❝ ဝင်သက်ထွက်သက် တို့ ၏ မျှခြေ ❞
( ညီကျော် - တန်ဆည် )
ညသည် နီယွန် မီးရောင်စုံ အောက်၌ ရွှေအိုရောင် ဝတ်စုံဆင်မြန်းထားသော တ်သမီး တစ်ပါးလို နွဲ့နှောင်း လှပနေပေသည် ။ တိမ်သလ္လာ ကင်းစင်သည့် ကောင်းကင်ယံ ၌ လမင်းကြီး သည် ပြည့်ဝန်းလျက် လရောင်တို့ က ဖိတ်လျှံကျ နေ၏ ။ သို့သော် ရန်ကုန်ညချမ်း အတွက် လရောင်သည် ကား မေ့လျော့ခံ ပစ္စည်း တစ်ခုသာ ။
နိုင်လွန်ကတ္တရာလမ်း ပေါ်၌ ကားရောင်စုံတို့ ဥဒဟို သွားလာ နေကြသည် ။ များလိုက်သည့် ကားတွေ ။ မီးနီသွားသည့် တစ်ခဏ လူကူးမျဉ်းကြား တစ်ခု၌ ဝေါခနဲ ပြိုဆင်းလာသည့် လူများ ။ တစ်ချို့ က အိမ်ကို ပြန်ကြသည် ။ တချို့က အလုပ်သို့ သွားကြ၏ ။ သဘာဝတရားကြီး ၏ အလှအပတို့ သည်ကား ခံစားသူ မဲ့လျက် ။ လမင်း ကြီး ကတော့ သူ၏ ရွှေအိုရောင် ဝတ်ရုံလွှာကို ပြန်ရုတ် မသွား ။ လောကတခွင် သို့ ဖြန့်ခင်းထားပေသည် ။ လမ်းမီးတိုင် တစ်ခု အောက်တွင် ဖြစ်သည် ။
လမ်းမီးတိုင် တစ်ခု အောက်တွင် ဖြစ်သည် ။
••••• ••••• •••••
မှတ်တိုင် တစ်ခု မဟုတ်သော် ငြား ကားရောင်စုံ တို့သည် မီးတိုင် အောက်သို့ ထိုးရပ် လာလိုက် ၊ မောင်းထွက် သွားလိုက်နှင့် ။ ကား ပေါ်သို့ တက်လိုက်သွား သူ ရှိသလို ၊ တချို့ က လက်ခါ ပြကြသည် ။
“ ဟဲ့ မဉ္ဇူ ၊ မတည့်ဘူးလား ”
“ ဂွမ်းပါတယ် ဟယ် ၊ ငါ့များ မတန်မရာ လာ ဆစ်နေတယ် ”
ခိုးခိုးခစ်ခစ် ရယ်သံအချို့ ကဗျာ မဆန်စွာ ပျံ့လွင့် လာ၏ ။ လမ်းမီးတိုင် ၏ နီယွန်မီးချောင်း ကို ဝန်းရံ ပျံသန်းနေသည့် ပိုးမွှားကောင်များ ။ တချို့ က အတောင်ပံ ပြုတ်လျက် မြေသို့ သက်ဆင်းနေရ၏ ။ သူတို့ ခုံမင်သော အလင်းရောင် ဆီ တိုးဝင် ရင်း သူတို့ အသက်တွေကို စတေး နေကြသည် ။
“ ဒါနဲ့ ရိုစီ နင့် စပွန်ဆာ ဦးရော အခုတလော မလာပါလား ”
မဉ္ဇူ ဟု ခေါ်သော ဆေးဆိုးပန်းရိုက် မျက်နှာ နှင့် ပန်းတစ်ပွင့် ၏ အမေး ။ ရိုစီ ဟု အခေါ်ခံရသော ပန်းရိုင်းကလေး က မျက်နှာ ကို မဲ့ရွဲ့ကာ ...
“ အလကား အာပလာ ပါဟာ ၊ အဲ့ ဘဲကြီးက ဟန်သာ ရှိတာ အဆံ ရှိတာ မဟုတ်ဘူး ၊ တကယ့်တကယ် အမ်းရတော့မယ် လည်း ဆိုရော စားပြီး နားမလည် လုပ်နေတာ ၊ အဲဒါကြောင့် ငါ လည်း ဇယားရွှေ့နေတာ ”
ဂီး ဟူသော အော်သံနှင့် အတူ ညဉ့်ငှက် တစ်ကောင် သည် ဓာတ်ကြိုး ပေါ်သို့ ဝဲပျံသက်ဆင်း လာသည် ။ စူးရှသော မျက်လုံး တစ်စုံ ဖြင့် ပစ္စုပ္ပန် ၏ ဖြစ်တည်မှု ကို စောင့်ကြည့် နေ၏ ။
“ ဟဲ့ ကောင်မတွေ ကလပ်ရွေ့ မလို့ လိုက်ကြဦးမလား ”
အသံနှင့် အတူ ပန်းရိုင်းဧဒင် အချို့ မီးတိုင် အောက်သို့ လွင့်မျော လာကြသည် ။ ပေါင်လယ်သာသာ စကပ်ကိုယ်ကျပ် ၊ အပေါစား မျက်နှာချေနံ့ ခပ်စူးစူး တို့က ကြိုင်လှိုင် နေ၏ ။ ကော့ညွတ် နေအောင် ဆွဲထားသော EYE LINER အောက်ရှိ မျက်ဝန်းစူးစူးတို့က သိန်းစွန်ရဲ တစ်ကောင်လို သားကောင် ကို ရှာ နေကြသည် ။ ဆေးရောင်စုံ ခြယ်သ ထားသော နှုတ်ခမ်း တို့က လောကဓံ ကို ခါးစောင်းတင် ထားသလို ကွေးညွှတ် နေ၏ ။
“ တော်ပါပြီ ချယ်ရီ ရယ် ၊ ကလပ်က အလုပ်ဖြစ်မှာ က မသေချာဘူး ၊ ဝင်ကြေး ကိုက ငါးထောင် ၊ မလိုက်တော့ဘူး ဟာ ”
“ အေး အေး ဒါဆိုလည်း ငါတို့ လစ်ပြီနော် ၊ မနက်ကျမှ ဖုန်းဆက် လိုက်မယ် တာ့တာ ”
ညိမ့်ခနဲ ထိုးဆိုက်လာသော တက်စီ တစ်စီး ပေါ်သို့ ချယ်ရီ နှင့်အတူ ပန်းရိုင်း သုံးပွင့် လိုက်ပါ သွားကြသည် ။ ဓာတ်ကြိုး ပေါ် နား နေသော ညဉ့်ငှက်သည် အတောင်တို့ ကို ဖြန့်ကာ အမှောင် ထဲသို့ ဝဲပျံ သွား၏ ။ အလင်းကြောက်ငှက် တစ်ကောင် ၏ ဘဝ သည် အမှောင် ထဲ မှာသာ ။
မီးတိုင် အောက်၌ မဉ္ဇူ နှင့် ရိုစီ သာ ကျန်ခဲ့၏ ။ ပလက်ဖောင်း ပေါ်လျှောက် နေကြသော လူ အချို့က သူတို့ နှစ်ယောက်ကို ပါးစပ်အရသာ ခံကာ စ သွားကြသည် ။ ညဉ့်ဦးပိုင်း က ရှုပ်ယှက်ခတ် နေသော ကားများက တစ်စတစ်စ နည်းပါး သွားလေပြီ ။
“ ဒါနဲ့ မဉ္ဇူ ၊ နင့် အမေ အခြေအနေရော ဘယ်လိုလဲ ”
ရိုစီ က ဖုန်းကလိ နေသော မဉ္ဇူ ကို မေးလိုက်သည် ။ မဉ္ဇူ က ဖုန်း ကို စလင်းဘက်အိတ် ထဲ ထည့် လိုက်ပြီး ပင့်သက် တစ်ချက် ရှိုက်ကာ ...
“ တစ်နေ့ရွှေ တစ်နေ့ငွေ ပါပဲဟာ ၊ ကောင်းတယ်ရယ် လို့ လည်း မရှိပါဘူး ၊ ဟိုနေ့က တောင် ကင်ဆာဆေး သွင်းလိုက်ရလို့ ငါ တော်တော် မောသွားတယ် ၊ ဒီလိုနဲ့ပဲ လုံးပါး ပါးတော့မယ် နဲ့ တူပါတယ် ဟာ ”
ညှင်းလေ က သဲ့သဲ့ ခတ်၏ ။ ရွက်ကြွေ အချို့ သည် လေညင်း ခေါ်ရာသို့ ဒလိမ့်ကောက်ကွေး ပါသွားသည် ။
“ ငါတို့ ဦးဇော် ဆီ သွားကြမလား ၊ ဒီအတိုင်း ဆို အလုပ် ဖြစ်မယ် မထင်ဘူး ”
ရိုစီ က အဆိုပြုသည် ။
“ တော်ပါဟာ ၊ အဲ့ဘဲကြီး က တကယ့် အရိတ်စက်ကြီးဟ ၊ သူ့ ပေးရတာ နဲ့ ဘာမှ ကျန်မှာ မဟုတ်ဘူး ၊ အခုမှ ဆယ့်တစ်နာရီ ရှိပါသေးတယ် မပူပါနဲ့ ”
မဉ္ဇူ က လက်မှ မိန်းမပတ်နာရီလေး ကို ကြည့်ရင်းပြောလိုက်သည် ။ ညဉ့်ဦးပိုင်း က ရှုပ်ထွေးစည်ကား နေသော လမ်းမကြီး သည် အခုတော့ သူ မဟုတ် တော့သည့် အလား ငြိမ်ဆိတ်လျက် ။ တစ်စီးစ နှစ်စီးစ သာ ရှိတော့သည် ။ ထိုအခိုက် လမ်းမီးတိုင် အောက်သို့ ကားတစ်စီး ထိုးစိုက် လာ၏ ။ ကားတံခါး ဖွင့်ကာ ဆင်းလာသော လူရွယ် ကို ကြည့်ပြီး ရိုစီ တို့ နှစ်ယောက် မျက်နှာ ဝင်းပသွားသည် ။
“ နင်တို့ အတွက် အလုပ် ပါတယ်ဟ ”
“ နှစ်ယောက်လုံးလား ”
“ အေး နှစ်ယောက်လုံး ၊ ဒါပေမယ့် နှစ်နေရာ ခွဲသွားရမှာ ၊ ဝမ်းဝမ်းပဲ ၊ ငါ့ အတွက် ကတော့ ထုံးစံ အတိုင်းနော် ”
“ အေးပါ ရဲထွန်း ရာ ၊ ဈေးညှိ ပြီးပြီလား တစ်ပုံးခွဲ နော် ”
“ အိုကေ တက် ”
ရိုစီ နှင့် မဉ္ဇူ တို့ နှစ်ယောက် အသင့် ရပ်ထားသော ကားပေါ် တက်လိုက်ကြ သည် ။ ကား က ညိမ့်ခနဲ မောင်းထွက် လာသည် ။ လမင်းကြီး ကား တိတ်တဆိတ် ငေးရီလျက် ။ သူ့ မျက်နှာပြင် ပေါ်၌ တိမ်မျှင်တစ်စ ရှက်သန်း နေလေ၏ ။
••••• ••••• •••••
မဉ္ဇူ ကို တစ်နေရာ၌ ချထားခဲ့ပြီး ရိုစီ လိုက်ပါလာသော ကားလေး သည် မြို့သစ် ဘက်သို့ ဦးတည် လာခဲ့သည် ။ လမ်းမကြီး ပေါ်၌ ကားများ က တစ်စီးစ နှစ်စီးစ သာ ရှိတော့သည် ။ တစ်ထပ်တိုက်ပုလေး ရှေ့ အရောက် ကားကို ထိုးရပ် လိုက်သည် ။ ဟွန်းနှစ်ချက် တီး လိုက်သောအခါ အိမ် ထဲ မှ လူ တစ်ယောက် ထွက်လာပြီး ခြံတံခါး ဖွင့် ပေးသည် ။ ကား ကို ခြံပြင် ၌ ရပ်ထားခဲ့ပြီး ရဲထွန်း နှင့် ရိုစီ လည်း အိမ် ထဲ ဝင်လိုက်သည် ။ ဧည့်ခန်း ထဲ ၌ ထိုင်နေသော လူရွယ်သည် ရဲထွန်း တို့ ကို လက်ကာ ပြကာ အလုပ် ရှုပ်နေသည် ။ လူရွယ် သည် မှန်ပြားပေါ် ဖြူးထားသော အဖြူရောင်အမှုန့် များ ကို ငါးထောင်တန် အလိပ်လေးဖြင့် ရှူလိုက်ပြီး ဆိုဖာ နောက်မှီ ပေါ် ခေါင်း လှန်ကာ ခေတ္တ မှိန်း နေလေသည် ။ မျက်လုံး မှိတ်ထားလျက် က ပင် ...
“ ငရဲ ဘယ်လိုလဲ အဆင်ပြေလား ”
“ အိုကေတယ် ဘရို ၊ အမှန်အကန်လေး ရှာလာတာ ၊ ငွေ တော့ ကြိုရှင်းရမှာနော် ”
ရဲထွန်း စကား မဆုံးခင် မှာပင် လူရွယ် က ဆိုဖာခုံ ဘေး ချထားသော အိတ် မည်း ထဲမှ ပိုက်ဆံ ထုတ် ကာ လှမ်းပစ် ပေးလိုက်သည် ။ ရဲထွန်း က လက်ထဲ ရောက်လာ သော ပိုက်ဆံအုပ် ထဲမှာ တချို့ တစ်ဝက် ကို ရေတွက် လိုက်ပြီး ဘောင်းဘီအိတ် ထဲ ထိုးထည့် လိုက်သည် ။ ကျန်သည့် ငွေ ကို ရိုစီ အား လှမ်းပေး လိုက်ပြီး
“ ကဲ ငါ လစ်ပြီနော် ၊ မိုးမလင်းခင် တက်စီ လွှတ်လိုက်မယ် ၊ ဟိုအခန်း ထဲ သွား နားချေ ၊ ရေချိုး ချင် လည်း ချိုးလို့ရတယ် ”
ရဲထွန်း က နှုတ်ဆက်ပြီး ထွက်သွားသည် ။ ရိုစီ လည်း ပိုက်ဆံထပ် ကို စလင်းဘက်အိတ် ထဲ ထည့်လိုက်ပြီး မျက်စကလေး ချီကာ နှုတ်ခမ်း ကို ကွေးညွတ် လျက် လူရွယ် ကို ဝေ့ ကြည့်လိုက်သည် ။ ထို့နောက် ရဲထွန်း ညွန်ပြရာ အခန်း ထဲသို့ ဝင်ခဲ့လိုက်သည် ။
ည သည် တဖြည်းဖြည်း ရင့်အို လာလေပြီ ။ တိမ်မည်းညို တစ်အုပ် က ကောင်းကင်ယံ ကို ကျူးကျော်လာ၏ ။ လမင်းကြီး သည် ကမ္ဘာမြေပေါ် ဖြန့်ခင်းထား သော ရွှေအိုရောင် ဝတ်ရုံလွှာ ကို တိတ်တဆိတ် ခေါက်သိမ်း လိုက်ပြီး တိမ်ညိုတိမ်လိပ် ကြား ပုန်းလျှိုး သွားလေတော့သည် ။
••••• ••••• •••••
“ ရပြီ ရပြီ အဲဒီနား ရပ်လိုက်တော့ ”
ရပ်ကွက် တစ်ခု ၏ လမ်းကြားလေး ထဲ တက်စီ တစ်စီး ထိုးရပ်လာသည် ။ ရိုစီ သည် ကားပေါ်မှ မဆင်းခင် မျက်နှာပေါ် က မိတ်ကပ်များ ကို စနိုးတာဝါ နှင့် ပွတ်သုတ် ပစ်လိုက်သည် ။ ထို့နောက် ကားဆရာ အား ကားခ ရှင်းကာ ကား ပေါ်မှ ဆင်းလိုက်သည် ။ ဝေလီဝေလင်း အချိန်မို့ လမ်းကြားလေး ၌ လူသူ ကင်းမဲ့ နေပေသည် ။ စိုးစိုးစိစိ ငှက်ကျေးသံများ မှ လွဲ၍ ရပ်ကွက်လေး သည် ပကတိ ငြိမ်ဆိတ် နေဆဲပင် ။
ရိုစီ သည် သုံးထစ်သာ ရှိသော လှေကား ကို ဖြတ်ပြီး အိမ်ပေါ် တက် လိုက်သည် ။ အမျိုးသမီးကြီး တစ်ဦး အိမ်ရှေ့ခန်း ဘုရားစင် ရှေ့၌ ဘုရားရှိခိုးနေ၏ ။ ရိုစီ က အမျိုးသမီး ဘေးနား ဝင် ထိုင်ကာ စလင်းဘက် အိတ် ထဲမှ ပိုက်ဆံတို့ ကို ထုတ် လိုက်သည် ။
“ အမေ ရော့ ဒါက ဒီနေ့ ဈေးဖိုး ၊ ဒါက အဖေ့ ဆေးဖိုး ၊ ဒါက ငယ်လေး နဲ့ မောင်မောင့် ရဲ့ ကျူရှင်စားရိတ် နဲ့ မုန့်ဖိုး ”
“ သမီးရယ် စက်ရုံ မှာ ညဆိုင်း ဆင်းရတာ ပင်ပန်း ပါတယ် ၊ နောက်ပြီး သမီး ကို အမေ စိတ်မချဘူး ၊ နေ့ဆိုင်း ဆင်းလို့ ရအောင် ပြောကြည့်ပါ့လား ”
“ ညဆိုင်း က ပိုက်ဆံ ပို ရတယ် အမေရဲ့ ၊ သမီး ကို စိတ်ချပါ အမေ ၊ အခုတော့ ခဏ နားလိုက်ဦးမယ် ”
ရိုစီ အခန်း ထဲသို့ လေးပင်စွာ ဝင် ခဲ့လိုက်သည် ။ အိပ်ရာ ထက်သို့ ခြေပစ်လက်ပစ် လှဲလိုက်သည် ။
“ မျှော်လင့်ချက်တို့ အသက်ရှင်ခဲ့ × × × လူတွေနှလုံးသားချင်းလက်ကမ်း × × × နေရောင် အောက်က လျှောက်မယ့် လမ်း × × × မျှော်လင့်သော .. ”
စလင်းဘက်အိတ် ထဲမှ ဖုန်း Ring tone မြည်လာသောကြောင့် ဖုန်း ကိုင်လိုက်သည် ။
“ ဟယ်လို ”
“ ... ... .... ”
“ အေး ချယ်ရီ ၊ အခုပဲ ပြန်ရောက်တာ ”
“ ... ... .... ”
“ မပြေလို့ ဘယ် ဖြစ်မလဲဟာ ၊ အိမ် အခြေအနေ လည်း နင်တို့ သိတဲ့ အတိုင်းပဲလေ ၊ အဖေ့ ဆေးဖိုး က တစ်ရက်တစ်ရက် သောင်းချီ နေတာ ၊ အမေ ကလည်း ဘာမှ လုပ်တတ်တာ မဟုတ်ဘူး ၊ နင်တို့ ရော ည က အဆင်ပြေရဲ့လား ”
“ ... ... .... ”
“ ဟယ် ကောင်မတွေ အဲသလောက်လည်း ကဲ မနေနဲ့လေ ”
“ ... ... .... ”
“ အင်းပါ အဲဒါဆို ဒါပဲနော် ၊ ညမှ တွေ့ ကြမယ် ”
ရိုစီ ဖုန်း ချလိုက်ပြီး အိပ်ရာဘေး မှ ဆေးဗူး ကို လှမ်းယူကာ ဆေး တစ်လုံး ထုတ်လိုက်သည် ။ ထို့နောက် ခေါင်းရင်းတန်း ပေါ်မှ စားပွဲတင်နာရီလေး ကို ငေးမော ကြည့်နေသည် ။ စက္ကန့်တံ က တချပ်ချပ် နှင့် လည်ပတ်လျက် ရှိသည် ။ ကလင် ကလင် ဟူသော Alarm မြည်လာသည် နှင့် တပြိုင်နက် လက် ထဲ အသင့် ရှိနေသော ARV ဆေးလုံးလေး ကို မော့သောက်လိုက်လေ၏ ။
အရှေ့ဆီ မှာတော့ ရောင်နီ ပျို့ပြီ ။ ငှက်ကလေးတွေ လည်း အစာရှာ ထွက်နေ သောကြောင့် တေးမသီ အားလေသလား ။ နံနက်ခင်းလေး သည် ပကတိ ငြိမ်ဆိတ် လှ၏ ။
▣ ညီကျော် ( တန့်ဆည် )
📖 တစ်ယောက် တစ်ဘဝ ( ၂ )
No comments:
Post a Comment