❝ မျက်နှာ မသစ်ရသေးတဲ့ မနက်ခင်း ❞
( မင်းထင်ကိုကိုကြီး )
ဘယ်လို နံနက်ခင်းမျိုးမှာပဲ ဖြစ်ဖြစ် ငှက်ကလေး တွေသော်မှ အသာယာဆုံး သီချင်း ကို ရွေးချယ်တတ် သတဲ့ ။ ကျွန်တော် ကတော့ မျက်နှာတောင် မသစ်ရ သေးဘူး ။
( ၁ )
ကျွန်တော် ငှက်ကလေး တစ်ကောင် မဖြစ်ချင် ပါဘူး ။ နံနက်ခင်းလေး တစ်ခုလည်း မဖြစ်ချင်ပါဘူး ။ ဖြစ်ခွင့် ရှိရင် ရေဒီယိုလေး တစ်လုံးတော့ ကျွန်တော် ဖြစ်ချင် တယ် ။ ကျွန်တော် သာ ရေဒီယိုလေး တစ်လုံး ဖြစ်ခဲ့ရင် လား ။ မင်္ဂလာ အပေါင်း ခညောင်းစေမယ့် အစီအစဉ်တွေ တစ်ခုပြီး တစ်ခု ထုတ်လွှင့်လို့ ရှိမှာပေါ့ ။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်က ရေဒီယိုလေး တစ်လုံး မဟုတ်တဲ့ အတွက် ကျွန်တော့်မယ် ရေဒီယို သေးသေးလေး တစ်လုံး ကိုပဲ ကိုယ်နဲ့ မကွာ ဆောင်ထား နေရတယ် ။ ကျွန်တော် သွားလေရာ အဲသည့် ရေဒီယိုလေး ပါတယ် ။ ကျွန်တော့် ခေါင်းအုံး ဘေးမှာ အဲသည့် ရေဒီယိုလေး ရှိတယ် ။ ဒီနည်းနဲ့ ကျွန်တော် ဟာ ရေဒီယိုစောင့်နတ် ဖြစ်မှန်း မသိ ဖြစ်သွားတော့တယ် ။
( ၂ )
ခုလည်း ရေဒီယိုလေး ကို ကျွန်တော် ဖွင့်လိုက်တော့ နံနက်ချိန်ခါ တေးသံသာ လာနေပြီ ။ အရှေ့ဘက် ပြတင်း ပေါက်မှာ ရပ်ပြီး ဟိုး မိုးကုပ်စက်ဝိုင်းကြီး အထိ ကျွန်တော် ငေးနေမိရဲ့ ။ လွင့်မျော နေတဲ့ မိုးတိမ်တွေ နောက် ကျွန်တော် လိုက် ကြည့်နေမိရဲ့ ။ သက်တံခုံးလေး တစ်လျှောက် ကျွန်တော် အကြာကြီး ငေးနေမိပါရဲ့ ။
ငှက်ကလေးတွေ ရဲ့ သီချင်း ကို နားထောင်ရင်း ဆိုပါတော့ ။
( ၃ )
၁ ။ ကျွန်တော် ဟာ ဘယ်အရွယ်က စပြီး အသံ ဆိုတာ ကို စတင် ကြားခဲ့ပါလိမ့် ။
နားစည် အမြှေးပါးက လက်ခံရယူလိုက်ရတဲ့ အသံကို ဦးနှောက်ဆဲလ် တွေက ဒါကတော့ ဘယ်သူ့ အသံ ၊ ဒါကတော့ ဘာသံ ၊ ဒါကတော့ မကြားဖူးတဲ့ အသံသစ် ဆိုတာမျိုးတွေ ဆစ်ပိုင်း ခံစားနိုင်မှုဟာ ကျွန်တော် ဘယ်အရွယ်မှာ ကျွန်တော့် ဆီ စတင် ရောက်ရှိ ခဲ့ပါလိမ့် ။ အဲသည့် မေးခွန်းတွေ ကတော့ ကျွန်တော် ကြံဆလို့ မရကောင်းတဲ့ မေးခွန်းတွေ အစဉ် ဖြစ်နေရဲ့ ။ ကျွန်တော် လူ့ဘဝ အစအဦး ကာလတွေ မှာ ကျွန်တော် အများဆုံး လက်ခံ ရယူခဲ့ရတဲ့ အသံများ ကရော ဘယ်လို အသံမျိုးတွေ ဖြစ်နေမှာပါလိမ့် ။ ဘယ်သူ့ အသံတွေ ဖြစ် နေမှာပါလိမ့် ။ အဲသည့် မေးခွန်းတွေ ကတော့ဖြင့် ကျွန်တော် ကြံဆလို့ ရနိုင်ဖွယ်ရာ ရှိနေပါရဲ့ ။ ဘယ်သူ့ အသံတွေ ဖြစ်နေရမှာတဲ့လဲ ။ အမေ့ ရဲ့ ဝမ်းကြာတိုက် ထဲက နွေးထွေးမှုမျိုး ကင်းမဲ့တဲ့ လောက လေအေးစက်စက်ကြီးနဲ့ ကျွန်တော်နဲ့ တွေ့ တွေ့ ချင်း ကျွန်တော် ငိုချလိုက်တော့ ကျွန်တော့် အမေက ကျွန်တော့် ကို တစ်စုံ တစ်ရာ လှမ်း မပြောခဲ့ဘဲ နေမှာလား ။ အနည်းဆုံး အမေ ဟာ ကျွန်တော့် အတွက် အသံ တစ်ခုခုတော့ ပြုကောင်း ပါရဲ့ ။ ကျွန်တော် မုချ ကြားခဲ့ရမှာပ ။ ဒါပေမဲ့ အဲသဟာ အမေ့ အသံပါ လို့တော့ ကျွန်တော် ဘယ်လိုလုပ် သိနိုင် ခဲ့မှာတဲ့လဲ ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် အမေ အသံဟာ ကျွန်တော့် ဘဝရဲ့ ပထမဦးဆုံးသော အသံများ ထဲက အနူးညံ့ဆုံးသော အသံ တစ်ခု ဖြစ်နေမှာတော့ သေချာ ပါရဲ့ ။ ကျွန်တော့် ဘဝရဲ့ ပထမဦးဆုံး သော အသံများထဲ ကပဲ ကျွန်တော့် အတွက် အခိုင်မာဆုံး ဖြစ်နေမယ့် အသံ တစ်ခု ကိုလည်း ကျွန်တော် အတိအကျ ကြားခဲ့ရမှာပ ။ အဲသည့် အသံ ဟာဖြင့် အဖေ့ အသံပါ လို့တော့ မှတ်သား နိုင်စွမ်း ကျွန်တော့်မှာ ဘယ်ရှိဦးမှာလဲ ။ အဲဒီလိုမျိုး မှတ်သားနိုင်စွမ်း မရှိဘဲ အဲသည့် ကာလတွေ အတွင်း ကျွန်တော် အများဆုံး လက်ခံရယူခဲ့တဲ့ အသံများ ထဲမှာ နောက်ထပ် အသံ တစ်သံကိုလည်း ထည့်သွင်းရေတွက် ရပါဦးမယ် ။ အဲသည် အသံ ကတော့ ကျွန်တော့် ထက် ၁ နှစ် ၅ လ ၁၅ ရက်တိတိ နောက်ကျပြီး လူ့လောက ထဲ ရောက်ရှိလာတဲ့ ကျွန်တော့် ညီလေးရဲ့ အသံပဲ ။ အဲသည် အသံ သုံးသံ အပါအဝင် ကျွန်တော်ဟာ အသံ များစွာနဲ့ တစ်စတစ်စ အသားကျ ယဉ်ပါးခဲ့ပါလိမ့်မယ် ။ ကျွန်တော့် အမေ့ အသံ မဟုတ်တဲ့ ၊ ကျွန်တော့် အဖေ့ အသံ မဟုတ်တဲ့ ၊ ကျွန်တော့် ညီလေး အသံ မဟုတ်တဲ့ အသံ များစွာကို ကျွန်တော် ကြားခဲ့ရပါလိမ့်မယ် ။ နားထောင် ခဲ့ရပါလိမ့်မယ် ။ အဲသလိုမျိုး ကျွန်တော် ကြားခဲ့ရ ကောင်းတဲ့ အသံဗလံတွေကို ကြံဆ ကြည့်မယ် ဆိုရင်ဖြင့် အမေ့ အသံ ၊ အဖေ့ အသံ ၊ နို့ဖျော်သံ ၊ ညီလေး အသံ ၊ လေ တိုက်သံ ၊ သစ်ရွက်ကြွေသံ ၊ နာရီသံချောင်းခေါက်သံ ၊ မိုးချုန်းသံ ၊ မိုးရွာသံ ၊ ငှက်သံ ၊ နှင်းကျသံ ၊ ကြောင်သံ ၊ ပုရစ်သံ ၊ ကားသံ ၊ ခွေးသံ ၊ အိမ်မြှောင်သံ ၊ လှည်းသံ ၊ ပုစဉ်းရင်ကွဲသံ ၊ နွားသံ ၊ မြစ်ရေစီးသံ ၊ ကျွန်တော့် အရီး အသံ ၊ ဓာတ်စက်ဖွင့်သံ .. စသဖြင့် ။
၂ ။ ကျွန်တော့် ဘဝရဲ့ ပထမဦးဆုံး ကျွန်တော် မှတ်မိ ခဲ့တဲ့ အသံ ဆိုတာကလည်း ရှိနေခဲ့ပါတယ် ။
ဟောသည့် ကမ္ဘာမြေ ပေါ်က ရှိရှိသမျှသော အသံများ ကို ရေတွက် ကြည့်မိဖူးရဲ့ ။ လူသံ ၊ တိရစ္ဆာန်သံ ၊ လူ ပြုလုပ်ထားသော အရာဝတ္ထုပစ္စည်းပစ္စယ စက် ကိရိယာတွေရဲ့အသံ ၊ သဘာဝ ရေမြေတောတောင် ရာသီ ဥတုတွေရဲ့ အသံ ဆိုတာမျိုးတွေ ရှိနေပါလိမ့်မယ် ။ ကျွန်တော် ပထမဦးဆုံး မှတ်သားမိလိုက်တဲ့ အသံဆို တာကလည်း အဲသည့် အသံတွေ ထဲက တစ်သံသံပဲ ဖြစ် နေရမှာပ ။ အဲသည့် အသံဟာ သီချင်းသံ မဟုတ်ချေဘူး ။ နှင်းပြိုသံ လည်း မဟုတ်ချေဘူး ။ ဥသြသံ လည်း မဟုတ် ချေဘူး ။ ကျွန်တော့် အမေရဲ့ စကားသံ သာလျှင် ဖြစ်နေ ချေရဲ့ ။ ကျွန်တော် ဟာ ကျွန်တော့် အမေရဲ့ စကားသံ ကို ကျွန်တော့် ဘဝရဲ့ အသံများထဲက ပထမဦးဆုံး ကျွန်တော် မှတ်မိ နေတဲ့ အသံ တစ်သံ အဖြစ် ရရှိခဲ့ပါရဲ့ ။ အဲသလို ရရှိခဲ့တဲ့ အခိုက်အတန့် ကာလလေး ကိုလည်း ကျွန်တော် ဟာ အသံ အရိပ်အယောင် လှုပ်ရှားမှုတွေ ကအစ အသေး စိတ် ပြန်ပြောနိုင်ပါရဲ့ ။ ကျွန်တော် ကိုယ်တိုင်ရဲ့ ပယောဂ တစ်စုံတစ်ရာ မပါဘဲ ကျွန်တော့် ဦးနှောက်ရဲ့ မှတ်သားမှု ဆဲလ်များ နိုးကြားလို့ စတင် အလုပ်လုပ် သွားခဲ့ပုံကဖြင့် အနုစိတ် နိုင်လွန်းလှချည့် ။ ဘယ်တော့မှ မှိုမတက် နိုင်တဲ့ အသံရုပ် တိတ်ခွေတစ်ခု လိုမျိုးပ ။
အဲသည့်နေ့ ကတော့ ကျွန်တော် ဟာ တောင်ကြီး မြို့ရဲ့ ဆောင်းနံနက်ခင်း တစ်ခုကို ခြောက်နှစ်သား ကလေး တစ်ယောက်ရဲ့ဘဝနဲ့ ဖြတ်သန်းခဲ့တဲ့ နေ့တစ်နေ့ လည်း ဖြစ်နေရဲ့ ။ ပြီးတော့ ကျွန်တော် ဟာ ရေခဲတမျှ အေးခဲ နေတဲ့ရေနဲ့ မျက်နှာ သစ်ဖို့ကိုလည်း အကြောက်အကန် ငြင်းဆန် နေရဲ့ ။ ကျွန်တော့် အမေ ကတော့ နူးနူး ညံ့ညံ့လေးကြည့်ရင်း ပြောလိုက်ရဲ့ ။
“ လူလေးကြီး မင်း မျက်နှာ မသစ်ရင် မင်း ကိုယ် စောင့်နတ်က မင်း ကို စိတ်ဆိုးလိမ့်မယ် ”
ကျွန်တော့် ဦးနှောက်ကလေး အလုပ်တွေ ရှုပ်သွား လိုက်ပုံများ ။
“ ကိုယ်စောင့်နတ် ... ကိုယ်စောင့်နတ် ဆိုတာ ဘာလဲ အမေ ။ ပြီးတော့ သူ က ဘာဖြစ်လို့ သားကို စိတ်ဆိုး ရမှာလဲ ။ သား ကလည်း သူ့ကို ဘာမှ မလုပ်ဘဲနဲ့ ”
အမေ ပြုံးမှာပ ။
“ ကိုယ်စောင့်နတ် ဆိုတာ မင်း ကို စောင့်ရှောက်နေတဲ့ ကိုယ်စောင့်နတ်ကလေးပေါ့ လူလေးကြီးရဲ့ ”
အိုး .. ကျွန်တော့် ကို စောင့်တဲ့ နတ်ကလေး ရှိသတဲ့ ။
“ နတ်ဆိုတာ အမေတို့ ၊ သားတို့ လူသားတွေ မမြင် ရဘူးကွယ့် ။ မင်းကို စိတ်ဆိုးမယ် ဆိုတာက မနက်မနက် မင်း အိပ်ရာထ မျက်နှာ သစ်ပြီးမှ မင်း ကိုယ်စောင့်နတ် ကလေးက သူတို့ နတ်သဘင်ပွဲ ကို သွားရတာ လူလေးကြီး ရဲ့ ။ မင်း က အိပ်ရာ လည်း မထ အဲ .. အိပ်ရာ ထပြန် တော့လည်း မျက်နှာ မသစ်ဘူး ဆိုရင် အဲသည့် ကိုယ် စောင့်နတ်ကလေး နတ်သဘင်ပွဲ ကို မသွားနိုင်တော့ဘူး ။ သည်တော့ သူ က မင်း ကို စိတ်ဆိုးရော မဟုတ်ဘူးလား ”
“ စိတ်ဆိုးတယ် ။ ဆိုးပလေ့စေ ။ ညီလေး လည်း သားကို ခဏခဏ စိတ်ဆိုးတာပဲ ”
“ မဟုတ်ဘူးလေ လူလေးကြီး ရဲ့ ။ ကိုယ်စောင့်နတ်ကလေး စိတ်ဆိုး နေတော့ မင်းမှာ အဲသည့် တစ်နေ့လုံး မင်္ဂလာ မရှိတော့ဘူးပေါ့ ”
“ မာလကာ ”
“ မင်္ဂလာပါကွယ် ”
“ မာလကာသီး လို မျိုးလားဟင် ”
“ မာလကာသီး မဟုတ်ပါဘူး သားရယ် ၊ မင်္ဂလာပါ ။ မင်္ဂလာ ဆိုတာ ကျက်သရေ ရှိတာ ။ ကျက်သရေ နဲ့ ပြီးပြည့်စုံတာကို ပြောတာပေါ့ ”
ဘယ်တော့မဆို ကျွန်တော် မမေ့တော့ပါ ။ ဘာ ကြောင့် ဘယ်လိုဖြစ်ပြီး အဲသည့် နေ့က အမေ့ရဲ့အသံ ကိုမှ ကျွန်တော့် ဦးနှောက်နာဗ်ကြောတွေက ကျွန်တော့် ဘဝရဲ့ ပထမဦးဆုံး မှတ်မိနေတဲ့ အသံ တစ်ခုအဖြစ် ရွေးချယ် သိမ်းဆည်း ခဲ့တယ် ဆိုတာကိုဖြင့် ကျွန်တော် မဝေခွဲတတ် ပေဘူး ။ ဘာပဲဖြစ်ဖြစ် အဲသလိုနဲ့ပဲ ကျွန်တော့် ဘဝရဲ့ အစောဆုံး ကျွန်တော် မှတ်မိခဲ့တဲ့ အသံ ဆိုတာကတော့ အမေ့ ရဲ့ အသံ ဖြစ်နေရဲ့ ။ ပြီးတော့ ကျွန်တော့်ကို အလို အလျောက် နာခံစေတဲ့ မသိနိုင်မှု တစ်ခုကြောင့်ပဲ ကျွန်တော် ဟာ အဲသည့် နံနက်ခင်းလေး က စလို့ မျက်နှာ သစ်ဖို့ကို ဘယ်တော့မှ မငြင်းဆန် ဖြစ်တော့ဘူးတဲ့ ။
၃ ။ အသံ ဆိုတာဟာဖြင့် ကျွန်တော့် နားတွေချည်း နာကြား ၊ သိမ်းဆည်း ယူစရာ ဒြပ်မဲ့ပစ္စည်း တစ်ခုသက် သက်လို့ ရုတ်တရက်တော့ ထင်မှတ်ဖွယ်ပ ။
တကယ်တမ်း ကျတော့ ကျွန်တော် ဟာလည်း အဲသည့် အသံ ဆိုတာတွေကိုပဲ ကျွန်တော့် ကိုယ် ကျွန်တော်
သတိ မထားလိုက်မိမှာ အကြိမ်ပေါင်း မရေမတွက် နိုင် အောင် ပြုလုပ်ခဲ့သူ တစ်ဦး ဖြစ်နေရဲ့ ။ ကျွန်တော် ဟာ အသံတွေကို ဘယ်လောက်များ ပြုလုပ်ခဲ့ပြီးပြီလဲ ။ ကျွန်တော့်ကြောင့် အသံတွေ ဘယ့်လောက်များ ဖြစ်ပေါ် ခဲ့ပြီလဲ ။ အူဝဲ ... ဆိုတဲ့ အသံကဖြင့် ဟောသည့် ကမ္ဘာမြေ အတွက် ကျွန်တော် ပြုလုပ်ခဲ့တဲ့ ပထမဦးဆုံး အသံပ ။ အဲသည့် နောက်မှာတော့ ကျွန်တော် ဟာ အသံပေါင်း မြောက်မြားစွာကို စဉ်ဆက်မပြတ် ပြုလုပ် နေခဲ့သတဲ့ ။ ကျွန်တော် ငိုလိမ့်မယ် ။ နို့ဆာလို့ ငိုတဲ့အခါ ကျွန်တော့် ဖနောင့် အစုံဟာ ကြမ်းပြင်ပေါ် ဒိုင်းခနဲ ဒိုင်းခနဲ ။ ကျွန်တော့် အရီး က မြှူ တဲ့ အခါမတော့ ကျွန်တော် ခိုးခိုးခစ်ခစ် ရယ်လို့ ။ စကားတွေ မပီကလာ ပီကလာပြောလို့ ။ ညီလေး နဲ့ ကစားလို့ ။ အရုပ်ကလေးတွေနဲ့ ကစားလို့ ။ ကားရုပ်နဲ့ ကစားရင် ကျွန်တော့် ပါးစပ်က ကားသံ တဝူးဝူးနဲ့ ။ မြင်းလှည်းရုပ်ကလေး နဲ့ကစားရင် မြင်း လှည်းသံ တက်ဂလောက် တက်ဂလောက် နဲ့ ။ ကြောင် လေးနဲ့ ဆော့ရင်လည်း တညောင်ညောင် နဲ့ ။ ခွေးလေးနဲ့ ဆော့ရင်လည်း တဝုတ်ဝုတ်နဲ့ ။ သေနတ်ပစ်တမ်း ကစား တဲ့အခါကျ တဒိုင်းဒိုင်း တဒက်ဒက်နဲ့ ။ ဓားခုတ်တမ်း ကစားတဲ့ အခါကျ တချွင်ချွင် တချွမ်ချွမ်နဲ့ ။ ဆရာမ စာချပေးတဲ့ အခါမှာလည်း ကကြီးရေက ဆိုပြီး ရွတ် လိုက်လို့ ။ အေးဆွေ ကျတော့ “ ငါတို့ သွားမယ် ၊ ငါတို့ မရှိ တဲ့အခါ ပန်းကလေးကို ဂရုစိုက်လိုက်ပါကွာနော် ”
ဆိုပြီး မှာလိုက်လို့ ။ ကိုချို့ ကျတော့ ...
“ ကိုချို ... ဘာပဲဖြစ်ဖြစ် မင်းဟာ ငါတို့ အစ်ကို တစ် ယောက်ပါ ။ စကားအဖြစ် ပြောရဆိုရတဲ့အခါ ဘယ်လိုပဲ ရှိရှိ ငါတို့ သွေးထဲမှာတော့ မင်းဟာ ငါတို့ အစ်ကိုပါ ”
ဆိုပြီး ပြောလိုက်လို့ ။ အဲသလို ပြောပြောချနေတဲ့ စကားတွေလေ ။ အဖေ ပြောတော့ သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင် ဆိုဗျ ။ ခုတော့ ကျွန်တော်တို့ မယ် မင်း ပြန်လာတဲ့ အခါ မင်းကို ပန်းကုံးစွပ် ကြိုဖို့ ငါတို့ စောင့်နေမယ် ။ ဂုဏ်ယူပါတယ် သူငယ်ချင်း ။ သားလေ ခုထက်ထိ အမေ့ အတွက် ဘာမှ လုပ် မပေးနိုင်သေးဘူး ။ သား ကို ခွင့်လွှတ်ပါ အမေ ။ ငါ သိတယ် ၊ ဟောသည် ပိတ်စအနက်လေး ကို ငါ့ ကော်လာမှာ ဆက်ပြီး တွယ်ထားရဦးမယ် ။ အဲဒါ ဘာဆန်းလို့လဲ ။ အမြီးဖြတ်စက် ထဲက ထွက်လာတဲ့ ခွေး တွေ အဖြစ် တစ်ကောင်ချင်းသာ ရေတွက် ထားလိုက် ။ ဪ ... ဒင်း ကတော့ ပြောချင်ရာ ပြောပြီး ငါ့ ကျတော့ ဘာမှ မပြောရဘူး ဟုတ်လား ။ ၇ - ၂ - ၉၇ ဆို ၁၀ နှစ်ပြည့်ပြီ ထားရဲ့ ။ အဲသည့် စကားတွေ က ဖြစ်မယ့် အသံများ ဟာ ကျွန်တော့် ကိုယ်ကျွန်တော် မသိလိုက်ဘဲ ကျွန်တော် ပြုလုပ်ခဲ့တဲ့ အသံများပါ ။ ကျွန်တော့် အသံကို ကျွန်တော် ပြန် နားထောင်ရကောင်းမှန်း မသိဘဲ ကျွန်တော် ပြုလုပ်ခဲ့တဲ့ အသံများပ ။ အဲသလိုမျိုး ကျွန်တော် ပြုလုပ် ခဲ့မယ့် အသံများ ထဲက သာယာသံ ကို အထုပ် တစ်ထုပ် ၊ ဆူညံသံကို အထုပ် တစ်ထုပ် ထုပ်ပိုးကြည့်မယ် ဆိုရင်ဖြင့် ဘယ် အထုပ် ကများ ပိုပြီး ကြီးမားလေးပင် နေမှာပါလိမ့် ။ ကျွန်တော် ကတော့ အများအတွက် ဆူညံသံ ဖြစ်စေမယ့် အထုပ် ကို ဟောသည့် ကမ္ဘာမြေ ပေါ်မှာ ကျန်မနေစေ့ ချင်ဘူး ။ လွှင့်ပစ်လိုက်မယ် ။ ကျွန်တော် ကိုယ်တိုင်လည်း အဲသလို အသံမျိုးဆို မနာကြားချင်ဘူး ။ နာကြား ရရင် လည်း သိမ်းဆည်း မထားချင်ဘူး ။ လွှင့်ပစ်လိုက်ချင်စမ်း ပါဘိတော့ ။
၄ ။ အသံ အားဖြင့် ကျွန်တော့် အမေ ဟာ ကျွန်တော့် အတွက် မမေ့စေနိုင်မှု တစ်ခု ဖြစ်ခဲ့ရသလို ကျွန်တော့် အဖေ ဟာလည်း ကျွန်တော့် အတွက် ကတော့ အသံနဲ့ ပတ် သက်လို့ တကယ်ပဲ အံ့ဘနန်း ဖြစ်စရာ ကောင်းနေပြန်ပါတယ် ။
အဲဒါကတော့ ကျွန်တော့် အဖေ ဆီက သီချင်းသံ မဆိုထား နဲ့ လေချွန်သံလေး တောင် တစ်ကြိမ် တစ်ခါမျှ ကျွန်တော် မကြားစဖူးခြင်းပါပဲ ။ အဲသည်လို လူတစ်ယောက် ရဲ့ ဗီဇ က ဖြစ်တဲ့ ကျွန်တော် ကတော့ဖြင့် သီချင်း တွေ ဆိုရင် တစ်ဆုံး မှီဝဲချင်သူ တစ်ယောက် ဖြစ်နေပါ သတဲ့ ။ လောကသုံးပါး ထဲက မြောက်မြားလှစွာသော အသံများ ထဲမှာ ကျွန်တော် အတပ်မက်ရဆုံး အသံ အဖြစ် ကျွန်တော့် နားတစ်စုံက ရွေးချယ် ပေးလိုက်တဲ့ အသံဟာ သီချင်းသံ ဖြစ်နေပါသတဲ့ ။ အဲသည့် သီချင်းသံကပဲ နား အာရုံခံစားမှု အရာမှာ အခြား အာရုံခံစားမှုလေးမျိုး ထက် အဆမတန် ပြင်းပြတက်ကြွလွန်းသူ တစ်ယောက် အဖြစ် ကျွန်တော့် ကို တွန်းပို့ခဲ့သတဲ့ ။ အဲသည့် သီချင်းသံများ နဲ့ ပတ်သက်လို့ တော့ဖြင့် ကျွန်တော့် ဦးနှောက်ကြီး ရဲ့ ရှုံ့ချည်နှပ်ချည်နိုင်မှု တစ်ခု ကို လည်း ကျွန်တော် ဝန်ခံပါရစေဦး ။ သီချင်းသံများ ရဲ့ ဖနောင့်တွေ အောက် ကျွန်တော့် ကိုယ် ကျွန်တော် ထိုးသိပ်ထည့်စ တုန်း ကတော့ ကျွန်တော့် ဦးနှောက်ကြီး ဟာ ပျာပျာသလဲ ကန့်ကွက်ခဲ့ဖူးပေရဲ့ ။ အဲသည့် သီချင်းသံများရဲ့ ပဉ္စလက် ဆန်တဲ့ လျှို့ဝှက်ချက် တစ်ခုကို မထင်မှတ်စွာ ရရှိတော့မှပဲ ကျွန်တော့် ဦးနှောက် ကြီးခမျာ ကျွန်တော် နဲ့ အလိုတူ အလိုပါ ဖြစ်လာရတာပ ။ အဲသည် လျှို့ဝှက်ချက် ဟာ လူတိုင်း ဆီမှာ မပေါက်ကြား နိုင်တဲ့ လျှို့ဝှက်ချက် လည်း ဖြစ်ရဲ့ ။ အဲသည့် လျှို့ဝှက် ချက်ကပဲ ကျွန်တော့် ဝိညာဉ် ဟာ ကံ ၊ ဥတု ၊ အာဟာရ အားဖြင့် မဆက်ဘဲ စိတ်အားဖြင့် သာလျှင် ဆက်နေပြီး အဲသည့် စိတ် ကို အဓိက ထောက်ပံ့ဖြည့်တင်း နေတဲ့ တစ်ခုတည်းသော အရာဟာလည်း သီချင်းသံများ သာ လျှင် ဖြစ်တယ်လို့ ကျွန်တော့် ကို စတင် သက်ဝင်စေခဲ့ပြီ ။ အဲသည့် လျှို့ဝှက်ချက် ကတော့ အသံ တစ်ခုကို ပြုလုပ် နေဆဲ အခိုက် မှာပင်လျှင် ကိုယ် ပြုလုပ်လိုက်တဲ့ အသံကို ပြန် နားထောင် နေစေတတ်မှုပ ။ ကျွန်တော် ဟာ အသံတွေ ကို ဘယ်ကလောက်များ ပစ်စလက်ခတ် ပြုလုပ်ပြီးပြီလဲ ။ သီချင်းသံများ ရဲ့ အဲသည့် လျှို့ဝှက်ချက် ကျွန်တော့် ဆီမှာ ပေါက်ကြားတဲ့ အချိန် က စပြီး ကျွန်တော် ဟာ ကျွန်တော့် အသံကို ကျွန်တော် ပြန် နားထောင်ရ ကောင်းမှန်း သိတတ်လာရဲ့ ။ အသံပြုလုပ် ထုတ်လွှင့်ခြင်း နဲ့ ဖမ်းယူ နာ ကြားခြင်းအမှု နှစ်ခုကို တစ်ပြိုင်တည်း ပြုမူရကောင်း မှန်း သိတတ်လာရဲ့ ။ ဟောဒီမှာ ကျွန်တော့် နှုတ်ဖျား က ဆိုညည်းပြီး ကျွန်တော့် နားအစုံက ပြန် နားထောင်ကြည့် လိုက်တော့ ကျွန်တော့်မယ် နေရင်းထိုင်ရင်းက ဘူတာအို လေး ဖြစ်သွားရပုံ ။ ငါ့ ဘူတာလေး လည်း တိတ်ဆိတ်တဲ့ ညတွေ ကို အိပ်စက်ဖို့ အသင့်ပြင်နေ ။ ဘာကိုမှ မသိချင် သလို ပြတင်းပေါက် က အလင်း ကို တံခါးပိတ်တော့ ပျောက်ကွယ်ပြီ ။ ဆုံးရှုံးသွားတာလည်း ဘူတာအိုလေး မသိနိုင်ပြီ ။ နောက်ဆုံး ရထားလေး ထွက်ခွာသွား တော့ ... ။
၅ ။ အသံ နဲ့ ပတ်သက် လာရင် အဲသလိုမျိုး အစဉ် နိုးကြား ခဲ့တဲ့ ကျွန်တော် ဟာ ကျွန်တော် သင်ယူ လေ့လာရတဲ့ ပညာရပ် ထဲမှာလည်း အဲသည့် အသံနဲ့ ပဲ တည့်တည့်ကြီး တိုးရပြန်ပါတယ် ။ အဲသည့် အခါမှာလည်း ဖရီကွင်စီ ၊ ဒစ်စတောရှင်း ၊ ထရန်စမစ်တာ ၊ ရေဒီရေးရှင်း ၊ ရဆီဗာ ၊ အွန်အဲ ( ယား ) ၊ ရေဒီယိုဝေ့ဗ် ၊ ကျူးနီး ၊ ဘဲန်ဝစ် ( ဒ် ) ၊ မီတာ ဆိုတာတွေ က ကျွန်တော့် ကို မသိလိုက် မသိဘာသာ ဖြတ်သန်း သွားပေမယ့် အချက်အလက် တစ်ခု ကဖြင့် ကျွန်တော့် လိပ်ပြာ တစ်ခုလုံး မင်တက်မိ ရပ်တန့် သွားစေ ပါရဲ့ ။ အဲသည် အချက်အလက် ကတော့ လူမှာ မကြား နိုင်တဲ့ အသံ ဆိုတာလည်း ရှိတယ်ဆိုတဲ့ အချက်အလက်ပဲ ဖြစ်သတဲ့ ။ အကြားအင်္ဂါ မှာ ချို့ယွင်းချက် တစ်စုံတစ်ရာ မရှိဘဲနဲ့များ လူ ဟာ အသံတိုင်းကို မကြားနိုင်ဘူးတဲ့ ။ ကန့်သတ်ချက် ဆိုတာ အရာရာ မှာ ရှိနေလိမ့်မယ် လို့ လက်ခံထားပြီးသား ။ ကျွန်တော့် မယ် သည် ကန့်သတ် ချက်ကို ချက်ချင်း လက်ခံဖို့ ကျတော့ အဆင်သင့်ဖြစ် မနေခဲ့ပေဘူး ။ နှစ်ဆယ်ဟဒ်ဇ် ကနေ တစ်ဆယ့်ခြောက် ကီလိုဟဒ်ဇ် အတွင်းမှာ ရှိတဲ့ အသံလှိုင်းများ ကိုသာ အကောင်းပတိ လူနား အစုံက ဖမ်းယူ နာကြား နိုင်ပါ သတဲ့ ။ အဲသဟာကလည်း ကျွန်တော့် ကို စွဲလမ်းနေစေတဲ့ အသံများ ရဲ့ ပဉ္စလက် ဆန်မှုတစ်ခု ဖြစ်ပေရဲ့ ။ ဒါပေမဲ့လို့ အသံတိုင်း အသံတိုင်း မှာ သက်ဆိုင်ရာ ဖရီကွင်စီ နိမ့်မြင့် ဆိုတာတွေ ရှိနေပြီး အဲသဟာတွေ ကို ဖမ်းယူနာကြားနိုင် ဖို့ဆိုရင် ဖမ်းယူနာကြား လိုတဲ့ နားစည်အမြှေးပါးတွေမှာ အဲသည့် ဖရီကွင်စီနဲ့ တစ်စုံတစ်ရာ လိုက်ဖက်မှုတော့ မရှိမဖြစ် လိုအပ်နေတယ် ဆိုတာကို ခုချိန်မှာဖြင့် ကျွန်တော် ယုံကြည် နေပါပြီ ။
၆ ။ အဲသည့် နား အာရုံခံစားမှု ပြင်းပြလွန်းသူ ၊ အသံရဲ့ လျှို့ဝှက်ချက်ကို လက်တွေ့ နယ်ပယ် မှာ အသုံးချကြည့် သူ ၊ အသံ ခပ်သိမ်းရဲ့ ဒုတိယ အသံကို ကြားနိုင်ဖို့ အားထုတ်သူ ၊ ကောင်းကင် ၊ ပင်လယ် ၊ မိုးကုတ်စက်ဝိုင်း ၊ သစ်ပင် ၊ ပန်းပွင့်များ ထုတ်လွှင့် နေတဲ့ အသံလှိုင်း ကို ဖမ်းယူဖို့ နားစွင့်ထားသူ ။ ဟိုက်ဖရီကွင်စီ ထိ ထားမယ့် နားများ အတွက် ကိရိယာ တစ်ခု တီထွင်လိုသူ ၊ သီချင်း များကို ယုံကြည်သူ ကျွန်တော် ဟာ အသံလွှင့် စတူဒီယို တစ်ခုရဲ့ အင်ဂျင်နီယာ တစ်ယောက် လည်း ဖြစ်ချင်ပါ သေးသတဲ့ ။ စိတ်ကူးထွေပြားလိုက်ပုံများကဖြင့် ။ ကျွန်တော့် စတူဒီယို မှန်ခန်းလေးထဲ က အစီအစဉ် ကြေ ညာသူ အမျိုးသမီး ရဲ့ အသံဟာလည်း မင်္ဂလာအပေါင်း ခညောင်းစေမယ့် အသံမျိုးပဲ ။ ကျွန်တော် ကိုယ်တိုင် စီမံ ထားတဲ့ ဓာတ်ပြားလေး တစ်ချပ် ကလည်း သက်ဆိုင်ရာ ဓာတ်စက် ပေါ်မှာ အဆင်သင့် ဖြစ်နေပြီ ။ သုညနာရီ မထိုးခင် ၁၅ စက္ကန့် အလိုမှာတော့ စံတော်ချိန် တီးလုံးလေးကို ကျွန်တော် က ဖြည်းဖြည်းချင်း မှိန်ဖျောက် ပစ်လိုက်မယ် ။ အဲသည့်နောက်က နာရီသံ ။ ကျွန်တော့် မျက်လုံးတွေဟာ အနီရောင် စက္ကန့်တံ ဆီကနေ မှန်ခန်း ထဲမှာ ထိုင်နေမယ့် အစီအစဉ် ကြေညာသူ အမျိုးသမီးဆီ ဖျတ်ခနဲ ရောက် သွားမယ် ။ တစ်ဆက်တည်း မှာပဲ သူမ ရဲ့ စကားပြောခွက် ခလုတ် ကို ကျွန်တော် ဖွင့်ပေးလိုက်မယ် ။ သူမ တစ်စုံ တစ်ရာ ပြောမယ် ။ သူမ စကားဆုံးတာနဲ့ သူမ ရဲ့ စကား ပြောခွက် ခလုတ် ကို ပြန်ပိတ်ထားပြီး ဆက်တိုက် ဆိုသလို ခုနက ကျွန်တော် ဓာတ်ပြား အဆင်သင့် တင်ထားတဲ့ ဓာတ်စက်ကို ဖွင့်လိုက်မယ် ။ ဓာတ်ပြား လည်တာနဲ့ ကျွန်တော့် အသံ ထွက်လာမယ် ။ အားလုံး ကြားရစေ့မယ် ။
မြစ် ၊ နေ ၊ လူ ၊ ပင်လယ် ၊ တိမ် ၊ ကြယ် ၊ တိရစ္ဆာန် ၊ သစ်ပင် ၊ လ ၊ မြို့ ၊ လမ်းမ ၊ ကျွန်း ၊ ဟိုတယ် ၊ တောင်တန်း ၊ အိမ် အားလုံး ကြားနိုင်မယ့် ဖရီကွင်စီ အသစ် တစ်ခု ကျွန်တော် ရထားတယ် ။ ။
⎕ မင်းထင်ကိုကိုကြီး
📖 မဟေသီမဂ္ဂဇင်း
၂ဝဝဝ ၊ စက်တင်ဘာလ
No comments:
Post a Comment