❝ မိတ်ဆွေ မမေ့နဲ့နော် ဒါဟာပြိုင်ပွဲ ❞
“ မင်း ကြည့်ရတာ ပျာပျာ ပျာပျာ နဲ့ အသက်ရှူချိန် မှ ရသေးရဲ့ လားကွာ ”
“ ဆရာရယ် အဲဒီလောက် လှုပ်ရှားနိုင်မှ တော်ရုံကျတာပါ ဆရာ ၊ ခု ခေတ် က ပြေးနိုင်လေ ကောင်းလေပါ ဆရာ ”
“ ဟင် မင်း က ဘာဖြစ်လာ ရပြန်တာလဲကွာ အမောတကော ”
“ ဒီကောင် ကျွန်တော့် ကို တိုက်တော့မယ် ဆရာ ၊ အဲဒါ သူ့ တိုက်ကွက် ဆင်မလာမီ ကျွန်တော် က ရှေ့ က အသားကုန် အလင်း ရဲ့ မြန်နှုန်းနဲ့ ”
လာပြန်ပြီ တစ်ယောက် ။ ကျွန်တော် မောင်ချမ်းသာ ဆို သူ ကား မိုးလင်း မှ မိုးချုပ် ၊ တစ်ခါ တစ်ရံ ညကြီးမင်းကြီး ၊ တစ်ခါတစ်ရံ မိုး က သဲကြီးမဲကြီး အဲသလို အချိန်မျိုး မှာ တောင် မျက်ခြည် အပြတ် မခံဘဲ သည်နေ့ စီးပွားရေး လောကကြီး ကို အမြဲ အကဲခတ် နေရသူ ဖြစ်ပါ၏ ။
ယနေ့ လူငယ်များ ကို ကြည့်ပါ ။ စီးပွားရေး ရှေ့တန်း ရောက်နေသော လူငယ်များ သည် စီးပွားရေး ပြိုင်ဘက်များ နောက် က လိုက်မမီ နိုင်အောင် ပြေးနေကြပါ၏ ။
နောက် ရောက်နေသူများ က လည်း ရှေ့က လူ ကို မီအောင် လိုက် နေကြပါ၏ ။ ရှေ့ က ပြေး နောက်က လိုက် ။
ရှေ့ရောက်နေသူ က လုံးဝ အလစ် မပေးပါ ။ နောက် က လိုက်လာ မည့် သူ ၏ အရိပ်အကဲ ကို အမြဲ ကြည့်နေပါ၏ ။
လက်ဖက်ရည်ဆိုင် ၊ ဂိမ်းဆိုင် ၊ စားသောက်ဆိုင် ၊ ကုန်ထုတ်လုပ်ငန်း ၊ ဝန်ဆောင်မှုလုပ်ငန်း ၊ ဘယ်ဟာ ကြည့်လိုက် ကြည့်လိုက် ။
ကောင်းသည် ထက် ကောင်းအောင် သာသည် ထက် သာအောင် ခေတ်မီသည် ထက် ခေတ်မီအောင် မြန်သည် ထက် မြန်အောင် လှော်ခတ် နေကြပါ၏ ။
မမောနိုင် မပန်းနိုင် နိုးနိုးကြား ကြား တက်တက်ကြွကြွ ရှိကြပါ၏ ။
ဘယ်လောက် နိုးကြား တက်ကြွလိုက်ပါသနည်း ။
“ ည ၂းဝဝ နာရီ လောက် ဆို သူတို့ လင်မယား ရောက်လာကြကုန်ပြီ ဆရာ ၊ ရောက်ရောက်လာတဲ့ ကားတွေ က ချသွားတဲ့ ကွမ်းခြင်း တွေ ကို လက်ခံ ၊ စာရင်း မှတ် ၊ ဖွင့် ကြည့် ၊ မကောင်း ရင် ပယ် ၊ ဆရာ ရယ် ကျွန်တော့် ဖြင့် အံ့ဩရော ”
“ အင်း ပြောပါဦး ”
“ မနက် မိုးလင်း ကား ကုန်သလောက် ဖြစ်သွားတော့ မှ ဆိုင်တွေ ကို လိုက်လိုက် ပို့တာ ဆရာ ၊ ၉းဝဝ နာရီ ၁ဝးဝဝ နာရီ လောက် ဆို အလုပ် ပြီးသွား သလောက် ဆိုပါတော့ ဆရာ ”
“ အဲဒါ တစ်နေ့ တော့ ကျွန်တော် လဲ စပ်စု ကြည့်မိတယ် ”
“ သူတို့ လင်မယား ဆိုက်ကားခ တစ်နေ့ ကို လေးသောင်း ( ကျပ် ၄၀,၀၀၀ ) ရပါသတဲ့ ဆရာ ”
“ ဟာ အဲဒီလောက် တောင် ရသလားကွာ ”
ကဲဗျာ တစ်နေ့ ဆိုက်ကားခ ၄၀,၀၀၀ ရ သတဲ့ ။ ပြေးဟယ် လွှားဟယ် ရှာလိုက်ဖွေလိုက် ကြတာ ။
စာဖတ်သူ မိတ်ဆွေ အံ့ဩ သွား ပြီလား ။ မယုံနိုင် အောင် ဖြစ်သွားပြီလား ။
မယုံ မရှိပါနဲ့ မိတ်ဆွေ ၊ ဒါဟာ တကယ့် ဇာတ်လမ်းပါ ။
ဘာကြောင့် ယုံခိုင်း နေရပါသနည်း ။ ကျွန်တော် က လက်တွေ့ မျက်တွေ့ သိထားလို့ပါ ။
ကျွန်တော့် အိုကေ မြေပဲဆားလှော်တွေ ကို ပို့ပေးရတဲ့ ဆိုက်ကား ဆရာ ဟာ တစ်နေ့ ကို ၈၀၀၀ - ၁၀၀၀၀ ( ရှစ်ထောင် - တစ်သောင်း ) ရပါတယ် ။ ဘယ်လို ရပါသလဲ ။ နေပြည်တော် ပျဉ်းမနား သို့ ၊ ရန်ကုန် သို့ ကုန်တင်ရတဲ့ နေ့တွေ မှာ နံနက် ၅း၀၀ နာရီ အလုပ် စတင် ရပါ၏ ။ ကုန်ချောတွေ ကို ကားဂိတ် များ သို့ ပို့ရပါ၏ ။ ကုန်ချော ပို့ပြီးသောအခါ ကုန်ကြမ်း ( မြေပဲဆန် ) များ ကို သယ်ရပြန်ပါ၏ ။ ထိုနေ့ မျိုး ၌ ၈၀၀၀ - ၁၀၀၀၀ ဆိုက်ကားခ ပေးရပါ၏ ။
ဒါနဲ့ တစ်နေ့တော့ စကား စပ်မိပြီး
“ ငါ့လူ တစ်နေ့ တစ်နေ့ ဆိုက်ကားခ ဘယ်လောက် ရသလဲကွ ”
“ အမှန်ကြီး တော့ မဟုတ်ဘူး ပေါ့ ဦးလေး ၊ တစ်ခါတလေ တစ်သောင်းခွဲ အထိ ရတယ် ”
“ ဟယ် တယ်ဟုတ်ပါလား ”
သို့နှင့် ဘေးလူများ ကို မေးမြန်း ကြည့်သောအခါ
“ တကယ် ရတာပါ ဆရာ ၊ အိမ် လဲ ဆောက် ပြီးပြီ ၊ မော်တော်ဆိုင်ကယ်လဲ ဝယ် ပြီးပြီ ၊ သူ့ သား ( ဆယ်တန်း ကျောင်းသား ) ကို လဲ ဆယ်သိန်း လောက် အကုန်အကျ ခံပြီး ဘော်ဒါ မှာထားတယ် ဆရာ ”
ကဲ မှတ်ကရော ဘယ်သူ ဘာ ပြောချင်သေးသလဲ ။
သူတို့ လည်း ရှေ့က ပြေးနေတဲ့ ဆိုက်ကားဆရာများ ပါပဲ ။
အရောင်းဆိုင်များ ကုန်ထုတ်လုပ်ငန်းသမားများ မှ သာ ပြိုင်ဆိုင် ကျော်ဖြတ် နေကြတာ မဟုတ်ပါ ဘူး ခင်ဗျာ ။ ဆိုက်ကားဆရာများ လည်း ပြိုင်ဆိုင် ကျော်ဖြတ် နေကြတာပါပဲ ခင်ဗျား ။
အပြိုင်အဆိုင် အလွန် ပြင်းထန်သော ခေတ်ကြီး ၌ သင် သည် နှေးကွေး ထုံထိုင်းနေမည် ဆိုပါက ...
မိတ်ဆွေ မမေ့နဲ့နော် ဒါ ပြိုင်ပွဲ ။
▢ မောင်ချမ်းသာ
📖 မော်ဒန် သတင်းဂျာနယ်
၂၁ ၊ မေလ ၂၀၁၀
No comments:
Post a Comment