❝ နာကျင်ခံစားမှု နည်းပါးပါစေ ❞
[ ဘန်ကောက်မြို့ ရဲ့ မြောက်ဘက် ကီလိုမီတာ ၁၂ဝ က လောင်ဘူရီ မြို့ကလေး မှာ ရှိတဲ့ ဗုဒ္ဓခြေတော်ရာ ဘုန်းတော်ကြီးကျောင်း ( Wart Pharabat Nampu ) ကို ကျွန်တော် ရောက်ခဲ့ရတယ် ။
သည် ကျောင်း မှာ ထိုင်းဘုန်းတော်ကြီး ဒေါက်တာ အလောင်ကော့ ဒီခပန်ညို ( ယခု သက်တော် ၅ဝ နှစ် ) က အေအိုင်ဒီအက်စ် ဝေဒနာသည် တွေ အတွက် နားခိုစရာ ရိပ်သာ တစ်ခု ဖွင့်ထားတယ် ။ ခုတင် ၄ဝဝ ဆန့် ဆေးရုံ တစ်ခု လည်း ရှိပြီး ဆေး ကုသ ပေးတယ် ။ အိတ်ချ်အိုင်ဗီ ရောဂါပိုး စွဲကပ်ခံရသူတွေ နေထိုင်ဖို့ အိမ်ကလေးတွေ လည်း ရှိတယ် ။
ရိပ်သာ မှာ နေခွင့် ရဖို့ လူတစ်သောင်း လောက် စာရင်း သွင်းပြီး စောင့်ဆိုင်း နေကြတယ် ။ အလှည့် မစောင့်နိုင်တဲ့ မိသားစု အချို့ က ဝေဒနာသည် ကို ကျောင်းပေါက်ဝ မှာ ညသန်းခေါင် လာ ချပြီး ပြေးကြတယ်လို့ ဆိုတယ် ။ ရိပ်သာ မှာ လာရောက် ခိုလှုံ နေသူတွေ ထဲ က ပျမ်းမျှခြင်း အားဖြင့် တစ်ရက် ကို လူ နှစ်ယောက် မှ သုံးယောက်နှုန်း သေဆုံး နေတယ် ။ တစ်ခါတစ်ရံ မှာတော့ သေနှုန်း က ခုနစ်ယောက် အထိ မြင့်တက် သွားတယ် လို့ ဆိုတယ် ။
၁၉၉၂ ခု မှာ သည် ရိပ်သာ ကို ဆရာတော် စ ဖွင့်ခဲ့တယ် ။ ရိပ်သာ ဖွင့်ပြီးတဲ့ နောက်ပိုင်း မှာ လူ သုံးထောင် ကျော် သေဆုံးခဲ့ပြီ ဖြစ်ပြီး လူသေ ထည့်ဖို့ ခေါင်းတလား ကို အဟောင်း ပြန်ပြန် သုံး ရတယ် ။ သေဆုံးသူတွေ ကို သင်္ဂြိုဟ်ပြီးတဲ့ နောက် ဆွေမျိုးသားချင်းတွေ ကို ရိပ်သာ က အကြောင်းကြားစာ ပို့လိုက်တဲ့ အခါ မှတ်ပုံတင်ပြီး ပို့တဲ့ စာတွေ ဖြစ်ပေမယ့် လက်ခံမယ့်သူ မရှိဘဲ ရိပ်သာ ကို သာ ပြန် ရောက်လာတဲ့ စာတွေ က များတယ် ။
လက်ခံသူ ပိုင်ရှင်မဲ့ အရိုးပြာတွေ ကို ကျောင်း က ဆင်းတုတော် တစ်ဆူ ရှေ့ မှာ အိတ်တွေ နဲ့ ထည့်ပြီး စုပုံ ထားတာ လူ တစ်ရပ် လောက် ရှိနေပါပြီ ။ ဆင်းတုတော် ထဲ မှာ ဦးခေါင်းတော် ပေါ်ရုံမျှ သာ ရှိတယ် ။
ဆရာတော် က သည် ရိပ်သာ ကို လွယ်လင့်တကူ ဖွင့်လှစ်နိုင်ခဲ့တာ တော့ မဟုတ်ပါဘူး ။ ၁၉၉၂ ခု စက်တင်ဘာလ က အေအိုင်ဒီအက်စ်ရောဂါသည် လူနာသုံးယောက် ကို ဆရာတော် က ကျောင်း ကို ခေါ်ယူ လာတဲ့ အခါ ကူးစက် ခံရမှာ ကြောက်တဲ့ သီတင်းသုံးဖော် တွေ က ရှောင်ပြေး ကြတယ် ။ အေအိုင်ဒီအက်စ် လူနာတွေ ကို ကိုင်တွယ် ပြုစုပေး နေတဲ့ ဆရာတော် ဆီ က ရောဂါ ကူးမှာ စိုးလို့ ဆွမ်းလောင်း နေကျ ဒကာ ၊ ဒကာမတွေ က ဆွမ်း မလောင်းကြတော့ဘူး ။
ဗုဒ္ဓခြေတော်ရာကျောင်း ဧည့်ဆောင် မှာ ဆရာတော် ဒေါက်တာ အလောင်ကော့ ဒီပခန်ညို ကို ကျွန်တော် ဖူးတွေ့ခွင့် ရတယ် ။ ဆရာတော် က သူ့ ဘဝ သူ့ အလုပ် ကို ယခုလို ပြောပြပါတယ် ။
••••• ••••• •••••
ကျောင်း ကို ခေါ်လာတဲ့ လူနာ သုံးယောက် ကို ဘုန်းကြီး တစ်ပါးတည်း က ပဲ ပြုစုရတော့တာပေါ့ ။ ဘုန်းကြီး ပဲ ဆရာဝန် ၊ ဘုန်းကြီး ပဲ သူနာပြု ၊ ထမင်းချက် ၊ ဒလဝမ် ၊ သံသရာ လမ်းညွှန် တစ်ခု ပြီး တစ်ခု လုပ် နေရတယ် ။ ညဉ့်နက်သန်းခေါင် မှာ နာကျင်မှု နဲ့ အော်ဟစ်ငိုယို ညဉ်းတွားသံ ကြား ရင် ဘုန်းကြီး မကျိန်းစက် နိုင်ဘဲ ထ ရပြန်တယ် ။
အချိန် တစ်လ လောက် ကြာလာတော့ စပ်စုချင်တဲ့ ရွာသား အချို့က ကျောင်းတိုက် နား ကို မယောင်မလည် ရောက် လာပြီး ချောင်းမြောင်း အကဲခတ် ကြတယ် ။ ဘုန်းကြီး ရောဂါ ကူးစက် မခံရဘဲ ကျန်းကျန်းမာမာ ရှိနေဆဲ ဖြစ်တာ တွေ့တော့ သူတို့ အတွက် တွေးစရာ ဖြစ်လာပုံ ရပါတယ် ။
ရွာသူရွာသားတွေ ထဲ မှာ ဖကီအော ဆိုတဲ့ ဒကာမ က တော့ သတ္တိ အရှိ ဆုံးပဲ ။ သူ က အကူ သူနာပြု လုပ်ဖူးတယ် ။ အေအိုင်ဒီအက်စ် လူနာတွေ အတွက် ကူညီထိုက်တယ် ဆိုပြီး ဗုဒ္ဓခြေတော်ရာကျောင်း ကို သူ ရောက်လာပြီး လူနာတွေ ကို ပြုစု ပေးတယ် ။ သိပ် မကြာခင် မှာ သူ့ ညီမ မေယွန် လည်း ထပ် ရောက် လာပြီး ချက်ပြုတ်ရေး တာဝန် ယူ ပေးတယ် ။
အချိန် အတန်ကြာ လာတဲ့ အထိ ဖကီအော တို့ ညီအစ်မ ကို ရောဂါ ကူးစက် ခံရတာ မတွေ့ ရတော့ ရွာသား တစ်ယောက် စ နှစ်ယောက် စလည်း အကူအညီ ပေးဖို့ ရောက် လာတယ် ။ ဘုန်းကြီးကျောင်း မှာ လူနာတွေ အတွက် ရိပ်သာ ရှိမှန်း သိတော့ လူနာ အရေအတွက် လည်း တိုးပွား လာတယ် ။ ထိုင်းနိုင်ငံ မှာ အိုင်ဒီအက်စ်ရောဂါ က ပိုပြီး ပျံ့နှံ့လာတာ နဲ့ အမျှ ဘုန်းကြီးတို့ ဆီမှာ ခိုလှုံချင်သူ တွေ ပို များ လာတာပေါ့ ။
ယခုတော့ ဘုန်းကြီးကျောင်း က ရဟန်းတော်တွေ သီလရှင်တွေ က လည်း သူနာပြု အဖြစ် လူနာတွေ ကို ပြုစုပေး နေပါပြီ ။ နိုင်ငံတကာ က စာနာသူတွေ က လည်း လုပ်အားဒါန လာ ပေးကြတယ် ။ ကျွမ်းကျင်သူ သူနာပြုတွေ ဆရာဝန်တွေ ကလည်း လူနာတွေ ကို လာရောက် ပြုစုကုသ ပေးနေကြပါပြီ ။
လူဦးရေ အချိုးအစား နဲ့ တွက် ရင် ထိုင်းနိုင်ငံ က ကမ္ဘာ ပေါ် မှာ အေအိုင်ဒီအက်စ် လူနာ စတုတ္ထ အများဆုံး အဆင့် မှာ ရှိနေတယ် ။ ဒီလို ဖြစ်ရတဲ့ ပထမ အချက် ကတော့ ကျေးလက်ဒေသ မှာ နေထိုင်သူတွေ က အသိပညာ နိမ့်ကျတယ် ။ လယ်သမား အများစု က မူလတန်းပညာ သာ တတ်တယ် ။ သူတို့ ကိုယ် သူတို့ လိင် ဆက်ဆံမှု က နေ ကူးစက်တဲ့ရောဂါတွေ နဲ့ အေအိုင်ဒီအက်စ် ရောဂါ ဘယ်ပုံ ဘယ်နည်း ကာကွယ်နိုင်တယ် ဆိုတာ အသိမှန် မရှိကြဘူး ။ အေအိုင်ဒီအက်စ် နဲ့ ပတ်သက်ပြီး အန္တရာယ် အကြီးဆုံး လူတွေ ကတော့ လိင်မတူ ကာမဆက်ဆံသူ လယ်သမားတွေ ပါပဲ ။
ဒုတိယ အချက် ကတော့ ပြည့်တန်ဆာအိမ် ကို သွား ပျော်လေ့ ရှိတဲ့ ဓလေ့ ကြောင့်ပဲ ။ အပေါင်းအသင်းတွေ နဲ့ မူးယစ်သောက်စားသူတွေ နောက်ဆုံး ရောက်လေ့ ရှိတဲ့ နေရာ ကတော့ ပြည့်တန်ဆာခန်း ပဲ ။ ဘုန်းကြီး တို့ ရိပ်သာ ကို ရောက်လာတဲ့ အမျိုးသမီး လူနာ အများစု ဟာ ပြည့်တန်ဆာ အိမ် ကို သွားခဲ့တဲ့ ယောက်ျား ဆီ က အိတ်ချ်အိုင်ဗီ ကူးစက် ခံရတဲ့ ဇနီးသည်တွေ ပါပဲ ။ သည် ကနေ အိတ်ခ်ျအိုင်ဗီ စွဲကပ် ခံရတဲ့ ကလေးသူငယ်တွေ မွေးဖွား လာရတယ် ။ အပြစ်မဲ့ ကလေးသူငယ်တွေ ဟာ သူတို့ ဘဝ ကို နာကျင်မှုတွေ အနှိပ်စက် ခံရပြီး အဆုံးသတ် ရတာဟာ ကြေကွဲစရာ ကောင်းလှတဲ့ အေအိုင်ဒီအက်စ် ရဲ့ အဖြစ်မှန်တွေ ပါပဲ ။ သန့်ရှင်းတဲ့ အပ် ကိုသာ သုံးရမယ် ဆိုတဲ့ အသိအမြင် လောက် တောင် မရှိ တဲ့ မူးယစ်ဆေး သုံးစွဲသောင်းကျန်းသူတွေ ကလည်း အေအိုင်ဒီအက်စ် လူနာတွေ များစေတဲ့ တတိယ အချက်ပါပဲ ။
ဘုန်းကြီးတို့ ရိပ်သာ အနေ နဲ့ အေအိုင်ဒီအက်စ် အသိပညာ ဖြန့်ဝေမှု ကို ကျောင်း တွေ ၊ စက်ရုံ တွေ ၊ ရုံးဌာန တွေ နဲ့ သာမန် ပြည်သူလူထု အများစု ကို ပေးနေပြီ ။ ဘုန်းကြီး ကိုယ်တိုင် လည်း ပြောဟောတယ် ။ အိတ်ခ်ျအိုင်ဗီ တီးဝိုင်းအဖွဲ့ ( HIV Band ) လည်း ဖွဲ့ထားပြီး ထိုင်းလူထု ကို ဖျော်ဖြေရင်း အသိပညာ ပေးတယ် ။ ဂီတ ဟာ အလွန် အံ့ဩစရာ ကောင်းအောင် လူတွေ ကို ဆွဲဆောင်ပြီး ပညာပေး နိုင်တယ် ။ ကျောင်းတွေ တက္ကသိုလ်တွေ လူစုလူဝေး ပွဲလမ်းသဘင်တွေ မှာ အိတ်ခ်ျအိုင်ဗီ တီးဝိုင်း ကို တလေးတစား နားဆင်ကြတယ် ။
အိတ်ခ်ျအိုင်ဗီ တီးဝိုင်း ကို ချာလီမစ်ဒါလွိုင် က ၁၉၉၄ ခုနှစ် မှာ သူ့ သူငယ်ချင်း လေးယောက် နဲ့ ဖွဲ့စည်းတယ် ။ အိတ်ခ်ျအိုင်ဗီတီးဝိုင်း လို့ အမည် ပေးရ တာ ကတော့ သူတို့ ငါးယောက်လုံး မှာ အိတ်ချ်အိုင်ဗီ ဗိုင်းရပ် စွဲကပ် ခံထားရလို့ပဲ ။ တီးဝိုင်း က ထိုင်းနိုင်ငံ အနှံ့ မှာ တီးခတ် ဖျော်ဖြေတယ် ။ အခု အဖွဲ့ဝင် ခြောက်ယောက် ရှိတယ် ။ အဖွဲ့ဝင်တွေ က တော့ အမြဲတမ်း အပြောင်းအလဲ ဖြစ်နေတာပဲ ။ အဖွဲ့ဝင် ၃ဝ ကျော် က ဝင်ချည် ထွက်ချည် ။ ထွက်သွားတဲ့ အဖွဲ့ဝင် ၃၀ ကျော် က အေအိုင်ဒီအက်စ် နဲ့ သေဆုံးကုန်တာ ။
တီးဝိုင်းအဖွဲ့သားတွေ က ရိပ်သာ မှာ ပဲ နေကြတယ် ။ သူတို့ ရဲ့ ဧည့်ခံ ဖျော်ဖြေပွဲ တိုင်း မှာ အေအိုင်ဒီအက်စ် ရောဂါ ကို သူတို့ ဘယ်လို ရခဲ့ကြတယ် ဆိုတာ တစ်ဦးချင်း က ရှက်ရွံ့မှု ဘေးဖယ်ပြီး ပြောပြကြတယ် ။ ဒီ နည်း နဲ့ အခြား သူတွေ ထပ်မံ ကူးစက် မခံရဖို့ သူတို့ မျှော်လင့်ချက် ထားကြတယ် ။
အဖွဲ့ စ တည်ထောင်တဲ့ ချာလီ က တော့ “ ခင်ဗျား မှာ အေအိုင်ဒီအက်စ် ဖြစ်ပြီ ဆိုရင် ကိုယ့် ကျန်းမာရေး ကို အထူး ဂရုစိုက် သင့်တယ် ” လို့ ပြောလေ့ ရှိတယ် ။ တစ်ခါတလေ ခရီး ထွက်ရင်း တီးဝိုင်း အဖွဲ့ဝင် တစ်ယောက် နာမကျန်း ဖြစ်ရင် သူတို့ ကျောင်း ကို ပြန်လာ ပြီး မှ ဘဝ ကူးတယ် ။
ဘုန်းကြီး က လူသားတွေ အချင်းချင်း အကြင်နာတရား ထားဖို့ အမြဲ သဖြင့် သင်ပြ ပေးတယ် ။ အထူး သဖြင့် လူ တစ်ယောက် သူ့ ဘဝ ကို စွန့်လွတ်ရတော့မယ့် အချိန်ကာလ က အလွန် အင်မတန် အရေးပါ လှပါတယ် ။ အသက်ဆုံးပါး တော့မယ့် သူ ကို ခံစားရတဲ့ ဝေဒနာတွေ လျော့ပါး အောင် ကြင်နာယုယမှု အားပေးမှု ပြုကြတယ် ။
ဘုန်းကြီး က အေအိုင်ဒီအက်စ် ရောဂါ ခံစား နေရတဲ့ လူနာတွေ ကို သေခြင်းတရား နဲ့ ပတ်သက်ပြီး နားလည်အောင် ဟောပြော ပေးတယ် ။ နေ့စဉ်နေ့တိုင်း ညနေ ခြောက်နာရီ ဆိုရင် အေရိုးဗစ်အားကစား လုပ်ကြတယ် ။ ကျန်းမာသန်စွမ်း တဲ့ လူနာ အချို့ကတော့ လူသေတွေ မီးသင်္ဂြိုဟ် တဲ့ မြေကွက်လပ် မှာ ပြေးကြတယ် ။ ခေါင်းတလားတွေ ထမ်းပြီး အဖွဲ့လိုက် အပြေးပြိုင်ပွဲ လုပ်ကြတယ် ။ ညနေ ခုနစ် နာရီ မှာတော့ တရားထိုင် ကြတယ် ။
ဘုန်းကြီး ရဲ့ ရည်မှန်းချက် ပန်းတိုင် ကတော့ လူအဖွဲ့အစည်း က အေအိုင်ဒီအက်စ် ဝေဒနာသည်တွေ ကို လက်ခံကြဖို့ ကိုယ့် မိသားစုဝင် ၊ ကိုယ့် ဆွေမျိုး သားချင်း ဖြစ်တဲ့ လူနာတွေ ကို သနား ကြင်နာပြီး ဂရုစိုက် ပြုစုကြဖို့ ဝေဒနာသည် တွေကို ဖြစ်နိုင်သမျှ နာကျင်မှု ဝေဒနာ ခံစားရမှု အနည်းဆုံးနဲ့ အသက်ရှင် နေထိုင်ခွင့် ရကြဖို့ပါပဲ ။
[ ဗုဒ္ဓခြေတော်ရာကျောင်း ကို ရောက်စဉ် က ဆရာတော် ကိုယ်တိုင် မိန့်ကြားချက်များ ၊ ကျောင်း က ပေးလိုက်တဲ့ စာရွက်စာတမ်းများ နဲ့ ၁၉၉၇ ခု ဇူလိုင်လ ထုတ် ရီးဒါးဒိုင်ဂျက်စ် မဂ္ဂဇင်း ပါ To Live and Die with Dignity ဆောင်းပါး က အချက်အလက်များ ကို ကိုးကားပါတယ် ။ ]
▢ ကျော်ရင်မြင့်
📚 ဘဝဇာတ်ခုံ
No comments:
Post a Comment