❝ အခွဲခံမကလေး ❞
( ရန်ကုန်ဘဆွေ )
ကုန်လုပ်ကိရိယာ စွမ်းအားစု ပြောင်းလဲ လာတိုင်း လူနေမှုစနစ် ပြောင်းလဲ လာကြရသည် မှာ မြေကြီး လက်ခတ် လွှဲရှောင် မရသော အစဉ်အလာ တစ်ရပ် ဖြစ်ဘိသို့ ...
ဒီ အရပ် ကို ရောက်၍ ဒီ အဖော်တွေ နှင့် တွေ့လိုက်ရတိုင်း ဒီ ဆိုင် ကို ဝင်ကြရသည် မှာလည်း လွှဲရှောင်မရသော အစဉ်အလာ တစ်ခု ဖြစ်နေရသည် ။
ဒီဆိုင် ကို ရောက်ပြန် တော့လည်း ဆိုင်အဝ တွင် ဒီ မျက်နှာကလေး ၊ ဒီ မျက်နှာကလေး ပြီး တော့ ဒီ မျက်နှာကြီး ၊ ဒီ မျက်နှာကြီး ပြီးတော့ ဒီ မျက်နှာကလေးကို ပြန်တွေ့ ရင်း ပို၍ ယစ်မူးရသည် မှာလည်း အစဉ်အလာ တစ်ခု ဖြစ်နေသည် ။
ဒီ မျက်နှာကလေး သည် ရှေးဦးစွာ ပါးစပ် သို့မဟုတ် နှုတ်ခမ်း အစုံဖြင့် ကြည့်သည် ။ ပို၍ ရှင်းအောင် ဆိုရသော် သန္တာခဲကဲ့သို့ တျာတျာရဲသော တွတ်တွတ်နီသည့် နှုတ်ခမ်း ထူစစ အစုံဖြင့် ကြည့်သည် ။
အမှန်သော် မျက်လုံး နှင့် ကြည့်သည် ဟုတ် သော်လည်း အကြည့် ခံရသူ တို့သည် မျက်လုံး ကို မမြင်ကြ ၊ ဒီ မျက်နှာကလေး တစ်ခုလုံး ၌ နှုတ်ခမ်းထူထူကလေး အစုံ ကိုသာ မြင်ကြသည် ။ နှုတ်ခမ်း ထူတင်းတင်းကလေး အစုံ ကိုသာ တရှိုက်မက်မက် နှင့် အသက် မရှူနိုင်ဘဲ ပြန်ကြည့်ကြသည် ။ နှုတ်ခမ်း ထူတင်းတင်းကလေး အစုံ ကိုသာ တဖိမ့်ဖိမ့် နှင့် တစိမ့်စိမ့်ကြည့်ရင်း သိမ့်သိမ့်ဖျဉ်းမျှ စိတ်ဝင်စား ကြသည် ။
ဒီ မျက်နှာကလေး မှ နှုတ်ခမ်းအစုံ သည် မသိမသာ လှုပ်လိုက်သည် ။ မြင်ရသူတို့ ၏ နှလုံး သည်းပွတ်သည် သွက်သွက်ခါ အောင် လှုပ်သွားရဘိသည် ။
ထို့နောက် ဆိုင်အဝင်ဝ တွင် ခလုတ်တိုက် လိုက်ပြီး နောက်မှ ဆိုင်တွင်း သို့ ရောက်ကြရသည် ။ ဝင်လာသူတိုင်း ဤသို့ ခလုတ်တိုက် မိကြသည်မှာ လည်း အစဉ်အလာ တစ်ခု ဖြစ်နေသည် ။ ဆိုင်ဝ ရှိ ဈေးသည် အသီးသီး တို့သည် ဤအဖြစ်မျိုး ကို မြင်နေကျ ဖြစ်၍ မည်သူမျှ ရယ်ရမှန်း မသိကြပေ ။
အကယ်၍ အဘယ်သူ တစ်စုံတစ်ယောက် သည် ဤဆိုင် အတွင်း သို့ ခလုတ် မတိုက်ဘဲ ဝင်နိုင်ခဲ့ပါမူ ထိုသူသည် လူ တစ်စုံတစ်ယောက် ၏ မျက်စိမျက်နှာ ကိုမျှ မြင်နိုင်စွမ်းခြင်းငှာ မတတ် နိုင်ပြီ ဖြစ်သော အမူး လွန်နေသူ သော် လည်းကောင်း ၊ သို့တည်းမဟုတ် နွားကြီး သော် လည်းကောင်း ၊ ဘုရားရဟန္တာ သော် လည်းကောင်း ၊ နိုင်ငံတော် ဝန်ကြီးချုပ် သော် လည်းကောင်း ဖြစ်ရ ချိမ့်မည် ဟု အဆို ရှိသည် ။
တစ်နေ့သော ထိုအဆို ကို အံ့အားသင့်စေသည့် အခြင်းအရာ တစ်ရပ် ပေါ်လာခဲ့ပါသည် ။ ပေါ်လာပုံကား ဤသို့တည်း ။
••••• ••••• •••••
လောကကြီး ကို သာယာ အောင် စွမ်းဆောင်ရာ တွင် အပါအဝင် တစ်ခု ဖြစ်သည့် ဤမည် သော ဆိုင်ကလေး ၏ လက်ယာဘက် ဓာတ်မီးတိုင် ခြောက်တိုင် ကွာရှိ ဘတ်စ်ကားဆိပ် ဆီမှ လေးယောက် သော သူကောင်းသား တို့သည် နေကလေး ညိုညိုတွင် ရွှေကိုယ်တော် အနေ ခက်အောင် လေတက်၍ လာသောကြောင့် ဆင်မယဉ်သာ ၏ လှမ်းခြင်းမျိုးဖြင့် ခြေကုန်သုတ် လာကြသည် ။
သူတို့ သည် အများသူတကာ တို့ ၏ ထုံးတမ်းစဉ်လာ အတိုင်း ဒီ ဆိုင်ဝ တွင် ဒီ မျက်နှာကလေး နှင့် တွေ့ကြရသည် ။
ထူသလိုလို နှင့် ပြည့်ဖြိုးဟန် ရှိသော အထပ်လိုက် တင်းနေသည့် နှုတ်ခမ်းအစုံသည် မသိ မသာကလေး လှုပ်ရွ သွားသည် ။ ရှေ့ဘက်သို့ ခပ်မို့မို့ ဖောင်းနေသဖြင့် အနည်းငယ် တွဲယောင် ယောင်ပြုသော အောက်နှုတ်ခမ်း နီတာရဲကလေးသည် တင်းခနဲ ကားပြန့် သွားသည် ။
မြင်နေမိကြသော လေးယောက်သား တို့၏ သွေးကြောများသည် ဖျဉ်းခနဲ ကိုယ်လုံးစိမ့်ကာ သိမ့်သိမ့်ခါ သွားကြရင်း အနိုင်နိုင် ဣန္ဒြေ ဆည်လျက် ဆိုင်တွင်းသို့ လှမ်းဝင် ကြသည် ။
ထို့နောက် အများသူတကာ တို့၏ ထုံးတမ်းစဉ်လာ အတိုင်း လေးယောက်လုံးစေ့ ခလုတ် တိုက်ပြီးမှ ဆိုင်တွင်း သို့ ရောက် လာကြရသည် ။
“ ထိုင်ကြပါ ထိုင်ကြပါ ၊ အကြီး တစ်လုံး လား ဆရာကီး ... ”
တွန့်လိမ်သည့် နှုတ်ခမ်း ဖြင့် ဖုံးထားသော ညစ်ပေသည့် ပါးစပ်ပေါက် အားလုံးကို ဖွင့်လျက် အတုံးအရုံး ပေါ်နေသော ရွှေသွားတို့ ဖြင့် တန်ဆာဆင် ထားသည့် မျက်နှာကြီး သည် ထုံးတမ်း စဉ်လာအတိုင်း အနီး သို့ ရောက်လာ ပြန်ပါသည် ။
ရင်အဖို မပျောက်ကြသေး သဖြင့် စကား မပြောနိုင်ကြသော လေးယောက် အစုသည် ပေါက်ဖော်ကြီး ၏ မျက်နှာ ကို မသက်မသာ ကြည့်ကာ ခေါင်းညိတ် ပြလိုက်ကြသည် ။
ထိုအချိန်၌ ဆိုင်ကလေး ၏ လက်ဝဲဘက် ဓာတ်မီးတိုင် လေးတိုင်ကွာ ရှိ ဆိုက်ကားဂိတ် မှ တဖြည်းဖြည်း လျှောက်လာသော သူလို ငါလို လူ တစ်ယောက် သည် လေးယောက်သော သူကောင့်သား တို့၏ ဖြစ်ရိုးဖြစ်စဉ် ဆိုင်တွင်း ဝင်သွားပုံ ကို ကြည့်ကာ သူ့ အဖို့ ပြုံးလိုက်မိသည် ။
သူ သည် ဆိုင်ရှေ့သို့ ရောက် လာသော အခါ ဆိုင်တွင်း သို့ လှမ်းကြည့် နေသည် ။
ဝင်လုလု ရွှေနီရောင် သည် ဆိုင်ရှေ့ ရှိ ကုက္ကိုပင် အကြား မှ ထိုးဖြတ်ကာ စိုပြည်သော သူ၏ မျက်နှာ ကို မှုန်းခြယ် ပေးသည် ။ သူ သည် လေးယောက် အစု သော ဆိုင်တွင်းရှိ သူကောင်းသားများ ရှိရာသို့ တည်ငြိမ်သော အပြုံး ဖြင့် ဝင်လာသည် ။
လေးယောက်သော အစု သည် ကု,လားထိုင် တစ်လုံးကို ဆွဲယူ ထိုးပေးရင်း သူ့ မျက်နှာ ကို အံ့သြစွာ ကြည့်ကြကုန်၏ ။ လှုပ်နေသော ဆိုင် အလုံးသည် ရုတ်တရက် ငြိမ်သက် သွားရသည် ။
ဆိုင်ရှေ့ တွင် ရှိသော ဈေးသည်အစု သည် ဆိုင်ဝသို့ မသိမသာ ရောက်လာကြကာ အတွင်း ဘက် သို့ ခေါင်းငဲ့ ကြည့်ကြကုန်၏ ။ ပြည့်ဖောင်းဖောင်း နှုတ်ခမ်းအစုံ ပိုင်ရှင်ကလေး သည် လည်း ထို အထဲ ၌ ပါလေသည် ။
နောက် ဝင်လာသူ သည် ဂူဝတွင် စံပယ်သော ကေသရာဇာ ခြင်္သေ့မင်း ၏ တင့်တယ်ခြင်း မျိုးဖြင့် အလွန်တည်ငြိမ်စွာ ထိုင်လိုက် ပြီးနောက် ဆိုင် အတွင်းခန်း အားလုံးကို ပြုံးသော မျက်နှာ ဖြင့် ဖြည်းဖြည်းသာသာ လှည့်ပတ် ကြည့်ရှုသည် ။
“ ပေါက်ဖော် ၊ ဖန်ခွက် ယူခဲ့ဟေ့ …”
လေးယောက်သော အစု တွင် တစ်ယောက်သော သူ က လှမ်း အော် လိုက်သည် ။ နောက် ဝင်လာ သူသည် အလွန် သိမ်မွေ့စွာ လှည့်ကြည့် နေရာမှ ကြည်လင်သော အပြုံး ကို ပြုလျက် ...
“ ကျွန်တော် မသောက်တတ်ပါဘူး ခင်ဗျာ ၊ ဆရာတို့ မြင်တာနဲ့ ဝင်လာတာပါပဲ ”
ချိုမြသော အသံသည် ကြားရသူတို့ကို အေးမြ သွားစေသည် ။ ဖောင်ဖောင်မြည်အောင် စကား ဆို နေကြသော အခြား ဝိုင်းမှ အမူးသမား တို့သည် တဖြည်းဖြည်း တိတ်ဆိတ် သွားကြကာ မိမိတို့ ရှေ့တွင် ချထားသော ယစ်ဖန်ရည် ကြည်လဲ့လဲ့ ကိုသာ တစ်ခွက်ပြီး တစ်ခွက် ငှဲ့ကာ ငှဲ့ကာ သောက် နေကြသည် ။
“ ဆရာတို့ သောက်ကြပါလေ ၊ ကျွန်တော့် ကို အားနာ မနေပါနဲ့ ”
လေးယောက်သော အစုတို့ သည် နာမည်ကြီး ထဲတွင် ပါဝင်ကြသော စာရေးဆရာတွေ ချည်း ဖြစ်ကြသည် ။ သူတို့သည် အားနာပါးနာနှင့်ပင် ကြည်လဲ့သော ယစ်ဖန်ရည် ကို ခပ်တည်တည်နှင့် တစ်ခွက် ပြီး တစ်ခွက် ချလိုက်ကြသည် ။
ဆိုင်ရှေ့မှ နှုတ်ခမ်းထူမကလေး သည် မကြာမီ အတွင်း ဆိုင် ထဲသို့ ရောက်ရှိ လာပြီး နောက် ယစ်ရည်ဝ နေသော မျက်လုံးအစုံတို့ ၏ ရှေ့တွင် လေသွဲ့ တိုင်း နွဲ့နေသော သူယောင်မယ် ကဲ့သို့ ခေါင်းကလေး ငဲ့ငဲ့ ၊ ခြေလှမ်းကလေး ယဲ့ယဲ့ ၊ ကိုယ်ဟန်ကလေး တနဲ့နဲ့ ဖြင့် ဟိုအစု သည်အစု ဆီသို့ အလွန် ကြည့်မောဖွယ်ရာ ကူးလူး သွားလာနေသည် ။
ခုံရှေ့သို့ ရောက်သော် သူ ၏ ပြည့်ဖောင်းသော နှုတ်ခမ်း ကို လှုပ်လိုက်သည် ။ မောက်မောက် ကလေး တွဲဟန် ရှိသော အောက်နှုတ်ခမ်း သည် ဖောင်းဖောင်းကလေးနှင့် တင်းသွားသည် ။
ခုံတွင် ထိုင်နေကြသူတို့ ၏ မျက်လုံး သည် တင်းတင်းရင်းရင်း နှင့် ဖောင်းဖောင်းကလေး ဖြစ်နေသော နှုတ်ခမ်းအစုံ ၏ အစပ် ကို မျက်တောင် မခတ်နိုင်အောင် စူးစိုက်နေကြသည် ။
ဤ တင်းတင်းရင်းရင်း စေ့ထားသော နှုတ်ခမ်း ဖောင်းဖောင်းကလေး သည် ပြုံးသည် ဆိုရ မည်လည်း အောက်သို့ အနည်းငယ် ကွေးညွှတ် နေသည် ၊ မဲ့သည် ဆိုရမည်လည်း ပွင့်တော့မည့် နှင်းဆီငုံနှယ် ဖိတ်ခေါ်နေဘိသို့ ရှိသည် ၊ လှပသည် ဆိုရမည်လည်း အနည်းငယ် ထူတွဲသယောင် ယောင် ရှိသည် ၊ အရုပ်ဆိုးသည် ဆိုရမည်လည်း တပ်မက်စဖွယ် ရှိလွန်းနေသည် ။ အားလုံး ခြုံ၍ အဖြေ ရှာသော် ဤ စားပွဲ ပေါ်တွင် တည်ရှိနေသည့် နံစော်စော် အရက် ကို သောက်လိုက်ရဘိသို့ မြင်ရသူတို့အား တိမ်းမူးယစ်ထွေအောင် အားတိုက် စွမ်းဆောင်နိုင်လွန်းသော နှုတ်ခမ်းစုံ တစ်ပွင့် ပင် ဖြစ်သည် ။
တပ်မက်ဖွယ် နှုတ်ခမ်းကလေး သည် ကွေ့ဝိုက်စွာ ပွင့်ဟ လာလျက် ချိုနုန့်နုနဲ့ အသံခြောက် ကလေး ပေါ်လာသည် ။
“ ကိုကြီးတို့ကော ဘာဂျော်သုပ် ယူအိုးမယ် မို့လား ”
ဆရာ တစ်ဦး၏ မျက်နှာ သည် ငုံ့၍ မေးလာသော မျက်နှာနှင့် ထိတော့လု မတတ် နီးသွားသည် ။
“ အေး .. ယူမယ် နယ်ခွက်ယူဂဲ့ ”
ဆရာ သည် အနည်းငယ် မူးနေဟန် ရှိသည် ။ နှုတ်ခမ်းထူမကလေး သည် လူချင်း မထိရုံမျှ နောက်သို့ ယို့ကာ အပြုံးမပျက် ထွက်ခွာ သွားသည် ။ ကျန် အဖော်များသည် မူးနေသော ဆရာ ကို ကြည့်နေကြရာမှ နောက် ဝင်လာသူ အား အားတုံ့အားနာ ဖြင့် ကြည့် မိကြသည် ။
နောက် ဝင်လာသူသည် ထင်ရာ လုပ်နေသော ကလေးငယ်များ အား အလွန် သဘော ကောင်းစွာ ကြည့်နေသည့် လူကြီး တစ်ယောက် မျက်နှာမျိုး ဖြင့် ဣန္ဒြေ မပျက် ခပ်ပြုံးပြုံးပင် ရှိသည် ။
“ ကျွန်တော့် ကို ခွင့်ပြုပါဦး ခင်ဗျာ ၊ ကျွန်တော် ညနေဘက် လမ်းလျှောက် ရင်း နဲ့ ဆရာတို့ တွေ့လို့ ဝင်လာတာပါပဲ ”
အမူးဆရာ တို့ သည် စိတ်တွင်း မှ ဝမ်းသာစွာဖြင့် အသွင် မတူသော ထိုသူ့ အတွက် ဟန်ဆောင် ပြုံးကာ နေရာ မှ ထ လိုက်ကြသည် ။
“ ဟုတ်ကဲ့ ... ကောင်းပါပြီ ခင်ဗျာ ၊ ခါတိုင်း တည်းတဲ့ အိမ် မှာပဲ မဟုတ်လား ၊ ကျွန်တော် တို့လဲ လာ လည်ကြပါဦးမယ် ”
အမူးဆရာ တို့ လောကွတ်စကား ပြောကြားဟန် လုပ်နေကြစဉ် နှုတ်ခမ်းထူမကလေး သည် ဘယာကြော်သုပ် ပန်းကန်နှစ်ချပ်ကို ကိုင်လျက် အနီး သို့ ရောက်ရှိလာသည် ။
ပြန်တော့မည့်သူသည် ပန်းကန် နှစ်ချပ် ကို လှမ်းယူပြီး စားပွဲပေါ်သို့ တင်သည် ။ ထို့နောက် နှုတ်ခမ်းထူမကလေး ကို လှည့်၍ မေးလိုက်သည် ။
“ ဟေ့ ကလေးမ …. ၊ ဘယ်လောက် ကျလဲ ”
နှုတ်ခမ်းထူမကလေး သည် မေးသူ အား မော့၍ ကြည့်၏ ။ မေးသူ သည် နှုတ်ခမ်းထူမကလေး ကို ကလေးသဖွယ် သဘောထား လျက် ရဲရဲတင်းတင်းပင် ကြည့်နေသည် ။ နှုတ်ခမ်းထူမကလေး ၏ မျက်လုံးအစုံသည် တဖြည်းဖြည်း တစ်ဆင့်စီ တစ်ဆင့်စီ မျက်လွှာ ချလိုက်သည် ။ ထို့နောက် တပ်မက်ဖွယ် ကောင်းသော နှုတ်ခမ်းကလေး ကို ကြိုးကြိုးစားစား လှုပ်ရှားယူကာ မပွင့်တစ်ပွင့် ပြော လိုက်သည် ။
“ တပဂံ တစ်မတ် ... ”
မေးသူသည် နှုတ်ခမ်းထူမကလေး ၏ မရဲတရဲ လှုပ်ရှားနေသော နှုတ်ခမ်းဖောင်းအိအိ ကလေးကို အမှတ်မဲ့ ကြည့် နေရာမှ ငွေစက္ကူ ဆယ်တန် တစ်ရွက် ကို အိတ်တွင်း မှ ထုတ်ယူ လိုက် သည် ။
ထို့နောက် ဆရာများ အားနာဟန် ပြုနေသည့် ကြားထဲ မှပင် နှုတ်ခမ်းထူမကလေး ၏ ဘယာကြော်ဖိုး နှင့် တကွ အရက်ဖိုးများ ကိုပါ ရှင်းသွားသည် ။
ဆိုင်တွင်း ရှိ လူအားလုံး တို့သည် ဤ မွန်ရည်ဟန်ရှိသော ကြည်လင်ဝင်းပသည့် မျက်နှာရှင် ယောက်ျားကြီး အား မျက်စိ အောက်မှ ပျောက်ကွယ် သွားသည်အထိ ငြိမ်သက်စွာ ကြည့်နေ ကြသည် ။
အမှန် ဆိုရသော် သူ သည် နှုတ်ခမ်းထူမကလေး ကို လည်းကောင်း ၊ ဆိုင်တွင်း ရှိ အမူးသမား အားလုံးကိုသော် လည်းကောင်း ၊ အလွန်တည်ကြည် ငြိမ်သက်စွာဖြင့် လွှမ်းမိုး သွားသူ ဖြစ် သည် ။
ဆိုင်တွင်း ရှိ အမူးသမား တို့သည် သူ ရှိနေခြင်း ကြောင့် အလိုလို ကျဉ်းကျပ်နေသလို ဖြစ်ကာ သူ မြန်မြန် ပြန်ပါစေတော့ ဟု ဝမ်းတွင်း မှ ကျိတ်၍ ဆုတောင်းကြလျက် မလိုလားပါဘဲနှင့် ငြိမ်သက် နေကြရသည် ။
ဆိုင်ရှင် တရုတ်ကြီး က မူကား ထိုသို့ မဟုတ်ချေ ။ လေးယောက်အစု ဖြစ်သော ဆရာတို့ သည် နောက်ဆုံး၌ ကြွေးချ တတ်သည် ဖြစ်ကြရာ ဤသူ လာခြင်းကြောင့် သာလျှင် ကြွေး မပေးရသည် ဖြစ်သောကြောင့် ဤ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသူ ဝင်လာခြင်းသည် သူ့ ဆိုင် အဖို့ ဂုဏ်ယူဖွယ်ပင် ဖြစ်သဖြင့် နောက်ထပ် ခဏခဏ လာ၍ အခြားသူများကို အရက် ဝယ်တိုက် စမ်းပါစေ ဟု ဝမ်းတွင်းမှ ကျိတ်၍ ဆုတောင်းသည် ။ ဆိုင်ရှင်တရုတ်ကြီး တောင်းသော ဆုသည် မည်သည့် ပစ္စေကဗုဒ္ဒါ တစ်စုံတစ်ယောက်မျှ ‘ ဣစ္ဆိတံ ပတ္ထိတံ တုယှံ ခိပ္ပမေဝ သမိဇ္ဈတု ’ မလုပ်ရဘဲ နှင့် အလိုလို ပြည့်လာသည် ။
အကြောင်းမူ နောက် တစ်နေ့ လည်း ဤဆရာ လေးယောက် တို့သည် ဤ နေကလေးညိုညို တွင် ရွှေကိုယ်တော်တို့ လေထ တတ်သော ဤအချိန်၌ စိုက်စိုက်မတ်မတ် ရောက်လာကြ၏ ။ ထို့နောက် ခဏကြာသော် ဤ မွန်ရည်သော လူကြီးသည် ဤဆရာ လေးယောက်တို့ ရှိရာသို့ ပြုံးပြုံးရွှင်ရွှင် နှင့် ဝင်လာခဲ့သည် ။
ခဏကြာသော် မိမိ ကိုယ်တိုင် ဘာမျှ စားသောက်ခြင်း မရှိဘဲ စားသောက် သမျှကို ငွေချေကာ အလွန် တည်ကြည်စွာ ထွက်ခွာ သွားသည် ။ ဤသို့ဖြင့် ၁ ရက် ၊ ၂ ရက် ၊ ၃ ရက် ၊ ၁၅ ရက် ကြာ သော် ဆိုင်ကလေး တစ်ဆိုင်လုံးသည် ဤ မွန်ရည်သော လူကြီး ကို သိနေကြသည် ။
ဤလူကြီး သည် အမူးသမား စာရေးဆရာတွေ နှင့် အလွန်ရင်းနှီးသော ယခင်က စာရေးဆရာ ဖြစ်ခဲ့ဖူးသည့် နိုင်ငံရေးသမားကြီး တစ်ယောက် ဖြစ်သည် ။
သူ သည် နုနယ်စဉ် အခါက ရုပ်ဝါဒ စာအုပ်များ ကို တစ်အုပ်စ နှစ်အုပ်စ ဖတ်ခဲ့ဖူးပြီး နောက် ဘုန်းတော်ကြီးများကို အကြောင်းမဲ့ ကော်ဆဲခဲ့ဖူး သော်လည်း ယခု အချိန်တွင် ဘာသာ ၊ သာသနာ ကို အလွန် ကိုင်းရှိုင်း နေသူ ဖြစ်၏ ။
ထို့ပြင် သူ သည် သမာဓိ ရအောင် ကမ္မဋ္ဌာန်း လည်း ထိုင်နေ၏ ။ ငါးပါးသီလ ကိုလည်း အမြဲ စောင့်၏ ။ ညနေတိုင်း လည်း လမ်းလျှောက်၏ ။ ဤသို့ လမ်းလျှောက်ရင်း ဆရာများနှင့် တွေ့ သောကြောင့် ဤဆိုင် သို့ ဝင်လာခြင်း ဖြစ်လေသည် ။
ဆိုင် ဝင်သည် နှင့် ပတ်သက်၍ ဤဆိုင် အတွင်း ရှိ အမူးသမားများ အဖို့ အစဉ်အလာ တစ်ခု ရှိသည် ။ ရှေးဦးစွာ ဆိုင်ဝသို့ လှမ်းကြည့်လိုက် …
ထို့နောက် အနည်းငယ် တွဲယောင်ယောင် ပြုနေသော ဖောင်းမို့မို့ နှုတ်ခမ်းနီတာရဲကလေး ၏ တင်းခနဲ စေ့သွားသော အရေးအကြောင်းစပ် ကို ကြည့်လျက် ဖျဉ်းခနဲ တစ်ကိုယ်လုံး စိမ့်ကာ သိမ့်ခနဲ နေအောင် ဆိုင်ဝ တွင် ခလုတ်တိုက် ပြီးမှ ဆိုင် ထဲ သို့ ရောက်လာ ဟူသော အစဉ်အလာ ဖြစ်သည် ။
သို့သော် ဤ မွန်ရည်သော လူကြီး သည် ပထမနေ့ စတင် ဝင်ရောက် လာ ကတည်း က ဤ အစဉ်အလာ ကို ကျော်လွန်လာခဲ့သည် ။ ထို့ကြောင့် ဆိုင်တွင်း ရှိ အမူးသမား အားလုံးတို့က …
ဤသူ သည် ဤဆိုင်ဝ တွင် ဤနှုတ်ခမ်းအစုံ ကို မြင်ရပါလျက် ခလုတ် မတိုက်ဘဲ ဝင်လာ နိုင်စွမ်း ရှိသူပါတကား ၊ ဤသူ သည် သမာဓိ ရအောင် ကမ္မဋ္ဌာန်း ထိုင်နေသူပါတကား ၊ ဤသူ သည် ငါးပါးသီလ အမြဲ စောင့်ထိန်း နေသူပါတကား ၊ ဤသူ သည် နိုင်ငံရေးသမားကြီး တစ်ယောက် ပါပေတကား ၊၊ ဤသူသည် သူနှင့် အကျင့်ချင်း မတူသူများ ကိုလည်း လေးလေးစားစား ဆက်ဆံ ပေါင်းသင်းတတ်သူပါတကား ဟု အသိအမှတ် ပြုထားကြသည် ။
ဤ အသိအမှတ် ပြုခြင်းနှင့် ထပ်တူ ကပ်လျက်ပါလာသော အကြောင်းအရာ တစ်ခုကား ဆိုင်တွင်း ရှိ အမူးသမားတို့သည် ဤလူကြီး ဝင်လာသည် နှင့် တစ်ပြိုင်နက် မိမိတို့ ကိုယ်ကို မိမိ တို့ အစွမ်းကုန် ဣန္ဒြေ ဆည် နေကြရခြင်းပင် ဖြစ်သည် ။
လေးယောက် အစု အပါအဝင် ဖြစ်သော ဆရာတစ်ဦး သည် ဤသို့ ဣန္ဒြေ ဆည်နေရခြင်း ကို ကြာကြာ သည်းမခံနိုင်တော့ချေ ။
“ ငါတို့ရဲ့ ဒကာတော ရေမြေ့ရှင် ဘဝရှင် မင်းတရားကြီး ကို တော့ ကျေးဇူးတင်ပါရဲ့ကွာ ၊ ဒါပေမယ့် ငါ တော့ မဖြစ်တော့ဘူး …”
ဆရာ သည် အတော် စိတ်မချမ်းမြေ့စွာ နှင့် ညည်းညည်းညူညူ ပြောဆိုသည် ။ သူ ၏ ဆင်ခြေများမှာ အရက် သည် ပျော်လို၍ သောက်ခြင်း ဖြစ်၏ ။
စားဝတ်နေရေး အတွက် ကြိုးပမ်းရလွန်း သဖြင့် တစ်နေ့လုံး ပင်ပန်းလာခဲ့ခြင်း ကို လည်း ကောင်း ၊ မဖူလုံလေသမျှကို ကံ ကို ချည်း လွှဲချလျက် ကျိတ်မှိတ် နေခဲ့ရခြင်းကို လည်းကောင်း ..
ထိုထိုသော အောင့်အည်း ထိန်းချုပ် ထားခဲ့ရသမျှတို့ အတွက် အခိုး ဖွင့်လွှတ် လို၍ သောက် ခြင်း ဖြစ်သည် ။ ပေါက်ကွဲမည့် ဆဲဆဲ ဘွိုင်လာအိုးကြီးဘကို အခိုး ဖွင့်ထုတ် သကဲ့သို့ဟု ဆို၏ ။ ယခုမူ ငွေကုန်ကြေးကျ ခံ၍ နေ့စဉ်နှင့်အမျှ အခိုး ဖွင့်ထုတ် နေပါလျက် ထို ဖွင့်ထုတ်ပေးထားသော ဂယ်ပေါက်ဝ တွင် တစ်စုံတစ်ခု လာရောက် ပိတ်ဆို့ နေလေသည် ။ ထိုလာရောက် ပိတ်ဆို့ နေသော အရာသည် ဤ လူရည်မွန်ကြီးပင် ဖြစ်၏ ။
ထို့ကြောင့် ဆရာ သည် အဖော်များ ကို လုံးဝ အသိ မပေးတော့ဘဲ ဤ ဒကာတော် ကျေးဇူးရှင်ကြီး ကို ရန်မူရန် စိတ်တွင်း မှ မောင်းတင် ထားလေသတည်း ။
••••• ••••• •••••
“ ဒီမှာ နားထောင်ကြ ၊ ကိုယ် ပြောပြမယ် ၊ တစ်နေ့လုံး တပင်တပန်း နဲ့ စားဝတ် နေထိုင်ရေး အတွက် လုပ်ခဲ့ရလို့ ပင်ပန်းနွယ်နယ် လာကြရတဲ့ ရုပ်အသိရဲ့ ဆင်းရဲမှု ဟာ ဒုက္ခ သမုတိသစ္စာ အမှန် ...”
“ အဲဒီလို ဆင်းရဲ ပင်ပန်း လာခဲ့ကြတော့ ဟောဟို ခုံပေါ်မှာ ထောင် နေကြတဲ့ ဖန်ယစ်ရေ ကြည်ကြည်လဲ့ ဆိုတာက အရေကလာပ် ရုပ်ဝတ္ထု ၊ ဒီအရေကလာပ် ရုပ်ဝတ္ထု ကို ဖျော်ဖြေ ပြေပျောက် စရာအဖြစ်နဲ့ သူသူငါငါ သိလာကြတာ ကတော့ ဒုက္ခသစ္စာကောင်ကြီး ရဲ့ ရုပ်အသိ ၊ အဲဒီ ဒုက္ခ သစ္စာကောင် ရုပ်အသိ နဲ့ အရေကလာပ် ရုပ်ဝတ္ထု ကို ပေါင်းစပ် ရောယှက် လိုက်ခြင်း ကတော့ သမုဒယ သမုတိသစ္စာ အမှန် ...”
“ အဲဒီ ပင်ပန်းဆင်းရဲလာတဲ့ ဒုက္ခရုပ်အကောင်ကြီး နဲ့ ယစ်ဖန်ရေ ကြည်ကြည်လဲ့ ဆိုတဲ့ အရေကလာပ် ရုပ်ဝတ္ထု ကို ပေါင်းစပ် လိုက်ပြီးတဲ့ နောက် ရုပ်ကောင်ကြီး တစ်ခုလုံး ထူပူ ရှိန်းဖိန်းပြီး တစ်နေ့လုံး ညှိုးချုံး ညောင်းညာ ဖြစ်လာမှုတွေ ရုပ်အသိထဲမှာ ပျောက်ကွယ် သွားရတာက နိရောဓ သမုတိသစ္စာ အမှန် ...”
“ နိရောဓ အဆင့် ဖြစ်တဲ့ ရုပ်ဝတ္ထုကြီး ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်ပြီးတဲ့ နောက် တဖြည်းဖြည်း နဲ့ လောကကြီး ရဲ့ ဆင်းရဲမှု အလုံးကို မေ့ပျောက်ပြီး အေးချမ်းငြိမ်သက် သုခ ၊ ဒုက္ခ တို့ မရောက်လာနိုင်တဲ့ လမ်းခရီး အဝကလေး ကို တဒင်္ဂပဟာန် လောက် ရောက်သွားရခြင်း က ရုပ်အသိရဲ့ မဂ္ဂ သမုတိသစ္စာ အမှန် ...”
“ အဲဒီ သစ္စာလေးပါးမယ် ကိုယ်တို့ တစ်တွေ ဟာ မဂ္ဂသစ္စာတရား ကို မျက်မှောက် မပြုနိုင်ခဲ့ ကြတာ ဘယ့်လောက် ကြာပြီလဲ သောက်ဖော်တို့ … ”
ဆရာ သည် နှစ်ခွက်ခန့် သောက်ပြီးရုံ မျှဖြင့် အာဝဇ္ဇန်းတွေ ရွှင်လာအောင် သိမ်မွေ့နက်နဲ ခက်ခဲလှသော အရက် အဘိဓမ္မာ သစ္စာလေးပါး တရားတော်ကြီးကို နှုတ်ခွန်းချွေလိုက်သည် ။
“ အား … ဆရာ နှစ်ခွက် ထဲ ရှိပါသေးတယ် ၊ ဒီနေ့ ဘယ်လို ဖြစ်တာတုံး ...”
ဘေးမှ ဆရာ သုံးယောက် သည် အံ့အားသင့်စွာ နှင့် အရက် အဘိဓမ္မာ ကထိကကို မေးလိုက်ကြသည် ။ အခြား ဝိုင်းများတွင် ရှိသော အမူးသမား တစ်သိုက်သည် မျက်မှန်း တန်းမိကြပြီ ဖြစ်သော ဆရာ ရှိရာဘက် လှည့်ကာ သာဓု အနုမောဒနာ ပြုလျက် ကောင်းချီးပေးကြကုန်သည် ။
အခါတိုင်း တိတ်ဆိတ် နေကျ ဆိုင်ကလေး သည် အရက်ဆိုင် ပီသစွာ စိုစိုပြည်ပြည် ဖြစ်လာ ၏ ။ ဆရာ သည် ပိုမို အားတက် လာသောကြောင့် နောက်တစ်ခွက် မော့လိုက်ပြီး လျှင် မတ်မတ် ထ ရပ်ကာ ဝေ့ဝိုက်သော လက်ဟန် ခြေဟန်များ ကို ပြုလျက် ဆက်လက် ဟောကြားပြန်သည် ။
“ ဒီမှာ သောက်ဖော်တို့ ... ဟောဟိုမှာ ကြည့်စမ်း ၊ ကြည်စိမ်းတဲ့ ယစ်ဖန်ရေ ပုလင်းကလေးတွေ ဟာ ယိမ်းထိုး နေတာများ တွေ့ သလား ၊ ဘယ်တော့မှ ယိမ်းထိုး မနေဘူး ၊ သူ့ ဟာ သူ ငြိမ်နေတာပဲ ။ ဒါဟာ သက်မဲ့ ရုပ်ဝတ္ထု ရဲ့ ပကတိ အသွင်အပြင် လက္ခဏာ အစစ် ….”
“ ပြီးတော့ ကျွန်တော့် ကို ကြည့်စမ်း ၊ ကျွန်တော် ဟာ ကျွန်တော့် ဘာသာ နေတုန်း က သူလို ငါလိုပဲ ။ ပူစရာ ရှိရင် ပူတယ် ၊ ပျော်စရာ ရှိရင် ပျော်တယ် ။ ဒါပေမယ့် လူ့ယဉ်ကျေးမှု ရဲ့ လောင်းရိပ် အောက်မှာ ဟန်ဆောင်ပြီး ဘာမှ မတုန်လှုပ် သလို နေခဲ့တာပဲ ။ အဲဒါဟာ လူသားတို့ရဲ့ လိမ်လည် ဟန်ဆောင်ခြင်း ၊ ဖောက်ပြန်မှု သဘောတရား ၊ သက်ရှိ ရုပ်ဝတ္ထုရဲ့ မူလ အသွင်အပြင် လက္ခဏာ အစစ် ...”
“ ဒါပေမယ့် အဲဒီ ဖောက်ပြန် လိမ်လည် နေတဲ့ လူသား တစ်ယောက် ဟာ ဟောဟိုက ငြိမ်သက် နေတဲ့ ယစ်ဖန်ရေ ကြည်ကြည်လဲ့ နဲ့ ပူးပေါင်းလိုက်တဲ့ အခါမှာ ဘဇာကိုမှ ဟန်ဆောင် မနေဘဲ ပြကတေ့ ရုပ်ဝတ္ထု ရဲ့ ရည်ညွှန်းချက် ဆန္ဒရှိချက်တွေ အတိုင်း ထင်ထင်လင်းလင်း ပွင့်ပေါ်လာရ တာက ပရမတ္ထ သမူဟသစ္စာ အစစ် ...”
“ ဒီ ယစ်ဖန်ရေ ဟာ ဘယ်သူ သောက်သောက် သောက်ရင် မူးရမယ် ။ အကယ်လို့ မမူးဘဲ နေမယ် ဆိုရင် အဲဒီ လူဟာ ကိုယ့် ကိုယ် ကိုယ် အတင်း လိမ်နေရတာ ၊ သဘာဝ မကျတဲ့ အသွင်အပြင် နဲ့ ပရမတ္ထသမူဟ သစ္စာကို တော်လှန်နေတာ ..”
“ ကျွန်တော်တို့ ဟာ အဲဒီလို ပရမတ္ထ သမူဟသစ္စာကြီး ကို အတင်း ဖျက်ဆီး ...”
မွန်ရည်သော လူကြီး သည် ချစ်လိုဖွယ် ပြုံးရွှင်သော မျက်နှာဖြင့် အလွန် တည်ငြိမ်စွာ ဝင်လာသည် ။ တစ်ဆိုင်လုံး ရှိ အမူးသမားများ သည် မွန်ရည်သော လူကြီး ရှိရာသို့ ကြည့်လျက် ငြိမ်သက် သွားကြ၏ ။
အဘိဓမ္မာဆရာ သည် ရီဝေသော မျက်လုံး ဖြင့် ဝင်လာသော လူကြီး ကို စူးစိုက်ကြည့်နေရင်း နေရာ မှ ထလိုက်သည် ။
“ ကြွတော်မူပါ ၊ လူလိမ်ကြီး ခင်ဗျား … ”
အနီးရှိ ဆရာ သုံးယောက် နှင့် တကွ တစ်ဆိုင်လုံး ရှိ မူးဖော်တို့ သည် ရုတ်တရက် အံ့အား သင့် သွားကြကုန်၏ ။ ဆရာ တစ်ယောက် သည် အရက်ကထိက ၏ လက် ကို ဖမ်းဆွဲလိုက်သည် ။
“ မှုတ်ဖူး ... မဆွဲနဲ့ ၊ ခင်ဗျား မဆွဲနဲ့ ၊ သူ လူလိမ် ၊ သူ့ ကိုယ် သူ လဲ အမြဲ လိမ် ထားတယ် ၊ ကျွန်တော်တို့ ကိုလဲ အလိုလို လိမ်အောင် လုပ်တယ် ။ အခု ကျွန်တော်တို့ အရက် သောက်တယ် ၊ မူးရက်သား နဲ့ မမူးရဘူး ၊ ဒါ လိမ်နေရတာပဲ မှုတ်ဖူးလား သောက်ဖော် တို့ ...”
အခြား ဝိုင်းများမှ မူးဖော် တို့သည် စောစောပိုင်းက ကဲ့သို့ အားပေးမှု မပြုကြတော့ချေ ။
မွန်ရှည်သော လူကြီး သည် တောက်ပသော မျက်လုံး နှင့် တစ်ချက် လှမ်း ကြည့်လိုက်ပြီးနောက် ဝင်မြဲ ဝင်လာသည် ။
“ ထိုင်ပါ ဆရာ ... ထိုင်ပါ .. ”
ညင်သာ တိုးတိတ်သော လူကြီး ၏ ချိုအေးအေး အသံ သည် တစ်ဆိုင်လုံး ကို လွှမ်းမိုး သွားသည် ။ အရက် အဘိဓမ္မာဆရာ သည် လူကြီး ၏ အမိန့်သြဇာ ကို မလွန်ဆန်နိုင်ဘဲ ပထမ စားပွဲပေါ်သို့ လက်ထောက် လိုက်သည် ။ ထို့နောက် ယိမ်းယိုင်စွာဖြင့် မိမိ ကိုယ် မိမိ ထိန်းသိမ်း လျက် ကု,လားထိုင်ပေါ်သို့ ထိုင်ချ လိုက်သည် ။
“ ရောက်နေတာ တော်တော် ကြာကြပြီ ထင်တယ် ”
ဆရာ သုံးယောက်တို့ သည် အားတောင့်အားနာ ဖြင့် နှုတ် က ဘာမျှ မပြောနိုင်ဘဲ ခေါင်းညိတ် လိုက်ကြသည် ။ မွန်ရည်သော လူကြီး သည် အရက်အဘိဓမ္မာဆရာ အား မိမိ ကို ရမ်းကားသူ တစ်ယောက် အဖြစ်နှင့် မိမိ အနီးတွင် ရှိနေသေးသည် ဟူ၍မျှ သိပုံမရလေ ။
လူကြီး သည် ပို၍ ပြုံးသော မျက်နှာဖြင့် ဆရာ သုံးယောက် ကို လေးလေးစားစား ကြည့် လိုက်သည် ။
“ ဆရာတို့ သိပ် မမူးကြသေးဘူး ထင်တယ် ၊ ကောင်းတယ် ကောင်းတယ် ၊ သောက်တော့ သောက်ပေါ့ ၊ ကိုယ်တိုင် မူးဖို့ မပြောနဲ့ မူးတတ်တဲ့ လူတွေ နဲ့ တောင် သိပ် မတွဲ နဲ့ နာမည်ပျက်တတ် တယ် ၊ ကျွန်တော် က ဆရာတို့ အားလုံး ကို ကြည်ညိုပါတယ် ”
တိတ်ဆိတ် နေသော ဆိုင်အတွင်း ၌ အလွန် ကြင်နာစွာ ပြောလိုက်သော လူကြီး ၏ စကား သည် ညင်သာသလောက် လေးလေးနက်နက် ထွက်ပေါ်လာ၏ ။ လူကြီး ၏ ပြုံးလျက် ကြည့်သော မျက်လုံးသည် ဆိုင်တွင်းရှိ လူတိုင်း လူတိုင်း အဖို့ မိမိ အား ကြည့်နေသလော ဟု အောက်မေ့ရ၏ ။ သာယာ တိုးတိတ်စွာ ပြော လိုက်သော လူကြီး ၏ စကား သည် မိမိ အား ပြောလိုက်ခြင်း ဖြစ်လေ သလောဟု လူတိုင်း လူတိုင်း ၏ စိတ်၌ တွေးထင် လိုက်ရသည် ။
ထို့ကြောင့် မိမိ ဘေးရှိ သောက်ဖော်သောက်ဖက် ကိုပင် ဒီကောင် မူးနေသလား ဟု လှည့်၍ ကြည့်မိကြသည် ။ အရက် အဘိဓမ္မာဆရာ သည် ထိုအတိုင်းပင် မိမိဘေးရှိ အဖော်ဆရာများ အား လှည့် ကြည့်လိုက်သည် ။ ထို့နောက် မိမိ ကိုယ် ကို မမူးလေသေးသူ တစ်ယောက် ကဲ့သို့ ကိုယ် ကို အားပြု၍ မတ် လိုက်သည် ။
လေသိမ်းတိုင်း ယိမ်းသွဲ့ သလို နွဲ့ဟန် နှင့် လျှောက် လာသော နှုတ်ခမ်းထူထူ သူယောင်မကလေး သည် အရက်အဘိဓမ္မာ ဆရာကြီး ၏ ဟန်လုပ်နေပုံကို ကြည့်လျက် ချုပ်တည်း ထားရသော နှုတ်ခမ်းလှလှကလေးဖြင့် တဖြည်းဖြည်း ပြုံးလာသည် ။
ဖောင်းဖောင်းမို့သော နှုတ်ခမ်း အစုံသည် တင်းတင်းစေ့ လာလျက် လှသော အရေးအကြောင်း ကလေးဖြင့် လှုပ်ကစား လိုက်သည် ။
သုရာကထိကဆရာ သည် နီထွေးသော နှုတ်ခမ်းလွှာ နှစ်ထပ်မှ လှပသော အရေးအစပ် ၏ ညှို့ချက်တွင် မိလျက် မျက်လုံးကြီး စိုက်ကာ အသက် မရှူဘဲ ရင်ဖို နေသည် ။
ဆရာ ၏ နှလုံးသည်းပွတ် တို့သည် ရုတ်ခြည်း ခြောက်သွေ့ ကာ ပူလောင်၍ လာသည် ။ ဆရာ သည် ခေါင်းထဲတွင် ရီဝေလျက် ရေငတ် နေသည် ။ ဆရာ သည် နှုတ်ခမ်း ကို လျှာဖြင့်သပ်လိုက် ပြီးနောက် ရှေ့တွင် ရှိသော ယစ်ဖန်ရည် ကို တစ်ရှိန်တည်း မော့ချ လိုက်ပြန်သည် ။
“ ကိုကြီး … ဘာဂျော်သုပ် ယူအိုးမယ်မှို့လား ”
သုရာကထိက သည် နှုတ်ခမ်းထူမကလေး ၏ လက်မောင်းရင်း ကို အမှတ်မဲ့ ဖမ်းဆုပ် လိုက်သည် ။
“ ခါများ ဟောဒီ ကောင်မလေး ပါဇပ် ကို မြင်ရတော့ စိတ် ထဲ မှာ ဘယ်လိုမ မာဖြစ်ဖူးလား ”
နှုတ်ခမ်းထူမကလေး နှင့်တကွ တစ်ဆိုင်လုံး ရှိ အမူးသမားတို့ သည် ရုတ်တရက် ကြက်သေ သေလျက် ပို၍ တိတ်ဆိတ် သွားသည် ။ မွန်ရည်သော လူကြီး သည် နှုတ်ခမ်းထူမကလေး ၏ မျက်နှာနှင့်တကွ နှုတ်ခမ်းအစုံတို့ ကိုပါ ကလေးသူငယ်တစ်ယောက် ကို ကြည့်နေဘိသို့ ရွှန်းရွှန်း စားစား ရဲရဲတင်းတင်း ကြည့် လိုက်သည် ။
“ ကလေးကို လွှတ်လိုက်ပါ ဆရာ .. ၊ ကျွန်တော်တို့ ဒီအတိုင်း ပြောကြတာပေါ့ ၊ အေး ကလေး နှပဂံ ယူခဲ့ ဟုတ်လား ”
လူကြီး သည် အလွန် တည်ငြိမ်စွာ အေးအေးဆေးဆေး ပြောလိုက်၏ ။ သို့သော် လူကြီး ၏ အသံသည် ထက်မြက်သော အသွင် ကို ဆောင်နေ၏ ။ ဆရာ သည် လူကြီး ၏ စကား ကို မလွန်ဆန်နိုင်ဘဲ လွှတ်လိုက်လေသည် ။
ဆိုင်ရှင် တရုတ်ကြီးသည် ဆရာတို့ စားပွဲ အနီးသို့ ရောက်ရှိလာ၏ ။ ထို့နောက် စားပွဲ ပေါ်ရှိ ရေများ ကို အဝတ် နှင့် သုတ်ပေးရင်း ပြော လိုက်သည် ။
“ မီလုပ်ပါလဲ့ ဆရာကီး ၊ စူ ကျွန်တော့် မီးမပါ ”
“ ဘာ - မင်းမိန်းမ ၊ ဘာလူ့ မိန်းမ ဖြစ်ဖြစ် ကြိုက်စရာ ကောင်းရင် လူတိုင်း က ကြိုက်မှာပဲ ၊ ငါ လဲ ကြိုက်မှာပဲ ၊ မာကြိုက်ဘူး ဆိုရင် လိမ်တာပဲ ၊ ဟောဒီ အာ ရက် သောက်ရင် မူးတယ် ၊ ဘာလူ ဖြစ်ဖြစ် မူးတယ် ၊ မာ မူးဘူး ဆိုရင် လိမ်တာပဲ ”
“ မီလုပ်ပါတဲ့ ဆရာကီး .. ၊ အရက် ကို မူးချင်မူးပါ ၊ ကျုပ် မီးမကိုတော့ မကြိုက်ပါလဲ့လေ ”
“ ဟာ - ခွေ းတရုတ် နင့်မိန်းမ ကို ကြိုက်စရာကောင်းလို့ လူတိုင်း က ကြိုက်မယ်လို့ ပြောတာ ၊ လူဆိုတာ ကြိုက်စရာ တွေ့ ရင် ကြိုက်မှာပဲ ၊ မူးစရာ တွေ့ ရင် မူးမှာပဲ ၊ မုန်းစရာ တွေ့ ရင် မုန်း မှာပဲ ၊ အဲဒါဟာ သစ္စာ ”
“ မာမုန်းနဲ့ ပြောလို့ မာရဘူး ၊ မာမူးနဲ့ ပြောလို့မာရဘူး ၊ မာကြိုက် နဲ့ ပြောလို့ မာရဘူး ၊ အာခု နင့် မိန်းမကို နင့် မိန်းမမှန်း သိလာတော့ ဒိုးလို ကောင်တွေ က ဘယ်လို ကြိုက်ကြိုက် မာလုပ်ဘူး ၊ ဘာမှ မာလုပ်ဘူး သိလား ၊ ဒို့ထက် ဆိုးတဲ့ ကောင်တွေ ကတော့ လင်မယားချင်း အာတင်း ခွဲပြီး ”
“ အကြောင်း သိရအောင် ခွဲကြည့်စမ်းပါလား ၊ ရှင့်နှမတွေ သာ အဲဒီလို အခွဲခံမှာ ၊ ကျွန်မ က ဒီလို အခွဲခံမယ့် အစားမျိုး ... ”
“ ခက်လာပဲ ၊ တီမီးမ တော်လော်ခက်တဲ့ မီးမပဲ ၊ စွားစမ်း .. နင် စွားစမ်း ၊ ဈေးစယ်ဆိုလာ ဈေးဝယ်တဲ့ လူနဲ့ ရန်မီဖြစ်ရဘူး စွား ”
နှုတ်ခမ်းထူမကလေး သည် ဘယာကြော်ပန်းကန် နှစ်ချပ်ကို ကိုင်လျက် အသားဆတ်ဆတ် တုန်နေသည် ။ ဆိုင်ရှင်တရုတ်သည် နှုတ်ခမ်းထူမကလေး ၏ ပခုံး နှစ်ဖက် ကို လက်ဖြင့် ဆွဲယူလျက် တစ်ဖက် သို့ တွန်းပို့နေ၏ ။ ဆရာ နှစ်ယောက်သည် လည်း သုရာကထိက ဆရာ ကို အတင်းဆွဲထား ကြ၏ ။ မွန်ရည်သော လူကြီး သည် ကျားပျိုမ နှင့် တူသော နှုတ်ခမ်းထူမကလေး အား ပြုံး၍ ကြည့်လိုက်သည် ။
“ ကလေးကလဲ စိတ်မဆိုးနဲ့ နော် ၊ ဆရာ ပြောတာတွေလဲ ကျွန်တော် ထောက်ခံပါတယ် ၊ အခုလဲ မူးတတ်တဲ့ အရေသောက်လို့ မူးကြရတာပဲ မဟုတ်လား … ၊ ဒါလဲ သစ္စာတရားပေါ့ ။ ကဲ - ပေါက်ဖော် အားလုံး ဘယ်လောက်ကျလဲ ”
ရယ်ရွှန်းဖတ်ရွှန်း နှင့် ပြောလိုက်သော စကားသံ ကြောင့် ဆိုင်တွင်းရှိ လူများသည် မသိမသာ ပြုံးလိုက်ကြ၏ ။ ဆရာ နှစ်ယောက် သည် သူတို့ ၏ ကထိက ကို တွဲလျက် ဆိုင်ပြင် သို့ ထွက်လာ ခဲ့ကြလေသည် ။
••••• ••••• •••••
ထိုသည်တို့ ကား ဆရာ လေးယောက် တို့ ဆိုင်ကလေး နှင့် လမ်းပြတ်လာခဲ့ရသော အကြောင်း ပင် ဖြစ်သည် ။ အတော် ကြာမြင့်ခဲ့ကြချေပြီ ။
အမှန် ဆိုရသော် ဆရာတို့ သည် ပြီးပြီးပျောက်ပျောက်သမားများ ဖြစ်ကြ၏ ။ သို့သော် ဆိုင်ရှင် နှင့် နှုတ်ခမ်းထူမကလေး အား မျက်နှာပူ နေကြလေသည် ။
သူတို့ သည် သပြေမသီး ရေမကြီးပါဘဲ နှင့် ဆိုင်ကလေး ကို လွမ်း နေကြ၏ ။ ဤသို့ လွမ်း တိုင်း လည်း သုရာကထိက အဘိဓမ္မာဆရာ အား ဝိုင်းဝန်း၍ ကြိမ်းကြ၏ ။
အဘိဓမ္မာ အဖွင့် ကောင်းခဲ့သော ဆရာကြီး သည် ဤသို့ ကြိမ်းလေ တိုင်း ခေါင်းငုံ့ခံ နေရုံမျှ တစ်ပါး အခြား နည်းလမ်း မရှိချေ ။
ယခုလည်း အရက်အဘိဓမ္မာ ဆရာ သည် ဒီ အရပ်ကို ရောက်၍ ဒီ အဖော်လေးယောက်တို့ ဆုံကြရဦးမည် ဖြစ်ပြန်သည် ။
ဆရာ သည် ဤ အပေါင်းအဖော် တို့၏ အပြစ်တင် ခံရခြင်း မှ ကင်းလွတ်အောင် ပြုလုပ် ကြံဆောင်သွားမည် ဟု စိတ်တွင်းမှ ဆုံးဖြတ်ထား၏ ။ ဆုံးဖြတ်ထားသည့် အတိုင်းလည်း ပြုလုပ် ခဲ့၏ ။
ဆရာ အဖော်များ ဆီသို့ ရောက်ရှိသွားသော အချိန်၌ အဖော်များသည် နိုင်ငံရေး အတင်း အဖျင်းများ ကို ပြောနေကြသော အချိန် ဖြစ်သည် ။
“ ကိုယ်ဖြင့် ဟေ့ .. ကာတွန်းဆရာဘထွေး ရေးတဲ့ ကာတွန်း တစ်ခု ကို မျက်စိထဲက မထွက်ဘူး ၊ ဒီဟာစား ဒီဟာယူ ၊ ဒီမှာနေ ဆိုတဲ့ ကာတွန်း ဟာ ”
ကျန်ဆရာ တို့သည် စူးစူးစိုက်စိုက် နားထောင် နေကြရာမှ မျက်လုံး ထဲ သို့ မြင်လာသည့် ပမာ ပြုံးလိုက်ကြ ကုန်သည် ။
“ ဟုတ်တာပေါ့ကွ ၊ အဲဒီတုန်း က ပြည့်တန်ဆာ ပပျောက်ရေး လုပ် နေကြတဲ့ ခေါင်းဆောင်ကြီးတွေ ဟာ နယ်အမတ်တွေ အတွက် ကြိုက်ကောင် ရှာပြီး ခေါ်ပေးတယ်လို့ သတင်း ဖြစ်လာ တာပဲ ”
“ အင်း … ကြည်ညိုဖွယ် ကောင်းတဲ့ ခေါင်းဆောင်တွေ ပေါ့ကွာ ”
ဆရာ တစ်ယောက် သည် စိတ်မချမ်းမြေ့စွာ နှင့် ပြောပြောဆိုဆို ထွီခနဲ တံတွေး ထွေးလိုက်သည် ။
“ အင်း ... အမတ်တွေ ကလဲ တော်တော် ကြည်ညိုဖွယ် ကောင်းရှာသားပဲကွ ”
ဆရာ တစ်ဦး က ထပ်ဆင့်၍ ဖြည့်စွက် ထောက်ခံ လိုက်သည် ။
“ ဒါတွေ စဉ်းစားရင် စိတ်ပျက်ပါတယ်ကွာ ၊ တို့ ဟာ တို့ လူညံ့တွေ ပီပီ အရက် သွား သောက်ရအောင် ”
လှည့်လာပြီ ဖြစ်ပါသည် ။ အရက်စကား တစ်ဦး က ပြောလိုက်သည် နှင့် တစ်ပြိုင်နက် သုံးယောက် သော စာရေးဆရာ တို့သည် အရက်အဘိဓမ္မာ ဖွင့်ခဲ့သော စာရေးဆရာ အား ဝိုင်းဝန်း၍ မျက်စောင်း ထိုး လိုက်ကြသည် ။
အခါတိုင်းမူ အရက်အဘိဓမ္မာဆရာ သည် ဤလိုအချိန်မျိုး၌ မှိန်မှိန်ကုပ်ကုပ်ကလေး နေမည် ဖြစ်သော်လည်း ယခုမူ မဟာဗန္ဓုလ နှင့် ဆွေမျိုးအရင်းချည်း တော်စပ် ခဲ့ သလို ခေါင်းထောင် လိုက်သည် ။
“ ဘာပြုလဲ … သောက်ချင် လည်း သွားပေါ့ ၊ လာ ... ခါတိုင်း သောက်နေကျ ဆိုင် ကို သွားမယ် ”
“ ကိုယ့်လူ ၊ ခင်ဗျား သွားရဲပေမယ့် ကျုပ်တို့ မသွားရဲဘူး ၊ မျက်နှာ ပူတယ် ၊ ကိုယ့်လူ လုပ်ထား တာကိုက ”
“ ကိစ္စ မရှိပါဘူးဗျ .. ၊ မနက် ကပဲ ကျွန်တော် ဝင်ပြီး တောင်းပန် လာခဲ့တာ ”
“ ကိုယ့်လူ တကယ်လား ... ဟုတ်မှ လုပ်ပါ ၊ ဟုတ်ရင် သွားမယ် … ”
“ ဟုတ်ပါတယ်ဗျ ၊ ကျွန်တော် ခင်ဗျားတို့ ကို မဟုတ်ဘဲနဲ့ ပြောမလား … လာပါ ”
“ ခင်ဗျား သေသေချာချာ တောင်းပန်ခဲ့ရဲ့လား ၊ လင်မယား နှစ်ယောက်လုံး ကိုလား ၊ ကောင်မလေး က ပို အရေးကြီးတယ်နော ... ”
“ ကိစ္စ မရှိပါဘူးဗျ ၊ လာကြပါ ၊ ကောင်မလေး က ရှိလဲ မရှိဘူး ၊ တောင်းပန်ဖို့ လဲ မလိုဘူး ”
“ ဟေး … ဟေး .. ဒီလို ဆိုရင်တော့ မဖြစ်ဘူး ၊ ကောင်မလေး ကို မတောင်းပန်ရသေးရင် ကျုပ်တို့ မလိုက်ဘူး ”
“ ဪ … တယ် ခက်တဲ့ ဆရာတွေ ပဲ ၊ ကောင်မလေး မရှိတော့ဘူးဗျ ၊ ခုန ခင်ဗျားတို့ ပြောနေကျတဲ့ အမတ်တွေ ဇိမ်နေကျတဲ့ အခိုက်အတန့်ကလေး မှာ ကျွန်တော်တို့ တကာတော် ရေမြေ့ရှင် ကလဲ ဇိမ်ရိုး ဇိမ်စဉ် နဲ့ မဇိမ်ဘဲ အဲဒီ ကောင်မလေး နဲ့ မှ ဇိမ်ချင်တယ် ဆိုလို့ ကောင်မလေး လှည့်ထုတ် သွားကြပြီ ၊ အခု ပြန် မလာတော့ဘူးတဲ့ ၊ သူ့ ယောက်ျား တရုတ်ကြီး က ပြောလိုက် တယ် … ၊ အခု အခွဲခံမကလေး ဖြစ်သွားပြီတဲ့ ”
ဆရာ သုံးယောက်တို့ သည် သုရာကထိက ၏ မျက်နှာ ကို ပါးစပ် အဟောင်းသား နှင့် ကြည့်နေကြလေ သတတ် ။
( စံနက်ကျော် အမည် ဖြင့် )
▣ ရန်ကုန်ဘဆွေ
📖 မြဝတီ မဂ္ဂဇင်း
၆/၁၁
စက်တင်ဘာ ၊ ၁၉၅၈
No comments:
Post a Comment