Wednesday, February 5, 2025

မြို့သစ်လေး ရဲ့ အွန်လိုင်း

❝ မြို့သစ်လေး ရဲ့ အွန်လိုင်း ❞
        ( မောင်မိုးဦး )

မေတ္တာရနံ့ တွေ က တဖြည်းဖြည်း အရောင် မှိန်လာပြီး ‘ ဂလိုဘယ်လိုင်းဇေးရှင်း ’ ဆိုသည့် စကားလုံးများ နှင့် ဂုဏ်ယူ နေသော ကမ္ဘာကြီး သည် တကယ်တော့ ‘ ပလာဇာ ’ တစ်ခု အသွင် အယောင် ဆောင် ထားသလို ( သို့ ) ရှော့ပင်းစင်တာ တစ်ခု နှင့် သွေးသောက် ညီအစ်ကို တော်စပ်နေသည် ဟု ကျွန်တော် ထင်သည် ။ ထိုအချက် ကို အသေအချာ တွေးကြည့်တော့လည်း အဖြေ က ရှင်းသည် ။ ထို ပလာဇာများ နှင့် ရှော့ပင်းစင်တာများ မှာ ရှိသည့် အရာဝတ္ထု အားလုံး မှာ ကမ္ဘာကြီး၏ ရင်ခွင် ထဲ၌ ရှိနေသော ပစ္စည်းများ ပင် ဖြစ်လေသည် ။

ကမ္ဘာ ထဲ တွင် ပန်းခြံများ ၊ ပန်းချီပြပွဲများ ၊ ခိုးကူးခွေများ ၊ လက်ဖက်ရည်ဆိုင်များ ၊ ဘောလုံးပွဲများ ၊ နံနက်ပိုင်း နှင့် ညနေပိုင်း သင်္ချာများ ၊ ပန်းကုံး နှင့် ဘီယာဆိုင်များ ၊ ဆယ်လူလာဖုန်းများ ၊ သိပ်သည်းဆ, များသော ပစ္ဆေရိယစိတ်များ ၊ သံချပ်တိုင်သံ နှင့် တူသော ဗီစီဒီကာရာအိုကေသီချင်း ၊ မဲနယ် မကြာခဏ ဆိုးရသော ကိုယ်ကျင့်တရားများ ၊ “ ဘာတစ်လုံးကောင်းလဲ ” ... ဆိုသည့် ကွက်ရှင်များ ၊ အီးမေးလ် မှ ပို့သော သတင်းများ ၊ ဆေးမြီးတို နှင့် ဂါထာ ရေးသားသူများ ( တချို့က ဘုရားသမိုင်း ပါ ပူးတွဲ ရေးသည် ) ရောင်စုံထီး အောက် က ဈေးသည်များ ၊ ဂျာနယ်များ ၊ စာနယ်ဇင်းပွဲ မှန်သမျှ အကုန်တက်ပြီး လက်ဆောင်ယူသူများ ၊ မျဉ်းကျားမှမကူးသူများ ၊ ၁၆ပဲရည် မပြည့်သူများ ၊ ပြန်ဆိုတေးများ ... စသဖြင့် ကမ္ဘာ ထဲ မှာ ရှိနေကြ၏ ။

ထိုအချက်များကပင် ကမ္ဘာကြီး ၏ အသီးအပွင့်များ ဖြစ်နေကြပြီး ထို အချက်များ ကပင် ကမ္ဘာကြီး ကို ဗြူတီပါလာ ပို့ပေးလိုက် သလို တစ်ချိန်တည်း မှာပင် ကမ္ဘာကြီး ကို အနက်ရောင် ဆိုးပစ် ပြန်သေးသည် ။

ထို့အတူ ကမ္ဘာ ထဲမှာ ရှိနေသည့် အရာအားလုံး ကို ဖန်တီးခဲ့သူများ မှာလည်း လူသားပင် ဖြစ်နေပြန်သည် ။ လှည်းခေတ် ၊ လှေခေတ် မှ လကမ္ဘာ ကို လူ ရောက်ခဲ့ပြီး အင်တာနက် နှင့် အွန်လိုင်း အထိ တည်ထွင် ဖန်တီးခဲ့ သူများ မှာလည်း လူသားများပင် ဖြစ်သည် ။ ထို လူသားများ အတွက် မရှိမဖြစ် အလိုအပ်ဆုံးသော အရာမှာ အသက်ရှူ စရာ လေ , ခန္ဓာကိုယ် အတွက် အစားအစာ နှင့် စိတ် အတွက် အာဟာရ တို့ ပင်ဖြစ် သည် ။

ကျွန်တော် အပါအဝင် လူသား အားလုံး ဒီဇယ် နဲ့ စီအင်ဂျီနံ့ နှင့် သွေးသား မလွတ်သော လေတွေ ကို ရှူရှိုက်ရင်း အသက်ရှင် နေကြသလို ဘဲကင် စားရင်း ၊ ကန်စွန်းရွက်ကြော် စားရင်း ခန္ဓာကိုယ် တည်မြဲရေး အတွက် ခရီးဆက် နေကြရသည် ။ အားလပ်သည့် အချိန်များ တွင် ကုန်ခမ်းသွားသည့် အင်အားများ ကို ဘက်ထရီ အား သွင်း သလို လူတွေ နည်းအမျိုးမျိုး နှင့် ပြန်လည် ရယူ နေကြသည် ။

ထို့ကြောင့်တချို့က ‘ အထူးကု ’ နှင့် ကိုယ်ခန္ဓာ ကို ချက်ကပ် လုပ်သည် ။ တချို့က ‘ အော်ရာမင်ဂျီ ’ သောက်သည် ။ တချို့က ဘီယာဆိုင် မှာ ၊ တချို့က လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဂီတ နှင့် အားသွင်းသည် ။ တချို့က ကိန်းဂဏန်းများ ကို ရေတွက်ရင်း အင်အားသစ် ကို မွေးမြူသည် ။ တချို့က စာဖတ်ရင်း စိတ် ကို ပလပ် ထိုးသည် ။ ကိုယ့် ယုံကြည်ချက်နှင့် ကိုယ် ဖြစ်သည် ။

တခြား လူတွေတော့ မသိပေ ။ ကျွန်တော့် ၏ စိတ်အာဟာရ က ဖန်သားပြင် ပေါ်မှာ ရှိသည့် အရိပ်တွေ အရောင်တွေ မဟုတ်သလို အောက်ခံ အစိမ်း ပေါ်က ဘိလိယက် ဘောလုံးလေးများ ၏ ယိမ်းထိုး ဂီတ လည်း မဟုတ်ပေ ။ ကျွန်တော့် အတွက် သောက်ရေ တစ်ခွက် လို မရှိ မဖြစ် လိုအပ်သော အရာမှာ စာမျက်နှာ ပေါ်က ကွန်ပျူတာ ဝါကျများ ပင် ဖြစ်သည် ။ ထို့ကြောင့် ကျွန်တော့် ဘဝ တွင် ညစာ မစားဘဲ ခြေထောက် မဆေးဘဲ အိပ်ရာ ဝင်ခဲ့သော ရက်များ ရှိခဲ့သော်လည်း စာ မဖတ်ဘဲ အိပ်လိုက်ရသော ရက် လုံးဝ မရှိခဲ့ပေ ။

ထိုအခါ ကျွန်တော့် ၏ အရင်းနှီးဆုံး အဖေါ် မှာ စာအုပ်များ ဖြစ်နေခြင်း နှင့် စိတ် ၏ အလိုအပ်ဆုံး အရာမှာ စာအုပ်များ ဖြစ်နေခြင်းသည် သဘာဝ ကျပါသည် ။ စာအုပ် တစ်အုပ် နှင့် ပေါင်းသင်းရသည် မှာ ကြည်နူး အေးချမ်းရသလို သဘောကွဲလွဲ မှုလည်း မရှိနိုင်ပေ ။ စာအုပ် တစ်အုပ် ကို ဖတ်ချင် ဖတ်မည် ။ ဆက် မဖတ် လိုလျှင်လည်း ရပ်ထား နိုင်သည် ။ မည်သည့် ပြဿနာ မှ မရှိပေ ။

ထို့ကြောင့် အဆင်ပြေ လျှင် ဝယ်သင့်သည့် စာအုပ် တချို့ ကို ဝယ်ထား ဖြစ် သော်လည်း လစဉ် ထွက်သည့် မဂ္ဂဇင်း တချို့ကို ဖတ်ဖို့ အတွက်တော့ အငှားဆိုင် ကို အားကိုးရသည် ။ တကယ်တော့ ရပ်ကွက် အသီးသီးရှိ စာအုပ်ဆိုင်လေးများသည် လူသားတွေ အဖို့ ဘဝ တိုးတက်မှု ၊ ကိုယ်ကျင့်တရား ယဉ်ကျေးမှု စသည် တို့ အတွက် တည့်မတ်ပေး နေသော အလင်းအိမ်လေးများ ပင် ဖြစ်သည် ။

••••• ••••• •••••

နေရိပ် ထဲမှာ ထိုင် နေသော လူ တစ်ယောက် သည် အရိပ် မှာ ထိုင်နေစဉ် က ထို အရိပ် ၏ အေးမြခြင်းများ ကို သတိ မထားမိ သော်လည်း အကြောင်း အမျိုးမျိုး ကြောင့် ထို အရိပ်ကို စွန့် လွှတ်လိုက်ရပြီး နေပူထဲ ရောက်သွားတော့မှ သာ ထို အရိပ် ၏ တန်ဖိုး ကို ပိုမို နားလည်ခဲ့ရသည် မှာ သဘာဝ ပင် ဖြစ်သည် ။

ထို့အတူ စာအုပ်ဆိုင်လေးများ ပေါများပြီး စာအုပ်စုံသော အရပ် မှာ နေခဲ့ ရသော ကျွန်တော့် အတွက် ယခုလို မြို့သစ်လေး တစ်ခု ၏ အစွန်ဆုံး ရပ်ကွက်သို့ ပြောင်းရွှေ့ လာခဲ့သည့် အချိန် မှ စတင်ကာ စာအုပ် ရှားပါးသည့် ဝေဒနာ ကို စတင် ခံစား ခဲ့ရလေသည် ။ ထို အချက်သည် ပင် ကျွန်တော် ၏ စိတ်အစာ နှင့် ဘဝ ၏ တိုးတက်မှု ကို စည်းသုံးတန် အတား ခံလိုက်ရသော အနေအထား ပင် ဖြစ်သည် ။

ယခင် က ကျွန်တော် နှစ်ပေါင်း များစွာ နေထိုင်ခဲ့သော ရပ်ကွက်လေး မှာ လူလတ်တန်းစားများ ပညာတတ်များ ၊ စီးပွားရေး ပြေလည်သူများ နှင့် ဖွဲ့စည်းထား သဖြင့် ရွံ့ဗွက် နှင့် ကတ်ဆက် ပေါသော မြို့သစ်လေးများ မှ တချို့ ရပ်ကွက်လေးများ လို အပေါင်ခံသည့် အိမ် မရှိ ၊ ဗီဒီယိုကားများ ပြသည့် လက်ဖက်ရည်ဆိုင် မရှိ ။ ဘိလိယက်ခုံ မရှိ ။ ထို့ကြောင့် ကျွန်တော် တို့ ရပ်ကွက်လေး မှာ စာအုပ်ဆိုင် သုံးဆိုင် လောက် နှင့် အဆင်ပြေ နေလေသည် ။ ဖတ်ချင်သည့် စာအုပ် သည် တစ်ဆိုင် မှာ မရှိ လျှင် အခြား တစ်ဆိုင် မှာ ရှိသည် ။ လစဉ် ဖတ်ချင်သည့် စာအုပ် ဖတ်နိုင်သည် ။ ကျွန်တော့် အတွက် သင့်တော်သော ရပ်ကွက်လေး ပင်ဖြစ်သည် ။

သို့သော် အရာရာသည် ပြောင်းလဲလျှက် ရှိသည် ဆိုသော သဘာဝ အတိုင်း ကာလ တစ်ခု တွင် ကျွန်တော် နှင့် ဟာမိုနီ ဖြစ်ခဲ့သော ရပ်ကွက်လေး ကို ဥပေက္ခာ ပြုကာ ကျွန်တော် မည်သည့် အချိန် ကမှ အိပ်မက် မမက်ခဲ့သော မြို့သစ်လေး တစ်ခုရှိ အစွန်အဖျား ရပ်ကွက်လေးတစ်ခုသို့ ကျွန်တော် တို့ သန်းကောင်စာရင်းလေး ပါ ပြောင်း ရွှေ့ခဲ့ရလေသည် ။

သည်လိုနှင့် ယခင်က တစ်ခါမှ မရောက်ခဲ့ဖူးသော ကျွန်တော့် အတွက် မြို့သစ်လေး ကပဲ ကျွန်တော့် ကို မျက်မှန်အမည်း တပ်၍ ကြည့်နေသလား ( သို့ ) ကျွန်တော် ကပဲ မြို့သစ်လေး နှင့် ကျွန်တော် က တော်တော်နှင့် ညီမျှခြင်း ဆွဲလို့ မရခဲ့ပေ ။

ထို ရပ်ကွက်လေး တွင် အပေါများဆုံး အရာမှာ အရက်ဆိုင် ၊ ဘိလိယက်ခုံ ၊ ဗီဒီယို ပြသည့် လက်ဖက်ရည်ဆိုင် နှင့် နံနက်ပိုင်း ညနေပိုင်း သင်္ချာ အတွက် အကျိုး ဆောင်များပင် ဖြစ်သည် ။ ထို့အတူ အရှားပါးဆုံး ပစ္စည်း မှာ စာအုပ်အငှားဆိုင် ပင် ဖြစ်သည် ။ ထို့ကြောင့် ထိုရပ်ကွက်လေး မှာ ကျွန်တော့် လို လူမျိုး အတွက် ရေခဲသေတ္တာ နှင့် ဗိုင်းရပ်ပိုး လို လုံးဝ အံဝင်ခွင်ကျ မဖြစ်ခဲ့ပေ ။

သို့သော် ထို ရပ်ကွက်လေး မှာ ရှားရှားပါးပါး စာအုပ်ဆိုင်လေး တစ်ဆိုင် ရှိနေခြင်း ကလည်း မိုးနတ်မင်းကြီး ၏ ကျေးဇူးပင် ဖြစ်ပေလိမ့်မည် ။ တစ်ရက် , လမ်းထိပ် လက်ဖက်ရည်ဆိုင် တွင် ရပ်ကွက် ထဲမှ မျက်မှန်းတန်း မိနေသည့် လူ တစ်ယောက် နှင့် စကား စပ်မိရာ မှ စာအုပ် အငှားဆိုင်လေး သို့ ကျွန်တော် ရောက်သွား ခဲ့သည် ။

ဆိုင်ရှင် မှာ အသက် ၄ဝ ဝန်းကျင် အမျိုးသမီး တစ်ယောက် ဖြစ်သည် ။ ထို့နောက် ကျွန်တော် က မဂ္ဂဇင်း အထပ် ထဲ မှ ကျွန်တော် ဖတ်ချင်သော မဂ္ဂဇင်း ကို ရှာရင်း မေးလိုက်၏ ။

“ အမေ ... စပယ်ဖြူ မဂ္ဂဇင်း ရှိလား ”

“ မရှိဘူး ”

“ ဒါဆိုရင် ... ပိတောက်ပွင့်သစ် ရော ရှိလား ”

“ မရှိဘူး ... မင်း မေးတဲ့ စာအုပ်တွေ အမေ့ ဆိုင်မှာ တစ်ခါမှ မတင်ဖူးဘူး ”

“ ဟုတ်လား .. ဒါပေမယ့် အဲဒီ စာအုပ်တွေ က ဖတ်စရာချည်းပဲ အမေရဲ့ ”

ထို့နောက် ဆိုင်ရှင် အမျိုးသမီး က ကျွန်တော့် ကို အသေအချာ ကြည့်ပြီး မေးလိုက်၏ ။

“ မင်း က ဒီရပ်ကွက် ကို ပြောင်းလာတာ မကြာသေးဘူးနဲ့ တူတယ် ”

“ ဟုတ်ပါတယ် ”

“ ဒီလိုကွယ့် ... ကိုယ့်အရပ် နဲ့ ကိုယ့်ဇာတ် ဆိုသလိုပေါ့ ဒီ ရပ်ကွက်လေး က ပညာတတ် နည်းတယ် ။ မိုးလင်းတာ နဲ့ အိမ်ရှိ လူကုန် အလုပ် ထွက် လုပ်ကြရတယ် ၊ ညနေ အလုပ် က ပြန်တော့ ဆန်လေး နည်းနည်း ဟင်းချက်စရာလေး နည်းနည်း ဝယ်ပြီး ချက်ပြုတ်စားသောက်ကြ ၊ နောက်တော့ တစ်နေ့လုံး ပင်ပန်းသမျှ တွေကို လက်ဖက်ရည်ဆိုင် သွားပြီး လက်ဖက်ရည် တစ်ခွက် နဲ့ ဗီဒီယို ကြည့်ပြီး အပန်းဖြေ ကြရော ... သူတို့ တွက်နည်း ကလည်း ရှင်းတယ် စာအုပ် ဖတ်ရင် ပိုက်ဆံ ၁ဝဝ ကုန်မယ် ၊ မီး မလာ ရင် ဖယောင်းတိုင်ဖိုး ပါ ကုန်မယ် ဒီတော့ ပိုက်ဆံ ၁ဝဝ လောက် အကုန် ခံပြီး လက်ဖက်ရည်ဆိုင် သွားရင် လက်ဖက်ရည် လည်း သောက်ရတော့ လူတွေ စာအုပ်ဆိုင် မလာတာ ... မဆန်းပါဘူး ”

“ ဒီလိုဆိုရင် ကျွန်တော်  စောစောက ပြောတဲ့ မဂ္ဂဇင်းမျိုး လာ မေးတဲ့ လူ မရှိဘူးလား ”

“ အေး ... တစ်ယောက် နှစ်ယောက် လောက်တော့ လာမေးဖူးတယ် ဒါပေမယ့် မင်း စဉ်းစားကြည့်လေ ၊ အစ်မတို့ က စီးပွားရေး အနေ နဲ့ စာအုပ်ဆိုင် ဖွင့်တာ ဒီတော့ ... လူ အဖတ် များတဲ့ စာအုပ်ပဲ ဆိုင် မှာ တင်တာပေါ့ ၊ မင်း စောစောက မေးတဲ့ စာအုပ်မျိုး တင်ရင် ဖတ်တဲ့ လူ က နှစ်ယောက် သုံးယောက် လောက် ဆိုတော့ စာအုပ်အရင်း တောင် မရဘူးလေ ဒီလောက်ဆို မင်း သဘောပေါက် လောက်ရောပေါ့ ”

ထို့နောက် ကျွန်တော်  ဘာ စာအုပ် မှ မငှားတော့ဘဲ အိမ် ကို ပြန်လာရင်း ဆိုင်ရှင် အစ်မကြီး ပြောလိုက်သည့် စကားမှာ ငြင်းစရာ ရှာလို့ မရခဲ့ပေ ။ သို့သော် ကျွန်တော့် ဘဝ တွင် အစားအသောက် အဝတ်အထည် အနေအထိုင် စသည့် အဆင်မပြေခြင်းများ ကို မေ့ထားနိုင်သော်လည်း ဖတ်ချင်သည့် စာအုပ် ဖတ်ခွင့် မရခြင်း ကတော့ အကြီးမားဆုံး ဆုံးရှုံးသူပင် ဖြစ်သည် ။

သေချာသည်မှာ ... မနက်ဖြန် အလုပ် က အပြန်တွင် အိပ်မက်များကို အပြင် သို့ ဆွဲထုတ်ရန် မင်္ဂလာမောင်နှံ နှစ်စောင် တော့ ထိုးခဲ့ရပေဦးမည် ။

⎕ မောင်မိုးဦး

📖 အလင်္ကာရပ်ဝန်း ( ၇ )

.

 

No comments:

Post a Comment