❝ ရှားပါးသတ္တဝါ ❞
( ညီပုလေး )
ကျွန်တော် ရဲ့ စိတ်တွေ လေးလံ ထိုင်းမှိုင်းနေတယ် ။ ခန္ဓာကိုယ်ကြီး ကို မသယ်ချင် တော့ဘူး ။ အိမ်တိုင် ကို မှီပြီး ခြေပစ်လက်ပစ် ထိုင်နေလိုက်ချင်တယ် ။
နေရထိုင်ရတဲ့ ဝန်းကျင်ကြီး က တကယ်ကို စိတ်ပျက်ငြီးငွေ့ စရာကြီး ။ ကိုယ့်ကိုယ် ကို ပြန် စဉ်းစားကြည့်မိတယ် ။ ကျွန်တော် ဟာ လူတစ်ယောက် မှဟုတ်သေးရဲ့လား ။ သံပတ် ရုပ်တစ်ရုပ်များ ဖြစ်နေပြီလား ။ အိမ်ရယ် ၊ အလုပ်ရယ် ၊ အလုပ်ရယ် ၊ အိမ်ရယ်နဲ့ နေ့တိုင်း သွားချည်ပြန်လှည့် သံသရာ လည်နေရတာ ။ နေ့တိုင်း ဒီလူတွေနဲ့ ဒီ လူနာတွေရဲ့မျက်နှာ ချည်းမြင်နေရတာ ။ နေမကောင်းလို့ ဆေးလာလာတောင်းတဲ့လူနာတွေရဲ့ မျက်နှာတွေကို ကျွန်တော် အလွတ်ရနေပြီ ။ လူတစ်ယောက် မျက်နှာကို မြင်လိုက်တာနဲ့ အဲဒီလူအတွက် ဆေးပုလင်း ကိုလက်က လှမ်းမိနေပြီ ။
သံပတ်ရုပ်စစ်စစ် ၊ စက်ရုပ်စစ်စစ် ဆိုရင်လည်း အကောင်းသား ။ စားဝတ်နေမှ ဘာမှပူစရာမလိုတော့ဘူး ။ ဘာခံစားချက် ၊ ဘာဝေဒနာမှလည်းမရှိတော့ဘူး ။ စော်ကား ချင်သလို စော်ကားလိုက်ကြဦး ။ သံပတ်ရုပ်ကတော့ ဘာမှပြောမှာ မဟုတ်ဘူး ။ နာကြည်း ရမှန်းလည်း သိမှာမဟုတ်ဘူး ။ ခံပြင်းတဲ့စိတ်လည်း ရှိမှာမဟုတ်ဘူး ၊ စိတ်ညစ်စရာ စိတ်ပျက်စရာတွေ ၊ ဒေါသဖြစ်စရာတွေကိုလည်း ခံစားရမှာမဟုတ်ဘူး ။
သိပ်ကိုမွန်းကျပ် စိတ်ပျက်ပြီ ဆိုရင်တော့ အိမ်ကနေ တစ်နေရာရာကို ကျွန်တော် ထွက်သွား လိုက်တယ် ။ ဒီလိုပဲ သွားနေကျပါ ။ စိတ်ပျက်နေတာ စိတ်ညစ်ညူး နေရာက သက်သာရာ သက်သာကြောင်းပေါ့ ။ ဒီလိုလုပ်တာ မှန်သလား မှားသလား မဝေခွဲတတ် ဘူး ။ နည်းနည်းပါးပါး စိတ်လက်ပေါ့ပါးသွားတာတော့ အမှန်ပဲ ။ လူသူ ရှင်းတဲ့ ပန်းခြံ ထဲမှာ တစ်ယောက်တည်း သွားထိုင်ချင်တဲ့အခါ သွား ထိုင်နေလိုက်တယ် ။ ဒီလိုမဟုတ်ရင် လည်း မြို့အပြင်ထွက်ပြီး အောင်ပင်လယ်ကန်ပေါင်ရိုးတစ်လျှောက် စက်ဘီးကိုတွန်းပြီး ဝင်းဝါနေတဲ့ စပါးခင်းတွေ ဒါမှမဟုတ် ပြာမှိုင်းနေတဲ့ ရှမ်းရိုးမတောင်တန်းကြီးကို သွားငေးချင် ငေးတတ်တယ် ။ ဒါလိုမှမဟုတ်ရင် ဘောလုံးကွင်း ထဲ သွားပြီး ကိုယ်အားပေးချင်တဲ့ ဘက်က အားရပါးရ အော်ဟစ်ပြီး အားပေးပစ်လိုက်တယ် ။ အချိန်လည်း ရတယ် ၊ ရာသီ ဥတုကလည်း မပြင်းဘူး ဆိုရင် မန္တလေးတောင် ၊ ဒါမှမဟုတ် ရန်ကင်းတောင် ပေါ်တက် တဲ့အခါ တက်လိုက်တယ် ။ တစ်ခါတလေလည်း ကွင်းပြင်ကျယ်ကြီးမှာ တစ်ယောက် တည်း သွားနေလိုက်တယ် ။
ကွင်းကြီးထဲမှာ စက်ဘီးကို လိမ့်တယ်ဆိုရုံကလေး တွန်းတဲ့အခါတွန်း ၊ ဒါမှမဟုတ် လည်း တစ်နေရာမှာ စက်ဘီးကို ဒေါက်ထောက်ပြီး မြေကြီးပေါ် မှာဖင်ချထိုင် ၊ ပုဆိုးကို ဒူးခေါင်းလောက် အထိ မထားရင်း ငေးချင်ရာငေး တွေးချင်ရာတွေးနဲ့ ။ ဘယ်သူကိုမှ မပြောရဲတဲ့ စကားတွေ ဒီလိုအခါမှာ ပြောချပစ်လိုက်တာပေါ့ ။ မကျေနပ်တဲ့အကြောင်းတွေ ခံစားနေရတာတွေကို ပြောချပစ်လိုက်တယ် ။
အလုပ်ထဲမှာ စော်ကားခံရတာတော့ ခဏခဏပဲ ။ မကျေနပ်တာတွေလည်း မြန်မာ လူမျိုးပီပီ အတတ်နိုင်ဆုံးတော့ သည်းညည်းခံ ရပါတယ် ။ ဒီလိုသည်းခံရင်းနဲ့ စိတ်ညစ် လာတယ် ။ ဖိစီးလာတယ် ။ ဒါနဲ့ နောက်ဆုံး စက်ဘီးအိုလေး ကောက်ယူပြီး အိမ်ကထွက် လာခဲ့တယ် ။
ကျွန်တော် အိမ်က နေထွက်ရင် ဧရာဝတီမြစ်ရေတွေ မြို့ထဲ မဝင်အောင် ကာဆီးထား တဲ့ တာရိုးကြီးကို အမြဲပဲ ကျော်ရတယ် ။ ကျွန်တော် ကွန်ပေါင်ဒါ မဖြစ်ခင် အရောင်းအဝယ် လုပ်နေတုန်း ကတည်းက ဒီတာရိုးကို ကျော်နေကျ ။ အရင်ကတော့ လူငယ် တစ်ယောက်မို့ တာရိုး ကို တစ်နေ့ ဘယ်နှစ်ခေါက် ကျော်လို့ ဘယ်နှစ်ခေါက် ဆင်းဆင်း ဘယ်လိုမှ မနေဘူး ။ အခုတော့ အတက်အဆင်း မှာ သတိထားရတယ် ။ စက်ဘီးပါ ပါတော့ ပိုဂရုစိုက်ရတာပေါ့ ။ အတက်အဆင်းမှာ နည်းနည်းလည်း မောလာတတ်တယ် ။
တာရိုးကို ကျော်ပြီးသည်အထိ ဘယ်ကို သွားရမှန်း မသိသေးဘူး ။ ပိုက်ကျုံးလမ်း အတိုင်း ခွေဦးတည့်ရာ နင်းလာခဲ့တယ် ။
မိန်းမကနေမကောင်း ၊ ကလေးတွေကငို ၊ ဆန်အိုးက ဟောင်းလောင်းနဲ့ အစက ငါစဉ်း စားတုန်းက ဒါတွေမပါပါဘူးလို့ လူပျိုကြီး အိမ်ထောင်ပြုတာ ညည်းသလို ကွန်ပေါင်ဒါ လုပ်မိတဲ့ အတွက် ညည်းရမလိုပဲ ။
ကျွန်တော်တို့ ခေတ်က ကွန်ပေါင်ဒါသင်တန်းမှာ ကျွန်တော် က ထိပ်ဆုံးက အောင်ခဲ့ သူပါ ။ ဘရစ်တစ်ရှ်ဖာမာကိုပီယာဆိုတဲ့ ဆေးကျမ်းကို ဒေါက်ဒေါက် .. ဒေါက်ဒေါက် နဲ့ နေအောင် တစ်လုံးမကျန်ရွတ်ပြနိုင်တယ် ။ မှတ်မိနေသေးတယ် ။ သင်တန်းဆင်းပြီးကာ စက အာဠဝီလမ်းမှာရှိတဲ့ လူမှုဖူလုံရေးဆေးခန်းက ကွန်ပေါင်ဒါကြီးတွေကို သွားပြီး စိန်ခေါ်ခဲ့တာ ။
“ ပြောချင်တဲ့ မစ်ချာပြော ၊ ဝမ်းအောင့်စ်ရို့ဇ်ကို အလွတ်ရွတ်ပြမယ် ။ မှားရင် မေ့ကျန် ခဲ့ရင် ဟောဒီ အခန်းထဲမှာရှိတဲ့ လူအကုန်လုံးကို လက်ဖက်ရည် တိုက်မယ် ။ ဘယ်နှယ့်လဲ မှန်ရင် ခင်ဗျားတို့ အားလုံးက ... ”
ငယ်ကလည်း ငယ်သေးတဲ့ အရွယ် ၊ တက်ကြွတဲ့အချိန် ၊ တကယ်လည်း စမ်းချင်ရာ စမ်းနိုင်တဲ့ အချိန်ပေါ့ ။ ဟိုလူကြီးတွေ က ပြန်ပြောတယ် ။
“ မင်းက သင်တန်း ဆင်းခါစမို့ပါကွာ ၊ နောက်တော့လည်း ငါတို့လို ဖြစ်သွားမှာပါ ”
ကျွန်တော် ပြုံးမိသေးတယ် ။ ကျိတ်ပြုံးပြုံးတာပါ ။ သူတို့က ကျွန်တော် စိန်ခေါ်နေတာ ကို မယုံလို့မဟုတ်ဘူး ။ ယုံကြတဲ့ မျက်လုံးတွေပဲ တက်ကြွနေတဲ့ လူငယ်လေးတစ် ယောက် ၊ လောကအကြောင်း ဘာမှ မသိသေးတဲ့ ချာတိတ်လေးတစ်ယောက်လို ကြည့်နေ ကြတာ ။ သူတို့ ရဲ့အကြည့်က ကျွန်တော့် အဖို့ တော်တော် အောင့်သက်သက်ဖြစ်စေတာ ပေါ့ ။ အဲဒီ အကြည့်ထက်ပိုအောင့်စေတာ ။ “ မင်း က သင်တန်း ဆင်းကာစမို့ပါကွာ ။ နောက်တော့လည်း “ ငါတို့လို .. ” ဆိုတဲ့ အပြောပေါ့ ။ ဟိုတုန်းက အောင့်သက်သက် ဖြစ်ခဲ့ရ တာလေ ။
သင်တန်းဆင်းတော့ ဆရာက ကြိုးစားမှုနဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျပြီး ကျွန်တော် ရဲ့ မှတ်စုစာအုပ်တွေ တောင် တောင်းထား လိုက်သေးတာပဲ ။ ဒီလိုလူကို သူတို့ က နောက်တော့လည်းလေး ဘာလေးညာလေးနဲ့ ခက် ... ခက်ရချေရဲ့ ။ ကျွန်တော် မခံ ချင်စိတ် ထောင်းခနဲ ဖြစ်သွားမိတယ် ။ အဲဒီ စိတ်ကို မျိုသိပ်ပြီး ချိုသွေးတမြမြ လုပ်နေလိုက် တယ် ။
••••• ••••• •••••
ပိုက်ကျုံးလမ်း တစ်လျှောက် ဖုန်ထူတာတော့ ကြာပါပြီ ။ မြင်းလှည်းတွေ ၊ ဆိုက်ကား တွေ ၊ စက်ဘီးတွေ ဖုန်ထူထူ ထဲမှာ ပြေးလွှား နင်းသွားနေကျပဲ ။ ပိုက်ကျုံးလမ်းနဲ့ အာဇာ နည်လမ်းထောင့်ရောက်တော့ ညာဘက်ကို ကွေ့ လိုက်တယ် ။ အာဇာနည်လမ်း အတိုင်း အရှေ့ဘက် ကို ဆက် နင်းလာခဲ့တယ် ။ အသွားအလာက အာဇာနည်လမ်းပေါ်မှာ ပိုများ လာတယ် ။ သုံးဘီးရော ၊ ဘတ်စ်ကားတွေရော ၊ သစ်တင်တဲ့ချက်ပလက်ကားအိုကြီး တွေရော ရှုပ်ယှက်ခတ်လို့ ။ အာဇာနည်လမ်း အတိုင်း အရှေ့ဘက်ကို မျှော်ကြည့်လိုက် တော့လမ်းက တဖြည်းဖြည်း မြင့်တက်သွားပြီး သစ်ပင်မြင့်ကြီး ၊ အဆောက်အအုံမြင့်ကြီးတွေကြားမှ ဆုံးသွားသလိုပဲ ။ ပြီးတော့ ဟိုးအရှေ့ထဲမှာ မှိုင်းပြာပြာရှမ်းကုန်းမြင့်ကြီးက ကာဆီးထား ပြန်တယ် ။
ကွန်ပေါင်ဒါသင်တန်းမှာ သင်တန်းဆရာကြီး က မစ္စတာဆီးလ်ဘာဘူ တဲ့ ။ အင်ဒီယားဟက် ကွန်ပေါင်ဒါသင်တန်းမှာ အထူး အောင်လာတဲ့ ပုဂ္ဂိုလ်ကြီးပဲ ။ ဆရာကြီးနဲ့ အတူ ဆရာဦးချစ်စရာတို့ ၊ ဆရာဦးဘမြိုင်တို့ ဆရာမဒေါ်မမကြီးတို့ ဆရာအေးတို့ သင်ပြပေး ကြတယ် ။ ဆေးရုံအုပ်ကြီး ဒေါက်တာဦးစောမရအောင်ရဲ့ လက်ထက်ကပေါ့ ။
သင်တန်း အောင်ပြီးတော့ အလုပ်က ချက်ချင်း ရသေးတာမဟုတ်ဘူး ။ အရောင်းအဝယ် ပြန်လုပ်ရသေးတယ် ။ နောက်တော့မှ ဆရာတွေက အလုပ်လျှောက်ပါ ။ မင်း လျှောက်ရင် ရကိုရရမယ် ဆိုပြီး ဆရာတို့ အလျှောက်ခိုင်းတာနဲ့အလုပ်လျှောက်လိုက်တာပဲ ။ ရေးဖြေ ဖြေတော့ ကောင်းကောင်း ဖြေနိုင်တယ် ။ တစ်လုံးမကျန် ဖြေနိုင်တယ် ။ လူတွေ့စစ်ဆေး တဲ့အထိ ရောက်တယ် ။ လူတွေ့လည်း ကောင်းကောင်းဖြေနိုင်တယ် ။ ခန့်စာက တော် တော် နဲ့ မရောက်လာဘူး ။ တော်တော်ကြာမှ ကျွန်တော့ လောက် အမှတ် မကောင်းတဲ့ လူတစ်ယောက် ကို ခန့်လိုက်ပြီတဲ့ ။ ရန်ကုန်က လူလို့ သိရတာပဲ ။ ဒါနဲ့ အရောင်းအဝယ် လောကထဲ ပြန်ရောက် သွားတာပေါ့ ။
နှစ်နှစ်လောက် ကြာတော့ တိုင်းကျန်းမာက ဒေါက်တာဦးထွန်းမင်း နဲ့ မမျှော်လင့်ဘဲ တွေ့ တယ် ။ ဆရာက အခု မင်း ဘာလုပ်နေသလဲလို့ မေးတယ် ။ ကျွန်တော် လည်း အမှန် အတိုင်းပဲ မှောင်ခို အရောင်းအဝယ် လုပ်နေတဲ့အကြောင်းပြောပြလိုက်တယ် ။ ဆရာ က မင်း အလုပ်ထဲ ဘာလို့ မဝင်တာလဲ ။ သင်တန်းမှာလည်း စာတော်ရဲ့သားနဲ့ ။ အလုပ်ထဲဝင်ကိုဝင် ရမယ်တဲ့ ။ဒီတစ်ခါတော့ အလုပ်ရတယ် ။ ပထမ တာဝန်ကျတာ ပုသိမ်ကြီး မှာ တာဝန်စ ကျတယ် ။ နောက်မှ မန္တလေး ပြောင်းရတာ ။
••••• ••••• •••••
စက်ဘီးကိုနင်းလို့သာ နင်းထွက်ခဲ့တာ ဘယ်ကို သွားလို့သွားရမှန်းမသိသေးဘူး ။ လမ်းရဲ့ညာဘက် သင်္ဂဇာချောင်းထဲမှာ စိမ်းညို့နေတဲ့ ပိန်းပင်တွေ ပေါက်နေလိုက်ကြ တာ အားရစရာကြီး ။ အပြိုင်းအရိုင်းပဲ ။ ဘယ်ဘက်က ဗေဒါပင်ပြင်ကြီး ကလည်း များ လိုက်ပုံများ ။ ချောင်းကြီး တစ်ခုလုံးပြည့်လို့ ။ သစ်စက်တွေ မီးခိုးခေါင်းတိုင် နီညိုညိုနှစ် တိုင်နဲ့ ဗေဒါခင်းကြီးနဲ့ကြည့်လို့ကောင်းလိုက်တာ ။ လှလို့ ။
ကွန်ပေါင်ဒါ အလုပ်ကို စလုပ်ခါစက ကာမင်နေတစ်ဆေးဖျော်မယ်ဆိုရင် ဆိုဒီဘိုင် ကပ် ၊ စပရစ်ကရိုလိုဖောင်း ၊ တင်ချာဂျင်ဂျာ ၊ စပရစ်အမိုးနီးယား ၊ မက်ကပ်ဖ်နဲ့ တင်ချာ ကတ်ကိုးတို့ရဲ့ပါဝင်တဲ့ အချိုးအစားတွေ တကယ်ပဲ အလွတ် ရတာပေါ့ ။ ဆရာဝန် က လူနာရဲ့ ရောဂါ အခြေအနေကို ကြည့်ပြီး တင်ချာဂျင်ဂျာ ကဲပြီးဖျော်ပါဆိုရင် တင်ဂျာဂျင်ဂျာ ကဲပြီး ဖျော်ပေးလိုက်တယ် ။ လူနာက ရောဂါဝေဒနာ သက်သာရင် ဒီဆရာဝန် ကုတာ တော် လို့ ၊ ဆရာဝန် ပေးတဲ့ ဆေးစွမ်းလို့ ဆရာဝန် ကိုပဲ ကျေးဇူးတင်ကြတာပါ ။ နောက်ကဆေးစပ် ပေးတဲ့ ဆေးစပ်သမားကိုမသိကြဘူး ။ သတိမရကြဘူး ။ ကိုယ်စပ်ပေး ၊ ကိုယ်ဖျော်ပေး ၊ ကိုယ်ဖော်ပေးတဲ့ ဆေးနဲ့လူနာနဲ့ တည့်တယ် ပျောက်တယ်ဆိုရင် ကျွန်တော်တို့က ဆေးစပ် ခန်းထဲကနေ ကျိတ်ပြီး ဝမ်းသာကြရတာ ပီတိဖြစ်ရတာပါ ။
ပွဲကုန်းကျောင်းရှေ့ ရောက်တော့ ငယ်ငယ်က ကျောင်းနေဘက်တွေ ပြန်ပြီးသတိရမိ တယ် ။ ရှိမ်းမကားသား မြမင်း က မြေဖြူတစ်ဖက် ကြိမ်တစ်ဖက် နဲ့ ရန်ကုန်မှာ ကလေးတွေ ကို စာပြနေသတဲ့ ။ သိန်းဝင်း က ထောက်ရှာပင် ရေနံတွင်းမှာ အလုပ် လုပ်နေတယ် ။ တင်ညွန့်က ဈေးချိုထဲမှာ အထည်ဆိုင် ထွက်နေတယ် ။ သူက စီးပွားရေး အခြေအနေ ကောင်း တယ် ။ စိုးမြဝင်း က စင်ကာပူမှာ အလုပ် သွားလုပ်နေတယ် ။
ကျောင်းသားဘဝတုန်းက ဟောဒီလမ်းကို “ ဘီ ” လမ်းလို့ပဲ သိကြတယ် ။ အားလုံး က ဒီ နာမည်ကို မကြိုက်ကြဘူး ။ သူငယ်ချင်းတစ်တွေ စိတ်ကြိုက် နာမည် ရွေးနေကြတာ ။ ကျွန်တော် ပညာသင်နေရတဲ့ ပွဲကုန်းကျောင်းကိုအစွဲပြုပြီး ဟောဒီလမ်းကို ပွဲကုန်းလမ်း လို့ အမည် ပေးချင်တယ် ။ ပွဲကုန်းရပ်ကွက် ထဲမှာနေတဲ့ ခင်အောင်တို့ ၊ သန်းဌေးတို့က ကျွန်တော့်ကို ထောက်ခံကြတယ် ။ စိုးတင့်တို့ ၊ သန်းဒန်တို့က ဆိုင်းတန်းလမ်း လို့ နာမည် ပေးချင်ကြတာ ။ နောက်တော့ သမိုင်းဆရာ ဦးလူခင် ရှင်းပြမှပဲ အငြင်းအခုံ က ပြီးပြတ် တော့တယ် ။ ဆရာက ဘီလမ်း ထက် ကောင်းတဲ့ နာမည်ရှိပြီးသား ။ “ အာဇာနည် ” လမ်း လို့ခေါ်တဲ့အကြောင်းပြောပြတယ် ။ ဆရာက စာအသင်အပြ ကောင်းတယ်လို့ နာမည်ကြီး တဲ့ လူမဟုတ်လား ။ အာဇာနည်လမ်း ဖြစ်ပေါ်လာပုံကို နားထောင်နေလိုက်ကြတာ တစ်တန်းလုံးကို တုပ်တုပ်မှ မလှုပ်ဘူး ။ အရင်နေ့က သင်လက်စ သင်ခန်းစာကိုအသာထား ပြီး အာဇာနည်တွေ အကြောင်းသင်သွားလိုက်တာ စာသင်ချိန် တစ်ချိန်ကုန်ရော ။ မပြီးသေး လို့ နောက်တစ်နေ့ ဆက်ရသေးတယ် ။ ကျန်တဲ့အတန်းခွဲ သုံးခုစလုံး ကို ဆရာက အကြောင်းပဲ သင်သွားသတဲ့ ။ ကျွန်တော်တို့ တစ်သက်လုံး စွဲသွားအောင် ဆရာက သင်ပေး ခဲ့တာပါ ။ တကယ်လည်း အာဇာနည်လမ်း ဆိုတဲ့နာမည်ထက် လိုက်ဖက်တဲ့ နာမည် ဟောဒီလမ်း အတွက် မရှိပါဘူး ။
ရုံးအဆင်း ညနေ ဈေးဝယ်ပြီး ပြန်လာကြတဲ့ ရုံးသူရုံးသားတွေ မရမ်းခြံဆိပ်ကနေ တစ်ဖက်ကမ်း ကူးကြမယ့်လူတွေနဲ့ အာဇာနည်လမ်းမကြီးက ပြည့်ကျပ်နေတယ် ။ ကျွန်တော် ကတော့ သူတို့နဲ့ ဆန့်ကျင်ဘက်နေရောင်ကို ကျောပေးရင်း စက်ဘီးကိုနင်းလာခဲ့ တယ် ။ ဘယ်ကို သွားရင် ကောင်းမလဲ ။ ဘောလုံးပွဲ လည်း မသွားချင်ဘူး ။
ဆေးစပ်သမား ကျွန်တော်ဟာ ဆေးကျမ်းတွေ ငယ်ငယ်က အာဂုံဆောင်ခဲ့နိုင်ပေမယ့် အခုတော့ ဆေးမစပ်ရတာ ကြာနေပြီ ။ ပန်းရောင်ရင့်ရင့် ကာမင်နေးတစ်ဟာ ဖြူရော်ရော် ကာမင်နေးတစ် ဖြစ်နေပြီပေါ့ ။ ချောင်းတဟွတ်ဟွတ် နဲ့ဆေးလာတောင်းတဲ့ အမေကြီး ကို ဆေးပတ် ပြည့်တော့လည်း ချောင်းတဟွတ်ဟွတ်နဲ့ပဲ ပြန်တွေ့ ရတဲ့အခါ ဆရာဦးဘမြိုင် တို့ ဆရာမဒေါ်မမကြီးတို့ကို သွား သတိရမိတယ် ။ ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ အမေကြီးကို အစက ဘယ်လိုမျက်နှာပြရမှန်းတောင်မသိဘူး ။
ဒါပေမဲ့ ကြာလာတော့ အရေထူလာပြီ ။ ဆေးဖျော်စရာ ကုန်ကြမ်းဆေးဝါးတွေ မစုံ လင်တော့ ချင်ခွက်တွေ ၊ ချိန်ခွင်တွေလည်း ဖုန်တက်နေကြပြီ ။ သိပ္ပံပညာ က တဖြည်း ဖြည်းတိုးတက်ထွန်းကားလာနေတယ် ။ ကွန်ပေါင်ဒါတွေ လည်း ဆေးဝါးကုန်ကြမ်း မရှိ လို့ ဆေးတွေ အရင်ကလောက် မဖျော်ကြရဖြစ်နေရာက ဆေးလုံးတွေဆေးတောင့်တွေ အစားထိုး ဝင်ရောက်လာကြတယ် ။
ဘီပီအိုင်ဆေးတွေ အစားထိုး ဝင်ရောက်လာ တာလည်း ကြုံဖူးတယ် ။ ယူနီဆက်က ဆေးတွေ ဖောဖောပေးနိုင်တဲ့ အချိန်လည်း ကြုံခဲ့ဖူးတယ် ။ ဆေးတွေ က အပြင်မှာဈေး ကောင်းနေလေတော့ ကျွန်တော်တို့ဆီမှာလည်း အယိုအပေါက်တချို့ တော့ရှိတာပေါ့ ။ ဒါပေမဲ့ အဲဒီအထဲမှာ ကျွန်တော် မပါတာတော့ ကျမ်းကျိန်ဝံ့တယ် ။
လူနာကို ဆေးပေးတာ ဆရာဝန်ရဲ့ ရှေ့တင် စက္ကူထုပ်ပြီးပေးရတာ ကွန်ပေါင်ဒါ တစ်ယောက် ရဲ့အလုပ် ဖြစ်နေပြီ ။ ဆေး အလေအလွင့် နည်းအောင်တော့ ဝိုင်းထိန်းကြတာ ပါပဲ ။ ဒီလိုနဲ့ပဲ ဘရစ်တစ်ရှ်ဖာမာကိုပီယာလည်း ဘယ်ရောက် သွားမှန်းမသိတော့ဘူး ။ ကွန်ပေါင်ဒါ ဆိုတာ ဆေးစပ်သမားလို့ နားလည်ထားကြတဲ့ လူတွေ ရှိသလို ဆေးရောင်း တဲ့ လူလို့ ထင်တဲ့လူက ထင်ကြနဲ့ ။ မကောင်းတဲ့လူက မကောင်းတော့ အနေကျပ်လှတယ် ။
ဆေးစပ်ပညာ ကို စသင်ကတည်းက လူတွေရဲ့ကျန်းမာရေးကို ကိုယ်တတ်တဲ့ပညာနဲ့ တစ်ဖက်တစ်လမ်းက ကူညီကုသချင်တာလည်းပါတယ် ။ ဆေးပညာ ထွန်းကားတတ်သိ စေချင်တဲ့ စေတနာလည်း ပါတာပေါ့ ။ ကွန်ပေါင်ဒါ ဖြစ်ချင်တဲ့ လူငယ်တစ်ယောက်ကို အခုအချိန်မှာ ကျွန်တော် ဘယ်လိုပြန်သင်ပေးရမလဲ ။ သီအိုရီချည်း သင်ရမလား ။
ကွန်ပေါင်ဒါ လုပ်ချင်တဲ့ လူလည်း သိပ်မရှိလို့ တော်တော့တာပေါ့ ။
နာရီစင်နား က မြို့တော်ခန်းမမှာ မင်္ဂလာဆောင် တစ်ခုပြီးလို့ အိမ်ပြန်ကြတော့မယ့် မင်္ဂလာမောင်မယ်ကို လှမ်းတွေ့ ခဲ့ရတယ် ။ လူငယ်ပီပီ တက်ကြွ ပျော်ရွှင်နေကြတဲ့ စတိုင်နဲ့ ။ နာရီစင်ကတော့ လျှပ်စစ်မီးပျက်နေလို့ ကိုးနာရီကို ညွှန်နေတယ် ။ မနက် ကိုးနာရီက မီး ပျက်သွားတာလား ။ မနေ့ည ကိုးနာရီ ကတည်းက မီးပျက်သွားတာလား ။ မသိနိုင်ဘူး ။ မီးပွိုင့်ကလည်း အလုပ် မလုပ်နိုင်လေတော့ လမ်းဆုံမှာ ယာဉ်တွေ သိပ်ရှုပ်နေတယ်လေ ။ ဒါပေမဲ့ ကိုယ့်အသိနဲ့ ကိုယ် ၊ ကိုယ့်နားလည်မှုနဲ့ကိုယ် လိုရာခရီးကို ဆက်နေကြတယ် ။ ကျွန်တော် ဘယ်သွားရင် ကောင်းမလဲ ။ မိုးရွာမလို့ ထင်ပါရဲ့ ။ တိမ်ညိုတွေ တောင်ဆီက ဆင်လာတယ် ။ လေအေးတွေ ကလည်း တသုန်သုန်နဲ့ ။
ကျွန်တော် ဘယ်ကို သွားရမလဲ ။ ရှေ့မှာ လမ်းဆုံရာကို ရောက်နေပြီ ။ တစ်နေရာရာကို အမြန်ဆုံး ဖြတ်ရလိမ့်မယ် ။ တောင်ဘက်ကို ကွေ့ လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းလမ်း ဘုရားကြီးအထိ ရောက်နိုင်တယ် ။ အခုလို မိုးတွေညိရင်သွားဖို့ အကောင်းဆုံး နေရာကို ချက်ချင်းသတိရပြီး ဘယ်ကိုမှ မကွေ့တော့ဘူး ။ အာဇာနည်လမ်းအတိုင်း အရှေ့ထဲ တည့် တည့်နင်းလာခဲ့တယ် ။
အခုလို မိုးတွေ တက်လာပြီ ဆိုရင် မန်းရာပြည့်ကွင်း ကိုသွားတာအကောင်းဆုံးပဲ ။ ဟိုတစ်ခါ ဒီလိုပဲအိမ်က ထွက်လာတုန်းက မိုးတွေအုံ့နေတုန်း မန်းရာပြည့်ကွင်းထဲမှာ တစ်ယောက်တည်း သွားပြီး ထိုင်နေခဲ့ဖူးတယ် ။ တော်တော်ကို စိတ်အေးချမ်းသာရှိတဲ့ နေရာပဲ ။ ရာပြည့်ကွင်းက ပြန်လာတော့ ဖိစီးနေတဲ့ သောကတွေ အတော်အတန် ပြေလျော့ သွားခဲ့ဖူးတယ် ။
အာဇာနည်လမ်းကြီးဝဲယာက မန္တလေး မီးကြီး လောင်ပြီးမှပေါ်လာတဲ့ ထီးလိုမိုးနေတဲ့ တိုက်အမြင့်ကြီးတွေအောက်မှာ စက်ဘီးအိုလေးကို ‘ တကျွီကျွီ ’ နင်းလာရင်း တရုတ်တန်း လမ်းထောင့် ရောက်တော့ စက်ဘီးလက်ကိုင်ကို ဘယ်ဘက်ကွေ့ ခဲ့တယ် ။ ကျုံးထောင့်မီး ပွိုင့်လည်း လျှပ်စစ်မီး မလာလို့ ညနေခင်း ရှိသေးတယ် အိပ်မောကျနေလေရဲ့ ။ ကျုံး အနောက်ဘက်လမ်း မှာ မိုးရွာမှာကြောက်ကြတဲ့ မန္တလေးသားတွေ အိမ်ကို သူ့ထက်ငါ အမြန် ပြန်ပြေးနေကြတယ် ။ ကျွန်တော် ကတော့ ရာသီဥတုက ပူလွန်းလို့ မိုးသည်းသည်း ရွာစေချင်နေတဲ့လူပဲ ။ မိုးကို မကြောက်ပါဘူး ။
အရင်တစ်ခေါက်တုန်းက ခဲပုပ်ရောင် တိမ်တွေ ကြားကနေ နေရောင်တွေ ကို ဟိုနားဒီ နားဖြာကျနေတာကို ရာပြည့်ကွင်းထဲကနေ လှမ်းမျှော်ကြည့်ဖူးတယ် ။ သိပ်လှတာပဲ ။ နေစက် နေပြောက်တွေက မန္တလေးတောင်ပေါ်မှာ နှစ်ကွက်လောက် ဟိုး ရှမ်းရိုးမပေါ်မှာကျတော့ ကွက်တိကွက်ကျားနဲ့ ။ ကတ္တီပါအကွက်တွေထနေကြတယ် ။ ရန်ကင်းတောင် နဲ့ ရေတံခွန်တောင် ကိုလည်း မြူတွေ ကင်းနေချိန်မို့ လှလှပပ မြင်နေရတယ် ။ ရာပြည့်ကွင်းရဲ့ တောင် ဘက်က နန်းမြို့ရိုး ကလည်း တိမ်ညိုတွေ ရဲ့အောက်မှာ နီညိုနေတယ် ။ လေဒဏ် မိုးဒဏ် အောက်မှာ ကြံ့ကြံ့ခံနေကြတဲ့ သုဓမ္မာဇရပ်တန်း က လွမ်းမောစရာပဲ ။ ပြာမှောင် နေတဲ့ ရှမ်း ကုန်းမြေမြင့် နောက်ခံထားပြီး ကျောက်တော်ကြီးဘုရား ကို ဖူးရတာရယ် ဘုတ်တောင်နဲ့ ဗျိုင်းရယ်တောင်ပေါ်က စေတီဖြူဖွေးဖွေးလေးတွေပါ ဖူးရတာ သိပ် သပ္ပာယ်တာပေါ့ ။ အိပ်တန်းပြန်တဲ့ငွေဗျိုင်းတွေကလည်း အရှေ့ကနေ အနောက်ကို အုပ်စုတွေဖွဲ့ပြီး ဖြတ် ပျံသန်းနေကြတယ် ။ ဗျိုင်းအုပ်ကို လိုက်ကြည့်ရင်းနဲ့ ဖူးလို့မဝ နိုင်အောင်ဘဲ ။ ၁၉၅၇ ခုနှစ်က မန္တလေးမြို့တည် နန်းတည်နှစ်တစ်ရာပြည့်ပွဲတော်ကြီးကို ဒီကွင်းပြင်ကြီး ထဲမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ဖူးတယ် ။ ရွှေမန်းမြို့ ရဲ့ ကျက်သရေဆောင် ကွင်းကြီးပေါ့ ။ ကျွန်တော် ဟာ ရာပြည့် ကွင်းရဲ့ အလယ်မှာရပ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ မိုးသက်လေတွေကို တဝကြီး ရှုရှိုက် နေမိတယ် ။ အစဉ်အလာ ကောင်းခဲ့တဲ့ကွင်းကြီးအတွက် ကျွန်တော် ဂုဏ်ယူမိတယ်လေ ။
ရာပြည့်ကွင်း ကို ရောက်ရင်တော့ အရင်တစ်ခါ ကြည့်ခဲ့ ဝေးခဲ့ရဖူးတဲ့ ရှုခင်းအလှမျိုး ကို မြင်ရလေမလား ။ ဒီတစ်ခေါက်မှာ အရင် တစ်ခေါက်ထက်ပိုလှနေနိုင်တယ် ။ ကွင်းထဲ ရောက်မှ ပတ်ဝန်းကျင် အလှတွေကို စိတ်ရှိလက်ရှိ ငေးနေ တွေးနေလိုက်ဦးမယ် ။
မိုးရွာဖို့က တော်တော်ကို သေချာနေပြီ ။ ဒီလောက် ပူအိုက်နေတာ အသက်ကြီးတဲ့ လူတွေနဲ့ ကလေးငယ်လေးတွေ အပူလှိုင်းကြောင့် ဒုက္ခရောက်နေကြတဲ့အချိန် ကျွန်တော် တို့တောင်မှ လှိမ့်နေအောင် ပူအိုက်တဲ့အချိန် ။ ဒီအချိန် မိုးရွာတဲ့ မိုးဟာ ရွှေမိုးငွေမိုးပါပဲ ။ ခပ်သဲသဲ ရွာစေချင်တယ် ။ ရာပြည့်ကွင်းထဲမှာ မိုးမိချင်မိလိမ့်မယ် ။ ကိစ္စမရှိပါဘူး ။ မိုးရွာ ထဲမှာပဲ မိုးစိုစိုနဲ့ ကိုယ်စိတ် ပေါ့ပါးသွားအောင် ခံစားနေရတာတွေကို အော်ဟစ်ပစ်လိုက် မယ် ။
ဆရာဝန် က ဝမ်းဘီဒီ လို့ ရေးပေးလိုက်ရင် တစ်နေ့မှာ နှစ်ကြိမ် သောက်စရာဆေး ၊ တစ်ခါသောက်တစ်လုံးနှုန်းနဲ့ ဆေးနှစ်လုံးကို စက္ကူအိတ်လေး ထဲထည့်ပေးလိုက် ၊ ဝမ်းတီ ဒီအက်စ်ဆိုရင် တစ်နေ့တစ်လုံး သုံးကြိမ်စာ ဆေးကိုထုပ်ပေးလိုက်နဲ့ ။ ဆေးတွေ မပျောက် အောင် စောင့်ကြည့်နေတဲ့မျက်လုံးတွေအောက်မှာကျွန်တော်ဟာ အေဘီစီဒီနဲ့ ဝမ်းတူးသရီး ဖိုး လောက်ပဲ တတ်တဲ့လူတိုင်းလုပ်နိုင်တဲ့အလုပ်နဲ့ပဲ အရိုးထုတ်ရတော့မှာလား ။ ဒီလိုနဲ့ပဲ ကွန်ပေါင်ဒါတွေ ဟာ ရှားပါးပြီး မျိုးတုံးတော့မယ် ထင်တယ် ။ ကွန်ပေါင်ဒါသင်တန်းမှာ အတူ တက်ခဲ့တဲ့ ကိုလှမြင့်တို့ ကိုဝင်းဆွေတို့ ၊ ကိုအုန်းမောင်တို့ ၊ ကိုစောဝင်းတို့ ၊ ကိုသန်းမောင် တို့ကို သတိရ နေမိတယ် ။ သူတို့လည်း ဆေးစပ်တဲ့လူ မဟုတ်တော့ဘဲ ဆေးပေးရတဲ့သူတွေ ဖြစ်နေမှာ သေချာလှတယ် ။
‘ တကျွီကျွီ ’ နဲ့ နင်းလာရင်းနဲ့ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ရှေ့ကို ရောက်သွားတယ် ။ ကျွန်တော် တွေးနေ စိတ်ကူးနေတာတွေဟာ ပေါက်ကွဲသွားတဲ့ မိုင်းစတွေလို လွင့်စဉ်သွား တယ် ။
ကျွန်တော့် ကို ရတနာပုံတိရစ္ဆာန်ဥယျာဉ်က ညို့ထားတယ် ။ တိရစ္ဆာန်ရုံဆိုတာ လူတွေ လာပြီးအပန်းဖြေ အနားယူတဲ့ နေရာ တစ်ခုပါကလား ။ ပြီးတော့ ရှားပါးစပြုတဲ့ သတ္တဝါ တွေကို ပြုစု ထိန်းသိမ်းတဲ့ နေရာလည်း ဟုတ်တယ် ။ အခုမှ ဖွင့်ခါစမို့ သစ်ပင်ဝါးပင် ကြီးကြီး မားမားလည်း မရှိသေးဘူး ။ သံဆူးကြိုး ကာထားတာမို့ တချို့ ငှက်ကလေးတွေကို ကတ္တရာ လမ်းပေါ်က လှမ်းမြင်နေရတယ် ။ တချို့နေရာမှာ ပန်းပင်လှလှလေးတွေ စိုက်ပျိုးထားတယ် ။ ပြောင်းဖူးပင်လည်း စိုက်ထားတယ် ။ နေကြာပွင့်တွေလည်း ဟိုနားနည်းနည်း ဒီမှာနည်း နည်း ပွင့်နေကြရဲ့ ။ ပန်းစက္ကူပင်တွေလည်း အရောင်စုံ ပွင့်နေကြတယ် ။
အလို - ဟိုမှာ ဖန်းနီးမေရာ Funny Mirror ပျော်စရာ မှန်ကွေးတစ်ချပ်ပါလား ။ မှန်ပေါင်က ထိုင်းဒစ္စကို ရွှေပေါင်ကွပ်လို့ ။ တိရစ္ဆာန်ရုံ ကို လာလည်တဲ့ လူတွေ ပုံပျက်ပန်းပျက် ဖြစ်နေကြပုံကိုကြည့်ပြီး ပျော်ရအောင် စီစဉ်ထားတာထင်ပါရဲ့ ။
ဟ - မှန်ထဲက လူပုံကြီးက ... ဟာ ကျွန်တော့် ပုံကြီးပါလား ။ ခေါင်းက ပြားချပ် ချပ် ၊ ကိုယ်လုံးက ပိန်ရှည်ရှည် ခပ်ရွဲ့ရွဲ့ ယိုင်တိုင်တိုင်နဲ့ ။
အံမယ်လေး ... ကိုးရိုးကားရားနဲ့ ၊ ကိုယ့် ပုံကိုကြည့်ပြီး ယောင်ရယ်မိတော့မလို့ ။
▢ ညီပုလေး
📖 မဟေသီမဂ္ဂဇင်း
၁၉၈၉ ၊ သြဂုတ်
No comments:
Post a Comment