Friday, February 21, 2025

ဆလိုင်း


 

❝ ဆလိုင်း ❞
  (ဂျိုဇော် )

“ တီတီ တီတီ ”

ဟော .. ဆရာမလေး လာပြီ ။ ဆိုင်ကယ်ဟွန်းသံ က ကျယ်လောင်လွန်းလှချည့် ။ ဒေါ်အိမ်ကြွယ် တစ်ယောက် ချက်ချင်း ငေါက်ခနဲ မထနိုင် ။ ကဲလား တံခါးပေါင် ကို အားပြုထရင်း ခေါင်းပြူ ကြည့်လိုက်သည် ။ ဟုတ်ပ ။ ဆရာမလေးပဲ ။ အင်္ကျီအဖြူ ၊ ထဘီအနီ ၊ သူနာပြုခေါင်းဆောင်းလေးနှင့် ။ နံနက်ခင်းမှာ ကျက်သရေ ရှိလှသည် ။

“ လာပြီ ဆရာမရေ လာပြီ ။ သမီး ကလည်း ဆရာမ ကို စောင့်နေတာ ။ ဟဲ့ သမီး စိုးစိုးကြွယ် .. ဆရာမ လာ ပြီ ။ အောက် ဆင်းခဲ့တော့ ”

ဆရာမလေး ကို လည်း လှမ်းဖြေ ။ သမီး ကို လည်း သတိ ပေးရသေး ။ အိမ် က ယိုင်နဲ့နဲ့ ။ လှေကား က ခနော်ခနဲ့ ။ ဝလွန်းသည့် သူ့ ခန္ဓာကိုယ်ကြီး ကို မနည်း ထိန်းဆင်း နေရသည် ။ အောက် ရောက်တော့ ဆရာမလေး က ပြုံးပြ သည် ။ ဆိုင်ကယ် ကို ခွလျက် ။ ဒေါ်အိမ်ကြွယ် ကို ကျော် ကြည့်ရင်း ...

“ ဟယ် ... စိုးကြွယ်လေး က လှလိုက်တာ ။ ပါးကွက်လေးနဲ့ ”

လှေကား မှ ဆင်းလာသည့် သမီး ကို လှမ်းပြီး ချီးမွမ်းခန်း ဖွင့်နေ၏ ။

“ မမ က မှ လှတာပါ ။ ဒီလောက် နေပူထဲ သွားနေ တာတောင် အသားလေး က ဖြူဝင်းလို့ ”

စိုးစိုးကြွယ် က ပြန်ပြီး ချီးမွမ်းသည် ။ နှစ်ယောက် သား အသံလွင်လွင်လေး နှင့် ရယ်နေလိုက်ကြသေး ။

“ ကဲပါ သွားမှာ သွားကြတော့ ။ နေ သိပ်မပူခင် ”

ဒေါ်အိမ်ကြွယ် လက်ပြ နှုတ်ဆက်ပြီး ကျန်ရစ်၏ ။ ဆရာမလေး ၏ ဟွန်းသံက တတီတီ ကြားနေရဆဲ ။

“ ဆရာမ ဆိုင်ကယ်ဟွန်းသံ မကျယ်လွန်းဘူးလား ” ဟု ပြောဖူးသည် ။

“ ဟွန်းကျယ်ကျယ် တီးမှ လူတွေ က လမ်းဖယ်ပေး ချင်တာ ကြီးဒေါ်ရဲ့ ” ဟု ဆရာမလေး က ပြန် ဖြေခဲ့သည် ။ ဒေါ်အိမ်ကြွယ် မှာ က ကိုယ့်အပူ နှင့် ကိုယ် ။ ဆရာမလေး အိမ် ကို လာလို့ ဆိုင်ကယ်ဟွန်းသံ ကျယ်ကျယ်ပေး တိုင်း နံဘေးက တိုက်အိမ်ကြီး ကို မျက်နှာ ပူနေရသည် ။ အိမ်ကြီးရှင် ဒေါက်တာသိန်းအော င်၏ အဓိပ္ပာယ် ပါသော အကြည့် ကို အားနာကြောက်ရွံ့ နေရသည် ။ သူ့ ကို အား မကိုး ၊ သူနာပြုဆရာမပေါက်စလေး ကို အားကိုးနေတယ် ပေါ့လေ ဟု အထင် ခံရမှာစိုးသည် ။ “ ဆရာမလေး နဲ့ သမီး က သိပ် ခင်ကြတာ ။ ဆရာမလေး ဘယ် သွားသွား သမီး က အဖော်လိုက်ပေးရတယ်လေ ” ဟု ဖြေရှင်းချက် သဘောမျိုး စကား ဖာနေရသည် ။

ဆရာမလေး ရွာ ကို ရောက်မလာခင် ကတော့ သူတို့ မိသားစု ဒေါက်တာသိန်းအောင် ကို ပဲ အားကိုး ခဲ့ရသည် ။ သူတို့ မိသားစု မှ မဟုတ် ၊ တစ်ရွာလုံး ဒေါက်တာသိန်းအောင် ကိုပဲ အားကိုးခဲ့ရသည် ။ သူတို့ ရွာမှ မဟုတ် ရွာနီးချုပ်စပ် ၊ တစ်နယ်လုံး အားကိုး နေကြရတာပါပဲ ။ “ အားလုံးရဲ့ အသက် ငါ ကယ်နေရတာ ” ဟု ဒေါက်တာသိန်းအောင် မူးမူးထွေထွေ ပြောသည့်စကား ကို လည်း မည်သူမျှ အတွန့် မတက်ရဲကြ ။

စိုးစိုးကြွယ် တို့ အဖေ ဒူလာမြစ်ခြောက်စွဲ တော့လည်း ဒေါက်တာသိန်းအောင် ပဲ ကုပေးခဲ့ရသည် ။ သေသည် အထိ ဒေါက်တာသိန်းအောင် လက်ထဲ အပ်ထားခဲ့ရသည် ။ ဖအေ က နာတာရှည် ၊ သမီးလေး က မွေးရာပါ အမော သည် ။ နှစ်ယောက် ပေါင်း ဆေးဖိုးဝါးခတွေ ။ အကြွေး တွေ တက်လာလိုက်တာ ယာမြေ တစ်ကွက် ထိုးအပ်လိုက် ရပါပကောလား ။

တော်သေးရဲ့ ၊ ဖအေ ဆုံးပြီး သည်ဘက်ပိုင်း သမီးလေး က ကျန်းမာရေး ထူထူထောင်ထောင် ဖြစ်လာလို့ ။ ဆရာမလေး ဆေးစွမ်းကြောင့်လား ၊ အပျိုဖော်ဝင်စ သွေး ပြောင်း သွားလို့လား ။ စိုးကြွယ်လေး က ပွင့်စပန်းပင် ကလေး လို လန်းဆန်းလာသည် ။ ဆရာမလေး ကို လည်း ပိုပြီး ခင်တွယ် ၊ ပိုပြီး အားကိုးနေသည် ။

ထိုအခါ ဒေါက်တာသိန်းအောင် နှင့် သူနာပြုဆရာမလေး ဆက်ဆံရေးအေးစက် နေသည်ကို ဒေါ်အိမ်ကြွယ် တို့ သားအမိ ခမျာ ဘာမဆိုင် ၊ ညာမဆိုင် ကြားထဲ က ငထွား ခါးနာသည့် ကိန်း ဆိုက်နေတော့၏ ။

•••••   •••••   •••••

“ နေစမ်းပါဦး ၊ ကြီးဒေါ် ရဲ့ ။ အဲဒီ ဒေါက်တာသိန်းအောင် က ဘယ် ဆေးတက္ကသိုလ်က ဆင်းတာတုံး ”

ဆရာမလေး ရောက်လာခါစ က ဒေါ်အိမ်ကြွယ် တို့ သားအမိ ကို သို့ကလို မေးဖူး၏ ။

“ အမလေး တိုးတိုး ပြောပါ ဆရာမရယ် ။ ဆယ်တန်း တောင် မအောင်တာ ဘယ် ဆေးတက္ကသိုလ် တက်မှာတုံး ”

“ ဟင် .. ဒါဆို ဒေါက်တာရမ်းကုပေါ့ ”

“ ရမ်းကုတော့ လည်း မဟုတ်ပြန်ဘူး ဆရာမရဲ့ ။ အထူးကု ဆိုလား ။ သမားတော်ကြီး ဆိုလား ။ အဲဒီ ဆရာကြီး ဆီ မှာ သုံးနှစ်သုံးမိုး တပည့် ခံပြီး ပညာ သင်လာတာတဲ့ ။ သူ ပြောတာပဲ ။ တစ်နယ်လုံး က လည်း ဒေါက်တာ ပဲ ခေါ် ကြတာပဲလေ ”

ဒေါ်အိမ်ကြွယ် က ဟိုကြည့် ၊ သည်ကြည့် နှစ်ကိုယ် ကြား လေသံလေး ဖြင့် ပြောနေခြင်းဖြစ်၏ ။

“ ဆရာမနော် စပ်လည်း မစပ်စုနဲ့ ။ ပါးစပ် လည်း မဖွာနဲ့ ။ ဒီ တစ်နယ်လုံးသူ က အခေါင်အချုပ် ။ မြေပိုင်ရှင် ၊ ဘုရားဒကာ ၊ ဘာအသင်းဖွဲ့ဖွဲ့ ဥက္ကဋ္ဌ ၊ လူမိုက် တပည့်တပန်းတွေ လည်း များပါဘိသနဲ့ ”

ဆရာမလေး က လျှာတစ်လစ် ဖြင့် ပြုံးနေ၏ ။

“ အမေရေ ၊ အဲဒီ လူကြီး ကို ဆလိုင်းသိန်းအောင် လို့ လည်း တချို့က ခေါ်ကြသေးတယ်နော် ”

စိုးမိုးကြွယ် က ဝင်ထောက်တော့ ဒေါ်အိမ်ကြွယ် က ခေါင်းညိတ်သည် ။

“ ဟုတ်တယ် သူ့ ဆလိုင်းက သိပ် နာမည်ကြီးတာကိုး ”

“ သူ့ ဆလိုင်း ဆိုတာ ဘာကို ပြောတာတုံး ကြီးဒေါ်ရဲ့ ”

“ ဪ ဆရာမ က လည်း ဟို ဆေးရည်ပုလင်းကြီး ဟာလေ အချိုတို့ ၊ အငန်တို့ ရှိပါရောလား ။ အဲသည် ပုလင်းကြီး ထဲ ကို အဖြူ ၊ အနီ ၊ အဝါ ဆေးပုလင်းမျိုးစုံ ဖောက်ထည့်ပြီး ဆလိုင်း ချိတ်ပေးတာလေ ။ အဲဒီ ဆလိုင်း ကိုပြောတာ ။ သူ့ အဖေတုန်း က လည်း ချိတ်ခဲ့ရတဲ့ ဆလိုင်း တွေ နည်းမှတ်လို့  ”

“ အဲဒီ ဆလိုင်းက ဘာဖြစ်ဖြစ် ချိတ်တာပဲလား ကြီးဒေါ် ရဲ့ ”

“ ချိတ်တာပဲ ။ ပိုက်ဆံ တတ်နိုင်လို့ကတော့ ဘာဖြစ်ဖြစ် ချိတ်ပေးတာပဲ ။ ဈေး က လည်း ကြီးတယ်လေ ။ ရွာ ကျောင်းဘုန်းကြီး က စ ၊ တစ်ရွာလုံး ၊ တစ်နယ်လုံး သူ့ ဆလိုင်း ကို တမ်းတမ်းစွဲ ။ ရွာဘောလုံးဒိုင်းပွဲများ ရှိရင် မကန်ခင်ရော ၊ ကန်ပြီးရော သူ့ ဆလိုင်း ချိတ်ကြတာ လက်မလည်ဘူး ”

ဆရာမလေး လည်း ဆလိုင်း အကြောင်း အဆိုးအကောင်း ရှင်းပြဦး မှ ဟု အကြံပေါက်လိုက် သေးသော်လည်း ဒေါ်အိမ်ကြွယ် တို့ သားအမိ နားရှုပ်သွားမည် စိုး၍ နှုတ်ဆိတ် နေလိုက်၏ ။ ဒါတောင် နည်းနည်းတော့ ပြော လိုက်မိသေးသည် ။

“ ဆလိုင်း ဆိုတာ ချိတ်သင့်တဲ့ လူနာ မှ ချိတ်ရတာ ကြီးဒေါ်ရဲ့ ။ သွေးတိုး ၊ ဆီးချို ၊ နှလုံး ၊ ကျောက်ကပ် ၊ အ ဆုတ်တွေကို စစ်ရသေးတယ် ။ ထားပါလေ ။ ကြီးဒေါ် ကို တစ်ခုပဲ မှာထားမယ် ။ စိုးကြွယ်လေး က မွေးရာပါ နှလုံးရောဂါ ရှိပုံရတယ် ။ ရင်တုန်တာတို့ ၊ မောတာတို့ ၊ ခြေဖမိုးလေးတွေ အမ်းလာတာတို့က နှလုံးရောဂါ လက္ခဏာတွေပဲ ။ သူ့ ကို အထူးကု နဲ့ ပြပေးဖို့ ကျွန်မ စဉ်းစား ထားတယ် ။ အဲ စိုးကြွယ်လေး ကို အဲဒီ လူကြီး နဲ့ ဆလိုင်း မချိတ်နဲ့နော် ”

ဆရာမလေး ၏ စကားကို သားအမိ နှစ်ယောက် ကောင်းကောင်း သဘော ပေါက်ပုံ မပေါ် ။ ဇဝေဇဝါ စိတ် ရှုပ်ထွေးသည့် မျက်နှာများ နှင့် ။ ခေါင်းတော့ ညိတ်ပြကြလေ၏ ။

•••••   •••••   •••••

သံယောဇဉ် ဆိုသည်မှာ ခက်၏ ။ ဆန်းကြယ်၏ ။ ဆရာမလေး ရွာ မှ ပြောင်းရွှေ့သွား ကတည်းက စိုးကြွယ် တရှောင်ရှောင် ဖြစ်လေ၏ ။ အိပ်ရာထဲ ခွေလေ၏ ။ ပြောင်းရွှေ့မိန့် ကျပြီဟု ဆရာမလေး က ပြော ကတည်း က စိုးကြွယ်လေး စိတ်ထိခိုက်သွားပုံ ရသည် ။ မုဆိုးမသမီး ၊ အပျိုပေါက်မလေးသည် ဆရာမလေး ကို အတော့် ကို ခင်တွယ်ခဲ့၏ ။ အားကိုးခဲ့၏ ။ မမ မမနှင့် သွားလေ ရာ တကောက်ကောက် လိုက်နေခဲ့၏ ။ မသွားလို့ မရဘူး လား ။ ငြင်းလို့ မရဘူးလား မမရယ် ဟု မျက်ရည်စမ်းစမ်း နှင့် မေးရှာသည် ။

“ ကျွန်မ ရှုံးသွားတယ် ။ ကျွန်မ အင်အားနဲ့ မမျှဘူး ဖြစ်သွားတယ် ကြီးဒေါ်ရယ် ။ ဆလိုင်းသိန်းအော င်တို့ တိုက်နံရံ က အထူကြီးနော် ” ဟု ဆရာမလေး ပြောသွား သည့် စကား ကို သူတို့ သားအမိ နားမလည်လိုက်ကြ ။

ဆရာမလေး ပြောင်းရွှေ့သည့် နေ့က စိုးကြွယ်လေး မမ ... မမ နှင့် ဖက်ငိုနေသဖြင့် လက် ကို မနည်း ဆွဲခွာ ယူရသည် ။ ဆရာမလေး သည် စိုးကြွယ်လေး ၏ မျက်ရည်စီးကြောင်း နှင့် ပါးကွက်လေး ကို နမ်းရှုပ်ပြီး

“ မမ ပြန်လာမှာပါကွယ် စိုးကြွယ်လေး ကို နှလုံးအထူးကုနဲ့ ပြပေးမယ်နော် ” ဟု ပြောတော့ ကြမ်းပေါ် လှိမ့် ငိုပြန်သည် ။

ခုတော့ အဲသည် သံယောဇဉ်အလွမ်းတွေ ကပဲ ဖိစီး လေသလား ။ နှလုံး ပဲ ပြန်ဖောက်လေသလား မသိ ။ စိုးကြွယ်လေး အိပ်ရာထက် လဲလေပြီ ။

“ ဆေးထိုးမလား သမီးလေး ။ ဒေါက်တာသိန်းအောင် ကို ပင့်ပေးမယ်လေ ” ဟု ဒေါ်အိမ်ကြွယ် က ပြောတော့ ခေါင်းခါသည် ။ “ မမ လာမှ ထိုးမယ် ” ဟုလေသံ ပျော့လေးဖြင့် ဖြေသည် ။

အစားနှင့် အအိပ်က နည်းသည် ထက် နည်းလာ သည် ။ မျက်နှာ က ဖြူဖပ်ဖြူရော် ခြေဖမိုးတွေ က မို့ဖောင်း ရောင်အမ်းလို့ ။ အသက်ကို  ရှိုက်ရှိုက်ပြီး ရှူနေရသည် ။

ရက် ကြာလာတော့ ဆွေမျိုးတွေ က ဝိုင်း ပြောကြပြီ ။ ဒေါက်တာသိန်းအောင် ကို ပင့်တော့တဲ့ ။

•••••   •••••   •••••

ဒေါက်တာသိန်းအောင် ကို သွား ပင့်တော့ မြို့တက် ပြီး ပြပါ ။ သမားတော် သွားပြပါ ။ ကျုပ် မကုနိုင်ဘူး ဟု ငြင်းနေသည် ။ သည်လောက် ဝေးလံသည့် ခရီး ၊ ငွေကုန် ကြေးကျ များမည့် ခရီးကို သည်မုဆိုးမသားအမိ ဘယ် နှယ့် ချက်ချင်းကြီး သွားနိုင်ပါမည်နည်း ။ ဆွေမျိုးတွေ ရော ရွာဦးကျောင်းဆရာတော် ပါ မနေသာ ဝိုင်း ပြောကြ မှ ခြေကြွတော်မူ၏ ။

ဒေါက်တာသိန်းအောင် ရောက်လာတော့ စိုးကြွယ်လေး က မျက်ကလူးဆန်ပျာ ထ ထိုင်သည် ။ ဟဲ့ ဟဲ့ သမီး အိပ်နေလေ ဟု ပြောမှ ကျောပြန်ချသည် ။ သွေးချိန် ၊ နားကြပ်ထောက် ၊ ဒေါက်တာသိန်းအောင် လုပ်သမျှ လိုက် ကြည့်နေသည် ။

“ အတော့်ကို အားအင် ဆုတ်ယုတ်နေတာပဲ ။ လွန်မှ ကျွံမှ ကျွန်တော့် ကို ပင့်တယ် ။ ခင်ဗျားတို့ အဲဒါ ခက်တာပဲ ”

ဒေါက်တာသိန်းအောင် က ဖိဟောက်နေတော့ အား လုံး ခေါင်းငုံ့နေကြရသည် ။ “ ဂရုစိုက်ပြီး ကုပေးပါ ။ ဘယ်လောက်ကုန်ကုန်ပါ ဒေါက်တာရယ် ” ဟု ဝိုင်းတောင်းပန် မှ လေသံ ပျော့သွားသည် ။

“ အားသိပ် နည်းနေတယ် ။ စပါယ်ရှယ်ဆလိုင်း ချိတ်ရမယ် ”

ဆလိုင်းသံ ကြားတော့ စိုးကြွယ်လေး ခေါင်း မတ်ကနဲ ဖြစ်သွားသည် ။

“ အမေ ဆလိုင်း မချိတ်ချင်ဘူး ။ သမီး ကြောက်တယ် ”

ဆွေမျိုးတွေ ဝို င်းပြောတာလည်း မရ ။ ခေါင်းပဲ အတွင် ယမ်းနေသည် ။ အကျောက်အကန် ငြင်းနေသည် ။ ဒေါ်အိမ်ကြွယ် လေပြေ ထိုး ရတော့၏ ။

“ ဒေါက်တာရယ် သမီးလေး က ကြောက်နေလို့ပါ ။ ဆလိုင်း မဟုတ်ဘဲ ဒီ့ပြင် ဆေး ထိုးလို့ရရင် ထိုးပေးပါ ။ ဘယ်နှရက် ဆက် ထိုးရထိုးရ ထိုးပါ့မယ် ”

“ ကောင်းပြီလေ ။ ခင်ဗျားတို့ သဘောပါ ။ ဆေးတစ်လုံး ထိုးပေးခဲ့မယ် ”

ဒေါက်တာသိန်းအောင် သည် ဆေးသေတ္တာကြီး ထဲ မှ ဆေးပုလင်း အနီရောင်လေးကို ဆွဲထုတ်ကာ တင်ပါး ကို ရွှတ်ခနဲ ထိုးပေးပြီး ပြန်ကြွသွားလေ၏ ။

အားလုံး ပြန်သွားကြပြီး သားအမိ နှစ်ယောက်တည်း ကျန်တော့ “ အမေ အဲဒီလူကြီး နားကြပ် ထောက်တာ ၊ အပြားရော အခွက်ရော ဒီတိုင်း နားထောင်နေတာ ။ အပေါက် ပွင့်အောင် လှည့်ပြီး နားမထောင်ဘူး ။ အဲဒါ ညာ နေတာလို့ မမ ပြောဖူးတယ် ”

“ အေးပါအေ ၊ သမီးလေး မောနေပါ့မယ် ။ ဆေးထိုး ထားတုန်း အား ရှိအောင်အိပ်လိုက် ”

နောက်နေ့  ၊ နောက်နေ့ တွေ မှာလည်း ဒေါက်တာသိန်းအောင် က သည် ဆေးပုလင်းအနီလေး တွေပဲ ရွှတ်ခနဲ ရွှတ်ခနဲ ထိုးပေး နေလေရာ အခြေအနေ က ပိုပို ဆိုး လာတော့၏ ။

“ အမေ သူ ထိုးနေကာ တရုတ်ဘီတွဲ တွေ ။ အဲဒီ ဆေး က ခဏခဏ ထိုးစရာ မလိုဘူး ။ အာနိသင် လည်း သိပ် မရှိဘူးလို့ မမ ပြောဖူးတယ် ။ အဲဒီ လူကြီး နောက်ထပ် မလာပါစေနဲ့ တော့ အမေ ”

နောက်ထပ် မလာပါစေနဲ့တော့ ဟု ပြောသော်လည်း နောက် တစ်နေ့ မနက် ဒေါက်တာသိန်းအောင် ကြွလာ တော့ စိုးကြွယ်လေး သတိ မရ တစ်ချက် ၊ ရ တစ်ချက် ဖြစ်နေပြီ ။ တစ်ညလုံး လည်း ကျောချပြီး မအိပ်နိုင် ။ မော လွန်းလို့ ငုတ်တုတ်ထိုင် နေရရှာသည် ။ ကယောင်ကတမ်း တွေ ပြောသည့်အထဲမှာ ‘ မမ ’ ဆိုတာတွေက အများဆုံး ။

“ နောက်ကျသွားပြီ ။ စပါယ်ရှယ်ဆလိုင်း ချိတ်ပါဆို ။ ခင်ဗျားတို့ က ကျုပ် ထက် ပို တတ် နေတော့ ခက်တယ် ”

“ အဲသလို မဟုတ်ရပါဘူး ဒေါက်တာရယ် ။ အကောင်းဆုံးဆေး ကို သုံးပါ ။ ဆလိုင်းချိတ်ပါ ။ သမီးလေး အသက် ဆရာ့ လက်ထဲ အပ်ပါတယ် ”

တစ်မျိုးလုံး တစ်ဆွေလုံး ဝိုင်း တောင်းပန်ခယ မှ ဒေါက်တာသိန်းအောင် သည် သူ့ စပါယ်ရှယ်ဆလိုင်းကြီး ကို ဖျော်စပ်လေ၏ ။ ဒရစ် ချိတ်လေ၏ ။ စိုးကြွယ် လေးခမျာ ဘာမှ မသိရှာတော့ ။

“ ငါးဆယ် ငါးဆယ်ပဲ ၊ ပုလင်းတစ်ဝက်ကျိုးလို့ သတိကောင်းကောင်း ရလာရင် ကိုယ့်ဘက် ပါပြီ ”

ဒေါက်တာသိန်းအောင် ပြန်ကြွသွားတော့ အားလုံး သည် စိုးကြွယ်လေး မျက်နှာ ကို တစ်လှည့် ၊ တစ်စက်တစ်စက် ကျနေသည့် ဆလိုင်းပုလင်းကြီး ကို တစ်လှည့် ကြည့် နေကြရ၏ ။

ပုလင်း တစ်ဝက်ကျိုးပြီ ။ စိုးကြွယ်လေး သတိ ပြန် လည်မလာတော့ ။ မျက်စိလည်း မဖွင့်နိုင်တော့ ။ ခေါ် လို့ လည်း မရတော့ ။ မျက်နှာ က မို့အစ် မွဲပြာလို့ ။ အသက် ရှူသံ က ချွဲစိုက်နေပြီ ။

“ တီတီ တီတီ ”

အိမ်ရှေ့လမ်း ပေါ်က ဆိုင်ကယ်ဟွန်းသံ ကြားတိုင်း

ဆရာမလေးလား ဟု ဒေါ်အိမ်ကြွယ် တစ်ယောက် ကဲလား ပေါက် ထထ ကြည့်ရသည်မှာ အမော

▢ ဂျိုဇော်

📖 ကျေးတမာ စာပေမဂ္ဂဇင်း
     နိုဝင်ဘာ ၊ ၂၀၁၇ ။

No comments:

Post a Comment