❝ လွမ်းမော်ကွန်း ❞
♕ ရာသက်ပန် ( တောင်ငူဆောင် )
တချို့ လူတွေ က ဦးနှောက် ကို ရှေ့တန်း တင်သည် ။ တချို့ကား နှလုံးသားကို ဦးစားပေးသည် ။ ဦးနှောက် နှင့် နှလုံးသား ကို မျှတစွာ နေရာ ပေး ၍ ဘဝ ကို ဖြတ်သန်း ကြသော လူသား တို့လည်း ရှိသည် ။ မည်သို့ပင် ဖြစ်စေ လူ ရယ်လို့ ဖြစ်လာသည့် အတွက် ခံစားကြရသည့် ခံစားမှု တွေတော့ ရှိတတ်သည် ။ မေ့ချင်သည် ၊ မေ့မရ ။ မုန်းချင်သည် ၊ မုန်းမရ ။ မလွမ်းချင် ၊ သို့သော် လွမ်းသည့် ခံစားမှု ကို တား မရ ။ လွမ်း ပြီး မော သွားရသည့် လွမ်းမောမှု က တစ်မျိုး ၊ လွမ်းမော တသပြီး ပျော်ရွှင် သွားရသည့် ခံစားမှု က တစ်ဖုံ ၊ မေ့ ထားသော အပေါက် “ မေ့ပေါက် ” မှ တိုးဝင် လာပြီး လူ ကို စိတ်ချမ်းသာမှု မပေးသော ခံစားမှု မျိုး လည်း ရှိ သေးသည် ။ ထို အရာ က ရော “ အလွမ်း ” ပေပဲ လား ။ မြတ်ဗုဒ္ဓ က တော့ ပစ္စုပ္ပန် တည့်တည့် ရှုပြီး အလယ် ၊ အလတ်လမ်း ဖြစ်သည့် မဇ္ဈိမပဋိပဋာလမ်း အတိုင်း ကျင့်ကြံရန် ဟောပြော လမ်းညွှန် ထားသည် ကို တရား သိရှိပါ သော်လည်း မလွမ်းဘဲ မနေနိုင်သော လူသား တစ်ယောက် လေ ။
လူ ကို လွမ်း လျှင် သူ နှင့် ပတ်သက်သော ကာလ ဒေသနောက်ခံ က အလို လို ပင် ဒွန်တွဲပါ လာ တတ်သည် ။ သူ့ ကို လွမ်းသည့် အခါတိုင်း သူ နှင့် ဆုံတွေ့ ခင်မင်ခဲ့ရာ “ ကံ့ကော်မြေ ” ကို ချန်လှပ် ထား၍ မရစကောင်းပါ ။ လွတ်လပ်ပြီး ကိုယ့် ကိုယ် ကိုယ် ထိန်း ရသော တက္ကသိုလ် ကျောင်းသူ ၊ ကျောင်းသား ၏ ဘဝ စာမျက်နှာများ သည် ပိတ်ကား ချပြီး အသေ ပိတ်ထား၍ မရသော စာမျက်နှာ များဖြစ်သည် ။ ကိုယ် မည်သည့် အရွယ် ရောက်ရောက် ထို အချိန် ၊ ထို ကာလ ကို သတိရ ပါ လျှင် ထို အချိန် က ... အရွယ် ဖြစ်သွား တတ်လေသည် ။ လူ ရော စိတ် ရော အနား ရသည့် အခါမျိုးမှာ ထို အကြောင်းများ ကို ကျွန်မ စဉ်းစား မိ သွားသည် ။ ထို့နောက် တွင် “ အလွမ်း ” သည် တိတ်တဆိတ် ကပ် ၍ ပါလာ တတ်သည် ။
သူ သည် ခပ်ပေပေ နေတတ် သူ တစ်ယောက် ပုံစံ ထွက် နေပါသော်လည်း အလွန် ဉာဏ်ကြီးသူ ၊ အရာရာ ကို စနစ်တကျ တွက်ချက် လုပ်တတ်သူ ၊ မကောင်း မှန်း သိလျက် နှင့် တစ်ခါတစ်ရံ ဆေးချတတ်သူ ဖြစ်လေသည် ။ သို့သော် ဖြတ်ချင်သည့် အခါတွင် တိခနဲ ဖြတ်နိုင် သူ လည်း ဖြစ်ပါသောကြောင့် သူ့ ကို မည်သည့် မကောင်းမှု က မှ ဝါးမျို သွားနိုင်စွမ်း မရှိခဲ့ပါ ။
အရက် သောက် သည် သူ သောက် ချင်၍ သောက် ခြင်းဖြစ်သည် ။ သူ အရက်သမား ဖြစ် မသွားခဲ့ပါ ။ သူ နှင့် တွဲသည့် သူငယ်ချင်း က အရက် သောက်သည့် အခါ ဆေး ချသည့် အခါ လူမှန်း သူမှန်း ပင် မသိတော့ ၍ သူ က ကား မောင်း ကာ အိမ် ပြန် ပို့ရသည် ။ အတူတူ ဆေး ချတာ ချင်း တူသော်လည်း သူ က ကားမောင်း နိုင်သေးသည် ။ သူ က လက်ရေး မလှပါ ။ သူ့ ခံစားချက် နှင့် ကိုယ်တိုင်ရေး ကဗျာ အချို့ ရေး ထားသည့် ဗလာစာအုပ် တစ်အုပ် ကို ကျွန်မ အား ပေးခဲ့ဖူးပါသည် ။ ကျွန်မ အတွက် ( ကျွန်မ ဝတ္ထု ထဲ မှာ သုံးရန် ) အင်္ဂလိပ် တေးသီချင်း တစ်ပုဒ် ကို ဘာသာပြန် ပေးခဲ့ဖူးသည် ။ Friend I'm feeling lonely head ဟူသော စာသား ပါသည့် “ သူငယ်ချင်း ” သီချင်းလေး ။ ဟုတ်ပါသည် ။ သူ နှင့် ကျွန်မ သည် သက်ဆုံးတိုင် သူငယ်ချင်း ဖြစ်သွားမည့် သူတွေ သာ ဖြစ် ပါသည် ။
၁၉၈၅ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ် ( ပင်မ ) သို့ စတင် ခြေချခွင့် ရခဲ့သည် ။ ကျွန်မ က ပထမနှစ် ဂုဏ်ထူးတန်း ၊ သူ က တတိယနှစ် ဘူမိဗေဒ ဖြစ်သည် ။ ထိုအချိန် ၊ ထို ကာလ အဖြစ်အပျက် ခံစားချက်များသည် မေ့ ၍ မရ သော စာရင်း ထဲ တွင် ထိပ်ဆုံးက ရပ်တည်လျက် ရှိသည် ။ ၈၈ အရေးအခင်းကြီး မဖြစ်ခင် ပိုက်ဆံတွေ အသိမ်း ခံရသည့် အဖြစ်အပျက် ဖြစ်သည် ။ ထိုအချိန် တွင် ကျွန်မ သည် အင်းလျားလမ်း က အပြင်ဆောင် တစ်ခု မှာ နေသည် ။ စားသောက်ဆိုင် ဖွင့် ထားသော ခြံ လည်း ဖြစ်သောကြောင့် ထို ဆိုင် သည် ပင် အဆောင်သူ တို့ ၏ ပါလာ ( ဧည့်သည် တွေ့ဆုံရန် ဧည့်ခန်း ) ဖြစ်လေသည် ။ ထိုအချိန် တွင် ကျွန်မ တို့ သူငယ်ချင်းတွေ ခဏခဏ ထိုင်ဖြစ်သည် ။ အင်းလျားလမ်း တည့်တည့် မှ ပြည်လမ်းမ ကိုဖြတ် ပြီး တောင်ကုန်း အမြင့်လေး ပေါ် မှ ရှိသည့် ဆိုင်လေး မှာလည်း သွား ထိုင်ဖူးသည် ။ တစ်ခြံလုံး ပိန္နဲပင် များ နှင့် အုံ့ဆိုင်း နေသောကြောင့် အစားအစာ ထက် အေးမြငြိမ်းချမ်းမှု ကို ပိုမို နှစ်သက်သောကြောင့် ဖြစ်ပါ သည် ။ Hi ဟု ခေါ်သော လက်ဖက်ရည်ဆိုင် မှာ လည်း အခြားသော ကျောင်းသူ ကျောင်းသားများ နည်းတူ ထိုင်ခဲ့ဖူးသည် ။ ရိုးမရိပ်သာလမ်း ထိပ်မှာ ဖြစ်သည် ။ ထိုအချိန် က အင်လျားကန်ပေါင် နှင့် ခရမ်းပြာ အနီး တစ်ဝိုက် နယ်ပယ်ဒေသ သည် တက္ကသိုလ် ကျောင်းသူ ၊ ကျောင်းသား တို့ ၏ လွတ်လပ်နယ်မြေ ဟု ဆို လျှင် လည်း မှားမည် မထင်ပါပေ ။ ကျွန်မ တို့ သည် ထိုနေရာ အနီး တစ်ဝိုက် ( လှည်းတန်း ပတ်ဝန်းကျင် ) တွင်သာ လှည့်လည် သွားလာ နေထိုင်ကြသည် ။ ကိုယ့် ကျောင်းနားသည် သာ လုံခြုံမှု ရှိသည် ဟု ခံစားရ သောကြောင့် ဖြစ်သည် ။ ထို နေရာဒေသ ကို စွဲလမ်း သောကြောင့် လည်း ဖြစ်နိုင်သည် ။ ကျွန်မတို့ လက်ဖက်ရည်ဆိုင် ထိုင် ကြသည် ။ စကား ပြောကြသည် ။ စာ ထဲ က အကြောင်း ၊ ဘဝ ထဲ က အကြောင်း နှင့် သီချင်း ထဲ က အကြောင်းတွေ ဖြစ်သည် ။ ထိုအထဲ မှာ ခေတ်ပြိုင် ခံစားမှု ကို ရှာဖွေ သုံးသပ်ကြသည် ။ ကိုယ်တွေ က လည်း ခေတ် ထဲ က လူသားတွေ ပဲ မဟုတ် လား ။ ခေတ် ရဲ့ ရိုက်ခတ်မှု ကြောင့် ကျွန်မတို့ နှလုံးသား တွေ နာကျင်ရသည် ။ ကျွန်မ နှင့် အတူ ရှိနေသော အချိန် များ တွင် သူ သည် အမြဲပင် ပေါ့ပါး သွက်လက်နေတတ်သည် ။ အပြစ် ကင်းစင်စွာ ရယ်မော နေတတ်သည် ။ အခြားနေရာ တွင် သူ့ ကို သူ လူလည်ကြီး တစ်ယောက် လို နေတတ် ကြောင်း ပြောနေသော သူ သည် ကျွန်မ ၏ ရှေ့ တွင် ကလေးလေး တစ်ယောက် ၏ အပြစ် ကင်းစင်မှု မျိုး ဖြင့် ပြုံးပျော် နေ တတ်သည် ။ ကျွန်မ က ..
“ နင် ခွကျ လာတယ် မဟုတ်လား ” ဆိုသည့် အဓိပ္ပာယ် ရသော စကား ကို “ နင် အန်းကုန်း ဘောင်းဘီ ဝတ် လာတယ် မဟုတ်လား ” ဟု ပြောသည် ကို သူ အလွန် သဘောကျ တတ်သည် ။ အန်းကုန်းဘောင်းဘီ ဆိုတာ တရုတ်အဘိုးကြီး တွေ ဝတ်သော ဒူးဆစ်ထိ ခွ ကျသော ဘောင်းဘီမျိုး ဖြစ်ပါသည် ။ သူ အရက်သောက် သည့် အခါ အပြင် မှာ ခပ်ကြာကြာလေး အချိန် ယူ နေပြီး မှ အရက် သောက် လာသည့် ပုံစံမျိုး မဖြစ်အောင် ၊ အရက် သောက်လာသည် ဟု မထင်ရ အောင် အိမ် ထဲ ကို လှစ်ခနဲ ဝင်ပြီး ကိုယ့် အခန်း ကိုယ် ဝင် နေရသည် ဟု ဆိုပါသည် ။ သူ က တော့ သူ အရက် သောက်သည် ကို သူ့ အမေ မသိ ဟု ထင် နေပါသည် ။
ကျွန်မ က တော့ ...
“ နင့် အမေ က မသိချင် ယောင် ဆောင် ပေးနေတာ ” ဟု ဆိုလိုက်ပါသည် ။ အဲဒီ အခါကျတော့ လည်း “ အေး ... ဖြစ်နိုင်တယ် ” ဟု သူ လက်ခံ တတ်ပါသည် ။ ကျွန်မ ၏ အဆောင် အတူနေ သူငယ်ချင်း မခင်ဇော်ခိုင် နှင့် လည်း သူ က ခင်ပါသည် ။ ဂျီတီအိုင် နှင့် ကျောင်း ပြီးခါစ ကိုတေဇာ ကို လည်း သူ မိတ်ဆက် ပေးသောကြောင့် ကျွန်မ တို့ ခင်မင်ခွင့် ရခဲ့သည် ။ ကိုတေဇာ က လူရိုး လူအေး ။ နောက် တစ်ယောက် က အဆောင် မှ သူငယ်ချင်း တစ်ယောက် နှင့် ပတ်သက်ပြီး မှ သိသော ကိုမျိုး ဆိုသည့် အစ်ကိုကြီး ။ ကျွန်မ တို့ သိပ် ကို ခင်ကြသည် ။ တကယ့် မောင်ရင်းနှမ စိတ် နှင့် ခင်ကြခြင်း ဖြစ်သည် ။ ရန်ကုန် တက္ကသိုလ် ထဲ က ပုဂံလမ်း တစ်လျှောက် မှာ လမ်းလျှောက် ရင်း သီချင်းတွေ အော်ဆို ခဲ့ကြသည် ကို မှတ်မိ သည် ။ လှည်းတန်း ဘက် က နေ လမ်းလျှောက် ပြန် လာ ရင်း တက္ကသိုလ် ရိပ်သာလမ်း ဘက် မှ ပုဂံလမ်း ဘက် သို့ ချိုးကွေ့ ဝင်လာခြင်း ဖြစ်ပါသည် ။ ထိုအချိန် က တက္ကသိုလ် ဝင်းကြီး တစ်ခုလုံး ရှိ လေးဖက်လေးတန် မှ လေးပေါက် မက သော တံခါးတို့ သည် ကျောင်းသား ကျောင်းသူ တို့ အဆင်ပြေပြေ သွားလာ ဝင်ထွက်နိုင်စေ ရန် ဖွင့် ထားပါသည် ။ ကိုယ့် ကျောင်းဝင်း ထဲ သို့ မည်သည့် တံခါးပေါက် မှ ဝင်ဝင် ရသော ခေတ် ဖြစ်သည် ။ ဤကျောင်း နှင့် မသက်ဆိုင်သူများမှာ လည်း ဤ ဝင်း ထဲ သို့ မကပ်ရဲ ကြပေ ။ ကျွန်မ တို့ အတွက် လွတ်လပ်ပြီး အသက်ရှူ ဝသည်ဟု ပြောရပေမည် ။ ထိုစဉ် က နာမည် ကြီး နေသော အဆိုတော် ခိုင်ထူး ၏ “ အစောဆုံး ပြန်ခဲ့ နှင်းသက်သက်ဝေ ” သီချင်း ကို ကျွန်မ တို့ အော် ဆို ခဲ့ကြသည် ။
“ အသင် ပေးသည့် အပြစ် ၊ အပြုံး နှင့် မယူ အရှုံး နှင့် ယူပါမည် ” ဆိုသည့် သီချင်းစာသား ကို ကိုမျိုး က “ အပြုံး နဲ့ မယူ ၊ အပြုံး အစ်မ နဲ့ ယူပါမည် ” ဟု နောက်တီး နောက်တောက် စာသား ပြောင်း တတ်သေးသည် ။ ထူးအိမ်သင် ၏ “ နာရီ ပေါ် မှ မျက်ရည်စက်များ ” က ကျွန်မတို့ မျက်ဝန်းဆီ ကူးစက် ပြီး နှုတ်ဖျား မှာ လည်း ...
“ လူ့ ဘဝ ဟာ ရခဲလွန်းလှတယ်
ကိုယ့် ဘဝ ကိုယ် အလွဲသုံးစား မလုပ်နဲ့
တစ်နေ့နေ့ သေခြင်းတရားမှာ
အားလုံး အဆုံးသတ်ရမယ် ။
ရှင်သန်ချိန်တွေ တိုတောင်းလွန်းတယ်
မကောင်းမှု လုပ်ဖို့ အချိန်တွေ နှမြောပါတယ် ။
လောဘ ၊ ဒေါသ ၊ မီးတောက်တွေ ၊ ငြိမ်းရ သတ်ရ ခက်ခဲ့ရင် သီချင်းလေး နားထောင်ဦး ”
“ နာရီ ရဲ့သီချင်း
နာရီ ရဲ့ သီချင်း နာရီ ရဲ့ သီချင်း သတိပြုကွယ် ” ဟု အော် ဆိုခဲ့ရသည် မှာ အရသာ ရှိလွန်းလှသည် ။ ပြန် တွေး တိုင်း ပျော် ရသည် ။
ပိုက်ဆံ ၂၅ ကျပ် ၊ ၃၅ ကျပ်တန် နှင့် ၇၅ ကျပ်တန် တွေ သုံးမရတော့ ဟု ကြေညာချက် ထွက် လာ သောအခါ ကျွန်မတို့ ကျောင်းသားများ အလွန် တုန်လှုပ်ခဲ့ကြရသည် ။ ရှိစုမဲ့စု စုထားသော ငွေကလေးတွေ ပါ သွား ပြီ ။ သုံးစရာ မရှိတော့ ၊ ဘာ လုပ်၍ ဘာ ကိုင်ရမှန်း မသိ ။ ဒုတိယနှစ် ဂုဏ်ထူးတန်း စာမေးပွဲ ဖြေ နေစဉ် ကာလ နှစ်ဘာသာ ပဲ ဖြေရ သေးသည် ။ သူ က နောက်ဆုံးနှစ် မို့ ကျောင်း မပြီးဘဲ ပညာ တစ်ဝက်တစ်ပျက် နှင့် ဖြစ်ရ ပြန်သည် ။ စာမေးပွဲ ကျ၍ မဟုတ်ပါဘဲ ကျွန်မတို့ ၏ ပညာသင် ကာလများ သည် ရှည်လျား သွားခဲ့ရသည် ။ မှတ်မှတ်ရရ ပြန် ပြောရ လျှင် စုဘူးလေး ဖောက်ပြီး ဖုန်း ဆက်ရန် စု ထားသည့် ပြားငါးဆယ်စေ့ ၊ ပြားတစ်ရာ ကျပ်စေ့များ ကို ထုခွဲ သုံးစွဲ ခဲ့ရသည် ။ နယ် မှ ကျောင်းဆရာ မိဘများ ပို့ပေးသော ၇၅ ကျပ်တန် နှစ်ရွက် ထဲ က တစ်ရွက် ကို အစ်ကို ဝမ်းကွဲ က လာရောက် ချေး သွား သဖြင့် တစ်ရွက် တိတိ သာ မိ လိုက်သည် ဆိုနိုင်သော် လည်း ကြေညာချက် မထုတ်မီ ညနေ က မှ ချေး သွား သော အစ်ကို ၏ ၇၅ ကျပ်တန် အတွက် ရင် လေးရ ပြန် သည် ။ အစ်ကို ရော ထို ငွေ ကို သုံးလိုက်ရဲ့လား ။ စိတ်ပူ မိပြန်သည် ။
ဗိုလ်ချုပ်အောင်ဆန်း ၏ ပုံ နှင့် ခံ့ညားလှသော ကြောင့် သေတ္တာထဲ တွင် ထည့် သိမ်းထားသော အစိတ် တန် အသစ်ကလေး နှစ်ရွက် လည်း မိ သွားခဲ့သည် ။ တန်ဖိုး မရှိတော့ ။ မပစ်ရက် ၍ နှာခေါင်း နား တေ့ ကာ မွှေး ကြည့်တော့ ပရုတ်လုံးနံ့လေး သင်း နေသည် ။ သည် အတိုင်း ပြန် ထည့် ထားလိုက်သည် ။ စာမေးပွဲ ဖြေရင်း တန်းလန်း သုံးစွဲစရာ ငွေစက္ကူများ က လည်း တန်းဖိုးမဲ့ သွားရာ ကျောင်းသားများ အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ် သွားသည် ။ သက်ဆိုင်ရာ က လည်း ကျောင်းတွေ ကို ပိတ် လိုက်ပြီး ကားများ ၊ ရထားများ ၊ လေယာဉ်များ ကို ကျောင်းသားကတ် ပြရုံ နှင့် စီးခွင့် ရခဲ့သည် ။ ကျောင်းဆောင် နေသူများ ကို မူ နေရပ် အလိုက် သင့်တော်သော ငွေကြေး ထုတ် ပေးသည် ဟု သိ ရသည် ။ ထိုအချိန် က သူ သည် သူ နေသောမြို့ ထဲ လမ်း ၃၀ မှ ကျွန်မ ရှိသော အဆောင် ဆီ ခြေကျင် တစ်မျိုး ၊ ကားကြုံ နှင့် တစ်ဖုံ ရောက်အောင် လာခဲ့သည် ။ ရုတ်တရက် ကျောင်း ပိတ် လိုက်သောကြောင့် ဝမ်းနည်းကြေကွဲ နေသော ကျွန်မ ထံ သို့ သူ မရောက် ရောက်အောင် လာခြင်း အတွက် ဝမ်းသာ အားတက် ရပါသည် ။ ကျွန်မ ကို သူ နှစ်သိမ့် ကူညီ သည် ။ ကျွန်မ အိမ် ပြန်ရေး အတွက် စီစဉ်စရာ ရှိ သည်များ ကို သူ စီစဉ် ပေးခဲ့သည် ။ ကျောင်း ထဲ သို့ ကျွန်မတို့ လှည့်ပတ် ကြည့်ကြသည် ။ အဓိပတိလမ်းမ တစ်လျှောက် ကျောင်းသားများ ကို ပြန် ပို့ရန် ဟီးနိုး ကားကြီးများ တန်းစီ ၍ ရပ်ထားသည် ။ ကျောင်းသား များ မှာ လည်း သင်းကွဲငှက်ကလေးများ လို နားခိုရာ နေရာ မဲ့သော ဘဝ မျိုး ရောက်နေသည် ။ ဖျာလိပ်များ ၊ သောက်ရေအိုးလေးများ ကို ထမ်း ၍ နီးစပ်ရာ မိတ်ဆွေများ ထံ သွား ပို့သည့် မြင်ကွင်း ကို မြင်တော့ ရင် နင့် ရသည် ။ ကျောင်းသား ကျောင်းသူ အချင်းချင်း လက်သည်း ဆိတ် တော့ လက်ထိပ် နာ ရသည် မှာ သဘာဝ ပင် ။ မနေ့ည က ပင် ဦးချစ်ဆိုင် တွင် ထိုင်ခဲ့ကြ သေးသည် ။ သည် ကနေ့ မှာ သည်လို ပြန်ရမည် ဟု မည်သူမျှ ထင်ထား မည် မဟုတ်ချေ ။ ကျွန်မတို့ က နေ့လယ်ခင်း ၁ နာရီ ထွက်မည့် ပြည် အမြန်ရထား နှင့် ပြန်ကြရမည် မို့ မပြန် ခင် မနက်ပိုင်း ကျောင်း ထဲ သို့ သံယောဇဉ် အမျှင်တန်း ကာ လျှောက် ကြည့်မိခြင်း ဖြစ်သည် ။ တချို့ ဟီးနိုးကားကြီးတွေ မှာ ကျောင်းသားတွေ အပြည့် နှင့် ထွက်ကြ လေပြီ ။ တစ်ယောက် နှင့် တစ်ယောက် မျက်မှန်း တန်းမိသည် လည်း ရှိသည် ။ လုံးဝ မမြင်ဖူးကြသူတွေ လည်း ရှိသည် ။ အားလုံး ကို လက်ပြ နှုတ်ဆက်ရင်း ဘယ်တော့ ပြန် ဆုံနိုင်မှာလဲ ဟု တွေးမိ ကာ မျက်ရည် ဝဲ လာရသည် ။ ဤ ကျောင်းသား ၊ ကျောင်းသူ တို့ သည် ကျောင်းကြီး ကို အသက်ဝိညာဉ် သွင်းပေး နေသူများ ဖြစ်သည် မှာ ငြင်း ၍ မရပါ ။ ကျောင်းကြီး မှာ ခြောက်သွေ့ ၍ ကျန်ရစ်ခဲ့ တော့မည် ။ ကျောင်းသား ဆိုသည့် သံယောဇဉ်ကြိုး က ဤမျှ တင်းမှန်း ၊ ကျောင်းသား သွေးရဲမှန်း သိ လိုက်ရသော နေ့ တစ်နေ့ ပေါ့ ။ သူ က ကျွန်မ ကို ကိုတေဇာကြီး ၏ ပတ်ဘလေကား အပြာလေး မောင်း ပြီး ဘူတာရုံ သို့ ပို့ပေး ခဲ့သည် ။ အပြန် မှာ ထို ကား နှင့် ပလက်ဖောင်း တိုက်မိ သွားသည် ဟု သိရသည် ။
ထိုနေ့ က သူ အရက် နည်းနည်း သောက်ထား သည် ကို သတိ ပြုမိသည် ။ သူ့ မျက်ဝန်း ထဲ မှာ အရည်ကြည်တွေ လဲ့ နေသည် ။ ထို အချိန် က ကျွန်မ ၏ ခံစားချက် ကို ကျွန်မ ပြန်စဉ်းစား ကြည့် တော့ ထုံဆေး ထိုး ခံ ထား ရသည့် လူ တစ်ယောက် လို များ ဖြစ်နေသလား မသိ ။ ထုံပေပေ ဖြစ် နေသည် ။ လမ်း လျှောက်သည့် ခြေလှမ်း တိုင်း ၊ လွှဲလျှောက်သည့် လက်လွှဲ တိုင်း ကျွန်မ အသိ မရှိ သလို ။ မျက်ရည် လည်း မထွက် ၊ စကား လည်း မထွက် ၊ နှုတ်ခမ်း ကလည်း ပြုံး မရ ၊ မဲ့ မရ ။ ကျွန်မ အိမ် ကို ဒီ ပုံစံ နှင့် မပြန်ချင်တာကတော့ သေချာလှသည် ။ သို့သော် ရထား ပေါ် သို့ ကျွန်မ တက် လိုက်ရသည် ။ ရထား တစ်စင်းလုံး ကျောင်းသားတွေ ချည်း ။ ကျောင်း သား ကတ်ပြား ပြလိုက်ရုံ နှင့် ကျွန်မတို့ အိမ် ပြန် ရောက်ခဲ့ ရသည် ။ ရထားကြီး က သာယာဝတီဘူတာ မှာ စ ရပ် သည် ။ ကျောင်းသား အချို့ ဆင်း သွားကြသည် ။ ရထားတွဲ ပေါ် မှာ ကျန်ရစ် ခဲ့ရသော ကျောင်းသား ၊ ကျောင်းသူ တို့ က ရထားပြတင်း မှ ခေါင်း များ ထွက်ပြီး လက်ပြနှုတ်ဆက် ကြသည် ။ ဆင်း သွားသူတို့ က လည်း ရထားကြီး မထွက် မချင်း ရထား ကို ကျော မခိုင်းဘဲ မှုန်ပျပျ သာ မြင်ရသည် အထိ မတ်တတ် ရပ် ၍ လက်ပြ နေသည် ။ ကျွန်မ ရင် ထဲ မှာ တော့ အလိုလို မော နေသည် ။ ချစ်သော သူငယ်ချင်းများ နှင့် ဘယ်တော့မှ ဆုံတွေ့ ရမည် ကို ကံသေကံမ ပြော၍ မရသေးသော အခြေ အနေကြီး က ကျွန်မရင် ကို နှိပ်စက် လျက် ရှိသည် ။ ပညာ က တစ်ပိုင်းတစ်စ ၊ ခင်မင်မှုတွေ က တစ်ပိုင်း တစ်စ နှင့် ။
ထို အတိတ်သမိုင်း တံခါး ကို လှပ် ကြည့်သည့် အခါ တိုင်း ကျွန်မ သူ့ ကို လွမ်းပါသည် ။ သူ ... အခု ဘယ်မှာ ပါလိမ့် ။
◾ရာသက်ပန် ( တောင်ငူဆောင် )
📖 လှိုင်းသစ် မဂ္ဂဇင်း
၂၀၁၂ ၊ ဇူလိုင်လ
.
No comments:
Post a Comment