Tuesday, February 18, 2025

ရုပ်ရှင်မင်းသမီး ရွှေစင်


 

❝ ရုပ်ရှင်မင်းသမီး ရွှေစင် ❞
( အောက်တိုဘာအောင်ကြီး )

တစ်နေ့သ၌ ကျွန်ုပ် သည် ဂီတဂျာနယ် အတွက် ရိုက်ကွင်းသတင်း ယူရန် သန်လျင် ၊ အောင်ချမ်းသာ ရပ်ကွက် ရှိ ဦးမုတ်ဆိတ် ရှုတင်အိမ် သို့ ထွက်လာခဲ့ရလေ၏ ။ ၄င်း အိမ်သို့ ရောက်သည့်အခါ တစ်ချိန်က ရုပ်ရှင်မင်း သမီးကြီး ဒေါ်ရွှေစင် ကို တွေ့လိုက်ရလေသည်  ။ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ရွှေစင် သည် သူ့ခေတ် ၊ သူ့အခါ က စူပါ တစ်ယောက် ဖြစ်၍ လွန်စွာမှ နာမည်ကြီးလေ၏ ။

ယခု ရှုတင်အိမ် ၌ ဒေါ်ရွှေစင် အား တွေ့လိုက်ရသည့် အခါ ၄င်းသည် အသက်အရွယ် ကြီးနေပြီ ဖြစ်သော်လည်း လွန်စွာမှ လှပနေတုန်းပင် ဖြစ်၏ ။ ကိုယ်လုံးကိုယ်ပေါက် မှာ လည်း အသက်အရွယ် အရ အနည်းငယ် ကျသွားသော်လည်း ဒီကနေ့ မင်းသမီးလေးတွေ နှင့် ယှဉ်ရင်တော့ဖြင့် အလတ်ကြီးရှိသေး၏ ။

ကျွန်ုပ် မှာ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ရွှေစင် ကို တွေ့မြင်လိုက်ရသည့် အခါ တစ်ချိန်က ၄င်း၏ ထူးခြားဆန်းကြယ်လှသည့် အဖြစ်အပျက်သည် ကား လွန်စွာမှ စွဲမက်စရာ ကောင်းသော ၄င်း ၏ အလှတွေကြောင့် ဆိုလျှင် ပို၍ မှန်လေ၏ ။

ထို့ကြောင့် ကျွန်ုပ် သည် လွယ်အိတ် ထဲမှ ကက်ဆက် ကို ထုတ်လိုက်ပြီးနောက် ရုပ်ရှင်မင်းသမီးကြီး ဒေါ်ရွှေစင် ထံ သွားကာ ...

“ အစ်မကြီး..အစ်မကြီးကို တစ်ခုလောက်မေးပါရစေ ”   ဟု ကျွန်ုပ် က ခွင့်တောင်းလိုက်ရာ ...

“ မေးပါရှင် ... မေးသမျှ ဖြေပါ့မယ် ” ဟု စွဲမက်စရာ ရယ်သံလေး နှင့် ပြော လိုက်လေသည် ။

သူ့ခေတ် ၊ သူ့အခါ အမျိုးသားများ စွဲမည် ဆိုလျှင် လည်း စွဲလောက်ပါ ပေသည် ။ ယခုအခါ အသက် ၆၅ နှစ်ခန့် ရှိနေသည့် အရွယ် မှာ တောင် ဤသို့ စွဲမက်စရာ ဖြစ်နေလျှင် ခပ်ငယ်ငယ် က ဆိုရင်တော့ ဘယ်လိုဖြစ်မယ် ဆိုတာ မတွေးဝံ့တော့ချေ ။

မင်းသမီးကြီး ဒေါ်ရွှေစင် သည် ကျွန်ုပ် ထက် အသက် ၂၅ နှစ် ခန့် ကြီး ပါသည် ။ တကယ်ဆိုလျှင် ကျွန်ုပ် က ၄င်း အား အဒေါ် ( သို့ ) အန်တီ ဟု ခေါ်ရမည်ဖြစ်သည် ။ သို့သော်လည်း ၄င်း သည် အထက်ပါ ကဲ့သို့ ခေါ်ဆိုခြင်း ကို မူ လုံးဝ နှစ်သက်ဟန် မတူချေ ။ ထို့ကြောင့် အစ်မကြီး ဟု ခေါ်ရခြင်းဖြစ်လေ၏ ။

“ ဒီလိုပါ အစ်မကြီး ရယ် ၊ ဟိုတစ်ချိန်တုန်း က နယ် မှာ ရုပ်ရှင်ဂီတအဖွဲ့ တွေ သွားရောက် ဖျော်ဖြေတုန်းက အစ်မကြီး ရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်လေး ကို ပြောပြပါလား ” ဟု မေးလိုက်ရာ ..

“ အိုကွယ် ... မပြောပါရစေနဲ့ မမောင်ရယ် ရှက်စရာကြီး ”  ဟု ဒေါ်ရွှေစင် က ပြော လိုက်လေ၏ ။

“ သိပ် အတိအကျကြီးတော့ မပြောပါနဲ့ ၊ သဘောလောက်ပဲ ပြောပါ ” ဟု ကျွန်ပ် က ထပ် မေးရာ ...

“ အဲဒီ အကြောင်းတွေ ကို မမောင် အောက်တိုဘာအောင်ကြီး ကို ဘယ်သူ ပြောတာလဲ ” ဟု မေးလိုက်၏ ။

“ အစ်ကိုနေမင်းထွန်း ၊ ဆရာဦးအေးကြူလေး နဲ့ မင်းသားကြီး ဦးဌေးအောင် တို့ က ပြောဖူးပါတယ် ။ ဒါပေမဲ့ အစ်မကြီး ပြောတာကို ကျွန်တော် နားထောင်ချင်ပါတယ် ”  ဟု ပြောလိုက်ရာ ..

“ ဒါဆို ပြောပြပါ့မယ် ၊ မမောင် ရဲ့ ကက်ဆက် ကိုတော့ လွယ်အိတ် ထဲ ပြန်ထည့်လိုက်ပါကွယ် ။ အလွတ်သဘော ပြောရတာပေါ့ ” ဟု ပြောလို က်ပြီးနောက် ...

တစ်ချိန်က နယ်မြို့ တစ်ခုတွင် ရုပ်ရှင်ဂီတဖျော်ဖြေပွဲ သို့ သွားရောက် ဖျော်ဖြေခဲ့စဉ်က လွန်စွာမှ ထူးဆန်းသော အဖြစ်အပျက် တစ်ခု ကို အောက်ပါအတိုင်း ပြောပြလေတော့သတည်း ။

•••••   •••••   •••••

မြန်မာ့ရုပ်ရှင်ကောင်စီ လက်ထက်က ရုပ်ရှင်လောက တွင် အောင်မြင် ကျော်ကြားခဲ့ကြသည့် ရုပ်ရှင်မင်းသား ၊ မင်းသမီး ၊ ဇာတ်ပို့ ၊ ဇာတ်ရံ ၊ လူကြမ်း နှင့် ဟာသ သရုပ်ဆောင်တို့ သည် ပြဇာတ် ကရန် အတွက် ချောက်မြို့ သို့ ဖျော်ဖြေရေး သွားခဲ့ကြ၏ ။ ထိုထဲတွင် ရုပ်ရှင်မင်းသမီး ရွှေစင် ဆိုသူသည် လည်း ပါဝင်ခဲ့လေ၏ ။

ချောက်မြို့ သို့ ရောက်သည့်အခါ စက်မှုတက္ကသိုလ်ကျောင်းသားများ နေထိုင်ခဲ့ကြသော အဆောင် တွင် ရုပ်ရှင်အဖွဲ့သားများ တည်းခိုရန် အတွက် မြို့ခံတာဝန်ရှိသူများ က နေရာ ချထားပေးကြ၏ ။ ထိုအချိန်ကလည်း စက်မှုတက္ကသိုလ် ကျောင်းပိတ် ထားသဖြင့် ရုပ်ရှင်အဖွဲ့သားများ လွတ်လပ်စွာ တည်းခိုခွင့် ရလေ၏ ။

အိပ်ခန်းဆောင် တစ်ခု တွင် ရုပ်ရှင်မင်းသမီးရွှေစင် နှင့် ၄င်း၏ မိခင် ၊ အဖော်မိန်းကလေး တစ်ယောက် ၊ စုစုပေါင်း သုံးယောက် အတွက် နေရာထိုင်ခင်း ရလေ၏ ။ ကျန်သည့် အခန်းတွေ မှာ လည်း မင်းသား ၊ ဇာတ်ပို့ ၊ ဇာတ်ရံ ၊ လူကြမ်း ၊ မင်းသမီး ၊ လူရွှင်တော်များ နှင့် နှစ်ယောက်တွဲ ၊ သုံး ယောက်တွဲ တစ်ခန်း တည်းကြရ၏ ။

ရုပ်ရှင်အဖွဲ့သားများ ချောက်မြို့ သို့ ရောက်သည့် နေ့မှ စ၍ ပြဇာတ် က ကြရ၏ ။ ပြဇာတ် က နေရင်း ဇာတ် ခုံပေါ်၌ မင်းသမီးရွှေစင် အား တစ်စုံတစ်ယောက် က တွန်းလိုက် သလို ပြုလုပ်လိုက်ရာ လဲကျ သွားသဖြင့် ခြေထောက်တွင် အနာတရ ဖြစ်သွားလေတော့၏ ။

ထို့ကြောင့် ရုပ်ရှင်မင်းသမီးရွှေစင် ပြဇာတ် ကရန် မဖြစ်တော့သဖြင့် ၄င်းနားနေဆောင် သို့ ပြန် နားနေရလေ၏ ။ ခြေထောက် မှာ လည်း လွန်စွာမှ နာကျင် နေလေ၏ ။

ရွှေစင် လည်း ခုတင် ပေါ်တွင် လဲလျောင်း နေရ၏ ။ တစ်ဖက် ခုတင် တွ င် ၄င်း၏ မိခင် မှာ အိပ်ပျော်လို့ နေ၏ ။ တစ်ခဏ ကြာလာသောအခါ ရွှေစင်လည်း အိပ်ပျော် သွားလေတော့၏ ။ အိပ်ပျော်သွားသည့် အခါ ၄င်း ၏ ပါး ကို တစ်စုံတစ်ယောက် က နမ်း လိုက် သဖြင့် အိပ်ပျော် နေရာမှ လန့်နိုးလာခဲ့၏ ။ ဘေးပတ်ဝန်းကျင် ကို မျက်လုံး ဖွင့်၍ ကြည့်လိုက်သော်လည်း မည်သူမျှ မရှိ ။ အဖော် မိန်းကလေး နှင့် မိခင် တို့ မှာ လည်း အိပ်မောကျ ကာ ဟောက်များ ပင် ဟောက်လို့ နေ၏ ။

“ ငါ စိတ် ထင်လို့ ဖြစ်တာဖြစ်မယ် ” ဟု စိတ် ထဲ ၌ တွေးကာ ပြန်အိပ် လေ၏ ။

ရွှေစင် အိပ်ပျော်သွားသည့် အခါ တစ်စုံတစ်ယောက် က ၄င်း၏ နှုတ်ခမ်း ကို နမ်းလိုက်သည် ဟု ခံစားရပြီး လျှင် ...

“ ဖယ် ဖယ် .... ဘယ်သူလဲ ၊ မလုပ်နဲ့ နော် မလုပ်နဲ့ အား ... လာကြပါဦး ”  ဟု ကြောက်လန့် ၍ အော်လိုက်လေတော့၏ ။ ထိုအချိန်၌ ...

“ သမီး .. သမီး ဘာဖြစ်တာလဲ ၊ ဘာဖြစ်တာလဲ ” ဟု မိခင် ဖြစ်သူ က မေး လိုက်လေ၏ ။

“ သမီး အိပ်နေတုန်း လူတစ်ယောက်က အတင်း နမ်းတယ် အမေ ” ဟု ကြောက်ကြောက်လန့်လန့် နှင့် ပြောလိုက်ရာ ...

“ အို သမီးရယ် ၊ တံခါးတွေ လည်း ပိတ်ထားပါတယ် ။ မီးတွေ လည်း ဖွင့်ထားတယ် ။ ဒီထဲမှာ သုံးယောက် ပဲ ရှိတာ ။ ရှိတဲ့ သူတွေ က လည်း မိန်းမ သားတွေပဲ ။ အမေ လည်း သမီး အော်သံ ကြားရလို့ ချက်ချင်း ထပြီးလာတာ ”   ဟု မိခင် က ပြော လိုက်လေ၏ ။

သို့သော် ရွှေစင် မှာ လွန်စွာမှ အထိတ်တလန့် ဖြစ်လို့ နေလေတော့၏ ။

ချောက်မြို့တွင် ပြဇာတ် က၍ ပြီးသောအခါ ရုပ်ရှင်အဖွဲ့သားများ ရန်ကုန် သို့ပြန်ရန် ၄င်းတို့ ၏ ပစ္စည်းများ ကို သိမ်းဆည်းပြီး ကားပေါ် သို့ တင်ကြလေ၏ ။ ပစ္စည်းများ ကားပေါ် သို့ တင်ကြပြီးသော အခါ မြို့ခံ တာဝန် ရှိသူများ က ရုပ်ရှင်အဖွဲ့သားများ အား ညစာဖြင့် တည်ခင်းလေ၏ ။ စား သောက် ပြီးသောအခါ ၄င်းတို့ အား နှုတ်ဆက်၍ ကား ပေါ်သို့ အလျှိုလျှို တက်ကြလေတော့၏ ။

“ သမီးရေ အပေါ့အပါး သွားဦးမလား ”  

“ မသွားတော့ဘူး အမေ ” 

ထိုအခါ မိခင် သည် အဖော် မိန်းကလေး ကို ခေါ်၍ အိမ်သာ သို့ ထွက်သွားစဉ် ရွှေစင် မှာ ကား နား၌ ရပ်၍ စောင့်ကာ နေလေ၏ ။ ထိုအချိန်၌ ရွှေစင် အား တစ်စုံတစ်ယောက် က လက်မောင်း ကို လာ ကိုင်သဖြင့် လှည့် ကြည့်ရာ မည်သူ့ ကို မျှ မတွေ့ရသဖြင့် ကြက်သီးများ ထ ကာ ကြောက်လန့် ၍ ကား ပေါ် သို့ တက်ပြေးရ လေတော့၏ ။

ဤသို့ ဖြစ်ပွား၍ ရန်ကုန် အိမ်သို့ ရောက်ပြီး တစ်ည၌ အိပ်မက် ထဲ တွင် ၄င်း ထက် နှစ်နှစ် ၊ သုံးနှစ်ခန့် ငယ်မည် ထင်ရသော အမျိုးသား လူငယ်တစ်ယောက် က ရွှေစင် အား ...

“ မမ ရယ် ၊ မမတို့ ချောက်မြို့ မှာ ပြဇာတ် က နေတုန်း ဘာရယ် မဟုတ် မမကို နောက်ချင်စချင်တာ နဲ့ တွန်း လိုက်တာ မမ ခြေထောက်မှာ အနာတရ ဖြစ်သွားရတဲ့ အတွက် ကျွန်တော် စိတ်မကောင်း ဖြစ်ရပြီး အရမ်းပဲ ခံစားရပါတယ် ။ ကျွန်တော့် ကို ခွင့်လွှတ်ပါ ။ ကျွန်တော် စိတ်ရိုင်းတွေ ဝင် လာခဲ့မိပါတယ် ။ တကယ်တော့ ကျွန်တော် မမ ကို ချစ်လို့ ပါ ။ ချောက်မြို့ မှာ မမတို့ တည်းခိုတဲ့ အခန်း က ကျွန်တော့် အခန်းပါ ။ ပြီးတော့ မမ အိပ် တဲ့ ခုတင်ကလည်း ကျွန်တော့် ခုတင်ပါ ။ ကျွန်တော် က စက်မှုတက္ကသိုလ် ကျောင်းသား တစ်ယောက်ပါ ။ မမ ပါဝင်တဲ့ ရုပ်ရှင်ကားတွေ ကို လည်း မလွတ်တမ်း ကြည့်ခဲ့သူပါ ။ မမ ကို ကျွန်တော် စွဲလမ်းပြီး တိတ်တခိုး ချစ်ခဲ့ရသူပါ ။ ကျွန်တော့် နာမည် က ရဲမင်း ပါ ။ တောင်ဥက္ကလာ ( --- ) ရပ်ကွက် ၊ အမှတ် ( --- ) ၊ ( --- ) လမ်း မှာ နေပါတယ် ။ အခု မမ ကို ကျွန်တော် အကူအညီ တစ်ခုလောက် တောင်းချင်ပါတယ် ။ သံဃာတော်တွေ ပင့်ဖိတ်ပြီး ဆွမ်း ကပ်ပေးပါလို့ ပြောချင်ပါတယ် ” 

ထိုအချိန်၌ ဘုန်းကြီးကျောင်း မှ အရုဏ်တက်ကု,လားတက် ခေါက်လိုက်သည့် အသံကြောင့် အိပ်ရာ မှ လန့်နိုးလာခဲ့လေ၏ ။ ဇောချွေးများ လည်း ထွက်လို့ နေ၏ ။ သောက်ရေ တစ်ခွက် ခပ်သောက် ပြီးသောအခါ အလွန် ထူးဆန်းသော အိပ်မက် အကြောင်း ကို စဉ်းစားရလေ၏ ။

မနက် မိုးလင်းသည့် အခါ မိခင် ဖြစ်သူ အား အိပ်မက်အကြောင်း ကို ပြောပြ လိုက်လေတော့၏ ။ ထို့နောက် ၄င်းတို့ သည် တောင်ဥက္ကလာ ( --- ) ရပ်ကွက် ၊ အမှတ် ( -- ) ၊ ( --- ) လမ်း သို့ သွားကြလေရာ အိပ်မက် ထဲ က နံပါတ်အတိုင်း တွေ့ရလေသည် ။

“ ဒီ အိမ်ဟာ ကိုရဲမင်းတို့ အိမ်များ လား ” ဟု ရွှေစင် က မေးလိုက်ရာ အဒေါ်ကြီး တစ်ယောက် က ....

“ ဟုတ်ပါတယ် ။ အိမ်ပေါ် တက်ကြပါဦးလား ” ဟု ဖိတ်ခေါ် လိုက်လေ၏ ။

ထို့နောက် ရွှေစင် တို့ လည်း အိမ်ပေါ် သို့ တက်ကြ၏ ။

အဒေါ်ကြီး က နေရာထိုင်ခင်း ပေးသဖြင့် ဝင် ထိုင်ရင်း အိမ်အခြေအနေ ကို မျက်လုံး ကစား ကြည့်ရာ ၄င်း ဓာတ်ပုံ ပါသော ပြက္ခဒိန် ၃ - ၄ ခု ချိ တ်ထားသည် ကို တွေ့ရလေ၏ ။

“ တူမကြီး က ရုပ်ရှင်မင်းသမီး ရွှေစင် လား ”

“ ဟုတ်ပါတယ် ဒေါ်ဒေါ် ”

ထိုအခါ အဒေါ်ကြီး မှာ ချုံးပွဲချ၍ ငိုလေတော့၏ ။

“ သားရေ .. မောင်ရဲမင်း .... သား ချစ်တဲ့ ရုပ်ရှင်မင်းသမီး မရွှေစင် ဆိုတာ ရောက်နေပြီဟေ့ ” ဟု အော်၍ ငိုလေ၏ ။

“ ကိုရဲမင်း ဆိုတာက ”

“ မောင်ရဲမင်း ဆိုတာ ဒေါ်ဒေါ် ရဲ့ သားပါ ။ ချောက်မြို့ မှာ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ် တက်နေချိန်မှာ အပြင်းဖျား ပြီး ကွယ်လွန် သွားတာ တစ်နှစ်ကျော်ပါပြီ ” ဟု ရဲမင်း ၏ မိခင် က ငို၍ ပြော လိုက်လေ၏ ။

ရွှေစင်တို့ သားအမိ မှာ လည်း လွန်စွာမှ အံ့ဩကြလေတော့၏ ။

ထို့နောက် ရဲမင်း ၏ မိခင် က ရဲမင်းဓာတ်ပုံ ထုတ်ပြရာ အိပ်မက် ထဲမှ လူ နှင့် ထပ်တူထပ်မျှ တူနေသည် ကို တွေ့ရလေ၏ ။

ရွှေစင် လည်း ချောက်မြို့ တွင် ဖြစ်ခဲ့သော ဖြစ်ရပ်များ နှင့် ရန်ကုန် ရောက်၍ အိပ်မက် မက်ခဲ့သော အကြောင်းများ ကို ရဲမင်း ၏ မိခင် အား ပြောပြ လိုက်လေတော့၏ ။

ထို့နောက် ရွှေစင် သည် ရဲမင်း ၏ မိခင်အား ကွယ်လွန်သူ ရဲမင်း အတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ရန် အတွက် အလှူငွေများ ကို ပေးအပ်ကာ နှုတ်ဆက်၍ ပြန်လာခဲ့ကြလေတော့သည် ။ နောက်ရက်များ တွင် လည်း ရွှေစင် ၏ နေအိမ်၌ သံဃာတော်များ အား ပင့်ဖိတ်၍ ကွယ်လွန်သူ ရဲမင်း အတွက် လှူဖွယ်ပစ္စည်းများ နှင့် ဆွမ်းကပ်ကာ ရည်စူးလှူ ဒါန်းခဲ့လေ၏ ။

•••••   •••••   •••••

“ အဲဒါပါပဲ အောက်တိုဘာအောင်ကြီး ရယ် ” ဟု ဒေါ်ရွှေစင် က ပြောပြ လေတော့၏ ။

“ ဦးရဲမင်း အတွက် ရည်စူးလှူဒါန်း ပြီးတော့ နောက်ထပ် အိပ်မက် တွေများ မက်သေးလား ” ဟု မေးလိုက်ရာ ဒေါ်ရွှေစင် က မျက်ဝန်းမှ မျက်ရည်များ ကို သုတ်လိုက်ပြီးနောက် ...

“ တစ်ခါမှ မမက်တော့ပါဘူး ။ မမ အထင် ပြောရရင်တော့ သူ လွတ်ကျွတ်သွားပြီလို့ ထင်တယ် ” ဟု ပြောလိုက်ပြီးသော အခါ ၄င်း က ဆက်၍ ...

“ ဪ ... အဲဒီ အကြောင်းတွေ ပြန် မရေးပါနဲ့ နော် ” ဟု ကျွန်ုပ် အား သတိပေး စကား ဆိုလာ၏ ။

“ မရေးပါဘူးဗျာ ” ဟု ကျွန်ုပ် က ရယ်၍ ပြောလိုက်သည့်အခါ ...

“ မရေးပါဘူးလို့ ပြောပြီး အောက်တိုဘာအောင်ကြီး နော် ရေးမှာ သိတယ် ။ ရေး ရင်လည်း နာမည်တွေ ပြောင်းပြီး ရေး နော် ” ဟု ရုပ်ရှင်မင်းသမီးကြီး ဒေါ်ရွှေစင် က ရယ်မောကာ ပြောလိုက်လေတော့သတည်း ။

▢ အောက်တိုဘာအောင်ကြီး
📖 ရုပ်ရှင်နယ် က ဖြစ်ရပ်မှန်များ

No comments:

Post a Comment