❝ ကုထုံးသစ် ကို ရှာဖွေ တွေ့ရှိခြင်း ❞
( ကိုချစ် )
ဒဿနိကဗေဒဌာန ကထိက ဦးကြင်ဆောင် တစ်ယောက် သူ့ ရဲ့ တရုတ်ဆိုင်ကယ်လေး ကို တွန်းရင်း မိန်းလမ်း တစ်လျှောက် ဆင်း လာခဲ့တယ် ။ ရှေ့ဘီး က ပြားချပ် နေပြီမို့ စီးလို့ မဖြစ်တော့ဘူး ။
စက်တပ် ထားလို့သာ ဆိုင်ကယ် လို့ ပြောနေရတာပါ ။
ဆိုင်ကယ်ရုပ် ကို မရှိတော့ဘူး ။
သံချေး အထပ်ထပ် ကြောင့် နီကယ်ရောင် မရှိတာ့ဘဲ လိမ္မော်ရောင်ရင့်ရင့် ခွေ တစ်စုံ ၊ ချိန်းဖုံး မပါတော့လို့ သတ္တုရောင် ပျောက်ပြီး ရွှံ့အလူးလူး နဲ့ ချိန်းကြိုး က မြင် နေရတယ် ။ ထိပ်ဝ မှာ မည်း နေပြီး နောက်ပိုင်း တစ်ခုလုံး သံချေးဖုံး နေတဲ့ အိတ်ဇောပိုက် ၊ ပန်းပြောင်ပြီး ပါးလျ နေ တဲ့ တာယာ တစ်စုံ ။ လှတောသား စကား နဲ့ ပြောရင် ဆံပင် ညှပ်ဆိုင် ရှေ့တောင် ဖြတ် မစီးရဲတဲ့ တာယာမျိုး ၊ ပြီးတော့ ဆိုင်ကယ်အမျိုးအစား ကို ဘယ်နေရာ မှာ ရှာ ဖတ်လို့ မရနိုင်တော့ တဲ့ ဆိုင်ကယ် ၊ ခု ခေတ်စကား နဲ့ ပြောရင် ဝစ်သောက် ၊ လိုင်စင်မဲ့ ဆိုင်ကယ် ။ ဘုရားစူးရစေရဲ့ လို့ ကျိန်တွယ် ပြောရမယ့် ဆိုင်ကယ် ပါ ။
ဘာပဲဖြစ်ဖြစ်လေ ။ ယိုးဒယားဘီး နား မကပ်နိုင်တဲ့ ကထိက ဦးကြင်ဆောင် အတွက် တော့ ဈေးပေါပေါ နဲ့ ဆိုင်ကယ် တစ်စီး စီးခွင့် ရတာမို့ တရုတ် ကို စိတ် ထဲ က ကျိတ်ပြီး ကျေးဇူး တင်နေမိရဲ့ ။
နှုတ် က ဖွင့် တော့ မပြောရဲပါဘူး ။ တရားအားထုတ် တဲ့ လူ လို့ အစွပ်စွဲ ခံရမှာ စိုးလို့ ။
မကြာခဏ ဆိုသလို ဦးကြင်ဆောင် တွေးတွေး ကြည့် ပါတယ် ။ သင်းတို့ ကြောင့် ပန်းသီး စားရတယ် ။ သင်းတို့ ကြောင့် အပေါ်စက် အောက်စက် ပေါပေါပဲပဲ နဲ့ ကြည့်ရတယ် ။ သင်းတို့ ကြောင့် မိုဘိုင်းဟန်းဆက် ဈေး ပေါပေါ ကိုင်ရတယ် ။
လူမျိုးရေး ၊ စီးပွားရေး ၊ နိုင်ငံရေး တွေ မပါဘဲ ရိုးရိုးလေး ပဲ တွေးတာပါ ။ ဦးကြင်ဆောင့် စိတ် ထဲ မှာ တာ့ ဂျပန် ပစ္စည်းတွေ အလျှံပယ် ပေါ နေရင် ဂျပန် ကို ကျေးဇူး တင် လိုက်မယ် ။ ကိုရီးယား ပစ္စည်းတွေ သုံးစွဲ ဖို့ လွယ်ကူ ရင် ကိုရီးယား ကို ကျေးဇူးတင်လိုက်မယ် ။ ဒီလောက်ပါပဲ ။ တောင်ကြီးတက္ကသိုလ် ရဲ့ မိန်းအပေါက် က ထွက်ပြီး လမ်းမကြီး ပေါ် တက်လိုက်တာ နဲ့ ကျောင်း ထဲ ကို ကွေ့ဝင် လာတဲ့ ကားလေး တစ်စီး က ဦးကြင်ဆောင် နဲ့ နှစ်ပေ လောက် အကွာမှာ ‘ ကျွိ ’ ခနဲ ဘရိတ် အုပ်လိုက်တယ် ။
အဖြူရောင် မတ်တူးကားလေး ၊ မောင်းလာတာ က လည်း ကျောင်းသူ ဖြစ်မယ် ။ သူ့ ဘေး မှာ ယောက်ျားလေး တစ်ယောက် ၊ နောက်မှာ က မိန်းကလေး သုံးယောက် ၊ ဖြီးလိမ်းဝတ်စား ထားပုံ ကြည့်ရတာ ကျောင်း ထဲ မှာ ဓာတ်ပုံ လာ ရိုက်ကြတာ နဲ့ တူပါတယ် ။
ကားမောင်း လာတဲ့ မိန်းကလေး က မကြည်တဲ့ ပုံစံ နဲ့ လှမ်း ကြည့် လိုက် ပြီးမှ ဆရာ မှန်း သိသွားပုံ ရပါရဲ့ ၊ ဘာမှ မပြောတော့ ဘဲ အရှိန်ပြင်းပြင်း နဲ့ ဆောင့် ထွက်ပြီး ကျောင်း ထဲ မောင်း ဝင်သွားတယ် ။
တော်ပါသေးရဲ့ ၊ တပည့် မတော်ဖူးပေမဲ့ ဒီ ကျောင်း က ဆရာမှန်း သိနေလို့ ။
ကားလမ်း ကို ဖြတ်ကူးပြီး ဂေါက်ကွင်းဘေး က ကန်တင်း ဘက် ဆီ ဆက် တွန်းလာခဲ့တယ် ။ “ မိုးသောက် ” လက်ဖက်ရည်ဆိုင် ရှေ့ မှာ ဆိုင်ကယ် ကို ဒေါက် ထောက် ပြီး ဆိုင်ထဲ ဝင်မယ် အလုပ်မှာ မြင်ဖူးနေကျ တပည့် တစ်ယောက် က ထ လာပြီး -
“ ဆရာ ဆိုင်ကယ် ဘီး ပေါက် နေလို့လား ဆရာ ။ ကျွန်တော် သွား ဖာပေးမယ် ဆရာ ။ ဆိုင်ကယ် သော့ပေး ”
လူ နာမည် မသိပေမဲ့ ရင်းနှီးပြီးသား မျက်နှာ ပါ ။ ဒီလို တပည့်မျိုးတွေ နဲ့ တွေ့ ရတော့ လည်း မဖော်ပြ နိုင်တဲ့ ပီတိ လှိုင်း က ရင် ကို လှုပ်ခတ် သွားခဲ့တယ် ။ ဆိုင်ကယ် သော့ ပေးလိုက်ရင်း -
“ သိုင်းကျူးနော် သားငယ် ”
“ ရပါတယ် ဆရာ ”
ကျောင်းသားကလေး က ဆိုင်ကယ် ကို သေချာ လေ့လာ လိုက်သေးတယ် ။ ပြီးမှ -
“ ဆရာ့ တာယာတွေ က ပန်းမှ မရှိတော့တာ ၊ အသစ် လဲလိုက်မှ စိတ်ချရမှာ ပါ ဆရာရယ် ”
ဦးကြင်ဆောင် ပြုံးပြီး ကြည့်နေရင်း က သက်ပြင်း တစ်ချက် ချလိုက်တယ် ။ ဟုတ်တယ် ။ ရှေ့ဘီး ရော နောက်ဘီး ပါ အစုံလိုက် ကို လဲပစ် သင့်ပြီ ။ မသိလို့ မှ မဟုတ်ဘဲ ၊ သိတာပေါ့ ။ ဒါပေမဲ့ ... အင်း ... ။
“ အပေါက်သာ ဖာခဲ့ပါ သားငယ် ရာ ”
နောက်ဆုံး အဆင့် ဖာလို့ မရတော့ဘူး ဆိုရင်တောင် မှ လိုင်းကား နဲ့ ပဲ ကျောင်း တက်ရုံပေါ့ ။ လက်ရှိ ကထိက တစ်ယောက် ရဲ့ အရည်အချင်း နဲ့ ကတော့ ဆိုင်ကယ် တာယာ တွေ ကျွတ် တွေ အစုံလိုက် လဲဖို့ ထားဦး ၊ ဖိနပ် တောင် မှ အနိုင်နိုင် ။
အကြီဆုံး သမီး က ဆယ်တန်း ကျောင်းသူ ၊ သူ့ အောက် အလတ်မ က ရှစ်တန်း ၊ အငယ်ဆုံးကောင် ယောက်ျားလေး က လေးတန်း ။ ခုလို ကျောင်း ဖွင့်ခါစ ရက်မျိုး မှာ ဖိနပ်ဖိုး တင် ပဲ တွက် ကြည့်တော့ နှစ်သောင်း နီးပါး ရှိတယ် ။ ဆရာ ဦးကြင်ဆောင် ရဲ့ အမေ ရှိစဉ် တုန်း ကတော့ ဆရာကတော် လည်း မူလတန်းပြ လုပ်နေ ခဲ့သေးတယ် ။ အမေ ဆုံးပြီး အိမ် မှာ ကိုယ်ခွဲ လက်ခွဲ မရှိတော့ မူလတန်းပြ က နေ ထွက် ခဲ့ရတယ် ။ ကလေး တွေ ရဲ့ ဝေယျာဝစ္စ နဲ့ အိမ်မှုကိစ္စ တွေ မှာ ပဲ လုံးထွေးရစ်ပတ် နေခဲ့ရတယ် ။
စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ကစ အားလုံး ခြုံလိုက်ရင် တစ်လ ကို တစ်သိန်းခွဲ အထက် မှာ ရှိတယ် ။ ကျော် ရင် သာ ကျော်မယ် ၊ လျော့ တော့ မလျော့နိုင်ဘူး ။ ဒါကလည်း ဦးကြင်ဆောင် မသောက် မစား နေတတ်တာမို့ ၊ ကလေးတွေ က လည်း ရှိတာနဲ့ ပဲ ချွေချွေတာတာ စားတတ်တယ် ၊ လက်ပတ်နာရီ မပူဆာ ဘူး ၊ ဂျင်းစကတ် မပူဆာတတ်ဘူး ။ အဲ အတန်းပိုင်ဆရာမ ရဲ့ ကျူရှင် တက်ချင်တာ ကို ထား မပေးနိုင်တာ တော့ စိတ် ထဲ မှာ မကောင်းဘူး ။
ကိုယ့် ဘာသာရပ် က လည်း ဒဿနိက ဆိုတော့ ကလေးတွေ ကို အင်္ဂလိပ်စာ က လွဲပြီး ဘာမှ ပြ မပေးနိုင် ဘူး ။ ဆယ်တန်း ရောက်နေပြီ ဖြစ်တဲ့ အကြီးမ အတွက် တော့ တောင်ကြီးတက္ကသိုလ် က ဆရာတွေ သင်တဲ့ ဝိုင်း မှာ အပ်ထား လိုက်တော့ တစ်ပြား မှ မကုန်ဘဲ အဆင် ပြေ သွားတယ် ။
ဒီ မိသားစု ရဲ့ ကြီးမားလှတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ကို မနိုင်ရင်ကန် ထမ်း နေရရှာတဲ့ ဦးကြင်ဆောင် အတွက် ကံတရား လို့ပဲ ပြောရမလား မသိဘူး ။ အဝေးသင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ က ဦးကြင်ဆောင် ရဲ့ အခက်အခဲ ကို တစ်နှစ် နှစ်ကြိမ် ဝင် ဖြေရှင်း ပေးကြရှာပါတယ် ။ ဒီလိုနဲ့ ဣန္ဒြေ မပျက် နေလို့ ကတော့ ဖြစ်လာခဲ့ပါတယ် ။
ပြီးတော့ မိဘ ရဲ့ လက်ငုတ်ဝိုင်းကွက်လေး တစ်ကွက် နဲ့ အိမ်လေး တစ်လုံး က အနောက် မြို့ပတ်လမ်း က ပင်စင်ရွာ ထဲ မှာ ။ မြင့်ရာ က နိမ့်ရာ ကို စီးတတ်တဲ့ စုန်ရေ ရဲ့ သဘာဝ ကို ဦးကြင်ဆောင် အထပ်ထပ် ကျေးဇူး တင်နေ မိတယ် ။
ဆိုင်ကယ်ဘီး သွား ဖာ တာကို စောင့်ရင်း က လက်ဖက်ရည် တစ်ခွက် လည်း ကုန်ပြီ ။ ဆေးပေါ့လိပ် ကို ဆက် ဖွာ ရင်း စောစောလေး က မှ ပြီးလာခဲ့တဲ့ ‘ ဆယ်မီနာ ’ မှာ
ဆွေးနွေးကြ တဲ့ အချက်အလက် တ ချို့ကို ကြုံ သလို ပြန် စဉ်းစားရင်း က ပြုံးမိ ပြန်တယ် ။
“ ဘီစီ လေးရာ ဝန်းကျင် လောက် ကတည်းက ဆိုးဖစ် တွေ ဟာ ရီတိုးရစ် ၊ အော်ရေထရီ စတဲ့ ပညာရပ် တွေ ကို အခကြေးငွေ ယူပြီး သင်ကြားပို့ချတဲ့ အလုပ်မျိုးတွေ လုပ်ကိုင် ခဲ့ကြတယ် ။
“ အဲဒီ ဆိုးဖစ် တွေ ထဲ မှာ လူ သည် အရာရာ ကို တိုင်းတာသူ ဖြစ်သည် ဆိုတဲ့ ပရိုတိုဂိုးရပ် ရဲ့ အယူအဆ ဟာ ထင်ရှားကျော်ကြား လာခဲ့တယ် ။
“ ဘီစီ သုံးရာ လောက် မှာ တော့ ပလေတို ဟာ အကယ်ဒမီကျူရှင်ကျောင်းကြီး ကို ထူထောင်ခဲ့တယ် ။ ပလေတို ရဲ့ တပည့် အရစ္စတိုတယ် က လည်း လိုင်စီယမ် ဆိုတဲ့ ကျူရှင်ကျောင်းကြီး ကို ထူထောင်ခဲ့တယ် ။
“ အရစ္စတိုတယ် ဟာ မက်ဆီဒိုးနီးယားဘုရင် ဖိလစ် ရဲ့ သားတော် အလက်ဇန္ဒြား ကို နန်းတော် ထဲ ထိ သွားပြီး ပညာ သင်ပေးရတဲ့ ကမ္ဘာကျော် ကျူရှင်ဆရာကြီး တစ်ဆူ ဖြစ်ခဲ့တယ် ။
“ အေဒီ ထောင့်လေးရာ လောက်မှာ ဒီ အလေ့အထ မျိုး ကို ဆွီဒင်ဘုရင်မ ခရစ္စတင်း လည်း ကျင့်သုံးခဲ့ဖူး တယ် ။ ဒေးကား ဆိုတဲ့ ဆရာကြီး က ခရစ္စတင်း ကို နန်းတော်ထဲ ထိ သွားရောက် ပညာသင် ပေးခဲ့ရတယ် ”
အတွေးတွေ ကြား ထဲ မှာ ဆေးပေါ့လိပ် ကို အားပါး တရ ဖွာလိုက်ရင်း ဦးကြင်ဆောင် ပြုံး နေမိတယ် ။ ကျူရှင် ဆိုတာ နန်းတော် က စခဲ့တာကိုး ။ အာဏာ ရှိတဲ့ အသိုက် အဝန်း က သူတို့ သားသမီး တွေ ကို သူများ ထက် ပိုပြီး တတ်စေ တော်စေ ချင်တာရယ် ၊ လုံခြုံရေး အရရယ် လူတန်းစား မရောနှော အောင် ရယ် စတဲ့ ရည်ရွယ်ချက် တွေနဲ့ လုပ်ခဲ့ကြတာပဲကိုး ။
မြန်မာနိုင်ငံ မှာ လည်း ဒီ အလေ့အထ ရှိခဲ့ပါတယ် ။ အမြင်သာဆုံး အချက် ကို ဆွဲထုတ်ပြရမယ် ဆိုရင် ကုန်းဘောင်ခေတ် မှာ မင်းတုန်းမင်း ရဲ့ သားတော် မင်းညီမင်း သား တချို့က ဒိုင်အိုဘုရားကျောင်း က ခရစ်ယာန်ဘုန်းကြီး ဒေါက်တာမတ် ဆီ မှာ ပညာ သင်ကြားစေခဲ့တယ် ။
“ မြန်မာနိုင်ငံ ရဲ့ ကျုရှင် အစ ကုန်းဘောင်ခေတ် က လို့ ပြောရင် မမှားပါဘူး ။ နောက်ပြီး နိုင်ငံခြား ကို ပညာတော်သင် လွှတ်ခဲ့တာ လည်း မင်းညီမင်းသား တွေ ချည်းပဲ ။ အရပ်သား သာမန်လူတန်းစား မပါခဲ့ဘူး ။ ထားပါလေ ... ပဒေသရာဇ် ကိုး ။
မှတ်မှတ်ရရ ပါပဲ ။ ကျူရှင်ဥပဒေ ဆိုတာကြီး ကို လွှတ်တော် အဆင့် မှာ သတ်မှတ်ပြဋ္ဌာန်း ခဲ့ဖူးတယ် ။ ၁၉၈၀ ဝန်းကျင် လောက်မှာပေါ့ ။ တက္ကသိုလ်ဆရာ တွေ ရော ၊ အထက်တန်းဆရာ တွေ ရော ဘယ်သူမှ အုံနဲ့ကျင်းနဲ့ မသင်ရဲကြတော့ဘူး ။ ဒီတော့ အာဏာ ရှိ သူ လူတန်းစား က သူ့ သားသမီး ကို သူများ ထက် ပို တော်စေချင် တယ် ။ ဆရာဝန် တွေ ၊ အင်ဂျင်နီယာပညာရှင် တွေ ဖြစ်စေ ချင်တယ် ။ ဒီတော့ သူတို့ က လက် တစ်လုံးခြား လုပ်တတ် တယ်လေ ။ ဆရာ တွေ ကို အိမ် မှာ ပင့်ပြီး မောင်နှမ နှစ် ယောက် ၊ သုံးယောက် လောက် ကို စားပွဲတစ်လုံး နဲ့ သင် စေတယ် ။ ကျိတ်ဝိုင်း သဘောမျိုးလေးပေါ့လေ ။
လုပ်ငန်းစစ်ဆေးရေးဥက္ကဋ္ဌ ရဲ့ သား နဲ့ သမီး ကို အင်္ဂလိပ်စာ သွား သင်ပေးခဲ့ရ ဖူးတယ် ။ အစတော့ စံပြ အဖြစ် နဲ့ အရေးယူ ခံရမှာ ဦးကြင်ဆောင် ကြောက်တာပေါ့ ။
စာ သင်ကြားခ အဖြစ် ငွေကြေး ပေးရင် ကျူရှင် ဖြစ် သွားမှာ စိုးလို့ အာစရိယဂုဏော အဖြစ် -
“ ဆရာ ဒီ လ တော့ ဒါလေးကို ကန်တော့ပါတယ် ” ဆိုပြီး စာအိတ်ကလေး နဲ့ ကန်တော့တယ် ။ အိမ် ရောက် လို့ ဖွင့် ကြည့် လိုက်တော့ ဘိလပ်မြေ ဆယ်လုံး ဝယ်ယူခွင့် ဆိုတဲ့ ပါမစ်စာရွက်ကလေး ။ နောက်လ ကျတော့ သစ် ပါမစ် ၊ နောက်လ ကျတော့ သွပ်ပြားပါမစ် ၊ နောက် မီတာ ဘောက် ... စသဖြင့် ပေါ့လေ ။ သူတို့ အိတ် ထဲ က တစ်ပြား မှ မစိုက်ရ ရှာပါဘူး ။ ဦးကြင်ဆောင် အတွက် နည်းနည်း တော့ အလုပ်ရှုပ်တာပေါ့လေ ။ အဲဒီ ပါမစ် တွေ ဝယ်မယ့် သူ ကို ရှာပြီး ရောင်းရတာ က အလုပ် တစ်ခု ။
အာဏာ ရှိတဲ့ အသိုက်အဝန်း က ဒီလို လုပ်ကြတော့ ငွေရှင်ကြေးရှင် ၊ လုပ်ငန်းရှင်တွေ က လည်း မြင်တာပေါ့ ။ သူတို့ က လည်း အိမ် မှာ သုံးယောက် ၊ ငါးယောက် စသဖြင့် ကျောင်းသား ကို စုစည်း ပြီး ဆရာ တွေ ကို အိမ် ခေါ် သင် ကြတော့တာပဲ ။ သူတို့ က တော့ ထိုက်တန်တဲ့ ငွေကြေး နဲ့ ကန်တော့ကြ တာပေါ့ ။
ဒီလိုနဲ့ ကျိတ်ဝိုင်းကလေး တွေ နေရာအနှံ့ ပေါ်လာ ပြီး မ.ဆ.လ ခေတ် မှာ ဝိုင်း ကျူရှင်စနစ် ကြီးထွား ကျယ်ပြန့် လာခဲ့တယ် ။
ဒါကလည်း ဆရာ တွေ ချမ်းသာ ဖို့ မဟုတ်ပါဘူး ။ စားဝတ်နေရေး အတွက် ရုန်းကန်ဖို့ အခွင့်အလမ်း ပေါ် လာခဲ့တာပါ ။ ဘယ် ဆရာ မှ မချမ်းသာ ခဲ့ပါဘူး ။
အဲဒီလို ခိုးကြောင်ခိုးဝှက် ဆရာ ဘဝ ကို လည်း ဦးကြင်ဆောင် ကျင်လည်ခဲ့ရ ဖူးတယ် ။
“ ဆရာ ... ဆိုင်ကယ် ရပြီ ”
အတွေးအိပ်မက် က နေ ရုတ်တရက် လန့် နိုးသွားတယ် ။ ကျောင်းသားကလေး က ဆိုင်ကယ်သော့ ပြန်ပေး ရင်း -
“ ခုတော့ စီး လို့ ဖြစ်အောင် ဖာ ပေးလိုက်တယ် ဆရာ ၊ နောက်တစ်ခါ ဆိုရင်တော့ ရမှာ မဟုတ်တော့ဘူး ။ အစုံ လိုက် ကို အသစ် လဲ ပစ်လိုက်မှ စိတ်ချရမှာ ”
“ အေး အေး သိုင်းကျူး ပဲ နော် ၊ ဒါနဲ့ သားငယ် က ...”
“ မနှစ် က ဆရာ့ မေဂျာ ဒုတိယနှစ် က တပည့် ပါ ဆရာ ၊ ခုတော့ အေဂျီဒီ မှာ အငယ်တန်းလက်ထောက် ဝင် လုပ် လိုက်လို့ အဝေးသင် ပြောင်း တက်နေတာပါ ဆရာ ဘဏ် နဲ့ ပတ်သက်လို့ လိုတာ ရှိရင် လာခဲ့ပါ ဆရာ ”
“ ဪ ကောင်းတာပေါ့ ၊ အဆင်ပြေတယ် မဟုတ်လား ”
“ ဟုတ်ကဲ့ ၊ လစာရင်း က တော့ တစ်သိန်း သုံးသောင်း ပါပဲ ။ အဲ ထမင်းစရိတ် က တစ်နေ့ နှစ်ထောင် နဲ့ ခရီးစရိတ် က တစ်လ တစ်သောင်း ပေးပါတယ် ဆရာ ”
ဆရာ ဦးကြင်ဆောင် ရဲ့ အိမ် အပြန်လမ်း မှာ ဆိုင်ကယ်အင်ဂျင်သံ က အတွေး တွေ နဲ့ ရောပြွမ်း ပြီး ဆူညံ နေတယ် ။
အစိုးရဝန်ထမ်းသက် သုံးဆယ့်လေးနှစ် ရှိပြီ ၊ လာမယ့် နှစ် မှာ ခြောက်ဆယ် ပြည့်လို့ သက်ပြည့်ပင်စင် ယူ ရတော့မယ် ။ လစာ တစ်သိန်းသုံးသောင်း နဲ့ ဝန်ထမ်း ဘဝ ကို နိဂုံးချုပ် တော့မယ် ၊ အင်း ... ။
••••• ••••• •••••
ဦးကြင်ဆော င်ရဲ့ အဖေ က အထက်တန်းပြ ဆရာကြီး ပါပဲ ။
အမေ ကလည်း မူလတန်းပြ ဆရာမ ။ ကလေး သုံးယောက် ရပြီး မှ အလုပ် က ထွက်လိုက်တာ ။ ဦးကြင်ဆောင် တို့ မှာ မောင်နှမ သုံးယောက် ပဲရှိတယ် ။
ဦးကြင်ဆောင် က အကြီးဆုံး ၊ ဒုတိယ က ဒေါက်တာထင်အောင် တဲ့ ၊ အထွေထွေရောဂါကုဆရာဝန်ကြီး မန္တလေး မှာ နေတယ် ။ အငယ်ဆုံးမ ရီရီအောင် က တော့ အခု ဆိုရင် ဗိုလ်မှူးကတော် ပေါ့ ။ ဧရာဝတီတိုင်း မှာ တာဝန်ကျ နေတယ် ။ နှစ်ယောက်စလုံး သူ့ ဟာ နဲ့ သူ အဆင်ပြေကြ ရှာပါတယ် ။
အဲ .. မပြေတာ အကြီးဆုံး ဖြစ်တဲ့ ဦးကြင်ဆောင် ပဲ ။
အမေ မဆုံးခင် ကတော့ သူတို့ ငယ်ငယ် က အကြောင်းတွေ ကို စပ်မိတိုင်း ပြောပြော ပြနေလို့ အလွတ် ကို ရနေပြီ ။ ဦးကြင်ဆောင် ရဲ့ နား ထဲ မှာ သံမှို ရိုက်ထား သလို ကို စွဲနေပြီ ။
“ အထက်တန်းပြ ဆိုပေမယ့် မင်း အဖေ လစာ က ရွှေတစ်ကျပ်ခွဲသား ဝယ်လို့ ရတယ် ”
နား ထဲ က ဘယ်တော့မှ မထွက်တဲ့ အမေ့ စကားသံ ။
“ ကလေး သုံးယောက် နဲ့မို့ အိမ်မှုကိစ္စ တွေ မနိုင် တော့ လို့ အမေ အလုပ် က ထွက်တော့ ကို တစ်လ တစ်လ ပို တာလေးတွေ စုဆောင်း နိုင်သေးတယ် ။ အတော်လေး စုမိဆောင်း မိရင် အမေ က တော့ ရွှေ ပဲ ဝယ်ထားလိုက် တာပဲ ”
“ အို ... ပန်းထိမ်ဆရာ နဲ့ ကို မိတ်ဆွေတွေ ဖြစ်လို့ ...”
ဦးကြင်ဆောင် တစ်သက် နဲ့ တစ်ကိုယ် ရွှေပန်းထိမ်ဆိုင် မရောက်ဖူးဘူး ။ ဦးကြင်ဆောင် အတွေး ဝင်ခဲ့ဖူး တယ် ။ လောက မှာ ရွှေ ရှူ မှ ပျောက်မယ့် ရောဂါမျိုး ဖြစ် ခဲ့ရင် ဘုရားစင် ပေါ် က ကိုယ်တော်ကြီး ချ နမ်း ရမှာပဲ ။
“ အမေတို့ အိမ်ထောင် ကျ စ က အိမ်ငှားလေး နဲ့ ပဲ နေခဲ့ ကြတာ ။ အလတ်ကောင် ထင်အောင် ရှစ်နှစ်သား လောက် မှ ဒီ ပင်စင်ရွာ ထဲ က ဝိုင်းကွက်လေး ဝယ် ပြီး အိမ်ဆောက် ဖြစ်တာ မင်း မှတ်မိမှာပါ ။ ဝိုင်းကွက်ငယ် တုန်း က အိမ်ဟောင်းကလေး တစ်လုံး ပါတယ်လေ ။ အဲဒီ အိမ်ကလေး ဖျက် ပြီးမှ ဒီ နှစ်ထပ် ပျဉ်ထောင်အိမ်လေး ပြန် ဆောက် ခဲ့တာ ”
ဦးကြင်ဆောင် တစ်သက် မစဉ်းစားဝံ့တဲ့ စကား ။ မြေ ဝယ်ဖို့ ၊ အိမ် ဆောက်ဖို့ ဆိုတာ ဝန်ထမ်း တစ်ယောက် ရဲ့ လစာ နဲ့ ကတော့ ဘုန်းကြီး နဲ့ ဘီး ပဲ ။
“ အခါကြီးရက်ကြီး များ လာ ကန်တော့ လိုက်ကြတာ ။ တချို့က ကိတ်မုန့် ၊ တချို့က ထိုးမုန့် ၊ တချို့က ဖယောင်းတိုင် ၊ မီးခြစ်ထုပ် ၊ တချို့ တတ်နိုင်တဲ့ တပည့် ကျတော့ ပုဆိုးလေး ၊ တဘက်လေး ပါ တာပေါ့ ။ လုံးဝ မတတ်နိုင် ရှာတဲ့ တပည့် ကျ ပြန်တော့ ဒီအတိုင်း လက်အုပ်လေး ချီ ပြီး ကန်တော့ကြ ရှာတာပေါ့ ။ မင်း အဖေ မှာ ပီတိတွေ ဖြစ်လို့ ...”
အခုခေတ် မျက်စိ နဲ့ က တော့ ရယ်စရာ ဖြစ်ကောင်း ဖြစ်မှာ ပေါ့လေ ။ ဦးကြင်ဆောင် ရဲ့ ရင် ထဲ မှာ တော့ အဖေ့ လို ပီတိမျိုး တော့ ရချင်သေး ။ အဖေ့ လို ပီတိတွေ စားပြီး အား ဖြစ်ချင်ပါရဲ့ အဖေ ရယ် ။ ဒါပေမဲ့ သား ကထိကကြီး အဖြစ် ကို အဖေ သိ မသွားရှာဘူး ။
တစ်ခါတလေ ဦးကြင်ဆောင် တွေး ကြည့်မိတတ် တယ် ။ ကိုယ် က သာ တပည့် မို့ ‘ ဟဲ့ကောင် ’ ၊ ‘ ဟိုကောင် ’ ၊ ‘ မင်း ငါ ’ နဲ့ ပြောနေရတာ ။ တချို့ကျောင်းသား က အပြင် မှာ လုပ်ငန်းရှင်ကြီး ၊ ဒါရိုက်တာကြီး ၊ သိန်း ရာထောင် ချီပြီး အလုပ် လုပ် နေကြတဲ့သူ တွေ ၊ ကုန်သည်ပွဲစားကြီး တွေ ၊ ကိုယ့် အနေအထား နဲ့ ဘယ်လိုမှ ယှဉ် မရနိုင်ဘူး ။
အချိန် တစ်ချိန် ပြီးလို့ အခန်း ပြောင်းပြီ ဆိုရင် သူတို့ ကား အမျိုးမျိုး နဲ့ အဖိုးတန် ဆိုင်ကယ် အမျိုးမျိုး နဲ့ ထွက် လာ လိုက်ကြတာ ။ ကိုယ့် မှာ ဘေးကပ် ပေးထားရတယ် ။ စာသင်ခန်း စတိတ် ပေါ် ကနေ လက်ချာစတင်း ပေါ် လက်ထောက်ပြီး ပြောဟော နေပေမဲ့ အောက် က တပည့် တွေရဲ့ အကြည့် က လေးစားလို့ ကြည့်တာလား ၊ စိတ်ဝင် စားလို့ ကြည့်တာလား ၊ သနားလို့ ကြည့်တာလား ဆိုတာ ဦးကြင်ဆောင် စိတ် ထဲ မှာ ဒွိဟ ဖြစ်နေတာ ကြာပြီ ။
ကိုယ့်စိတ် ၊ ကိုယ့် ကိုယ် ကိုယ် လုံခြုံမှု မရှိသလို ခံစားနေ ရတယ် ။
အင်္ကျီကုပ်ပိုး စုတ် နေတာများ မြင်သွား မလား ၊ ပုဆိုး မီးလောင်ပေါက် က နောက် တည့်တည့်များ ရောက် နေ မလား ၊ အတွင်း က စွပ်ကျယ်အင်္ကျီ ကျောပြဲ များ မြင်နေ ရမလား စတဲ့ အတွေးမျိုး ဝင်လာရင် အတန်း ကို ကျော ပေးပြီး ဝှိုက်ဘုတ် မှာ စာ ရေးရ မှာ ကို မဝံ့မရဲ ဖြစ်လာတယ် ။
ခေါင်း ထဲ က ပြောဖို့ ရည်ရွယ် ထားတဲ့ သင်ခန်းစာ ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ပါ မေ့လျော့ သွား ပြီး အတန်း ကို အချိန် မစေ့ဘဲ ဆင်းလိုက်ရတာ မျိုးတွေ ဖြစ်တတ်လာတယ် ။
အားငယ် ညှိုးနွမ်းတဲ့ စိတ် ၊ မွန်းကျပ်နုံးချည့်နေတဲ့ အာရုံ ၊ မလန်းဆန်း မရွှင်ပျနိုင်တဲ့ ခံစားမှုတွေ နဲ့ လုံးထွေး ရစ်ပတ်ပြီး ကိုယ့် ဘဝ ကိုယ် အားမလို အားမရတွေ ဖြစ်ခဲ့ ရတာ ကြာခဲ့ပြီ ။
ကိုယ့် စိတ် ကို သံသယ ဝင်လာတယ် ။
စိတ်ကျရောဂါ ဆိုတာ များလား ။
ဒဿနိကဗေဒပညာရှင် တစ်ယောက် အနေနဲ့ စိတ် ကုဆရာဝန် ဆီ သွား ပြရရင် လည်း လူကြား လို့ မှ မတော် ဘူး ။ ခန္ဓာကိုယ် ကို ကုစရာ မလိုဘူး ။
စိတ် မှာ ဖြစ်တဲ့ ရောဂါ ဆိုတော့ စိတ် ကို ပဲ ကု ရမယ် ။
ဒီတော့ ကုထုံး ရှာဖို့ လိုတယ် ။ အားငယ် နေတဲ့ စိတ် ကို အား ဖြစ် လာအောင် စိတ် အစာ ကျွေးရမယ် ၊ စိတ် ဗီတာမင် ကို ဦးကြင်ဆောင် ရှာ တွေ့ ခဲ့တယ် ။ မိမိ စိတ်မှာ အားငယ်စိတ် ၊ စိုးရိမ်စိတ် တွေ နဲ့ မွန်းကျပ်နုံးချည့် လာရင် အခန်းတံခါး ကို ပိတ်ပြီး အိပ်ရာ ပေါ်မှာ သက်သောင့် သက်သာ လှဲ လိုက်တယ် ။ ပြီးရင် အဖေ မသေခင် က ပြော ခဲ့တဲ့ စကားတွေ ကို အာရုံနား နဲ့ ကြား နိုင်အောင် စိတ် ကို စုစည်း လိုက်တယ် ။ စူးစိုက်မှု အားကောင်း လာတာ နဲ့ အမေ ကိုယ်တိုင် သူ့ ဘေး မှာ လာ ထိုင်ပြီး ပြောပြ နေတာကို တကယ့် နား နဲ့ ကြားရသလို ခံစား လာရတယ် ။
အဖေ အထက်တန်းပြ လစာ နဲ့ ရွှေ ဝယ်တဲ့ အကြောင်း ၊ မြေ ဝယ် အိမ် ဆောက် တဲ့အကြောင်း ၊ သားသမီး တွေ ပညာ တတ်အောင် သင်ကြား စေခဲ့တဲ့ အကြောင်း ... စသဖြင့် ။
ဒီတော့မှ ဦးကြင်ဆောင် ရဲ့ စိတ် ဟာ ပုံမှန် အနေ အထား ကို ရောက် သွားပြီး သက်သာရာ ရလာခဲ့တယ် ။ ဒီနည်း နဲ့ သူ့ စိတ် ကို သူ ကု လာ ခဲ့တာ ကြာပြီ ။
••••• ••••• •••••
ပြဿနာ က ရောဂါ ဆိုတာ ကြာ လာတော့ ဆေး ကို ယဉ်ပါး လာတာပဲ ။ ဦးကြင်ဆောင် ရဲ့ စိတ် ဟာ ဦးကြင်ဆောင် ရဲ့ ကုထုံး ကို ကြာတော့လည်း ယဉ်ပါး လာခဲ့တယ် ။ ဒါကို တဖြည်းဖြည်း နဲ့ သဘောပေါက် လာတဲ့ အတွက် ကုထုံးသစ် တစ်ခု ထပ်မံ ရှာဖွေဖို့ လိုပြီ ဆိုတာ နားလည် လိုက်တယ် ။
အဲဒီ ကုထုံးသစ် ကိုတော့ ပြီးခဲ့တဲ့ တစ်ပတ် က ပဲ ရှာဖွေ တွေ့ရှိ ခဲ့တယ် ။
သူ့ စိတ် သူ သင်္ကာမကင်း ဖြစ်ပြီ ဆိုရင် အခန်း ထဲ ဝင် တံခါးပိတ် လိုက်ပြီး ခေါင်းရင်းစားပွဲ ပေါ်က စာအုပ် တစ်အုပ် ကို လှမ်း ယူ လိုက်တယ် ။ စာကြည့်တိုက် က ငှား လာခဲ့တဲ့ စာအုပ် ။ ၁၉၉၈ ခု သြဂုတ်လ ၁ ရက် နေ့စွဲ နဲ့ ရာပြည့်စာအုပ်တိုက် တတိယနှစ်လည် အထိမ်းအမှတ် ထုတ်ဝေ တဲ့ ဆရာသိန်းဖေမြင့် ရဲ့ ဝတ္ထုတို ပေါင်းချုပ် ။
အဲဒီ ဝတ္ထုတို ပေါင်းချုပ် ထဲ က စာမျက်နှာ ၄၄၃ မှာ ရှိတဲ့ ဆရာအို ပြဿနာ ဝတ္ထု ကို လှန်လိုက်တယ် ။ တတိယ စာပိုဒ် အလယ်လောက် မှာ မင်နီ တား ထားတဲ့ စာပိုဒ် ကို ပထမ စိတ် ထဲ က ဖတ်တယ် ။ နောက်တော့ အသံ ပါ ထွက် ဖတ်လိုက်တယ် ။
“ လူငယ်ဆရာ တွေ က မော့စ်ဗစ် ၊ ဘဲလောက်စ် ဗစ်တာ စသော ကားကလေးများ ဝယ် နိုင်အောင် လခ ထဲ မှ သော် လည်းကောင်း ၊ စာမေးပွဲ အဖြေလွှာ ဖျက်ခ ထဲ မှ သော် လည်းကောင်း အပတ်တကုတ် ကြိုးစား၍ ငွေစု နေကြချိန် တွင် ကျွန်ုပ် မှာ ပင်စင် ယူလျှင် ကိုယ့် ဝင်း ကိုယ့် ခြံ ၊ ကိုယ့် အိမ်ကလေး နှင့် နေ နိုင်အောင် စုဆောင်း နေရပေသည် ”
ဝတ္ထုတို ရဲ့ အဆုံး မှာ တော့ မြဝတီမဂ္ဂဇင်း အတွဲ ၇ ၊ အမှတ် ၈ ၊ ဇွန် ၊ ၁၉၅၉ တဲ့ ။
◾ကိုချစ်
📖 ရွှေအမြုတေ မဂ္ဂဇင်း
ဒီဇင်ဘာ ၂၀၁၄
.
No comments:
Post a Comment