❝ အိန္ဒိယနိုင်ငံသား ❞
[ သူ့ ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ က အသောက ဟိုတယ် မှာ ကျွန်တော် တွေ့ခဲ့ရတယ် ။ မြန်မာပြည်ပေါက် အိန္ဒိယနိုင်ငံသား တစ်ယောက် ဖြစ်ပြီး အိန္ဒိယ မှာ ကြီးပွား ချမ်းသာ နေပုံ ရတယ် ။ ရုံးဌာနတွေ ကို ဝင်ဆန့်ပုံ ရတယ် ။
ပင်လယ် ထဲ မှာ မျောပါ လာတဲ့ မြန်မာရေမျော တံငါတွေ ကို နေရပ် ပြန် ပို့ဖို့ ကိစ္စ ၊ မြန်မာပြည် က ဆေးကုသခံဖို့ လာသူတွေ ၊ ပညာသင်ဖို့ လာသူတွေ ကို အကူအညီ ပေးတဲ့ ကိစ္စတွေ ကို သူ လုပ်နေတယ် ဆိုလို့ ဦးချစ်ဆွေ လို့ မြန်မာ အမည် ရှိတဲ့ Mr.K.Gurumurthy ကို ကျွန်တော် စိတ်ဝင်စားခဲ့တယ် ။
သူ့ ဘဝ သူ့ အလုပ်တွေ ကို ယခု လို ပြောပြပါတယ် ။ ]
••••• ••••• •••••
ကျွန်တော့် ကို ၁၉၄၄ ခု ၊ မေလ ၁၇ ရက်နေ့ က မြန်မာပြည် မှာ မွေးခဲ့ တယ် ။ ကျွန်တော့် အဖေ Mr.V.R.Koolu က အိန္ဒိယ စစ်မှုထမ်း တစ်ယောက်ပါ ။ အဖေ စစ်တပ် က ထွက် ပြီးတော့ ဆိပ်ကြီးခနောင်တို မှာ နေတယ် ။ ကျွန်တော် က လေးတန်း အထိ ဆိပ်ကြီးခနောင်တို မှာ စာ သင်ခဲ့တယ် ။ ခုနစ်တန်း အထိ ကန်တော်ကလေးကျောင်း ၊ ရှစ်တန်း ကိုးတန်း မှာ ရန်ကုန်စံပြ ဗဟို အထက်တန်းကျောင်း မှာ နေခဲ့တယ် ။ ၁၉၅ဝ ခု ၊ သာသနာ ၂၅၀၀ မှာ ရန်ကုန် ကမ္ဘာအေး မှာ ရှင်ပြုခဲ့သေးတယ် ။
မြန်မာပြည် မှာ အဖေ က တမီလ်ကလေးတွေ ပညာသင်ဖို့ အဝေယာကျောင်း ဖွင့်တယ် ။
ကျွန်တော် အသက် နှစ်ဆယ် ၁၉၆၄ ခု ၊ ဩဂုတ်လ မှာ မိုဟာမဒီ သင်္ဘော နဲ့ ကျွန်တော်တို့ အိန္ဒိယ ကို ပြန်ခဲ့ရတယ် ။ မြန်မာပြည် က ပြန်လာတဲ့ ကု,လားတွေ တည်းဖို့ ဆိုပြီး ချင်နိုင်း Chennai ( ယခင် အခေါ် မဒရပ်မြို့ ) နဲ့ ၄၅ မိုင် လောက်ဝေးတဲ့ ဂူမဒီပွန်ဒီ ( Gummidipoondi ) မှာ စခန်း တစ်ခု ထားတယ် ။ စခန်း မှာ တစ်လ လောက် ထားပြီး အစားအသောက် ပေးတယ် ၊ ပိုက်ဆံ ပေးတယ် ။
ကျွန်တော်တို့ မိသားစု က အဖေ ၊ အမေ ၊ ကျွန်တော် နဲ့ နှမ နှစ်ယောက် ရှိတယ် ။ အိန္ဒိယအစိုးရ က မြန်မာပြည် က ပြန်လာရတဲ့ ကျွန်တော်တို့ မိသားစု ၃၅ စု ကို မြေ ၁၇၅ ဧက ပေးတယ် ။ မိသားတစ်စု လယ် ငါးဧကနှုန်း ပေးတာ ။ ပိုက်ဆံ လည်း ၅ဝဝဝ စီ ပေးတယ် ။ အစိုးရ ပေးတဲ့ မြေမှာ နေစရာ အိမ် ဆောက်တယ် ၊ ကျွန်တော် က အလုပ် လိုက် ရှာတာ ရတယ် ။ လခ က တစ်လ ၉ဝ ရတယ် ။ အဲဒီ ခေတ် က မြန်မာပြည် မှာ ဆန်တစ်ပြည် ပြား ၅ဝ နဲ့ ရောင်းတဲ့ အချိန်လေ ။ အိန္ဒိယ မှာ ဆန် တစ်ကီလို ကို တစ်ကျပ်ဆယ်ပြား နဲ့ ရောင်းတဲ့ ခေတ် ။ ဆန်တစ်ကီလို ဆိုရင် လူ ငါးယောက် စား လောက်တယ် ။
တစ်နှစ် လောက် လုပ်ပြီး နောက် ကိုယ်ပိုင် အလုပ် လုပ်ဖို့ စဉ်းစားတယ် ။ အစိုးရ အလုပ် လုပ်ရင် ကိုယ် ဘယ်လောက်ပဲ တော်တော် အပင်ပန်း ခံပြီး ဘယ်လောက်ပဲ လုပ်လုပ် လခ က ဒါလောက်ပဲ ရမယ် ။ ကြီးပွားဖို့ မလွယ်ဘူး ။ ဒါနဲ့ လော်ရီကား တစ်စင်း ဝယ်ပြီး စီးပွားရေး လုပ်တယ် ၊ အဆင် မပြေဘူး ။
အိန္ဒိယအစိုးရ က မြန်မာပြည် က ပြန်လာတဲ့ သူတွေ ကို ဘဏ်ချေးငွေ ပေးပြီး စီးပွားရေး တစ်ခု လုပ်စေတယ် ။ အေဂျင်စီလုပ်ငန်းတွေ ပေးတယ် ၊ စီးပွားရေး တိုးတက်အောင် အခွင့်အရေး အများကြီး ပေးတယ် ။ ၁၉၈၄ ခုနှစ် ၊ မတ်လ မှာ Indian Oil Corporation ရဲ့ Gas agency ရတယ် ။ ချင်နိုင်း မှာ ကျွန်တော့် ဖောက်သည် ၁၅ဝဝဝ လောက် ရှိတယ် ။ ကျွန်တော့် အတွက် စီးပွားရေး အဆင်ပြေ သွားတယ် ။
ချင်နိုင်း နဲ့ ၁၅မိုင် လောက် ဝေးတဲ့ နေရာ မှာ ဆရာတော် ဦးဂမ္ဘီရဘူဟိ ( Ven.Gambhira Buddhi ) ထူထောင်ထားတဲ့ မြန်မာဘုန်းကြီးကျောင်း ရှိတယ် ။ ကျောင်း အမည် က Indo - Burma Buddhist and Cultural Centre တဲ့ ။ အခု ဆရာတော် ဦးဝါသဝ ( Ven. Wathawa ) က ဆက်ခံတယ် ။ ကျောင်း မှာ ကလေး၂ဝဝ လောက် လက်ခံ ထားပြီး လက်မှုပညာတွေ သင်ပေး နေတယ် ။ အဲဒီ ကျောင်း မှာ လိုအပ်တာတွေ ကို ကျွန်တော် က ကူညီ လှူဒါန်းတယ် ။ ဘုန်းကြီးကျောင်း မြေကွက် ပေါ် မှာ ကျွန်တော် ကျောင်း တစ်ဆောင် ဆောက်ပြီး လှူထား တယ် ။
၂ဝဝ၁ ခုနှစ် က ရှင်လောင်း ၁၁၀ ပါး ကို ရှင်ပြုပွဲ လုပ်တယ် ။ မြန်မာပြည် က သာမညတောင် ဆရာတော်ကြီး က သပိတ် တို့ ၊ သင်္ကန်း တို့ ၊ ဖိနပ် တို့ လှူ ပေးတယ် ။ ရန်ကုန် ပုဇွန်တောင် မှာ နေတဲ့ ဦးတင်မောင် ခေါ် မစ္စတာ ကာမူနီယမ်တိ က သပိတ် သင်္ကန်းတွေ သယ်ယူလာ ပေးတယ် ။ အိန္ဒိယနိုင်ငံ က ကလေးတွေ ကို ရှင်ပြု ပေးတာပါ ။ ၂၀၀၄ ခု ၊ ဇန်နဝါရီလ က လည်း ၁၀ ပါး လှူ ပေးတယ် ။
ကျွန်တော် နေတဲ့ ချင်နိုင်းမြို့ က ပင်လယ်ကမ်းမြို့ပဲ ။ မြန်မာတံငါသည် တွေ မုန်တိုင်း မိပြီး အိန္ဒိယကမ်းခြေ ဘက် ကို ရောက်လာတယ် ။ ရေမျောတွေ ကို ကယ်ပြီး ကျွန်တော့် အိမ် မှာ ထားတယ် ။ များသောအားဖြင့် ဖျာပုံသား တို့ ပုသိမ်သား တို့ ရောက်လာတယ် ။ သူတို့ အိမ် ကို အကြောင်းကြား ပေးတယ် ။ မဟုတ်ရင် သေပြီထင် ရေစက်ချပြီး နောက် အိမ်ထောင် ပြုသွားမယ် ။ ကျွန်တော် ကယ်ထား တာ အများကြီး ရှိသွားပြီး ။ အခု လည်း အိမ် မှာ တစ်ယောက် ရှိနေတယ် ။
မှတ်မှတ်ရရ ၁၉၉၈ ခု တုန်းက မြန်မာရေမျော ၂၃ ယောက် ကို ဆယ်ပြီး ဖမ်းထားတာ ကို လွတ်အောင် တရားရုံး မှာ လျှောက်ထား ပေးရတယ် ။ လွတ်လာပြီး အိမ် ပြန်ခွင့် မရခင် ရှစ်လလောက် ကျွန်တော် က နေစရာ ၊ စားစရာ ပေးထားတယ် ။ သူတို့ ရောက်လာပြီ ဆိုရင် သူတို့ ဟာ အပြစ် မရှိတဲ့ အတွက် အိန္ဒိယ အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ၊ Fisheries and External Affairs of the Government of India ( အိန္ဒိယအစိုးရ ငါးဖမ်းလုပ်ငန်း နှင့် ပြည်ပရေးရာဌာန ) စတဲ့ ဌာနတွေ အားလုံးကို ဆက်သွယ် လုပ်ပေးတယ် ။ မြန်မာသံရုံး က မြန်မာပြည် ကို ဆက်သွယ်ပြီး မြန်မာပြည်သား လား စုံစမ်းတယ် ။ သတင်းတွေ ရတဲ့အခါ မြန်မာနိုင်ငံ ကို ပြန်လို့ ရတယ် လို့ အမိန့် ချတယ် ။ သူတို့ မြန်မာပြည် ကို ပြန်လို့ရ တယ် ။ မြန်မာသံရုံး ကလည်း ကျွန်တော့် ကို လုပ်ဖို့ တာဝန် ပေးတယ် ။
ဆရာဝန် တွေ ၊ ဆရာမ တွေ အိန္ဒိယပြည် ကို ပညာသင် ဖို့ လာရင် ကြိုပို့ ပေးတယ် ။ မြန်မာပြည် က ဆေးလာကုတဲ့ သူ အချို့ကို လည်း ကျွန်တော် ကူညီတယ် ။
( ဂုရုမူရသီ ကို မြန်မာပြည် မှာ မနေဖို့ ၁၉၆၄ ခု က ပြန် လွှတ်လိုက်တာပဲ ၊ မြန်မာပြည် ကို စိတ် မနာဘူးလား လို့ ကျွန်တော် က မေးတယ် ။ )
အစိုးရ ရဲ့ ဝါဒက နိုင်ငံခြားသား အားလုံး ကို စီးပွားရေး မလုပ်စေဘူး ဆို တာပဲ ။ ကု,လား အတွက် မဟုတ်ဘူး ။ တရုတ် လည်း ပါတယ် ၊ ကု,လား လည်း ပါ တယ် ၊ အင်္ဂလိပ် လည်း ပါတယ် ။ ပြည်သူပိုင် သိမ်း လိုက်တယ် ။ မြန်မာ လည်း ပါတယ် ။ ကု,လား တစ်ခု ပဲ ပါပြီး တော့ သိမ်း ရင်တော့ မုန်းဖို့ ရှိတယ် ။
ကျွန်တော် မြန်မာပြည် မှာ နေခဲ့တယ် ။ မြန်မာ အစားအသောက် ကို စား ခဲ့တယ် ။ မြန်မာတွေ ရဲ့ ချီးမွမ်းတာ ခံခဲ့ရတယ် ။ မြန်မာတွေ ရဲ့ ယဉ်ကျေးမှု ၊ မြန်မာတွေ ရဲ့ အချစ် ကို ကျွန်တော် ခံစားရတယ် ။ မြန်မာတွေ ကို ပြန် ကူညီရတာ ကျွန်တော် တာဝန် ကျေတယ် လို့ ခံယူတယ်လေ ။
၂ဝဝဝ ခုနှစ် မှာ ကျွန်တော် ဆိပ်ကြီးခနောင်တို ကို သွားတယ် ။ ကျွန်တော့် အဖေ နာမည် ကူလူး တဲ့ ။ အသက် ၈ဝ လောက် အဘွားကြီး တစ်ယောက် ကို ဒီနေရာ မှာ ကူလူးအိမ် ရှိတယ် ဆိုတော့ အဘွားကြီး က နင် ကူလူး သား ချစ်ဆွေ လားဟဲ့ တဲ့ ။ အံ့ဩစရာ ကောင်းလိုက်တာ ။ သူ မှတ်မိတယ် ။ ကျွန်တော့် ညီမလေး မတင့်စိန် ၊ မတင့်ဆွေ နာမည်တွေ လည်း မှတ်မိတယ် ။ နှစ်ပေါင်း ၄ဝ ကျော် ပေမယ့် သူတို့ မှတ်မိတယ် ။ သံယောဇဉ် ရှိတယ် ။ ချစ်တယ် ။
ကျွန်တော် မြန်မာနိုင်ငံ ကို ထပ် လာဦးမယ် ။ မြန်မာ နဲ့ အိန္ဒိယ ချစ်ကြည်မှု ရှိအောင် ကျွန်တော် ကူညီချင်တယ် ။ ရာထူး မရှိပေမယ့် အိန္ဒိယ ကို လာတဲ့ မြန်မာ တွေ ကို ကျွန်တော် ကူညီတယ် ။ ဒီလို ကူညီပြီး သူတို့ ပြန် သွားတဲ့အခါ မြန်မာပြည် က ပြန်သွားတဲ့ ဂုရုမူရသီ ခေါ် ချစ်ဆွေ က ငါတို့ ကို ကူညီလိုက်တယ်လို့ ပြန် ပြောရင် ဟိုဘက် က လည်း တမီလ်တွေ အပေါ် မှာ ချစ်ခင်မယ် ၊ နှစ်နိုင်ငံ ချစ်ကြည်မှု ဖြစ်မယ် ။
ကျွန်တော် နေခဲ့တဲ့ နှစ်၂ဝ မှာ မြန်မာနိုင်ငံ က အစားအသောက် ကို စားခဲ့တယ် ။ ကျွန်တော့် ကိုယ် ထဲ သွေးတွေ က မြန်မာ အစားအသောက် စားပြီး ဖြစ်လာတဲ့ သွေးတွေ လေ ။
▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
No comments:
Post a Comment