Tuesday, February 11, 2025

မြောင်းမြ မှ မင်းကွန်းမိုးမိတ် သို့

 


❝ မြောင်းမြ မှ မင်းကွန်းမိုးမိတ် သို့ ❞

တိပိဋက ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ ဟာ ဘင်္ဂလားပင်လယ် ထဲ က မကျည်းကျွန်း မှာ ဖွားမြင်ပါတယ် ။ မကျည်းကျွန်း ဟာ သွားရေး လာရေး ခက်ခဲတယ် ။ ပညာ ရှာဖို့ လည်း ခက်ခဲပါတယ် ။

ဆရာတော် က အသက် ၁၅ နှစ်ကျော် ၁၆ နှစ်သား ကိုရင် ဘဝ မှာ စာပေ ပရိယတ္တိ သင်ချင်တဲ့ ဆန္ဒ ကြောင့် ရခိုင်ပြည်နယ် က နေ ရိုးမတောင်ကြီး ကို ကျော်ပြီး ရေတစ်တန် ၊ ကုန်းတစ်တန် ဖြတ်သန်းပြီး ပဲခူး မင်းကျောင်း မှာ စာပေ ဆည်းပူး ပါတယ် ၊ ပထမငယ်တန်း အောင်ပြီး ပထမလတ်တန်း ဆက် ဖြေတယ် ၊ ပထမလတ် တန်း စာပေးပွဲ ဖြေဆို ထားချိန် မှာ စာ တော်တဲ့ ကိုရင် ဣန္ဒပါလ ကို မင်းကျောင်း ဆရာတော် က မြောင်းမြ ပဇ္ဇောတာရုံတိုက်သစ် ကို ကြွပြီး ပညာ သင်ယူဖို့ စေလွှတ် တယ် ။

ပညာ သင်ယူခဲ့ရပုံတွေ ကို တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ က ယခု လို မိန့်ကြားပါတယ် ။

••••• ••••• •••••

မြောင်းမြ ပဇ္ဇောတာရုံတိုက်သစ် ကို ပန်းကုံးကျမ်းပြုဆရာတော် ဦးကုမာရ က အုပ်ချုပ်တာပေါ့ ။ တော်တော် ကို စည်းကမ်း ကြပ်တယ် ။

ဦးပဉ္ဇင်း က ပထမလတ် တော့ ဖြေခဲ့တယ် ။ ပထမကြီးတန်း အတွက် စာ လည်း ကြို ကျက် မထားမိဘူးလေ ။ မြောင်းမြ ရောက်တော့ ပဋ္ဌာန်း မှာ အခြေခံ သင်ရတဲ့ သုဒ္ဓသင်္ချာတွေ သင်ရတယ် ။ ဦးပဉ္စင်း က ကြို ကျက် မထားတော့ ပဋ္ဌာန်း ချတဲ့ အခါ နား မလည်ဘူး ။ ခွတော့ ကျပြီပေါ့ ။

စာချဘုန်းကြီး က ပါဠိပါရဂူ ဦးနန္ဒ ။ စာချဘုန်းကြီး ကတော့ အားပေးတယ် ။ တစ်နေ့ စာ တစ်နေ့ ကျက်ပါပေါ့ ။ နေ့ စာဝါ တက် ၊ ညကျတော့ စာကျက် ရတာပေါ့ ။ မြောင်းမြ ရောက်စ ဆိုတော့ ပျင်းလိုက်တာ ။ ပဲခူး ပြန် ပြေးချင်တယ် ။ ပဲခူး ကို စာ လှမ်း ရေးတယ် ။ ပြန်လာချင်တယ် ။ ဟိုက စာ ပြန်လာတယ် ။ ပြန် မလာနဲ့ ပျော်သွားလိမ့်မယ်တဲ့ ။ နောင်ကျတော့ စာ နဲ့ ပျော်သွားတာပါပဲ ။

ဦးပဉ္ဇင်း က အသက် ၁၈ နှစ်လောက် ။ အကြီးတန်း ကို တက်လာတဲ့ ကိုရင် က သုံးပါး လောက် ပဲ ရှိတယ် ။ ကျန်တာ ဦးပဉ္စင်း တွေ ပေါ့ ။ အဘိဓာန် တို့ ၊ အလင်္ကာ တို့ ၊ ဆန်း တို့ ၊ ပဋ္ဌာန်း တို့ ၊ ယမိုက် တို့ကို အစိမ်းသက်သက် ဖြစ်နေတယ် ။ စာချ ဘုန်းကြီး ကလည်း အားပေး ။ ဦးပဉ္စင်း ကလည်း ကြိုးစားတော့ သီတင်းသုံးဖော် ၁၀၀ လောက် မှာ နံပါတ်နှစ် ၊ နံပါတ်တစ် ဖြစ် လာတာပေါ့ ။ နှစ်ပတ်လည် စာမေးပွဲကြီး ဖြေတော့ ပထမ ရတယ် ။ ပထမကြီးတန်း မှာ အမှတ် အများဆုံး ပုဂ္ဂိုလ် ကို ပထမကျော်ဘွဲ့ ပေးတာ လိုချင်လို့ အောင်ပြီးသား ပုဂ္ဂိုလ်တွေ က နောက်နှစ် မှာ ထပ် ဖြေတာရှိတယ် ။

၁၃၄ဝ ပြည့်နှစ် မှာ ပထမကြီးတန်း အောင်ပြီး ဓမ္မာစရိယ ဆက် တက်တယ် ။ စာတွေ ကတော့ ယောင်ဝါးဝါးပဲ ။ သုံးကျမ်း ဖြေရတာ ၊ အောင်စာရင်း ထွက်တော့
တစ်ကျမ်း မှ မအောင်ဘူး ။ နောက်နှစ် ဆက် လုပ်မှ စာတွေ က တော်တော် အဆင်ပြေ သွားတာ ။ ပွင့်သွားတာပေါ့လေ ။ စာ ကို သဘောပေါက်တာပေါ့ ။ ဆရာတော် ဦးနန္ဒ က စာချတာ တော်တော် ကောင်းတယ် ။ နောက်နှစ် ၁၃၄၂ ခုနှစ် မှာ သုံးကျမ်း လုံး အောင်တယ် ။ ကိုရင် အဖြစ် နဲ့ အစိုးရ ဓမ္မာစရိယဘွဲ့ ရတာ ။

အချို့က တိပိဋက လုပ်ဖို့ မင်းကွန်း ကို သွားပါလား လို့ ဦးဇင်း ကို တိုက်တွန်း ကြတယ် ။ ဦးပဉ္ဇင်း က ပါဠိဂုဏ်ထူး ၊ မြန်မာ ဂုဏ်ထူး ဖြေဦးမယ် ဆိုပြီး ဆက်နေ တယ် ။ ပြီးတော့ ပဲခူး ပြန်ပြီး တစ်ဝါ ဆိုတယ် ။ ကျောင်းထိုင်ရမှာ လိုလို ၊ ဟိုဟာ လုပ်မှာ လိုလို ၊ ဒါလုပ်မှာ လိုလို နဲ့ အတည် မကျဘူး ။

ဓမ္မာစရိယ အောင်ပြီး နောက် ၁၉၄၃ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက် ၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၈၁ ခုနှစ် မှာ ရဟန်း ခံတယ် ။ ပဲခူး မျက်နှာတော်ကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တ နာဂိန္ဒ ကို ဥပဇ္ဈာယ် ပြုပြီး ပဲခူးဈေးပိုင်း ၁၈ လမ်း က ဦးသိန်းအောင် ၊ ဒေါ်မေမေခင် တို့ ပစ္စယာနုဂ္ဂဟ ရဟန်းဒကာ ၊ ဒကာမ အဖြစ် ခံယူကြတယ် ။

ရဟန်းအစ်မကြီး က မင်းကွန်း မှာ တိပိဋက ကျောင်းတိုက်ကြီး ထောင် ထားတယ် ။ အဲသည်ကို သွားပါလား တိုက်တွန်း ပေမယ့် ဦးပဉ္ဇင်း က မသွားဘူး ။ ပါဠိပါရဂူ ဖြေဦးမယ် လို့ နေတယ် ။

၁၃၄၅ ခုနှစ် ၊ ဝါဆို လပြည့်ကျော် ၁၃ ရက်နေ့ ရောက်မှ မင်းကွန်း တိပိဋက ဆရာတော်ကြီး ရန်ကုန် မှာ လာပြီး သီတင်းသုံး နေတာကို သွား တွေ့ ဖြစ်တယ် ။ ဆရာတော်ကြီး နဲ့ တွေ့ တော့ ဓမ္မာစရိယ ဘယ် နှခုနှစ် က အောင်တာလဲ တဲ့ ။ ၁၃၄၂ ခုနှစ် က အောင်တာပါ ဘုရားလို့ လျှောက် လိုက် တော့
ဘာလုပ်နေလဲ မေးတယ် ။
ဓမ္မာစရိယ အောင် လျှင် အောင်ချင်း မင်းကွန်း လာပြီး တိပိဋက ဆက် လုပ်စေချင်တာပေါ့ ။ ဆရာတော်ကြီး က ဝါဆို တော့မှာ ၊ နောက်တောင် ကျနေပြီတဲ့ ။ ဒါနဲ့ ညတွင်းချင်း ပဲ ရထား နဲ့ မန္တလေး ကို လိုက်ဖို့ စီစဉ်တယ် ။

အဲသည် ည ကိုးနာရီ ရထား နဲ့ မန္တလေး ကို လာတာ နောက်နေ့ ညနေ သုံးနာရီခွဲ လောက် ရောက်တယ် ။

မန္တလေး ရောက်တော့ ရဟန်းအစ်မကြီး က သူ သိခဲ့တဲ့ သီလရှင် တစ်ပါး ကို လိုက်ရှာတယ် ။ သီလရှင် ရဲ့ ဘွဲ့အမည် လည်း မမှတ်မိဘူး ။ လိပ်စာ လည်း အတိကျ မသိဘူးတဲ့ ။ ဘုရားကြီး ပတ်ဝန်းကျင် မှာ နေတာလို့ပဲ သိတယ် ။ မြင်းလှည်း ငှား သွားကြတာ ။ လိုက် ရှာတာ ။ သီလရှင် ကို လိုက် မေးတယ် ။ ဘွဲ့ မသိ ၊ လိပ်စာ မသိဘဲ လိုက်ရှာကြတာ ။ မတွေ့ရဘူး ။ ဟိုတုန်းက ‘ သို့ ဒေါ်အောင်သာ ၊ မန်ကျည်းပင်ကြီး အောက် ၊ စစ်တွေမြို့ ’ ဆိုတာ လိုက်ရှာ သလို ဖြစ်နေတာပေါ့ ။

ညနေ ၅းဝဝ နာရီ လောက် မှာ မင်းကွန်း ကို မော်တော် နဲ့ သွားတယ် ။ မင်းကွန်း မှာ သိတဲ့ ဦးပဉ္ဇင်း လည်း သိပ် မရှိဘူး ။ ရမ်းဗြဲ ဘက်က ဦးကဝိန္ဒ ဆိုတာ တစ်ပါး ရှိတယ် ။ သူ့ အခန်း မှာ ပဲ ခဏ နားကြရတယ် ။ တိုက်အုပ် ဆရာတော်ကြီး ဦးဥက္ကံသ ကို သွား ကန် တော့ တယ် ။ ကျောင်း နေရာ စီစဉ် ပေးပါတယ် ။

ညနေ ကျ ဝါဆို ရတယ် ။ ဝါဆို တော့ သံဃာ ၁၇၈ ပါးမှာ ဦးပဉ္စင်း က အငယ် ဆုံး ဖြစ်နေတယ် ။

ဦးပဉ္စင်း က စာအုပ်တွေ လည်း အများကြီး ယူ မလာ ဘူး ။ ဝိနည်းပါရာဇိကံ ပါဠိတော် တစ်အုပ် ပဲ ယူလာတာ ။ ဝိနည်း ပိဋကတ် မှာ ပါရာဇိကံ က ပထမစာအုပ်
ပဲ ။ ဓမ္မာစရိယ တုန်းက အလွတ် ကျက်ခဲ့တဲ့ စာအုပ်ဆိုတော့ စာအုပ် က လည်း တော်တော် နွမ်းနေပြီ ။

တိပိဋက မင်းကွန်းဆရာတော်ကြီး ရဲ့ အစီအမံ က အင်မတန် ကောင်းတော့ ဒကာ ၊ ဒကာမတွေ ကလည်း ကြည်ညိုပြီး သဒ္ဓါတရား နဲ့ ဆွမ်း ကပ်ကြတာ ။ စားရသောက်ရတာ လည်း အဆင် ပြေတယ် ။ နေရတာ လည်း စပါယ်ရှယ် ။ အဲသည်တုန်း က သီတင်းသုံးဖော် သံဃာတွေ ကို တွေ့တိုင်း တယ် တော်ကြတာပဲ ။ ကိုယ့် ထက် သာတဲ့ ပုဂ္ဂိုလ်တွေ ချည်း ဖြစ်မှာပဲ လို့ ဦးပဉ္စင်း က ထင်တာ ။ ငါ စာ မကျက်လို့ မဖြစ်တော့ဘူး ဆိုပြီး စာ စ ကျက်တာပေါ့ ။ ရှိတဲ့ စာအုပ်ကလေး တစ်အုပ် ပဲ ကျက်ရတာ ။

▢  ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ


No comments:

Post a Comment