Thursday, February 13, 2025

ချိုပြုံးသီချင်း ထဲက ဦးချစ်ဆိုင်မှာ


 

❝ ချိုပြုံးသီချင်း ထဲက ဦးချစ်ဆိုင်မှာ ❞
      ( ဇော်ဇော်အောင် )

ဇော်မြင့် သည် ချိုပြုံးသီချင်းများ ကို အလွန် ကြိုက်၏ ။ သူ မမီလိုက်သော  ‘ ဘဝချင်း ဆုံတွေ့ ပါရစေ ’ ၊ ‘ တမာလမ်းက ပြန်ခဲ့ပါ ’ တို့ ကို မမီလိုက်၍ မမီလိုက် သော်လည်း သူ ကြိုက်၏ ။ “ တက္ကသိုလ်ကျောင်းက ငွေလမင်း ” ၊ “ မောင်ဘဦး ” ၊ “ ကမ်းရိုးတန်းတေးဂီတ ” ၊ ‘ မချို ’ ၊ နောက်ဆုံး ‘ တိမ်ပ လီနွေနှောင်း ’ အထိ အကုန်ကြိုက်သည် ။ ဆိုင် မှာ ချိုပြုံး အခွေ ဖွင့်ပြီ ဆိုလျှ င် လူ က အလိုလို သွက်လာသည် ။ အလုပ် လုပ်ရတာ ပျော်လာသည် ။ အသံက အလိုလို အားမာန် ပါလာသည် ။ ပို ကျယ်လာသည် ။ ဝမ်းတီး ၊ ဝမ်းကော် ၊ တူးတီးအချိုပေါ့ကျ ။ မလိုင် မထည့်နဲ့ ။ အဲဒီ ဝိုင်းက ခြောက်ကျပ် ပြားသုံးဆယ် ။ နံပါတ်လေး က ချိုစိမ့်တူး ။ နံပါတ်ခြောက် က အီကြာကွေးတစ်ပွဲ ။ ဇော်မြင့် လူရော အသံရော လက်ရော ခြေရော အကုန် သွက်၍ အလုပ် လုပ်ရတာ သိပ်ပျော်စရာ ကောင်းနေသည် ။

•••••   •••••   •••••

တစ်လောက အခွေသစ် တစ်ခွေ နားထောင်၏ ။ အမှန်တော့ ထွက်တာ ကြာပါပြီ ။ ဆိုင်ရှင် က အခုမှ ဝယ်လာ၍ အခု နားထောင်ရခြင်းဖြစ်သည် ။ ထိုအခွေ ထဲမှာ ဦးချစ်လက်ဖက်ရည်ဆိုင် ဟူသော စာသားများ ကြားလိုက်မိ၏ ။ ချိုပြုံးသည် သူ့ ဘာခေါ်မလဲ ၊ သူ့ ရည်းစား ၊ ရည်းစား ပဲ ဖြစ်ပါလိမ့် မည် ။ သူ့ ရည်းစားနှ င့် လျှောက်လည်ရင်း ဦးချစ်လက်ဖက်ရည်ဆိုင် မှာ လက်ဖက်ရည် သွားသောက် ချင်ကြောင်း ဟု ထင်သည် ။ ဇော်မြင့် ကြားလိုက်ရ၏ ။ လူ ဆိုသည် မှာ တစ်မျိုးပဲ ။ တစ်မျိုးတော့ မက ။ နှစ်မျိုး ရှိသည် ဇော်မြင့် ထင်၏ ။ တချို့ က ကိုယ့်ပတ်ဝန်းကျင် နှင့် အကြောင်းဆက်စပ် ပတ်သက်သော အရာများ ကို စိတ်ဝင်စား၏ ။ တချို့က စိတ်မဝင်စား ။ ဇော်မြင့် သည် ပထမမျိုး ဖြစ်ပုံရသည် ။ ချိုပြုံး သီချင်း ထဲမှာ ပါသော ဦးချစ်လက်ဖက်ရည်ဆိုင်သို့ သူ သွားချင်စိတ်တွေ ပေါ်လာသည် ။ တခြား သီချင်း ထဲမှာ ပါသည့် အင်းလျားကန်တို့ ၊ သစ်ပုတ်ပင်တို့ ၊ ဂျပ်ဆင် မျှော်စင်တို့ ၊ ကံ့ကော်တောတို့ ဘာတို့ ကို သူ စိတ်မဝင်စား ။ ဦးချစ် လက်ဖက်ရည်ဆိုင် ကြား မှ သူ သွားချင်လာသည် ။ ဗဟန်း ဘက် မှာ သူ့ ဘကြီး တစ်ယောက် ရှိ၏ ။ ဘုရားကိုးဆူ ၊ ဘိသိက်ဆရာ ။ ဘကြီး အသည်းအသန် ဖြစ်၍ ဟု ဆိုင်ရှင် ကို ပြောကာ ဇော်မြင့် ထွက်လာခဲ့၏ ။ ဘကြီးအောင်သင်း ထံ သူ တကယ် မသွား ။ တာမွေ က တက္ကသိုလ် အရောက် ၊ ဆယ့်ခြောက်ကား စီး၍ လာခဲ့သည် ။ ဦးချစ်ဆိုင် ဘယ်နား မှာ ဟု သူ မသိ ။ တက္ကသိုလ် ဆိုင်းဘုတ်ကြီး တွေ့မှ နီးရာမှတ်တိုင် မှာ ဆင်းလိုက်သည် ။ တက္ကသိုလ် လာပြီး ဦးချစ်ဆိုင် ဘယ်မှာ လဲ မေး ရမှာ ရှက်သလိုလို ။ အို ... ငါ့ ဘယ်သူ သိတာမှတ်လို့ ။ ခွာမြင့်ဘွတ်ဖိနပ် ၊ ဂျင်းဘောင်းဘီအဖြူ နှင့် ရင်ဘတ်မှာ ခွေးရုပ်ကြီး ပါသော အင်္ကျီဝတ်လာသည့် တက္ကသိုလ်ကျောင်းသား အစ်ကို တစ်ယောက် ကို မေးသည် ။ ကြီးပွားကောင်းစားဦးမည့် ထို အစ်ကို က ပြုံးစစ နှင့် အသေအချာ လမ်းညွှန်ပေးလိုက် သည် ။ ဦးချစ်ဆိုင် ဗာဒံပင် တစ်ပင် အောက် က စားပွဲ မှာ ဝင်ထိုင်၏ ။ ရွံ့တွန့်တွန့် ကြောင်စီစီ ။ အစ်ကို တွေ ၊ အစ်မတွေ အများကြီး ပဲ ။ သူ တွေ့နေကျ ကားဝပ်ရှော့ဆရာတွေ ။ ကားဘော်ဒီရုံ အလုပ်သမားတွေ ၊ တွင် ခုံက လူတွေနှင့် မတူ ။ အင်ဂျင်ဝိုင်နံ့ အမဲဆီနံ့ ၊ ချွေးနံ့တွေ မရှိ ၊ လက်ဖက်ရည် တစ်ခွက် မှာ လိုက်၏ ။ သူ့ အကြိုက် ချိုချိုပျစ်ပျစ် နို့ဆီများများ ဟု ပါးစပ်က ပြော မထွက်၍ မပြောလိုက်ရ၏ ။ ဇော်မြင့် လက်ဖက်ရည် စောင့်ရင်း မျက်လုံးတွေ လည်နေ၏ ။

ကဗျာရဲ့ အသက် ၊ ကဗျာရဲ့ ဝိညာဉ်ဆိုတာ ဘာလဲ ။ အလကား ဒီကောင်တွေ သိမှ မသိဘဲနဲ့ ။ ကဗျာ ဆိုတာ ခံစားမှု နဲ့ ရေးတာလား ၊ စကားလုံးတွေနဲ့ ရေးတာလား ။ အသံ လား ၊ ကာရန် လား ။ ဒီကောင်တွေ ဘာသိလဲ ။ ကာရအန္တဆိုတာဟာ - ဒီ ။ ကဗျာအသက်ဟာ ရည်ရွယ်ချက်ပဲ ဗျ ။ ကျွန်တော့် အယူအဆကတော့ - ။

•••••   •••••   •••••

အမယ် .... သိပါတယ် ။ ဟိုနေ့က သူ လှိုင်နယ်မြေ ကို သွားတယ်မဟုတ်လား ။ ဟင်း ... သိပါ တယ်နော် ။ မီမီတို့ က ပြန်ပြောတာမှ အကုန် သိလား ၊ သူ့ ဟာ သူ သွားတာ တို့ နဲ့ ဘာဆိုင်လဲလို့ တောင် ပြောလိုက်သေး တယ် ။ ဪ ဒါနဲ့ .. ဟိုလေ ... ဆမ်းမား မှာ ငပလီ သွားရအောင်လို့ သီတာတို့ နဲ့ တိုင်ပင်ထားတယ် ။ တစ်ယောက် မှ အသွားအပြန် ငါးရာ့ကိုးဆယ် လောက်ပဲ ကျတယ် ။ သူ လိုက်မှာလား ဟင် ။ ထွန်းမြင့် နဲ့ သာဦး လား ။ သွားစမ်းပါ ။ သူတို့ ပြော မနေပါနဲ့  ။ လုပ်အားပေး လိုက်ကြမလို့ တဲ့ ။ ဟွန်း ... ထားပါလေ ။ အဲဒါ .... သူ လိုက်မှာ လားဟင် ။

•••••   •••••   •••••

တကယ်တမ်း ရှင်းရှင်း ပြောရင် ဒီကောင်က ကျွန်တော့် ထက် ဂျူနီယာကျတယ် ။ အဲဒါ ကျွန်တော့် ကို ကျော်တယ် ။ တစ်ဆင့် မကဘူး နှစ်ဆင့်ကို ကျော်တယ် ။ ကျွန်တော် ကတော့ ဘာမှ မပြောပါဘူး ။ ကြည့် နေ တစ်နေ့ တွေ့ကြရင် ဒီကောင့် ကို ကျွန်တော်ဆွဲထိုးမိလိမ့်မယ် ။ မဟုတ်ပါဘူး ဗျာ - အဲဒါ သူတို့ ကတော့ မသိကြဘူးတဲ့ လား ။ ကျွန်တော် ကတော့ ခင်ဗျား သိတဲ့ အတိုင်း ခပ်ရှင်းရှင်းပဲ လုပ်ပြီ ဆိုရင်တော့ ... ဟင်း ။

•••••   •••••   •••••

ဒီကိစ္စ မင်းလွန်တယ် အောင်ကျော်စိုး ။ ကောင်မလေးက မင်းကို တကယ်ချစ်တာပါ ။ မိန်းမသား ဆိုတာ တကယ် ချစ်ပြီ ဆိုရင် နှလုံးသား နဲ့ ရင်းပြီး ချစ်ကြတာပါကွာ ။ သူ့မှာ ဘာအပြစ် ရှိသလဲ ။ ဒီမှာ သူငယ်ချင်း ၊ မင်း အနုပညာ ဝါသနာ ပါသလို သူ ပါချင် မှ ပါမှာ ပေါ့ကွ ။ ဒါပေမဲ့ သူ ကြည်ဖြူတယ် ။ အနုပညာအသင်း မှာ မင်း နေ့မှန်းမသိ ၊ ညမှန်းမသိ လုံးပမ်း နေတာ သူ့ ဘက်က ဘာ ပျက်ကွက်သလဲ ၊ ဘာ ချွတ်ယွင်းသလဲ ။ မင်း ဟာ မဟာ ပုရိသဖိုဝါဒသမားပဲ ... ။ အရင်းရှင်အိမ်ထောင်ရေး ။

•••••   •••••   •••••

ဟိုဒင်း ဒီအရင်းရှင် လူ့ဘောင်ရဲ့ အတွင်းမှာ ကုစားလို့ မရတဲ့ လူမှုစီးပွား ကင်ဆာရောဂါ ဟာ အမြစ်တွယ်ရုံ မက ကျွမ်းနေပြီ ။ ကြည့်လေ ... စစ်လက်နက်တွေ အပြိုင် ထုတ်လာကြတယ် ။ အာကာသ ကို စစ်ရေး အရ လွှမ်းမိုးဖို့ ကြိုးစားနေတယ် ။ ကြယ်တာရာ စစ်ပွဲ ရုပ်ရှင် ထဲ ကလို လေဆာရောင် ခြည် လက်နက်တွေ နဲ့ တစ်နေ့နေ့ ကျုပ်တို့ ကမ္ဘာမြေ ဟာ ... ဒီ ... ဟိုဒင်း ။

•••••   •••••   •••••

ဘာလဲ စိတ်ကောက်နေတာလား ။ တို့ ကတော့ သူ ကြည့်မယ် ဆိုလို့ နေအောင် ပါတဲ့ စတိတ်ရှိုး ရှေ့ဆုံးတန်း က လက်မှတ် ရအောင် .. ။က ယ်ပြောတာ ။ နေအောင် ကို တို့ မနာလိုဘူး ။ သူ့ ကြည့်ချင်တယ် ဆိုလို့ သာ ဝယ်ခဲ့ရတာ .. ။ အခုတော့ ဒီလက်မှတ်တွေ ဝေမာတို့ ကို ပေးပစ် လိုက်မယ် ။ ( သွား ... မုန်းတယ် ) အို - အို - စိတ်ဆိုးတာကလည်း စိတ်ဆိုးတာနဲ့ မတူဘူး ၊ သိပ်လှတာပဲ ၊ တကယ်ပါ ... သူ အဲလို ပြုံးတာ မြင်ရင် တို့ ရင်ထဲမှာ .. ။

•••••   •••••   •••••

ဟေ့ ကြီးမြင့် ၊ ငွေတောင်နှစ်လိပ် ၊ ဖက်ဖြူဖြူချောချော ယူခဲ့နော် ။ ဒီမယ် ငါ ပြောရဦးမယ် ။ ဟို ကောင်တွေ ခံလိုက်ရပြီ ။ အဲဒီ ပတ်ဘလစ်ကာ အဝါကလေး က တိုက်ထားတာကွ ။ မင်းတို့ စဉ်းစား ကြည့်လေ ... ပတ်ဘလစ်ကာ နဲ့ ဆယ်ဘင်တီအိတ် မော်ဒန်ဆန်နီ နဲ့ ထပ်ထား ပတ်ဘလစ် ကာ အောက်ကြေး က နေသတဲ့ ။ ရူးသလားကွ ။ တူးဒိုးဇကွဲလား ၊ မရှာနဲ့ မောမယ် သူငယ်ချင်း ။ ဇကွဲလတ်လတ် သန့်သန့် ဆယ့်သုံး အောက် မရှိဘူး ၊ အော်သာ အော်နေတာ တေ့တေ့ဆိုင်ဆိုင် ကျတော့ ရောင်းမယ့် လူ မ ရှိဘူး ၊ ဝယ်မယ့် လူသာ ရှိတာ ။ ဪ .. ဟေ့ကောင် ၊ ရဲမြင့်ဦး ငါ့ကို မှတ်စုတွေ ငှားဦးကွ ။ စာမေးပွဲ နီးပြီ စာ ကူးရဦးမယ် ။ ဟဲ .. ဟဲ ။ ဒီမယ် ငါ့ မှာ ဗောက်စဝက်ဂင်တစ်စီး ရှိတယ် ။ အင်ဂျင် ၊ ဂီယာ ၊ ကရောင်းအကြီး မှန်ကျယ်အော်ရီဂျင်နယ် ၊ သိပ်သန့်တယ် ဒီမယ် ... ။

•••••   •••••   •••••

ဇော်မြင့် သည် အေးစက်နေသော လက်ဖက်ရည် တစ်ခွက် ကို ကပျာကယာ မော့၍ ကျပ်တန် တစ်ရွက် ချထားခဲ့၏ ။ ဆိုင်အပြင် သို့ ကမန်းကတန်း ထွက်လာခဲ့သည် ။ ဦးချစ်ဆိုင် မှ သူ့ အလုပ် ရှိရာ သောက်ရေအိုးစင်လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကလေး ဆီသို့ ဆယ့်ခြောက်ကား စီး၍ ပြန်ခဲ့သည် ။ သူစီး လာသော ဆယ့်ခြောက်ကား သည် အပြန်ခရီး တွင် ကြယ်တာရာ နဂါးငွေ့တန်း သုံးခု ၊ ဂြိုဟ်ကြီး ငါးလုံး ၊ အရံဂြိုဟ် နှစ်လုံး ။ လကမ္ဘာ တစ်ခုကို ဖြတ်၍ နောက်ဆုံး တာမွေအဝိုင်း သည်ဘက်ထိပ် မှတ်တိုင် တွင် ရပ်၏ ။ ဇော်မြင့် ဆင်းသည် ။ သူ့ နေရာ နှင့် ဦးချစ်လက်ဖက်ရည်ဆိုင် က အတော် ဝေးပါကလား ။

•••••   •••••   •••••

လူတွေ အားလုံး ကိုယ့် အလုပ် ကို ကြိုးစား လုပ်ကြလျှင် တိုင်းပြည်တိုးတက်သည် ဟု ဘယ်သူ ပြောမှန်း မသိ ။ ဇော်မြင့် နားစွန် နားဖျား ကြားဖူးထား၏ ။ နံပါတ်ငါး က ချိုပေါ့ကျ တစ် ၊ လာပြီ ဆရာ ။ ဦးလေး ဘဂျမ်း သောက်မှာ ဟေ့ ။ ကော်ဖီချိုချို တစ်ခွက် နံပါတ်သုံး က ဒူးယား တစ်ကျပ်ဖိုး ။ အဲဒီ စမူဆာတွေ ဒီပေး ၊ ဒီပေး ။ ထောပတ်သုတ် စ်ချပ်အပြင်စားပွဲက ။ လာပါပြီ ဆရာရေ ... ။

•••••   •••••   •••••

ကောင်တာ မှ ဆိုင်ရှင်အဒေါ်ကြီး သည် ကက်ဆက်ခွေ ကို ဟိုဘက်သို့ လှန်လိုက်၏ ။ ဟား ကောင်းလိုက်တာ ။ ဇော်မြင့် ပျော်သွား၏ ။ အကောင်းဆုံး က တော့ ချိုပြုံးသီချင်းတွေ နားထောင်ရတာပဲ ဟု သူ ထင်သည်  ။ ခင်မင်သူတွေ ဒီလို ခေါ်တယ် ... ကျွန်မ ကို မချို ၊ ဘိုင်စကုပ်မင်းသမီး မချို ၊ လာပြီ ဆရာ ။ ချိုပေါ့ကျ - တစ် ။ ချိုင့်ဆွဲ ငါးမတ် ။ ခင်မင်သူတွေ ဒီလိုခေါ်တယ် .. ကျွန်မ ကို မချို ။ အားလုံးက ချစ်တဲ့ ချိုစိမ့်တစ် ။

•••••   •••••   •••••

လူကြီးမင်းများ လက်ခုပ်တီးပါ ။

▢ ဇော်ဇော်အောင်

📖 ဝတ္ထုတိုပေါင်းချုပ် ( အပိုင်း - ၁ )

No comments:

Post a Comment