Friday, February 7, 2025

မြောက်ဖျားက ဆောင်းရာသီ

❝ မြောက်ဖျားက ဆောင်းရာသီ ❞
         ( စံပယ်ဖြူနု )

တစ်နေ့တာလုံး နေရောင်ခြည် ကောင်းစွာ ရရှိလေ သော အခန်းလေး တွင် ကျွန်မ နေပါသည် ။ အခန်းသည် အစဉ်လိုပင် နွေးထွေး နေတတ်၏ ။ နွေအခါ တွင် ပူပြင်း ကာ ဆောင်း တွင်တော့ ပြင်ပက အေးမြခြင်း ကိုပင် မသိ တတ်နိုင်အောင် ခပ်နွေးနွေးပင် ရှိသည် ။

ညနေခင်း ရုံးက ပြန်ရောက်ချိန်၌ ဖြစ်စေ ၊ ညဉ့်နက် လျှင်ဖြစ်စေ ၊ သို့တည်းမဟုတ် နံနက်ခင်း အိပ်ရာက နိုးထလျှင် ဖြစ်စေ ကျွန်မသည် ဆောင်း၏ အငွေ့အ သက်ကို နည်းနည်းမျှပင် မခံစားရပါ ။ အေးမြလှသော ဒေသတွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သလို ဆောင်းသိပ် မပီပြင်သည့် မြို့၏ အတွင်းပိုင်း လို နေရာတွင် နေရတာ ကြောင့်လားမသိ ။ ရန်ကုန်ဆောင်း သည် ကျွန်မကို မပြု စားနိုင်ချေ ။

သိပ်အေးတာပဲ ဟု ပြောတတ်သော မိတ်ဆွေများ ကို ရယ်ပွဲ ဖွဲ့လျှင် သူတို့၏ မျက်စောင်းများ နှင့် ရင်ဆိုင်ရလေ့ ရှိပါသည် ။

“ အေးလေ နင် ကတော့ ဘယ် အေးပါ့မလဲ ”

ဟု အနွေးထည် အလှကို ရာသီဥတု နည်းနည်း အေးသည် နှင့် ထုတ် ဝတ်ချင်သော သူငယ်ချင်း က ပြော တတ်သည် ။

သည်လို ဆိုလျှင်တော့ “ ငါတို့ ဆီမှာလေ ” ဟု အစချီ ကာ မြောက်ဖျားက ဆောင်းရာသီ အေးမြပုံ အကြောင်း ကျွန်မ စိတ်လိုလက်ရ ပြောပြချင်လာပါသည် ။ ပြောပြ ချင်နေသည့် အချိန်နှင့် တိုက်ဆိုင် လာလျှင်တော့ စကားစ လာသူမှာ ကျွန်မ ပြောသမျှ နားထောင်ပေတော့ ။

“ တို့ဆီမှာ အေးတာက မီးတောင် လှုံရတာကိုး ။ ညညဆို ခြံထဲမှာ မီးဖိုကြီးမှ အကြီးကြီးပဲ ဖိုတာ ။ ထင်းတုံးတွေ ဆိုင်ပြီး ညမိုးချုပ်ရင် မီးဖို တော့တာပဲ ။ မီးလှုံရင်း ခေါပုတ်လေး ကင်စားရတဲ့ အရသာများ ဘာနဲ့မှ မလဲ နိုင်ဘူး ”

သူတစ်ပါး ကို အားကျစေလိုစိတ် နှင့် ပြောမိသော ကျွန်မမှာ နောက်ဆုံးတော့လည်း ကိုယ်တိုင်ပင် ပြန်လွမ်း ရပါတော့သည် ။ သူငယ်ချင်း က တစ်ခဏမျှသာ သည် အကြောင်းများ စိတ်ဝင်စားဖော် ရပြီး တစ်ဖန် အာရုံပြောင်း ချိန်တွင်တော့ ကျွန်မ တစ်ယောက်သာ အလွမ်းများ တစ်ပွေ့တစ်ပိုက် နှင့် ကျန်ရတတ်သည် ။

ဇာတိမြေ ကချင်ပြည်နယ် က ဆောင်းရာသီ ကို လွမ်း တသော ကျွန်မသည် တကယ့် တကယ်တော့ ထိုမြေ က ဆောင်းနှင့် ဝေးခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပါပြီ ။ အလုပ် ခွင် ဝင်ပါပြီ ဆို ကတည်းက သင်္ကြန်ပိတ်ရက် သာ အိမ်
ပြန်ဖြစ်လေရာ ဆောင်းကို မကြုံရပြီ ။ သင်္ကြန်ကာလ တွင် နံနက်ခင်း အစောပိုင်းများ ၌ အေးမြမြ အထိအတွေ့ကို ခံ စားရသေးသည် ။ ကျေနပ်ရပါသေးသည် ။ သို့သော် ကျွန်မ လွမ်းတသော ဆောင်း ကိုတော့ မမီပြီ ။

“ အေးနေပြီလားဟင် ”

ဟု အိမ်နှင့် ဖုန်းပြောရတိုင်း ကျွန်မ သတိတရ မေးတတ်ကာ စိတ်ကူး ၌လည်း အိမ်သို့ အပြေးပြန်တတ် ပါသည် ။ စိတ်ကူးနှင့်ပင် ဆောင်း ကိုမြင်သည် ။ မီးဖိုမှာ မီးလှုံရသည် ။ ခေါပုတ်ကင်နံ့ ပင် တသင်းသင်း ရသည် ထင်မှတ်လာ၏ ။ စိတ်နှင့်လူ တစ်ဖန် ကပ်သော် ရန်ကုန် မြေ၌ ခြေမြဲမြံလျက် ။ အာရုံတိမ်းပွေချိန်တိုင်းတော့ စိတ် က တိမ်စိုင်လို မျောလွင့်မြဲ ။

ကျွန်မတို့ ငယ်ရွယ်စဉ် ကတော့ ဆောင်းကို ကျောင်း တက်ရက် နံနက်ခင်းများနှင့် တွဲလျက် မှတ်မိစရာ ဖြစ် ရပါသည် ။ ထိုစဉ်က ကျွန်မသည် မြို့တွင် ကျောင်းတက် စဉ် အဘွားအိမ်၌ နေထိုင်ရသည် ။ အဘွားသည် အခြား သော အချိန်များ၌ ချစ်ဖွယ် ကောင်းတတ်သော်လည်း နံနက်ခင်းအလင်း ရောက်သည်နှင့် အိပ်ရာက အတင်း နှိုးတတ်တာ တစ်ခုကိုတော့ ကျွန်မ မကြိုက်ခဲ့ပါပေ ။

ဆောင်းက အေးလှသည်မို့ ဂွမ်းစောင်ပုံထဲက ထွက် ဖို့ဆိုသည်မှာ စိန်ခေါ်မှု သဖွယ်တည်း ။ ဂွမ်းစောင်ထူ အိအိကြီးများ ထဲ ပုစွန်တုပ်များလို ကွေးကွေးလေး အိပ် စက်ရသည်မှာ ဘယ်လောက် ဇိမ်ရှိပါသနည်း ။ သည်လို သာ မထတမ်း အိပ်ချင်သည် ဟု ငယ်စဉ်က အကြိမ်ကြိမ် တွေးဖူးသည် ။ ကျောင်း မတက်ရလည်း ကောင်းသား ပဲ ။ သို့သော်လည်း အချိန်တန် လျှင်တော့ အဘွားသည် စောင်များကို ဆွဲခွာကာ အိပ်ရာက နှိုးတက်သည် ။

“ ထတော့ ဒီကလေးဟာ နေမြင့်တဲ့အထိ အိပ်ချင် တယ် ။ ကျောင်းသွား ရမယ့်ဟာ စာလေးဘာလေး လည်း ကျက်ဦး ၊ ထ ၊ ထ ”

အဘွားသည် သည်မျှသာ ဆော်ဩနိုင်ကာ ဈေးသို့ ဆွဲခြင်းကလေး ဆွဲပြီး ထွက်သည် ။ အသက်ကြီး သော် ငြား နံနက်တိုင်း ဈေးသွားမြဲ ။ ဟင်းလျာ စီမံမြဲ ။ ခြံဝင်းထဲမှ အဘွား ထွက်သွားသည် ကို သေချာ အောင် ချောင်းကြည့် ပြီးသော် စောင်ပုံထဲ တစ်ကျော့ပြန် ခွေပါသည် ။ အပြင်တွင် အေးလှသည် မဟုတ်လား ။ ကြမ်းပြင်ကလည်း အေးစက်နေသည် ။ လေကလည်း အေးစက်နေသည် ။ သည့်ထက် ရေအေးအေး နှင့် မျက်နှာသစ်ရမည် ဆိုသည်ကို အထိတ်လန့်ဆုံးတည်း ။ ရေချိုး ဖို့ ဆိုသည်မှာတော့ အိပ်မက်ပင် မက်ကောင်းသည်
မဟုတ် ။

အိပ်ရာနွေးနွေး ကို ဘယ်သို့ပင် ခင်တွယ်သော် လည်း အဘွား ပြန်မလာမီတော့ အပြေး ထရသည် ။ မျက်နှာသစ် ၊ သနပ်ခါးလိမ်းကာ အဝတ်အစား လဲထားရ သည် ။ ပြန်လာလို့မှ အိပ်ရာထဲ တွေ့ နေသေးလျှင်တော့ အဘွား၏ ပါးစပ်ကို ကြောက်ရမည် မဟုတ်လား ။

သို့နှင့် အချိန်တန်လျှင် နံနက်စာစား လွယ်အိတ် ကလေး လွယ်ကာ ပတ်ဝန်းကျင် မှ အိမ်နီးနားချင်း အစ်ကို ၊ အစ်မ တစ်သိုက်နှင့် ကျောင်းသွားပါတော့သည် ။ ကျောင်းမှာ ဆယ့်ငါးမိနစ် မျှ လျှောက်လျှင် ရောက်သည် ။ ကျောင်းသို့ သွားရာလမ်းကတော့ ဆောင်းနံနက်ခင်းများ၌ အထူးလှသည် ။ အထူးလှသည် ဟု သာ ကျွန်မ ထင်ပါသည် ။

လမ်းသည် ကွေ့ ကောက်ကာ ကျောင်းဘက် သို့ ဦး တည်သွားသည် ။ သည်လမ်းပေါ်၌ ကျွန်မတို့ လိုပင် ကလေးတစ်သိုက် တို့သည် ဟိုတစ်စု သည်တစ်စုဖြင့် ခြေကျင် သွားနေကြသည် ။ နှင်းမကွဲသေး ။ အဖြူအစိမ်း တူညီဝတ်စုံ တို့သည် နှင်းမကွဲသေးသော မြူဆိုင်းသည့် ငွေဖြူ ။ ဝန်းကျင်က သစ်ပင်တို့၏ အစိမ်း တို့ရောသော သဘာဝအလှနှင့် အတော်ပင် လိုက်ဖက်သည် ကို သတိ ရသည် ။

ကျွန်မတို့သည် ဆောင်း နံနက်ခင်း စောစောများ တွင် ကိုယ့်ရှေ့ဝန်းကျင် မလှမ်းမကမ်းမျှသာ မြင်ကြရပါ သည် ။ အဝေးကို လှမ်းကြည့်သော် မသဲကွဲ ။ မြူနှင်းများ ဆိုင်းဆဲ ။ လေမှာ အေးစိမ့်၍ နေသည် ။ အနွေးဦးထုပ် ဆောင်း ထား၍ ခေါင်းမစို ။ မျက်နှာကတော့ ရေငွေ့ ရိုက် စပြုကာ အေးစက် နေတတ်သည် ။ မျက်တောင်ဖျား၌ နှင်း ငွေ့များ ခိုတွဲ နေတတ်သည် ကိုတော့ ကျွန်မ အလွန် သဘောကျပါသည် ။ မျက်တောင်ကိုပင် ခဏခဏ ခတ်တတ် သေးသည် ။ ရေစက်ပေါက်ကလေးများ မျက်နှာ ပေါ် ကျသည်ကိုလည်း နှစ်သက်တတ်သေးသည် ။

စာသင်ခန်းထဲ ရောက်စ၌ လက်ချောင်းကလေးများ ကျင်ခဲနေသလို စာရေးရန် ခက်လှသည် ။ ဘောလ်ပင် ၊ ခဲတံတို့ကို မကိုင်ကွယ်နိုင် ။ လက်ချောင်းများ အချင်း ချင်း ဆုပ်နယ်လိုက် ၊ ပါးစပ်က လေနှင့် နွေးထွေးစေလိုက် ပြုကာ စာရေးဖို့ ကြိုးစားရသည် ။ အတန်ကြာလျှင်တော့ အသားကျပေပြီ ။ သည်သို့သာ ကျောင်းသူ ဘဝ၏ ဆောင်းနံနက်ခင်း များစွာကို အစီအစဉ်တကျ ဖြတ်ကျော် ခဲ့ရသည် ။

ငယ်စဉ်က ကျွန်မတွင် အနွေးအင်္ကျီအလှများ မရှိ ပါ ။ ကတ္တီပါပြောင် နီညိုရောင် တစ်ထည် ၊ ဆွယ်တာ မီးခိုးရောင် တစ်ထည်ပဲ ရှိခဲ့သည်လား မသိ ။ သို့သော် မြို့စွန်၌ တည်ရှိသော ကျွန်မတို့ ကျောင်းတွင် မျက်နှာ ငယ်စရာ စိုးစဉ်းမျှ ရှာမတွေ့  ။ ဘဝတူတွေ ရှိသားပဲ ။ တတ်နိုင်သည့် သူက အနွေးအင်္ကျီ အလှများ ဝတ်ထား သော် အားကျငေးမောမည် ။ သို့သော် မိဘကို ပူဆာရန် ကား တစ်ကြိမ်မှ စိတ်ကူး မရှိခဲ့စဖူး ။ မပြည့်စုံလှသော ငယ်ဘဝ တွင် ကျွန်မ သည် ဆောင်းရာသီ ကိုတော့ မုန်းစိတ်မဝင် ။

နံနက်ခင်းစောစော၌ ချမ်းရအေးရသည့် ကြားထဲ ကျောင်းသွားရန် ထရခြင်း တစ်ခုကိုတော့ ကျွန်မ ငြူစူ ချင်သည် ။ ကျွန်မ က အအိပ်မက်သူ ။ အိပ်ရာစောစော ထရသည့် ဆောင်းနံနက်ခင်းများကို မကြိုက်လှသော် လည်း ဆောင်းနေဝင်ပြီး နောက် လေအေးများကြီးစိုးလာ သည့် နေစောင်းချိန်များ ကိုတော့ ကျွန်မ အလွန်နှစ်သက် ပါသည် ။

ဦးလေးသည် မှောင်စပျိုးသည် နှင့် ခြံထဲမှာ မီးဖိုပါ တော့သည် ။ မီးဖိုနေကျ နေရာမှာပင် လောင်ကျွမ်းပြီးသား ထင်းတုံးဟောင်းကို မီးပြန် မွှေးသည် ။ သစ်ကိုင်းခြောက် နည်းနည်း ထပ်ထည့်သည် ။ မီးညွန့်ကလေး တက်လာ လျှင် လှုံနိုင်ပေပြီ ။

ခြံချင်း နီးသော ဝမ်းကွဲအစ်မ နှင့် ကျွန်မ သည် အဘွားအိမ် ပေါ်တွင် အိမ်စာအတူ လုပ်ပြီးသော် မီးဖို နားသို့ အပြေးကပ် ကြတော့သည် ။ အိမ်သည် ထရံကာမြို့ လေက တိုးဝင်လျက်ရှိရာ အေးလှသည် မဟုတ်လား ။ ကျွန်မတို့သည် မီးဖိုအနီး ဝိုင်းထိုင်နေကြသည့် လူကြီးများ အကြား တိုးဝှေ့ ထိုင်ကြသည် ။ ခြေ ၊ လက်တို့ ကို ပူနွေးအောင် မီးလှုံကြသည် ။ မီးဖိုဘေးတွင် ခေါပုတ် သို့မဟုတ် ပေါင်းတင်းကျည် ( ကောက်ညှင်းကျည်တောက် ) စသည်ဖြင့် လူကြီးများ က တစ်ခုခု ကင်နေ ၊ မွှေးနေသည်ကို ငေးမျှော်ကာ စောင့်ကာ စားကြသည် ။ အဘွား ပြောပြတတ်သည့် ရှေးစကားများကို မျက်လုံး အဝိုင်းသားနှင့် နားထောင် တတ်ကြသည် ။ အိပ် ချိန်တန်လျှင်တော့ ဂွမ်းဆောင်ပုံများ ကြားထဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရခြင်း ကို ဘယ်တော့မှ မမေ့ ။

ဆောင်းရာသီ၌ပင် ကြုံရသော ကျောင်းပိတ်ရက်ရှည်များ တွင်တော့ ရွာသို့ပြန်လျှင် ကျွန်မ နှစ်သက်သော ဟင်းလျာများ အတွက် အသီးအရွက် အညွန့်အဖူးတို့စုံ လင်ပေပြီ ။ မုန်ညင်းဖူးနုနုများရမည် ။ ပဲရွက်နုများရမည် ။ ပဲသီးနုများရမည် ။ အားလုံးသည် စိမ်းစိမ်းစိုစို လတ် လတ်ဆတ်ဆတ် ။ အချို့ကိုတော့ ခြံထဲ တွင်ပင် ရနိုင် သည် ။ အမေ ကိုယ်တိုင် စိုက်ပျိုးထားပေသည် ။

အမေ သည် ကျွန်မ အလွန် နှစ်သက်သော မုန်ညင်းစော ( မုန်ညင်းချဉ်ရည်ဟင်း) ကို ချက်ကျွေးတတ်သည် ။ ဟင်းလှော်ပေါင်း လုပ်ကျွေးတတ်သည် ။ မုန်ညင်းပေါင်း လုပ်ကျွေးတတ်သည် ။ ငါးပေါင်း လုပ်ကျွေးတတ်သည် ။

ရွာက အိမ်ကလေးသည် ချောင်းနံဘေးတွင် တည်ရှိ လေရာ ဆောင်းရာသီ နံနက်စောစောများ၌ ရေပြင်ကို မြူနှင်းများ အကြား မသဲမကွဲ မြင်ရသည့် မြင်ကွင်းကို လည်း ကျွန်မ သတိရနေသည် ။ အမေ လုပ်ပေးတတ်သည့် နံနက်စာ ထမင်းကြော် ၊ ကော်ဖီပူပူ တို့ကိုလည်း ဆောင်းနံနက်ခင်းများ နှင့် တွဲဖက်ကာ မှတ်မိနေဆဲပင် ။

ရွာတွင်တော့ ကောက်နှံတို့ လည်း ပေါ်ပြီဖြစ်ရာ ခေါပုတ် လှိုင်လှိုင် ထောင်းကြဆဲ ။

တစ်အိမ်အိမ်က ခေါပုတ် ထောင်းလျှင် နီးစပ်ရာက အမျိုးသမီးများ ဝိုင်းကူကြသည် ။ မောင်းတံပေါ် ခြေသုံး ဖက် ၊ လေးဖက်မျှ အချက်ညီညီ နင်းကြသည် ။ မောင်း ဆုံနားတွင် နေသူက ကျည်ပွေ့ တွင် ကပ် နေသည့် ထောင်းလက်စ ကောက်ညှင်းစေးပျစ်ပျစ်ကို ခွာလိုက် ဆုံထဲ တစ်ဖန်ထည့်လိုက် ကျင်လည်စွာ လုပ်ပေးရသည် ။ ဘက်လှည့်ပေးရသည် ။ သည်မြင်ကွင်းကို ပြန်တွေးတိုင်း ကျွန်မသည် မောင်းဆုံရှေ့ စောင့်တတ်သည့် ကြီးကြီး၏ လက်ယဉ်ပုံ ၊ ကျွမ်းကျင်ပုံကို မမေ့ ။

မောင်းထောင်းနေသည့် အနီးတစ်ဝိုက် ကျွန်မတို့ ကလေးတစ်သိုက် က ကျင်လည်သော် ကြီးကြီးသည် ထောင်းလက်စ ထဲက အဆုပ် အဆုပ်ခွဲကာ လှမ်းပေး တတ်သည် ။ မီးဖို အနီးသို့ အပြေး သွားကာ သီတံထိပ် တပ်လျက် ကင်စားရသည့် အရသာ မှာ အမေ ကင်ပေး တတ်သည့် ခေါပုတ် ထက်ပင် စားကောင်း သလို ထင် တတ်ခဲ့သည် ။ ခေါပုတ်များ ကို ဝိုင်းကူကြသူများ ကိုလည်း ပေးရသည် ။ အိမ်နီးနားချင်းများ ထံ ပို့ရသည် ။ ဆွေမျိုး များ ကိုလည်း ခွဲပေးသေးသည် ။

မိမိ အိမ်က တစ်ကြိမ်တစ်ခါ ထောင်းလျှင် အများကို ပေးဝေသလို ပတ်ဝန်းကျင်က ထောင်းလျှင် လည်း အိမ် ကို အပို့ရောက်သည်သာ ။ သည်တော့ အိမ်တွင် ခေါပုတ် မပြတ် ။ စားစရာလည်းမပြတ် ။ ကျောင်းပိတ်ရက်လွန်၍ မြို့သို့ပြန်သော် စားစရာများ သယ်ကာ ပြန်ရသည် ။ မြို့တွင်တော့ ကျွန်မကျောင်းတက်ခဲ့သည့် ချမ်းချမ်းစီး စီး နံနက်များက စောင့်ကြိုမြဲ ။ သို့သော်လည်း မီးဖိုနံ ဘေး နွေးထွေးနေပျော်သော ညကာလများလည်း ရှိသေး သည်မို့ ဆောင်းကို ကြာရှည် စိတ်မကုန်ပြန်ချေ ။

ငယ်ရွယ်စဉ်နှင့် ဆယ်ကျော်သက်ရွယ်တုန်းကပဲ ဘဝကို ပျော်စရာဟု ပိုမြင်တတ်ခဲ့လေသလား မသိ ။ ပြန်စဉ်းစားလျှင် အရာရာသည် လွမ်းစဖွယ်တည်း ။ တစ်နှစ်တော့ ဆောင်းရာသီ ပြန်ဖြစ်အောင် ပြန်ပါမည် ဟု ယခုတိုင် တွေးဆဲ ။ ပြီးခဲ့သည့် တစ်ရက်က အမေနှင့် ဖုန်းပြောရသော် ဆောင်းရာသီ တွင် ကျွန်မ တစ်ကြိမ်မှ မပြန်ဖြစ်တော့သည် ကို အမေ က သတိတရ ပြောလိုပြန်သည် ။

“ တစ်ခါတော့ ဆောင်းတွင်း ပြန်လာဦးလေ ။ စားစရာ ပေါတယ်ကော ။ သမီး ပြန်လာတဲ့ နွေရာသီဟာ လုပ်ကျွေးချင်ရင်တောင် ဘာမှ သိပ်မစုံတော့ဘူး ။ ခေါပုတ် လည်း အဲဒီအချိန်လောက်ဆို ကုန်ပြီ ”

အမေ့ စကားသံ သည် ဖုန်းချပြီးသော်လည်း နား၌ စွဲမြဲဆဲပင် ။ သို့သော် အမေ့ သမီးမှာတော့ ဆောင်းရာသီ အိမ်ပြန်ရေး ဆိုသည်မှာ စေ့စေ့ တွေးရန်မလိုဘဲ ထင်းထင်း ပေါ်မြဲ အဖြေရှိပြီးသားပင် ။ အသွားအပြန် လေးရက်မျှ ကြာသော ရွာကလေးသို့ ဘယ်မှာ လျှင် ပိတ်ရက်ရှည် မရဘဲ ပြန်နိုင်ပါမည်နည်း ။ ကြာတော့လည်း အလွမ်း နှင့် အသားကျကာ မလွမ်းရတော့ဘူးဆိုလျှင်ပင် မနေတတ်တော့ဘူး ထင်လာသည် ။ လွမ်းရတာကိုပင် စည်းစိမ် တစ်မျိုးလို ထင်မှတ်ကာ လွမ်းတတ်လာသည် ။

ခုတစ်လောတော့ မြောက်ဖျားပိုင်း ကို ပိုလွမ်းရသည် ။ ရာသီဥတု အေးနေမည် ဆိုသည်ကို တွေးမိလျှင် တိုး၍ လွမ်းရသည် ။ သည်တစ်ကြိမ် လွမ်းရသည် ကတော့ အစားအသောက်များကိုလည်း မဟုတ် ။ နွေးထွေး လုံခြုံ ရာတွင် ရှိနေမည့် ကျွန်မ ၏ မိသားစုကို စိတ်အေးရသော်လည်း မတတ်နိုင် လက်မှိုင်ချကာ အိမ်အပြန်လမ်း ငေးမျှော် နေရရှာသော စစ်ဘေးသင့်သူများ ကိုတော့ လွမ်း ရပါပေသည် ။

“ အနွေးထည် လည်း မလောက်ဘူး ။ တို့ဆီမှာ ဒီလောက် အေးတာ နင်သိတဲ့ အတိုင်း ၊ အိမ် ထဲမှာ တောင် ဒီလောက် အေးတာ ။ ငါလည်း ဘာလုပ်ပေးရမှန်း မသိ တော့ဘူး ”

တစ်နယ်တည်း ၊ တစ်ခရိုင်တည်း ကြီးပြင်းခဲ့ကြ သော်လည်း ရန်ကုန်တွင်မှ ကြံကြံဖန်ဖန် တွေ့ကြုံခင်မင် ရသော အစ်မသည် တစ်ရက်၌ ခရီးမစမီ ကျွန်မကို တိုင်တည်သည် ။ မကြာခင် သူ ခရီးစမည် ။ ကျွန်မတို့၏ ဇာတိ မြောက်ဖျားဆီ ။ သူသည် အခါများစွာကလို အိမ် ကို အလည် ပြန်သည် မဟုတ် ။ ဒုက္ခသည်စခန်းများ ၌ ရှိနေဆဲသူများ ထံ စေတနာရှင်များ ဆီ က ရတတ်သမျှ အကူအညီများ သယ်ပိုး၍ သွားရန်ပြင်ခြင်း ။

ကျွန်မ က သူ့ကို တိတ်တဆိတ် ပူပင်ဆဲ ။ သူက တော့ သူ့ကိုယ်သူ ထက် အိမ်မပြန် နိုင်သေးသည့် ကလေး များ ၊ မိခင်များ ၊ အဘိုးအဘွားများ အတွက် ပူပင်နေသည် ။ ကျွန်မ တွင်တော့ အပူသည် ရံဖန်ရံခါတော့ များပြားသည့် ဘဝ တာဝန်များကြား ပေါ်လိုက်ပျောက်လိုက် ပင် ။

တစ်ခါတစ်လေတော့ ရွာကို မိသားစုကို အလွန်အမင်း ပူပန်နေတတ်သည် ။ အပြေးသွားချင်သည် ။ မိတ် ဆွေများရှေ့ မျက်ရည်ကျမိသည့် အချိန်လည်း ရှိခဲ့ သည် ။ သို့သော်လည်း မိဘများ အသံကို ဖုန်းထဲက ကြားရုံနှင့် သက်ပြင်းချကာ စိတ်အေးတတ်သည့် အချိန် မျိုးလည်း ရှိပြန်သည် ။

တကယ်တော့ သေနတ်သံ ၊ ဗုံးသံများသည် ကျွန်မ တို့နှင့် စိမ်းသည်မဟုတ် ။ နှစ်အတော်ကြာ ကြားဖူးနားဝ ရှိခဲ့သည် ။ ထို့နောက် တစ်ဖန် ငြိမ်းအေး သွားပြန် သည် ။ ဆယ်စုနှစ်ကို ကျော်လွန်ငြိမ်းချမ်းဆဲ လွန်ခဲ့သော နှစ်နှစ်ကျော် ကတော့ မိုးစက်များ နှင့်အတူ ကျွန်မတို့ မြေ၌ မငြိမ်းချမ်းခြင်းသည် တစ်ကျော့ပြန် နိုးထခဲ့ပြီ ။

ဇွန် ၊ ဇူလိုင်လတို့သည် ကျွန်မအတွက် ခက်ခဲစွာ ဖြတ်ကျော်ရသည့် ကာလများ ။ အဲသည် အချိန်က မိသား စုကို ပူပန်စိတ်နှင့် တစ်ဖက်တွင် မြို့ပြ ကို စွန့်ခွာရန် ခက်ခဲနေဆဲ အနေအထားများ အကြား ကျွန်မ ပြိုလဲမ တတ်ဖြစ်ခဲ့ရသည် ။ သို့သော် ရွာကလေးသည် ကာလ ရှည်ကြာ ဘေးကင်းဆဲ ။ သည်တော့ မိသားစုထံက ပူပင် စိတ်သည် အိမ်ကို စွန့်ခွာပြေးလွှားရသူတို့ ထံ ကူးပြောင်း ပြန်သည် ။

အဲသည်နှစ် ကလည်း အစ်မသည် နယ် ပြန်ခဲ့သေး သည် ။ သူ အပြန်တွင် ဓာတ်ပုံများစွာ ပါလာသည် ။ ကျွန်မသည် ထို ဓာတ်ပုံများကို ကြည့်ကာ သူ့ရှေ့တွင်ပင် မျက်ရည် ကျရသည် ။

အဝတ်အထည် နွမ်းနွမ်းကလေးများနှင့် ကလေးတို့ သည် ကင်မရာ ကို အပြစ်ကင်းစင်သော မျက်လုံးကလေး များနှင့် ငေးနေကြသည် ။ ငိုနေသော ကလေးလေးကို လည်းတွေ့ ရသည် ။ ပဲပြုတ်တစ်ခွက် နှင့် ထမင်းစား နေ ကြသော ကလေးတို့ ကို မြင်သည် ။ ဒုက္ခသည်စခ န်းက ကြမ်းပြင်ပေါ် စာကုန်း ရေးနေကြသည့် ကလေးတို့ ကို ရင်နာစဖွယ် တွေ့မြင်ရသည် ။ စခန်းတို့သည် အမိုးအကာ လုံလုံခြုံခြုံ လည်း မဟုတ် ။ ဓာတ်ပုံတို့ ကို တွေ့ရသော အချိန်သည်လည်း ဆောင်းကာလ သာ ဖြစ်သည် ။ သူတို့ ဘယ်လောက်များ အေးနေကြမလဲ ။

ကျွန်မ မျက်ရည်တွေတွေ ကျနေသည် ကို အစ်မက ငေးနေသည် ။

“ ငို ၊ ငို ၊ ငိုချင်သလောက် သာ ငိုပေတော့ ။ ငါ့ မှာ တော့ ငိုစရာ မျက်ရည်တောင် မရှိတော့ဘူးဟ ။ ငို လည်း မငို နိုင်တော့ဘူး ။ ငါ မြင်ရတဲ့ မြင်ကွင်းတွေ နင် အပြင်မှာ မြင်ရရင် နင် လည်း ငါ့ လိုပဲ မျက်ရည် ကျန်တော့မှာ မဟုတ်ဘူး ”

သူ လှမ်းပေးသည့် စာအုပ်ကလေး တစ်အုပ် ကို ကိုင် ထားသော ကျွန်မလက်များ က လည်း တုန်ယင်ချင် နေသည် ။ မညီမညာ ရေးထားသော လက်ရေးလေးများ ကို မျက်ရည်များ အကြားက ဝိုးတဝါး မြင်ရသည် ။

“ သမီး အိမ်ပြန်ချင်တယ် ”

“ စစ်ပြီးရင် သား ကျောင်းပြန် နေမယ် ၊ စာ လည်း ကြိုးစားမယ် ”

“ ကျွန်တော် အသားဟင်း စားချင်ပါသည် ”

အဲသည် တစ်ညနေက အားရအောင် ငိုချလိုက်ပြီး နောက်ရက်များ တွင်တော့ အကြိမ်ကြိမ် မျက်ရည် ဝဲရ သေးသော်လည်း ထို တစ်ညနေ က လောက် ရှိုက်ကြီး တငင် မငိုတတ်တော့ပါပြီ ။

ခုလို အေးမြသည့် ကာလ ရောက်တော့ ထို ညနေကို သတိရသည် ။ တွေ့မြင်ဖူးသော ပုံကလေးများ ကို သတိ ရသည် ။ သူတို့သည် ဆောင်းရာသီ နှစ်နှစ် ဆက်တိုက် လုံခြုံနွေးထွေးသော နေအိမ်များ နှင့် အဝေးမှာ ရှင်သန်ခဲ့ ကြပြီးပြီ ။ ခုလည်း ဆောင်း က တစ်ကျော့ ဆိုက်ရောက် လာပြန်ပြီ ။ အခက်အခဲများ ကို ရင်ဆိုင်ဖို့ရန် စိတ်နှလုံး ခက်မာခြင်း ၊ မျက်ရည် ကြားက ရယ်တတ်ပြုံးတတ်သော နှုတ်ခမ်းများ ရှိကြခြင်း အတွက်တော့ လောကကို ကျေး ဇူးတင်ပါသည် ။

“ နောင်နှစ်နွေ ကျွန်မ ပြန်ရင် စခန်း မှာသွားနေဦး မယ် ” ဟု ရန်ကုန်တွင် နှုတ်ဆက်ရသည့် ညနေ က အစ်မ ကို ပြောခဲ့မိသည် ။

“ နင်ကလည်း အဲဒီလို မပြောစမ်းပါနဲ့ဟယ် ။ တော်ပြီ ၊ နွေမရောက်ဘူး ၊ စစ်ပြီးပြီလို့ပြော ၊ အားလုံး အိမ် ပြန်ပြီလို့ပြော ။ ဒီ ဆောင်းတွင်း တစ်ခုပဲ တော်ပြီ ”

စကားပြော ပြတ်တောင်းသော ၊ သို့သော် စိတ်နှလုံး ရိုးစင်းနူးညံ့ကာ ကြင်နာတတ်သော အစ်မ ကို ခုတစ်လော သတိရ နေသည် ။ သူ သည် မြောက်ဖျားမှာ ။ အလွန် အေးသော ကျွန်မတို့ ဇာတိ မြောက်ဖျားမှာ ။ သူ ပြန်မလာသေးသည့် အတွက် ကျွန်မ သည် သတင်းစကားများ အထူးတလည် သိရသည် မရှိပါ ။

သည်ကြားထဲ သံလွင်ခက် နှင့် ချိုးဖြူ တစ်ကောင် လက်တစ်ကမ်း ကိုပင် ရောက်လာတော့ မလိုလို သတင်း များ ထွက်ပေါ် လာလျှင်တော့ ဝမ်းသာစ ပြုလာပြန်သည် ။ ဒါနှင့်ပင် မျှော်လင့်ချက် ထားလိုသည် ။ အလင်းတစ်စ မြင်ရသလို ဆုပ်ကိုင်ချင်သည် ။ ထို အလင်း မကွယ် ပျောက်ပါစေနှင့် ။ မကြာမကြာ ပေါ်လိုက် ပျောက်လိုက် ဖြစ်သလို ထပ်၍ မကွယ်ပျောက်ပါစေနှင့် ။

ပြီးခဲ့သည့် တစ်ရက် ကတော့ ကျွန်မ သည် အမေ နှင့် ဖုန်းပြောစဉ်

“ အခု အေးနေပြီ မဟုတ်လား ” ဟု အဆန်းလုပ် မေးဖြစ်ပါသည် ။

“ အေးတာပ ၊ ညဘက်တော့ တော်တော် အေးတာ ” ဟု အမေ က ဖြေရိုးဖြေစဉ်အတိုင်း ဖြေသည် ။

ကျွန်မ ၏ စိတ်အလျဉ် ကတော့ မြောက်ဖျားပိုင်း ဆီ အပြေး ရောက် သွားသည် ။ တောင်တန်းများ ကို ဖြတ်သည် ။ တောအုပ်များ ကို ကျော်သည် ။ သစ်ပင်ငယ် အစုစု ကို ဖြတ်သည် ။ တဲတန်းရှည်များ အနီးတွင် ရပ်သည် ။ ဖြူစင်သော မျက်လုံးလေးများစွာကို မြင်သည် ။ သည် အခိုက် လေကြမ်း က စိတ်ကူး ၌ပင် သုတ်ခနဲ နှင်လာသည် ။

သူတို့လေးတွေ အေးနေရှာရော့မည် ။

▢ စံပယ်ဖြူနု
📖 ကလျာ မဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၁၄

 

No comments:

Post a Comment