Wednesday, February 12, 2025

အိပ်တန်းပြန် ငှက်များ


 

❝ အိပ်တန်းပြန် ငှက်များ ❞
  ( ယဉ်ယဉ်နု - မန္တလေး )

ကျွတ်ကျွတ် ... ခါး က ညောင်းလိုက်တာ ။ တော်တော် အခြေနေ ဆိုးနေ တာပါလား ။ ဘုရား ... ဘုရား ကယ်တော်မူပါ ။ ခြေဆစ် လက်ဆစ်ကလေးတွေ လည်း တဆစ်ဆစ် ကိုက် ၊ ဖယောင်းတိုင်လေး ထွန်းပြီး ဦးစိုင်းကြီး လိမ်းဆေးဘူးလေး ရှာဦးမှ ။ ဪ ... ဆေးကလည်း ဘယ်အနားမှာ များ ထားပါလိမ့် ။ အသက် က ကြီးလာတော့ မှတ်ဉာဏ်တွေ က အမှားမှား အယွင်းယွင်း ရယ် ။ ခြေဆုပ်လက်နယ် ပြုကြမယ့် သမီးများ ကလည်း အမေ ဝယ်လာတဲ့ မုန့်ဟင်းခါး နဲ့ ထမင်း ကို လုံးထွေးလုယက် စားကြပြီး ဗီဒီယို မော့ဖို့ သွားကြပြီ ။

ခုလို ဘဝ နေဝင်ချိန်လေး ရောက် မှတော့ အေးအေးချမ်းချမ်း ဇိမ် ရှိရှိလေး နေချင် လိုက်တာ ။ အဲလေ ဇိမ် မရှိချင် နေပါစေ ။ စားဖို့ မပူရ ၊ သောက်ဖို့ မပူရ ၊ ကိုယ်စား ချင်တာလေး စားလို့ ၊ လှူချင်တာလေး လှူလို့ ဒီလို နေရရင် တော်ပါပြီ ။ တောင့်လည်း မတောင့်တ ချင်တော့ပါဘူး ။ တစ်သက်လုံး တောင်းတ ခဲ့တာ သက်တမ်းမှ မနည်းဘဲ ။ ကျုပ် အသက် ၇ဝ ကျော် ခဲ့ပြီ ။ ဘယ်မှာ ပြည့်စုံခဲ့လို့လဲ ။

သူတို့ ကပဲ ညံ့လို့လား ၊ ကျုပ် ကပဲ တော်လို့လား မသိ ။ သားသမီးတွေ ရှိလျှက် နဲ့ ကျုပ် လို ၇ဝ ကျော် က အံ့မောင် နဲ့ ခင်ထား တို့ မောင်နှမ ကို ရှာကျွေး နေရတယ် ဆိုတာ လူ ကြားလို့မှ မကောင်း ။ နောက်ဆုံးတော့ ဝဋ်ကြွေး ပေါ့လေ ။ ငယ်ငယ် ကတည်း က ခေါင်းပေါ် က မချရတဲ့ ပဲပြုတ်တောင်း ။ သူတို့ အဖေ နဲ့ ရကာ စ ခနပဲ ချရတယ် ။ အံ့မောင် လည်း မွေးရော ပြန် တင်ရတာပဲ ။ ဒီလိုနဲ့ အကြီးကောင် ၊ အငယ်မ ကြီးလာကြ ။ အလျှိုလျှို အိမ်ထောင်ကျ ။ ကိုဘမြိုင် ဆုံး ၊ အနှစ် ၇၀ ဆိုတာ ဘာမှ မကြာပါလား ။ ဘုရား .. ဘုရား ပြန် တွေး ကြည့်ရင် မနေ့တနေ့ က လိုပဲ ။ ဒီ ကြားထဲမှာ ပျော်ပါးရတဲ့ ကာလ ဆိုတာ ဘာမှ မရှိ ။ လောကဓံ နဲ့ ကိုယ် နဲ့ လုံးလားထွေးလား ဖြစ် ။ အံ့မောင် က မိန်းမ နဲ့ ကွဲ ။ ကလေးတွေ နဲ့ အိမ် ရောက်လာ ။ ခင်ထား ကလေးတွေ နဲ့ ရန်ဖြစ် ။ ခင်ထား ယောက်ျား နဲ့ အံ့မောင်နဲ့ အရက်သမားချင်း ရန်ဖြစ် ။ ခင်ထား က အော်ဆဲ ။ အလိုလေး ဆူလိုက်ပူလိုက် တဲ့ အိမ် ။ အိုမင်းရတဲ့ အထဲ အရင်း မရှိလို့ ပဲပြုတ် ကလည်း မရောင်းနိုင် ။ ပိုက်ဆံ ရှာရမယ့် သူတွေ က ပိုက်ဆံ ရှာရမယ့် အလုပ် မလုပ်ဘဲ ရမ်းကား နေတော့ ကျုပ် ဖြင့် အိမ် မှာ နေချင်စိတ် ကို တစ်စက်မှ မရှိတော့ဘူး ။ ဘယ်သူသေသေ သေကြဟယ် ဆိုပြီး ပစ်ထားခဲ့တယ် ။ ဘုရား ကို လာခဲ့တာ စိတ်တွေ က အထွေထွေရယ် ။ ဒါပဲ အားကိုးစရာ ရှိတာလေ ။ “ ဗမာအို ဘုရားအို ဘုရား ကြား ” လို့ စာဆို ရှိသမို့လား ။

ဘုရားစာ လည်း ဟုတ်တိပတ်တိ မရပါဘူး ။ ဘုရား ရှေ့မှာ ထိုင်ပြီး ကျုပ် အကြာကြီး ဘုရား ကို ငေးကြည့်နေမိတယ် ။ အေးချမ်းလိုက်တာ ။ ဘုရားမျက်နှာတော် ကို အကြာကြီး ဖူးဝတော့မှ ထ ထွက်လာခဲ့တယ် ။ အိမ် မပြန်ချင်သေးဘူး ။ လေကလေး တဖြူးဖြူးနဲ့ လိပ်ကန်စောင်းတန်း ထဲ အသာလေး ဝင် ထိုင် နေလိုက်တာ ။ ပါလာတဲ့ ဖိနပ်လေး ဖင်ခုပြီး ဟိုငေး သည်ငေး ပေါ့ ။ အဲသည် အချိန်မှာ ကျုပ် အတွက် ထူးခြားတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်သွားခဲ့တာပဲ ။ သပ်သပ်ရပ်ရပ် သားသားနားနား ဝတ်စား ထားတဲ့ အံ့မောင်တို့ အရွယ် ကလေး တစ်ယောက်လေ ။ ကျုပ် ရှေ့မှာ ခါးကလေး ကုန်းပြီး ငါးကျပ်တန်လေး တစ်ရွက် ကို ကမ်း ပေးပါတယ် ။ ရုတ်တရတ် ဘာပါလိမ့် ဆိုပြီး ကြောင်ကြည့် နေတုန်း သူ က လက်ထဲ ကို ထိုးထည့် ပေးနေတော့ ယောင်တောင်တောင် နဲ့ ယူထားလိုက်မိတယ် ။

“ ဒီဖက် ကို လည်း လှူဦး ကလေးရဲ့ ”

အသံတစ်သံ ကြားလာလို့ လှည့် ကြည့်မိတော့ ၊ အို ... ကျုပ်တို့ အရွယ် သူအိုတွေ ပါလား ။ အဘိုးကြီး အဘွားကြီးတွေ တန်းစီပြီး ထိုင်လို့ ။ ကျုပ် ကို လှူတဲ့ ကလေး က “ ဟုတ်ကဲ့ ဘွားဘွား အားလုံးကို လှူမှာပါ ” ဆိုပြီး တစ်ယောက် ကို ငါးကျပ်စီ လှူတယ် ။ ဘိုးကြီးအို ၊ ဘွားကြီးအိုတွေ က ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ ထီပေါက်ပါစေ နဲ့ ဆုတွေ ပေးလိုက်ကြတာ တတွတ်တွတ်နဲ့ ပေါ့ ။ အဲဒီတော့မှ သတိရ တယ် ။ အို .... ကျုပ် ဘာ ဆုမှ မပေးလိုက်ရပါလား ။ ဘယ်သိမတုံး ။ ပထမဆုံး အတွေ့အကြုံ ဆိုတော့ ကြောင်အ နေတာပေါ့ ။ အဲဒီ ကလေးလည်း ထွက်သွားရော

“ ဘွားကြီးအို ဒီဘက်ကို လာ တော် ထိုင်နေတာ လမ်းကြီးမှာ ” ဆိုပြီး အဘွားကြီး တစ်ယောက် က လှမ်း ခေါ်တယ် ။ ဒါနဲ့ ကျုပ် လည်း သူတို့နဲ့ အတူ တန်းစီပြီး ဒီဘက် အစွန်ဆုံး က ထိုင် လိုက်ရတယ် ။ လက်ထဲ က ငါးကျပ်တန်ကလေး က ကျုပ် ကို စကား အများကြီး ပြောနေပြီလေ ။ ကျုပ် ပြန် ထချင်တယ် ။ ဒါပေမယ့် ပြန်လို့ မရခဲ့ဘူး ။ ချီတုံချတုံ နဲ့ ကျုပ် ထိုင်နေခဲ့တယ် ။

“ တော် ထမင်း မပါဘူးလား ” လို့ အဘွားကြီး က မေးတယ် ။

“ မပါဘူး ” ဆိုတော့

“ ဒါဆို ကျုပ် ထမင်း သွား ဝယ်လိုက်ဦးမယ် ၊ ဟိုနား က ဆိုင်မှာ ကျုပ်တို့ လို အဘွားကြီးအိုတွေ ဆို ထမင်း နှစ်ဆယ် ၊ ဟင်း နှစ်ဆယ် ပဲ ယူတယ် ၊ တော် မှာမလား ” လို့ မေးတယ် ။

ကျုပ် ခေါင်းရမ်း ပြ လိုက်တယ် ။

“ ဒါဆိုလည်း နောက်နေ့ ထမင်း ထုပ်ခဲ့တော် ” လို့ ပြောရင်း ဘွားကြီးအို ထ သွားတော့တယ် ။ အဲဒီနေ့ နံနက်စာ စားချိန် ကနေ ညနေစောင်း ဘွားကြီးအိုတွေ ပြန် သွားတဲ့ အထိ ကျုပ် ထိုင် နေတာ ငွေ ၁၅၀ လောက် ရခဲ့တယ် ။ ကျုပ် ရင် ထဲမှာ တဒိတ်ဒိတ် နဲ့ ။ မျက်နှာတွေ လည်း ထူအမ်းလို့ပါတော် ။ ခြေလှမ်းတွေ ကပေါက်တိ ကပေါက်ချာ နဲ့ အိမ်ကို ပြန်လာခဲ့တယ် ။ အိမ် ရောက်တော့ မှောင် နေပြီ ။ တစ်အိမ်လုံး လည်း တိတ်လို့ ။ ခင်ထား က

“ အမေ ဘယ် သွားနေတာလဲ ” ဆိုတော့ ဘာမှ မပြောပဲ ငွေတွေ ထုတ် ပေးလိုက်တယ် ။

“ ဘယ်က ရတာလဲ ” လို့ မေးတော့ ကျုပ် အကျိုးအကြောင်း ပြောပြလိုက်ချိန် သမီး အလိမ္မာ က ဘာပြောတယ် မှတ်လဲ ။

“ အမေ့ ဟာက ကောင်းသားပဲ အဲဒီပဲ သွား မနက်ဖြန် ထမင်း ထည့်ပေးမယ် ” တဲ့ ။

ကျုပ် မျက်ရည်တွေ လည် လာပေမယ့် အားတင်းပြီး ပြန် သိမ်းလိုက်ရပါတယ် ။ ဪ .... အခုထိ သားသမီးများ မအေအိုကြီး အလှူခံ ကျွေးတာ စားရက်ကြတယ် ။ အေးလေ ... အံ့မောင် နဲ့ ကလေးတွေ ကလည်း ခင်ထား ထမင်းအိုး ပဲ နှိုက်ကြတာ ။ သူတို့ အတွက် ရော ကျုပ် အားတွေ တင်းရတာပေါ့ ။ လှူကြတဲ့ ကလေးတွေ က ကျုပ်တို့ လို အရွယ်ကို လေးစားခြင်း နဲ့ လှူကြရှာတာ ။ ကျုပ်တို့ နောက် က ငို တောင်းမယ့် သူတွေ အတွက် ခု အသက်အရွယ် အထိ ဝဋ်ကြွေ မကင်း ရှာကြွေး နေရတာတွေ ၊ စားအိုး ထိန်းသိမ်း နေရတာတွေ ကို သိရင် စေတနာများ ပျက်ကုန်ကြမလား ။ အို ... ကျုပ်တို့ လူမျိုးက သဒ္ဒါတရား ကောင်းပါတယ် ။ လှူကြပါစေတော် ၊ များများ လှူကြပါစေ ၊ ဆထက်ထမ်းပိုး တိုးလို့ လှူနိုင်ကြပါစေ ။

အလှူခံသက် ကြာလာတာနဲ့ အမျှ ကျုပ်တို့ အဘိုးကြီးအို ၊ အဘွားကြီးအို တွေမှာ နာကြည်းစရာ ၊ ကြေကွဲစရာ နောက်ခံ ဇာတ်ကြောင်းလေးတွေနဲ့ချည်းပဲ ဆိုတာ သိလာရတယ် ။ အမေခင် ဆိုတဲ့ အဘွားကြီး ကို ကြည့် ။ လေဖြတ် ထားတာ ၊ လမ်းလျှောက်နိုင်တာ မဟုတ်ဘူး ။ သူ့ သားမက် က နံနက်တိုင်း ပွေ့ ချီ ချပေး သွား တာ ။ ချပေးတဲ့ နေရာ ထိုင်ရတာ ။ ညောင်းလိုက် ကိုက်လိုက်တာ လို့ တစ်နေ့လုံး ညည်းရှာတာ ။ ဟုတ်တာပေါ့ ။ အုတ်သမံတလင်း ပေါ် တစ်နေ့လုံး ဒူးတုပ်ပြီး ကွေးကွေးလေး ထိုင် နေရတဲ့ ဥစ္စာ ၊ ကိုက်တာပေါ့ ။ ကျုပ် တောင် အခု ညောင်းတတ် ကိုက်တတ် နေပြီ ။ အမေခင် လည်း ညောင်းရှာမှာပေါ့ ။ ဒါပေမယ့် အမေခင် ခမျာ တစ်ရက် မှ မလာဘဲ မနေရဲဘူး ။ သူ့ သမက် ကို ကြောက်ရတယ်တဲ့ ။ မလာချင်ဘူး ဆိုရင် ရိုက်မယ်ပုတ်မယ် ခြိမ်းခြောက်တယ်တဲ့ ။ ကြောက်စရာကြီး တော် ။ ဟို တယောအိုကြီး ကို တအီအီ ထိုးနေတဲ့ ဖိုးဩ ကျတော့ တစ်မျိုး ၊ သူ့ ရွှေပြည်ကြီး တို့ ၊ မြနန္နာ တို့ ၊ တစ်ခါတလေ ဝေဇယန္တာ တဲ့ ၊ အောင်မင်္ဂလာ တဲ့ ၊ သီချင်းတွေ ကျုပ် ဖြင့် မသိပေါင် တော် ။ ဒီ ရောက်မှ ကြားဖူးတာ ။ အရင်က မင်းသားကြီး တဲ့ ၊ သူ ဆိုရင် လွမ်းစရာ ကောင်းလိုက် တာ ။ သူ့ မှ မီးယပ်ကျိုး လို့ အိပ်ရာ ထဲ လဲ နေတဲ့ မိန်းမ နဲ့ ရင်ကြပ်ပန်းနာသည် သမီးလေး နဲ့ ။ ပြောရရင် စိတ်ညစ်စရာကြီးပါတော် ။ စားဖို့ အနိုင်နိုင် ၊ နေ့ သေမလား ည သေမလား လူမမာ က နှစ်ယောက် ။ ဆေးဖိုး ဝေး လိုက်တာ ။ မီးယပ်ကျိုး က ဆိုးရင် ပန်းနာသည်လေး က ပြုစုလိုက် ၊ ပန်းနာသည်ကလေး ရင်ကြပ် ရင် မီးယပ်သည် က ရင် ဖိပေးလိုက် နဲ့ ။ ဖိုးဩ မှာ ထမင်း တောင် ပါရှာတာ မဟုတ်ဘူး ။ တစ်ခါတလေ ရင်နာရှာ ထင်ပါ့ ။ တယောကြီး ဖိထိုး ရင်း ဆွဲဆွဲငင်ငင် သီချင်းတွေ ဆိုရင်း ငိုရှာတယ် ။ ကျုပ်တို့ လည်း မျက်ရည်လည် ကြတာပေါ့ ။ ဖိုးဩ ထမင်း မပါလည်း ပါတဲ့ လူ က ဝိုင်း ကျွေးကြ ၊ အတူ မျှ စားကြနဲ့ပေါ့ ။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ဒုက္ခတွေ ကို အိမ်မှာ ထားခဲ့ပြီး ဒီမှာ သက်တူရွယ်တူတွေ မျှတပြီး အတူ နေကြစားကြရတော့ ပျော်စရာ ပါပဲ ။ ညနေစောင်း ရင်တော့ လက် ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ငွေစလေး တွေ ကိုင်ပြီး ကိုယ့် အိမ် ကိုယ် ပြန်ကြရ တော့တာပါပဲ ။ ကျုပ်တို့ အိမ်နား က မန်ကျီးပင်ကြီး မှာ ဆက်ရက်တွေ တကျည်ကျည် တကျာကျာ အော်ဟစ်ဆူညံ အိပ်တန်း ပြန်တဲ့ အချိန်ကျရင် ကျုပ်တို့ လည်း ကျုပ်တို့ အသိုက်အမြုံလေး ထဲ ခေါင်းလျှို ဝင် ၊ ပါလာတဲ့ စားစရာလေးတွေ အလုအယက် စားသောက်ဖို့ မျှော်နေတဲ့ မြေးတွေ နဲ့ ။ တလုတ်တဆုပ် ဝေငှ စားရင်း တစ်နေ့တာ ကုန်ရတော့တာ ။

တစ်ခါတလေများ စိတ်ကူး ယဉ်မိတယ် ။ ကျုပ် ပြန်ရမယ့် အိမ် က အခုလို တစ်ဖက်ရပ် တဲကလေး မဟုတ်ဘဲ ခြံကျယ်ကျယ် တိုက်ကြီးကြီး ။ ကျုပ် ကလည်း စိန်ရွှေ အပြည့်နဲ့ သူဋ္ဌေးမကြီး ။ သားသမီးတွေ ကလည်း ဆိုက်ကားသမား ၊ အရက်သမား မဟုတ်ဘဲ ဆရာဝန်ကြီးတွေ ကျောင်းဆရာကြီးတွေ ဆိုပါစို့ ။ ဟော .. ပြောရင်း ဆိုရင်းတော့ ဟို လိပ်စာငါးစာ ကျွေးတဲ့ နား မှာ ရပ်နေတဲ့ ကျုပ် နဲ့ ရွယ်တူ လောက် ရှိမယ့် အဘွားကြီး လို ပေါ့တော် ၊ ကြည့်စမ်း ... သူတို့များ ကြည့်လိုက်တာနဲ့ သူဋ္ဌေး မှန်း သိသာတယ် ။ နုဖပ်စိုပြေ နေတာပဲ ။ ဆံပင် က ဖြူ နေပေမယ့် သေသေ သပ်သပ် ထုံးဖွဲ့လို့ ၊ ခြုံထားတဲ့ ပိုးပုဝါ ကလည်း အမွေးရှည်ကြီးတွေ နဲ့ လှလိုက်တာ ။ ဇင်းမယ် လုံခြည် ကလည်း အိစက်လို့ ။ စိန်နားကပ် ကလည်း ဖိတ်ဖိတ် လက် လို့တော် ။ အေးလေ ... သူတို့လို ချမ်းသာရင် ကျုပ် ဒီနား မှာ ထိုင် အလှူခံ နေမတဲ့လား ။ သူ့ လို ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် နေရမှာပေါ့ ။ မချမ်းသာ လို့ အလှူခံ နေရတာ ။ ကိုယ့် အလုပ် ကိုယ် လုပ်တာပဲ ကောင်းပါတယ် ။ အေးကွယ် ... ခုလို ဘွားဘွားတို့ ကို လှူလို့ ကလေးတို့ စားမေးပွဲတွေ အောင်ပါစေ ၊ ဆရာဝန်ကြီးတွေ ဖြစ်ကြပါစေ ၊ မင်္ဂလာစုံတွဲ ထီကြီး လည်း ပေါက်ကြပါစေကွယ် ။

•••••   •••••   •••••

စိတ်ထဲ မှာ ကြည်နူးလိုက်တာ ။ အပြင် ထွက်ရတာ ၊ အပြင်လေ စစ်စစ် ကို ရှူရတာ အသဲ ထဲ ကို အေးသွားတာပဲ ။ အိမ် ထဲ မှာ ဆိုရင် လေက အစ စိုထိုင်းထိုင်း နဲ့ ။ လေအေးစက် က ထွက်လာတဲ့ လေအတု ကို ရှူရတာ အသက်ရှူ မဝပါဘူးရှင် ။ တကယ်ပါပဲ ။ ကြည့်ပါဦး ။ လေကလေး က တဖြူးဖြူး သွားကြ လာကြတဲ့ သူတွေက လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ။ ဪ ... ဒီလို အချိန်တွေ ကုန်ဆုံးခဲ့ပြီ ။ နုနယ် ရုပ်ဆင်း ပျိုမျစ်ခြင်း က အိုမင်းနောက်ဆုံးပါတကားတဲ့ ။ နာဖို့ သေဖို့ သာ ကျန်တော့ တာ ။ အိုတာ က အိုပြီ ။

ဘုရား လာချင်လို့ လိုက်ပို့ပါ ဆိုတော့ ပို့ ပေးတဲ့ မြေးလေး မောင်ကျော် ကို ကျေးဇူး တင်လိုက်တာ ။ အင်း ... သူ ကလည်း နောက်ဆုံး ဝယ်လိုက်တဲ့ ပရာဒိုကားကြီး ကို ပြချင်လို့ ဆိုပြီး အိမ် ကို လာတာ ။ ကျွန်မ မြေး နှစ်ယောက် ကလည်း သူ့ အကို ဝမ်းကွဲ ကို တစ်ပတ် မောင်းပို့ရမယ်လို့ ပူဆာ ။ သွားချင်တာက မြို့တော်ဥယျာဉ် တဲ့ ။ သူတို့ ကစားကြ ၊ လည်ကြ နဲ့ ၊ တစ်နာရီ နှစ်နာရီ ကြာ မှာ ကို အမေကြီး ကို ဘုရား ပို့ ခဲ့ပါကွယ် ဆိုပြီး ဇွတ် ထွက်လာတာ ။ မောင်ကျော်လေး ကျန်းမာပါစေကွယ် ။ အိမ် မှာ လည်း ကားနှစ်စီး ရှိပါတယ် ။ တစ်စီး က သမီး လုပ်သူ အထူးကု ဆရာဝန်မကြီး က ယူသွား ၊ နံနက် ခြောက်နာရီ က ထွက် ၊ ဆေးခန်းတွေ တစ် ခုပြီး တစ်ခု ပြောင်းထိုင် ၊ အချိန်တန်တော့ ဆေးရုံ သွား  ၊ ဆေးရုံ က ပြီးတော့ ဆေးခန်း ၊ ငွေတွေ သိန်းချီ ယူပြီး လူနာတွေ ခွဲရစိတ်ရ ။ ည သူ အိမ်ကို ပြန် ရောက်ချိန်ဟာ အစောဆုံး ( ၁၁ ) နာရီပဲ ။ ပင်ပန်းလိုက်တဲ့ သမီးလေး ။ ကွယ်လွန် သွားတဲ့ သားမက် နှစ်ယောက်စာ ပေါင်းရှာ ဖွေနေရတာ ကျွန်မ ဖြင့် မကြည့်ရက်ပါဘူး ။ တစ်အိမ်ထောင်လုံး အတွက် ကုန်းကျုံး လုပ်နေရရှာတာလေ ။ တစ်ရက်တစ်လေ မှ မနားရရှာဘူး ။ မအေ ရော ၊ ကလေး တွေ ရော ၊ မညှိုးမငယ် နေရာတာ သူ့ ကြောင့် ။ ဒါကြောင့် ကျွန်မ လည်း သမီး သဘောကျ အားလုံး နေပေးရတယ် ။ ဒါမှ သမီး စိတ်ချမ်းသာမှာ ။ နောက် ကားတစ်စီး ကလည်း အကြီးမ ကျူရှင် ၊ ကျောင်း ၊ ကွန်ပြူတာသင်တန်း ၊ အငယ်ကောင် သီချင်းဆို ၊ လည်ပတ် အပေါင်းအသင်း နဲ့ ထွက် ၊ သူတို့ မောင်နှမ ကို အဝေ မညီဘူး ။ ခဏခဏ ရန်ဖြစ် ၊ တစ်ယောက် ပို့ တစ်ယောက် ကြို ။ ချေးကလည်း များ ၊ ဆူကလည်း ဆူ ၊ ဒရိုင်ဘာတွေ မျက်စိ လည် ၊ နားငြီး ခဏခဏ ထွက် ၊ ဒုက္ခတွေ ရောက် ။

မောလိုက်တာ ၊ သူတို့ကို ကြည့်ရတာ မောလိုက်တာ ။ သူတို့ ကိစ္စတွေနဲ့ သူတို့ ရှုပ်နေတာ ။ တစ်ခါတစ်လေ ကျွန်မ အပြင်လေး ဘာလေး ထွက်ချင်ရင် ကား မရှိဘူး ။ ကား မရှိတာ ထားပါလေ ။ ကျွန်မ အပြင် ထွက်တာကို လည်း သမီး က သိပ် မကြိုက်ချင်ဘူး ။ မျက်နှာ က အိုအိုရယ် ဟိုတစ်ခါတုန်းက အလှူ တစ်ခု ကို ကား ငှားပြီး သွားမယ် လုပ်လို့ ဇွတ် တားတာ ၊ “ မေမေ ကလည်း ... သမီး နဲ့ မေမေ့ မြေးတွေ က အိမ် မှာ မရှိဘူး ၊ အိမ်ဖော် ဆိုတာလည်း ယုံရတာ မဟုတ်ဘူး ၊ အိမ်ရှင်တွေ ဘယ်သူမှ မရှိတုန်း ရှိတာတွေ မချသွားရင် ဒုက္ခ ၊ သမီး က ဖြောင့်ဖြောင့် စီးပွား ရှာနိုင်အောင် မေမေ အိမ် မြဲမှပေါ့ ၊ မေမေ သိတတ်မှပေါ့ ၊ သမီး ဖြင့် ပြောရတာ ငရဲ ကြီးတော့မှာပဲ ” တဲ့  ။

ဟုတ်တာပေါ့ရှင် အံဆွဲ ထဲ မှာလည်း ငွေ က အထပ်လိုက် ။ သမီး အင်္ကျီ လုံခြည်တွေ က တစ်စုံတစ်စုံ ငါးထောင် တစ်သောင်းတန်တွေ ။ ကိုယ် က သူ့ မှီခို နေရတာလေ ။ သိတတ်ရတာပေါ့ ။ နောက်ပြီး ကိုယ် က မျက်စိ ကလည်း သိပ်ကောင်းတာ မဟုတ် ။ ခွဲထားရတာ ဆိုတော့ အိမ် မှာ နေတာပဲ ကောင်းပါတယ်လေ ။ လျှော့ ထား ။ လည်ချင်ပတ်ချင် အရင် ကလို သွားလာချင် စိတ်တွေ လျှော့ ။ ချင်ခြင်း ဆန္ဒ နောက်ကို မလိုက်နဲ့ ။ တရား နဲ့ ဖြေ ၊ တရားခွေတွေ နားထောင် ၊ ပုံလို့ သမီး ဝယ်ပေး ထားတာ ။

သမီး က တော်ရှာပါတယ် ။ သိတတ်ပါတယ် ။ ဆရာတော်ကြီးတွေ ရဲ့ တရား ပွဲတွေ ကျွန်မ သွားနာချင် မှန်း သိတော့ တရားခွေတွေ ဝယ်ပေး ထားတာ ကျွန်မ ကျေးဇူး တင်ရတယ် ။ တရားပွဲ မှာ တိုးတိုးဝှေ့ဝှေ့ အညောင်းခံ ခြင်ကိုက်ခံမယ့် အစား အိမ်မှာ သက်သက်သာသာ နာရတယ်လေ ။ ဒါပေမယ့် တစ်ခါတစ်လေ အငယ်ကောင် က သူ့ သီချင်းတွေ ဆူညံ နေအောင် ဖွင့်ရင်တော့ ကျွန်မ တရားခွေလေး သိမ်းပြီး အခန်းထဲ အောင်း နေရတော့တာပေါ့ ။ အဲဒီတော့ လည်း တရား မှတ်ရတာပေါ့လေ ။ ကျွန်မ အကောင်းဘက် က ချည်း တွေးပါတယ် ။ ဒါပေမယ့် တကုပ်ကုပ် နေရတော့ သိပ် ပျင်းတာပဲရှင် ။ ပြောပါပကော ။ သမီးတွေ မြေးတွေ က မအား ၊ တစ်နေကုန် ကျွန်မ တစ်ယောက်တည်း ။ စကား ပြောစရာ အဖော်က မရှိ ၊ အိပ်လိုက် ထိုင်လိုက် ထလိုက် ၊ တရားနာလိုက် ၊ ပျင်းလိုက်တာ ။ တစ်ခါတစ်လေ ထမင်းဝိုင်း မှာ ဆုံကြ ရင်လည်း သူတို့ ပြောကြတဲ့ စကားတွေ ကို ကိုယ် လိုက်မမီ ။ စကား စပ်လို့ ဝင် ဆုံးမရင်

“ ဘွားဘွား အသာ နေစမ်းပါ ၊ နားမလည်ဘဲ ဝင် မပြောပါနဲ့ ” လို့ မြေးတွေ မာန်တာ ခံရသေးတယ် ။ သမီး က လည်း “ ဟဲ့ ဘွားဘွား ကို ဒီလို မပြောရဘူး ” လို့ ဝင် မဆုံးမဘူး ။ ရယ်နေတာ ၊ ကျွန်မတို့ ခေတ် နဲ့တော့ အကွာကြီး ကွာခဲ့ပြီ ။ သူတို့ နဲ့ စကား မပြောရတော့ အိမ်ဖော်ကောင်မလေးတွေ နဲ့ ပြောကြည့်ပါတယ် ။ သူတို့ လည်း အတူတူပဲ ၊ သူတို့ သိတာနဲ့ ကိုယ် သိတာ ကွာခြားပြီ ။ ခင်မောင်ရင် မသိ ၊ ကြည်ကြည်ဌေး မသိ ၊ သူတို့ ပြောတဲ့ နာမည်တွေ ကို ကိုယ် က မသိ ။ စိတ်ပြေလက်ပျောက် တီဗွီ လည်း မျက်လုံးကြောင့် ကြည့်မရ ။ ကောင်မလေး တွေ ကလည်း အလုပ် နဲ့ လက် မပြတ် ။ ကျွန်မ အနား မှာ ဘယ်သူမှ မရှိ ။ အိမ်ကြီး တစ်လုံးလုံး ဟာ ပျင်းရိခြောက်သွေ့ နေတာပဲ ။ သမီး ဝယ်ပေးတဲ့ တရားခွေတွေ လည်း ဖွင့်ပါတယ် ။ နေ့တိုင်း ဖွင့်နေရတော့လည်း စိတ် က အာရုံစိုက်လို့ မရတော့ဘူး ။ အားလုံးလည်း အလွတ် လောက် နီးပါး ရနေပြီ ။ ထပ်တလဲလဲ နာနေရတော့ လည်း ငြီးငွေ့ လာပါပြီ ။

တစ်ည မှာတော့ သမီး ဆေးခန်း အပြန် စောင့်ရင်း မျက်စိမှုန်မှုန် နဲ့ ကြုံရာ အခွေ တစ်ခွေ ထည့် ဖွင့်လိုက်တာ အငြိမ့်သီချင်း ခွေလေး ဖြစ်နေတယ် ။ အဆိုတော်ကလေး က လည်း ကောင်းလိုက်တဲ့ အသံ ။ ကြည်လိုက် ပီလိုက်တာ ။ လေဘာတီ မမြရင် ရဲ့ “ အလှူရှင် ” သီချင်း ။ အင်း ... ကျွန်မတို့ သုံးလေးဆယ် အရွယ် က ကြည့်ရတဲ့ မခင်စိန် တို့ ၊ အမာစိန် တို့ နွဲ့နွဲ့စမ်း တို့ ဆိုနေကျပေါ့ ။ ကျွန်မ လည်း တစ်ပိုင်းတစ တော့ ရပါသေးတယ် ။ ဘာတဲ့ အပိုင်နော် ကြံလိုက်သရှင် တိုင်ပေါ် အလံစိုက်ချင် ” တဲ့ ။ အဲ့ဒီတုန်းက သူတို့ ကခဲ့တာလေးတွေ လှလိုက်တာ ၊ လက်ချိုး ခြေချိုး လေးတွေက ကော့ညွတ်လို့ ။ ဟောသလို  ၊ ဟောသလို ။ ကျွန်မ လည်း ငယ်ငယ်တုန်း ကတော့ အက သိပ် ဝါသနာ ပါခဲ့တာပေါ့ရှင် ။ အခုတော့ မကရတာ လည်း ကြာ ၊ သူများ က တာ မမြင်ရတာလည်း ကြာပါပြီ ။ ဒီ သီချင်းလေး ကြားရတာ နားထဲ ချိုလိုက် ဆိမ့်လိုက်တာ ။ ဘာတဲ့ “ အီဂျစ်နဲ့ အင်္ဂလန် နိုင်ငံခြားကို မောင် သွားထား ပါလား ၊ ပျိုတစ်ပါး မသိအောင် ... စာရေးတဲ့ ဆရာတောင် ... အိမ် မလာရအောင် ” ဟင် ကက်ဆက် ကို ချောက်ကနဲ ပိတ်လိုက်တာ ဘယ်သူ ပါလိမ့် ။

“ အော် သမီး ပြန်လာပြီကိုး ၊ မေမေ သမီး ကို စောင့်ရင်း သီချင်းလေး ကောင်းတာနဲ့ ”

အို သမီးမျက်နှာ က တင်းလို့ပါလား ။

“ မေမေ ... သူငယ်ပြန် နေတာလား ” တဲ့ ။ ဘုရား ဘုရား ။

“ သမီး ကြည့် နေတာ ၊ မေမေ သီချင်း လည်း ဆိုနေတယ် ၊ ခြေလှုပ်လက်လှုပ် နဲ့ က လည်း က နေတယ် ၊ မေမေရယ် ... မေမေ့ အရွယ်ကြီး နဲ့ ဒီလို လုပ်နေရင် အိမ်ဖော်လေးတွေ အရိုအသေတန် ကုန်မှာပေါ့ ။ ပြီးတော့ အတင်း လည်း အပြော ခံရ ဦးမယ် ၊ မေမေ့ အရွယ် နဲ့ လိုက်တဲ့ တရားခွေတွေ သမီး ဝယ်ပေးထားတယ်လေ ” တဲ့ ။

ပြောရက်လိုက်တာ သမီး ရယ် ၊ ကျွန်မ မျက်ရည်တွေ တောင် လည်လာ
ပါတယ် ။

“ အေးအေး မေမေ သိပါပြီ ၊ သမီး က ဂုဏ်ကျက်သရေ နဲ့ ပြည့်စုံတဲ့ ဆရာဝန်မကြီး ပဲ ။ သူ က ကိုယ့် ကို သင့်တင့်အောင် သင့်လျော်အောင် ထားရှာတာပဲ ။ နောက်ကို သမီး ဖြစ်စေချင်တဲ့ အတိုင်း တရားနဲ့ ပဲ မွေ့ လျော်နိုင်အောင် မေမေ ကြိုးစား ပါ့မယ် ။ စိတ်ဖြေရာ မရှာတော့ပါဘူးကွယ် ” လို့ စိတ် ထဲက ပြောပြီး ကျွန်မ ထွက်လာခဲ့တော့ သမီး က အိမ်ဖော်ကောင်မလေးတွေ ကို ဆူနေသံ ကြားရတယ် ။

“ နောက်ကို မေမေ အိပ်ပစေ ၊ ငါ့ အပြန် ကို မစောင့်စေနဲ့ ၊ မေမေ အိပ်ရေးပျက်ရင် သွေးတိုးတယ် ဆိုတာ နင်တို့ မသိဘူးလား ” တဲ့ ။

အဲ့ဒီ သွေးတိုး တဲ့ ရောဂါကြီး ရှိနေတာလည်း ကျွန်မ အတွက် ဒုက္ခ တစ်ခု ပါပဲ ။ ကျွန်မ သွေးတိုး ရှိပြီ ဆိုတာ သိ ကတည်းက သမီးက

“ မေမေ အငန် လျှော့ စားရမယ် ပေါ့ပေါ့ချက် ”

အိမ်ဖော်တွေ ကို မှာ တော့တာပဲ ။ သမီး ရဲ့ အမိန့် ကို လိုက်နာကြရတယ်လေ ။
ကျွန်မ ရဲ့ တောင်းပန် တိုးလျှိုးတဲ့ မျက်လုံး ကို သူတို့ ဘယ် ဂရုစိုက်ပါ့မလဲ ။ ဒီ ရောဂါ ဝင်လာ ကတည်း က ကျွန်မ အလွန် နှစ်သက်တဲ့ ငံပြာရည်ဆီသတ်တို့ ၊ ပဲငပိချက်တို့ ၊ ဝက်သားပုန်းရည်ကြီးချက် တို့ကို အပြီးအပိုင် စွန့်လွှတ်လိုက်ရတာပါပဲ ။ ချိုရဲရဲ ပဲနှပ် ၊ ဖြူဖတ်ဖြူရော် ကြက်သား ပြုတ်ကြော် ၊ အေးစက်စက် စွပ်ပြုပ်တို့ ။ အိုး မုန်းလိုက်တာ ။ တစ်လုပ် တစ်ဆုပ် ပဲ စားပြီး ။ ထမင်းပွဲ ကို ကျောခိုင်းခဲ့ရတာချည်း ။ သမီး က အကောင်းစား စီမံပေးပါတယ် ။ ဒါပေမယ့် သူ စားခိုင်းတဲ့ ကွေကာအုပ်တို့ ၊ ပေါင်မုန့်တို့ နွားနို့တို့ က ဘာလုပ်မှာလဲကွယ် ။ ညှီစို့စို့ နဲ့  ။ ဟောလစ် ၊ မတ်တိုဗာတို့များ နှမ်းထောင်းများများ ၊ ဆီရွှဲရွှဲနဲ့ ငချိပ်ပေါင်း တစ်ဆုပ် လောက်မှ အရသာ မရှိပါဘူး ။ တစ်ခါက ကောင်မလေးတွေ ကို မုန့်ဟင်းခါး ခိုး မှာ စားမိတာ သိသွားလို့ အလုပ်ဖြုတ် ပစ်မယ် ကြိမ်းထားတာ နဲ့ ကောင်မလေးတွေ လည်း ဝယ်မပေးရဲရှာကြတော့ဘူး ။ အလျှံပယ် ပေါများတဲ့ ဆရာဝန်မကြီး အိမ် မှာ အမေ လုပ်သူ အစာရေစာ ငတ်နေပါတယ် ဆိုရင် ကြားရသူတွေ ယုံမယ် မထင်ပါဘူး ။

အို ဘာသံပါလိမ့် ရှင် တယောသံလေး တငြိမ့်ငြိမ့် နဲ့ ၊ ဪ ဟိုနားက ဘိုးဘိုး က တယော ထိုးရင်း သီချင်း ဆို နေတာပါလား ။ နားဝင် ချိုလိုက်တာ ၊ နား ချမ်းသာလိုက်တာ ၊ ရင်ထဲ ကို ပြည့်သွား သလိုပါပဲ ။ ဟော .. အနံ့ ဒီ အနံ့ ကို သိပါတယ် ။ သိပြီ သိပြီ ။ မရမ်းသီထောင်း ငပိဖုတ်နံ့ ကလေးရယ် ။ ကြက်သွန်စိမ်းနံ့ ကလေး ရယ် ။ အမယ်လေး .. သွားရည်တောင် ကျချင်လာပါပြီလား ။ ဒီဘက်ထိပ် က ဘွားဘွား ထမင်းချိုင့် ဖွင့်ပြီး ဟိုဘက်က ဘွားဘွား ကို ထည့်ပေးလို့ ။ ဖြစ်နိုင်ရင် ကျွန်မ ကို နည်းနည်း ကျွေးစမ်းပါရှင် ဆိုပြီး တစ်လုပ်တစ်ဆုပ် နှိုက်စားလိုက်ချင်ရဲ့ ။ ဪ ... မဖြစ်သေးပါဘူးလေ ။ စိတ် ကို ထိန်းမှ ။ တဏှာ ကို ဖြတ်နိုင်မှ ။ ဒါပေမယ့် ရှင် ကျွန်မ နဲ့ ရွယ်တူတွေ ဆင်းဆင်းရဲရဲ အလှူခံ စားနေကြရှာတယ် ဆိုပေမယ့် အုံနဲ့ ကျင်းနဲ့ အုပ်စုနဲ့ ပျော်စရာ ကောင်းလိုက်တာ ။ ကျွန်မ လို အိမ်ကြီး တစ်လုံး ထဲမှာ ပျင်းရိ ငြီးငွေ့စွာ အထီးကျန် နေရတာ မဟုတ်ဘူးနော် ။ ရှင်တို့ ကုသိုလ်ကံ ကောင်းလိုက် ကြတာ ။ ဪ .. ဒီဘက်ဆုံး ဘွားဘွား က ကျွန်မ ကို ငေးနေလိုက်တာ ။ ကျွန်မ မျက်စိ မွဲပေမယ့် ဒီလောက် နီးနေတော့ ရှင့် မျက်လုံး ထဲက အားကျရိပ်တွေ ကို ကျွန်မ သိပါ မြင်ပါတယ် ရှင် ။ ရှင်တို့ မြင်ရတဲ့ စိန်နားကပ်တို့ ၊ အဝတ်အစားတို့ က အခွံတွေပါ ။ အခွံတွေ ကို ဖယ် လိုက်ရင် ဟက်တက်ကွဲ နေတဲ့ အသည်းနှလုံး ကို ရှင်တို့ မြင်မှာ မဟုတ်ပါဘူး ။ ကျွန်မ ဖွင့်ပြလို့ လည်း မရဘူးလေ ။ ကျွန်မ သမီး က ဂုဏ်သရေရှိ ဆရာဝန်မကြီး လေ ။ သူ့ အမေ ကျွန်မ ဒီလို ခံစားနေရပါတယ် ဆိုရင် သူ ဂုဏ်ပျက်မှာ ၊ မျက်နှာငယ် မှာပေါ့ ။ မျိုသိပ်ထား ၊ မသေမချင်း မျိုသိပ်ထား ။

အားလုံး အမြင် မှာ သမီး က ဖူးဖူးမှုတ် ဂရုစိုက် လွန်းလို့ ၊ မိဘကျေးဇူး အထူး သိလွန်းလို့ ၊ စည်းစိမ် အပြည့်နဲ့ ပျော်နေတဲ့ သူဋ္ဌေးကတော်ကြီး ပုံစံ အပြည့် ဖြစ်နေစေရမယ် ။ ချမ်းချမ်းသာသာ နဲ့ လောကစည်းစိမ် ခံစားနေရတာပဲ လူ သိစေ ရမယ် ။ ကဲ နေညိုပြီ ။ ကိုကျော်လေး လည်း ပြန်လာတော့မယ် ။ အချိန်တန်ရင် အိမ် ပြန်ကြရမှာပေါ့နော် ။ ဘွားဘွားတို့ ရယ် ရှင်တို့ ကတော့ အိပ်တန်းပြန် ငှက်တွေ လို ကိုယ့် အသိုက်အမြုံ ဆီ ပြန်ကြမှာပေါ့ ။ ဆူဆူညံညံ ကြိုကြ ၊ ထမင်းပွဲ မှာ လုယက် စားကြ ၊ ဘယ်လောက် ပျော်စရာ ကောင်းမလဲ ။

ကျွန်မ ကတော့ အတောင် ဖြတ် ခံထားရတဲ့ ငှက်အိုမကြီးပါ ။ ကျွန်မ ရဲ့ အပြန်လမ်း မှာတော့ အေးစက်နေတဲ့ ထမင်းဝိုင်း ၊ စကားပြောဖော် မရှိ ၊ ပျင်းရိငြီးငွေ့ ဖွယ် ကြီးကျယ်ခမ်းနားမှုတွေ နဲ့ ပြည့်စုံနေတဲ့ ရွှေလှောင်ချိုင့် တစ်ခု ဆီ ကို ...

▢  ယဉ်ယဉ်နု ( မန္တလေး )
📖 ရွှေအမြူတေ မဂ္ဂဇင်း
     ၁၉၉၉ ခုနှစ် ၊ နိုဝင်ဘာလ

No comments:

Post a Comment