❝ ကျောက်ကောင်း တစ်စေ့ ❞
( ထိပ်ထား - သာယာဝတီ )
ဟေ့ မိညိုညို ... နေကောင်းရဲ့လား ။ ကိုယ်တော့ တောင်ကြီးမြို့ ရဲ့ မှိုင်းမှိုင်းဝေ နေတဲ့ တောင်ပြာတန်းတွေ နဲ့ ပန်းအလှတွေ ကို ကြည့်ကြည့်ပြီး မင်းတို့ တစ်တွေကို သိပ် သတိရ လွမ်းမိ တယ် ဆိုရင် ယုံမလား ။ တကယ်ပါကွာ ။ အထူးသဖြင့် မိညို ရယ် မိခိုင် ရယ်ကို အလွမ်း ပို သပေါ့ ။
မင်း ဝတ္ထုတွေ မဂ္ဂဇင်း မှာ ပါ လာတိုင်း ကိုယ်တို့ အကြောင်းများလား နဲ့ ဖတ်လိုက်ရတာ အမော ။ ကိုယ့် အ ကြောင်း ရေးစမ်းပါ ဆိုတာ မင်း က သိပ် ဈေး ကိုင်တာပဲ ။ ဪ ... ဒါနဲ့ ကိုယ့် ကို မင်းတို့ အဖွဲ့ က ရာသက်ပန် ထုတ် ပစ် လိုက်ပြီပေါ့နော် ။ ကိုယ် အဖွဲ့ ထဲက ထွက်ရပေမယ့် ခင်မင်မှုကတော့ ထာဝရ ကျန်ခဲ့ပါတယ်ကွာ ။
မင်းတို့ နဲ့ မရယ်ရတာ လည်း ကြာ သွားပြီ ။ နွေ ရောက် ရင် မိခိုင် နဲ့ ချိုလှနွယ်ဖူး တို့ ညီအစ်မ ရယ် ၊ မေသင်း နဲ့ လှလှ တို့ ပါ အပါ ခေါ်ပြီး ကိုယ့် ဆီ ဆက်ဆက် လာဖြစ် အောင် ကြိုးစားကြစမ်းပါ ။ အိမ် လည်း ကျယ်ကျယ်ရပါ တယ် ။ မောင် ကလည်း မင်းတို့ ကို ဆက်ဆက် လာလည် ကြ ဖို့ ဖိတ်ပါ သတဲ့ ။
ကိုယ်တို့ ပြန် ဆုံကြမှ အားရပါးရ စကား ပြောရအောင် ။
သူငယ်ချင်းရဲ့
မျိုးမျိုး ၊ တောင်ကြီးမြို့ ။
ကျွန်မ သည် သူငယ်ချင်း ၏ စာ ကို ဖတ်ပြီး ဝမ်းသာ ကြည်နူး စွာ ပြုံးနေ မိ ပါသည် ။
မျိုးမျိုး ၊ မြင့်မြင့်ခိုင် နှင့် ၊ ကျွန်မ တို့ သူငယ်ချင်း တစ်စု တွင် မျိုးမျိုးသ ည် ဗိုလ်ကြီးကျော်စွာစိုး နှင့် လက်ထပ်၍ ပထမဆုံး ခွဲထွက် သွား သူ ဖြစ်၏ ။ ထို့ကြောင့် ကျွန်မ လည်း သူ့ လိုပင် လွမ်းမိသည် ။ ကျွန်မတို့ သူငယ်ချင်းများ ဆုံမိကြ တိုင်း သူ့ ကို သတိ ရကြ၏ ။ သူ့ အကြောင်းဆိုလျှင် ပြော၍ လည်း မကုန်နိုင် ။
သူ့ အကြောင်း ဝတ္ထု ရေးစမ်းပါ ဟု ဆို စဉ်က မင်း အကြောင်း ဘာ ရှိလို့တုံး ဟု ကျွန်မ မေးသောအခါ ...
“ ကိုယ်က သူများ လို ရည်းစား ထားတဲ့အကြောင်း တို့ ၊ ဘာတို့တော့ မရှိဘူး ။ ဈေး ထဲ က အထည်ဆိုင်တွေ ဖောက်တဲ့ သူခိုး ကို ဖော်ပေးတာ တို့ ၊ ကိုယ့် ဆိုင်နား က ဆိုင် မှာ ပိုက်ဆံ နှိုက်တဲ့ ကောင်လေး ကို မိအောင် ဖမ်းပြီး မှတ် လောက်အောင် တီး ပစ်တာတို့ ၊ ပြီးတော့ ကိုယ် ဘယ် လောက် အပြော ကောင်းလို့ တရား နိုင်လာတဲ့ အကြောင်းတို့ ရေးစရာတွေ ပုံနေတာပဲ ။ ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းလဲ ။ ကိုယ် သာ မင်း လို ရေး တတ်ရင် ဒီလို တောင် အောက်ကျ ခံပြီး ပြော မနေပါဘူး ။ ဟင်း .. ”
“ မင်း အကြောင်း ကလည်း ရွှေဘ ဇာတ်ကား ကြည့်ရသလို ဇာတ်ကြမ်းချည်း ပါလား ။ ဇာတ်လိုက် က မိန်းကလေး ပဲ ။ အနုအယဉ်လေးများ လည်း ပါဦးမှပေါ့ ။ မင်း လို လှတဲ့ မိန်းကလေး ဆိုရင် အချစ်ဇာတ်လမ်းလေး နဲ့ အဆုံးသတ် မှ ရေးလို့ ဖတ်လို့ ကောင်းမှာ ”
ကျွန်မ က သူ့ ကို နောက်သလို နှင့် တမင် ပြောလိုက်တော့ ...
“ တော်စမ်းပါကွာ ၊ မင်း ဇာတ်လမ်း ရေးဖို့ ကိုယ် ပဲ လင် ယူရတော့ မလို ”
“ ဒါပေါ့ ”
သည်လိုနှင့် ပြီးခဲ့ရသည် ။ ယခုတော့ သူ လက်ထပ် လိုက် ပေပြီ ။ ကျွန်မ ဇာတ်လမ်း ရေးဖို့ သူ လက်ထပ်ခြင်း မဟုတ်သော်လည်း သူ လက်ထပ်၍ ကျွန်မ သူ့ အကြောင်း ရေးဖြစ်သည် ကတော့ အမှန် ဖြစ်နေသည် ။
သူ ပြောသည့် ရွှေဘဇာတ်ကြမ်းကြီး ကိုတော့ ကျွန်မ မရေးလိုပါ ။ သူ့ အချစ် ဇာတ်လမ်း ကို လည်း ကျွန်မ မသိပါ ။ သို့သော် သူ လက်ထပ်သွားခြင်း သည် ပတ်ဝန်းကျင် တစ်ခု လုံး ကို ဂယက် ထ သွားစေခဲ့သည် သာ မက ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ ကို ဂုဏ်ပြု ရင်း ပညာ ပေး သွားပါသည် ။
သည်တော့ ကျွန်မ သူ့ အကြောင်း မရေးဘဲ မည်သို့ နေနိုင်ပါမည်နည်း ။
••••• ••••• ••••• •••••
သူ့ နာမည် က မျိုးမျိုး ။
ငယ်စဉ် က ပင် မိဘ ဆုံးပါးခဲ့သူ မို့ အစ်ကိုရင်း နှင့် နေ လာခဲ့ ရ သူပီပီ သူ့ အစ်ကို လိုပင် “ ခင်ဗျား -ကျွန်တော် ” နှင့် ပြောလေ့ ရှိသည် ။ ကျောင်းပညာ ကို ဆုံးခန်းတိုင် မသင်ကြား ရသည့် အတွက် ငယ်စဉ်ကပင် ကိုယ့်အား ကိုယ် ကိုး ကာ ကုန်မျိုးစုံ ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုရင်း ယခု အသက် နှစ်ဆယ့်ငါးနှစ် သို့ ရောက် လာ ခဲ့သည် ။ သူ သည် သူ့ အလုပ်တွင် ကျွမ်းကျင် နိုင်နင်းလှ၏ ။ သူ့ ဆိုင်တွင် ကုန်မျိုးစုံလင်လှသည် မို့ ပြည်မြို့ တွင် အထူး ကျော်ကြား လေသည် ။
ကျွန်မ က ဘဏ်ဝန်ထမ်း ၊ မြင့်မြင့်ခိုင် က စက်မှုပညာသင် ကျောင်းအုပ် ၊ ချိုလှနွယ်ဖူး က မြေကျေးရှင်းရုံး စာရေးကြီး ၊ မျိုးမျိုး က ကုန်သည် ။ သည် လူတန်းစား လေးယောက် တွင် မျိုးမျိုး က ကျွန်မတို့ သုံးယောက် ပေါင်း ထက် သာ သော ဝင်ငွေ ကို ရအောင် ရောင်းဝယ်ဖောက်ကားမှု ကောင်း သည် ။ ထို့ကြောင့် ကျွန်မတို့ သူငယ်ချင်းများ အနက် သူ က သူဌေးမလေး ဖြစ် နေသည် ။
ထို သူဌေးမလေး ၏ ပုံစံ ကို ဖော်ရလျှင် အရပ် က ခပ် ပျပ်ပျပ် ၊ လုံးကြီးပေါက်လှ ကိုယ်ဟန် ရှိပြီး အသားရောင် က ဖြူဝင်း စိုပြည် နေသည် ။ သူ့ နှုတ်ခမ်း နှင့် ဖြူဖွေးသွယ်တန်း နေ သော သွားကလေးများ က သူ့ မျက်နှာ ၏ အလှ ကို ဖော် ဆောင် နေပေသည် ။
“ မင်း သွားလေးတွေ သိပ် လှတာပဲ ” ဟု ပြောလျှင် “ ဒါကြောင့် ကိုယ် တစ်နေ့ အခါ တစ်ရာ လောက် ရယ်တာ ပေါ့ ” ဟု ပြောပြီး သဘော ကျ တတ်ပါသည် ။
သို့သော် သူ့ ဝတ်စားဆင်ယင်ပုံ ကို ကြည့်ပါ လျှင် ကော်လံတပ် ရင်စေ့အင်္ကျီ လက်တို ထူထူကြီး မှ လွဲ၍ ဘယ် အင်္ကျီမှ သူ မဝတ် ၊ သူ ငယ်စဉ် ကတည်းက သည် ပုံစံ ပဲ ဝတ်ခဲ့သည် ဆို၏ ။ ထဘီ ကို လည်း ဘယ်တော့မှ ချပ်ချပ် ရပ်ရပ် သေသေသပ်သပ် မဝတ်တတ် ၊ ပုဆိုး လိုလို ၊ ထဘီ လိုလို ပုံစံ နှင့် လုံးထွေးကျစ်လိမ် ဝတ်ထား တတ်သည် ။ ဈေး ကြီး ပေး ရသော ပါတိတ် တို့ ၊ ပါထိုင်း တို့ ဆိုလျှင် ဘယ်သော အခါမှ ကိုင်တွယ် မကြည့် ၊ သူ့ ခါး တွင် မြန်မာဖြစ် မာစရိုက် လုံချည်အစင်း နှင့် ပြောင် ၊ သို့မဟုတ် တစ်ခါတစ်ရံ မုဒုံ အချိတ်ထဘီများ သာ တွေ့ ရ၏ ။
သူ့ ဆံပင် ကို ဇာတ်မင်းသား လို သေးသေးလေး မြှင့် ထုံး ထားတတ်သည် ။ ဒါ့အပြင် သူ ဘာမှ မလုပ်တတ်ပေ ။
လမ်း လျှောက်ပုံ ကလည်း ကဗျာ ဆန်လှ ချေသည် ။ ကိုယ် ကို ဘယ်ညာ ယိမ်းထိုးကာ လက်သီးဆုပ် သွား တတ် သည် ။ သူ လမ်းလျှောက် လာလျှင် “ ဟေ့ ဟိုမှာ လမ်း လျှောက်လာတဲ့ ပုံစံ ကို ကြည့်စမ်း ” ဟု အချင်းချင်း လက်တို့ ရယ်ကြ၏ ။ လက် မတို့ဘဲ ပြောင် ပြော၍ လည်း မဖြစ်ပါ ။ သူ့ ပါးစပ် ကို လူတိုင်း လန့်ကြသည် ။ သူ က မဟုတ်မခံ ဆတ်ဆတ်ကြဲမလေး ။ သူ့ အစ်ကို မှ လွဲ၍ မည်သူ့ ကို မှ သူ မကြောက်ပေ ။
သည်တော့ သူ့ တစ်ကိုယ်လုံး ကို ခြုံ ကြည့်လျှင် ယောက်ျားလျာမလေး တစ်ယောက် ဟု မဆိုသာ သော် လည်း မိန်းကလေး တစ်ယောက် တွင် ရှိသင့် ရှိထိုက် သည့် နူးညံ့သိမ်မွေ့သော ပုံစံ သူ့ တွင် ရှာဖွေ၍ မရပါ ။
မျိုးမျိုး နှင့် မြင့်မြင့်ခိုင် တို့ နေကြသော လမ်း ထဲ သို့ ကျွန်မ ပြောင်းရွှေ့ လာ မှ ကျွန်မတို့ သူငယ်ချင်း တစ်စု အဖွဲ့ ကျ ကာ ခင်မင် ရင်းနှီး လာကြသည် ။ မျိုးမျိုး ၊ မြင့်မြင့်ခိုင် နှင့် ကျွန်မ တို့ သုံးယောက် က ပို အတွဲ များပြီး သွား အတူ လာ အတူ နှင့် မကြာခဏ ဆုံစည်း မိကြသည် ။ ခင်မင်ရင်းနှီး စ မို့ စားကြသောက်ကြ ရယ်ကြမောကြ နှင့် အိမ်မေ့ ၊ ရာမေ့ အလွန် ပျော်ကြပါသည် ။
အထူးသဖြင့် မျိုးမျိုး က ပို၍ ပျော်ပျော် နေတတ်၏ ။ သူ သည် စကား ပြောနိုင်သလောက် ရယ်လည်း ရယ်နိုင် သည် ။ ဘယ်တော့မှ စိတ် ညစ်သည် ဟု မရှိ ။
စိတ် မညစ်တတ်သူ သည် တစ်နေ့တွင် ကျွန်မ အိမ် သို့ မျက်နှာ ညှိုးညှိုး နှင့် ပေါက် လာပြီး မပြောစဖူး လေသံ တိုးတိုး ဖြင့်...
“ ကိုယ် တော့ ငွေ နှစ်ထောင် ထိသွားပြီ ဆရာ ”
“ ဟယ် ... ဘယ်လို ငွေ နှစ်ထောင် ထိ သွားတာလဲ ”
“ ဒီလိုကွ ကိုယ့် ဆီ လာ လာ နေတဲ့ ဟို ရွှေတောင် က အမျိုးသမီး လေ ”
“ ဪ .. ကြည်ကြည်မင်း ဆိုတာ လား ”
“ ဟုတ်တယ် ၊ အဲဒါ သူ က ဆံပင်အလှပြုပြင်ဆိုင် ဖွင့် ချင်တယ် ဆိုပြီး ကိုယ့် ကို အရင်းအနှီး မရှိလို့ ငွေ ချေးပါ ဆို တာနဲ့ တစ်နေ့ က ကိုယ် ငွေ နှစ်ထောင် ထုတ်ချေးလိုက် မိ တယ် ။ အဲဒါ မနေ့က သူ့ အမေ ကိုယ်တိုင် လာ ပြောတာ ။ သူ လင်နောက် လိုက်ပြေးပြီ တဲ့ ”
“ ဟင် ”
ကျွန်မ အံ့အား သင့်ပြီး ဘာမှ မပြောနိုင်မီ သူ က ဆက်၍ ...
“ ယူတဲ့ ယောက်ျား ကလည်း ရှစ်တန်းကျောင်းသား တဲ့ ။ ပြေးလိုက်ကြတာ က လည်း နီးနီး ပဲ ၊ ငပလီ ကို လေ ”
“ နေစမ်းပါဦး ၊ မင်း က သူ့ အကြောင်း ဘာမှ အခိုင်အလုံ မသိဘဲ ဒီလောက် ငွေကြီး ကို များ ထုတ်ချေး ရသ
လားကွာ ”
ကျွန်မ မေးခွန်း ကို သူ က စဉ်းစဉ်းစားစား ဖြေသည် ။
“ သူ့ အတွင်းရေး ကိုတော့ ကိုယ် ဘယ်သိမလဲ ။ ဒါပေမဲ့ သူ နဲ့ ကိုယ် ဟာ အတော် ခင်မင်ခဲ့ကြတာ မဟုတ်လား ။ ပြီးတော့ သူ က နွမ်းပါးသူ ဆိုတော့ ကိုယ် သနား လည်း သနား တယ် ။ သူ က လည်း ကိုယ့် အပေါ် မှာ အတော် ကောင်းရှာ တာ ကွ ။ ကိုယ့် အနွံအတာ ကို သိပ် ခံရှာတာပဲ ။ ကိုယ့် ကို ဘယ်လောက် ခင်သလဲ ဆိုရင် ကိုယ့် ဆီ လာတိုင်း ကိုယ့် အတွက် တစ်ခုခု ပါ လာတာပဲ ။ ဟိုတစ်လော က တက်ထရွန် အင်္ကျီတွေ ငါးထည် တောင် ချုပ် ယူ လာသေးတယ် ။ အခု ကိုယ် ဝတ်ထားတဲ့ အင်္ကျီ ဟာ သူ ပေးတာပေါ့ ”
သူ့ ခါး က အင်္ကျီ ကို ကျွန်မ ကြည့်လိုက်ရာ ကော်လံ အင်္ကျီ လက်တို ရေညှိစိမ်းရောင် ကို တွေ့ ရ၏ ။
“ မဟုတ်သေးပါဘူး ။ သူ က နွမ်းပါးတယ်လည်း ဆို သေးရဲ့ ။ မတတ်နိုင်ဘဲ မင်း ကို ဒီလောက် ပစ္စည်း ဘာ ကြောင့် ပေးကမ်း နေရတာလဲ ၊ မင်း က ရော ဘာ့ကြောင့် ယူရသလဲ ”
သူ့ စကား ကို နားမရှင်း ၍ ကျွန်မ ထပ်မေးရသည် ။
“ ကိုယ် ကလည်း အလကား မယူပါဘူး ။ သူ က တစ်မျိုး ပေးရင် ကိုယ် က နှစ်မျိုး လောက် ပြန် ပေးတာပါ ။ ကိုယ် ကတော့ သူ့ ကို သနား လည်း သနား ၊ ခင် လည်း ခင် တာနဲ့ စေတနာ ထားပြီး ဆပ်နိုင်တဲ့ အခါမှ တဖြည်းဖြည်း ပြန်ဆပ် ဆိုပြီး ရိုးရိုးသားသား ကူညီခဲ့တာ ၊ အခုတော့ သူ က သာ အကြံ နဲ့ ဉာဏ် နဲ့ ၊ အစကတော့ သူ့ကို ဒီလောက် လည်လိမ့် မယ် မထင်မိဘူး ။ ကလေးဆန်ဆန်လေး မို့ ကိုယ် သူ့ ကို ခင်တွယ်မိတာပါ ကွာ ။ အခွင့်အရေး ဆိုလည်း ကိုယ် အမြဲ ပေးထားတာ ။ ဒီလို အခွင့်အရေးတွေ ပေးပြီး တတွဲတွဲ လုပ် လွန်းလို့ ပြည် တစ်ဈေးလုံး က ကိုယ် နဲ့ သူ့ ကို ခဏခဏ စကြ နောက်ကြ တယ် ။ သူ က လည်း ကိုယ့် ဆိုင် လာ လာပြီး သူ များ စ ချင်အောင် အမြဲ ရွှတ်နောက်နောက် လုပ်ပြ တတ်တယ် ”
မျိုးမျိုး ၏ နောက်ဆုံး စကား ကို ကြားရသော အခါ ကျွန်မ ရင်လေး သွား မိသည် ။ ယခုမှ သဲလွန်စ ကို ကျွန်မ သိလိုက် ရ၏ ။ ငွေချေးသူ မိန်းကလေး သည် မျိုးမျိုး ကို အကြိုက်ဆောင်၍ ဖြားယောင်း သွေးဆောင် ကာ မူ မမှန်သော စိတ် ဝင်လာအောင် လှုံ့ဆော်ပြီး တစ်ပတ်ရိုက် သွားခဲ့ခြင်း ဖြစ် ပေသည် ။
သည်တော့မှ သူ့ အတွက် ပို၍ စိတ်မကောင်း ဖြစ်မိသည် ။
သူများ ဆိုင်တွေ အလစ်သုတ် ခံရလျှင် သူ အမိဖမ်း ပေး တတ်၏ ။ သူများ ဆိုင်တွေ ဖောက်ထွင်း ခံရလျှင် တရားခံ ပေါ်အောင် သူ လုပ်နိုင်၏ ။ ယခု သူ ကိုယ်တိုင် ကျ တော့ ဘာ့ကြောင့် ကျောကပ်ဓား နှင့် အလှီး ခံရလေသ နည်း ။ ကျွန်မ နားထဲတွင် သူ့ စကားသံ က ပဲ့တင် ထပ် လာသည် ။
“ တစ်ဈေးလုံး က ကိုယ် နဲ့ သူ့ ကို ခဏခဏ စကြ နောက်ကြတယ် ။ သူ ကလည်း ကိုယ့် ဆိုင် လာ လာပြီး သူ များ စချင်အောင် အမြဲ ရွှတ်နောက်နောက် လုပ်ပြ တတ်တယ် ”
သည် အတိုင်း သာ ဆိုလျှင် သူငယ်ချင်း ၏ ဘဝရှေ့ရေး မှာ မည်သို့ ရှိပါမည်နည်း ။ ငွေဆုံး ၊ ပစ္စည်းဆုံး ရသည်က အရေး မကြီး ။ သူ့ ပုံစံ ၊ သူ့ အမူအရာ နှင့် သူ့ ပတ်ဝန်းကျင် ကြောင့် မူ မမှန်သော စိတ်များ ဝင် လာပြီး မပီပြင်သော ဟန် ပန် နှင့် သူ့ ဘဝ တစ်ခုလုံး ဆုံးရှုံး သွားမှာပဲ ကျွန်မ စိုးရိမ်မိပါသည် ။
သည်အကြောင်း မြင့်မြင့်ခိုင် ကို ကျွန်မ ပြောပြသော အခါ သူ လည်း အတော် စိတ်မကောင်း ဖြစ်သွားသည် ။
“ ပတ်ဝန်းကျင် ကို လည်း အပြစ် ပြောလို့ မရဘူး ညိုညို ရဲ့ ။ သူ နေပုံထိုင်ပုံ ဝတ်ပုံစားပုံ ကို လည်း ကြည့်ဦးမှ ။ သူ သာ မိန်းကလေး ပီပီသသ ဆိုရင် ဘာ ပြဿနာ ပေါ်မှာလဲ ။ ပတ်ဝန်းကျင် ဆိုတာက မြေနိမ့်ရာ လှံစိုက် ။ သာ ရင် ပေါင်း ။ အမြှောက် ကြိုက်တဲ့ သူ ဆိုရင် ဝိုင်း မြှောက်လိုက်ကြ ။ ဒီ စကား ပြောလို့ သူ့ ဘဝ ဘယ် အခြေ စိုက်မယ် ၊ ဘယ်အထိ ခရီး ရောက်မယ် ဆိုတာ တွေးကြတာ မဟုတ်ဘူး ။ ဒါ သဘာဝ တရားပဲ ။ ဒါကို အခွင့်အရေး ယူပြီး မသမာတဲ့ သူ တွေ ပေါ် လာတာ ။ ဒီတော့ ဘယ်သူ မပြု မိမိမှု ပဲ မိညို ။ မျိုးမျိုး ကိုယ်တိုင် က သူ့ ကိုယ် သူ ပြုပြင် မှ ဖြစ်မယ်လို့ ကိုယ် ထင် တာပဲ ။ ပြုပြင်ဖို့ အရေးကြီးတာ က သူ့ ပုံစံ ၊ သူ့ အမူအရာ ၊ သူ့ အပြောအဆို ”
မြင့်မြင့်ခိုင် က အလေးအနက် စဉ်းစားပြီး သူ့ အမြင် ကို တင်ပြသည် ။
“ ခိုင် ပြောတာလည်း ဟုတ်ပါတယ် ။ သူ့ ကို သေချာ လေ့လာကြည့်စမ်း ။ သူ ဟာ ပတ်ဝန်းကျင် က ပင့်ပေး သလို သတိလက်လွတ် တော့ မဟုတ်သေးဘူး ။ သူ့ ဘဝ သူ နားလည်တယ် ခိုင်ရဲ့ ။ ဒါပေမဲ့ သူ က စီးပွားရေးရှုထောင့် က ပဲ ကြည့်တတ်တယ် ။ ဘယ်သူက ဘယ်လို စစ ပျော်စေပျက်စေ ဆိုတဲ့ အနေရော ၊ အရောင်းအဝယ် မိတ်ပျက်မှာ စိုးတာ ရော ၊ ပျော်ပျော် နေတတ်တာ နဲ့ ဆိုတော့ ခပ်ပေါ့ပေါ့ သဘော ထားပြီး လိုက်လျောနေတာ လို့ ကိုယ် မြင်တယ် ။ သူ့ ကိုယ် သူ ပြုပြင်ဖို့ က ထင်သလောက် မလွယ်ဘူး ခိုင် ။ သူ ဒီလိုဖြစ် လာတာ ကို က သူ့ အလိုအလျောက် ဖြစ်လာတာ မဟုတ် ဘူး ။ သူ နေလာရတဲ့ ပတ်ဝန်းကျင် ဟာ အဓိက ပဲ ။ ငယ်ငယ် ကတည်း က အစ်ကို နဲ့ နေလာရတော့ သူ့ အစ်ကို ရဲ့ အပြောအဆို အမူအရာတွေ အတိုင်း ဖြစ် လာတယ် ။ သူ က ခေါင်းမာရတဲ့ အထဲ ပြုပြင်ပေးမယ့် သူ က မရှိတော့ သူ့ အကျင့် က အရိုးစွဲ နေပလားပဲ ။ နောက် တစ်ခု က သူ လုပ်ရ တဲ့ အလုပ် ကို ကြည့်ကွာ ။ အား နဲ့ အင် နဲ့ သွက်သွက်လက်
လက် ပယ်ပယ်နယ်နယ် လုပ်ရတဲ့ အလုပ်မျိုး ဆိုတော့ ဒီ ပုံ ဖြစ်လာဖို့ သူ့ အလုပ် က တစ်ဖက် တစ်လမ်း ဖန်တီး ပေးထား သလို ဖြစ်နေတယ် ။ ဒီတော့ သူ့ ကို ကိုယ်တို့ ဖြစ်စေချင်တဲ့ ပုံစံ ဖြစ်လာအောင် လုပ် ဖို့ က သူ နဲ့ အပေါင်းအသင်း ဖြစ်နေ တဲ့ သူ့ ပတ်ဝန်းကျင် ကို ရောက် နေတဲ့ ကိုယ် တို့ မှာ လည်း တာဝန် ရှိလာတယ် ခိုင်ရှေ့ ။ လောလောဆယ် မှာတော့ လေ့လာရင်း စောင့်ကြည့်ကြသေးတာပေါ့ကွယ် ”
••••• ••••• ••••• •••••
ကျွန်မတို့ သူငယ်ချင်း တစ်စု တစ်နေ့ ဆုံမိကြ ပြန် သည် ။ ကျွန်မတို့ က ရောက်တတ်ရာရာ ပြောကြရယ်ကြ ၏ ။ မျိုးမျိုး က သူ ဖျား နေတာ သုံးရက် လောက် ရှိတာ ကို ဘယ်သူမှ လာ မမေးကောင်းလား နှင့် ဒေါဖောင်း နေတော့ သည် ။ ကျွန်မတို့ က မသိလို့ပါ ဟု တောင်းပန် သော် လည်း မရ ။ တကယ်တော့ သူ နှင့် ပတ်သက်၍ တစ်ယောက် ယောက် နေထိုင်မကောင်း ဖြစ်လျှင်လည်း သူ မနေတတ်ပါ ။ ချက်ချင်း ရောက်သွား တတ်ပြီး လိုအပ်သလို အကူအညီ ပေးရှာ ပါသည် ။
အကူအညီ ပေးရမည့် ဘက်တွင် သူ သည် အင်မတန် လက်မြန် ခြေမြန် ရှိ ပေသည် ။ အပင်ပန်း လည်း ခံ၏ ။ အနစ် နာ လည်း ခံနိုင်သည် ။ ထို့ကြောင့် သူ မပါလျှင် ဘယ်နေရာမှ ပွဲ မစည် ။ အလှူအတန်းများ ဆိုလျှင် အကျွေးအမွေး ဘက် ၌ ပထမတန်း တာဝန် ယူ နိုင်သလို ဧည့်ခံရေး ဘက် တွင် လည်း လစ်ဟာခြင်း မရှိရအောင် ဧည့်ခံ ကောင်းလှသည် ။ ထို့ကြောင့် “ မရွှေမိ ” သည် သူ့ ဘက်ကျ အလိုက် မသိလျှင် ဒေါသ ကြီး တော့၏ ။ သို့သော် သူ ကျိတ်ပြီး စိတ် မကောက် တတ်ပေ ။ ဝမ်းနည်းပမ်းနည်း မျက်နှာပေး နှင့် ဗြောင် ဖွင့် ပြော ၏ ။ ယခုလည်း သူ့ ကို လာ မမေးကြ၍ ဝမ်းနည်းပြီး ငိုခဲ့ သေးသည် ဟု ဆို၏ ။
ဪ .. သူ့ စိတ် ထဲ တွင် ဘာမျှ လျှို့ဝှက်ထားခြင်း မရှိ ။ ဘွင်းဘွင်းမလေး ပေတကား ။
သူ သည် သူ့ အစ်ကို ကို တစ်ခါ လိမ်ခဲ့ဖူးသည် ဆို၏ ။ ပေါင်းတည် စွယ်တော်ပွဲ သို့ သွားမည် ဟု သူ့ အစ်ကို ကို ပြော ခဲ့ပြီး ကျွန်မတို့ လမ်း ထဲ က ဘုန်းကြီးကျောင်း မှာ ပင် တစ်ပတ် ကြာအောင် တရား အားထုတ် ခဲ့သည် ။ နောက်တော့ အလိမ် ပေါ်၍ သူ့ အစ်ကို က ဆူပူကြိမ်းမောင်းပြီး ထ ရိုက်မည် ပြု သဖြင့် စိတ်ဆိုး ကာ ထမင်း သုံးနပ် မစားဘဲ သူ နေသည် ။ နောက်ဆုံး အစ်ကို လုပ် သူ က စိတ်ပြေ အောင် နိုင်ငံခြား ချော့ကလက်ကလေး တစ်ခု သူ့ ကို လာပေးသည် ဆို ၏ ။ ထိုအခါ သူ ဝမ်းသာ ကျေနပ်ပြီး ထမင်းတွေ အဝစား ကာ ကျွန်မ နှင့် မြင့်မြင့်ခိုင် ဆီ ပြေးလာ ပါသည် ။
ချော့ကလက်ကလေး ကို သူ မစားဘဲ ယူလ ာကာ ဝမ်းသာတဲ့ အထိမ်းအမှတ် နဲ့ တစ်ယောက် တစ်ဝက် ဝေစား ဆိုပြီး ကျွန်မတို့ နှစ်ယောက် ကို ထုတ်ကျွေး လိုက်ပါသေး ၏ ။ ထိုနေ့ က သူ တကယ်ပင် ပျော်ရွှင် နေပါသည် ။ သည် လို ဆိုတော့ သူ့ ဒေါသ က ထမင်းသုံးနပ် အငတ်ခံ နေပြီးမှ ချော့ကလက်ကလေး ပေး ချော့ရုံ နှင့်လည်း ပြေတတ်ပါ က လား ။ အမှန်မှာ သူ သည် ကလေးဆိုးကြီး လို နွဲ့ဆိုး ဆိုး နေ ခြင်းသာ ဖြစ်ပေသည် ။
ကျွန်မတို့ ကို တော့ သူ တကယ် ခင်မင်လွန်း လှ၏ ။ သူ့ အိမ် တွင် ချက်သော ကြက်သားဟင်း နှင့် အုန်းထမင်း ကို မစားဘဲ ကျွန်မ အိမ် မှ ထမင်းကြမ်း ကို နှမ်း ၊ ကြက်သွန် ကြော် ဆီဆမ်း နှင့် အဝ လာ စား တတ်၏ ။ သူ ကြိုက်သော မုန့်ဟင်းခါးဟင်း နှင့် ငါးရံ့ပဒူရွက်သုပ် ကို မကြာခဏ မြင့် မြင့်ခိုင် တို့ အိမ် သွားကာ အတင်း လုပ်ခိုင်း စား တတ်လေသည် ။ အစားအသောက် နှင့် ပတ်သက်၍ ကျွန်မ တို့သည် သူ့ အလို သို့ လိုက်သော်လည်း အခြား ကိစ္စတိုင်း ကို မလိုက် လျောပါ ။ သူ နစ်နာမည့် အခွင့်အရေး ဟူသမျှ ကိုလည်း ကျွန်မတို့ ဘယ်တော့ မှ လက် မခံခဲ့ ။ ထို့ကြောင့် သူ ကျွန်မ တို့ နှစ်ယောက် ကို အခင်အမင် မပျက်သည့် အပြင် ပို၍ ပင် လေးစား လာ၏ ။
ယင်းသို့ ကျွန်မ တို့ ကို လေးစား လာသော ကလေးငယ် လို ဆွဲဆောင်ရာ သို့ အပြောင်းအလဲ မြန်သော ငိုလွယ် ရယ်လွယ် သော စိတ် သဘောထား ကောင်းမွန်လှသော ဘွင်းဘွင်းမလေး မျိုးမျိုး ၏ စိတ် ကို ရိပ်စားမိ လာသော အခါ ကျွန်မ သည် သူ့ အတွက် ဘဝ လင်းရောင်ခြည်လေး ကို လင်းခနဲ မြင် လိုက် မိ သဖြင့် ဝမ်းသာ သွား၏ ။
ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ ခေါင်းချင်း ဆိုင်ကြရပြန်သည် ။
“ မင်္ဂလာဆောင် သွားတာ ဒီ ကော်လံအင်္ကျီ ဗျစ်ထူကြီး နဲ့ ကြည့် မကောင်းလိုက်တာ မျိုးမျိုး ရယ် ။ သူ့ နေရာ နဲ့ သူ လည်း ကြည့် လုပ်စမ်းပါဦး ။ ရင်ဖုံးအင်္ကျီ လက်ရှည်လေး တစ်ထည်လောက် များ ချုပ် ဝတ်ပါလားကွာ ”
သူငယ်ချင်း တစ်ယောက် မင်္ဂလာဆောင် သို့ ကျွန်မ တို့ သူငယ်ချင်း တစ်စု သွားကြခါနီး တွင် အများ ထဲ မှ ပုံ ပျက် နေသော မျိုးမျိုး ကို မနှစ်မြို့ဟန် နှင့် ကျွန်မ က စိတ်ပျက် လက်ပျက် ပြော လိုက်သည် ။
“ မဝတ်ချင်ပါဘူး မိညို ရာ ၊ ကိုယ် ဒါမျိုးပဲ ဝတ်နေကျ ဟာ ”
သူ က ကျွန်မ လေသံ အတိုင်း ခပ်အေးအေး ပြန်ပြော သည် ။ အခြား တစ်ဦး တစ်ယောက် က သာ သူ့ ကို သည်လို ပြောလျှင် “ ငါ့ ဘာသာ ဝတ်ချင်တာ ဝတ်မယ် ၊ ဆရာ လာ မလုပ်နဲ့ ” ဟု ပက်ခနဲ ရန်တွေ့မည့် ပါးစပ် ဖြစ်သည် ။
“ ဘာ မဝတ်ချင်ဘူးလဲ ၊ ရင်ဖုံးအင်္ကျီ လက်ရှည် တစ်ထည်တော့ ချုပ် ကို ချုပ်ရမယ် ။ ဝတ်နေ မကျပေမဲ့ နောက် တော့ အသားကျ သွားမှာပဲ ။ ဒီ ကပြားအင်္ကျီတွေ ကို ပဲ မစွန့်ရက် မခွာရက် ။ မင်း ပဲ ဝတ်နေ သိလား ။ ဘာမှန်း လည်း မသိ ဘူး ။ သွားရင် လာရင် သိပ် ရုပ်ပျက် တာ ပဲ ။ နောက် ဆို ရင် ရင်ဖုံးအင်္ကျီတွေ ပဲ ကိုယ်တိုင် ချုပ် ပေးမယ် ။ ဒါပဲ ”
ကျွန်မ က လေ ပျော့ သလောက် မြင့်မြင့်ခိုင် က အစ်မကြီး လေသံမျိုး နှင့် ခပ်တည်တည် ကျိန်း လိုက်၏ ။ မြင့်မြင့်ခိုင် သာ လူစိမ်း ဆို လျှင် မျိုးမျိုး ထ ချမည် ဧကန် ။ ယခုတော့ “ ဒီလောက်လည်း မကျိန်းပါနဲ့ကွယ် ဟား ဟား ဟား ” ဟု ဆိုကာ မြင့်မြင့်ခိုင် ကိုယ် သေးသေးလေး ကို အားရပါးရ ဆွဲ မွှေး ပစ် နေသည် ။ သည်နေရာ တွင် မြင့်မြင့်ခိုင် က လိုက် မရယ်ပေ ။
မျိုးမျိုး က ဝတ်ပါမည် ဟု ဝန် မခံသေး ။
သို့သော် ကျွန်မတို့ ကို မဆန့်ကျင်ခြင်း သည် ဝန်ခံခြင်း ဟု ကျွန်မတို့ မှတ်ယူ လိုက်ကြသည် ။
နောက်တစ်နေ့ မှာ ပင် ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ တိုင်ပင်ကာ ခရစ်လှိုင်းကြီးပန်းနုရောင် ကို ဝယ်ပြီး ကျွန်မတို့ နှင့် ဆင်တူ သူ့ ကို ရင်ဖုံးအင်္ကျီလက်ရှည် တစ်ထည် ချုပ်ပေး လိုက်ပါသည် ။
ချုပ်ပြီးစ အင်္ကျီ ကို တော် မတော် ဝတ်ကြည့် ခိုင်းစဉ် မျိုးမျိုး သည် မျက်နှာ မထားတတ် အောင် ရှက်ကိုးရှက် ကန်း ဖြစ်ကာ ဇောချွေးတွေ ပြန် လာပါသည် ။ သူ့ တစ်သက် တွင် သည် ပုံစံ တစ်ခါမှ မဝတ်ခဲ့ ဖူး၍ မျက်စိ ရိုင်းပြီး သူ့ ကိုယ် သူ ကြည့် မကောင်း ဟု ဇွတ် ပြောနေသည် ။
“ ကြည့် ကောင်းလိုက်တာ မှ မမမျိုး ရယ် ၊ တကယ်ပါပဲ ။ ပန်းနုရောင်လေး နဲ့ မမမျိုး အသားရောင် ဟာ ဝင်း နေ တာပဲ ။ ကြည့်ပါဦး ၊ အရပ် လည်း ပို ရှည်လာတယ် ။ ခါး ကလေး လည်း ပို သေး သွားတယ် ”
ချိုလှနွယ်ဖူး က သူ့ ကို ကြယ်သီး တပ် ပေးရင်း အားရပါးရ ပြောသည် ။
“ ဟုတ်တယ် မျိုးမျိုး ၊ ကြည့် ရတာ ဘယ်လောက် ယဉ်ကျေးလာ သလဲ ၊ မြန်မာဆန်ဆန် ကျက်သရေ ကို ရှိလို့ ”
ကျွန်မ က လည်း အားပေး လိုက်ပါသည် ။
“ လှပါတယ် မေရယ် × x x ကြည့်လို့ မဝတဲ့ ကိုယ့် မျက်လုံးထဲမယ် × × × ”
သူ့ မိတ်ဆွေ ဒေါ်ကြည်ကြည် က လည်း မှန်ကြီး ကို ထောင် ပြရင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ သီချင်း ဆို ၍ သြဘာ ပေးပြန်၏ ။
“ ဒီလောက် လည်း အဖြစ်သဲ မနေကြနဲ့ ၊ မိန်းမ က မိန်းမ အင်္ကျီ ဝတ်တာ ကြည့်လို့ ကောင်းကောင်း မကောင်း ကောင်း ဘာမှ မဆန်းဘူး ၊ ဝတ်ကြတဲ့ သူ ချည်းပဲ ”
မြင့်မြင့်ခိုင် က တော့ သူ့ နည်း သူ့ ဟန် ဖြင့် အဆန်း ဖြစ် ပြီး တုန်လှုပ် နေသော မျိုးမျိုး ၏ စိတ် ကို ထိန်းချုပ် လိုက် သည် ။ သည်တော့မှ မျိုးမျိုး မျက်နှာ ပေါ် က ဇောချွေးများ က လည်း တဖြည်းဖြည်း တိတ်သွား လေသည် ။ သို့တိုင်အောင် ခရစ်စ ကို ဈေးကြီးကြီး ပေး ဝယ်ရမလား နှင့် တဆူဆူ လုပ်ကာ ဒီ အင်္ကျီမျိုး ကို ကြယ်သီး မတပ်တတ်ဘူး ၊ မီးပူ မတိုက်တတ်ဘူး ဘာဘူး နှင့် ဆင်ခြေတွေ အများကြီး ပေး နေ သေး၏ ။
ကျွန်မ တို့ သည် သူ့ကို သိပ် မချော့ ၊ သိပ် မမြှောက် တော့ချေ ။ သူ သည် မကျွေးချင်တာ ကို မှ လု စားတတ်၏ ။ တမင် ဖိတ် ကျွေးလျှင် လာချင် မှ လာ တတ်သည် ။ ဟော ယခု ကြည့် ဝါဆိုလပြည့်နေ့ ဥပုသ်စောင့် သွားရာ၌ ထို ရင်ဖုံး အင်္ကျီလေး ကို သူ စ ဝတ်လာတော့သည် ။
ကျွန်မတို့ မှာ ဝမ်းသာလိုက်ကြသည့် ဖြစ်ခြင်း ။ သို့သော် သူ့ ရှေ့တွင် သူ အနေ မခက်ရအောင် ဝမ်းသာခြင်း ကို ကျွန်မတို့ မျိုသိပ် ထားရသည်မှာ ဒုက္ခဆင်းရဲ ခြင်း ကြီးလှပေစွ ။
နောက်တစ်နေ့ ညနေ တွင် ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ မျိုးမျိုး အိမ် သွား ကြသည် ။ သူ သည် ကျွန်မ တို့ ကို မမြင် ဘဲ အိမ် အောက်ထပ် တွင် သူ့ ကုန်တွေ နှင့် အလုပ် များနေသည် ။ ကျွန်မတို့ သူ့ အနား ရောက်တော့ မှ ဝမ်းသာအားရ ဖြုန်းခနဲ ထ ရပ်လိုက်သည် ။
“ အမလေး ဒါက ဘယ် အဖြစ် ဖြစ်ရတာတုံး မျိုးမျိုး ရာ ၊ မြန်မြန် ပြင် ဝတ်စမ်းပါ ၊ မင်း ထဘီကြီး ကို ”
မျိုးမျိုး ထ ရပ်လိုက်တော့မှ ပုဆိုး မဟုတ် ၊ ထဘီ မကျ ပေါင် တစ်ခြမ်း ပေါ် ထိုးလိပ် ဝတ်ထားသည့် သူ့ ထဘီ ပုံစံ ကြီး ကို မြင်လိုက်ရ သဖြင့် ကျွန်မ က ထ အော် လိုက်မိသည် ။ ကျွန်မ အော်လိုက်၍လား မသိ မျိုးမျိုး သည် လန့်ဖျပ် ပြီး သူ့ ထဘီ ကို ဆွဲဖြည် လိုက်ကာ ချပ်ချပ်ရပ်ရပ် ပြင် ဝတ် လိုက်၏ ။ ပြီးမှ သတိရ သွားဟန် တူပါသည် ။ သူ့ လက် ဆယ်ချောင်း ကို ခေါင်းထဲ ထိုးသွင်း ကုတ် လိုက်ပြီး ...
“ သူတို့ နဲ့ ငါ တွေ့လိုက် ရင် ဘယ်တော့မှ မလွတ်လပ် ပါလား နော် ၊ အလုပ် လုပ်ရင်း ဆိုတော့ ခိုင်အောင် ဝတ်ရတာကွ ”
“ အခုလို ချပ်ချပ်ရပ်ရပ် ခိုင်အောင် ဝတ်လည်း ရ တာ ပါပဲ ၊ မင်း လုပ်ပုံ က လူ မြင်လို့မှ မတော် ”
ပြောမည့် သာ ပြော နေသည် ။ ကျွန်မ တို့ စေတနာ ကို သူ နားလည်ပါ၏ ။ ထို့ကြောင့် သူ ဘာမှ မချေပတော့ ဘဲ ပြုံးဖြဲဖြဲ သာ လုပ်နေသည် ။
သည်လို ဖြင့် စ၍ ကျွန်မ တို့ သူငယ်ချင်း နှစ်ယောက် ပေါင်းပြီး နည်းမျိုးစုံ ဖြင့် သူ့ ကို ပုံသွင်း လာခဲ့ရာ နောက် ခြောက်လ လောက်တွင် သူ့ ကို ကျွန်မတို့ နှင့် ခွဲခြား မရ အောင် တစ်သားတည်း ဝတ်စားဆင်ယင် လာသည် ကို တွေ့မြင်ရ ပါ တော့သည် ။
ဪ ... ပွဲဦးထွက် ကျွန်မတို့ ၏ ခြေလှမ်းသည် လှပ သွက်လက်နေပါ ပကော ။
“ မင်းတို့ နဲ့ လမ်းလျှောက် ရတာ သိပ် ကြာတာပဲ ၊ မြန်မြန် လျှောက်ကြပါကွ ”
မျိုးမျိုး နှင့် ကျွန်မ တို့ အတူ လမ်းလျှောက်ကြသည့် တစ်နေ့ သူ က စိတ်မရှည်ဟန် နှင့် ပြောလေသည် ။
“ မြန်မြန် လျှောက်ရအောင် ဘာတွေ က အရေးကြီး နေလို့လဲ ”
အကွက် ဝင်လာပြီ မို့ မြင့်မြင့်ခိုင် က ခပ်တည်တည် နှင့် ဟောက် လိုက်သည် ။
“ ချို့ ခြေထောက် က သံ စူးထားတာ နာ နေသေးတယ် မမမျိုး ရဲ့ ၊ ဖြည်းဖြည်းပဲ လျှောက်ပါ ”
ချိုလှနွယ်ဖူး က ငဲ့ညှာ တတ် သော မျိုးမျိုး အကြောင်း ကို သိ၍ တမင် ဟန် လုပ်ကာ ချွဲ ပြသည် ။ ကျွန်မ က တော့ တဲ့တိုး သမား ။
“ မင်း လည်း အကျင့် ရအောင် ဖြည်းဖြည်း လျှောက် ကြည့် စမ်းပါ ။ မြန်မြန်ကြီး သွားတာ ကြည့်လို့ မကောင်းဘူး ကွ ၊ ဖြည်းဖြည်း နဲ့ မှန်မှန် လျှောက် တော့ ဣန္ဒြေ လည်း ရှိ တာပေါ့ ။ ရောမ ရောက်ရင် ရောမသား လို ကျင့်တတ် ရမယ် ၊ ကိုယ်တို့ အသိုင်းအဝိုင်း နဲ့ အတူ သွားရင် ကိုယ်တို့ လို ဝတ်တတ် စားတတ် သွားတတ် ရမယ် ”
သည်တော့ မျိုးမျိုး မကြံ သာ ။ သူ တစ်ယောက် တည်း ခွဲထွက် သွား၍ လည်း မဖြစ် ။ အများ နှင့် တစ်ယောက် ဖြစ်နေ၍ လည်း အနိုင် မပြော ။ “ ငါ ငိုချင်လာပြီ ” ဆိုသော သူ့ လက်စွဲ စကား ကို ဆိုပြီး သူ့ ခြေထောက် ကို တရွတ်ဆွဲ လိုက်လာ လေသည် ။
ကလေး ဆယ်ယောက် ကို ပုံသွင်း ရသည် က လွယ် ပေ ဦးမည် ။ သူ သည် ကျွန်မတို့ ကို ခင်မင်လွန်း ၍ ပြောမနာ ဆိုမနာ သည်းခံ တတ်၍ ပြီးတော့ သူငယ်ချင်းကောင်း ၏ စေတနာ ကို လေးစား၍ နားလည်၍ သာ တော် တော့သည် ။ သူ လုပ်ချင်ရာ ကို ဇွတ် လုပ် တတ်၏ ။ ဘယ်သူ မြင်မြင် မရှက် ။ လမ်းလျှောက် ရာ ၌ ဖြည်းဖြည်း မသွားတတ် ဆို သည့် သဘော နှင့် တမင် ခြေထောက် ကို တရွတ်ဆွဲ ၍ လျှောက်ပြ နေသည် က သုံးလလောက် ကြာခဲ့သေး၏ ။
သို့သော် ကြာရှည် ခံနိုင်ရိုးလား ။ ကျွန်မတို့ ကလည်း ဘယ်တော့မှ အလျှော့ မပေးခဲ့ ။ သည်တော့မှ ကျွန်မ တို့ နှင့် အတူ သွားရဖန် များ လာတော့ သူ့ ခြေ နှေး လာသည် ။ ခြေ နှေး လာတော့ ကိုယ် ကို ဘယ်ညာ မရမ်းသာ တော့ ။ သူ့ လက်ထဲ သို့ ပုသိမ်ထီး ဖြစ်ဖြစ် ၊ လက်ကိုင်အိတ် ဖြစ်ဖြစ် ၊ အခြား ပစ္စည်း တစ်ခု ဖြစ်ဖြစ် မအား အောင် ကိုင်ခိုင်း ထား လိုက်သည် ။ သည်တော့ သူ့ လက်သီးကြီး သည် အလိုလို ပျောက်ရလေ တော့သည် ။
ကျွန်မ တို့ ၏ ဒုတိယ ခြေလှမ်း မှာ အောင်မြင်ခဲ့ပြန်ပြီ တကား ။
သီတင်းကျွတ်ပွဲတော် မို့ ထိုနှစ် က ကျွန်မတို့ ပြည်မြို့ တွင် ကြည့်ချင်ပွဲ တွေ စုံလင် လှသည် ။ ကျွန်မတို့ သူငယ် ချင်း တစ်စု က နာမည်ကြီး အငြိမ့် တစ်ခုကို ကြည့် ကြသည် ။ ခေါင်းဆောင်မင်းသမီး သည် အသားကပ်ဘောင်းဘီ ဖင်ကျပ် ဝတ်ပြီး ဒီ ကောင်မလေး သီချင်း နှင့် က ရာ၌ လှုပ်ကာ ရမ်းကာ ၊ သီကာပွတ်ကာ ၊ တွန့်ကာလိမ်ကာ ၊ ညုကာ ဆွယ်ကာ ကြာ များ လွန်းလှသည် ။
ထိုအခါ ပွဲကြည့်ပရိသတ် ကာလသား ကြီးကြီးငယ်ငယ် တို့ က ဟေးခနဲ ၊ ဝါးခနဲ ၊ ဟားခနဲ နှင့် သည်းလှိုက်အူ လှိုက် ဟစ်အော် ကြ၏ ။ ကျွန်မ တို့ ဘေး နား မှ ကောင်လေး တစ်စု မှာ အဆိုး ဆုံး ။ သည်တော့ မျိုးမျိုး စခန်း ထ လာ တော့၏ ။ သူ သည် ဘာမပြော ညာမပြော နှင့် အော်ဟစ်နေ ကြသည့် ကောင်လေးတွေ ကို ခေါင်းထ ခေါက်ချေတော့၏ ။
သူ့ အကြောင်း သူ့ သတ္တိ ကို သိကြသော ကောင်လေး တွေ မို့ ပထမ တော့ ငြိမ်ကျ သွားပါသည် ။ နောက်တော့ ပြန် ဆူလာ ကြပြန်၏ ။
ယခုမှ ပို ခက်ပါပြီ ။ သူ သည် ပွဲကို မကြည့်နိုင်ဘဲ ခုနစ် သံချီ ပြီး ဒေါသတွေ အကြီးအကျယ် ဖြစ် နေ၏ ။
“ အို .. မျိုးမျိုး ၊ နေရာတကာ မှာ စပ်စုလွန်းတယ်ကွာ ၊ ကိုယ် နဲ့ မဆိုင်တာ အသာ နေစမ်းပါကွ ။ ဒီလို နေရာမျိုးမှာ ပွဲ တာဝန်ကျတွေ တောင် လက်လျှော့ ကြည့် နေရသေးတာ ။ မင်း ထိန်းလို့ ရမလား ။ မင်းသမီး ကို က မအော် အော်အောင် လုပ်ပြ နေတာ ကို မင်း က ပြဿနာကြီး လုပ် မနေစမ်းပါနဲ့ ။ ဒါ အဆန်း မဟုတ်ဘူး ။ မင်း လုပ်တာနဲ့ မင်း ကို လူတွေ ဝိုင်း ကြည့် နေတာ မရှက်ဘူးလား ။ မင်း ကို မင်း ဘာများ အောက်မေ့ နေသလဲ ။ မိန်းကလေး ဟာ မိန်းကလေး လို နေ စမ်းပါ မျိုးမျိုး ရာ ။ ကိုယ် စိတ် တယ် ညစ်ရပါလား ”
မြင့်မြင့်ခိုင် က သူ့ လက် ကို ဆွဲ ထားရင်း ပွဲခင်း အလယ် တွင် တိုးတိုးကျိတ်ကျိတ် တရားချ နေပါသည် ။ မျိုးမျိုး အဖြစ် ကို ကြည့်ကာ တရား ကျ မိသူ ကတော့ ကျွန်မ ။
ကျွန်မ သည် သူမ ကို နှုတ် ဖြင့် ပြောချင်စိတ် ကုန်သွား တော့သည် ။ ပွဲ ကို ကြည့်နေရသော်လည်း ကျွန်မ သည် မင်း သမီး ကို မမြင် ။ သူ့ ကို ပြုပြင် ပေး၍ ရနိုင် မည့် အစီအစဉ်တွေ ကို သာ တစ်ခု ပြီး တစ်ခု ဆင် ကြည့် နေ မိပါ၏ ။ နောက် နှစ်ရက် ခန့် ကြာသော် ကျွန်မ ၊ မြင့်မြင့်ခိုင် နှင့် မျိုးမျိုး ခေါင်းဆောင် သော အဖွဲ့ဝင် ဆယ်ဦး တို့သည် အောက်ပါ စည်းကမ်းချက်များ ပါရှိသော “ စိတ်တူကိုယ်တူ ချစ်တဲ့ သူငယ်ချင်း ” အမည် ဖြင့် အဖွဲ့လေး တစ်ခု ဖွဲ့စည်း လက်မှတ်ရေးထိုးရန် စီစဉ် လိုက်ကြပါသည် ။
( ၁ ) အဖွဲ့ဝင်တိုင်း သည် အရေးကြီးသောအခမ်းအနားများ ၊ အလှူပွဲထိုင်များ ၊ ဈေး နှင့် ခရီးသွားလာခြင်း များ တွင် မြန်မာဆန်ဆန် ရိုးရာ မပျက် ဝတ်စား ဆင်ယင်ရန် ။
( ၂ ) နေရာတကာ သတ္တိ ပြခြင်း ၊ စပ်စုခြင်း ၊ ဒေါသကြီးခြင်း တို့ ကို အတတ်နိုင်ဆုံး ချုပ်တည်း၍ လိုအပ်ပါက လက်ရုံးရည် အစား နှလုံးရည် ဖြင့် ပြသရန် ။
( ၃ ) နေရပ် မှ ညအိပ် ညနေ ခရီး ထွက်ခွာသွားခြင်း ကို အဖွဲ့ အား ကြိုတင် အကြောင်းကြားရန် ။
( ၄ ) မိမိ ကို မူ မမှန်သော ၊ ဖောက်ပြန်သော စိတ်ဓာတ် ဖြစ်လာအောင် မြှောက်ပင့်သွေးဆောင် ပြောဆို ခြင်း ကို သတိ နှင့် ရှောင်ကြဉ်၍ မလိုက်လျောရန် ။
( ၅ ) အဖွဲ့ဝင် ထား သူ တစ်ဦး သည် အိမ်ထောင် ပြု သွား ပါက အဖွဲ့ဝင် အဖြစ်မှ ရာသက်ပန် နှုတ်ထွက်ရန် ။
( ၆ ) အဖွဲ့ဝင် တစ်ဦး နှင့် တစ်ဦး ဟန်ဆောင်မှု မရှိ ဘဲ ချစ်ခင်ရင်းနှီး လွတ်လပ်စွာ အပြုသဘော ဖြင့် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံရန် ။
( ၇ ) လစဉ် ရံပုံငွေ အနည်းဆုံး ကျပ် တစ်ဆယ် စီ အညီအမျှ ထည့်ဝင်၍ ဘဏ် ငွေစုစာရင်း ဖွင့်ရန် ။
ယင်း အဖွဲ့လေး တွင် ဒေါ်မြင့်မြင့်ခိုင် က အတွင်းရေးမှူး ၊ ကျွန်မ က ဘဏ္ဍာရေးမှူး ၊ ဒေါ်ချိုလှနွယ်ဖူး က စည်းရုံးရေးမှူး လုပ်၍ ဒေါ်မျိုးမျိုး ကို တမင် ဥက္ကဋ္ဌ တင်မြှောက် လိုက် ကြသည် ။
ဥက္ကဋ္ဌကြီး သည် ကျွန်မ တို့ ရေးဆွဲ သော စည်းကမ်းချက် များ ကို တစ်ချက် ပြီး တစ်ချက် ဆင်ခြေ တက် နေသေး ၏ ။ ကတ်ကတ်သတ်သတ် အဆိုတွေ တင်ပြ နေသေး၏ ။ ရှိပြီးသား သူ့ ကပြားအင်္ကျီတွေ ကို ဘယ်လို လုပ်ရမလဲ ဆို၏ ။
“ သိပ် ချေးထူ မနေနဲ့မျိုးမျိုး ၊ ဒါ အပျော် လုပ်နေတာ မဟုတ်ဘူးနော် ။ တိုင်းပြည် အတွက် ၊ လူမျိုး အတွက် အကျိုးရှိမယ့် တကယ့် အရေးကြီးတဲ့ အဖွဲ့ စစ်စစ်ကလေး ၊ တကယ် လိုက်နာနိုင် မှ လက်မှတ် ထိုး ”
ကျွန်မ က အမြဲ လေပျော့ပျော့ နှင့် ပြော နေကျ ။ သည် လို လေသံ ပြတ်ပြတ် နှင့် ပြောလိုက်တော့ သူ စိတ်ခုသွား သည် ထင်၏ ။ ချက်ချင်း မျက်နှာ နီ သွားကာ ..
“ အောင်မာ .... ကိုယ် က စည်းကမ်းချက် ကို ကျယ်ကျယ်ပြန့်ပြန့် နားလည် အောင် မေးနေတာ ။ မလိုက်နာနိုင် လို့ ချေး များတာ မဟုတ်ဘူး ။ မင်း တို့ ထက် လိုက်နာနိုင် သေးတယ် မှတ် ။ ဟောဒီမှာ ကြည့် ”
ဆိုကာ ဒေါကြီးမောကြီး လက်မှတ် ထိုး ချ လိုက်လေတော့၏ ။
မခံချင်စိတ် ရှိသော မျိုးမျိုး သည် ကတိ တည်စွာ ဖြင့် အဖွဲ့လေး ဖွဲ့ပြီး ကတည်း က သိသိသာသာ ဝတ်စားဆင် ယင် ပုံ ရော ၊ အမူအကျင့် တွေ ပါ ပြောင်းလဲ လာသည် ကို တွေ့ ရပါသည် ။
ထို့ကြောင့် တစ်ဈေးလုံး က သူ့ အပြောင်းအလဲ ကို အံ့သြ နေကြ၏ ။ လူတိုင်း က သည်လို မြင်ရတာ ဝမ်းသာ လိုက်တာ ။ လှတယ် လှတယ် နှင့် ပြောကြသည် ။ အကြိုက် ကို လိုက်၍ မြှောက်ပင့်ကြပြန်သည် မဟုတ်လား ။
မည်သို့ပင် ဖြစ်စေ ၊ သည် အထိ ခရီး ရောက် လာသော သူငယ်ချင်း ကို ချီးမွမ်း မိသည် ။ ကျွန်မ တို့ကိုယ် ကျွန်မ တို့ လည်း ဂုဏ်ယူ ကျေနပ် မဆုံး ရှိနေမိပါ၏ ။
••••• ••••• ••••• •••••
ရုံးပိတ်ရက် ရသည့် အတွက် ကျွန်မတို့ အဖွဲ့ဝင် သုံးဦး သား မော်လမြိုင်ကောလိပ် အဖွင့် မို့ မြင့်မြင့်ခိုင် တူမ မိကြွယ်လေး ကို ကျောင်း အပ်ရန် ခရီး ထွက် ဖြစ် ခဲ့ကြသည် ။ ပြည် မှ အထွက် အမြန်မီးရထား ပေါ် တွင် မျိုးမျိုး သည် ထူးခြားသော စကား တစ်ခု ကို ဆို လာသည် ။
“ ဒီမှာ ကိုယ် တစ်ခု ပြောမယ် ၊ ကိုယ် ဟာ မင်းတို့ နဲ့ ဆင်တူ ဝတ်ထားပေမဲ့ လူတွေ ဟာ မင်းတို့ ကို ပဲ ကြည့် ကြတယ် ။ အဲဒါ ဘာကြောင့်လဲ ”
“ အလဲ့ မင်း က တယ် အကြည့် ခံချင်တယ် ပေါ့ ”
ကျွန်မ အမေးကို သူ ချက်ချင်း ကောက် ဖြေသည် ။
“ အကြည့် ခံချင်လို့တော့ ဘယ် ဟုတ်မလဲ ။ မင်းတို့ နဲ့ ကိုယ် နဲ့ ဘာ ခြားနားနေတယ် ဆိုတာ သိချင်လို့ ဟဲဟဲ ။ တကယ်ဆို ကိုယ် က မင်းတို့ ထက် ပို ချောသေးတာ မဟုတ်လား ။ ကြည့်လေ .. မင်း လို လည်း အသား မမည်းဘူး ကွာ ၊ မိခိုင် လို လည်း ပိန်တူးလေး မဟုတ်ဘူး ကွာ ၊ ချိုလှနွယ်ဖူး လို လည်း ငယ်ငယ်လေး နဲ့ လူရှေ့သူရှေ့ မှာ အချင်းချင်း မမ အခေါ် မခံရဘူးကွာ ၊ ပြီးတော့ .. ”
“ ဟေ့ တော်ပြီကွာ ၊ ဒါ ဈေးမဟုတ်ဘူး ၊ ရထား ပေါ် ကွ ”
သည်လို သတိပေး လိုက်တော့မှ သူ သည် စကား ဖြတ် လိုက်ပြီး တဟီးဟီး နှင့် သူ့ ဘာသာ သူ သဘောကျ နေ
လေသည် ။
တန်တော့ မျိုးမျိုး သည် ကျွန်မတို့ ပုံသွင်း ပေးလိုက် သော အခြေအနေ ထက် ဒီဂရီ တက် နေပြီလား ။
မော်လမြိုင် မှ အပြန် မီးရထား ၏ အရှိန် သည် ရန်ကုန် ဘက် သို့ ဦးတည်ကာ တစ်စ တစ်စ မြန်ဆန် လာသည် ။ ကျွန်မ သည် မျက်စိမှိတ် ထိုင် လိုက် လာရင်း မော်လမြိုင် မှောင်ခိုဈေးတန်း မှ ပုဆိုးစုတ် ခင်း ရောင်းနေသော အဖိုးတန် နာရီများ ၊ ခေါက်ထီးလက်ကျန် တစ်လက် ကို လု ဝယ်နေ ကြသော အမျိုးသားများ ၊ မုတ္တမဘူတာ တွင် မှောင်ခို မိ၍ ထိုင် ငိုနေသည့် ကော့ပျံ နေအောင် ဝတ်ဆင် ထားသော မိန်းမပျို တစ်ဦး အကြောင်းတွေ ကို ပြန် တွေး နေမိသည် ။
မြင့်မြင့်ခိုင် ကတော့ ထမင်းတွေ အဝ စားပြီး ကျွန်မ ဘေး တွင် ငုတ်တုတ်ကြီး အိပ်မောကျ နေ၏ ။
ကျွန်မတို့ ၏ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် မျိုးမျိုး နှင့် အသက် နှစ်ဆယ် ကျော် လောက် ဟု ခန့်မှန်းရသော တရုတ်ကပြားမလေး တစ်ယောက်က နေရာယူ ထိုင် လာ ကြပြီး ကျွန်မတို့ ဘေးဘက်မှ ထိုင်ခုံ တွင် သပ်သပ်ရပ်ရပ် ဝတ်ဆင် ထား သည့် လူရည်သန့် အမျိုးသား လေးယောက် တို့ က လိုက်ပါ လာ ကြသည် ။
စကား ကြွယ် သော မျိုးမျိုး သည် ထို အမျိုးသားများ နှင့် မကြာမီ အသိမိတ်ဆွေ ဖြစ်ကာ စကားဝိုင်း ကျ နေတော့ သည် ။ ကျွန်မ က စကား နည်းသူ မို့ ကိုယ့် အတွေး နှင့် ကိုယ် မှိန်းနေ လိုက်သည် ။ သူတို့ ပြောသံ ဆိုသံတွေ ကိုတော့ မကြား တစ်ချက် ကြား တစ်ချက် ။ မြို့ရွာ အကြောင်း ၊ တန်ခိုးကြီး ဘုရားတွေ အကြောင်းတွေ လည်း ပါ၏ ။ အစားအသောက် အကြောင်းတွေ လည်း ကြား မိ၏ ။ မှောင်ခို အ ကြောင်းတွေ လည်း အစုံ ။ ပြောလည်း ပြောနိုင်ပါပေ့ ၊ မှတ် လည်း မှတ်နိုင်ပါပေ ။ မလေအိုး ၏ ပါးစပ်သည် သည်လိုမှ စကား ပြော မနေရလျှင် ဘူတာစဉ် ရပ်တိုင်း ကျွန်မတို့ ၏ ရန်ပုံငွေ အိတ် ထဲ မှထုတ်ကာ အစားမျိုးစုံ ဝယ်စား လာ၏ ။ ကျွန်မ သည် ည က အိပ်ပျက် ထား သူ မို့ မှေးခနဲ ဖြစ် သွား၏ ။ ထိုစဉ် ဝုန်းခနဲ ခုန်သံတွေ နှင့် အတူ ...
“ ဟ ဟ လုပ်ကြပါဦး ၊ အမလေး ကံကောင်းလို့ ” ဟူသော အော်ဟစ်သံများ ရုတ်တရက် ကြားလိုက် သဖြင့်
ကျွန်မ ရော ၊ မြင့်မြင့်ခိုင် ပါ လန့် နိုး ကြပြီး ကြည့် လိုက်ရာ မီးရထား ပြတင်းပေါက် ပေါ် မှ ခုန်ချမည့် ဆဲဆဲ ဖြစ်နေသော ကျွန်မတို့ ရှေ့ မှ တရုတ်ကပြားမလေး ကို မျိုးမျိုး က တစ်ဖက် ၊ သူ နှင့် စကားလက်ဆုံ ကျ နေခဲ့သော အသားဖြူဖြူ အမျိုးသား က တစ်ဖက် ဖမ်းဆွဲ ထားလိုက်ကြသည် ကို အံ့သြစွာ တွေ့ရ ပါသည် ။
တရုတ်ကပြားမလေး က ကြောက်လန့်ပြီး ရုန်းကန် နေ သေး၏ ။ မျိုးမျိုး က သူ့ ကို နေရာ တွင် ပြန် ထိုင်စေပြီး လျှင် ပခုံး မှ ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင် ထားသည် ။ ဘာတွေ ဘယ်လို ဖြစ်ကုန်ကြသည် ကို ကျွန်မ လုံးဝ မသိလိုက်ပေ ။
မီးရထား ပေါ် မှ ခရီးသည် အချို့ မှာ လည်း လှုပ်လှုပ်ရွရွ နှင့် ဣန္ဒြေ ပျက် နေကြသည် ။ မျိုးမျိုး တို့ စကားဝိုင်း မှ အမျိုးသား သုံးယောက်သည် ခရီးသည်များ ၏ ပစ္စည်းများ ကို တစ်ခုချင်း ချကာ စစ်ဆေး နေကြ၏ ။ သည်တော့မှ သူတို့ သည် မှောင်ခိုပစ္စည်း ရှာဖွေရေး အဖွဲ့ဝင်များ ဖြစ် ကြောင်း ကျွန်မ သိ တော့သည် ။
တစ်ချိန်တည်း မှာ ပင် တရုတ်ကပြားမလေး ၏ လက် ထဲ မှ သားရေအိတ်ကြီး ကို မျိုးမျိုး နှင့် အတူ ဖမ်းဆွဲ ခဲ့ သူ က တောင်းယူ ဖွင့် ရှာ လိုက်သည် ။ သူ့ အိတ် ထဲ မှ ဘာတွေ တွေ့ မည် ကို ရထား တစ်တွဲလုံး က အာရုံ စိုက် နေကြသည် ။ ကလေးမ သည် နတ်ကျ သလို တုန်ယင် နေလေသည် ။
မကြာပါ ။ ရွှေချောင်း ဆယ်ချောင်း သည် အစီအရီ ထို အိတ်ကြီး ထဲ မှ ထွက်လာလေတော့သည် ။
တရုတ်ကပြားမလေး သည် ပထမ ော့ ကြောင် ကြည့် နေသည် ။ ပြီးမှ ယူကျုံးမရ ချုံးပွဲချ ငိုယိုနေပါသည် ။ ထို့နောက်တော့ ရွှေချောင်း ရှာဖွေရရှိသည့် အမျိုးသား က ကျေနပ်သော ၊ ကျေးဇူးတင်သော ၊ စိတ်ဝင်စားသော အကြည့်များ ၊ အပြုံးများ ဖြင့် မျိုးမျိုး ကို နှုတ်ဆက်ရန် လက် ကမ်း လာသည် ။
သည်အခါ ရထားတွဲ ပေါ်မှ ခရီးသည်များ သည် မျိုးမျိုး တို့ ကို ငေးကြည့်ကြ၏ ။ တရုတ်ကပြားမလေး က သာ မျက်နှာ အုပ်၍ ရှိုက်ငို နေသည် ။
မျိုးမျိုး ၏ မျက်နှာသည် ကျွန်မ တစ်ခါ မှ မမြင်ဖူးသေး သော ဣန္ဒြေသိက္ခာ ကို ဆောင် နေ၏ ။ သူ က လေးစားစွာ ဖြင့် ပြန်လည် လက်ကမ်း ပေးရင်း တည်ငြိမ်သော လေသံ ဖြင့်...
“ ကျွန်မတို့ မှာ တရားဥပဒေ ကို ကာကွယ်ဖို့ ရော ၊ လူ့ အသက် တစ်ချောင်း ကို ကူညီကယ်တင်ဖို့ ပါ တိုင်းပြည် ရဲ့ အကျိုး အတွက် ၊ လူမှုရေး အတွက် တာဝန် အပြည့် ရှိပါ တယ် ရှင် ”
အလို ... “ ခင်ဗျား – ကျွန်တော် ” ပြောနေကျ မျိုးမျိုး က ယခု “ ရှင် – ကျွန်မ ” နှင့် ဖြစ်နေပါပကော ။
“ ဟုတ်ပါတယ် ခင်ဗျာ ။ ညီမ သာ လက်မြန်ခြေမြန် နဲ့ အခုလို လှမ်း ဆွဲပြီး ဖမ်း မထားလိုက် နိုင်ရင် ဒီ ကလေးမ ရဲ့ ဘဝ ဟာ နည်းနည်း မှ တွေးဝံ့စရာ မရှိတော့ဘူး ခင်ဗျ ။ သူ နဲ့ ကျွန်တော် က နည်းနည်း အလှမ်း ဝေး နေတော့ ထ ဆွဲတာ နောက်ကျ သွားတယ် ။ သိပ် မိုက်မဲတဲ့ ကလေးမ ပဲ ။ ကျွန် တော် လည်း တာဝန်ကျ မဟုတ်ပေမဲ့ ရန်ကုန် ပြန်ရင်း ကျွန်တော့် အဖွဲ့ နဲ့ လာ ဆုံလို့ ရှောင်တခင် ဝင် စစ်ပြီး ကူညီ ရတာပါပဲ ။ ညီမ ရဲ့ စိတ်ထား ကို ကျွန်တော် ဂုဏ်ယူ လေးစားပါတယ် ။ အခုလို ညီမ အနေနဲ့ သစ္စာရှိရှိ ၊ တာဝန်သိသိ ကျွန်တော်တို့ ကို သတင်း ပေး တာရော ၊ ဒီ ကလေးမလေး အသက် ကယ်တင် ကူညီလိုက်တာ ကို ပါ ကျေးဇူးတင်လို့ မဆုံးပါဘူး ခင်ဗျာ ”
ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ သည်လည်း ယခုမှ မျိုးမျိုး ကို တအံ့တသြ ငေးကြည့် မိကြသည် ။ “ အကြည့် ခံချင်လို့ တော့ ဘယ် ဟုတ်မလဲ ၊ မင်း တို့ နဲ့ ကိုယ် နဲ့ ဘာတွေ ခြားနား နေတယ် ဆိုတာ သိချင်လို့ ” ဆိုသော သူ့ စကား ကို ယခု သူ ကိုယ်တိုင် အဖြေ ထုတ်ပြ လိုက်သည် ထင့် ။ ရွှေချောင်း ချ လာသည့် ကိစ္စကို သူ က သတင်း ပေးပြီး မှောင်ခို ဖမ်းမည် ကို ကြောက်လန့်ပြီး မီးရထား ပေါ် မှ ခုန်ချမည့် တရုတ်မလေး အသက် ကို လည်း သူ က ပင် ဖမ်းဆွဲ ကယ်တင်လိုက်သည် ဆိုပါ ကလား ။
သူ ဘယ်လို စုံထောက် ၍ သိလာ သနည်း ။ အဘယ် ပုံ သတင်း ပေး လိုက်လေ သနည်း ။ ပြီးတော့ အဘယ် ကြောင့် ကျွန်မ ကို မကြားဖူးသော စကားတွေ ကို သုံး၍ ကျွန်မ တို့ မမြင်ဖူးသော ဣန္ဒြေသိက္ခာတွေ နှင့် ပြည့်ဝ နေပါ သနည်း ။
မည်သို့ပင် ဖြစ်စေ မျိုးမျိုး ဆိုသော မခွစာကြီး က ကျွန်မတို့ ထက် သာ၍ ကျွန်မ တို့ ထက် ခေတ်မီ သွားပါပကော ။
မြင့်မြင့်ခိုင် က ဘယ့်နှယ်လဲ ဆိုသော အကြည့် ဖြင့် ကျွန်မ ကို ကြည့် လိုက်သည် ။ မျိုးမျိုး က ပြတင်းပေါက် ပိတ် ထား ရန် မျက်ရိပ် ပြပြီး မြင့်မြင့်ခိုင် ကို ခိုင်း သည် ။ ကျွန်မ သည် မျိုးမျိုး အတွက် ဂုဏ် ယူရင်း ရထား ပေါ် မှာ ပေါ့ပေါ့ ဆဆ တာဝန် မဲ့ နေလာခဲ့သော မိမိ ကိုယ် မိမိ တွေးရှက် လာ ပါသည် ။ နောင်တွင် မျိုးမျိုး ကို ဆရာ လုပ်ပြီး ပုံသွင်း ဖို့ ပင် လိပ်ပြာ မလုံ ပင် ဖြစ်မိသည် ။
ယခုတော့ မျိုးမျိုး သည် ယဉ်ကျေး လှပနေသော သူ့ ဟန် နှင့် သူ သူ ၏ ပါး သော စိတ် ၊ လျင် သော မျက်လုံး ၊ မြန် သော လက် နှင့် ကြွယ် သော စကား တို့ ကို အရာရောက် အောင် အကွက်ကျကျ တန်ဖိုး ရှိရှိ အသုံးချ သွားတတ် လေပြီ ။
သည် တစ်ခါ တွင် ခြေမြန်လက်မြန် ရှိသော သူ့ သတ္တိ ကို ချိုးနှိမ်ရန် နေရာတကာ မစပ်စုရန် ၊ ဘယ်သို့ဘယ်ပုံ ဣန္ဒြေ လုပ်ရန် ဆရာ လုပ် လာသော ကျွန်မ နှင့် မြင့်မြင့်ခိုင် တို့ အား သူ က ပညာ ပြန် ပေးလိုက်ပေသည် တကား ။
စစ်ဆေးရေး အဖွဲ့ဝင်များ အခြား တွဲ များ သို့ ကူးသွား ကြသော်လည်း ရွှေချောင်း သိမ်းပေး ခဲ့သော အမျိုးသား က မူ သူ့ နေရာ တွင် ပြန် ထိုင်ကာ လိုက်ပါ လာသည် ။ ရန်ကုန် ဘူတာကြီး သို့ မီးရထား ဆိုက်ချိန် နီး လာ၏ ။ သူ နှင့် မျိုးမျိုး တို့သည် ပိုမို ရင်းနှီးစွာ စကား ဖောင်ဖွဲ့ ကြသည် ။ တောက်ပြောင်ရွှန်းလက်သော မျက်လုံးများ ဖြင့်လည်း အချင်းချင်း တိတ်တခိုး ကြည့်ကြ၏ ။ ပြီးတော့ လိပ်စာကတ်ပြားလေး တစ်ခု ကို မျိုးမျိုး ရရှိ လိုက်သည် ။
ထို လိပ်စာ ကတ်ပြားလေး ကို မြင့်မြင့်ခိုင် က လှမ်း ကြည့် လိုက်ရာ “ ဗိုလ်ကြီးကျော်စွာစိုး ” ဟူသော စာလုံးမည်း ကလေး ကို ရိပ်ခနဲ မြင်လိုက်ရသည် ဆို၏ ။ ဩော် မရွှေခိုင် ၏ အိပ်မှုန်စုံမွှား မျက်လုံး က လည်း တယ် စူးရောက် ပါ ကလား ။
မျိုးမျိုး ၏ ဘဝဇာတ်လမ်း သည် ဤ မော်လမြိုင် ခရီး က စခဲ့ရပေသည် ။
နောက်ပိုင်း၌ သူ သည် ရန်ကုန် သူ့ ညီမဝမ်းကွဲများ ရှိရာတွင် သာ အနေ များလာသည် ။ ညအိပ်ညနေ ခရီးအ တွက် ကျွန်မတို့ အဖွဲ့သို့ တစ်ကြိမ် ခွင့်တောင်း လျှင် အနည်း ဆုံး နှစ်လ ၊ သုံးလ အကြာ ပြ တတ်၏ ။ ရန်ကုန် သူ တစ်ပိုင်း ဖြစ်နေသည် မို့ ဆင်ယင်ထုံးဖွဲ့မှု က ကျွန်မတို့ ထက် ပုံကျ လာ ပြန်သည် ။ သူ့ ဆံပင် နည်းနည်းကလေး မှာ ယခင် က လို ဇာတ်မင်းသား ဆံထုံးမျိုးလေး မဟုတ်တော့ ။ စံပယ်ပွင့်လေး ပန် ၍ မြန်မာဆန်ဆန် ယဉ်ယဉ်ပျံ့ပျံ့ကလေး ထုံးဖွဲ့ ထား တတ် လာသည် ။
သို့သော် ကျွန်မတို့ သည် သူ နှင့် အနေ ဝေး၍ သွေး အေးအေး နေခဲ့ကြသည် ။ သူ နှင့် ပတ်သက်၍ ယခင် က လို စိတ် အလုပ် မများရတော့ သလို သူ့ ကို လည်း အနီးကပ် လေ့လာခွင့် မရတော့ပါ ။
မနှစ် က မှ ကျွန်မ တို့ မှာ မယုံ လျှင် ပုံပြင် သာ မှတ်ရ မလောက် သူ့ သတင်း ကို ကြားခဲ့ရသည် ။ ဗိုလ်ကြီးကျော်စွာစိုး နှင့် လက်ထပ်တော့မည် ဆိုသည့် သတင်း ပေတည်း ။
သို့သော် သူ့ သတင်း က ပုံပြင် မဟုတ် ။ ရန်ကုန် တွင် ခမ်းခမ်းနားနား လက်ထပ်ကြပြီး ယခု အလုပ် ပြောင်းရွှေ့ရာ တောင်ကြီးမြို့ သို့ ပင် လိုက်ပါသွား ချေပြီ ။ ကျွန်မတို့ ၏ “ စိတ်တူကိုယ်တူ ချစ်တဲ့ သူငယ်ချင်း ” အဖွဲ့လေး မှ လည်း ရာသက်ပန် ပထမဆုံး နုတ်ထွက်သွားသူ အဖြစ် ခံယူ လိုက်ရလေပြီ ။
သူ လက်ထပ်သွားပြီ ဆိုတော့ ပတ်ဝန်းကျင် တစ်ခုလုံး ဂယက်ထ ကျန်ရစ်သည် ။ မယုံကြည်သူတွေ ကလည်း အချို့ ။ အံ့သြသူတွေ က လည်း အပြည့် ။ ဝမ်းမြောက်သူတွေ က လည်း အများ ။
သူ့ လက်ထပ်ပွဲ သို့ အလှမ်း ဝေး၍ ကိုယ်တိုင် မသွားရောက်နိုင်ခြင်း အတွက် ဝမ်းနည်းမိသည် က လွဲ၍ ကျွန်မ နှင့် မြင့်မြင့်ခိုင် အဖို့ တော့ အတိုင်းမသိ ဝမ်းမြောက်မိပါ၏ ။ ရွှံ့နွံ ထဲ မှ အရည်အသွေး တောက်ပြောင်သော ကျောက်ကောင်း တစ်စေ့ သည် ကျောက်သွေးသမား လက် မှ တစ်ဆင့် ထိုက်တန်သူ ၏ လက်သို့ အချိန်မီ ရောက်ရှိသွားခြင်း မဟုတ်ပါလား ။
••••• ••••• ••••• •••••
မျိုးမျိုး ၏ စာ ကို ကျွန်မ နောက် တစ်ကြိမ် ပြန် ဖတ်မိသည် ။
ယခင် က လို ကလေးဆိုးကြီး ဟန်ပန် နှင့် ခွကျကျ ပုံစံ ကြီး ပျောက်၍ ရင့်ကျက်တည်ငြိမ်စွာ ဖြင့် ယဉ်ကျေး လှပနေ သော အိမ်ထောင်ရှင်မလေး ကျွန်မ သူငယ်ချင်း ကို ပြေး မြင်ယောင် မိကာ ရင်ထဲ စိတ်ထဲ ပီတိတွေ လျှံဖိတ် လာပါသည် ။
ကျွန်မ သည် သူ့ စာ ကို ရင်ဝယ် ပိုက်၍ ချစ်သော မြင့်မြင့်ခိုင် ဆီ ပြေးရပေ ဦးမည် ။
◾ထိပ်ထား - သာယာဝတီ
📖 မြဝတီမဂ္ဂဇင်း
၁၉၇၂ ၊ ဖေဖော်ဝါရီ
No comments:
Post a Comment