Thursday, February 27, 2025

ဝံသာနု လက်ဟောင်း


 

❝ ဝံသာနု လက်ဟောင်း ❞
        (သိန်းဖေမြင့် )

ကျွန်ုပ် ကတော့ ဝံသာနု လက်ဟောင်း ဖြစ်ပါသည် ။ အသက် ကြီး ၍ အစစအရာရာ မှာ မာနတံခွန် လဲနေပြီ ဖြစ်သော်လည်း ဝံသာနု လက်ဟောင်း ဖြစ်ခဲ့တယ် ဆိုတဲ့ မာနတံခွန် က တော့ မလဲသေးပါ ။ အခွင့်ရတိုင်း တလွင့်လွင့် တလူလူ ဖြစ်လာတတ်ပါသည် ။ လွတ်လပ်ရေး နေ့ ဆိုတဲ့ ချိန်ခါ မှာ အဲဒီ မာနတံခွန် ဟာ တလွင့်လွင့် တလူလူ ဖြစ်နေပါသည် ။ ပြီးတော့ အရွယ် က တစ်ဆိတ် အိုမင်းမစွမ်း နိုင်လေတော့ သေပျော်ပြီ လို့ ကိုယ့်စိတ် ကိုယ့် ဆန္ဒတွေ ကို လျှော့ ထားပါသည် ။ ရန်ကုန် မှာ လုပ်တဲ့ သက်ကြီးပူဇော်ပွဲ မှာ ကျုပ် လို ဆင်းရဲသား သက်ကြီးအို အပူဇော် မခံရသော်လည်း သေပျော်ပါပြီလေ ဟု သာ အောက်မေ့ ထားပါသည် ။ သို့ရာတွင် ဝံသာနု လက်ဟောင်းကြီး ကလည်း ဖြစ်နေပြန် လွတ်လပ်ရေးနေ့ ဆိုတဲ့ ချိန်ခါလည်း ဆိုက်ရောက် နေပြန် ဆိုတော့ မသေပျော်သေးဘူး ဟု ထင်စရာ အကြောင်း တစ်ခု ကျုပ် ရင် ထဲမှာ အခဲ မကျေ ၊ အစိုင်မပျက် ရှိနေသေးတယ် ဆိုတာ ကို အန်ထုတ်လိုက်ပါသည် ။

ဟို - လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကျော် တုန်းကပေါ့ ကျုပ်တို့ ဝံသာနု ဖြစ်ကြတာ ကျုပ်တို့ ဟာ ဝံသာနုတွေ မပေါ်ခင် ဂျီစီဘီအေ မဖြစ်ခင် ဦးဥတ္တမ တို့ ဦးချစ်လှိုင် တို့ နာမည် မထွက်ခင် ပထမကမ္ဘာစစ် မဖြစ်ခင် ခု ကာလ ဘကြီးဘဖေ လို့ အခေါ် ခံနေရတဲ့ ဦးဘဖေ စာရေးကြီး လုပ်နေ စဉ် လောက် ကတည်း က လူလားမြောက်ခဲ့ပါသည် ။ မီးခြစ် တစ်ထုပ်  တစ်ပဲ ။ ပိုလို စီးကရက် တစ်ဘူး တစ်ပဲ ။ ပိုးပဝါ တပိုင်း ငါးမတ် ။ ပိတ်တစ်အုပ် ကိုးကျပ်ခွဲ ။ သရက်ထည် လုံချည် တစ်ထည် တစ်ကျပ် စသော ဈေးများ ကို မီခဲ့ဘူးပါသည် ။ ပိုလိုစီးကရက် လက်ကြား ညှပ်ဖူးသည် ။ ခေါင်းပေါင်းစ ထောင် ဖူးသည် ။ ပိတ်အုပ် လက်ဆောင် ပေးပြီး မြာပိုးဖူးပါသည် ။

သို့ပေမဲ့ ဒါတွေဟာ မြန်မာ့ငွေ နိုင်ငံခြား ရောက်စေသည် ။ တို့ မြန်မာနိုင်ငံ အောက်ကျ နောက်ကျ ဖြစ်စေသည် ။ စက်မှုလက်မှု မထွန်းကား ဘဲ မကြီးပွား ဘဲ နေစေသည် ဆိုသော စစ်အတွင်း ကပင် ပေါ်လာသည့် တရားများ ကို မူ နားမထောင်ဘဲ မနေခဲ့ပါ ။ [ မိရိုးဖလာ အတိုင်း အေးအေး နေကြ၍ မတော် ] စီးပွားချမ်းသာ အရာ၌ လူမျိုးကွဲ တို့ ၏ အောက်နား နောက်နား သို့ ကျရောက်ကြကြောင်း ။ မန္တလေး က မြန်မာ့တာရာ မှာ ဖတ်မိပါသည် ။ ( ၁၉၁၇ − မတ်လ ) အိတ်တွင်း က လည်း နှိုက် ၊ ပါး ကို လည်း ရိုက် ဆိုသော စကားပုံ အရ ဤ ပြည်ထွက် ဥစ္စဓန တို့မှာ သူတစ်ပါး ကုန်စည်များ ချည်းသာ ဖြစ်၍ ကုန်ဆုံးမည် ဟု ရှေးတုန်း က ဟံသာဝတီ မှာ ဖတ်ရပါသည် ။ ( ဖေဖော်ဝါရီ - ၁၉၁၇ ) ဝင်ကုန်များ ကို သာ ရှေးအခါ က ထက် ဈေးနှုန်းတိုးတက် ပိုမို၍ ဝယ်ယူရ ပြီးလျှင် ကျွန်ုပ်တို့ ပြည်မှ ထွက်သော ထွက်ကုန်ကလေး ကိုကား ဈေးနှုန်း ချည်နှောင် ထားခြင်းသည် ဥရောပတိုက်သား ကုန်သည်ကြီးများ တို့၏ အကျိုးစီးပွား သက်သက် သာလျှင် ဖြစ်၍ မြန်မာပြည် ၌ အကျိုးကျေးဇူး ခံစားဖွယ် မရှိ ဟုလည်း မြန်မာသတင်းစာ ခေါင်းကြီးတွင် ဖတ်ရ ပြန်ပါသည် ။ ( ၂၈ - ၂ - ၁၇ ) ဝါဂွမ်း - ဖဲ - ပိုး ၎င်းတို့ ကို နိုင်ငံခြား လူမျိုးတို့ ၏ နည်းနာ အတိုင်း သင်ကြား လိုက်နာ ဆောင်ရွက် လုပ်ကိုင်နိုင်ရန် ကြိုးစား အားထုတ် ကြပြီးလျှင် တိုင်းရင်းထွက် ပစ္စည်းများ ကို နှစ်သက်ကြ၍ တိုင်းရင်းသား တို့၏ ပညာကို တိုးပွားစေလျက် ခေတ်ကာလ အလျောက် ပညာ နှင့် နှိုင်းယှဉ် လိုက်လျောစွာ ကြုံကြိုက် သော ခေတ်ကို ကျရောက်လေပြီ ဖြစ်ကြောင်း လို့ လည်းပဲ အဲဒီ မြန်မာသတင်းစာ ကပင် ရေးပြန်ပါ သည် ။ ( ၁၈ - ၄ - ၁၇ ) အဲဒီတုန်း က သူရိယမဂ္ဂဇင်း ၊ သူရိယသတင်းစာ တို့ မှာလည်း စက်မှုလက်မှု လုပ်ငန်းများ နှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ကို မြန်မာများ လုပ်ကိုင်သင့်ကြောင်း ဂျပန် ကို နမူနာ ယူသင့်ကြောင်းများအပြင် ကျွန်ုပ်တို့ မြန်မာပြည် မှာ မူ စက္ကူလုပ်ရန် မြက် ၊ ဝါး ၊ ကောက်ရိုး စသော အမျိုးမျိုးသော အရိုင်းဝတ္ထုပစ္စည်းများ အမြောက်အမြား ရရှိလျက် ။ ဝူလ်ဖရမ် အလုပ် မှ စ၍ အခြား သတ္တုတွင်း လုပ်ငန်းများ ၊ အခြား တိုင်းပြည် သို့ ထွက်ကုန်များ တင်ပို့ခြင်း အလုပ်များ ၊ အသက်အာမခံ ၊ မီးအာမခံ မှစ၍ အာမခံအမျိုးမျိုး အလုပ်များ နှင့် ဘဏ်လုပ်ငန်းများ ကို မြန်မာများ လုပ်ထိုက်ကြောင်း တိုက်တွန်းပါသည် ။ ( ၁၉၁၇ သြဂုတ်လ )

ဒီလို လူမျိုးခြား တို့နှင့် ယှဉ်ပြိုင်တုပ ရောင်းချကြ၍ ဝယ်ခြမ်း သုံးဆောင်သူ မြန်မာလူမျိုး အချင်းချင်းတို့ ကလည်း ဝံသာနုရက္ခိတတရား အလျောက် စောင့်ရှောက်ခဲ့ကြ ပါလျှင် ထိုအလုပ် တို့ ၌ အခြား လူမျိုးတို့ ကပ်နိုင်ကြမည် မဟုတ်ကြောင်း လို့ မြန်မာသံတော်ဆင့် သတင်းစာ မှာ တွေ့ရ ပြန်ပါသည် ။ ( ၁၃ - ၈ - ၁၇ )

ဝံသာနုရက္ခိတ တရားကိုယ် ရဲ့ အနှစ် ကို ထုတ်လျှင် ကိုယ့် တိုင်းပြည် မှာ ကိုယ့်စီးပွား ကို ကိုယ့် အမျိုးသား လက်ထဲ ရောက်စေရမယ် ။ အမျိုးသားစက်မှုလက်မှု ထွန်းကားစေရမယ် ။ ကိုယ့် တိုင်းပြည် ကိုယ့် အမျိုးသားတွေဟာ နိုင်ငံခြားများ နည်းတူ ရင်ပေါင်တန်း ခေတ်မီ နိုင်ရမယ် ။ အဲဒီ ဟာတွေကို လုပ်ရာမှာ အချင်းချင်း စောင့်ရှောက် ရိုင်းပင်းရမယ် ဆိုတဲ့ အချက်များ ကို တွေ့ရပါလိမ့်မည် ။

သို့ကလိုဖြင့် ကျုပ်တို့ ဝံသာနုတွေ ဖြစ်ခဲ့ရပါသည် ။

ကျုပ်တို့ ဝံသာနု ဖြစ်စဉ် တုန်းက သုံးဆယ်ကျော် - လေးဆယ် အတွင်း ခုခေတ် ဝန်ကြီး များစွာ တွေ ရဲ့ အရွယ်တွေပေါ့ ၊ သန်တုန်း မြန်တုန်း မာန်တက် ကောင်းတုန်း ၊ တောင်ရှည် တရမ်းရမ်း ၊ ခေါင်းပေါင်းစ တလူလူ နှင့် မော်လို့ကောင်းတုန်း အရွယ် ဖြစ်ပါသည် ။ သို့သော် ဝံသာနု ဆိုရင် ကိုယ့် တိုင်းရင်းဖြစ် ကိုသာ အားပေးသုံးစွဲရမည် ။ နိုင်ငံခြားကုန် ကို သပိတ် မှောက်ရမည် ။ ကျုပ်တို့ ဟာ ပိုလို ကို စွန့်ပယ်ပြီး ဆေးပေါ့လိပ်ကြီး ကိုပဲ ရှူကြပါသည် ။ ဖျင် - ပင်နီအင်္ကျီ ကို သာ ဝတ်ကြသည် ။ ယောပုဆိုး ကို ခါးမှာ ဆီးကြပါသည် ။

ကျုပ်တို့ ကိုယ်တိုင် က သာ တိုင်းရင်းဖြစ် ကို အားပေးရုံ မကဘူး ၊ အမျိုးသားတွေ အားလုံးကလည်း ဝံသာနုရက္ခိတ တရား အတိုင်း အားပေး ကြလေအောင် လိုက်လံ ဟောပြော ကြပါသည် ။ နိုင်ငံခြား အသုံးအဆောင် အထည်အလိပ်တွေ ကို မီးရှို့ကြသည် ။ သပိတ် မှောက်ဖို့ လှုံ့ဆော်ကြသည် ။ တချို့ ဝံသာနု ဘုန်းကြီးများ က အမျိုးသမီးများ နောက် လိုက်ပြီး ပိတ်ပါး အင်္ကျီ ကို အတင်း ချွတ်ရမည် ဟု တောင်းဆိုတဲ့ အခါ မှာ ကျုပ်တို့ က သာဓု ခေါ်မိပါသည် ။

အဲဒီတုန်းက ဆိုရင် တစ်ဘက် က နိုင်ငံခြား ကုန်ပစ္စည်း သပိတ်မှောက်ပြီး တိုင်းရင်းသား ကုန်ပစ္စည်း ကို အားပေးကြပါသည် ။ အခြား တစ်ဘက်ကမူ အစိုးရရုံးများ ကို သပိတ်မှောက်ကြသည် ။ ဗြူရိုကရေစီ အုပ်ချုပ်ရေး အလို မရှိ ။ ဟုမ္မရူး သာ အလိုရှိ လို့ အော်ကြပါသည် ။

သို့ပေမဲ့ စက်မှုလက်မှု လုပ်ငန်းတွေ ပေါ် မလာခဲ့ပါဘူး ။ ကိုယ့် အမျိုးသားစီးပွားရေး ကိုယ့် အမျိုးသားလက်ထဲ ရောက် မလာခဲ့ပါဘူး ။ ဝံသာနု မအောင်ခဲ့ပါဘူး ။ အုပ်ချုပ်ရေး ဘက်မှာ ဒိုင်အာခီ ဆိုတာတော့ ရောက်လာခဲ့ပါသည် ။ ဦးဘဖေ ခေါင်းဆောင် သော ၂၁ ဦးအဖွဲ့ က ဂျီစီဘီအေ ဝံသာနု ပင်မကြီး မှ ခွဲထွက်ပြီး ဒိုင်အာခီ ကို လက်ခံခဲ့ပါသည် ။

ကျုပ်တို့ ကတော့ ဒိုင်အာခီ လက်ခံသူတွေ ကို မဆက်ဆံရဘူး ၊ သပိတ်မှောက်ရမယ် ဆိုတဲ့ ဝံသာနုလက်ဟောင်းကြီး ဖြစ်လာပါသည် ။

ဆရာစံ တို့ သာယာဝတီသူပုန် နှင့် မရှေးမနှောင်းဘဲ လူငယ် တစ်စု ခေါင်းဆောင် ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာ ပြန်ပါသည် ။ နောက်သော အခါမှာ သခင်များ ဖြစ်လာကြတဲ့ မောင်ဘစိန် ၊ မောင်လေးမောင် ၊ မောင်နု စသူတို့ ခေါင်းဆောင်ပြီး နိုင်ငံခြား ကုန်ပစ္စည်း သပိတ်မှောက်ရေးတွေ လုပ်ကြပါသည် ။ စီးကရက် မသောက်ကြဖို့ လိုက်လံ ဟောပြောကြပါသည် ။ သူတို့ ကိုယ်တိုင် ဖျင်ပင်နီဝတ်ကြပါသည် ။ ချည်လုံချည် ကို သာ ဆင်မြန်းကြပါသည် ။ အမျိုးသမီး များ ကိုလည်း ဟံဇားထည် ။ ရွှေတောင်ထည် စသည်များ ကိုသာ ဝတ်စေပါသည် ။ ဗိုလ်ကေ ကို ပယ်ရမည် ဆိုပြီး ခေါင်းတုံး တောင် တုံးလိုက်ကြ ပါသေးသည် ။

ကျုပ် ကတော့ ဝံသာနု လက်ဟောင်း ဖြစ်တဲ့ အတိုင်း မဆွတ်ခင် က ညွှတ်ချင် သူ ဖြစ်ပြီး သူတို့ လုပ်ငန်းတွေ ထောက်ခံခဲ့ပါသည် ။ ခေါင်းတုံး တော့ တုံးဖို့ မလိုပါ ။ အစ ကတည်း က ဗိုလ်ကေ မထားခဲ့ပါ သျှောင်ထုံး နှင့် ဖြစ်ပါသည် ။

သို့ရာတွင် စက်မှုလက်မှုလုပ်ငန်းတွေ မထွန်းကားလှပါ ။ မြန်မာ့စီးပွားရေး မြန်မာ့ လက် ထဲ မရောက်ခဲ့ပါ ။

ဘာကြောင့်လဲ လို့ မေးသောအခါ အင်္ဂလိပ် နယ်ချဲ့လက်အောက် က မလွတ်လပ် လို့ ဆို တဲ့ အဖြေ ထွက် လာပါသည် ။ ဒီ အဖြေဟာ မှန်တဲ့ အတိုင်း လူတိုင်း ရဲ့ ရင်တွင်း မှာ ပဲ့တင်ခတ် လာ ပါသည် ။ လူတိုင်း ပါးစပ် က မြည်လာပါသည် ။ ကျုပ် လည်းပဲ လွတ်လပ် မှ ဝံသာနု အောင် မယ် ဆိုပြီး လွတ်လပ်ရေး တစ်မျိုးသားလုံး တောင်းဆိုသံ တွင် ခပ်ကျယ်ကျယ် ပါဝင်ခဲ့ပါသည် ။

၁၉၄၈ - ခု ၊ ဇန်နဝါရီလ ၄ ရက်နေ့ ကျတော့ လွတ်လပ်ရေး ရပါသည် ။ ကျုပ် က တော့ အိုမင်းမစွမ်း အရွယ် ရောက်နေပြီ ။ သို့ပေမဲ့ လွတ်လပ်ရေး ဆိုတာ ကြောင့် စိတ်ပျို သလို လိုပင် ဖြစ်လာ မိသည် ။ အဲဒီနေ့ နံနက် အစောကြီး ထပြီး လွတ်လပ်ရေး ကို ကြိုဆို ခဲ့ပါသေး သည် ။ နှင်း ကလည်း စိုစို - လေ ကလည်း တဟူးဟူး ၊ မီး ထွန်းတာ ကိုပင် မနည်းကြီး ထွန်းယူရပါသည် ။ အိမ်ရှေ့ အလံတိုင် မှာ အမျိုးသားအလံ ကို လွှင့်ထူသော အခါ တခိုက်ခိုက် တုန် နေပါသည် ။ အအေး ၏ ဒဏ်ချက် သာမက လွတ်လပ်ရေး အရှိန် ကြောင့် ချောက်ချားမှု လည်း ပါပါသည် ။

လွတ်လပ်ရေး ရပြီးတော့ စက်မှုလုပ်ငန်း နှင့် စက်ရုံတွေ ၊ လက်မှုလုပ်ငန်းတွေ အလျှိုလျှို မှိုလို ပေါက်လာမည် ကို မြင်ယောင်မိပါသည် ။ စီးပွားရေးလုပ်ငန်းတွေ မှာ ကိုယ့် အမျိုးသားတွေ သာ လွှမ်းမိုးရမည် ဟု ကြုံးဝါး မိပါသည် ။ ဝံသာနု လုပ်ခဲ့သော ရည်ရွယ်ချက် ပြည့်ဝတော့ မည် ဟု ထင်မှတ်ခဲ့ပါသည် ။

နိုင်ငံခြား လုပ်ငန်းကြီးများ ကို အမျိုးသားပိုင် ( ဝါ ) ပြည်သူပိုင် လုပ်မည် ဟု ဆိုသောအခါ လက်ခုပ် တီးခဲ့မိပါသည် ။ နိုင်ငံခြား ကုန်တွေ ဝင်ချင် တိုင်း မဝင်ရ ။ ဗမာ့ ကုန်တွေ ထွက်ချင် တိုင်း မထွက်ရ ၊ ကြီးကြပ်မည် ။ လိုင်စင် ယူရမည် ဟု ဆိုသောအခါ လက်ခမောင်း ခတ် မိပါသည် ။

ယခု ၄ နှစ် တိုင်ခဲ့ပြီ ။ လွတ်လပ်ရေး ၄ နှစ် အပြီး တွင် အစိုးရ တည်ထောင်သော ချည်စက်ရုံ တစ်ရုံ ကိုသာ မြင်ရသေးသည် ။ သည့်ပြင် မည်မည်ရရ စက်မှုလက်မှု ထူထောင်ရေး မမြင်ရသေး ။ နိုင်ငံခြား ကုန်များ ဝင်လျက်ပင် ရှိ၏ ။ တိုင်းရင်းသား စက်မှုလက်မှုလုပ်ငန်း ကို ဘယ်လို လုပ်ကာကွယ်မလဲ ။ ဘယ်လို လုပ် နိုင်ငံခြား ကုန်သည်များ နှင့် ပြိုင်မလဲ ။ ဘယ်လို လုပ်ပြီး စက်မှုလက်မှု ထွန်းကားနိုင်မလဲ ။ ဘယ်လို လုပ်ပြီး ဗမာ့ စီးပွား - ဗမာ့ လက်ထဲ ရောက်မလဲ ။ လွတ်လပ်ရေး ရတယ် ဆိုပြီး ကျုပ် ဝံသာနု လက်ဟောင်းကြီး ဒါတွေအဖြေ မရနိုင်ရင် အရွယ်ကြီး သော်လည်း သေပျော်ပြီ ဟု မဆိုနိုင်ပါ ။

⎕ သိန်းဖေမြင့်
📖 မြန်မာ့အလင်း    
      သတင်းစာ အချပ်ပို
      ၄ - ၁ - ၁၉၅၁

No comments:

Post a Comment