Wednesday, February 19, 2025

အိတ်ချ်အိုင်ဗီ ၊ အေအိုင်ဒီအက်စ် နဲ့ အသက် ရှင်သန်နေသူ


❝ အိတ်ချ်အိုင်ဗီ ၊ အေအိုင်ဒီအက်စ် နဲ့ အသက် ရှင်သန်နေသူ ❞

[ အေးချမ်းတဲ့ တရားရိပ်သာ မှာ ကိုမင်းမင်း ကို ကျွန်တော် တွေ့တယ် ။ ဆရာတော် ဒေါက်တာဓမ္မရက္ခိတ က အိတ်ချ်အိုင်ဗီ ၊ အေအိုင်ဒီအက်စ် စွဲကပ် ခံနေရ သူတွေ ကို တရားထိုင် ဖို့ စီစဉ် ပေးတယ် ။ တရားထိုင် တဲ့ အတွက် ဘဝ မျှော်လင့်ချက်တွေ ရှင်သန်လာအောင် ဆရာတော် က ဖန်တီး ပေးတယ် ။

တစ်ရက် မှာ ဆရာတော် က သူ့ ကျောင်း လာပြီး တရားထိုင် နေတဲ့ အိတ်ချ်အိုင်ဗီ ၊ အေအိုင်ဒီအက်စ်ရောဂါ စွဲကပ် ခံနေရ သူတွေ နဲ့ တွေ့ ဆုံဖို့ ကျွန်တော့် ကို ဖိတ်ခေါ်တယ် ။ တရားထိုင် အပြီး ခေတ္တ နားချိန် မှာ သူ့ ယောဂီတွေ နဲ့ လွတ်လွတ်လပ်လပ် စကား ပြောဖို့ ဆရာတော် က ကျွန်တော့် ကို ခွင့်ပြုတယ် ။

အချို့ ပုဂ္ဂိုလ်တွေ မှာ ရောဂါစွဲကပ် နေတာ ကို သူတို့ လူမှုအသိုင်းအဝန်း က မသိသေးပါဘူး ။ သို့ပေမယ့် ဆရာတော့် ကျောင်း ကို ရောက်လာတဲ့ ယောဂီ တွေ က ဘဝ ကို ရင်ဆိုင်ဖို့ သတ္တိ မွေးမြူထားပြီ မို့ သူတို့ အမည် ၊ ဓာတ်ပုံတွေ ကို မီဒီယာ မှာ ဖော်ပြတာ အတွက် လိုလိုလားလား ရှိကြတယ် ။ သူတို့ အတွေ့အကြုံ တွေ ကို လူအများ သိတဲ့ အတွက် တစ်ကမ္ဘာလုံး ရင်ဆိုင် နေရတဲ့ ကပ်ရောဂါကြီး တားဆီးရေး မှာ အထောက်အပံ့ ဖြစ်စေလိမ့်မယ် လို့ ယုံကြည် နေတယ် ။

ရဲတပ်သားဟောင်း ကိုမင်းမင်း က သူ့ ဘဝ ၊ သူ့ အတွေ့ အကြုံတွေ ကျွန်တော့် ကို ပြောပါတယ် ။ ]

••••• ••••• •••••

လွန်ခဲ့တဲ့ တစ်နှစ် လောက် က စပြီး အိတ်ခ်ျအိုင်ဗီ ပေါ့စတစ် မှန်း ကျွန်တော့် ကိုယ် ကျွန်တော် သိရတယ် ။ ပွေလိုက်မိ လို့ ရလာတာ ။

ကျွန်တော့် မှာ အဖုအကြိတ်တွေ ထွက် နေတာ တွေ့လို့ အစ်မ က သွေးစစ် ခိုင်းတယ် ။ စစ် လိုက်တော့ ပေါ့စတစ် တဲ့ ။

သွေးစစ်တဲ့ အဖြေ ကို သိ လိုက်ရတော့ သေမိန့်ကျတဲ့ တရားခံ တစ်ယောက် လိုပဲ စိတ် ထဲ မှာ ထူပူ သွားတယ် ။ ဆေးခန်း ထဲ တုန်းက မျက်ရည် ထိန်းနိုင် သေးပေမယ့် ဆေးခန်း အပြင် ရောက်တော့ မျက်ရည်တွေ ဝိုင်း လာတယ် ။ ကျွန်တော့် နောက် မှာ အစ်မ ရယ် ၊ ရည်းစား ရယ် ပါတယ် ။ ယောက်ျား မပီသဘူး ဖြစ်မှာ စိုးလို့ မျက်ရည် ကို ပြန် ထိန်းလိုက်တယ် ။ ကိုယ် ပြုခဲ့တဲ့ ကံ ကိုယ့် ဆီ ပြန်လာတာပဲ လို့ တွေးတယ် ။ လမ်းပေါ် မှာ လျှောက်ပြီး အိမ် ပြန်လာရင်း နဲ့ တွေးတယ် ။ သေခြင်းတရား ဆိုတာ ပြေးလို့ မရဘူး ။ အိတ်ချ်အိုင်ဗီ ကြောင့် မသေဘဲ လမ်း သွားရင်း ကားတိုက် မိရင် လည်း သေနိုင်တာပဲ ။ ကိုယ် က ဘဝ ကို ရှင်သန်အောင် နေတတ် ဖို့ သာ အရေး ကြီးတယ်ပေါ့ ။

ပြောမယ့် သာ ပြောတာ ၊ အကြောက် က တော်တော် ကြီးတာ ၊ အိတ်ချ်အိုင်ဗီ နဲ့ ပတ်သက်တာတွေ လိုက် မေးတယ် ။ နည်းနည်းလေး ဖျားရင် လည်း ဒါ ကြောင့်လားပေါ့ ၊ ခြင် ကိုက်တာ ကို ကုတ်မိလို့ အနာ ဖြစ် ရင်လည်း ဖြစ်ပြီလား ပေါ့ ။ ဝမ်းပျက် ၊ ဝမ်းလျှော ရင်လည်း ဒါ အေအိုင်ဒီအက်စ် လားပေါ့ ။

လူတော မတိုးတော့ဘူး ။ အတူတူ သွားတဲ့ လူ က စက်ဆုပ်ရွံရှာ တဲ့ ပုံ နဲ့ နှာခေါင်း ရှုံ့ရင် ကျွန်တော့် မှာ သိပ်ငယ်စိတ် ၊ အားငယ်စိတ် ဖြစ်ရတယ် ။ အဲဒါတွေ ခံစားရတယ် ။ ကျွန်တော် အိမ်ထောင်ပြု လို့ လည်း မရနိုင်တော့ဘူးပေါ့ ။ ရည်းစား ကို လည်း မတွေ့ တော့ဘဲ ဖြတ် ပစ် လိုက်တယ် ။

ကျွန်တော် မနေရတော့ဘူး ။ သူများတွေ က ကုသိုလ်ကောင်းမှု လုပ်ပါ လို့ အကြံပေးတယ် ။ ကျွန်တော် မလုပ်နိုင်ဘူး ။ ဘာတွေ ဖြစ်လာမှာလဲ ၊ ဘာတွေ ဖြစ်လာမှာလဲ ။ ဖြစ်လာနိုင်တာ ကို အကြိမ်ကြိမ် ကြိုတင် တွေးကြည့်တယ် ။ ကြို တွေး ထားမှ ဖြစ်လာရင် ခံနိုင်ရည် ရှိမှာပေါ့ ။

ကျွန်တော့် မှာ အိတ်ချ်အိုင်ဗီ ရ နေတာပဲ ရှိတယ် ။ သူများ နဲ့ ကျွန်တော် မထူးခြားပါဘူး ။ ကျွန်တော်  စက်ဘီး ပြင်တယ် ။ ပန်းရံ လုပ်တယ် ၊ လက်သမား လုပ်တယ် ။

ကျွန်တော် ရောဂါ ရတာ သိပြီး မကြာခင် မှာ ကျွန်တော် နဲ့ မျက်နှာချင်းဆိုင် အိမ် က ကလေး တစ်ယောက် ဆုံးတယ် ။ နောက် သိပ်မကြာဘူး ကျွန်တော့် အိမ် ရဲ့ တောင်ဘက်အိမ် က ကလေး ဆုံးပြန်တယ် ။ ကျွန်တော် စက်ဘီးပြင်ဆိုင် မှာ အလုပ် လုပ်နေတဲ့ တပည့်ကလေး တစ်ယောက် လည်း ဆုံးပြန်တယ် ။

လူ ဆိုတာ ကမ္ဘာကြီး က လက် မခံ မှ ၊ ကမ္ဘာမြေကြီး ပေါ် မှာ မွေးပြီး ကမ္ဘာမြေကြီး က လက်ခံ ထားရင် နေနိုင်သေးတယ် ။ လက် မခံတော့တဲ့ နေ့ သွားရ မှာပဲ လို့ ကိုယ့်စိတ် ကို မြှင့်တင် လိုက်တယ် ။ ကျွန်တော် ကတော့ ကံ အကြောင်း မလှလို့ သည်ရောဂါပိုး ကို လွယ် ထားရပြီ ။ ဖြန့်ဖြူးသူ တစ်ယောက် မဖြစ်အောင် နေမယ်လို့ ကျွန်တော် ဆုံးဖြတ်တယ် ။

ကျွန်တော် က လမ်းထိပ် မှာ စက်ဘီးပြင်ဆိုင် ဖွင့်ထားတယ် ။ တစ်နေ့ တော့ စက်ဘီး လာပြင်တဲ့ ဆရာ ၊ ဆရာမ လင်မယား က ဝါးလ်ဗီရှင် ကို အကူအညီ တောင်း ကြည့်ပါလား ၊ ဆေး ပေးတယ် ဆိုလို့ ချက်ချင်းပဲ မိုးရွာကြီး ထဲ မှာ ဝါးလ်ဗီရှင်ရုံး ကို ကျွန်တော် သွားတယ် ။ ဟို ရောက်တော့ ဆရာစိုင်း နဲ့ တွေ့တယ် ။ ဆရာစိုင်း က ကျွန်တော့် အိမ် ကို သူ လာခဲ့မယ် ။ အိမ် ပြန်ပြီး ရေမိုး ချိုး ၊ အဝတ်စို တွေ လဲ ၊ နွေးနွေးထွေးထွေး နေပါလို့ ပြောတယ် ။ အိမ် လိပ်စာ ပေးခဲ့ပြီး ကျွန်တော် ပြန်ခဲ့တယ် ။ ဆရာစိုင်း လည်း အိမ် လိုက် လာပါတယ် ။ ကျွန်တော် က ဆေးစစ် ထားတာတွေ ထုတ်ပြ လိုက်တယ် ။ ဆေးတွေ ဘာတွေ သောက်တာ ကုန်ကျစရိတ် ကို သူ က ရှင်းပေးတယ် ။

ကျွန်တော် အိတ်ချ်အိုင်ဗီ ရှိတယ် ဆိုတာ တစ်ရပ်ကွက် လုံး သိပါတယ် ။ ကျွန်တော် က အကုန် ပြောတယ် ။ လူငယ်တွေ ကို လည်း ပြောတယ် ။ ဘာကြောင့် ပြောသလဲ ဆိုရင် သူတို့ သိအောင်လို့ ။ အိတ်ချ်အိုင်ဗီ ဟာ ဘယ်လို နေရင် ကူးတယ် ။ ဘယ်လို ပုံစံ က မကူးနိုင်ဘူး ဆိုတာ ရှင်းပြတယ် ။ ဝါးလ်ဗီရှင် က ပညာပေးတွေ ကို လည်း ဖြန့်ဝေပေးတယ် ။ ကျွန်တော့် ကို ခင်မင်ပြီး ထမင်း ခေါ် ကျွေး တဲ့ အိမ် ရှိတယ် ။ လက်ဖက်ရည် တိုက်တဲ့ လူ ရှိတယ် ။ ဘဝ မှာ ချစ်ချစ်ခင်ခင် နေစရာ ပတ်ဝန်းကျင် တစ်ခု ကျွန်တော် ရတယ် ။

ဟောပြောပွဲစင်တွေ မှာ လည်း တက် ပြောတယ် ။ အိုရီယန်တယ်ဟောက် ( မန္တလေးမြို့ က အိုရီယန်တယ်ဟောက်စ် ( Oriental House ) ခန်းမ ကို ဆိုလိုတာပါ ။ ) နဲ့ ကရဝိက် ( ပြည်ကြီးမွန် ဖောင်တော်ခန်းမဆောင် ကို ဆိုလိုတာပါ ။ ကရဝိက် လို့ အချို့က ခေါ်တယ် ။ ) မှာ တက္ကသိုလ်ကျောင်းသားတွေ ကို ကျွန်တော် ပြောတယ် ။ ကိုယ့် လို မဖြစ်အောင် သူတို့ ကို သိစေချင်တာ ။

ကျွန်တော့် မှာ အလှူခံ လို့ ရထားတဲ့ ပိုက်ဆံလေး ခုနစ်ထောင် လောက် ရှိတယ် ။ အိတ် ( အေ့ဒ်စ် AIDS ) ရတဲ့သူတွေ ကို ဆေးရုံ တင်ပို့ဖို့ လိုရင် လိုက်ပြီး တင်ပေးတယ် ။ သူတို့ က အရေးအကြောင်း ဆိုရင် ကျွန်တော့် ကို ဆက်သွယ်ကြတယ် ။ ကျွန်တော် က စိုက် ထားတဲ့ ငွေ ကို ဝါးလ်ဗီရှင် က ပြန် ထုတ်ယူပြီး မပျောက်ပျက်အောင် ထားတယ် ။

ကိုယ့် ကိုယ် ကို မသင်္ကာ လို့ သွေးစစ်ချင်တဲ့ လူ ဆိုရင် ကျွန်တော် လိုက် စစ်ပေးတယ် ။ အရပ် ထဲ က အရိုးပေါ် အရေတင် ဖြစ်နေတဲ့ မိန်းကလေး တစ်ယောက် ကို သွေးစစ်ပေးတာ ။ တီဘီ ဆိုလို့ ဆေးရုံ တက်ဖို့ ကျွန်တော် အကူအညီ ပေးဖူးတယ် ။ ရပ်ကွက် ထဲ မှာ အဘောရှင်း ( သားလျှော ) တာ လည်း ဆေးရုံ တင်ပေးတယ် ။

ကားဆေးမှုတ်ဆရာ ကိုမွတ္တား က လည်း လူနာ ဆေးရုံတင်ဖို့ ရှိရင် အချိန်မရွေး ပိုက်ဆံ ပေးတယ် ။ မင်း ကိုဘာလို့ သူ က သည်လို ပေးရတာလဲ မေးချင် မေးလိမ့်မယ် ။ သူ့ အမေ အသည်းအသန် ဖြစ်ပြီး ဗိုက် ခွဲရမယ့် အချိန်တုန်း က ဝိုင်းပြီး အကူအညီ ပေးခဲ့ကြတယ် ။ ပိုက်ဆံ လိုရင် အချိန်မရွေး ယူပါ ဖြစ်သွားတယ် ။

ရပ်ကွက် ထဲမှာ နို့ မထွက်တဲ့ မိခင် အတွက် နို့မှုန့်ဖြန့်ပေးတာ ၊ မိလ္လာခွက် ၊ မိလ္လာပိုက်တွေ ဖြန့်ဝေတာ ၊ ဓမ္မာရုံ မှာ ထမင်းချိုင့်တွေ ရအောင် အလှူရှင် ရှာ ပေးတာ ရပ်ကွက် ထဲမှာ အများ အကျိုး ရှိရာ ရှိကြောင်း ကျွန်တော် လုပ်နေတယ် ။

ကျွန်တော် က သွားရမယ့် လူ ။ မသွားခင် မှာ အကျိုးရှိမယ့် အလုပ် ကို လုပ်သွားချင်တယ် ။

▢ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ

 

No comments:

Post a Comment