❝ ပဲ့ကြွေသွားသော နှလုံးသားတစ်စ ၏ ငိုရှိုက်သံ ❞
♕ ခင်လယ်လယ်ချစ် ( မြန်/ဂုဏ် )
( ၁ ) - က
“ မျက်စိလှူ က မျက်ကြည်ရ ၊ မြတ်သည့် လှူဒါန ” ဟူသော ဆောင်ပုဒ် နှင့် အတူ မျက်စိအလှူခံ လှုံ့ဆော်စာကလေး ကို မြင်ရကြားရသည့်အခါတိုင်း ကျွန်တော့် ရင် ထဲတွင် လှိုက်ကနဲ ဖြစ်တတ်သည် ။
လှိုက်တက်လာသော ခံစားမှုနှင့် အတူ ယှဉ်တွဲ ထိုင်နေသော ဇနီးသည် ကို ဝေ့ကနဲ ကြည့်လိုက်မိသည် ။ ဇနီးသည် ကတော့ ကျွန်တော့် အကြည့် ကို သတိပြုမိဟန် မတူ ။ ထုံးစံအတိုင်း သူ ၏ ထူထဲလေးလံလှသော မျက်မှန်ကြီး တဝင့်ဝင့် နှင့် ရုပ်မြင်သံကြား အစီအစဉ် မှာ နစ်မျော နေသည် ။
ကျွန်တော်တို့ တွင် သမီး ထံ မှ ရရှိထားသော ရုပ်မြင်သံကြားစက် ပေါက်စ ကလေး တစ်လုံး ရှိသည် ။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုကို ဤ စက်ကလေး နှင့်သာ အပန်းဖြေ နေရသည် ။ ရုပ်မြင်သံကြားစက် ရှေ့တွင် ရှေးလက်ရာ ကျွန်းကုလားထိုင်ကြီး သုံးလုံးချထားသည် ။ သို့သော် ... တစ်လုံး ကား အမြဲတစေ လွတ်လပ်နေမြဲ ။ ထို လစ်လပ် နေသော နေရာကား သမီး အတွက် လျာထားသော နေရာပင် ။
ရုပ်မြင်သံကြား မှ ဆရာကြီး ‘ ဦးသုခ ’ ၏ အမေနေ့ အစီအစဉ် လွှင့်ထုတ် နေသည် ။ “ အမေ ” ဟု ဆို့နစ်သော အသံဖြင့် ရင်လှိုက်စွာ ဟစ်ခေါ် လိုက်သော ဆရာကြီး ၏ အသံ တွင် ကျွန်တော် စီးမျော နစ်ဝင် သွားသည် ။ ဆရာကြီး ၏
ဟောပြောချက် ကို နာယူရင်း ဆရာကြီး ၏ မျက်စိဝေဒနာ ခံစား နေရသည့် အဖြစ် ကို သတိရ လာသည် ။
“ ဆရာကြီးဦးသုခ မျက်စိ မကောင်းရှာဘူးနော် ”
ဇနီး ဖြစ်သူ က မျက်မှန် ကိုချွတ်ကာ ဝေ့ဝဲလာသော မျက်ရည်စ ကို လက်ခလယ် နှင့် တို့ ကာ ပြောလာသည် ။
“ အင်း ”... ဟု သံပြတ်နှင့် ဖြေရင်း ကျွန်တော့် စိတ်အစဉ်သည် အဝေးသို့ လွင့် ပျံသွားသည် ။
အာရုံတွင် ပေါ်လာသော မျက်စိ အလှူခံ လှုံ့ဆော်ချက် စာတန်း နှင့် ၊ မျက်စိ မသန်ရှာသော ဆရာကြီးဦးသုခ ၏ အမေနေ့ အကြောင်း ဟောပြောချက် တို့သည် လှိုက်နေသော ရင် ကို နင့်စေသည် ။ နင့် နေသော ရင်နှင့် အတူ အတွေးစ တို့သည် ဝေးကွာလွန်း လှသော ၁၉၆ဝ ပြည့်နှစ်များ ဆီသို့ ပျံ့လွင့်သွားခဲ့သည် ။
( ၁ ) - ခ
“ တောင်ကြီးစဝ်စံထွန်းဆေးရုံ မှာ ရုရှား က ပါရဂူကြီးတွေ ရောက်နေ သတဲ့ ”
“ ရောဂါအမျိုးမျိုး ကို ခေတ်မီ စက်ကိရိယာကြီးတွေ နဲ့ ကုသပေးမယ်ဆိုပါ့
လား ”
“ ဆန်းတာကတော့ ဟေ့ .. သက်ရှိထင်ရှား ရှိနေတဲ့ လူဆီက ဖြစ်ဖြစ် ၊ လော လောလတ်လတ် သေဆုံးတဲ့သူ ဆီကဖြစ်ဖြစ် မျက်လုံးသာ ရလိုက်ပါစေ ... အဲဒီ မျက်လုံး နဲ့ မျက်စိကွယ် နေတဲ့ သူကို အစားထိုး ကုပေးနိုင်တယ် ဆိုပဲ ”
တောင်ကြီး စဝ်စံထွန်းဆေးရုံ ဖွင့်လှစ်လိုက်သည် နှင့် အတူ သတင်းစကား တွေကို ကြားရသည် ။ အနောက်တိုင်းဆေးပညာဖွံ့ဖြိုးတိုးတက်မှု နည်းပါသော ကျွန်တော်တို့ မြေလတ်တွင် ဤ သတင်းများ သည် ထူးခြားဆန်းကြယ် နေသည် ။ ကမ္ဘာနှင့် ချီ၍ ဆေးပညာဖွံ့ဖြိုးတိုးတက်နေမှု ကို စာတွင် ဖတ်ရ သော်လည်း ယခုမူ ကိုယ့် နိုင်ငံ အတွင်း တွင် ထင်ထင်ရှားရှား ကြားသိရ ပေပြီ ။ ထို့ထက် ခေတ်မီ နည်းစနစ်များဖြင့် ကုသမှု ခံယူပြီး ကျန်းမာရွှင်လန်းစွာ ပြန်ရောက်လာသူများ ကိုလည်း ကိုယ်တွေ့ မြင်လာရသည် ။
ဤတွင် ပြင်းပြသော ဆန္ဒ တစ်ရပ် ကျွန်တော့် တွင် ဖြစ်ပေါ်လာသည် ။
သို့သော် .. အဖေ နှင့်တော့ ဆွေးနွေးညှိနှိုင်းရပေဦးမည် ။
ကျွန်တော် ၏ ပြင်းပြနေသော ဆန္ဒကား ..
( ၁ ) - ဂ
ထိုစဉ်က အဖေ နှင့် အမေ တို့ သည် ပုဂ္ဂလိကပိုင် ရေနံတွင်းများ တွင် အလုပ် လုပ်ရသည် ။ ကျွန်တော်တို့ ဒေသ အခေါ် တွင်းရိုး တွင်းစားများ က ရေနံတွင်းများ ကို ပိုင်ဆိုင်သည် ။ လက်လုပ်လက်စား အများစု မှာ ထို ရေနံတွင်းများ ကို အားထား နေရသည် ။ လုပ်အား စိုက်ထုတ် လုပ်ကိုင်သည်နှင့် အမျှ စားဝတ်နေရေး အတွက်လည်း မပူပင်ရ ။ သို့သော် .. အညာနွေ ၏ နေပူပူ တွင် ရေနံမြေ ၌ အလုပ် လုပ်ရသည်မှာ သဲပူပူ ထဲတွင် ပဲ ကို ထည့်၍ လှော်နေရသည့် နှယ် အခံရ ခက်လှသည် ။ ပင်ပန်းဆင်းရဲ လွန်းလှသည် ။
ဤမျှ ပင်ပန်းသော်လည်း အဖေ နှင့် အမေ မှာ ပင်ပန်းသည် ဟု မထင် ။ သားနှစ်ယောက် ထွန်းထွန်းပေါက်ပေါက် ဖြစ်ရေး အတွက် နားရက် မယူဘဲ ရုန်းကန်နေကြ ရရှာသည် ။
သား နှစ်ယောက် အနက် အစ်ကိုကြီး က ကျွန်တော့် လောက် ပါရမီ မပြည့်ရှာ ။ အစိုးရစစ် ( ၇ ) တန်း ကို အကြိမ်ကြိမ် ဖြေဆိုခဲ့ သော်လည်း မအောင်မြင်ခဲ့ ။ ကျောင်း မှ ထွက်ပြီး ရေနံမြေတွင် အလုပ် ဝင် လုပ်တော့သည် ။
“ ရေနံမြေ အလုပ်တော့ မလုပ်ပါနဲ့ သားကြီးရေ ၊ တို့အလုပ်က ပင်ပန်း ဆင်းရဲတယ်ကွ ၊ သားကြီး က ဖြူဖြူနွဲ့နွဲ့လေး ဆိုတော့ မဖြစ်ပါဘူးကွာ ” ဟု အဖေ က ကန့်ကွက်သည် ။
“ ဟုတ်တယ် ... သားကြီးသာ အတန်းပညာလေး ရှိရင် ဘီအိုစီ မှာ ရုံးစာရေးကြီး ဖြစ်နိုင်တာပေါ့ကွယ် ၊ အခုတော့ ... ”
အမေ့ အသံသည် အားပျော့သွားသည် ။ အစ်ကိုကြီး အနေနှင့် ဘာလုပ်ရ မည် မှန်းမသိ ။ သို့နှင့် အစ်ကိုကြီး ၏ ရေနံမြေ ၌ အလုပ် ဝင် လုပ်ရေးစီမံကိန်းသည် ဆိုင်းငံ့ သွားသည် ။
သို့သော် ... များမကြာမီ အစ်ကိုကြီး အလုပ် ရသည် ။ အဖေ ၏ သူငယ်ချင်း ဖြစ်သူ ပန်းထိမ်ဆရာကြီး တစ်ဦး ထံ တွင် ဖြစ်သည် ။ လုပ်ခ ကား မရ ။ ကိုယ့် ထမင်း ကိုယ် စားရသော အလုပ်သင် ပန်းထိမ်သမား အဖြစ် ... ။ သို့သော် လုပ်ငန်းသာ, ကျွမ်းကျင်ပါစေ ။ ပန်းထိမ် အလုပ်သည် ထမင်း မငတ်နိုင်သော အလုပ် ။ အလုပ် နှင့် လက် မပြတ်သော လုပ်ငန်း ဖြစ်သည် ။ ကျွန်တော်တို့ ဒေသသည် ငွေ ရှိလျှင် ရွှေစု တတ်သည် မဟုတ်ပါလား ။
အစ်ကိုကြီး ပန်းထိမ် အလုပ် ဝင်ပြီး မကြာခင် အမေ မျက်စိ ကွယ်လေသည် ။ အညာနေပူပူ အောက် တွင်ရေနံ အခိုးအငွေ့တို့ ကြောင့် အမေ့ တွင် မျက်ခမ်းစပ် ရောဂါ ရလာသည် ။ စနစ်တကျ ဆေးဝါးကုသမှု ခံယူ လိုက်လျှင် ပျောက်ကင်းနိုင်သည် ကို သိသော်လည်း လက်လှမ်းမီရာ ဆေးမီးမြီးတိုများဖြင့် ကုစားရာမှ အမေ့ မျက်စိ လုံးလုံးလျားလျား ကွယ်ခဲ့ခြင်း ဖြစ်သည် ။
အိမ်မှုကိစ္စ အဝဝကို ထောင့်စေ့အောင် လုပ်နိုင်ရုံ သာမက ဝင်ငွေပါ ရှာပေး နိုင်သော အမေ့ စွမ်းအား အရင်းအမြစ်တို့ အလဟဿ ဖြစ်ရလေပြီ ။ အဖေ သည် တွင်းတူးဆရာ အဖြစ် ရေနံမြေ တွင် အချိန်ပြည့် နေရသည် ။ အလုပ်သင် အစ်ကို ကလည်း ဆရာသမား စိတ်ကျေနပ်မှု ရှိအောင် ပန်းထိမ် သို့ စောစော သွား၍ ညမိုးချုပ် တော့မှပဲ အိမ်ပြန်ရသည် ။ ရှစ်တန်း တက်ဆဲ ကျွန်တော် သည် အမေ့ အနား မှာ အချိန်ကြာကြာ ရှိခဲ့ရသည် ။ အမေ ၏ နှုတ်မှညွှန်ပြ ပြောဆိုသမျှ သေချာစွာ မှတ်သား၍ အိမ်မှုကိစ္စတွေကို သေချာစွာ လုပ်ရသည် ။ မချက်တတ် ချက်တတ်နှင့် ချက်ပြုတ်ရသည် ။ အမေ့ ဝတ်ကြီးဝတ်ငယ် ကိုလည်း မလစ်ဟင်းအောင် ပြုစုရသေးသည် ။ ကျောင်းမီ အောင်လည်း ပြေးတက်ရသေးသည် ။
“ အော် … သားလေးတော့ ကျောင်းစာ တစ်ဖက်နဲ့ ပင်ပန်းရှာမှာပဲနော် ၊ အမေ, မျက်စိ မြင်ချင်လိုက်တာကွယ် ၊ ဒါမှ သားလေး သက်သာမှာ ... ”
အမေ့ စေတနာ မေတ္တာတို့ ကား ကျွန်တော့် တစ်ကိုယ်လုံး ကို လွှမ်းခြုံရစ်သိုင်း ထားသည် ။ အမေ့ ကို မျက်စိအလင်း ပြန်လည် မြင်စေချင်လှပါဘိတော့သည် ။
( ၁ ) - ဃ
“ အဖေ ... သား တစ်ခု ပြောမလို့ ”
“ ပြောလေ သားလေး ဘာလိုချင်လို့လဲ ၊ စာအုပ်လား ၊ အဝတ်အစား လား ”
“ မဟုတ်ပါဘူးအဖေ ၊ သား ပြောချင်တာ က လူ တစ်ယောက်မှာ မျက်လုံး နှစ်လုံး ရှိတာ အကောင်းဆုံး ဆိုတာသား သိပါတယ် ။ အခြေအနေ အရ မျက်လုံး တစ်လုံးတည်း သာ ရှိရင်ကော ဘယ်လို နေမလဲဟင် .. ”
“ မျက်လုံး တစ်လုံးတည်း ရှိလို့ ကတော့ ပိုတောင် ကောင်းသေးသကွ ၊ အဖေ့ သူငယ်ချင်း တင်မောင် ဆိုရင် အဖေတို့ က ငရမန်ကန်းလို့တောင် ခေါ်တာ ၊ လောက် လေး ပစ်တော့ တစ်ဖက်ကမ်းခတ် ပဲ ”
ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ၏ အကြံအစည် ကို မသိသော အဖေ သည် မျက်လုံး တစ်လုံးတည်း ရှိသည့် သူ့ အပေါင်းအသင်း မိတ်ဆွေများ ၏ အမြင်အာရုံ ထက်သန်ပုံ ၊ သူတစ်ပါး ထက် ထူးခြားစွာ ဆောင်ရွက်နိုင်ပုံများ ကို တစ်သီတစ်တန်းကြီး ပြောပြ နေသည် ။
“ ကဲပါ .. ညီလေးရာ ၊ အစ်ကိုတို့ ဆန္ဒ ကို အဖေ သိအောင် ပြောပြလိုက်စမ်းပါ ”
ကျွန်တော့် စကား ဦးတည်ရာ လမ်းကြောင်း မပြောင်းစေအောင် အစ်ကို က ဝင် ထောက်ပေး မှ လိုရင်းကို ဆက်ကြမိသည် ။
“ ဒီလိုပါ အဖေ.. အမေ့ မျက်စိ ပြန်မြင်အောင် ကျွန်တော် က မျက်လုံး တစ်လုံး ၊ အစ်ကို က မျက်လုံး တစ်လုံး ထုတ်ပေးမယ် ။ အဲဒါကို တောင်ကြီးစဝ်စံထွန်း ဆေးရုံ မှာ ခွဲစိတ်ပြီး အမေ့ မျက်စိ မှာ တပ်လိုက်ရင် အမေ ပြန်, မြင်မှာဗျ ”
“ ဟေ .. ဟုတ်လား ၊ ကဲပါလေ .. သားတို့ မျက်လုံး ကို ထုတ်ပေးပြီး အမေ့ မျက်စိ ကို ပြန် မြင်စေချင်တယ် ဆိုတော့ ၊ ဘာလဲ ... သားလေးက အိမ် အလုပ်တွေ သိမ်းကျုံး လုပ်ရတယ် ၊ ကျောင်း လည်း တက်ရတယ် ၊ သားလေး ပင်ပန်းတယ် ၊ ဒါကြောင့် သက်သာချင်တာနဲ့ အမေ့ မျက်စိ ပြန် မြင်စေချင်တယ် ပေါ့လေ ... ဟုတ်လား ”
အဖေ့ စကားက ချက်ကောင်း ကို လာထိသည် ။ ကျွန်တော် ပင်ပန်းလွန်း၍ အလုပ် မလုပ်ချင်၍ မဟုတ် ။ ယခုကဲ့သို့ပင် အိမ်ဦးခန်း တွင် ပုံ့ပုံ့လေး ထိုင်ကာ တရား ဘာဝနာ ရှုမှတ်ပြီး ပုတီးစိပ် နေသည်ကိုသာ မြင်လိုစေခြင်း ဖြစ်ပါသည် ။ မျက်စိ နှစ်ကွင်း အလင်း ရသဖြင့် ဘုရားကျောင်းကန် သို့ ကိုယ်တိုင် သွားလို လျှင်လည်း သွားပါစေ ... ပေါ့ ။ သည် ရည်ရွယ်ချက် ကို ကျွန်တော် သာ အသိဆုံး ဖြစ်ပါသည် ။ ထို့ကြောင့်လည်း အဖေ့ စကား ကို ငြင်းဆန်မိသည် ။
“ မဟုတ်ဘူး အဖေ .. ၊ သား ဖြစ်စေချင်တာက အမေ့ မျက်စိ ပြန်မြင် စေချင်တာ .. သက်သက်ပဲ ”
“ သားတို့ စေတနာကို နားလည်ပါတယ်ကွာ ၊ ဒါပေမယ့် .. မိဘ ဆိုတာ အထူး သဖြင့် အမေတွေပေါ့ကွာ ၊ ကိုယ့်သား ကိုယ့်သမီး ကို ကိုးလလွယ် ဆယ်လမွေး ဆိုသလို သန္ဓေသား လွယ်ကတည်း က ကိုယ်အင်္ဂါအစုံအလင်, ပါပါစေလို့ ဘုရား မှာ ဆုတောင်း ကြရတယ် ။ အကျင့်သီလဆောက်တည်ကြရတယ် ။ မွေးဖွားလာလို့ အင်္ဂါ စုံပြီဆို ပြန်တော့လည်း မထိခိုက်အောင် ၊ မကျိုးပဲ့အောင် ဂရုစိုက်ပြီး ထိန်းသိမ်းစောင့်ရှောက် တတ်ကြတယ် သားရဲ့ ။ တကယ်လို့ ထိခိုက်ဒဏ်ရာများ ရလာခဲ့ရင် တောင် မှ ငါ့ သား ငါ့သမီးတွေ ကိုယ်စား ငါ ပဲ ဖြစ်လိုက်ချင်ပါတယ် ဆိုတဲ့ စိတ်ထားမျိုး ထားတတ် ကြတယ် ။ သားတို့ ဆန္ဒကို မင်းတို့ အမေကလည်း လက်ခံမှာ မဟုတ်ပါဘူး ကွာ ”
မိခင် ၏ ချစ်ခြင်းမေတ္တာ အတိမ်အနက် ကို အဖေ က ဖွင့်ပြ၏ ။ “ သားတို့ ဆန္ဒ ပြင်းပြ နေရင်လည်း သားတို့အမေ ကို ပြောကြည့်လေ ” ဟု ခွင့်ပေးသည် ။ အဖေ့ လို နှုတ်ရေး မကြွယ်သော အမေ့ စကား က တိုသည် ။ ပြတ်သည် ။
“ အမလေး .. မလုပ်ပါနဲ့တော် ။ ကျုပ် သားလေးတွေ က အင်္ဂါ အစုံအလင် နဲ့ မွေး ထားတဲ့ ရွှေရေးပန်းခက် ကလေးတွေပါ ။ ဘယ့်နှယ် .. အကောင်း က အဆိုး ဖြစ်ရမယ်,လို့ ။ ဒီမယ်, သားတို့ ၊ အမေ့ ကုသိုလ် နဲ့ အမေ တစ်သက်လုံး မျက်စိ ကွယ်ချင် ကွယ်ပါစေ ။ သားတို့ကို အမေ, အမြဲ မြင်နေရတယ် ။ ဒီလို မြင်နေရရုံနဲ့ အမေ့ ဘဝ လုံလောက်ပါပြီကွယ် ”
ပြတ်သားသော အမေ့ စကားကြောင့် ကျွန်တော်တို့ ဆန္ဒ မအောင်မြင်ခဲ့ပါ ။ နောင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သဖြင့် ကျွန်တော် ကျောင်းဆရာ ဖြစ်လာသည် ။ ကျောင်းဆရာ ဘဝ ဖြင့် သုံးနှစ်မျှ အမေ့ ဝေယျာဝစ္စ နှင့် မိသားစု တာဝန်များ ကို လိုလားစွာ ထမ်းဆောင် ဖြစ်ခဲ့သည် ။
( ၂ ) - က
တီဗွီ ရှေ့တွင် ကုလားထိုင် သုံးလုံး ချထားတော့ ကျွန်မက အဖေကြီး ကို ပြော ဖြစ်သည် ။
“ တော့ , ကုလားထိုင်ကြီး တွေက ရှေးပုံဟောင်းတွေ ဆိုတော့ နေရာယူ လွန်းတယ် ၊ အိမ်မှာ က ထိုင်မယ့်လူ လည်း များများစားစား ရှိတာမဟုတ်ဘူး ၊ ချောင် တစ်ချောင် မှာ သိမ်းထား လိုက်ရအောင် ၊ ဒါဆို အိမ် လည်း ကျယ်တာပေါ့ ”
“ မင်း မသိပါဘူးကွာ ၊ တစ်နေ့နေ့ သမီး ပြန် လာမှာကွ ၊ သူ ပြန် လာတော့ သူ ပေးထားတဲ့ တီဗွီလေး ရှေ့မှာ တို့ မိသားစု သုံးယောက် အတူတူ ထိုင် ကြည့်ရင်း စကားလေး ဘာလေး ပြောရတာပေါ့ ”
အဖေကြီး က သူ့ သမီး ကိုသိပ်ချစ်သည် ။ ကျွန်မ လည်း အမေ တစ်ယောက် မို့ ချစ်ရပါသည် ။ ဒါပေမယ့် .. သူ က ပိုလွန်းတတ်သည် ထင်သည် ။ သူ က ကျောင်း ဆရာ ၊ ကျွန်မ က ကျောင်းဆရာမ ။ မွေးလာသည်ထဲတွင် သမီးလေး တစ်ယောက်ပါ သည် ။ တစ်ကယ်ဆို ... ဆယ်တန်း အောင်ရုံသင် ၊ ဆရာဖြစ် သင်တန်းတက် ၊ အချိန် တန်တော့ ကျောင်းဆရာမ, ဖြစ် ။ မိသားစု ဥမကွဲ သိုက်မပျက် မနေရပေဘူးလား ။
သို့သော် .. ပြောမရခဲ့ ။ ငယ်စဉ် ကတည်းက စာထူးချွန်အောင် ကြိုးစားချင် အောင် အားပေးအားမြှောက် ပြုပေးခဲ့သည် ။ ဆယ်တန်း ကို ဂုဏ်ထူးတွေ တစ်သီကြီး နှင့် အောင်မြင် အောင် အပြင်းအထန် လေ့ကျင့်စေခဲ့သည် ။ သို့နှင့် ဆေးတက္ကသိုလ် တက်ခွင့် ရပြီး ထက်မြက် ထူးချွန်သူ ဆရာဝန်မကြီး ဖြစ်လာခဲ့သည် ။ ဆရာဝန် ဖြစ်လာပြီပဲ, တော်ပါရော့လား ။ မတော်နိုင်သေး ။ အဖေကြီး က တစ်ဆင့် တက် လာပြန်သေးသည် ။
“ ငါ့ သမီး က ထူးချွန်တယ် ၊ ဉာဏ်ပညာ ထက်မြက်တယ် ၊ ငါ့ သမီး နိုင်ငံခြား သွားနိုင်အောင် ကြိုးစား ၊ မိမိ အတွက်ရော တိုင်းပြည် အတွက်ပါ ဂုဏ်ရှိ အောင်ကြိုးစား ” .. တဲ့
သမီး ဖြစ်သူ ကလည်း ကြိုးစားရှာ လွန်းသည် ။ နိုင်ငံခြား ပညာတော်သင် ပါသွားသည် ။ ဟိုမှာ အဆင့်မြင့်ဆေးပညာတွေ တစ်ခု ပြီး တစ်ခု သင်ယူရင်း က နိုင်ငံခြားသား ယောက်ျား ကိုပါ ရအောင် ယူလိုက်နိုင် သေးသည် ။
ဒါတင် မကသေး ၊ ထို နိုင်ငံသား အဖြစ် ခံယူပြီး ပြန်မလာဘဲ နေသည့် အတွက် အိမ် က “ ကိုဖိုးကြွားကြီး ” ရင်ထုမနာ ဖြစ်ရရှာသည် ။
ယခုမူ နိုင်ငံ ကို ပစ် ၊ မိဘ ကိုပစ်ပြီး ၊ သူတစ်ပါး နိုင်ငံ ကို ချစ်နေလိုက်သည် မှာ သားသမီးတွေ ပွားစည်းပြီး အခြေကျ နေပြီဖြစ်သည် ။ ပစ္စည်းလေး ဘာလေး လှမ်း ပို့ဖော် ရသော်လည်း လူကြုံ ကောင်းနိုင်လွန်း မှသာ ရောက်ရှိတတ်သည် ။ အိမ်မှာ ရှိနေသော တီဗွီလေး မှာ သမီး လှမ်းပို့ လိုက်သော အမှတ်တရ ပစ္စည်းလေး ဖြစ်သည် ။
( ၂ ) - ခ
“ ဟောဒီမှာ .. သမီး ဆီက စာနဲ့ ပစ္စည်းတွေ ”
သမီး ထံမှ လူကြုံ ရောက်နေ သဖြင့် သွားရောက်တွေ့ ဆုံရှာသော အဖေကြီး သည် ခရီး ရောက်မဆိုက် ၊ တိုက်ပုံပင် မချွတ်အားဘဲ ပစ္စည်းတွေ ပွေ့ပိုက်ကာ ကျွန်မ အနီးရှိ ကုလားထိုင် တွင် လာထိုင်သည် ။ သူ ပေးလာသော စာကို လှမ်း ယူလိုက်ရ သော်လည်း စာလုံး ကို မူ လုံးဝ မမြင်ရ ။ ဘေး ကုလားထိုင် ပေါ်ရှိ မျက်မှန် ကိုသာ လှမ်း၍ စမ်းမိသည် ။
ယခင်က ကျွန်မ သည် မျက်မှန် နှစ်လက် တပ် ရသည် ။ တစ်လက် က အနီးကြည့် ဖြစ်သည် ။ မျက်မှန် မှာ ဒီဂရီ များလှသဖြင့် ထူထဲ လှသည် ။ ယခု မျက်မှန် မှာ အနီး ရော အဝေး ရော တွဲထားသည့် နှစ်ထပ် မျက်မှန်လေး ဖြစ်သည် ။ ခေတ်မီ နည်းစနစ်တွေ ကြောင့် ယခင်ကဲ့သို့ မထူတော့ ။ မှန် က ပါးလှသလို ကိုင်း ကလည်း ပေါ့ပါးလှသည် ။ ပစ္စည်း ကောင်းလှသဖြင့် ဈေး ကလည်း ကောင်းလှသည် ။ ကိုယ်တိုင် က ဝယ် မတပ်နိုင်ပါ ။ တပည့်လေးများ စုပေါင်း ကန်တော့သည့် အတွက် သာ တပ်ဆင်နိုင်ခြင်း ဖြစ်သည် ။
ထို မျက်မှန် ကို အနီးရှိ ကုလားထိုင် ပေါ်တွင် မျက်မှန်လွတ် ကို တင်ကာ တီဗွီ ကြည့် နေတတ်သည် မှာ ကျွန်မ ၏ အကျင့်ပင် ။ ယခုလည်း အရုပ် မသဲကွဲသော်လည်း ကြည့်နေရင်း မှ အနီးရှိ မျက်မှန်လေး ကို လိုက် စမ်းနေမိခြင်း ဖြစ်သည် ။ ကျွန်မ ၏ အဖြစ် ကို မြင်သဖြင့် ...
“ မင်း ကလည်းကွာ ၊ မျက်မှန် ကို ကုလားထိုင် ပေါ် မချပါနဲ့လို့ ဘယ်နှခါ ပြောရမလဲ ၊ စားပွဲပေါ် တင်မှပေါ့ကွ ”
“ ဒီကုလားထိုင်ပေါ် တင်ထား မှ လက်လှမ်း မှီမှာပေါ့ အဖေကြီးရဲ့ ။ အရေး ရယ် အကြောင်း ရယ် စာဖတ် ချင်ရင် စားပွဲ အထိ ရောက်အောင် မသွားနိုင်ဘူး တော်ရေ့ ”
“ မင်း မလည်း, ဒီ မျက်မှန် ကို ချွတ်လိုက် တပ်လိုက်နဲ့ အလုပ်များပါတယ်ကွာ ၊ ငါ ပဲ ဖတ်ပြမယ် ။ မင်း သမီး ပြန်လာမယ်တဲ့ ”
အဖေကြီး ၏ စကားကို ကြားရသဖြင့် ကျွန်မ, ဝမ်းသာသွားသည် ။ သမီး နှင့် ခွဲခွာရသည်မှာ ( ၁၅ ) နှစ် ကျော်ပြီ ဖြစ်သည် ။ သမီး ကို မြင်ချင်တွေ့ချင် လှသော်လည်း အခြေအနေ အခွင့်အခါမကြုံကြိုက်ခဲ့ ။
“ သမီး က ဘယ်တော့ ပြန်လာမှာလဲ ဟင် .. အပြီး ပြန်လာမှာလား ၊ သူ့ မိသားစု ကော ခေါ်လာခဲ့မှာတဲ့လား .. ”
မေးခွန်းတွေ က ဆင့်ထွက် ကုန်သည် ။ သူ က မျက်စောင်းညိုညိုနှင့် ဝေဖန်သည် ။
“ မင်းတို့ မိန်းမတွေ က အဖြစ်ကို သည်းတယ် ”
“ သည်းရတယ် တော်ရေ့ … ကျုပ်တို့ မှာ ဒီ သမီးလေး တစ်ယောက်တည်း ရှိတာ ”
“ သည်းပါဗျာ ... သည်းပါ ၊ သမီး ရှေးအပတ် ထဲမှာ ရန်ကုန် ကို ရောက်မယ် ၊ စီစဉ်စရာတွေ စီစဉ်ပြီးရင် တို့ဆီကို လာခဲ့မယ်တဲ့ ။ သမီး က အပူပိုင်းဒေသ မှာ ဖြစ်တတ်တဲ့ ရောဂါတွေ ရဲ့ ဇစ်မြစ် ကို သုတေသန လုပ်ဖို့ လာမှာတဲ့ ၊ ရက်သတ္တ နှစ်ပတ်ပဲ ဗီဇာ ရတာတဲ့ ”
မလာတော့ လည်း မလာ ၊ လာပြန် တော့လည်း ရက်ပိုင်းမျှ သာ ဆို၍ .. ကျွန်မ မချိတင်ကဲ ခံစား လိုက်ရသည် ။
“ အော် .. ကိုယ့် သမီး ကိုတောင် ဝအောင် တွေ့ခွင့် မရဘူးတဲ့ ဘဝ ပါလားနော် .. ”
“ တော် .. တော် .. သိပ် ညည်း မနေနဲ့ ။ ကျောင်းက တပည့်လေးတွေ ကိုခေါ် ပြီး အိမ်ကို သန့်ရှင်း မွမ်းမံထား ၊ စားဖို့ ၊ သောက်ဖို့ လည်း အခု ကတည်းက ရှာဖွေထား ၊ ငါ့ သမီး က ပုန်းရည် နဲ့ လက်ဖက် ဆို သိပ်ကြိုက်တာ ၊ တညင်းသီးတွေ မတုံးသေးဘူး နော် ၊ တညင်းသီး ဆားရည်စိမ် နဲ့ ငါးပိရည် ဆို ငါ့ သမီး က သိပ်ကြိုက်တာ .. အသည်း စွဲဗျ ”
“ တော်ပါ ... ကိုပိုရယ် ။ ဒါတွေ အားလုံး ကျွန်မ နားလည်ပါတယ် ”
( ၂ ) - ဂ
လာမည့်ရက် ရောက်တော့ တမျှော်မျှော် နှင့် နေမထိ, ထိုင်မသာ ဖြစ်နေမိသည် ။ အိမ် ကလည်း သန့်ရှင်းသပ်ရပ် သစ်လွင် နေသည် ။ သမီး ကြိုက်တတ်သော စားစရာ သောက်စရာတွေကိုလည်း မျိုးစုံအောင် စီစဉ်ထားပြီး ဖြစ်သည် ။ သို့သော် လူ မရောက်လာဘဲ သတင်း တစ်ခု သာ ရောက်လာသည် ။
သမီး က .. အဖွဲ့နှင့် တစ်စုတဝေးတည်း, တည်းမည် ဖြစ်၍ ပုပ္ပါးတောင် ကလပ် ဧည့်ရိပ်သာ သို့ လာရောက်စေလိုကြောင်း ၊ အချိန် မရသဖြင့် အိမ်သို့ ဝင်နိုင်မည် မဟုတ်ကြောင်း စသည်ဖြင့် ၊ ဤသတင်း ကို သမီး ၏ အသံ နှင့် ကြားရသည် မဟုတ် ။ တစ်ဆင့် စကား နှင့်သာ ကြားရခြင်း ဖြစ်သည် ။ အဖေကြီး, မျက်နှာ ညှိုးသွား သည် ကိုတော့ ပြက်ပြက်ထင်ထင် မြင် လိုက်ရသည် ။
“ ဘယ် တတ်နိုင်မူလဲကွာ .. သူ့ အလုပ် က အရေးကြီးလို့ နေမှာပေါ့ ။ တို့ ပုပ္ပါး ကို လိုက်ဖို့သာ ပြင်ကြတာပေါ့ ”
ဤသို့ဖြင့် .. ပုပ္ပါး သို့ လိုက်ဖြစ်ခဲ့ကြသည် ။
ပုပ္ပါး ကို ရောက်တော့ အသိဘုန်းကြီးကျောင်း မှာ တည်း ဖြစ်သည် ။ သမီး ကို တွေ့ဖို့ သမီးတို့ တည်းသည့် ဧည့်ရိပ်သာ ရှေ့သို့ သွားပြီး စောင့်ရသည် ။ သမီးတို့
ကွင်းဆင်း ထွက်သွားချိန် ဖြစ်၍ တွေ့ခွင့် မရခဲ့ ။
မပြေပြစ်သော ၊ အတက်အဆင်း များသော ပုပ္ပါးမြေ ပေါ်တွင် သမီး ကြိုက်တတ်သော အစားအသောက်များ ပါသည့် ခြင်း ကို မနိုင့်တနိုင် ဆွဲကာ ပြန်လာခဲ့ရသည် ။
တွေ့ နိုင်မည့် အချိန်ကို စုံစမ်းပြီး နောက် တစ်နေ့တွင် သွားရောက် တွေ့ဆုံရပြန်သည် ။ မြင်လိုက်ရသော သမီး ၏ မျက်နှာသည် ငွေစင်လမင်းနှယ် သာတည်း ။ အနေ ဝေးခဲ့ သမျှ အတိုးချ၍ စကား ပြောဖို့ရန် ဟန်ပြင် လိုက်သော ကျွန်မတို့ ဇနီး မောင်နှံမှာ စကားပင် ဖြစ်ဖြစ်မြောက်မြောက် မဆိုလိုက်ရ ။
“ ဖေဖေ နဲ့ မေမေ နေကောင်းတယ်နော် .. ဒီမှာ သမီး က သိပ် အလုပ်များ နေတာ ၊ သမီး က အဖွဲ့ခေါင်းဆောင် ၊ သုတေသနစာတမ်း ရဲ့ စာတမ်းရှင် ဆိုတော့ ၊ မျက်နှာ လွှဲလို့ မရဘူး ။ ဒီစာတမ်းက နိုဘယ်လ်ဆု တောင် ချိန်နိုင်တယ်လို့ ပညာရှင်တွေ က အားပေးထားတော့ သမီး ကြိုးစားရမှာ ”
“ အေးပါ သမီးရယ် .. မေမေတို့ နားလည်ပါတယ် ၊ မေမေတို့က သမီး ရဲ့ မျက်နှာ ကိုမြင်ရရင်ပဲ ဝမ်းမြောက်လှပါပြီ ”
သည်မျှသာ ပြောနိုင်သည် ။ ပြောလိုသော စကားလုံးများသည် ဘယ် ဆီသို့ လွင့်ပါး ကွယ်ပျောက် ကုန်ကြသည် မသိ ။ တစ်ပြည်သူ သမီး ၏ မျက်နှာ ကိုသာ တွေပြီး ကြည့်နေမိပါသည် ။ “ ပါလာတဲ့ စားစရာတွေကို ပေးလိုက်ဦးလေ ” ဟု သတိပေး လာ သော အဖေကြီး ၏ စကား ကို ကြားလိုက်ရ မှ သတိ ပြန်ဝင်လာသည် ။
“ ဒီမှာ သမီး ကြိုက် တတ်တဲ့ စားစရာတွေ ယူလာတယ် ”
“ ဘာတွေလဲ မေမေ ”
“ လက်ဖက်နှပ်လေးရယ် .. ပုန်းရည်ကြီးရယ် ၊ တညင်းသီးစားရည်စိမ် နဲ့
ငါးပိရည်လေ .. ”
“ ဟာ .. မေမေ ကလဲ ... မည်းမည်းသည်းသည်း နံနံစော်စော်ကြီးတွေ ၊ သမီး ဘယ်လို စားတတ်မှာတုန်း ... ပြန်ယူသွား .. ပြန်ယူသွား .. ”
ခက်ချေပြီ ။ တစ်ချိန်က ခုံမင် ကြိုက်နှစ်သက် ခဲ့သည့် မြန်မာ့အာဟာရ ကိုပင် သမီးမေ့လေပြီ ။ ထားတော့ ။ ရေခြားမြေခြား မှာ နှစ်ပေါင်းများစွာ အနေကြာ လာခဲ့၍ အစားအသောက် ပြောင်းလဲမှုကို နားလည် ခွင့်လွှတ်နိုင်ပါသည် ။ သို့သော် ... သမီး သည် အိုကြီးအိုမ မိဘနှစ်ပါး ဒုက္ခခံ ကာ သယ်ယူလာခဲ့သည့် စေတနာ ကို တန်ဖိုး ထားရကောင်းမှန်း မသိတော့ချေ ။ သည်အဖြစ် အတွက် ရင် ထဲမှာ ကျင်ကနဲ ဖြစ်မိသည် ။ ခွန်းဆက်စကားတွေ မနားတမ်း ပြောရန် ဟန်ပြင် နေသော အဖေကြီး ပင် နှုတ်ဆိတ် သွားကာ သမီး ဖြစ်သူကို ငိုင်ကြည့် နေတော့သည် ။
အတန်ကြာမှ အဖေကြီး ၏ ဆို့နစ်သော အသံ က ဖြည်းညင်းစွာ ထွက်ပေါ်
လာသည် ။
“ သမီး အလုပ်က အရေးကြီး နေတော့ ဖေဖေတို့ ပြန်မယ်သမီး ။ သမီး မပြန်ခင် တစ်ရက်တော့ သမီး ချက်မြုပ်ခဲ့တဲ့ ဖေဖေတို့ ရဲ့ အိမ်ကလေး ကို အရောက် လာခဲ့ပါ့မယ်လို့ ကတိ ပေးပါ သမီးရယ် ”
“ အဲဒါတွေ ခက်တာပဲ ဖေဖေရာ ၊ ဇာတိချက်မြုပ် ထက် အရေးကြီးတဲ့ အတတ်ပညာဆိုင်ရာတွေ က ရှိသေးတယ် ဖေဖေ ရဲ့ ”
“ လူ့ဘဝ မှာ အတတ်ပညာ ဟာ အရေးကြီးမှန်း တော့ ဖေဖေ လည်း ပညာ ရေးဝန်ထမ်း တစ်ယောက် အနေနဲ့ သိပါတယ် သမီးရယ် ၊ ဒါပေမယ့် .. ကိုယ့် မွေးရပ် မြေဌာနဟောင်းလေး ကို ပြန်ပြောင်း သတိရတဲ့ အနေနဲ့ လာစေချင်တာပါ ”
“ ဟုတ်တယ်လေ.. သမီး ရဲ့ .. ငယ်ငယ်တုန်းက ဆော့ကစား ခဲ့တဲ့ နေရာ လေး ၊ သမီး နားထွင်းတော့ သမီး တစ်ယောက် ထဲ ဆိုရင် အားငယ်မှာ စိုးလို့ နားရံ လေးယောက် နဲ့ မဏ္ဍပ်ကြီး ဟီးလောက်အောင် ဆောက်ပြီး နားထွင်း မင်္ဂလာ လုပ်ခဲ့တဲ့ နေရာလေ ၊ သမီး စာမေးပွဲတွေ အောင်တိုင်း သမီး သူငယ်ချင်းတွေ ကို ဖိတ်ပြီး ဧည့်ခံတဲ့ နေရာလေး ၊ ဒီနေရာလေး ကို တော့ သမီး လာစေချင်တယ်ကွယ် ”
ကျွန်မ ၏ အသံသည် သတိထား နေရင်းကပင် တိမ်ဝင်သွားသည် ဟု ထင်မိ ပါသည် ။ သမီး ၏ တုံ့ပြန်သံ ကမူ .. “ ကောင်းပြီလေ .. သမီး ရောက်အောင် လာခဲ့ ပါမယ် ...” တဲ့
( ၂ ) - ဃ
အိမ်အပြန် လမ်း မှာ နှစ်ယောက်စလုံး စိတ် မကောင်းကြ ။ ကားပြတင်း မှ လမ်းဘေးဝဲယာ ရှုခင်းများ ကို သိစိတ်မဲ့ စွာဖြင့် ကြည့်ရင်း က အဖေကြီး စကားစ, လာသည် ။
“ တို့ သိပ် မှားသွားတယ် ”
“ ဘာတွေ မှားလို့လဲဟင် ”
“ ဒီလို ဖြစ်မယ်လို့ ကြိုသိခဲ့ရင် သမီးလေး ရဲ့ ပညာရေး အစီအစဉ် ကို တစ်မျိုး ပြောင်းခဲ့ပါတယ် ကွယ် ”
“ ကို ပြောတာ သိပ် မရှင်းဘူး ”
“ ဒီလိုလေကွယ် .. ဒို့များ က သမီးလေး ကို ထူးချွန်ထက်မြက်တဲ့ ပညာတတ်ကြီး ဖြစ်စေချင်ခဲ့တယ် မဟုတ်လား ”
“ ဒါကတော့ .. ကိုပဲ .. ပို့ခဲ့တာ ”
“ ဟုတ်တယ် ... ကိုယ့် အမှားပါ ။ ဝန်ခံပါတယ် ။ အစတုန်းက သမီးလေး တစ်ယောက် ဆိုပြီး လောက်လောက်လားလားဖြစ်စေချင်လွန်းလို့ .. မြေထောင် မြှောက် ပေးခဲ့တယ် ။ တို့ သမီးလေး က ဉာဏ်ရည်လည်း ထက်မြက်တော့ ထူးချွန်တဲ့ အတတ် ပညာရှင်ကြီး တော့ ဖြစ်လာပါရဲ့ကွယ် ... ဒါပေမယ့် သူ့ မှာ.. သူ့ ဘဝ ရဲ့ မူလဘူတ နဲ့ ပတ်သက်ပြီး မရှိတော့ဘူး ... လုံးလုံးကို မရှိတော့ဘူး ”
“ ဒါကြောင့် ပြောတာ နေမှာပေါ့ ကို ရဲ့ .. လောကကြီး မှာအလှဆုံး ဆိုတဲ့ အရာတွေ ရှိတယ်တဲ့ .. အဲဒီ အရာတွေ က မျက်စိ နဲ့ ကြည့်လို့လည်း မမြင်နိုင်ဘူး တဲ့ ။ လက် နဲ့ ကိုင်တွယ်လို့ လည်း မရဘူး တဲ့ ။ နှလုံးသား နဲ့ ပဲ ခံစား ကြည့်နိုင်တယ် ဆိုတာလေ ... ”
“ အေး ... နှလုံးသား လှဖို့အတွက် ... နှလုံးသားနဲ့ ခံစားတတ်ဖို့ အတွက် အမျိုးသား ပညာဝန်ကြီးဦးဖိုးကျား က ( ပညာ - လက်ရုံး - နှလုံးရည် ) ညီရမယ် ဆိုပြီး ပညာရေး မူဝါဒ မှတ်ချခဲ့တာပေါ့ ။ အခုတော့ ( စိတ်ဓာတ် - စည်းကမ်း - ပညာ ) ဆိုပြီး တို့တစ်တွေ အကောင်အထည် ဖော် နေကြတယ် ... သမီးတို့ တုန်းက တစ်မျိုး တကယ်တော့ ပညာ က အဓိက မကျလှဘူး ကွ ၊ စိတ်ဓာတ် ကောင်းဖို့က အဓိက .. ”
“ ဟုတ်တယ်နော် ၊ သမီးလေး မှာ အမျိုးအနွယ် ကို စောင့်ရှောက်ရ ကောင်းမှန်း မသိတော့ဘူး ၊ ပညာမာန်တွေ တက်ပြီး ထင်ပေါ်ကျော်ကြားမှု နောက်ကို ကောက်ကောက်ပါအောင်လိုက် ၊ အတ္တ လွန်ကဲပြီး ၊ ဆရာဝန် ဖြစ်အောင် ပြုစုပျိုးထောင် ပေးခဲ့တဲ့ နိုင်ငံတော် ရဲ့ ကျေးဇူးတရား ကိုလည်း အောက်မေ့ရကောင်းမှန်း မသိ လောက်အောင် နှလုံးသား ခန်းခြောက် နေပြီနော် ... ”
“ အေးပေါ့ .. နှလုံးသားနဲ့ ခံစားရမယ့် အလှအပတွေ ကို တို့ သမီးလေး မရနိုင် တော့ဘူး ။ သူ့ စိတ် ထဲမှာ ဦးနှောက် နဲ့ ရင်းထားတဲ့ အတတ်ပညာတွေပဲ ရှိတယ် ၊ ဘယ်မှာလဲ ... အမျိုး ကို ချစ်ရမယ့်စိတ် ၊ တိုင်းပြည် ကို ချစ်ရမယ့် စိတ် ”
“ အေးလေ ၊ တို့ မိဘတွေ ကို တောင်မှ သူ နိုဘယ်လ်ဆု ရရှိရေး လောက် အလေးအနက် မထားတော့ အမျိုးလည်း ပျောက် ၊ ဇာတိဂုဏ်လည်း ပျောက်ပြီပေါ့ကွာ ၊ ပညာ အတတ်ကျူးတော့ အတ္တဘီလူး ဖြစ်သွားပြီ ထင်ပါရဲ့ကွယ် ”
အဖေကြီး ၏ စကားသံ သည် တစ်စ တစ်စ တိမ်ဝင် သွားပြီး လှိုက်သံ ပါလာသည် ။ ကျွန်မ အနေဖြင့် ဘယ်လို ဆက်လက် ပြောဆို ရမည်မှန်း မသိသဖြင့် မပြောတတ် ပြောတတ်နှင့် ဝင် ပြောလိုက်ရသည် ။
“ ကျွန်မတို့ ဆီ မှာသာ နေရင်တော့ သမီးလေး ဒီလို ဖြစ်မယ် မထင်ပါဘူးရှင် ”
“ အေးလေ … မင်း, သမီး က နိုင်ငံ ကို ခြေစုံပစ် သွားတာကိုးကွ ၊ သူတို့ ဆီမှာ သူတို့ လိုချင်တဲ့ ပညာ ၊ သူတို့ လိုချင်တဲ့ ဥစ္စာ ၊ သူ လိုချင်တဲ့ ကျော်ကြားမှုတော့ ရနိုင်ပါရဲ့ ၊ ဒါပေမယ့် .. ဗြဟ္မစိုရ်တရား လေးပါးနဲ့ ယှဉ်တဲ့ ၊ နွေးထွေး လှိုက်လှဲတဲ့ လူမှုဘဝမျိုး ဘယ် ရနိုင်တော့မှာလဲ ။ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမ, အောက်မှာ သင့်တင့်ရောင့်ရဲစွာ နှလုံးသွင်း နေထိုင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့ လည်းဝေးပြီပေါ့ ၊ မြန်မာ ဆိုတဲ့ မျိုးရိုးအစဉ်အလာ ၊ ကိုယ့်တိုင်းပြည် ရဲ့ မျိုးရိုး ဂုဏ်သိက္ခာ ၊ မြင့်မြတ်တဲ့
ယဉ်ကျေးတဲ့ လက္ခဏာတွေ, မင်း , သမီး ရဲ့ နှလုံးသား မှာ မရှိတော့ပါဘူးကွာ .. နှလုံးရည် မဲ့သွားပြီကွ ”
“ ဟုတ်တယ်နော် .. အော် .. ဒါနဲ့ ဟို တစ်လောက တီဗွီ မှာ ကြည့်လိုက် ရတာ မှတ်မိသေးလားဟင် ”
“ ဘာကို ပြောတာလဲ .. ”
ကျွန်မ အနေနှင့် အဖေကြီး စိတ် သက်သာရာ ရလေမလား ဟု စကား လမ်းကြောင်း ပြောင်း လိုက်ရသည် ။
“ နှလုံး အစားထိုး ကုတာလေ .. ”
“ ကို လည်း သတိထား လိုက်မိတယ် ၊ ဘာဖြစ်လို့လဲ ”
“ အော် .. နှလုံး မကောင်းတဲ့ ဝေဒနာရှင်တွေ ကို နှလုံးအစားထိုး ကုသ ပေးတာ ဆိုတော့ ၊ ဖြစ်နိုင်ရင်လေ, ကျွန်မ ရဲ့ နှလုံး ကို ထုတ်ပြီး သမီးလေး ရဲ့ နှလုံးနဲ့ လဲချင်လို့ ... အဲဒါ ”
“ လဲချင်လို့ ဟုတ်လား .. ကဲ မေးပါဦးမယ် ၊ မင်း, နှလုံး ကိုထုတ်ပြီး မင်း သမီး ကို ပေးလိုက်ပြီတဲ့ .. မင်း ပေးတဲ့ နှလုံးကြောင့် မင်း သမီးလေး မှာ ဗြဟ္မစိုရ်တရား အပြည့်အဝ နဲ့ ယဉ်ကျေးပျူငှါ စိတ်ထားမြင့်မြတ်တဲ့ မြန်မာအမျိုးသမီး ဘဝကို ရောက်လာပါပြီ တဲ့ ၊ ကျေးဇူးတရား ကို အလေးထားပြီး နှလုံးသား နဲ့ ခံစားနားလည် တတ်ပါပြီတဲ့ ၊ သိပ် ကောင်းတာပေါ့ကွာ ၊ ဒါပေမယ့် မင်း က နှလုံး မရှိဘဲ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူးလေ ၊ အဲဒီတော့ မင်း က သမီးရဲ့ နှလုံး ကို အစားယူ လိုက်ပေါ့ကွာ .. ”
“ အမလေးတော် ... အဲဒီ နှလုံးသား ကိုတော့ မယူပါရစေနဲ့ရှင် ... ”
“ မယူလို့ ဘယ်ဖြစ်မလဲကွ ၊ မယူရင် မင်း သေသွားမှာပေါ့ ”
“ သေချင် သေပါစေ ၊ အဲဒီလို အမျိုးမေ့ပြီး အတ္တကြီးတဲ့ နှလုံးသား နဲ့တော့ အသက် မရှင်ချင်ပါဘူးတော် ”
“ အေး, မင်း, မယူချင် လည်း ထား ၊ မင်း, မင်း သမီး ရဲ့နှလုံးသား က အသေ မဟုတ်ဘူး ၊ အရှင်ကြီးဗျ ၊ အဲဒါကို ဘယ်လို အမျိုးယုတ်က လက်ခံမှာလဲ ၊ ခွေးကျွေးရ အောင် မြန်မာပြည် က ခွေးတွေ ကလည်း စားမှာ မဟုတ်ဘူး သိလား ... ”
ထိုနေ့မှ စ၍ သမီး အကြောင်းနှင့် ဆက်စပ် သော စကားတို့ကို ကျွန်မတို့ မပြောဖြစ်ကြ တော့ပေ ။
( ၃ )
သမီး က ကတိ တစ်လုံးတော့ တည်ရှာ ပါသည် ။ အိမ်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာသည် ။ ဧည့်ခန်း ဆက်တီ တွင် ထိုင်ရင်း သမီး ပြောသမျှ ကျွန်မတို့ နားထောင် ရသည် ။ နိုင်ငံတကာ အဆင့် နှင့်ချီ၍ ပြောနေသော ပညာရပ် ဝေါဟာရများ ကို ကျွန်မတို့ လိုက် မမီပါ ။ ကျွန်မ ၏ စိတ် ထဲတွင် “ အော် ... ငါ့သမီးလေး ငါတို့ ကို ဘာဖြစ် လို့များ မကန်တော့သေးတာပါလိမ့် ” ဟူ၍သာ တွေးနေမိသည် ။ အဖေကြီး ခမျာ လည်း ‘ အင်း ’ တစ်လုံး ၊ ‘ အဲ ’ တစ်လုံး လိုက်နေရင်း ၊ ဇာတိ ပုည ဂုဏ်မာန နိမ့်ကျ နေပြီ ဖြစ်သော ၊ ရဲရဲနီစွေးသည့် မြန်မာ့သွေး မရှိတော့သော သမီး ကို သာ စကားလုံး ထောင်ပေါင်း များစွာ နှင့် အဓိပ္ပါယ် ဖွင့်ဆိုနေဟန် မျက်လုံးများ ဖြင့် ကြည့်နေရှာ သည် ။
မှတ်မှတ်ရရ ထိုနေ့က တနင်္ဂနွေနေ့ ဖြစ်သည် ။ အကယ်ဒမီရ ဇာတ်ကား ဟောင်းများ ကို မြန်မာ့ရုပ်မြင် မှ ထုတ်လွှင့်နေကျ ဖြစ်၍ ကျွန်မ ကြည့်ဖြစ်လေ့ ရှိသည် ။ ထို့ကြောင့် စကားဝိုင်း မှ ထကာ တီဗီ ဖွင့်ကြည့် လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ပြသနေသော ဇာတ်ကား မှာ “ ရွှေခြည် ၊ ငွေခြည် တန်းပါလို့ ” ဖြစ်သည် ။ ရက်ကန်းစင် တွင် ရှုပ်ထွေးလာပါက ရှင်းလင်းဖြတ်တောက်ရန် မလွယ်ကူကြောင်း တင်ပြထားသော ဇာတ်ကား ဖြစ်သည် ။
ယခင် တစ်ကြိမ် ကြည့်ပြီးကတည်းက နှစ်ခြိုက်ခဲ့သော ဇာတ်ကား ဖြစ်သည် ။ သည်လို ကားမျိုး သမီးလေး ကို ကြည့်စေ ချင်သည် ။ သာမန် အခြေအနေ နှင့် ဆိုသော် တိုက်တွန်း လိမ့်မည် မဟုတ်သော်လည်း မိဘရင်းချာ ပေါ်တွင် တစိမ်းပြင်ပြင် တိုင်းတစ်ပါးမာန် ဝင်နေသည့် သမီး ကို အသိတရား ရစေလို၍ ဖြစ်သည် ။
ဝမ်းနှင့်မလွယ် , သား , မမယ်သော်လည်း ၊ သူငယ်ချင်း ၏ ကလေးကို မိမိ ရင်သွေးနှင့် မခြား ကျွေးမွေးသုတ်သင်ခဲ့သည့် မြန်မာအမျိုးသမီး တစ်ယောက် ၏ မေတ္တာ ၊ စေတနာ ၊ ဖခင်ရင်း ထံ တွင် နေရသော်လည်း ကျွေးမေမေ အပေါ် တွင် မခွဲနိုင်အောင် နှောင်ဖွဲ့ ခဲ့သော မြန်မာကလေး တစ်ဦး ၏ သံယောဇဉ်တို့ ကို သမီးလေး မြင်သွားစေ ချင်ပါသည် ။
တမင် ဉာဏ် ထုတ်၍ ဇာတ်လုပ် ထားသည် ဆိုစေဦးတော့ ၊ ဤသို့သော လူ့ဘဝအဖွဲ့ နှင့် စရိုက်လက္ခဏာ တို့သည် မြန်မာပြည် မှတစ်ပါး မည်သည့် အရပ် ဒေသတွင် မျှ မရှိကြောင်း သမီးလေး သဘောပေါက် သွားစေလိုသည် ။
ဤ ဇာတ်ကား ကို ကြည့်ရခြင်း အားဖြင့် သမီးလေး ၏ ရင်တွင် သူတို့ တောင် သွေးမတော် သားမစပ် သံယောဇဉ် နှောင်တွယ်ကြသေးလျှင် ငါနဲ့ ငါ့အဖေ ၊ ငါ့အမေ တို့ဟာ သွေး အရင်းအချာကြီး ပါလား ၊ ငါ, သစ်စိမ်းချိုး ချိုးနေသူ ဖြစ်နေပါပေါ့လား ... ဟူသော အတွေး တစ်စ လောက်တော့ ရရှိသွားစေချင်သည် ။ ထို့ကြောင့်လည်း သမီး ကို လှမ်းခေါ်မိသည် ။
“ သမီးလေး ကြုံတုန်း အကယ်ဒမီဆုရ ဇာတ်ကားလေး ကြည့်သွားပါ ဦးလား ”
“ မကြည့်ချင်ပါဘူး ”
“ မဟုတ်ဘူး သမီးရဲ့ ၊ ကားက, ကောင်းလွန်းလို့ပါ ”
“ ဘာကား မို့လို့လဲ မေမေ ရာ ၊ အလုပ် ကို ရှုပ်တယ် ”
စိတ်ညစ်ညူး သွားဟန်နှင့် ခေါင်းကုတ် ခြေဆောင့် လုပ်နေသော သမီး ၏ လက် ကို ဇွတ်ဆွဲ၍ ခေါ်လာရသည် ။ အဖေကြီး ကို လည်း မျက်နှာရိပ် မျက်နှာကဲ ဖြင့် လှမ်း ပြ ဖြစ်အောင် ပြလိုက်ရသေးသည် ။
သမီး ပေးပို့ထားသည့် တီဗွီရှေ့ ကုလားထိုင်များ ပေါ်တွင် ကျွန်မ နှင့် အဖေကြီးတို့ ထိုင်မိ ကြသည် ။ သမီး ကား မထိုင်သေး ။ သူ့ သမီး အတွက် အဖေကြီး သတ်မှတ်ထားသော ကုလားထိုင် ကား နှစ်အတန်ကြာ ကပင် ... ထိုင်သူ ‘ မဲ့ ’ နေခဲ့ သည် ။
“ ထိုင်ပါ သမီးရဲ့ ၊ ဇာတ်ကားက ကောင်းမှ ကောင်း ... ”
ကျွန်မ သည် ပြောပြောဆိုဆို နှင့် သမီး ၏ လက်ကို ဆွဲကာ ထိုင်ခိုင်း လိုက်တော့ ...
“ စိတ်ပျက်ဖို့ ကောင်းလိုက်တာ မေမေရာ ”
ဟု ညည်းညူကာ ဆောင့်ဆောင့်အောင့်အောင့် ဖြင့် ထိုင်ချ လိုက်သည် ။ ထိုအခါတွင် “ ဂျွတ် ” ကနဲ အသံ ထွက်လာသည် ။
အသံ ထွက်ရာသို့ မျက်လုံး ဝေ့ အကြည့်ဝယ် ကျွန်မ ကို တပည့်လေးများ က အမြတ်တနိုး ကန်တော့ ထားသော ကျွန်မ အတွက် မရှိမဖြစ် မျက်မှန်ကလေး သည် သမီး ဝတ်ဆင် ထားသော တီရှပ် ဖားဖားကြီး အောက် တွင် အစိတ်စိတ် အမွှာမွှာ ကွဲအက် နေပြီ ဖြစ်ပါသည် ။
ထိုအခါ ကျမှ ကျွန်မ သိလိုက်ရသည် ။
စောစောက ဂျွတ်ကနဲ မြည်သော အသံသည် ကျွန်မ ၏ နှလုံးသား ပဲ့ကြွေ သွားသဖြင့် ငိုရှိုက်ရာမှ ထွက်ပေါ် လာသော ကြေကွဲသံစဉ်လေးပါကလား .. ဟု ..
▢ ခင်လယ်လယ်ချစ် ( မြန်/ ဂုဏ် )
📖 အလင်္ကာရပ်ဝန်း ( ၇ )
No comments:
Post a Comment