Thursday, February 20, 2025

ကိုဂျာဝိုင်း နှင့် လူဖြူကြီး

❝ ကိုဂျာဝိုင်း နှင့် လူဖြူကြီး ❞
      ( ဝေယံလင်းခေါင် )

ညနေ ထမင်းစားပြီးချိန် တစ်နေ့၌ ကန်သာကုန်းရွာ မှ ကိုဂျာဝိုင်း သည် မိုးကောင်းရွာ ကို လှည်း နှင့် သစ် သွားပို့သည် ။ ကန်သာကုန်းရွာ နှင့်
မိုးကောင်းရွာ မှာ လှည်းလမ်းခရီး အသွားအပြန် သုံးလေးနာရီ ခရီး ရှိသည် ။ ကြားတွင် ကန်ကြီးကုန်း နှင့် တောက္ကရှပ် ရွာမကြီး ရှိသည် ။ လှည်း နှင့် အသွားအပြန် သုံးလေးနာရီ ခရီး ရှိသော်လည်း ညချမ်း တွင် နွားရော လူပါ အပူဒဏ် သက်သာသဖြင့် ကိုဂျာဝိုင်း သည် သူတို့ ၏ အရပ်ဓလေ့ အတိုင်း မိုးကောင်းရွာ ကို သစ်သွားပို့ခြင်း ဖြစ်သည် ။

သစ်ပို့ပြီး မိုးကောင်းရွာ တွင် ခဏတစ်ဖြုတ်သာ နေပြီး ကိုဂျာဝိုင်း မိမိ ရွာ ကန်သာကုန်း သို့ ပြန်လာလေသည် ။ အချိန်ကမူ သူငယ်ခေါင်းချချိန် ဖြစ်သည် ။

ကိုဂျာဝိုင်း လှည်း မောင်းပြီး တအိအိ ပြန်လာရာ မိုးကောင်း နှင့် ကန်ကြီးကုန်းရွာ ကြားရှိ ဖိုးထောင်တံတားနား ရောက်လာသည် ။ ထိုအချိန်တွင် သူ့ လှည်း ရှေ့ လှည်းလမ်းဘေး တွင် လူကြီး တစ်ယောက် ကို မြင်မိလိုက်သည် ။ တစ်စုံတစ်ခု ကိစ္စ နှင့် ကန်ကြီးကုန်း သို့ လာသူ မိုးကောင်းရွာသား တစ် ယောက်လား ဟု ကိုဂျာဝိုင်း ထင်၏ ။

သို့နှင့်လည်း ဆက် မောင်းလာသည် ။ မိုးကောင်းရွာသား ဟု ထင်သူ ကနောက်၌ ကျန်ခဲ့သည် ။ ထိုစဉ် ကိုဂျာဝိုင်း က အတွေး တစ်ခု ပေါ်လာသည် ။ အချိန်မှာ ည ကိုးနာရီကျော်ခန့် ရှိပြီ ဖြစ်ရာ ထိုသူ ကို လှည်း ပေါ် ခေါ်တင် သွားလျှင် စကား ပြောရင်း အဖော် ရမည် ။ ဤအတွေး နှင့် ကိုဂျာဝိုင်း က လှည်း ကို ခဏ ရပ်ပြီး ထို လူကို စောင့်နေသည် ။ ထိုသူ လည်း လှည်းရပ် ထားသည် ကို မြင်နေရရာ ခြေလှမ်းသွက်သွက် နှင့် နောက်က လိုက်လာ သည်ကို မြင်ရသည် ။

ထိုသူ သူ့ လှည်း နား ရောက်လာသောအခါ ကိုဂျာဝိုင်း က “ ကန်ကြီးကုန်း ကို သွားတာလား ။ ကျုပ် လှည်းနဲ့ လိုက်ခဲ့ပါလား ။ ကျုပ် ကတော့ ကန်သာကုန်း ထိ သွားမှာ ” ဟု ပြောလိုက်၏ ။

ကိုဂျာဝိုင်း စကား အဆုံးမှာပင် ထိုသူ လှည်းပေါ် တက် လိုက်လာသည် ။ ကိုဂျာဝိုင်း လည်း လှည်းလမ်း အတိုင်း ကန်ကြီးကုန်း ဘက် ဆက်မောင်းလာ သည် ။

လှည်း နှစ်ပြန် ၊ သုံးပြန် ပင် မသွားလိုက်ရ နွားလှည်း က သိမ့်ခနဲ တစ်ချက် လှုပ်သွားရာ ကိုဂျာဝိုင်း သည် ဖိုးထောင်တံတား နား က သူ့ လှည်းပေါ် တက် လိုက်လာသူ အား နောက်သို့ လှည့်ကြည့်လိုက်ရာ ထိုသူ ရုတ်တရက် ထရပ် လိုက်သည် ကို မြင်လိုက်ရသည် ။ လူကြီး ၏ အရပ် မှာ လည်း သူတို့ ရွာ တစ်ဝိုက်တွင် တစ်ခါ မှ မမြင်ဘူး ၊ မတွေ့ဖူးဘူးသော ဧရာမ လူကြီး တစ်ယောက် ။ ဖိုးထောင် တံတားနား မှ သူ့ လှည်း ပေါ် တက်လိုက်လာစဉ် ကမူ သာမန် ခရီးသွား တစ်ယောက် သာ ဟု ထင်ပြီး ခေါ်တင်လာခဲ့ရာ ယခုမူ ထိုသူမှာ လူ မတူသော အရပ်အမောင်း နှင့် တစ်ကိုယ်လုံး မှာ လည်း ဆွတ်ဆွတ်ဖြူ နေသော လူဖြူကြီး တစ်ယောက် ဖြစ်နေသည် ကို အံ့ဩ ဖွယ်ရာ တွေ့မြင်လိုက်ရသည် ။

ကြောက်ကြောက်ရွံ့ရွံ့ နှင့် လှည်း ပေါ်က ဆင်းပြေးရ ကောင်းလေမလား ဟု တွေးလိုက်စဉ် အတွေးပင် မဆုံးလိုက် ။ ထို လူဖြူကြီးသည် ချက်ချင်းပင် ကို ဂျာဝိုင်း ကို ခုန်အုပ်လာတော့သည် ။ သည်လိုနှင့် ကိုဂျာဝိုင်း နှင့် လူဖြူကြီး တို့ လှည်းပေါ် တွင် လုံးထွေး နေကြသည် ။ နွားလှည်း က မူ လှည်း ပေါ် က လူနှစ်ယောက် လုံးထွေး နေကြ၍ လှည်း ၏ လှုပ်ရှားမှု ကို မြန်မြန် သွားရန် နှင်တံ ၊ တံဖျာ တို့သည် ထင်၍လား မသိ ။ ခြေသွက်သွက် နှင့် နွားနှစ်ကောင် က လှည်း ကို ဆွဲလှမ်းလျက်သာ ရှိကြသည် ။

လူဖြူကြီး နှင့် လုံးထွေးရင်း က ကိုဂျာဝိုင်း သည် လှည်းဦး ၌ ထိုးစိုက်ထား သည့် ဓားကို သတိရပြီး ဆွဲနုတ် လိုက်ကာ လူဖြူကြီး ကို လိုက်ခုတ်သည် ။ ရှေ့ က ခုတ်လျှင် လှည်း နောက်ကို ရောက် သွားပြီး နောက်က ခုတ်လျှင် လူဖြူကြီး က ရှေ့ ကို ရောက်သွားပြန်သည် ။ ထို့ကြောင့် ကိုဂျာဝိုင်း က ပိုပြီး ကြောက်ရွံ့လာကာ လူဖြူကြီး ကို အဆက်မပြတ်ပင် လှည်းပေါ် ထက်၌ လိုက်ခုတ်နေသည် ။ နွားလှည်း ကမူ ယခုချိန် ထိ လှည်းလမ်းကြောင်း အတိုင်း မြန်မြန်သွက်သွက် ပင် သွားလျက် ရှိသည် ။

သည်လိုနှင့် ကန်ကြီးကုန်းရွာ ကို ပင် ကျော်လွန်လာသည် ။ လှည်းလမ်း မှာ ကန်ကြီးကုန်းရွာ ၏ အနောက်ဘက် တွင် နှစ်ဖာလုံ ၊ သုံးဖာလုံခန့် ဝေးသဖြင့် ကိုဂျာဝိုင်း နှင့် လူကြီး တို့ လှည်းပေါ် တွင် ဖြစ်နေကြသည် ကို မသိနိုင်ကြ ။ ကိုဂျာဝိုင်း က လည်း လူဖြူကြီး ကို လိုက်ခုတ် နေရ သဖြင့် အော်ဟစ် အကူအညီ တောင်းရန် ကို သတိမရ ။

သို့နှင့် ကန်ကြီးကုန်း လွန်ပြီး တောက္ကရှပ်ရွာ ဘက် ကို နီးလာသည် ။ အချိန် မှာလည်း ဆယ်နာရီကျော် ဆယ့်တစ်နာရီ သက်ကြီးခေါင်းချချိန် သို့ ပင် ရောက်လာသည် ။ နွားနှစ်ကောင် က လည်း လှည်းလမ်းကြောင်း အတိုင်း လှည်း ကို ဆွဲပြီး ခြေသွက်သွက် နှင့် လှမ်းသွား နေကြတုန်း ။ ကိုဂျာဝိုင်း ကလည်း လှည်းပေါ်တွင် လူဖြူကြီး ကို ဓားနှင့် လိုက်ခုတ်နေတုန်း ။ လူ ဖြူကြီး ကို တစ်ချက် မှ မထိ ။ ကိုဂျာဝိုင်း မှာ သာ ဇောချွေးတွေ ပြန်လာသည် ။ လှည်းပေါ် ရှိ ခင်းထားသော ဖျာ နှင့် လှည်းရံတိုင်းတွေ မှာသာ ဓားခုတ်ရာ တွေက ဗရပွ ဖြစ်လာသည် ။

မကြာမီမှာပင် တောက္ကရှပ်ရွာကြီး ၏ ကန်ကြီး နား ရောက်လာသည် ။ ထိုအခါမှ လှည်းပေါ် က လူဖြူကြီး သည် ဆတ်ခနဲ ခုန်ဆင်း သွားကာ ကန်ကြီးဘောင် ပေါ် ရှိ ကုက္ကိုပင်ကြီး ပေါ် ကို တက်သွားလေသည် ။ ကုက္ကိုပင်ကြီး မှာ ထိုအခါမှ ယိမ်းယိုင် လှုပ်ခါလာသည် ။

လှည်းလမ်း က တော့ တောက္ကရှပ်ရွာ နှင့် ကပ်လျက် ဖြစ်သဖြင့် ရွာနား သို့ ရောက်လာရာ ထိုအခါမှ ရွာ က လူတွေ ကို အကူအညီ တောင်းရန် သတိရ ပြီး ကိုဂျာဝိုင်း တအား အော်လေသည် ။

“ ကယ်ကြပါဦး ၊ ကယ်ကြပါဦး ၊ ကူ ကြပါဦး ။ ကျုပ် ကို လူဖြူကြီး လိုက်လုံး နေလို့ပါ ။ ကူကြပါဦး ကယ်ကြပါဦး ” 

တအား အော်ဟစ် အကူအညီ တောင်းရင်းက တောက္ကရှပ်ရွာ ၏ အပြင် စက အိမ် တစ်အိမ်နား ရောက်လာသည် ။ ထိုအခါမှ အိမ်ရှင် လူကြီး က လည်း “ ဘာဖြစ်တာလဲ ၊ ဘယ်လူလဲ ” ဟု မေးရင်း ပြေးထွက်လာသည် ။

ထိုအခါမှ ကိုဂျာဝိုင်း မှာ လည်း ကိုကျော်ငွေ ၏ အိမ်နား ရောက် လာမှန်း သတိရသည် ။ ကိုကျော်ငွေ ၏ နောက်တွင် ကိုကျော်ငွေ ၏ အဖေ ဦးသိန်း နှင့် ဒေါ်တင် တို့ ကလည်း ကပျာကသီ မီးတုတ် မြှောက် ကာ ပါလာကြသည် ။

“ ဘယ်သူလဲ ၊ ဘာဖြစ်လာလို့လဲ ၊ ညကြီးမင်းကြီး ဘယ်လို ဖြစ်လာလို့လဲ ”  

“ ကျွန်တော်ပါ ၊ ကန်သာကုန်း က ဂျာဝိုင်း ပါ ၊ မိုးကောင်း ကို သစ် သွားပို့ရင်း အပြန် မှာ ဖိုးထောင်တံတား က လူဖြူကြီး လိုက် လုံးလို့ပါ ကယ်ကြပါဦး ။ ကို ကျော်ငွေ ၊ ကျွန်တော် ပါဗျို့ ၊ ကန်သာကုန်း က ဂျာ ... ဂျာ ”

စကား မဆုံးမီ လှည်းပေါ်၌ ပင် ကိုဂျာဝိုင်း သတိလစ် လဲကျ သွားသည် ။ ဂျာဝိုင်း အသံ ကြား သဖြင့် ကိုကျော်ငွေ ရှေ့ဆုံး က ပြေးချလာပြီး နွားနဖား ကို ဆွဲ ထိန်း၍ လှည်း ပေါ် လှမ်း ကြည့်လိုက်သောအခါ ဂျာဝိုင်း မှာ လှည်း ပေါ်၌ တုံးလုံးလဲ နေလေပြီ ။

သို့နှင့် ဂျာဝိုင်း ကို လှည်းပေါ် က ဆွဲသယ်ချပြီး နှာနှပ် နင်းနှိပ် လုပ်ပေးကြ ရာ မကြာမီ ပြူးပြူးကြောင်ကြောင် ကယောင်ကတမ်း နှင့် သတိရလာသည် ။

ကိုကျော်ငွေ တို့ မိသားစု အားလုံး ကို သိပြီး သတိရသော အခါ မှ သူ နှင့် လူ ဖြူကြီး တို့ ကန်ကြီးကုန်း ဖိုးထောင်တံတား နား ကပင် လုံးထွေး သတ်ပုတ် လာကြကြောင်း ပြန် ပြောပြဖော် ရလေသည် ။

သည်လိုနှင့် တောက္ကရှပ် ရွာသူရွာသားများ ကပါ ကိုဂျာဝိုင်း အား ညတွင်းချင်း ကန်သာကုန်းရွာ သူ့ မိသားစု ဆီ ကူညီဝိုင်းပို့ ပေးကြသည် ။ ကိုဂျာဝိုင်း မှာ အကြောက်လွန် ကာ တစ်ပတ်လောက် အသည်းအသန် ဖျား ပြီးမှ ကံကောင်း ထောက်မစွာ ကျန်းမာ၍ လူကောင်း ပကတိ ဖြစ်လာခဲ့သည် ။

ဤသည်ကို အသက် ရှစ်ဆယ်ကျော် အဘဦးဖိုးလုံး က မူ “ မင်းတို့ ခုခေတ် ကောင်လေးတွေ ဟာ တောမှာ တောင်မှာ နေပြီး သရဲ ကြောက်ရတာနဲ့ ၊ တစ္ဆေ ကြောက်ရတာနဲ့ ဘာ အသုံးကျလဲ ။ ကိုဖြူကြီး က
တို့ ငယ်ငယ်တုန်း က ပင် တောက္ကရှပ် နဲ့ ဖိုးထောင်တံတား ကို သွား သွားလာလာ လုပ်နေတာ ။ ညည တို့ နဲ့ တွေ့ရင် သူ က သိပ် ပျော်ပြီး နပန်းလုံး တမ်း ကစားနေကျ ။ သူ့ ကိုယ် ကို ထိုး လိုက်ရင် ဖွဲအိတ် ကို ထိုး သလိုပဲ သူ့ ကိုယ် ကို ကိုင်ပေါက်ရင် လည်း ဖွဲအိတ် ကို ကိုင်ပေါက် သလိုပဲ ။ သူ က တို့နဲ့ တွေ့ရင် သိပ် ပျော်တာ ။ အဲဒါကြောင့် တို့ ငယ်ငယ် က ဆို ကိုဖြူကြီး ကို စိန်ခေါ်ပြီး ဖိုးထောင်တံတား ရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ် လိုက်တန်း ပြေး တန်းတောင် ကစားနေကျ ။ ခု တို့ ကလည်း ကြီးလာတော့ ကိုဖြူကြီး ခမျာ လည်း ကစားဖော် မရှိလို့ မင်း ကို အပျင်းပြေ ကစားရအောင် လိုက် နောက် တာ နေမှာပေါ့ ။ အဲဒါများ ဓားနဲ့ ခုတ်ရတယ်လို့ ။ တော်သေးတာပေါ့ ။ ကို ဖြူကြီး စိတ်ဆိုးပြီး နင့် ကို ကန်ထဲ ပစ်မချခဲ့တာ ” ဟု ပြောလေသည် ။

အဘ ဦးဖိုးလုံး ဆိုသည် မှာ လည်း အသက်ရှစ်ဆယ်ကျော် သူငယ်ပြန် တတ်သော အရွယ် မို့ တကယ် ပြောသလား ၊ သူငယ်ပြန်ပြီး ထင်မိထင်ရာ ပြောသလား ဆိုသည် ကို တော့ ကိုဂျာဝိုင်း မသိ ။ ကိုဂျာဝိုင်း သိသည်မှာ ဖိုးထောင်တံတား နား ကပင် လိုက်လာသော လူဖြူကြီး သည် သူ့ ကို လိုက်လုံး သည်မှာ အမှန်ပင်တည်း ။

▣ ဝေယံလင်းခေါင်

📖 သူတော်ငတေ နှင့် ကျောက်ဖားမြည်သံ

 

No comments:

Post a Comment