Friday, February 14, 2025

ညီမလေးငြိမ်း


 ❝ ညီမလေးငြိမ်း ❞


( ၁ )


ကျေးဇူးပြုပြီး မိတ်ဆက် ထားပါရစေနော် ... ။

 

ဟုတ်ကဲ့ ... ။ ကျွန်မ နာမည် ငြိမ်း ပါ ... ။


( ၂ )


ဤလောက၌ ကျွန်မ အမုန်းတီး အနာကျည်းဆုံး ဟု ခိုင်ခိုင်မာမာ သတ်မှတ် ထားခဲ့သူ တစ်ယောက် က ကျွန်မ ကို အဆွဲဆောင်နိုင်ဆုံးသော သူ တစ်ယောက် ဖြစ်နေခဲ့သည် မှာ တကယ်ပင် အံ့ဩဖို့ ကောင်းပါသည် ။ သို့သော် ... သူ သည် ကျွန်မကို နှစ်ပေါင်း များစွာ လွှမ်းမိုး ထားနိုင်ခဲ့ သလို သူ့ ဘဝ ၏ နောက်ဆုံး အကြောင်းအရာ ဟု ဆိုနိုင်မည့် သူ ၏ ကွယ်လွန်ခြင်းဖြင့် ပင် ကျွန်မ ကို တုန်လှုပ်ခြောက်ခြား စေနိုင်ခဲ့သူ ဖြစ်ကြောင်း ကို လည်း ကျွန်မ ဝန်ခံရပေလိမ့်မည် ။

 

လွန်ခဲ့သော တစ်လ က ဖတ် လိုက်ရသည့် သူ ၏ ကွယ်လွန်ခြင်း သတင်း သည် ကျွန်မ ကို ပြင်းထန်စွာ ရိုက်ခတ်ကာ တိုက်စားနေခဲ့သော လှိုင်းများ သဖွယ် ဖြစ်ခဲ့၏ ။ ထို လှိုင်းများ ၏ ပုတ်ခတ်မှု အောက်တွင် ကျွန်မ ၏ ခံနိုင်ရည် ဟူသမျှတို့ တဝုန်းဝုန်း ပြိုကျခဲ့သည် မှာ အိပ်မက် မဟုတ်ခဲ့ပါ ။ “ ဤလောက တွင် သူ မရှိတော့ ပြီကော ” ဟူသော အသိက ကျွန်မ ကို ဆွံ့အ,နာကျင် စေခဲ့ပါသည် ။ “ သိပ် နာကျည်း မုန်းတီးဖို့ ကောင်းတဲ့ လူ ” ဟု ကျွန်မ ကိုယ်တိုင် နင့်နင့်သီးသီး စွပ်စွဲခဲ့စဉ်က မြင်တွေ့ ခဲ့ရသည့် အသိရ ခက်သော သူ့ အပြုံးတွေ က သူ ၏ နောက်ဆုံး သတင်း ကို ဖတ်ရှုခဲ့ရ ပြီးချိန် နောက်တွင် ကျွန်မ ၏ အိပ်မက်များ ထဲသို့ ပြန်လည် နေရာယူ လာခဲ့သည်ကို ကြုံရ၏ ။


နောက်ဆုံးတော့ အလွန် ဝေးလံသော အရပ်ဒေသ တစ်ခု ဆီမှ သူ လဲလျောင်းရာ သင်္ချိုင်းမြေ ဆီ သို့ အရောက် လာခဲ့ဖို့ အထိပင် သူ က ကျွန်မ ကို ညှို့ငင် နိုင်စွမ်း ရှိနေခဲ့တာပါလား ဟု ကျွန်မ အံ့အားသင့် ခဲ့ရတော့သည် ။ ထို ညှို့ငင်မှု ကို ကျွန်မ မငြင်းဆန်နိုင်ခဲ့ပါ ။ သူ့ ကို နာကျည်းမုန်းတီး နေပါလျက် နှင့် ပင် ကျွန်မ ခြေလှမ်းတွေ က သူ ရှိရာ သင်္ချိုင်းဂူ ဆီသို့ အေးစက်စွာ တရွေ့ရွေ့ ဦးတည် လျှောက်လှမ်း နေမိရသော အဖြစ်သည် တော်တော် ခံပြင်းစရာ ကောင်းသလို တစ်ပြိုင်နက် တည်း မှာလည်း မယုံကြည်နိုင်သော အံ့သြထိတ်လန့်ခြင်းမျိုး နှင့် ကျွန်မ ရင်ခုန်နေလျက် ရှိပါသည် ။


ယနေ့ သည် သူ ကွယ်လွန်ခြင်း ၏ တစ်လ တိတိ ပြည့်သောနေ့ ဖြစ်သည် ။ ထို့ထက် ပို၍ သေချာအောင် ပြောရလျှင် ယနေ့ သည် သူ နှင့် ကျွန်မတို့ အကြား မှ ဝေးကွာမှု သက်တမ်းကာလ အနှစ် နှစ်ဆယ် နှင့် တစ်လတိတိ ပြည့်ခဲ့သောနေ့ ဟု ပင် ဖြစ်ပါသည် ။


( ၃ )


“ နှစ်ပေါင်း နှစ်ဆယ် ” ဆိုသော ကာလသည် လူ တစ်ယောက် ၏ မှတ်သားဉာဏ် နှင့် ခံစားမှု တို့ ကို အရောင်ပြောင်း သွားစေဖို့ လုံလောက်သော အချိန် ဖြစ် သော်လည်း ကျွန်မ အဖို့ ကတော့ သူ နှင့် စတင် တွေ့ဆုံခဲ့ရပုံမှာ ပူနွေး လတ်ဆတ် နေဆဲရှိ၏ ။ “ မနေ့ တစ်နေ့ က လိုပါပဲ ” ဟု ဆိုလျှင် ပိုလွန်းရာ ကျသွားသည် ဟု ဝေဖန်ချင်စရာ ဖြစ်နိုင်ပေမည့် ကျွန်မ မှတ်သားဉာဏ် ၏ သတိရမှုများ နှင့် ကျွန်မ နှလုံးသား ၏ ခံစားမှုများ ကတော့ မုသား ကင်းကြောင်း ကျွန်မ သစ္စာပြုဝံ့ပါသည် ။ လောက ၌ အကြွင်းမဲ့ ချစ်ခြင်း သည် နှောင်ငင်ရစ်ပတ်တတ်သကဲ့သို့ အဆုံးစွန်သော နာကျည်းမုန်းတီးမှုသည် လည်း ကာလတာရှည် စွဲမြဲတည်တံ့နိုင်စွမ်း ရှိတာ ပါပဲလား ဆိုသော အသိ ကိုတော့ ကျွန်မ ယခုမှ လက်ခံ ယုံကြည်လာခဲ့ရခြင်း ဖြစ်၏ ။ 


သူ သည် ကျွန်မ ၏ ပူပြင်းတောက်လောင်မှု တို့ ကို ကူးစက် ထွန်းညှိကာ ကျွန်မ ရင်ထဲ၌ ကျွန်မ အလို မရှိဘဲ မကုန်ဆုံး နိုင်စွာ တောက်ပ လင်းလက် နေခဲ့ သော အလင်းတိုင် တစ်တိုင် အဖြစ် ထိန်ညီး နေခဲ့သည် ကို ကျွန်မ အသိဆုံး မဟုတ်ပါလား ။ သွေးသံရဲရဲ စိမ့်ယို ကျအောင် နာကျင်ခံကာ ရေးဆွဲခဲ့မိပြီးမှ ကိုယ် ရည်ရွယ်သော ကောက်ကြောင်း မဟုတ်ခဲ့မှန်း နောက်ကျစွာ သိခဲ့ရပြီး ဖြစ်သော် လည်း ပြန်လည်ဖျောက်ဖျက်ပစ်ရန် မလွယ်ကူတော့သည့် ကျွန်မ နှလုံးသား ပေါ်မှ ဆေးမင်ကြောင်ရုပ် သည် သူ ပင် ဖြစ်ခဲ့တာ သေချာလှပါသည် ။ ထို ဆေးမင်ကြောင် ရုပ် ၏ နှစ်ပေါင်းများစွာ စွဲထင် ခိုင်မာခဲ့မှု မှာ ရေးဆွဲခဲ့သူ ကျွန်မ ကိုယ်တိုင် က မျှော်လင့်ခန့်မှန်း မထားခဲ့မိ လောက်အောင် ရှည်ကြာသည့် သက်တမ်း ကို သူ ၏ လျှို့ဝှက်သော စွမ်းအင်တစ်ရပ် အဖြစ် ထုတ်ဖော်ပြသရင်း ကျွန်မ ကို လှောင်ပြောင် သရော် နေခဲ့တော့သည်လေ ။


သူ နှင့် ကျွန်မ စတင် ဆုံဆည်းမှုကတော့ ရင်ခုန်စရာ ကောင်းသော တွေ့ ဆုံမှုမျိုး မဟုတ်ခဲ့ပါ ။ ထင်းရှူးရနံ့သင်း သည့် ကျွန်မတို့ တောင်ပေါ်မြို့ကလေး သို့ သူ ရောက်လာခဲ့ချိန်သည် ဆယ်တန်း စာမေးပွဲ အောင်မြင်ပြီး နောက် တက္ကသိုလ် ဆက် တက်ရန် ကျွန်မ စောင့်မျှော် နေခဲ့သည့် ကာလများ ထဲ မှာပင် ဖြစ်၏ ။ သူ က ဦးစိုင်း ၏ အခင်မင်ဆုံးသော သူငယ်ချင်း တဲ့ ။ 


ဦးစိုင်း က ကျွန်မ အမေ ၏ မောင်အငယ်ဆုံး ( သို့မဟုတ် ) ကျွန်မ ၏ ဦးလေး အငယ်ဆုံး ဖြစ်ပြီး ကျွန်မတို့ မိသားစုပိုင် သစ်တော်ခြံ ကို ဦးစီး နေသူလည်း ဖြစ်သည် ။ သစ်တော်ခြံ ထဲက ဦးစိုင်း ၏ သစ်လုံးအိမ်ကလေး တွင် ဧည့်သည် တစ်ဦး ရောက်ရှိ နေခဲ့ပြီး ထို ဧည့်သည် က ဦးစိုင်း ၏ တက္ကသိုလ် တုန်းက လက်တွဲဖော် တစ်ယောက် ဖြစ်တယ် ဆိုတာ သိခဲ့ပြီး ဖြစ်သော်လည်း ကျွန်မ နှင့် တိုက်ရိုက် ပတ်သက် လာလိမ့်မည် ဟု ကား ကျွန်မ ယောင်လို့ မှ မတွေးထင်ခဲ့မိပါ ။ သို့သော် အမှန်တကယ်ပင် သူ က ကျွန်မတို့ အိမ် သို့ ရောက်ရှိလာခဲ့ပါသည် ။


အပြာရောင် ဂျင်းရှပ်နွမ်းနွမ်း နှင့် ပလေကပ်လုံချည် အရောင်ရင့်ရင့် ကို ဝတ်ဆင် ထားသော သူ့ အဆင်အပြင်မှာ မြင်ရသူ ကို ဘယ်လိုမှ ညှို့ငင်ဖမ်းစား နိုင်စွမ်း မရှိပါ ။ အသားလတ်လတ် ၊ နှာတံပေါ်ပေါ် ၊ မျက်ခုံးကောင်းကောင်း ၊ ပိရိ တင်းစေ့သော နှုတ်ခမ်းများနှင့် ကြည့်ပျော်ရှုပျော် ယောက်ျား တစ်ယောက် ၏ သာမန် မျက်နှာမျိုး ပင် ဖြစ်သော်လည်း သူ့ မျက်လုံးတွေ ကတော့ ထူးခြားစွာ ညို့ရီ နေခဲ့ကြသည် ကို ကျွန်မ ချက်ချင်း သတိ ပြုမိခဲ့သည် ။ ထိုနေ့က သူတို့ ရောက်ရှိ လာသော အချိန် မှာ နေ့ခင်း နှစ်နာရီ ခန့် တွင် ဖြစ်သည် ။ 


“ လာကြဟေ့ မောင်စိုင်း တို့ ၊ မောင်စိမ်းနွယ် လည်း ပါလာတာကိုး ၊ သမီး ရေ ... ကော်ဖီနဲ့ မုန့် ယူလာခဲ့ပါဟေ့ ”


ဧည့်ခန်း ဆီ မှ ဖေဖေ ၏ ဆီးကြိုနှုတ်ဆက်သံ ကပင် ဖေဖေ နှင့် သူ သိ ကျွမ်းခဲ့ကြပြီး ဖြစ်ကြောင်း ဖော်ပြလျက်ရှိ၏ ။ ဒါကလည်း အံ့ဩစရာ တော့ဖြင့် မဟုတ်လှပါ ။ ဖေဖေ က တစ်ပတ် တစ်ခါ သစ်တော်ခြံ ထဲ သို့ သွားလေ့ရှိသူ ဖြစ်ရာ ခြံထဲ မှာ ဧည့်သည် အဖြစ် ရောက်ရှိ နေခဲ့သော “ သူ ” နှင့် အလွယ်တကူ ဆုံတွေ့ခဲ့ ပြီးသား ဖြစ်နိုင်သည်ပဲ ။ ကျွန်မ ကော်ဖီပန်းကန်များ ချပေးလိုက် ပြီးသောအခါ ဖေဖေ ကပင် ကျွန်မတို့ ကို မိတ်ဆက် ပေးခဲ့ပါသည် ။ 


“ ဒါ ဦးသမီး ငြိမ်း ပေါ့ ၊ ဒီနှစ် ပဲ ( ၁၀ ) တန်း အောင်တယ် ၊ တက္ကသိုလ် တက်ဖို့ စောင့်နေတုန်းလေ ”


သူ က ကျွန်မ ကို ပြုံး၍ လှမ်းကြည့်၏ ။ ထိုအချိန်မှာပင် ကျွန်မ ကို အမြဲ နောက်ပြောင်လေ့ ရှိသော ဦးစိုင်း က ကျွန်မ ၏ အရည်အချင်း ကို ဝင်၍ ဖော်ကောင် လုပ်ပါသည် ။ ကျွန်မ ၏ ပျော့ညံ့ချက်တို့ ကို ရှာရှာဖွေဖွေ ထောက်ပြ ဖော်ကောင်လုပ်ကာ ကျွန်မ စိတ်ဆိုးဒေါပွအောင် ဦးစိုင်း က အမြဲစ,လေ့ ရှိသည်ပဲ ။ 


“ အောင်မယ် ... ကြိုးစားပမ်းစား နှစ်နှစ်တိတိ ဖြေယူခဲ့ရကြောင်း ကို လည်း ထည့် ပြောဦးမှပေါ့ အစ်ကို ရ ၊ မဟုတ်ဘူးလား မိငြိမ်း ”


“ ဒါတောင် မနှစ် က စာစစ်သူတွေ က ငြိမ်း အဖြေလွှာ ကို အိပ်ချင်မူးတူး နဲ့ စစ်ပေးလိုက်လို့ အောင်မှတ် ရလာသလား မှ မသိတာနော် ”


ကျွန်မ က ခပ်ပြုံးပြုံး စကား ဆက် လိုက်သောကြောင့် ပွဲကျ သွားလေသည် ။ သူ ကတော့ ဣန္ဒြေ မပျက် ပြုံးလျက်ကပင် ကျွန်မ ကို ကျော်၍ ဧည့်ခန်း ထောင့်ဆီမှ စန္ဒရား ကို လှမ်း ကြည့်နေခဲ့၏ ။ ကျွန်မတို့ အိမ်တွင် ဂီတဝါသနာအိုး

ဖြစ်သည့် ဖေဖေ ဝယ်ယူ ထားခဲ့သည့် ဂျာမဏီဖြစ် ဘေဘီဂရင်း အမျိုးအစား စန္ဒရား တစ်လုံး ရှိ၏ ။ သို့သော် ဖေဖေ ကိုယ်တိုင် သည်ပင် စိတ်အညည်းပြေ သဘောမျိုး တစ်ခဏ ဝင်ထိုင်နိုင် တီးနိုင်ရုံ မျှသာ တတ်မြောက်ပါသည် ။ စန္ဒရား ကို စနစ်တကျ နိုင်နင်းကျွမ်းကျင်စွာ မတီးခတ်တတ်ပါ ။


ကျွန်မ ကိုယ်တိုင် ကလည်း ထူးမခြားနား မျှ သာပါပဲ ။ သို့သော် ဓာတ်ပြား ဖွင့်စက် မှ ကြားရသော အသံ အတိုင်း နား ကို အားကိုး၍ အကြိမ်ကြိမ် လေ့ကျင့်ခဲ့မှု ကြောင့် ဆရာကြီး မြို့မငြိမ်း နှင့် ပြည်လှဖေ တို့ ၏ နတ်ရှင်နောင် ( နတ်သျှင်နောင် ) တေးသွား ကို အဆိုသမား နှင့် တွဲဖက် ဖြစ်ရုံမျှတော့ ကျွန်မ တီးခတ် နိုင်နေပြီ ဖြစ် သည် ။ ပြီးတော့ ဝန်ခံရလျှင် “ ငြိမ်း တီးတာ ဟုတ်တယ်ဟေ့ ၊ သီချင်းအသွား ပေါ် တယ်ဟေ့ ” ဟူသော အိမ်သားတို့ ၏ ထောက်ခံချက်ကြောင့် ကျွန်မ ကိုယ် ကျွန်မ အတော် ဘဝင်မြင့် နေသော အချိန် လည်း ဖြစ်ပါသည် ။


“ ဒါကတော့ ကိုစိမ်းနွယ် တဲ့ သမီး ရဲ့ ၊ အခု သူ က မောင်စိုင်း ဆီ လာလည် ရင်း သစ်တော်ခြံ ထဲမှာပဲ မောင်စိုင်း နဲ့ အတူ နေတယ်လေ ၊ သမီး ဦးလေး ရဲ့ တက္ကသိုလ် တုန်းက သူငယ်ချင်း တဲ့ ” 


ကျွန်မ ခေါင်းညိတ် ပြ လိုက်ပါသည် ။ သူ သည် အမှတ်မထင် ဆုံတွေ့ ဆက်ဆံလိုက်ရပြီး နောက် ဘာသိဘာသာ ပြန်လည် ကင်းကွာသွား လေ့ရှိသည့် အခြားသော ဧည့်သည်များ လိုပင် ဖြစ်လိမ့်မည် ဟု ကျွန်မ အောက်မေ့ ခဲ့ပေမည့် ကျွန်မ အထင်တွေ မှားယွင်းခဲ့မှန်း ကို နောက်မှ သိလာခဲ့ရ၏ ။ ထိုနေ့က ဖေဖေ ရဲ့ တိုက်တွန်းမှုကြောင့် ကျွန်မ စန္ဒရား တီးခဲ့ရ၏ ။ ထုံးစံအတိုင်း ကျွန်မ ပိုင်နိုင်သည်ဟု ယူဆထားသော နတ်သျှင်နောင် သီချင်း ကို စိတ်တိုင်းကျ တီးပြ လိုက်ပြီးချိန်တွင် ကျွန်မ ကိုယ် ကျွန်မ ကျေနပ်လျက် ရှိသည် ။ စောစောတုန်းက ဦးစိုင်း ၏ နောက်ပြောင်မှုကြောင့် ဆယ်တန်း နှစ်ကြိမ် ဖြေယူခဲ့ရကြောင်း သတင်း ဖြင့် ကျဆင်းသွားခဲ့ရသည့် ကျွန်မ ၏ ဂုဏ်သိက္ခာ ကို ပြန်လည် ဆယ်ပြလိုက်နိုင် ခြင်း ဟူသော အသိစိတ် ဖြင့် ကျွန်မ ကျေနပ် နေခဲ့ကြောင်း ဝန်ခံပါသည် ။ “ ငြိမ်း ဟာ နေရာတကာ မှာ ညံ့နေတဲ့ မိန်းကလေး မဟုတ်ဘူး ဆိုတာ သိကြရောပေါ့ ”ဟု ကျွန်မ စိတ် ထဲက ကြုံးဝါး နေမိတာလည်း သေချာပါသည် ။


“ ဘယ်လို သဘောရလဲ မောင်စိမ်းနွယ် ၊ အခြေခံတော့ အတော်လေး ရနေပြီလို့ ထင်တာပဲလေ ” 


ဖေဖေ ၏ မေးခွန်း ကို သူ က ငြင်သာစွာ ခေါင်းခါ ပြ လိုက်ပြီးနောက် ...


“ မဟုတ်သေးဘူး ဦး ၊ သူ အဲလောက် တီးတတ် တီးနိုင်နေတာ ကို က အဆိုးရွားဆုံး အချက်ပဲ ခင်ဗျ ” ဟု ပြန်ဖြေ၏ ။


သူ့ လေသံ က နူးညံ့ပျော့ပျောင်း သော်လည်း သူ့စကား ထဲက အဓိပ္ပာယ် တွေကတော့ ပြတ်သားသော ကောက်ချက်ချမှုပင် ဖြစ်သည် ။ တစ်နည်း အားဖြင့် အမြဲတစေ “ ငြိမ်း က တော်တယ်ဟေ့ ၊ ဓာတ်ပြား ထဲက အတိုင်း ထွက်အောင် တီးနိုင် သားပဲ ” ဟူသော ချီးကျူးစကား ကိုသာ လက်ခံရရှိခဲ့သော ကျွန်မ အဖို့တော့ ခံပြင်း ဒေါပွဖွယ် ကောက်ချက် လည်း ဖြစ်၏ ။ 


“ မဆိုးပါဘူး ” ဆိုသော အဆင့်ပင် မဟုတ် ။ “ အဆိုးရွားဆုံး ” ဆိုသော အားမနာပါးမနာ သတ်မှတ်ချက်က ကျွန်မ ကို အတော် အောင့်သက်သက် ဖြစ်သွားစေနိုင်ခဲ့၏ ။ သူ ကတော့ ခပ်ပြုံးပြုံး ပြောချလိုက်ခြင်းပင် ဖြစ်လေသည် ။ ကျွန်မ သူ့ ကို တော်တော် ဒေါပွ သွားပါသည် ။ သို့သော် ထို ဒေါသစိတ်ကလေး က တာရှည်မခံလိုက်ပါ ။ “ ကဲ ... နားထောင် ကြည့်သေးတာပေါ့နော် ” ဟု ခပ်တိုးတိုး ပြောပြီး စန္ဒရား ရှေ့တွင် သူ ဝင်ထိုင်လိုက်တော့ ကျွန်မ မခံချင်စွာ ထေ့ပြုံး ပြုံးလျက် ကြည့်နေခဲ့မိ သေးသည် ။ “ လုပ်စမ်းပါဦးလေ ၊ သူ က ဘာမို့တုန်း ” ဟူသော မာနတရား က ထိုအချိန်မှာ ကျွန်မ ရင် ထဲ၌ ရုန်းကြွလျက် ရှိပါသည် ။


ဘာ ကြာလိုက်လို့လဲ ။ သူ က ကျွန်မ တီးခတ်ခဲ့သော နတ်သျှင်နောင် သီချင်း ကိုပင် ကျွန်မ တီးခဲ့သော စီမေဂျာကီး ဖြင့် ပြန်လည် တီးခတ်တော့၏ ။ ကျွန်မ ဆွံ့အ,သွားခဲ့ပါသည် ။ သီချင်းတို့၏ ထုံးစံအတိုင်း အဆိုပိုဒ် နှင့် အတီးပိုဒ် တို့သည် တီးကွက် တူညီလေ့ မရှိပါ ။ အဆို နှင့် တွဲဖက်ချိန် တွင် ရိုးရှင်းလွယ်ကူ ပြေပြစ် သော်လည်း ဆိုလိုပိုဒ် ဟုခေါ် သော အတီးပိုဒ်များ တွင်တော့ အဆိုပိုဒ် တုန်း က တီးကွက် နှင့် ခြားနားစွာ လက်ကွက်စိပ်စိပ် အလုံးရေများများ လူးလိမ့် တီးခတ် ကြစမြဲဖြစ်သည် ။ သူ သည် ကျွန်မ ရင်ထဲ က “ စိမ့် ” ၍ လန့်ဖျပ် သွားလောက်သော ဆိုလိုပိုဒ်များ ကို လွယ်ကူ ပေါ့ပါးစွာ တီးခတ် သွားခဲ့ခြင်း ဖြစ်သည် ။


နောက် တစ်ခု က ဓာတ်ပြား ထဲ က တီးကွက်များ အတိုင်း မဟုတ်ဘဲ အခြား ကျွန်မ မျှော်လင့် မထားခဲ့မိသည့် တွဲလုံးတွေ ဖြင့် မိုးကြီးသည်းသည်း ရွာချ လိုက်သလို ခပ်စိပ်စိပ် တီးသွားခြင်း ဖြစ်ရာ စည်းဝါး လိုက်နေသော ကျွန်မ ကိုပင် စည်းကျိုးဝါး ကျိုးမိတော့ မတတ် သူ့ တီးပေါက်တွေ က စိန်ခေါ် နေသလိုလည်း ခံစား ရ၏ ။ စည်းဝါးတိကျ မှန်ကန်ဖို့ ကိုပင် ကျွန်မ မနည်း ကြိုးစား သတိထား၍ လိုက်နေခဲ့ရသောအခါ စောစောက ကျွန်မ ရင် ထဲမှာ ရှိနေခဲ့သော မာနတို့ အငွေ့ ပျံသွား ကာ ရှက်ရွံ့သိမ်ငယ်မှုတွေ ကသာ အစားထိုး ဝင်ရောက်လာနေခဲ့တော့၏ ။ 


သူ သည် နတ်သျှင်နောင် သီချင်း ကို လွယ်ကူ ပြေပြစ်သော စီ မေဂျာကီး ဖြင့် တီးခတ် ပြီး မှ “ ပိတောက်တွေ ရွှေရည်လူးခဲ့ပေါ့လေ ” အစချီသော နောက်ဆုံး တစ်ပိုဒ် ကို တီးခတ်ရန် လတ်ပေါက်ကပ်သော အီးဖလက်ကီး ဖြင့် အပိုဆောင်း တီးပြ လိုက်ပေသေး၏ ။ သံဝက် ဖြစ်သော ခလုတ် အနက် ဖလက်တုံးများကို တွဲဖက် တီးရင်း မိတ်ဖက် ဟာမိုနီသံများ နှင့် အတူ ဘေ့စ်သံများပါ တစ်ပေါင်းတည်း ဖြည့်စပ်လျက် အကွက်စိပ်စိပ် ဖွဲ့နွဲ့ တီးခတ်သွားပုံ မှာ သူ ဖြတ်သန်းခဲ့သော ‘ သဘာ

’ ကို လှစ်ဟပြလိုက် သကဲ့သို့ပင် ရှိတော့၏ ။


စန္ဒရားခုံ မှ ပြန် ခွာလာခဲ့ပြီး မူလ ထိုင်ခုံ တွင် သူ ပြန်ထိုင်လိုက်ချိန် မှာ ဖေဖေ က အားရကျေနပ်စွာပင် သူ့ လက်တွေ ကို ဆွဲ၍ နှုတ်ဆက်လေသည် ။ ကျွန်မ ကတော့ သူ့ ကို မျက်နှာချင်းဆိုင် ကြည့်ဖို့ရန်ပင် အခက်အခဲကြီး တစ်ရပ် နှင့် ရင်ဆိုင်ရသည့် သဖွယ် ရှိပါသည် ။ တစ်ဆက်တည်း မှာပင် “ တက္ကသိုလ် တက်ဖို့ စောင့် နေရတဲ့ ရက်တွေအတွင်း သမီး ရဲ့ အချိန်တွေကို အကျိုးရှိရှိ ကုန်သွားစေ ချင်တယ် ။ ပညာ တစ်ခု ခု သင်ကြားရင်း ကုန်ဆုံး သွားစေတာမျိုးပေါ့ ” ဟု ဆိုခဲ့ဖူး သော ဖေဖေ့ စကား ကိုလည်း ကျွန်မ သတိရလာမိ၏ ။ အင်း ... ဖေဖေ က တော့ သူ့ ဆီ က စန္ဒရားပညာ ကို သင်ခိုင်းတော့မှာ ကျိန်းသေပဲ ထင်ပါရဲ့ ။ ဒါက ထား လိုက်ပါဦး ။ လတ်တလော မှာတော့ စိတ်ရော ကိုယ်ပါ အနေကျုံ့ နေရခြင်းသည် သာ ကျွန်မ ရင်ဆိုင် နေရသော ပြဿနာတစ်ခု ဖြစ်နေတော့၏ ။ သို့သော် ထို ပြဿနာ ကို တိုးတိုးငြင်သာ ထွက်ပေါ်လာခဲ့သော သူ့ စကားသံ က ပြေလျော့ သွားစေခဲ့ပါသည် ။ ကျွန်မ အတွက် ထွက်ပေါက် တစ်ခု ကို ဖန်တီး ပေးလိုက်သလို ပါပဲ ။


“ စောစောက ကျွန်တော် ပြောတဲ့ အဲလောက် တီးနိုင်နေတာ ကို က အဆိုးရွားဆုံးပဲ ဆိုတဲ့ စကားက တခြား မဟုတ်ဘူး ၊ သူ က “ နား ” နဲ့ တီးတာ ၊ ဒီတော့ အသံထွက် ကတော့ အနီးစပ်ဆုံး မှန်ပါရဲ့ ။ ဒါပေမဲ့ အခြေခံ က မစခဲ့တဲ့ လက် အယူအဆတွေ က မှားနေတယ် ၊ ဖင်းဂါးရင်း အမှား နဲ့ တီး နေတာ ဆိုတော့ တကယ် စနစ်တကျ တတ်မြောက်ဖို့ ဆိုရင် အခု သူ တတ်ထားပြီး သမျှတွေကို ပြန် မေ့အောင် ဖျောက်ဖျက် ပစ်ရလိမ့်မယ် ။ ဂီတ မှာ အဲဒါ အခက်ခဲဆုံးပဲ ။ ဘာ တစ်ခု မှ မစရသေး

တဲ့ အစိမ်းသက်သက် သမားထက် အဲလို ‘ နား ’ နဲ့ တီးလေ့ ရှိပြီးသား လူ တစ်ယောက်ကို ပြန် ပြင် ပေးရတာ ပိုခက်တယ် ၊ သူ့ နားထဲမှာ ကြိုတင် ရှိနေနှင့်တဲ့ အသံတွေ က သူ့ လက်တွေ ကို နှောင့်ယှက်ကြလိမ့်မယ် ၊ ဒီတော့ ပထမဦးဆုံး ကြိုး စားရမှာက ကြိုပြီး ရှိနေနှင့်ခဲ့တဲ့ အမှတ်သညာ အမှားတွေ ကို မရရအောင် မေ့ပစ် လိုက်ဖို့ပဲ ဦးရဲ့ ။ ခု ပြောတဲ့ သဘောကို ညီမလေး ငြိမ်း လည်း နားလည်ပါတယ် နော် ”


သူ့ လေသံ က ဘာဆို ဘာမှ မသိသေးသော ကလေးငယ်တစ်ယောက် ကို နားလည်မှုရှိစွာ သွန်သင်သည့် လေသံမျိုး ဖြစ်သည် ။ ကျွန်မ ယောင်ရမ်း၍ ခေါင်းညိတ် ပြလိုက်မိသည် ။ ပြီးတော့ သူ က ကျွန်မ ကို ညီမလေးငြိမ်း ... တဲ့ ။ ထို အခေါ်အဝေါ်သည် ကျွန်မ ရင်ထဲ မှ ရှက်ရွံ့ သိမ်ငယ်မှုတို့ ကို နွေးထွေးစွာ ဖယ်ရှား ပစ်လိုက်သလိုပင် ရှိ၏ ။ တကယ်တော့ သူ သည် ကျွန်မ နှင့် စတင် ဆုံတွေ့ ခဲ့လေကတည်းက ကျွန်မ ၏ မှားယွင်းမှုတွေ ကို လိုက်လျောခြင်း မပြုဘဲ ပြတ်သားစွာ ဆန့်ကျင်ခဲ့သူ ဖြစ်ကြောင်း ( အဲဒီ ကတည်း က ) ကျွန်မ သတိပြုခဲ့မိဖို့ ကောင်းပါ

သည် ။


( ၄ )


သူ့ ထံ မှ စန္ဒရားပညာ ကို စတင် သင်ယူခဲ့ရသော ပထမဦးဆုံး တစ်လတာ ၏ နေ့ရက်များ သည် ကျွန်မ အဖို့တော့ စိတ်ပျက် ငြီးငွေ့ဖွယ်ရာ နေ့ရက်များ သာ ဖြစ်ပါသည် ။ သီချင်း အသစ်တွေ ကို လောဘတကြီး အားပါးတရ သင်ယူ လိုက်မည်ဟု အားခဲ ထားခဲ့သော ကျွန်မ မှာ “ ထံတျာတေရှင် ” ဟူသော “ ပုစဉ်းတောင်ပံကြိုး ” ဖြင့်သာ ဦးစွာ ရင်ဆိုင်ခဲ့ရတော့သည် ။


ထို အခြေခံ ကြိုးသီချင်း ကို ဂီတသင်္ကေတများနှင့် တကွ အတိအကျ တီးခတ်နိုင်အောင် လေ့ကျင့်ရချိန်များ၌ ယခင်က နားကြား အသံကို အားကိုး တီးခတ်ခဲ့ဖူးသော ကျွန်မ ၏ ဖရိုဖရဲ လက်ချောင်းတွေ က ကျွန်မ ကို များစွာ အနှောင့်အယှက် ပြုနေခဲ့ကြ၏ ။ သူ က လည်း လက်သန်း နှင့် ဖိနှိပ်ရမည့် ခလုတ် ကို အလွယ်တကူ ပြီးပြီးရော သဘောဖြင့် လက်ညှိုး နှင့် ဖိနှိပ်ပစ်လိုက်ခြင်းမျိုး ကို လုံးဝ လက်မခံဘဲ ပြုပြင်သင်ကြားပေးခဲ့ရာ၌ စိတ်ရှည်လှသည် ။ တကယ်တန်း စိတ်မရှည် နိုင်ခဲ့သူမှာ ကျွန်မ သာလျှင် ဖြစ်ခဲ့ပါသည် ။


“ တစ်နေ့ လာလည်း ဒါပဲ ၊ တစ်နေ့ လာလည်း ဒါပဲနဲ့ အဲဒီကကော တက်ဦးမှာလား ၊ ငြိမ်း စိတ်ညစ်လာပြီ ” 


ကျွန်မ အလိုမကျနိုင်စွာ ညည်းညူမိသော အခါမျိုးတွင်မူ သူ က ပြုံးနေတတ်၏ ။ ထို အပြုံးသည် ကလေးငယ် တစ်ယောက် ၏ မှားကွက် ကို ကြိုတင် မြင်သိ နေသော လူကြီး တစ်ယောက် ၏ နားလည် ခွင့်လွှတ်သော အပြုံးမျိုးပဲ ဖြစ်သည် ။ မျက်နှာ က ပြုံး နေသော်လည်း “ အဲဒီ အခြေခံ ကို မှ မပိုင်ရင် ညီမလေး ရှေ့ကို ဘယ်လိုမှ ဆက်တက်လို့ရမှာ မဟုတ်ဘူး ၊ တကယ်စနစ်တကျ တီးတတ်တဲ့ ပညာရှင်တွေ ရှေ့မှာများ တီးပြရရင် ရှက်စရာကြီး ဖြစ်နေမှာပေါ့ ၊ ပိုင်အောင် ကျင့်လိုက်ဦးနော် ” ဟု အလျော့ မပေးသည့် စကား ကိုသာ ပြောလေ့ ရှိ၏ ။


“ ခေါင်းမမာချင်စမ်းပါနဲ့ ငြိမ်း ရယ် ၊ အဲဒါပဲ ထပ်တီးဦး ” ဟု ကျွန်မ ကို ချော့မော့သလို တိုက်တွန်းလေ့ ရှိသော်လည်း တကယ်တမ်း ခေါင်းမာခဲ့သူ မှာ သူ ကိုယ်တိုင် ပဲ ဖြစ်ပါသည် ။ ပုစဉ်းတောင်သံကြိုး ကို ကျွန်မ မပိုင်နိုင်သေး ဟု ယူဆ နေသမျှ ကာလပတ်လုံး နောက်ထပ် သီချင်းသစ် တက်မပေးဘဲ ခေါင်းမာမာ နှင့် တင်းခံနေခဲ့သည်ပဲ မဟုတ်လား ။ နောက်ဆုံးတော့ သူ ၏ ခေါင်းမာမှု ကို အလျှော့

ပေးကာ ကျွန်မ သာလျှင် သူ စိတ်တိုင်းကျသည် အထိ နေ့ရက်များစွာ လေ့ကျင့်ခဲ့ရ တော့သည် ။ သူ က ကျွန်မတို့ အိမ်သို့ နေ့လည်ပိုင်း တွင်မှ လာလေ့ ရှိသည် ။ မြို့ အပြင် မှာ ရှိသော သစ်တော်ခြံ နှင့် ကျွန်မတို့ အိမ် မှာ တစ်မိုင်သာသာ ဝေး၏ ။ ထို့ကြောင့် သူ အသွားအလာ လွယ်ကူစေရန် အတွက် စက်ဘီး တစ်စီး ပေးထားဖို့ စီစဉ်သော်လည်း သူ က လက်မခံဘဲ အမြဲပင် ခြေလျင် လျှောက်လာလေ့ ရှိပါ သည် ။


ပုစဉ်းတောင်သံကြိုး ကို ကျွန်မ ပိုင်နိုင်စွာ တီးခတ်နိုင်ခဲ့ပြီးချိန် တွင် သူ က နောက်ထပ် ဆင့်၍ သီတာ ၊ သာယာ ၊ ဝေဘာ တီးကွက်များကို စိတ်ရှည် လက်ရှည်ပင် သင်ပြ ပေးခဲ့၏ ။ ထို ကာလရှည်ကြီး ၏ နောက်ဆွယ်တွင် မသိမသာ ဖြင့် တရိရိ နှောင်တွယ် လာခဲ့သော သံယောဇဉ် ကို ကျွန်မ မရိပ်စားမိခဲ့ပါ ။ ကျွန်မ ရင်ထဲ၌ ခိုင်မြဲစွာ တုပ်နှောင်ရစ်ပတ်ပြီး ဖြစ်သော သံယောဇဉ်ကြိုး တစ်ချောင်း ( တစ်မျှင် မဟုတ်ပါ ) ရှိနေခဲ့ပြီ ဆိုသည် ကို ကျွန်မ သိလိုက်ရချိန်မှာ ကျွန်မ ထံသို့ အချိန်မှန် ရောက်လာချိန်များ၌ သူ မပေါ်လာခဲ့သော နေ့ရက်များမှာ စတင် ထင်ရှားလာခဲ့ခြင်း ဖြစ်သည် ။


ကျွန်မ တစ်ဦးတည်း ခြောက်သွေ့စွာ တီးခတ် လေ့ကျင့် နေရချိန်များ ကျ မှ ခါတိုင်းနေ့ရက်များ တွင် မလှမ်းမကမ်း မှာ ထိုင်၍ စည်းဝါး လိုက်ပေး နေတတ် သော သူ ရှိနေခြင်း ၏ လုံခြုံမှုနှင့် နွေးထွေးမှု ကို ကျွန်မ သိလာခဲ့ရသည် ။ ကျွန်မ မှားယွင်း တီးခတ်မိ လေတိုင်း နားလည် ခွင့်လွှတ်သောအပြုံးနှင့် ထ,လာပြီး “ မဟုတ်သေးဘူးလေ ငြိမ်း ရဲ့ ” ဟု ဆိုကာ အမှန် ကို ပြင်ပေးတတ်သော သူ ၏ ကြင်နာမှုနှင့် လိုက်လျောမှုတို့ ကလည်း သူ မရှိချိန် ကျမှ ရှိန်းမြတိမ်းမူးဖွယ် အမှတ်ရစရာများ ဖြစ်လာခဲ့ကြသည် ။ ကျွန်မ ဘာဖြစ်နေပါသလဲ ။ ဧည့်ခန်းဆောင် ထဲမှ ပျောက်ရှ သွားခဲ့သော သူ့ ပုံရိပ်များ ၊ သိမ်မွေ့ တိုးလျသော သူ့ လေသံများ ကို မွတ်သိပ် အောက်မေ့ခြင်းဖြင့် တစ်စုံတရာ လစ်ဟာ လိုအပ် နေသလို ခံစားရသော နေ့ရက်များ ထဲ၌ ကျွန်မကိုယ် ကျွန်မ အံ့အားသင့်စွာ တစ်ပြိုင်နက်တည်း မှာပင် ရှက်ရွံ့တုန်လှုပ်စွာ သိရှိနိုင်ခဲ့ပါသည် ။ ဟုတ်သည် ။ ကျွန်မ သူ့ ကို တွယ်တာခဲ့မိပြီလေ ။ 


ဒါဟာ မည်သည့် ယောက်ျား သူစိမ်း တစ်ဦးတစ်ယောက်နှင့်မျှ လက်ပွန်းတတီး မနေထိုင်ခဲ့ဖူးသော ကျွန်မ ၏ ပျော့ညံ့ အားနည်းချက်များ ကြောင့်ပေလား ။ ဟင့်အင်း ... မဖြစ်နိုင်ပါ ။ သူ့ ၌ ကျွန်မ နှစ်သက် အထင်ကြီးသော ၊ လေးစားအား ကျမိသော အရည်အသွေးများ မရှိဘဲ နှင့်တော့ နီးစပ်မှုလေး တစ်ခုကို အခြေခံ ကာ ကျွန်မ ဒီလောက် အညှာလွယ်လွယ် တွယ်တာခဲ့လိမ့်မည် မဟုတ်ဟု ကျွန်မ ကျိန်ဆို ဝံ့ပါသည် ။ မိန်းမပျို တစ်ဦး ထားရှိအပ်သော မာနတရား နှင့် စောင့်စည်း ထိန်းသိမ်းနိုင်စွမ်းတို့ ကင်းမဲ့ လောက်အောင် ကျွန်မ ညံ့ဖျင်းလိမ့်မည် မဟုတ်ဟု ကျွန်မကိုယ် ကျွန်မ ယုံကြည်လျက် ရှိပါသည် ။ သို့သော် ထို ယုံကြည်မှုများ ကို ချိုး ဖောက်လျက် သူ့ကို အထင်ကြီးခြင်း ၊ လေးစားခြင်း ၊ အားကိုးဆိုးနွဲ့လိုခြင်း နှင့် ဖော်ပြရန် ခက်ခဲသော သူ နှင့် ပတ်သက်သည့် ဆန္ဒ များစွာက ရင်ခုန်တတ်စ ကျွန်မ နှလုံးသား၌ နေ့စဉ် မွေးဖွားလာခဲ့ကာ ကျွန်မ ၏ ဣန္ဒြေခြုံလွှာ ကို လှုပ်ခတ်စေခဲ့ သည်မှာတော့ ငြင်းပယ်ရန် ခက်ခဲလှသော ကိုယ်တွေ့ အမှန်တရားပင် ဖြစ်ပါ သည် ။


ထိုအမှန်တရား ၏ ကျီစယ်မှုကို ဆက်လက် ရင်ဆိုင်နိုင်ရန် အင်အား မရှိတော့သော တစ်ရက် မှာတော့ ကျွန်မ သည် သူ ရှိနေမည့် သစ်တော်ခြံ ဆီသို့ ထ,လိုက်လာခဲ့မိပြီး ဖြစ်နေတော့၏ ။ သည်တုန်းက ကျွန်မ ၏ ခြေလှမ်းများသည် အိပ်မက် ၏ စေစားမှု အတိုင်း အိပ်ရာမှ ထလျှောက်လာမိသူ တစ်ဦး ၏ အိပ် တစ်ဝက် နိုးတစ်ဝက် ယောင်နန ခြေလှမ်းများ နှင့် ထပ်တူ ကျကောင်း ကျနေနိုင် ပါသည် ။ ရှက်ရွံ့ခြင်း နှင့် ရင်ခုန်ခြင်းတို့ ဆတူ ပေါင်းစပ်ထားသည့် ကျွန်မ မျက်နှာ သည်ပင် တစ်သက်တာ မှာ တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးသော မျက်နှာထား ဖြင့် နှင်းဆီရောင် သမ်း နေခဲ့လေမလား ။ သို့သော် ဦးလေးစိုင်း နှင့် ဆုံရချိန် မှာတော့ ကျွန်မ ရင် ထဲမှ လတ်တလော လှုပ်ရှားမှုများနှင့် ဆန့်ကျင်ကာ အတည်ငြိမ်ဆုံးသော ဣန္ဒြေ ဖြင့် သရုပ်ဆောင် နိုင်ခဲ့ပါသည် ။


“ အေးဟ ငြိမ်း ရ ၊ ဒီကောင်ကြီး မန္တလေး ကို ဆင်းသွားတာ တစ်ပတ် ရှိပြီ ၊ ခုထိ ပြန်တက် မလာဘူး ”


ဦးစိုင်း ဆီမှ ကြားရသော သတင်း က ကျွန်မ အတွက် အားတက်ဖွယ် သတင်း မဟုတ်ပါ ။ သို့သော် “ သူ သာ ပြန်မလာခဲ့တော့ဘူး ဆိုလျှင် ” ဟူသော အတွေးရိပ် အဆုံး၌ လှိုက်ဟာသွားခဲ့သော ကျွန်မ ရင်ထဲမှ ခံစားမှုကို လည်း ကျွန်မ မငြင်းကွယ်နိုင်ပြန်ပါ ။ “ ချစ်သူတွေ ပြောလေ့ရှိတဲ့ အလွမ်း ဆိုတာ အဲဒါလား ” ဟု ကျွန်မ ကိုယ် ကျွန်မ အားငယ်ခံခက်စွာ ပြန်မေးနေမိရင်း မှာ ပင် သူ့ ကို ကျွန်မ ရင် ထဲမှ တလှိုက်လှိုက် လွမ်းတ,လာခဲ့သည် ကို စူးနင့်စွာ ပြန်လည် သိရှိနေခဲ့ရပါ သည် ။


“ မန္တလေး ကို ဘာကိစ္စ ဆင်းသွားရတာလဲဟင် ၊ ငြိမ်းတို့ ကို တောင် ဘာမှ အသိပေးမသွားဘူး ”


“ စိမ်းနွယ် က မန္တလေး က မြန်မာသံဂီတဝိုင်း တစ်ဝိုင်း မှာ စန္ဒရားဆရာ အဖြစ် အလုပ် လုပ်ဖို့ စကား ပြောထားတာလေ ၊ အဲဒီ ကိစ္စပေါ့ ၊ ဒီကောင့် ဘဝ က လည်း ဒုက္ခ ၊ မိန်းမ နဲ့ ယောက္ခမ အသိုင်းအဝိုင်း ကလည်း သူနဲ့ လုံးဝ အံမဝင် ၊ သူ ကလည်း ဂီတသမားဘဝ ကို မစွန့်လွှတ်နိုင်နဲ့ ၊ ခက်ပါတယ်ဟာ ”


ကျွန်မ ၏ မေးခွန်း အဆုံးတွင် ဦးလေးစိုင်း က ကျွန်မ မသိခဲ့ရသေးသော သူ့ ဘဝဇာတ်ကြောင်း အချို့ကို ပြန်လည် ပြောပြခဲ့ပါသည် ။ ထို အကြောင်းအရာ များမှာ ကျွန်မ လုံးဝ မျှော်လင့် မထားခဲ့သော သူ့ ဘဝ ပုံရိပ်ကားချပ်များကို စီစဉ်တကျ လှစ်ဟပြလိုက် သလိုပင် ဖြစ်သည် ။ ကျွန်မ ဆွံ့အ အံ့ဩစွာ မိန်းမော မျောလွင့်ခြင်းဖြင့် နားထောင်နေခဲ့ရပါသည် ။


“ ဒီလိုဟ မိငြိမ်း ရ ၊ ကျောင်းမှာ တုန်းက စိမ်းနွယ် က နာမည်ကျော် ကျောင်းသား စန္ဒရားဆရာ တစ်ယောက် ပေါ့ ၊ သူ နဲ့ မိန်းကလေး တစ်ယောက် ချစ်သူ ဖြစ်ခဲ့ကြပြီး ဘွဲ့ကိုယ်စီ ရပြီးချိန် မှာ လက်ထပ် လိုက်ကြတယ် ။ နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးကြတာမျိုးနော် ။ မိဘတွေ က ကြည်ဖြူလို့ လက်ထပ်ကြခြင်း မျိုး မဟုတ်ဘူး ။ သူတို့ နှစ်ယောက် လက်ထပ် နိုင်ခဲ့ကြပေမယ့် သူ့ အမျိုးသမီး ဘက် က သိပ် ချမ်းသာပြီး ဂီတသမား ဆိုတာမျိုး ကို လုံးဝ အထင်မကြီး လက်မခံ နိုင်တဲ့ အသိုင်းအဝိုင်းမျိုးပဲ ။ ဒီတော့ အမျိုးသမီး အသိုင်းအဝိုင်း ရဲ့ အတိုက်အခိုက်တွေ ၊ ဖိအားပေးမှုတွေ ရှိလာတာပေါ့ဟာ ၊ နောက်တော့ သမီးကလေး တစ်ယောက် ရပြီး ချိန်မှာ ကွဲခဲ့ကြတယ် ။ အမျိုးသမီး ကို သူ့ အသိုင်းအဝိုင်း ဘက်က ပြန် ခေါ်သွားကြတယ်လေ ။ ဒီကောင် က သူ့ အဆက်အသွယ် နဲ့ သူ မန္တလေး မှာ ဂီတ အလုပ်ကို လုပ်ဖို့ ထွက်လာရင်း ငါ့ ဆီ ရောက်လာတာ ။ သူ နဲ့ အလုပ်စကား ပြောထားတဲ့ ဂီတဝိုင်း နဲ့ အလုပ်ကိစ္စ အဆင် မပြေသေးခင် စပ်ကြား ငါ့ ဆီမှာ ခဏ နားခိုတဲ့ သဘော ပေါ့ဟာ ”


“ ဪ ... သူ့ မှာ ချစ်သူ ဇနီးမယား တစ်ယောက် ရှိခဲ့ဖူးတာကိုး ” ဟူသော အသိသည် ကျွန်မ ရင် ထဲမှာ ဖြတ်စီးသွားခဲ့သော လျှပ်စီးကြောင်းတစ်ခု ဖြစ်ပါသည် ။ သို့သော် ထို့ထက် ပို၍ ထူးခြားသည် မှာ ထို အမျိုးသမီး နှင့် သူ ဝေးလွင့်ကင်းကွာခဲ့ကြပြီ ဆိုခြင်းအတွက် တိတ်တခိုး ကျေနပ်နေမိခြင်းသည် ကျွန်မ ရင်ထဲမှာ မဖြစ်ပေါ်စကောင်း ကြောက်မက်ဖွယ် မိုက်မဲမှုတစ်ခု ဟု သိစိတ် က နားလည် သတ်မှတ် နေမိပါလျက်နှင့် ထို ကျေနပ်မှု ကို ဖျောက်ဖျက် မရနိုင်ခဲ့သော ကျွန်မ ၏ စိတ်ခံစားမှုပင် ဖြစ်သည် ။ “ ဘုရားရေ ... ဒါဟာ အတ္တပဲ ” ဟု ကျွန်မ ကိုယ် ကျွန်မ ထိတ်လန့် တုန်လှုပ်သွားခဲ့ရပါသည် ။


“ ဒါဖြင့် သူ က ဒီကို ရော ပြန်လာဦးမှာတဲ့လား ၊ ငြိမ်းမှာ က သင်လက်စ တစ်ဝက်တစ်ပျက်ကြီးနဲ့ ”


ကျွန်မ အလိုမကျနိုင်စွာ မေးလိုက်မိ၏ ။ ထို မေးခွန်းသည် ကျွန်မ အတွက် များစွာ အရေးကြီးသော မေးခွန်းပင် ဖြစ်ပါသည် ။ အကြောင်းမှာ ထို အချိန်၌ ကျွန်မ သည် သူ့ ထံမှ ဂီတပညာ ဆက်လက် သင်ယူရေးထက် သူ နှင့် ပြန်လည် ဆုံတွေ့နိုင်ရေး ကိုသာ အဓိက တောင့်တ နေမိသောကြောင့် ဖြစ်ပါသည် ။ 


“ အာ ... ပြန်လာဦးမှာပါဟ ၊ သူ့ ပစ္စည်းတွေ အဝတ်အစားတွေ တောင် ဒီမှာပဲ ထားရစ်ခဲ့တဲ့ ဥစ္စာ ၊ အပြီးအပိုင် ထွက်သွားတာမျိုး ဆိုရင် နင်တို့ ကို လည်း နှုတ်ဆက် သွားမှာပေါ့ ။ ခုဟာက စုံစမ်းရုံသဘော ခဏ သွားတာပါ ။ ဘာလဲ ၊ နင် က သင်တဲ့ လူ အနားမှာ မရှိတာနဲ့ပဲ လက် က ပျက်ချင်နေပြီလား ”


ခေါင်းညိတ် ပြလိုက် မိသော်လည်း တကယ်က ကျွန်မ လက်ပျက်နေခဲ့ ခြင်း မဟုတ်ပါ ။ အချစ် ကို လုံးဝ မထိတွေ့ ဖူးသေးသည့် ကျွန်မ ၏ အရိုင်းနှလုံးသား ကသာ စွဲလမ်းတမ်းတမှု ဆိုသော ဖိအား တစ်ခုမှာ ဟန်ချက် ပျက်နေခဲ့ခြင်း ဖြစ်ပါ သည် ။ ထိုနေ့က ကျွန်မ အိမ်သို့ ကျေနပ်စွာ ပြန်လာခဲ့သည် ။ လမ်း တစ်လျှောက်လုံး မှာလည်း ညို့ရီမှိုင်းမှုံ နေတတ်သော သူ့ မျက်ဝန်းညိုညိုများ ကို ပြန်လည် မြင် ယောင် နေခဲ့မိ၏ ။


ဝေးကွာ အထီးကျန်ခြင်း ဖြင့် ညို့ရီနေသော အဲဒီ မျက်လုံးတွေ က ကျွန်မ ၏ မဖိတ်ခေါ် ပါဘဲ မွေးဖွားလာခဲ့သော ချစ်ခြင်းမေတ္တာ ဖြင့် ပြန်လည်တောက်ပ မလာနိုင်တော့ဘူးတဲ့လား ။ အဖော်မဲ့ခြင်း ဖြင့် အေးစက်ခြောက်သွေ့ နေခဲ့သော သူ့ဘဝ သည် ကော ၊ ကျွန်မ ၏ ရိုးဖြောင့်စွာ လူးလွန့် ရှင်သန်ခဲ့သော ချစ်ခြင်း ၏ ဖေးမ ထောက်ကူမှုဖြင့် ပြန်လည်နွေးထွေး စိုပြေ မလာနိုင်တော့ဘူးတဲ့လား ။ သူ့ အတွက် အရာရာ ကို စွန့်လွှတ်ခဲ့ကာ နှစ်ယောက် ပေါင်းမှ တစ်ဘဝ ဆိုသော ကြင်နာပေးဆပ် ဖေးကူခြင်းမျိုးတွေ နှင့် အနီး မှာ ရှိနေနိုင်သော ပါရမီဖြည့်ဖက် အဖြစ် ကျွန်မ ရပ်တည် ပေးနိုင်ခဲ့မည် ဆိုလျှင်ကော ... ။ “ ထိုအရိပ် ” ၌ မှေးမှိတ် နားခို ခြင်းဖြင့် သူ့ ဘဝ လှပစိုပြေနိုင်မည် ဆိုပါလျှင် ကျွန်မ ၏ ဘဝ ကို “ ထိုအရိပ် ”အဖြစ် ပြောင်းလဲ ပေးနိုင်စွမ်းသော သတ္တိ ဟာ မေတ္တာတရား မဖြစ်နိုင်ဘူးလား ဟင် ။ သေချာပါပြီ ။ ကျွန်မ သူ့ ကို ချစ်နေခဲ့မိပြီ ။ 


ရောင်စုံယှက်ဖောက် ကွန့်မြူး နေသော ရင်ခုန်ဖွယ် အတွေးများနှင့် ကျွန်မ ၏ အိမ်အပြန် ခြေလှမ်းများ သည် ပေါ့ပါး သွက်လက်လျက် ရှိပါသည် ။ ဘဝ ၌ အစစ အရာရာ “ လိုတရ ” ခဲ့သော ကျွန်မ သည် သူ ၏ ချစ်ခြင်းမေတ္တာ ကို လည်း ကျွန်မ အတွက် အလိုအပ်ဆုံးသော ထပ်မံ ရရှိစရာ အဖြစ် ခိုင်မာစွာ သတ်မှတ် လိုက်မိပါသည် ။ ထိုအရာ ကို ကျွန်မ ပိုင်ဆိုင်ဖို့မှာ လွယ်ကူပါသည် ဟု မဆို ဝံ့ပေမည့် သိပ် ခက်ခဲလိမ့်မည် မဟုတ် ဟုတော့ မဝံ့မရဲ အားတင်း ထားချင်မိပါသည် ။ ကျွန်မ ၏ နုပျိုခြင်း ၊ လှပခြင်း နှင့် ကြွယ်ဝသော အသိုင်းအဝိုင်း တစ်ခု မှ အထူး အရေးပေးခြင်း ခံရသော တစ်ဦးတည်း သော ချစ်သမီး ဆိုသည့် အချက်အလက်များ သည် ယောက်ျား တစ်ယောက် အဖို့ ငြင်းပယ် ရုန်းထွက်ရန် ခက်ခဲလွန်းလှသော အင်အားစုများ အဖြစ် ကျွန်မ ဘက်က ခိုင်ခိုင်မာမာ ရပ်တည် ပေးနေကြသည့် အားတက်ဖွယ် ဆွဲဆောင်မှုများ ဖြစ်သည် မဟုတ်လား ။


ချစ်ခြင်း အရင်းခံ စစ်စစ်ဖြင့် ဖွင့်လှစ်ခဲ့ မိသော ကျွန်မ ၏ မေတ္တာရဲတိုက် နန်းတော်ကို ဖြားယောင်းမှု သားရဲတွင်း တစ်ခု ဟုတော့ ရက်ရက်စက်စက် မစွပ်စွဲ တန်စကောင်း ဟု ကျွန်မ ရဲရဲ စိတ်ချချင်မိပါသည် ။ ကျွန်မ လျှို့ဝှက်စွာ ပြုံးလိုက်မိ ၏ ။ ဟုတ်ပြီ ... သူ့ အချစ် ကို ကျွန်မ အရယူမည် ။ သို့သော် ပေးဆပ်ခြင်း ကို အစ ပြုလျက် ဖလှယ် ရယူမည့် တရားမျှတသော ယူငင် သိမ်းပိုက်ခြင်းမျိုးသာ ဖြစ်ရပါမည်လေ ။


( ၄ )


သူ့ ထံ မှ စန္ဒရားပညာ ကို စတင် သင်ယူခဲ့ရသော ပထမဦးဆုံး တစ်လတာ ၏ နေ့ရက်များ သည် ကျွန်မ အဖို့တော့ စိတ်ပျက် ငြီးငွေ့ဖွယ်ရာ နေ့ရက်များ သာ ဖြစ်ပါသည် ။ သီချင်း အသစ်တွေ ကို လောဘတကြီး အားပါးတရ သင်ယူ လိုက်မည်ဟု အားခဲ ထားခဲ့သော ကျွန်မ မှာ “ ထံတျာတေရှင် ” ဟူသော “ ပုစဉ်းတောင်ပံကြိုး ” ဖြင့်သာ ဦးစွာ ရင်ဆိုင်ခဲ့ရတော့သည် ။


ထို အခြေခံ ကြိုးသီချင်း ကို ဂီတသင်္ကေတများနှင့် တကွ အတိအကျ တီးခတ်နိုင်အောင် လေ့ကျင့်ရချိန်များ၌ ယခင်က နားကြား အသံကို အားကိုး တီးခတ်ခဲ့ဖူးသော ကျွန်မ ၏ ဖရိုဖရဲ လက်ချောင်းတွေ က ကျွန်မ ကို များစွာ အနှောင့်အယှက် ပြုနေခဲ့ကြ၏ ။ သူ က လည်း လက်သန်း နှင့် ဖိနှိပ်ရမည့် ခလုတ် ကို အလွယ်တကူ ပြီးပြီးရော သဘောဖြင့် လက်ညှိုး နှင့် ဖိနှိပ်ပစ်လိုက်ခြင်းမျိုး ကို လုံးဝ လက်မခံဘဲ ပြုပြင်သင်ကြားပေးခဲ့ရာ၌ စိတ်ရှည်လှသည် ။ တကယ်တန်း စိတ်မရှည် နိုင်ခဲ့သူမှာ ကျွန်မ သာလျှင် ဖြစ်ခဲ့ပါသည် ။


“ တစ်နေ့ လာလည်း ဒါပဲ ၊ တစ်နေ့ လာလည်း ဒါပဲနဲ့ အဲဒီကကော တက်ဦးမှာလား ၊ ငြိမ်း စိတ်ညစ်လာပြီ ” 


ကျွန်မ အလိုမကျနိုင်စွာ ညည်းညူမိသော အခါမျိုးတွင်မူ သူ က ပြုံးနေတတ်၏ ။ ထို အပြုံးသည် ကလေးငယ် တစ်ယောက် ၏ မှားကွက် ကို ကြိုတင် မြင်သိ နေသော လူကြီး တစ်ယောက် ၏ နားလည် ခွင့်လွှတ်သော အပြုံးမျိုးပဲ ဖြစ်သည် ။ မျက်နှာ က ပြုံး နေသော်လည်း “ အဲဒီ အခြေခံ ကို မှ မပိုင်ရင် ညီမလေး ရှေ့ကို ဘယ်လိုမှ ဆက်တက်လို့ရမှာ မဟုတ်ဘူး ၊ တကယ်စနစ်တကျ တီးတတ်တဲ့ ပညာရှင်တွေ ရှေ့မှာများ တီးပြရရင် ရှက်စရာကြီး ဖြစ်နေမှာပေါ့ ၊ ပိုင်အောင် ကျင့်လိုက်ဦးနော် ” ဟု အလျော့ မပေးသည့် စကား ကိုသာ ပြောလေ့ ရှိ၏ ။


“ ခေါင်းမမာချင်စမ်းပါနဲ့ ငြိမ်း ရယ် ၊ အဲဒါပဲ ထပ်တီးဦး ” ဟု ကျွန်မ ကို ချော့မော့သလို တိုက်တွန်းလေ့ ရှိသော်လည်း တကယ်တမ်း ခေါင်းမာခဲ့သူ မှာ သူ ကိုယ်တိုင် ပဲ ဖြစ်ပါသည် ။ ပုစဉ်းတောင်သံကြိုး ကို ကျွန်မ မပိုင်နိုင်သေး ဟု ယူဆ နေသမျှ ကာလပတ်လုံး နောက်ထပ် သီချင်းသစ် တက်မပေးဘဲ ခေါင်းမာမာ နှင့် တင်းခံနေခဲ့သည်ပဲ မဟုတ်လား ။ နောက်ဆုံးတော့ သူ ၏ ခေါင်းမာမှု ကို အလျှော့

ပေးကာ ကျွန်မ သာလျှင် သူ စိတ်တိုင်းကျသည် အထိ နေ့ရက်များစွာ လေ့ကျင့်ခဲ့ရ တော့သည် ။ သူ က ကျွန်မတို့ အိမ်သို့ နေ့လည်ပိုင်း တွင်မှ လာလေ့ ရှိသည် ။ မြို့ အပြင် မှာ ရှိသော သစ်တော်ခြံ နှင့် ကျွန်မတို့ အိမ် မှာ တစ်မိုင်သာသာ ဝေး၏ ။ ထို့ကြောင့် သူ အသွားအလာ လွယ်ကူစေရန် အတွက် စက်ဘီး တစ်စီး ပေးထားဖို့ စီစဉ်သော်လည်း သူ က လက်မခံဘဲ အမြဲပင် ခြေလျင် လျှောက်လာလေ့ ရှိပါ သည် ။


ပုစဉ်းတောင်သံကြိုး ကို ကျွန်မ ပိုင်နိုင်စွာ တီးခတ်နိုင်ခဲ့ပြီးချိန် တွင် သူ က နောက်ထပ် ဆင့်၍ သီတာ ၊ သာယာ ၊ ဝေဘာ တီးကွက်များကို စိတ်ရှည် လက်ရှည်ပင် သင်ပြ ပေးခဲ့၏ ။ ထို ကာလရှည်ကြီး ၏ နောက်ဆွယ်တွင် မသိမသာ ဖြင့် တရိရိ နှောင်တွယ် လာခဲ့သော သံယောဇဉ် ကို ကျွန်မ မရိပ်စားမိခဲ့ပါ ။ ကျွန်မ ရင်ထဲ၌ ခိုင်မြဲစွာ တုပ်နှောင်ရစ်ပတ်ပြီး ဖြစ်သော သံယောဇဉ်ကြိုး တစ်ချောင်း ( တစ်မျှင် မဟုတ်ပါ ) ရှိနေခဲ့ပြီ ဆိုသည် ကို ကျွန်မ သိလိုက်ရချိန်မှာ ကျွန်မ ထံသို့ အချိန်မှန် ရောက်လာချိန်များ၌ သူ မပေါ်လာခဲ့သော နေ့ရက်များမှာ စတင် ထင်ရှားလာခဲ့ခြင်း ဖြစ်သည် ။


ကျွန်မ တစ်ဦးတည်း ခြောက်သွေ့စွာ တီးခတ် လေ့ကျင့် နေရချိန်များ ကျ မှ ခါတိုင်းနေ့ရက်များ တွင် မလှမ်းမကမ်း မှာ ထိုင်၍ စည်းဝါး လိုက်ပေး နေတတ် သော သူ ရှိနေခြင်း ၏ လုံခြုံမှုနှင့် နွေးထွေးမှု ကို ကျွန်မ သိလာခဲ့ရသည် ။ ကျွန်မ မှားယွင်း တီးခတ်မိ လေတိုင်း နားလည် ခွင့်လွှတ်သောအပြုံးနှင့် ထ,လာပြီး “ မဟုတ်သေးဘူးလေ ငြိမ်း ရဲ့ ” ဟု ဆိုကာ အမှန် ကို ပြင်ပေးတတ်သော သူ ၏ ကြင်နာမှုနှင့် လိုက်လျောမှုတို့ ကလည်း သူ မရှိချိန် ကျမှ ရှိန်းမြတိမ်းမူးဖွယ် အမှတ်ရစရာများ ဖြစ်လာခဲ့ကြသည် ။ ကျွန်မ ဘာဖြစ်နေပါသလဲ ။ ဧည့်ခန်းဆောင် ထဲမှ ပျောက်ရှ သွားခဲ့သော သူ့ ပုံရိပ်များ ၊ သိမ်မွေ့ တိုးလျသော သူ့ လေသံများ ကို မွတ်သိပ် အောက်မေ့ခြင်းဖြင့် တစ်စုံတရာ လစ်ဟာ လိုအပ် နေသလို ခံစားရသော နေ့ရက်များ ထဲ၌ ကျွန်မကိုယ် ကျွန်မ အံ့အားသင့်စွာ တစ်ပြိုင်နက်တည်း မှာပင် ရှက်ရွံ့တုန်လှုပ်စွာ သိရှိနိုင်ခဲ့ပါသည် ။ ဟုတ်သည် ။ ကျွန်မ သူ့ ကို တွယ်တာခဲ့မိပြီလေ ။ 


ဒါဟာ မည်သည့် ယောက်ျား သူစိမ်း တစ်ဦးတစ်ယောက်နှင့်မျှ လက်ပွန်းတတီး မနေထိုင်ခဲ့ဖူးသော ကျွန်မ ၏ ပျော့ညံ့ အားနည်းချက်များ ကြောင့်ပေလား ။ ဟင့်အင်း ... မဖြစ်နိုင်ပါ ။ သူ့ ၌ ကျွန်မ နှစ်သက် အထင်ကြီးသော ၊ လေးစားအား ကျမိသော အရည်အသွေးများ မရှိဘဲ နှင့်တော့ နီးစပ်မှုလေး တစ်ခုကို အခြေခံ ကာ ကျွန်မ ဒီလောက် အညှာလွယ်လွယ် တွယ်တာခဲ့လိမ့်မည် မဟုတ်ဟု ကျွန်မ ကျိန်ဆို ဝံ့ပါသည် ။ မိန်းမပျို တစ်ဦး ထားရှိအပ်သော မာနတရား နှင့် စောင့်စည်း ထိန်းသိမ်းနိုင်စွမ်းတို့ ကင်းမဲ့ လောက်အောင် ကျွန်မ ညံ့ဖျင်းလိမ့်မည် မဟုတ်ဟု ကျွန်မကိုယ် ကျွန်မ ယုံကြည်လျက် ရှိပါသည် ။ သို့သော် ထို ယုံကြည်မှုများ ကို ချိုး ဖောက်လျက် သူ့ကို အထင်ကြီးခြင်း ၊ လေးစားခြင်း ၊ အားကိုးဆိုးနွဲ့လိုခြင်း နှင့် ဖော်ပြရန် ခက်ခဲသော သူ နှင့် ပတ်သက်သည့် ဆန္ဒ များစွာက ရင်ခုန်တတ်စ ကျွန်မ နှလုံးသား၌ နေ့စဉ် မွေးဖွားလာခဲ့ကာ ကျွန်မ ၏ ဣန္ဒြေခြုံလွှာ ကို လှုပ်ခတ်စေခဲ့ သည်မှာတော့ ငြင်းပယ်ရန် ခက်ခဲလှသော ကိုယ်တွေ့ အမှန်တရားပင် ဖြစ်ပါ သည် ။


ထိုအမှန်တရား ၏ ကျီစယ်မှုကို ဆက်လက် ရင်ဆိုင်နိုင်ရန် အင်အား မရှိတော့သော တစ်ရက် မှာတော့ ကျွန်မ သည် သူ ရှိနေမည့် သစ်တော်ခြံ ဆီသို့ ထ,လိုက်လာခဲ့မိပြီး ဖြစ်နေတော့၏ ။ သည်တုန်းက ကျွန်မ ၏ ခြေလှမ်းများသည် အိပ်မက် ၏ စေစားမှု အတိုင်း အိပ်ရာ မှ ထလျှောက်လာမိသူ တစ်ဦး ၏ အိပ် တစ်ဝက် နိုးတစ်ဝက် ယောင်နန ခြေလှမ်းများ နှင့် ထပ်တူ ကျကောင်း ကျနေနိုင် ပါသည် ။ ရှက်ရွံ့ခြင်း နှင့် ရင်ခုန်ခြင်းတို့ ဆတူ ပေါင်းစပ်ထားသည့် ကျွန်မ မျက်နှာ သည်ပင် တစ်သက်တာ မှာ တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးသော မျက်နှာထား ဖြင့် နှင်းဆီရောင် သမ်း နေခဲ့လေမလား ။ သို့သော် ဦးလေးစိုင်း နှင့် ဆုံရချိန် မှာတော့ ကျွန်မ ရင် ထဲမှ လတ်တလော လှုပ်ရှားမှုများနှင့် ဆန့်ကျင်ကာ အတည်ငြိမ်ဆုံးသော ဣန္ဒြေ ဖြင့် သရုပ်ဆောင် နိုင်ခဲ့ပါသည် ။


“ အေးဟ ငြိမ်း ရ ၊ ဒီကောင်ကြီး မန္တလေး ကို ဆင်းသွားတာ တစ်ပတ် ရှိပြီ ၊ ခုထိ ပြန်တက် မလာဘူး ”


ဦးစိုင်း ဆီမှ ကြားရသော သတင်း က ကျွန်မ အတွက် အားတက်ဖွယ် သတင်း မဟုတ်ပါ ။ သို့သော် “ သူ သာ ပြန်မလာခဲ့တော့ဘူး ဆိုလျှင် ” ဟူသော အတွေးရိပ် အဆုံး၌ လှိုက်ဟာ သွားခဲ့သော ကျွန်မ ရင် ထဲမှ ခံစားမှုကို လည်း ကျွန်မ မငြင်းကွယ်နိုင်ပြန်ပါ ။ “ ချစ်သူတွေ ပြောလေ့ရှိတဲ့ အလွမ်း ဆိုတာ အဲဒါလား ” ဟု ကျွန်မ ကိုယ် ကျွန်မ အားငယ်ခံခက်စွာ ပြန်မေးနေမိရင်း မှာ ပင် သူ့ ကို ကျွန်မ ရင် ထဲမှ တလှိုက်လှိုက် လွမ်းတ,လာခဲ့သည် ကို စူးနင့်စွာ ပြန်လည် သိရှိနေခဲ့ရပါ သည် ။


“ မန္တလေး ကို ဘာကိစ္စ ဆင်းသွားရတာလဲဟင် ၊ ငြိမ်းတို့ ကို တောင် ဘာမှ အသိပေးမသွားဘူး ”


“ စိမ်းနွယ် က မန္တလေး က မြန်မာသံဂီတဝိုင်း တစ်ဝိုင်း မှာ စန္ဒရားဆရာ အဖြစ် အလုပ် လုပ်ဖို့ စကား ပြောထားတာလေ ၊ အဲဒီ ကိစ္စပေါ့ ၊ ဒီကောင့် ဘဝ က လည်း ဒုက္ခ ၊ မိန်းမ နဲ့ ယောက္ခမ အသိုင်းအဝိုင်း ကလည်း သူနဲ့ လုံးဝ အံမဝင် ၊ သူ ကလည်း ဂီတသမားဘဝ ကို မစွန့်လွှတ်နိုင်နဲ့ ၊ ခက်ပါတယ်ဟာ ”


ကျွန်မ ၏ မေးခွန်း အဆုံးတွင် ဦးလေးစိုင်း က ကျွန်မ မသိခဲ့ရသေးသော သူ့ ဘဝဇာတ်ကြောင်း အချို့ကို ပြန်လည် ပြောပြခဲ့ပါသည် ။ ထို အကြောင်းအရာ များမှာ ကျွန်မ လုံးဝ မျှော်လင့် မထားခဲ့သော သူ့ ဘဝ ပုံရိပ်ကားချပ်များကို စီစဉ်တကျ လှစ်ဟပြလိုက် သလိုပင် ဖြစ်သည် ။ ကျွန်မ ဆွံ့အ အံ့ဩစွာ မိန်းမော မျောလွင့်ခြင်းဖြင့် နားထောင်နေခဲ့ရပါသည် ။


“ ဒီလိုဟ မိငြိမ်း ရ ၊ ကျောင်းမှာ တုန်းက စိမ်းနွယ် က နာမည်ကျော် ကျောင်းသား စန္ဒရားဆရာ တစ်ယောက် ပေါ့ ၊ သူ နဲ့ မိန်းကလေး တစ်ယောက် ချစ်သူ ဖြစ်ခဲ့ကြပြီး ဘွဲ့ကိုယ်စီ ရပြီးချိန် မှာ လက်ထပ် လိုက်ကြတယ် ။ နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးကြတာမျိုးနော် ။ မိဘတွေ က ကြည်ဖြူလို့ လက်ထပ်ကြခြင်း မျိုး မဟုတ်ဘူး ။ သူတို့ နှစ်ယောက် လက်ထပ် နိုင်ခဲ့ကြပေမယ့် သူ့ အမျိုးသမီး ဘက် က သိပ် ချမ်းသာပြီး ဂီတသမား ဆိုတာမျိုး ကို လုံးဝ အထင်မကြီး လက်မခံ နိုင်တဲ့ အသိုင်းအဝိုင်းမျိုးပဲ ။ ဒီတော့ အမျိုးသမီး အသိုင်းအဝိုင်း ရဲ့ အတိုက်အခိုက်တွေ ၊ ဖိအားပေးမှုတွေ ရှိလာတာပေါ့ဟာ ၊ နောက်တော့ သမီးကလေး တစ်ယောက် ရပြီး ချိန်မှာ ကွဲခဲ့ကြတယ် ။ အမျိုးသမီး ကို သူ့ အသိုင်းအဝိုင်း ဘက်က ပြန် ခေါ်သွားကြတယ်လေ ။ ဒီကောင် က သူ့ အဆက်အသွယ် နဲ့ သူ မန္တလေး မှာ ဂီတ အလုပ်ကို လုပ်ဖို့ ထွက်လာရင်း ငါ့ ဆီ ရောက်လာတာ ။ သူ နဲ့ အလုပ်စကား ပြောထားတဲ့ ဂီတဝိုင်း နဲ့ အလုပ်ကိစ္စ အဆင် မပြေသေးခင် စပ်ကြား ငါ့ ဆီမှာ ခဏ နားခိုတဲ့ သဘော ပေါ့ဟာ ”


“ ဪ ... သူ့ မှာ ချစ်သူ ဇနီးမယား တစ်ယောက် ရှိခဲ့ဖူးတာကိုး ” ဟူသော အသိသည် ကျွန်မ ရင် ထဲမှာ ဖြတ်စီးသွားခဲ့သော လျှပ်စီးကြောင်းတစ်ခု ဖြစ်ပါသည် ။ သို့သော် ထို့ထက် ပို၍ ထူးခြားသည် မှာ ထို အမျိုးသမီး နှင့် သူ ဝေးလွင့်ကင်းကွာခဲ့ကြပြီ ဆိုခြင်းအတွက် တိတ်တခိုး ကျေနပ်နေမိခြင်းသည် ကျွန်မ ရင် ထဲမှာ မဖြစ်ပေါ်စကောင်း ကြောက်မက်ဖွယ် မိုက်မဲမှုတစ်ခု ဟု သိစိတ် က နားလည် သတ်မှတ် နေမိပါလျက်နှင့် ထို ကျေနပ်မှု ကို ဖျောက်ဖျက် မရနိုင်ခဲ့သော ကျွန်မ ၏ စိတ်ခံစားမှုပင် ဖြစ်သည် ။ “ ဘုရားရေ ... ဒါဟာ အတ္တပဲ ” ဟု ကျွန်မ ကိုယ် ကျွန်မ ထိတ်လန့် တုန်လှုပ်သွားခဲ့ရပါသည် ။


“ ဒါဖြင့် သူ က ဒီကို ရော ပြန်လာဦးမှာတဲ့လား ၊ ငြိမ်းမှာ က သင်လက်စ တစ်ဝက်တစ်ပျက်ကြီးနဲ့ ”


ကျွန်မ အလိုမကျနိုင်စွာ မေးလိုက်မိ၏ ။ ထို မေးခွန်းသည် ကျွန်မ အတွက် များစွာ အရေးကြီးသော မေးခွန်းပင် ဖြစ်ပါသည် ။ အကြောင်းမှာ ထို အချိန်၌ ကျွန်မ သည် သူ့ ထံမှ ဂီတပညာ ဆက်လက် သင်ယူရေးထက် သူ နှင့် ပြန်လည် ဆုံတွေ့နိုင်ရေး ကိုသာ အဓိက တောင့်တ နေမိသောကြောင့် ဖြစ်ပါသည် ။ 


“ အာ ... ပြန်လာဦးမှာပါဟ ၊ သူ့ ပစ္စည်းတွေ အဝတ်အစားတွေ တောင် ဒီမှာပဲ ထားရစ်ခဲ့တဲ့ ဥစ္စာ ၊ အပြီးအပိုင် ထွက်သွားတာမျိုး ဆိုရင် နင်တို့ ကို လည်း နှုတ်ဆက် သွားမှာပေါ့ ။ ခုဟာက စုံစမ်းရုံသဘော ခဏ သွားတာပါ ။ ဘာလဲ ၊ နင် က သင်တဲ့ လူ အနားမှာ မရှိတာနဲ့ပဲ လက် က ပျက်ချင်နေပြီလား ”


ခေါင်းညိတ် ပြလိုက် မိသော်လည်း တကယ်က ကျွန်မ လက်ပျက်နေခဲ့ ခြင်း မဟုတ်ပါ ။ အချစ် ကို လုံးဝ မထိတွေ့ ဖူးသေးသည့် ကျွန်မ ၏ အရိုင်းနှလုံးသား ကသာ စွဲလမ်းတမ်းတမှု ဆိုသော ဖိအား တစ်ခုမှာ ဟန်ချက် ပျက်နေခဲ့ခြင်း ဖြစ်ပါ သည် ။ ထိုနေ့က ကျွန်မ အိမ်သို့ ကျေနပ်စွာ ပြန်လာခဲ့သည် ။ လမ်း တစ်လျှောက်လုံး မှာလည်း ညို့ရီမှိုင်းမှုံ နေတတ်သော သူ့ မျက်ဝန်းညိုညိုများ ကို ပြန်လည် မြင် ယောင် နေခဲ့မိ၏ ။


ဝေးကွာ အထီးကျန်ခြင်း ဖြင့် ညို့ရီနေသော အဲဒီ မျက်လုံးတွေ က ကျွန်မ ၏ မဖိတ်ခေါ် ပါဘဲ မွေးဖွားလာခဲ့သော ချစ်ခြင်းမေတ္တာ ဖြင့် ပြန်လည်တောက်ပ မလာနိုင်တော့ဘူးတဲ့လား ။ အဖော်မဲ့ခြင်း ဖြင့် အေးစက်ခြောက်သွေ့ နေခဲ့သော သူ့ဘဝ သည် ကော ၊ ကျွန်မ ၏ ရိုးဖြောင့်စွာ လူးလွန့် ရှင်သန်ခဲ့သော ချစ်ခြင်း ၏ ဖေးမ ထောက်ကူမှုဖြင့် ပြန်လည်နွေးထွေး စိုပြေ မလာနိုင်တော့ဘူးတဲ့လား ။ သူ့ အတွက် အရာရာ ကို စွန့်လွှတ်ခဲ့ကာ နှစ်ယောက် ပေါင်းမှ တစ်ဘဝ ဆိုသော ကြင်နာပေးဆပ် ဖေးကူခြင်းမျိုးတွေ နှင့် အနီး မှာ ရှိနေနိုင်သော ပါရမီဖြည့်ဖက် အဖြစ် ကျွန်မ ရပ်တည် ပေးနိုင်ခဲ့မည် ဆိုလျှင်ကော ... ။ “ ထိုအရိပ် ” ၌ မှေးမှိတ် နားခို ခြင်းဖြင့် သူ့ ဘဝ လှပစိုပြေနိုင်မည် ဆိုပါလျှင် ကျွန်မ ၏ ဘဝ ကို “ ထိုအရိပ် ”အဖြစ် ပြောင်းလဲ ပေးနိုင်စွမ်းသော သတ္တိ ဟာ မေတ္တာတရား မဖြစ်နိုင်ဘူးလား ဟင် ။ သေချာပါပြီ ။ ကျွန်မ သူ့ ကို ချစ်နေခဲ့မိပြီ ။ 


ရောင်စုံယှက်ဖောက် ကွန့်မြူး နေသော ရင်ခုန်ဖွယ် အတွေးများနှင့် ကျွန်မ ၏ အိမ်အပြန် ခြေလှမ်းများ သည် ပေါ့ပါး သွက်လက်လျက် ရှိပါသည် ။ ဘဝ ၌ အစစ အရာရာ “ လိုတရ ” ခဲ့သော ကျွန်မ သည် သူ ၏ ချစ်ခြင်းမေတ္တာ ကို လည်း ကျွန်မ အတွက် အလိုအပ်ဆုံးသော ထပ်မံ ရရှိစရာ အဖြစ် ခိုင်မာစွာ သတ်မှတ် လိုက်မိပါသည် ။ ထိုအရာ ကို ကျွန်မ ပိုင်ဆိုင်ဖို့မှာ လွယ်ကူပါသည် ဟု မဆို ဝံ့ပေမည့် သိပ် ခက်ခဲလိမ့်မည် မဟုတ် ဟုတော့ မဝံ့မရဲ အားတင်း ထားချင်မိပါသည် ။ ကျွန်မ ၏ နုပျိုခြင်း ၊ လှပခြင်း နှင့် ကြွယ်ဝသော အသိုင်းအဝိုင်း တစ်ခု မှ အထူး အရေးပေးခြင်း ခံရသော တစ်ဦးတည်း သော ချစ်သမီး ဆိုသည့် အချက်အလက်များ သည် ယောက်ျား တစ်ယောက် အဖို့ ငြင်းပယ် ရုန်းထွက်ရန် ခက်ခဲလွန်းလှသော အင်အားစုများ အဖြစ် ကျွန်မ ဘက်က ခိုင်ခိုင်မာမာ ရပ်တည် ပေးနေကြသည့် အားတက်ဖွယ် ဆွဲဆောင်မှုများ ဖြစ်သည် မဟုတ်လား ။


ချစ်ခြင်း အရင်းခံ စစ်စစ်ဖြင့် ဖွင့်လှစ်ခဲ့ မိသော ကျွန်မ ၏ မေတ္တာရဲတိုက် နန်းတော်ကို ဖြားယောင်းမှု သားရဲတွင်း တစ်ခု ဟုတော့ ရက်ရက်စက်စက် မစွပ်စွဲ တန်စကောင်း ဟု ကျွန်မ ရဲရဲ စိတ်ချချင်မိပါသည် ။ ကျွန်မ လျှို့ဝှက်စွာ ပြုံးလိုက်မိ ၏ ။ ဟုတ်ပြီ ... သူ့ အချစ် ကို ကျွန်မ အရယူမည် ။ သို့သော် ပေးဆပ်ခြင်း ကို အစ ပြုလျက် ဖလှယ် ရယူမည့် တရားမျှတသော ယူငင် သိမ်းပိုက်ခြင်းမျိုးသာ ဖြစ်ရပါမည်လေ ။


( ၅ )


ပျောက်ဆုံးသွားသည့် ကစားစရာ တစ်ခု ကို ပြန်လည် ရရှိလိုက်သော ကလေးငယ် တစ်ဦး ၏ ပီတိမျိုး ကို ကျွန်မ ရရှိခံစားခဲ့ရသည် ဟု လွယ်လွယ် ဥပမာ ပေးလိုက်ချင်ပေမည့် သူ ပြန်ရောက်လာခြင်းသည် ကျွန်မ အတွက် တော့ အိပ်မက် တစ်ခု ပြန်လာခြင်း ပင် ဖြစ်သည် ။ မျှော်လင့်ချက် တစ်ခု ပြန်လာခြင်း ပင် ဖြစ် သည် ။ ချစ်ခြင်းမေတ္တာ တစ်ခု ပြန်လာခြင်း ပင် ဖြစ်သည် ။ ထိုမျှမက ဘဝ တစ်ခု ပြန်လာခြင်း ဟု လည်း ဆိုနိုင်လိမ့်မည် ထင်ပါသည် ။


သူ့ ကို စန္ဒရားခုံ မှာ ပြန်လည် မြင်တွေ့ ရစ အချိန်က တုန်လှိုက်ခုန် လှုပ်သွားခဲ့သော ဝမ်းသာကြည်နူးမှု တို့မှာ ကာယကံရှင် ကျွန်မ ကိုယ်တိုင် ပြန်လည် အံ့အားသင့်ရ လောက်အောင် အတိုင်းအဆ ကြီးမား နေခဲ့တော့သည် ။ တစ်ဆက်တည်း ပင် ကျွန်မ ရင် ထဲက ချစ်မက် တွယ်တာမှုတို့ မှာလည်း ထိုအချိန် ကျမှ အဆုံးစွန်သော သေချာမှု တစ်ခု အဖြစ် မော်ကွန်း စိုက်ထူပြီး ဖြစ်သွား ခဲ့တော့သည် ။


အဲဒီ နောက်ပိုင်း ရက်များ ကို တော့ ကျွန်မ ဘဝ တစ်သက်တာ၏ တိမ်းမူး တမ်းတဖွယ် ရင်ခုန် လှုပ်ခတ်ခဲ့ရသော နေ့ရက်များ ဟုသာ ကမ္မည်းတင်ရလိမ့်မည် ထင်ပါသည် ။ ကျွန်မ ရင် ထဲမှ သံယောဇဉ် နှင့် ချစ်ခြင်းမေတ္တာများ ၊ မျှော်လင့်ခြင်း များ ကို ကျွန်မ မျက်ဝန်းများ မှ လည်းကောင်း ၊ ကျွန်မ ၏ နှုတ်ခမ်းဖျား စကားလုံးများ မှ လည်းကောင်း ၊ ကျွန်မ ၏ တိမ်းညွှတ်သော အပြုအမူများ မှ သော် လည်းကောင်း သူ ခိုင်မာ ထင်ရှားစွာ သိသာနိုင် လောက်အောင် စီးဆင်း ဖော်ထုတ်ပြသခဲ့သည် ။ သို့သော် သူ ၏ တိတ်ဆိတ်မှု ကိုသာ ကျွန်မ အံ့အားသင့်စွာ ရင်ဆိုင်လာခဲ့ရလေ သည် ။


“ ကျွန်မ ရှင့် ကို သိပ် ချစ်နေမိပြီ ” ဟု ဖွင့် မပြောရုံ တစ်မည် မျှသာ ဖြစ်သော်လည်း သူ ကတော့ ကျွန်မ မှန်းဆ မထားခဲ့မိလောက်အောင်ပဲ မတုန်မလှုပ် ရှိလှ၏ ။ မသိချင်ယောင် ဆောင်နိုင်စွမ်း ရှိလှ၏ ။ မြိုသိပ်ထိန်းချုပ်နိုင်လွန်းခဲ့၏ ။ ကျွန်မ ပို့လွှတ်ခဲ့သော လှိုင်းများ ၏ ရှေ့ဘက်တွင် သူ က ကျောက်စိုင် ကျောက်သား တစ်ခု အဖြစ် ကြံ့ခိုင်စွာ ရပ်တည် နေသလိုပဲ ။ တစ်ခါတစ်ခါ တော့လည်း ကျွန်မ မှာ စိတ် မရှည်နိုင်လှစွာ သူ့ ကို ထုရိုက်ကုတ်ဖဲ့ ပစ်ချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ကာ ကိုယ့် ကိုယ် ကိုယ် ပင် သံသယတွေ ဝင်လာ မိရတော့သည် ။ ကျွန်မ မှာ သူ့ ကို ဆွဲ ဆောင်နိုင်စရာ ဘာ အရည်အချင်း မှ မရှိတော့ဘူးတဲ့လား ။ ကျွန်မ ဟာ သူ့ အတွက် တကယ်ပဲ သက်မဲ့ အရုပ်ကလေး တစ်ရုပ် လို အလေးမထား ဂရုမစိုက်ချင်စရာ ကောင်မလေးတစ်ယောက် ဖြစ်နေခဲ့ပြီလား ။ သို့သော် သူ ကတော့ ကျွန်မ အတွက် ဖမ်းဆီး ထိန်းကျောင်းရန် ခက်ခဲလွန်းလှသော မြင်းရိုင်း တစ်ကောင် ဖြစ်နေခဲ့တာ သေချာခဲ့ပါသည် ။


“ မချင့်မရဲ ” ဟု ကင်ပွန်း တပ်ရမည့် ထိုခံစားမှုများ ကို ဆက်လက် သည်းမခံ စိတ်မရှည်နိုင်တော့သော ကျွန်မ ကပင် သူ ၏ ကိုယ်ရေးကိုယ်တာ ပိုက်နက် စည်းဝိုင်း အတွင်းသို့ စတင် ဝင်ရောက်ခဲ့ပါသည် ။ ထိုအဖြစ်သည် တစ်နည်း အားဖြင့် တစ်ထောင့်တစ်ည ပုံပြင်များ ထဲက ကုလားအုတ် တစ်ကောင် ၏ ရွက်ထည်တဲ ပိုင်ရှင် ထံသို့ “ ခေါင်းကလေး ဝင်ပါရစေဦး ” ဟု ( နောက်မှ တစ်ကိုယ်လုံး ရွက်ထည် တဲ ထဲ အရောက် ဝင်ရောက်နိုင်ရေး မျှော်လင့်ချက်ဖြင့် ) ခွင့်တောင်းသော မာယာ မျိုး ဖြစ်ကောင်း ဖြစ်နေခဲ့ပါလိမ့်မည် ။ ကျွန်မ မာယာ မသုံးချင်ပါ ။ သို့သော် ဤ ကျောက်ဆောင် သည် ကျွန်မ ၏ သာမန် လှိုင်းလုံးများ ကို ရှိသည် ဟုပင် အသိ အမှတ် မပြုသော ကျောက်ဆောင် ဖြစ်နေကြောင်း ကျွန်မ လက်ခံ ယုံကြည်ခဲ့ရပြီ မဟုတ်လား ။ မှတ်မှတ်ရရ ထိုနေ့ သည် စန္ဒရား သင်သော ဧည့်ခန်းဆောင် အတွင်း မှာ သူ နှင့် ကျွန်မ နှစ်ယောက်တည်းသာ ရှိနေခဲ့သော နေ့ တစ်နေ့ လည်း ဖြစ်ပါသည် ။


“ အစ်ကိုစိမ်းနွယ် ကို ကြည့်ရတာ အမြဲတမ်း မရွှင်မပျနဲ့ ချည်းပဲ ၊ အဲဒါကို ငြိမ်း သတိထား မိတာ ကြာပြီ ၊ အဲလို ဖြစ်နေတာက အစ်ကိုစိမ်းနွယ် ရဲ့ အမျိုးသမီး ကို သတိရ နေမိလို့လားဟင် ”


သည်တော့ သူ က ကျွန်မ ကို မျက်ခုံး ပင့်၍ ကြည့်ပါသည် ။ သူ မပြောပြခဲ့ဖူးသော သူ့ ကိုယ်ရေးကိုယ်တာ ကိစ္စ လျှို့ဝှက်ချက် အပိုင်းအစများ ကို ကျွန်မ ထံမှ ကြားလိုက်ရခြင်း အတွက် အံ့အားသင့် သွားသော အကြည့်မျိုးပင် ဖြစ်သည် ။ 


“ ဦးစိုင်း နဲ့ စကား စပ်မိကြလို့ အဲဒီ အကြောင်းတွေ ကို ငြိမ်း သိနေတာပါ ။ ပြီးတော့ အခုအချိန်မှာ အထီးကျန် ဖြစ်နေရတဲ့ အစ်ကိုစိမ်းနွယ် အတွက် လည်း စိတ်မကောင်း ဖြစ်မိလို့ ငြိမ်း မေးလိုက်မိတာပါ ။ ငြိမ်း ကို စပ်စုတယ် မထင်ပါနဲ့ နော် ”


ကျွန်မ မျက်ဝန်း ထဲမှ ကရုဏာရိပ်တို့ ကို သူ ဖမ်းယူသွားမိဟန် တူပါသည် ။ စောစောက ရိပ်ခနဲ တင်းမာ သွားခဲ့သော သူ့ မျက်နှာထား က ရုတ်ခြည်း ပြန်လည် ပြေလျော့သွား၏ ။ ပြီးမှ ပင့်သက် တစ်ရှိုက် ကို ချလိုက်ကာ သူ က ပြန်လည် မေးခွန်း ထုတ်၏ ။


“ ဘာလို့ အဲဒီ အကြောင်းတွေ ကို မေးချင်ရတာလဲ ငြိမ်းရယ် ” 


“ ငြိမ်း က စိတ်ဝင်စား နေမိလို့ပေါ့ ၊ အဲ .. စိတ်မကောင်း ဖြစ်မိတာလည်း ပါတာပေါ့ ” 


အလောတကြီး ပြောလိုက်မိ ပြီးမှ ကျွန်မ ၏ ဆန္ဒစောမှု ကို ပြန် သတိပြုမိ လိုက်ကာ နောက်ဆက်တွဲ စကားလုံးများ ဖြင့် အမြန် ဖာထေး ပြုပြင် ယူလိုက်ရသည် ။ သူ က ဆတ်ခနဲ ခေါင်းခါ ပြလိုက်ကာ ကျွန်မ မျက်လုံးတွေ ထဲသို့ စူးစူး စိုက်စိုက် ကြည့်လိုက်၏ ။ ထို အကြည့်များကို ရဲဝံ့စွာ ရင်ဆိုင်လျက် သူ့ မျက်လုံး များနှင့် အင်အား ပြိုင်ကာ ပြန်လည် စူးစိုက် ကြည့်နေမိသော အချိန်များ တွင် ကျွန်မ ရင်ထဲမှာ ပြင်းထန်စွာ ခုန်လှုပ်လျက် ရှိပါသည် ။ အဲဒီအချိန် က တည်ငြိမ် သယောင် ဟန်ဆောင်ဖို့ အသည်းအသန် ကြိုးစား ဆောက်တည် နေရသော ကျွန်မ ၏ ဒုက္ခ ကို သူ ရိပ်မိခဲ့လိမ့်မည် မဟုတ်ပါ ။


“ မဟုတ်သေးဘူး ငြိမ်း ၊ ဒါဟာ ငြိမ်း စိတ်ဝင်စားရမယ့် ကိစ္စ မဟုတ် သလို စိတ်မကောင်း ဖြစ်နေရမယ့် ကိစ္စ လည်း မဟုတ်ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အစ်ကို နဲ့ ငြိမ်း ဟာ နောက် တစ်ပတ် ကျော် ရင်ပဲ ခွဲခွာ သွားကြရတော့မယ့် သူတွေ ဖြစ်နေပြီ ။ နောက် နှစ်ပေါင်း များစွာလည်း ပြန် တွေ့ချင်မှ လည်း တွေ့ကြရမယ့် သူတွေ ဖြစ်နေခဲ့ကြပြီ ။ အစ်ကိုစိမ်းနွယ် မန္တလေး ကို အလုပ်ကိစ္စ အဆင်ပြေလို့ သွားရတော့မယ် ။ စောနေသေးလို့ ငြိမ်းကို အစ်ကို နှုတ်မဆက် သေးတာ ၊ မကြာခင် ကိုယ် နဲ့ အလှမ်းဝေး သွားရတော့မယ့် လူ တစ်ယောက် အကြောင်း ကို ဘာလို့ ငြိမ်း တွေး နေရတာလဲ ၊ ခေါင်း ထဲ က ထုတ်ပစ် လိုက်တော့ပေါ့ ”


ထို စကားသည် ကျွန်မ ကို လှိုက်ဟာ ခြောက်ခြား သွားစေခဲ့ပါသည် ။ သူ က ကျွန်မ ကို ဒုတိယအကြိမ် ခွဲခွာ သွားပြန်ဦးတော့မည် တဲ့လား ။ ပြီးတော့ အဲဒီ ဒုတိယအကြိမ် ခွဲခွာမှုသည် ကျွန်မ နှင့် သူ့ အတွက် ထာဝရ ခွဲခွာခြင်းများ ဖြစ်သွားခဲ့တော့မှာလား ။ ဟင့်အင်း .. ။ မရက်စက်လိုက်ပါနဲ့ဦး ကံကြမ္မာရယ် ဟု အားငယ်နာကျင်စွာ တိုင်တည်နေမိဆဲမှာပင် ထိုကံကြမ္မာ ဆိုသည့် အကောင်အထည်မဲ့ ကြိုးဆွဲဆရာ ၏ အက်ရှသော သရော် ရယ်မောသံ ကို ကြားယောင် လာရ သလို ကျွန်မ ခံစားရပါသည် ။ လှိုက်တက်လာသော ကြေကွဲမှု က ကျွန်မ မျက်ဝန်းများ မှာ ရေငွေ့ပျံလာစေခဲ့သည် ကို ကျွန်မ ကိုယ်တိုင် ပင် မသိရှိလိုက်ရပါ ။ ကျွန်မ သိရှိလိုက်ရချိန်တွင် ကျွန်မ ပါးပြင်တွေ ပူနွေး နေခဲ့ပြီ ။ ဘုရားရေ ... ကျွန်မ မျက်ရည် ကျနေခဲ့ပြီး ပါပြီကော ။ ပြီးတော့ သူ သည် ကျွန်မ ရင် ထဲမှ ခံစားမှုများ ကို လျှို့ဝှက်စွာ သိရှိနားလည် နေခဲ့ပြီး ဖြစ်ကြောင်း ကိုလည်း ထိုခဏ မှာပဲ စတင် ဖွင့်ဟ လာခဲ့တော့သည် ။ ထုံးစံအတိုင်း သူ့ လေသံ က ပန်းတစ်ပွင့် ၏ ပွင့်ဖတ်များ လို နူးညံ့သော်လည်း ထို နူးညံ့သော စကားလုံးများ ၏ အဓိပ္ပာယ်များကတော့ သံမဏိမြားတစ်စင်း ၏ ဖြောင့်စင်းခိုင်ကျည်မှုမျိုး အတိ ဖြစ်နေခဲ့ပါသည် ။


“ မငိုပါနဲ့ ညီမလေး ရယ် ၊ ငြိမ်း ကို အစ်ကို နားလည်ပါတယ် ။ အစ်ကို အခု တစ်ခေါက် မန္တလေး က ပြန်လာခဲ့ပြီး ကတည်းက ပြောင်းလဲ လာခဲ့တဲ့ ငြိမ်း ဘက်က ဆက်ဆံရေးတွေ ကို အစ်ကို သိ နေခဲ့ပါတယ် ။ ဒါပေမဲ့ ငြိမ်း ၊ ရေနစ်နေတဲ့ သူ ကို ကရုဏာ နဲ့ ဆင်း ဆယ်ရင်း အဲဒီ လူ အတွက် နဲ့ ကိုယ် ပါ ရောနစ်ပြီး အသက်ဆုံးရှုံး သွားကြတဲ့ ကယ်တင်ရှင်တွေ အကြောင်း ငြိမ်း လည်း ကြားဖူးခဲ့မှာပေါ့ ။ ရေကူး တတ်ရုံ နဲ့ ရေနစ်သူ ကို ဆင်းကယ်ဖို့ လွယ်ကူတယ် ထင်ရပေမယ့် ရေကူးခြင်း အတတ်ပညာ နဲ့ အတူ ကိုယ့်ကံကြမ္မာ နဲ့ ဘဝ တစ်ခုလုံး ကိုပါ ထည့် လောင်းကြေး တင်ပြီး ကယ်ရတာမျိုးပါလားလို့ ဆက် တွေးဦးမှပေါ့ ။ အစ်ကို ဟာ လောလောဆယ် မှာ ရေနစ် နေတဲ့ လူ တစ်ယောက် ဖြစ်ပေမယ့် ငြိမ်း ကို ကယ်တင်ရှင် တစ်ယောက် အဖြစ် အကူအညီ တောင်းမယ့် လူ မဟုတ်ဘူး ၊ ရေနစ်သူ အတွက် မြက် တစ်ပင် ဟာ အားကိုးရာ ဆိုပေမယ့် ငြိမ်း ဟာ အစ်ကို့ အတွက် မြက် တစ်ပင် မဖြစ်စေရဘူး ။ ငြိမ်း ရဲ့ သံယောဇဉ် ကို အစ်ကို သိနေခဲ့ပါတယ် ။ ဒါပေမဲ့ ငြိမ်း ရယ် အစ်ကို တို့နှစ်ယောက် ဘဝတွေ က နီးစပ်ဖို့ မဖြစ်နိုင်ပါဘူး ကွယ် ”


နေ့ခင်းကြောင်တောင် မှာပင် တစ်ခဲနက် သိပ်သည်းသော အမှောင်တိုက်ကြီး တစ်ခု ထဲသို့ ပြုတ်ကျသွား သကဲ့သို့ ကျွန်မ ခံစား လိုက်ရပါသည် ။ “ မိုး မမြင် လေမမြင် အရူးအမူး ” ဟု ဆိုနိုင်မည့် အပြင်းထန်ဆုံးသော ချစ်ခြင်း တောင်ကျချောင်းရေ အလျင် မှာ ကျွန်မ ၏ ဟန်ဆောင် ထိန်းချုပ်နိုင်စွမ်းရည်တွေ က သစ်ရွက် တစ်ရွက်လို အတိုင်းအဆမဲ့ မျောပါ သွားခဲ့ပြီ ထင်သည် ။ မီးတောင် တစ်လုံး မှ ပွင့်ထွက် လာခဲ့သော ချော်ရည်မြှုပ်တွေ လိုပင် ကျွန်မ ရင် ထဲက တစ်ဟုန်ထိုး လျှံတက် လာခဲ့သော စကားလုံးတွေ ကို ကျွန်မ မတားဆီးနိုင်ခဲ့တော့ ။ 


“ ဟင့်အင်း ... အစ်ကိုစိမ်းနွယ် မပြန်ရဘူး ၊ မပြန်ပါနဲ့တော့ အစ်ကို ရယ် ။ ငြိမ်း ရဲ့ဆန္ဒ မှန်သမျှကို ငြိမ်း မိဘ ၊ ငြိမ်း အသိုင်းအဝိုင်း က ဘယ်တုန်းကမှ ကန့်ကွက် ခဲ့ရိုး ထုံးစံ မရှိဘူးလို့ ငြိမ်း ပြောရဲတယ် ၊ ငြိမ်း အနားမှာပဲ အတူတူ နေပါတော့နော် ” ဆိုသော စကားလုံးတွေ က ကျွန်မ နှုတ်ဖျားမှ အသိမဲ့စွာ တရစပ် ထွက်ပေါ် နေခဲ့သော ကျွန်မ ၏ ဆန္ဒချော်မြှုပ်တွေ ဖြစ်နေခဲ့တော့သည်လေ ။ သို့သော် ကျွန်မ က တောက်လောင် နေ သလောက် ထို တောက်လောင်မှု နှင့် အချိုး ညီမျှလောက်သော အေးစက်မှုဖြင့် ရပ်တည်ခဲ့သူ မှာ သူ ပင် ဖြစ်နေခဲ့ပြန်ပါသည် ။ 


“ ကဲ ... ညီမလေး ငြိမ်း ၊ ဒီနေ့ တော့ စိတ်အေးအေး နဲ့သာ အနားယူ လိုက်တော့နော် ။ အစ်ကို ပြန်တော့မယ် ။ မန္တလေး ကို မသွားခင်အတွင်း ငြိမ်း လိုက်လို့ အပြေပြစ်ဆုံး ဖြစ်နိုင်မယ့် သီချင်းတွေ အစ်ကို တက်ပေးခဲ့မယ် ၊ ဟုတ်ပလား ” တဲ့ ။


ဘယ်လောက်များ မဆီမဆိုင်သည့် စကားကို သွေးအေးအေး နှင့် ပြောခဲ့ သူ ဖြစ်ပါသနည်း ။ မည်သို့ဖြစ်စေ ၊ ထိုည ကပင် ကျွန်မက ပြတ်သားသော ဆုံးဖြတ် ချက် တစ်ခု ကို ချနိုင်ခဲ့ပါသည် ။ မိန်းမသား တစ်ယောက် ရဲ့ ချစ်ခြင်းစစ်စစ်ကို သူ ပြက်ရယ် ပြုဝံ့ပါသလား ။ ကျွန်မ ရှေ့ဆက် တိုးရပါလိမ့်မည် ။ ထိုသို့ ဆက် တိုးဝံ့ လောက်သည့် အင်အား အဝဝသည် ကျွန်မ နှလုံးသား ထဲမှာ အုံဖွဲ့ စုဆောင်းခဲ့ပြီး ဖြစ်သည် ကို သူ သိရှိ သွားစေရမည် ။ ဟုတ်သည်လေ ။ ကျွန်မ က အရိပ် ခိုဖို့ မဟုတ် ။ အရိပ် မိုးပေးဖို့သာ ဖြစ်သည် ။ ထို့ကြောင့် ကျွန်မ ဘက်က လိပ်ပြာသန့်စွာ ပြတ်သား စွန့်စားရဲရမည်ပဲ မဟုတ်လား ။ အဲဒီ ပြတ်သား စွန့်စားမှုကို သူ ဘယ်လို အင်အား သတ္တိ ဖြင့် တင်းခံ ထားနိုင်ရမည်တဲ့ လဲ ။ သို့ပေမည့် ကျွန်မ တွက်ကိန်းများ မှားယွင်း နေခဲ့ကြမှန်း ကို သူနှင့် ခွဲခွာရ သည့် နေ့မှာပင် ကျွန်မ မယုံကြည်နိုင်စွာ သိရှိခဲ့ရပါသည် ။ အံ့ဩဖွယ် တိုက်ဆိုင်မှုမှာ ထိုသို့ သိလိုက်ရသည့် နေ့ သည်ပင် သူ့ အပေါ်၌ ကျွန်မ ၏ နာကျည်းမုန်းတီး စက်ဆုပ်မှုတို့ ပြိုကျခဲ့သော နေ့ ဖြစ်ခဲ့ရခြင်းပင် ဖြစ်လေသည် ။


( ၆ )


ထိုနေ့ က နှင်းရိပ်နှင်းငွေ့ မပြယ်တတ်သေးသော ဘူတာရုံကလေး ၏ ပတ်ဝန်းကျင် သည် အေးမြလျက် ရှိ သော်လည်း ကျွန်မ ရင် ထဲမှာတော့ နေဆယ် စင်း ထွန်းလင်းခဲ့ပြီ ဖြစ်သည် ။ ကျွန်မ မျက်လုံးတွေ ထဲ က အပူရှိန်တွေ ကိုသာ စွမ်းအင် တစ်ရပ် အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့လျှင်လည်း ကျွန်မ ရှေ့မှာ ရှိနေသော ‘ သူ ’ သည် စက္ကန့်ပိုင်း အတွင်း မှာပင် မီးသွေးတုံး တစ်တုံး ဖြစ်သွားခဲ့လိမ့်မည် ထင်ပါသည် ။ ကြည့်ပါဦးတော့လေ ။ ကျွန်မ ၏ ချစ်ခြင်း နှင့် စွန့်လွှတ်စွန့်စားခြင်း ဟူသမျှ တို့ကို လုံးဝဥဿုံ တန်ဖိုးမဲ့ သွားအောင် သူ ပြောလိုက်သည့် စကား ... 


“ ဘာ ... ငြိမ်း က အစ်ကို့ နောက်ကို လိုက်ခဲ့ဖို့ ဟုတ်လား ၊ မဖြစ်နိုင်တာပဲ ငြိမ်း ရယ် ”


ကျွန်မ မျှော်လင့်ခြင်း တို့ကို ဆုတ်ချေ ပစ်လိုက်သော စကားပင် ဖြစ် သည် ။ ထိုအချိန်၌ ရှက်ရွံ့ အားငယ်ခြင်း နှင့် နာလိုခံခက်ခြင်း တို့သည် ကျွန်မ ရင် ထဲမှာ တစ်ပြိုင်နက်တည်း ယှဉ်ပြိုင် ဖြစ်ပေါ်နေလျက် ရှိပါသည် ။


“ ဒါပေမဲ့ ငြိမ်း ဆုံးဖြတ်ခဲ့ ပြီးပြီလေ ။ အိမ် မှာ တောင် အစ်ကိုစိမ်းနွယ် နဲ့ အတူ လိုက်သွားပြီ လို့ စာ ရေး ထားရစ်ခဲ့ပြီးပြီ ။ ငြိမ်း ပျောက် နေလို့ ငြိမ်း အိပ်ခန်း ထဲ ကို ဝင် ကြည့်ကြရင် အဲဒီ စာ ကို အလွယ်တကူ တွေ့ နိုင်အောင် ထားရစ်ခဲ့တာ ”


“ ဟာ ... ၊ ဒုက္ခပဲ ၊ ငြိမ်း ဘာတွေ လျှောက် လုပ်ခဲ့တာလဲ ၊ ပြန်ပါကွာ ၊ နော် ... ငြိမ်း ၊ အချိန် မနှောင်းသေးခင် ငြိမ်း ပြန်တော့ ၊ အချစ် ဆိုတာ စိတ်ကူးယဉ်စရာ ကိစ္စ တစ်ခု မဟုတ်ဘူး ငြိမ်း ”


နူးညံ့သော လေသံ နှင့် ပြောလိုက်သည့် ထို ဖျောင်းဖျမှုကပင် ကျွန်မ ၏ မာန နှင့် အရှက်တရား ၊ သိက္ခာ နှင့် ယုံကြည်မှု တို့ကို ဖောက်ခွဲ ပစ်လိုက်ခြင်း နှင့် ထပ်တူ ကျနေခဲ့သည် ။ ကျွန်မ ထောင်းခနဲ ဒေါပွ သွားသော်လည်း ပြန်လည် ထိန်းချုပ် လိုက်ပါသည် ။ တစ်ခြား ကြောင့် မဟုတ် ။ ထိုအချိန်ကလေး သည် သူ နှင့် ကျွန်မ ၏ နောက်ဆုံး ဆုံတွေ့ကြသော အချိန်ကလေး ဖြစ်သလို တစ်ဘဝစာ လက်တွဲ ချစ်ကြည်နိုင်မှု၏ နိဒါန်း အစ ကာလလေး တစ်ခုလည်း ဖြစ်သွားနိုင်ကြောင်း ကျွန်မ အသိတရားက တရစပ် သတိပေး နေသောကြောင့် ဖြစ်သည် ။


“ ငြိမ်း စိတ်ကူး ယဉ်နေတာ မဟုတ်ဘူး အစ်ကို ၊ ငြိမ်း တကယ်ပဲ စဉ်းစား ပြီးမှ အိမ် ကနေ ထွက် လိုက်လာခဲ့တာ ၊ ဒီနေ့ အစ်ကို့ နောက် ကို ငြိမ်း လိုက်လာခဲ့တာ အစ်ကို နဲ့ တစ်သက်တာ လက်တွဲဖို့ ၊ ငြိမ်း သိတာ အဲဒါပဲ ၊ ငြိမ်း အစ်ကို့ ကို မခွဲနိုင် ဘူး ၊ ငြိမ်း ကို ခေါ်သွားပါနော် ။ ဘူတာ ကို ရောက်ပြီး မှတော့ ငြိမ်း လှည့် မပြန်ပါရ စေနဲ့တော့ အစ်ကို ရယ် ”


ကျွန်မ စကားတွေ က မိန်းမပျို တစ်ဦး၏ ချစ်ခြင်းမေတ္တာ အတွက် စောင့်စည်းအပ်သည့် ကန့်သတ်ခြင်း နယ်မြေ နောက်ဆုံး စည်း ကို ချိုးဖောက် ဖြတ်သန်း လွန်မြောက်ခဲ့ပြီ ဆိုတာ လောက်တော့ သူ နားလည်နိုင်လိမ့်မည် ဖြစ်ပါသည် ။ ကျွန်မ အတွက် ထို့ထက် ပို၍ လျော့ချပေးစရာ “ မိန်းမဈေး ” တစ်ပြားတစ်ချပ် ပင် မရှိနိုင်တော့တာ ကို လည်း သူ သိခဲ့မှာပဲ ဖြစ်သည် ။ သို့သော် သူသည် ကျွန်မ လုံးဝ မျှော်လင့် မထားခဲ့မိသော အရက်စက်ဆုံး စကား တစ်ခွန်းဖြင့် ကျွန်မ ကို တုန့် ပြန်လာခဲ့သည်မှာ အိပ်မက် မဟုတ်ခဲ့ပါ ။


“ ငြိမ်း ... ၊ ငြိမ်း က ပွဲလန့်တုန်း ဖျာ ဝင်ခင်းချင်တဲ့ မိန်းကလေးမျိုးလား ၊ ငြိမ်း ရဲ့ တန်ဖိုး က အဲဒါပဲလား ” 


“ ဘာ ... ”


ကျွန်မ တစ်ကိုယ်လုံး ဆတ်ခနဲ တုန် သွားခဲ့သည် ။ ကျွန်မ ကို ဖြတ်ရိုက် ပစ်လိုက်သည် ထက် နာကျင်စေခဲ့သော ယိုးစွပ်မှုကို နား နှင့် ဆတ်ဆတ် ကြားလိုက် ရခြင်းဖြစ်ပေမည့် ကျွန်မ “ နား ” တွေ ကို ကျွန်မ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သွားရခဲ့ရသည် ။ ကျွန်မ အကြားအာရုံတွေ မမှားယွင်း ဟု အသိတရား က ပြဋ္ဌာန်း အတည်ပြု လိုက်သည် နှင့် တစ်ပြိုင်နက် ကျွန်မ မျက်နှာပြင် တစ်ခုလုံး သည် လည်း တရှိန်ရှိန် ပူပြင်းထူအမ်း လာခဲ့တော့သည် ။ စော်ကားလိုက်တာ ၊ ပြောထွက်ရက်လိုက်တာ ဟူသော အရှက် ဖြင့် မွှန်ထူ ပေကျံ နေသည့် စကားလုံးတွေ က ကျွန်မ ရင် ထဲမှာ ပဲ့တင်ထပ် ဟိန်းဟိန်းညံ နေခဲ့သည် ကို သူ သိနိုင်ခဲ့လိမ့်မည် မဟုတ်ပါ ။ ထို ခဏမှာပင် သူ က ထပ် ပြော ပြန်ပါသည် ။


“ ဟုတ်တယ်လေ ၊ ငြိမ်း ဟာ အချစ် တစ်ခု က လွဲရင် ကျန်တာ ဘာမှ မမြင်နိုင်တော့လောက်အောင် မျက်ကန်း တစ္ဆေ မကြောက် ဆုံးဖြတ်ချက်မျိုး ချပြီး ထွက်လာခဲ့တဲ့ မိန်းကလေး တစ်ယောက် ပဲ ၊ ငြိမ်း ရဲ့ ပျိုမျစ်မှုတွေ ၊ လှပမှုတွေ ၊ ကြွယ်ဝမှုတွေ က အစ်ကို့ ကို အမိ ဖမ်းနိုင်ဖို့ ငြိမ်း အတွက် အားကိုး လောက်တဲ့ ထောင်ချောက်တွေ မဟုတ်ဘူး ဆိုတာ ငြိမ်း သိခဲ့ဖို့ကောင်းတယ် ” 


“ အို ... တော်ပါတော့ ၊ ဆက်မပြောပါနဲ့တော့ ”


အလန့်တကြား ဖြတ် အော်ပစ်လိုက်သော ကျွန်မ အသံက အတော် ကျယ်လောင်သွားခဲ့၏ ။ မှန်သည် ။ ကျွန်မ ဘယ်လိုမှ ဆက်၍ သည်းမခံနိုင်တော့ ပါ ။ ကျွန်မ ရဲ့ ချစ်ခြင်းမေတ္တာ ကို သူ က ထောင်ချောက် တစ်ခု လို့ ရက်စက်စွာ သတ်မှတ်ခဲ့တာပါလား ။ ထို အသိက ကျွန်မ ကို မိုက်ခနဲ မူးဝေ လဲကျ သွားစေနိုင် လောက်အောင် စူးနစ်ကြမ်းရှလွန်းလှပါသည် ။ ဟောဒီ တစ်ခဏ မှာ ကျွန်မ သူ့ ရှေ့ က အငွေ့ပျံ ၍ ပျောက်ဆုံး သွားနိုင်ခဲ့လျှင် ဘယ်လောက် ကောင်းလိုက်မလဲ ။ သူ့ လောက် ကျွန်မ ၏ မာန နှင့် သိက္ခာ တို့ကို မြူ တစ်မှုန်စာမျှ မကျန် သေးနုပ်သိမ်ငယ် သွားအောင် စော်ကား ထိပါးစေနိုင်ခဲ့သည့် ယောက်ျားမျိုး ကို ကျွန်မ တစ်သက် မှာ မတွေ့ခဲ့ဖူးပါလား ။


ကျွန်မ ရင်ထဲ မှာ တလိပ်လိပ် တက် လာခဲ့သော ရွံ့ရှာစက်ဆုပ်ခြင်း ၊ မုန်းတီးနာကျည်းခြင်း တွေ ကသာ မြစ်တစ်စင်းလို ရေထုထည်ပမာဏ ရှိခဲ့မည် ဆိုလျှင် သူသည် အဲဒီ ရေပြင် အောက် မှာပင် စုံးစုံးနစ်မြုပ်သွားခဲ့လိမ့်မည် ထင်သည် ။ မီးဝင်းဝင်း တောက်နေမည့် အကြည့် တို့ဖြင့် သူ့ ကို ဝမ်းနည်းစွာ စိုက် ကြည့်ရင်း ဆွံ့အ,နာကျင် နေရသော စက္ကန့်များ ကို ကျွန်မ တစ်သက် ဘယ်လိုမှ ဖျောက်ဖျက်ပစ်နိုင်တော့မှာ မဟုတ်ပါ ။ ဝန်ခံရလျှင် သူ ၏ နားလည်ငဲ့ညှာခြင်း ၊ ထောက်ထားစာနာခြင်း နှင့် ချစ်ခြင်းမေတ္တာ ကို မျှော်လင့်ခဲ့မိခြင်း မှာ ကျွန်မ ၏ မိုက်မဲ ရူးသွပ်မှု တစ်ခုသာ ဖြစ်ကြောင်း ကို အဲဒီတော့ မှ ပင် ကျွန်မ အံ့အားသင့်စွာ သိရှိ တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်ပါသည် ။


“ ဟုတ်တယ် ၊ ကျွန်မ ရှင့် ကို ချစ်ခဲ့တယ် ၊ ချစ်ခဲ့မိ သမှ ရူးရူးမူးမူး ကို ချစ်ခဲ့မိတာ ၊ အထီးကျန် ဖြစ်နေတဲ့ ရှင့်ဘဝ ကို ကရုဏာသက်မိရာက တစ်ဆင့် တစ်စတစ်စ သန္ဓေတည် မွေးဖွား လာခဲ့တဲ့ ချစ်ခြင်းမျိုး နဲ့ ချစ်မိခဲ့တာ ။ ဒါပေမဲ့ အခုတော့ ကျွန်မ သိပြီ ၊ ရှင် ဟာ သိပ်ကို အတ္တကြီးတဲ့ လူ ၊ မိန်းကလေး တစ်ယောက် ရဲ့ အရှက်နဲ့ သိက္ခာတရား ကို အမှိုက်တစ်စ လောက်မှ တန်ဖိုးထား လေးစားရ ကောင်းမှန်း မသိတဲ့လူ ၊ စာနာမှု မရှိတဲ့ လူ ၊ ပက်ပက်စက်စက် စွပ်စွဲချက်တွေနဲ့ မိန်းကလေး တစ်ယောက် ကို သွေးအေးအေး စော်ကားရက်စက်နိုင်လောက်အောင် အသည်းနှလုံး မရှိတဲ့ လူ ၊ ကျွန်မ ရှင့် ကို နာကျည်းတယ် ၊ မုန်းတယ် ၊ အဆုံးစွန်သော စက်ဆုပ်မှုမျိုး နဲ့ ရွံတယ် ။ ရှင် ဟာ ကျွန်မ တွေ့ဖူးသမျှ ထဲမှာ ရွံရှာစရာ အကောင်း ဆုံးလူ ”


ကျွန်မ နှုတ်ဖျား က တရစပ် လွင့်ကျလာခဲ့သော စကားတွေကို သူ က ခပ်ပြုံးပြုံးပင် နားထောင် နေခဲ့သည် မှာ တော်တော် အသည်းယားဖို့ ကောင်းသည့် အပြုအမူပင် ဖြစ်ပါသည် ။ ကျွန်မ တစ်ကိုယ်လုံး တဆတ်ဆတ် တုန် နေအောင် ကြေကွဲဒေါသ ဖြင့် သွေးပျက် နေချိန်မှာ သူ က ကျွန်မ နှင့် ဆန့်ကျင်စွာ မတုန်မလှုပ် အေးဆေးတည်ငြိမ် နေခဲ့ပုံမှာလည်း ဘယ်လိုမှ ခွင့်မလွှတ်နိုင်လောက်သည့် ရက်စက်မှုတစ်ခု ဟုပင် ကျွန်မ သတ်မှတ်ရ ပေလိမ့်မည် ။


“ ဒီမှာ ငြိမ်း ၊ အသက် ( ၁၈ ) နှစ် တောင် မပြည့်သေးတဲ့ ငြိမ်း လို ကလေးတစ်ယောက် ရဲ့ တရားမဝင်နိုင်သေးတဲ့ စွပ်စွဲချက်တွေ ကို ငါ ခွင့်လွှတ်နိုင်တယ် ၊ ပြီးတော့ ပြောလိုက်ဦးမယ် ၊ နားထောင်စမ်း ငြိမ်း ”


ကျွန်မ သူ့ ကို ဆတ်ခနဲ မော့ကြည့်လိုက်သော်လည်း မျက်ရည်ပြင် တစ်ထပ် ခြားကာ သူ့ မျက်နှာ က ဝေဝါးလျက် ရှိပါသည် ။ ထို ခဏမှာပင် သူ က လေသံ တိုးတိုးဖြင့် ပြောချလိုက်သည် ။ သို့သော် ကျွန်မ နှလုံးသား မှာတော့ ဗုံး တစ်လုံး လို ကျယ်လောင်စွာ ပေါက်ကွဲ သွားစေခဲ့သော စကားပင် ဖြစ်ပါသည် ။ 


“ ငါ မင်း ကို သမီးလေး တစ်ယောက် လို ချစ်ခဲ့တယ် ၊ မင်း ပြန်တော့ ”


နုနယ်စိမ်းသစ်စ နွယ်တစ်ပင် ကို ထက်စွာသော ဓားဖြင့် တိခနဲ ပိုင်းဖြတ် ပစ်လိုက် သကဲ့သို့ ရှိသော ထို စကားသံ သည် ဘူတာရုံ ထဲက ကျွန်မ ပြန် လှည့်ထွက် ပြေးခဲ့ပြီးသည် အထိ ကျွန်မ နားအစုံ ထဲမှာ ပဲ့တင်ထပ် လိုက်ပါ လာခဲ့သည် ။ ထို့ထက် ပို၍ သေချာသည် မှာ နာကျည်းမုန်းတီးမှု ဖြင့် နှစ်ပေါင်း ( ၂ဝ ) တိုင်တိုင် ကျွန်မ အာရုံမှာ မပျက်ပြယ် စတမ်း ခိုင်မာစွဲထင်ခဲ့သော အမာရွတ် တစ်ခု သဖွယ် စကား တစ်ခွန်း လည်း ဖြစ်နေခဲ့ပါသည်လေ ။


( ၇ ) 


ခုတော့ ဘယ်လောက်များ အံ့ဩဖို့ ကောင်းတဲ့ ဖြစ်ရပ်ပါတဲ့လဲ ။ 


လောက၌ မဖြစ်နိုင်ဆုံးသော အဖြစ်အပျက် တစ်ခု မှာ ကျွန်မ ကိုယ်တိုင် က ဝင်ရောက် သရုပ်ဆောင် ခဲ့သူတစ်ဦး ဖြစ်နေခဲ့ရသည်လေ ။ နှစ်ပေါင်း ( ၂ဝ ) ကျော် သည် အထိ နာကျည်း မုန်းတီးခဲ့ရသော ကျွန်မ က သူ ၏ နောက်ဆုံး လဲ လျောင်းရာ အုတ်ဂူကလေး ရှေ့မှာ ဆိုက်မြိုက် ရောက်ရှိ နေခဲ့ရပြီ ဆိုသော အဖြစ် သည် ကျွန်မ တစ်သက်တာ မက်ခဲ့ရဖူးသော အိပ်မက် များစွာ တို့ ထက် ထူးခြား ဆန်းကြယ်သော အိပ်မက်သစ် တစ်ပုဒ် ပင် ဖြစ်ပါသည် ။ 


ကျွန်မ ၏ ဆရာ ...  ၊ ပြီးတော့ ... ချစ်သူ ...  ၊ ပြီးတော့ ... မုန်းသူ တစ်ယောက်က ကျွန်မ ရှေ့ဘက် က အုတ်ဂူကလေး ထဲ မှာ ထာဝရ အိပ်စက်သွားခဲ့ပြီတဲ့လား ။ “ စန္ဒရားစိမ်းနွယ် ၊ အသက် ( ၅၆ ) နှစ် ၊ ၁ဝ . ၁၀ . ၉၈ နေ့တွင် ကွယ်လွန် သည် ” ဆိုသော ကျောက်ထွင်း အက္ခရာကလေးတွေ က ကျွန်မ ကို ညှို့ငင်ထားနိုင်ခဲ့လေသည် ။ ရှင် ရက်ရက်စက်စက် စွန့်ပယ်ခဲ့ဖူးတဲ့ မိန်းကလေး တစ်ယောက် အခု ရှင့် ရဲ့ အုတ်ဂူ ရှေ့ မှာ ရောက်နေခဲ့ပြီ ဆိုတာကို ရှင် သိရဲ့လား ဟင် ... ။ 


ကျွန်မ နာကျည်းစွာပင် ဘယ်ဆီ မှာ မှန်း မသိနိုင်သည့် သူ့ ဝိညာဉ် တွေကို ရည်ရွယ်တိုင်တည် လိုက်ရင်း ကျွန်မ လက် ထဲမှာ ပါလာသော နှင်းဆီပန်း စည်း ကို သူ့ အုတ်ဂူ ပေါ်သို့ အသာအယာ လှမ်း တင်လိုက်မိသည် ။ ဒါဟာ တပည့် တစ်ဦး ၏ နောက်ဆုံး ဂါရဝ ပြုခြင်းလည်း ဖြစ်နိုင်သလို ရှုံးနိမ့်ခဲ့သူ တစ်ဦး ၏ နောက်ဆုံး တုန့်ပြန် အနိုင်ပိုင်း နှုတ်ဆက် လိုက်ခြင်း ဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုလို့ ရနိုင် လေမလား ။ ကျွန်မ အတိအကျ မဆုံးဖြတ်နိုင်ပါ ။ သို့သော် ကျွန်မ ပြန်ပါတော့မည် ။ ဘဝ တစ်သက်တာတွင် ကျွန်မ အပေါ် နားလည်စွာ ချစ်ကြည်ခဲ့သော ကျွန်မ ခင်ပွန်းသည် ၏ လိုက်လျောပေးဆပ်မှု ကို ကျွန်မ သည့်ထက် ပို၍ ဆက်လက် သုံးစွဲ ဖို့ မသင့်တော့ပါ ။


ကျွန်မ ခင်ပွန်းသည် သည် ဟောဒီ သင်္ချိုင်းဝင်း ၏ ရှေ့ဘက် တစ်နေရာ အထိ ကျွန်မ ကို သူ ၏ ကားဖြင့် လိုက် ပို့ပေးခဲ့ရုံမျှ မက သူ့ အုတ်ဂူ ကို ရှာဖွေဖို့ ကျွန်မ လျှောက်လာခဲ့စဉ် ကလည်း အလိုက်သိစွာ ကား ပေါ် မှာပင် ချန်နေရစ်ကာ ဝေးဝေး မှ စောင့်ကြည့်ပေးနေခဲ့သည်အထိ သဘောထား ကြီးပေးခဲ့သော လင် ယောက်ျားကောင်း တစ်ယောက် ဖြစ်ခဲ့သည် မဟုတ်လား ။ စတင် လက်ထပ်ခဲ့စဉ် ကပင် ကျွန်မ သည် သူနှင့် မတွေ့ဆုံရသေးသော အတိတ်ကာလ တစ်ခုဆီ တုန်း က စန္ဒရားဆရာ တစ်ယောက် ကို စွဲလန်း တွယ်တာ ခဲ့ဖူးသော မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ကြောင်း ကို ပွင့်ပွင့်လင်းလင်း ကြိုတင်ဝန်ခံ ထားခဲ့သည်လေ ။ သူ ကွယ်လွန်ခြင်း သတင်း ကို သတင်းစာ မှာ ဖတ်ရပြီး နောက်ပိုင်း ကျွန်မ ၏ နေထိုင်ရပ်တည်မှုများ ဟန်ချက် ပျက်လာခဲ့ တော့လည်း ...


“ ဘာပဲဖြစ်ဖြစ် ငြိမ်း ရင်ထဲမှာ ပေါ့ပါး သွားအောင် အဲဒီ ဆရာ ရဲ့ အုတ်ဂူ ကို သွားချင် သွားလိုက်လေ ၊ ဒီ သတင်းစာ ထဲမှာ သူ့ ကို ဂူသွင်းသင်္ဂြိုဟ်မယ့် သင်္ချိုင်း လိပ်စာ ကို ဖော်ပြထားတာပဲဟာ ။ ချစ်ခဲ့ဖူးသူ တစ်ယောက် ဆိုတာ ထက် ဆရာ တစ်ယောက် ဆိုတဲ့ အသိနဲ့ ဂါရဝ ပြုလိုက်ရရင် ငြိမ်း စိတ်တွေ ပြန်တည် ငြိမ်လာမှာပါ ။ အဲဒီကို ကိုယ် ကိုယ်တိုင် ပဲ လိုက်ပို့ပေးမယ် ဟုတ်ပလား ”


ဟု နားလည်စွာ လမ်းဖွင့် ပေးခဲ့သော ခင်ပွန်းသည် က ကျွန်မ ပြန် အလာ ကို စောင့်ကြိုနေလိမ့်မည် ဖြစ်သည်ပဲ ။ ဟုတ်သည် ။ ကျွန်မ ပြန်သင့်ပါပြီ ။ ထို ဆုံးဖြတ်ချက်ကို ချလိုက်စဉ် ကတော့ ကျွန်မ ၏ အပြန် ခြေလှမ်းတွေ တုံ့ဆိုင်းသွားစေခဲ့ မည့် ဖြစ်စဉ် တစ်ခု က ကျွန်မ ကို ဆီးကြိုနေခဲ့လိမ့်မည် ဟု ကျွန်မ မထင်ခဲ့မိပါ ။ သို့သော် အမှန်တကယ်ပင် ကျွန်မ ခြေလှမ်းတွေ တုံ့ဆိုင်း သွားခဲ့ရပါသည် ။


သူ့ အုတ်ဂူ ရှေ့မှ ကျွန်မ ပြန်လှည့် ထွက်ချိန်တွင် ကျွန်မ နောက်ဘက် မလှမ်းမကမ်းမှာ တည်ငြိမ်စွာ ရပ်တန့် နေခဲ့သော မိန်းကလေး တစ်ယောက် ကို ကျွန်မ မြင်ရ၏ ။ ထို မိန်းကလေး ၏ စူးစိုက် လေးနက်သော အကြည့် များက ကျွန်မ ကို ရုတ်ခြည်း ဖမ်းစားပစ်လိုက်နိုင်ခဲ့သည်မှာ တော်တော် အံ့ဩဖို့ ကောင်းသော ကိစ္စ တစ်ခု ပင် ဖြစ်ပါသည် ။ ထို့ထက်ပို၍ အံ့ဩဖွယ် ကောင်းသည် မှာ ထို မိန်းကလေး ၏ နှုတ်ဆက် စကားသံပင် ဖြစ်သည် ။


“ ခွင့်ပြုပါနော် ၊ သမီး မေးပါရစေ ၊ အန်တီ က အန်တီငြိမ်း လားဟင် ၊ နာမည်ရင်း က ဒေါ်နန်းနွဲ့ငြိမ်း လေ ”


ကျွန်မ ဆွံ့အ,စွာ မှင်တက်မိ သွားခဲ့သည် ။ နေပါဦး သည်မိန်းကလေး က ကျွန်မ ကို ဘယ်လိုကြောင့်များ သိနေခဲ့ရပါလိမ့် ။ ကျွန်မ သူ့ ကို စူးစူးစိုက်စိုက်ပင် ပြန်ကြည့်လိုက်မိသည် ။ ထို မိန်းကလေး နှင့် ကျွန်မတို့ အတော် ကြာသည် အထိ အကြည့်ချင်း ဆုံ နေခဲ့ကြပြီးသည့် နောက်တွင် တော့ ကျွန်မ ရင် ထဲမှာ ဒိတ်ခနဲ လှုပ်ခတ် သွားခဲ့ရတော့သည် ။ ဟုတ်တယ် ။ ကြည့်စမ်း ။ သည် မိန်းကလေး ရဲ့ မျက်လုံး တွေ ၊ နှုတ်ခမ်းတွေက သူ နှင့် ထပ်တူပဲ မဟုတ်ပေဘူးလား ။ ဘုရားရေ ... ဒါဆို သည် မိန်းကလေး ဟာ သူ့ ရဲ့ .. သူ့ ရဲ့ .. 


“ သမီး မေးနေတယ်လေ ၊ အန်တီ ဟာ ဒေါ်နန်းနွဲ့ငြိမ်း ဟုတ်ပါသလားလို့ ”


ထို ခဏမှာပင် သူမ ထံမှ လှိုက်လှဲသော အမေး စကားသံ က ကျွန်မ ကို လှုပ်နှိုးလာခဲ့ပြန်သည် ။ ကျွန်မ သည် အညှို့ငင် ခံထားရသူ တစ်ယောက် လိုပင် သူမ ၏ မေးခွန်း ကို ဖြေပေးလိုက်မိပြီး ဖြစ်သွားခဲ့ရသည် ။


“ ဟုတ်ပါတယ် ၊ အန်တီ ဟာ သမီး မေးတဲ့ အန်တီငြိမ်း ပါ ”


ကြည့်ပါဦးတော့လေ ၊ သူမ ရိပ်ခနဲ ပြုံးလိုက်ပုံ ကပင် “ သူ ” နှင့် တူနိုင်လှချည့် ။ ကျွန်မ ကို ရင်ခုန် လှုပ်ရှားသွားစေနိုင်လှချည့် ။ အံ့အားသင့်ခြင်း ကို မသိမ်း ရုတ်နိုင်မီမှာပင် သူမ ပြောလေသည် ။


“ ဝမ်းသာလိုက်တာ အန်တီ ရယ် ၊ သမီး က စန္ဒရားဦးစိမ်းနွယ် ရဲ့ သမီး ပါ ၊ အန်တီ ကို တွေ့ခွင့်ရဖို့ သမီး စောင့်မျှော်နေခဲ့တာ ရက်သတ္တပတ် လေးပတ် ရှိခဲ့ပြီ ။ ဒီနေ့ ဟာ တစ်လတိတိ ပြည့်တဲ့ နေ့ပဲပေါ့ ”


“ ဘာ ... ၊ ဘယ်လို ... ”


ကျွန်မ နှုတ်ဖျား မှ အလန့်တကြား အာမေဋိတ်သံ တစ်ခု ပြုတ်ကျသွားခဲ့ရသော စကား ကို ကြားလိုက်ရခြင်း ပင် ဖြစ်ပါသည် ။ 


“ ဟုတ်တယ် အန်တီ ရဲ့ ၊ မနက်တုန်းကပဲ ဖေဖေ့ အတွက် တစ်လပြည့် အထိမ်းအမှတ် ဆွမ်းသွတ် တရားနာတယ် ၊ သံဃာတော်တွေ ကို လှူဒါန်းဆက်ကပ်ပြီး အမျှ ဝေခဲ့တယ် ။ ခု ညနေတော့ ဖေဖေ့ အုတ်ဂူကို သန့်ရှင်းရေး လုပ်ရင်း အမှတ်တရ ပန်းတွေ တင်ဖို့ သမီး ရောက်လာခဲ့တာ ၊ အန်တီ က သမီး ထက် စောပြီး ကြိုတင် ရောက်နေနှင့်ခဲ့တယ်လေ ၊ အန်တီ့ နောက်မှာ သမီး ရောက် နေခဲ့တာ ( ၁၅ ) မိနစ် လောက် ရှိပြီ ၊ အန်တီ စိတ် အနှောင့်အယှက် ဖြစ်သွားမှာ စိုးလို့ သမီး အသံ မပေးဘဲ နောက် ကနေ ရပ်ကြည့်နေခဲ့တာ ”


“ နေ ... နေပါဦး သမီးရယ် ၊ သမီး က ဒီကို အမြဲ လာလေ့ရှိလားဟင် ” 


ကျွန်မ ၏ အဆောတလျင် မေးခွန်း အဆုံးမှာ သူမ ပြန်ဖြေလိုက်သော စကား သည် ကျွန်မ အတွက် ကြီးကျယ်ခမ်းနားသော လျှို့ဝှက်ချက် တစ်ခု ကို ဖော်ထုတ်လှစ်ဟပြလိုက် သကဲ့သို့ပင် ရှိပါသည် ။


“ ဖေဖေ က မှာထားခဲ့တယ် အန်တီ ၊ သူ ကွယ်လွန်ပြီး လို့ ရက်သတ္တ တစ်ပတ် ပြည့်တဲ့နေ့ ၊ နှစ်ပတ် ပြည့်တဲ့နေ့ ၊ တစ်လ ပြည့်တဲ့နေ့ ၊ နှစ်လ ပြည့်တဲ့နေ့ စသည်ဖြင့် ရက်လည် လလည် နေ့တွေတိုင်းကို ခြောက်လ တိတိ ပြည့်တဲ့နေ့ အထိ သူ့ အုတ်ဂူ ကို မပျက်မကွက် လာ စောင့်ကြည့်ပေးပါတဲ့ ၊ အဲဒီ ရက်တွေထဲက တစ်ရက် ရက် မှာ ငြိမ်း ဆိုတဲ့ အမျိုးသမီး တစ်ယောက် ကို တွေ့ခွင့်ရလိမ့်မယ်တဲ့ ၊ တကယ်လို့ ခြောက်လပြည့်တဲ့နေ့ အထိ မှ သူ့ အုတ်ဂူ မှာ တွေ့ခွင့် မရခဲ့ဘူး ဆိုရင် အဲဒီ ငြိမ်း ဆိုတဲ့ အမျိုးသမီး ဟာ သူ မသိတဲ့ တစ်နေရာရာ မှာ ကွယ်လွန်ခဲ့ပြီးရင် ဖြစ်မယ် ၊ ဒါမှ မဟုတ် ဒီ နိုင်ငံ ထဲမှာ မရှိတော့ဘဲ သူ မသိနိုင်တဲ့ ပြည်ပနိုင်ငံ တစ်ခုခုကို ပြောင်းရွှေ့ရောက်ရှိ သွားပြီးရင် ဖြစ်လိမ့်မယ်တဲ့ ၊ အခုတော့ ဖေဖေ ပြောထားခဲ့တဲ့အတိုင်း ပဲပေါ့ ၊ ဖေဖေ ကွယ်လွန်ပြီး တစ်လ ပြည့်တဲ့ နေ့မှာပဲ ဖေဖေ့ အုတ်ဂူရှေ့မှာ အန်တီ ကို သမီး ဆုံတွေ့ခွင့် ရခဲ့ပြီလေ ။ ဒီတော့ ဖေဖေ ပေးခဲ့တဲ့ တာဝန် ကို သမီး ကျေပွန်အောင် ဆောင်ရွက်နိုင်ခွင့် ရပြီပေါ့နော် ” 


ကျွန်မ မှာ သူမ ကို တုန့်ပြန်နိုင်စရာ စကားလုံး ရှာမရပါ ။ မီးတောင် တစ်လုံး ပေါက်ကွဲသည် ကို တစ်ခါမှ မမြင်တွေ့ ခဲ့ဖူးဘဲ ယခုမှ စတင် တွေ့မြင်လာ ရသည့် ကမ္ဘာဦး လူသား တစ်ယောက် ၏ အံ့ဩထိတ်လန့် ဆွံ့အ,ခြင်းမျိုးဖြင့်သာ သူမကို ငေးကြည့်နေခဲ့မိရပါသည် ။ ထိုခဏ မှာပင် သူမ က သူမ ၏ စလင်းဘက် ထဲ မှ ဒိုင်ယာရီ စာအုပ် တစ်အုပ် ကို ဆွဲထုတ်ပြီး ကျွန်မ ထံ ကမ်းပေးလိုက်သည် ။


“ အဲဒီ အန်တီငြိမ်း နဲ့ တွေ့ရင် ဟောဒီ စာအုပ် ကို ဆက်ဆက် ပေးလိုက်ပါ လို့ ဖေဖေ က မှာသွားပါတယ် အန်တီ ၊ ဒီ စာအုပ်ဟာ အန်တီ ပိုင်ဆိုင်တဲ့ စာအုပ် ပါ ၊ သမီး က ပိုင်ရှင် ကို စောင့်ပြီး ပေးအပ်ရတဲ့ သဘောပါပဲ ၊ အဲဒီ စာအုပ် ထဲမှာ ဖေဖေ က သူ့ ရဲ့ ငြိမ်း အတွက် သူ ပြောချင်တာကလေးတွေ ကို စာတစ်စောင် သီးသန့် ရေး ထားခဲ့တယ်လို့ ပြောသွားခဲ့ပါတယ် ။ ယူလိုက်ပါ အန်တီ ” 


ကျွန်မ သည် စိတ်ညှို့ ခံထားရသူ တစ်ယောက် လိုပင် သူမ ထံမှ စာအုပ်ကလေး ကို လက်ခံ ရယူလိုက်မိ၏ ။ ထိုအချိန်၌ ကျွန်မ ရင် ထဲမှာ ဖော်ပြရန် ခက်ခဲလှသော လွမ်းဆွတ်တမ်းတမှုများဖြင့် သူ့ ကို အပြင်းအထန် သတိရလာနေခဲ့ကြောင်း ကိုလည်း ဝန်ခံရမည် ဖြစ်ပါသည် ။ ဒိုင်ယာရီ ၏ မျက်နှာဖုံး ပေါ်တွင် ( ၁၉၇၈ ) ဆိုသော ပုံနှိပ်စာလုံးတွေ ကို ကျွန်မ မြင်ရသည် ။ လွန်ခဲ့သော နှစ်ပေါင်း ( ၂ဝ ) က စာအုပ် ။ တစ်နည်းအားဖြင့် သူ နှင့် ကျွန်မ ဆုံတွေ့ ခဲ့ကြသော နေ့ရက် များက အဖြစ်အပျက်တွေ က အဲဒီစာအုပ်ကလေး ထဲမှာ ရှင်သန်နိုးထ နေခဲ့လိမ့်မည် ကို ကျွန်မ အသေအချာ မှန်းဆ သိရှိနိုင်လိုက်ပါသည် ။ သူ ဘာတွေများ ရေးထားခဲ့လေမလဲဟင် ။


“ ဖေဖေ ရေးခဲ့တဲ့ စာ ကို အရင် ဖတ်ကြည့်ပါလား အန်တီ ၊ စာအုပ် ထဲက မှတ်တမ်းတွေ ကိုတော့ အန်တီ အေးအေးဆေးဆေး မှ ဖတ်လည်း ဖြစ်တာပဲ မဟုတ် လား ”


ထို မိန်းကလေး ၏ ညွှန်ကြားချက်တွေကို ကျွန်မ လိုက်လျောလိုက်နာ ခဲ့မိတာ ဘာကြောင့်များ ပါလိမ့် ။ ကျွန်မ အဖြေ မရှာနိုင်ပါ ။ သူမ ပြော သလိုသာ စာအုပ် ကြားမှ သီးသန့်စာအိတ်ကလေး ကိုပဲ ဦးစွာဖောက်၍ ဖတ်ကြည့်လိုက်ခဲ့ မိပါသည် ။


      ညီမလေးငြိမ်း ... 


      အင်မတန် မုန်းတီး နာကျည်းခဲ့ဖူးတဲ့ လူ တစ်ယောက် ရဲ့ စာ ကို ငြိမ်း ဖတ် နေချိန်မှာ ငြိမ်း မုန်းတီးခဲ့ဖူးတဲ့ လူ တစ်ယောက် က လူ့ လောကကြီး ထဲက အပြီး အပိုင် ထွက်ခွာသွားခဲ့ပြီးပြီ ဆိုတာကို ငြိမ်း သိနေခဲ့ပြီး ဖြစ်ပါလိမ့်မယ် ။ ဒီတော့ သေသူရဲ့ နောက်ဆုံး ဆန္ဒ ကို လိုက်လျော ငဲ့ညှာခြင်း အားဖြင့် ဒီ စာကို ဆုံးအောင် ဖတ်ပေးပါလို့ ကြိုတင်တောင်းပန်လိုက်ရပါတယ် ။


        ဒီ စာကို ဘာကြောင့် ကြိုတင် ရေးထားသလဲ ဆိုတော့ အစ်ကို့ မှာ ငြိမ်း ကို ပေးဆပ်စရာ တင်ကျန်ခဲ့တဲ့ သိက္ခာတရား အကြွေးတွေကို ဆပ်ဖို့ တာဝန် တစ်ခု ရှိနေခဲ့သေး လို့ပါပဲ ။ ငြိမ်း နဲ့ အစ်ကို ဆုံခဲ့ကြစဉ် တုန်း ကာလက အစ်ကို့ ဘက် က ခံစားချက် ဟူသမျှ ကိုတော့ ပူးတွဲပါ ဒိုင်ယာရီ စာအုပ်ကလေး ထဲက မှတ်တမ်း တွေ က ဖြောင့်ချက် ပေးနိုင်ကြလိမ့်မယ် လို့ အစ်ကို ယုံကြည်ပါတယ် ။ ပြီးတော့ ငြိမ်း ကို ဝန်ခံစရာ လည်း ရှိနေသေးတယ် ။ တခြား မဟုတ်ဘူး ငြိမ်း ။ သာမန် ပုထုဇဉ် ယောက်ျား တစ်ယောက် အနေနဲ့ အစ်ကို ကလည်း ငြိမ်း ကို ချစ်ခဲ့မိတယ် ဆိုတာ ပါပဲ ။


ကျွန်မ ရင်ထဲ ဒိတ်ခနဲ ဆောင့် ခုန်သွားခဲ့ပါသည် ။ အို ... သူ က ကျွန်မ ကို ချစ်ခဲ့ပါသတဲ့လားလေ ။ ထို ဝန်ခံချက် သည် ကျွန်မ နှလုံးသား ရာဇဝင် အတွက် အရေးအကြီးဆုံးသော ဇာတ်ဝင်ခန်း တစ်ခန်း ပဲ မဟုတ်ပေဘူးလား ။ တဒိတ်ဒိတ် ဆောင့် ခုန် လာနေသော ရင်ခုန်ခြင်းတွေ ကို ကြိုးစား ထိန်းချုပ်လျက် သူ ၏ စာ ကို ကျွန်မ ခက်ခက်ခဲခဲပင် ဆက်လက် ဖတ်ယူရပါသည် ။


        ဟုတ်တယ် ငြိမ်း ၊ အစ်ကို ငြိမ်း ကို ချစ်ခဲ့ပါတယ် ။ အဲဒီတုန်းက အစ်ကို ဟာ မိသားစု နဲ့ ဝေးကွာ အထီးကျန် နေရတဲ့ အချိန် ။ ဘဝ ရဲ့ အခြောက်သွေ့ဆုံး အချိန်တွေ ကို ဖြတ်သန်း နေခဲ့ရသူပါ ။ အဲဒီ ကာလမျိုးမှာ အစ်ကို နဲ့ အနီးစပ်ဆုံး လည်း ဖြစ်ရုံမက အစ်ကို့ အပေါ် မှာလည်း အရိုးသားဆုံး နားလည် ကြည်ဖြူမှုတွေ နဲ့ မေတ္တာတွေ ပေးဝေ လာခဲ့တဲ့ ငြိမ်း လို မိန်းကလေး တစ်ယောက် ကို အစ်ကို ဘယ် အင်အားနဲ့ ငြင်းပယ် နိုင်ခဲ့မှာတဲ့လဲ ။ အစ်ကို လည်း အရင့်အမာ မဟုတ်တဲ့ သာမန် ပုထုဇဉ် တစ်ယောက်ပဲလေ ။


        ကိုယ့် ထက် အများကြီး ပျိုမျစ်ပြီး အဘက်ဘက် က ပြည့်စုံကြွယ်ဝ အပြစ် ထောက်ပြစရာ မရှိတဲ့ ငြိမ်းလို မိန်းမပျို တစ်ယောက် က အစ်ကို့ လို အိမ်ထောင်ပျက် အသက်ကြီးကြီး သာမန်လူ တစ်ယောက် ကို တိမ်းညွှတ် လာခဲ့တာဟာ ယောက်ျားတစ်ယောက် အဖို့ သိပ် ကို ကံကောင်းတာပဲလို့ တွေးဆ ကျေနပ်ချင်စရာပါ ။ ဂုဏ်ယူ ဝမ်းမြောက်ချင်စရာပါ ။ ဒါပေမဲ့ ငြိမ်း အစ်ကို့ နောက်ကို လိုက်တော့မယ် ဆိုတဲ့ အချိန်မှာ အစ်ကို ငြိမ်း ကို အပက်စက်ဆုံး စကားတွေ ပြောပြီး ချန်ထား ရစ်ခဲ့တယ်နော် ။ ဝန်ခံရရင် အစ်ကို ကိုယ်တိုင် လည်း ငြိမ်း ကို အဲဒီ စကားမျိုးတွေ ပြောလွှတ်လိုက်ရတဲ့ အတွက် ငြိမ်း နဲ့ ထပ်တူ နာကျင် ကြေကွဲနေခဲ့တယ် ဆိုတာ ယုံ ပါ ။ အစ်ကို့ တစ်သက်တာ မှာ လူ တစ်ယောက် ရဲ့ နှလုံးသား ကို ရစရာ မရှိ နာကျင် သွားရလောက်အောင် ဘယ်တုန်းက မှ ပက်စက်တဲ့ စကားလုံးတွေ နဲ့ မပစ်ပေါက် ခဲ့ဖူးဘူး ။ ဒါပေမဲ့ ငြိမ်း ကိုတော့ အစ်ကို ပြောခဲ့ရတယ် ။ ငြိမ်း ကို စွန့်ခဲ့နိုင်ဖို့ အစ်ကို အားမွေးပြီး တမင် ပြောပစ်ခဲ့ရတယ် ။ အစ်ကို ငြိမ်း ကို ချစ်လို့ စွန့်ခဲ့တာ ။ ကရုဏာတရား နဲ့ စွန့်ခဲ့တာ ဆိုတာ ယုံနိုင်ပါ့မလား ။


        ပြန် တွေး ကြည့်တော့ အစ်ကို ဟာ အိမ်ထောင်ပျက် တစ်ယောက် ဆိုပေ မယ့် အစ်ကိုတို့ အိမ်ထောင်ရေး ဟာ အစ်ကို့ ဇနီး နဲ့ အစ်ကို တို့ မသင့်မြတ်လို့ ခွဲ ခဲ့ကြရတာမျိုး မဟုတ်ဘူး ငြိမ်း ။ အစ်ကို့ ဘက်က ဂီတလောက မှာ အဆင်ပြေလာ တဲ့ တစ်နေ့ အစ်ကိုတို့ ချင်း ပြန်လည် ပေါင်းစည်းကြဖို့ ရည်ရွယ်ပြီး ခေတ္တ လမ်းခွဲခဲ့ ကြခြင်းသာ ဖြစ်တယ် ။ အဲဒီ အချိန်မျိုး မှာ အစ်ကို က ချစ်ခြင်း တစ်ခု က လွဲရင် ဘာဆို ဘာမှ မတွေးမသိ မမြင်နိုင်သေးဘဲ ဇွတ်တိုး ဝင်လာတဲ့ ရူးရူးမိုက်မိုက် အရွယ် ငြိမ်းလို မိန်းကလေး တစ်ယောက် ကို ကိုယ့် ဘဝ ထဲ ဘယ်လိုမှ ဆွဲ မခေါ်သင့်ခဲ့ဘူး

မဟုတ်လား ။ ငြိမ်း နဲ့ စာရင် အစ်ကို က လူကြီး တစ်ယောက်လေ ။ 


        လောကကြီး မှာ လူငယ်တွေ ရူးရူးမိုက်မိုက် မှားယွင်းကြတာကို မတား ဆီးကြဘဲ ကိုယ် ကပါ အဲဒီ လူငယ်တွေ နဲ့ ရောပါ မှားယွင်းပစ်လိုက်ကြတဲ့ လူကြီးတွေ ကြောင့် မကြားကောင်း မကြားအပ်တဲ့ အဖြစ်ဆိုးတွေ ပေါ်ပေါက်ခဲ့ကြတာ ဘယ်လောက်များနေခဲ့ပြီလဲ ။ အစ်ကို ငြိမ်း ကို မှားယွင်းခွင့် မပေးနိုင်ခဲ့ဘူးလေ ။ အဲဒါ ငြိမ်း ကို ချစ်လို့ပေါ့ ။ ပြီးတော့ အစ်ကို တို့ က အဲဒီ အချိန်မှာ သမီးလေး တစ်ယောက် ကို ရရှိ ပိုင်ဆိုင်ခဲ့ကြပြီးပြီ ။ တစ်နည်းအားဖြင့် သမီးချင်း စာနာတတ်ဖို့ ဘဝ ရဲ့ သွန်သင်ချက် ကို လက်ခံခဲ့ကြရပြီးပြီ ။


        ငြိမ်း ကို အစ်ကို နဲ့ ခေါ်သွားမိတော့ဖို့ အစ်ကို့ စိတ်တွေ ပျော့ညံ့သွားခဲ့ကြ ပေမယ့် အစ်ကို ပြန်ပြီး အားတင်းပိုင်းဖြတ် နိုင်ခဲ့တာဟာ အဲဒီ သမီးလေး ကြောင့်ပါ ပဲ ။ ငြိမ်း သာ “ ငါ့ သမီးလေး ဖြစ်ခဲ့ရင် ” ဆိုတဲ့ အတွေးဟာ ပျော့ညံ့ သွားတဲ့စိတ် ကို သံပတ် ပြန် တင်းပေးနိုင်ခဲ့တယ် ။ စဉ်းစားကြည့်လေ ငြိမ်း ။ ဘယ်လို မိဘအသိုင်း အဝိုင်းကများ ကိုယ့် သမီး နုနုနယ်နယ်ကလေး က အိမ်ထောင်ပျက် ယောက်ျား တစ်ယောက် နောက်ကို လိုက်ပါသွားခဲ့ပြီ ဆိုတဲ့ သတင်းမျိုး ကို ကြားရက်ကြမှာတဲ့ လဲ ။ ကြားနိုင် ခံယူနိုင်စွမ်း ရှိကြမှာတဲ့လဲ ။ မိဘတွေ ခမျာ ဘယ်လောက် ရင်ကျိုးကြ ရလေမလဲ ။ ပြီးတော့ အချစ်စိတ် နဲ့ ရူးသွပ် မိုက်မှားတတ်တဲ့ ဆယ်ကျော်သက် ကလေး တစ်ယောက် နဲ့ အပြိုင် လိုက်ပါ မှားယွင်းပေးတဲ့ လူကြီး တစ်ယောက် ရဲ့ ကိုယ်ကျင့်တရား ပျက်ယွင်းမှု ကို တွေးလေတိုင်း ဘယ်လောက် ဒေါသ ဖြစ်ကြလေ မလဲ ။ ဘယ်လောက် နာကျင် ခံစားကြရလေမလဲ ။ ဒါပေမဲ့ အဲဒီတုန်းက ငြိမ်း က အမှားအမှန်ကို မခွဲခြားနိုင်သေးတဲ့ အချိန်လေ ။ အကျိုးသင့် အကြောင်းသင့် ရှင်းပြ ရင် လည်း ငြိမ်း နားလည် လက်ခံနိုင်ခဲ့မှာ မဟုတ်ဘူး ။ အိမ် မှာ စာ ရေးထား ခဲ့ပြီး ဘူတာရုံ အထိ လိုက်လာခဲ့ပြီ ဆို ကတည်း က ငြိမ်း အသိ ငြိမ်း ဆုံးဖြတ်ချက် က အစ်ကို့ နောက်ကို လိုက်ခဲ့ဖို့ တစ်ခုတည်းပဲ ရှိမယ် မဟုတ်လား ။ အစ်ကို့ ရှင်းပြ ဖျောင်းဖျ စကားတွေ ကလည်း ငြိမ်း ရဲ့ တစ်ခုတည်းသော ဆုံးဖြတ်ချက် ကို ဘယ်လို ထိုးဖောက်ချေဖျက်နိုင်ခဲ့မှာ မဟုတ်ဘူး ။ မီးရောင် ကို ရွှေတောင် ထင်ပြီး ဇွတ်တိုး ဖို့ ကြိုးစား တတ်ကြတာ ကိုက ပိုးဖလံ ရဲ့ သဘာဝ ကိုး ။


        တကယ်လို့ ငြိမ်း အစ်ကို့ နောက်ကို လိုက်ဖြစ်ခဲ့ရင် အဲဒီတုန်းက အစ်ကို ကလည်း ငြိမ်း ဆန္ဒအတိုင်း သဘောတူ လိုက်လျောပြီး ငြိမ်း ကို ခေါ်သွားဖြစ်ခဲ့ရင် ခုအချိန် မှာ ငြိမ်း နဲ့ အတူ ရှိနေမယ့် အစ်ကို့ သမီးလေး ကို ငြိမ်း ဘယ်လို ရင်ဆိုင်မလဲ ။ အဲဒီ ကလေး ရဲ့ မျက်နှာ ကို ငြိမ်း ဘယ်လို သတ္တိနဲ့ ကြည့်မလဲ ။ ကျွန်မ ဖေဖေ ကို မေမေ့ လက် ထဲ က လုယူခဲ့ဖူးတဲ့ မိန်းမ တစ်ယောက် ဆိုတဲ့ စွပ်စွဲချက်မျိုး ၊ ပွဲလန့် တုန်း ဖျာဝင်ခင်းတဲ့ မိန်းမ တစ်ယောက် ၊ သူများ အသိုက်အမြုံ ကို ဝင်ရောက် ဖျက်ဆီးခဲ့တဲ့ မိန်းမ တစ်ယောက်လို့ အဓိပ္ပာယ် ထွက်မယ့် အကြည့်မျိုးတွေ ကို ငြိမ်း ဘယ်လို တုံ့ပြန်မလဲကွယ် ။ ကိုယ့် ထက် အသက် အများကြီး ငယ်တဲ့ ကလေးငယ် တစ်ယောက် ရဲ့ ရှေ့ မှာ လိပ်ပြာ ငယ် နေရပြီ ဆို ကတည်း က အဲဒီ လူကြီး ဟာ လူကြီး တစ်ယောက် မဖြစ်နိုင်တော့ဘူး ငြိမ်း ။ ဆင်ဖြူ မျက်နှာ ဆင်မည်း မကြည့်ဝံ့ ဆိုတဲ့ အဖြစ်မျိုး ကို ငြိမ်း လက်ခံ ကျေနပ်နိုင်မှာတဲ့လား ။


        အစ်ကို မှတ်သားခဲ့ဖူးတယ် ။ သာမန် အားဖြင့် ပြုနိုင်ခက်ခဲတဲ့ ကိစ္စ တစ်ခု ကို ရအောင် ဆောင်ရွက် ပြုလုပ်နိုင်ခြင်းဟာ “ စွမ်းရည် ” ဖြစ်တယ်တဲ့ ။ အဲဒီ စွမ်းရည် က ဘာမှ မတတ်နိုင်တော့ဘူး လို့ ယုံကြည်သတ်မှတ် လက်လျှော့လောက်တဲ့ ကိစ္စ တစ်ခု ကို အောင်မြင်အောင် ဖြတ်သန်းနိုင်ခြင်းကျတော့ ‘ မြင့်မြတ်ခြင်း ’ ဖြစ်တယ် တဲ့ ။ အစ်ကိုတို့ ဟာ ဘယ်သူ သိသိ မသိသိ ၊ ဘယ်သူ လက်ခုပ် တီးတီး မတီးတီး မြင့်မြတ်ခြင်း ကို ရရှိပိုင်ဆိုင်နိုင်ဖို့ ကြိုးစား ကြည့်သင့်ကြတယ် မဟုတ်လား ငြိမ်း ရယ် ။ အဲဒါဟာ “ လူ ” အဖြစ်ကို ရရှိခြင်းရဲ့ အမြင့်မြတ်ဆုံး သော အဓိပ္ပာယ် ပဲ ဖြစ်တယ်လို့ အစ်ကို တွေးမိတယ်ဆိုရင် အဲဒီ အတွေး ကို ငြိမ်း သဘောတူမလား ၊ ဒါမှမဟုတ် ငြင်းပယ်မှာလား ။


      ဘာပဲဖြစ်ဖြစ် အစ်ကိုတို့ နှစ်ယောက်လုံး ဟာ မမှားယွင်းခဲ့ကြတော့ဘူး ငြိမ်း ။ သိက္ခာ ရှိတဲ့ လူတွေ အလယ်မှာ မျက်နှာ ငယ်ကြရမယ့် ကိုယ်ကျင့်တရား ဖောက်ပြန်မှုမျိုး ကို လည်း မကျူးလွန်ခဲ့မိကြဘူး ။ ကိုယ်ကျင့်တရား ဆိုတာ မိမိ ကိုယ် မိမိ ပြန်လည် စောင့်ရှောက်ခြင်း ဖြစ်တယ် ။ အဲဒီလို မိမိ ကိုယ် မိမိ ပြန်လည် စောင့်ရှောက်ခြင်းဟာလည်း လောကကို တစ်နိုင်တစ်ပိုင် စောင့်ရှောက်ခြင်း ဖြစ်တယ်လို့ အစ်ကို ယုံကြည်တယ် ငြိမ်း ။


        အစ်ကိုတို့ ဖြူစင်ဖို့ ကြိုးစားနိုင်ခဲ့ကြတယ်နော် ။ ဒါကြောင့် အစ်ကိုတို့ ငြိမ်းတို့ ဘဝ မှာ မျက်နှာကြီး ဂုဏ်သတင်းကြီး ပေမယ့် လိပ်ပြာ ငယ် နေကြရတဲ့ အဖြစ် မျိုးကို ရင်ဆိုင်ကြရတော့မှာ မဟုတ်ဘူး ။ ငြိမ်း လည်း ချင့်ချိန်နှိုင်းဆနိုင်တဲ့ အရွယ် ကို ရောက်ခဲ့ပြီမို့ ဒီလောက် ရေးပြရင် သဘောပေါက်ပြီလို့ အစ်ကို ယုံကြည်ပါ တယ် ။ ကဲ ... ငြိမ်း ရေ ၊ ငြိမ်း အနားမှာ ရှိနေမယ့် အစ်ကို့ သမီးလေး ကို “ သမီး ” လို့ ရဲရဲရင့်ရင့် နှုတ်ဆက် လိုက်ပါနော် ။ 

                စိမ်းနွယ်


သူ့ စာ ကို ဖတ်လို့ အပြီးမှာ ပင် ကျွန်မ တီးတိုး ငြိမ်သက်သွားခဲ့ရပါသည် ။ သို့သော် ကျွန်မ လုံးဝ ငြင်းပယ်နိုင်မည် မဟုတ်သော အမှန်တရား တစ်ခု ( သို့မဟုတ် ) သွန်သင်ချက် တစ်ခု ကြောင့် ကျွန်မ ရင် ထဲမှာ မုန်တိုင်းထန် နေခဲ့တာလည်း သေ ချာလေသည် ။ “ ဟုတ်တယ် ၊ သူ ပြောတာတွေ ဟုတ်တယ် ” ဟူသော ဆင်ခြင်အသိ တရားတွေ က ကျွန်မ ကို ပြန်လည် ရိုက်ခတ် နေခဲ့၏ ။ ခုတော့ ကျွန်မ မှာလည်း ဆယ်ကျော်သက် အရွယ် သမီးပျိုလေး တစ်ယောက် ရှိနေခဲ့ပြီလေ ။ ကျွန်မ နားမလည် နိုင်စရာ မရှိတော့ပါ ။ လွန်ခဲ့သော အနှစ် ( ၂ဝ ) က သူ တွေးခဲ့သော အတွေးမျိုး ၊ သူ မြင်ခဲ့သော အမြင်မျိုး ကို ကျွန်မ ယခု အချိန်မှာ တွေးတတ် မြင်တတ်ခဲ့ပြီ မဟုတ် လား ။


“ သမီး တာဝန် ကျေပါပြီနော် အန်တီ ” 


ကျောက်ရုပ် တစ်ရုပ် လို ရပ်တန့်ဆိတ်ငြိမ် နေခဲ့သော ကျွန်မ ကို သူမ ထံမှ ထွက်ပေါ်လာခဲ့သော စကားသံ က ပြန်လည် အသက်ဝင်လာစေခဲ့ပါသည် ။ 


“ သမီး ... သမီး ရယ် ”


ကျွန်မ သည် ကျွန်မ ရှေ့ဘက် က သူ ၏ သမီးငယ် ကို ကျွန်မ ရင်ခွင် ထဲ သို့ ဆွဲယူ ပွေ့ဖက် လိုက်မိသည် ။ ထိုအချိန်၌ ကျွန်မ တစ်ကိုယ်လုံး မှာ မဖော်ပြနိုင်သော အင်အား တစ်ခု ၏ ရိုက်ခတ်မှုဖြင့် တသိမ့်သိမ့် တုန်ရင်လျက် ရှိပါသည် ။


“ တာဝန်ကျေပါတယ် သမီး ရယ် ။ အန်တီ နဲ့ ဆုံတွေ့ခွင့် ရတဲ့ အထိ စိတ်ရှည်လက်ရှည် လာ စောင့်ပေး နေခဲ့တဲ့ သမီးကို သိပ် ကျေးဇူးတင်ပါတယ် ။ သမီး ဖေဖေ နဲ့ ပတ်သက် လို့လည်း အန်တီ ကျေနပ် ဂုဏ်ယူနိုင်ခဲ့ပါပြီ ။ သူ ဟာ တကယ့် ယောက်ျားကောင်း တစ်ယောက် ဆိုတာ အန်တီ နားလည်ခဲ့ပြီ ”


ကျွန်မ လေသံတွေ က တုန်ခိုက် နေခဲ့ကြ သော်လည်း ဝမ်းနည်းကြေကွဲမှုကြောင့် မဟုတ်ပါ ။ ကျွန်မ ချစ်ခဲ့ဖူးသော ‘ သူ ’ သည် ဒီလို လူမျိုးပါလား ... ဟူသော ကျေနပ် နှစ်သက်ခြင်းကြောင့်သာ ဖြစ်ပါသည် ။ သူ နှင့် ပတ်သက်၍ ကျွန်မရင် ထဲမှာ တည်ခဲ့သော အကျိတ်အခဲကြီး တစ်ခုက တစ်စတစ်စ ပြိုကွဲ ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်ကြောင်း ကျွန်မ ကိုယ်တိုင် ပဲ အသိဆုံး မဟုတ်လား ။ ကျွန်မ သည် ကျွန်မ လက် ထဲ မှ ဒိုင်ယာရီစာအုပ်ကလေး ကို သူမ ထံ သို့ ပြန်လည် ပေးအပ် လိုက်ပါသည် ။


“ ဒီ စာအုပ်ကလေး ကို အန်တီ ဖတ်ကြည့်ဖို့ မလိုတော့ပါဘူး သမီး ရယ် ၊ ပြန် ယူသွား လိုက်တော့နော် ”


“ အန်တီ သဘောပါပဲ အန်တီ ၊ ကဲ ... ဒါဆိုလည်း သမီး သွားတော့မယ် နော် ၊ ဟော ... ဟိုက လမ်းလျှောက် လာနေတာ အန်တီ့ အမျိုးသား ပဲ ထင်ပါရဲ့ ။ အန်တီ ကို လာကြိုတာများ ဖြစ်နေမလားပဲ ” 


ကျွန်မ လှမ်း ကြည့် လိုက်တော့ ကျွန်မတို့ ထံသို့ ဦးတည် လှမ်းလျှောက် လာ နေသော ခင်ပွန်းသည် ကို မြင်ရ၏ ။


“ အင်း ... ဟုတ်တယ် ၊ သမီး က ဘယ်ကို ပြန်မှာလဲ ၊ အန်တီတို့ ကားနဲ့ ပြန်လိုက်ခဲ့ပါနော် ၊ အန်တီတို့ လိုက်ပို့ ပေးပါရစေ ၊ နောက်နောင် တစ်သက်လုံးပဲ သမီး ကို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဆက်ဆံ သွားပါရစေ လို့လည်း အန်တီ တောင်းဆိုပါရစေနော် ”


ကျွန်မ က ရဲရဲရင့်ရင့်ပင် သူ ၏ သမီးငယ် ကို ကျွန်မတို့ ကား နှင့် ပြန် လိုက် လာခဲ့ဖို့ ဖိတ်ခေါ် လိုက်ပါသည် ။ သူမ ကို ရင်းနှီးစွာ ဆက်ဆံနိုင်ဖို့ အတွက် ကျွန်မ မှာ လိပ်ပြာ ငယ်စရာ အကြောင်း မရှိပါ ။ ဒါသည်ပင် ‘ သူ ’ ၏ ကြီးစွာသော ကျေးဇူးတရားပါလား ... ဟု ရင်သိမ့်သိမ့် ခါနေခဲ့မိကြောင်း ကို တော့ ကျွန်မ ကိုယ်တိုင်ပဲ သိပါသည် ။


“ ကျေးဇူးတင်ပါတယ် အန်တီ ၊ သမီး မှာ ကား ပါပါတယ် ။ သမီးတို့ မြို့ကို ရောက်တုန်း သမီး ကပဲ ပြန် ဖိတ်ခေါ်ပါရစေ ။ မနက်ဖြန် မနက်စာ ကို သမီးတို့ အိမ် မှာပဲ ပြုစုပါရစေ ။ သမီး မေမေ ကိုလည်း အန်တီ နဲ့ တွေ့ခဲ့တဲ့ အကြောင်းတွေ ပြောထားလိုက်ပါ့မယ် ။ မေမေ ကလည်း အန်တီ့ ကို နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေမှာပါ ။ ဆက်ဆက် လာခဲ့ကြပါနော် ၊ ဒီမှာ ကျွန်မ ရဲ့ ဗစ်ဇစ်တင်းကတ် ပါ ၊ သမီး ကို ခွင့်ပြုပါဦးနော် ”


သူမ ကမ်းပေးလာသော လိပ်စာကတ်ပြားကလေး ကို လှမ်းယူလိုက်ရင်း “ ကောင်းပါပြီ သမီးရယ် ” ဟု ကျွန်မ ဝန်ခံ လိုက်ပါသည် ။ ကျွန်မ အနီး မှ တစ်လှမ်းချင်း ပြန်လည် ထွက်ခွာ သွားသော သူမ ကို ကျွန်မ လက်ပြနှုတ်ဆက် နေစဉ်မှာပင် အနီး သို့ ရောက်လာသော ခင်ပွန်းသည် က ပြောပါသည် ။ 


“ ပြန်ကြစို့လေ ငြိမ်း ၊ ငြိမ်း ဆရာ ကို ကန်တော့ လိုက်တော့ နော် ၊ ငြိမ်း လည်း စိတ် ကျေနပ်လောက်ရောပေါ့ ။ တည်းခိုခန်း ပြန်ဖို့ အချိန် တော်နေပြီလေ ” 


ဟုတ်ပါသည် ။ နေညိုခဲ့ပြီပဲ ။ ဆည်းဆာ ၏ ရှေ့ပြေးခြေရာ တို့ သင်္ချိုင်းမြေဧရိယာ ထဲသို့ ရေးရေးဝင်ရောက်စပြုပြီ ဖြစ်ကြောင်း ကျွန်မ သတိပြုလိုက်မိ သည်နှင့် သူ့ အုတ်ဂူ ရှေ့မှာ ပုဆစ်တုပ်၍ ရိုရိုကျိုးကျိုးပင် ထိုင်လိုက်သည် ။ သူ့ ကို ချစ်ခဲ့ ၊ မုန်းခဲ့မိခြင်းများ အတွက် ကျွန်မ မှာ အပြစ် ရှိခဲ့မည် ဆိုလျှင်လည်း ထို အပြစ် တို့ကို သူ နားလည် ခွင့်လွှတ်နိုင်ခဲ့လိမ့်မည် ဟု ကျွန်မ ယုံကြည်လျက် ရှိပါသည် ။ 


“ ငြိမ်း ပြန်တော့မယ် အစ်ကိုစိမ်းနွယ် ၊ ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ နဲ့ မိုက်မှား ရင့်သီးခဲ့ဖူးသမျှ ရောက်ရာ ဘဝ ကနေ ငြိမ်း ကို ခွင့်လွှတ်လိုက်ပါနော် ။ ငြိမ်း တစ်သက်တာ ပြုခဲ့ဖူးသမျှ ကုသိုလ်ကောင်းမှု အလုံးစုံကို အစ်ကို့ အတွက် အမျှပေးဝေလိုက်ပါတယ် ။ အမျှ ... အမျှ ... အမျှ ... ယူပါ အစ်ကိုစိမ်းနွယ် ”


သူ ကြားသိနိုင်တော့မည် မဟုတ်ပေမယ့် ကျွန်မ တီးတိုး ဆုတောင်းကာ ကျွန်မ ၌ ရှိ သမျှသော မာန ၊ အာဃာတ ၊ အမုန်းတရား အလုံးစုံ ကို နှိမ့်ချလျက် ကန်တော့လိုက်သည် ။ အမျှ ပေးဝေလိုက်သည် ။ အဲဒီနောက် သူ့ အုတ်ဂူ ရှေ့မှ ပြန် လှည့် အထွက် တွင်တော့ ကျွန်မ ၏ အသိစိတ်တွေက မည်သည့် တွန်းအား တစ်ရပ် ကြောင့်များ ကျွန်မ နှင့် တဒင်္ဂ လွတ်ကင်း သွားခဲ့ရသည်ကို ကျွန်မ လည်း ပြောမပြ နိုင်တတ်တော့ပါ ။ ကျွန်မ ပြန်လည် သတိ ဝင်လာချိန်တွင် ကျွန်မ သည် ကျွန်မ ခင်ပွန်း ရင်ခွင် တွင် နွဲ့မှီကာ ရှိုက်ကြီးတငင် ငိုကြွေး နေခဲ့မိပြီး ဖြစ်နေသည် ကိုသာ သိရှိ လိုက်ရပါတော့သည် ။


သို့သော် ... ထို ငိုကြွေးခြင်း အတွက် ကျွန်မ ကျေနပ်ပါသည် ။ အကယ်၍ ကျွန်မတို့ အနီး ပတ်ဝန်းကျင် မှာ သူ့ ဝိညာဉ်များ လွင့်ပျံရစ်ဝဲလျက် ရှိနေခဲ့သေး လျှင်လည်း “ တစ်ချိန် က သူ့ ညီမလေးငြိမ်း ” ၏ မျက်ရည်များ အတွက် “ ယခု ကျွန်မ ” နှင့် ထပ်တူ ကျေနပ်ဝမ်းမြောက်နေလိမ့်မည် ဟု ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်လျက် ရှိပါသည်လေ ။


( ၈ )


ကျေးဇူးပြုပြီး နှုတ်ဆက် လိုက်ပါရစေနော် ။ 


ဟုတ်ကဲ့ ၊ ကျွန်မ နာမည် ငြိမ်း ပါ ။


▢ နန္ဒာစိုး ( ဆင်ဖြူကျွန်း )


📖 စတုတ္ထအကြိမ် ၊ မြတ်မိခင်စာပေဆု ၊ ပထမဆု

      ၁၉၉၈ ခုနှစ် ၊ ဧပြီလ


📖 ညီမလေးငြိမ်းနှင့် အခြားဝတ္ထုတိုများ

      ၂ဝဝဝ ပြည့်နှစ် ၊ ဧပြီလ

No comments:

Post a Comment