေရသည် မှာ မပျော် ။ ရပ်ကွက် ထဲ ၌ လူပေါင်းစုံ ရှိသည် ။ သူခိုး ၊ ခါးပိုက်နှိုက် ၊ ဖဲသမား ၊ အရက်သမားများနှင့် မကောင်းသောမိန်းမများပါ ရှိနေတတ်သည် ။ ရပ်ကွက် မသန့် သဖြင့် အကြည်လေး မနေချင် ။ သို့သော် အခြေအနေ အရ နေထိုင်ရ၏ ။ အထူးသဖြင့် သူမ မကျေမနပ် ဖြစ်နေသည်မှာ လူငယ် အချို့ဖြစ်၏ ။ ကိုယ်ကျိုးရှာသမား အချို့ကို တွေးမိတိုင်း ဒေါသ ဖြစ်ရလေသည် ။

ဘထွန်း အလုပ် က ပြန် ရောက်လာပြီ ။ အလုပ် အပြန် ဝယ်ခြမ်းလာသော ငါးပေါက်ကလေးများ ကို ကိုင်သည် ။ ဆူးကား ရှိသော ပါးဟက်ကလေး မှ လက်နှင့် ဆွဲဖဲ့ကာ ဝမ်းဗိုက်အူများ ကို ထုတ်ပစ် နေသည် ။ ခေါင်းတစ်ရာငါး ကိုစား ဖို့ လူကြီးသူမများ ဆုံးမစကား ကို သတိရမိသေးတော့ ။ အကြည်လေး က ချဉ်ရည် ချက်ရန် ဝယ်လာသော မုန်ညင်းရွက်များ ကို ဓားနှင့်လှီးရင်း ခပ်ငေးငေး ဖြစ်သွား၏ ။ သူမ သည် တစ်စုံတစ်ရာ ကို သတိရ သွားကာ မျက်နှာကလေး တင်းနေသည် ။

“ ဒီနေ့ အနာ ဘယ့်နှယ် နေသေးလဲ အကြည် ၊ ဆေး ရော သောက်ရဲ့လား ”

အကြည် သည် ယောက်ျား ဖြစ်သူကို ခပ်တွေတွေ ကြည့် နေရင်းက စိတ်ပျက်သံကြီး နှင့် ပြောချလိုက်၏ ။

“ အိမ် ရောင်းပြီး တစ်နေရာရာ ပြောင်းရအောင်လား ကိုဘထွန်း ”

“ ဟေ ဘာပြောတယ် ” ဟု အာမေဍိတ် အသံထွက် သွားပြီး သူ့ မိန်းမ ကို နားမလည်သလို မျက်လုံးကြီး ပြူး၍ ကြည့်နေ၏ ။ ကလေးများ သည် ဆော့ကစားနေရာမှ အိမ် ပေါ်သို့ ပြေးတက် လာကြ၏ ။ ကလေးများ ၏ ရုပ်မှာ ဖုန် များ ၊ ချွေးများ ဖြင့် ပေရေမည်းညစ် နေ၏ ။ အငယ်ကောင် ၏ ပါးတစ်ဖက် တွင် နှပ်ဆွဲထားသောကြောင့် နှပ်ကြောင်း ထင်ကာ ပေကျံ နေ၏ ။ သမီးလတ် က မအေ ပခုံးကို ပြေး ဖက်၍ ပူဆာသည် ။

“ အမင်း ချာတယ် ၊ အမင်း ချားမယ် ”

သမီးလတ် သည် သုံးနှစ် ပြည့်တော့မည် ဖြစ်သော် လည်း နံရိုးအစင်း ထင်ကာ ဗိုက်ပူနံကား ဖြစ်နေ၏ ။ ညည ဗိုက်နာ တတ်ပြီး အိပ်ရေးပျက်ပျက် နေသဖြင့် မျက်တွင်း ဟောက်ပက်ကလေး ဖြစ်နေ၏ ။ သမီးကြီး ကတော့ အိမ်ရှေ့ တွင် ပွနေသော ကလေးအအင်္ကျီ ၊ အဝတ်စုတ် ၊ စက္ကူ ၊ လက်သုတ်ပဝါစသည်တို့ကို သိမ်းဆည်း၏ ။ တံမြက်စည်း လှည်း၏ ။ ဘာလိုလိုနှင့် သမီး သည် ဆယ်နှစ်ထဲ ရောက်လာကာ လူကောင် ထွားနေပြီ ဟု အကြည် က တွေး မိရင်း သူ့ စကားကို ဆက်ပြော၏ ။

“ မဖြစ်ဘူး ကိုဘထွန်းရယ် ။ ဒီ ရပ်ကွက် ထဲမှာ ဆက် နေလို့ မဖြစ်တော့ဘူး ။ ဒီတစ်နေ့လုံး လိုလို ကု,လားအိမ်တွေ ကရော ၊ ဗမာအိမ်တွေ ကရော ငရုတ်ညှော်တွေ လုပ်နေ တယ် ။ အညှော် ဆို နည်းနည်းလေး မှ ခံရတာ မဟုတ်ဘူး ။ အခုတောင် အညှော်နံ့ ၊ နွားချေးနံ့  ၊ အိမ်သာနံ့တွေ နဲ့ အနာ က ရင်းနေပြီ ။ အထဲ မှာ ပြည်တည် နေရင်တော့ ဒုက္ခပဲ ”

“ အမင်းချားမယ် မေမေ ”

“ တယ် ဒီကလေးမ နေ့ခင်း ကလည်း ထမင်းကြမ်း စားကြသေးတယ် ၊ ဆန် က ရှား ၊ ဆိုင် က ရတာက မလောက် မင ၊ အခု ညမနက် ချက်ထားတဲ့ ထမင်း ညနေစာ မလောက် တော့ဘူး ၊ ဆန်နှစ်လုံး လောက် ထပ် ချက်ရ မလားပဲ ”

ဘထွန်း ကတော့ လက်က ငါး ကို ဖဲ့နေလျက် မိန်းမ ကို တွေကြည့်နေ၏ ။ အမှောင်ရိပ် သန်းလာပြီ ဖြစ်၍ သမီးကြီး က မီးခွက်ထဲသို့ ရေနံဆီ ထည့်လိုက်၏ ။ မအေ က ခပ်ငေါက်ငေါက်ကလေး ပြောလိုက်သဖြင့် သမီးလတ် သည် မျက်လုံးလေး ကလယ်ကလယ် နှင့် ရပ် နေသည် ။

“ အင်း .. ဆက်ပြောပါဦးကွ ၊ ဆန်အိုး ထဲမှာ မနေ့က ပေးထားတဲ့ ဆန် ဘယ်နှစ်လုံး ကျန်သလဲ ကြည့်ပါဦး ”

“ တော်ပဲ သွားထုတ်တာ မဟုတ်လား ။ ဆန် ကိုတာ လူကြီး တစ်ယောက် တစ်ပြည် ၊ ရှင် နဲ့ ကျွန်မ နှစ်ယောက် ဆိုတော့ နှစ်ပြည် ။ ကလေးအတွက် လုံးဝ မပေးဘူး ။ ကလေးတွေ အတွက် မပေးတော့ ဘာသွား စားမလဲ ။ ကလေးတွေ လည်း ပါးစပ် ပါတာပဲ မဟုတ်လား ။ လူကြီး အတွက် နှစ်ပြည် ဆိုတာကကော တစ်ပတ် အတွက် လောက်မလား ။ ဒီရပ်ကွက် မှာက တစ်နေ့ လုပ်မှ တစ်နေ့စား ရတဲ့ လူတွေ ၊ ဝင်ငွေ နည်းတဲ့ လူတွေ ။ အပြင်မှာ ချည်း ဝယ် စား နေရတော့ ဝယ်နိုင်တဲ့ အခါ ကောင်းပါတယ် ။ မဝယ်နိုင် တဲ့ အခါ အငတ်ခံ နေရမှာလား ပြောစမ်းပါဦး ။ တွေးရင်း ဒေါသ ဖြစ်တယ် သိလား ”

သူမ သည် ပြောရင်း ပြောရင်း သူ့ ယောက်ျားကို ရန်တွေ့ သလိုဖြစ်လာ၏ ။ ဘထွန်းက ခေါင်း ကို ရမ်းလိုက်သည် ။

“ တိုးတိုး ပြောစမ်းပါကွာ ၊ တော်ကြာ ကြားသွားမှဖြင့် ”

“ အို .. ဘယ်သူ ကြားကြား မကြားကြား ၊ ဒီလောက် မှ မပြောရတော့ဘူးတဲ့လား ။ ဒီက မပြောချင်လို့ အ ချင်ယောင် ဆောင်နေတာ ။ ငါတို့ ကို ဘယ်သူမှ မပြောရဲကြဘူး ၊ ငါတို့ လုပ်သမျှ ခံကြရမယ် ၊ ငါတို့ လုပ်နေတာတွေ ဘယ်သူမှ မသိကြဘူးလို့ အောက်မေ့ နေကြတယ် ထင်တယ် ဟင်း ဟင်း ဟင်း ”

အကြည် က ဟင်းရွက်များ ကို ဆောင့်ကာအောင့် ကာ လှီးဖြတ်ရင်း သရော်သလို ရယ်လိုက်ခြင်းဖြစ်၏ ။ ဘထွန်း က စိတ်ပျက်သလို ခေါင်းကြီး ငုံ့သွား၏ ။ တစ်ခါ တစ်ရံ သူ့ မိန်းမ ခေါင်းမာကြောင်း ၊ ဒေါသကြီးကြောင်း သိ နေသဖြင့် အသာ ငြိမ်နေခြင်း ဖြစ်၏ ။ အကြည် က မရပ် ။

“ မနက်က ဆန်ခြောက်လုံး ချက်တယ် ။ အခု နှစ်လုံး ထပ် ချက်ရဦးမယ် ။ တစ်ပြည် မနက်က ချက် လိုက်တာ နဲ့ ဆိုရင် အခု ဘယ်လောက် ကျန်မလဲ ။ အလွန်ဆုံး ဆန်တစ်လုံး တစ်လုံးခွဲပေါ့ ။ နက်ဖြန် ဆန်ပြုတ် ပြုတ် သောက်ရ တော့မယ် ”

“ လူကြားပါတယ်ကွာ ၊ ဆန်ပြုတ် ပြုတ်သောက်ရ  ၊ လူတွေ သိရင် ရှက်စရာကွယ် ၊ တော်စမ်းပါတော့ ”

“ မရှက်နိုင်ဘူးရှင့် ၊ ဆန်ပြုတ် သောက်ရတာ ဆန်ပြုတ် သောက်ရတာပဲပေါ့ ။ ငါးပိ နဲ့ စားရတာ ငါးပိ နဲ့ ပဲပေါ့ ။ ငကျွဲဆန် နဲ့ ကြက်သား ၊ ဝက်သား နဲ့ စားနေရတယ်လို့ လိမ် မပြောပေါင် ၊ ဆီပုံးလိုက် ၊ ဆန်အိတ်လိုက် ရှိတယ်လို့ ညာ မပြောပေါင် ။ အေး ... သင်းတို့ မသေခင် ဝဝစားကြပါစေ ။ အပင်းဆို့ ကြပါစေ ၊ မတရား မျိုကြ ၊ ကူးတို့ခ ယူကြပါစေ ။ သင်းတို့ပဲ ချောင်လည်ကြီးပွားကြပါစေတော့ ”

“ ဟာကွာ မင်း ဟာ က ပြောရင်း .. ”

“ ရှင် ထဘီပဲ ဝတ်ထားတော့ ကိုဘထွန်း ။ ရှင်တို့ လို လူကြောက်တွေ နဲ့ ဘာမှ မပြောရဲ ၊ ဘာမှ မသိတဲ့ လူတွေ စုနေ လို့ ကြက်ဆူတော မင်းမူ နေကြတာ ။ ရပ်ကွက် ထဲမှာ အချောင် ကောင်းစား နေကြတာ ။ ဒီမှာ ရှင့် သူငယ်ချင်း ကိုအုန်း ကို သိတယ် မဟုတ်လား ”

ကိုအုန်း သည် လေဟာပြင် တွင် မှောင်ခို လုပ်စားနေ သူ ဖြစ်၏ ။ ခုတစ်လော ကိုအုန်း အိမ်ဘက်သို့ မရောက်လာ သည်မှာ အတန် ကြာပြီ ။ ဘထွန်း နှင့် ငါးမျှားဖော် ၊ ငါးမျှားဘက် ဖြစ်၏ ။ မိုးတွင်းတုန်း က အလုပ်ပိတ်ရက်များ တွင် တတွဲတွဲ ။

“ ကိုအုန်း နဲ့ ပေါင်းပြီး ဆပ်ပြာတွေ ၊ သကြားတွေ ၊ အထည်တွေ ၊ ဘယ်လို မှောင်ခို ခိုးထုတ်နေတယ် ဆိုတာ ရှင် သိရဲ့လား ”

ဘထွန်းသည် ငါးဆူးတောင် နှင့် အူများ ထည့်ထား သော သံပန်းကန် ကို အပြင် သို့ ပက်ထုတ်လိုက် ။ သူ့ မျက်ခွက်သည် ခပ်တည်တည်နှင့် စူတူတူ ဖြစ်နေ၏ ။ သူ့ အသံ ခပ်အုပ်အုပ် ဖြစ်သော်လည်း အနည်းငယ် မာသွား၏ ။

“ နေပါဦး ၊ မင်း ကိုယ်တိုင် မြင်လို့လား ၊ မင်း လက်ပူး လက်ကြပ် ဖမ်းနိုင်လို့လား ”

“ အို .. .ခိုးပါတယ် ဆိုမှ လူမိ ခံမတဲ့လား ။ ဒါပေမဲ့ တွေ့ တဲ့ လူတွေ တွေ့ တယ် ၊ သိတယ် မပြောရဲဘူး ”

“ တွေ့တဲ့ လူတောင် မပြောရဲတဲ့ ကိစ္စ နင် က ဘာဖြစ် လို့ သူများ စကားနဲ့ ဓားခုတ်ရာ လက်ဝင် လျှိုရတာလဲ ၊ ကဲ သူတို့ က မေးမယ် ။ အတိအကျ ပြောနိုင်လားလို့ မေးမယ် ။ နင် ဘယ်လို ဖမ်းပြမလဲ ”

အကြည်လေး ဘာမှ မပြောသာတော့ ။ နဖူးကြော သာ တင်းနေ၏ ။ မျက်ခွက် မှုန်တေတေ ဖြစ်နေ၏ ။ သမီးကြီး က သစ်သားမီးခြစ် နှင့် မီးခွက် ထွန်းလိုက်၏ ။ အမှောင်ပါး သည် တဖြည်းဖြည်း သိပ်သည်း လာနေပြီ ။ ဓာတ်တိုင် မရှိသော ရပ်ကွက်ကလေး သည် တစ်စစ မှောင်စပြုလာ သည် ။ ဆူညံသော အိမ်များ ၊ စကားသံများ ၊ ကလေးငိုသံ ၊ အရက်မူးသံ ၊ ရန်ဖြစ်သံ တို့သည် တဖြည်းဖြည်း တိတ်စပြု နေသည် ။ ခြေရင်းအိမ် က လူ သာ အရက်ကလေး တထွေထွေ ရစ်ကာ နောက်ထပ် အိမ်ပေါ် ရောက်လာသော မိန်းမ နှင့် အကြည် ဆိုက်လျက် တဟဲဟဲ တခစ်ခစ် ဖြစ်နေ၏ ။ ထို လူ သည် မယားနှစ်ယောက် ကို တစ်အိမ်တည်း ထား၍ ပေါင်း နေသော သူ ဖြစ်၏ ။ ပန်းတိမ် မှာ လုပ်၍ ငွေစ ရွှင်သူ လည်း ဖြစ်၏ ။

ဘထွန်း က ဟင်းအိုး ပြင်၍ ဖိုခနောက် တွင် မီးမွှေး ကာ ချက်သည် ။ သမီးကြီး က ကျောင်းစာအုပ် နှင့် ငြိမ်နေပြီး သားငယ် သည် သဗော့ဖျာစုတ်ကလေး ပေါ်၌ ငိုက်မှေးရာ ခွေခွေလေး အိပ်ပျော် သွားပေပြီ ။ အကြည် သည် သက်ပြင်း တစ်ချက် ချလိုက်ရင်း ခပ်လေးလေး ပြောနေပြန်၏ ။

“ မဟုတ်ပါဘူး ကိုဘထွန်း ရယ် ၊ တခြား ရပ်ကွက်တွေ ဟာ ဒီလောက် မဆိုးကြပါဘူး ။ မစားနဲ့ မဟုတ်ပါဘူး စားကြပါ ။ မျှမျှတတ တရား သဖြင့် စားရင် ကျေနပ်ပါတယ် ။ ဒီမှာ က ပြန်ပြောရဲတဲ့ လူ မရှိဘူး ဆိုပြီး တရား လွန်လွန်းကျ လို့ပါ ။ တစ်နေ့ က ကျွန်မ ချုပ်ရိုး မြန်မြန် ကျက်အောင် နည်း နည်း လမ်းလျှောက်ရင်း မကြူကြူ နဲ့ တွေ့တယ် ။ သူ က သားကြော ဖြတ်တာ မေးရင်းမြန်းရင်း အိမ်ခေါ် သွားတယ် လေ ။ အိမ် ရောက်တော့ ဖော့ကရစ်ပိတ်စ ထုတ်ပြပြီး ဗိုလ်ချုပ်ဈေး ပုံစံ နဲ့ ချုပ်မယ် ဘာမယ်ပေါ့ ။ သူ့ အဝတ်အစား သေတ္တာ ကို ဖွင့်ပြတော့ မှ အံ့အားသင့် သွားရတယ်လေ ။ လှိုင်းတွေ ၊ ဖော့ဇာတွေ ၊ ခရစ်ရောင်စုံတွေ ၊ တက်ထရွန်စ တွေ နဲ့ ကြိုးကြီး ၊ အင်းလေး ၊ ဖော့ကရစ် ၊ ပိုး အိုး ... ထဘီ တွေလည်း မနည်းမနော တစ်ပုံတစ်ထပ်ကြီး ပါပဲ ။ ဆန် က အိတ်လိုက် ၊ ဆီ ပုံးလိုက် ၊ မှန်ဗီရို ထဲမှာ ဖန်ခွက်အမျိုးမျိုး ၊ ကြွေထည်အမျိုးမျိုး ။ ရပ်ကွက် မှာ တစ်သက်တစ်ခါ လောက် ရေဒီယို မဲချတယ် ။ သူတို့ပဲ ပေါက်တယ် ။ ဓာတ်ဘူးတွေ ၊ ခြင်ထောင်တွေ အားလုံး သူတို့ အိမ်မှာ ချည်းပဲ ”

အကြည်လေး သည် ပြောရင်း ပြောရင်း အသံလေး တုန်ယင်ကာ တိမ်ဝင် သွားတော့၏ ။ ပြီးတော့ အပြင်ဘက် ကို ငေးကြည့် နေရှာသည် ။ အတန်ကြာမျှ တိတ်ဆိတ် သွား ကြသည် ။ မီးဖို မှ ထင်းမီး သည် အရှိန်ပြင်းစွာ တောက်လောင်လျက် ရှိ၏ ။ မီးစွယ်မီးညွန့်များ သည် အိုးအပြင် ဘက်သို့ ထိုးထွက်လျက် ရှိ၏ ။ မီးခိုးတို့ သည် အိုး အထက် ၌ အူရစ်လျက် ရှိ၏ ။ အရှိန် ကောင်းသော မီးညွန့်မီးတောက် များကို ကြည့်ကာ အဆက်အစပ် မရှိ “ မိုးကောင်းတုန်း ရွာ ကြဦးပေါ့ ” ဟု တွေးလိုက်မိ၏ ။

ဘထွန်း သည် ဆူပွက် စ ပြုနေသည့် ဟင်းအိုး ကို ဇွန်းရှည်ရှည် နှင့် အသာ မွှေပေးပြီးမှ ...

“ အေးပါကွာ သူတို့ ဘာလုပ် နေကြတယ် ဆိုတာ ငါ လည်း ရိပ်မိပါတယ် ။ လူတိုင်း လည်း သိကြမှာပါပဲ ။ ဒါပေမဲ့ နေထွက် က နေဝင် မနေမနား ပြေးလွှားရှာဖွေ နေရတဲ့လူတွေ အချို့ ခိုးကြဝှက်ကြတာတွေ ကို စောင့်ကြည့် မနေနိုင် ဘူးမဟုတ်လား ။ သူတို့ ကလည်း သိသာသိစေ မမြင်စေနဲ့ ထုံး နှလုံး မူနေကြပုံ ရတယ် ။ တလောက ဆိုင်ပိတ်ချိန် ဟို ငနဲ ဆန်အိတ်လိုက် ထမ်းသွားတာ ငါ မြင်လိုက်ပါတယ် ။ ငါ့ ကို မြင်တော့ မျက်စိမျက်နှာ ပျက်သွားတယ် ။ ငါ လည်း မမြင်ချင်ယောင် မသိချင်ယောင် ဆောင်လိုက်တာပါပဲ ။ တစ်ခါတစ်ခါတော့ ငါတို့ မှာ ဆန် မလောက်င ၊ ကလေးတွေ က အော် ၊ အပြင် မှာ ဝယ်ဖို့လည်း ငွေ မရှိ ၊ ငါ့ ရင်ထဲမှာ ဘယ်လို ရှိမလဲ အကြည် ။ ဒါပေမဲ့ လူတွေ အားလုံး ရေငုံနှုတ်ပိတ် နေကြတာပဲဟာ ။ ဘယ်သူက အမုန်း ခံကြလို့လဲ ။ ငါ အများ အတွက် အမုန်း မခံရဲပါဘူးကွယ် ။ ကိုယ် က ကင်းနိုင် တာမှ မဟုတ်ဘဲ ”

ဘထွန်း သည် ခပ်တွေတွေ ငိုင်ငိုင် နှင့် တစ်လုံးချင်း ရင်ဖွ င့်ပြလိုက်၏ ။ ပြည်သူ့ဆိုင် မှာ ပင် ခြောက်ဆယ့်ငါးပြားတန် ငစိန်ဆန် ကို ယခု တစ်ကျပ်သုံးဆယ့်ငါးပြား ဖြစ်နေ ၍ စိတ်များ ပျက်မိ၏ ။ အကြည် သည် သူ့ ယောက်ျား စိတ် ကောင်းရှိကာ သည်းခံတတ်တာ ၊ ရိုးအတာ ကို တစိမ့်စိမ့် တွေးပြီး သနား လာမိ၏ ။ “ ရှင် လူကြောက် ၊ ထဘီပဲ ဝတ် ထားသင့်တယ် ” ဟု ပြောဆိုမိ သဖြင့် စိတ်မကောင်း ဖြစ်နေမိ ပြန်၏ ။ အမှန်ဘက်က ရပ်တည်နိုင်ပါလျက် အမှား လုပ်နေ သူတွေ ကို ကြောက်ရွံ့ နေရပါတကား ဟု တွေးပြီး ရင်မှာ နာ ကျင်လာမိတော့၏ ။

“ ဟော နှစ်ယောက်သား ဘာတွေများ လုပ်နေကြသလဲဗျို့ ”

အိမ်ရှေ့ မှ အသံပြု သဖြင့် ပြိုင်တူလှ မ်းကြည့်လိုက် ကြ၏ ။ ကိုတင်ထွဋ် ကို အပြုံးသား နှင့် တွေ့ရသည် ။

“ ထိုင်ပါဗျာ ၊ ဒီမှာ ကိစ္စလေး တစ်ခု စဉ်းစား နေကြတာပါ ”

ဘထွန်း အိမ်ရှေ့ သို့ ထွက် လာသည် ။ ကိုတင်ထွဋ် ကို ဆေးလိပ် တည်သည် ။ အကြည် အနီး၌ လာ ထိုင်သည် ။

“ ဘယ့်နှယ်လဲ ၊ နေကောင်းတယ် မဟုတ်လား ”

အကြည် က မချိတရိ ပြုံးကာ ခေါင်းလေး ရမ်းပြ၏ ။

“ ငရုတ်ညှော်တွေ နေ့တိုင်း မိနေတယ် ရှင် ၊ အနာ က ရင်းသလိုလို နဲ့ အောင့် နေတယ် ။ အဲဒါ ဒီ အိမ်လေး ရောင်းပြီး တခြား ရပ်ကွက် တစ်ခုခု ပြောင်းမလို့ သူ နဲ့ တိုင်ပင် နေတာ ”

ကိုတင်ထွဋ် က မျက်မှောင်ကြုတ်၍ စဉ်းစားရင်း ..

“ ပြောင်းတာတော့ ကောင်းတယ်ဗျ ၊ ဒီမှာက ကျန်းမာရေး ထိခိုက်တယ် ။ အိမ်တွေ ညပ် ၊ လမ်းတွေ ပိတ် ၊ နွားချေး နဲ့ အိမ်သာနံ့ နဲ့ အညှော်တွေနဲ့ လေကောင်းလေသန့် ကလည်း မရ ။ ဘယ်လောက်နဲ့ ရောင်းမှာလဲ ၊ ကျွန် တော်တို့ လည်း ဝိုင်း စပ် ပေးမယ်လေ ။ ပွဲခတော့ များများ စားရမယ် ”

သူတို့ ပြုံးပြသည် ။

“ ရောင်းမယ် ဆိုရင် ငါးရာ အထက်တော့ ရမှာပဲဗျ ၊ ကိုချစ်တီး တို့ အိမ်ဟာ လေးရာ့ငါးဆယ် ရတယ် ။ ကျွန်တော် တို့ ခြံလေးက ပိုကျယ်တယ် ။ လမ်းမကြီး နဲ့ လည်း နည်းနည်းနီးတယ် ။ ခုနစ်ရာလောက် ဆိုမယ် ။ ဒီ ရပ်ကွက်ထက် ကောင်းတဲ့ နေရာလေး ဘာလေး ကြည့်ပေးပါဦးဗျာ ”

“ ဟုတ်တယ် ကိုတင်ထွဋ် ရယ် ၊ ရေ လည်း ရ ၊ မီး လည်း ရှိ ၊ ဆေးရုံ တို့ ၊ ကျောင်း တို့ ၊ ဈေးတို့ နဲ့ လည်း နီးဆိုရင် ပို ကောင်းမယ် ။ ဒီမှာက ရေတစ်ထမ်း သွား ထမ်းရင် ငါးပြား ပေး ဝယ်ရတာ ။ အစိုးရဘုံဘိုင် တစ်ခု မှ ရှိတာမဟုတ်ဘူး ။ သမီးတို့ ကျောင်း နဲ့ နီးတာ တစ်ခုပဲ ပြောစရာရှိတယ် ။ ဆိုင် က လူတချို့ ကိုလည်း သိပ် မကြိုက်ဘူးလေ ။ ဒါလည်း ပါတယ် ”

ကိုတင်ထွဋ် က ပြုံးယောင် ပြုနေ၏ ။

“ ထည့်ပြော မနေစမ်းနဲ့ဗျာ ၊ ဒီကောင်တွေ ကို ကျွန်တော် ကောင်းကောင်း သိပါတယ် ။ ခေတ်အဆက်ဆက် လူကြီး လုပ် စားနေတဲ့ဟာတွေ ၊ တက်လာတဲ့ အစိုးရ က တို့ အစိုးရ ဆိုပြီး အရောင် အမျိုးမျိုး ပြောင်းနေတဲ့ အချောင်သမားတွေ ၊ ကျားတွေ ။ ဒီကောင်တွေ ကြောင့် ... အိုဗျာ ဆက် မပြောတာပဲ ကောင်းပါတယ် ”

“ ဟုတ်ပါတယ်ဗျာ ၊ အချို့ ကို ပြောတာ ဖြစ်ပေမယ့် သူတို့ ကြားသွားရင် ... ”

“ ကိုတင်ထွဋ် လည်း ကျွန်မ လိုပဲ ။ တစ်ခါတစ်ခါ အထက် က သိအောင် ဟစ်တိုင်တက် အော်ပြော ပစ်လိုက်ချင်တယ် ။ မနည်း စိတ်ကို ထိန်းရတာ ”

ခေတ္တ ငြိမ်သွား၏ ။ ဘထွန်း က ဟင်းအိုး သွားချ သည် ။ ထမင်းအိုး ဖွင့်ကြည့်ပြီး ...

“ ထပ် မချက်တော့ဘူး ၊ ငါ လျှော့စားမယ် ” ဟု တိုးတိုး ပြောလိုက်၏ ။

ကိုတင်ထွဋ် က ဆေးပေါ့လိပ် ကို ဖွာနေ၏ ။

“ ကဲ ထမင်း မစားရသေးရင် စားကြလေ ၊ မိုးတောင် ချုပ်နေပြီပဲ ”

“ ဒီမှာကတော့ မိုးချုပ်တာ မဆန်းတော့ပါဘူးရှင် ”

“ လုပ်စမ်းပါဦး အိမ် ရောင်းရရင် ကောင်းမလား ဆိုတာ ”

ဘထွန်း က ချီတုံချတုံဖြင့် အကြံဉာဏ် ထပ် တောင်း နေ၏ ။ အကြည် က မျက်စောင်းထိုး၏ ။ ကိုတင်ထွဋ် က ချောင်း တစ်ချက် ဟန့်ပြီး ...

“ ဒီလို မသန့်ရှင်းတဲ့ ရပ်ကွက် က မပြောင်းနိုင်လို့ပေါ့ ၊ ခင်ဗျားတို့ ကလေးတွေ တစ်ယောက် ပြီး တစ်ယောက် မကျန်းမမာ ဖြစ်နေရတာ ။ ကျွန်တော် အကြံ ပေးချင်တာ ကြာပြီ ။ ဒါပေမဲ့ ရပ်ကွက် တစ်ခု က တစ်ခု ပြောင်းဖို့ ဆိုတာ ကလည်း မလွယ်လှဘူး မဟုတ်လား ။ ဥပမာ ကျွန်တော် တို့ ကမ်းနားပိုင်း ရေ က တက်ပြီ ဆိုရင် အိမ်မြုပ်လုခမန်း ၊ ကလေးတွေ နဲ့ စိုးရိမ်စရာပဲ ။ တစ်ခါတစ်ရံ နှာတိုတွေ တက်လာ တတ်သေးတယ် ”

အကြည် သည် မြွေကို မြင်ယောင်ကာ ပခုံး တွန့်သွား၏ ။

“ ကျွန်တော်တို့ တိုက်က စာစီသမား တစ်ယောက် ရဲ့ အိမ်ပေါ့ ။ ဆင်ခြေဖုံး မှာပါပဲ ။ ငါးရာ ၊ တစ်ထောင် ဆို ဝယ် လို့ ရပါတယ် ။ ဒါပေမဲ့ ဒီ ရပ်ကွက်မျိုးပဲ ။ ရေ သိပ် ရှားတယ် ၊ ဆေးရုံ ဝေးတယ် ။ ညညဆို ရပ်ကွက် ရှုပ်တော့ ဧည့်မတိုင် လို့ ဖမ်းတာတွေ ၊ မကောင်းတဲ့ အိမ်ဝိုင်းတာ ၊ ရန်ဖြစ်တာ ၊ အရက်ပုန်းဆိုင် မှာ ဓားထိုးမှုဖြစ်တာ စုံ နေတာပဲ ”

“ ဒီလိုဆို ဒုက္ခပါပဲနော် ။ မြို့ထဲ ဘက် ကျကျ စုံစမ်း ပေးပါလား ”

ကိုတင်ထွဋ် က ရယ် နေသည် ။ ဘထွန်း က သူ့ မိန်းမ ကို မျက်စောင်း ထိုး ကြည့်၏ ။ အကြည် က သူ့ စကား ကို သူ ပြန်၍ သဘောကျ နေလေသည် ။

“ မြို့ထဲဘက် ကျကျ ကိုပဲ ခဏ ထား ၊ မြို့စွန်ကျကျ ကို ပဲ မေးပါဦး ၊ အိမ်ဈေး ဟာ တစ်သောင်း အထက် မှာ ရှိတယ် ။ ဝယ်နိုင်ပါ့ မလား ”

အကြည် သည် ရှက်ရယ် ရယ်ရင်း ခေါင်းငုံ့ သွား၏ ။ ဘထွန်း က သမီးကြီး ကို ပန်းကန် ဆေးရန် ခိုင်း လိုက်၏ ။ ကိုတင်ထွဋ် ငြိမ်နေပြီး မှ ...

“ ဒီမှာ မကြည် .. ခင်ဗျားတို့ ရပ်ကွက် ဟာ ကျူးကျော် ရပ်ကွက် ၊ အမှတ် ( ... ) မို့လား ၊ ဥပမာ အမှတ် ( ၁ ) ထား ၊ ကဲ ခင်ဗျားတို့ ပြောင်း ကြည့်ကြစမ်း ။ တစ်ရပ်ကွက် မကြိုက် တစ်ရပ်ကွက် ၊ နောက် တစ်ရပ်ကွက် မကောင်း ၊ နောက် တစ်ရပ်ကွက် ။ ကျူးကျော်ရပ်ကွက် အမှတ် ( ၁ ) က ကျူးကျော် ရပ်ကွက် အမှတ် တစ်သောင်း သာ ပြောင်းရင် ပြောင်းသွား မယ် ၊ ( ၁ ) နဲ့ ( ၁၀၀၀၀ ) နဲ့ ဟာ ဘာမှ ခြားမှာ မဟုတ်ဘူး ။ ဒီလို ဒီလိုပဲ နေမှာပဲ ။ ကျူးကျော်ရပ်ကွက် က ကျူးကျော်ရပ်ကွက် တွေ လျှောက် ပြောင်း နေသမျှတော့ အတူတူ လိုချည်းပဲ ရှိ နေမှာပဲ ”

“ ဟုတ်မှာပါပဲနော် ”

“ ဟ ဟုတ်ပါတယ် ဆိုနေတဲ့ ဟာ ”

“ တစ်ခုတော့ ရှိတာပေါ့ဗျာ ၊ တစ်ရပ်ကွက် နဲ့ တစ်ရပ်ကွက် နီးတာ ဝေးတာ ၊ ဆေးရုံဆေးခန်း နဲ့ နီးတာ ဝေးတာ ၊ ရပ်ကွက်သန့်ရှင်းရေး အနည်းအကျဉ်း ကောင်းလာတာ ၊ မကောင်းလာတာ ၊ ရပ်ကွက်လူကြီး အချို့ မျှတတာ ၊ မမျှတတာ ဒါတွေတော့ နေရာ လိုက်ပြီး အလျှော့အတင်း ရှိမှာ ပေါ့ ၊ ပို ကောင်းခြင်း မကောင်းခြင်း ရှိမှာပေါ့ ။ အဲဒီတော့ ဒီလို လုပ်ပါ ။ ခင်ဗျားတို့ အိမ်ကလေး ကို တော့ ကြိုက်ဈေး ခေါ်ပြီး ရောင်း ၊ ကျွန်တော် လည်း ကြိုးစား ရှာကြည့်မယ် ”

“ ဒီအိမ်ကလေး တစ်ထောင် ရပြီး တခြား မှာ ငါးရာ ၊ ခြောက်ရာ နဲ့ ဝယ်ခဲ့ရင် ကျန်ငွေ နဲ့ ကြွေးမြီ ကျေမယ် ၊ ရင်းနှီး စားနိုင်မယ် ။ ဟုတ်တယ် မဟုတ်လား ကိုဘထွန်း ”

“ အဲဒါ ကောင်းပါတယ် ။ အနှေး နဲ့ အမြန် ပြောင်းရမှာပဲ ”

“ မကြည် က မြို့ထဲ ဘက် ကျကျတော့ ရှာ မခိုင်းရဘူးနှော ”

အကြည် ရယ်နေသည် ။ ဘထွန်း ပြုံးနေသည် ။

“ ဒီရက် အတွင်း မကြည် အတွက် ဆေးရုံ လည်း ပြန် ပြဦး ”

“ ဟုတ်ကဲ့ ပြပါ့မယ် ”

“ ကဲ ကျွန်တော် ပြန် လိုက်ဦးမယ် ”

ကိုတင်ထွဋ် ထိုင်ရာ မှ ထ၏ ။

“ အို ... ထမင်း စားသွားဦးလေရှင် ”

ကိုတင်ထွဋ် ရယ်လိုက်၏ ။

“ တော်ပါပြီဗျာ .. ကိုဘထွန်း က ဧည့်သည် ရောက်တယ် ဆိုတာနဲ့ ထမင်းထပ် မချက်တော့ဘူး ၊ ငါ လျှော့စားမယ် ပြောထားတဲ့ ဟာ ၊ ဧည့်သည် က ဘယ်လိုလုပ် စားလို့ ရတော့မှာလဲ ”

သူတို့ သုံးယောက် ရယ်လိုက်ကြ၏ ။ မကြည် က အရယ် မရပ်သေးဘဲ ရယ်သံ တစ်ဝက်တစ်ပျက် ဖြင့် ဖိနပ် စီး နေသော ကိုတင်ထွဋ် ကို လှမ်း မှာလေသည် ။

“ ကျူးကျော်ရပ်ကွက် က အခြား ကျူးကျော်ရပ်ကွက် ပဲ ရောက်ရတာကတော့ ကိစ္စ မရှိပါဘူးရှင် ၊ ဒါပေမဲ့ ဒီ ကျူးကျော်ရပ်ကွက်တွေ ထဲ မှာ မြို့ထဲ နဲ့ အနီးဆုံး ကျူးကျော်ရပ်ကွက် ရောက်အောင်တော့ ဆောင်ရွက်ပေးပါ ကိုတင်ထွဋ် ရယ် နော် ”

ကိုတင်ထွဋ် သည် သူ့ နဖူး သူ လက်ဖဝါးနှင့် ဟန်ပါပါ ရိုက်လိုက်ပြီး မှ တဟားဟား ရယ်ကာ အိမ်ပေါ် မှ ဆင်းသွား လေတော့၏ ။ သူ့ အမူအရာ ကို သဘောကျစွာ ပြုံးရယ်နေ ကြသည့် အကြည် တို့ သည် သမီးကြီး ထမင်းစားခုံဝိုင်း လာ ချတော့မှ ပင် နေရာ ဖယ် ပေးရင်း အရယ် ရပ်ကြလေ တော့သည် ။ ဘထွန်း မှာ ခူးခပ်ပြင်ဆင် နေသော ထမင်းဝိုင်း ကို ဆာလောင် မွတ်သိပ်စွာကြည့်ရင်း ...

“ ငါ ထမင်း လျှော့ စားရမှာပါလား ” ဟု တွေးမိကာ မျက်နှာကလေး ဝင်းပနေရာ က တဖြည်းဖြည်း မသိမသာ ညှိုးကျ သွားတော့၏ ။

တစ်နေ့လုံး အလုပ် လုပ်ခဲ့ရ သဖြင့် ဗိုက် ထဲမှာ ဘာမှ မရှိ ။ အလွန်အမင်း ဆာလောင်မွတ်သိပ် နေသူ ဘထွန်း ခမျာ မှာ တော့ ဇနီး ၊ သားသမီးများ ကို ငဲ့ညှာကာ တစ်လုပ် တစ်ဆုပ် မျှ သာ စားသောက်ရပေတော့မည် တကား ။

▭  မြတ်လွန်း
📖 သွေးသောက် မဂ္ဂဇင်း
      ၁၉၇၃ ၊ ဧပြီ

No comments:

Post a Comment