❝ ပွင့် သို့မဟုတ် မလေးလုံ ❞
ကမ္ဘာစစ် မီးတောက်မီးလျှံများ ကြားမှာ
မြန်မာခရစ်ယာန်မလေး ပွင့်
မေတ္တာရှင်မလေး ပိုင်
တရုတ်အမျိုးသမီးကလေး ပိုး
မျိုးချစ်စိတ်ထက်သန်တဲ့ ကရင်မလေး ပုံ
တို့ကို ဖန်တီး မွေးထုတ် ခဲ့တဲ့ အမျိုးသားစာပေဆုရ စာရေးဆရာမ မလေးလုံ နဲ့ စာဖတ်ပရိသတ်များ ကို တွေ့ဆုံ ပေးရန် စာတည်းအဖွဲ့ က ဆုံးဖြတ်ခဲ့ပါတယ် ။ ဒီနေ့ ဆယ်ကျော်သက် စာဖတ် ပရိသတ်တွေ နဲ့ အလှမ်း ကွာဝေး နေသလို ရှိ ပေမယ့် လူလတ်ပိုင်း စာဖတ်ပရိသတ်တွေ စွဲလမ်း နှစ်ခြိုက်ခဲ့ကြတဲ့ စာရေးဆရာမ တစ်ဦး ဖြစ်ပါတယ် ။ တကယ်တော့ ဆရာမ မလေးလုံ ရဲ့ ကျန်းမာရေး က သာမန် လူ တစ်ယောက် လို တင်းပြည့်ကျပ်ပြည့် ကောင်း လှတာ မဟုတ်ခဲ့ပါဘူး ။ ညာဘက် ကိုယ် တစ်ခြမ်း သေ သွားတဲ့ ဝေဒနာသည် ဘဝ က နေပြီး လောက ကို အနိုင်မခံ အရှုံးမပေးဘဲ ကြံ့ကြံ့ခံပြီး မိမိ ကျန်းမာရေး နဲ့ အမျိးသားစာပေဆု ရတဲ့ အထိ ကြိုးပမ်းနိုင်ခဲ့တဲ့ သူ့ ဝီရိယ က အံ့မခန်း လောက် စရာပါ ။
စာဖတ်ပရိသတ်များ အတု ယူစရာ ကောင်းလောက်တဲ့ သူ့ ကြိုးစားမှုတွေ နဲ့ စာပေ နဲ့ ပတ်သက်တဲ့ သူ့ အယူ အဆ တွေ ကို ကျွန်တော် တွေ့ဆုံ မေးမြန်းခဲ့ရာ မှာ ဆရာမ ပြောပြ လိုက်တာတွေ ကတော့ ...
••••• ••••• •••••
“ ဆရာမ ကျန်းမာရေး အခြေအနေ မကောင်းတဲ့ ကြား ကနေ စာပေလောက ထဲ ရောက် လာအောင် ဘယ်လို ကြိုးစား ခဲ့တယ် ဆိုတာ ကနေ စ ပြောကြရအောင် ”
“ ကျွန်မ စာပေ နယ် ထဲ ရောက် လာတာ ကို က ကျွန်မ ကျန်းမာရေး ကြောင့် လို့ ပြော ရပါလိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ ရှစ်နှစ် ၊ ကိုးနှစ် လောက် ကတည်း က နှလုံး အားနည်းတဲ့ ရောဂါ ရှိတယ်လေ ။ ကလေး ဆိုတော့ ဘာ ရယ်တော့ မသိခဲ့ဘူးပေါ့ ။ အစ်ကို တွေ ကြား မှာ မွေး ထားတဲ့ ပထမဆုံး သမီး ဆိုတော့ အစ်ကိုတွေ နဲ့ အပြိုင် ဆော့တာပဲ ။ ပြေးတယ် ၊ စက်ဘီး စီးတယ် ၊ ထွေ ပစ်တယ် ။ အစ်ကိုတွေ ကစား သမျှ အားလုံး လိုက် ကစားတာပဲ ။ ဘတ်စကက်ဘော လည်း ကစားတာပဲ ။ ဒီလို ကစား နေရင်းက တစ်ခါတစ်ခါ သိပ် မောတာပဲ ။ ဒါပေမဲ့ တိတိကျကျ မပြောတတ်တော့ တစ်ခါတလေ မော လိုက်တာ လို့ ညည်း ရင် လူကြီး တွေက ဝိုင်း ရယ်ကြတယ် ။ အဘွားကြီးလေး ကျ နေတာပဲပေါ့ ။
ကျွန်မ ဆယ်နှစ် ၊ ဆယ့်တစ်နှစ် လောက်မှာ ကျွန်မတို့ ပုသိမ် ကနေ ရန်ကုန် ပြောင်း လာကြတော့ ကျွန်မ နေမကောင်း တော်တော် ဖြစ်တာ နဲ့ ဆရာဝန် ပြ ကြည့်တော့ မှ နှလုံး အားနည်းတဲ့ ရောဂါ ရှိတယ် ဆိုတာ သိရတယ် ။ ဒီလိုပဲ ကျောင်း တက်လိုက် ၊ နေ မကောင်း ရင် ဆေးရုံ တက်လိုက် ၊ နေကောင်း သွားတော့ ကျောင်း ပြန် တက်လိုက် နဲ့ သံသရာ လည် နေတာ ။ တစ်ခါ မှာတော့ တော်တော်ကလေး နေမကောင်း လို့ ဆေးရုံ တက်ရ ပြီး ကျောင်း ထွက်လိုက်ရတယ် ။ ကျောင်းစာ နဲ့ နှစ်နှစ် လောက် အဆက် ပြတ် သွားတယ် ။ ကျွန်မ သူငယ်ချင်း တွေ ဆယ်တန်း ရောက်တဲ့ နှစ် မှာ ကျွန်မ လည်း ဆယ်တန်း ဖြေမယ် ဆိုပြီး ကျူရှင် တက်တယ် ။ ဒါပေမဲ့ စာမေးပွဲ မဖြေ လိုက်ရဘဲ ဆေးရုံ ပြန် တက်ရပြီး ဆေးရုံ ပေါ် မှာပဲ ကျွန်မ ညာဘက် ကိုယ် တစ်ခြမ်း သေ သွားခဲ့ ရပါတယ် ။
အဲဒါကြောင့် ကျွန်မ ဆယ်ကျော်သက် အရွယ် မှာပဲ ကျောင်း နဲ့လည်း စခန်း ပြတ်သွားတယ် ။ ဘာမှလဲ မလုပ် နိုင် တော့ဘူး ။ ခေါင်း ဖြီးတာ က အစ လူကြီးတွေ က လုပ် ပေးရတယ် ။ ဘာအလုပ် မှ မရှိတော့ ကျွန်မ ဝတ္ထုတွေ ၊ မဂ္ဂဇင်းတွေ ဖတ် လာတယ် ။ စာဖတ် များ လာတော့ ငါ လည်း သူတို့ လို ဇာတ်လမ်းလေးတွေ ရေး ကြည့်ရင် ကောင်းမယ် ဆိုပြီး စိတ်ကူး ရလာတယ် ။ ကျောင်း နေတုန်းကတော့ အိမ် ကလည်း ပညတ် ထားတော့ ဝတ္ထု ဆိုတာ မဖတ်တတ် သလောက်ပါဘဲ ။ ကျန်းမာရေး မကောင်းတော့ မှ ဖေဖေ က ဝတ္ထုတွေ ၊ မဂ္ဂဇင်းတွေ အားလုံး ဝယ်ပေးတာ ။ အိမ် မှာ က ကျွန်မ အစ်ကို အကြီးဆုံး ကလည်း စာဖတ်ဝါသနာ ပါတော့ သူ့ မှာ အင်္ဂလိပ် ဝတ္ထုစာအုပ်တွေ အများကြီး ရှိတယ် ။ ဒါတွေလည်း ကျွန်မ နား မလည် တလည်နဲ့ ယူ ဖတ်တာပဲ ။ နောက်တော့ အစ်ကိုကြီး ကလည်း စာအုပ်ကောင်းတွေ ဝယ် ပေးပါတယ် ။ အဲဒီတော့ စာပေ ကို ပို စိတ်ဝင်စား လာတာပေါ့ ။
ကျွန်မ ဘယ်လောက် အထိ စာ ဖတ်ခဲ့သလဲ ဆိုရင် ဝတ္ထု တစ်ပုဒ် ကို ခါးလယ် က ဖြတ်ပြီး တစ်မျက်နှာ လောက် ဖတ် လိုက်ရင် ဒါ ဘယ် စာရေးဆရာ ရဲ့ ဝတ္ထု ဆိုတာ ပြော နိုင်တယ် ။ စာရေးဆရာ အားလုံး ရဲ့ ဟန်တွေ ကို သိနေတာကိုး ”
“ အဲဒီတုန်းက ဆရာမ ဘယ်သူတွေ ရေး တာတွေ ဖတ် ခဲ့ပါသလဲ ”
“ စုံနေတာပါပဲ ။ ဒေါ်ခင်နှင်းယု ၊ ခင်ဆွေဦး ၊ လင်းယုန်နီ ၊ တက္ကသိုလ်ဘုန်းနိုင် ၊ ဂျာနယ်ကျော်မမလေး ... အားလုံး ဖတ်တာပဲ ။ အင်္ဂလိပ်ဝတ္ထုတွေ ထဲက ဆိုရင်လည်း Pearl S.Buck ကို တော်တော် ဖတ်ဖြစ်တယ် ။ တချို့ စာဖတ်ပရိသတ် က ဆိုရင် ကျွန်မ စာတွေက ပါးလ်စ်ဘတ်ခ် ရဲ့ စာတွေ နဲ့ ဆင်တယ်လို့ ပြော ကြတယ် ။ ကျွန်မ ကလည်း ဒီ စာရေးဆရာမကြီး ကို သဘော ကျတော့ ရောင်ပြန် ဟပ်တဲ့ သဘောလား တော့ မပြောတတ် ပါဘူး ။ ဒက်ဖနီဒူးမေး လည်း ဖတ်ပါတယ် ။
အဲဒီလို ဖတ် ရင်း ကနေ စာ ရေးချင်လာတယ် ။ အိမ် မှာက ကျွန်မတို့ မိသားစု ဆုံ မိကြရင် ဖေဖေတို့ ၊ မေမေတို့ က သူတို့ အတွေ့အကြုံ ထူးထူးဆန်းဆန်းကလေးတွေ ပြော ပြတတ်ကြတယ် ။ အဲဒီလို ပြောပြတဲ့ အထဲ ကပဲ ကျွန်မ ငွေတာရီ မှာ ရေးခဲ့တဲ့ “ ဂျန်တား ” တို့ ၊ “ ဘပုနောင် ” ကို ဖြစ် လာခဲ့တာ ။ ဒါတွေက လူ တစ်ယောက် စီ ရဲ့ အကြောင်းတွေ ပဲ ။ ကျွန်မ ငယ်ငယ် ကတည်း က သူများ ပြောပြတာ ဆိုရင် ပုံပြင်တွေ လိုပဲ ၊ ရင် ထဲ မှာ မှတ် ထားတတ် တဲ့ အကျင့် ရှိတယ် ။
စာ စရေးတဲ့ အချိန် မှာတော့ ဒါတွေ မကိုင်နိုင်သေးပါဘူး ။ အဲဒီအချိန်မှာ တိုင်းရင်းမေ ဂျာနယ် ကလည်း အရှိန် တော်တော် ကောင်း နေတော့ အင်္ဂလိပ် ရုပ်ပြဝတ္ထု All in Picture ကလေး တစ်ပုဒ် ကို မှီးပြီး တိုင်းရင်းမေ ကို ပို့ လိုက်တယ် ”
“ နာမည် က ... ”
“ အချစ် နဲ့ တာဝန် ပါ ။ ဒါ ပထမဆုံး ရေးတဲ့ ဝတ္ထုပေါ့ ။ ပို့ပို့ချင်းတော့ မပါသေးဘူး ။ လေး ငါးခြောက်လောက် နေတော့ ပါ လာတယ် ။ အဲဒီတုန်းက ခက် တာက ကလောင်နာမည် ရွေးရမှန်း လည်း မသိသေးတော့ ကျွန်မ နာမည်ရင်း အတိုင်း “ ခင်သိန်းဆွေ ” ဆိုတဲ့ နာမည် နဲ့ ပဲ ပို့ လိုက်တာပဲ ။ တိုက် က မဂ္ဂဇင်း လာ ပို့တော့ မှ အိမ်သားတွေ သိ ကုန်ကြတယ် ။ အဲဒီတော့မှ ကျွန်မ အစ်ကိုလေး က နာမည်ရင်း နဲ့ ဆိုရင် သိသာ လွန်းတယ် ။ ကလောင် နာမည် ရွေးပါ ဆိုတော့မှ ကလောင်နာမည် ရွေးရမှန်း သိတယ် ။ ဒါပေမဲ့ ဘာ ရွေးမှန်း မသိဘူး ။ အဲဒီ အချိန် မှာ က ကလောင်နာမည်တူ တွေ သိပ် ပြဿနာ တက် နေတယ်လေ ။
ကလောင်နာမည် စဉ်းစားရတာပေါ့ ။ အိမ် မှာ ကျွန်မတို့ မောင်နှမတွေ က အဆင့်ဆင့် ကိုကြီး ၊ ကိုလေး ၊ မကြီး ၊ မလေး ခေါ်ကြတယ် ။ မလေး အောက် ညီမလေး ကိုတော့ အိမ် မှာ လုံမလေး လို့ ခေါ်ကြတယ် ။ သူ့ အောက် ညီမထွေး မကြေးမုံ နဲ့ တခြား အငယ်တွေကတော့ သူ့ ကို မမလုံ လို့ ခေါ်ကြတယ် ။ ဒါကြောင့် ကျွန်မ နာမည်ကို မလေး နဲ့ မလုံ ပေါင်းပြီး “ မလေးလုံ ” လို့ ယူ လိုက်တယ် ။ ဒါလည်း ယူ သာ ယူ လိုက်ရတယ် ။ သူများတွေများ ယူပြီးသားလား လို့ ကြောက်ကြောက် နဲ့ပဲ ပို့လိုက်ရတယ် ။ အယ်ဒီတာ ကို လည်း ဒီ နာမည် ရှိများ ရှိနေသလား ။ မရှိရင်တော့ ကျွန်မ ဒီ နာမည် လိုချင်ပါတယ် ပေါ့ ။ နာမည်တူ မရှိလို့ ထင်ပါရဲ့ ။ သူတို့ က လည်း သုံး လိုက်တာနဲ့ မလေးလုံ နာမည် နဲ့ ဒုတိယဝတ္ထု သုံးလိုက်ကြတယ် ။
ကျွန်မ စာ ရေး ကတည်းက အတိုလေး သုံးပုဒ် ရေး ပြီးရင် ဝတ္ထုရှည် စ ရေးမယ် ဆိုတဲ့ ရည်ရွယ်ချက် က ရှိတယ် ။ “ ပွင့် ” ဇာတ်လမ်း က ကျွန်မ စာ မရေးခင် ကတည်း က ရင်ထဲ မှာ ရှိ ပြီးသားပဲ ။ ကျွန်မတို့ မှာ က မွေး ကတည်း က ကမ္ဘာစစ် နဲ့ စပြီး ထိတွေ့ခဲ့ရတယ် ။ ပြီးတော့ ပြည်တွင်း ဆူပူသောင်းကျန်းမှု နဲ့ ဆက်ပြီး တွေ့ရပြန်တော့ ငြိမ်းချမ်းရေး ဆိုတာ မထိမတွေ့ ရသလောက် ဖြစ် နေတယ် ။ ကျွန်မ ရင် ထဲ မှာက ငြိမ်းချမ်း သင့်တင့်စေချင်တယ် ၊ ညီညွတ်စေချင်တယ် ၊ ချစ်ခင်စေချင်တယ် ၊ ဒီ စေတနာ ရှိတယ် ။ တစ်ဦး နဲ့ တစ်ဦး အထင် လွဲတာမျိုး မရှိစေချင်ဘူး ။ ဒီ စေတနာ နဲ့ “ ပွင့် ” ကို ရေးဖို့ ရည်ရွယ်ခဲ့တာပဲ ။
ဒုတိယ ဝတ္ထုတို ကျတော့ ကျွန်မ ကိုယ်ပိုင် ဇာတ်လမ်း ဖြစ် သွားပြီ ။ ပြည်တွင်းဆူပူမှု ကို အခြေခံပြီး ရေးတယ် ။ နောက်တော့ ကျွန်မ ဆေးရုံ ပေါ် က အတွေ့အကြုံကလေးတွေ အခြေခံ ပြီး ဆက် ရေးပါတယ် ။
တိုင်းရင်းမေ မှာ အတို သုံးပုဒ် ပါ ပြီးတာနဲ့ တစ်ပြိုင်နက် ကျွန်မ “ ပွင့် ” ကို စ ရေးတော့တာပဲ ”
“ ဒါဆို ဆရာမ ဝတ္ထုတို သုံးပုဒ် ကနေ အမျိုးသားစာပေဆု ရမယ့် “ ပွင့် ” ကို တောက်လျှောက် လှမ်း ကိုင် တာပဲ ပေါ့ ”
“ ဟုတ်ပါတယ် ။ အတို ဆိုတာ တောင် မှ ငွေတာရီ တို့ လို မဂ္ဂဇင်းကြီး တွေ မှာ ရေးတာ မဟုတ်သေးပါဘူး ။ တိုင်းရင်းမေ ကနေ တောက်လျှောက် ကူးတာပါ ။ ကျွန်မ “ ပွင့် ” ကို အကြာကြီး ရေး ရတယ် ။ ဘာဖြစ်လို့လဲ ဆို ကျွန်မ က ညာသန် ဆိုတော့ ဘယ်ဘက် နဲ့ စာ မရေးတတ်ဘူး ။ ဖြစ်တုန်းက ဆို အခြေအနေ က တော်တော် ဆိုး တာပဲ ။ စကားတွေ ဘာ တွေတောင် မပြောတတ်တော့ဘူး ။ မေမေတို့ က စာရွက် ပေးပြီး ဘာပြောချင် သလဲ ရေးပြ ဆိုတာ တောင် ရေးလို့ မရတော့ဘူး ။ စကား ပြန် ပြောနိုင်ဖို့ကို ကလေး လို ပြန် သင်ရ တယ် ။
အသက် က လည်း ငယ်တော့ စိတ်တော့ မညစ်တတ်ဘူး ။ စာပဲ ဖတ်တယ် ။ စာ ရေးဖို့ ကြိုးစားတော့ ဘယ်ဘက် နဲ့ ကျောက်သင်ပုန်းကြီး ပေါ် မှာ မြေဖြူ နဲ့ အရေး ကျင့်ရတယ် ။ ရေးနိုင်ပြီ ဆိုတော့ ခဲတံ ကိုင်တာ ကျင့် ၊ ပြီးတော့မှ ဖောင်တိန် နဲ့ ရေးတာ ကျင့် ရတယ် ။ ကျွန်မ က သူများ ရေး ပေးတာ ကို လည်း မကြိုက်ဘူး ။ ကိုယ်တိုင် ပဲ ရေး ချင်တယ် ။ သူငယ်ချင်းတွေ ဘာတွေ ဆီ စာ ရေးရင်း က နောက်တော့ ရေး တတ် သွားတယ် ။ ဒါပေမဲ့ မြန်မာစာပဲ ရေး တတ်တယ် ။ အင်္ဂလိပ်စာ မရေးတတ် ပြန်ဘူး ။ မြန်မာစာ က တစ်လုံးချင်း ရေး ရတာ ဆိုတော့ လွယ်တယ်လေ ။ အင်္ဂလိပ်စာ ကျတော့ ဆက်ဆက် ရေးရတာ ဆိုတော့ ခက်တယ် ။ ညာဘက် လက် နဲ့ ဆိုရင်တော့ နောက်ဆုတ် ရေးသွားရတာ လွယ် တာပေါ့ ။ ဘယ်လက် နဲ့ ကျတော့ တော်တော် ခက် ပါတယ် ။ လှ လည်း မလှဘူး ။ ကျွန်မ လုံးလုံး ကို မရေးဘဲ ထား လိုက်တာ ခုမှ နည်းနည်း ပြန် ရေး နေရတယ် ။ တော်ကြာ လုံးလုံး မရေးတတ်မှာ စိုးလို့ပေါ့လေ ။
“ ပွင့် ” ကို ကျွန်မ သုံးခါ ရေး ရတယ် ။ တစ်နှစ် ကြာတယ် ။ ကျွန်မ ရည်ရွယ်ချက် ကတော့ စစ်မုန်းတီးရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၊ တစ်ယောက် နဲ့ တစ်ယောက် အထင်အမြင် လွဲမှားမှု ပပျောက်ရေး ပေါ့လေ ။
ကျွန်မ တို့ က မြန်မာလူမျိုး ခရစ်ယာန်ဘာသာဝင် တွေ ပါ ။ အများစု အမြင် မှာတော့ ခရစ်ယာန် ဆိုရင် မြန်မာ လို့ မထင်ချင်ကြတော့ဘူး ။ ကျွန်မတို့ မိသားစု အနေနဲ့ ခရစ်ယာန် ဘာသာ ကို ကိုးကွယ်တာတော့ မှန်ပါတယ် ။ ဒါပေမဲ့ ကျွန်မတို့ က မြန်မာ တွေပဲ ။ အဖေ လည်း မြန်မာ ၊ အမေ လည်း မြန်မာပဲ ။ မြန်မာ့ ထုံးတမ်း ကို မပစ်ပယ် ပါဘူး ။ မြန်မာ့ယဉ်ကျေးမှု ကို ကျွန်မတို့ လက်ခံတယ် ၊ လိုက်နာတယ် ၊ ကျင့်သုံး တယ် ၊ ခရစ်ယာန် ကို မြန်မာ မဟုတ် သလို တွက် ကြတယ် ။ အဲဒါကိုတော့ မတွက် စေချင်ဘူး ။ ကျွန်မ တို့ မိသားစု ဆိုရင် တစ်ယောက် မှ အင်္ဂလိပ်နာမည် မရှိပါဘူး ။ ဘာသာရေး နဲ့ လူမျိုးရေး ကို တစ်ကဏ္ဍစီ ခွဲခြား မြင်ကြစေချင်တယ် ။ ပွင့် ကို ရေးတဲ့ ရည်ရွယ်ချက် ထဲမှာ အဲဒါလည်း တစ်စိတ်တစ်ဒေသ ပါ ပါတယ် ။
“ ပွင့် ” မှာ စစ်အတွင်း က အတွေ့အကြုံတော်တော်များများ ကျွန်မ ကြားသမျှ ၊ မှတ်မိသမျှ တို့ကို ရေးထားပါ တယ် ။ ဂျပန် ဆုတ်သွားတာ ၊ အင်္ဂလိပ် တက်လာတာ ၊ အဲဒီခေတ် မှာ လူတွေ တထိတ်ထိတ် နေခဲ့ကြရတာ တွေ တော်တော်များများ ရေးထားပါတယ် ။ ဒါတွေ ရေးနိုင်ဖို့ စာတော်တော်များများ ဖတ် ရတာပေါ့ ။ ပထမ တစ်ကြိမ် မှာတော့ စိတ် ထဲ မှာ ရှိသမျှ အကုန် ရေး ချလိုက်တာပဲ ။ ဒုတိယ အကြိမ် အချော ပြန်ကူးတဲ့ အခါမှာ ရှည်တာ တချို့ ကို ဖြုတ် လိုက်တယ် ။ တတိယအကြိမ် အချောကူးတဲ့ အခါမှာတော့ လိုတာ ၊ ပိုတာ တွေ အားလုံး တည်းဖြတ် လိုက်ပါတယ် ။ အဲဒီလို သုံးကြိမ် ကူး လိုက်ရလို့ ကောင်းသွားတယ် ထင် ပါရဲ့ ။
နောက်တစ်ဖန် စာအုပ် ထွက်ဖို့ ကျတော့ အခက်အခဲ တွေ့ရပြန်တယ် ။ ကျွန်မ အနေနဲ့ တိုင်းရင်းမေ မှာ အတို လေး သုံးပုဒ် လောက် ပဲ ပါဖူးတဲ့သူ ဆိုတော့ လုံးချင်း လောက ဝင် တိုးဖို့ မလွယ်ဘူးလေ ။ နာမည်ကြီး တွေပဲ ထုတ်ဝေသူတွေ က ထုတ်ချင်ကြတာ မဟုတ်လား ။ ကျွန်မ အနေနဲ့ စာ သာ ရေး နေတာ ၊ ဘယ် မဂ္ဂဇင်း ဘယ် အယ်ဒီတာ မှ လဲ မသိဘူး ။ ပုံနှိပ်တိုက် ဆိုတာလည်း မရောက်ဖူးတော့ ဘယ် ထုတ်ဝေသူ နဲ့ မှ မသိပါဘူး ။ စာမူကြီး ကို သာ လက်ထဲ မှာ တပိုက်ပိုက် နဲ့ ပေါ့ ။ ကျွန်မ တို့ က အဲဒီတုန်းက အလုံ မှာ နေကြတယ် ။ အလုံ ကို မီး လောင်တော့ သူများတွေ က အခြား ပစ္စည်းတွေ ယူ ကြပေမယ့် ကျွန်မ မှာတော့ စာမူ ကိုပဲ ပိုက် ထား မိတယ် လေ ။
ကိုဝင်းငြိမ်း လည်း ဖတ်ပြီးသား ပဲ ။ “ ပွင့် ” မှာ ကျွန်မ ဘာသာရေးရော ၊ လူမှုရေးရော ၊ စေတနာ တော်တော် ပေါက်ပေါက် နဲ့ ရေး ထားတာပါ ။ ဒါမျိုးကို သူများ ရေး ထား တာလည်း မတွေ့ဖူးတော့ ပရိသတ် မှ လက်ခံပါ့ မလားလို့ စိုးရိမ် မိတယ်လေ ။ ကျွန်မ ကိုယ် ကျွန်မ စိတ် မချဘူး ။ ခုနေ မိန်းကလေး တစ်ယောက် ဆိုရှယ် ကျတယ် ဆိုရင် ဝတ္ထုတွေ တော်တော်များများ က ခရစ်ယာန်မလေး လို့ ရေး လိုက်ကြတာပဲ ။ ဒါကို ကျွန်မ က ကျွန်မတို့ မှာ မြန်မာ ဆန်တဲ့ သူ ၊ မြန်မာ့ ယဉ်ကျေးမှု မြတ်နိုးတဲ့ သူ တွေ ရှိပါတယ် ဆိုတာ ပြ ချင်တယ် ။ မျိုးချစ်စိတ်ဓာတ် ရှိတယ် ဆိုတာ ကျွန်မ ထောင် ပြချင်တယ် ။ ဒါတွေ ကျွန်မ ရေး ထားပေမယ့် ပရိသတ် က လက်ခံပါ့မလား ဆိုတာ သံသယ ရှိတော့ “ ပွင့် ” ကို ကျွန်မ ခေါက် ထား လိုက်ပြီး အသစ် တစ်ပုဒ် ရေးတယ် ။
အင်္ဂလိပ်ဝတ္ထု ပါးပါးလေး တစ်ပုဒ်ကို အခြေခံပြီး ခရစ်ယာန်မိသားစု အိမ်ထောင်စုလေး တစ်ခု အကြောင်း “ မေတ္တာအရင်းခံ ” ဆိုပြီး ရေးလိုက်တယ် ။ ရေးပြီးတဲ့ အခါ ဒီဟာ ကို စမ်း ထုတ်ကြည့်မယ် ။ ဒါကို လက်ခံရင် “ ပွင့် ” ကို လည်း လက်ခံမယ် ဆိုတာ သေချာတယ်လေ ။ ဒါလည်း ထုတ်ဖို့ရာ အခက်အခဲ ရှိတယ်လေ ။ ခက်တာက အဲဒီ အချိန်မှာ ကျွန်မ က လည်း အိမ် မှာ ဘယ်လို ဖြစ်နေသလဲ ဆိုတော့ လူမမာ တစ်ယောက် ၊ ဘာမှ မသိတဲ့ ကလေး တစ်ယောက် ၊ စာရူးပေရူး တစ်ယောက် လို့ပဲ သဘောထားကြတယ် ။ ကျွန်မ စာရေး နေတာ ကို အိမ် က အလေး မထားကြဘူး ။ ဖေဖေ့ ကို ကျွန်မ က စာအုပ် ထုတ်ချင်တယ် လို့ ပြောတော့ ဖေဖေ ကလည်း မဂ္ဂဇင်းတိုက် ပို့ လိုက်ပါလား တဲ့ ။ မဂ္ဂဇင်းတိုက် ဆိုတာ ကလည်း နာမည်ကြီး ကလောင် ကို သာ ဦးစားပေးတာ မဟုတ်လား ။ ကျွန်မ ဘာ လုပ်ရမှန်း မသိတာ နဲ့ သူငယ်ချင်း တစ်ယောက် ကို ခေါ်ပြီး ကား နဲ့ လျှောက် တာပဲ ။ အဲဒီတော့ မှ ပဲ မဂ္ဂဇင်းတိုက် ဆိုတာ ရောက်ဖူး တော့တယ် ။
ချိုတေးသံမဂ္ဂဇင်း မှာ လည်း ကျွန်မ က အတိုကလေးတွေ ရေး နေတော့ အဲဒီ တိုက် နဲ့ ထုတ်ဖို့ အဆင် ပြေသွား တယ် ။ ဒါပေမဲ့ သူတို့ က ဝယ်တာ မဟုတ်ဘူး ။ ကျွန်မ ကလည်း ကိစ္စ မရှိဘူး ၊ စာအုပ် အဖြစ် လုပ် ပေးရင် ပြီးရော ကျွန်မ ပိုက်ဆံ နဲ့ ပဲ ထုတ်မယ် ဆိုပြီး ဖေဖေ့ ဆီ က ပိုက်ဆံ တောင်းပြီး စီစဉ်တော့တာပဲ ”
“ အဲဒါ ထွက်တော့ ဘယ်နှခုနှစ် လောက် ကလဲ ”
“ ၁၉၆၂ ခုနှစ် ၊ ဇူလိုင်လ ပေါ့ ။ ကျွန်မ တိုင်းရင်းမေ မှာ စာ ရေးတာက ၁၉၅၉ ဆို တော့ သုံးနှစ် လောက် အကြာမှာ ထွက် တာပေါ့လေ ။ ချိုတေးသံ ဦးထွန်းအောင် က အစစ အကူအညီ ပေးပါတယ် ။ အမှာစာ ခေါ် လိုက်တော့ တော်တော်လေး အခြေအနေ ကောင်း ပါတယ် ။ အဲဒီတုန်းက ပြား ခြောက်ဆယ် ဝတ္ထု ခေတ် ဆိုတော့ ကျွန်မ ဝတ္ထု က နှစ်ကျပ်တန် ဖြစ် နေတော့ တိုး ဖို့ရာတော့ မလွယ်ဘူးလေ ။ ဒါပေမဲ့ ငွေ ရှုံးပြီး နာမည် ထွက် သွားရင်လည်း အမြတ်ပဲ ဆိုပြီး ဇွတ် တိုးလုပ်တာပဲ ။ အောင်မြင်ဖို့ လည်း ဆုတောင်း ရတာ အမောပေါ့ ။ စာအုပ် က မမျှော်လင့်ဘဲ မြတ် သွားတယ် ။ အဲဒီခေတ် တုန်းက စာအုပ် တစ်ထောင် ကုန်ရင် ကို မြတ် တာကိုး ။
အဲဒီမှာ ကျွန်မ လည်း အားတက်ပြီး “ ပွင့် ” ကို ဆက် ထုတ်တယ် ။ အဲဒီမှာ အရင်း ပြုတ်တာပဲ ။ ဘာဖြစ်လို့လဲဆိုတော့ “ ပွင့် ” က ထူ လည်း ထူ တယ်လေ ။ အခု ဆိုရင် သုံးဆယ် တောင် ရောင်း လိမ့်မယ် ထင်တယ် ။ အဲဒီတုန်းက နှစ်တွဲ ခွဲ ထုတ်တယ် ။ ဦးထွန်းအောင် က ပြောတယ် ။ မလေးလုံ ဖြတ် လိုက်ပါတဲ့ ။ ဒါပေမဲ့ ကျွန်မ ကလည်း မဖြတ်ဘူး ၊ ကိုယ် ရေးတာတွေ အကုန် ပါချင်တယ်လေ ။ စာအုပ် နှစ်ထောင် တော့ ကုန်တယ် ။ ဒါပေမဲ့ ငွေရေးကြေးရေး က ရှုံး သွားပါတယ် ။ ဒါပေမဲ့ ကျွန်မ ကျေနပ် တယ် ။ ဝမ်းသာတယ် ။ ဖတ်တဲ့ လူ တွေက အားပေးတယ် ။ လက်ခံတယ် ။ စာဖတ်ပရိသတ်တွေ အနေနဲ့ ကျွန်မ မြင်စေချင်တဲ့ အကြောင်းအချက် တွေ မြင်သွားတယ် ”
“ ပွင့် ” အမျိုးသား စာပေဆု ရတယ် ဆိုတော့ ဆရာမ ရင် ထဲ မှာ ဘယ်လို ခံစားရပါသလဲ ”
“ ကျွန်မ စေတနာ အရ သာ ရေးခဲ့တာပါ ။ ဘာ ဆုမှ မမျှော်လင့်ခဲ့ပါဘူး ။ အဲဒီ အချိန် မှာ အမျိုးသား စာပေဆု ဆိုတာ ပေါ် လာတယ် ။ စာပေဆု နဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူငါးချက် ကို ဖတ်ကြည့် လိုက်တော့ ကျွန်မ စာအုပ် က ဘောင် ဝင်နေတာ တွေ့ရတယ် ။ ကျွန်မ တော်တော် အားရှိ သွားတယ် ။ အဲဒီအခါ မှ ဆု ရရင် ကောင်းမှာပဲ ဆိုပြီး ဆု ကို တော်တော် လိုချင်သွားတယ် ။ လိုချင်တဲ့ အကြောင်းက ဒီလိုပါ ။ ဒီအချိန် မှာ “ မေတ္တာအရင်းခံ ” နဲ့ “ ပွင့် ” နှစ်တွဲပေါင်း သုံးအုပ် ထွက် ပြီးပေမယ့် အိမ် က ကျွန်မ ကို စာပေသမား ရယ် လို့ ကို မသတ်မှတ်ဘူး ။ စာရူး ပေရူး ပဲ ။ အခြား စာပေသမားတွေ က သွားကြ လာကြ ၊ လေ့လာကြ ၊ ဆွေးနွေးကြပေမယ့် ကျွန်မ ကတော့ တစ်ယောက်တည်း ပဲ ။ ကိုယ့် မိသားစုကမ္ဘာ မှာ ကိုယ် တစ်ယောက် တည်း ပဲပေါ့ ။ ကျွန်မ အတွက် စာပေအပေါင်းအသင်း ဆိုတာ စာအုပ် ပဲ ရှိတယ် ။ စာရေးဆရာ ဆိုတာ ကျွန်မ နီးနီးကပ်ကပ် တောင် မတွေ့ဖူးပေမယ့် အိမ် ကတော့ ကျွန်မ ကို အမှတ် မတိုးသေးဘူး ။ အဲဒီတော့ ကျွန်မ ကို တိုင်းပြည် က အသိအမှတ် ပြုတဲ့ ဆု ပေးလိုက်ရင် အိမ် ကလည်း အသိအမှတ် ပြုရမှာပဲ ဆိုပြီး လိုချင်တာပါ ။
နောက် ဆုကြေညာခါ နီးတော့ ကျွန်မ က နေမကောင်းဘူး ။ ကျွန်မ ကို မြဝတီမဂ္ဂဇင်း က ဦးအုန်းကျော် က ဖုန်း ဆက်တယ် ။ မလေးလုံ “ ပွင့် ” ဆု ရတယ် တဲ့ ။ သူ လည်း ဦးကိုကို နဲ့ တွဲရေးတဲ့ “ ဤသစ်ဆုံ ” ဆု ရတယ်တဲ့ ။ အဲဒီတုန်းက ဦးသုတ တို့ ၊ ယုဝတီဂျင်းဖောမယ် ၊ စောမုံညင်း ၊ ဒေါ်ခင်ဆွေဦး ၊ ဂျာနယ်ကျော်မမလေး တို့ တော်တော် များများ ဆု ရကြတယ် ။ ကျွန်မ သိပ် ပျော်သွားတာပေါ့ ။ အဲဒီတုန်းက ဆိုရင် ကျွန်မ စာအုပ် ကို ညီမ တွေ ကပဲ ဖတ်တယ် ။ မေမေ က ဖတ်တော့ ဖတ်တယ် ။ ဒါပေမဲ့ သိပ် ကြာတယ် ။ ဆုရတယ် ဆိုတော့လည်း ကျွန်မတို့ မိသားစု သိပ် ဝမ်းသာကြတာပေါ့ ။ အဲဒီ အကြောင်းကလေး ကို တောင် တိုင်းရင်းမေ မှာ “ ထားနှမ ကမ္ဘာ ” ဆိုပြီး ရေးခဲ့ပါသေးတယ်“
“ ပွင့် က တကယ့် အဖြစ်အပျက်တွေ ပဲလား ”
“ ဟုတ်ပါတယ် ၊ တကယ့် အဖြစ်အပျက်တွေ ကို စုစည်း ရေး ထားတာပါ ။ ဇာတ်ကောင်တွေ ကိုပဲ ကျွန်မ ဖန်တီး ပေး ရပါတယ် ။ အချိတ်အဆက်ကလေး တွေ တော့ လုပ် ပေးရတာပေါ့ ။ ကျန်တဲ့ ဖြစ်တာ ပျက်တာ အားလုံးဟာ တကယ့် အဖြစ်အပျက်တွေ ပါပဲ ”
“ ဆရာမ “ ပွင့် ” ဆု ရပြီးတဲ့ နောက် ဘာ ဆက် ရေးသေးလဲ ”
“ ပိုး ကို ကျွန်မ ဆက် ရေးတယ် ။ တရုတ်မလေး တစ်ယောက် အကြောင်းလေ ။ အဲဒါလည်း တကယ့် အဖြစ် အပျက်ပါပဲ ။ ဒီ တရုတ်မလေး ရဲ့ ဇစ်မြစ် ကို မေမေ တို့ က ကို သိတာ ။ ကျွန်မတို့ ငယ်ငယ်က ပြောပြောပြတယ် ။ တရုတ်ပြည် ပါ သွားတာ ။ တရုတ်မလေး ကို မွေးစားတာ စသဖြင့် ပေါ့လေ ။ ဒါတွေက စိတ် ထဲ မှာ ရှိနေတယ် ။ စာ ရေးတဲ့ အခါ ကျတော့ ချ ရေးဖြစ်သွားတာပါပဲ ”
“ ဆရာမ ... “ ဘသက်ရှည် ” ရေးတဲ့ အခါတုန်းကရော အခု ကျွန်တော် တို့ စကား ပြော နေသလိုပဲ ဦးဖေမောင်တင် ပြောသမျှတွေ ကို တိပ် နဲ့ ဖမ်းပြီး မှ ပြန် စီရေးရမှာပေါ့ ”
“ ဟုတ်ပါတယ် ။ တကယ်တော့ ကျွန်မ “ ဘသက်ရှည် ” ရေး ဖြစ်တာ သိပ် ထူးဆန်းပါတယ် ။ ကျွန်မတို့ က ဦးဖေမောင်တင် နဲ့ ပတ်သက်တာ မဟုတ်ဘူး ။ သိပ် အလှမ်း ကွာပါတယ် ။ ဆရာမင်းယုဝေ က အသက် ၈ဝ ပြည့် နှစ် မှာ ဆောင်းပါး တစ်ပုဒ် ရေး လိုက်တယ် ။ ဦးဖေမောင်တင် ရဲ့ အဖေ က ဘယ်သူ ၊ အဘိုး က ဘယ်သူ စသဖြင့် ရေး လိုက်တော့ ကျွန်မ သိပ် စိတ်ဝင်စား သွားတယ် ။ ဦးဖေမောင်တင် ဆိုတာ ငယ်ငယ်တုန်း ကတော့ ဖတ်စာအုပ် ပေါ် လောက် မှာသာ နာမည် တွေ့ ဖူးတာကိုး ။ လူချင်း တော့ သိလည်း မသိဘူး ။ ရင်း လည်း မရင်းနှီးပါဘူး ။ ပုသိမ် မှာ တုန်း ကတော့ ဖေဖေ နဲ့ ဦးဖေမောင်တင် ရဲ့ ညီအစ်ကို ဝမ်းကွဲ တော်တဲ့ ဦးဖိုးသော်တာ နဲ့ ကတော့ ရင်းနှီးတယ် ။ ဒါပေမဲ့ သူ့ ကို ဦးဖေမောင်တင် ရဲ့ ညီ မှန်း မသိခဲ့ပါဘူး ။
ဆရာမင်းယုဝေ ရဲ့ ဆောင်းပါး ဖတ် ပြီးတော့ တော်တော် စိတ်ဝင်စား သွားတယ် ။ တကယ်တော့ ကျွန်မ မှာ အတ္ထုပ္ပတ္တိတွေ ဘာတွေ ရေးဖို့ ရည်ရွယ်ချက် မရှိပါဘူး ။ ဝတ္ထု ပဲ ရေး နေတာပဲ ။ ဆောင်းပါး တောင် နည်းနည်း ပါးပါး ပဲ ရေး တာပဲ ။ ဒါပေမဲ့ သူ့ အကြောင်း ကျတော့ ကျွန်မ သိပ် ရေးချင် လာတယ် ။ ဘယ်လို ဆက်သွယ်ရမှန်း မသိ ဖြစ် နေတုန်းမှာ ကျွန်မ တို့ ခရစ်ယာန်စာပေအသင်း ဟောပြောပွဲ တစ်ခု ကို ဦးဖေမောင်တင် လာမယ် ဆိုတာ ကြား လိုက်ရတော့ ကျွန်မ နေမကောင်းလျက် နဲ့ကို ရောက်အောင် သွားခဲ့ ပါတယ် ။ ကျွန်မ သွား ပြောတော့ သူ ကလည်း ရှောရှောရှူရှူပဲ ခွင့်ပြုခဲ့ပါတယ် ။
အဲဒါတွေနဲ့ ကျွန်မ အစ်ကိုလေး ရဲ့ အကူအညီ နဲ့ပဲ သူ ပြောသမျှတွေ ကို သွားသွားပြီး သွင်း ယူခဲ့တာ ရေးခါနီး မှာ ပြဿနာ ပေါ်တော့တာပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ က ဝတ္ထု ရေးတဲ့ လူပဲ ။ အတ္ထုပ္ပတ္တိ ရေးနေကျ မဟုတ်ဘူးလေ ။ အစ ကတည်း က ကျွန်မက ဝတ္ထု ပုံစံနဲ့ ရေးဖို့ ရည်ရွယ် ထားတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အတ္ထုပ္ပတ္တိ ဆိုရင် ဖတ်တဲ့ သူ သိပ် နည်းတယ်ဆိုတာ သိ ထားတယ်လေ ။ စာ ရေးတယ် ဆိုတာ ကိုယ့် စာကို သူများ ဖတ် စေချင်လို့ ရေး တာပဲ ။ ရေးပြီး မဖတ်ရင် အလကား ပဲပေါ့ ။ အကျိုး ဘယ် ရှိပါ့မလဲ ။ ကျွန်မ မရေးခင် မှာ “ မိုင်ကယ်အိန်ဂျလို ” အကြောင်း ဝတ္ထုပုံစံ နဲ့ ရေးထားတာ ဖတ် လိုက် ရတော့ ကျွန်မ သိပ် သဘောကျတာပဲ ။ စိတ်ဝင်စားတယ်လေ ။ အတ္ထုပ္ပတ္တိ ကို ရိုးရိုး ရေးတာထက် ခုလို ဝတ္ထု ပုံစံနဲ့ ရေး လိုက် တော့ ဖတ်လို့ ကောင်းတာပေါ့ ။ ဒါကြောင့် ဝတ္ထု ပုံစံနဲ့ပဲ ရေးမယ် ဆိုပြီး ဆုံးဖြတ် လိုက်တယ် ။
အတ္ထုပ္ပတ္တိ ကို ဝတ္ထု ဟန်နဲ့ ရေး တာနဲ့ ပတ်သက်ပြီး တချို့ အယူအဆ နည်းနည်း လွဲနေတာ ရှိတယ် ။ ဝတ္ထုဟန် နဲ့ ရေးတော့ ဝတ္ထု လိုပဲ ဖန်တီးရေးတယ် လို့ ထင် နေကြတယ် ။ တကယ်တော့ ကျွန်မ ဖန်တီးရေးတာ မပါပါဘူး ။ ဦးဖေမောင်တင် ပြောသမျှတွေ ကိုပဲ ဖတ် ကောင်းအောင် စီ ပြီး ရေးခဲ့တာပါ ။ အတ္ထုပ္ပတ္တိ ရေးတဲ့ သူ တိုင်းဟာ ကာယကံရှင် ပြောတာ ကို ဖတ်ကောင်းအောင် ပြန် စီရတာချည်းပါပဲ ။ အခု ကျွန်မ ပြော သမျှကိုလည်း ကိုဝင်းငြိမ်း က ကိုယ့် ဟန်နဲ့ ကိုယ် ပြန် ရေးမှာပဲ မဟုတ်လား ။ အကြောင်းအချက် ကတော့ အမှန်ပေါ့ ။
“ ဘသက်ရှည် ” မှာ ပထမအခန်းကလေး ကိုပဲ ကျွန်မ က စာမျက်နှာ တော်တော် ရအောင် ရေး ထားတယ် ။ ရိုးရိုး ရေးမယ် ဆိုရင်တော့ ဦးဖေမောင်တင် ဘယ်နှခုနှစ် က မွေးတယ် ဘာညာ ဆိုပြီး သုံး လေး ငါး ကြောင်း လောက် နဲ့ ပြီး သွားမှာပေါ့ ။ အခုဟာ က ဦးဖေမောင်တင် ကိုယ်တိုင် က သူ့ အဖေ ၊ အမေ တွေ အကြောင်း အသေးစိတ် ပြော ပြတော့ ကျွန်မ မျက်စိ ထဲ မှာ ပေါ် လာတယ် ။ သူ မွေးတဲ့ အခန်း ရေးတဲ့ နေရာမှာ ကျွန်မ က ပထမ အချိန်နာရီ ကို သတိ မထားမိလိုက်ဘဲ ညဘက် မွေးတယ် လို့ ရေး လိုက်တယ် ။ ဘဘ ကို သွား ပြလိုက် တော့ ဘဘ က သူ ည မွေးတာ မဟုတ်ဘူးတဲ့ ၊ ညနေ ဘက် မွေး တာ တဲ့ ... ဆိုတော့ ကျွန်မ ပြန်လာပြီး တခြား စခန်းတွေ သာ ဆက် ရေးနိုင်တယ် ။ ဒီ ပထမ အခန်း ကို ရေးလို့ ကို မရဘူး ။ ကျွန်မ ပထမ ရေး ထားတာက သိပ် စိတ်တိုင်းကျ ရေးထားတာ ၊ ညဘက် လ သာတာ ဘယ်လို ပေါ့ ။ ဒါပေမဲ့ ဒါ က မှား နေတယ် ဆိုတော့ သုံး လို့ မဖြစ်တော့ဘူး ။ သူ ပြော လိုက်တာက ကဆုန်လပြည့်နေ့ ညနေ ဘက် ဆို တာကိုး ။
တစ်နှစ် ကဆုန်လပြည့်နေ့ မှာတော့ တစ်နေ့လုံး မိုး က ရွာလိုက် ၊ စဲသွား လိုက် ဖြစ်နေတော့ ကျွန်မ လည်း ဘာမှ မလုပ်ဖြစ်တော့ဘူး ။ အိပ်လိုက် ၊ စာဖတ်လိုက် နဲ့ပဲ အချိန်ကုန် သွားတယ် ။ ညနေဘက် မှာတော့ ကျွန်မတို့ အိမ် အပေါ်ထပ် ဝရန်တာ ကနေ အပြင် ကို ကြည့်လိုက်တော့ မိုးကောင်းကင် တစ်ခုလုံး မိုးမှောင်ကျ နေရာ က နေ ဟို မိုးကုတ်စက်ဝိုင်း တစ်ဖက်မှာ အလင်းရောင်ကလေး တစ်ခု ပေါ် လာတယ် ။ မည်းနေတဲ့ မိုး သားတွေ က ဟ သွားပြီး နေရောင်ကလေး ထွက် လာတာ တွေ့လိုက်ရတော့ ကျွန်မ ကြည့်နေရင်း ထူးဆန်း လိုက်တာ လို့ ... လှလည်း သိပ် လှတယ်လေ ။ အဲဒီတော့မှ သတိ ရမိတယ် ။ ဦးဖေမောင်တင် မွေးတာ ဒီနေ့ ဒီအချိန် ပဲ ဆိုပြီးတော့ အဲဒီနေ့ က ဖြစ်ပျက်တာတွေ ကို အမှန်အတိုင်း ချရေး လိုက်တာပါပဲ ။ ကျွန်မ ဖန်တီးရတာ တစ်ခု မှ မပါပါဘူး ။ ဝတ္ထု အနေနဲ့ ဖန်တီး ရတာမျိုး မဟုတ်ပါဘူး ။
တချို့က ထင် ကြတယ် ။ ဝတ္ထု ဟန် ရေးတယ် ဆိုတော့ ဝတ္ထု လို စိတ်ကူး ပြီး ရေးတယ် လို့ ထင်ကြတယ် ။ စိတ်ကူး ကတော့ ပါ ပါတယ် ။ ဒါပေမဲ့ ယုတ္တိ မတန်တာကို စိတ်ကူး ပြီး ရေးတာ မဟုတ်ပါဘူး ။ တကယ့် အဖြစ် တွေကို ကျွန်မ ယုံကြည်ချက် နဲ့ ဖန်တီး ရေးလိုက်တာပါ ။
ကျွန်မ ပြော ချင်တာ ကတော့ အကြောင်းအရာတွေ ကို ရိုးရိုးစင်းစင်း လျှောက် ရေးမယ့် အစား တချို့ကို မြှုပ်ကွက်ကလေး လုပ် ထားပြီး ဝတ္တုဇာတ်လမ်း လို အချိတ်အဆက် အကွက် ပေါ်မှ ပြန် ဖော်ရတာမျိုးပါ ။ ဖတ်သူ ကို စာပေ ရသ ခံစားစေ လိုတဲ့ စေတနာ ပါ ”
“ အတ္ထုပ္ပတ္တိ ပုံစံ နဲ့ ရေးမယ် ဆိုရင်ကော ”
“ မကောင်းနိုင်ဘူး ထင်တယ် ။ ဒါကို လေ့လာချင်တဲ့ သူ လောက်ပဲ ဖတ်မယ် ။ စာလေး ဆိုရင် မဖတ်ချင်တဲ့ သူ ကတော့ ကိုင်တောင် ကိုင်မယ် မထင်ဘူး ။ တစ်ခါတုန်းက ကျွန်မ ဆီ လာတဲ့ ဧည့်သည် နဲ့ တခြား ဧည့်သည် တစ်ယောက် ပါ လာတယ် ။ အဲဒီ အမျိုးသမီး က ဘာ ပြောသလဲ ဆိုရင် သူ က ဝတ္ထု က လွဲရင် တခြား ဘာမှ မဖတ်ဘူးတဲ့ ။ ဒီ ဘသက်ရှည် ကို လည်း ပုံနှိပ်တိုက် က ခင် လို့ တစ်တွဲ လက်ဆောင် ပေးထားတာ ကိုင်တောင် မကိုင်ဘူးတဲ့ ။ ဝတ္ထု တော့ အငှားဆိုင် က ငှား ဖတ်တာ တစ်နေ့ ကို လေး ငါး ခြောက်အုပ် တောင် ဖတ်သတဲ့ ။ တစ်နေ့တော့ အငှားဆိုင် မှာ စာအုပ်သစ် မရခဲ့ဘူး ။ သူ့ မှာ ဖတ်စရာ က လည်း ကုန် နေတယ် ။ ရေမချိုး ၊ ထမင်းမစား ရသေးဘဲ စာအုပ် စင်နား ထိုင် လိုက်တော့ ဒီ စာအုပ်ကြီး သွား တွေ့တာနဲ့ အပျင်းပြေ ဆိုပြီး ကောက် ကိုင်လိုက်တာ တစ်ခါတည်း စွဲ သွားပြီး အကုန် ဖတ်ပြီးမှ ရေချိုး ၊ ထမင်းစား နိုင်တယ်တဲ့ ။ ဒါ ဝတ္ထု က လွဲရင် ဘာ စာ မှ မဖတ်တဲ့ သူ က ပြောတယ် ။
ဝတ္ထု ကို သာ ကြိုက်တဲ့ သူ က ဝတ္ထု ပုံစံ နဲ့ ရေးတဲ့ အတ္ထုပ္ပတ္တိ ကို စွဲ သွားတာပေါ့ ။ တကယ်လို့ အတ္ထုပ္ပတ္တိ ပုံစံ နဲ့ သာ ရေးထားမယ် ဆိုရင် သူ ဘယ် ဖတ်ပါ့မလဲ ။
နောက်ပြီးတော့ ပြော ချင်တာ တစ်ခု ရှိသေးတယ် ။ နောက်ဆုံး ဘဘ သေတဲ့ အခန်း ရေးတာကို တချို့ က ပြောကြတယ် ။ ဦးဖေမောင်တင် က သေပြီး မှ သူ ခံစားရတာတွေ ကို မလေးလုံ ကို ဘယ်လို ပြော ပြလို့ ရေးနိုင် တာလဲ တဲ့ ။ ကျွန်မ ဒီ အခန်း ကို ရေးနိုင်ဖို့ က ဘဘ ကွယ်လွန်ခါနီး အနား မှာ ရှိကြတဲ့ ဘဘ ရဲ့ ဇနီး ၊ သား ၊ သမီးတွေ ကို မေး ရတာပါ ။ ဘယ်လို ခံစား ရတယ် ၊ မျက်နှာ ဘယ်လို ပြောင်းလဲ လာတယ် ။ ဘယ်အချိန် ဆိုတာတွေ ကို အသေးစိတ် မေးပြီး ရေးတာပါ ။ ဘဘ က သူ့ အဖေ ကို သိပ်ပြီး လေးစား ချစ်ခင်တဲ့သူ ဆိုတော့ သူ့ အဖေ ပြောခဲ့တဲ့ စကားတွေ ကိုလည်း သတိ ရမှာပဲ ဆိုပြီးတော့ ကျွန်မ အတွေး နဲ့ ထည့် ရေးတာလည်း ပါ တာပေါ့ ။ ကျွန်မ ကိုယ်တိုင် လည်း ကျန်းမာရေး မကောင်းတဲ့ သူ ဆိုတော့ ဝေဒနာ ခံစားရတဲ့ ပုံစံ ကို တော့ ခံစားကြည့်လို့ ရပါတယ် ”
“ ဆရာမ ရေး တဲ့ ဆရာကြီး ဦးဖေမောင်တင် ရဲ့ အတ္ထုပ္ပတ္တိ ဖတ်ရတော့ ဆရာကြီး အနေနဲ့ လူမျိုးခြား လက်အောက် ကနေ မြန်မာစာဌာနရယ် လို့ ဖြစ် လာအောင် ၊ မြန်မာစာပေ ထွန်းကား လာအောင် ဘယ်လောက် ကြိုးစားခဲ့ရတယ် ဆိုတာ သိခွင့်ရလာပါတယ် ။ လူမျိုးခြား လက်အောက် ကနေ ဒါလောက် ကြိုးစား ခဲ့ရပေမယ့် ဒီနေ့ လူငယ်တွေ ကျတော့ မြန်မာစာ ဆိုတာ အလေး ထားစရာ မလိုဘူးလောက် ယူဆနေတယ် ။ အခြေခံပညာ အဆင့်မြင့်တန်း စာမေးပွဲ အောင်စာရင်း ကို ကြည့်ရင် တခြား ဘာသာရပ်မှာ ဂုဏ်ထူး ရတဲ့သူ တွေ များ သလောက် မြန်မာစာဂုဏ်ထူး ရတဲ့ သူ သိပ် နည်းတာ တွေ့ရပါလိမ့်မယ် ။ အဲဒီတော့ ဆရာမ အနေ နဲ့ ခေတ်လူငယ်တွေ မြန်မာစာ အပေါ် စိတ်ဝင်စားမှု နည်း တာ နဲ့ ပတ်သက်ပြီး ဘယ်လို မြင် ပါသလဲ ”
“ ဒါလည်း ဟိုတုန်း က လူမျိုးခြားတွေ အုပ်ချုပ် သွားတာရဲ့ အရှိန်အဝါ ပဲလား လို့ ကျွန်မ ထင်မိပါတယ် ။ ဟိုတုန်းက အင်္ဂလိပ်စာ ကိုသာ အဓိက ထားပြီး မြန်မာစာ ကို တော်ရုံပဲ လုပ်ခဲ့တော့ မြန်မာစာ ကို အလေး မထား ခဲ့ကြဘူးပေါ့ ။ အဲဒီ အရှိန် က ဒီနေ့ ထိ လိုက် လာတယ် ။ အခြား ဘာသာရပ် မှာ ဂုဏ်ထူး ရရင် ထူးချွန်ရင် အလုပ်အကိုင် အတွက် အထောက်အကူ ပြုပေမယ့် မြန်မာစာ ထူးချွန်သူ ကတော့ မြန်မာစာ ဌာန မှာ အလုပ် ရရုံလောက်ပဲ ရှိတော့ ကလေးတွေ အနေနဲ့ သိပ် အလေးမထားကြတာ လို့ ကျွန်မ ထင်တယ် ။
အခု အချိန်မှာ ဆိုရင် နိုင်ငံတော်အစိုးရ ကလည်း မြန်မာစာ နဲ့ ပတ်သက်ပြီး အားပေး နေပြီ ဆိုတာ ကလေးတွေ ရဲ့ ခေါင်း ထဲ ရောက်အောင် ထည့် ပေးနိုင်ရင် သူ တို့ စိတ်ဝင်စား လာကြလိမ့်မယ် ထင်ပါတယ် ။ အာဏာပိုင် အဖွဲ့အစည်း ကရော ဆရာ မိဘ အသိုင်းအဝိုင်း က ပါ မြန်မာစာ ကို တန်ဖိုး ထားတတ်အောင် လုပ်ပေးမယ် ဆိုရင် မြန်မာစာ ထူးချွန်ရင် စိတ်ဝင်စား လာကြမယ် ထင်ပါတယ် ။ မြန်မာစာ ကို ကိုယ့် မိခင် ဘာသာ စကား ပဲ ဆိုပြီး ပေါ့နေကြ တာလည်း ပါ ပါတယ် ”
“ ဆရာမ “ ဘသက်ရှည် ” ပြီးတဲ့ နောက် ဘာ ထွက်သေးလဲ ”
“ နေရယ် လရယ် ချစ်သူရယ် တစ်အုပ် ပဲ ထွက်ပါသေးတယ် ”
“ တော်တော်လေး အဆက် ပြတ် နေတယ်နော် ”
“ ဟုတ်ပါတယ် ၊ ကျွန်မ ကျန်းမာရေးကြောင့် ရော တခြား လူမှုဝန်ထမ်း ကိစ္စတွေ ကြောင့်ပါ မရေးဖြစ် တာပါဘဲ ”
“ ဆရာမ အနေနဲ့ လုံးချင်းတွေ ရော ၊ ဝတ္ထုတိုတွေ ပါ ရေးခဲ့တာ ခုဆို စာပေ သက်တမ်း နှစ်ဆယ့်လေး ငါးနှစ် လောက် ရှိနေပြီပဲ ။ အဲဒီတော့ ဒီနေ့ ထုတ်ဝေ နေကြတဲ့ မဂ္ဂဇင်းတွေ နဲ့ ပတ်သက်ပြီး ဘယ်လို မြင်သလဲ သိပါ ရစေ ”
“ ခုတစ်လောတော့ အလုပ် များနေလို့ မဂ္ဂဇင်း တွေ တောင် သိပ် မဖတ်ဖြစ် သလောက်ပါဘဲ ။ ဖတ်မိ သလောက် အပေါ် ပြော ရရင်တော့ မဂ္ဂဇင်းတွေ အားလုံး အပြိုင်အဆိုင် ကြိုးစားကြပါတယ် ။ သက်ဆိုင်ရာ က မဂ္ဂဇင်း အသစ်တွေ ချ ပေး တာလည်း ဝမ်းသာစရာ သတိထားမိပါတယ် ။ မဂ္ဂဇင်း များလေ ၊ စာရေးချင်သူ တွေ အတွက် နေရာများများ ရလေမို့ ကောင်းပါတယ် ။ အကျိုးအမြတ် ဆိုတာ ထက် စာကောင်း ပေကောင်းတွေ ထွက်အောင် ကြိုးစား နေတာ တွေ့ရလို့ ဝမ်းသာပါတယ် ။
တစ်ခုတော့ ဝမ်းနည်းစရာ ရှိတယ် ကိုဝင်းငြိမ်း ရဲ့ ။ တခြား မဂ္ဂဇင်းတွေ အများကြီး ရှိပေမယ့် အမျိုးသမီး နဲ့ ပတ်သက်တဲ့ မဂ္ဂဇင်းကြီး ဆိုလို့ တိုင်းရင်းမေ နဲ့ ယုဝတီဂျာနယ် လောက်ပဲ ရှိသေးတယ် ။ ဒီ လိုကွက် ကို ဖြည့်ဖို့ အတွက် ကျွန်မ အနေနဲ့ အမျိုးသမီးမဂ္ဂဇင်း ထုတ်ဝေဖို့ လျှောက်ထား သေးတယ် ။ တကယ် လုပ်ရမယ် ဆိုရင် လူရော ငွေပါ ပင်ပန်းမယ် ဆိုတာ သိပါတယ် ။ ဒါပေမဲ့ မဂ္ဂဇင်း လည်ပတ် နိုင်အောင် ဘက်စုံ စုစည်း ထားပါတယ် ။ မျှော်လည်း မျှော်လင့်ထားပါတယ် ”
“ ဆရာမ ဖြည့်ချင်တာများ ရှိဦးမလားပဲ ”
“ ကျွန်မ စာရေးတဲ့ နေရာမှာ စေတနာ ၊ ဝေဒနာ ၊ အနစ်နာ ဆိုတဲ့ နာ သုံးမျိုး နဲ့ ရေးပါတယ် ။ ရေးတဲ့ အခါမှာ ဖတ်သူ အတွက် အကျိုး မပြုဦးတောင် အဆိပ်အတောက် တော့ မဖြစ်စေရဘူး ဆိုတဲ့ စေတနာ ထားပါတယ် ။
ပြီးတော့ ဘသက်ရှည် နဲ့ ပတ်သက်ပြီး ပြောရဦးမယ် ဆိုရင် ဒီ ပုဂ္ဂိုလ်အကြောင်း ရေး ပြလိုက်ရတာဟာ လက်ရာ ကောင်း အဆင့်အတန်း မြင့်တဲ့ ပန်းချီကားကြီး တစ်ချပ် ဖုန် အလိမ်းလိမ်းနဲ့ ချောင် ထဲ ရောက် နေတာ ကို ကျွန်မ က ဖုန်သုတ် ၊ သန့်ရှင်း ၊ အရောင် တင်ပြီးတော့ ဧည့်ခန်း ထဲ ချိတ်ပေးလိုက်တဲ့ သဘော ပါပဲ ။ ဧည့်ခန်း ထဲ ရောက် သွားတော့ လူတကာ မြင်ပြီးတော့ မေ့နေတဲ့ လူ က ပြန် သတိရ ၊ မသိသေးတဲ့ သူ ကို သိသွားစေ ချင်တဲ့ သဘောပါပဲ ။ တခြား ရည်ရွယ်ချက် မရှိပါဘူး ။
အခု ရက်ပိုင်းကလေးမှာပဲ လန်ဒန်မြို့ School of Oriental and African Studies တက္ကသိုလ် က ဆရာမ Mrs. Anna Allott ဆိုတာ ကျွန်မ ကို လာ တွေ့ပါတယ် ။ တွေ့တဲ့ အကြောင်းက သူ မြန်မာပြည် ကို မလာခင် “ မြန်မာစာပေ မည်သို့ တိုးတက်ကြီးပွားလာကြောင်း ” စာတမ်း တစ်စောင် ရေးဖို့ တာဝန် ကျတာ သူတို့ တက္ကသိုလ် စာကြည့်တိုက် က “ ဘသက်ရှည် ” နှစ်တွဲ မှာ သူ လိုချင်တဲ့ အချက်အလက်တွေ အတော်များများ ရလို့ရယ် ၊ သူ့ အဖို့ သာမန်မျှ သိထားတဲ့ အတ္ထုပ္ပတ္တိရှင် ကို အခုမှ အင်မတန် ကြည်ညိုလေးစား ကျေးဇူး တင် သင့်ကြောင်း သိခွင့်ရလို့ရယ် ဆိုပြီး လာ တွေ့တာတဲ့ ။ အဲဒီလို စာဖတ်သူတွေ ပေးတဲ့ ဆုနဲ့ ပဲ ကျေနပ်ဝမ်း သာ လှပါပြီ ။ ကျွန်မ အနေနဲ့ တန်ဖိုး ရှိတဲ့ ပန်းချီကား ကောင်းကြီး ကို ဧည့်ခန်း မှာ ကြိုးစား ချိတ်ပေးရကျိုး နပ် တယ် လို့ ဆိုနိုင်မယ် ထင်ပါတယ် ရှင် ”
“ ကျေးဇူးတင်ပါတယ် ဆရာမ ။ “ ဘသက်ရှည် ” ကို ဖတ်ခွင့် ရလိုက်တာ ဆရာမ ပြောသလို လက်ရာကောင်း ပန်းချီကား ၊ တန်ဖိုး မဖြတ်နိုင်တဲ့ ပန်းချီကား တစ်ချပ် ကိုယ့် ဧည့်ခန်းထဲ ရောက်လာသလိုပဲ ကျွန်တော့် စာအုပ် စင်မှာ တလေးတစား နေရာ ယူထားပါတယ် ။ စာချစ်သူ တိုင်း လည်း ကျွန်တော့် လိုပဲ ခံစား ကြရမှာပါပဲ ။ ဆရာမ ကျန်းမာရေး ကောင်းဖို့ နဲ့ ခုလို အဖိုးတန် စာတွေ အဆက်မပြတ် ရေးနိုင်ဖို့ ဆုတောင်း ပါတယ် ။ ပေဖူးလွှာ ရဲ့ တွေ့ဆုံခန်း ကဏ္ဍ အတွက် အချိန်ပေး ကူညီတဲ့ အတွက်လည်း ကျွန်တော် တို့ စာတည်းအဖွဲ့ က ကျေးဇူး အများကြီး တင်ပါတယ် ”
◾ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် -၂၃
ဧပြီလ ၊ ၁၉၈၃ ခုနှစ်
No comments:
Post a Comment