Tuesday, February 11, 2025

ရမ္မာဝတီ တိပိဋက ဆရာတော်

❝ ရမ္မာဝတီ တိပိဋက ဆရာတော် ❞

မန္တလေးတောင် အနောက်ဘက် က တိပိဋကထိန်လင်း စာသင်တိုက် ကို ကျွန်တော် တို့ ရောက်ချိန်မှာ ညနေစောင်း နေချို နေပြီ ၊ တိပိဋကကောဝိဒ ရမ္မာဝတီ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ ရဲ့ ဘဝဇာတ်ကြောင်း ထေရုပတ္တိ ကို မေးမြန်း လျှောက်ထားဖို့ ကျွန်တော် သွားခဲ့တာပါ ။

တိပိဋက ဆရာတော်တွေ အားလုံး ဟာ ပရဟိတ လုပ်ငန်းတွေ နဲ့ မအားလပ် အောင် ရှိနေကြတယ် ။ မြန်မာပြည် တစ်ဝန်းလုံး ကို စုန်ချည်ဆန်ချည် ကြွပြီး ခရီးသွား နေကြတာ ဖြစ်ပါတယ် ။ ဆရာတော် အရှင် ဘဒ္ဒန္တဣန္ဒပါလ က အချိန် ပေးပြီး မိန့်ကြား နိုင်ဖို့ တိပိဋကနိကာယအဖွဲ့ တွဲဖက် အတွင်းရေးမှူး ကိုသန်းထွန်းဦး ( ကဗျာဆရာ ၊ မောင်နီဦး ) က စီစဉ်ပေးတာပါ ။ ဆရာတော် အလုပ် ချောင်ချိမယ့် ညနေစောင်း ကို ရွေးချယ်ခဲ့ကြတယ် ။ မန္တလေး ကြွခိုက် တွေ့ဆုံပါတယ် ။ မန္တလေး တောင်ခြေမှာ တိပိဋက ထိန်လင်းစာသင်တိုက် က ယခုမှ စတင် တည်ဆောက်စ ၊ လမ်းကြမ်း ခင်းခါစ ဖြစ်တယ် ။

မြန်မာနိုင်ငံ မှာ ပထမဦးဆုံး ပေါ်ထွန်းခဲ့တဲ့ တိပိဋက မင်းကွန်း ဆရာတော်ကြီး ရဲ့ စီမံဆောင်ရွက်မှု နဲ့ မေတ္တာ ကရုဏာ ကြီးမားမှုကြောင့် တိပိဋက ဆရာတော်တွေ ပေါ်ပေါက်လာနိုင်တာ ဖြစ်ပါတယ် ။ ရမ္မာဝတီ တိပိဋကဆရာတော် က မင်းကွန်း ဆရာတော်ကြီး ရဲ့ ကျေးဇူးတရား ကြီးမားပုံ ကို မကြာခဏ မိန့်ကြားတယ် ။ ဆရာတော် သီတင်းသုံးရာ ဘုရားခန်း မှာ မင်းကွန်း ဆရာတော်ကြီး ရဲ့ ရုပ်တု ကို ထုလုပ်ပူဇော် ထားရှိတယ် ။

ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ က အလွန် ခေါင်တဲ့ ရပ်ရွာဒေသ မှာ ဖွားမြင်ခဲ့သူ ဖြစ်သည် ။ တိပိဋက ဖြစ်ဖို့ ဆန္ဒ ရှိခဲ့သူ လည်း မဟုတ်ဘူး ။ သို့ပေမယ့် အကြောင်းအကျိုး ဆက်နွယ်ပြီး တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ဖြစ်လာခဲ့တယ် ။

ဆရာတော် က သူ့ ဘဝဇာတ်ကြောင်း ကို ပြည့်ပြည့်စုံစုံ မိန့်ကြား ပြောပြပါတယ် ။

••••• ••••• •••••

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မကျည်းကျွန်းရွာ မှာ ဦးပဉ္ဇင်း ဖွားမြင်တယ် ။ ရမ်းဗြဲကျွန်း ကို တော့ သိကြတာပေါ့လေ ။ ရမ်းဗြဲ နဲ့ တော်တော် ဝေးပါတယ် ။ ဦးပဉ္စင်း တို့ က ရမ်းဗြဲကျွန်း နဲ့ ရေမိုင် ၂၄ မိုင် လောက် ဝေးတယ် ။ ဘင်္ဂလားပင်လယ် ထဲ မှာ မော်တော်ဘုတ် နဲ့ ဆိုရင် လေးနာရီခွဲ လောက် ခရီး ဆက်ရတယ် ။

ဦးပဉ္စင်း တို့ နား မှာ စကုကျွန်း ရှိတယ် ။ တောင်ဘက်စွန်း မှာ မကျည်းကျွန်း ရှိတယ် ။ မကျည်းကျွန်းကတော့ ဧရိယာ သိပ် မများဘူး ။ အလျား က နှစ်မိုင်ခွဲ လောက် ၊ အနံ က လည်း တစ်မိုင်ခွဲ သာသာ လောက်ပဲ ရှိတယ် ။ ကျွန်း ထဲ မှာ တော့ အသေးဆုံး ဖြစ်မယ် ထင်တယ် ။

ဦးပဉ္စင်း ရဲ့ ခမည်းတော် က ဦးငွေတင်အောင် ၊ မယ်တော် က ဒေါ်ပဲစိန် ။ တောင်သူတွေ ။ စိုက်ပျိုးရေး မြေတော့ အများကြီး မရှိကြပါဘူး ။ မွေးသက္ကရာဇ် အနေ နဲ့ ဆိုရင်တော့ ၁၃၂၂ ခုနှစ် ၊ ဝါဆိုလပြည့်ကျော် ၁ဝ ရက် ၊ တနင်္ဂနွေနေ့ ညနေ ၄းဝဝ နာရီ အချိန် လောက် မှာ မွေးဖွားတယ် လို့ အိမ် က ရက်ချုပ် မှာ တွေ့ရတာပဲ ။ အင်္ဂလိပ် ခုနှစ် အနေ နဲ့ ဆိုရင်တော့ ၁၉၆ဝ ခု ၊ ဇူလိုင်လ ၁၇ ရက် နေ့ပေါ့ ။

ဦးပဉ္စင်းတို့ ငယ်ရွယ်တဲ့ အချိန် ကတော့ အဲသည် ဒေသ မှာ စာသင်ကျောင်း တွေ က လည်း ခေတ်မစားသေးဘူးပေါ့ ။ ကျွန်း ဖြစ်နေတော့ ရေခြား မြေခြား ။ အဲသည် အချိန် က မော်တော်ဘုတ် တို့ လို စက်တပ်ယာဉ် ကလည်း အင်မတန် ရှားပါးတာ ။ လက် နဲ့ လှော် တဲ့ လှေ နဲ့ ပဲ သွားကြရတာ ။ တော်တော်ကို ခက်ခက်ခဲခဲ နဲ့ သွားရတာ ။

ရွာ မှာ မူလတန်းကျောင်း ရယ်လို့ ရှိပေမယ့် ကျောင်းဆရာ က သိပ် အကြာကြီး မနေဘူးပေါ့ ။ သုံး လေး ရက် လောက် တစ်ခါတလေ တစ်ပတ် လောက် နေပြီး ပြန်သွားတယ် ။ အဲသည်လို ပဲ ကလေးတွေ စာ သင်ရတာပေါ့လေ ။ ဦးပဉ္စင်း လေးနှစ်သား လောက် မှာ အစ်မတွေ နောက် ကနေ စာသင်ကျောင်း ကို လိုက်ရ တာပေါ့ ။ ကျောင်း က ဘာမှ ကောင်းကောင်း မသင်တော့ ဘာမှ မတတ်ဘူးပေါ့ ။

ဦးပဉ္ဇင်း အသက် ၅ နှစ် အရွယ် လောက် ရောက် တော့ ဦးပဉ္ဇင်း တစ်ပါး ကျောင်းထိုင် ဖို့ ရွာ ကို ရောက်လာတယ် ။ အဲသည်တုန်း က အသက် ၃၀ လောက် ပေါ့ ။ ပညာ အရည်အချင်း ကလည်း သာသနဓဇ ဓမ္မာစရိယဘွဲ့ ရတဲ့ ဆရာတော် ၊ လောကပညာ လည်း အများကြီး တတ်တာ ။ ကိုးတန်း ဆယ်တန်း သင်ခဲ့တာ ။ ဘွဲ့ က ဘဒ္ဒန္တသာသန ။ လက်ရှိ လည်း ကျောင်းထိုင် ဆရာတော်ကြီးပေါ့ ။

ဆရာတော် က ကျောင်းသားတွေ ကို စာ သင်ပေးတယ် ။ ဦးပဉ္ဇင်း လည်း အဲသည် မှာပဲ ကကြီး ခကွေး က စလို့ သင်ရတယ် ။ အင်္ဂလိပ်စာ လည်း သင်ရ တယ် ။ ဂဏန်းသင်္ချာ သင်ရတယ် ။ ဦးပဉ္ဇင်း ငယ်စဉ် ကတည်း က သင်္ချာဉာဏ် အတော် ကောင်းပါတယ် ။ ဘော ပေါ် ဆရာတော် က ပုစ္ဆာ ရေးလို့ ဆုံးတာနဲ့ ဦးပဉ္စင်း တွက်ပြီးပြီ ။ ဆရာတော် က ချီးကျူးပါတယ် ။

အသက် ၁၂ နှစ် အရွယ် မြန်မာသက္ကရာဇ် ၁၃၃၄ ခုနှစ် ၊ တန်ဆောင်မုန်း လပြည့်နေ့ မှာ ကိုရင် ဝတ်တယ် ။ ကိုရင် ဖြစ်တော့ ဦးပဉ္စင်း က အင်္ဂလိပ်စာ ၊ သင်္ချာ ၊ လောကီစာတွေ မသင်ရတော့ဘဲ ဗုဒ္ဓစာပေတွေ သင်ရတယ် ။ သင်္ဂြိုဟ်တွေ သဒ္ဒါတွေ ကျက်ရတာ ၊ ကိုရင် ဘဝ နဲ့ ကိုယ့် ထက် ငယ်တဲ့ အောက်တန်း ၊ တစ်တန်း ၊ နှစ်တန်း ၊ သုံးတန်း ၊ လေးတန်း ၊ ငါးတန်း ကို သင်္ချာ ၊ အင်္ဂလိပ်စာတွေ တစ်ဆင့် ပြန် သင် ပေးရတယ် ။

ဆရာတော် က ကလေးတွေ အသိအမြင် ကြွယ်ဝအောင် တော်တော် ကြိုးစားပြီး သင်ပေးတာ ။ စပါး တွက်တွေ ၊ သစ်တန် တွက်တွေ ၊ ငွေတိုး တွက်တွေ သင်ပေးတာ ။ ကျောင်းသားတွေ တိုး လာတာ ၅၀ ၊ ၆၀ ရှိလာတယ် ။ အခြား ကျွန်း က ရွာ မှာ လာ နေပြီး ကျောင်းတက် တာ ရှိတယ် ။ ဆရာတော် က ရှစ်တန်း ၊ ကိုးတန်း အထိ သင်ပေးတာ ။

၁၃၃၇ ခုနှစ် ကုန် သင်္ကြန် ပြီးလို့ ၁၃၃၈ ခု နှစ်ဦး မှာ အသက် ၁၅ နှစ်ကျော် ၁၆ နှစ် မှာ ပြည်မကြီး ကို စာသင်ဖို့ ဦးပဉ္ဇင်း ထွက်ခဲ့တာပေါ့ ။ ငယ်စဉ် ကတည်း က ပြည်မကြီး ကို ရောက်ဖူးချင်တာပေါ့ ။ ရန်ကုန် တို့ ပဲခူး တို့ မြောင်းမြ တို့မှာ စာသင်တိုက်တွေ ရှိတယ် ဆိုတော့ ရောက်ချင်တဲ့ ဆန္ဒ တော်တော် ပြင်းပြတာ ။ တစ်နေ့ တော့ ငါ ရောက်အောင် သွားမယ်ပေါ့ ။ ရေခြားမြေခြား ဖြစ် နေတော့ ငါ ရောက် မှ ရောက်နိုင်ပါ့မလား လည်း တွေးတာပေါ့ ။

မကျည်းကျွန်း မှာ ရန်ကုန် နဲ့ မကျည်းကျွန်း ကို တစ်နှစ် ၊ တစ်ခေါက် နှစ်ခေါက် သွားလေ့ရှိတဲ့ ဒကာကြီး တစ်ယောက် ရှိတယ် ။ ဒကာကြီး သွားမယ် ဆိုရင် ခေါ် ပါလို့ ပြောထားတယ် ။ ဒကာကြီး က လည်း ကိုရင့် မိဘ ပြောပြီးပြီလားတဲ့ ။ ပြောပြီးပါပြီ ။ ဆရာတော် ကို လျှောက်ပြီးပြီလား ။ ဆရာတော် တော့ မလျှောက် ရသေးဘူး ။ ဒါပေမဲ့ ခွင့်ပြုပါပေါ့ ။ အဲသည် နှစ် က ကျန်မာရေး ကလည်း မကောင်းဘူး ။ ဒါပေမဲ့ သွားတာ က သိပ် သွားချင်တာ ။ သင်္ကြန် ပြီးတော့ ရန်ကုန် သွားမယ် ဆိုတဲ့ အခါ ဦးပဉ္ဇင်း က မလိုက်ရမှာ စိုးလို့ ရေပါ ချိုးပြီး နေကောင်းသလို နဲ့ လိုက် သွားတယ် ။

တန်ခူး လပြည့်ကျော် ၁၂ ရက်နေ့ မှာ မကျည်းကျွန်း က ထွက်ခဲ့တယ် ။ အဲသည်တုန်း က တော်တော် ခက်ခက်ခဲခဲပဲ သွားရတာ ။ တောင်ကုတ် ကို မော်တော် တစ်စင်း နဲ့ လိုက်တယ် ။ ပွဲရုံ တစ်ခု မှာ ညအိပ်ပြီး နောက်နေ့ မှာ အာရ်တီစီကားကြီး ( ဟီးနိုး ၊ တီအီး ၁၁ ) နဲ့ ဆက် လိုက်ရတာ ။ ကား က အမိုး လည်း မပါဘူး ။ နေပူကျဲကျဲ မှာ ။ ကား အောက်ပိုင်း မှာ ကုန်တွေ လည်း တင်လို့ ပေါ့ ။ လူ တစ်ယောက် အစိတ် လောက် ပေးရတယ် ။ တော်တော် ပင်ပင်ပန်းပန်း သွားရတာပဲ ။

ရိုးမတောင်ကြီး ကို ကျော် ရတာ ။ တစ်ခါတလေ ကား က ရပ်နေ ၊ လူတွေ က အောက် ဆင်းပြီး တွန်းကြရတယ် ။ ဦးပဉ္ဇင်း က ခရီး ကလည်း မသွားဖူးတော့ ရေပုလင်း တောင် မပါဘူး ။ ခရီးသွားဖော်တွေ က ရေကပ်ကြပါတယ် ။

ဧရာဝတီမြစ် ကို မော်တော် နဲ့ ကူးရတယ် ။ တံတား လည်း မရှိသေးဘူး ။ ပြည် မှာ မနက် အစောကြီး ရထား စီးရတယ် ။ ရထား က လည်း ဟိုမှာ ရပ် ဒီမှာ ရပ် နဲ့ ။ ညနေ ငါးနာရီ ကျော်မှ ရန်ကုန် ရောက်တယ် ။ ရန်ကုန် က သီရိရတနာကျောင်း မှာ တည်းခိုတယ် ။ သုံးလေးရက် ကြာတော့ ပဲခူး ကို သွားတယ် ။ ပဲခူး မင်းကျောင်း မှာ စကုကျွန်းဇာတိ ဆရာတော် ဦးသူရိယ က ကျောင်းထိုင်ပြီး စာသင်တိုက် ဖွင့်ထားတယ် ။ ဆရာတော် က ဓမ္မာစရိယတွေ ၊ ပါဠိပါရဂူ ၊ ဘီအေ ဘွဲ့တွေ ရထားပြီး မြန်မာဂုဏ်ထူးတန်း လည်း အောင်တယ် ။ ဆရာတော် က အင်မတန် တော်တာ ။

ဦးပဉ္စင်း ရောက်သွားတဲ့ အချိန် မှာ ကျောင်း နဲ့ ကားလမ်း ပဲ ခြားတဲ့ ဓမ္မသာလာ ဇရပ် မှာ ဘုန်းကြီးတွေ နေရတာ ။ ရပ်ဝေး ဘုရားဖူးတွေ လာရင် တည်းခို ဖို့ ဆောက်ထားတာ ။ အဲသည် ဇရပ် ထဲ မှာ ကျပ်ကျပ်တည်းတည်း နေကြရတာ ။ ကိုယ့် ဟာ ကိုယ် တော့ ကျပ်တယ် မထင်ပါဘူး ။ အခြား ကျောင်းတိုက် မှာ လည်း မနေဖူးသေးတဲ့ ကိုရင်လေး လေ ။ တော က လာတာ ဆိုတော့ မြို့ကြီး ရောက်လာ တဲ့အခါ သည် အတိုင်း နေလို့တော့ မဖြစ်ဘူး ဆိုပြီး စာအုပ် ကိုင် ၊ တရစပ် စာ ကျက် တော့တာပဲ ။

စာချဆရာတော် တစ်ပါး ကလည်း ရောက်လာပြီး စာချပေးမယ်လို့ မေတ္တာ ကရုဏာ ကြီးမားစွာ နဲ့ ပြောပါတယ် ။ ဝိနည်း ကို အလွတ် ပြန်ရတာ ။ ပါဠိ သက်သက် မဟုတ်ဘူး ။ တောင်မြို့ ဆရာတော် ရေးတဲ့ နိသျှတန်း အနက် ပါ အာဂုံ ပြန်ရတာ ။ မကြာပါဘူး ။ ဝိနည်းပါတိမောက် တစ်စောင်လုံး ကုန် သွားတာပါပဲ ။ စာတွေ တော်တော် ရတော့ အစမ်းစာမေးပွဲ တွေ မှာ နံပါတ်တစ် ၊ နံပါတ်နှစ် က အောင်တယ် ။

မြန်မာသက္ကရာဇ် ၁၃၃၈ ခု ၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၇၇ ခုမှာ အစိုးရ ပထမငယ်တန်း စ ဖြေတာ အောင်ပါတယ် ။ ဒုတိယနှစ် မှာ ပထမလတ်တန်း ဆက် ဖြေတယ် ။

စာမေးပွဲ ဖြေထားချိန် မှာ မင်းကျောင်း ဆရာတော် က ကိုရင် က အသက် လည်း ငယ်သေးတယ် ။ မြောင်းမြ ပဇ္ဇောတာရုံတိုက်သစ် ကို ကြွပြီး ပညာသင်ပါ လို့ ပို့လိုက်တယ် ။

▢  ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ

 

No comments:

Post a Comment