❝ နွံ နှင့် ကြာ ❞
( ဝိုင် )
လူ တစ်ဦးတစ်ယောက် ၏ တွေးခေါ် ဆင်ခြင်ဉာဏ် သည် ပြီးပြည့်စုံသည် မရှိချေ ။ အရွယ် ၊ အချိန် ကာလ ၊ နေရာဒေသ အဖြစ်အပျက်တို့ ကွာခြားသည် နှင့်အမျှ တစ်ခါက တွေးမျှော် လက်ခံထားမိသော ဆင်ခြင်တုံတရား တို့သည် ပြိုလဲရ၏ ။ ယင်းသည် အဆန်းတကြယ် မဟုတ်သော ဘဝ၏ ဖြစ်မြဲ ဓမ္မတာ ဖြစ်လေ့ဖြစ်ထ ရှိသော သဘာဝတရားသာ ဖြစ်၏ ။ သို့သော် ယင်းသည် ကိုယ့် အလိုဆန္ဒ နှင့် မကိုက်ညီသည့် အခါမှာတော့ ဖြစ်ရိုးဖြစ်စဉ် သဘောသည် ပင် စိတ် နောက်ကျိဖွယ်ရာ ခံစားချက်တို့ ဖြစ်ရလေသည် ။
“ မေမေ ... သားသား ၊ ဘာလုပ်ရမှာလဲ ”
ကစားစရာများ ပတ်လည်ဝိုင်း နေသည့် ကြမ်းပြင် ပေါ် မှာ ဘူးတွေ ပုံးတွေ ထဲက ကစားစရာ အရုပ်များ ကို ထုတ်ယူ ဆွဲဖွ ကြည့်ရင်း သား က မေးပါသည် ။ ဒီနေ့ သူ ဘာ ကစားရမှာလဲ ဆိုတာ သူ့ ဘာသာ မစဉ်းစား တတ်လျှင် အမေ့ ကို ကူပြီး စဉ်းစားခိုင်းလေ့ ရှိတတ် သော သား သည် သူ့ မေမေ ကို သူ့ ကစားဖော် ဟု သတ်မှတ်ထားသူ ဖြစ်ပါသည် ။ သူ့ အဖော် သူ့ မမ က မူလတန်း ကျောင်းသူကြီး ဖြစ်နေသောကြောင့် သူ့ အနားမှာ သူ အလိုရှိတိုင်း အတူ မကစားနိုင်တော့ပါ ။
ကျွန်မ က ပြုံးလျက် သား နှစ်သက်လှသော မီးရထားခေါင်းတွဲကလေး ကို ချောက်ချက် ချောက်ချက် မြည်အောင် ဖိဆွဲ တွန်းပြရင်း ..
“ ရထားလေး ရထားလေး ဂျုံးဂျုံး ဂျက်ဂျက် အသံပေး ”
ကဗျာတစ်စ ဆိုပြ လိုက်လျှင် သား က မျက်နှာမရွှင် ခေါင်းငဲ့၍ ခါယမ်း၏ ။ ယခင် အခါများက သည်လို စ လိုက်လျှင် ကဗျာကို သူ ပျော်ပျော်ကြီး ဆက် ဆိုတတ်သည် ။
ကောက်ကောက်ကွေးကွေး
လမ်းပေါ်မှာ ဥဩမြည်သံသာ
အသံသာတဲ့ ရွှေဥဩ လေမှာလွင့်ပျံမျော
သဘောကောင်းတဲ့ရထားငယ်
လူရောကုန်ပါသယ်
ဟိုနယ် သည်နယ် ကျော်ကာဖြတ်
ဘူတာတိုင်းမှာရပ်
တောင်ကိုဖြတ်လို့ မြစ်ကိုကျော်
ရထားတူတူအော်
တူတူအော်တဲ့ ရထားလေး
လိုဏ်ခေါင်းထဲကိုပြေး
ဂျုံးဂျုံးဂျက်ဂျက် ဂျုံးဂျုံးဂျက်ဂျက်
“ပေါ်ပူးပူးပေါ် ”
ရထားဥသြသံ ကို ကဗျာအဆုံး မှာ သူ ကိုယ်တိုင် ထည့်သွင်း သီဆိုရင်း လိုဏ်ခေါင်းပမာ ကျွန် မက ကူညီ ဆောက်ပေးထားရသော စာအုပ်ထပ်များ သစ် သားတုံးများ အောက် မှ သူ က ရထားလေး ကို တွန်းတွန်းတိုက်တိုက် ဆွဲယူ မောင်းကာ ဒူးနှစ်ဖက် လက် တစ်ဖက် ကို ကြမ်းပြင်မှာ သုံးဖက် ထောက်လျက်သား ပတ်ချာလှည့် သွားရင်း ကဗျာတေးကို တကြော်ကြော် ဟစ်တတ်၏ ။
ခုတော့ သားက ရထားလေး ကို ဟင့် အင်း .. တဲ့ ။
သည်တော့ ကျွန်မ က ကားကလေးတွေ ကို ဆွဲယူပြ၏ ။ သားက ကားကလေးတွေကို ချစ်တတ် ၏ ။ အချိုရည်တင်ကား ၊ ကရိန်းကား ၊ မြေသယ်ယာဉ် ၊ လူစီးကား အကြီးအသေး ၊ ပြိုင်ကား ၊ စစ်ဂျစ်ကား ၊ တင့်ကား ၊ ရေပူဖောင်းတွေ အကြား ငုတ်ကလေးတွေ မှာ ရောင်စုံကွင်းကလေးတွေ ပစ်သွင်းစွပ်ကစားရန် ပြုလုပ်ထားသည့် ကားသဏ္ဌာန်လေးပါ မကျန် မုန့် ထုပ်ထဲ အပို ထည့်ပေးတတ်သည့် လက်သန်းထိပ်ဖျား လောက် ပြိုင်ကား သေးသေးလေးကို ပါ သူ ချစ်၏ ။ ရှိသမျှ ကားတွေ ကို ဘေးချင်းကပ် စီတန်း ယှဉ်လျက် ထားပြီး အငှားကားဂိတ်စခန်း အဖြစ် ကစားတတ်၏ ။ တစ်ဖန် ရှေ့နောက် ထိပ်ချင်းတေ့ဆက်လျက် စာအုပ် ပုံ ၊ စားပွဲခြေထောက်များ ကြား ကွေ့ ဝိုက်စီတန်းရင်း တရွေ့ရွေ့ တွန်းကာ ဓာတ်ဆီထုတ်တမ်း ကစားတတ်၏ ။
သည်တစ်ခါတော့ ကားတွေ ကို သား က တစ်ချက်သာ ခပ်ပေပေ ကြည့်ပြီး မနှိုက်ရသေးသော သူ့ အထုပ်အပိုးတွေ ဆီ အာရုံကျနေ၏ ။
အရုပ်တွေ ကူဖွ ပေးရင်း ရောင်စုံဘိုးလိန်းလေးတွေ လှိမ့်ဖို့ ကျွန်မ က ပြ ကြည့်တော့လည်း သူ က ခေါင်းတွင်တွင်ယမ်း၏ ။ စစ်သားရုပ်တွေ ၊ တင့်ကား လေးတွေ သံစည်းရိုးတွေ ၊ အလံတိုင်တွေ ၊ တောင်ကုန်းတွေ စုထည့်ထားသော စစ်တိုက်ကစားစရာ အထုပ်လေး ဆွဲမ,ပြပြန်တော့ အမေ နှင့် စစ်တိုက်တမ်း ကစားဖို့ရာ လိုလိုလားလား ရှိပုံမရ ။ အပြင်မှာ နေပူပြီ ဖြစ်၍ ဘောလုံး ကန်ဖို့ ဘတ်စကတ်ဘော ကစားဖို့ မဖြစ်နိုင်သည်မို့ ကြိုးတွေ နှင့် ရက်သီထားသော ဘောလုံးအိတ် ကို ဘေးသို့ တွန်း ဖယ်ထားလိုက်၏ ။
သဘာဝနှင့် တူစွာ ပုံသွင်းဆေးခြယ်ထားသော တိရစ္ဆာန်အရုပ်လေးတွေ ကို ကျွန်မ က ထုတ်၍ စီပေး ကြည့်၏ ။ ရေမြင်းသားအမိကို သူ မြင်အောင်ပြထား ပေ၏ ။ ရန်ကုန်တိရစ္ဆာန် ဥယျာဉ် ကို အလည်ရောက် ခဲ့စဉ်က အဖြစ်တွေကို ပြန် သတိရရင်း သူ က အစာ ကျွေးတမ်းကစားတတ်သည် ။ သား ကို ငယ်စဉ်က ထမင်းခွံ့သည့် အခါ တော်တော်နှင့် ပါးစပ်ဟ မပေး လျှင် ကျွန်မက ရေမြင်း လုပ်တမ်း ကစားရ၏ ။ ထိုအခါ ‘ ဟား ’ ဟု အော်အော် ပြပြီး ပါးစပ်ဟ ပေးလျှင် ထမင်း ခွံ့လိုက်ရလေသည် ။ သစ်ကုလားအုတ်ကလေး လဲကျ နေသည်ကိုလည်း ပြန် ထောင်ရန် စိတ်မကူး ။ လည်ပင်းရှည်ရတာကိုလည်း ဘာကြောင့် ဟု နှိုက်နှိုက် ချွတ်ချွတ် မမေး ၊ မေးလွန်း ဖြေရလွန်း၍ စိတ်မဝင်စား တော့ပြီ ထင်၏ ။
ဒိုင်နိုဆောရုပ်ကလေးများကို စီထောင်၍ပြလျှင် စနစ်တကျ သူက ရွေးချယ်၍ အမျိုးအစား ခွဲခြား နေရာ ချထားတတ်မြဲ ဖြစ်ခဲ့၏ ။ TVမှာ ၊ ရုပ်ရှင် ထဲမှာ ၊ ကလေးအလွယ် ဖတ်ရန် အရုပ်ပုံများနှင့် ဒိုင်နို ဆော ကမ္ဘာ အကြောင်း စာအုပ်များ မှာ သူ မြင်ခဲ့ဖူးသော ဒိုင်နိုဆောများ ကို အင်မတန် စိတ်ဝင်စား၏ ။ သူတို့ အကြောင်းကို ဖတ်ပြ၍ အသံထွက် ပြပေးခဲ့သော နာမည် အခေါ်အဝေါ် ၊ သူတို့ သဘာဝ အလေ့အထ များကို ကျွန်မ က မေ့သွား သော်လည်း သူက မမေ့ ။ သွားအဖြဲသား နှင့် ကြောက်စရာ ဒိုင်နိုဆော ကို ဆွဲ ထုတ်ပြီး “ သူက ထရိုင်ရိုနိုဆောရပ် ” ဟု ပြောတတ်သည် ။ “ သူက အသားစားတယ် ” ကျွန်မ ပြောခဲ့ဖူးတာ သူ မှတ်မိနေ၏ ။ “ ဒါက အရွက်စားတာ ၊ ဘရက်ဒီယို ” ။ သူ့ကို T.Y ronnosaurus နား မှ ခွာပစ်တတ် ၏ ။ “ ဒါက ကာတွန်းကား ထဲက အက်ပက်တို ” ဟု လည်ပင်းရှည်ရှည် ကောင်လေး ကို ပြောတတ်၏ ။ ကျွန်မ က ရုပ်ကို မြင်လျှင်တော့ ရုပ်ရှင်ထဲက ကောင်ကို သိပါ၏ ။ သို့ပေမဲ့ ကိုယ်ဖတ် ပြခဲ့ဖူးသည့် သူ့ အမျိုး အစား Apatosaurus ကိုတော့ မေ့ပြီ ။ သားသည် ဒိုင်နိုဆောများ ကို စွဲစွဲလမ်းလမ်း မှတ်မှတ်သားသား ရှိပြီး စိတ်ဝင်စားလှတာကို ကျွန်မ အံ့ဩပါသည် ။ အခုတော့ အထုပ်ထဲက ခေါင်းပြူထွက် နေသော Brachiosaurus တစ်ကော င်ကို ဆွဲထုတ်မည် ပြုလျှင် သား က ကျွန်မ လက်ကို တွန်းဖယ်ပါသည် ။
ရုပ်ပုံပန်းချီကား ကွက်လပ်များ ကို အမှန် ဖြည့်စွက် ပုံဖော်ရသော Puzzel ကားချပ်ဆက် ကစား သည့် အချပ်များ ကိုလည်း ဘေးသို့ ဖယ်ထုတ်ပစ်သည် ။ ပလတ်စတစ်ပုံး ထဲမှာ သိမ်းပေး ထားရသော လက် ၊ ခြေ ၊ ခါး ၊ ခေါင်းပိုင်း တို့ လှုပ်ကစား နိုင်သော ပါဝါရိန်းဂျား ရုပ်ကလေးများ ၊ သူတို့ လက်နက်နှင့် ဝတ်စုံများ ကို လည်းကောင်း ၊ ဖွင့်၍ ပိတ်၍ ရသော တံခါးပေါက်များ ပါသော ကိုယ်တိုင် ဆောက်လုပ် ဆက်စပ် ပေးရသော အိမ်ကလေး အစရှိသော တီထွင် ကစားရသော ဉာဏ်ရည်ဖွံ့ဖြိုးစေသော ကစားစရာ များကို လည်းကောင်း သား သည် စိတ်ဝင်စားပုံ မပြ ။
တီထွင်ဉာဏ် မြင့်မားစေရန် ရည်ရွယ်၍ စုဆောင်းဝယ်ယူပေးခဲ့သော အခြားအခြားသော များလှ စွာသော ကစားစရာ ပစ္စည်းအပုံ ၏ ရှေ့မှာ ရှိသော သား ကို ကျွန်မ ငေးမိပါသည် ။ သား ဘာကို ကစားမှာပါ လိမ့် ။
သား ကတော့ အမေ့ မျက်နှာ ကိုပဲ မော့မော့ လေးကြည့်ကာ ချွဲချွဲနွဲ့နွဲ့ အသံကလေးနှင့် မေးပြန်ပါ၏ ။
“ မေမေ သားသား ဘာလုပ်ရမှာလဲ ” တဲ့ ။
လေးနှစ်သားကလေး ၏ မေးခွန်း ကို နားထောင် နေရင်း ကျွန်မ ကိုယ့် ကိုယ် ကိုယ် အပြစ် ဖို့မိပါ သည် ။ ပြီးတော့ ကလေး ငြီးငွေ့ နေရလောက်အောင် ဖြစ်နေသော ကျွန်မတို့ ၏ နေထိုင်မှု ဘဝပုံစံတွေ ကို အရေးတကြီး ပြန်လည် သုံးသပ်ရန် အကြောင်းဖန်လာ လေတော့သည် ။
ကျွန်မ ငယ်ငယ် သည် အရွယ်တုန်းက သည်လို မေးခွန်းမျိုး ၊ မမေးခဲ့ဖူးချေ ။ မေးလေသမျှ ထိုင် ဖြေရှင်းပေးမည့် အမေ နှင့် လည်း အတူ ကစားခွင့်မရ ခဲ့ပေ ။ အတူ ကစားဖို့ နေနေသာသာ မိုးလင်း က မိုးချုပ် အမေ ဟာ ကျွန်မ အနား သီပင် မသီနိုင် ။ မကပ်နိုင်ခဲ့ ရှာချေ ။ သားငယ် ၊ သမီးငယ်များ ၏ ဥပဓိရုပ်ဖွံ့ဖြိုးစ အစောပိုင်းကလေးဘဝများ တွင် တယုတယ ထွေးပွေ့ အတူတကွ ဆော့ကစား ၊ ကဗျာတွေ အတူသီဆို ၊ ပုံပြင်တွေ ထပ်ကာ ထပ်ကာ ပြော ၊ ရုပ်ပုံပါသော ရောင်စုံ ကလေးဖတ် စာအုပ်လှလှလေးများကို ဖတ်ပြ ရင်း အတူ ရယ်မောပျော်ရွှင်ကြရခြင်းသည် အမေနှင့် ကလေးတို့ အတွက် တန်ဖိုး မဖြတ်နိုင်သော ရတနာ တစ်ပါး ဖြစ်ပါသည် ။
ငယ်ဘဝ က လိုချင် မက်မောခဲ့သော အရာများ ၊ လိုလားတပ်မက် သော်လည်း မရနိုင်ခဲ့သည်များ ကို ကျွန်မ မိခင် ဖြစ်လာသော ဘဝ၌ သမီး နှင့် သားကို ပုံပေး လိုက်၏ ။ သားတို့ မောင်နှမသည် ငယ်စဉ်က ကျွန်မ မရခဲ့ဖူးသော နေထိုင်မှု ဘဝမျိုးမှာ သက်သောင့်သက် သာ ဖြတ်သန်းနေသူများ ဟု ဆိုနိုင်ပါသည် ။ သူတို့ မှာ မိုးလုံလေလုံ နေစရာ အိမ်ရှိ၏ ။ ကျွန်မ ငယ်ဘဝ မှာတော့ ဟိုနေရာ သည်နေရာ မိုးယို နေသော အိမ် ထဲမှာ စိုစိုစွတ်စွတ်နှင့် တိုးတိုးခွေ့ခွေ့ စုပြုံ အိပ်ရရင်း မိုးသည်း ညများ ကို မဆုံးနိုင်အောင် သည်းခံ နေခဲ့ရဖူးသည် ။ သားတို့ တွင် စားစရာ ထမင်း ၊ ဟင်း အတွက် ပူဖို့ရာ မဆိုထားနှင့် မုန့်ကို အမျိုးမျိုး အဖုံဖုံ ၊ အိမ်မှာ ပြည့်စုံ နိုင်သမျှ ထားရှိပေးခဲ့မြဲ ဖြစ်ပါသည် ။ ကျွန်မ ၏ ကလေး ဘဝ မှာတော့ ထမင်း နပ်မှန်အောင် စားရခြင်း သည်ပင် ကံကောင်းခြင်း ဖြစ်၏ ။ သားတို့ ကို မုန့်ဖိုး ပေးလေ့ မရှိသော်လည်း အာဟာရ နှင့် ပြည့်စုံပြီး အဆာပြေ တစ်မျိုး ၊ အဝစား တစ်မျိုး စားနိုင်သော အန္တရာယ် ကင်း မုန့်ပဲသရေစာများကို သူတို့ တောင်းတိုင်း ပေးဖို့ အသင့် ထားရှိမြဲ ဖြစ်ပါသည် ။ ကျွန်မ ကတော့ နေ့စဉ် ချက်စရာ ဆန်ရှိဖို့ အထူး လိုအပ်နေသော သိနားလည် နေသော ကလေး တစ်ယောက် ဖြစ်ခဲ့ရပြီး ရံဖန်ရံခါ မှ စားရတတ်သော ပေါက်ပေါက်ဆုပ်ကလေး ၊ ပဲကြီးလှော် တစ်ဆုပ်စာလေး မျှနှင့် ကျေနပ်ကာ အထူး အဆန်း မုန့်များကို တောင်းဆို ပူဆာလိုစိတ်ပင် မရှိနိုင် ခဲ့သူ ဖြစ်ပါသည် ။
သားတို့မှာ လူလတ်တန်းစား မိဘ မှ ပေါက် ဖွားလာရ သော်လည်း လူချမ်းသာ တချို့၏ သားသမီး များမှာပင် ဝယ်ပေးခြင်း မခံရသော ကစားစရာ ပစ္စည်း များကို တီထွင်ဉာဏ် ရှိအောင်လို့ ၊ ဖန်တီးနိုင်စွမ်းမြင့် အောင်လို့ ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတိုးအောင်လို့ ၊ အနု ပညာကို ခံစားတတ်အောင်လို့ ၊ ဂီတ ကို မြတ်နိုးတတ် အောင်လို့ ၊ စိတ် တည်ငြိမ်အောင်လို့နှင့် ခေါင်းစဉ်မျိုးစုံ တပ်၍ ဝယ်ပေးလေ့ ရှိတတ်သော ကျွန်မ လို မိခင် ရှိလေ၏ ။
ကျွန်မ ငယ်ဘဝ မှာတော့ ကိုယ်ပိုင် ကစား စရာ ဟူသည် ရှားပါးပါဘိ ။ အငယ်ဆုံး ဖြစ်ပြန်သည့် အတွက် အစ်ကိုအစ်မတွေ ၏ အကျ ကျိုးပဲ့နေသော ၊ ပျက်စီးနေသော အရုပ် အပိုင်းအစများသာ ပွေ့ဖက်ခဲ့ရ၏ ။
သားတို့ ကို ကျွန်မထက် ပြည့်စုံကြွယ်ဝအောင် ကျွန်မ ငယ်စဉ် ဘဝလို မချိုငဲ့ အောင် လူတန်းစေ့ စားစရာ ၊ ကစားစရာ ၊ အဝတ်အထည် ၊ နေထိုင်မှုဘဝ ၊ စာသင်ကျောင်း ကောင်းကောင်း က စ၍ ရွေးချယ်ဖြည့်ဆည်း ပေးအပ်ခဲ့ပါသည် ။ ကလေးတို့ နှစ်ယောက် ဆော့ကစားစရာ ရုပ်ဝတ္ထု အပုံအပင် ၊ ယုယ ကြင်နာ တတ်သော အမေ့ မေတ္တာ ကလည်း အပုံအပင် ရနေပါ လျက် သား သည်ကား ငြီးငွေ့ လျက်ရှိ၏ ။
ကျွန်မ တစ်စုံတစ်ရာ မှားခဲ့ပြီ ဆိုတာ သေချာလေပြီ ။
တီထွင်ဖန်တီးနိုင်စွမ်း အမြင့်ဆုံး အရွယ် လေးနှစ်သားကလေး တစ်ယောက် ထံမှ သည်လို ငြီးငွေ့ နေသော အဖြစ်ကို တွေ့လိုက်ရခြင်းသည် သား သမီး ပြုစုပျိုးထောင် ထိန်းသိမ်းခြင်း တွင် ဂုဏ်ယူဖို့ ပြင်နေသူ ကျွန်မ အား အရှိုက် ကို အလဲထိုးပစ်ခြင်း သာ ဖြစ်တော့၏ ။
ပြည့်စုံခြင်းသည် ပင် ငြီးငွေ့ခြင်း ၏ အစ ဖြစ်နေတာလား ။
ကျွန်မ သူငယ်တန်း အရွယ် က ပထမဆုံး ကိုယ်ပိုင် ပစ္စည်း အဖြစ် ကိုယ့် ကြိုးစား အားထုတ်မှု လုပ်အားကြောင့် ဆုအဖြစ် ရခဲ့သော ရောင်စုံခဲတံ ဘူးလေး ကို ခုထက်ထိ မြင်ယောင် မှတ်မိဆဲ ဖြစ်၏ ။ ပန်းချီ ခြယ်သည့် ဆီဆေးဘူးကလေး ကို ဝယ်ယူ ပိုင်ဆိုင်နိုင်ရန် အတွက် အလယ်တန်းကျောင်းသူ ဘဝ၏ နွေရာသီ ကျောင်းပိတ်ရက်တချို့မှာ အိမ်နှင့် အတော် ဝေးကွာသည့် အမျိုးတွေ နေထိုင်ရာ ရွာကလေး ကို အဖော် မပါ သွားရောက် အလုပ် လုပ်ရင်း မုန့်ဖိုးရ အောင် စုခဲ့ရ၏ ။ သဲသောင်ပူပူ ၌ ခြောက်သွေ့ပူပြင်း သည့် နွေနေ့လယ်ခင်းများ မှာ ချွေးဒီးဒီး ကျအောင် ကြက်သွန်ခင်း ထဲမှာ အလုပ် လုပ်နေသော်လည်း ကျွန်မ ပျော်ရွှင်နေခဲ့၏ ။ မျှော်မှန်းထားသလို အိမ် ပြန်ရောက် တော့ ဆီဆေးဘူးကလေး ကို ကျွန်မ ဝယ်ယူနိုင်ခဲ့၏ ။ ကိုယ့် လုပ်အားခ ချွေးနှဲစာ မုန့်ဖိုး တို့ဖြင့် ဝယ်ယူခဲ့ရ ခြင်း ဆိုတော့လည်း ဒီ ဆေးဘူးကလေး ကို တစ်သက် မေ့နိုင်မည် မဟုတ်ပါလေ ။
နွေနေ့လယ်ခင်း တစ်ခုမှာ သင်ဖြူးဖျာ ပေါ် ထိုင်ရင်း ပုံဆွဲ ၊ ဆေးရောင်ခြယ်ဖို့ ပန်းချီနည်းစနစ် ဘာ တစ်ခုမှ မသိဘဲ ဆီဆေး ကို စမ်းတဝါးဝါး တို့ကာ ကုန်သွား မှာလည်း နှမြောမြောနှင့် တွန့်ဆုတ် တွန့် ဆုတ် ပန်းချီပုံ ခြယ်ခဲ့သည့် ကျွန်မ ကိုယ် ကျွန်မ ခုထက် ထိ သတိရ နေဆဲဖြစ်သည် ။ ရင်တခုန်ခုန် နှင့် စိတ် လှုပ်ရှား ပျော်ရွှင် နေခဲ့သည်မှာ အမှန် ဖြစ်လေသည် ။
ကစားစရာတွေ အပုံအပင် မရှိသော ငယ်ဘဝ မှာ အိမ်ခြံ က အုန်းလက်ကြွေ ကို ကောက်ယူ၍ ကြိုးတစ်စရစ် ပတ်ကာ ဇက်ကြိုးကိုင်သလို ဆွဲထားရင်း ဆရာ မင်းသုဝဏ် ၏ “ ဝါဆိုဝါခေါင် ရေတွေကြီးလို့ ” အစချီသော ကဗျာ ကို တကြော်ကြော် သီဆိုလျက် အုန်းလက်နွား ကို ပျော်ပျော်ကြီး စီးခဲ့ပါသည် ။ ကစားစရာမျိုးစုံ မရှိနိုင်သော ဘဝမှာ သစ်ရွက်ကလေးများ သည်ပင် ကျွန်မ ၏ ကစားစရာ များ ဖြစ်လာခဲ့သည် ။ သစ်ရွက်သရဖူများ ၊ သစ်ရွက် စလွယ်များ ၊ သစ်ရွက် လက်ကောက်များလုပ်၍ ကစား၏ ။ ကြာရိုးကြာစွယ် ခူး၍ ကြာဆစ်ကြိုး လုပ်ကာ လည်မှာ ဆွဲ၏ ။ တမာရွက် ၊ စွယ်တော်ရွက် အခြောက်လေးများ ကို ဖယောင်းခဲ နှင့် တိုက်၍ ဘူးထဲ မှာ ထည့် စုဆောင်း၏ ။ အိမ်ရှေ့ မြောင်းရေစီးမှာ စက္ကူ လှေ လွှတ်၏ ။ သစ်ရွက်ကြွေ မျှော၏ ။ ကွန်ပါဘူး တစ်ခြမ်းပြတ်အဟောင်းကို မော်တော်ကား လုပ်၍ အရုပ်တွေ တင် မောင်းနှင်၏ ။ စက္ကူနှင့် ကော်နှင့် ဖြစ် စေ အဝတ်ဖြူ ပိတ်စတွင် အပ်ချည် အနီအနက်များ နှင့် အရုပ်မျက်နှာ ဆံပင်များ ပြုလုပ်၍ ဖြစ်စေ ကစားရန် လူရုပ်များ လုပ်၏ ။ အရုပ်ကလေးများ အတွက် ဗလာ စာအုပ်ကတ်ထူဖုံးများနှင့် အိမ်ဆောက်၏ ။ ခုံတင် ၊ စားပွဲ ၊ ကု,လားထိုင်များ ဖြစ်အောင် စက္ကူများဖြင့် ထွင် ၏ ။ ထမင်းမေ့ ဟင်းမေ့ ပျော်ခဲ့ရပေသည် ။ မေမေ ကတော့ မီးဖိုချောင် နှင့် အိမ်မှုကိစ္စများ ကြားမှာ မြှုပ် နေတတ်ခဲ့ပြီး ကျွန်မ ကစားရာ အနီးသို့ လာရောက် မကူ ညီနိုင်ခဲ့ပေ ။
ကျွန်မ မိခင် ဖြစ်လာသည့် ဘဝမှာ ကျွန်မ မက် မောခဲ့သည်များ ကို သားထံ ၊ သမီးထံ သို့ အလိုအလျောက် ပေးအပ်မိလျက်သား ဖြစ်လာခဲ့သည် ။ လေးနှစ် ခြားသော သမီးလေး ကျောင်းသွားရသည့် အခါ အဖော်မဲ့ရှာသော သား အတွက် သား အနီးမှာ အတူ တကွ နေ့နေ့ညည ကျွန်မ ရှိတတ်လွန်း ပြန်တော့ သား ဖေဖေ ကပင် စိတ်ကောက်တတ် လာတော့သည် ။ ထို့ထက် သား ထံက “ မေမေရာခဲ့ ” “ မေမေမှ ” “ မေမေနဲ့ မှ ” ဆိုသော စကား ကို တခြားသူ တစ်စုံတစ်ရာ လုပ်ပေးလေတိုင်း သား က ငြင်းပယ်ကာ ကျွန်မ ကိုသာ တောင်းဆို လာတတ်၏ ။ သား က အမေ ကို ခင်တွယ်လွန်း ချစ်လွန်းလှသည့် အဖြစ်ကို သဘာဝ ထက် ပို အောင်များ ကျွန်မ ပြုမိလေပြီလား ဟု အခုတော့ တွေးရပေပြီ ။
ကလေးစိတ်ပညာ ၊ ပညာရေးစိတ်ပညာ စသော စာအုပ်တွေ ပြန်ကာ ၊ လှန်ကာ ပြန်ရှာဖတ်ဖို့ လိုပြီ ထင်၏ ။ ရုပ်ဝတ္ထုပစ္စည်း အစုံအလင် ၊ ချစ်မေတ္တာ တစ်ပုံတစ်ပင် ၊ အိမ်ဦးနတ် ၏ အငြိုငြင်ခံကာ ဖဲ့ထုတ် ပေးထားသော သား အတွက် ကျွန်မ ၏ တစ်နေ့တာ အချိန်နာရီ များစွာ ၏ မျက်မှောက်မှာ ခုတော့ သား က မေးလေပြီ ။
သည်မေးခွန်း ကို ထပ်ကာထပ်ကာ ကြားဝံ့သည့် သတ္တိ ကျွန်မ မှာ မရှိပြီ ။ လိုအပ်သမျှ အရန်သင့် ရနေသော သားဘဝ ကို ပြည့်စုံသော ဘဝ ဟု ဆိုနိုင်ပါမည်လား ။ သား သည် ကျွန်မ မဟုတ် ၊ သား ဖြတ်သန်း ရသော ခေတ် သည်လည်း ကျွန်မ ၏ ငယ်စဉ်ဘဝ ဖြတ်သန်းရာ ခေတ် နှင့် တူမည် မဟုတ် ။ သို့သော် ခေတ်တွေ ဘယ်လောက် ပဲ ကွာဟ ကွာဟ ကလေးတို့ ၏ အခြေခံ လိုအပ်ချက် များ မှာမူ အတူတူ သာလျှင် ဖြစ်နိုင်ပါသည် ။
သားဘဝ မှာ စွန့်စားမှုတွေ ၊ ရုန်းကန်အား ထုတ်မှုတွေ ရှိဖို့ လိုအပ်နေပြီ ။ ဘဝ ကို ခါးသီးစွာ ရုန်းကန် ရင်ဆိုင်ရင်း နေ့စဉ် နေ့စဉ် စွန့်စားခန်း အသစ် တွေ ဖွင့်ခဲ့ရသော ကျွန်မ ၏ အတွေ့အကြုံမျိုး သား မှာ မရှိ ။ မရှိ သဖြင့် သား ကို ဆင်းရဲတွင်း ထဲ ပစ်ချရန် လည်း မလိုအပ်ချေ ။ ငယ်သည့် အရာ က စ၍ ကြီးမားသော အခက်အခဲများ ထိတိုင် သူ့ ဘဝ မှာ တွေ့ကြုံလာမည့် အခက်အခဲ မှန်သမျှ ကို သား ကိုယ်တိုင် ရင်ဆိုင် ဖြေရှင်း နိုင်ဖို့ ကျွန်မ က အခွင့်ပေးရပေလိမ့်မည် ။ လေးနှစ်သား အရွယ် မှာ ဘာရယ် မဟုတ် အမေ ကို နွဲ့ချင်၍ မေးလိုက် သော မေးခွန်းမျိုး သား အသက် ၁၈ နှစ် အရွယ် မှာ မမေးလာစေဖို့ ကျွန်မ ကြိုးစားရတော့မည် ။ ထို အရွယ် မှာ သားသည် သူ့ ဘဝသူ “ ဘာဖြစ်ချင်တယ် ” “ ဘာ လုပ်ရမယ် ” ဆိုတာတွေ ပြဋ္ဌာန်းပြီးသား ဖြစ်စေဖို့ စေ့ဆော်မှုတွေ လမ်းစတွေ ချခင်း ထားရာသို့ စမ်းသပ်ရှာဖွေ သွားတတ်စေဖို့ ကျွန်မ ပျိုးထောင် ပေးရပေလိမ့်မည် ။ တကယ်တော့ အခက်အခဲ ကို ရုန်းကန် ရင်ဆိုင်၍ ကျော်ဖြတ်ရခြင်းသည် ပင် ဘဝ ဖြစ်၏ ။ မျှော်လင့်ချက် ဆိုတာ အလို မပြည့်မှု က မွေးဖွားလာခြင်း ဖြစ်သည် ။ လူ့ဘဝ ၏ တင့်တယ်ခြ င်းအသရေ နှင့် ပြည့်စုံသော မျှော်လင့်ချက် ကြာငုံပွင့် ကို ဖူးပွင့်စေနိုင် သူ မှာ နွံနှင့် တူသော အလို မပြည့်မှု ဒုက္ခများသာ ဖြစ် လေသည် ။
⎕ ဝိုင်
📖 မဟေသီမဂ္ဂဇင်း
နိုဝင်ဘာလ ၂ဝ၁၂
No comments:
Post a Comment