❝ နတ်ရေကန် ❞
( ပုံပြင် )
လွန်ခဲ့သော နှစ် ထောင်ပေါင်း များစွာက တောင်သမုဒ္ဒရာကြီး ၏ အလယ် တွင် ကျွန်းကလေး တစ်ကျွန်း ရှိ၍ ထို ကျွန်း ပေါ်တွင် နတ်ရေကန် တစ်ကန် ရှိခဲ့သည် ။ ယခု လူများ သည် ထို နတ်ရေကန် အဘယ် အရပ် တွင် ရှိသည်ကို မသိကြ သကဲ့သို့ ရှေးခေတ် က လူများ လည်း မသိရှိ ခဲ့ကြချေ ။ ထို နတ်ရေကန် မှ ရေကား အစွမ်း ထက်မြက်လှ၏ ။ အပြင်းအထန် မကျန်းမာသူ တစ်ဦး သည် ထိုရေကန် မှ ရေတစ်စက် မျှလောက် သောက်ရရုံ နှင့် ပင် ချက်ချင်း အကောင်း ပကတိ ကျန်းမာ ရွှင်လန်းခြင်း ဖြစ်၏ ။ သေဆုံးသွားသော လူတစ်ဦး ကို လည်း ထို နတ်ရေကန် မှ ရေတို့ ဖြင့် လောင်းပေးလျက် ချက်ချင်း အသက် ရှင် နိုင်၏ ။ နတ်ရေကန် မှ ရေ ကား ဤမျှလောက် တန်ခိုးအာနိသင် ထက်မြက်လှလေ၏ ။
အခါတပါး တိုင်းပြည် တစ်ပြည် တွင် ရှင်ဘုရင်ကြီး သည် အပြင်းအထန် နာမကျန်း ဖြစ်၏ ။ ဝိုင်းဝန်း စောင့်ရှောက် ပြုစုလျက် ရှိကြကုန်သော ပညာရှိ သုခမိန် တို့သည် နတ်ရေကန် မှ ရေ ကို ဘုရင်ကြီး မသောက်ချိုး ရလျှင် အသေအချာပင် နတ်ရွာလားတော့အံ့ ဟု တစ်ပြိုင်တည်း အဆို ပြုကြကုန်၏ ။
ထိုအခါ ဘုရင်ကြီး တွင် ရှိသော သား သုံးဦး အနက် အကြီးဆုံး ဖြစ်သော သားတော် သည် “ ဖခမည်းတော် အရှင်မင်းကြီး ၊ ဖခမည်းတော် အတွက် နတ်ရေကန် မှ ရေကို ကျွန်ုပ် သွားရောက် ဆောင်ကြဉ်းရန် ခွင့်ပြုတော်မူပါဘုရား ” ဟု အလေးအမြတ် လျှောက်ထား ခွင့်ပန်ခြင်း ပြု၏ ။
“ သားတော်ကြီး ၊ ကျွန်ုပ် ကြားဖူးသည် မှာ ထို နတ်ရေကန် သို့ သွားရောက်ကြကုန် သော သူအပေါင်း သည် မည်သူမျှ ပြန်လမ်း မရှိကြချေ ။ သို့ဖြစ်၍ သားတော်ကြီး လည်း မသွား လင့် ။ သင် သွားသော် သင် လည်း ပြန်လမ်း မရှိဖြစ်ချိမ့်မည် ” ဟု ရှင်ဘုရင်ကြီး လည်း သူ ၏ သားတော်ကြီး အား ဤသို့ မိန့်ကြား၍ တားဆီး ကန့်ကွက်ခြင်း ပြု၏ ။
သို့ရာတွင် သားတော်ကြီး ဖြစ်သူသည် ဘုရင်ကြီး ခွင့်ပြုသည့် တိုင်အောင် အတင်းအကျပ် ခွင့်ပန်သောကြောင့် နောက်ဆုံး၌ ဘုရင်ကြီး လည်း သားတော်ကြီး ၏ ဆန္ဒ အတိုင်း နတ် ရေကန် သို့ သွားရောက်ရန် ခွင့်ပြုရလေ၏ ။
ထို့နောက် သားတော်ကြီး လည်း တိုင်းပြည် မှ ထွက်ခွာ၍ နတ်ရေကန် ရှိသောကျွန်း သို့ ရောက်လေ၏ ။ ထို ကျွန်းကား လူသူ အရောက်အပေါက် နည်းလှရကား သစ်တောချုံနွယ် တို့ သည် ထူထပ်စွာ ပေါက်ရောက် ၍ ပိန်းပိတ်နေလေ၏ ။ သားတော်ကြီး လည်း ပုဆိန် ဖြင့် သစ်ပင် ချုံနွယ် တို့အား ခုတ်ထွင် ရှင်းလင်း၍ တဖြည်းဖြည်း ဝင်ရောက်ခဲ့ရာ တစ်ခု သော နေရာတွင် သူ့ ရှေ့မှ ဆီးကြိုလျက် ရှိသော လူပုကလေး တစ်ဦး အား တွေ့ရှိရလေ၏ ။
“ သင် မင်းသားငယ် ၊ ဤမျှခက်ခဲစွာဖြင့် သင် ဘယ်အရပ်သို့ သွားအံ့နည်း ” ဟု လူပုကလေး သည် ပြုံးရွှင်၍ မေးလေ၏ ။
သားတော်ကြီး ကား အလွန် ပင်ပန်းနွမ်းနယ်လျက် ရှိစဉ် မိမိ အား မခိုးမခန့် အမေးပြုလာ သော လူပုကလေး အား ဒေါသ ထွက်လှစွာ ဖြင့် “ ကျွန်ုပ် သွားလိုရာ သို့ သွားမည် ၊ သင့် အလုပ် မဟုတ်ပါ ၊ သင် ဝေးရာသို့ သွားလော့ ” ဟု ရိုင်းပျစွာ အော်ဟစ် ငေါက်ငမ်းခြင်း ပြုလေ၏ ။
ထိုအခါ လူပုကလေး လည်း ဒေါသအမျက် ချောင်းချောင်း ထွက် လျက် ၎င်း ၏ ပါးစပ် မှ ခက်ထန်သော ကျိန်စာ တို့ ကို ကြမ်းတမ်းစွာ ရေရွတ်ခြင်း ပြုလိုက်၏ ။ ထိုခဏ၌ နွယ်ငန်း တို့သည် အလိုအလျောက် လှုပ်ရှား လာကြလျက် သားတော်ကြီး ၏ ကိုယ် ကို တင်းကြပ်စွာ ရစ်ပတ်လေရာ သားတော်ကြီး လည်း ထိုနေရာ တွင် အသက် ဆုံးလေ၏ ။
အချိန် ကြာမြင့်စွာ သားတော်ကြီး ပြန် မလာသော် ဘုရင်ကြီး လည်း “ ငါ့ သားတော်ကြီး လည်း အသက်ဆုံးလေပြီ တကား ” ဟု ရေရွတ်မြည်တမ်း ငိုကြွေးခြင်း ပြု၏ ။ ထိုအခါ သားတော်လတ် သည် ဘုရင်ကြီး အား မရမနေ ခွင့်ပန်ပြန်လျက် တိုင်းပြည် မှ ထွက်ခွာ သွားပြန်လေ၏ ။
သားတော်အလတ် လည်း လူပုကလေး နှင့် တွေ့ပြန်၏ ။ “ သင် မင်းသားငယ် ၊ ဤမျှ ခက်ခဲစွာဖြင့် ဘယ်အရပ်သို့ သွားအံ့နည်း ” ဟု လူပုကလေး က ဆီးကြို၍ မေးပြန် လေသော် သားတော်အလတ် လည်း ဒေါသ ထွက်လှစွာဖြင့် လူပုကလေး အားရိုင်းပျစွာ တွန်းထိုးခြင်း ပြု၏ ။ ထိုခဏ၌ သားတော်အလတ် လည်း သားတော်ကြီး ကဲ့သို့ အသက်ဆုံးရှုံးပြန်လေ၏ ။
ထို့နောက် သားတော်အထွေး လည်း တိုင်းပြည် မှ လိုက်လာ ပြန်၍ လူပုကလေး နှင့် တွေ့ပြန်လေ၏ ။
“ သင် မင်းသားငယ် ၊ ဤမျှ ခက်ခဲစွာဖြင့် သင် ဘယ်အရပ်သို့ သွားအံ့နည်း ” ဟု လူပုကလေး လည်း ရှေးနည်းတူ ဆီးကြို မေးပြန်၏ ။
“ ကျွန်ုပ် ကား အလွန် နာမကျန်း ဖြစ်လျက် ရှိသော ဖခမည်းတော် ဘုရင်ကြီး ၏ ရောဂါ ကို ကုစားရန် အတွက် နတ်ရေကန် မှ ရေတို့ ကို အလိုရှိ၍ ဤ အရပ်သို့ လာခဲ့ပါသည် ၊ အသင် လူပုကလေး ၊ အသင် တတ်နိုင်လျှင် ကျွန်ုပ်အား ကူညီစောင့်မပါ ၊ ကျွန်ုပ် ဤနေရာသို့ ရောက် လာသည် မှန်သော်လည်း နတ်ရေကန် ဘယ် အရပ် တွင် ရှိသည် ကိုလည်း ကျွန်ုပ် မသိပါ ” ဟု အထွေးဆုံး သားတော် သည် သားတော်ကြီး ၊ သားတော်လတ် တို့ ကဲ့သို့ လူပုကလေးအား ရိုင်းပျစွာ ပြောဆိုခြင်း မပြုဘဲ အလွန် ယဉ်ကျေးသိမ်မွေ့စွာ သာယာနာပျော်ဖွယ် ဖြေကြားခြင်း ပြုလေ ၏ ။
“ သင် ကား အလွန် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆို ဆက်ဆံခြင်း ပြုလေသည် မှာ သင့်မြတ်ပေစွ တကား ၊ သို့ဖြစ်၍ သင့် အား ကျွန်ုပ် အကူအညီ ပြုအံ့ ၊ ကျွန်ုပ် ၏ တောင်ဝှေး ကို သင့် ရှေ့ တွင် ကိုင်လော့ ၊ ဤ တောင်ဝှေး သည် သင် သွားရာ လမ်း တလျှောက် ရှိ သစ်ပင်ချုံနွယ် တို့ အား ရှင်းလင်း၍ လမ်းပြ သွားပေလိမ့်မည် ၊ ဤ တောင်ဝှေး ၏ ရှေ့ဆောင်သည့် လမ်း အတိုင်း သင် လိုက်သော် မှော်ဘုရင်ကြီး နေထိုင်သည့် အလွန် ကြီးမားသော အိမ်ကြီး တစ်ဆောင် သို့ ရောက် ရှိသွားလိမ့်မည် ၊ ထို အိမ်ကြီး ၏ အလယ်၌ သင် ရှာဖွေသော နတ်ရေကန်ကြီး ရှိ၏ ။ သို့ရာတွင် သင် သည် အိမ် သို့ လွယ်လင့်တကူ ဝင်ရောက်ခြင်း ပြုနိုင်လိမ့်မည် မဟုတ် ။ သင် သည် ထိုအိမ်ကြီး ၏ အဝ တွင် ကြီးမားသော ဘီလူးကြီး နှစ်ကောင် ကို တွေ့လိမ့်မည် ၊ သူတို့ အား ဤ ထူးဆန်း သော အစာတို့ ကို ကျွေး ပြီးမှ သင် ဝင်ရောက်လော့ ၊ သို့မဟုတ် လျှင် သင် သည် ထို ဘီလူးကြီး တို့ ၏ စားသောက်ခြင်းကို ခံရလိမ့်မည် ” ဟု လူပုကလေး သည် ဤသို့ ပြောကြား၍ တောင်ဝှေး နှင့် ထူးဆန်းသော အစာ အချို့ကို သားတော်အထွေး သို့ ပေးကမ်းလေ၏ ။
“ သို့ရာတွင် သင် မင်းသား သေချာစွာ မှတ်ဦးလော့ ၊ ဤ အစာတို့ ကို ဘီလူးကြီးတို့ အား ကျွေး လျှင် ဘီလူးကြီးများ သည် ဤအစာ ကို ဝါးရင်း အချိန်အတန်ကြာ ငြိမ်သက် နေကြ လိမ့်မည် ၊ ထိုအတောအတွင်း သင် ၏ အိုးတို့ ကို ရေအပြည့် ထည့်၍ အလျင်အမြန် အိမ်ကြီး ၏ တံခါးဝ မှ ထွက်ခွာခဲ့လော့ ၊ သို့မဟုတ်ဘဲ သင် အိမ်တွင်း ၌ အချိန် ကြာမြင့်စွာ နေခဲ့သော် သင့် မှာ လွတ်မြောက်ရန် လမ်း မရှိတော့ပေ ” ဟု လူပုကလေး သည် သားတော်အထွေး အား ကြင်နာစွာ ထပ်မံသတိပေး ပြန်လေ၏ ။
“ ကောင်းပါပြီ အရှင် ”
မင်းသား လည်း လူပုကလေး သွန်သင်သမျှ သေချာစွာ မှတ်သား နာယူပြီး နောက် လူပုကလေး ပေးသည့် တောင်ဝှေး နှင့် အစာတို့ ကို ယူဆောင်၍ ခရီး ဆက်လက် ထွက်ခွာလေ၏ ။
တောင်ဝှေး သည် လူပုကလေး ဆိုသည့် အတိုင်းပင် လမ်း တလျှောက် သစ်ပင်ချုံနွယ် တို့အား ရှင်းလင်း၍ သားတော်အထွေး အား လမ်းပြ သွားလေသော် သားတော်အထွေး လည်း အလျင်အမြန် လိုက်လေရာ နောက်ဆုံးတွင် မှော်ဘုရင်ကြီး ၏ အိမ်သို့ ရောက်လေ၏ ။ အိမ် အဝင် တံခါးသို့ ရှေးရှု သွားလေသော် ဘီလူးကြီး နှစ်ကောင် သည် သားတော်အထွေး အား ဝါးမျို ကြရန် သူတို့ ၏ ပါးစပ်ကြီးများ ကို အစွမ်းကုန် ဖြဲကြလေသော် သားတော်အထွေး လည်း လူပုကလေး ပေးလိုက်သည့် အစာများ ကို ယူလျက် သူတို့ ၏ ပါးစပ်ကြီးများ အတွင်းသို့ ပစ်ထည့် လိုက်လေ၏ ။ ဘီလူးကြီးများ သည် သားတော်အထွေး ပစ်ထည့်သည့် အစာတို့ ကို တမြုံ့မြုံ့ဝါးဝါး နေကြစဉ် အခိုက်အတန့် မှာပင် သားတော်အထွေး လည်း ဘေးအန္တရာယ် မရှိဘဲ အိမ်တွင်း သို့ လျင်မြန်စွာ ဝင်ရောက်နိုင်ခဲ့လေ၏ ။
သားတော်အထွေး ပထမဆုံး ဝင်မိသော အိမ်ကြီး ၏ အခန်းတွင် စစ်သားပေါင်း အမြောက်အများ သည် မိတ်ဟောင်းဆွေဟောင်း တစ်ဦးကို တွေ့ရ သကဲ့သို့ သားတော်အထွေး အား ဆီးကြိုလျက် ရှိကြပြီး လျှင် တစ်ဦးသော စစ်သားသည် လိုတရဓား တစ်လက် ကို သားတော် အထွေး ၏ လက်သို့ ပေးအပ်လေ၏ ။ ထို အခန်း မှ ကျော်လွန် လျှင် ဒုတိယအခန်း ထဲ သို့ သား တော်အထွေး ရောက်ရှိ သွားပြန်လေ၏ ။ ဒုတိယအခန်း ထဲ မှ အလွန် လှပချောမွေ့သော မင်းသမီး တစ်ပါး သည် သားတော်အထွေး အား ရွှင်ပြုံးစွာ ဆီးကြိုပြီးလျှင် “ အလွန် ရဲရင့်သော မင်းသား လေး ၊ သင် နှင့် ငါ သည် နောက်တစ်ဖန် ပြန်လည်၍ တွေ့ဆုံကြရလိမ့်မည် ၊ ထိုအခါတွင် သင်သည် ကျွန်ုပ် ၏ ကြင်ယာ ခင်ပွန်း ဖြစ်လတ္တံ့ ” ဟု ချေငံစွာ ပြောလေ၏ ။
“ ကောင်းပြီ မင်းသမီး ၊ ကျွန်ုပ် အား နတ်ရေကန် ရှိရာ ကို လမ်းညွန်ပါလော့ ၊ ထိုရေကန် တို့မှ ရေတို့ ကို ကျွန်ုပ် ယူဆောင်လာသော အိုးများဖြင့် ဆောင်ကြဉ်း၍ ကျွန်ုပ် ၏ နာမကျန်း ဖြစ် လျက်ရှိသော ဖခမည်းတော် အား ကုစားရအံ့ ” ဟု သားတော်အထွေး သည် မင်းသမီး အား နတ်ရေကန် ရှိရာ ကို မေးမြန်းလေ၏ ။
မင်းသမီး လည်း သားတော်အထွေး အား နတ်ရေကန် ရှိရာကို ညွှန်ပြ၍ အိုးတို့ ကို အလျင်အမြန် ဖြည့်ပေးလျက် သားတော်အထွေး အား အိမ်ကြီး ၏ အတွင်း မှ အလျင်အမြန် ထွက်ခွာ သွားစေလေ၏ ။
သားတော်အထွေး လည်း အလျင်အမြန် အိမ်ကြီး မှ ထွက်ခွာခဲ့လျက် လူပုကလေး နှင့် တွေ့ဆုံရာ နေရာသို့ အလျင်အမြန် လာခဲ့လေ၏ ။ လူပုကလေး နှင့် တွေ့လျှင် သားတော်အထွေး သည် မိမိ ၏ အောင်မြင်မှု ကို လူပုကလေး အား ပြန်ကြား ပြောဆိုလေ၏ ။ လူပုကလေး လည်း အားရရွှင်လန်းခြင်း ဖြစ်လျက် သားတော်အထွေး က ဆုအဖြစ် ပေးကမ်းသည့် ရွှေ ၊ ငွေ ၊ ကျောက် သံပတ္တမြား တို့ အား “ အလိုမရှိ ” ဟု ငြင်းဆန်၍ မယူဘဲ နေပြီးသော် “ သင် မင်းသား သည် ကျွန်ုပ် ထံ မှ အခြား တစ်စုံတစ်ရာ အကူအညီ လိုသေး သလော ” ဟု မေးပြန်၏ ။
“ ကျွန်ုပ် ၏ နောင်တော် နှစ်ပါး ရှိရာ အရပ်ကို သိလျှင် ကျွန်ုပ် အား ညွှန်ကြား၍ ပြပါ အရှင် ” ဟု သားတော်အထွေး က ဤသို့ ထပ်မံတောင်းပန် ပြန်လေ၏ ။
“ သင့် နောင်တော် တို့ကား ကျွန်ုပ် အား ရိုင်းစိုင်းစွာ ဆက်ဆံ၍ ကျွန်ုပ် ကိုယ်တိုင် ဒဏ်ခတ် လိုက်သဖြင့် အသက် ဆုံးရှုံးလျက် ရှိကြသည် ၊ သူတို့ ကို တွေ့လိုလျှင် ရှေ့နား က တောအုပ် တွင် သင် သွားရောက် ရှာဖွေလော့ ” ဟု လူပုကလေးများ သေဆုံးလျက် ရှိကြသော တောအုပ် ဆီသို့ ညွန်ကြား လိုက်လေ၏ ။
မင်းသားကလေး သည် လည်း လူပုကလေး ညွှန်ကြားသည့် တောအုပ် သို့ အပြေး အလွှား သွားရောက် ကြည့် လေသော် နောင်တော်နှစ်ပါး ၏ အသက်မဲ့သော ခန္ဓာကိုယ် တို့ကို တွေ့ရှိ၍ ချက်ချင်းပင် နတ်ရေကန် တို့မှ ရေတို့ ဖြင့် လောင်းပေး လိုက်လေ၏ ။ ထိုခဏ၌ နောင်တော် နှစ်ပါး လည်း ပြန်လည် အသက်ရှင် လာကြလေ၏ ။ သို့ရာတွင် သူတို့ သည် ညီအထွေး အပေါ်တွင် ကျေးဇူး မတင်ဘဲ သူတို့ မယူဆောင်နိုင်သော နတ်ရေကန် မှ ရေကို ညီအထွေး ကိုယ်တိုင် အောင်မြင်စွာ သယ်ဆောင်နိုင်ခဲ့သည့် အတွက် ကြီးစွာသော မနာလိုခြင်း ဖြစ်ကြလျက် ညီအထွေး အပေါ်တွင် အကောက် ကြံရန် စောင့်ဆိုင်း နေကြလေ၏ ။
သူတို့ ပြန်လာသော လမ်း ၌ ကျွန်းကြီး တစ်ကျွန်း ကို တွေ့ရှိ၍ ထို ကျွန်း ပေါ်မှ ဘုရင်ကြီး ကို သူပုန်များစွာ တို့ သည် တော်လှန်ပုန်ကန် လျက်ရှိ ကြလေ၏ ။ ဘုရင်ကြီး လည်း စစ်ရှုံး တော့ မည့် အခြေအနေ တွင် ရှိသဖြင့် သူ့ ကျွန်းပေါ် သို့ ဝင်ရောက် ခိုနားသော သားတော်အထွေး အား အကူအညီ တောင်းလေ၏ ။ သားတော်အထွေး လည်း မှော်ဘုရင်ကြီး အိမ် မှ ရရှိခဲ့သော လိုတရ ဓားဖြင့် သူပုန် တို့အား နှိမ်နင်း လေသော် သူပုန် တို့ ပျက်စီးလေ၏ ။ ထို့နောက် ညီနောင်သုံးပါး ဆက်လက် ခရီးထွက်ခဲ့ရာ ကျွန်းပိုင်ရှင် ဘုရင်ကြီး လည်း သားတော်အထွေး အပေါ် တွင် ကျေးဇူး တင်မဆုံး ကျန်ရစ်လေ၏ ။
ဆက်လက် ခရီး ထွက်ခဲ့ကြစဉ်ပင် တစ်ညဉ့် သော အခါ သားတော်အထွေး သည် အလွန် အိပ်မောကျခြင်း အဖြစ် သို့ ရောက်၏ ။ အခွင့်ကောင်း ကို စောင့်လျက် ရှိကြသော နောင် တော် နှစ်ပါးလည်း ညီအထွေး အိပ်မောကျ နေစဉ် ညီအထွေး ၏ အိုးတို့ မှ ရေတို့ ကို သူတို့ အိုးများ တွင် ဖြည့်လျက် ညီအထွေး အိုးများတွင် ဆားငံရည်များ ဖြင့် ဖြည့်ထား လိုက်ကြလေ၏ ။
ညီနောင် သုံးဦး တိုင်းပြည် သို့ ပြန်လည် ရောက်ရှိကြသော အခါ ညီတော်အထွေး သည် သူ့ တွင် ယူဆောင်လာသည့် အိုး ထဲ မှ ရေ အချို့ကို ၎င်း ၏ ဖခမည်းတော် အား တိုက်ကျွေး လေသော် ဆားငံရည် တို့ သာ ဖြစ်ရကား ရောဂါ သက်သာခြင်း မရှိသည့် ပြင် ရောဂါ အခြေအနေမှာ ပိုမို၍ ဆိုးသွားလေ၏ ။ ထိုအခါ နောင်တော် နှစ်ပါးသည် ညီတော် အထွေး အား ဖခမည်းတော် ကို အဆိပ်ရေများ တိုက်ကျွေးပါသည် ဟု လျှောက်ထားစွပ်စွဲ ကြပြီးနောက် တစ်ပါးသော နောင်တော် သည် သူ ၏ အိုးထဲ မှ ရေ ကို ဘုရင်ကြီး အား တိုက်ကျွေး၍ တစ်ပါးသော နောင်တော် သည် သူ ၏ အိုးထဲ မှ ရေ ကို သုံးသပ်စေလေသော် တစ်ခဏချင်း မှာ ပင် ဘုရင်ကြီး လည်း ရောဂါပျောက် ကင်းလျက် ကျန်းမာရွှင်လန်းခြင်း နှင့် ပြည့်စုံသွားလေ၏ ။
ထို့နောက် မိမိ ၏ ရောဂါ ပိုမို ဆိုးရွားအောင် ရေတိုက်သည် ဟု အထွေးဆုံး အပေါ်တွင် ယုံကြည်လျက် ဘုရင်ကြီး မှာ စိတ်ဆိုးလှရကား ချက်ချင်း တိုင်းပြည် မှ နှင်ထုတ်လေ၏ ။ များ မကြာမီ အထွေးဆုံး သားတော် ကျေးဇူး ပြုခဲ့သည့် ကျွန်းပိုင်ရှင် ဘုရင် သည် ထိုတိုင်းပြည် သို့ ရောက်ရှိ လာ၍ ဘုရင်ကြီး အား နတ်ရေကန် မှ ရေ ကို ရှာဖွေဆောင်ကြဉ်းခဲ့ သူ မှာ သားတော် အထွေးဆုံး သာ ဖြစ်ပါသည် ဟု ပြောကြား၏ ။ သို့ရာတွင် သားတော်သုံးဦး ၏ ခမည်းတော် ဘုရင်ကြီးက မယုံချေ ။
နောက်ဆုံးတွင် မှော်ဘုရင်ကြီး အိမ် မှ မင်းသမီး ရောက်ရှိ လာလျက် ဘုရင်ကြီး ထံ သားတော်အထွေးဆုံး ၏ စွန့်စွန့်စားစား နတ်ရေကန် မှ ရေများ ဆောင်ကြဉ်းပုံ ကို အသေးစိတ် ရှင်းလင်းပြောကြား လျှောက်ထားလေမှ ဘုရင်ကြီး လည်း ယုံကြည်တော်မူလျက် ကောက်ကျစ် သော သားတော်အကြီး နှစ်ပါး အား တိုင်းပြည် မှ နှင်ထုတ်၍ သားတော် အထွေးဆုံး ကို လည်း ပြန်လည် ခေါ်ယူကာ ထို မင်းသမီး နှင့် ထိမ်းမြားလက်ထပ် ပေးလေ၏ ။
နောင် ဘုရင်ကြီး နတ်ရွာစံ လေသော် သားတော် အထွေးဆုံး နှင့် ကြင်ယာတော် မင်းသမီး တို့သည် ထို တိုင်းပြည် ပြည့်ရှင်ဘုရင် နှင့် မင်းမိဖုရား တို့ အဖြစ် ကို ရရှိကြလေ၏ ။
▢ ကိုကြီးမြင့်သိန်း
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၃ ၊ဒီဇင်ဘာ
No comments:
Post a Comment