Friday, February 7, 2025

ဝင်းမောင်ထွန်း နှင့် တွေ့ဆုံခြင်း

❝ ဝင်းမောင်ထွန်း နှင့် တွေ့ဆုံခြင်း ❞

ဇူလိုင်လ အတွက် “ စာဖတ်သူများ နှင့် တွေ့ဆုံပေးခြင်း ” ကဏ္ဍ မှာ တွေဆုံပေးဖို့ စာရေးဆရာ ကို ရွေးချယ် ကြတော့ ပေဖူးလွှာ စာတည်းအဖွဲ့ က စာရေးဆရာ ဝင်းမောင်ထွန်း ကို ရွေးချယ် ပေး လိုက်ပါတယ် ။ စာတည်းအဖွဲ့ ရဲ့ ဆုံးဖြတ်ချက် အရ ဝင်းမောင်ထွန်း နဲ့ တွေ့ရမယ် ဆိုတော့ ဝင်းမောင်ထွန်း ရဲ့ စာတွေ ကို ကျေညက်အောင် ဖတ်ဖို့ လိုလာပါတယ် ။

ဝင်းမောင်ထွန်း ရေးပြီး သမျှ စာအုပ်စာရင်း ကို ကြည့် လိုက်တော့ သုံးရာသီ မင်းသမီး ၊ စုံနံ့သာမြိုင် ၊ ကျွန်တော် နှင့် သူတို့ ပတ်ဝန်းကျင် ၊ မောဟဇာတ်ခုံ ၊ အသည်းခင်း၍ သတင်းဖွေရှာသူ ၊ မုန်းသူ ဝိုင်းဝိုင်းလည် စတဲ့ လျှို့ဝှက်သည်းဖို စုံထောက် ဇာတ်လမ်းတွေ က ဘယ် အငှားဆိုင် မှာ မှ ရှာ မရနိုင် တော့ဘူး လို့ ပြောကြတယ် ။ ဒီ စာအုပ်တွေ က ရှားပါး စာအုပ်တွေ ဖြစ်နေပြီ ။ နောက်ပိုင်း ရေးတဲ့ “ အစ နိဂုံး အဆုံး နိဒါန်း ” က အစ “ ချစ်ပင်ပျိုးကာမှ မုန်းမိုးတွေ ရွာ ”
အထိ သာ အလွယ်တကူ ရနိုင်မယ်လို့ သိရပါတယ် ။ ရတဲ့ စာအုပ် က အရင် စ , ဖတ်ပြီး ကျန် စာအုပ်တွေ ကိုတော့ ဆရာဝင်းမောင်ထွန်း ဆီ မှာပဲ အကူအညီ တောင်း ခဲ့ရပါတယ် ။

ကျွန်တော် ပထမဆုံး စ ဖတ်တဲ့ စာအုပ် က “ မုန်းအောင် ချစ်တဲ့ မသဲဖြူ ” ပါ ။ အတွဲ သုံးတွဲ ရှိပါတယ် ။ ပင်မရေစီး စာပေ က ငှား လိုက်ပါတယ် ။ သုံးတွဲပေါင်း ချုပ် ထားတာမို့ စာအုပ် က အဘိဓာန် စာအုပ် ထက် တောင် ထူ ချင်သေးတယ် ။ စာအုပ် ငှားလိုက်တဲ့ ဦးမြတ်ကျော် က “ ခင်ဗျား အချိန်ကောင်းကောင်း ရမှ စ ဖတ် နော် ။ ည မှ စ ဖတ်ရင် လက် က မချနိုင်လို့ မိုးလင်း သွားမယ် ” လို့ ပြောလိုက်တော့ ပြုံး မိပါသေး တယ် ။

တနင်္ဂနွေ ရုံးအားရက် မနက် အိပ်ရာ ထ က စ ဖတ်လိုက်တာ ညနေ လေးနာရီ မှ ပြီး သွားပါတယ် ။ ဦးမြတ်ကျော် ညွှန်း လိုက် သလိုပဲ လက် က မချနိုင်ခဲ့ပါဘူး ။ ဒီ စာအုပ် က အစ ဝင်းမောင်ထွန်း စာအုပ်တွေ ကို “ တွေ့ဆုံပေး ” ဖို့ တာဝန် အရ မဟုတ်တော့ဘဲ စိတ်ပါလက်ပါ အားလုံး ဖတ် မိပါတော့တယ် ။

ဝင်းမောင်ထွန်း ရဲ့ ဇာတ်ကောင်တွေ ကို လေ့လာ ကြည့်ရင် မဟုတ်မခံ ဆတ်ဆတ်ကြဲ တုံး ဆို တိုက် ၊ ကျား ဆို ကိုက် တတ်တဲ့ ဇာတ်ကောင်တွေ ဖြစ် တာ ကို တွေ့ရပါမယ် ။ အဲဒါ သူ့ ဇာတ်ကောင် ရဲ့ စရိုက် ပါပဲ ။ ဝင်းမောင်ထွန်း ကိုယ်တိုင် က အဲဒီလို စိတ်မျိုး ရှိတယ် ။ မကြာခဏ ပေဖူးလွှာတိုက် မှာ သူ နဲ့ ဆုံလို့ စကား ပြော ကြရင် သူ့ ကိုယ်တွေ့ ဇာတ်လမ်းတွေ ကို နားထောင်ရ တာ ကိုယ် ဟာ စုံထောက်ဝတ္ထု ကောင်း တစ်ပုဒ် ကို ဖတ် နေရသလို သည်းထိတ်ရင်ဖို ရှိပါတယ် ။

စာရေး ကောင်း သလို စကား ပြောလည်း ကောင်းတဲ့ ဆရာဝင်းမောင်ထွန်း ကို ကျောင်းဆရာကြီး ဦးသက်ထွန်း နဲ့ ဒေါ်ခင်လေးမေ တို့ က မန္တလေးမြို့ ၊ စိန်ပန်းရပ် မှာ မွေးဖွား ခဲ့ကြပါတယ် ။

•••••   •••••   •••••

“ ဝင်းမောင်ထွန်း ဆိုတာ ကလောင်နာမည် သက်သက် ပဲလား ဆရာ ၊ နာမည်ရင်း ရှိသေး လား ”

“ ဝင်းမောင်ထွန်း ဆို တာ ကြွားလိုက်တာ လို့ ထင်ချင်ရင်လည်း ထင်ပေါ့ဗျာ ။ ကျွန်တော့် မှာ မိဘ က ပေးလိုက် တဲ့ အမွေ ဆိုလို့ ဒီ နာမည် တစ်ခု ပဲ ရှိပါတယ် ။ ဒါကြောင့်မို့ မြတ်မြတ်နိုးနိုးနဲ့ မိဘ ပေးခဲ့တဲ့ နာမည် ကို ပဲ ကလောင်နာမည် အဖြစ် နဲ့ သုံး ပါတယ် ”

“ ဆရာ ပထမဆုံး ရေးတာ က   
‘ သုံးရာသီ မင်းသမီး ’ နော် ”

“ ဟုတ်ပါတယ် ”

“ သုံးရာသီမင်းသမီး က အစ စုံထောက်ဝတ္ထု တွေ နဲ့ တောက်လျှောက် အောင်မြင်မှု ရ လာပြီးမှ ဘာဖြစ် လို့ လိုင်း ပြောင်း ရတာလဲ ”

“ သုံးရာသီမင်းသမီး နဲ့ စာဖတ် ပရိသတ် လက်ခံခဲ့ကြတာ အမှန်ပါပဲ ။ ဒါကြောင်လည်း စာဖတ် ပရိသတ် တွေ က ဆိုရင် သုံးရာသီမင်းသမီး က ဝင်းမောင်ထွန်း ကို မွေးဖွားခဲ့တယ် လို့ တောင် ဆိုကြတယ် ။ အမှန်က ဝင်းမောင်ထွန်း က သာ သုံးရာသီ မင်းသမီး ကို မွေးဖွား ခဲ့တာပါ ”

“ စုံထောက်ဝတ္ထုတွေ နဲ့ ပတ်သက်ပြီး လူတွေ က ပြောကြတယ် ။ အပစ်အခတ် ၊ အညှစ်အသ,တ် တဲ့ ။ ပြောတဲ့ လူတွေ က ပြော သလို ရေးတဲ့ သူတွေ ကလည်း ရေး နေကြတာပါပဲ ။ စုံထောက် ဆိုတာ ဒီနေ့ သက်ရှိ ထင်ရှား လူ့ လောက မှာ မရှိဘူး ။ ဂျိမ်းစ်ဘွန်း လို စုံထောက်မျိုး တော့ ကျွန်တော် က လက်မခံဘူး ၊ ဘာဖြစ်လို့လဲ ဆိုတော့ သဘာဝယုတ္တိ လွန်ကဲ လို့ ပါပဲ ။ လက်တွေ့ စုံထောက်လုပ်ငန်း က ဒါလောက်လည်း မစွမ်း ပါဘူး ။ ဒါလောက်လည်း မပြည့်စုံပါဘူး ။ သဘာဝ ယုတ္တိ နဲ့ လည်း ဒါလောက် မလွတ်ကင်းပါဘူး ။ ”

အဲဒါကြောင့် ကျွန်တော်က သဘာဝ နဲ့ မလွတ်ကင်းတဲ့ စုံထောက်ဝတ္ထုတွေ ရေးတယ် ။ ဥပမာ ဗျာ ... ကျွန်တော် မကြာသေးမီက ရေးသားခဲ့တဲ့ ‘ သံသယ ကန့်လန့်ကာ ’ ဗျာ ။  စုံထောက် လူထွက် တစ်ယောက် အကြောင်းပါ ။ ဒီဝတ္ထု နဲ့ ပတ်သက်ပြီး ကျွန်တော် ကိုယ်တိုင် ကတော့ အားရတယ် ။ အရေးအသား နဲ့ ပတ်သက်ပြီး ပရိသတ် က ဘယ်လို သဘောထားတယ် ဆိုတာတော့ ကောင်းကောင်း မသိရသေးပါဘူး ။ နောက်တစ်ချက် ကျွန်တော် စုံထောက်ဝတ္ထုတွေ ရေးခဲ့တဲ့ အကြောင်း က စုံထောက် ဆိုတာ ပညာရပ် တစ်ခုပါ ။ အဲဒါ တင်ပြချင်လို့ ကျွန်တော် စုံထောက်ဝတ္ထု တွေ ရေး ခဲ့တာပါပဲ ။

စုံထောက်ဝတ္ထု တွေ ရေး နေရာ က နေ ဘာဖြစ်လို့ လိုင်း ပြောင်းရေးတာလဲ ဆိုတာ ကတော့ ကျွန်တော် စုံထောက်ဝတ္ထု ရေးတဲ့ စာရေးဆရာ တစ်ယောက် အနေနဲ့ တစ်သက်လုံး မရပ်တည်ချင် လို့ပါဘဲ ။ ကျွန်တော် ဘဝ သရုပ်ဖော်တွေ ရေး ချင်တယ် ။ လောကကြီး မှာ စာရေးဆရာ အတွက် လေ့လာစရာ အကောင်းဆုံး ကုန်ကြမ်း ကတော့ လူ ပဲ ဗျ ။ ကျွန်တော် ဒီလိုပဲ မြင်တယ် ။ ဒါကြောင့် မို့ လူတော ထဲ မှာ တကယ် ရှိတဲ့ သက်ရှိ လူတန်းစား တစ်ရပ် ဖြစ်တဲ့ စုံထောက်ဝတ္ထုတွေ ရေး ရာ ကနေ လိုင်းပြောင်း ရေး ခဲ့တာပါပဲ ”

“ ဆရာ့ စာအုပ်တွေ အဖွင့် မှာ အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ စာတန်းကလေး အမြဲတမ်း တွေ့ရတယ် ။ ဆရာ့ လက်ကိုင် ဆောင်ပုဒ်ပဲ ဖြစ်မယ် ထင်ပါတယ် ”

“ အတ္တာဟိ အတ္တနော နာထော ဆိုတာ ဘုရားဟောတဲ့ ထဲ ကပေါ့ဗျာ ။ “ မိမိ ကိုယ်သာ ကိုးကွယ်ရာ ” ။ ဆိုလိုတာက မိမိ ကိုယ် ကို သာ အားကိုးပါ ပေါ့ ။ အဲဒီ ဆောင်ပုဒ် ကို လက်ကိုင် ထားပြီး ကျွန်တော် ရေးသမျှ ဝတ္ထုတွေ ဟာ ကိုယ်ဉာဏ်စွမ်းအား နဲ့ ရေးခဲ့တဲ့ ကိုယ်ပိုင် ဇာတ်လမ်းတွေ ချည်း ပါပဲ ။ အခု နောက်ဆုံး ထုတ်လိုက်တဲ့ “ ချစ်ပင်ပျိုး မှ မုန်းမိုးတွေ ရွာ ” ကတော့ “ မာဂရက်မစ်ရှဲလ် ” Gone with the Wind ရဲ့ အရိပ်အငွေ့ မကင်း ဘူးပေါ့ဗျာ ။ ဒါတော့ ကျွန်တော် စာအုပ် ထဲ မှာ လည်း ဝန်ခံ ထားပါတယ် ။

ကျွန်တော် ရေးသမျှ ဝတ္ထုတွေ ဟာ ကျွန်တော့် ကိုယ်တွေ့တွေ ကို စိတ်ကူးယဉ် ဇာတ်ကောင် တွေ နဲ့ ရောစပ်ပြီး ဇာတ်လမ်း ဆင် ထားတာတွေပါ လို့ ကျွန်တော် ဆိုလို ချင်ပါတယ် ”

“ နိုင်ငံခြား စုံထောက်ဝတ္ထု တွေ ကော ဖတ်လေ့ ရှိပါသလား ”

“ ကျွန်တော် ဖတ်တဲ့ အခါလည်း ဖတ်ခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်တော် ဖတ်သမျှ ဝတ္ထုတွေ ကို ကျွန်တော့် ဝတ္ထုတွေ ထဲမှာ ကျွန်တော် အရိပ်အမြွက် မထည့်သေးပါဘူး ။ ဆိုလိုတာက မှီငြမ်း မပြု ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ၊ ဆိုပါတော့ဗျာ ၊ မာဂရက် ကို ထဘီ ဝတ် ပေးရတာ ခက်သလို ဘောင်းဘီ ဝတ်ထားတဲ့ ရောဘတ် ကို မြန်မာ လို ဘမောင် လုပ်ပြီး ပုဆိုး ဝတ်ပေးရတာ လည်း ခက် ပါ တယ် ။ တစ်ခါတစ်ခါ ကျတော့ ကျွန်တော်တို့ နိုင်ငံ ရဲ့ စရိုက် နဲ့ မတူဘူး ။ အဲဒီလို မတူတာမျိုး ကို မြန်မာမှု ပြုလိုက်ရင် သဘာဝ မကျဘဲ ဖြစ် နေတတ်ပါတယ် ။

နိုင်ငံခြားဝတ္ထု လိုပဲ နိုင်ငံခြားရုပ်ရှင် ကိုလည်း ကျွန်တော် မမှီငြမ်းပါဘူး ။

အခုဆိုရင် စာရေးဆရာ တော်တော်များများ နိုင်ငံခြား ရုပ်ရှင် ကို မှီငြမ်း ကြပါတယ် ။ ကျွန်တော် တွေ့ရ သလောက်တော့ ပရိသတ် က မကြိုက်ဘူး ”

“ ဆရာ ရေးခဲသမျှ ဝတ္ထုတွေ ထဲ မှာ ဘယ် ဝတ္ထု ကို အကြိုက်ဆုံးလဲ ”

“ ကျွန်တော် အားလုံး ကို ကြိုက်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ရေးသမျှ ဝတ္ထုတွေ ဟာ ကျွန်တော့် ရင် က မွေးဖွားတဲ့ သားသမီးတွေ နဲ့ မခြားပါဘူး ။ မိဘတိုင်း က သားသမီးတိုင်း ကို ချစ် သ လို ကျွန်တော် လည်း ရေးခဲ့သမျှ အားလုံး ကို ကြိုက်တယ် လို့ ဖြေ ရပါမယ် ။

ဒီနေရာ မှာ ပရိသတ် နဲ့ ကျွန်တော် သဘောထား ကွဲလွဲတာလေး ရှိကောင်း ရှိမယ် ။ တချို့ ပရိသတ် က စာ ရေးကြတယ် ၊ တစ်ချို့လည်း လူ ကိုယ်တိုင် လာ ပြောကြတယ် ။ ဆရာ စုံထောက်ဝတ္ထု ပဲ ရေးစမ်းပါတဲ့ ။ လျှို့ဝှက်သည်းဖိုဝတ္ထု ရေးစမ်းပါ ဆိုတဲ့ သူ လည်း ပါတယ် ။ တချို့ ကျတော့လည်း “ မေတ္တာအကြောင်း မသိကောင်းပါ ” လို ၊ “ အထီးကျန်ဘဝ ရဲ့ အကျည်းတန် အရုပ်ဆိုး ” လို ဒီလို ဘဝ နဲ့ သက်ဆိုင်တဲ့ ဝတ္ထုတွေ ရေးနိုင်ပါရက် နဲ့ ဘာဖြစ်လို့ အပေါစား စုံထောက်ဝတ္ထုတွေ ရေးတာလဲ လို့ မေးတဲ့ ပရိသတ် က လည်း ရှိတယ်ဗျာ ။ အဲဒီတော့ ကျွန်တော် က ဘယ်လိုလုပ် ဖြေရ မလဲ ။

ကျွန်တော် ခံယူထားတာ ကတော့ ပရိသတ် ကို လေးစားပါတယ် ။ ဒါပေမဲ့ ရိုးရိုးသားသား ပြော ရရင် ပရိသတ် အလို ကို ကျွန်တော် မလိုက်ချင်ဘူး ။ ဝတ္ထု ကို ကျွန်တော် ကောင်းအောင် ရေးမယ် ။ အဲဒီမှာ ပရိသတ် က ဘယ်ဟာဖြင့် ကောင်းတယ် ၊ ဘယ်ဟာဖြင့် မကောင်းဘူး ဆိုတာ ဆုံးဖြတ် ပေးဖို့ပါပဲ ။

ပရိသတ် က နှစ်ပိုင်း ရှိတယ် ။ ကျွန်တော့် ဝတ္ထု ထဲ မှာ တချို့က မင်းသား နဲ့ မင်းသမီး ပေါင်း ရတာ ရှိတယ် ။ တချို့မှာ မပေါင်းရတာ ရှိတယ် ။ အဲဒီတော့ ပရိသတ် တစ်မျိုး က မင်းသား မင်းသမီး ပေါင်းရတာ ကို ကြိုက်ပြီး တစ်မျိုး က မပေါင်းရတာ ကို ကြိုက်တယ် ။

ပရိသတ်များ အကြိုက် လိုက်ပြီး ငါးပွက်ရာ ငါးစာ ချသလို လိုက် ရေး ရင်တော့ ကျွန်တော် ထင်တယ် ၊ ကျွန်တော်တို့ အရေးအသားတွေ ဘက်က အား ပျော့ သွားမှာပဲ ။ နောက်တစ်ခု က ကျွန်တော် ရေးချင်တဲ့ အကြောင်းအရာ တစ်ရပ် ကို ကျွန်တော့် သဘော နဲ့ ကျွန်တော် ရေးပါတယ် ။ ဥပမာ - သံသယ နဲ့ အာဃာတ မှာ ဆိုရင် ကျွန်တော် ရာဇဝင်ဝတ္ထု ပုံစံ ရေး ထားတယ် ။ ခေတ် သုံးခေတ် ကို ရေး ထားတယ် ။ ပဒေသရာဇ် ခေတ် ၊ ကိုလိုနီ ခေတ် ၊ တော်လှန်ရေး ခေတ် ၊ နောက်ပြီး လွတ်လပ်ရေး ရပြီး ခေတ် ။ အဲဒီလိုတွေ ပိုင်းခြားပြီး ရေး ချင်တာ ။ ဒါပေမဲ့ ရေးလို့ မရဘူး ။ အဲဒီ ခေတ် တွေ အကြောင်း ရေး နိုင်ဖို့ ကျွန်တော် မှီငြမ်း ကိုးကားရတဲ့ စာအုပ် က ခြောက်ဆယ် လောက် ရှိတယ် ။

စာအုပ် ခြောက်ဆယ် လောက် ဖတ်ပြီး မှ စာမျက်နှာ ရှစ်ဆယ် လောက်ပဲ ရေး လို့ ထွက်တယ် ။ ဒါကြောင့် ကျွန်တော် မှီငြမ်းရေးတဲ့ ပုဂ္ဂိုလ်များ ကို လည်း အထင် မသေးပါဘူး ”

“ ဆရာ ဝတ္ထုတို တွေ သိပ် မရေးဖြစ်ဘူးနော် ”

“ ဟုတ်ကဲ့ ၊ ကျွန်တော် ဝတ္ထုတို ရေးချင်ပါတယ် ။ ဒါပေမဲ့ အချိန် မရဘူး ။ ကျွန်တော် ခင်မင် လေးစားတဲ့ ပုဂ္ဂိုလ်ကြီးများ တိုက်တွန်း လို့တော့ စစ်ပြန်မဂ္ဂဇင်း ၊ ဇေယျာမဂ္ဂဇင်း နဲ့ ပေဖူးလွှာ တို့မှာ ရေးခဲ့ဖူးပါတယ် ။ ဝတ္ထုတို ရေးဖို့ အစီအစဉ် ရှိပေမယ့် စောစောက ပြော သလို အချိန် မရတာကြောင့်ဘဲ မရေးဖြစ်ခဲ့တာပါ ”

“ ဆရာ့ ဝတ္ထု တွေ ထဲမှာ ဒေသန္တရ ဗဟုသုတကလေးတွေ ကို ကြားညှပ် သုံးသွားတာ တွေ့ရတယ် ။ တချို့တွေ တင်ပြ သလို စာမျက်နှာ သုံးလေးမျက်နှာ လောက် အတုံးလိုက် အတစ်လိုက် ဗဟုသုတ ပညာပေး မျိုး မဟုတ်ဘဲ ဝတ္ထု ထဲ မှာ ပဲ အလျဉ်း သင့်သလို ထည့် သွားတာ တွေ့ရပါတယ် ။ ဒါလည်း ဆရာ့ တင်ပြပုံ ထူးခြားချက် တစ်ခု လို့ ကျွန်တော် ထင်ပါတယ် ”

“ ပရိသတ် ကို ဗဟုသုတ ရစေချင်တဲ့ ဆန္ဒ ရှိပါတယ် ။ စစ်ကိုင်းတံတားကြီး ရောက်သွားတယ် ဆိုပါစို့ ။ စစ်ကိုင်းတံတားကြီး ဘယ်နေ့ က ဆောက်တယ် ၊ ဘယ်နေ့ က ဖွင့်တယ် ၊ စို့ပေါင်း ဘယ်လောက် ၊ တန်ချိန်ပေါင်း ဘယ်လောက် ၊ လူပေါင်း ဘယ်လောက် နဲ့ ဆောက်တယ် ။ ဒါတွေက ရှေ့မှာ ဆိုင်းဘုတ် ကပ် ထားတော့ ကူးချ လိုက် လည်း ပြီးပါတယ် ။ ဒါမျိုးလည်း ပရိသတ် အတွက် ပညာ ရတာတော့ မှန်ပါတယ် ။ ဒါပေမဲ့ ဒီလို copy လုပ် ပြ လိုက်ရတာမျိုး ကျွန်တော် မသုံးချင်ဘူး ။ အလျဉ်းသင့် သလို သုံး သွားရတာကို ပို ကြိုက်တယ် ။

ဆိုပါစို့ဗျာ ၊ သာစည် ဘက် မှာ ပန်းကန် လဲ သွားမယ် ၊ မှောက်သွားမယ် ဆိုတာကို ‘ ပန်းကန် လျောင်း သွားမယ် ’  လို့ ပြောတယ် ။ ဒါသူတို့ ဒေသသုံးစကား ပေါ့ဗျာ ။ နောက် ကျွန်တော်တို့ ဆီ မှာ သံပုံး ယူခဲ့စမ်းလို့ ပြောတာ ကို သူတို့ ဆီ မှာ ကျတော့ ‘ ချောင်ကလေး ယူခဲ့စမ်း ’ လို့ ပြောတယ် ။ ရန်ကုန် ၊ မန္တလေး တို့ မှာ ‘ ကျောက်တစ်လုံး ’ လို့ သုံးကြတယ် ။ မိုးကုတ် မှာ ကျတော့ ‘ ကျောက်တစ်ပွင့် ’ လို့ သုံးတယ် ။ ကျွန်တော် တို့ ဆီ မှာက ရေနွေး တစ်အိုး ယူခဲ့စမ်း လို့ ပြောတာကို သူတို့ ဆီမှာက ရေနွေးတစ်ဘူး ဖောက် ခဲ့စမ်း လို့ ပြောတယ် ။

အဲဒီလို ဒေသသုံး စကားတွေ ကွဲပြားတာ ကို မှတ်သားတတ်တာ ကျွန်တော် ငယ်ငယ် ကတည်း က ပဲ ။ အခု စာ ရေးလာတော့ အဲဒီလို ဒေသသုံး ကွဲပြားတတ်တာလေးတွေ ကို အလျဉ်း သင့်သလို ထည့်ရေး သွား တာပါပဲ ။ ကျွန်တော် ဒီနေ့ အဲဒီလို ဒေသန္တရ ဗဟုသုတလေးတွေ ထည့် ရေးနိုင်အောင် လေ့ကျင့် သင်ကြား ပေးလိုက်တာကတော့ ကျွန်တော့် မိခင်တပ်မတော်ပါ ပဲ ။ မိခင်တပ်မတော်စရိတ် နဲ့ မြန်မာပြည် အနှံ့အပြား သွားရတယ် ။ ကျွန်တော် မတွေ့ဖူးတာတွေ တွေ့ခဲ့ရတယ် ။ မမြင်ဖူးတာတွေ မြင်ခဲ့ ရတယ် ။ မထင်မှတ်တာတွေ မြင်ခဲ့ ၊ ကြားခဲ့ ၊ တွေ့ခဲ့ရတယ် ။ အဲဒါ မိခင်တပ်မတော် ရဲ့ ကျေးဇူးပါပဲ ”

“ ဆရာ ဝတ္ထုတွေ ရေးတဲ့ နေရာမှာ အုပ်တွဲ မရေးချင်ဘူးလို့ အမြဲ ပြောတယ် ။ အုပ်တွဲ ဖြစ်သွား တိုင်း ပရိသတ် ကို တောင်းပန်တယ် ။ ဒါပေမဲ့ နောက်ပိုင်း ဝတ္ထုတွေ မှာ နှစ်အုပ်တွဲ ၊ သုံးအုပ်တွဲတွေ ချည်း ထွက် နေတယ် ။ ဘာဖြစ်လို့လဲ ”

“ ကျွန်တော် စာ ရေးတဲ့ နေရာမှာ ပန္နက် ချပြီး ရေးပါတယ် ။ အိမ်တစ်အိမ် ဆောက် သလိုပေါ့ ။  အိမ် ဆောက်ရင်း ဆောက်ရင်း နဲ့ ဟိုဟာလေး ဖြည့် ၊ ဒီဟာလေး ပြင် နဲ့ ခန့်မှန်းတာ ထက် ပို ကုန်သွားသလို ကျွန်တော် က ရေးရင်း ရေးရင်း နဲ့ ခန့်မှန်းတာ ထက် ပို သွားတာကြောင့်ပါ ။ ဖောင် နှစ်ဆယ် လောက် မှန်း ထားရင်း နဲ့ အစိတ် ၊ သုံးဆယ် ဖြစ်ချင် ဖြစ် သွားတယ် ။ ဥပမာ - ‘ မုန်းအောင်ချစ်တဲ့ မသဲဖြူ ’ ဆိုပါတော့ ။ အလွန်ဆုံး နှစ်အုပ် မှန်း ထားရာ က သုံးအုပ် ဖြစ် သွားတယ် ။

စာ ရေးတဲ့ နေရာမှာ ချုပ် ထားရတာမျိုး ကျွန်တော် မကြိုက်ဘူး ။ တစ်ခါတလေ ကျတော့ လည်း နှစ်အုပ်တွဲ လောက် မှန်း ထားပြီးမှ တစ်အုပ် တည်း ဖြစ်သွားတာမျိုး လည်း ရှိပါတယ် ။ ဒီအခါမျိုး မှာ ထုတ်ဝေသူ က တစ်ဖောင် လောက် ချဲ့ပေးပါဦး ၊ နှစ်ဖောင် လောက် ချဲ့ပေးပါဦး ဆိုလည်း ကျွန်တော် ချဲ့ မပေးပါဘူး ”

“ သုံးအုပ်တွဲ ဆို လို့ မေး ရဦးမယ် ဆရာ ။ ' မုန်းအောင်ချစ်တဲ့ မသဲဖြူ ' ပထမတွဲ ဒုတိယတွဲ မှာ ဇာတ်ကောင် ထွန်းနောင် စရိုက် ကို ကြမ်းကြမ်း ဖန်တီး ထားပြီး ဘာဖြစ်လို့ တတိယတွဲ မှာ သူ့ ဇနီး ဒေါက်တာသက်မာ ထိန်းချုပ် သမျှ ငြိမ် နေတဲ့ ဇာတ်ကောင် အဖြစ် ပြောင်း လိုက်တာလဲ ။ ဇာတ်ကောင် ရဲ့စရိုက် ပျက် သွားတယ် လို့ ထင်ပါတယ် ”

“ ဒီလိုရှိတယ် ကိုဝင်းငြိမ်း ရဲ့ ။ ရေ ဟာ မြင့်ရာ က နိမ့်ရာ ကို စီးဆင်းသလို လူ ဆိုတာလည်း နု ရာ ကနေ ရင့် လာရတာပဲ ။ ဆိုပါတော့ ဗျာ ။ ထွန်းနောင် ဟာ တောသူဌေးသား ၊ ခေတ်ပညာ ကလည်း အသင့်အတင့် တတ်တယ် ။ စိတ် က လည်း ဆတ်တယ် ။ ဇာတ် အဖွင့် မှာ ‘ မသီတာ ’ နဲ့ သူ နဲ့ ဆုံတယ် ။ သူ နဲ့ အဆင် မသင့်တော့ အိမ် ပေါ် တက်ပြီး ပါး ရို,က်တယ် ။ ဒါမျိုးကို လူမှုရေး အရ ကြည့်ရင်လည်း မသင့်တော်ဘူး ။ ဥပဒေ ရှုထောင့် က ကြည့်ရင် လည်း ထောင် ကျနိုင်တဲ့ ပြစ်မှု မျိုး ပဲ ။ ဒီကောင် လုပ်ချင်ပြီ ဆိုရင် ဘယ်သူမှ တား လို့ မရဘူး ။ ဒါက ထွန်းနောင် ရဲ့ စရိုက် ။ နောက် ဒေါက်တာ သက်မာ နဲ့ အိမ်ထောင် ကျတယ် ။

မိန်းမ ရဲ့ ထိန်းချုပ်မှု ကို ခံ လာရတယ် ။ ဒီအခါ မှာ ထွန်းနောင် ဟာ စိတ် နဲ့ ပတ်သက်ပြီး တစ်ဇွတ်ထိုး လုပ်တတ်တာမျိုး မရှိတော့ဘူး ။ တော်တော်ကြီး ဆင်ခြင် သွားပြီ ။ ဒါ ဘာကြောင့်လဲ ဆိုတော့ ဒေါက်တာ သက်မာ က ထိန်းချုပ် ပေးလို့ပဲ ။ သူ့ ပတ်ဝန်းကျင် မှာ က လည်း ဒေါက်တာသက်မာ ရဲ့ အစ်ကိုတွေ က ထိန်း ထားတယ် ။ သူ့ မှာ လင်ယောက်ျား တစ်ယောက် တစ်ယောက် အနေနဲ့ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး ။ နောက်ပိုင်း မမျှော်လင့်ဘဲ ရုပ်ရှင်မင်းသား ဖြစ် လာတယ် ။ မင်းသား ဖြစ် လာတော့ ပတ်ဝန်းကျင် က ပြောင်းသွား ပြန်တယ် ။ ဒီ သဘော ပါပဲ ။ ထွန်းနောင် ကို ဘာ ခေါ်မလဲ ဆိုတော့ စရိုက်ရှင် ဇာတ်ကောင် လို့ ခေါ် မှာပေါ့ ။

‘ ဤအရာကား တားဆီး၍ မရပါ ’ မှာ ပါတဲ့ ဇာတ်ကောင် ခွန်ထွန်းနိုင် ကျတော့ စရိုက်သေ ဖန်တီး ထားတယ် ။ ဒီကောင် က ပိုက်ဆံ လိုချင်တာ လည်း မဟုတ်ဘူး ။ သူ့ အပေါ် မှာ ကျော သွားတဲ့ သူ ၊ ရင့် သွားတဲ့ သူ ကို ကလဲ့စား ချေချင်တာပဲ ရှိတယ် ။ သူ က အာဃာတ သမား ၊ မေတ္တာ ဆိုတာ အင်မတန် အေးချမ်းတယ် ၊ မွန်မြတ်တယ် ၊ သန့်စင်တယ် ။ ခွန်ထွန်းနိုင် ရဲ့ မိန်းမ မေမေခင် ဆိုပါတော့ ဗျာ ၊ မေမေခင် က ခွန်ထွန်းနိုင် ကို အင်မတန် ချစ်တယ် ။ အင်မတန် အလို လိုက်တယ် ။

ခွန်ထွန်းနိုင် ကတော့ မချစ်ဘူးလား ဆိုတော့ ချစ်တယ် ။ ဒါပေမဲ့ ဒီကောင် က မေတ္တာ ထက် ကလဲ့စား ချေတာ ကို ပို အလေး ထားတယ် ။ အရင်တုန်း က လူကောင်းကလေး ဘဝ ကနေ ဆိုး သွားတာ သေတစ်ပန် သက်တဆုံး ပဲ ။ သူ က စရိုက်သေ ။

အဲဒီလို ဆိုး တဲ့ ကောင် ကို တစ်ဖက် က ဘာ နဲ့ ပြန် ထိန်းပေးထားသလဲ ဆိုတော့ မေမေခင် ရဲ့ ရိုးသားသော ၊ အေးချမ်းသော ၊ သန့်စင်သော မေတ္တာ နဲ့ ထိန်း ပေးထားတယ် ။

ဒါလောက် ဆိုရင်တော့ ဇာတ်ကောင် စရိုက် နဲ့ ပတ်သက်လို့ ပြည့်စုံပြီ ထင် ပါတယ် ”

“ ပြည့်စုံပါတယ် ဆရာ ။ အဲဒါက ဇာတ်ကောင် စရိုက် နဲ့ ပတ်သက်တာလေး တွေ ။ နောက်တစ်ခု ကျွန်တော် သိ ချင်တာ က ဆရာ ဇာတ်ကောင်တွေ ဖန်တီးတဲ့ နေရာ မှာ ဘယ်လို စံမျိုး ထားပြီး ဖန်တီး ပါသလဲ ”

“ ဒါကတော့ တော်တော်လေး ကျယ်ပြန့်တဲ့ မေးခွန်း ပါ ။ ခုချိန်ထိ ကျွန်တော် ဖန်တီး တဲ့ ဇာတ်ကောင် တွေ ကတော့ လူငယ် ။ လူလတ်ပိုင်းတွေ ချည်း ပဲ ရှိ ပါသေးတယ် ။ စောစော က စကား ပြန် ကောက် ရအောင် ။ လူတို့ မည်သည် မှာ ဘဝပေး အတွေ့အကြုံ အရ နု ရာ က ရင့် လာကြတယ် ။

အခု နောက်ဆုံး ရေး တဲ့ ‘ ချစ်ပင်ပျိုးကာမှ မုန်းမိုးတွေရွာ ’ မှာ ကြည့်ပါ ။ ဒီ ဇာတ် က မင်းသမီး အဓိက ထားတဲ့ မင်းသမီးဇာတ် ပါ ။ လူငယ် တို့ မည်သည် မှာ တက်ကြွတယ် ။ ဖျတ်လတ်တယ် ။ စိတ်မြန်တယ် ။ စိတ်အပြောင်းအလဲ များတယ် ။ နောက်ပိုင်း မှာတော့ ဘဝ အခြေအနေ တစ်ခု ကို  ရုန်းကန် လှုပ်ရှား ပြီး ရင် တည်ငြိမ် သွားတယ် ။

အဲဒီမှာ အဓိက ဇာတ်ကောင် ခင်မေကြည် ကို ကြည့် ။ ပထမ အိမ်ထောင် ကျတာက အာဃာတ နဲ့ အိမ်ထောင် ကျတာပဲ ။ သူငယ်ချင်း ရဲ့ ရည်းစား ကို လု ပြီး အိမ်ထောင် ကျတယ် ။ ဒုတိယ အိမ်ထောင် ကိုငြိမ်းမောင် နဲ့ ကျတော့ ဘဝ ရပ်တည်ရေး အတွက် ကျ တယ် ။

အဲဒါကလည်း ဇာတ်ကောင် တစ်ယောက် ဖြစ်တဲ့ ဗိုလ်ကြီးတောက်ထွန်း က ဆည်ဝ က ဗျိုင်း လို စောင့် နေတယ် ။ ဒီ ကောင်မလေး က သွက်တယ် ။ ဖျတ်လတ်တယ် ၊ စိတ်ဆတ်တယ် ။ အဲဒီတော့ ဒီကောင်မလေး ကို အပေါ်စီး က ကိုင် နိုင်အောင် ကြိုးစားတယ် ။ ဒါပေမဲ့ သူ က စဉ်းစားတုန်းပဲ ရှိသေးတယ် ။ ကောင်မလေး က လင် တစ်ယောက် ပြောင်း သွားပြီ ။

ဆိုလိုတာကတော့ ကျွန်တော် လည်း လူငယ်ဘဝ က တက် လာတာပါ ။ ခုဆိုရင် လူလတ်ပိုင်း ရောက် နေပါပြီ ။ တဖြည်းဖြည်း စဉ်းစား တတ်လာတယ် ၊ ဝေဖန် တတ်လာတယ် ၊ ဆန်းစစ် တတ်လာတယ် ။ အဲဒီလိုပဲ ဇာတ်ကောင်တွေ ဟာလည်း သွက်လက် ဖျတ်လတ်တဲ့ ဇာတ်ကောင်တွေ ကနေ တည်ငြိမ် ဆန်းစစ်တတ် တဲ့ ဇာတ်ကောင်တွေ အဖြစ် အမြဲ ဖန်တီးပါတယ် ။

မဟုတ်တာတွေ ဘာပဲ လုပ်လုပ် နောက်ဆုံးမှာ အမှန်တရား ကို သိနားလည် လာအောင် ဖန်တီးပေးပါတယ် ။ မှားနေတဲ့ ကိစ္စ ကို မှားမှန်း သိရင် နောက် ဆုတ်နိုင်ရမယ် ။ ဒါ ကျွန်တော် ဖြစ်စေချင်တဲ့ ဆန္ဒ ပါ ။

လူငယ် ဆိုတာ တစ်ခါတလေ မှားမျာပဲ ။ တစ်ခါတလေ အမှား ကို အမှန် ထင်ပြီး အမှန် ကိုလည်း အမှား ထင် တတ်တာပဲ ။ ဒါပေမဲ့ ကိုယ် ကိုယ်တိုင် ခံစား ထိတွေ့ ရတဲ့ အခါကျတော့ အမှန် နဲ့ အမှား ကို ခွဲခြား တတ်လာပါတယ် ။ ဆိုလိုတာ ကတော့ အမှား သည် တဒင်္ဂ ၊ အမှန်တရားသည် သာ ထာဝရ ဆိုတဲ့ ဆောင်ပုဒ် ကို လက်ကိုင်ထားပြီး ကျွန်တော် ဇာတ်ကောင်တွေ ကို ဖန်တီးပါတယ် ”

“ ဆရာ .... ကိုယ်ခံပညာရပ် အနေနဲ့ လိုက်စားခဲ့သလဲ ” 

“ ငယ်ငယ် ကတော့ မန္တလေးရွှေကျား လက်ဝှေ့အသင်း ဆရာကျားဘညိမ်း ဆီ မှာ အင်္ဂလိပ်လက်ဝှေ့ သင် ဖူးပါတယ် ။ နာမည်ကြီး လက်ဝှေ့သမားတွေ ဖြစ်ကြတဲ့ ရဲချစ် ၊ ရဲတင့် တို့ ဆိုတာ သူငယ်ချင်း ဆရာ တွေ ပေါ့ ။ တပ် ထဲ ရောက်တော့ ဂျူဒို ကစားတယ် ၊ ဘောလုံး ကန်တယ် ၊ ဘတ်စကက်ဘော  ကစားတယ် ။

နောက် တာဝန်အရ မိုးကုတ် ကို ရောက်သွားတော့ ရှမ်းကြီးသိုင်း ခေါ်တဲ့ ရှမ်းတရုတ်သိုင်း ကို ဗမွန်ရွာ က ဆရာစိမ်း ဆီ မှာ သင်တယ် ။ သိုင်း နဲ့ ပတ်သက်လို့ တကယ့် တကယ် ဥပဇ္ဈာယ်ဆရာ ကတော့ သိုင်းပြောင်းပြန် ဆရာကြီး ဦးလှသိန်း ပါ ။ ကုက္ကိုင်း မှာ နေ ပါတယ် ။

ဒီနေရာ မှာ ကြုံတုန်း ကိုဝင်းငြိမ်း ကို ပြောချင်တာ က သိုင်းပညာ က ဝါသနာ ပါ လို့ လေ့လာ လိုက်စားတယ် ဆိုပါတော့ဗျာ ။ သိုင်း နဲ့ ပတ်သက်ပြီး စာပေနယ် ထဲ ကို ဆွဲသွင်းလာ တာ ကျွန်တော် ပထမဆုံး လို့ ပြောလို့ ရပါတယ် ။ ဒါပေမဲ့ ကျွန်တော် သိုင်းဝတ္ထု တွေ မရေးဘူး ။

တစ်ခါတစ်ရံ ပြောရမှာ တောင် အားနာ ပါတယ် ။ ဒီနေ့ ဘာသာပြန်သိုင်း လို့ ပြောမှာပေါ့လေ ။ လက်လှမ်းမီရာ သိုင်းတွေ ရေးနေတဲ့ ပုဂ္ဂိုလ်တွေ လည်း အများကြီး ရှိပါတယ် ။ ဝါးရုံပင် ထိပ်ဖျား တက်ပြီး ဓား ခုတ်တဲ့ ပုဂ္ဂိုလ်တို့ ၊ အတွင်းအား သုံးပြီး ဘယ်လို လုပ်လိုက်တာ ဘယ်လို ကိုင်လိုက်တာ တို့ ။ ဒါတွေဟာ ကျွန်တော် တို့ Reality ခေါ်တဲ့ သဘာဝယုတ္တိ နဲ့ ကင်းလွန်း နေတယ် ။

ဒါကို ကျွန်တော်တို့ က စာပေအနုပညာ အရ ဖွဲ့မယ် ဆိုရင်လည်း ယုတ္တိယုတ္တာ ရှိဖို့ ၊ ပညာ နဲ့ ယှဉ် ရေးသားဖို့ လိုပါတယ် ။ နောက်တစ်ခု ကျွန်တော် ခံယူထားတာက အနုပညာ ၊ စာပေ ၊ ဂီတ ၊ ရုပ်ရှင် ။ ကတယ် ၊ ခုန်တယ် ၊ တီးတယ် ၊ မှုတ်တယ် ဆိုပါတော့ဗျာ ။ ပန်းချီ ၊ ပန်းပု ပေါ့ ဗျာ ။ အဲဒီ အနုပညာရပ်တွေ ထဲမှာ စာပေ ဟာ အလေးနက်ဆုံး လို့ ကျွန်တော် ထင်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ၊ ဆိုပါတော့ဗျာ ကျွန်တော်တို့ အရှိ ကို အရှိ အတိုင်း ပြောရမယ် ဆိုရင် အသည်းနှလုံး ရဲ့ ခံစားချက် ၊ ဦးနှောက် ရဲ့ ဝေဖန်ချက် တွေ ကို ပေါင်းစပ်ပြီးတော့မှ စာရွက် ပေါ် မှာ ချ ရေးလို့ ရတာ အင်မတန် လေးနက်ပါတယ် ။

နောက် တစ်ဖက် က အမျိုးသားရေး အနေ နဲ့ ပြန် ကြည့်မယ် ဆိုရင် လူမျိုး တစ်မျိုး မှာ စာပေ ဟာ အဓိကပါ ။ စာပေ နိမ့်ကျရင် လူမျိုး နိမ့်ကျမယ် ။ အဲဒီတော့ ကျွန်တော် တို့ ဒါလောက် အလေးအနက် ထားတဲ့ စာပေ အပေါ်မှာ တခြား အကြောင်းအရာတွေ ဝင် မလာစေချင်ဘူး ။ ဒါ ကျွန်တော့် ကိုယ်ပိုင် အယူအဆ ၊ ကိုယ်ပိုင် အတွေးအခေါ် ပါ ”

“ စုံထောက် ၊ အပစ်အခတ် ၊ လျှို့ဝှက်သည်းဖို  စတဲ့ ဝတ္ထုတွေ ကို အပျော်ဖတ် စာပေ လို့ သတ်မှတ် ကြပါတယ် ။ ဆရာ ဘယ်လို မြင်ပါသလဲ ”

“ အဲဒီ ကိစ္စ ကတော့ တော်တော် ဝမ်းနည်းစရာ ကောင်းပါတယ် ။ ဘာဖြစ်လို့ ဝမ်းနည်းစရာ ကောင်းသလဲ ဆိုတော့ စုံထောက် ဆိုရင် ပစ်ရမယ် ၊ ခတ်ရမယ် ၊ ထိုးရမယ် ၊ ကြိတ်ရမယ် ။ အချို့ ဆရာကြီးများ ဟော သွားပါတယ် ။ စုံထောက်ဝတ္ထု ဆိုရင် ကားတစ်စင်း နောက်က နောက်ယောင် ခံတာ ပါမယ် ။ ညှီညှီပြာပြာ အခန်းကလေး တွေ ပါရမယ် ။

အမှန် ကိုဝင်းငြိမ်း ရေ .... ဘဝ ဆန်တဲ့ စုံထောက်ဝတ္ထု နှစ်ပုဒ် ကျွန်တော် ကြိုးစား ရေးဖူး ပါတယ် ။ တစ်ခု က ‘ သံသယကန့်လန့်ကာ ’ ၊ တစ်ခု က ‘ လမ်းပေါ် က ကျွန်တော် ’ ။ စုံထောက် ဆိုတဲ့ လူတန်းစား ဟာ ပစ်ရခတ် ရတဲ့ အခါ လည်း ရှိတယ် ။ ပြေးရ လွှားရတဲ့ အခါ လည်း ရှိတယ် ။ နောက်ဆုံး သ,တ်ရ ဖြ,တ်ရတဲ့ အခါ လည်း ရှိတယ် ။

စုံထောက် ဆိုတဲ့ ပုဂ္ဂိုလ် ကို ကမ္ဘာ တစ်ဝန်းလုံး က ဖန်တီးထားတာ တကယ့် Hero သူရဲကောင်းကြီး ပုံစံ ဖြစ်နေတယ် ။ တစ်ရာ နဲ့ တစ်ယောက် နဲ့ ချ ၊ တစ်ယောက် နိုင် ရမယ် ။ အဲဒီတော့ သဘာဝယုတ္တိ နဲ့ ကင်းကွာ သွားပါတယ် ။ စုံထောက် မှာ ဘဝ ရှိပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ စုံထောက် ဆိုတဲ့ လူတန်းစား ဟာ တကယ် ရှိတာကိုး ။ အဲဒီတော့ စုံထောက် မှာ လည်း ဘဝ နဲ့ပါ ။ စုံထောက် မှာ လည်း အသည်း နဲ့ ပါ ။ စုံထောက် မှာ လည်း အချစ် နဲ့ ပါ ။ အဲဒါလေးတွေ ကို ကျွန်တော် ပီပီပြင်ပြင် တင်ပြ ချင်တယ် ။ ကျွန်တော့် တင်ပြချက် အောင်မြင်မှု ရှိ ၊ မရှိ ကို တော့ စာဖတ်ပရိသတ် ဆီ က တုံ့ပြန်ချက် မရသေး လို့ မသိရသေးပါဘူး ။

အဲဒါမျိုးကို အပျော်ဖတ် စာပေ ထဲ သွင်း တာတော့ ကျွန်တော့် အနေနဲ့ ဘဝင် မကျပါဘူး ”

“ ဆရာ စာပေဟောပြောပွဲ နဲ့ ပတ်သက် လို့ ကော ဘယ်လို သဘော ထားပါသလဲ ”

“ ကျွန်တော် က အပြော ထက် အရေး က များတဲ့ သူ ဆိုတော့ ဟောပြောပွဲ အတွေ့အကြုံ အသင့်အတင့် ပဲ ရှိပါတယ် ။ ကျွန်တော့် သဘော ကတော့ ကိုယ် က ဟောပြောရ မှာ ထက် ပရိသတ် နဲ့ ဆွေးနွေးရတာ ကို ပို သဘော ကျတယ် ။ ဝိုင်အမ်စီအေ တို့ ၊ ဆရာဝန်အသင်း တိုက် မှာ တို့ လုပ်သွားတဲ့ စာပေဆွေးနွေးပွဲ တွေ ကောင်း ပါတယ် ။ ပရိသတ် က မသိတာ ကို မေးတယ် ။ ဆွေးနွေးတယ် ။ ဝေဖန်စရာ ရှိတာ ဝေဖန်တယ် ။ စာရေးဆရာ က ပရိသတ် နဲ့ အပြန်အလှန် ဆွေးနွေးတယ် ။ ညှိနှိုင်းတယ် ။ ဒါ ကောင်းတဲ့ အလားအလာ ပါ ပဲ ။

လွန်ခဲ့တဲ့ သုံးနှစ် လောက် ကတော့ ကျွန်တော့် ရပ်ကွက် ထဲ မှာ စာပေဟောပြောပွဲ တစ်ခု ကျွန်တော် လုပ်တယ် ။ ကိုငြိမ်းကျော် ရယ် ၊ ကိုသုမောင် ရယ် ၊ ကျွန်တော် ရယ် ဟောပြော ကြတယ် ။ နယ်တွေ က ဟောပြောပွဲ ကျတော့ ကျွန်တော် မအားတာနဲ့ ကြုံကြိုက် နေလို့ တောင်းပန်လွှတ်ရပါတယ် ။ ကျွန်တော် အားတဲ့ အချိန် ကျတော့ သူတို့နဲ့ မဆုံစည်းပြန် ဘူး ”

“ ဆရာ နောက်ထပ် ဘာ ဝတ္ထု ရေးနေသေးလဲ ”

“ ‘ မလုံသောစည်းရိုး နဲ့ အချိုးသန်သော ထင်းခွေသမား ’ ဆိုတဲ့ ဝတ္ထု ရေးနေတယ် ။ လူလတ်တန်းစား ကို အခြေခံ တဲ့ လျှို့ဝှက်သည်းဖို ဝတ္ထု တစ်ပုဒ်ပါပဲ ”

“ ဒါလည်း အတွဲ ပဲ လား ဆရာ ”

“ မဟုတ်ပါဘူး ။ တစ်အုပ် တည်း ပါပဲ ။ ကျွန်တော် က စာရေး ကျဲ တယ် ။ ကျွန်တော့် ပရိသတ် တွေ သိပါတယ် ။ ဘာဖြစ်လို့ မရေးသလဲ လို့ မေး ကြတယ် ။ ရေး ပါတယ် ။ ဒါပေမဲ့ ရေးတိုင်း က စာ မဖြစ်ဘူး ။ ကျွန်တော် စိတ်တိုင်း မကျတဲ့ ဝတ္ထု တစ်ပုဒ် ကို လက် က မလွှတ်ချင်ဘူး ။

ဒီနေရာ မှာ အတွေ့အကြုံ တစ်ခု ပြောပြချင်ပါတယ် ။ ဆိုပါတော့ .... ဆိပ်ကမ်း က ကုန်တင် ကုန်ချ အလုပ်သမားကြီး တစ်ယောက် ။ သူ က တစ်နေ့ ကို ဆန်အိတ် ဆယ်အိတ် ထမ်းတယ် ။ ဒီနေ့ အလုပ် ကျ လို့ ဆန်အိတ် အလုံး နှစ်ဆယ် ထမ်းလိုက် ရတော့ သိပ် ပင်ပန်းသွားတယ် ။ အိမ် ပြန်ပြီးတော့ အနား ယူမယ် ။ ကြက်ဥကလေး သောက် ၊ ထမင်း ကောင်းကောင်း စား ၊ နွားနို့ကလေး သောက် ၊ ကောင်းကောင်း အိပ် လိုက်ရင် သူ့ အတွက် အား ကောင်းကောင်း ပြည့် သွားတယ် ။

ကျွန်တော် တို့ စာရေးဆရာ အနေနဲ့ ကျတော့ ကိုယ် လေ့လာထားတာ ၊ ဆည်းပူးတာ ခေါင်း ထဲ မှာ တေး ထားတာ ၊ စာအုပ် ထဲ မှာ မှတ် ထားတာလေးတွေ ဟာ ဝတ္ထုတစ်ပုဒ် အနေနဲ့ ချ ရေးလိုက်ရင် ကုန်သွား တယ် ။ ဝတ္ထု တစ်ပုဒ် ထွက် သွားပြီးရင် ကုန်ကြမ်း ပြတ် သွားတယ် ။ အဲဒီ နေရာမှာ မှ ကြက်ဥ သောက် လို့ လည်း အား ဖြစ်မလာဘူး ။ နွားနို့ သောက် လို့ လည်း အား ပြည့် မလာဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ ရှာ ရတာက လူတွေ ရဲ့ ခံစားချက် ၊ လူတွေ ရဲ့ အသည်းနှလုံး အကြောင်း ၊ လူတွေ ရဲ့ ဦးနှောက် အကြောင်း ၊ လူတွေ ရဲ့ ဘဝ အကြောင်း ။ ဒီတော့ ကုန်ကြမ်း ရှားပါး ပါတယ် ။

ကုန်ကြမ်း ကို စာအုပ်တွေ ထဲ က ရှာ ရသလို  လူတွေ ထဲ က လည်း ရှာ ရတယ် ။ ကျွန်တော် ကတော့ လူတွေ ထဲ က ရှာ ရတဲ့ ကုန်ကြမ်း ကို ပို သဘော ကျတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အလိမ္မာ စာ မှာ ရှိ ဆိုတဲ့ စကား ဟာ မှန်ပါတယ် ။ ဒါပေမဲ့ စာအုပ် ထဲ ရှာရုံ နဲ့ မပြီးဘူး ။ လူကြား ထဲ တိုး ရှာရတယ် ။

ဥပမာ ဗျာ ... ကျွန်တော် ‘ မုန်းအောင်ချစ်တဲ့ မသဲဖြူ ’ ရေးတဲ့ အခါ ကျ တော့ ‘ မသီတာ ’ ဆိုတဲ့ နာမည်ကလေး ကို ရအောင် စဉ်းစားရတာ နှစ်ပတ် လောက် ကြာတယ် ။ တစ်နေရာ မှာ မိန်းကလေး တစ်ယောက် ကို သွား တွေ့တယ် ။ အဲ ဒီ မိန်းကလေး ရဲ့ စရိုက် က ကျွန်တော် ဖန်တီးချင်တဲ့ မသီတာ ရဲ့ စရိုက် နဲ့ သွား တူနေတယ် ။ ပြောပုံ ၊ ဆိုပုံ ၊ နေပုံ ၊ ထိုင်ပုံ ၊ ဝတ်ပုံ ၊ စားပုံ ပေါ့ လေ ။ ကျွန်တော် သူ့ ကိုပဲ နောက်က လိုက် ကြည့် နေတယ် ။ အိမ် ပြန်လာတော့ ကျွန်တော် သူ့ အကြောင်းပဲ ခေါင်းထဲ မှာ ထားပြီး ဇာတ်ကောင် ဖန်တီး လို့ ရတယ် ။ မသီတာ  ဆိုတဲ့ နာမည် ရလာတယ် ။ သီတာ ဆိုတာက ‘ ရေ ’ ပေါ့ ဗျာ ။ ရေ ဟာ အေးချမ်းတယ် ။ ဒါပေမဲ့ ဆူပွက်နိုင်တဲ့ သတ္တိ ရှိတယ် ။ ခန်းခြောက် တတ်တယ် ။ ဒါကြောင့် ကျွန်တော့် ဇာတ်ကောင် နာမည် ကို မသီတာ လို့ ပေး လိုက်တာပဲ ။ အင်မတန် ရိုးတဲ့ နာမည်လေး ပါ ။ ဒီ နာမည် ရဖို့ နှစ်ပတ်လောက် ရှာ ရတယ် ဆိုတော့ အံ့ဩ မလားတော့ မသိဘူး ။

အဲဒီလို ကုန်ကြမ်း ရှာရတာ ခတ်ခဲတဲ့ အတွက်လည်း ကျွန်တော့် စာအုပ်တွေ အထွက် ကျဲ တာပါ ”

“ ဆရာ ငယ်ငယ် ကတည်း က စာရေးဆရာ ဖြစ်ဖို့ ရည်ရွယ်ချက် ရှိ ပါသလား ”

“ ကျွန်တော် ငယ်ငယ်တုန်း ကတော့ စာရေးဆရာ ဖြစ်ချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး ။ ကျွန်တော် ဇာတ်လိုက်မင်းသား လုပ်ချင်တယ် ။ အဆိုတော် ဖြစ် ချင်တယ် ။ ပန်းချီဆရာ ဖြစ်ချင်တယ် ။ စစ်သား ဖြစ်ချင်တယ် ။ ဆရာဝန် ဖြစ်ချင်တယ် ။ အဲ .... နောက်ပြီးတော့ ကမ္ဘာကျော် လက်ဝှေ့သမား လည်း ဖြစ်ချင်တယ် ။ ဒါက ကျွန်တော် ငယ်ငယ်တုန်း က စိတ်ကူးယဉ် အတွေးအခေါ် ပေါ့ ။ ဖြစ်သင့် ဖြစ်ထိုက် တာ တွေလည်း အချို့ နည်းနည်းပါးပါး တော့ ဖြစ်ခဲ့တယ် ။ ကျွန်တော့် ဘဝ လမ်းခုလတ် တစ်ဆစ်ချိုး မှာတော့ ကျွန်တော့် ကိုယ် ကျွန်တော် နားလည် လာတယ် ။ ကျွန်တော် စာရေးဆရာ ဖြစ်ချင်တယ် ။ ဖြစ်သင့် သလောက် လည်း ဖြစ်နေပါပြီ ”

“ ကဲ .... ဆရာ ရုပ်ရှင်မင်းသား ၊ ဒါရိုက်တာ ၊ သီချင်းရေးဆရာ ၊ အဆိုတော် ၊ လက်ဝှေ့သမား ဖြစ်ချင်သေးလား ”

“ ဒါ ငယ်ငယ်တုန်း က ကျွန်တော် စိတ်ကူး ယဉ်ခဲ့တာပါ ။ ကျွန်တော် မျှော်လင့်တဲ့ စာရေးဆရာ ဘဝ ကို ကျွန်တော် ရ ပြီးပါပြီ ။ စာရေးဆရာ ဘဝ ဆိုတာ မပြည့်စုံ ၊ မဖူလုံ ၊ မကြွယ်ဝ ပေမယ့် လို့ အေးချမ်း ပါတယ် ။ အခု ဘဝ အပါအဝင် ပေါ့ ဗျာ ။ ကျွန်တော် စာရေးဆရာ ပဲ ဖြစ်ချင်တယ် ”

“ တစ်ခုတော့ ပွင့်ပွင့်လင်းလင်း မေးမယ် ဆရာ ၊ စာ ရေးတာ အပြင် ဆရာ့ မှာ အခြား စီးပွားရေး ဘာများ ရှိပါသလဲ ”

“ ဒီ မေးခွန်း ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဖြေ ချင်ပါတယ် ။ ကျွန်တော့် မှာ စာပေ ရေးသား ခြင်း အလုပ် က လွဲရင် မရှိပါဘူး ။ စာ ရေးပြီး ထမင်း စားပါတယ် ။ ထမင်း စားပြီး စာ ရေးပါတယ် ။ ဆိုလိုတာကတော့ ထမင်းစား ဖို့ စာ ရေးသလို ၊ စာ ရေးတာလည်း ထမင်း စား ဖို့ ဖြစ်ပါတယ် ”

“ ဆရာ စာ ရေးတာ ကို နေ့ တစ်နေ့ မှာ အလုပ်ချိန် အနေနဲ့ ကန့်သတ် ထားပါသလား ”

“ ကျွန်တော့် ကိုယ် ကျွန်တော် လည်း ချုပ်ကိုင် မထားချင်ပါဘူး ။ ကျွန်တော့် ဇာတ်ကောင်တွေ ကို လည်း ချုပ်ကိုင် မထားချင်ဘူး ။ တစ်လ မှာ တစ်လုံး မှ မရေး ဖြစ်သလို တစ်နေ့ တစ်ည မှာ စာမျက်နှာ ၅ဝ ကျော် လောက် ထိ ရေးခဲ့ဖူးတာတွေ လည်း ရှိတယ် ။ ရေးဖြစ် ခဲ့တာတွေ လည်း ရှိတယ် ။ နောက် တစ်ခု ရှိတာ က ဗျာ ၊ ကျွန်တော် စာ များများ ဖတ်ချင်တယ် ။ ကျွန်တော် စာ ရေးတာ ထက် စာများများ ဖတ် ချင်တယ် ”

“ ဆရာ ဘယ်သူ့ စာတွေ စွဲစွဲမြဲမြဲ ဖတ် ဖူးပါသလဲ ”

“ အင်း ..... ဒီနေရာ မှာ ကျွန်တော် ဖြေရရင် ပြည်ပ စာတွေ က ကျွန်တော် အလျဉ်းသင့် သလို ဖတ် တယ် ။ ဒါပေမဲ့ ပေါင်မုန့် ထောပတ်သုတ် စား ရသလို မှန်တာ ပြောရရင် ခံတွင်း မတွေ့ လှဘူး ။ ကျွန်တော်တို့ ပြည်တွင်း က စာပေတွေ ထဲ မှာ ကျွန်တော် ကြိုက်တဲ့ စာရေးဆရာ တွေ က ဆရာသော်တာဆွေ ၊ ဆရာမြသန်းတင့် ၊ ဆရာမ ဒေါ်ခင်နှင်းယု ၊ ဂျာနယ်ကျော်မမလေး ၊ ဆရာဇဝန ၊ ပြီးတော့ ကျွန်တော့် နောင်တော်ကြီး ရေးဖော် ဆရာမြလှိုင် ၊ ဆင်ဖြူကျွန်းအောင်သိန်း ၊ ကျွန်တော် နဲ့ ခေတ်ပြိုင် ဆိုပါတော့ ဆရာငြိမ်းကျော် ၊ ဆရာ မောင်ဝဏ္ဏ ၊ ဆရာသုမောင် ၊ မိုးမိုး ( အင်းလျား ) ၊ မစန္ဒာ .... ပြောရရင်တော့ တစ်ပုံကြီး ပေါ့ ဗျာ ။ ရှဲဒိုး မဟုတ်သော ပင်ကို ရေး စာရေးဆရာများ အားလုံး ကို ကျွန်တော် လေးစားပါတယ် ။ ကြိုက်လည်း ကြိုက်ပါတယ် ”

“ ကျေးဇူးတင်ပါတယ် ဆရာ ၊ စိတ်ရှည်လက်ရှည် အချိန် ပေးပြီး တွေ့ဆုံခွင့် ရတဲ့ အတွက် နဲ့ ဆရာ့ ရှားပါးတဲ့ စာအုပ် တွေ ဖတ်ခွင့် ရလိုက်တဲ့ အတွက်ပါ အထူး ကျေးဇူး တင်ပါတယ် ”

▢  ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
      အမှတ် - ၁၄
      ဇူလိုင်လ ၊ ၁၉၈၂ ခုနှစ်

 

No comments:

Post a Comment