❝ နှင်းကွဲချိန် ❞
( ပန်းမြတ်သော်တာ )
“ ဒီမှာ မြမေ ... မင်း စကားတွေ က စည်းလွတ်ဝါးလွတ် ဖြစ်နေ ပြီကွ ။ အဲ့ဒါ မင်း နားလည်ရဲ့လား ”
“ အို...မသိဘူးတော် ။ ကျုပ် သိတာ တော် မူပျက်နေတယ် ဆိုတာပဲ ”
“ ဟ .. ငါက ဘာ မူပျက် နေလို့လဲ ။ မင်း စကား ကို ကြည့်ပြော ။ လူ ကြားလို့မှ မကောင်းကွာ ”
“ ကြည့် ပြောနေတာပဲ တော်ရေ ။ လူကြား ကောင်းစေချင်ရ ကိုယ့် အကြောင်း ကိုယ်သိပေါ့ ”
“ ဟာကွာ .. ပြောလေ ကဲလေ မန်းလေ ပြဲလေပါလားကွ ။ တော်ပြီကွာ ... တောက် ”
ဦးသာဒင် တစ်ယောက် စိတ်အစာမကျေမှု ကို တက်ခတ်သံ ခပ်ပြင်းပြင်း တစ်ချက် နဲ့ ဖြေသိမ့်လို့ အိမ်ထဲ က နေ ထွက်ချလာခဲ့တယ် ။ ဒီထက် ပိုပြီး ပေါက်ကွဲခွင့် မရှိတာ ကို လည်း သူ သာလျှင် အသိဆုံး ။ ပြဿနာ က တောက်ခေါက် ရှောင် ထွက်ရုံနဲ့ မလွတ်မြောက် နိုင်တာကိုလည်း သူ အသိဆုံး ၊ နောက်ပြီး အစ မသေချာခဲ့တဲ့ ဇာတ်လမ်း တစ်ပုဒ် က အဆုံးသတ်ရိုးရှင်း နိုင်မှာ မဟုတ်တာ ကို လည်း သူ သာလျှင် အသိဆုံးပါပဲ ။
••••• ••••• •••••
နွေ ရဲ့ နေ့လည်ခင်း အပူရှိန် က ‘ တံလျှပ် ကို ရေထင် ’ နေရပေမယ့် ဦးသာဒင် မှာတော့ မမှုနိုင် ။ ဒီလိုမှ ရှောင်ထွက် မလာရင်လည်း အသက်ကြီး မှ အသဲကွဲ နေရတဲ့ သူ့ ရဲ့ ချစ်ဇနီး က ပေါက်ပေါက်ဖောက် လို့ ပြီးမှာ မဟုတ် တော့ ။ မကျူးလွန်ရတဲ့ ပြဿနာ က ရှင်းပြ မရအောင် အရှိန်အဟုန် နဲ့ တောက်လောင် နေပြီ ဆိုတော့ သူ စိတ်ရှုပ်ရှုပ် နဲ့ ခြေဦးတည့်ရာ ဆက်လျှောက် နေတယ် ။
“ ဟေ့ သာဒင် နေ့ခင်းကြောင်တောင် ဘယ် သွားမလို့လဲကွ ”
ဦးသာဒင် လှည့် ကြည့် လိုက်တော့ လက်ဘက်ရည်ဆိုင် ထဲက လက် ပြ နေတဲ့ သူ့ သူငယ်ချင်း ဦးဆွေ ။ လက်ဘက်ရည် သောက်ချင်တဲ့ စိတ်ဆန္ဒ မရှိပေမယ့် တိုးတိုးဖော် ရတဲ့ သူငယ်ချင်းမို့ သူ ဆိုင်ထဲ ကို ခြေဦး လှည့် လိုက်တယ် ။ ဦးဆွေ ကို တွေ့ ရတာ သူ့ အတွက် တော့ ရေငတ်တုန်း ရေတွင်း ထဲ ကျတာပဲ ။
“ အေးကွာ နေ ကလည်း ပူလိုက်တာမှ ”
“ ဒါဖြင့် မင်း က ဘာလို့ ထွက်လာတုန်း ။ အရေးကြီး ကိစ္စရှိလို့လား ”
“ မရှိပါဘူးကွာ ။ အိမ် မှာ စကား များခဲ့လို့ပါ ”
“ ဟင်း ... ”
သက်ပြင်းချသံ က နွေလေ ပူနဲ့ အတူ ပြိုင်တူ ထွက်ကျလာတယ် ။ ဦးသာဒင် ရဲ့ ဒုက္ခကို ဦးဆွေ သိပြီးသားမို့ ။ လူရိုးလူအေးကြီး ရဲ့ စိတ်ရင်း စေတနာ ဖြူစင်မှု က ဒုက္ခတွင်း ထဲကို ကိုယ်တိုင် လက်ယက် ဆင်းခဲ့တာပါပဲ ။ သူ့ ရဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် လုပ်ကိုင် လာခဲ့တဲ့ ထမင်းရှင် ကုန်ကား မောင်းခြင်း လုပ်ငန်းက သူ့ အိမ်ထောင်ရေး မှာ အမှား တစ်ခု ဖြစ်ခဲ့မယ် လို့ လည်း သူ မသိနိုင်ခဲ့ ။ ဒီလို ဆိုပေမယ့် သူ ရဲ့ ဒုက္ခက အခုမှ အစ မဟုတ် ။ တော်တော် လေး ကို ခရီးပေါက် နေခဲ့ပြီ ။
ဦးဆွေ ကတော့ သူငယ်ချင်း ဖြစ်သူ ကို ကြည့်ပြီး ခေါင်းတစ်ချက် ခါတယ် ။ နောက်ပြီး ...
“ လာကွာ ပူတယ် ဘီယာဆိုင် သွားရအောင် ။ မင်း လည်း ပြောစရာ ရှိရင် အဲ့ဒီ ရောက်မှပြောပေါ့ကွာ ” လို့ ဆိုလာတဲ့ ဦးဆွေ ရဲ့ စကား ကို ဦးသာဒင် မငြင်း ။ လေးကန်တဲ့ ခြေလှမ်းတွေ ကို တရွေ့ရွေ့ သယ်ရင်း နောက်က လိုက် လာတယ် ။ သူ့ ရဲ့ အိမ်တွင်းရေး ကို လည်း ကူကယ်သူ ရှိတုန်း ရင်ဖွင့်ချင်နေ တယ်လေ ။
ဘီယာဆိုင် ကို ရောက်တော့ ဦးဆွေ က လူသူ ကင်းရှင်းနေတဲ့ ချောင်ကျကျ စားပွဲဝိုင်းလေး ကို ရွေးပြီး ထိုင်လိုက်တယ် ။ နောက်တော့ စားပွဲထိုးလေး ကို ဘီယာနှစ်ခွက် နဲ့ ဝက်နံရိုးကင် တစ်ပွဲ မှာတယ် ။ ဒီလိုမှ မဟုတ်ရင် စိတ်အရိုးခံ ရှိတဲ့ ဦးသာဒင် က အရက်အပြင်းတွေ မှာ သောက်ပြီး မူးမှောက် သွားလို့ ဘာမှ ပြောနိုင်မှာ မဟုတ်တော့ ။ မူးပြီး ပြန်သွားလို့ မဖြစ် ။ အရင်တစ်ခါ အဖြစ် ကို လည်း ဦးဆွေ မမေ့နိုင်သေးဘူးလေ ။
ဦးသာဒင် စိတ်ဝေဒနာ ကို ပထမဆုံးအကြိမ် အရက် နဲ့ ဖြေလိုက်တဲ့ ည ကပေါ့ .....
အမူးလွန်ပြီး ခေါင်းမထူနိုင် တဲ့ သူငယ်ချင်း ဦးသာဒင် ကို ဦးဆွေ က တွဲလို့ တိတ်တဆိတ် ပြန်လာကြတယ် ။ ပတ်ဝန်းကျင် သိမှာ စိုးရိမ်တဲ့ ဦးဆွေ ခမျာ ရည်ရွယ်ထားသလို မ ဖြစ်ခဲ့ဘူး ။ အိမ် အပေါက်ဝ မှာ အသင့် စောင့်နေတဲ့ ဦးသာဒင် ဇနီး ဒေါ်မြမေ ရဲ့
“ ဟင် ... ကိုသာဒင် ။ တော် ဒါ ဘယ်လို ဖြစ်လာတာတုန်း ” ဆိုတဲ့ ခွန်နစ်သံချီ ဟစ်သံလေး ကို မြိုင်မြိုင်ဆိုင်ဆိုင် ခံစားရတော့တာပဲ ။ မိုးခြိမ်းသံ မက အင်တိုက်အားတိုက် မြည်ဟည်း သွားတဲ့ အသံ ကြောင့် လမ်းထဲ က ခွေးတွေ တောင် အိပ်ငိုက်ရာ က ထ ဟောင် ကုန်ကြတယ် ။ ပြသနာ ကို ကြီးရာက ငယ်စေချင်တဲ့ ဦးဆွေ က “ ဟဲ့ မြမေ တိုးတိုး ပြောစမ်းပါဟယ် ။ ငါ ပါ ပါတယ်ဟ ” လို့ လည်း လေပြေထိုး လိုက်ရော “ ဩ လက်စသတ်တော့ ဒင်း ကမြင်းကြော ထနေတာ တော့် လက်ချက် ပေါ့လေ ဟုတ်လား ။ လာခဲ့စမ်း ကြီးမှ အကြော ထချင်တဲ့ မသာကြီး သေမယ့်သာကြံ ” ဆိုပြီး နဘမ်း ဆင်း လုံးတော့တာပဲ ။
ရုပ်ရုပ်သဲသဲ အော်သံဟစ်သံတွေ ကြောင့် အိပ်မှုံဆုံမွှား ထ ကြည့်ကြတဲ့ ပတ်ဝန်းကျင် လူတွေ ရဲ့ အမြင် မှာ ဦးဆွေ နဲ့ ဒေါ်မြမေ တို့ နဘမ်း လုံးကြတာ ပြောင်လို့ ကို ဖြစ်ကော ။ လူမှန်းသူမှန်း မသိအောင် မူးနေတဲ့ ဦးသာဒင် က နဘမ်းလုံးတဲ့ လူ နှစ်ယောက် အောက် မှာ ပြားနေတာ လှုပ်မှ မလှုပ် ဘဲကိုး ။ ဒီတော့ ညကြီး အချိန်မတော် နဘမ်းလုံးတဲ့ သူတွေ က ဦးဆွေ နဲ့ ဒေါ်မြမေ တို့ ဖြစ်သွားတယ် ။ နောက်ပြီး မိုးမလင်းခင် ထဲက ပျံ့သွားတဲ့ သတင်း ဆိုတော့ ဦးဆွေ ဇနီး ခမြာ ဘုမသိဘမသိ ဒေါသ ထွက်လိုက်ရတာ ဦးသာဒင် နဲ့ အပေါင်းအသင်း မလုပ်ရလို့ အမိန့် ထုတ်တဲ့ အထိပဲ ။
••••• ••••• •••••
ဦးဆွေ အတိတ် က အဖြစ်အပျက် ကို ပြန်ပြောင်း အောက်မေ့ကာ ပြီး နေမိတယ် ။ နောက်တော့ မကြာသေးခင် က စားပွဲထိုးလေး လာချ ပေးထားတဲ့ ဘီယာခွက် ကို အမြုပ်ကလေးတွေ ငြိမ်သွားတဲ့ အထိ စောင့်ကြည့် နေပြန်တယ် ။ အတော်လေး ကြာတော့ ....
“ ကဲ သောက်.... ပြီးရင် ဘာဖြစ်ပြန်လဲ ပြောဦး ”
စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ရှေ့ က ဦးသာဒင် ကို ဘီယာခွက်လေး တွန်းပို့ရင်း စကားပြောဖို့ အစပျိုး ပေးလိုက်တယ် ။
“ အေးကွာ ငါတော့ ဘေးကြပ်နံကြပ် ဖြစ်နေပြီကွာ ။ ငါ့ မိန်းမ က ငါ့ ကို ဖောက်ပြန်တယ်ကြီး စွပ်စွဲ နေတယ် ”
“ အင်း .. အဲ့ဒါ ကြာပြီပဲ ။ မင်း လည်း ဟုတ်မှ မဟုတ်တာကွာ ။ ဒီအတိုင်းပဲ ထားလိုက်ပေါ့ ။ ကြာတော့ အဖြေ ပေါ်သွားမှာပေါ့ ။ အေး ငါလည်း အဲ့လို ယူဆခဲ့တာပဲ ။ ဒါပေမယ့် ဘယ်တော့မှ ပြေလည်မှာ မဟုတ်တော့ပါဘူးကွာ ”
ဦးသာဒင် ရဲ့ စကား ကို ဦးဆွေ က သေချာ နားမလည် ။ လင် နဲ့ မယား ဆိုကာ လျှာ နဲ့ သွား လိုပဲ အခန့်မသင့်တဲ့ ခဏတော့ ကိုက်မိတတ် တာပဲ ။ အချိန်တန် တော့ လည်း အေးအေးဆေးဆေး ဖြစ်သွားတာပဲလေ ။
“ နေစမ်းပါဦးကွ မင်း ဟာ က ဘာဖြစ်လို့ မပြေလည် နိုင်ရတာတုန်း ”
“ မပြေလည် ဆို သူ့ သမီးတွေ က ရန်တိုက် နေတာကိုးကွ ။ မြမေ က သူများ ပြောတာ အလွယ် ယုံတတ်တဲ့သူ မဟုတ်ပါဘူးကွာ ။ အခုတော့ .. သားသမီး စကား ဆိုတော့ကွာ .. ”
“ အေးကွာ ... သူ့တို့ ကလည်း ခြေရာ တူလာပြီကိုးကွ ။ အဖေ မရှိပဲ ဒုက္ခ ရောက် နေတုန်းက တာဝန်ယူ ကျွေးမွေးခဲ့တဲ့ ကျေးဇူးတရားတွေ ကို မေ့နိုင်ပြီပေါ့ကွာ ”
“ ငါ က ပထွေး ဆိုတော့ ငါ့ အပေါ် အချိန်တန်ရင် ဒီလို ဆက်ဆံလာ နိုင်တယ် ဆိုတာ ကြို တွက်ထားပါတယ်ကွာ ။ ဒါပေမယ့် ငါတို့ လင်မယား ကြား မှာ အခုလို ဇာတ်လမ်း ဆင်ပြီး ဒုက္ခ ပေးနေတာတော့ မကောင်းဘူးကွာ ၊ မကောင်းဘူး ။ အခုဆို ငါ့ ကို မြမေ က ကွာပေးချည့် လုပ်နေတယ် ”
“ ဟာကွာ .. ဒါတော့ မြမေ ဦးနှောက်မရှိတာပဲ ။ တောက် .. ဒီလောက် ဖြစ်နေတာကွာ ပေးလိုက်ကွာ ။ သူ အားကိုးတဲ့ သမီး တွေနဲ့ ပေးနေလိုက် ”
ဦးဆွေ စိတ်အချဉ် ပေါက်ပြီး သူငယ်ချင်း ဘက် က ရပ်တည်ပြော တယ် ။ ဒါပေမယ့် ဦးသာဒင် က အဲ့ဒီလို အသည်း မာနိုင်သူ မဟုတ် ။
“ အဲ့ဒီလောက် မလွယ်ဘူးကွ ။ သူ့ သမီးတွေ က ငါ နဲ့ သူ့ ကို ဘာလို့ ကွဲစေချင်နေလဲ ဆိုတာ မင်း လည်း သိနေမှပဲ ” ဆိုတော့ သူ့ စကား ကို ထောက်ခံကာ ဦးဆွေ ခေါင်း ကို အသာအယာ ညိတ်တယ် ။ ပြီးတော့ သူတို့ နှစ်ဦး ကြား မှာ ပြောစရာ ရှားပါး သွားသလို နဲ့ ဝိုင်းလေး က ခနတာ တိတ်ဆိတ် သွားပြန်တယ် ။
ပြဿနာ အစ က ဒေါ်မြမေ ဆီးချို ဆောင့်တက်ပြီး မူးလဲလို့ ဆေးရုံ တင်လိုက်ရတဲ့ အချိန် က စတယ် ။ ရုတ်တရက် ဖြစ်သွားတဲ့ ဒေါ်မြမေ ကျန်းမာရေး ထိခိုက်မှု က ဦးသာဒင် နဲ့ သမီး သုံးယာက် ဆက်ဆံရေး ကိုပါ ထိခိုက်စေခဲ့တယ် ။ အဖေ အရင်း မဟုတ်တဲ့ ဦးသာဒင် အတွက် အမွေ ဆိုတဲ့ ပြသနာ က မဖိတ်ခေါ်ဘဲ ရောက် လာတယ် ။ ဒေါ်မြမေ ခြောက်လ လောက် အိပ်ယာထဲ လဲ သွားတာက ဦးသာဒင် အတွက် သွေးခွဲခံရမှု အကြီးစားကြီး တစ်ခု ကို လက်ဆောင် ပေးလိုက် သလိုပါပဲ ။ အဲ့ဒီ နောက်တော့ ကုန်ကား မောင်းရင်း လမ်း ပါ ညအိပ်ရတဲ့ ဦးသာဒင် က အငယ်အနှောင်း နဲ့ အိပ်တယ် လို့ ဖြစ်လာရတယ် ။
ပထမပိုင်း မှာ သမီးတွေ စကား ကို လက်မခံချင် ပေမယ့် သားမက် တွေ က ပါ “ အမေ အမေ့ အပါ် အသက်ကြီး ပြီ ဆိုပြီး ဒီလို လုပ်တာ သားတို့ လည်း မခံချင်ဘူး ။ အမေ့ တစ်ဝမ်းတစ်ခါး တော့ သားတို့ ဝအောင် ကျွေးနိုင် ပါတယ်ဗျ ” လို့ ဆိုလာတော့ သားသမီး အားကိုး နဲ့ ဒေါ်မြမေ မိုက်ချင် လာတယ် ။ အခု ဆို ပြဿနာ က ဆေးမမီ နိုင်တော့ဘူး ၊ ပြောသာ ပြောရတာ စိတ်ထိခိုက်မှုတွေ ကြောင့် ဒေါ်မြမေ လည်း တရှောင် ရှောင်ရယ် ။
ဦးသာဒင် ရင်အနာရဆုံး ကတော့ သမီးကြီး ရဲ့ “ ပထွေး ” ဆိုတဲ့ ရက်စက်ခါးသီးတဲ့ အသုံးအနှုံးပဲ ။ ကွယ်ရာမှာ ပြောတဲ့ စကား ကို ဦးသာဒင် မထင်မှတ်ဘဲ ကြားခဲ့ရတာ ဆိုပေမယ့် “ နာလိုခံခက် ” ကြီးရယ် ။ ကျောင်းနေ အရွယ် က စပြီး အိမ်ထောင်ရက်သား ကျတဲ့ အထိ ကျွေးမွေး စောင့်ရှောက်ခဲ့ ရတဲ့ သူ့ ကို ၊ မင်္ဂလာဆောင် ဖိတ်စာတွေ မှာ အဖေ နာမည် ခံပြီး ပီတိ ဖြစ်ခဲ့ရတဲ့ သူ့ ကို အခုတော့ ပထွေး တဲ့ ။ ရင်နာ ပေမယ့် လည်း သူ မျက်နှာ တစ်ချက် သာ မဲ့နိုင်ခဲ့တယ် ။ ပေါက်ကွဲခွင့်တော့ မရခဲ့ ။ ကျန်းမာရေး ချူချာ နေတဲ့ ဒေါ်မြမေ ကို သားသမီး နဲ့ လင်ယောက်ျား ကြား ဗျာ မများစေချင်လို့ အံကြိတ်ပြီး တော့သာ ပေါက်ကွဲခဲ့ရတယ် ။
“ ပထွေး တဲ့ .. ငါ ရင်နာတယ်ကွာ တောက် ”
ဦးသာဒင် ဝမ်းနည်းကြေကွဲမှု နဲ့ အတူ စကားဝိုင်း ကို အသက်သွင်း လာတယ် ။ နောက်ပြီး “ မနေ့ က သူ ညဉ့်နက် မှ ကား၀င်တယ် ။ အိမ်ပြန် နောက်ကျ နေတာကို ပြန်မလာဘူး ထင်ပြီး အလတ်မ ဒေါ်မြမေ နဲ့ လာအိပ်တယ် ။ သိတဲ့ အတိုင်း ဒေါ်မြမေ က သူ သာ ပြန်လာမယ်ဆို မရောက်မချင်း မအိပ်ဘဲ စောင့်နေတာ ။ အဲ့ဒီမှာ အလတ်မ က ဒေါ်မြမေ ကို ပြောနေတာ ဘာတဲ့ ... “ အမေ ကွာရှင်းဖို့ သင့်ပြီနော် တဲ့ ၊ အမေ့ လို ရောဂါသည်ကြီး ကို သူ က စိတ်ပျက် နေတာ ၊ အမေ အိမ်တစ် ဝက်ပေးမယ် ပြောကြည့် ပါလား ၊ က ပြီးတောင် ကွာလိမ့်ဦးမယ် ၊ အမေ က သူ့ အတွက် ဘာမှ အသုံး မဝင်တော့ တာ ၊ အခုလည်း ကြည့်ပါလား ၊ ပြန် မလာနိုင်သေးဘူး ၊ မယားငယ် ဆီ ဝင်အိပ်နေတာ နေမယ် ” ဆိုတဲ့ အလတ်မ ရဲ့ စကားတွေ ကို ဦးဆွေ ထံ ရင်နာစွာ ဖွင့်ချ လာတယ် ။
ငါ က “ ငယ် က ချစ် အနှစ်တစ်ရာ မမေ့သာ ” ဆိုတဲ့အတိုင်း ကလေးငယ်လေးတွေ နဲ့ ဒုက္ခ ရောက် နေတဲ့ သူတို့ သားအမိ ကို သနားမိ လို့ ယူခဲ့တာပါကွ ။ တဏှာ ကြောင့် မဟုတ်ဘူးကွ ... တဏှာ ကြောင့် မဟုတ်ဘူး ”
ပြောရင်း က စိတ် ထိခိုက်ကာ ယောက်ျားတန်မဲ့ ဝေ့ဝဲလာတဲ့ မျက်ရည်တွေ ကြောင့် သူ စကားစ ဖြတ်လိုက်တယ် ။ မနေ့ည က မောမောနဲ့ အိမ် ပြန်လာချိန်မှာ ကြားလိုက်ရတဲ့ သမီးလတ် ရဲ့ စကားလုံး ပြင်းရှရှ တွေကြောင့် စိတ်ရိုင်း ဝင်ပြီး အိမ်တွင်းစစ်ပွဲလေး နွှဲလိုက်မိတယ် ။ အဲ့ဒီ စစ်ပွဲလေး က ဒီကနေ့ အထိ ငြိမ်းချမ်းရေး မရနိုင်ဘဲ ကမ္ဘာစစ်ကြီး ဖြစ်ဖို့ ကြေငြာ ခံနေရတာပါပဲ ။ ဦးဆွေ လည်း သူငယ်ချင်း ရဲ့ အဖြစ် ကို မကြည့်ရက် နိုင်တာမို့ ဘာ လုပ်သင့်တယ် ဆိုတာကို အပြင်းအထန် စဉ်းစား ပေးရှာတယ် ။ ဘာမှတော့ ပြန် မပြောနိုင်သေး ။ ဒီ အခြေအနေ ကို ကူကယ်ရာမဲ့ ပြီ လို့ ခံစားနေ ရတဲ့ သူ က ..
“ ကိုဆွေ ငါ ဘုန်းကြီး ဝတ်ချင်တယ်ကွာ ”
“ ဟာ ... ဒါတော့ ဘယ် ဖြစ်မလဲကွ .. နေ ... နေပါဦးကွာ ။ ငါ စဉ်းစားပါဦးမယ် ”
ဦးဆွေ သူ့ အပေါ် ကျေးဇူး မကင်းတဲ့ ငယ်သူငယ်ချင်း လူအေးကြီး ကို မကြည့်ရက်နိုင်စွာ တားဆီးတယ် ။ နောက်ပြီး သာသနာ့ဘောင် ဝင်ဖို့ အတွက် အိမ်ထောင်သည် တစ်ယောက် အနေနဲ့ အိမ်သူ ဇနီးမယား ရဲ့ ခွင့်ပြုချက်က လိုသေးတယ် မို့လား ။ သာသနာ အကျိုး သယ်ပိုးချင် လို့ မဟုတ်ဘဲ အသက်ကြီး မှ ပုထုဇဉ် တစ်ယောက် ရဲ့ ဒုက္ခ ကို ရှောင်လွှဲချင်ရုံ သက်သက်နဲ့ ရဟန်းဝတ်ခြင်း ကိုတော့ ဦးဆွေ အားမပေးနိုင် ။ ဒီတော့ အကောင်းဆုံး ဖြစ်နိုင်မယ့် ဆုံးဖြတ်ချက် တစ်ခု ကို မြန်မြန် ချပေးမှ ဖြစ်တော့မယ် ဆိုတာ သဘောပေါက်လိုက်ပါပြီ ။
“ သာဒင် မင်း မှာ အကောင်း ဖြစ်ဖို့ တစ်ခုတော့ လုပ်စရာ ရှိတယ်ဟေ့ ။ မင်း ငါ မေးတာ ဖြေစမ်းပါ ။ မင်း ရသင့်တဲ့ အိမ် တစ်ဝက် ကို လိုချင်လား ၊ မင်း သိပ် ချစ်ခဲ့တဲ့ မြမေ ကို လိုချင်လား ”
ဦးသာဒင် တစ်ယောက် ပျက်ယွင်း နေတဲ့ မျက်နှာ ကို မဖုံးဖိနိုင် သလို ဦးဆွေ တောင်းတဲ့ အဖြေကို လည်း တော်တော်နဲ့ ပြန် မပေးနိုင်ရှာဘူး ။ ပုထုဇဉ်လူသား တစ်ဦး ဖြစ်တဲ့ အတွက် စေတနာ စော်ကားခံရမှုကို ခွင့်မလွှတ်ချင် ။ အလျှော့ လည်း မပေးချင် ။ အလျှော့ပေး လိုက်ပြန်ရင် လည်း ဒေါ်မြမေ သမီးတွေ က သွေးထိုးရန်တိုက် ပေး သလိုမျိုး အိမ်ထောင်ရေး ဖောက်ပြန်သူ တစ်ယောက် အဖြစ် ဝန်ခံရာ ရောက်မှာ စိုးတယ် ။ ဒီလို ဖြစ်နေတဲ့ အချိန်မှာ ဒေါ်မြမေ ပြောသလို သက်သေ ဆိုတာ ကလည်း မပြနိုင် ။ ဒေါ်မြမေ ပြောတာ က “ တော် မဟုတ်တာ မလုပ်ဘူး ဆိုရင် အလုပ် ထွက်လိုက် ။ တော် မထွက်နိုင်ဘူးမို့လား ။ ဟင်း ... ဟင်း .. ကားမောင်း နေရမှ တော်ကြီး မဟုတ်တာ လုပ်ဖို့ အခွင့်အရေး ရမှာကိုး ” တဲ့ ။ သူ့ ရဲ့ အလုပ် က သူ နဲ့ ဒေါ်မြမေ ကြားမှာ ကျွန်း အဖြစ် ခံနေတယ် ။ ကားမောင်းတဲ့ ဝင်ငွေ တစ်ခုတည်း နဲ့ ရပ်တည် နေရတဲ့ အိမ် မှာ ဒေါ်မြမေ စကားကို လိုက်လျောဖို့ လည်း မဖြစ်နိုင် ။ အလုပ် မရှိတော့ ပြန်ရင်လည်း အိမ်ပေါ် က နှင်ချခံရနိုင်တဲ့ အချိန်အခါ ။ သူ ဒေါ်မြမေ နဲ့ တော့ လင်ခန်း မယားခန်း မပြတ်ဆဲချင်ပါ ။ အချစ် တစ်ခု ကြောင့် နဲ့ပဲ သမီး သုံးယောက် ကို ပြုစုပျိုးထောင် လာခဲ့ရသူလေ ။ လောကကြီး တစ်ခုလုံး ဇောက်ထိုး ဖြစ်နေသလို စိတ်ရှုပ်ထွေးလှတာမို့ ပိုင်ပိုင် နိုင်နိုင် ရှိလှတဲ့ သူ ရဲ့ ခေါင်း ကိုသာ တွင်တွင် ခါယမ်း နေမိတယ် ။
“ သာဒင် .... မင်း .. ငါ မေးတာ ကို သာ ရဲရဲရင့်ရင့် ဖြေစမ်းပါကွာ ။ တစ်ခြား ဘာကိုမှ မစဉ်းစားနဲ့ ။ အဓိက မင်း စဉ်းစားရ မှာက အချိန်တန် ရင် လင် နဲ့ မယား ကသာ တစ်ယောက် ကို တစ်ယောက် တစ်သက်လုံး ဖေးမ နေထိုင် သွားကြရမှာ ဆိုတာပဲ ”
ဦးသာဒင် ဦးဆွေ မျက်နှာ ကို မမြင်ဘူးသူ တစ်ယောက် လို အချိန် တော်တော် ကြာအောင် ငေးစိုက် ကြည့်တယ် ။ ပြီးမှ ...
“ ဟုတ်တယ် ။ မင်း ပြောတာ ဟုတ်တယ် ။ အရာအားလုံး ဆုံးရှုံး သွားမယ် ဆိုရင် တောင် ငါ မြမေ ကိုတော့ ပြန် လိုချင်တယ် ။ သူ ငါ့ အပေါ် ခွင့်မလွှတ်နိုင် ဖြစ်နေတာတွေ က ငါ့ ကို ချစ်လို့ ပဲလေကွာ .... ဟုတ်တယ် မို့လား ”
“ ဒါပဲပေါ့ သူငယ်ချင်း ရ ။ အဲလို လုပ်စမ်းပါ ”
ဦးဆွေ ရဲ့ အကြံပြုချက်တွေ အပေါ် မအီမသာ ခေါင်းညိမ့် နေရ ပေမယ့် နဖူးတိုက် ၊ ဒူးတိုက် ဆွေးနွေးပြီး သွားတဲ့ အခါမှာတော့ ကြေနပ် အားရတဲ့ အပြုံး က သူ့ မျက်နှာ တစ်ဝိုက်မှာ ပွင့်လန်းလာတယ် ။
ပြန်မယ် ဆို ပြန်တော့ ပိုက်ဆံအိတ် မယူဘဲ စိတ်လိုက်မာန် ထွက် လာခဲ့တဲ့ သူငယ်ချင်း ကြောင့် ကျသင့်ငွေ ကို ဦးဆွေ က ပဲ ထုတ် ရှင်း လိုက်ရတယ် ။ ဒါပေမယ့် နှစ်ဦးစလုံး က အပြုံး ကိုယ်စီ နဲ့ ကျေနပ်နေကြ လေရဲ့ ။ သူတို့ ရဲ့ ခြေလှမ်းတွေ က စစ်မြေပြင် က ပြန်လာတဲ့ အောင်နိုင်ခဲ့သူ ခြေလှမ်းမျိုးတွေနဲ့ ။ ယုံကြည်ချက် က ပြည့်လျှံ လို့ ... ။
••••• ••••• •••••
ဦးသာဒင် အထီးကျန်မှု ကို ရင်ဆိုင်လာခဲ့တာ အခုဆို တစ်နှစ် နီးပါး ရှိလာပြီ ။ ဦးသာဒင် မိသားစု ကို စွန့်ခွာပြီး တစ်ယောက် ထဲ အိမ် ပြောင်းရွှေ့ နေလာခဲ့ပေမယ့် အဝေးကြီး မှာတော့ မဟုတ် ။ ဒေါ်မြမေ နေတဲ့ ရပ်ကွက် ရဲ့ တစ်ခု ကျော် မှာ ။ အိမ်လေး က သေးငယ်ပြီး ခန်းနားမှု မရှိလှ ။ ပတ်ဝန်းကျင် ကို ကြည့် ပြန်တော့ လိုတာထက် ပိုပြီး တိတ်ဆိတ် နေတတ်တဲ့ ရပ်ကွက်လေး ။ တိတ်ဆိတ်ငြိမ်သက်မှု နဲ့ ဦးသာဒင် ကို အလွမ်း ပိုအောင် တွန်းပို့ နေသလို ။ တစ်ယောက်တည်း သီးခြား နေတတ်တဲ့ အဆွေးသမားလေး အဖြစ် ရပ်ကွက် က အသိအမှတ် ပြု ခံထားရတဲ့ ဦးသာဒင် တစ်ယောက် ဒီနေ့ မှာတော့ လွမ်းဆွေးနေပုံ မရ ။ သူ့ ရဲ့ လက်အစုံ ကလည်း ဒေါ်မြမေ နဲ့ နုတ်ဆက် လမ်းခွဲချိန် မှာ ယူလာခဲ့တဲ့ တစ်ခု ထဲသော စလည်ဝင်အိုးလေး ကို အသုံး မပြုပေမယ့် ဆေးကြော နေတယ် ။ အတွေးအာရုံ ကတော့ ဖြင့် ...
“ မင်း မှာလည်း အလုပ် ရှိနေသေးတာပဲ ။ မင်း ဘဝ ကို ပြန် စနိုင်ပါတယ် ။ နှင်းတွေ ဝေနေတဲ့ အချိန် မှာတော့ အဝေး က လူ ကို ဘယ် မြင်နိုင် မလဲကွာ ။ အရေးကြီးတာ က နှင်းကွဲချိန် ကို စိတ်ရှည်ရှည် နဲ့ စောင့်နိုင်ဖို့ပဲ ။ နှင်းကွဲ သွားတဲ့ အခါ မင်း ကို ထင်ထင်ရှားရှား မြင် လာမှာပါ ”
လို့ ဦးဆွေ ပြောခဲ့တဲ့ စကား တစ်ချို့ကို ပြန် စဉ်းစားမိပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံး နေတယ် ။ ဟုတ်တယ် အခုတော့ သူ့ အတွက် နှင်းကွဲချိန် ကို ရောက်လာပြီ ဆိုတာ ဦးဆွေ ကိုယ်တိုင် ပဲ သတင်းပို့ ထားခဲ့ပြီလေ ။
“ မင်း ကျေးဇူးတွေ ကို တစ်ချိန် မှာ ပြန် ဆပ်ခွင့် ရချင်ပါတယ် သူငယ်ချင်း ရယ် ။ ဆပ်ခွင့် ရပါစေလို့လည်း ငါ ဆုတောင်းပါတယ် ”
နှုတ်ဖျား က တိုးတိုးဖွဖွ ရေရွတ်သံ အဆုံးမှာ လိုတာ ရတော့မယ့် ကလေးငယ် တစ်ယောက် ရဲ့ မျှော်လင့်ချက်မျိုး နဲ့ ရွှန်းစိုတောက်ပ နေတဲ့ မျက်ဝန်း အကြည့် တို့ က နှင်းကွဲစ လမ်းမ ထက်ပေါ် ခဏတာ ပြောင်းရွှေ့ သွားတယ် ။ နောက်တော့ ... သောက ကင်း နေတဲ့ မနက်ခင်းလေး မှာ ဦးသာဒင် ရဲ့ လက် အစုံ က အသုံးချခွင့် ရတော့မယ့် စလည်ဝင်အိုးလေး ကို ပဲ ပြုံးဖြီးဖြီး ဖိတိုက် နေပြန်တယ် ။
▢ ပန်းမြတ်သော်တာ
၁၅ . ၁၁ . ၁၈
📖 တစ်ယောက် တစ်ဘဝ ( ၃ )