❝ မလေးလက်ခတ်သံ ❞
( သိန်းဖေမြင့် )
တစ်ခုသော ချည်မျှင်နှင့် အထည်စက်ရုံ ၌ တစ်လတာ လုပ်အားပေးရမည် ဟုဆိုသော အခါ မောင်မင်းကြည် ၏ နားထဲ တွင် ရေဒီယို မှ မကြာခဏ လာလေ့ရှိသော “ မလေးလက် ခတ်သံ ၊ ပျိုလေး လက်ခတ်သံ ၊ တညံညံ မြည်သံမစဲ ၊ ပွဲတော်နီးပြန် ” ဟူသော သီချင်းသံကို ကြား ယောင်မိလေသည် ။ သူ့ စိတ်သည် သာယာမြူးကြွသော ဂီတလှိုင်းကိုစီးကာ ယစ်မူးလှုပ်ရှား နေလေသည် ။
သူ မရောက်ဖူးသေးသော အဆိုပါ ချည်မျှင်နှင့် အထည်စက်ရုံ ကို အမျိုးမျိုး စိတ်ကူး ကြည့်နေလေသည် ။
သူ တကယ် စက်ရုံသို့ ရောက်သွားသောအခါ သာယာငြိမ့်ညောင်းသော မလေး လက်ခတ်သံ ကို မကြားရ ၊ လုံးထွေး ဆူညံနေသော စက်လှုပ်ရှားသံ ကို သာ ကြားရလေသည် ။
ထို စက်ရုံတွင် စက်ခုတ်မောင်းသံကား မဆူညံလှပါ ၊ လျှပ်စစ်ဓာတ်အား နှင့် ခုတ်မောင်း သောကြောင့် အုပ်အုပ်ဆိုင်းဆိုင်း စက်သံ ကိုသာ ကြားရသည် ။ သို့သော် ချာလပတ်လည် နေသော ရစ်တိုင်များ ၊ ခေါက်တုံ့ ခေါက်ပြန် ပြေးလွှားနေသော လွန်းပျံများ ၊ လှိမ့်လည်နေ သော သံတလိမ့်များ စသည်တို့ကြောင့် စက်ရုံတွင်းမှာ ထွေးလုံး ဆူညံသော အသံ ဖြစ်ပေါ်နေ ပေသည် ။
မောင်မင်းကြည် သည် ငယ်စဉ်က ခရီးတစ်သောင်း က ကြားအောင် ရက်ကန်းခတ် လေ့ရှိသော မယ်ဥ ကို ချစ်မုန်းမာန်ယစ်နေသော ရွှေဖျဉ်းကြီး ရွှေဖျင်းငယ် တို့က ကျားနှင့် တိုက်သည့် ပုံပြင်ကို ကြားဖူး၏ ။ မောင်မင်းကြည် အတော်ကလေး ကြီးလာတော့ မလေးလက်ခတ်သံ နှင့် သာယာလှသော ကျေးရွာ၏ ဘဝကို စိတ်ကူးယဉ်ကြည့်ဖူး၏ ။ ယခု မောင်မင်းကြည် စက်ရုံတွင်း သို့ ရောက်သောအခါ အသံဗလံတွေ ကြားတွင် စက်ရုံ ဟူသည်မှာ စိတ်ကူးယဉ် တိုင်းပြည် တစ်ခု မဟုတ်ပါတကား ဟု သိလာရပေသည် ။
တက္ကသိုလ်ဝင်စာမေးပွဲအောင်သော ကျောင်းသားတို့ သည် တက္ကသိုလ်သို့ မဝင်မီ စက်ရုံမှာ စက်ဆီလူးသော အတွေ့ အကြုံ ရှိထားရမည် ။ အလုပ်စခန်း မှ ဖုန်မှုန့်များဖြင့် ပေကျံသော အတွေ့အကြုံ ရှိခဲ့ရမည် စသည်ဖြင့် အထက်တန်း ပညာရေး အာဏာပိုင် အချို့က ကြွေးကြော် ခဲ့သည် ။ မောင်မင်းကြည် သည် ၃ ဘာသာ ဂုဏ်ထူးဖြင့် အောင်ထားသည် ။ စက်မှုတက္ကသိုလ် သို့ ဝင်ခွင့်ရရန် လျှောက်ထား၍ ရမည်မှာ သေချာသည် ။ ယခု ချည်မျှင်နှင့် အထည်စက်ရုံ တွင် လုပ်အားပေးခွင့် ရသောကြောင့် စက်ဆီလူးသော အတွေ့အကြုံ ၊ ဖုန်မှုန့် ပေကျံသော အတွေ့ အကြုံများ ရတော့မည်ဟု ယုံကြည်ကာ စိတ်အား ထက်သန်စွာနှင့် စက်ရုံတွင်း ဝင်ခဲ့လေသည် ။ သို့သော် သူတို့ လုပ်အားပေး ကျောင်းသားတွေ ကို လက်ခံ၍ နေရာ ချထားပေးရသော မန်နေဂျာက သူတို့ကို အလုပ်တာဝန် သတ်သတ်မှတ်မှတ် မပေးဘဲ တောက်တိုမည်ရ ၊ ဆေးပေးမီးယူ အလုပ်မျိုးကို ချထားပေးသော အခါ မောင်မင်းကြည် မကျေနပ်ချေ ။ သို့သော် ကန့်ကွက်ခြင်း လည်း မပြု ၊ စိတ်ဓာတ် လည်း မကျပါ ၊ တက္ကသိုလ် ဝင်စာမေးပွဲ ကို ကောင်းစွာ အောင်မြင်ထားသည် ဆိုကတည်းက သူတို့ တစ်တွေသည် အောင်မြင်မှု အတွက် ဂုဏ်ယူကြသည် ။ စိတ်ဓာတ်တက်ကြွ မြူးပျော်ကြသည် ။ ရှေ့ရေးမှာ မျှော်လင့်ချက်ကြီးစွာ ထားကြသည် ။ မန်နေဂျာ က ရေအေး နှင့် ဆီးပက်သော်လည်း ဤအရှိန် အဟုန်သည် ကုန်ဦးမည်မဟုတ်ချေ ၊ ကုန်ဖို့ မဆိုထားနှင့် လျှော့ပင် လျှော့ဦးမည် မဟုတ်ချေ ။
မောင်မင်းကြည် အပါအဝင် ကျောင်းသား ၅ ယောက် ဤစက်ရုံသို့ လုပ်အားပေး
ဆင်းခဲ့ကြရာ တစ်ယောက် မှလွဲ၍ အားလုံးပင် မညည်းမညူဘဲ ၊ တောက်တိုမည်ရ ဆေးပေး မီးယူ ခိုင်းသမျှကို လုပ်ကြလေသည် ။
ဤစက်ရုံသည် ပြည်သူပိုင် လုပ်ထားသော စက်ရုံ ဖြစ်၏ ။ အလုပ်သမား ၂ဝဝ ကျော် ၃ဝဝ မျှ အလုပ်လုပ်သည် ။ ပြည်သူပိုင်လုပ်စဉ် က ပါလာသော ကုန်ပစ္စည်း အတော်များများ ယခုထိ ရေတွက်တိုင်းထွာ စစ်ဆေးခြင်းမပြုရသေးချေ ။ ဂိုထောင် ထဲမှာ လည်းကောင်း ၊ ဂိုထောင် မဟုတ်သော နေရာလွတ် ချောင်ကြိုချောင်ကြားများမှာလည်းကောင်း စုပုံနေလေသည် ။
မောင်မင်းကြည် တို့လူစုသည် ထို ကုန်ပစ္စည်းများ ကို စစ်ဆေးကြည့်ရှုကြရ၏ ။ ရေတွက်ကြရ၏ ၊ တိုင်းထွာကြရ၏ ၊ ချိန်တွယ်ကြရ၏ ၊ အပျက်အစီးများ ကို ဖယ်ထုတ်ကြ ရ၏ ။ သို့ဖြင့် ပထမ ရက်သတ္တပတ် တွင် သူတို့တစ်တွေသည် အလုပ်ကောင်းကောင်း လုပ် လိုက်ကြရသည် ။ စက်ဆီလူးသော အတွေ့ အကြုံ ကို မရလိုက်သည့် တိုင်အောင် ဖုန်မှုန့် ပေကျံသော အတွေ့ အကြုံကို ရလိုက်ကြသည် ။
ထိုရက်သတ္တပတ် အတွင်း သူတို့ ဘာသာ သူတို့ အလုပ် လုပ်နေကြရပြီး ၊ စက်ရုံမှ အခြား အလုပ်သမားများနှင့် မထိမတွေ့ရသလောက်ဖြစ်လေသည် ။ မန်နေဂျာ ကိုယ်စား အလုပ် ခွဲဝေချထားသော အလုပ်ကြပ် ဒေါ်စောမြင့် နှင့် ဂိုထောင်စောင့် ဦးလှဖေ တို့ကိုသာ ထိတွေ့ကြရလေသည် ။ ဒေါ်စောမြင့် ကား အသက် ၄၀ လောက် ရှိပြီး သွက်သွက်လက်လက် ချက်ချက်ချာချာနှင့် စိတ်ဝင်စားဖွယ် ကောင်း၏ ။ ဦးလှဖေ မှာမူ အသက် ၅ဝ ကျော် လောက်ရှိပြီး အသက် မပါသော လှုပ်ရှားမှုဖြင့် လှုပ်ရှားကာ ဝတ်ကျေတိုင်းကုန် အလုပ်လုပ် နေသူ ဖြစ်လေသည် ။ မောင်မင်းကြည် တို့ လူစုသည် ဦးလှဖေ ၏ ဘဝ တွင် စိတ်ဝင်စားမှု မရှိ ကြပေ ။
နောက်ရက်သတ္တပတ်သို့ ရောက်သောအခါ မောင်မင်းကြည် တို့ လူစုသည် အလုပ် တက်ချိန်ရောက်၍သာ အလုပ်တက်လိုက်ရသည် ။ အလုပ်ချိန် ပထမနာရီမှာ ဘာမျှ လုပ်စရာ မရှိ ။ ဟိုယောင်ယောင် သည်ယောင်ယောင် လျှောက်သွားပြီးနောက် မန်နေဂျာ၏ အခန်း ပေါက်ဝ အုတ်ခုံပေါ်မှာ သွားထိုင်နေကြရလေသည် ။ မန်နေဂျာ သည် အစည်းအဝေးသွားနေသည်ဆို၏ ။ အတန်ကြာမှ အလုပ်ကြပ် ဒေါ်စောမြင့် ရောက်လာပြီး ၊ အလုပ် ပျက်ကွက် သူများကို အစားထိုးရန် မောင်မင်းကြည် တို့ လူစု ကို အလုပ်ခွဲဝေ ချထားလိုက်လေသည် ။
မောင်မင်းကြည် သည် ရက်ကန်းဌာန နှင့် ချည်မျှင်ဌာန ကြားတွင် ကုန်ပို့ရသော အလုပ် ကို လုပ်ရလေသည် ။ လက်တွန်းလှည်းကလေး ပေါ်တွင် ရက်ဖောက်များ ၊ တညင်းလုံးများ စသည်တို့ကို တင်၍ ပို့ဆောင်ရ၏ ။
အလုပ်သမားများ မှာ အားလုံးလိုလို ၊ အမျိုးသမီးများချည်းဖြစ်၏ ။ သူတို့သည် ခေါင်း ကို ပဝါဖြူများနှင့် စည်းထားကြ၏ ။ သို့မဟုတ် အဝတ်ဖြူ သံပရာခွံဦးထုပ်များ ဆောင်းထားကြ၏ ။ အင်္ကျီလုံချည် မညစ်ပေစေရန် ကိုယ်ရှေ့ပိုင်းကို အဝတ်ဖုံး ထားကြ ၏ ။ အချို့ အလုပ်သမများ မှာ ဂွမ်းမှုန်ချည်မှုန်နှင့် အခြားဖုန်မှုန့် များ မဝင်အောင် နှာခေါင်း နှင့် ပါးစပ် ကို အဝတ်စ နှင့် ဖုံးထားကြ၏ ။
မောင်မင်းကြည် သည် သူတို့ အုပ်လိုက် သိမ်းကျုံး၍ သာ ကြည့်လိုက်သည် ၊ တစ်ဦးစီ တစ်ယောက်စီ ကို မကြည့် ။
မောင်မင်းကြည် ကား အသက် ၁၇ နှစ် ရှိလေပြီ ၊ ဆန့်ကျင်ဘက်လိင်တွင် များစွာ စိတ်ဝင်စားသော အရွယ်ဖြစ်၏ ။ သို့သော် ရစ်တိုင်များအနီးတွင်လည်းကောင်း ၊ ရက်ဖောက် စင်များရှေ့တွင်လည်းကောင်း ၊ ရက်ကန်းစင် တွင်လည်းကောင်း ၊ အလုပ် လုပ်နေသော ထိုမိန်းမများကိုကား စိတ်မဝင်စားမိချေ ။ သူတို့တစ်တွေသည် ရုပ်ရည်နှင့် ပုံသဏ္ဌာန် မပေါ် အောင် ဝတ်ထားပြီး စက်ရုပ်ဆန်စွာ လှုပ်ရှားနေကြသော “ မိန်းမတွေ ” သာဖြစ်သည် ။ ထို့ပြင် မောင်မင်းကြည် သည် အားလုံးကို အလုပ်ကြပ် ဒေါ်စောမြင့် လောက် ကြီးသော မိန်းမ ကြီးတွေ ဟုသာ မှတ်ယူ ထားလိုက်၏ ။
ထို့ကြောင့် မောင်မင်းကြည် သည် စက်ရုံထဲတွင် ဘယ်သူ့ကိုမျှ စိတ်မဝင်စားဘဲ ၊ သူ့ အလုပ် မှာသာသူ စိတ်ဝင်စားပြီး စူးစိုက် လုပ်ကိုင်နေ၏ ။ ကုန်ပစ္စည်းတွေကို လက်တွန်း လှည်းပေါ် တင်လိုက် ၊ သယ်ပို့လိုက် ချလိုက် ။
သူ အလုပ် လုပ်သော အရှိန်အဟုန်မှာ ပထမ ၂ နာရီတွင် ကျသည် မရှိ တိုးသည် သာ ရှိ၏ ။ နောက်နာရီများတွင် အရှိန်အဟုန် အနည်းငယ် လျော့သွားသည် ။ သို့သော် သူ သည် တစ်ခေါက် တစ်ခေါက်လျှင် လှည်းပေါ်သို့ ကုန်ပိုတင်ခြင်း အားဖြင့် အရှိန်အဟုန် လျော့သည့် လျော့တွက်ကို ဖြည့် လိုက်ခဲ့လေသည် ။ မောင်မင်းကြည် သည် ထိုသို့ စိတ်ပါ လက်ပါလုပ်ရင်း ပျော်လာလေသည် ။ တစ်ကြိမ်တွင် လှည်း ပေါ်၌ ရက်ဖောက်များနှင့် တညင်းလုံးများ ကို လောဘတကြီး တင်၍ တွန်းလာလေရာ အောက်သို့ ကျကုန်လေသည် ။ ရက်ဖောက် နှင့် တညင်းလုံးများသည် ကြမ်းပြင်ပေါ်တွင် လိမ့်ကျသွားကြ၏ ။ ထိုအခိုက် အလုပ်သူမ တစ်ဦးသည် လုပ်ငန်းခွင် မှ ထွက်လာကာ ပြန့်ကျဲ ဖြစ်နေသော ရက်ဖောက် နှင့် တညင်းလုံး များကို ကောက်ပေးလေသည် ။
ထိုအမျိုးသမီး သည် သူတို့ လုပ်ငန်းခွင် တွင် ဝင် အလုပ်လုပ်နေသော မောင်မင်းကြည် ကို စိတ်ဝင်စား နေခဲ့သည် ။ တစေ့တစောင်း အကဲခတ် ကြည့်နေခဲ့သည် ။ အရပ်အမောင်း ထိုးတက်နေသော ၊ လက်မောင်းနှင့် ရင်အုပ်ကြွက်သားများ ဖောင်းကြွနေသော ၊ ဖျတ်လတ် စွာ လှုပ်ရှားနေသော မောင်မင်းကြည် သည် များစွာသော မိန်းမလျာကျောင်းသားများနှင့် ခြားနားနေကြောင်း သတိပြုမိခဲ့သည် ။ အရှိန်ကောင်းကောင်း နှင့် သူ အလုပ် လုပ်နေသည်ကို သဘောကျနေခဲ့သည် ။ ထို့ကြောင့် ရက်ဖောက် နှင့် တညင်းလုံးများ လိမ့်ကျကုန်၍ မောင်မင်းကြည် လိုက် ကောက်နေရာတွင် ဝင်ကူလိုက်မိခြင်း ဖြစ်သည် ။ ထိုသို့ ဝင် ကူစဉ် က သူမ သည် နှာခေါင်းနှင့် ပါးစပ် ကို ဖုံးထားသော ပိတ်စကို ဖြုတ်ထားခဲ့၏ ။
မောင်မင်းကြည် သည် ကျေးဇူးတင်ရှိစွာနှင့် သူမ ၏ မျက်နှာကို ကြည့်လိုက်မိလေ သည် ။ အသားညိုစိမ့်စိမ့် ၊ မျက်လုံးမျက်ဖန်ကောင်းကောင်း ၊ နှာခေါင်းနှာတံ ပေါ်ပေါ်လွင်လွင် ၊ ပါးစပ်လှလှ နှင့် သွားလှလှ ပိုင်ရှင် ဖြစ်ကြောင်း တွေ့ ရလေသည် ။ သို့သော် မောင်မင်းကြည် အံ့သြရသည်မှာ ရုပ်မဟုတ် အရွယ် ဖြစ်လေသည် ။ သူမ သည် မောင်မင်းကြည် ထင်သလို အလုပ်ကြပ် ဒေါ်စောမြင့် တို့ အရွယ် မဟုတ် ၊ ၁၈ နှစ် ၁၉ နှစ် ပျိုမျစ်လှသောအရွယ် ဖြစ် လေသည် ။
ရက်ဖောက် နှင့် တညင်းလုံးများကို လိုက်ကောက်ရင်း ထို မိန်းကလေးသည် ထိုင်လိုက် ထလိုက် ၊ ကုန်းလိုက်ကွလိုက် လုပ်ရသည် ဖြစ်ရာ ကိုယ်ရှေ့ပိုင်းကို အဝတ်ဖုံးထားသော စက်ရုပ် မဟုတ်တော့ချေ ၊ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည် အချိုးအစား ကျနပြေပြစ် သော မိန်းမချော တစ်ယောက် ဖြစ်နေလေသည် ။ စက်ရုံက အလုပ်သူမနှင့် အထက်တန်း သို့မဟုတ် တက္ကသိုလ်ကျောင်းသူ ဘာခြားသေးသနည်းဟု မောင်မင်းကြည် သည် ကိုယ့်ဘာသာ မေးခွန်း ထုတ်နေမိလေ၏ ။
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထွက် ကတည်းက မောင်မင်းကြည် သည် စာမေးပွဲ ကျကျန်ရစ်ခဲ့သော ကျောင်းသူကလေးများကိုသော်လည်းကောင်း ၊ အခြား အ.ထ.က ကျောင်း သူကလေးများ ကို သော် လည်းကောင်း ၊ သိပ် အရေးမစိုက် ချင်တော့ချေ ။ တက္ကသိုလ်ကျောင်းကြီး များတွင် တွေ့တော့မည့် အလှပဂေး ၊ ကျော့ယဉ်ကျေးကလေးများသာ မှန်းမျှော် မော့ကြည့် နေခဲ့သည် ။ ထို့ကြောင့် စက်ရုံ က “ မိန်းမတွေ ” ကို စိတ်မဝင်စားခဲ့မိသည်မှာ သဘာဝကျ ပေသည် ။ သို့သော် ယခုတော့ တစ်ထစ် လျော့သွားပေပြီ ။ စက်ရုံက အလုပ်သူမကလေး နှင့် အ.ထ.က ကျောင်းသူ သို့မဟုတ် တက္ကသိုလ်ကျောင်းသူ ဘာများ ခြားပါသေးသနည်း ။
ခြားနားသည်ကား အဝတ်အစားနှင့် ပတ်ဝန်းကျင် သာတည်း ။ စက်ရုံလုပ်ငန်းခွင် နှင့် ကျောင်းစာသင်ခန်း သာတည်း ။
လိမ့်ကျသော ပစ္စည်းများ ကို လှည်းပေါ်သို့ အကုန် ပြန်တင်လိုက်လျှင် ထပ်ပြီး လိမ့်ကျ နိုင်လေသောကြောင့် အချို့ကိုသာ ပြန်တင်ပြီး မောင်မင်းကြည် က လှည်း ကို တွန်းသွားသည် ။ ထို မိန်းကလေး က ကျန် ပစ္စည်းများ ကို ပွေ့ပိုက်ပြီး လိုက်ပို့လေသည် ။ ဘေးက အလုပ်သူမ များသည် သူတို့ ဘက်သို့ လှည့်ကြည့်ကြသည် ကတော့ အမှန်ပင် ။ သို့သော် ပြုံးပြကြ သလား ၊ မေးငေါ့ ပြကြသလား ၊ ဘာလားတော့ မပြောနိုင်ပေ ။ မျက်နှာ တစ်ပိုင်းကို အဝတ်နှင့် ဖုံးထားသော သူမ တို့၏ အမူအရာကို အကဲခတ်ရန် မလွယ်ကူပါ ။ မောင်မင်းကြည် နှင့် ထိုမိန်းကလေးသည် ပတ်ဝန်းကျင် လူများ ကိုလည်း ဂရုစိုက် မနေကြပါ ။ မောင်မင်းကြည် က သူတို့ စက်ရုံ၏ အလုပ်ကို လာပြီး ဝိုင်းလုပ် ပေးနေသည် ။ ထိုမိန်းကလေးက မောင်မင်းကြည် အလုပ်လုပ်ရင်း မနိုင်မနင်း ဖြစ်နေသည်ကို ဝိုင်းကူညီသည် ။ တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် ကူညီရမည် မဟုတ်ပါလား ။
မောင်မင်းကြည်
“ ကျေးဇူးတင်လိုက်တာဗျာ .... ”
ထိုသူငယ်မ
“ ကိစ္စမရှိပါဘူး .. ”
“ နာမည် ဘယ်လိုခေါ်သလဲ... ”
“ မိမိလတ် လို့ ခေါ်ပါတယ်... ”
မောင်မင်းကြည် အံ့သြရပြန်ပြီ ၊ စက်ရုံအလုပ် သူမ နာမည် က မိမိလတ် တဲ့ ။ မခင်အေး ၊ မကြွေ ၊ မငွေစိန် စသော နာမည် ရိုးရိုးစင်းစင်းများ မဟုတ်ပါတကား ။
သို့ဖြင့် မောင်မင်းကြည် နှင့် မိမိလတ် တို့ သိကျွမ်း သွားကြလေသည် ။
နောက်နေ့များ တွင်လည်း သယ်ပို့ အလုပ်သမားကြီး အလုပ် ပျက်ကွက် နေလေသဖြင့် မောင်မင်းကြည် ပင် အစားထိုး လုပ်ကိုင်ရ လေသည် ။
သို့ဖြင့် မောင်မင်းကြည် နှင့် မိမိလတ် တို့သည် အလုပ်အတူ လုပ်ရသော ရဲဘော် ရဲဘက်များ အဖြစ်သို့ ရောက်သွားလေသည် ။ မောင်မင်းကြည် သည် မိမိလတ် မှတစ်ဆင့် အခြား အလုပ်သူမများ ၊ အလုပ်သမားများ နှင့် ရင်းနှီးသွားလေသည် ။
လုပ်ငန်းခွင် အခြေအနေနှင့် အလုပ်သမားများ၏ လူနေမှုဘဝကို တစ်စတစ်စ နားလည်ခွင့် ရသွားလေသည် ။ လူတစ်ကိုယ် တစ်နေ့ ချည်မျှင်ဘယ်နှပေါင် ပြီးသည် ။ အထည် ဘယ်နှကိုက် ပြီးသည် ။ လူ တစ်ယောက် ရက်ကန်း ဘယ်နှစင် ထိန်းနိုင်သည် ။ လူတစ် ကိုယ် တစ်နေ့လုပ်ခ မည်မျှ ၊ တစ်လ လုပ်ခ မည်ရွေ့မည်မျှ ၊ အခြေခံ လစာ ၊ ရှားပါးစရိတ် ၊ အပို ကုန်ထုတ်လုပ်မှုဆု စသော ကုန်ထုတ်လုပ်မှု အခြေအနေများကိုသာမက ၊ သူတို့ တစ်တွေ ဘယ်ပုံဘယ်နည်း စားသောက်နေကြသည် ၊ ဘယ်လိုနေထိုင်ကြသည် ၊ အားလပ်ရက် ကို မည်သို့ ခံစားကြသည် ၊ သုံးစွဲကြသည် ၊ မည်သည့် စာအုပ် ကို ဖတ်ပြီး မည်သည့်ရုပ်ရှင်ကို ကြည့်ကြ သည် ။ မည်သို့ ဆေးဝါးကို ကုသကြသည် စသော လူနေမှု ဘဝအခြေအနေ ၊ သူတို့၏ ဘဝနှင့် မိဘများ ၏ လုပ်ငန်းခွင် အခြေအနေ ၊ လူနေမှုဘဝတို့ ကွာဟခြားနားမှုတို့ ထင်ထင်ရှားရှား မြင်ရသည် ။
အလုပ်သမားများ ၏ ဝင်ငွေကား နိမ့်ကျလှသည် ၊ သတ်မှတ်ထားသော အလုပ်စံ ချိန်ထက် များစွာပိုထုတ်လုပ်သော အလုပ်သမား ၏ ဝင်ငွေ သည်ပင် မမြင့်လှချေ ။ သို့သော် ကုန်ဈေးနှုန်းများ ကား တက်ပြီးရင်း တက်နေ၏ ။ အထူးသဖြင့် ဆန်ဈေး ၊ ဆီဈေး ၊ သားငါး ဈေး စသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများ တက်ခြင်းသည် အလုပ်သမားများ ( ကုန်ထုတ်လုပ်မှုကို တိုက်ရိုက် လုပ်နေသူများ ) ကို များစွာထိခိုက်နေ၏ ။ ထိုအခြေအနေ များကို အလုပ်သမားများ မည်သို့ ရင်ဆိုင်နေကြသနည်း ။ ယခင်က သူတစ်ခါမျှ အရေးတယူ မစဉ်းစားမိခဲ့ ၊ ယခုမူ စဉ်းစား နေမိလေပြီ ။ မေးမြန်းစုံစမ်းနေမိလေပြီ ၊ အကဲခတ်လေ့လာ နေမိလေပြီ ။
လုပ်အားပေး ကာလ ပထမပိုင်းတုန်းက ထမင်းစားချိန် အလုပ် ဆင်းလျှင် သူသည် အိမ်သို့ ပြန်နိုင်လျှင် ပြန်သည် ။ အိမ် မပြန်နိုင်လျှင် စက်ရုံအနီးရှိ ဆိုင်တစ်ဆိုင်သွား၍ ဝယ်စား သည် ။ နောက်ပိုင်းကျတော့ အလုပ်သမားများနှင့် အတူ သက်သာချောင်ချိရေးဆိုင်သို့ လိုက်သွား သည် ၊ အလုပ်သမားတွေ စားသလို စားသည် ၊ တစ်ခါတစ်ခါ အလုပ်သမား အချို့ အိမ်မှယူလာ သော ထမင်းထုပ်များကို ဖြေစား နေကြသည်ကို သွားကြည့်နေမိသည် ။ မည်မျှဆင်းရဲ ချို့တဲ့ ကြသနည်း ။ မောင်မင်းကြည် သည် အိမ်ပြန် ရောက်သည်အထိ ဆင်းရဲသား အလုပ်သမား များ အတွက် ရင်ဖိုနေမိလေ၏ ။
မောင်မင်းကြည် သည် ယခင်က မိမိနှင့် ကပ်နေသော ပတ်ဝန်းကျင် ကိုသာ လူ့လောက ဟု ထင်မှတ်ကာ မိမိ၏ ပတ်ဝန်းကျင် ကိုပင် လူ့လောက တစ်ခုလုံး ဖြစ်နေသည်ဟု ယူဆ ခဲ့၏ ။ ယခုသော် လူ့လောက သည် မိမိ နှင့် ကပ်နေသော ပတ်ဝန်းကျင်ထက် များစွာပိုကျယ် ကြောင်း ၊ များစွာပိုထွေပြားကြောင်း မိမိလတ် နှင့် အလုပ်သမားများ၏ ပတ်ဝန်းကျင်သည် လူ့လောက ၏ ကြီးမားသော အစိတ်အပိုင်း ဖြစ်ကြောင်း သိစပြုလာလေသည် ။
သူ အံ့သြမဆုံးဖြစ်ရသော အခြင်းအရာမှာ အလုပ်သမားများ သည် မည်မျှခက်ခဲ သော လူနေမှုဘဝ အခြေအနေတို့ကို ရင်ဆိုင်ရသည်ဖြစ်စေ မိမိတို့ ရည်မှန်းချက် အောင်မြင်ရေး အတွက် စက်ရုံ ၊ အလုပ်ရုံ အလုပ်စခန်းများတွင် ဆက်လက် ကုန်ထုတ်လုပ်မှု ပြုနေကြ ခြင်းဖြစ်လေသည် ။
တတိယ ရက်သတ္တပတ် တွင် မိမိလတ် တို့ဌာနမှ သယ်ပို့ အလုပ်သမားကြီး အလုပ် တက်သဖြင့် မောင်မင်းကြည် သည် ထိုဌာနမှာ အလုပ် မလုပ်ရတော့ချေ ။ အလုပ်သမားရေးရာ သင်တန်း သွား တက်ရသော အချိန်မှတ် စာရေး ၏ နေရာမှာ ပြောင်းရွှေ့၍ အလုပ်လုပ်ရ၏ ။ အချိန်မှတ် စာရေး ၏ အလုပ်မှာ ပျင်းစရာ ကောင်းလှသည် ။ အပေါက်ဝမှာ ထိုင်ပြီး အလုပ်သမား များ အဝင်အထွက်ကို အချိန်မှတ်ရသည် ။ နံပါတ်ပြား ဖြုတ်ရ ၊ ချိတ်ရသည် ။ စာဖတ်ချိန် တော့ ရပါ၏ ။ သို့သော် စာဖတ်ချင်လို့ စက်ရုံသို့ လုပ်အားပေး ရောက်ခဲ့ခြင်း မဟုတ်ပါ ။ စက်ရုံတွင်း မှာ စိတ်ပါဝင်စားဖွယ် ကောင်းသော ကုန်ထုတ်လုပ်ငန်းများ ကိုသာ လုပ်ချင်ပါ သည် ။ ထို့အပြင် သူ့အဖို့ အခွင့်အရေး တစ်ခု ဆုံးရှုံးနေသည် ။ မိမိလတ် နှင့် အလုပ် အတူတူ မလုပ်ရခြင်းဖြစ်လေသည် ။
မိမိလတ် နှင့် အလုပ်တူတူ မလုပ်သောကြောင့် မောင်မင်းကြည် ၏ ပျင်းရိဖွယ် ကောင်းသော အချိန်မှတ် စာရေး အလုပ်မှာ ပို၍ ပျင်းရိစရာ ကောင်းနေ၏ ။ သူ၏ စက်ရုံတွင်း ဘဝ ဟာတာတာကြီး ဖြစ်နေ၏ ။ အလုပ်အတူ မလုပ်ရလျှင်လည်း ရှိစေတော့ ထမင်းစားချိန် အတူ ဆုံရလျှင် ကောင်းလေစွဟု အကြံ ဖြစ်လေသည် ။
မိမိလတ် သည် အိမ်မှ ထမင်း ထုပ်ယူခဲ့ပြီး ၊ စက်ရုံက ထမင်းစားချိန် ရပ်နားပေး သောအခါမှ ထမင်းစားသူ ဖြစ်လေသည် ။ မောင်မင်းကြည် သည်လည်း အိမ်မှ ထမင်းထုပ်၍ ယူခဲ့လေသည် ။ သူ့ မိဘများက သူ ထမင်းထုပ်ကလေး ကိုင်ပြီး အလုပ်ဆင်းသွားသောအခါ “ ကြံကြံ ဖန်ဖန်ကွယ်… ” ဟု ဆိုပြီး ရယ်မောနေခဲ့ ကြလေသည် ။
ထမင်းစားချိန် တွင် အလုပ်သမား အမျိုးသား အမျိုးသမီးများ သည် သက်သာ ချောင်ချိရေးဆိုင် တွင် လည်းကောင်း ၊ အပန်းဖြေ ရိပ်သာတွင် လည်းကောင်း ၊ အခြား အရိပ်အာဝါသ တစ်ခုခုတွင်လည်းကောင်း ထမင်းထုပ်ကို ဖြေ၍ စားကြလေသည် ။ မောင်မင်းကြည် နှင့် မိမိလတ် တို့သည် သက်သာချောင်ချိရေးဆိုင်ရှိ ချောင်ကျသော ခုံတစ်ခုံတွင် ကိုယ့် ထမင်းထုပ် နှင့်ကိုယ် စားကြသည် ။ ဆိုင်မှ အရည်သောက် ဟင်းနှင့် အချိုပွဲတို့ ကိုသာ ဝယ်ကြ ရသည် ။ စကား တပြောပြောနှင့် ထမင်းလက်ဆုံစားရင်း နှစ်ယောက်လုံး ကြည်နူးကြရ သည် ။ မောင်မင်းကြည် က မိမိလတ် ၏ မိဘများ အကြောင်းနှင့် မိမိလတ် အကြောင်းများ ကိုမေးသည် ။ သူ တစ်ထွာ မေးလျှင် သူမ က တံတောင် ဖြေသည် ။ မိမိလတ် ၏ အဖေသည် သစ်စက်အလုပ်သမားကြီး ဖြစ်သည် ။ သားသမီးတွေ များသဖြင့် အဖေ့ လုပ်စာနှင့် မစား လောက်သောကြောင့် အမေ က ဈေးရောင်းသည် ။ မိမိလတ် အထက် တစ်ယောက်ရှိရာ ၊ အိမ်ထောင်ကွဲ ဖြစ်သည် ။ မိမိလတ် အောက် ကလေး လေးယောက် ရှိသေးသည် ။ အားလုံး စာသင်ကျောင်း မှာပင် ရှိကြသေး၏ ။ မိမိလတ် အဖို့ ပညာ ကို ပေါက်မြောက်အောင် သင်လို သော်လည်း မသင်နိုင် ၊ ခြောက်တန်း အောင်သောအခါ ကျောင်းထွက်ပြီး အလုပ် လုပ်ရတော့ သည် ။ ပညာ ဆက်သင်ချင်လျက် မသင်နိုင်ရှာသော မိမိလတ် ကို မောင်မင်းကြည် သနား၍ မဆုံးပြီ ။
မိမိလတ် သက်ပြင်းကြီး ချလိုက်ပြီး ။
“ ကိုမင်းကြည် တို့ ကတော့ ကံကောင်းတယ်နော်.. တက္ကသိုလ်ကျောင်းသားကြီး ဖြစ်ရတော့မယ် .... ”
မောင်မင်းကြည် သည် သူနှင့် တန်းတူ အတန်းစားထဲမှာ မိန်းကလေး တစ်ယောက် က ထိုသို့ ပြောလျှင် မိမိ စာမေးပွဲအောင်သည့် အတွက် များစွာဂုဏ်ယူကာ ဝင့်ဝါပြောဆိုနေမိ လိမ့်မည် ။ ယခုမူ ထိုသို့ မပြောရက် ၊ မိမိလတ် ကိုသာ နှစ်သိမ့် နေမိတော့၏ ။
“ အေးကွယ် ... မိမိလတ် အတွက် တစ်နည်းတော့ ကောင်းပါတယ် ... စောစော စီးစီး ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုး နိုင်တဲ့ အဖြစ်ကို ရောက် တာပေါ့ …. ပြီးတော့ ခုခေတ် က အရင်ခေတ်လို မဟုတ်ပါဘူး ... လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းတွေ ရှိနေတာပဲ ... အဲဒီ သင်တန်းတွေ တက်ပြီး ကြီးပွားသွားနိုင်တာပဲ... ”
သူတို့ သည် အလုပ်စံ ထက် ပိုလုပ်လျှင် ပိုပေးသော လုပ်ခစနစ်သစ်အကြောင်း ၊ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအကြောင်း ၊ လူငယ်ရေးရာ ညနေသင်တန်းများ အကြောင်း အစရှိသည် တို့ကို ဆွေးနွေးကာ လုပ်သားငယ်တို့၏ တက်လမ်း ကို စဉ်းစား နေကြလေတော့သည် ။
နောက်နေ့များ တွင်လည်း မောင်မင်းကြည် နှင့် မိမိလတ် တို့သည် ထမင်းဆုံ၍ စားကြ၏ ။ ထွေရာလေးပါးစကားတွေပြောကြ၏ ကြည့်ခဲ့သော ရုပ်ရှင်အကြောင်း ၊ ဖတ်ခဲ့ သော ဝတ္ထုအကြောင်း စသည်တို့ကို အမြင်ချင်း ညှိနှိုင်းကြ၏ ။ စက်ရုံတွင်း သတင်းများ နှင့် ပြင်ပသတင်းများ ကို ဖလှယ်ကြ၏ ။
သူများတွေကတော့ တတွဲတွဲ နေကြသော ထိုနှစ်ယောက် သမီးရည်းစား ဖြစ်နေကြ ပြီဟု ထင်ကောင်း ထင်ကြပေမည် ။ သူတို့သည် သမီးရည်းစား မဖြစ်ကြပါ ။ နောင်တော့ အာမမခံနိုင် ၊ ယခုတော့ မိမိလတ် မှာ မိန်းမ က စမည့် မိန်းကလေးမျိုး မဟုတ် ။ မောင်မင်း ကြည် ကလည်း တစ်မျိုးဖြစ်နေသည် ။ ယခင်က လို ပေါ့ပေါ့ မတွေး ပေါ့ပေါ့ မပြောတော့ ။ သူနှင့် တန်းတူ အတန်းစားထဲက မိန်းကလေး တစ်ယောက် ကိုဆိုလျှင် ပေါ့ပေါ့ စဉ်းစားပြီး ပေါ့ပေါ့ ချစ်စကား ကြိုက်စကား ဆိုမိလိမ့်မည် ။ ခုလို သနားစရာ ငဲ့ညှာစရာ မလို ၊ ခုလို တကယ် ယူနိုင် ၊ မယူနိုင် စဉ်းစားနေရန်မလို ။
သည်လိုနှင့် လုပ်အားပေး ကာလ နောက်ဆုံး ရက်သတ္တပတ် သို့ ရောက်လာလေသည် ။ အလုပ်သမားရေးရာ သင်တန်း တက်နေသော အချိန်မှတ် စာရေးသည် သင်တန်းမဆင်းသေး သဖြင့် မောင်မင်းကြည် မှာ ထိုပျင်းရိ ငြီးငွေ့ဖွယ် ကောင်းသော အလုပ်ကို ဆက်လုပ်ရမည် ကဲ့သို့ ရှိလေသည် ။ မောင်မင်းကြည် နှင့် မိမိလတ် တို့သည် ထို ကိစ္စကို ဆွေးနွေးခဲ့ကြသည် ။ မိမိလတ် သည် သူမ ၏ လုပ်ဖော်ကိုင်ဖက်များ နှင့် ဆွေးနွေးလေသည် ။ မိမိလတ် တို့ ဌာနမှာ မောင်မင်းကြည် အလုပ် လုပ်ခြင်းကို မိမိလတ် ၏ လုပ်ဖော်ကိုင်ဖက်များ က သဘောကျသည် ။ အကြောင်းမူကား သယ်ပို့ရေးမှာ ခရီးတွင်ခြင်းသည် ရက်ဖောက် ပိုထုတ်လုပ်ခြင်းနှင့် ရက်ကန်း ပိုရက်ခြင်း တို့ကို အထောက်အကူ ပြုသည် ။ သယ်ပို့ရေး အလုပ်သမား ဟောင်းကြီး သည် ထိုင်းမှိုင်းလေးလံသဖြင့် ရက်ဖောက်ဌာနနှင့် ရက်ကန်းဌာန ၏ အရှိန်အဟုန် ကို လျော့ပါး စေသည် ။ ထို့ကြောင့် အလုပ်ကြပ်ချင်း နားလည်မှု ယူကာ ထိုအလုပ်သမား ဟောင်းကြီး ကို အချိန်မှတ် စာရေး နေရာသို့ ပို့လိုက်ပြီး မောင်မင်းကြည် ကို သယ်ပို့ရေး အလုပ်သမားကြီး နေရာ သို့ ပို့လိုက်လေသည် ။ မောင်မင်းကြည် နှင့် မိမိလတ် တို့သည် အတူတူ အလုပ် လုပ်ရ၍ ပျော်သည် ။ သူတို့ အတူတူ အလုပ် လုပ်သည်ကို မိမိလတ် ၏ လုပ်ဖော်ကိုင်ဖက်များ က ပျော်ရွှင်စွာ အားပေးကြသည် ။ ထို ရက်သတ္တပတ်တွင် ကုန်ထုတ်လုပ်မှု သိသိသာသာကြီး တိုးခဲ့လေ သည် ။
သို့ဖြင့် မောင်မင်းကြည် ၏ လုပ်အားပေး တစ်လ ကုန်ဆုံးသွားလေသည် ။ စက်ရုံ က လုပ်အားပေး ကျောင်းသားများ အတွက် ဂုဏ်ပြုပွဲ ကျင်းပလေသည် ။ မန်နေဂျာ ကိုယ်တိုင် တက်ရောက်၍ ချီးကျူး စကားပြောသည် ။ မောင်မင်းကြည် တို့သည် ဤတစ်ကြိမ်သာ မန်နေဂျာ နှင့် တွေ့ဆုံ စကားပြောခွင့် ရခဲ့လေသည် ။
မိမိလတ် တို့ဌာနက အလုပ်သမားများ သည် မောင်မင်းကြည် ၏ လုပ်အားပေးကာလ ပြီးဆုံးသွားသဖြင့် ဝမ်းနည်းကြသည် ။ သူ့လို စိတ်ဓာတ်သစ်နှင့် လူသစ် တစ်ယောက် လိုချင် နေကြသည် ။ မိမိလတ် မှာ မောင်မင်းကြည် နှင့် ခွဲခွာရသဖြင့် အထူး ဝမ်းနည်းနေ၏ ။ သို့သော် သူများတကာ ထက် ထူးကာ ဝမ်းနည်းကြောင်း မပြောရဲ ။ သူများတွေ က သူတို့ နှစ်ယောက် ၏ ဆက်ဆံရေး ကို မရိုးသားဟု ထင်သွားချေသော် လုပ်အားပေး ကျောင်းတော်သား နှင့် အလုပ်သူမ တို့ ၏ ဂုဏ်ကို မထိခိုက်ပေဘူးလား ။
ဂုဏ်ပြုပွဲ ပြီးသောအခါ လူအများ သည် ခန်းမ မှချက်ချင်း ထွက်ခွာ သွားကြလေသည် ။ အခမ်းအနားပြင်ဆင်ရေး တာဝန်ခံများသည် အခမ်းအနား ဖြုတ်ရေး သိမ်းရေး တာဝန်ခံ များ အဖြစ် ကျန်ရစ်ခဲ့ကြသည် ။ ပြီးတော့ မောင်မင်းကြည် နှင့် မိမိလတ် တို့နှစ်ယောက် ကျန်ရစ် သည် ။ မောင်မင်းကြည် က မိမိလတ် ၏ အိမ်လိပ်စာ ကို ရေးမှတ်နေသည် ။ ထိုသို့ ရေးမှတ်သည် ကို မိမိလတ် က ကြည့်ရင်း...
“ လာမှာ မဟုတ်ဘဲနဲ့ လိပ်စာ ကို ရေးမှတ် မနေပါနဲ့ ... ကိုမင်းကြည် ရယ်... ” ဟု ပြော လေသည် ။ မောင်မင်းကြည် က “ လာဖြစ်အောင် လာမှာပါ မိမိလတ် ရယ် ... မိမိလတ် လုပ်ငန်းခွင် သင်တန်း တက်ဖို့ ခုနစ်တန်းစာ တက်ထားရမယ်ဆို …. စာသင်ပေးဖို့ ကိုယ်က တာဝန်ယူ ထားတယ် မဟုတ်လား ... လာခဲ့ပါ့မယ် ”
သူတို့ နှစ်ယောက်သည် နောက်ထပ် စကား မပြောကြတော့ဘဲ တစ်ယောက်နှင့် တစ်ယောက် အကြာကြီး ကြည့်နေကြသည် ။ ထို့နောက်လည်း ဘာစကား မှ မပြောကြ တော့ဘဲ ဝမ်းနည်းစွာ နှင့် ခွဲခွာကြလေတော့သည် ။ အခန်း ထဲမှာ သူတို့ နှစ်ယောက် ထဲ ကျန်နေ ၍ မဖြစ်ပါ ။
မောင်မင်းကြည် သည် စက်ရုံမှ အိမ်သို့ တန်းပြီး ပြန်သွားလေသည် ။ အိမ် ပြန်ရောက် တော့ “ မလေး လက်ခတ်သံ ၊ ပျိုလေး လက်ခတ်သံ ” ဟူသော သီချင်းသံ ကို ကြားယောင် နေပြန်လေပြီ ။ သာယာငြိမ့်ညောင်းသော ဂီတလှိုင်းများ ကို စီးပြီး စိတ်ကူးယဉ် နေပြန် လေသတည်း ။
☐ သိန်းဖေမြင့်
📖 လုပ်သားဂျာနယ်
နှစ်ပတ်လည်စာစောင်
၁၉၇၃ ၊ မတ်
No comments:
Post a Comment