Wednesday, February 26, 2025

အတုံ့အလှည့်

 

❝ အတုံ့အလှည့် ❞
        ( ပုံပြင် )

ဟိုရှေးတုန်း ကပေါ့ကွယ် ၊ ငွေတောင်ပြည် လို့ ခေါ် နေတဲ့ အခု ကယားပြည် ရဲ့ ရွာ ကလေး တစ်ရွာ မှာ ကိုင်းလွယ် ဆိုတဲ့ ဖတဆိုးလေး နဲ့ သူ့ အမေ ရှိသတဲ့ ။

ကိုင်းလွယ်ကလေး လူပျိုပေါက် ရောက်တဲ့ အချိန် မှာ သူ့ အမေကြီး ဟာ မကျန်းမမာ ဖြစ် သတဲ့ကွယ် ။ သူ့ အမေကြီး ဟာ သေခါနီးမှာ ကိုင်းလွယ် ကို “ သားရယ် ၊ အမေ့ မှာ တော့ မင်း အတွက် အမွေ ပေးစရာ ငွေကြေး လည်း မရှိဘူး ၊ သားသား အဖေ လက်ထက် က ကျွဲ တစ်ကောင် နဲ့ ကိုင်း တစ်ခင်း ကို သား လုပ်ကိုင်စားပါ ” လို့ မှာပြီး သေသွားသတဲ့ ။

ကိုင်းလွယ်ကလေး လည်း သူ့ အမေ သေပြီး တစ်နှစ်လောက် အကြာ မှာ သူတို့ ရွာ က ရွာခေါင်း တစ်ဦး ရဲ့ သမီး နဲ့ မေတ္တာမျှ ပြီး လက်ထပ် လိုက်သတဲ့ ။ သူတို့ ဇနီးမောင်နှံ ဟာ ကိုယ့် ကိုင်းခင်း နဲ့ ကိုယ့် ကျွဲ နဲ့ လုပ်ကိုင်တော့ ဘယ်သူ့ ထံ က မှ အချေးအငှား မရှိဘူးပေါ့ကွယ် ။

ကိုင်းလွယ်တို့ ရွာကလေး မှာ လယ်ဧကတွေ အများကြီး ပိုင်တဲ့ လယ်ပိုင်ရှင်ကြီး ရှိ တယ် ၊ အဲဒီ လယ်ရှင်ကြီး ဟာ ရွာသူရွာသားတွေ အပေါ် မှာ အတိုးကြီးကြီး ယူပြီး ငွေတွေ ကို ပေး ကမ်းလေ့ ရှိတယ် ။ နောက် သူ့ ငွေတွေ ပြန် မဆပ်နိုင်တဲ့ ဆင်းရဲသားတွေ ကျတော့ ကျွဲ ၊နွား အစရှိတဲ့ ပစ္စည်းတွေ ကို သိမ်း ယူတယ် ။ ကိုင်းလွယ်တို့ ရွာ မှာ ဆိုရင် အဲဒီ သူဌေးကြီး ဟာ အချမ်းသာဆုံး ပဲတဲ့ကွယ် ။ သူ က ဘာပြောပြော အဟုတ်လို့ ပဲ ထင်ကြရ သတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ ရဲ့ ငွေကြေး အထောက်အပံ့ နဲ့ တစ်ရွာလုံး ဟာ မကင်းကြဘူးတဲ့ ။ သူ က အဲဒီ အခွင့်အရေး ယူပြီး အမြဲ အမြတ်ထုတ် အနိုင်ကျင့်သတဲ့ကွယ် ။

သူ နဲ့ ကြွေးကင်းတာ ကတော့ ကိုင်းလွယ် တို့ ဇနီးမောင်နှံ ပဲတဲ့ ။ သူတို့ နှစ်ယောက် ကို သူဌေးကြီး က မျက်မုန်းကျိုး နေတယ် ။ သူဌေးကြီး ရဲ့ ဩဇာအာဏာ ကို လည်း တစ်စက် မှ မခံဘူး တဲ့ ။ သူဌေးကြီး ဟာ တစ်နေ့တော့ ဒင်းတို့ လင်မယား ဒုက္ခ ရောက်စေရမယ် ဆိုပြီး ရွာသူရွာသား တွေ ကို ခေါ်ပြောသတဲ့ ။ “ မင်းတို့ ကျွဲနွားတွေ ငါ့ ခြံ ထဲကို ကျူးကျော်ရင် ငွေဒင်္ဂါး နဲ့ ပြန်ရွေးရမယ် ၊ မရွေးနိုင် ရင် သ,တ်စားမယ် ၊ မင်းတို့ ကျွဲတွေ ၊ နွားတွေ ကို ငါ့ ခြံဝင်း ထဲ မဝင်စေနဲ့ ” လို့ ပြောသတဲ့ ။

ကိုင်းလွယ်တို့ ဇနီးမောင်နှံ ဟာ လည်း အမေ ဆီ က အမွေ ရလိုက်တဲ့ ကျွဲကလေး ကို တယုတယ ပဲ သူဌေးကြီး ခြံ ထဲ ကို မဝင်ရောက် နိုင်အောင် ထိန်းကျောင်း ခဲ့တယ် ။ ဒါပေမယ့် တစ်နေ့မှာ  ကိုင်းလွယ် က လည်း ယာခင်း သွားနေတုန်း အိမ် မှာရှိတဲ့ ကျွဲကလေး ကို သူ့ ဇနီး နဲ့ ထားခဲ့တယ် ။ ဇနီးသည် ကလည်း နေ့တိုင်း ကျွဲကလေး ကို ကြိုး နဲ့ ချည်ထားရတာ ညောင်းလှပါ တယ် ၊ အညောင်းပြေ လမ်းကလေး လျှောက်ရင်း မြက်နုနုကလေးတွေ စားပါစေ ဆိုပြီး အိမ်ခြံ ပြင် ကို ခေတ္တ လွှတ်ပြီး ထားလိုက်သတဲ့ကွယ် ။

ကိုင်းလွယ်တို့ ကျွဲကလေး က မမျှော်လင့်ဘဲ သူဌေးကြီး ရဲ့ ခြံ ထဲ မှာ ရှိတဲ့ ကျွဲအဖော် တွေ ဆီကို ရောက်သွားသတဲ့ ။ သူဌေးကြီး က သူ ဆင်တဲ့ အကွက် ထဲ ဝင်ပြီဆိုပြီး ကိုင်းလွယ်တို့ ရဲ့ ကျွဲကလေး ကို ဖမ်းပြီး ချည်ထား လိုက်တာပေါ့ ။

ညနေအချိန် ကိုင်းလွယ် တောင်ယာ က ပြန် လာတော့ ကျွဲကလေး မတွေ့တာနဲ့ မေး တော့ သူ့ ဇနီး က ခုတင် အိမ်ဘေး မှာ ရှိသေးတဲ့ အကြောင်း ပြောတော့ ကိုင်းလွယ်ဟာ ကျွဲကလေး ကိုလိုက် ရှာတာပေါ့ကွယ် ။ ဒါပေမယ့် ကျွဲကလေး ကို ဘယ်မှာမှ မတွေ့ဘူးတဲ့ ။

နောက်ဆုံး နေဝင် တော့မှ ကိုင်းလွယ် အိမ် ပြန်ခဲ့ပြီး ကျွဲကလေး ရှာမတွေ့တဲ့ အကြောင်း သူ့ ဇနီး ကို ပြောပြတာပေါ့ ၊ သူ့ ဇနီး က “ ဒီလိုဆိုရင် ဟို ... သူဌေးကြီး အိမ်ခြံ ကို သွား ရှာပါ ၊ သူဌေးကြီး ဖမ်းထားပြီ ထင်တယ် ၊ အဲဒီကို ရှင် လိုက်သွားပါ ” လို့ ဆိုတော့မှ ကိုင်းလွယ် လည်း သူဌေးကြီး အရင်တစ်ခါ ပြောစကား ကို သတိရ ပြီး သူဌေးကြီးအိမ် ကို လိုက်သွားသတဲ့ ။

သူဌေးကြီး အိမ် ရောက်တော့ သူဌေးကြီး က “ ဟဲ့ ... ကိုင်းလွယ် ၊ နင့် ကျွဲ ငါ့ ခြံ ကို ကျူးကျော် လို့ ငါ သိမ်းထားတယ် ၊ နင့် ကျွဲ လိုချင်ရင် ငါ့ကို ငွေဒင်္ဂါးအပြား တစ်ရာ ပေးရမယ် ၊ မပေးနိုင်ရင် သ,တ်စားပစ်မယ် ” လို့ ပြောလိုက်တယ် ။

ကိုင်းလွယ်ကလေး ဟာ သူ့ကျွဲ ကို ပြန် လိုချင်ပေမယ့် သူ့ မှာ ငွေဒင်္ဂါး အပြား တစ်ရာ မရှိတော့ သူဌေးကြီး ကို တစ်နေ့ ခေတ္တ ဆိုင်းပါဦး ။ ကျွန်တော့် ကျွဲ ကို မနက်ဖြန် ညနေ မှာ ရွေးပါ့မယ် လို့ ပြောပြီး အိမ် ကို ပြန်ခဲ့တယ် ။

အိမ် ပြန် ရောက်တော့ သူ့ ဇနီး နဲ့ တိုင်ပင်ပြီး နောက်နေ့ မနက် မှာ ငွေ ရှာလိုက်တာ ငွေဒင်္ဂါး အပြား ငါးဆယ် ပဲ ရသတဲ့ကွယ် ။ ရတဲ့ ငွေဒင်္ဂါး နဲ့ ပဲ သူဌေးကြီး ထံမှာ ညနေ ကျတော့ သူ့ အမွေပိုင် ကျွဲကလေး ကို သွား ရွေးတာပေါ့ ။ ဒါပေမယ့် သူဌေးကြီး က ငွေဒင်္ဂါး အပြား တစ်ရာ ရမှ သူ့ ကို ကျွဲ ပြန်ပေးမယ် လို့ မတရား ပြောလိုက်တယ် ။

အဲဒါနဲ့ ကိုင်းလွယ်ကလေး ဟာ ဝမ်းနည်းပြီး “ ခင်ဗျားကြီး တစ်နေ့ ကျွန်တော်တို့ စိတ်ဆင်းရဲ သလို မဆင်းရဲပါစေနဲ့ ” လို့ ဆုတောင်းပြီးမျက်ရည်စက်လက် နဲ့ သူ့ဇနီး ထံ ကို ပြန်ခဲ့တယ် ။ သူဌေးကြီး ဟာ ကိုင်းလွယ်တို့ ရဲ့ ကျွဲပေါက်ကလေး ကို ရက်ရက်စက်စက် သ,တ်စား ပစ်လိုက်သတဲ့ကွယ် ။ ကျွဲကလေး သ,တ်ပြီး မကြာခင်မှာ သူဌေးကြီး လည်း ဖျားပြီး သေသွား သတဲ့ ။

ကိုင်းလွယ်တို့ ဇနီးမောင်နှံ လည်း ရှိတဲ့ ကိုင်းခင်းလေး ကို ခြိုးခြိုးခြံခြံ လုပ်ကိုင် လိုက်တာ မကြာခင်ဘဲ ပြန်ပြီး ကျွဲ ဝယ်နိုင်သတဲ့ ။ သူတို့ ဝယ်တဲ့ ကျွဲအုပ် ထဲ မှာ ကျွဲ တစ်ကောင် ဟာ ထူးထူးခြားခြားပါလာတယ် ၊ အဲဒီ ကျွဲ ဟာ နေ့တိုင်း နေ့တိုင်း အရင် သေသွားတဲ့ သူဌေးကြီး အိမ် ဘက် ကို လှည့်ပြီး ငေးငေးနေသတဲ့ ။ တစ်ခါတလေ လည်း အဲဒီ ခြံဘက် ကို ထွက်သွား သတဲ့ ။

ဒီလို ကျွဲ တစ်ကောင် ဟာ လာလာ နေတာ သေသွားတဲ့ သူဌေးကြီး ရဲ့ ကတော် က တွေ့ တော့ မြက်နုပြောင်းရိုးတို့ ကို ကျွေးသတဲ့ ။ အဲဒါတွေ စားပြီး ကျွဲ ဟာ မျက်ရည်တွေ တစ်ပေါက် ပြီး တစ်ပေါက် ကျသတဲ့ ။ ဒါနဲ့ သူဌေးကြီးကတော် ဟာ ငါ့ ရဲ့ သေသွားတဲ့ လင်တော်မောင် သူဌေးကြီး ဖြစ်မှာပဲ ဆိုပြီး ကိုင်းလွယ် ထံ မှာ သွားပြီး ဝယ်သတဲ့ ။ ကိုင်းလွယ် က လည်း တစ်ချိန်က တောင် သူ့ ကျွဲ ကို သ,တ်စားခဲ့သေးတာ ၊ သူဌေးကြီး သေလို့ ကျွဲ ဖြစ်နေရင် ပိုတောင် ကောင်းသေးတယ် ၊ ဘယ်လောက် ပေးပေး မရောင်းဘူး လို့ ပြောလွှတ်လိုက်သတဲ့ ။ ဒီလို နေ့တိုင်း သူဌေးကတော် အိမ်ဘက် ကို သွားသွား နေတဲ့ ကျွဲ ဟာ တစ်နေ့တော့ အခြား တစ်ခြံ ဘက် ကို သွားစား မိတာ နဲ့ ခြံရှင် က ဓား နဲ့ ခုတ်သ,တ် လိုက် သတဲ့ကွယ် ။ အဲဒီ အချိန် က စပြီး ကိုင်းလွယ်တို့ ဇနီးမောင်နှံဟာ ပျော်ပျော်ရွှင်ရွှင် နဲ့ နေနိုင်ကြသတဲ့ကွယ် ။

ညီ ၊ ညီမလေးတို့ ရေ ၊ အဲဒီ ကယား ပုံပြင်ကလေး ထဲ ကလိုပဲ သူတစ်ပါး ကို မကောင်းကြံ ရင် ကိုယ် ပဲ ခံရတတ်တယ် ဆိုတာ သတိ ရှိကြပြီး သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ် မထားကြ ရန်အကြံ ပေးလိုက်ပါတယ်ကွယ် ။

⎕  မောင်ထွန်းအေး
📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၃ ၊ ဒီဇင်ဘာ

No comments:

Post a Comment