❝ မလေးအိမ် ❞
( ဆူးငှက် )
မလေး ငယ်ငယ် အိပ်ရာဝင် တိုင်း မေမေ က သီချင်းလေး တစ်ပုဒ် ဖြင့် ချော့ သိပ် တတ်သည် ။ မေမေ့ ရင်ခွင်ကြား ခေါင်းလေး တိုးဝင် မျက်စိ မှေးစင်း ရင်း မေမေ့ အသံချိုချိုလေး ကို အခုတိုင် မှတ်မိ နေဆဲ ဖြစ်၏ ။ မလေး ငယ်ငယ် က နို့စို့ နည်းလှသတဲ့ ... ။ ဒါကြောင့် လည်း မေ့မေ့ ရင်ခွင်ကြား မှ အမြဲ ပြည့်တင်း နေသော မေ့မေ့ ရင်နှစ်မြွာ ကို ကျော် ပြီး မှ မေမေ့ မျက်နှာ ကို မြင်တွေ့ နေရသည် မေမေ က မလေး ကို ငုံ့ ကြည့်ရင်း သူ့ သီချင်း ကို ညှင်းနွဲ့နွဲ့ သီဆိုသည် ။ ဆံပင် သန် လှသော မလေး ခေါင်း ကို မေမေ့ လက် နှင့် သပ်သည် ။
“ ... မလေး မယ်တို့ အိမ် ကို သိလိုချင်မူ ..
နတ်ခရိုင် နှင့် ဈေးဆိုင် နှင့် ရှင့် ၊
အိမ်တောင်ကမူ... ကြက်သွန်ခင်း နှင့် ရေတွင်း နှင့် ရှင့်၊
အိမ်မြောက်ကမူ စပါးလင်နှင့် ဒန်းပင်နှင့် ရှင့် .... ”
ဒီ သီချင်းလေး ကို အိပ်ရာ ဝင် တိုင်း မေမေ ဆိုပြနေကျ မို့ ငါးနှစ်သမီး အရွယ် အထိ တစ်ဦး တည်း သမီးလေး မို့ မေမေ့ ရင်ခွင် ကို အလုအယက် မရှိ အပိုင်စီး ထားနိုင်၍ ညစဉ် လိုလို ကြားရ နေတော့ အလွတ် ပင် ရ နေ တော့သည် ။ မလေး က ငယ်ငယ် ကတည်း က ဉာဏ် ကောင်း သတဲ့ ။ ဒါကြောင့်လည်း မေမေ့ ကို သီချင်းလေး ထဲ က စာသားတွေ နှိုက်နှိုက်ချွတ်ချွတ် မေးလေ့ ရှိသည် ။ နတ်ခရိုင် ဆိုတာ ကန်တော့ပွဲကြီးထိုး ၊ ပန်းတွေ ဝေဝေဆာဆာ နှင့် နတ်ပုံတော် တွေ ရှိသည့် နတ်စင် ၊ နတ်ကွန်းလေး ဆိုတာ မလေး ငယ်ငယ် ကတည်း က သိ နေသည် ။
မလေး က ငယ်ငယ် ကတည်း က မေမေ ဆိုပြသည့် သီချင်း ထဲ က “ နှမ ထွေး မယ်တို့ အိမ် ” ... လေး မျိုး လိုချင် သတဲ့ ၊ အဲလို အိမ်လေးမျိုး ပူဆာ တတ်သတဲ့ ဒီအကြောင်း ကို ... မေမေ က .. ထမင်းဝိုင်း မှာ ပြော ပြောပြတော့ ... ထမင်း စားလက်စ ဖေဖေ က “ သမီးလေး နေ ချင်တဲ့ အိမ်မျိုး သမီး ကြီးလာတော့ နေရမှာ ပေါ့ကွယ် ၊ ဖေဖေ ဆောက် ပေးမှာ ပေါ့ ” ဟု နှစ်သိမ့်သည် ။ ဖေဖေ့ စကား က သူ့ သမီး တွတ်တီးတွတ်တာလေး ကို ပြောဆို နေပေမင့် မေမေ့ ဆီ အထိ ရည်ညွှန်း ပြောနေတာမို့ မေမေ့ ရင်ထဲ လှိုက်ခနဲ ဝမ်းနည်း ရသည် ။
“ နှမထွေး ... မယ်တို့ အိမ်ကလေး ” ... ရယ်လေ ...။
“ ဘိုးဘိုး တို့ ဘွားဘွား တို့ က သူတို့ အိမ်ထောင် ကျပြီး ၁၆ နှစ်သား ၊ ၁၆ နှစ်သမီးလောက် ကတည်း က မန္တလေး ကို ပြောင်း လာကြသတဲ့ ။ သူ တို့ ရပ်ရွာ က ရင်းနှီးသူ တစ်ဦး က မန္တလေး မှာ အခြေကျ နေပြီ။ အခြေ ကျတယ် ဆိုတာ အိမ်ရာ တစ်နေရာစာ နဲ့ လက်လုပ်လက်စား အခြေကျ တာ မျိုး မဟုတ်ဘူး ကွဲ့ ၊ တကယ့် ပွဲစား စက်ပိုင်ကြီး သမီး ကို ရပြီး ပြပေါက် ဝင်းကြီး ၊ စက်ကြီး တွေ နဲ့ နှစ်ဆောင်ပြိုင် အိမ်ကြီးတွေ နဲ့ အခြေ ကျ တာမျိုး ” ... ဟု မေမေ က သူ့ အဖေ စကား ကို မြေးကလေး သူ့သမီး ဆီ ဆက်ခံ အသိ ပေးသည် ။ ထို ဘဘကြီး တို့ ခေါ် လို့ ဘိုးဘိုး တို့ ဘွားဘွား တို့ က မန္တလေး ပြောင်း လာကြတာ တဲ့ ။ ပြပေါက် ပတ်လည် ကျယ်ဝန်းသည့် ဝင်းကြီးအလယ်ကောင် မှာ ခိုနန်းချိုး တွေ နဲ့ ပျဉ်ထောင်အိမ်ကြီး ရှိ သတဲ့ ။ ဝင်းကြီး အရှေ့ခြမ်း မှာ ဆီဆုံဆီစက်တွေ ရှိ သတဲ့ ။ ဝင်းထိပ် မှာ အုတ်တိုက် ဓမ္မာရုံကြီး ပင် ရှိသတဲ့ ။ မန်ကျည်းပင် ၊ ကုက္ကိုပင် ၊ စိန်ပန်းပင် ၊ သစ်ချိုပင်ကြီး တွေ အပြင် အုန်းပင် ၊ မာလကာပင် ၊ ဆပ်သွားဖူးပင် ၊ ပုန်းညက်ပင်တွေ လည်း ရှိသတဲ့ ။ နွေအခါ မှာ စိမ့် နေ အောင် အေး .... ဆောင်း အခါ မှာ နွေး နေ တတ်တဲ့ ရေချို ရေတွင်းကြီး လည်း ရှိ သတဲ့ တွင်းကြီး ပတ်လည် မှာ ဂမုန်းရိုင်းတောကြီး နဲ့ ဗုဒ္ဓံသရဏံပင်အုပ်ကြီး လည်း ရှိသတဲ့ .... ။ ဗုဒ္ဓံသရဏံပန်း နီနီ ဝါဝါတွေ က အမြဲတမ်း ဝေ လို့ တဲ့ .. ။
ထို ဝင်းကြီး ထဲ မှာ ဘိုးဘိုး တို့ ဘွားဘွား တို့ နေခဲ့ကြသည် ။ ဝင်းကြီး နှင့် ခပ်လှမ်းလှမ်း တောင်ဘက် မှာ ၊ အနောက်ဘက် မှာ ပုဏ္ဏား ရွာကလေး တွေ ရှိသည် ။ ဝင်းကြီး နဲ့ ပုဏ္ဏား ရွာကလေး အကြား ဝါးရုံတောမြေရိုင်းကြီး ဆီး နေ၏ ။ ဘိုးဘိုး က ဝါးရုံတောကြီး ခုတ်ထွင် ပြီး အိမ် ဆောက် ၊ ဝင်းခတ် မယ် ဆို တော့ ... “ ဒီ ဝင်းကြီး ထဲ အတူ နေကြဖို့ ခေါ်တာ .. ဘယ့်နှင် တော ထဲ သွား နေချင်တာလဲ၊ ခင်ဗျား တို့ နှင် စိတ်ကူးလွဲလိုက် ကြတာ ” ဟု ဘဘကြီး တို့ ဇနီးမောင်နှံ က ဆူငေါက်သည် ။
မလေး က ကျေးဇူးရှင် ဘိုးဘိုးဘွားဘွား ကို “ စိတ်ကူး လွဲခဲ့ကြပုံက ” ဟု အခုမှ တော့ အပြစ် မတင်ချင်။ ထို့အတူ ကိုယ်ပိုင်မြေကလေး ရချင် ဝါး ရုံတော ကို ခုတ်ထွင် ပြီး အိမ်ကလေး ဆောက် နိုင်မည့် ဘိုးဘိုး အား သူ ပိုင် ဝင်းကြီး ထဲ ခူးပြီး ခပ်ပြီး နေစေချင်သည့် ဘဘကြီး တို့ ကို လည်း အပြစ် မတင်ချင်။
အခုတော့ ဘဘကြီး တို့ မရှိတော့သည့် နောက်ပိုင်း မြေး တွေ လက်ထက် မှာ တစ်ဟု န်ထိုး တိုးတက် လာ သော စီးပွားရေး ကြောင့် နှစ်ဆောင်ပြိုင် ပျဉ်ထောင်အိမ်ကြီး က အခန်းခန်း အသွယ်သွယ်နှင့် အာစီ သုံးထပ်တိုက်ကြီး ဖြစ် ။ သစ်သားဆီဆုံကြီး တွေ က ဂျာမနီလုပ် စက်သစ်ကြီး တွေ ဖြစ် ၊ ပန်းခြံပန်းဥယျာဉ် တွေ ဖြစ် ၊ ဤသို့ ဖြစ်ဖြစ် ဖြစ်သည် နှင့် အတူ ဘိုးဘိုး တို့ ဘွားဘွား တို့ မရှိတော့ သည့် နောက် လက်လုပ်လက်စား သားသမီး က လက်လုပ်လက်စား ဘဝ နှင့် ရုန်းကန်ကြ ရ တော့ နဂို မူလ လက်ငုတ် ထရံကာ ကပ်မိုးအိမ်ကလေး သည် ပင် ၅ နှစ် တစ်ခါ ဝါးကပ် မိုး နိုင်ဖို့ အနိုင်နိုင် ။ မိုး ယိုသည့် နေရာများ မှာ ရရာ သံပြား ၊ သွပ်ပြားတွေ နှင့် ဖာ ထား ရတော့ မြင် မကောင်းချင်လှ ။
“ သည် တစ်ခါ ဝါးကပ် အသစ် မိုး ရင်းနဲ့ အိမ်တိုင်တွေ လည်း ဆွေး ၊ အခြင်တွေ တန်းတွေ လည်း ပိုးထိုး နေတော့ အိမ်ကလေး ကို တစ်ခါ တည်း ပြင်ဆောက် လိုက်ရရင် ကောင်းမလားလို့ ... ” ဟု ဖေဖေ က မေ့မေ့ မျက်နှာ ကြည့်ရင်း ထမင်းဝိုင်း မှာ တိုင်ပင် သလိုလို နှင့် သူ့ ဆုံးဖြတ်ချက် ကို ပြောသည့် အချိန် တွင် မလေး မှာ စာစုံ ဖတ်သည့် ၉ တန်း ကျောင်းသူ အပျိုကြီးဖားဖား ဖြစ် နေ၏ ။
မလေး က ထမင်းလေး ကို ဟင်းရည်ကျဲကျဲလေး ဆမ်း ကာ နယ်ဖတ် နေရာ မှ “ ...... အကာ မှာ ပင်ဝါးရိုးငယ် နှင့် အမိုး မှာ ထန်းရွက်တင် ၊ ကြမ်းပြင် မှာ အင်ပေါက်ခင်းပါ လို့ ကာဝင်း မှာ တော့ နွယ်ဘူးလိမ် ... တဲ့ ဖေဖေ ရဲ့ ၊ အိမ်ကြီး အိမ်ကောင်း မှ မဟုတ်ပါဘူး ....၊ အခု အိမ် နဲ့ စာ ရင် အဲဒီ အိမ်လေး က တော်ဦး မှာ ပေါ့ ၊ ဒါပေမဲ့ ဖေဖေ ရေ ၊ အိမ်သစ်လေး ပိုင်ဖို့ ထက် ကိုယ့်ဝင်း ကိုယ့်မြေ အသစ်လေး မှာ ဆို အခြင်မြေသက်၊ ပင်ထန်းရွက် နှင့် ခေါင်ပျက်အိမ် မှာ ဖြစ်စေဦးတော့၊ သိပ် ပျော်စရာ ကောင်းမှာ နော် ဖေဖေ နော့ မေမေ ရယ် ” ဟု ဆန္ဒ စကားတွေ ဖွင့်အံ မိသည် ။ မိုက်ပါဘိ မလေး ရယ် လေ။ မေမေ က ခေါင်းငိုက်စိုက် ကျ သွား၏ ။ ဖေဖေ စားလက်စ ထမင်း ကို ရုတ်ခြည်း လက်စသတ်သည် ။ “ အရူးမလေး ၊ အနှမ်းမလေး ၊ သူ့ ကိုယ် သူ ပြဇာတ်မင်းသမီး ကျနေတာပဲ ၊ ညည်း ကို တော့ ကျောင်း နှုတ် ပြီး တိုင်းချစ်သန်းစိန်ဇာတ် ထဲ ထည့်လိုက်ရမှာ ပဲ ” ဟု မလေး က စာ စကား ပေ စကား တွေ ပြော လေတိုင်း ဖေဖေ က လည်း ဤသို့ နောက်ပြောင် ကျီစယ် စကား တို့ ပြော တော့ မလေး ဟက်ဟက်ပက်ပက် ရယ်မော လေ့ ရှိသည် ။ ဖေဖေ့ စကား ဆက် က မလေး အဖို့ အရင် လို မရယ်မောနိုင် တော့ ....။ “ ကိုယ့်ဝင်း ကိုယ့်မြေလေး အဆင်ပြေ တော့ လည်း အိမ်ကလေး ကို ဖျက်ယူ သွားလို့ ရတာ ပဲ သမီး ရယ်၊ ငွေကလေး ပေါ် တုန်း အိမ်ကလေး ပြင် ဆောက်လိုက်ရအောင် ဝါးကပ် တစ်မိုးစာ လောက် ထပ် စောင့်ကြသေးတာပေါ့ ” ဟု ရေဇလုံ ထဲ လက်နှိုက် ဆေးရင်း ဖေဖေ က ဖြည်းနှေး လေးလံစွာ ပြော တော့ မလေး အရယ် ရပ်ပြီး ပုခုံးလေး ပု ဝင် သွားသည် ။
ဒါပေမဲ့ ဒီ အဖေ ဒီ သမီး ပဲ ရှိ သဖြင့် နောက် ရက် ဖေဖေ့ သူငယ်ချင်း လက်သမားဆရာ လာပြီး သစ်သားစာရင်း ရေး ပေးပြီး သော အခါ သားအဖ နှစ်ယောက် ပွဲကုန်း က သစ်ဆိုင် ဆီ စက်ဘီးလေး နှင့် အပြေး သွား ရ၏ ။ နှစ်တစ်လက်မ တစ်ချောင်း ၈ ကျပ်ခွဲ တဲ့ ။ အင် လေးပတ်လည် က ၃၀ ကျပ် လောက် ကျသည် ။ ပွဲကုန်းဆိုင် ပြီး တော့ ရွာဟိုင်းဈေး တောင်ဘက် က ၄၁ လမ်း ဆိုင် သို့ ပြေးရ ပြန်၏ ။ နောက် တစ်ခါ ၃၂ လမ်း က သစ်ဆိုင် ။
အိမ်ဟောင်းလေး ဖျက် ပြီး အိမ်သစ် ဆောက်တော့ အိမ်ဟောင်း က တံခါးရွက်ကလေးတွေ မပစ်ရက် တော့ ပြန် သုံးရ၏ ။ မိုးတွင်း မိုးခါ မိုးရေ လွတ်အောင် အိမ်ကလေး ကို ဒူးတုပ် တစ်ထိုင် လွတ် ခြေတံရှည်လေး ဆောက် ပြီး ကြမ်းခင်း လိုက်သည် ။ ငှား ထားတာ က ဖေဖေ့ မိတ်ဆွေ လက်သမား ဆရာ တစ်ယောက် တည်း ... ။ အိမ်မိုး တော့ လည်း ဖေဖေ က ကူသည် ။ ကြမ်း ခင်းတော့လည်း ဖေဖေ ကူသည် ။ ဖေဖေ သာ မက မလေး က လည်း သူ့ လက်ဖဝါး နုနုလေး တွေ သွေးခြေဥ မျှ သံတွေ ကူ ရိုက် ပေး၏ ။ ဤသို့ဖြင့် သုံးပင် နှစ်ခန်း ကပ်မိုး ကပ်ကာ ခြေတံရှည် အိမ်သစ် ကလေး တစ်လုံး သူများ ဝင်း ၊ သူများ မြေ မှာ ပေါ်ထွက်ခဲ့ ချေပြီ ။
“ လက်သမားခ က သူငယ်ချင်း မို့ သုံးရာ ပဲ ပေးရလို့ သာပေါ့ ၊ ဒါတောင် ဒီ အိမ်ကလေး တစ်လုံး က ငွေ ထောင်ကျော် ကုန်သွားတယ် “ ဟု ဖေဖေ က သူ့ အိမ်ကလေး ကို ပီတိစိတ် ဖြင့် ကြည့်ရင်း ပျော်ညည်းလေး ညည်း ပြသည် ။
••••• ••••• •••••
သည် တစ်ခါတော့ ဖေဖေ က ပျော်ညည်း မဟုတ် ။ တကယ့် စိတ်ပျက် လက်ပျက် နှင့် ဟက်ဟက်ပက်ပက် ညည်း ပြခြင်း ဖြစ်သည် ။ မလေး က မူလတန်းဆရာမ အဖြစ် အလုပ် တွေ တာဝန် တွေ နှင့် ဖြစ်သည့် တိုင် ကျောင်း က ပြန် လာတိုင်း ရင်ခွင် ထဲ ဆွဲ သွင်းကာ နဖူး က ဆံပင်တွေ သပ် ပေး ရင်း ပန်းနာရင်ကျပ် ရောဂါသည် အဘိုးကြီး တစ်ယောက် မို့ ညည်းညူရင်း ပင် မောဟိုက် နေတတ်၏ ။ မေမေ က တော့ ခါး က ကုန်းကုန်း နှင့် ချက်ရင်း ပြုရင်း သားအဖ နှစ်ဦး ကို ကြည့် ကာ မျက်ရည်ဝိုင်း နေဦး မှာ သေချာသည် ။
“ သမီး ရယ် .... အားတော့ မပျက်လိုက်နဲ့ ဦး ပေါ့ သမီး နဲ့ သမီး မေမေ သွားကြည့်ထားတဲ့ မြေကွက်လေး က သုံးသောင်း နဲ့ မရတော့ဘူး တဲ့ ၊ ငါးသောင်း မှ ရောင်းမယ်လို့ ပြော နေတယ်၊ လွန်ခဲ့တဲ့ ခြောက်လကျော် သမီး တို့ လာ ကြည့်တုန်း က တစ်ခါတည်း ငွေ ချေလိုက်ရင် သုံးသောင်း နဲ့ ရမှာပါ တဲ့ ၊ နေ့လည် က ပဲ ပဲသည် မရီ က ပြော သွားတယ် ” ဟု ဖေဖေ က ဆို့ဆို့နင့်နင့် ပြောသည် ။ မေမေ က မီးသွေးမီးဖိုလေး ထဲ က မီးကျီးခဲ တွေ ကို ညှပ်ကလေး နှင့် မြေအိုးလေး ထဲ ညှပ် ထည့်ရင်း “ မြေ ဆိုတာ ကံစပ် မှ ရတတ်တာ သမီး ရဲ့ .... ၊ သမီး နဲ့ ကံ မစပ်လို့ ပဲ အောက်မေ့လိုက် ၊ မေမေ တို့ ပိုက်ဆံ ထပ် စုကြတာပေါ့ကွယ် ၊ ဒီထက် ဈေး သက်သာပြီး ဒီထက် ကောင်းတဲ့ နေရာ တွေ့ဦးမှာ ပါ ” ဟု ဆိုသည် ။ “ မေမေတို့ ပိုက်ဆံ ထပ် စုကြတာပေါ့ကွယ် ” ဟူသော အသံ က သုံးယောက် တည်း သော မိသားစု မှ မလေး ၏ လခ နှင့် ခေါင်းရွက်ဗျက်ထိုး ဈေးသည် မေမေ ၏ မဖြစ်စလောက် ဝင်ငွေလေး သာ ရှိသည် မို့ အိပ်ရာ ထဲ က ချောင်း တဟွပ်ဟွပ် နှင့် ဖေဖေ ကို သားအမိ နှစ်ယောက်စလုံး က အားနာ ဝမ်းနည်း အကြည့် ဖြင့် ကြည့် မိသည် ။
“ ငါ လည်း နေ ကောင်း ရင် အလုပ် ပြန် ဆင်းနိုင်မှာ ပါ ” ဟူသော ဖေဖေ့ အသံ ကို ဘယ်သူ မှ မကြားရက်နိုင် တော့ ..... ။
တစ်မိုး .. ။
နှစ်မိုး .. ။
သုံး လေးမိုး ....... ။
ဟောသည် ခြေတံရှည် အိမ်ကလေး ထဲ က နေ ငယ်ငယ်လေး ကတည်း က ခိုင်ခိုင်မာမာ မျှော်လင့် ခဲ့ရသည့် ကိုယ့် ဝင်း ၊ ကိုယ့် မြေပေါ် က အိမ်သစ်ကလေး ကို မလေး မျှော်လင့်ခဲ့တာ ကြာပေါ့ ။
••••• ••••• •••••
အရှေ့ဘက် ရိုးမတောင်တန်းကြီး တွေ ပေါ် မိုးမည်းညိုတွေ အိဆင်း သွန်ချ နေသည် ။ ရန်ကင်းတောင် ပုံရိပ် က မိုးရေ ထဲ မျောပါ သွား၏ ။ ရက်ရှည် ရွာ နေသော မိုး မှာ မန္တလေး ကတ္တရာ လမ်း တချို့ ကို တော့ မျက်နှာသာ ပေးထားသည့် နေ့ ဖြစ်သည် ။ အရှေ့နှ င့် အရှေ့မြောက် ဆီ မှ မိုးတွေ ညို့ သည်း နေပေမယ့် ရိပ်ရိပ် ပြေးနေသည့် ကတ္တရာလမ်း ပေါ် ၌ အရင် နေ့ တွေက မိုးရေတွေ နှင့် ရွှဲရွှဲ နစ် နေသေးသည် ။ အရှေ့ နှင့် အရှေ့မြောက် ဆီ မှ မိုး က ဒီမှာ ဘက်သို့ ဦး မလှည့်သေး .. ။ ကားကြီး မဝင်ရသည့် လမ်းတွေ ကို ရှောင်ကွင်း ရင်း ဂျီအမ်စီ လော်ရီကား တစ်စင်း က အေလမ်း မှ သည် အောင်ပင်လယ် ကန်ပေါင်ရိုး အထိ တက်ကာ ကန်ပေါင်ရိုးလမ်း အတိုင်း မြောက် သို့ ဦးတည် သည် ။ လမ်း ပေါ် ရေအိုင် ကွက် တချို့ က တော့ ကား ဖြတ် သွားတိုင်း အဖိတ်ဖိတ် အစင်စင် ဖြင့် လမ်းဘေး ခုန်ဆင်းကြ၏ ။
ကား ခေါင်း ထဲ မလေး နှင့် မေမေ ပူးကပ် ထိုင်ရင်း ဖေဖေ့ ကို အရမ်း သတိရ နေမိ၏။ မေမေ က တော့ ကား စ ထွက် ကတည်း က ပတ်ဝန်းကျင် ကို ပင် နှုတ် မဆက်နိုင်တော့ဘဲ ခေါင်း ကို အငုံ့ကြီး ငုံ့ ကာ ပုတီး ကို သာ တွင် တွင် စိပ် နေတော့သည် ။ ဇရာ ကြောင့် တွန့် နေသော ပါးပြင် တစ်လျှောက် အရေးကြောင်း တွေ မှာ မျက်ရည်တွေ စိုစွတ် နေတာ လက်ကိုင် ပုဝါလေး နှင့် သုတ် ၍ ပင် မနိုင် ။ အခုလည်း ကား ပေါ် ထိုင် ရင်း မေမေ ချွေးခံအိတ် ထဲ က လက်ကိုင်ပုဝါ ကို ထုတ် ပြန်သည် ။
မလေး က သည် တစ်ပတ်လုံး သူငယ်ချင်း တစ်ယောက် နှင့် ပြေးဟယ်လွှားဟယ် နှင့် အဆင် သင့် တွေ့သော မြေကလေး ပြေး ကြည့် ၊ ပိုင်ရှင် နှင့် စကား ပြော ၊ ဈေးစကား ဆစ်စွက် ..... ၊ လက်ဝတ် လက်စားလေး တွေ ထုခွဲ ၊ စု ထားသော ငွေကလေး ပြန်ထုတ် .... ၊ စာချုပ် မှာ လက်မှတ် ထိုး၊ ငွေချေ ... ။ တစ်လက် စတည်း ပစ္စည်းတွေ ထုပ်ပိုး သိမ်းဆည်း ၊ အိမ်ကလေး ကို ကျောင်း က ဆရာများ အသိုက်အဝန်း အကူအညီ နှင့် ဖျက် ..... ။ ၁၀ ရက် တာ သီတင်းကျွတ် ၊ ကျောင်းပိတ် ရက် မှာ ပင် နေ့စဉ် မလ ပ် ပြေးလွှား လှုပ်ရှား ခဲ့ရသည် ။ အခုတော့ လည်း အောင်မြင်ပြီ လေ ။
“ အကာ မှာ ပင် ပင်ဝါးရိုးငယ်နှင့် ၊ အမိုး မှာ ထန်းရွက်တင် ၊ ကြမ်းပြင် မှာ အင်ပေါက်ခင်းပါလို့ ကာဝင် မှာ တော့ နွယ်ဘူးလိမ် .... တဲ့ ” ဟု ဆိုလျှင် “ အရူးမလေး ၊ အနှမ်းမလေး ၊ သူ့ ကိုယ် သူ ပြဇာတ် မင်းသမီး ကျနေတာ ပဲ ၊ ညည်း ကို တော့ ကျောင်း နှုတ်ပြီး တိုင်းချစ်သန်းစိန် ဇာတ် ထဲ ထည့်လို က်ရ မှာ ပဲ ” ဟု ကျီစယ် တတ်သော ဖေဖေ မရှိတော့ .... ။ ဟောသည် ဂျီအမ်စီ ကားကြီး ပေါ် မှာ တင်ဆောင် လာ သော အိမ်ကလေး ၏ အစိတ်အပိုင်း တွေ အားလုံး ၊ အသားတို အသားစ တွေ အားလုံး ၊ အို .. ယုတ်စွအဆုံး သံကလေး တစ်ချောင်း မှာ ပင် ဖေဖေ့ ဝိညာဉ် တွေ ပါလာမှာ သေချာသည် ။
မြို့ ထဲ က မြေကွက်လေးတွေ မျက်စိ ကျရင်း ၊ ပိုက်ဆံ စုရင်း ၊ လက်လှမ်း မမီ ဖြစ်ရင်း ၊ ထပ် စုရင်း ၊ ထပ် လက်လှမ်း မမီရင်း နှင့် ဦးတည်စိတ်ကူး ခဲ့သည့် နေရာလေးတွေ က မြို့တွင်း ၊ မြို့ဆင်ခြေ ဖုန်း မှာ မဆိုထား နှင့် ၊ ဟိုး ... မြို့သစ် ဆီ မှာ အထိ လက်လှမ်း မမီ ဖြစ်ရသည် ။ ဒါတောင် ကျောင်းဆရာ မလေး ဘဝ ရထားသည့် မြေကွက်လေး ကို မစို့မပို့ အမြတ်ကလေး နှင့် ပြန် ရောင်း ရလို့ ယခု နေရာလေး နှင့် မနည်းကြီး အားခဲချိတ်မိ နေခြင်း ဖြစ်၏ ။ မေမေ က တော့ သမီး ရထားတဲ့ မြေကွက်ကလေး မှာ ပဲ တဲထိုး နေကြရအောင်လားကွယ် ။ ခုတော့ ပြောသေး၏ ။
ယခု နေရာလေး က ၁၀ ပေ ပတ်လည် အိမ်ကလေး တွေ ၊ ဘုစုခရု နှင့် ကြက်ညပ် နေတာမျိုး မဟုတ် ။ အနည်းဆုံး ပေ ၅၀ ပတ်လည် ခံတွေချည်း ဖြစ်သည် ။ မနက် လင်း တာ နှင့် အော်ဆဲ ၊ သတ်ပုတ် ၊ ဂဏန်းတွက် ၊ ချေးငှား ၊ ရန်ဖြစ် ကြသည့် ပတ်ဝန်းကျင် မဟုတ် ။ အနည်းဆုံး သပြေပန်းခြံ နှင့် ပင်စင်စား အေးအေးလူလူ သမားတွေချည်း ဖြစ်သည် ။ မနက်စောစော ထ ဈေးကား နှင့် ကျပ်ညှပ် လိုက် ၊ ဈေးချို ရောက်တော့ ကား တစ်ဆင့် ထပ် စီး မှ ကျောင်း သို့ ရောက်မည် မဟုတ် ။ စက်ဘီးကလေး နှင့် နာရီဝက် ။ နာရီသုံးမတ် နင်း ရုံ ဖြင့် လိုရာ ရောက်သည် ။
ထိုမျှထက် မက နို့စို့ အရွယ် မေမေ့ ရင်ခွင် ထဲ မှ မေမေ ဆိုပြခဲ့သော သီချင်းလေး က မူလတန်းကျောင်းသူ အရွယ် အထိ အကြိမ်ကြိမ် ကြားခဲ့လေ သောကြောင့် တရှိုက်မက်မက် ရူးသွပ် မျှော်လင့် ခဲ့ ရသော ဆန္ဒတစ်ခု က ယခု အသက် ၄၀ ကျော် ကာ မှ သိခဲ့ရသည် ။ နတ်သကြား မသည့် ဆုလာတ် အဖြစ် ယခု နေရာလေး က မလေး နှလုံးသား တွင် မှတ်ထင်ရသော ကြောင့် လည်း ဖြစ်သည် ။
“..... မထွေး မယ်တို့ အိမ်ကို သိလိုချင်မူ ....
နတ်ခရိုင်နှင့် ဈေးဆိုင်နှင့်ရှင့်၊ အိမ့်တောင်ကမူ
ကြက်သွန်ခင်း နှင့် ရေတွင်း နှင့် ရှင့်
အိမ့်မြောက်ကမူ
စပါးလင် နှင့် ဒန်းပင် နှင့် ရှင့် ......”
မလေး က တရိပ်ရိပ် ပြေး နေသော ကား ပေါ် ထိုင် လိုက်ရင်း မဆိုဖြစ် တာ ကြာပြီ ဖြစ်သည့် ထို တေးတစ်စ ကို ဖွဖွလေး သီဆို ဖြစ်သည် ။ ပေ ၅၀ ပတ်လည် မြေကွက်လေး မှာ ရက်ပိုင်း အတွင်း ဖြစ်လာမည့် မလေး ၏ အိမ်ကလေး မှာ နတ်ခရိုင်လေး တော့ ရှိမှာ မဟုတ် ။ စက္ကူပန်းရုံ နှင့် ခုံကလေး ပါ သော စင်ကလေး ရှိလိမ့်မည်။ အိမ့် တောင်ဘက် မှာ က ည ရောက် လျှင် ပိုးစုန်းကြူးတွေ သဘင်ခင်း နေသည့် လက်ကျန် လယ်တောမြေ ရှိသည် ။ အိမ့် မြောက်မှာ သပြေခြံ တွေ၊ သရက်ခြံ တွေ ရှိမှာ ပေါ့ ။
အိမ်ဟောင်း ပစ္စည်းတွေ တင် ထားသည့် ဂျီအမ်စီကားကြီး က ၂၆ ဘီ လမ်း အသစ်ကြီး ရောက် တော့ အောင်ပင်လယ် ကန်ပေါင်လမ်း မှ သည် အနောက်ဘက် သို့ စိုက်ဆင်း လိုက်သည် ။
အိမ်ဟောင်းပစ္စည်း အတိုအစတွေ တင် ထားသည့် ကားကြီး တစ်စင်း က ၂၆ ဘီလမ်း အသစ်ကြီးမှ သည် အောင်ပင်လယ် ကန်ပေါင်လမ်း ပေါ် စက်သံ တဒီးဒီး ပေးကာ ညာဘက် သို့ ကွေ့ တက်လိုက်သည် ။
ဂီးခနဲ ဂီယာသံ စူးစူးကြောင့် မလေး ရင် မှာ လှပ်ခနဲ ဖြစ်သွားသည် ။
....................
...............................
မလေး ရင် မှာ လှပ်ခနဲ ဖြစ် သွားပြီး အိမ်မက်ဆိုး မှ လန့် နိုး သွားသည် ။
လမိုက် ရက် မို့ ခေါင်းရင်း တံခါး မှ အလင်းရောင် တစ်စွန်းတစ်စ ပင် ဝင် မလာ၍ ပိန်းပိတ် မှောင်နေသည် ။ မလေး တစ်ကိုယ်လုံး ချွေးစေးတွေ ပြန် နေသည် ။
အလို ... မျက်ရည်တွေ ပင် စီးကျ နေပါ မင့် ...။
မလေး က ဘေး မှ မေမေ့ ဘက် စမ်း ကြည့်သည် ။ မေမေ့ အသက်ရှူ သံ က အိပ်မောကျ နေသည့် စည်းချက် ဖြစ်၏ ။ ခြေရင်း က စောင်ကလေး တစ်ထည် မေမေ့ ကိုယ် ပေါ် လွှား ပေး လိုက်သည် ။ အသက် ၈၀ ကျော် မှ ကိုယ့်မြေ ၊ ကိုယ့်ဝင်း ၊ ကိုယ့်အိမ် ဟူသော ဆန္ဒ တစ်ခု ပေါ် မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေတော့ .. ။ တစ်ရက် ဆို လည်း ... တစ်ရက် ။ နှစ်ရက် ဆို လည်း နှစ်ရက် ......။
အိမ်ရှေ့ က စက္ကူပန်းရုံလေး က နှစ်နှစ် အတွင်းမှာ ပဲ ရေဝပ်ကျစ်မြေ မို့ အခက်အလက် မထွားကျိုင်းသေး .... ။ နှုတ်ယူရ မလား ၊ ခုတ်ပစ်ခဲ့ရ မ လား ... ။ မြောက်ဘက် ကွက်လပ် မှာ ချ ထားသော သပြေပင်လေးတွေ က ဘုရားပန်း အတွက် ပူစရာ မလိုတော့ အလိုလို နှမြော နေမိသည် ။ တောင်ဘက် မှာ စိုက်ဖို့ ဟု ဆရာမ တစ်ယောက် ပေးထားသည့် စိန်တစ်လုံး သရက်ပင် ပေါက်လေးတွေ မြေ မှာ ချ စိုက်ဖို့ ရော သေချာပြီ လား လေ ။
မလေး ... တစ်ရေး ပြန် အိပ်ဖို့ ကြိုးစား ကြည့်သည် ။
မနေ့ ည က လို ပဲ အတွေး တစ်စ က စူးခနဲ ဝင် လာပြန်၏ ။ အိပ်ပျော် ဖို့ ကတော့ မလွယ်တော့ ... ။ ရင် ထဲ မှာ သည်းသည်းလှုပ် မျှ လှိုက်လာ၏ ။
မေမေ့ ကို ဘယ်လို ပြောရပါ့ ... ။
◾ ဆူးငှက်
📖 ရွက်နုဝေ မဂ္ဂဇင်း
၂၀ဝ၆ ခုနှစ် ၊ အောက်တိုဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment