Sunday, February 23, 2025

ခွာသွားသော အတ္တ


 

❝ ခွာသွားသော အတ္တ ❞
      ( အဏ္ဏဝါစိုးမိုး )

ကိန္နရီချောင်းရွာ ဗိုလ်တဲကြီးရှေ့ က ဘောလုံးကွင်း ထဲ မှာ တစ်ရွာလုံး စုဝေးရောက်ရှိ နေကြသည် ။ ဆယ်နှစ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ ကို ဆင်နွှဲနေကြခြင်း ဖြစ်သည် ။ ရိုးရာ အားကစားနည်း တွေ ဖြစ်သည့် အပြေးပြိုင်ပွဲ ၊ ထုပ်ဆီးတိုးပွဲ ၊ ခေါင်းအုံးရိုက်ပွဲ ၊ ကျင်ကိုင်ပွဲ ( ရခိုင်ရိုးရာ နပန်းသတ်ပွဲ ) နှင့် ချောတိုင်တက်ပွဲ တွေကို တပျော်တပါး ဆင်နွှဲနေကြခြင်းဖြစ်သည် ။

ရိုးရာအားကစား အားလုံးလောက် နီးပါးမှာ အမျိုးသားများ သာ ပါဝင် ဆင်နွှဲနေကြသော်လည်း ထုပ်ဆီးတိုးပွဲမှာတော့ အမျိုးသမီး ပျိုပျိုအိုအိုတွေ ပါဝင်ဆင်နွှဲ နေကြသဖြင့် ဆူညံ နေသည် ။ ပြန်သူ - ပြန်သူ လို့ ငယ်သံပါအောင် အော်လိုက်သည့် အပျိုမတစ်ယောက် ၏ အသံ က ပြန်သူ ကို လွတ်သွားမှာ စိုးလို့ အော်တာ ထက် သူ့ ကို လူပျို ကာလသားတွေ ဝိုင်း ကြည့်စေချင်လို့ အသံ ပေးချင် တာ က ပို များ နေသည် ။ အပျိုတွေ ထဘီတိုတို ဝတ်ထားလို့ ပေါ်နေသည့် ခြေသလုံး တွေကို ကြည့် နေကြခြင်း ဖြစ်သည် ။ ကိုယ် နဲ့ ရင်းနှီးခင်မင်သည့် အပျိုမ၏ နာမည် ကို ခေါ်ပြီး သတိပေးသူ လည်း ရှိသည် ။

“ ဟဲ့ ... အေးကြည်မ ၊ နင့် နောက်မှာ ပြန်သူ ”

အမှန်တော့ သူ ကလည်း အေးကြည်မ ကို ခေါ်သလိုလို ဖြင့် သူ ကြိုက် နေသည့် အပျိုမကို ဖိုသံ ပေးလိုက်ခြင်း ဖြစ်သည် ။ ဟိုးလွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ကျော် က တောရွာ သဘာဝ အတိုင်း ရိုးရိုးကြီး ပိုး နေခြင်းသာ ဖြစ်သည် ။ သူတို့ ခေတ် မတိုင်မီက ရှေးလူကြီးတွေ ဖြစ်သည့် သူတို့ ၏ အဖေတွေ ၊ ဦးလေးတွေ လည်း ဒီလို နည်း ဖြင့်ပင် ပိုးပန်း၍ အိမ်ထောင်ကျပြီး သူတို့ ကို ပေါက်ဖွားခဲ့သည် ဆိုတာ သိနေကြ၍ ဖိုသံ ပေးနေကြခြင်း ဖြစ်သည် ။ အဲဒီ ခေတ်ကတော့ ဒါလောက် ဆိုရင်ပဲ အတော် အရဲစွန့်ရာ ရောက်နေပြီ ဖြစ်လို့ အလုပ် ဖြစ်နိုင်ပါသည် ။

ခေါင်းအုံးရိုက်ပွဲ မှာ တဝါးဝါး တဟားဟား ရယ်မောရင်း အားပေး နေကြ တာကတော့ ကလေးတွေဖြစ်သည် ။ ပြိုင်ပွဲဝင်သူ နှစ်ယောက် သည် လူ တစ်ရပ်ကျော် မြင့်သည့် ဝါးပိုးဝါးတန်း ပေါ်မှာ ခွထိုင်ပြီး လွှစာသွတ်အိတ် ဖြင့် အချင်းချင်း လွှဲရိုက်ချသော ကစားနည်း ဖြစ်သည် ။ တစ်ယောက် က ရိုက်ချလိုက်လို့ တစ်ယောက် ပြုတ်ကျ သွားပြီး တွဲလောင်းကြီး ဖြစ်နေလျှင် ကလေးတွေ သဘောကျလို့ ခွက်ထိုးခွက်လန် ရယ်နေကြတာ ပျော်စရာ ကောင်းလှသည် ။ 

တွဲလောင်းကြီး ဖြစ်နေသူ က တန်းပေါ် ကို ပြန် တက်ခွ နိုင်အောင် ကြိုးစား တက် နေစဉ် ရိုက်သူ က ဖွဲအိတ် ဖြင့် တအားလွှဲ ရိုက်လိုက်တာ သူပါ ဟန်ချက် ပျက် ပြီး လွဲကျ သွားလို့ နှစ်ယောက်လုံး တွဲလောင်းကြီးတွေ ဖြစ်နေတော့သည် ။ ကလေးတွေ က သဘောကျ လွန်းလို့ အူတက်မတတ် ရယ်ကြသည် ။ တွဲလောင်းကြီး ဖြစ်နေသူ နှစ်ယောက်လုံး တန်းပေါ်ကို ပြန် တက်ရန် ကြိုးစားရင်း လက်ညောင်း လာ သဖြင့် သူတို့ ဘာသာ သူတို့ ဖြုတ်ချလိုက်ကြရတော့သည် ။ အနိုင်အရှုံး မရှိ ဖြစ်သွားသည် ။ နောက် နှစ်ယောက်တွဲ တက် ရိုက်တာ ကို ကလေးတွေ စောင့်နေကြသည် ။

ဆယ်နှစ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွင် ပါဝင် ဆင်နွှဲနေသည့် ကစားခုန်စားတွေ အနက် လူတွေ စိတ်ဝင်စားသော ပွဲကတော့ တစ်ခုတည်းသာ ပါသည် ဟု ပြောရမလို ဖြစ်နေသည် ။ ချောတိုင်တက်ပွဲ ဖြစ်သည် ။ ပေတစ်ရာကျော် မြင့်သည့် ဝါးပိုးဝါးတိုင် ကို အမဲဆီသုတ်ပြီး မြေမှာစိုက်ထားသည် ။ ဝါးတိုင် ထိပ် မှာ ငွေတစ်ဆယ် ကို အလံ ထူထားသည် ။ ချောတိုင် ကို တက်နိုင်သူ က ငွေတစ်ဆယ် ရမည် ဖြစ်သည် ။ ဆန်တစ်ပြည် ကို ၂၅ ပြား သာ ပေးရသော ခေတ် ဖြစ်လို့ ဆုငွေ မနည်းဘူး ဟု ပြောလို့ရသည် ။

ကိန္နရီချောင်းရွာ က အားကောင်းမောင်းသန် ယောက်ျားတွေ ခါးတောင်း ကျိုက် တပြင်ပြင် ဖြင့် တက်နေကြသူတွေ ရှိသည် ။ တက်ဖို့ ကြိုးစားနေသူတွေ လည်း ရှိသည် ။ ကြိုးစားပြီး တက် ကြည့်တာ တက် မရလို့ လက်ပန်းကျပြီး ထိုင်ချ အနားယူ နေသူတွေ လည်း ရှိသည် ။ ချောတိုင်ထိပ် က ငွေတစ်ဆယ် ကို လိုချင်သည့် ဇောဖြင့် ချောတိုင် တက်ချင်သူတွေ နှင့် ဝိုင်းကြည့် နေကြသူတွေ ၏ မျက်နှာတွေ မှာ လောဘ အရောင်တွေ ထွက် နေသည် ။

ချောတိုင်ထိပ် မှာ အလံ ထူထားသည့် ငွေတစ်ဆယ် သည် ကောက်ကြီးဆန် နှစ်တင်းခွဲ ရနိုင်သည် ။ အရက်သမားတွေ ကတော့ ချက်အရက်မီးတောက် ဆယ် ပုလင်း တောင် ရနိုင်သည် ဆိုသည့် လောဘအတွေး ကိုယ်စီ ဖြင့် ချောတိုင် ထိပ်က ငွေတစ်ဆယ် ကို ဘယ်လို နည်းဖြင့် ရအောင် တက်ယူကြမလဲ အကြံ ထုတ်နေကြသည် ။ ချောတိုင် တက်မည့် သူတိုင်း သည် အင်္ကျီ ကိုယ်ကျွတ် ဖြင့် ပုဆိုး ကို ခါးတောင်း ကျိုက်လျက် လည်းကောင်း ၊ ဘောင်းဘီအတို သို့မဟုတ် အတွင်းခံဘောင်းဘီ ဖြင့် လည်းကောင်း မြောက်စွ မြောက်စွ ဖြစ်နေကြသည် ။

ကိန္နရီချောင်း တစ်ရွာလုံး မှာ အုန်းပင် နှင့် ကွမ်းသီးပင်တွေ ကို တက် ရာတွင် အထူး ကျွမ်းကျင်သူ ကိုသိန်းဖေ သည် ခြံ တစ်ခြံ ကို အုန်းသီး သို့မဟုတ် ကွမ်းသီး ဆွတ်ရန် အပင် တက်ရတော့မည် ဆိုလျှင် တစ်ပင် ကို အရင် တက် လိုက်သည် ။ ထို အပင်မှ နောက် တစ်ပင် ကို ယိမ်းထိုးပြီး မျောက်လွှဲကျော် တစ်ကောင် ခုန်ကူး သလို ကူးသွားနိုင်သူ ဖြစ်သည် ။ သည်လိုဖြင့် ကိုသိန်းဖေ အုန်းသီး ၊ ကွမ်းသီး တက် လျှင် အတက် တစ်ပင် ၊ အဆင်း တစ်ပင် တည်းဖြင့် တစ်ခြံလုံး ကို အသီးဆွတ် သည် ဟု ပြောကြသည် ။

ကိုသိန်းဖေ သည် အမြင့် တက်တော့မည် ဆိုလျှင် သစ်ပင်ကို လက်အုပ် ချီ လေ့ရှိသည့် အတိုင်း ချောတိုင်ဝါးပိုးဝါးကြီး ကို လက်အုပ်ချီ လိုက်သည် ။ အဲဒီခေတ် က ကိုသိန်းဖေ ကွမ်းသီး တစ်ရာလောက် တက် မှ တက်ခ ငါးကျပ် လောက်သာ ရသော ခေတ် ဖြစ်လို့ တစ်ပင်တည်းဖြင့် ငွေတစ်ဆယ် ရမည် ဆိုသည့် လောဘစိတ် ဖြင့် ချောတိုင် ကို ဖက်ပြီး ခုန်ဆွ ခုန်ဆွ တက်လိုက်သည် ။ ချောချော ကျနေသည့် ချောတိုင် ၏ အပေါ်ဆုံး က ဝါးဆစ် မှာ ထည့် ထားသည့် ဝက်ဆီ သို့မဟုတ် အမဲဆီ တွေ ကလည်း ဝါးလုံးကြီးလှုပ် လိုက်တိုင်း အောက်ကို စီးကျ လာနေသည် ။ ကွမ်းသီးပင် တစ်ပင် ကို တက်လျှင် စက္ကန့် သုံးဆယ် မျှဖြင့် သီးခိုင် ကို ရောက် အောင် တက်နိုင် သော ကိုသိန်းဖေ သည် ချောတိုင် ကို တက် ရာတွင် ဆယ်မိနစ် လောက် ကြာအောင် တက်တာ ဆယ်ပေ လောက် အမြင့် ကို သာ ရောက်နိုင်သည် ။ ခြေညောင်း လက်ညောင်း ပြီး ပြန် လျှောကျ လာတော့သည် ။

“ ဒီလို တက်လို့ ဘယ် ရမလဲကွ သိန်းဖေ ရ ၊ မင်း တစ်ကိုယ်လုံး ကို ပြာတွေ သဲတွေလူးပြီး တက် မှ ရမှာပေါ့ ။ ချောတိုင် ကို လည်း သဲပက်လိုက်ဦး ”

ပွဲကြည့်ပရိသတ် ထဲက လူကြီး တစ်ယောက် အကြံ ပေးသည် ။ လူကြီး အကြံပေးသည့် အတိုင်း ကိုသိန်းဖေ က သူ့ တစ်ကိုယ်လုံး ကို သဲတွေ လူးသည် ။ ချောတိုင် ကို လည်း သဲတွေ ဖြင့် ပက်ပြီး တက်ပြန်သည် ။ တက်လိုက် ချောကျလိုက် ဖြစ်နေသည် ။ ဆယ်ပေ အမြင့် လောက် အထိ တော့ ရောက် သွားသည် ။ ခြေရော လက်ပါ ညောင်းလာသည့် အပြင် ရင်ဘတ် မှာ လည်း သဲပွန်း ထားလို့ နီရဲ နေသည် ။ ဆက် မတက်နိုင်တော့လို့ ပြန် လျှောချ လိုက်ရတော့သည် ။

ကြိုးစားကြည့်ချင်သူတွေ တစ်ယောက် ပြီး တစ်ယောက် တက်ကြသည် ။ ကိုသိန်းဖေ ရောက်ခဲ့သည့် ဆယ်ပေလောက် အမြင့် ကို ဘယ်သူမှ မရောက်နိုင် ဖြစ်နေသည် ။

ဒီ အခြေအနေ မှာ ဦးလေး ဦးသာရင် ၏ အခန်းကဏ္ဍ ပါဝင်လာသည် ။ ဦးသာရင် သည် ဟိုနေရာ ဒီနေရာ ဝင်ပါတတ်သူ ဖြစ်သည် ။ သူ ကိုယ်တိုင် ကတော့ လက်ကြော တင်းအောင် ဘာ တစ်ခုမှ ဝင် မလုပ် သော်လည်း နေရာတကာ မှာ ဆရာ ဝင် လုပ်တတ်သူ ဖြစ်သည် ။ ရွာ မှာ ရှင်ပြုပွဲ ရှိလို့ ရှင်လောင်း လှည့် လျှင် ( ရွှေထီး က ရှင်လောင်း ကို မိုးရမှာနော် ) ဟု ဝင်ပြောသည် ။ အသုဘ ချသွားလျှင် ( ဘုန်းကြီး နောက်က အလောင်းလိုက်ရမယ်နော် ) ဟု အော်သူဖြစ်သည် ။ ယခု ချောတိုင် တက် မရကြသည့် ကိစ္စ မှာ လည်း ဦးသာရင် ဝင် ပါလာသည် ။

“ ဟေ့ကောင်တွေ ၊ မင်းတို့
ငါ့ စကား ကို နားထောင်ကြ ။ ချောတိုင် ဆိုတာ ဒီလို တက်လို့ ဘယ်တုံးက ရဖူးလို့လဲ ။ တစ်ယောက် ပခုံး ပေါ် တစ်ယောက် နင်း တက်ပြီး ယူမှ ရမှာပေါ့ ။ ဟိုကောင် ညီပုကြီး ၊ မင်း က အောက် က နေ ၊ ဟိုကောင် တွေ ... မင်းတို့ အားလုံး တစ်ယောက် ပခုံး ပေါ် တစ်ယောက် တက်ကြ ။ သိန်းဖေ က အပေါ်ဆုံး ကနေ ။ ဆုငွေအလံ ကို မမီသေးရင် သိန်းဖေ က နည်းနည်း တက်လိုက်ရင် ရပြီပေါ့ကွ ”

“ ဟာ ... ဟုတ်တယ်ကွာ ၊ ဦးလေးသာရင် ပြောတာ ဟုတ်တယ် ”

ဒီကိစ္စ မှာ တော့ ဦးသာရင် ပြောတာကို အားလုံးက သဘောတူ လက်ခံကြ သည် ။ ခံနိုင်ရည် ရှိမည်ဟု ထင်ရသူ ညိုညိုတုတ်တုတ် တောင့်တောင့် ကိုညီပုကြီး က လုံချည် ခါးတောင်းကျိုက် ကို မြဲခိုင်အောင် ပြန်ပြင် ကျိုက် လိုက်သည် ။ ချောတိုင် ခြေရင်း မှာ ထိုင်ချပြီး ချောတိုင် ကို ဖက်ကိုင်၍ ထိုင်ချ လိုက်ပြန်သည် ။ ဒီလိုဖြင့် ညီပုကြီး ၊ လှဖေ ၊ ရွှေမောင် ၊ အောင်ထွန်း ၊ မောင်မြ နှင့် ရှိသမျှ လူတွေ အကုန် တက်လိုက်ကြတာ လူ နှစ်ဆယ်တိတိ ဖြစ်သွားသည် ။ ဦးသာရင် ၏ အသံ ထွက်လာ သည် ။

“ ကဲ .. အားလုံး တစ်ပြိုင်တည်း ထကြမယ် ... တစ်နှစ်သုံး ... ထ ”

အပေါ်ဆုံး က ကိုသိန်းဖေ က စပြီး မတ်တတ်ရပ် လိုက်ကြသည် ။ အောက်ဆုံး က နေရသည့် ကိုညီပုကြီး ကတော့ မနည်း ဖျစ်ညှစ်ပြီး အင့်အင့်အဲအဲ ထလိုက် ရသည် ။ ချောတိုင် ဝါးပိုးဝါး ကို ဖက်ထား ကြပြီး ခါးဆန့် ရပ်နေကြသည့် လူတိုင်ကြီး သည် ငွေတစ်ဆယ် အလံတိုင် ကို ကိုင် မိရန် လက် တစ်ကမ်းသာ လိုပေတော့သည် ။

ဆုတော်ငွေ အလံတိုင်လေး ကို ဆွဲကိုင် ဖြုတ်ယူရန် မမီမကမ်း လက်တစ် ကမ်းလေး ဖြစ်နေသည့် ကိုသိန်းဖေ က ချိတ်တက် မလို့ လှုပ်လိုက်တိုင်း ချောတိုင် ထိပ်ဖျား က ရှေ့နောက်ဝဲယာ ယိမ်းထိုး လှုပ်ခါ သွားသည် ။ လူတိုင်ကြီး ကလည်း ချောတိုင်ကြီး နှင့်အတူ ယိမ်းထိုး လှုပ်ခါနေသည် ။ ချောတိုင်ကြီး ယိမ်းထိုး လှုပ်ခါ တိုင်း ချောတိုင်ထိပ်ဖျား က ဝါးဆစ် မှာ ထည့် ထားသည့် ထောပတ်ဆီတွေ က ဖိတ်လျှံ ကျပြီး စီးဆင်း လာသည် ။ ချောတိုင် ဝါးပိုးဝါးကြီး တစ်ခုလုံးမှာ ဝက်ဆီ ၊ အမဲဆီ ၊ ထောပတ်ဆီ တွေဖြင့် ရွှဲရွှဲစို နေသည် ။ ချောတိုင်ကြီး မှာ သာမက ချောတိုင် ကြီး ကို ဖက်ထားကြသည့် လူနှစ်ဆယ် ပါ တိုင်ကြီး မှာ လည်း လက်ရောခြေတွေပါ ဆီတွေ ရွဲစို နေ၍ လျှောပြို မကျအောင် သတိဖြင့် တအား ဖက် ထားကြရသည် ။

“ ဟေ့ ... မောင်သိန်းဖေ ၊ သိပ် မလှုပ်နဲ့လေကွယ် ၊ မင်း အောက် က မြအေး ရဲ့ ပခုံး ကို ဆောင့်နင်းပြီး ခုန် တက်လိုက်ရင် ရပြီ ”

ဦးလေးဦးသာရင် က အပေါ် ကို မော့ကြည့်ပြီး ညွှန်ကြား နေသည် ။ ချောတိုင် ထိပ် က ငွေတစ်ဆယ် ရရှိရေးမှာ တိုင် ကို ဖက်ထားသူတွေ နှင့် အတူ ဦးလေးဦးသာရင် ပါ ဆန္ဒပြင်းပြ နေတာ ကို သတိထား မိကြသည် ။ သတိထားမိကြသူတွေ ထဲ က လူ ( ၁၉ ) ယောက် ကို ပခုံး ဖြင့် ထမ်းထားရသူ ကိုညီပုကြီး က ဦးသာရင် ကို လှမ်းမေးသည် ။

“ ချောတိုင်ထိပ် က ငွေတစ်ဆယ် ကို ရရင် ဦးလေးသာရင် ကို လည်း အချိုးကျ ရှယ်ယာ ခွဲပေးရမှာလား ”

“ ဟ .. ပေးရမှာပေါ့ကွ ၊ ငါ အကြံဉာဏ် ပေးလို့ မင်းတို့ အခုလို ရဖို့ နီးစပ် နေတာမဟုတ်လား ။ ဟော ... ရတော့မယ် ၊ သိန်းဖေ ... နောက် တစ်ကြိမ် တက်လိုက် ”

ဦးလေးဦးသာရင် ချောတိုင်ထိပ် ကို မော့ကြည့် နေစဉ်မှာ ပင် အပေါ်ဆုံး က သိန်းဖေ အပါအဝင် အောက်ဆုံး က လှဖေ အထိ လူ ( ၁၉ ) ယောက် သည် လျှောခနဲ အောက်ကို ပြုတ်ကျလာကြပြီး တစ်ယောက် အပေါ် တစ်ယောက် ပိကျကာ မြေကြီး ပေါ်မှာ ဖင်ထိုင် လဲကျ ကုန်ကြတော့သည် ။ အောက်ဆုံး က နေပြီး ပခုံး ဖြင့် ထမ်းထားခဲ့သည့် ကိုညီပုကြီး တစ်ယောက် သာ ချောတိုင် မှ ဆယ်ပေ လောက် အကွာ မှာ ရပ်နေတာ တွေ့ ရသည် ။ ကိုညီပုကြီး သည် ဘယ်သူ့ကို မှ အသိမပေး အကြောင်း မကြားဘဲ ချောတိုင် ကို ဖက်ထားရာမှ နောက်ဆုတ် ခွာထွက် သွားခဲ့ခြင်း ဖြစ်သည် ။ အားလုံးက အံ့အား သင့်သွားပြီး ကိုညီပုကြီး ကို ဝိုင်း မေးကြသည် ။

“ ညီပုကြီး ၊ နင် ဘယ်လို လုပ်လိုက်တာလဲကွ ”

“ ငွေတစ်ဆယ် အလံတိုင် ကို ကိုင်မလို့ လုပ်နေတာကွာ ၊ ဘာလုပ်လိုက်တာလဲ ”

ဦးလေးသာရင် နှင့် ကိုသိန်းဖေ တို့ က ကိုညီပုကြီး ကို ဝိုင်း မေးကြသည် ။

ကိုညီပုကြီး က သူ့ အင်္ကျီ ကို ကောက်ယူရင်း မကျေမနပ် ပြန်ဖြေသည် ။

“ ဘာလုပ်ရမှာလဲကွ ၊ ငွေတစ်ဆယ် ကို လူနှစ်ဆယ် ခွဲဝေယူမယ် ဆိုရင် တောင် တစ်ယောက် ကို ငါးမူး ပဲရမယ် ၊ ဦးလေးသာရင် က သူ ပါ ရှယ်ယာ ပါတယ် ဆိုတော့ တစ်ယောက် ကို ၄၇ ပြားပဲ ရတော့မယ် ။ အရက် တစ်ပိုင်း တောင် မရဘူး ။ လူ ဆယ့်ကိုးယောက် ကို ထမ်းထားရတဲ့ ငါ က လည်း ၄၇ ပြား ၊ သူများ ပခုံး ပေါ် နင်းပြီး အပေါ်ဆုံး က နေရတဲ့ သိန်းဖေ က လည်း ၄၇ ပြား ၊ ဘာမှ မလုပ် ရတဲ့ အောက် က နေ လေများ နေတဲ့ ဦးသာရင် ကလည်း ၄၇ ပြား ဆိုတော့ ဒါ တရား သလား ၊ ငါ က အရူးကျ နေတာပဲ ၊ အဲဒါကြောင့် ငါ ချောတိုင် က ခွာထွက်လာခဲ့ တယ် ”

ကဲ ... ကောင်းကြသေးရဲ့လား ။ ဆုတော်ငွေ တစ်ဆယ်ကျပ် ရတော့မလို့ လက်တစ်ကမ်း အလိုကျမှ အစုလိုက် အပြုံလိုက် ပြိုကျပြီး တစ်ပြား မှ မရ ဖြစ်သွား ကြသည် ။ စုပေါင်း ဆောင်ရွက်ခြင်း သည် လည်း အတ္တ နှင့် ဆက်စပ် နေတတ်သဖြင့် မျှတမှု ရှိဖို့တော့ လိုအပ်သည် ဟု သတိရ လိုက်ပါသည် ။

▣ အဏ္ဏဝါစိုးမိုး

📖 သောကြာမဂ္ဂဇင်း     
      ဒီဇင်ဘာလ ၊ ၂၀၀၃ ခုနှစ်

No comments:

Post a Comment