❝ တမာပင် အောက် မှာ အေးမြစွာ ပေါက်ကွဲခြင်း ❞
( ဇော်ဇော်အောင် )
အောက်ပြည် အောက်ရွာ မှာ အနေ ကြာပေမယ့် မုံရွာ က တော့ ရင် ထဲ မှာ အမြဲ ရှိနေသည် ။ နှစ် အတော် ကြာခဲ့ပြီ ။ အချိန်တို့ လျင်မြန်စွာ ပျံသန်းနေကြ၏ ။ နှစ် အစိတ် လား ။ သုံးဆယ် လား ။ အမှတ်အသား မရှိ ။ အခု တစ်ခေါက် အမေ့အိမ် ။ အမေ မရှိတော့သော အမေ့အိမ် သည် ငိုကြွေး နေသော အနက်ရောင် ကျောက်ဆစ်ပန်းပုရုပ်ကြီး တစ်ခု ပမာ ။ အမေ မရှိတော့ပြီ ။ ရင် ထဲ မှာ တော့ အတိတ်တွေ ကျန်နေသည် ။
အတိတ် ကို လည်း မပြန် ။ အနာဂတ် ကို လည်း မမျှော် ။ ပစ္စုပ္ပန် တည့်တည့် မှာ သာ နေသည် ဟု ကြွေးကြော်ခဲ့သော မော်ဒန်သမား အလကားကောင်သည် သူ့ ကို အတိတ်တွေ က ဖိစီးနှိပ်စက် တော့ မှ သူ့ ကိုယ် သူ မော်ဒန်သမား အလကားကောင် ဖြစ်နေမှန်း ရိပ်မိ၏ ။ သွားစမ်းပါ အတိတ် တွေ ။ ပစ္စုပ္ပန် မှာ ငါ နေသည် ဟု အော်ဟစ်သော ကွဲအက်စူးရှစွာ အသံ မဖြစ်မီ က ပျောက် နှင့်သည် ။ အတိတ်တွေ ပါ လား ။
ဘယ်တုန်းက မှ ရင် မခုန်တတ် ။ ဘယ်တော့မှ ရင်မခုန် ဟု ကြွားဝါ ကြွေးကြော် တံဆိပ် ချိတ်ခဲ့ သော ရင် သည် ပုံမမှန် စံသွေစွာ ခုန် နေ၏ ။ တန်းမြင့်ကျောင်း ။ အမှတ် ၁ တန်းမြင့်ကျောင်း ။ သူ့ အဖေ သည် ကျောင်း မှာ နေခဲ့၏ ။ အင်္ဂလိပ် - မြန်မာ ဗုဒ္ဓဘာသာ အထက်တန်းကျောင်း Anglo - Vernacular Buddhist High School ။ အဖေ အလွန် ဂုဏ်ယူခဲ့သော ကျောင်း ။ သိန်းဖေမြင့် သည် ကျောင်း မှ ထွက်ခဲ့သည် တဲ့ ။ အိုးဝေညိုမြ သည် ကျောင်း မှာ နေခဲ့သည် တဲ့ ။ အဖေ့သား သည် လည်း သည် ကျောင်း မှာ နေခဲ့သည် ။ တမာပင်တန်း နှင့် လမ်းကလေး ။ တမာပန်း တွေ တဝေဝေ ။ တမာအနံ့တွေ သင်းပျံ့ လျက် ။ အရင်တုန်း က လိုပါပဲ ။ ကျွန်တော် သည် ကျောင်း မှာ နေခဲ့သည် ။ ဆရာတွေ ။ ဆရာမတွေ မရှိ တော့ပြီ ။ သူငယ်ချင်းတွေ ဘယ်ရောက် နေကြသလဲ ။ အမည်တွေ ပေါ် လာလိုက် ပျောက်သွားလိုက် ။ ဘစု ၊ ခင်မောင်လတ် ၊ မြသန်းထွန်း ၊ ရှမ်းတင်လှိုင် ၊ တပရင်း ငချို ၊ ကိုဇာဝီ ၊ ကျော်သိန်းကြီး ၊ တင်မောင် ၊ ခင်အောင် ၊ ကိုလေးရီ ၊ မောင်ဒိုး ၊ ဘလက်ကက် ၊ ထွန်းကြည် ၊ မောင်အုန်း ။ သည် နာမည် တွေ သည် ကျွန်တော့် အတွက် လွမ်းစရာ အတိတ်များ ဖြစ်ပါသည် ။ အခု သူတို့ သည် ကျောင်း မှ မရှိကြတော့ ။ ကျွန်တော် လည်း မရှိ တော့ ။ သို့သော် သည် ကျောင်းဝင်း အတွင်း မှာ တမာပင် အသစ် တွေ ။ ကျောင်းဆောင် အသစ်တွေ ။ ဆရာ / ဆရာမ အသစ်တွေ ။ ကျောင်းသား ကျောင်းသူ အသစ်တွေ ရှိနေပါသည် ။ ကျွန်တော်တို့ ထက် တော်သော ကျောင်းသားကျောင်းသူ တွေ ဖြစ်စေချင်သည် ။ အရင် က ထက် ပို တော် သော ဆရာတွေ ဆရာမတွေ ဖြစ်စေချင်သည် ။ အရင် က ထက် ပိုမြင့် သော ပညာတွေ သင်ပေးနိုင်စေချင်သည် ။ ဆရာကြီး ဦးဖေမောင်တင် ကို သတိရသည် ။ ကျွန်တော့် ဆရာများ ၏ ဆရာကြီး ။ တိုင်းပြည် တစ်ပြည် မှာ ခေတ် တစ်ခေတ် မှာ တပည့် က ဆရာ ထက် ပို မတော်လျှင် ၊ လူငယ် က လူကြီး ထက် ပို တော် မလာလျှင် အဲဒီ တိုင်းပြည် မြောင်း ထဲ ရောက်ပြီ သာ မှတ်ပေရော့ ။ ပြောရင်း ဆိုရင်း တွေးရင်း တောရင်း အနာဂတ် ကို မျှော်မိ ပြန်ပြီ ။ ပစ္စုပ္ပန် မှာ တော့ ... ။
မုံရွာနွေ သည် ပက်ပက်စက်စက် ပူပြင်း လောင်မြိုက်လှ၏ ။ သက်ရှိ သက်မဲ့ မှန်သမျှ မီးလျှံ အစွယ်များ ဖြင့် ဝါးမျိုကိုက်ဖြတ် နေသော မုံရွာ နွေဘီလူး ကို ဘာနှင့် ခုခံ၍ မှ မရနိုင် ။ မိုး ရွာပါတော့ ။ မိုး လာပါတော့ ။ ငယ်ဆရာ တစ်ဦး ၏ စကား ကို ပြန် ကြားယောင် သတိရပါသည် ။ ကျွန်တော့် ၏ နိုင်ငံရေး ဥပဇ္ဈာယ်ဆရာ ဘုန်းကြီးကန် ထွန်းကြည် ။ အနောက် ဘက် ဘုန်းကြီးကန် ရွာသား ။ ကိုယ် တစ်ပိုင်းသေ လေဖြတ် နေသော ဒုက္ခိတကြီး ဦးထွန်းကြည် ။ ကျွန်တော့် ကို ပြောဖူးပါသည် ။ နွေအခါ နေပူတယ် ။ မိုး မရွာလို့ ပူပြင်းတယ် ဆိုတာ မင်း အတွက် အရေပြား က သာ ခံ စားရတဲ့ ဒုက္ခပါ ။ တောသူ တောင်သား မုံရွာနယ် က နှမ်းတောင်သူ တွေ ။ ပဲတောင်သူ တွေ ခံစားရတာ က တစ်ဘဝလုံး ရဲ့ ဒုက္ခ ။ နွေ မှာ နေ ပူလို့ မိုး မရွာလို့ မင်း ဘဝ ပျက် မသွားဘူး ။ တောင်သူတွေ အဖို့ တော့ ဘဝ ပျက်သွားနိုင်တယ် ။ ဆွေစဉ်မျိုးဆက် ဘဝ ပျက်နိုင်တယ် ဟု ပြောဖူး ပါသည် ။ ကျွန်တော့် မှာ ဆရာ နှစ်ယောက် ရှိခဲ့ပါ သည် ။ ငယ်ဆရာ ဘုန်ကြီးကန်ထွန်းကြည် ။ ကြီးဆရာ ရှေ့နေကြီး ဦးကိုယု ။ ကိုထွန်းကြည် မရှိ တော့ပြီ ။ လောလောဆယ် တော့ ပူပြင်းလောင်မြိုက်သော ပစ္စုပ္ပန် ဖျာလိပ်ခေါင်း ထဲ မှာ ခေါင်းဝင်ပြီး ကျွန်တော် အတင်း တိုးထွက် နေရပါသည် ။ နေ ပူတာ သာ ကြောက်နေရင် ဆရာ ဘယ်မှ သွားလိုက်ရမှာ မဟုတ်ဘူး ။ ဘယ်သူနဲ့ မှ လည်း တွေ့ရမှာ မဟုတ်ဘူး ။ မုံရွာသား ကိုရည် က ပြော၍ လာခေါ်သည် ။ လက်တွေ့ကျသော အဘိဓမ္မာ ပေပဲ ။ ကဗျာဆရာတွေ အတော်များများ နှင့် တွေ့ရသည် ။ မှန်ပါသည် ။ နေပူတာ သာ ကြောက်နေ လျှင် ကျွန်တော် ဘယ် ကဗျာဆရာ နှင့် မှ တွေ့ရမည် မဟုတ် ။ ပြောရဆိုရ ဆွေးနွေးရမည် မဟုတ် ။ အစိုင်အခဲများ ကို ထုထောင်း ချေဖျက် ရလိမ့်မည် မဟုတ် ။ မပြေလည်မှုများ ကို နောက်ဆုံး အဆင်သင့် ရွှေ့ဆိုင်း ထားဖြစ် လိမ့်မည် မဟုတ် ။ သည် တစ်နေ့ မှာ ဘယ်တုန်းက မှ မလုပ် ဖူးသော ကဗျာဆရာ အနုပညာ သမားများ နှင့် ' တွေ့ဆုံဆွေးနွေးခြင်း ' ကို ကျွန်တော် လုပ်ခဲ့ရ၍ ကျေနပ်မိပါသည် ။ မုံရွာ နေ သည် မုံရွာသား ဂီတသမား ကိုရည် က တစ်ဆင့် အလွန် ရိုးစင်း တန်ဖိုး ရှိလှသော သဘာဝ အဘိဓမ္မာ တစ်ရပ် ကို ကျွန်တော့် အား သင်ကြား ပေးလိုက်ပါသည် ။ နွေ ဆိုတာ ပူ မှာ ပဲ ။ အပူ ကို မကြောက်နဲ့ ။ ပြောစရာ ရှိလျှင် အလွန် ပြတ်ပြတ် ပြောတတ် သော မောင်ယဉ်နိုင် ၏ စကားများ ကို လည်း ကျွန်တော် နားထောင် ခဲ့ရသ ည် ။ ပြောစရာ ရှိလျှင် စကား မချန်ဘဲ ပြတ်ပြတ် တောက်တောက် ပြော သော နေရာတွင် သူ နှင့် ကျွန်တော် တူပါသည် ။ မဂ္ဂဇင်း အဖွင့် စာမျက်နှာ များ ပေါ်မှာ များများ စားစား မတွေ့ရ သော်လည်း ထိပ်တန်း ကဗျာဆရာ တစ်ယောက် ဟု ကျွန်တော် ဆုံးဖြတ်မိသူ တစ်ယောက် ကို လည်း တွေ့ ရပါသည် ။ သူ ကား မောင်ဆေးရိုး ။ သူ မေးသော မေးခွန်း များ ၊ သူ တင်ပြသော မကျေလည်မှုများ ၊ သူ ယုံကြည်သော ကဗျာအယူအဆများ ကို ကျွန်တော် ကြားခဲ့ သိခဲ့ရပါသည် ။ မောင်ဆေးရိုး သည် သမ္ဘာ ရှိ၏ ။ ရင့်ကျက်၏ ။ သူ့ အယူအဆများ သည် မျှတ ၏ ။ ချင့်ချင့်ချိန်ချိန် ရှိ၏ ။ ပေါ့ တီးပေါ့ဆ သဘော ထား၍ မရလောက်သော ကဗျာ အယူအဆများ သူ့ တွင် ရှိကြောင်း ကျွန်တော် သိခဲ့ရသည် ။ အတက်ကြွဆုံး ။ အဖျတ်လတ်ဆုံး ။ မေးခွန်း အများ ဆုံး ။ မကျေနပ်တာတွေ အများဆုံး ကတော့ ။ စကား အပြောဆုံး ကတော့ မင်းဆွေနှစ် ဖြစ်သည် ။ လူငယ် ပေပဲ ။ ကျွန်တော် သူ့ အရွယ် က လည်း သည်လိုပဲ ရှိမည် ။ သူ့ ကို ကြည့်၍ တက်ကြွမှု တွေ ကူးစက်နေသည် ။ အထူးသဖြင့် သူ လူငယ် တစ်ယောက် ဖြစ်နေခြင်း အတွက် ကျွန်တော် ပို၍ ကြည်နူးမိသည် ။ အာဃာတ မပါ ။ ပကာသန မပါ ။ ဂိုဏ်းစွဲ မပါ ။ ပရိယာယ် မပါ ။ ကျွန်တော်တို့ တွေ့ဆုံ ဆွေးနွေးပွဲများ မှာ ကဗျာ သာ ပါ၏ ။ စာပေအနုပညာ သာ ပါ၏ ။ ( မှတ်ချက် - အရက် လည်း မပါပါ ) သည်လိုနှင့် ပင် တွေ့ဆုံဆွေးနွေးပွဲ အတော်များများ ကျွန်တော် ထိုင်ဖြစ်ခဲ့ ပါသည် ။ လက်ဖက်ရည်ဆိုင် တော်တော် များများမှာ ။
ကျွန်တော်တို့ မုံရွာသားများ အပြော ကြီးကြပါသည် ။ မြန်မာပြည် မှ လက်ဖက်ရည် အကောင်းဆုံး မြို့ ။ အပြော ကြီး လည်း ကြီးလောက်ပါပေသည် ။ မုံရွာမြို့ မှာ ကျွန်တော် သောက်ခဲ့သမျှ လက်ဖက်ရည်ဆိုင် တိုင်း လိုလို ကောင်းကြသည် ။ ရန်ကုန်မြို့ က အကောင်းဆုံး ၊ အခမ်းနားဆုံး ၊ ဈေး အကြီးဆုံး လက်ဖက်ရည် ကို မုံရွာ ပလက်ဖောင်းဘေး က ဆိုင်ကလေး က ခါးထောက် ပြုံးပြ နေလိမ့် မည် ။ လက်ဖက်ရည်ဆိုင် တိုင်း မှာ တမာပင် ရှိ၏ ။ တမာရိပ် ရှိ၏ ။ ထို ဆိုင် အတော်များများ မှာ ကျွန်တော် ထိုင်၍ လူငယ် ကဗျာဆရာများ နှင့် ဆွေးနွေးနှီးနှော ဖြစ်ခဲ့ပါသည် ။ သူတို့ မကျေနပ်တာတွေ ၊ မကျေလည်တာတွေ ၊ ကျေလည်တာ ၊ သဘော မတူတာတွေ ၊ လက်မခံနိုင်တာတွေ ၊ ကျေနပ်တာတွေ ၊ ကျေလည်တာတွေ ၊ သဘောတူတာတွေ ၊ လက်ခံတာတွေ တို့ အပိုင်းအစများ သည် ကျွန်တော့် ရင် ကို စူးရှ ခင်မင်စွာ လာရောက် ထိမှန်ပါသည် ။ သူတို့ စကားလုံးတိုင်း သည် တင်းမာပြတ်သား သော်လည်း ပန်းပွင့်များ ဖြစ်ကြ၏ ။ ကြည်နူးရပါ သည် ။ အယူအဆ တူသူ အချင်းချင်း ကို မပြောနှင့် တော့ ။ အယူအဆ မတူသူများ ပင် ဖြစ်စေကာမူ တစ်ခုသော စိတ်ဓာတ် ၊ တစ်ခုသော ယုံကြည်ရာတွင် ခိုင်ခိုင် မာမာ သန့်သန့်စင်စင် ရပ်တည်၍ ဆွေးနွေးရသည် မှာ ဘာနှင့် မှ မတူအောင် ကြည်နူးစရာ ကောင်း ပါသည် ။ ကျွန်တော့် စိတ် အထင် မှာ မုံရွာမြို့လယ် က “ ကန်တော်ကြီး ” ရေပြင် တွင် ကြာဖြူ ၊ ကြာ နီ ၊ ကြာညိုပန်းတွေ ဝေနေသည် ။ ကြာပန်း ၊ ကြာပွင့်တွေ ၊ ကြာရိုးကြာနွယ်တွေ အောက်တွင် နက်ရှိုင်း သော ၊ ခိုင်မာသော ၊ အင်အားကြီးသော ၊ အခြေခံ ထုထည်ကြီး တစ်ခု ရှိနေသည် ကို ကျွန်တော် သိလိုက်ပါသည် ။ မုံရွာ သည် ကဗျာမြို့ ဖြစ်၏ ။
မုံရွာနွေ တမာပင် အောက် က ခုံတန်းလျားလေး ပေါ် ကျွန်တော် ထိုင် နေပါသည် ။ ကျွန်တော့် အနီး မှာ ကဗျာများ ပေါက်ကွဲ နေကြ၏ ။ ထို ပေါက်ကွဲမှုများ ကို ကျွန်တော် အေးမြစွာ ခံစား နေရ၏ ။ ကဗျာ ဆိုသည် မှာ ပေါက်ကွဲခြင်းပါပဲ ။
အေးမြသော နှင်းမှုန် ကြား မှာ ကဗျာမြို့တော် ၏ အလှ ကို နောက် တစ်ကြိမ် ခံစား ကြည့်ချင် ပါသေးသည် ။
▣ ဇော်ဇော်အောင်
📖 ဝတ္ထုတိုပေါင်းချုပ် ( အပိုင်း - ၃ )
No comments:
Post a Comment