Saturday, February 22, 2025

စစ်ကိုင်းသူ




 

❝ စစ်ကိုင်းသူ ❞

လန်ဒန် က ဦးစီးကျင်းပြီး ကမ္ဘာ တစ်ဝန်းလုံး က ယှဉ်ပြိုင် ဖြေဆိုကြတဲ့ အယ်လ်စီစီအိုင် စာမေးပွဲ မှာ မြန်မာလူငယ်တွေ ထူးထူးချွန်ချွန် အောင်မြင်ကြတယ် ။

မန္တလေးမြို့က ဆရာဦးကျော်စွာဝင်း ရဲ့ အယ်လ်စီစီအိုင် သင်တန်း မှာ စစ်ကိုင်းသူ ဒေါက်တာယဉ်မင်းကျော် ကို ကျွန်တော် စတင် တွေ့ဖူးပါတယ် ။ သူ က အယ်လ်စီစီအိုင် တတိယ အဆင့် Business Statistics ဘာသာရပ် မှာ တစ်ကမ္ဘာလုံး ဒုတိယ အမှတ် အများဆုံး ငွေတံဆိပ် နဲ့ မြန်မာနိုင်ငံ မှာ အမှတ် အများဆုံး ရွှေတံဆိပ် ရသူ ဖြစ်ပါတယ် ၊ ကျွန်တော် နဲ့ တွေ့ ဆုံခဲ့ချိန် မှာ ဒေါက်တာ ယဉ်မင်းကျော် က စာရင်းအင်းပညာ နဲ့ အမြင့်ဆုံး အဆင့် ဖြစ်တဲ့ အေ ၊ စီ ၊ စီ ၊ အေ ကို လေ့လာပြီး ဖြေဆိုဖို့ ပြင်ဆင် နေတယ် ။

သူ က လည်း သူ့ အလုပ် နဲ့ သူ များ နေပြီး ကျွန်တော် နဲ့ ထပ် မဆုံဖြစ်ဘူး ။ သူ့ သတင်းတွေ ကိုတော့ ကြားသိ နေခဲ့တယ် ၊ မန္တလေးမြို့ မှာ ရွှေကံ့ကော် ပိုးထည်တိုက် ကို သူ ဖွင့်တယ် ။ အချက်အချာ ကျတဲ့ နေရာတွေ မှာ ရွှေကံ့ကော် ပိုးထည်တိုက် ရဲ့ ဘေဘုတ် ၊ ပိုစတာတွေ မြင်တွေ့လာရတယ် ။ ၂ဝဝ၇ ခုနှစ် ရုပ်ရှင် အကယ်ဒမီဆု ချီးမြှင့်ပွဲမှာ ဆုဗန်း ကိုင်သူ မင်းသမီး လေးယောက် ကို သူ ဖန်တီး တီထွင်ထားတဲ့ ပိုးထည် ဒီဇိုင်းသစ် ဆင်မြန်း ပေးတဲ့ သတင်း ကြားသိ လာရတယ် ။

ဆရာဝန် ဘွဲ့ ရတဲ့ အမျိုးသမီး တစ်ယောက် က စာရင်းအင်းပညာရပ် မှာ ထူးချွန် အောင်မြင်ပြီး ပိုးထည်တိုက် ဖွင့်လှစ်တာ ကျွန်တော့် အတွက် စိတ်ဝင်စားစရာ ဖြစ်နေ တယ် ။

သူ့ ရွှေကံ့ကော် ပိုးထည်တိုက် ကို သွားရောက် ပြီး ဒေါက်တာယဉ်မင်းကျော် ကို သူ့ ဘဝ သူ့ အတွေ့ အကြုံတွေ ကျွန်တော် မေးတာ ယခုလို ပြောပြပါတယ် ။

••••• ••••• •••••

ကျွန်မ ငယ်ငယ် ကတည်း က သင်္ချာ ကို စိတ်ဝင်စားတယ် ။ တွက်တာ ချက်တာ ဝါသနာ ပါတယ် ။

ဆယ်တန်း အောင် တော့ ကျွန်မ ရတဲ့ အမှတ် က ကောင်း နေတယ် ။ ဆရာဝန် လုပ်ဖို့ ဝါသနာ မပါဘူး ။ အိမ် ကတော့ ဆေးကျောင်း တက်စေချင်တာ ပေါ့ ။ တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာ ပိတ်မယ့် ရက် ၊ ပိတ်ခါနီး ၁၂းဝဝ နာရီ မှ ကျွန်မ ပုံစံတွေ ဖြည့် ပြီး သွားတင်ခဲ့တာ ။ မိဘတွေ သဘောကျ ဆေးတက္ကသိုလ် ကို ဦးစားပေး လိုက်တယ်ပေါ့ ။ ကျွန်မ စိတ်ဆန္ဒ အတိုင်း သာ ဆိုရင် ကွန်ပျူတာ တက္ကသိုလ် တက် ဖြစ်မှာပါ ။

ကျွန်မ အတော်ဆုံး စာရင်း မှာ မပါခဲ့ပေမယ့် အလယ်အလတ် အဆင့် နဲ့ ပဲ ဆေးကျောင်း မှာ နှစ်စဉ် စာမေးပွဲ အောင်ခဲ့တယ် ။ ကျွန်မ က ဉာဏ် ကောင်းတာ ထက် ဇွဲအရမ်း ကောင်းတယ် ။ ဖြစ်ချင်တဲ့ စိတ် ရှိရင် ဖြစ်အောင် လုပ်တယ် ။ ဆန္ဒ ပြင်းပြသူ ( Strong desire ) ပြောရမလား မသိဘူး ။ အဲသည့် စိတ်ကလေး ကို ကျွန်မ ကိုယ့် ကိုယ် ကိုယ် မွေးထားတယ် ။

ဒါ ခေါင်းမာတာ ခေါ် မလား ။ ဖြစ်ချင်တာ ကို ဖြစ်အောင် ကြိုးစား လုပ်မယ် ဆိုတဲ့ စိတ်ရဲ့ ဆိုးကျိုးတွေ လည်း ခံရပါတယ် ။ ကိစ္စရပ် တစ်ခု ရဲ့ အကျိုး ( result ) က သိပ်ကောင်းတာ မဟုတ်ပေမယ့် ကျွန်မ က အချိန်ကုန် ခံပြီး မဖြစ်မနေ လုပ်တာပဲ ။ ပြီးသွားရင် အကျိုး ရှိချင် မှ ရှိမှာပေမယ့် လုပ်မိတာပဲ ။

ဆေးပညာ ကို ကျွန်မ ဝါသနာ မပါပေမယ့် ဆေးကျောင်း ကို တက်လိုက် မိတာ ကျွန်မ အတွက် အကျိုး များပါတယ် ။ ဆေးကျောင်း မှာ ကျွန်မ တက် လို့ ကျွန်မ ရဲ့ နေရာ အခြားသူ တစ်ယောက် ဆရာဝန် ဖြစ်ခွင့် လွတ် သွားတယ် ။ ဒါပေမယ့် ကိုယ့်အား ကိုယ်ကိုးရမယ် ။ ဇွဲ ရှိရမယ် ဆိုတဲ့ တန်ဖိုး ရှိတဲ့ အသိအမြင် တွေ ဆေးကျောင်း က ကျွန်မ ရခဲ့တယ် ။ ဆေးကျောင်း မှာ ဇွဲ မရှိရင် မဖြစ်နိုင်ဘူး ။ ဘယ်ဟာမဆို ကိုယ့်အား ကိုယ်ကိုးရတာပဲ ။

ကျွန်မ ဆေးကျောင်း ဒုတိယနှစ် မှာ သူငယ်ချင်း တစ်ယောက် ရဲ့အစ်မ မင်္ဂလာဆောင်တယ် ။ ပိုးထည်တွေ ကို စစ်ကိုင်း က အဓိက ထုတ်လုပ် နေတယ် ဆိုတာ ကို သူ က သိတယ် ။ ဒါကြောင့် ကျွန်မ နဲ့ အတူ စစ်ကိုင်း ကို လိုက်ပြီးတော့ ရက်ကန်းစင်တွေ က ကြိုးကြီးချိတ်ပိုးထည် တွေ ဝယ်မယ်လို့ စီစဉ်တယ် ။ ရက်ကန်းစင်တွေ ရောက်တော့ စိတ်ကြိုက် ရွေးဝယ်စရာ ပိုးထည်တွေ က အဆင်သင့် မရှိဘူး ။ စင်ပေါ်မှာ ရက်နေဆဲတွေ သာ ရှိတယ် ။ စစ်ကိုင်း က ကြိုးကြီးချိတ်ပိုးထည်တွေ အဓိက ရက်လုပ် နေပေမယ့် ဝယ်ချင်သူ လာတဲ့အခါ အမရပူရ က သူတို့ ပြန်သွင်းတဲ့ ဆိုင် ကိုပဲ ညွှန်ပေးရတယ် ။ အဲသည့် အချိန်က စပြီး ကျွန်မ ပိုးထည်လုပ်ငန်း ကို စိတ်ဝင်စား သွားတယ် ။

ဆေးကျောင်း ကို ကျွန်မ စ ရောက်တာ ၁၉၉၃ ခု ဆိုတော့ ၁၉၉၅ လောက် မှာ ပိုးထည်လောက ထဲ ကို စ ဝင်တယ် ။ ရန်ကုန် က ဆိုင်တွေ ကို အဆက်အသွယ် ယူတယ် ။ စစ်ကိုင်း က ပင်ရင်း ရက်ကန်းသမားတွေ နဲ့ လည်း ဆက်သွယ်တယ် ။ ဆေးကျောင်း တက် နေရင်းပဲ ပိုးထည် လက်ကားသမား သဘောမျိုး ကျွန်မ စ လုပ်တယ် ။

ပိုးထည် ကို ကျွန်မ စ လုပ်တဲ့ အချိန် က ကိုယ်ပိုင် ဒီဇိုင်း သိပ် မထွက်ကြဘူး ။ ဒီဇိုင်း တစ်မျိုး ကို လေး ၊ ငါး ၊ ခြောက်နှစ် ဝတ် ကြတယ် ။ ကျွန်မ က ခေတ်လူငယ် ဆို တော့ ကိုယ်ပိုင် ဒီဇိုင်း နဲ့ ဝင်ရမယ် ဆိုတာ သတိထား မိတယ် ။ ဖဲကြိုး ဆိုတဲ့ ဒီဇိုင်း သစ် နဲ့ ပိုးထည်လောက ကို ကျွန်မ စ ဝင်တယ် ။ ဒီဇိုင်နာ ကို အပ်ပြီး လုပ်ခဲ့တာပါ ။

အဲသည့် ဒီဇိုင်း က ကံအားလျော်စွာ အရမ်းပေါက် သွားတယ် ။ ပိုးထည် နဲ့ ပတ်သက်တဲ့ ဆိုင်တိုင်း ဆိုင်တိုင်း က စိတ်ဝင်စားကြတယ် ။ ကျွန်မ လည်း ရန်ကုန် ဆိုင်ကြီးတွေ က နေ အော်ဒါ တော်တော်များများ ရတော့တယ် ။

အဲဒါ ၁၉၉၆ ၊ ၁၉၉၇ ခုနှစ် လောက် ။ ဒီဇိုင်း တစ်ခု ကို ကူးယူတာ ဆင်တူယိုးမှား လုပ်ရတာ သိပ် မခက် တော့ ကျွန်မ အနေ နဲ့ ဖဲကြိုးဒီဇိုင်းသစ် ကို တစ်နှစ်ခွဲ လောက် ပဲ အကျိုး ခံစား လိုက်ရတယ် ။

ကျွန်မ ဒီဇိုင်းသစ် တွေ အများကြီး စိတ်ကူးပြီး ဆက် ထုတ်တယ် ။ ဖဲကြိုး ပြီးတော့ ခရစ္စမတ် ခေါင်းလောင်း ၊ ပန်းသီတဲ့ကြိုး ဆိုတဲ့ ဒီဇိုင်းတွေ ပေါက်တယ် ။ အခုနောက်ပိုင်း စန္ဒာ ၊ ကတ်တလီယာ ဒီဇိုင်းသစ် တွေ ပေါက်တယ် ။ အကယ်ဒမီပွဲ မှာ ဗန်းကိုင် မင်းသမီး လေးယောက်ကို ကံ့ကော် ၊ ဒေလီယာ ၊ ခွာညို ၊ သရဖူ ဒီဇိုင်းသစ် လေးမျိုး ဆင်ပေး ထားတယ် ။

ကျွန်မ ရဲ့ မိဘမျိုးရိုး အလုပ်အကိုင် က စားသောက်ကုန် လုပ်ငန်းပါ ။ ဘိုးစဉ်ဘောင်ဆက် စားသောက်ကုန်တွေ ထုတ်လုပ်ခဲ့တာ ။ အဘိုး လက်ထက် မှာ ဂျုံမှုန့်ကြိတ်တယ် ။ အဖေ့ လက်ထက် မှာ ခေါက်ဆွဲခြောက်လုပ်ငန်း ၊ ကုလားပဲခြမ်း ၊ ကုလားပဲမှုန့်လုပ်ငန်းတွေ လုပ်တယ် ။ ကျွန်မ က မောင်နှမတွေ ထဲမှာ အကြီးဆုံး ။ ၂ဝဝဝ ပြည့်နှစ် မှာ ဆေးကျောင်း က ပြီးသွားတော့ ကျွန်မ စိတ်ကူး တာက အဖေ့ ကို သုံးနှစ်လောက် ကူမယ်ပေါ့ ။ မောင်လေး ၊ ညီမလေးတွေ က ငယ်သေးတော့ သုံးနှစ် ဆိုရင် မောင်လေး ကျောင်းပြီးမယ် ။ ကျွန်မ ဆေးလောက ထဲ ပြန် ဝင်မယ်ပေါ့ ။ သုံးနှစ် နေပြီ ဆိုတော့ ( ရယ်လျက် ) ကျွန်မ ဆေးပညာ နဲ့ တော်တော်လေး အဆက်အသွယ် ပြတ် သွားတယ် ။

အဖေ့ အလုပ်တွေ ကူ လုပ်ရင်း တစ်ဖက် မှာ ကျွန်မ အယ်လ်စီစီအိုင် ဖြေတယ် ။ Business Statistics မှာ တစ်ကမ္ဘာလုံး ဒုတိယ အမှတ် အများဆုံး ၊ မြန်မာတစ်နိုင်ငံလုံး ပထမ အမှတ်အများဆုံး ရတယ် ။ ကျန်တဲ့ နှစ်ဘာသာ ဂုဏ်ထူး နဲ့ အောင်တယ် ။ ယခု အေစီစီအေ ဆက် လုပ်နေတယ် ။ Part II လုပ်နေ တယ် ။ နောက်ဆုံး အပိုင်းပေါ့ ၊ လုပ်နေဆဲ ။

သည် ပညာရပ်တွေ သင်ယူရတာ ကျွန်မ အတွက် အကျိုး သိပ် များတယ် ။ သင်ယူရင်း ဖြေရှင်းရတဲ့ ပုစ္ဆာတွေ ရှိတယ် ။ စီးပွားရေး လို လက်တွေ့ လုပ်ရတာ မဟုတ်ပေမယ့် ဖြေရှင်းနည်း အတွေ့အကြုံတွေ ရတယ် ။ အဲသည့်က ရတဲ့ အသိပညာတွေ ကို စီးပွားရေး လုပ်ငန်းပိုင်း မှာ ပြန်ပြီး အသုံးချရတယ် ။

အဖေ့ လုပ်ငန်း ကို သုံးနှစ် လောက် လုပ်ပြီးတဲ့ နောက်မှာ ပိုးထည် လုပ်ငန်း ကို ကျွန်မ လုပ်တယ် ။ ကျွန်မ က စစ်ကိုင်းသူ ဖြစ်နေလို့ ပိုးထည် ကို အဆင့်အတန်း တစ်ခုခု အထိ တိုးတက်အောင် ကျွန်မ လုပ်ချင်တယ် ။

သည်မှာ မထုတ်လုပ်နိုင် သေးတဲ့ ပိုးထည် နဲ့ တွဲ ဝတ်တဲ့ ( Plain ) ဗြောင် အစမျိုးတွေ လည်း ကျွန်မ import ( ပြည်ပမှ တင်သွင်းကုန် ) လုပ်တယ် ။

ယခုတော့ အဖေ့ လုပ်ငန်း မှာ မောင်လေး က စက်ပိုင်းဆိုင်ရာ နဲ့ ဝယ်ယူရေး အပိုင်း တာဝန် ယူတယ် ။ ကျွန်မ က marketing နဲ့ ၊ စီမံခန့်ခွဲခြင်း ( administration ) ၊ စာရင်းအင်း ( accounting ) ပိုင်း တာဝန် ယူတယ် ။ ညီမလေး က လည်း လိုတာ တွဲလုပ်ပေးတယ် ။

အယ်လ်စီစီအိုင် ၊ အေစီစီအေ ၊ စီးပွားရေးပညာ ၊ စာရင်းအင်းပညာတွေ ကို သင်ယူခဲ့ရလို့ ကျွန်မ အလုပ်တွေ အများကြီး ကို တစ်ပြိုင်တည်း ကျွန်မ လုပ်နိုင် တာလို့ ထင်တယ် ။ ယခုဆိုရင် အဖေ့ စားသောက်ကုန်လုပ်ငန်း ၊ ကျွန်မ ရဲ့ ပိုးထည်လုပ်ငန်း import လုပ်ငန်းတွေ ကို တစ်ပြိုင်တည်း လုပ်နေပါတယ် ။

ကျွန်မ ဆရာဝန်ဘွဲ့ ရခဲ့တယ် ။ ဒါပေမဲ့ ကျွန်မ ကိုယ်တိုင် က မိန်းကလေး ဖြစ်နေလို့ အဝတ်အထည်လိုင်း နဲ့ ဒီဇိုင်းလိုင်း ကို ရွေးချယ်လိုက်တာ မှားမယ်လို့ တော့ ကျွန်မ မထင်ပါဘူး ။

▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment