Wednesday, February 5, 2025

ရွှေပြည်စိုး သူ့ထက်ကဲ


 

❝ ရွှေပြည်စိုး သူ့ထက်ကဲ ❞
        ( အဏ္ဏဝါစိုးမိုး )

ကိုအဏ္ဏဝါ သည် သူ ငယ်ငယ် လူမမည် အရွယ် က အမေ့ ရင်ခွင် ထဲမှာ ထိုင်ပြီး ခိုးခိုးခစ်ခစ် ရယ်မောရင်း ပျော်ရွှင် နေခဲ့ဖူးသည့် ပုံရိပ်တွေကို မှတ်မိနေသည် ။ အမေသည် ကိုအဏ္ဏဝါ ၏ လက်ချောင်းလေးတွေ ကို ထောင်ခိုင်းပြီး လက်မလေး ကို ဒေါက်တိုဟု အမည် ပေးသည် ။ လက်ညှိုးလေး ကို ရန်လိုဟု မှတ်သားခိုင်း သည် ။ လက်ခလယ်လေး ကို သူ့ ထက်ကဲ ၊ လက်သူကြွယ် ကို ရွှေပြည်စိုး ၊ လက်သန်းလေး ကိုတော့ ညီပုလေး ဟု လိုက်ဆို ခိုင်းသည် ။

နို့စို့အရွယ် လူမမည်လေး ကိုအဏ္ဏဝါ၏ ဝဝကစ်ကစ် ချစ်စရာ လက် ချောင်းလေးတွေ ကို ကြည့်ပြီး ပီတိဖြစ်နေသည့် အမေသည် သားလေး၏ လက်မ လေးကို ကောက်ကိုင်ပြီး ဒေါက်တို လို့ တိုင်ပေးသည် ။ ကိုအဏ္ဏဝါက မပီကလာ ပီကလာဖြင့် လိုက်ဆိုသည် ။ လက်ညှို.လေး ကို ကိုင်ပြီး ရန်လိုလို့ တိုင်ပေးပြန်သည် ။ ကိုအဏ္ဏဝါ က လိုက်ဆိုသည် ။ ဒီလိုဖြင့် သူ့ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေးတို့ ကို ကိုအဏ္ဏဝါ မှတ်မိနေသည် ။ အတိုအရှည် ၊ အရွယ်အစား ၊ တာဝန်နှင့် ရပိုင်ခွင့် တို့ကို မူတည်ပြီး လက်ချောင်းငါးချောင်းကို အမည်ပေးထားတာ မှတ်ရလွယ် သည် ။ အမေသင်ပေးလို့ လိုက်ဆိုတာကြောင့် မကြာခင်မှာပင် အလွတ် ရသွား သည် ။ အမေက လက် ငါးချောင်းကို ထောင်လိုက်တာနဲ့ ကိုအဏ္ဏဝါက ဒေါက်တို ၊ ရန်လို ၊ သူ့ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေး ဟု ဆိုနိုင်သည် ။

အမေ သင်ပေးလို့ လက်ချောင်းလေးတွေရဲ့ နာမည် ကို သိနေသည့် ကိုအဏ္ဏဝါ သည် နှစ်ပေါင်း သုံးဆယ်မျှ ကြာပြီးသောအခါ ဖခင် ဖြစ်လာသည် ။ သမီးလေးကို ရင်ခွင် ထဲမှာ ထားပြီး သမီးလေး ရဲ့ ချစ်စရာ လက်ချောင်းလေးတွေကို ကိုင်ပြီး တိုင်ပေးသည် ။ သမီးလေးရဲ့ လက်မလေး ကို ကိုင်ပြီး ဒေါက်တို ဟုလည်းကောင်း ၊ လက်ညှိုးလေး ကို ကိုင်ပြီး ရန်လို ဟုလည်းကောင်း ၊ သူ ငယ်ငယ်က ဆိုခဲ့ရသည့် အတိုင်း သူ့ ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေးတို့ ကို သမီးလေး မှတ်မိအောင် တိုင် ပေးသည် ။ သမီးလေး ကလည်း လိုက်ဆိုသည် ။ မကြာမီ သမီးလေး မှတ်မိပြီး အလွတ် ရသွားသည် ။ ပိုပြီး မှတ်မိအောင် လက်ငါးချောင်း ၏ ရုပ်လက္ခဏာ ၊ တာဝန်နှင့် ရပိုင်ခွင့်တွေကိုပါ ပြောပြသည် ။

လက်ချောင်းငါးချောင်း အနက် လက်မသည် အရပ် ပုလွန်းသည့် အတွက် ဒေါက်တို ဟု ခေါ်သည် ။ လက်ညှိုး သည် ရန်ဖြစ်လျှင် နင် ဘာကောင်လဲ ၊ ငါ ဘာကောင်လဲ ဆိုတာ သိရဲ့လားဟု သူတစ်ပါး ကိုရော မိမိကိုပါ လက်ညှိုးထထိုး ရာတွင် အသုံးပြုသည့်အတွက် ရန်လိုဟုခေါ်သည် ။ လက်ခလယ် သည် လက် ငါးချောင်း အနက် အရှည်ဆုံး ဖြစ်လို့ သူ့ထက်ကဲ လို့ ခေါ်သည် ။ လက်သူကြွယ် သည် နာမည် ကိုက သူကြွယ် ဖြစ်၍ ရွှေ ငွေ လက်စွပ် ဝတ်ဆင်ရသူ ဖြစ်လို့ ရွှေပြည်စိုး လို့ခေါ်သည် ။ လက်သန်းလေးကတော့ အငယ်ဆုံး ၊ အပုဆုံး ညီငယ် လေးဖြစ်နေလို့ ညီပုလေးလို့ ခေါ်သည့် အကြောင်း သူ့ငယ်ငယ်က သူ့အမေ သူ့ကို ပြောပြခဲ့သည့် အတိုင်း သူ့ သမီးလေးကို ပြန်ပြောသည် ။

ကိုအဏ္ဏဝါသည် သူ၏ အိမ်ထောင်သက် အနှစ် သုံးဆယ် အတွင်းမှာ ဖြစ် ထွန်း မွေးဖွားခဲ့သည့် သားသမီးလေးတွေကို လူမမည် အရွယ်မှာ လက်ချောင်း လေးတွေ ထောင်ခိုင်းပြီး ဒေါက်တို ၊ ရန်လို ၊ သူ့ထက်ကဲ ၊ ရွှေပြည်စိုး ၊ ညီပုလေး သင်ပေးခဲ့တာချည်း ဖြစ်သည် ။ ကိုအဏ္ဏဝါ၏ သားသမီးတွေအားလုံးပင် လက် ချောင်းလေးတွေ၏ အမည် ၊ တာဝန်နှင့် ရပိုင်ခွင့်တွေကို သိနေကြသည် ။

လက်ချောင်း ငါးချောင်း အနက် လက်မသည် မိမိ ကိုယ်တိုင် ကိုသော်လည်း ကောင်း ၊ သူတစ်ပါး ကိုသော်လည်းကောင်း ညောင်းညာ ကိုက်ခဲလျှင် နှိပ်ပေးရာ တွင် အသုံးဝင်သည် ။ စာမတတ်သူ အနေဖြင့် အမှတ်အသားတစ်ခု ပြုလုပ်ရာတွင် လက်ဗွေ နှိပ်ရာတွင် သူ သာလျှင် မပါဝင်မဖြစ် တာဝန်ယူရသည် ။ သို့သော် အရပ်ပုသည့် အတွက် ဒေါက်တိုဟု ချိုးနှိမ် အခေါ်ခံရသည် ။

လက်ညှိုး သည် နေရာ တော်တော်များများမှာ ပါဝင်၍ တာဝန်ယူရသည် ။
မင်းဘာလဲ ၊ ငါဘာလဲ ၊ နင်ပဲငဆ ပြောရဆိုရမည့် ကိစ္စမှာ မျက်နှာကို လက်ညှိုး ထိုးရာ တွင်လည်း အသုံးပြုရသည် ။ လမ်းပျောက်ပြီး ဒုက္ခ ရောက်နေသူကို လမ်းပြ ရာမှာလည်း လက်ညှိုးထိုးပြီး ပြရသည် ။ သိဒ္ဓတ္ထ မင်းသားလေးသည် ဘုရားစင်စစ် ဧကန် ဖြစ်ပါမည်ဟု တစ်ခွန်း တည်းသော ဟောကိန်း ထုတ်ခဲ့သော သုဒတ္တပုဏ္ဏား ထောင်ခဲ့သည့် လက်ချောင်း သည်လည်း လက်ညှိုးသာဖြစ်သည် ။ လူ့ပြည်မှာ ဘုရားပွင့်နေပြီ ၊ သွားဖူးပါဟု သာတာဂိရနတ်သားနှင့် ဟေမဝန်နတ်သားတို့ က ကာဋီသတို့သမီး ကို လမ်းညွှန် ခဲ့တာလည်း လက်ညှိုး ဖြင့်ပင် ဖြစ်သည် ။ သို့သော် လက်ညှိုးသည် နာမည်ကောင်း မရဘဲ ရန်လိုဟုပင် အမည် ရခဲ့သည် ။

လက်ခလယ် သည် ဘာ တာဝန်ကိုမှ တိတိကျကျ မယူရသော်လည်း ဟိုစပ်စပ် ၊ ဒီစပ်စပ်ဖြင့် နေရာတကာ သူပါသည် ။ သူ မပါပြန်လျှင်လည်း ကိုင်တွယ် ဖျစ်ညှစ်သည့် အခါ အားမရှိတာတော့ အမှန်ဖြစ်သည် ။ သူ့ တစ်ချောင်း တည်းတော့ ဘာမျှ သုံးမရသော လက်ချောင်းဖြစ်သည် ။ အများနှင့် စုပေါင်းတွဲဖက် ပြီး သုံးမှသာ အသုံးဝင်သူ ဖြစ်သည် ။ ဒါနဲ့တောင် သူ့ကို နာမည် ပေးရာမှာ ဘာကြောင့် သူ့ထက်ကဲ လို့ အမည်ပေးခဲ့ကြသည်မသိ ။ ခြေဖျား ထောက်ထားလို့ သူများ ထက် ခေါင်းတစ်လုံး သာနေ၍ ဖြစ်မည် ။

လက်သူကြွယ် သည်လည်း လက်ခလယ်ကဲ့သို့ပင် ဘာတာဝန် မှ တိတိ ကျကျ မရှိသော်လည်း ရပိုင်ခွင့်ကတော့ ထူးရှယ် ဖြစ်သည် ။ ရွှေလက်စွပ် ၊ စိန် လက်စွပ် မှန်သမျှ သူချည်း ဝတ်ရသည် ။ ဒါကြောင့်လည်း သူ့ကို သူကြွယ်ဘွဲ့ ပေးထားခြင်း ဖြစ်မည် ။ ရွှေပြည်ကို စိုးမိုးရသူ ဖြစ်၍ ချမ်းသာသည် ။

လက်သန်းလေးသည် အငယ်ဆုံး ၊ အသေးဆုံးလေး ဖြစ်၍ တာဝန် မရှိ သလို ရပိုင်ခွင့်လည်း သိပ်မရှိ ဖြစ်နေသည် ။ သူ့ နေရာနှင့် သူတော့ အသုံးဝင် သည့်နေရာလည်း ရှိပါသည် ။ လက်ချောင်း ငါးချောင်းတွင် အသေးဆုံးလက်ချောင်း ဖြစ်၍ နှာခေါင်းချေး နှိုက်ထုတ်ရာတွင် အသုံးဝင်သည် ။

ကိုအဏ္ဏဝါသည် သားသမီး ဘဝကို ပေါ့ပေါ့ဆဆ ဖြတ်သန်းခဲ့သော်လည်း မိမိကိုယ်တိုင် မိဘ ဖြစ်လာသောအခါ မိဘနှင့် သားသမီးတို့ ကြားမှာ ရိုးရာ ယဉ်ကျေးမှု အရ တည်ရှိနေသည့် တာဝန်နှင့် ရပိုင်ခွင့်တွေကို သတိထားမိလာ သည် ။ ကိုအဏ္ဏဝါ၏ မိဘတွေ သည် ရိုးသားသည့် တောသူတောင်သား ဆင်းရဲ သားတွေဖြစ်လို့ တချို့ ကိစ္စတွေမှာ မိဘတာဝန် မကျေပွန်သလို ဖြစ်ခဲ့ရသည်ဟု ထင်သည် ။ မိဘဝတ္တရားငါးပါး ရှိသည့် အနက် မကောင်းတာ မလုပ်ရန် တားမြစ် ခဲ့ကြပါသည် ။ ကောင်းတာလုပ်ရန်ကိုလည်း တိုက်တွန်း ခဲ့ကြပါသည် ။ အတတ် ပညာသင်စေသည့် အပိုင်းမှာတော့ သူတို့ ကိုယ်တိုင်ကလည်း ပညာမတတ်သူတွေ ဖြစ်လို့ သားလေးကို အဏ္ဏဝါကို ဘာအမွေမှ မပေးနိုင် ဖြစ်ခဲ့ရသည် ။ ထိမ်းမြား ပေးခြင်းကိစ္စမှာလည်း ယောက္ခမ အဘွားကြီး ကျေးဇူးကြောင့် ကိုအဏ္ဏဝါ မိန်းမ ရခဲ့ခြင်း ဖြစ်သည် ။

ကိုအဏ္ဏဝါသည် သူ့သားသမီးတွေ အပေါ်မှာ မိဘဝတ္တရား ကျေပွန်အောင် အထူး ဂရုစိုက်သည် ။ မကောင်းမြစ်တား ၊ ကောင်းရာညွှန်လတ် ၊ အတတ်သင်စေ ၊ ပေးဝေနှီးရင်း ၊ ထိမ်းမြားခြင်း ပြုလုပ်ရန် အမြဲတမ်း အသင့် ပြင်ထားသည် ။ မိမိ ဗဟုသုတ ရှိသလောက် တားမြစ်ခဲ့သည် ။ ညွှန်ပြခဲ့သည် ။ အားလုံးကို ဘွဲ့ ရအောင် ပညာ သင်ပေးခဲ့သည် ။ သူတို့ဘဝ အနာဂတ် ရပ်တည်ရေးအတွက် အလုပ်အကိုင် ရှာဖွေရာမှာလည်းကောင်း ၊ သူတို့ လုပ်ချင်သည့် စီးပွားရေးလုပ်ငန်း တွေအတွက် လိုအပ်သည့် အရင်းအနှီးကို စိုက်ထုတ်ပေးခဲ့သည် ။ ကိုအဏ္ဏဝါ၏ သားသမီးတွေ တစ်ယောက်မှ အိမ်ထောင်မပြု ၊ လင်ယူသားမွေး မလုပ်ကြသေး သည့်အတွက် ထိမ်းမြား မပေးရသေး ဖြစ်နေသည် ။

ဒီနေရာမှာ စကား လမ်းကြုံလို့ ပြောပြချင်တာ တစ်ခုရှိသည် ။ ယခုခေတ် လူငယ်တွေ မယားယူ ၊ လင်ယူကြတာဟာ ရှေးခေတ်နှင့် လုံးဝ မတူတာကို ပြော ချင်သည် ။ ကိုအဏ္ဏဝါရဲ့ အဖေနှင့် အမေတို့ခေတ်က မယားယူ ၊ လင်ယူနည်း နှစ်နည်းသာရှိသည် ။ ကြိုက်လို့ အောင်သွယ် က တစ်ဆင့် ပြောနည်းနှင့် လူကြီး ချင်းသဘောတူလို့ ညားကြခြင်းတို့ဖြစ်သည် ။ ကိုအဏ္ဏဝါ၏ အဖေနှင့် အမေသည် လူကြီးချင်း သဘောတူလို့ လက်ထပ်ခဲ့ကြတာလို့ သိရသည် ။ ကိုအဏ္ဏဝါ၏ အဒေါ်နှင့် ဦးလေးတို့ ကိုလည်း လူကြီးချင်း သဘောတူလို့ ပေးစားခဲ့ကြတာ ဖြစ် သည် ။ အပျို လူပျိုဘဝမှာ တစ်ဦးကိုတစ်ဦး နှုတ်ဆက်စကား ပြောဖို့ဆိုတာ အသာထားလို့ သေသေချာချာတောင် မမြင်ဖူးကြဟု သိရသည် ။ ဒါပေမဲ့ လင် မယား ဖြစ်လာကြတော့ ချစ်လိုက်ကြတာမှ သည်းသည်းကိုလှုပ်လို့ ။ မိဘပေးစား လို့ ယူ လိုက်ရတဲ့ မယား သို့မဟုတ် လင်ကို ချစ်နိုင်ပါသည်ဆိုတဲ့ သာဓကကို ပြလိုခြင်း ဖြစ်ပါသည် ။ ကိုအဏ္ဏဝါ၏ အဖေနှင့် အမေတို့ သည်လည်း တစ်ဦးကို တစ်ဦး အလွန် ချစ်ကြသည် ။

ယခုခေတ် လူငယ်တွေ မှာတော့ မယားယူ ၊ လင်ယူနိုင်သည့် နည်းတွေ အများကြီး ရှိသည့်အနက် အောင်သွယ် ကတစ်ဆင့် ပြောခိုင်းသည့် နည်းသည် အဆင့်အနိမ့်ဆုံး ၊ ခေတ်မမီဆုံး နည်းဖြစ်သည် ။ မိဘချင်း သဘောတူ လို့ ယူကြ တာမျိုးကတော့ ရှေးဟောင်းပစ္စည်း အဖြစ် ပြတိုက်ထဲမှာလိုက်ရှာရမည် ဖြစ်သည် ။ ဘတ်စ်ကား မှတ်တိုင်မှာ သို့မဟုတ် လမ်းပေါ်မှာတွေ့ ပြီး စကားလိုက်ပြောလို့ ကြိုက်သွားကြ ၊ မကြာမီ လက်ထပ်လိုက်ကြသည် ။ ဟိုတယ်နှင့် စားသောက်ဆိုင် သီဆိုပွဲ မှာတွေ့ ပြီး ညတွင်းချင်း ညားသွားသည့် လင်မယားတွေ တောင် ရှိသည် ။

ယခု ခေတ်လို မယားယူ ၊ လင်ယူသည့် နည်းပညာ တိုးတက်နေသည့် ခေတ်မှာ ကိုအဏ္ဏဝါ၏ သားသမီးတွေ တစ်ယောက်မျှ အိမ်ထောင် မကျကြတာ အံ့သြစရာ အတော် ကောင်းသည် ။ သူတို့ ဘာသာ သူတို့လည်း မရှာ ၊ မိဘရှာပေး တာကို ယူဖို့ဆိုတာကတော့ စိတ်တောင် ကူးကြဟန် မတူ ။ လူပျိုကြီး ၊ အပျိုကြီးတွေ ဘဝဖြင့် မိဘရဲ့အရိပ်အာဝါသမှာနေရတာ အရသာတွေ့ နေကြသည် ။ သိနေကြ တယ်လေ ။ မယားယူ ၊ လင်ယူလိုက်လျှင် မိဘရဲ့အရိပ်အောက်က ထွက်ရမယ် ၊ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်ရတော့မယ် ၊ မိဘအိမ်မှာ နေရတာ လောက် မချောင်နိုင်ဘူး ဆိုတာကို သိနေကြတော့ မယားမယူ ၊ လင်မယူကြဘဲ အောင့်ထား ကြသည် ။

ကိုအဏ္ဏဝါ၏ သမီးအကြီးမသည် တက္ကသိုလ်မှာ ဆရာမ အလုပ် ရသွား သည် ။ အသက်ကလည်း သုံးဆယ်ကျော်နေပြီဖြစ်လို့ လင်ရဖို့ မျှော်လင့်ချက် အတော် နည်းသွားပြီ ဖြစ်သည် ။ ဘွဲ့ရ ၊ ပညာတတ် အမျိုးသမီးတွေ အသက်ကြီး လာလျှင် လင်မရဘဲ အပျိုကြီး ဖြစ်တတ်သည် ။ သူတို့ရဲ့ ပညာဂုဏ် ၊ ရာထူးဂုဏ် တွေကြောင့် သူတို့ကို ကြိုက်သူတွေ ကလည်း သူတို့ကို မမှန်းရဲတော့ဘဲ ကိုယ်နဲ့ တန်ရာ သင့်ရာတော်ရာကို ရွေးယူ သွားကြတော့သည် ။ ဒီလိုပုံစံဖြင့် ဥစ္စာပေါ ၊ ရုပ်ချော သူဌေးသမီးတွေ နှင့် ပညာတတ် ၊ ရာထူးကြီး အမျိုးသမီးတွေ အပျိုကြီး ဖြစ်ကြရသည် ။

ကိုအဏ္ဏဝါ၏ အတွေ့အကြုံအရ ပြောရမည် ဆိုလျှင် ရုပ်ရည်အသင့် အတင့်ရှိပြီး ပညာမတတ်၍ အလုပ်မရှိ အကိုင်မရှိ ယောင်လည်လည် ဖြစ်နေသည့် အမျိုးသမီးတွေ လင်ရလွယ်တတ်ကြသည် ။ ကိုအဏ္ဏဝါသည် ဇနီး မဖြူတုတ် ကို ဒီလို အခြေအနေမျိုးမှာ ရအောင် ယူနိုင်ခဲ့တာ ဖြစ်သည် ။ မဖြူတုတ် သည် ဆယ်တန်း ကို နှစ်ခါကျပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာ လင်ရခဲ့ခြင်း ဖြစ်သည် ။ အကယ်၍သာ မဖြူတုတ် ဆယ်တန်းကို နှစ်ချင်းပေါက် အောင်လို့ တက္ကသိုလ် ကျောင်းသူ ဖြစ်နေလျှင် ကိုအဏ္ဏဝါ ကလည်း မဖြူတုတ် ကို အထင်ကြီးပြီး မှန်းရဲမည် မဟုတ် ။ မဖြူတုတ် ကလည်း ကိုအဏ္ဏဝါ လို ဘုန်းကြီးကျောင်းထွက် ၊ ခေတ်ပညာ မတတ်သည့် ပုဂ္ဂိုလ်မျိုးကို စဉ်းစားမည် မဟုတ်၍ လင်မယားဖြစ်လာ ဖို့ အကြောင်း မရှိဟု ဆိုနိုင်သည် ။

ကိုအဏ္ဏဝါသည် အသက် ကြီးလာသည့် အပြင် ဝင်ငွေလည်း မရှိ၍ အစစခြိုးခြံချွေတာသည် ။ ကိုယ်ပိုင်ကားကိုတောင် ဓာတ်ဆီ ကုန်မှာစိုးလို့ မစီးဘဲ ကုန်းကြောင်း လျှောက်သည် ။ ဘတ်စ်ကားတိုးစီးသည် ။ ကိုအဏ္ဏဝါကသာ ကားနာမှာ စိုးလို့ ၊ ဓာတ်ဆီ ကုန်မှာစိုးလို့ ကားကို မသုံးသော်လည်း ကိုအဏ္ဏဝါ ၏ သမီးကြီး က သူ့ အလုပ်သွား အလုပ်ပြန် အတွက် တစ်ပတ်မှာ ငါးရက် ကားသုံးသည် ။ စနေနှင့် တနင်္ဂနွေနေ့တွေမှာလည်း အကြောင်းအမျိုးမျိုးဖြင့် ကား သုံးပြန်သည် ။ ဒီတော့ အဆုံးအရှုံး ၊ အလေအလွင့် ၊ အပွန်းအပဲ့တွေ ဖြစ်လာသည် ။ အဲဒီဝန်ဆောင် စရိတ်တွေ ကို ကိုအဏ္ဏဝါ ကျခံရသည် ။ သူများတွေ မှာ ကိုယ်ပိုင်ကား တစ်စီး ရှိလျှင် ထမင်း စားလောက်သည် ဟု ကြားဖူးသည် ။ ကိုအဏ္ဏဝါ မှာတော့ ကားဝန် ပိနေသည် ။

ကိုအဏ္ဏဝါ ဝင်ငွေ ရှိစဉ်က ဝယ်ယူစုဆောင်းထားခဲ့သည့် ရွှေငွေ လက်ဝတ် လက်စားတွေ ကို သားသမီးတွေ က အလှူအတန်း ၊ ပွဲလမ်းသဘင် သွားစရာ ရှိလျှင် ယူပြီး ဝတ်ဆင်ကြသည် ။ အလှူအတန်း က ပြန်ရောက်တော့လည်း ပြန်မအပ် ကြဘဲ မသိမသာ အပိုင်ယူ ထားကြသည် ။ သားသမီး နှင့် မိဘ ဖြစ်နေလို့ ပြန် တောင်း ယူရမှာလည်း ခက်နေသည် ။ မယုံဘူးလားလို့ ပြန် မေးမှာကိုလည်း ကြောက်ရသေးသည် ။ ဒီလိုဖြင့် မဖြူတုတ်၏ လက်ဝတ်ရတနာတွေသည် သမီး တွေဆီမှာ ရောက်နေကြတော့သည် ။

ကိုအဏ္ဏဝါ သင်္ဘောသား ဘဝဖြင့် နှစ်ပေါင်း နှစ်ဆယ်အတွင်း ဝယ်ယူ တင်သွင်း လာခဲ့သည့် အသုံးအဆောင်တွေနှင့် အဝတ်အစားတွေသည် ဗီရိုကြီးတွေ ၊ ရှိုးကေ့စ်တွေ ထဲမှာ အပြည့်ရှိခဲ့သည် ။ နှစ်တွေ ကြာလာတော့ တဖြည်းဖြည်း လျော့နည်း ပျောက်ဆုံးကုန်တော့သည် ။ ဘယ်ရောက် ကုန်သလဲ အောက်မေ့ပါ တယ် ၊ သားသမီးတွေရဲ့ အခန်းတွေထဲကို ရောက်နေတာ တွေ့ ရသည် ။ အဖေနှင့် အမေတို့ မသေမီ လက်ဦးအောင် ရယူထားမှ စိတ်ချရသည် ဆိုသည့်မူဖြင့် ယူထား ကြခြင်း ဖြစ်ဟန် တူပါသည် ။ မဖြူတုတ် ကတော့ မိဘပိုင်ပစ္စည်းပဲ ၊ သားသမီးတွေ
ယူတာ ယူပါစေဟု ပြောပြီး ခွင့်လွှတ်သည်းခံနေသည် ။ ကိုအဏ္ဏဝါကတော့

သူ့ သားသမီးတွေကို ( ရွှေပြည်စိုး ) တွေလို့ နာမည် ပေးလိုက်သည် ။ သားသမီးတွေ လင်ယူသားမွေး မလုပ်ကြဘဲ မိဘနှင့် ဥမကွဲ သိုက်မပျက် နေတာ ပျော်စရာကောင်းတယ်ဆိုပြီး မဖြူတုတ်က ဘဝကို ကျေနပ်နေသည် ။ လူဆိုတာ အချိန်တန် အရွယ် ရောက်လာလို့ရှိရင် မိဘအုပ်ထိန်းမှု အောက်က ရုန်းထွက်ရဲရမည် ။ ကိုယ့်ဝန် ကိုယ်ထမ်းပြီး ကိုယ့်လမ်း ကိုယ်လျှောက်ရဲရမည် ဟု နားလည်ထားသည့် ကိုအဏ္ဏဝါနှင့် မဖြူတုတ်တို့ သဘောချင်း မတိုက်ဆိုင် ဖြစ်နေသည် ။ လူမပြောနဲ့ ၊ သစ်ပင်ပန်းမန်တွေ တောင် သီးချိန်တန်လျှင် သီးကြ သည် ၊ ပွင့်ချိန်တန်လျှင် ပွင့်ကြသည် ။ တိရစ္ဆာန်တွေဟာ ကိုယ့်ဝမ်းစာ ကိုယ်ရှာ မစားနိုင်သေးသည့် ကာလအထိသာ မိဘကို အားကိုးပြီးနေသည် ။ အချိန်တန် အရွယ်ရောက် လာသောအခါ ကိုယ့်ဝန် ကိုယ် ထမ်းရန် အတွက် ကိုယ့်လမ်းကိုယ် လျှောက် သွားကြတော့သည် ။

ကိုအဏ္ဏဝါ ကတော့ အချိန်လွန် အရွယ်လွန် နေကြသည့်တိုင်အောင် လင်ယူ သားမွေး မလုပ်ကြသေးဘဲ မိဘရဲ့အရိပ်မှာခိုပြီး ပျော်နေကြသည့် သူ့သားသမီးတွေ သည် တိရစ္ဆာန်တွေထက် ပိုပြီး မိဘကို ခင်တွယ်သူတွေ ဖြစ်လို့ ( သူ့ထက်ကဲ ) တွေ ဟု စိတ်ထဲက ခေါ်နေမိပါသည် ။

▣ အဏ္ဏဝါစိုးမိုး

📖 ကလျာမဂ္ဂဇင်း
      မတ်လ ၊ ၂ဝဝ၄ ခုနှစ်

No comments:

Post a Comment