❝ မြတ်တဲ့အခါ လိုက်ဝေပေးမှာလား ❞
“ ဟောဒီက မောင်ချမ်းသာ တို့ ခင်မိငယ် တို့ ယူကြပါဦးဟဲ့ ပဲကြီးလှော် ”
“ ယူလိုက်ပါကွာ တစ်ပိဿာ လောက် ”
“ တစ်ပိဿာ တော့ မလုပ်ပါနဲ့ ဟယ် ၊ ငါးပိဿာ လောက်တော့ ယူ ပါ ၊ ညည်းတို့ အားကိုးနဲ့ လာတာပါ အေ ”
“ ကဲကွာ သုံးပိဿာ တော့ ယူလိုက် အားနာပါးနာ ”
ဖြစ်ပုံက သည်လိုဗျာ ။ ကျွန်တော့် ယောက်ဖ ဝမ်းကွဲ တစ်ယောက် က အောင်လံ မှာ နေတယ် ။ ပဲကြီး လှောင်တယ် ။ အဲသည် နှစ် က ပဲကြီးသမားတွေ ဝက်ဝက်ကွဲ အောင် ရှုံးတယ်ဗျာ ။ ရှုံးတော့ အရှုံး ကို ကာမိအောင် ဆိုပြီး ယောက်ဖ က ပဲကြီးတွေ ကို လှော်ပြီး တောရွာ မှာ နေတဲ့ ဆွေမျိုးတွေ ကို လက်ဆောင် တင်တယ် ။ လက်ဆောင် တင်တယ် ဆိုတာ အလကား ပေးတာ မဟုတ်ဘူးဗျာ့ ။ ဇွတ် ရောင်းတယ် ။ ယူချင် မယူချင် ယူ ၊ ပြီးတော့ ပေး ပိုက်ဆံ ။ ဒါကို လက်ဆောင် တင်တယ် လို့ ခေါ်တာပဲ ။ တောရွာတွေ မှာ ။
ကျွန်တော်တို့ က အဲသည်တုန်း က ရေပြည့်ရွာ မှာ နေတာ ဆိုတော့ လက်ဆောင် အတင် ခံရတဲ့ ဆွေမျိုး အုပ်စု ထဲ ညပ်ပါ သွားတာပေါ့ ။
အိမ်ပေါ် ဇွတ်ကြီး တက် လာပြီး ဇွတ်ကြီး ထိုးပေး နေမှတော့ ဘယ် နေသာတော့မလဲဗျာ ။ ဆွေဝတ္တရား မျိုးဝတ္တရား ဆိုတာက ရှိသေးတာကိုးဗျာ ။
သည်လိုပဲဗျာ ဆွေရိပ်မကင်း မျိုးရိပ်မကင်း သူများ က ငါးပိ လာ လက်ဆောင် တင် လိုက် ၊ ငါးခြောက် လာ လက်ဆောင် တင်လိုက် ၊ တော က အမျိုးတွေ မှာ ပိုက်ဆံ ပေးရတဲ့ လက်ဆောင်တွေ အမြဲ ပိနေ တတ်ကြတယ်ဗျာ ။
ကျွန်တော် လည်း မြေပဲဆားလှော် စပြီး လှော်ခါစ မအူမလည် ဘဝ က မြေပဲဆန်များ ဆီ လည် သွား၍ အရည်အသွေး ကျသွားလေရာ ဆီပဲဆန် အဖြစ် ထိုး ရောင်းရသဖြင့် အကြီးအကျယ် ရှုံးခဲ့ဖူးတယ်ဗျာ ။
“ တို့ မြေပဲဆားလှော်တွေ တော သွား လက်ဆောင် တင် လိုက်ရကောင်းမလား ”
“ ဟာ မလုပ်ပါနဲ့ မောင် ရယ် သူ တို့ နွားနဲ့ ဖက် ရုန်းပြီး ရှာထားရတဲ့ ပိုက်ဆံကလေး ”
“ ကိုယ်ဖြစ် ကိုယ်ခံပေါ့ မောင် ”
“ အေး ဟုတ် ”
ဤသို့ဖြင့် ဘယ်သူ့ ကို မှ ဒုက္ခ မပေးတော့ဘဲ ခင်မိငယ် လည်ပင်း မှာ ဆွဲထားတဲ့ ရွှေကြိုးကလေး ရောင်းထည့်လိုက်ရလေ၏ ။
ထိုအကြောင်းကျွန်တော့် မိတ်ဆွေကြီး ပွဲစား ဦးစံဖေ ကို ပြောပြလေရာ
“ အဟုတ်ပေါ့ ကိုချမ်းသာ ရယ် ၊ လူတော်တော်များများဟာ အရှုံး ကို ကာမိအောင် ဆိုပြီး ကိုယ့် အပူ ကို သူများ အပေါ် လွှဲချတတ်ကြတယ်ဗျာ ၊ နှမ်း ရှုံးတော့ ဆီစက်သမား က ကာမိအောင် ဆိုပြီး စားအုန်းဆီ ကို နှမ်းဆီ လုပ် ရောင်းတယ်ဗျာ ၊ ငါးပိကောင်သမား က ငါးပိကောင် ရဲ့ ဝမ်းဗိုက် ထဲ ဆားသိပ်ပြီး ရောင်းတယ်ဗျာ ၊ ငါးခြောက်သမား က ငါးခြောက် ကို ရေဆွတ် ရောင်းတယ် ဗျာ ၊ ဝက်သားသမား က တွက်ခြေ ကိုက်အောင် ရေထိုးတယ်ဗျာ ၊ ငါးပိ ကို ဖွဲနု ထည့် ၊ ရွှေ မှာ ကြေး ရော ၊ အမျိုးမျိုးပဲ ကိုချမ်းသာ ရေ ၊ မသိ မ မြင်ရင်လဲ အကောင်းသားဗျာ့ ၊ သိနေ မြင်နေရတော့ သိသိကြီးနဲ့ ၊ ငါ ဖြင့် ဝယ်ရခြမ်းရ မှာ တောင် ခပ်လန့်လန့် ဟဲ့ ”
အပွဲစားကြီး ဦးစံဖေ ရဲ့ ဇနီး မမကြည် က ဝင် ပြောပြန်လေ၏ ။ အင်း သူ က နေ့စဉ် ခြင်းတောင်း ဆွဲပြီး အမြဲ ဈေးသွား နေရသူ ။
“ မောင်ချမ်းသာရယ် မင်း စဉ်း စားကြည့်စမ်းပါ ”
“ ဟုတ်ကဲ့ မမကြည် ”
“ သူတို့ ရှုံးတာကျတော့ အရှုံး ကို ဝယ်သူ ကို ၊ တစ်ပါးသူ ကို မျှဝေ ခံစား ခိုင်းတယ် ၊ အကယ်၍ သူတို့ မြတ်ပြီ ဆိုပါတော့ အမြတ် ကို တစ်အိမ်တက်ဆင်း လိုက် ဝေပေးမှာလား ”
“ ကြံကြံဖန်ဖန်ဗျာ ”
“ အေး အဲဒါပေါ့ လူ့သဘော ”
မှန်ပါ၏ ။ မှန်ပါ၏ ။
အရှုံး ကို သူတစ်ပါး အပေါ် ထိုးချတတ်ကြပါသော်လည်း အမြတ် ကိုတော့ လိုက်ဝေပေးသည် ဟူ၍ တစ်ကြိမ် တစ်ခါမျှ မကြားဖူးသေးပါဗျာ ။
အလုပ် လုပ်ပါတယ် ဆိုမှ အမြတ်ချည်း စဉ်းစားလို့ ဘယ်ရမလဲဗျာ ။
မြတ်တဲ့ အခါ ရှိ သလို ရှုံးတဲ့ အခါလည်း ရှိမှာပေါ့ဗျာ ။
မြတ် လည်း ကိုယ် ယူ ၊ ရှုံး လည်း ကိုယ် ခံကြပေါ့ဗျာ ။ ကောင်းဘူးလား ။
▭ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၁၄ အောက်တိုဘာ ၊ ၂၀၀၅
No comments:
Post a Comment