❝ နံ့သာကုန်း မှာ ❞
( ဒေါင်းနေမင်း )
၁၃ နှစ်အရွယ် ခင်သိုက် ဆိုတဲ့ မိန်းကလေး ရဲ့ စိတ်စွမ်းအင် ဟောပြောမှုဟာ သွေးထွက်အောင် မှန်တယ်လို့ မဂ္ဂဇင်း တစ်စောင် ကနေ ရုပ်ရှင်မင်းသမီး တစ်ဦး နဲ့ တွေ့ဆုံခန်း အင်တာဗျူး မှာ သူမ ကိုယ်တွေ့ အနေနဲ့ ဖော်ပြပေးလိုက် တဲ့အခါ တိတ်ဆိတ်ငြီးငွေ့ဖွယ် ကောင်းလှတဲ့ နံ့သာကုန်းရွာလေး ဟာ လှုပ်လှုပ်ရွရွ ဖြစ်သွားတယ် ။
၁ ။
နံ့သာကုန်းရွာ ဆိုတာ ရွာငယ်ဇနပုဒ် လို့တောင် ပြောလို့ရတဲ့ တကယ့် သေးသေးကွေးကွေး ဖရိုဖရဲလေး ။ အလွန်ဆုံး ရှိမှ အိမ်ခြေ ရှစ်ဆယ် တစ်ရာပဲ ။ ရွာ ထဲ မှာ ထည်ထည်ခံ့ခံ့ သွပ်မိုးပျဉ်ထောင်အိမ် ဆိုလို့ သုံးလေးအိမ်လားပဲ ရှိမယ် ။ ကျန်တာတွေ က ဖြစ်သလို ဆောက်ထားကြတဲ့ သက်ငယ်မိုး ထရံကာတွေချည်း ပါ ။
ရှေ့မီ နောက်မီ လူကြီးတွေ ပြောသား အလိုရ ဆို အလျင်က နံ့သာကုန်း ဟာ ရွာတောင် မဟုတ်ဘူးတဲ့ ။ တဲစုလေး ဆိုပဲ ။ အဲဒါကြောင့် ဘုန်းကြီးကျောင်းတောင် မရှိဘူး ။ ရွာ့ မြောက်ဘက် ( တစ်ဆက်တည်း လို့ လည်း ပြောလို့ ရတဲ့ ) ရေပြာရွာဘုန်းကြီးကျောင်း ကို နံ့သာကုန်းရွာသားတွေ ကိုးကွယ်ကြရတာ ။ ရေပြာရွာ က ရွာကြီးပေါ့လေ ။ အုပ်ချုပ်ရေးပိုင်း အရလည်း နံ့သာကုန်း နဲ့ ရေပြာ ကို အုပ်စုတစ်စုတည်း ပဲ သတ်မှတ်တယ် ။
ရေပြာ ထက် စာရင် နံ့သာကုန်း ဟာ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းတယ် လို့ ပြောလို့ရမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ နံ့သာကုန်း ဟာ ဟိုင်းဝေးလမ်းမ ကြီး နဘေးတင် ကပ် နေတာကိုး ။ ရေပြာရွာသားတွေ မြို့ သွားချင်ရင် နံ့သာကုန်း ကို ဖြတ်ပြီး မှ လမ်းမပေါ် ကို ရောက်ရတာ ။
နံ့သာကုန်းရွာ နဲ့ ဟိုင်းဝေး လမ်းမကြီး ကြား မှာတော့ အရိပ်ကောင်းကောင်း ပေးနိုင်တဲ့ ကုက္ကိုလ်ပင်ကြီး တစ်ပင် ရှိတယ် ။ စိတ်ကူး ကောင်းတဲ့ လူ တစ်ယောက် က ဝါးလုံးလေးတွေ ကို တန်းလျားလေး လို ရိုက်ပြီး ထားတာမို့ အညောင်းပြေ ထိုင် နားလို့လည်း ရတယ် ။ ဒါမှမဟုတ် အမောပြေ ရေသောက် ချင်တယ် ဆိုရင် လည်း အနားမှာ ရေအိုးစင်လေး က အဆင်သင့် ။
ခပ်လှမ်းလှမ်း ကားလမ်းဘေး မှာတော့ ဆေးသားတွေ ကွဲအက်ထွက် နေ ပြီး ဖုန်အလိပ်လိပ် တက်နေတဲ့ နံ့သာကုန်းရွာ ဆိုတဲ့ ဆိုင်းဘုတ်လေး ဟာ ကားပေါ် က ခရီးသည်တွေ လျှပ်တစ်ပြက် ဖတ်မိရင် ဘာ ရေးထားမှန်း မသိနိုင်လောက်အောင် ကို ရုပ်ပျက် ဆင်းပျက် ဖြစ်နေပြီ ။
ရေအိုးစင် က နေ လှမ်း ကြည့်ရင် ခင်သိုက် ဆိုတဲ့ ကောင်မလေး နေတဲ့ အိမ် ကို လှမ်း မြင်နိုင်တယ် ။ သပ်သပ်ရပ်ရပ်လေးပါ ။ ခင်သိုက် မှာ မိဘနှစ်ပါး စလုံး မရှိဘူး ။ ငယ်ငယ် ကတည်းက အဖေ နဲ့ အမေ ဟာ အိမ်ထောင် ပျက်ပြီး ကစဉ့်ကလျား ဖြစ်သွားတယ် ပြောတာပဲ ။ ဘယ်ရောက်ကုန်မှန်းလဲ မသိဘူး ။ အဲဒါ ကြောင့် အဘွား က စောင့်ရှောက် ထားရတာ ။ လူပျိုကြီး ဦးလေး တစ်ယောက် ကလည်း သူတို့ နဲ့ အတူ နေတယ်လေ ။ ဝိုင်းလုပ် ဝိုင်းစားပေါ့ ။
ထူးခြားတာ က ခင်သိုက် ငယ်ငယ်လေး ကတည်းက စကား ကို သွက်သွက်လက်လက် ပြောတာ မဟုတ်ဘူး ။ တခြား ကလေးတွေ နဲ့ အရောတဝင် ဆော့ ကစားတာ လည်း မရှိသလောက်ကို နည်းတာ ။ ဘာသာ နေတာပဲ ။ ဂျီ လည်း မကျဘူး ။ အရွယ်လေး ရောက် လာတော့ အဘွား ဈေးရောင်းတာ ဝိုင်းကူ ၊ အိမ်မှ ကိစ္စ လုပ် အားရင် ဘုရားစာတွေ ရွတ် ၊ ဘုရားရှိခိုး ဒါပဲ ။ ရွာထဲ မှာ တော့ သူ့ ကို သိုက် က လာတာ ၊ ဥစ္စာစောင့် ၊ လူဝင်စား ဆိုပြီး အမျိုးမျိုး ပြောကြတယ် ။ တစ်ခါ တစ်ခါ ခင်သိုက် တစ်ယောက်တည်း နေရင်း ပါးစပ် က တတွတ်တွတ် ရွတ်နေတာမျိုး တစ်စုံတစ်ယောက် နဲ့ စကား ပြောသလိုမျိုး လုပ်နေတာ ကို မြင်တဲ့ လူက မြင်လာတာကိုး ။ အစကတော့ ခင်သိုက် ကို နောက်နောက်ပြောင်ပြောင် နဲ့ ဟိုမေး ဒီမေး လုပ်တဲ့လူ ကလည်း မရှားဘူး ။ ရွှေငွေ တောင်းတဲ့ လူ လည်း ရှိရဲ့ ။ အတိတ် ကို ပြန်ပြောခိုင်းတဲ့ လူ က လည်း အပျင်းပြေ ပေါ့လေ ။
ခင်သိုက် က သိပ် ရင်းနှီးနေတဲ့ လူ ဆိုရင် ဟိုပြောသည်ပြော နဲ့ ပြန်နောက်တတ်တာမျိုးတော့ ရှိတာပေါ့ ။ သူ့ ကို လူတွေ အထူး အာရုံစိုက် လာစေတဲ့ အချက် တစ်ချက် ကတော့ တစ်ခါက ရွာ မှာ နွားခိုး ခံရတဲ့ ပြဿနာ တစ်ခု ကြုံရ တယ် ။ ဘယ်မှာမှ ရှာမ တွေ့လို့ စိတ်ပျက် နေတဲ့ နွားရှင် နဲ့ လိုက်ရှာတဲ့ လူတစ်စု ဟာ ခင်သိုက် တို့ အိမ်ရှေ့မှာ စုမိကြတယ် ။ တစ်ယောက် တစ်ခွန်း ပြောကြဆိုကြ တာလည်း ပွက်လောကို ရိုက်နေတာပဲ ။ အဲဒီမှာတင် ခင်သိုက် က ကောက်ကာ ငင်ကာ ဝင်တဲ့ပြီး “ ဦးကြီးတို့ နွား အသ,တ်ခံရတယ် ။ သင်္ချိုင်း က ဂူပျက် တစ်ခုမှာ ဝှက် ထားကြတယ် ” လို့ ပြောတော့ အားလုံးက မယုံတစ်ဝက် ရုံတစ်ဝက် နဲ့ ။ တစ်ယောက် က သွား ရှာတော့ တကယ်ပဲ အပိုင်းပိုင်း လှီးဖြ,တ် ထားတဲ့ နွားသေ ကို တွေ့တာ ။ အဲဒီမှာင် ခင်သိုက် ရဲ့ ကျော်ဇော သတင်း ဟာ ပိုပြီး ကြီးသွားခဲ့တယ် ။
ရွာနီးချုပ်စပ် က ဆို ကျွဲပျောက် ၊ နွားပျောက် ၊ ပစ္စည်းပျောက် ၊ အိမ်ထောင် ရေး ၊ စီးပွားရေး က အစ ခင်သိုက် ဆီ မမေးဖူးတဲ့ လူ ဆို ခပ်ရှားရှား ။ မှန်တဲ့အခါ ရှိ သလို မှားတဲ့ အခါလည်း ဘယ်သူကမှ ရေးကြီးခွင်ကျယ် လုပ်ပြီး ပြောမနေဘူး ။
ဖြစ်ချင်တော့ ရန်ကုန် ကနေ အညာဘက် ကို ရုပ်ရှင် ရိုက်ဖို့ အဖွဲ့တစ်ဖွဲ့ နံ့သာကုန်း ရွာထိပ် ရောက်တော့ ကား ပျက်ပါလေရော ။ ပျက်တာက မင်းသမီး ကား ၊ ပူညံပူညံ ဖြစ်လို့ ။ နေ က လည်း ပူ ၊ အိုက် က လည်း အိုက်မို့ ကားပြ င်နေတုန်း အဖွဲ့သားတွေ အားလုံး နေရိပ်ကောင်းတဲ့ ကုက္ကိုလ်ပင်ကြီး အောက် ဝင်နားကြ တယ် ။ မီးထိုးသမား နဲ့ ရွာခံ တစ်ယောက် စကား ပြောဖြစ်ကြတယ် ။ ဆိုပါစို့ ။ ခင်သိုက် အကြောင်း ရောက်သွားတယ် ။
ကိုယ့် ရွာ ရဲ့ ဂုဏ်သိက္ခာ ကို တင်ချင်လွန်းတဲ့ အဲဒီ ရွာသားဟာ ခင်သိုက် အကြောင်း တခမ်းတနား အမွှန်းတင် လိုက်တာ ယောက်ျား နဲ့ ကွဲနေတဲ့ မင်းသမီး လွှတ် စိတ်ဝင်စားသွားတယ် ။ သူ့ အဖော် မိတ်ကပ်ဆရာ မိန်းမလျာကလည်း သဲသဲလှုပ် ဆိုတော့ သိပ်တောင် စဉ်းစားချိန် မရလိုက်ပါဘူး ။ ခဏကြာ ခင်သိုက် အိမ် ချီတက်ကြပါလေရော ။ စူပါမင်းသမီး တစ်ယောက် ဒီ ရွာကို ရောက်နေတယ် ဆိုတဲ့ သတင်း ချက်ချင်း ပျံ့သွားတယ် ။ ကြည့်ချင်လွန်းတဲ့ ရွာ ထဲ က ပျိုပျိုအိုအို မှန်သမျှ လုပ်နေတဲ့ အလုပ်တွေ ပစ်ပြီး ပြေးလွှား လာလိုက်ကြတာ တချို့ ဆို ထဘီတောင် ကျွတ်ကျဆိုပဲ ။ ရုပ်ရှင်မင်းသမီး ကတောင် ခင်သိုက် ဆီကို လာမေးတယ် ဆိုတဲ့ သတင်း က ဟိုးလေး တကျော်ကျော် ။ အမှန်က ကား ပျက်လို့ ၊ ကြုံလို့ ဝင်တာ ။
ထားပါတော့ ။ ဘာပဲဖြစ်ဖြစ် မင်းသမီး ရဲ့ ပါးစပ်ဖျား က “ သွေးထွက်အောင် မှန်လိုက်တာ ဆရာရယ် ” လို့ ဒါရိုက်တာ ကို ပြန် ပြောတာ အားလုံးကြား ရတယ် ။ မင်းသမီး ရန်ကုန် ပြန် ရောက်တော့ အင်တာဗျူး တစ်ခုမှာ အဲသည့် အကြောင်း ကို ထည့် လိုက်တာ တီဗီမှာ ကြော်ငြာခ မကုန်ဘဲ နေ့ချင်းညချင်း ဆိုသလို ခင်သိုက် သတင်းက ဟုန်းခနဲ နာမည် ကြီးသွားတယ် ။ လာလိုက်တဲ့ လူတွေ လူတွေ ။ တချို့က ကိုယ်ပိုင် ကားတွေ နဲ့ ။ တချို့က လိုင်းကား နဲ့ ။ တချို့ဆို ကုန်းတစ်တန် ၊ ရေတစ်တန် နေရာမျိုး ကနေ ရောက်လာတဲ့ လူတောင် ရှိရဲ့ ။
အဲဒီမှာတင် နံ့သာကုန်းရွာ ဟာ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ် ပြောပါတော့ ။
၂ ။
နံ့သာကုန်း မှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ကောင်းကောင်း ဖွင့်ဖို့ ပထမ ဦးဆုံး စိတ်ကူးပေါ်တဲ့ လူက ရေပြာရွာ က ကျောင်းဆရာ ကိုညိုမြ ဆိုတဲ့ လူပဲ ။ သူ က ခေတ်ပညာတတ် ဘွဲ့ရ တစ်ယောက် ဆိုတော့ မြို့ပြရဲ့ လူနေမှုအကျင့် ကို သိနေတယ် ။ ကြည့်လေ ၊ ခုဆို ခင်သိုက် ဆီ မေးဖို့ လာတဲ့ လူတွေဟာ အလျင်ကလို လွယ်လွယ်ကူကူ နဲ့ ကိစ္စ ပြီးကြတာ မဟုတ်ဘူး ။ များလွန်းလို့ တုန်ကင် နဲ့ ဖြစ်သွား ပြီ ။ နဂို ကတည်းက ခင်သိုက် ဟာ ရောဂါသည် ။ ချူချာတာလည်း လွန်ပါရော ။ ၁၃ နှစ် ထဲ ဝင်လာတာ တောင် ဖွံ့ဖြိုးမှုအားနည်းလွန်းလို့ ပါးပါးကပ်ကပ်လေး ။ နည်းနည်းလေး လှုပ်လှုပ်ရှားရှားလုပ်တာနဲ့ မောနေတတ်တာ ။ လူကြီးတွေ ကို ကိုယ့် ကျန်းမာရေးကို ချိန်ဆတတ်တာ မဟုတ်ဘူး ။ ဒါကြောင့် ရွာလူကြီးတွေ က ဧည့်သည်တွေ ကို တောင်းတောင်းပန်ပန် ပြောပြီး နားနားနေနေ ခင်သိုက် ကို ဟောခိုင်းရတာ ။ အဲဒီတော့ ကိုယ့် အလှည့် မကျခင် စောင့်ရတဲ့ လူတွေ က တစ်ပုံကြီး ဖြစ်လာတယ် ။ နားခိုဖို့ နေရာနဲ့ အချိန်ဖြုန်းနိုင်ဖို့ ဆိုတာ မရှိမဖြစ် လိုအပ်လာ ပြီ ။
အဲဒါကြောင့် လက်ဖက်ရည်ဆိုင် ဖွင့်ရင် တွက်ခြေကိုက်မယ် လို့ စိတ်ကူး မိတဲ့ ကိုညိုမြ တစ်ယောက် အပြေးအလွှား စီစဉ်ရပြီပေါ့ ။ ပြောမယ့် သာ ပြောတာ ပါ ။ သူ ကိုယ်တိုင် က လက်ဖက်ရည် တစ်ခွက်ကို သောက်ရုံသာ သောက်တတ်တာ ။ အစပ်အဟပ် တည့်အောင် ဖျော်တတ်တဲ့ လူ မဟုတ်ဘူး ။ ဒီတော့ လက်ဖက်ရည်သမား တစ်ယောက် ကို မြို့ တက်ပြီး သွားငှားရတယ် ။ တစ်ဖက် က လည်း ကျောင်း မှာ စာသင်နေရသေးတာမို့ သားနှစ်ယောက် နဲ့ မိန်းမ ကို ဆိုင်မှာ တာဝန် ယူဖို့ ရာထားရတယ် ။ နေရာ အတွက်တော့ အားလုံး နဲ့ အဆင်ပြေ ရင် ကြိုက်တဲ့ နေရာ ဆောက်ပဲ ။ ကိုယ့်ရွာ နဲ့ ကိုယ် ဆိုတော့ ဘယ်သူ က မှလည်း ကန့်ကွက်မယ့် လူ မရှိ ပါဘူး ။ အဲဒီမှာတင် လက်ဖက်ရည်ဆိုင်လေး သပ်သပ်ရပ်ရပ် လှလှပပလေး ဖြစ်အောင် ကိုညိုမြ တစ်ယောက် လုံးပန်းရပြီ ဆိုပါတော့ ။
ဘာပဲပြောပြော အရီးလေး မယ်တုတ် တောင် ဆန်တစ်ပြည်ချက် ကို ထမင်းကြော်ပြီး လက်တည့်စမ်း လိုက်တာ မနက်ပိုင်း မှာ တင် ပြိုက်ခနဲ ကုန်သွား လို့ ဟန်ကျပြီဟဲ့ ဆိုပြီး ထမင်းဖြူ နဲ့ ဟင်း ပါ တွဲရောင်းတာ လက် မလည်ဘူး ဆိုပဲ ။ တစ်ယောက်တည်း မနိုင်မနင်း ဖြစ်တာနဲ့ တူမ လုပ်တဲ့ ဂွက်ထော် ကို နေ့စား နဲ့ ငှားထားရတယ် ။
အမှန်က နံ့သာကုန်း ဟာ မြို့ နဲ့ နီးတာ မဟုတ်ဘူး ။ ဘယ် သကောင့်သား မှ ဓာတ်ဆီ အကုန်ခံပြီး အစား တစ်လုပ်နဲ့ စားသောက်ဆိုင် ကောင်းကောင်း ရှာ မှာ မဟုတ်ဘူး ။ မရှိ ရှိတာ စားမှာပဲ ။ မယ်တုတ် ကို အားကျလို့ ရွာ ထဲက မိန်းမတွေ လည်း စပါးရိတ် မလိုက် ၊ မြေပဲပေါင်းသင် မထွက်တော့ဘဲ ကောက်ညှင်းထုပ် က အစ မုန့်ဟင်းခါး အဆုံး လုပ်တတ်သလို လုပ်ပြီး ရောင်းကြပါလေရော ။ အဲဒါ လည်း ကုန်တာပါပဲ ။
အဲ ဒီလမ်းမကြီး ပေါ်က ဖြတ်သွားတဲ့ ခရီးသည်တွေ ဆို ကားတွေ လူတွေ အဖွေးသား တွေ့ရတဲ့ ဒီ ရွာ ကို ဘာလုပ်တာလဲလို့ မေးယူရလောက်ထိ စည်ကား နေတာ ။ လူကုံထံတွေ ပါ သလို သာမန် လက်လုပ်လက်စားတွေလည်း ပါတယ် ။ လာမေးတဲ့ လူကို ဉာဏ်ပူဇော်ခ ဘယ်ရွေ့ဘယ်မျှ သတ်မှတ်ထားတာ မဟုတ်ဘဲ စေတနာ ရှိသလောက် အလှူခံပုံး ထဲ ထည့်ရတာဆိုတော့ လူတန်းစား မရွေး မျက်နှာ မငယ်ရဘူး ။ ရှိတဲ့ လူ ကလည်း ကိုယ်တတ်နိုင်သလောက် လှူ ၊ မတတ်နိုင်တဲ့ လူ ကလည်း သဒ္ဓါသလောက် ပေါ့ ။ ခင်သိုက်အတွက် ရည်စူးပြီး ဘုရားတည်ဖို့ ၊ အလှူအတန်း လုပ်ဖို့ ကလည်း သပ်သပ် အလှူခံပုံး နဲ့ ။ ဒီတော့ လူတန်းစားမရွေး ရောက်လာကြတာ မဆန်းပါဘူး ။
နံ့သာကုန်း မှာ စီးပွားရေး ပြေလည်တဲ့ ကိုရိုး ကတော့ ရန်ကုန် ထိ ဆင်းပြီး မီးစက်တစ်လုံး ချက်ချင်း ပြေးဝယ်တယ် ။ သူ လည်း အကွက်မြင်ပြီးသားမို့လား ။ တချို့ဆို နံ့သာကုန်း ရောက်လာပြီး မှ အချိန် မရှိတော့လို့ မထူးဘူးဆိုပြီး ညအိပ် စောင့်တဲ့ လူက တစ်နေ့ကို မရှိဘူး ဆိုတာတောင် သုံးလေးဆယ်ယောက် ရှိတာ ။ အဲဒီတော့ ည အိပ်ဖို့ အခက်အခဲ ရှိလာတယ် ။
ဘုန်းကြီးကျောင်း က မရှိ ပြန် ၊ နီးစပ်ရာ အိမ်မှာ တည်းခိုဖို့ ဆိုတာလည်း တစ်ရက် တန်သည် နှစ်ရက် တန်သည် မဟုတ်တော့ လက်ခံဖို့တော့ မဖြစ်ပြန်ဘူး ။ ဒီတော့ ကိုရိုး က ကနားဖျင်း တစ်လုံး ထိုးလိုက်တယ် ။ ပြီးတော့ ည အိပ်ရင် ဘယ်လောက် ၊ ဖျာ တစ်ချပ် ၊ စောင် တစ်ထည် ဆိုရင် ဘယ်လောက် ဆိုပြီး ငှားစား တယ် ။ အလုပ် ဖြစ်တာ မကျန်ဘူး ။ ဒါပေမယ့် ညဘက် မှောင်မှောင်မည်းမည်း ဆိုတော့ သိပ် ဟန်မကျဘူး ဖြစ်နေတယ် ။
ကိုညိုမြ က သူ့ လက်ဖက်ရည်ဆိုင် အတွက် မီး ယူချင်တယ် ။ မယ်တုတ် နဲ့ တခြား ဈေးသည်တွေ ကလည်း မီးရမယ် ဆိုရင် ညဘက်ပါ ဈေးရောင်းလို့ ရတယ် ဆိုတော့ ကိုရိုး စဉ်းစား သွားပြီ ။ ပို သေချာသွားတာက မြို့ မှာ ဗီဒီယိုပြစား တဲ့ ကိုသောင်းစိန် ကပါ မီးစက် အဆင်ပြေရင် အဲဒီမှာ လာ ပြမယ်လို့ ဆိုတာကြောင့် ကိုရိုး တစ်ယောက် မီးစက် ဝယ်ဖြစ်လိုက်တာ ။
နောက်ပိုင်း မှာ နံ့သာကုန်းရွာလေး ဟာ မြို့အသေးစားလေး နဲ့ ဘာမှ မခြားတော့ဘူး ။ အပူ သောက်မလား ၊ အအေး သောက်မလား အကုန် ရတယ် ။ ည ဆို ရွာထိပ်မှာ ကက်ဆက်သံ တညံညံ ၊ အင်ဂျင်မီး တလက်လက် နဲ့ ။ တစ်ခါ တစ်ခါ ဗီဒီယိုရုံ က ဝေါခနဲ ဝေါခနဲ ရယ်မောလိုက်တဲ့ အသံတွေ ကလည်း မကြား ချင် မဆုံး ။ သိပ် မဝေးလှတဲ့ ရေပြာ ၊ ဇီးကုန်း ၊ အင်းမ ၊ လက်တက်ကြီးရွာ က ကာလသားတွေ တောင် ညဘက် အပျင်းပြေ လက်ဖက်ရည်ထွက်သောက်သူ ရှိရဲ့ ။ ဖြစ်နေကြပုံများ ပြောပါတယ် ။ ဘာပဲပြောပြော ခင်သိုက် ကြောင့် ဒီလို ဖြစ်လာတာ ကို တော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး ။
ချက်ကြီး ဆို နံ့သာကုန်း ရဲ့ တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေ အရပ်ရပ်ကို အကဲဖြတ်ပြီး လူငှား အလုပ်က ထွက်လို့ ရေထမ်း ရောင်းတယ် ။ ရေ တစ်ထမ်း ကို ငါးကျပ် ဆိုလည်း ဟုတ် ၊ တစ်ဆယ် ဆိုလည်း ဟုတ်နေတော့ ချက်ကြီး လက်မှာ ငွေသီး နေတယ် ။ လက် ထဲ မှာ ပိုက်ဆံလေး စို့စို့ပို့ပို့ သုံးလာရ တော့ လက်ဖက်ရည်ဆိုင် ထိုင်တတ်တဲ့ အကျင့်လေး ဖြစ်လာတယ် ။ တစ်လ နေ လို့ တစ်ခါ သောက်ခွင့် မကြုံတဲ့ လက်ဖက်ရည် ကို မနက် တစ်ခွက် ည တစ်ခွက် ပုံမှန် သောက်ဖြစ်တယ် ။ ကိုယ့် ရွာမှာ ဆိုင် ဖွင့်တာကြောင့်လည်း ပါတယ် ။ ဒါတင် မကဘူး ။ ဟဲပီးမယ်တယ် သီချင်းတွေ ပါ အရသာ ခံနားထောင်တတ်တဲ့ အကျင့် ဖြစ်လာတယ် ။
“ ဟဲပီးမယ်တယ် ” ဆိုတာ ဘာလဲလို့ ချက်ကြီး ကို သွားမမေးနဲ့ ။ ကျောင်း ဆရာ ကိုညိုမြ ဘာသာပြန် ပေးလို့ လေးလံသော သတ္တု ဒါမှ မဟုတ် အပြင်းစား သီချင်းတွေ ဆိုတာ လောက် က လွဲရင် ပိုမသိဘူး ။ SoundBox က ခုန်ထွက်ပျံ့လွင့် လာတဲ့ သီချင်း တစ်ပုဒ် ကို မျက်လုံးလေး မှေးစင်းထားပြီး ခပ်ဖွဖွလေး လိုက် အော် ရတာ ကို က ချက်ကြီး အတွက်တော့ ဇိမ်ပဲ ။
အစကတော့ နံ့သာကုန်း ရွာသားတွေ ဟာ ခပ်ရိုးရိုး ခပ်အအပါပဲ ။ ဒါပေမယ့် မြို့ပြဧည့်သည့်တွေ ရောက်လာတော့မှ အမြင် အမျိုးမျိုး ကြုံရပြီး အထူးအဆန်း ဆို သတိထား တတ်လာတယ် ။ အထူသဖြင့် ရွာ ထဲ က ကာလသား ၊ ကာလသမီးတွေ ဟာ မြို့ ရဲ့ဝတ်စားဆင်ယင်ပုံ ၊ အပြုအမူ အနေထိုင်ကအစ မသိမသာ အတုခိုး လာတယ် ။ ပထမတော့ ယောက်ျား အရင့်အမာကြီး ဖြစ်ပါလျက် နဲ့ ဆံပင်ကို နောက်က စုစည်းပြီး ဖွတ်မြီးကျစ် ထားတာတို့ ၊ နားတစ်ဖက် တည်း မှာတင် နားကွင်းတွေ သုံးလေးကွင်း ဖောက် တပ်ထားတာ တို့ကို ရယ်ပွဲဖွဲ့ စကားဝိုင်း မှာသာ ကဲ့ရဲ့ ပြောကြပေမယ့် အမြင် များ လာတော့ ရိုးသွားတာပါပဲ ။
မကြာပါဘူး ။ နံ့သာကုန်း လူငယ်ပိုင်း မှာ ခေတ်စားလာတာကတော့ ဂျင်းဘောင်းဘီ ကိစ္စပဲ ။ ပထမတော့ လူကြီးပိုင်း က မျက်စိ ထဲ အချိုးမကျပုံ ပေါ်တယ် ။ ဒါပေမယ့် သပ်သပ်ရပ်ရပ် ဝတ်စားထားတာ တွေ့ပြန်တော့လည်း ဘာမှ မပြောတော့ပါဘူး ။ အဟောင်းဆိုင် တစ်ဆိုင် က ဈေးပေါပေါ နဲ့ ဝယ်လာတဲ့ ဂျင်းဘောင်းဘီ တစ်ထည်ကို ချက်ကြီး ဝတ်ပြလိုက်တာက စတယ်လို့ ပြောတယ် လို့ ရတယ် ။ သူ က အသားလတ်လတ် ၊ သန်သန်မာမာ တုတ်တုတ်ခိုင်ခိုင် အရပ်မြင့်မြင့် မို့ ဘောင်းဘီ နဲ့ လိုက်ဖက်တယ် ။ သူ့ အကြောင်းပြချက်တွေ ကလည်း အများကြီး ။ လယ် ထဲ ပဲ ဆင်းမလား ။ တောင်ယာပဲ လုပ်မလား ဘာပဲလုပ်လုပ် ဘောင်းဘီ နဲ့ က အဆင်ပြေတယ် ။ အကြမ်းခံတယ် ။ ပုဆိုး လို ခဏခဏ ပြင် မဝတ် ရလို့ အလုပ်ရှုပ် တာလည်း သက်သာတာပေါ့ ။
အဲဒါနဲ့ လူငယ်ပိုင်း တချို့က ချက်ကြီး အပေါ် အာရုံစိုက် လာကြတယ် ။ နောက်တော့ ဂျင်းဘောင်းဘီ တစ်ခေတ် ထလာတော့တာပဲ ။ ခက်တာက ကျေးရွာ ဆိုတာ တစ်ယောက် လုပ်တာကို တစ်ယောက် က အားကျရင် မကြာဘူး လိုက် လုပ်ကြတာ ။
နံ့သာကုန်း တစ်ရွာလုံး ဂျင်းဘောင်းဘီ ဝတ်ပြီး ရှိုးနဲ့ မိုးနဲ့ စတိုင်ထုတ် နေ တာကို ရေပြာ ၊ ဇီးကုန်း ၊ အင်းမ ၊ လက်တတ်ကြီး ရွာသားတွေ တောင် အားကျပြီး လိုက်ဝတ်ကြတာ ဘောင်းဘီ မရှိရင် ခေတ်မမီတော့တဲ့ အထိ ဖြစ်သွားတာ ။
ဒါပေမယ့် ဆံပင် အရှည်ကြီး ထားပြီး မြင်မြီး လို စုစည်းတာတို့ ၊ နားရွက်
တစ်ဖက်တည်း မှာ နားကွင်းတွေ အများကြီး ဖောက်တပ်တာတို့ ကိုတော့ နံ့သာ ကုန်းရွာသားတွေ လိုက် မလုပ်ကြပါဘူး ။ သူတို့ နဲ့ သိပ်ပြီး အံမဝင်လှဘူးလေ ။ သူတို့ က အလုပ်ကြမ်းသမားတွေ ။ ဒီလောက် ဆံပင်ရှည်ကြီး ကို သန့်သန့်ပြန့်ပြန် ဖြစ်အောင်လည်း ဇယား အရှုပ်ခံပြီး ထား မနေနိုင်ဘူး ။ ဖိုသီဖတ်သီနဲ့ ။ ချက်ကြီး တစ်ယောက် သာ သူ စ ထွင်တာကို နောက် လူတွေ လိုက် လုပ်ကြလို့ သဘောတွေ ကျပြီး စတန့်ထွင်ဖက်ရှင်သမား အဖြစ် ခံယူချင်တယ်နဲ့ တူပါတယ် ။ နားကွင်းတွေ တပ်ပြ ပြန်ပါလေရော ။ ဒီတစ်ခါတော့ ရွာသားတွေ က ချက်ကြီး ကို အခြောက်စိတ် ဝင်သွားပြီ ဆိုပြီး ဝိုင်းနောက်ကြလို့ နားကွင်းတွေ လည်း ဘယ် ပျောက်ကုန် မှန်း မသိတော့ပါဘူး ။
ခင်သိုက် စန်းထတဲ့ နှစ်မှာ ဧည့်သည် လူငယ်ပိုင်း ခပ်များများ ရဲ့ စိတ်ဝင် စားခြင်း ကို ခံရတဲ့သူကတော့ ဂွက်ထော် ပဲ ။ ကောင်မလေး က လှတယ် ၊ အပြော သွက်တယ် ။ ချက်ချက်ချာချာ ရှိတယ် ။ ပြင်တတ် ဆင်တတ်တယ် ။ ရွာခံ မိန်းကလေးချင်း တောင် ဂွက်ထော် ကို မနာလို မရှုစိမ့်နိုင်ကြတဲ့ အထိ ။ အရီးလေး မယ်တုတ် ကလည်း ဒါကို သိလို့ ဂွက်ထော် ကို ထမင်းဆိုင် မှာ အချိန်ပြည့် ထိုင် ရောင်းခိုင်းတယ် ။ ကောင်လေးတွေ ဆို သူ့ ဆိုင်မှာပဲ စားတယ် ။ တချို့က သိမ်သိမ်မွေ့မွေ့တွေ ပါ သလို တချို့ကလည်း ခပ်နောက်နောက် ခပ်ပြောင်ပြောင် တွေပါ ။ တချို့ဆို အချိန်တိုတို အတွင်းမှာ ဂွက်ထော် နဲ့ ရင်းနှီးမှုတွေ ရပြီး သူတို့ လိပ်စာတွေ ပေးလို့ ကမ်းလို့ ။
“ တောသူတွေ ဟာ မြို့သူတွေ လို ပဲ မများဘူး ။ ရိုးသားပွင့်လင်းတယ် ” လို့များ ဂွက်ထော် ရှေ့မှာ မြှောက် ပြောရင် သဘောတွေများ ကျလို့ ။ ဘာပဲပြောပြော စီးပွားရေး လုပ်နေရတာ ဆိုတော့ ဂွက်ထော် အနေနဲ့ကလည်း လူတိုင်း ကို အဆင်ပြေအောင် ပေါင်းတတ်ပါတယ် ။
ခြုံကြည့်ရင် နံ့သာကုန်း ရွာလေးဟာ ကိုယ် ကျင်လည်ရာကို လုပ်ကိုင် စားသောက်ကြရင်း တချို့ဆို သိသိသာသာ စီးပွားရေး ပြေလည်လာတာ တွေ့ရ တယ် ။ တခြား မကြည့်နဲ့ ။ ရွာ ထိပ် က ဆိုင်းဘုတ်လေး တောင် ပန်းချီဆရာ နဲ့ မွမ်းမံပြင်ဆင်ထားလို့ သပ်သပ်ရပ်ရပ် ခံ့ခံ့ညားညား နဲ့ လူတိုင်း ဖတ်လို့ လွယ်ကူ နေပြီလေ ။
၃ ။
တစ်နေ့ ခင်သိုက်တို့ မြေးအဘွား ရန်ကုန် ပြောင်းပြီး နေကြမယ် ဆိုတဲ့ သတင်း က နံ့သာကုန်း ရွာသားတွေ ရဲ့ နားရင်း ကို ဖြတ်ရိုက်သလား အောက်မေ့ ရအောင် ဖြစ်ကုန်တယ် ။ အားလုံးက ထိတ်ထိတ်ပျာပျာ ဖြစ်လို့ ။ တကယ်ဆို့ သူတို့ အားလုံး ခင်သိုက် ကို မှီခိုပြီး လုပ်စားနေကြရတာကိုး ။ ဘယ်သူ က မှ မပြောင်းစေချင်ကြဘူး ။ လက်ရှိ အဆင်ပြေ နေတဲ့ ဘဝကို မဆုံးရှုံးချင်ကြဘူးလေ ။ အမျိုးမျိုး ဝိုင်းပြီး တောင်းပန်ကြတယ် ။
ခင်သိုက် တို့ မြေးအဘွား အနေ နဲ့ ကလည်း ဟိုမှာ နေဖို့ ထိုင်ဖို့ အားလုံး အဆင်သင့် ဖြစ်နေပြီ ။ ဆန္ဒ အပြင်းပြဆုံး ကတော့ ခင်သိုက် ဦးလေး ဆိုပါတော့ ။ နာမည်ကြီး သူဌေး တစ်ယောက် က ခင်သိုက်ကြောင့် စီးပွားဖြစ်တယ် ဆိုပြီး ကျေးဇူး ဆပ်တဲ့ အနေနဲ့ ရန်ကုန် မှာ မြေကွက် နဲ့ အိမ်ကို တမင် ဝယ်ပေးတာ ။ ဘဝပေး ကုသိုလ် ကြောင့် ကံထူးတဲ့ ခင်သိုက် လို ပါရမီရှင် တစ်ယောက် အနေနဲ့ လည်း အသင့်တော် ဆုံး က ရန်ကုန် ပဲလို့ အားလုံးက တညီတညွတ်တည်း အကြံ ပေးကြတယ် ။ တစ်နှစ် လောက် စုဆောင်းထားတဲ့ ငွေကလည်း ခင်သိုက် လက် ထဲ နည်းတာ မဟုတ်ဘူး ။
ကိုင်း ... မတတ်နိုင်တော့ နံ့သာကုန်း ရွာသားတွေ လက်လျှော့ လိုက်ရ ပြီပေါ့ ။ ခင်သိုက် တို့ ရန်ကုန် ပြောင်းသွားပြီးတဲ့ နောက် မှာ နံ့သာကုန်းရွာ ဟာ ရုတ်ခြည်း ပြောင်းလဲသွားတယ် ။ တိတ်တိတ်ဆိတ်ဆိတ် ကို ဖြစ်သွားတာ ။ အလျင် က ဆို ကက်ဆက်သံ တညံညံ နဲ့ ကျောင်းဆရာ ကိုညိုမြ လက်ဖက်ရည်ဆိုင်လေး ဟာ ခုတော့ ဝါးကပ်လေးတွေ ကာလို့ ပိတ်ထားရတဲ့ အခြေ ရောက်ပြီ ။ ဗီဒီယို ပြစက် ကတော့ နံ့သာကုန်း မှာ လူနည်းလို့ ဆိုပြီး ဇီးကုန်း ကို ပြောင်းသွားပါလေ ရော ။ ကိုရိုး မီးစက် ကို လည်း မိုးတွင်း လယ်ထဲ ရေတင်ဖို့ အလိုက်ရတာကြောင့် ရေစုပ်စက် နဲ့ ဖလှယ် လိုက်တယ် ။ အရီးလေး မယ်တုတ် က တော့ မြေပဲနုတ် ပြန် လိုက်နေပြီ ။ လက်ဖက်ရည် မသောက်ရရင် မနေနိုင်အောင် စွဲနေတဲ့ ချက်ကြီး တစ်ယောက် မြို့ တက်ပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင် မှာ စားပွဲထိုး ဝင်လုပ်တယ် ဆိုတာပဲ ။ ဂွက်ထော် ကတော့ မြို့က ဂျင်မီ နဲ့ လိုက်ပြေးတယ်လို့ ပြောသံကြား တယ် ။
နံ့သာကုန်း မှာ အမှတ်တရ အဖြစ် ကျန်ရစ်ခဲ့တဲ့ အရာ ကတော့ လူငယ် တိုင်း မှာ ရှိတဲ့ ဂျင်းဘောင်းဘီလေးတွေ ပဲ ပေါ့ ။
▢ ဒေါင်းနေမင်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၇၁
စက်တင်ဘာလ ၊ ၁၉၉၅
No comments:
Post a Comment